Tuesday, April 14, 2020

သခင်လွင်


•••••••••••••••

သာဓု

ဂဠုန်ဦးစောက သာဓုကို ဗေဒင်ဟောခဲ့သည့်အတိုင်းသော်လည်းကောင်း၊ ဤစာအုပ် တစ်နေရာတွင် ဖော်ပြထားသည့် နိုင်ငံရေးသမားအချို့၏ ဖောက်ပြန် မှုကို စိတ်မနှစ်မြို့၍ လည်းကောင်း သာဓု နိုင်ငံရေးမှထွက်ပြီး ပေါင်ဒါ လုပ်ရောင်းရာမှ ဂျပန်ပြေး၍ အင်္ဂလိပ်ပြန်ရောက်လာသော (စီ အေ အက်စ် ဘီ) စစ်အုပ်ချုပ်ရေးခေတ်တွင် ရှားရှားပါးပါး အသံချဲ့စက်တစ်ခု သာဓုတွင် ရှိနေ၏။

ပေါင်ဒါရောင်းရာတွင် အသံချဲ့စက်နှင့် ဓာတ်ပြားဖွင့် ရောင်းရသည်မှာ အလွန်တွက်ခြေကိုက်၏။ မျက်နှာပန်းလည်း လှ၏။ တရုတ်ဆေးတိုက်များ၊ ကုလား ဘီဒီဆေးလိပ် ကုမ္ပဏီများ၊ ဆပ်ပြာလုပ်ငန်းများကလည်း သာဓု၏ အသံချဲ့စက်ကို အလုအယက် ငှားကြ၏။ ကားရော အသံချဲ့စက်ပါဆိုလျှင် တနေ့ ၁၅ဝ ကျပ်မှ ၂ဝဝ ကျပ်အထိ ရ၏။ ကွက်သစ် မင်္ဂလာဆောင်၊ ရှင်ပြု၊ အသုဘတို့ပါ အသံချဲ့စက် သုံးလာသည်မှာ သာဓု အသံချဲ့စက်က စခဲ့ခြင်းဖြစ် ၏။ မှတ်မှတ်ရရ ကျားကူးကွက်သစ် မင်္ဂလာဆောင်မှ ပထမဖြစ်လျက် သာဓု၏ ပူတူတူး ပုံနှိပ်တိုက်တွင် မင်္ဂလာဖိတ်စာ လာအပ်၏။

သတို့သားနှင့် သတို့သမီးတို့မှာ စစ်ပြေးဒုက္ခသည်များဖြစ်လျက် ဖိတ်စာ တွင် ဖော်ပြထားသော ဂုဏ်ထူးဝိသေသများသည်ကား ဆိုလျှင် . . .


ဆိုက်ကားပိုင်းရှင် ကိုသောင်းထိန်
ကို
မြ မုန့်ဟင်းခါး မမြခင်
နှင့်
မိဘတို့ ဝတ္တရားရှိသည့်အတိုင်း

ထိုမင်္ဂလာပွဲမှ အစပြုလျက် အသံချဲ့စက်၏ ဆူညံမှုများကို နားဝင်သွား၍ လော မသိ။ မင်းမနိုင်ကွက်သစ်၊ ကပ္ပလီကွက်သစ်၊ ဖ ဆ ပ လ ကွက်သစ်၊ ထောင်ခြံကွက်သစ် စသည်တို့မှ ငှားရမ်းကြခြင်းဖြင့် သာဓုပွဲဆက်နေရတော့၏။ တစ်ခါတစ်ရံ အသံချဲ့စက် မအားလပ်သောကြောင့် မင်္ဂလာပွဲရက် ရွှေ့ရသည် များလည်း ထူးခြားစွာ ကြုံတွေ့ရ၏။

ထိုအထဲတွင် ဘုန်းကြီးတရားပွဲများကလည်း လာကြသေးသည်။ သာဓု မလိုက်။ ဓမ္မကထိကများ အာဝဇ္ဇန်းရွှင်လာလျှင် နားချိန်မရ ဆက်တိုက်ဖွင့်ရ သောကြောင့် စက်ပူသည်။ မီးလုံးပျက်သည်။ ဘက်ထရီအားကုန်မြန်သည်။ တရားဟောကောင်းဆဲ စက်အသံ လျော့သွားလျှင်၊ ပျက်သွားလျှင် ပြဿနာ တက်ချေမည်။ ထို့အတူ နိုင်ငံရေးတရားပွဲများကိုလည်း သာဓုမငှား။

သို့တိုင်အောင် မငြင်းသာသော ကိစ္စတွေ ပေါ်လာသည်။ တစ်ကြိမ်သော် သခင်လွင်နှင့် သခင်လှကျွေ ပေါက်လာသည်။ ဗိုလ်ချုပ်အောင်ဆန်း တရားပွဲ အတွက် အသံချဲ့စက် ငှားရမ်းလာခြင်း။

အခြားသော နိုင်ငံရေးတရားပွဲများကို သာဓု ငြင်းဆန်ခဲ့သော်လည်း လုပ် ဖော်ကိုင်ဖက် နိုင်ငံရေး သခင်များကိုကား သာဓု ခေါင်းမခါရက် ဖြစ်သွားသည်။ သို့နှင့် တရားပွဲကျင်းပရမည့် နေ့ရောက်သောအခါ သခင်အောင်ဆန်း (ဗိုလ်ချုပ်) နှင့် မတွေ့လိုသောကြောင့် သားတပည့်ဖြစ်သူ မောင်မောင်လှ (ယခု ရောင်စုံ ပုံနှိပ်ကာလာ မောင်မောင်လှ) ကို လွှတ်လိုက်ပြီး သာဓုကမူ အသံချဲ့စက် ပျက် လျှင် လုပ်ပေးရန် တရားနာပရိသတ်ထဲတွင် ထိုင်စောင့်ခဲ့၏။

(မှတ်ချက်။ ။ သခင်အောင်ဆန်းနှင့် မတွေ့လိုသည့်အကြောင်းမှာ အတင်း ခေါ်၍ နိုင်ငံရေးထဲဆွဲသွင်းမည်စိုး၍ အတွေ့မခံလိုခြင်းဖြစ်သည်။ တစ်ဖန် ထိုစဉ်က ကွန်မြူနစ်ပါတီ သခင်သန်းထွန်းကလည်း ခေါ်သည်။ ဆိုရှယ်လစ် သခင်မြကလည်း ခေါ်သည်။ သခင်သန်းထွန်းနှင့် မသင့်မတင့် ဖြစ်နေသူ အလံနီဖြစ်အံ့ဆဲဆဲ သခင်စိုးကလည်း ခေါ်သည်။ ကြားနေသခင်များကလည်း လာ၍ စည်းရုံး သည်။)

    အချိန်မှာ ပြည်သူ့ရဲဘော်များပင် နှစ်စုသုံးစုကွဲမည့် အရိပ်အရောင် သမ်းနေ သည်။ အချင်းချင်း တိုက်ကြမည့် အလားအလာကလည်း ရှိနေသည်။ သာဓုသည် နယ်ချဲ့သမားကိုသာ တိုက်လိုသည် အချင်းချင်း ရန်မီးမပွားလို၊ မပွားစေချင်၊ နယ်ချဲ့ကိုတိုက်၍ လွတ်လပ်ရေးရရန်အတွက်မူ သာဓု အတတ်နိုင်ဆုံး ကူညီနေခဲ့သည်။ (အသတ်ခံရတော့မည်အထိ ဖြစ်ခဲ့ရသည်။) သီးခြား ဖော်ပြပါ အံ့။

အမြွှာမြွှာ ကွဲနေသော မည်သည့်သခင်ကဖြစ်စေ၊ နယ်ချဲ့ဆန့်ကျင်ရေးကိစ္စ နှင့် လာလျှင် သာဓုမငြင်း။ သို့သော် ဒီပါတီဝင်ပြီး ဟိုပါတီကို မဆဲချင် မတိုက်လို။ ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်းကို ရှောင်ခြင်းဖြစ်၏။

ထိုသည်မှစ၍ မကြာခဏဆိုသလို သခင်လွင်၊ သခင်လှကျွေတို့ အသံချဲ့စက် လာလာဆွဲသည်။ ထိုအစည်းအဝေး၊ ဤတရားပွဲ စသည်တို့ကို သာဓု လိုက်ကူညီရ၏။ တစ်ခါတရံ ၇၅ ကျပ်၊ ၁ဝဝ ကျပ်မျှ ပေး၏။ အကြိမ်ကြိမ် လည်း တစ်နေ့ ၂ဝဝ ကျပ်ရသည့် အလုပ်ကို ဖျက်၍ သူတို့နှင့် လိုက်သွားရ သည်။ တစ်ပြားမှမရသည့်ပြင် ဓာတ်ဆီဖိုးပါ သာဓုက စိုက်ရ၏။

တစ်နေ့သော် နံနက် ၆ နာရီလောက် သခင်လွင်ရောက်လာသည်။ မရမက နှိုးသည်။ ချင်း ဗမာ ညီလာခံရှိနေ၍ အသံချဲ့စက်ရော ကားပါ လိုက်ကူရန်ပြော သည်။ ဗိုလ်ချုပ်အောင်ဆန်း၊ ဒီးဒုတ်ဦးဘချို၊ သခင်ဝတင်ကြီးတို့လည်း ပါမည်ဟု ပြောသည်။ ထီးလင်း၊ ဂန့်ဂေါ၊ ဆော၊ ယောတို့အထိ ရောက်ကြမည်။ ထိုမျှ ဝေးသောအရပ်သို့ သာဓုလိုက်၍ မဖြစ်နိုင်။ ရန်ကုန်တွင်လည်း အလုပ်တစ်ဖက် ရှိနေကြောင်း ပြောသော်လည်း မရ။ လူပုသလောက် စိတ်ရှည်ရှည်နှင့် ပြောနေသူ သခင်လွင်အား သာဓုမငြင်းသာ ဖြစ်သွားရပြီး နောက်တစ်နေ့နံနက် ရန်ကုန် မှ ထွက်ကြသည်။

ည ၉ နာရီ သာသာ ပြည်မြို့သို့ ရောက်သော် တိုက်တစ်လုံးတွင် အိပ်ကြ ရန် ပြင်ဆင်ကြသည်။ သာဓုမှာ သူတစ်ထူးအိမ်တွင် အိပ်တတ်သူ မဟုတ်၍ ကားထဲတွင်ပင် အိပ်သည်။ မကြာမီ တပည့်ကျော် မောင်မောင်လှက လာနှိုးပြီး သခင်လွင် ခေါ်နေကြောင်း ပြောသဖြင့် ထသွားရာ . . .

'ကဲ၊ သခင်ဖေသန်း အစီအစဉ်ကတော့ ပြောင်းလိုက်ရပြီဗျာ၊ ခရီးဆက်ကြ စို့'

'ဘယ်ကိုလဲ'

'ဒီည ရောက်သလောက် မောင်းပေါ့ဗျာ၊ အာလံအထိ ဖြစ်ဖြစ်ပေါ့' ဟု သခင်လွင်က တစ်စုံတစ်ရာ ပူပန်နေသော အမူအရာဖြင့် ပြော၏။

'ဟာဗျာ၊ ကျွန်တော် ခု ကားမောင်းလာရတာလည်း တွက်ကြည့်ဦး၊ မိုင် ၂ဝဝ နီးပါးဗျ၊ ပြီးတော့ လမ်းတွေ ပျက်နေလို့ ရှောင်ရတိမ်းရနဲ့ ဘယ်လောက် ပင်ပန်းသလဲ'

'ဟုတ်ပါတယ်၊ ဒါပေမယ့် ဒီည ခရီးမဆက်ရင် မဖြစ်တော့လို့'

'ဒီမှာ သခင်လွင်၊ ခင်ဗျားတို့က ကားထဲထိုင်လိုက်လာရတာ၊ အိပ်ချင်လဲ အိပ်လို့ရသေးတယ်၊ ကျွန်တော်က ခြေရောလက်ရော မျက်စိရော နားရော တစ် လမ်းလုံး အလုပ်လုပ်လာရတာဗျ၊ တစ်ကိုယ်လုံး နာနေပြီ'

'အေးပါဗျာ၊ ဒါပေမယ့်လဲ'

'ဒါပေမမယ့်နဲ့တော့၊ ကျွန်တော် ညောင်းတယ်၊ အိပ်လည်းအိပ်ချင်တယ်'

သခင်လွင် တွေသွားသော်လည်း နောက်ထပ် သူပြောချင်နေသေးပုံရ၏။ ထိုစဉ်က သူသည် ဖ ဆ ပ လ အလုပ်သမားဌာန ကိုင်နေသည် ဖြစ်သော ကြောင့်...

'ခင်ဗျား သိသားမဟုတ်လား၊ အလုပ်သမားတွေ တစ်နေ့ ဘယ်နှနာရီ အလုပ်လုပ်ရမလဲ၊ ခု ကျွန်တော် မောင်းလာတာ မနက် ၅ နာရီက ည ၁ဝ နာရီ ထိ'

တမင်းကပ်သတ်ပြောခြင်းကား မဟုတ်။ ရဲဘော်ရဲဘက်ချင်း၊ အနေဖြင့် သူ့ ကို ကလိလိုက်သည်သာဖြစ်၏။ ဤတွင် သခင်လွင်မျက်နှာ ပို၍အိုသွားသည် ထင်လိုက်ရ၏။ တစ်စုံတရာ ဘာမျှမပြောသေးဘဲ အတူပါသာ သခင်မောင်မောင် သခင်ဘသက် (ယခင်တလောက ရုပ်ရှင်ကောင်စီ) တို့ကိုသာ တစ်လှည့်စီ ကြည့်နေ၏။

သာဓုလည်း ခပ်တည်တည်ထသွားကာ မောင်မောင်လှအား အိပ်ရာများ ပြန်လည်သိမ်းဆည်း၍ မော်တော်ကားမှ ရေနှင့် စက်ဆီများ အသင့်လုပ်ထားရန် ပြောကာ ခပ်လှမ်းလှမ်း၌ အပေါ့သွားနေစဉ် သခင်လွင် ရောက်လာ၏။

'ကဲ သခင်ဖေသန်း၊ ခင်ဗျား စိုးရိမ်နေမှာစိုးလို့ ဖွင့်မပြောတာ၊ ဒီလိုရှိတယ် ဗျ၊ ကျွန်တော်တို့နောက်က ကားတစ်စီးနဲ့ ဗိုလ်ချုပ်တို့ နက်ဖြန်လိုက်လာလိမ့် မယ်၊ အဲ့ဒါလှမ်းပြီး အကြောင်းကြားလိုက်ပြီ၊ နောက်နေ့မှာလာဖို့ အခြေအနေ မကောင်းဘူး၊ ဗိုလ်ချုပ်တို့ရဲ့ လှုပ်ရှားမှုမှန်သမျှကို နယ်ချဲ့ကရော ဗမာအချင်း ချင်းကရော နှောက်ယှက်နေကြတယ်၊ လာဗျာ'

သာဓုအား တိုက်ပေါ်သို့ ဆွဲခေါ်သွားပြီးမှ . . .

'ခုလည်း ဗိုလ်ချုပ်တို့ လာမယ်ဆိုတာကို လမ်းကနေ တစ်ခုခု နှောက်ယှက် လိမ့်မယ်လို့ သတင်းရထားတယ်'

'ဘာလဲဗျ၊ ဒီလိုတော့ ကျွန်တော့်ကို မလှန့်နဲ့ဗျာ၊ အားလုံး အသင့်ဖြစ်နေပြီ၊ ခင်ဗျားတို့လည်း ပြင်ကြတော့၊ လာ မောင်းမယ်'

ပြည်မှ ည ၁၁ နာရီလောက် ထွက်ခဲ့ကြရာဝယ် လမ်း၌ သခင်လွင်က ဆက်၍ ပြောသေး၏။ ဗိုလ်ချုပ်သည် ကားလမ်းမှမလာတော့ဘဲ မီးရထားဖြင့် သွားလိမ့်မည်ဖြစ်ကြောင်း ပြည်မြို့တွင် သတင်းလွှင့်ထားခဲ့သည်ဟူ၍။

ထို့နောက် ၁၅ မိုင်လောက် မောင်းမိသည်တွင် သခင်မောင်၊ သခင် ဘသက်ကြီးတို့အပြင် ရဲဘော်ဟောင်းအချို့ပါ ကားနောက်ပိုင်းတွင် လှုပ်လှုပ်ရွရွ ဖြစ်နေကြသည်။

'ဒီမှာသခင်ဖေသန်း၊ ကားကို ရပ်ခိုင်းရင် ရပ်မပေးနဲ့နော်၊ ယူနီဖောင်းနဲ့ဖြစ် ဖြစ်၊ ဘာဖြစ်ဖြစ်၊ ဆောင့်သာ တိုက်ပစ်လိုက်ဗျာ'

'စိတ်ချ၊ ခုန ခင်ဗျားပြောကတည်းက ဒါစဉ်းစားပြီးသားပဲလေ၊ နို့ ခင်ဗျား တို့ဆီလည်း ဟိုဟာတွေပါသားပဲ၊ အသင့်လုပ်ထားပေါ့'

မှောင်ခိုလော လိုင်စင်နှင့်လောမသိ စတင်းရော ပစ္စတိုရော လက်ပစ်ဗုံးပါ သူတို့ ယူလာကြသည်။ ဘသက်ကြီးကပင် သာဓုအား ပစ္စတိုတစ်လက် ပေးသေး သည်။ လိုရမယ်ရဟု။

'မကိုင်ချင်းပါဘူးဗျာ၊ ဒါတွေ ပစ်လည်းမပစ်တတ်ဘူး' ဟု ပေါင်းတည်မှ အထွက်တွင် သာဓု ပြောပြီး ငြင်းခဲ့ရသေးသည်။

နောက်တစ်နေ့လည်း သာဓုမအိပ်ရသေး၊ လက်ပံချေပေါ်အထိ ငိုက်ငိုက်နှင့် မောင်းခဲ့ရသည်။ ဘာအန္တရာယ်မှ မတွေ့ရ။ သို့သော် ချောက်မြို့နှင့် လက်ပံချေ ပေါ် ကြားလော၊ ပုဂံနှင့် လက်ပံချေပေါ်ကြားလော မမှတ်မိတော့။ သဲလမ်း တစ်လျှောက် ကွေ့ကောက်မောင်းရသည်မှာ ကားလည်းနာ၊ လူလည်းမသက်သာ တစ်ခါတစ်ခါ သဲနစ်ပြီဆိုလျှင် (တစ်ချိန်တွင် ဝန်ကြီးဖြစ်လာမည့်) သခင်လွင်ပါ ဆင်းတွန်းရသည်။

နှစ်မိုင်လောက် မောင်းမိလျှင် တစ်ခါဆိုသလို တွန်းကြရ၍ သူတို့လည်း မသက်သာ၊ ကားလည်း စက်ပူသောကြောင့် . . .

'ကဲ မတက်ကြနဲ့တော့ဗျာ၊ ကားလည်း ပေါ့ပေါ့ပါးပါး သွားရအောင်၊ ခင် ဗျားတို့လည်း မတွန်းရအောင် လမ်းသာ လျှောက်လိုက်ခဲ့ကြတော့'

စကားအဆုံးတွင် သာဓုလည်း ဝုန်းခနဲ မောင်းထွက်သွားပြီး လမ်းကောင်း မည့် နေရာလောက်တွင် စောင့်ရ၏။ ကားလမ်းဟုပင် ဆိုရသော်လည်း အမှန်မှာ လှည်းများပင် ကြောက်သောလမ်းဖြစ်၏။ သဲအလွန်ထူသည်၊ လမ်းဝဲယာတို့တွင် ဆီးပင် (ဇီးပင်) များ ပြည့်နေသည်။ ဆီးသီးများလည်း ပြွတ်နေသည်။ အသေး ဆုံးပင် ငါးမူးစေ့လုံးခန့် ရှိသည်။ သာဓုလည်း အားရပါးရ ခူး၍စားသည်။ နွား ကျောင်းသားနှင့် ဆွမ်းခံကျောင်းသား သုံးလေးယောက်ကလည်း ဆီးပင်ကို လှုပ် ခါချပေးသည်။

'ဟေ့၊ ဒီဆီးသီးတွေ ဘယ်သူမှ မခူးဘူးလား၊ မင်းတို့ကော မစားဘူးလား' ဟု သာဓုက ထိုင်ကောက်ရင်း စားရင်းက မေးသည်ကို . . .

'ဒီမှာတေ့ နွားတွေပဲ စားတယ်ဗျ'

သာဓု ပြုံးဖြဲဖြဲ အောင့်သွားရသည်။ မကြာမီ သခင်လွင်တို့ ရောက်လာ သည်။ ဘသက်ကြီးက စတင်းသေနတ် တကားကားနှင့် ဆီးသီးကောက်စား သည်။ နောက် အားလုံး ကုန်ကောက်ကြသည်။ စားကြသည်။

အတိုချုပ်ကြဆိုလျှင် ထီးလင်း၌ ညီလာခံ ကျင်းပသည်။ ဆားများ တောင်ပုံရာပုံ ရောင်းချပေးရာ ချင်းအမျိုးသားများ အလုအယက် ဝယ်ကြသည်။ သာဓုတို့ ငါးရက်မျှ နေခဲ့ရသည့် ကာလအတွင်း စိတ်မချမ်းသာဖွယ် အဖြစ်နှစ် ရပ်နှင့် ကြုံလိုက်ရသည်။

သာဓုတို့နှင့် အတူပါသူ ရဲဘော်တစ်ယောက်သည် ညီလာခံမတိုင်ခင် နှစ်ရက် အလို၌ ချင်းမပျိုတစ်ဦးနှင့် ရည်းစားလုပ်သည်။ ဒုတိယနေ့တွင် ချိန်းတွေ့ရန် အစီအစဉ်လုပ်ကြောင်း သတင်းရ၍ ခေါင်းဆောင်လုပ်သူ သခင်လွင်အား တိုင်ကြားရန် ဖြစ်သော်လည်း သူက အရေးပေါ်ကိစ္စဖြင့် ပခုက္ကူဆင်းသွားသော ကြောင့် အခြားသူများနှင့် တိုင်ပင်သည်။ အားလုံးလိုလိုက အဆိုပါရဲဘော်အား မပြောဝံ့၊ ရွံ့နေကြသဖြင့် သာဓုလည်း သခင်ဘသက်ကြီးထံမှ ပစ္စတိုဆွဲကာ ပစ်နည်းပါမေးပြီး ထိုရဲဘော်ထံ ထွက်သွားသည်။

အဆင်သင့်ပင် ချင်းပျိုဖြူအိမ်နှင့် မလှမ်းမကမ်း တစ်နေရာတွင် ထိုရဲဘော် ကို တွေ့၍ ဟုတ်မဟုတ်မေးရာ သူက ဝန်ခံသည်။

'ကောင်းပြီ၊ ခင်ဗျား ဒီကောင်မလေးကို တကယ်ချစ်သလား၊ လက်ထပ်ယူမလား'

သူတွေပြီး မျက်နှာကြီး ရဲလာသည်။ နောက် သူ့ကုတ်အင်္ကီျထဲသို့ လက် နှိုက်လိုက်သည်။ သူ့တွင် သေနတ်ပါသည်ကို သာဓု သိပြီးဖြစ်၏။ သာဓုကမူ ပစ္စတိုကို ပြောင်ပြောင်ကိုင်ထားသည်။ သာဓုအမေးကို သူ ရုတ်တရက်မဖြေ။

'ခု၊ ခင်ဗျားတို့ ကျွန်တော်တို့လာကြတာ ချင်း ဗမာ ညီလာခံနော်၊ ချစ် ကြည်ရေးလည်း ပါတယ်၊ အမှန်ချစ်ကြဦးတော့ ခုနေခါမှာ ရှောင်ရမယ် မဟုတ်လား၊ မတော်တဆ သံသယဖြစ်သွားရင် ဘယ့်နှယ်လုပ်မလဲ၊ ညီလာခံရော ချစ် ကြည်ရေးပါ ထိခိုက်မယ်'

သူ အံကြိတ်နေသည်။

'နောက်ပြီး တကယ် လက်ထပ်ယူမယ် ဆိုရင်လည်း ညီလာခံပြီးမှ သူ့ထုံးစံ ဓလေ့အတိုင်း လူကြီးတွေနဲ့ တိုင်ပင်စေ့စပ်'

'ခင်ဗျားနဲ့ ဘာဆိုင်လဲ'

သူ့အသံ တုန်ခါနေပြီ ဖြစ်၏။

'ဟုတ်တယ်၊ ခင်ဗျားတို့ အချစ်ကိစ္စ ကျွန်တော်နဲ့ မဆိုင်ဘူး၊ လူမျိုးရေးနဲ့ ဆိုင်တယ်၊ တိုင်းပြည်နဲ့ ဆိုင်တယ်၊ လွတ်လပ်ရေးအတွက် သွေးစည်းဖို့ လာကြ တဲ့အချိန်မှာ ခင်ဗျားအချစ်က ပိုအရေးကြီးနေသလား'

သာဓုတွင် စိတ်မထိန်းနိုင်ဖြစ်လာသည်။ အသားတွေလည်း တုန်လာသည်။ ဖြစ်လိုရာဖြစ်၊ ဤပြဿနာကို အသက်နှင့်လဲ၍ ကာကွယ်ရန် ဆုံးဖြတ်ပြီး ဖြစ် သည့်အတိုင်း...

'ဒီမှာရဲဘော်၊ ခင်ဗျား ချစ်တာကြိုက်တာ နောက်မှ လုပ်ချင်သလိုလုပ်ပါ၊ ညီလာခံ မပြီးမချင်းတော့ သည်းခံဖို့ ကျွန်တော် တောင်းပန်တယ်၊ ကောင်မလေး လာတွေ့ရင်လည်း ပြန်လွှတ်လိုက်ပါ၊ ဒါမှမဟုတ်ရင် ကျွန်တော့်ကို ပစ်သတ်'

သူ ဒေါသတကြီး ရှေ့တိုးလာသည်။ သာဓုကလည်း နောက်မဆုတ်၊ လူ ချင်းမှာ နှစ်ပေမျှသာ ကွာတော့သည်။

'ဒါပဲ ခင်ဗျား ဇွတ်လုပ်မယ်ဆိုရင်တော့ ကျွန်တော် ပစ်ရလိမ့်မယ်'

ရဲဘော်လက်နှိုက်ထားသော ကုတ်အင်္ကီျအိတ်မှာ ခပ်ခါခါ လှုပ်သွားသည်။ သာဓုကလည်း သူ လက်ထုတ်သည်နှင့် မောင်းဖြုတ်မည်သာ ဖြစ်၏။

'သခင်ဖေသန်း ခင်ဗျား ပြန်တော့ဗျာ'

'ရဲဘော်ပါလိုက်ရင် ပြန်မယ်'

'တောက်' ခနဲ သူခေါက်လိုက်သည်။

'ဒီကိစ္စကို ဗိုလ်ချုပ်သိသွားရင်၊ ဟင် သူမျက်နှာမှ မထောက် ချင်တော့ဘူး'

ရဲဘော်သည် ထိုစကားကြားသည်နှင့် နှိုက်ထားသောလက်ကို ထုတ်ပြီး သာဓုကို ဖက်သည်။ လက်နှစ်ဖက်စလုံးဖြင့် အားပါးတရ ဖက်သည်။ နောက် ဝမ်းနည်းပက်လက် ရှိုက်သည်။ သာဓုက ပြန်ဖက်ရင်း ဆွဲခေါ်ရာ အသာတ ကြည်ပင် လိုက်ပါလာသည်။

စင်စစ် သူလည်း သတ္တိခေသူမဟုတ်။ တိုက်ပွဲအမျိုးမျိုး နွှဲလာသူ ရဲဘော် ဟောင်းဖြစ်သည်။ ယခုလို သူလိုက်လျောသည်မှာ သာဓုကို ကြောက်၍မဟုတ်။ တိုင်းရင်းသား ချစ်ကြည်ရေး သွေးစည်းရေး ဆိုသည်ကို သဘောပေါက်သွား၍ လည်း မဟုတ်၊ 'ဗိုလ်ချုပ်အောင်ဆန်း' ဟူသော အမည်ကို သာဓု အချိန်မီ သုံး လိုက်မိ၍သာ ဖြစ်သည်ထင်၏။

(သာဓု လူဝါး၀တယ် စာအုပ်မှ)

'ရွှေမော်ကွန်း အွန်လိုင်းမဂ္ဂဇင်း' ဘလော့ဂ်ကနေ ကူးယူပါတယ်။

စလေ ငနော့

ဘာရမလဲကွ


•••••••••••••••••

မောင်ဝဏ္ဏ

၁

စာရေးသမား မောင်စိန်သောင်းသည် အရက်သောက်သူဖြစ်၏။ အရက်
သောက် ''တတ်” သူမဟုတ်ပါ။ အရက်သောက် ''တတ်” သူ ဆိုသည်မှာ အရက်ကို အသုံးချတတ်သူ၊ ပျော်ရွှင်အောင် သောက်သူ၊ စားဝင်အိပ်ပျော် အောင် ဆေးဖြစ်ဝါးဖြစ် အသုံးချတတ်သူဟု မောင်စိန်သောင်း ယူဆ၏။ မောင်စိန်သောင်းကား ထိုသို့မဟုတ်။ သောက်သူ ဖြစ်သည်။ မောင်စိန်သောင်း စတင်အရက်သောက်ခြင်းကား အသက်လေးနှစ်သားအရွယ်က ဖြစ်၏။ အံ့သြစရာကောင်းပါသလား။

မအံ့သြပါနှင့်။ မောင်စိန်သောင်းသည် ငယ်စဉ်ကပင် စာပေလောက၌ နေခဲ့ရသည်။ ပုံနှိပ်စက်သံ စက္ကူပုံ၊ စာရေးဆရာ၊ စာစီစက်ရိုက် စာအုပ်ဆိုင်တို့အကြား၌ ကြီးပြင်းခဲ့ရသည်။

များစွာသော စာရေးဆရာတို့သည် အရက်သောက်ကြ၏။ အရက် မသောက်သော စာရေးဆရာ အလွန်နည်း၏။ ချီးကျူးဖွယ်ကောင်းအောင် နည်း၏။

ငယ်စဉ်က မောင်စိန်သောင်းတို့ အိမ်သို့ လာသော စာရေးဆရာ အတော်များများသည် “သောက်” ကြ၏။ ထို့ကြောင့် လေးငါးနှစ်သား မောင်စိန်သောင်းကလေးသည် ဦးလေး စာရေးဆရာများ အရက်သောက်နေသောအခါ အနားသွားလျှင် အမြည်း တစ်ဖတ် နှစ်ဖတ် ကျွေး၏။ ထွေလာသောအခါ စိုးစဉ်းမျှသော အရက်ကို မောင်စိန်သောင်းအား အချိုရည်ရော၍ တိုက်လိုက်၏။

မောင်စိန်သောင်း ယိုင်ထိုးယိုင်ထိုး ဖြစ်နေသည်ကိုကြည့်၍ သူတို့ ပျော်ကြသည်။ ခဏကြာတော့ မောင်စိန်သောင်း အိပ်ပျော်သွားသည်။ မောင်စိန်သောင်းသည် တစ်ရေးနိုးလျှင် ဆီးသွားလေ့ရှိသည်။ သူ ဆီး ထသွားရန် မိဘများကခြေရင်းတွင် ပန်းအိုးစိုက်သည့် အရွယ်ရှိ သစ်သား စည်ကလေးတစ်လုံး ချပေးထားသည်။ ထိုသစ်သားစည်ကလေးသည် နေ့အခါ မောင်စိန်သောင်း၏ဘကြီး ဦးမြမောင်၏ ကွမ်းတံတွေး ထွေးခံဖြစ်ပြီး ညအခါ မောင်စိန်သောင်း၏ ဆီးအိုးဖြစ်၏။

မောင်စိန်သောင်း မှတ်မိနေသည်။ ထိုနေ့ညက သူ ရှူးရှူးထပန်း သောအခါ သူ့ရှူရှူးများ ထွေးခံထဲသို့ မဝင်။ အပြင် စဉ်ထွက်ကုန်၏။ သေသေချာချာ ချိန်၍ ပန်းသော်လည်း ဖိတ်တစ်ဝက် စဉ်တစ်ဝက် ဖြစ်နေ၏။ မောင်စိန်သောင်း မျက်စိထဲ၌ ထွေးခံ သုံးလုံးခန့် မြင်နေရသည်။ မောင်စိန်သောင်း ငိုလေ့သည်။

“မေဘူဒီ ထပါဦး၊ သောင်းသောင်း ရှူရှူးတွေ ဘာဖြစ်လဲ သိဘူး”

မောင်စိန်သောင်းသည် သူ့ကိုယ်သူ ''သောင်းသောင်း” ဟု ပြော၏။ မောင်စိန်သောင်း၏ကြီးတော်က မွေးစားသကဲ့သို့ သူနှင့်အတူ ခေါ်ထား၏။ မောင်စိန်သောင်း၏ မိခင်က ချက်ပြုတ်လုပ်ကိုင်ပြီး ကျောင်းတက်ရသော ကျောင်းဆရာမ။ ဖခင်က ပုံနှိပ်တိုက်တစ်ဖက်နှင့် စာရေးဆရာ။ သည်တော့ မောင်စိန်သောင်းကို ထိန်းကျောင်းရန် ကြီးတော်နှင့် ဘကြီးက မွေးစားသကဲ့သို့ ခေါ်ထား၏။ အိမ်ချင်းက မလှမ်းမကမ်း။ နေ့ဘက် မိဘအိမ်သွားနေ အိပ်ခါနီး ဘကြီးအိမ် ပြန်အိပ်ရသည်။

မောင်စိန်သောင်း၏ ကြီးတော်က ကမန်းကတန်း ထသည်။

“ဟဲ့ သား ဘာဖြစ်တာလဲ”

“ရှူးရှူးတွေ ဖိတ်ကုန်ပြီ”

“ဒါပဲသားရယ် ဖိတ်ပစေ အမေ မရိုက်ဘူး”

ဒေါ်ဘူဒီသည် ကလေး အိပ်ချင်မူးတူးမို့ ထွေးခံထဲ တည့်အောင် မပန်းနိုင်ဟု ယူဆသည်။ ပြန်ချော့သိပ်လိုက်၏။
မောင်စိန်သောင်း၏ ဖခင်က သူ့သူငယ်ချင်း စာရေးဆရာများကို မည်သို့ ဟောက်လိုက်သည်မသိ။ နောက်နောင် အရက်ဝိုင်းနား မောင်စိန်သောင်း သွားလျှင် အမြည်းပင် မကျွေးတော့ဘဲ “ဟေ့ကောင် သွားစမ်းကွာ ဇိမ်ပျက်တယ်” ဟု ငေါက်လွှတ်ကြလေသည်။

၂

မောင်စိန်သောင်း ဆယ်တန်းအောင်သောအခါ ပျော်သည်။ အကြိမ်ကြိမ် ဖြေ၍ အောင်ရခြင်းဖြစ်သဖြင့် ပျော်သည်။ ထို့ကြောင့် သူငယ်ချင်းများစု၍ အရက် တစ်ပုလင်းဝယ်ပြီး ခြောက်ယောက်ခန့် သောက်ကြသည်။ နည်းနည်းကလေးနှင့် မူးပြီး ပျော်ရွှင်ကခုန်ကြသည်။ သူတို့သောက်သော နေရာမှာ အရပ်ထဲမှ ခြံဝင်းတစ်ဝင်းအတွင်း ဆောက်လက်စ အိမ်တစ်အိမ်တွင်ဖြစ်သည်။ ထိုည ထိုအိမ်မှာ သူငယ်ချင်းများ စုအိပ်ကြသည်။ ပျော်စရာကောင်းပါသည်။

တက္ကသိုလ်မည်သည်မှာ အထက်တန်းပညာများ ဖြန့်ဝေရာ ဌာနကြီး ဖြစ်သည်။
တိုင်းရင်းသား လူမျိုးပေါင်းစုံတို့ ဆုံစည်းရာလည်း ဖြစ်သည်။

တက်ကြွသော၊ အားအင်ပြည့်စုံသော၊ တိုးတက်သော၊ စုစည်း ညီညွတ်သော လူငယ်များ တွေ့ဆုံပေါင်းစည်းရာ နေရာလည်းဖြစ်သည်။

မောင်စိန်သောင်း တက္ကသိုလ်သို့ရောက်ပြီး မကြာမီ အပေါင်းသင်းသစ်များ များသည်ထက် များလာသည်။ လူမျိုးစုံ၊ စရိုက်စုံမို့ “သောက်တတ်” သော သူငယ်ချင်းများလည်း ပါလာသည်။

အထိမ်းအမှတ်ကလေးများ တစ်ခုပြီးတစ်ခု ဖန်ဆင်းကြသည်။

သူငယ်ချင်းများထဲမှ တစ်ယောက်။ သူလိုက်နေသော မိန်းကလေး နှင့် ဖွံသွား၍ တစ်ပွဲ။

တစ်ယောက် အသည်းကွဲ၍ တစ်ပွဲ။

ပါမောက္ခက တစ်ယောက်ကို စည်းကမ်းပျက်၍ နောက်တစ်ကြိမ် ဆိုလျှင် ကျောင်းထုတ်မည်ဟု သတိပေးခံရသောကြောင့် တစ်ပွဲ။
တစ်ယောက် မင်နီ” အမှတ်ခံရသောကြောင့် တစ်ပွဲ။

စာမေးပွဲ ကျသူအတွက် တစ်ပွဲ။

အောင်သူအတွက် တစ်ပွဲ။

တစ်ယောက်၏ကဗျာ မဂ္ဂဇင်းတွင် ပါလာသဖြင့် တစ်ပွဲ၊ ကျောင်း ပိတ်၍ ခွဲခွာခါနီးမို့ တစ်ပွဲ။ ကျောင်းဖွင့် ပြန်ဆုံကြရ၍ တစ်ပွဲ။ အကြံအဖန် ပွဲများ ကျင်းပနေခဲ့ကြသည်။

◾

မောင်စိန်သောင်း၏ အဘိုးလေးသည် ဈာန်ရဘိုးဘိုးဖြစ်သည်။ အရက် သောက်တတ်သော အဘိုးကြီးဟု ဆိုလိုပါသည်။ သို့ရာတွင် မောင်စိန်သောင်း၏ ဖခင်ကား အရက်ကို အနံ့ပင် မခံ။ နှာခေါင်းပိတ် မော့သည်ဟု မဆိုလိုပါ။ အရက် လုံးဝမသောက်သူဖြစ်သည်။

မောင်စိန်သောင်း၏ အဘိုးလေးသည် ပဲခူး၌နေ၏။ တစ်ခါတစ်ရံ ရန်ကုန်လာလည်၏။ မောင်စိန်သောင်းတို့အိမ်ကို အလျင်ဝင်၏။ ပြီးလျှင် ညဘက် အလုပ်လုပ်ပြီး နေ့ဘက်တွင် နေ့လယ် ဆယ့်နှစ်နာရီလောက်မှ နိုးထလေ့ရှိသော သူ့တူ အရင်းခေါက်ခေါက်ကို မညှာမတာ နှိုးတော့သည်။ စောင်ကို ဆွဲလှန်၏။ လက်မောင်းရင်းမှ ဆွဲမတ်ကာ

“ဟေ့ကောင် 'ဘူဒါး’ ထစမ်း နေဖင်ထိုးနေပြီ”

မောင်စိန်သောင်း၏ ဖခင်သည် သူအိပ်နေစဉ် မည်သူလာနှိုး၍မှ မကြိုက်။
“မီးလောင်တောင် မနှိုးနဲ့ကွ” ဟု မှာထားသည်။ သို့ရာတွင် သူ့ဦးလေး နှိုးလျှင်တော့

“ဟာ ဦးလေးကလဲ ဘာလဲဗျာ၊ ပိုက်ဆံပဲမဟုတ်လား”

“အေးပေါ့ကွ၊ ငါ့ဘတ်ဂျက် နည်းနေတယ်”

မောင်စိန်သောင်း၏ဖခင်သည် ခေါင်းအုံးအောက်မှ အချပ်တစ်ချပ် ဆွဲထုတ်ပြီး ကမ်းပေးလေ့ရှိ၏။

အချပ်ကြီးဆိုလျှင် အဘိုးကြီး ဘာမှမပြောတော့။ အချပ်သေးဆိုလျှင်

“မင်းဟာက ငါ့ကို ကလေး မုန့်ဖိုးပေးတာ မှတ်နေသလား။ ကားနီနာဥ၊ လန်ကျောက်၊ စုဝက်ကားဘာဂျား၊ ဒမ်ဗလယ်ဒီ”

အစရှိသဖြင့် နိုင်ငံတကာနည်းနှင့် တိုင်းထွာတော့သည်။

မောင်စိန်သောင်း၏ဖခင်သည် ခေါင်းအုံးနှင့် နားကိုပိတ်ပြီး နောက်ထပ် သုံးလေးချပ် ဆွဲထုတ်ပေးလိုက်မှ

“ဒါမှ ငါ့တူ၊ ဘုန်းကြီးလို့ သက်ရှည်၊ အန္တရာယ်မျိုး ကိုးဆယ့် ခြောက်ပါး ကင်းပြီး ငါ့လို မိန်းမများများ ရပါစေ။ ကျန်းမာချမ်းသာ ဘယာကင်း”

မောင်စိန်သောင်း၏အဘိုးတွင် ဇနီးလေးယောက်ရှိ၏။

“သွားတော့ဗျာ ဦးလေး၊ ကျွန်တော် ပြန်အိပ်ဦးမယ်”

“အေး အေး၊ အိပ် အိပ် ငါ့တူလေး၊ ကျွတ် ကျွတ် ကျွတ်”

ဖင်ကိုပုတ်၍ ကလေးသိပ်သလို သိပ်တော့သည်။

“သွားစမ်းပါဗျာ ဦးလေးကလဲ''

အဘိုးကြီး ကွမ်းချေးများ ရဲနေသော သွားကိုဖြဲ၍ရယ်ရင်း လှည့်ထွက်ခဲ့သည်။ ပြီးတော့

“ဟေ့ ဟိုခွေးမသားလေးတွေ ဘယ်ရောက်နေလဲကွ။ ငါလာတာ မသိဘူးလား”

အဘိုးကြီးကို ဟိုဟိုဒီဒီ လိုက်ပို့ရမှာစိုး၍ ရှောင်နေသော မောင်စိန်သောင်းတို့ ညီအစ်ကိုတစ်စုကို မေးသည်။

“ရှိပါတယ် ဖိုးစိန်”

သူ့အမည်ရင်းက ဦးစိန်ဖြစ်၍ မောင်စိန်သောင်းတို့က ဖိုးစိန်ဟု ခေါ်သည်။

“အေး လာစမ်း၊ ဟိုကောင် စိန်သောင်း''

စိန်သောင်း အနားကပ်လာသည်။

“ဟား ဟား မင်း အတော်ထွားနေမှပဲ။ ဒါနဲ့ မင်းက ကောလိပ် ကျောင်းသား ဖြစ်နေပြီဆို”

သူတို့ခေတ်ကတော့ ကောလိပ်ကျောင်းသားဆိုသည်မှာ မြို့အုပ် လောင်း၊ ဝန်ထောက်လောင်း၊ ဒီတော့

“တော်တယ်ဟေ့”

အလွန်အဆဲသန်သော အဘိုးကြီးဖြစ်သည်။ ချီးကျူးသည်ကိုပင် ဆဲ၍ ချီးကျူးသည်။

“ဒါဆို မင်း ရန်ကုန်မှာ တော်တော်လည်နေပြီပေါ့ကွ၊ ဟုတ်လား”
“မလည်ပါဘူး ဖိုးစိန်ရ”

“ကောလိပ်ကျောင်းသားဖြစ်ပြီး မလည်ရင် မင်း ခွေးဖြစ်မှာပေါ့ကွ။ ငါ့ကို လှိမ့်မနေနဲ့၊ ဟိုနား ဒီနား လိုက်ပို့စမ်း”

မောင်စိန်သောင်း သိပါသည်။ နံနက်စာ စားရန် ဟိုတယ်တစ်ခု သွားမည်။ ပြီးလျှင် သူ့တူမများ၊ ညီများထံ ခေတ္တသွားမည်။ အမြင် မတော်လျှင် ဆူပူကြိမ်းမောင်းဆဲဆိုမည်။ ပြီးလျှင် နေ့ခင်း ဘီယာဆိုင် ပို့ခိုင်းမည်။ ညနေ ဟိုတယ်ပြန်သွားမည်။ ည အိမ်ပြန်အိပ်ချင် အိပ်မည်။ သို့မဟုတ် မီရာ ရထား၊ ဘတ်စ်ကားတို့ဖြင့် ပြန်မည်။

ထိုထုံးစံအတိုင်းပင် နေ့ခင်း၌ ဘီယာဆိုင် ပို့ခိုင်းသည်။

“ဟေ့ကောင် မင်း နန်းသီတာ သိတယ် မဟုတ်လား၊ ဖွင့်တာ မကြာသေးဘူးလေ”

“သိပါတယ်”

“အေး အဲဒီသွားရအောင်”

နန်းသီတာတွင် ဘီယာနှစ်လုံး မှာသည်။ ကြက်ကြော်၊ ငါးကြော် မှာသည်။ သည်အတွင်း “ဟိုမအေက ဘာလုပ်နေတုံး၊ ဟိုဟာမကော” စသဖြင့် ဆွေမျိုးနီးစပ်အကြောင်း မေးသည်။ အကောင်းချည်း ဖြေရသည်။ မကောင်းတာ တစ်ခွန်းတစ်စပါလျှင် ဆိုင်ထဲတွင် အော်ကြီးဟစ်ကျယ် ဆဲဦးမည်။

ဘီယာနှစ်ပုလင်း ချပေးသည်။
“သောက်လေကွာ”

ဘိုးအေရှေ့မို့ ရွံ့တွန့်တွန့်ဖြစ်နေသော မောင်စိန်သောင်းကို ခွင့်ပေး လိုက်သည်။ မောင်စိန်သောင်းကလည်း နည်းနည်းတော့ ဟန်ဆောင်ထားသည်။

ထို့နောက် မြေးအဘိုး နှစ်ယောက်...။

၃

မောင်စိန်သောင်းသည် ဗီဇက ပါလာသဖြင့် စာရေးဆရာပေါက်စ ဖြစ်လာသည်။ နဂိုက သောက်လက်စ မောင်စိန်သောင်းသည် အရက်သောက် 'တတ်' လာသည်။ ဦးစွာဖော်ပြသကဲ့သို့ သောက်တတ်ခြင်းဖြစ်သည်။ တစ်ခါတစ်ရံသောက်သည်။
ပျော်စရာ ရွှင်စရာ ပြောကြဆိုကြသည်။ စိတ်ကူးဉာဏ်သစ်များကို စကား ဝိုင်းမှ ရယူသည်။ အစားကောင်း အသောက်ကောင်း ဖြစ်သည်။

သို့နှင့်...။

မောင်စိန်သောင်း အိမ်ထောင်ကျသည်။ သူ့ဇနီး မနှင်းရည် သဘော ကောင်းသည်၊ စိတ်ကောက်လွယ်သည်မှအပ အခြား ဘာပြဿနာမှ မရှိ။ တစ်ခုပဲရှိသည်။ မောင်စိန်သောင်းကို နားမလည်။ သို့ရာတွင် နားလည်အောင် ကြိုးစားရှာသည်။ မောင်စိန်သောင်းသည် သူ့ဇနီးက သူ့ကို သို့မဟုတ် အနုပညာအလုပ် လုပ်စားသူများကို နားလည်အောင် ကြိုးစားနေပါကလား ဟု ဖြေသိမ့်ရင်း အိမ်ထောင်သက် ဆက်ခဲ့ကြသည်။

မောင်စိန်သောင်း နားလည်မှုလွဲပုံ ဥပမာတစ်ခုကို တင်ပြပါမည်။

မောင်စိန်သောင်း အိမ်မှာကုပ်၍ စာရေးနေလျှင် မနှင်းရည် ကျေနပ် ကြည်နူးနေသည်။ လိုအပ်သမျှ အဝဝကို မငြူမစူ ပြုစု၏။ သို့ရာတွင် စာရေး၍ကောင်းနေစဉ်၊ စိတ်ပါဝင်စားနေစဉ်အချိန်မျိုးတွင်

“ထမင်းစားတော့လေ အစ်ကို၊ ဆယ့်နှစ်နာရီခွဲနေပြီ၊ ပြင်လိုက် ရတော့မလား”

သူက တိုးတိုးညင်ညင်သာပြောသော်လည်း မောင်စိန်သောင်း၏ နားထဲတွင် “ဗုံးကွဲ'' သွားလေသည်။ စိတ်ကူးတွေလည်း ဘယ်ရောက်ကုန်မှန်း မသိ။ မောင်စိန်သောင်းသည် ပုံနှိပ်စက်သံ တဂျုန်းဂျုန်းကြား၌ စာရေး၍ ရသည်။ ရေဒီယိုဖွင့်ထားရင်း စာရေး၍ရသည်။ သို့သော် ကိုယ့်အိမ်ကိုယ် ငြိမ်ငြိမ်တိတ်တိတ် စာရေးစဉ်၊ ဤသို့ဖြစ်သောအခါ ရေးလက်စ ပြတ်သွား တတ်သည်။ အဘယ်ကြောင့် ဤသို့ဖြစ်သည်ကို မောင်စိန်သောင်းလည်း စဉ်းစား၍မရ။ ဘာ့ကြောင့်မှန်း မသိ။ ထိုအခါမျိုးတွင် မောင်စိန်သောင်း အလွန်စိတ်ပျက်၏။

နောက်တစ်ခုမှာ မောင်စိန်သောင်း အပြင်ထွက်မည်ဟု အင်္ကျီလဲလိုက်လျှင် “ဘယ်သွားမှာလဲ” ဟု မေး၏။ ဤသည်ကို မောင်စိန်သောင်း ဒေါသဖြစ်၏။ ပုံနှိပ်တိုက်၌ စာအုပ်ရိုက်နေစဉ်အခါဆိုလျှင် သူ မမေး၊ ပုံနှိပ်တိုက်သွားမှာပဲဟု သူသိ၏။ သို့သော် ဘာအကြောင်းမှမရှိဘဲ အပြင် ထွက်လျှင်

“ဘယ်သွားမှာလဲဟင်၊ ဘယ်ကိုလဲ ပြောပါဦး”

အထပ်ထပ်မေး၏။

မောင်စိန်သောင်း အိမ်မှာချည်း ကုပ်မနေနိုင်။ အပြင်ထွက်ချင်သည် အပေါင်းအသင်းများနှင့် တွေ့ချင်သည်။ စကားပြောချင်သည် အဖော်
ကောင်းလျှင် သောက်ချင်သည်။ လျှောက်လည်ချင်သည်။ ဤသို့ သွားလာ လှုပ်ရှားရင်း ဇာတ်လမ်းကလေးများ စိတ်ကူးကလေးများ ရတတ်သည်။

မောင်စိန်သောင်းကိုယ်နှိုက်က ဘယ်ကိုသွားမည်ဟု မရည်ရွယ်ဘဲ အပြင်ထွက်မည်ကို ''ဘယ်သွားမလဲ” မေးသောအခါ မည်ကဲ့သို့ ဖြေရ မည်နည်း။

ပြီးလွယ်စီးလွယ် “ဒီနားတင်ကွာ” ဟု ဖြေလိုက်လျှင်လည်း

“ဘယ်နားတင်လဲ”

ဘယ့်နှယ်လုပ်ရပါ့။

“ဘာလုပ်မလို့လဲ”

“သိချင်လို့ပေါ့”

“မင်း သိစရာမလိုဘူး၊ ဘယ်သွားသွား”

သည်လို ကတောက်ကဆဖြစ်ရသည်။

တစ်ခါတစ်ရံ မောင်စိန်သောင်း သောက်လာသောအခါ ဘာမှ မပြောသော်လည်း မျက်နှာမှုန်ကုပ်ထားသည်။ ဘယ့်နှယ်လုပ်ရပါ့။

သည်လိုနှင့်...

တစ်နေ့ မောင်စိန်သောင်း အိမ်ပြန်အလာတွင် ဗေဒင်ဆရာ တစ်ယောက်ကို တွေ့ရသည်။ တွက်ချက်ပြီးစီး၍ လက်ဖက်နှင့် ရေနွေး ကြမ်းပင် သုံးဆောင်နေလေပြီ။

မောင်စိန်သောင်းဇနီး မနှင်းရည်က ဗေဒင်ဆရာနှင့် မိတ်ဆက် ပေးသည်။ မောင်စိန်သောင်းကလည်း ရိုသေစွာ ဆက်ဆံပါသည်။

မောင်စိန်သောင်းသည် မနှင်းရည် ဗေဒင်မေးခြင်းကို မကန့် ကွက်ပါ။ သူ စိတ်သက်သာရာ သက်သာကြောင်း၊ ပျော်ရွှင်ရာပျော်ရွှင်ကြောင်း စိတ်ချမ်းသာသလို လုပ်ပါစေဟု သဘောထား၏။

ဘုရားကို ပန်း၊ ရေချမ်း၊ ဆီမီး စသည်ဖြင့် ကပ်လှူခြင်းသည် ယတြာချေသည်ဆိုဆို ဘာဆိုဆို ပူဇော်ခြင်းသည် ကောင်းမြတ်၏။ စိတ်ချမ်းမြေ့၏။ လုပ်ချင်သလို လုပ်ပေတော့ မနှင်းရည်ဟု မောင်စိန်သောင်း သဘောထားသည်။

သို့ရာတွင် ထိုနေ့က ထိုဗေဒင်ဆရာက

“မောင်စိန်သောင်း အသောက်လည်း လျှော့ပေါ့ဗျာ။ ဖြတ်နိုင်ရင် အကောင်းဆုံးပဲ”

မောင်စိန်သောင်း အောင့်သွားလေသည်။

ဗေဒင်ဆရာတွက်ချက်ခြင်းသည် ကောင်းပါ၏။ သို့ရာတွင် အခြားသူ၏ အခွင့်အရေးကို ဗေဒင်ပညာဖြင့် စွက်ဖက်ရန် မသင့်ဟု မောင်စိန်သောင်း ယူဆသည်။

အားနာပါးနာဖြင့် ခေါင်းညိတ်လိုက်သည်။ ပါးစပ်ကတော့ ယားလှပြီ။

ထို့ကြောင့် အခန်းတွင်းသို့ ဝင်ခဲ့သည်။

ဗေဒင်ဆရာ ပြန်ကြွသွားသည်။

မနှင်းရည် အခန်းထဲ ဝင်လာသည်။

“ဘာလုပ်တာလဲ နှင်းရည်”

“အစ်ကို ကောင်းအောင်လို့ပေါ့ အစ်ကိုရယ်”

“အစ်ကိုက ဆိုးနေလို့လား”

“မဟုတ်ပါဘူး။ အသောက်အစားကိစ္စလေး”

“အိုကွာ ငါ မူးပြီး လျှောက်ရမ်းနေတာမှ မဟုတ်တာ”

“ဒါတော့ ဒါပေါ့၊ ဒါပေမဲ့”

“တော်တော့ကွာ”

◾

မောင်စိန်သောင်း အရက်ဆိုင်ထွက်ခဲ့သည်။ သောက်သည်။ ဘယ်လောက်မှန်း မသိ။ ထိုညက တဒုန်းဒုန်း တဒိုင်းဒိုင်း ဟိုကန် သည်ကျောက်နှင့် အိပ်ပျော် သွားသည်။

အိပ်ရာမှ နိုးသောအခါ နေအတော်မြင့်နေပြီး အိမ်တွင် မနှင်းရည် မရှိ။ မေးကြည့်သောအခါ ဘုရားကိုသွားသည်ဟု ဆိုသည်။

“ဘယ်သူနဲ့သွားသလဲ” ဆိုတော့

“အမေနဲ့”

မောင်စိန်သောင်း၏ မိခင်နှင့် အတူသွားကြခြင်း ဖြစ်သည်။ မောင်စိန်သောင်း အရက်မသောက်စေခြင်းငှာ ယတြာချေကြခြင်းဟု မောင် စိန်သောင်း ယူဆလိုက်သည်။

အမှန်မှာ မောင်စိန်သောင်း၏ မိခင်ရော ဇနီးပါ နည်းနည်း လွန်လာသော မောင်စိန်သောင်းကို ပြောမရဆိုမရသည့်အဆုံး ကြံမိကြံရာ ကြံကြခြင်းဖြစ်လေသည်။

မည်မျှစွမ်းသော ယတြာဖြစ်သည်တော့ မသိ။

◾

မနှင်းရည် တရှုံ့ရှုံ့ ငိုရသည်။ မိခင် မျက်ရည်ဝိုင်းသည်။

ဗေဒင်ဆရာသည် တခြားတစ်ဦးဦးအား ယတြာပေးနေပေ တော့မည်။

ရွှေတိဂုံစောင်းတန်းမှ ပန်းသည်တို့သည်လည်း 'ပန်းဝယ်သွားပါ ဦးလား” ဟူသော အသံကို ပြိုင်တူ ရွတ်နေကြပေမည်။

ဖယောင်းတိုင်အချို့သည် အဖြူမှ အညို၊  ရွှေရောင် ငွေရောင် စသည်ဖြင့် ပြောင်းနေကြပေလိမ့်မည်။

မောင်စိန်သောင်းတစ်ယောက်တော့ အရွဲ့တိုက် ကောင်းသည်နှင့် အိပ်ရာပေါ် ပက်လက်ကလေးနေရင်း အကြောအားဆေး သွင်းနေရရှာ လေသည်။

ယတြာ ကျေ မကျေတော့ မသိ။

မောင်စိန်သောင်းတစ်ယောက် အရက်သောက်သူ သို့မဟုတ် အရက်သမားနှင့် အရက်သောက်တတ်သူကို ခွဲခြားသိသွား၏။

သူ့အဘိုး ဖိုးစိန် အသက် ခုနှစ်ဆယ်ကျော်မှ သေသည်။ သေခါနီး “ရေဆာတယ်၊ ဘီယာတိုက်” ဟု အိပ်ရာထဲ လဲနေရာမှ ပြောသည်။

သူ့ချစ်မိတ်ဆွေကြီးနှစ်ဦးဖြစ်သော ကိုထွန်းထွန်းနှင့် ကိုဦးတို့ အရက်ကြောင့် အသက်လေးဆယ်ကျော်တွင် ရှေ့ဆင့်နောက်ဆင့်သေကြသည်။

မောင်စိန်သောင်းသည် သူ့ထုံးစံအတိုင်း ဗေဒင်ဆရာကို ကြံဖန် ကျေးဇူးတင်နေလေသည်။

၁၉၈၀၊ ဧပြီ၊ ရှုမဝမဂ္ဂဇင်း

ဆရာမောင်ဝဏ္ဏ၊ မောင်စိန်သောင်း မနှင်းရည် ဝတၳုတိုများ ပီဒီအက်ဖ်၊
စာမျက်နှာ ၇ - ၁၈။

စာရိုက် - စလေ ငနော့

မြန်မာမှန်ရင် ဖတ်သင့်တယ်



••••••••••••••••••••••••••••••••
ဆူဒိုနင်
ခုတလော ဂျာနယ်, မဂ္ဂဇင်းတွေဖတ်ပြီး တော်တော်စိတ်ညစ်ရတဲ့ အကြောင်း အရင်ဆုံးရေးချင်ပါတယ်။ အဲဒီ ကိစ္စ ကတော့ အင်္ဂလိပ်စာလုံးတွေ ထည့်ထည့်ရေးကြပြီး စာလုံးပေါင်းတွေ အဓိပ္ပာယ်ကောက်မရအောင်ကို မှားတတ် ကြတဲ့ ကိစ္စပါ။ စာရေးဆရာတွေဟာ မလိုအပ်ဘဲနဲ့ အင်္ဂလိပ်စာလုံးတွေ ထည့်မရေးသင့်ပါဘူး။ မရေးရင် မှားစရာ လည်း မရှိတော့ဘူးပေါ့။
ရှေးကဆရာကြီးတွေဖြစ်ကြတဲ့ ဆရာကြီးပီမိုးနင်းတို့၊ ဆရာကြီးရွှေဥဒေါင်းတို့၊
ဆရာကြီး မဟာဆွေတို့ တစ်တွေဟာ အင်္ဂလိပ်စာတတ်ပေတတ် ပုဂ္ဂိုလ်ကြီးတွေပါ။ ဒါပေမယ့် ဆရာကြီးတွေရဲ့ စာတွေထဲမှာ အင်္ဂလိပ်စာလုံးတွေ မလိုအပ်ဘဲ ညှပ်ညှပ်သုံးတာ တွေ့ရခဲပါတယ်။ ဘိလပ်ပြန်ဆရာကြီးတွေဖြစ်တဲ့ ဆရာသိပ္ပံမောင်၀၊ ဆရာဒေါက်တာလှဘေ၊ ဆရာဇော်ဂျီ၊ ဆရာမင်းသု၀ဏ်စတဲ့ စာရေးဆရာကြီးတွေရဲ့ စာတွေမှာလည်း အင်္ဂလိပ်စာလုံးတွေ ထည့်ရေးတာ သိပ်များများမတွေ့ရပါဘူး။
ခုခေတ်ကျတော့ ဘာသာပြန်တွေမဆိုထားနဲ့၊ ပင်ကိုရေးဆိုတဲ့ စာတွေကို ဖတ်ရတာတောင် ထော့နင်းထော့နင်းနဲ့ ဘာသာပြန်ကို ဖတ်ရသလိုမျိုးဖြစ်နေပါတယ်။ ရှေးကဆရာကြီးတွေရဲ့ လက်ရာကျတော့ ဘာသာပြန်ထားတယ်လို့ မထင်ရလောက်အောင် မြန်မာ့မျက်စိထဲ၊ မြန်မာ့နားထဲကို ချောခနဲချောခနဲ ၀င်သွားစေတဲ့ အရေးအသားမျိုးတွေပါ။ ဆရာကြီးသခင်ဘသောင်းရဲ့ ပန်းသာမစာဥ၊ ဆရာကြီးရွှေဥဒေါင်းရဲ့ ရတနာပုံ၊ ဆရာဇော်ဂျီရဲ့ မဟာဆန်ချင်သူစတဲ့ ၀တၳုကြီးတွေဆိုရင် မြန်မာ၀တၳုကြီးတွေလို့တောင် မှတ်ထင်ခဲ့ကြရတာမျိုးဖြစ်ပါတယ်။ ကျွန်တော်တို့ခေတ် ဘာသာ ပြန်တွေကျတော့ ဘာဖြစ်လို့ အဲဒီလို ကျွန်တော်တို့ အသွေးထဲ အသားထဲ စိမ့်၀င်သွားအောင် မဖြစ်ကြရတာလဲလို့ ဆန်းစစ်ကြည့်လိုက်တော့ မြန်မာစာ၊ မြန်မာစကားမနိုင်လို့ဆိုတာ တွေ့ရပါတယ်။ မြန်မာဘာသာစကားက ေဝါဟာရ မပါးရှားပါဘူး။ အတော်အသင့်လေး လေ့လာရင်တောင်မှ စကားလုံးေဝါဟာရတွေ သုံးလို့ မကုန်နိုင်အောင် ကြွယ်ပိုး ကြွယ်၀ရှိလှတယ်ဆိုတာ တွေ့နိုင်ပါတယ်။ တကယ်ချို့တဲ့ ရှားပါးနေတာက ကျွန်တော်တို့တစ်တွေသာ ဖြစ်ပါတယ်။ ကျွန်တော်တို့ တစ်တွေက မြန်မာတွေဖတ်ဖို့ မြန်မာစာနဲ့ စာတွေ ​ရေးသားနေကြတာ ဖြစ်ပေမယ့် မြန်မာစာဆရာတွေနဲ့ သုတေသီပညာရှင်တွေကလွဲရင် ကျန်တဲ့
စာရေးသူတွေဟာ မြန်မာစာပေကို လေးလေးနက်နက် လေ့လာမှုပြုလုပ် တာ အင်မတန်ကိုနည်းပါတယ်။ အဲဒီတော့ ကျွန်တော်တို့မှာ ေဝါဟာရရှားပါးမှု ကြုံကြရတာပေါ့။ ေဝါဟာရရှားပါး တော့ အလွယ်လမ်းကိုလိုက်ပြီး အင်္ဂလိပ်စာလုံးတွေယူယူပြီး သုံးလိုက်ကြတော့တယ်။ သည်လိုနဲ့ မြန်မာစကားလုံး ေဝါဟာရတွေအသုံးနည်းပြီး ကွယ်ပျောက်တာတွေလည်း ကွယ်ပျောက်ကုန်ကြတယ်။ ဆရာလူထုစိန်၀င်းရဲ့ ''နန်းစကား၊ မန်းစကား၊ မြန်မာတို့ရဲ့ မြန်မာစကား'' ဆိုတဲ့ စာအုပ် စာမျက်နှာ ၇၃ နဲ့ ၇၄ မှာ ဖော်ပြထားတဲ့အထဲက ကောက်နုတ်ဖော်ပြလိုက် တာပါ။
ကျွန်တော်ကိုယ်တိုင်လည်း ဖတ်ရတာအလွန်ထောင့်လှတဲ့ မြန်မာစာတွေကို အောင့်သက်သက်နဲ့ ဖတ်နေမိရင်း၊ ညှပ်သုံး၊ ဇွတ်သုံးထားတဲ့ အင်္ဂလိပ်စာလုံးပေါင်း အမှားတွေကိုကြည့်ရင်း စိတ်လေနေတာ အတော့်ကိုကြာပါပြီ။ မနေ့ ကပဲ အိမ်သားတွေငှားကြည့်ကြတဲ့ မြန်မာဗီဒီယိုသတင်းခွေတစ်ခွေရဲ့ အဆုံးက ''မကြာမီထွက်မည်'' လို့ အနက်ထွက် မယ့် အင်္ဂလိပ်စာလုံးပေါင်းအမှားကြီးကို မြင်ဖြစ်အောင် မြင်လိုက်သေးတယ်ခင်ဗျ။ မြန်မာလို ရေးလိုက်တော့ ဘာဖြစ်သတုံးဗျာ။ မြန်မာတွေကြည့်ဖို့ ထုတ်တာမဟုတ်ဘူးလား။ အခုတော့ အဲဒါကိုပဲ အင်္ဂလိပ်လိုတွေ လုပ်လိုက် သေးတယ်။ လုပ်တော့လည်း မှန်သလားဆိုတော့ မမှန်ဘူး။ Comming Soon တဲ့ ခင်ဗျ။ မူလတန်းကျောင်းသား တောင် မမှားလောက်တဲ့ come ကြိယာကို
-ing တပ်တာတောင် အပေါက်တည့်အောင် မတပ်နိုင်ဘဲနဲ့ အင်္ဂလိပ်စာလုံး ကြီးနဲ့
ချရေးထားတော့ အတော်စိတ်ညစ်ရတယ်။ Coming ဟာ ''m'' တစ်လုံးတည်းနဲ့ ပေါင်းရတာပါ။ အဲလောက် လေးတောင် မသိသားဆိုးရွားနေတဲ့ ကိုယ့်အခြေအနေကိုယ် မဆန်းစစ်ကြဘဲ အင်္ဂလိပ်စာလုံးတွေ တွင်တွင်ကြီး ချသုံးနေရအောင် မြန်မာစကားက ဆင်းရဲနေလို့လားဆိုတဲ့ အငေါ်တူးအတွေးက ပေါ်လာပါတယ်။
သည်အချိန်မှာ ဆရာလူထုစိန်၀င်းရဲ့ စာအုပ်ကို ပြေးသတိရသွားတော့တာပါပဲ။ ဒါနဲ့ ကျွန်တော့်စာအုပ်စင်မှာ ပြန်ရှာပြီး သည်စာအုပ်အညွှန်းကို ရေးမိသွားရတာပါ။ ဆရာလူထုစိန်၀င်းကလည်း လူငယ်လူရွယ်တွေအတွက် အင်္ဂလိပ်စာကို အပတ်တကုပ် သင်ကြားပို့ချပေးခဲ့သူ ဖြစ်ပါတယ်။ ဆိုလိုတာက ဆရာကိုယ်တိုင် အင်္ဂလိပ်စာကို ပပ်ပပ်နပ်နပ်တတ်ပါ တယ်။ သို့သော် အင်္ဂလိပ်စာတတ်တာက တစ်ပိုင်း၊ မြန်မာစာ၊ မြန်မာမှုကို ချစ်မြတ်နိုးတာက တစ်ပိုင်းဖြစ်မှန်း အခုစုစည်းထုတ်ေ၀လိုက်တဲ့ ''နန်းစကား၊ မန်းစကား့့့'' စာအုပ်က သက်သေခံလို့ နေတယ်။
၁၉၉၆ ခုနှစ် နို၀င်ဘာထုတ် လူထုဒေါ်အမာ ၈၀ ပြည့် မွေးနေ့ အထိမ်းအမှတ် ''ပုဂံလက်သစ်နှင့် အခြားစာတမ်းများ'' စာအုပ်၊ ၁၉၉၆ နဲ့ ၁၉၉၇ ခုနှစ်အတွင်းက ထုတ်ေ၀ခဲ့တဲ့ စာပေဂျာနယ်၊ ၁၉၉၈နဲ့ ၁၉၉၉ ခုနှစ်အတွင်းက ထုတ် ေ၀ခဲ့တဲ့ ရုပ်ရှင်တေးကဗျာမဂ္ဂဇင်းတို့မှာ ဖော်ပြခဲ့တဲ့ ''နန်းစကား၊ မန်းစကား့့့'' ၁၂ ပုဒ်ကို စုစည်းထုတ်ေ၀ထားတဲ့ စာအုပ်ပါ။
စာမျက်နှာ ၈၁မှာ ဆရာလူထုစိန်၀င်း ရေးသားထားတဲ့အတိုင်း ''အသုံးမလေ့ကြတော့လို့ပဲဖြစ်စေ၊ အသုံးနည်းလို့ပဲဖြစ်စေ ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ မြန်မာအရပ်သုံးစကားတွေကို ရှာဖွေတင်ပြထားတဲ့ စာအုပ်ဖြစ်ပါတယ်။ မဂ္ဂဇင်းဆောင်းပါးများဖြစ်တာကြောင့် နောက်ဆုံးတစ်ပုဒ်ကလွဲရင် ကျန်အပုဒ်တိုင်းမှာ နိဒါန်းဖွဲ့ထားတာတွေ ပါ၀င် နေပါတယ်။ သို့သော် အဲဒီနိဒါန်းများက စာရေးဆရာရဲ့ အတ္တနောမတိ၊ ဝံသာနုရက္ခိတစိတ်၊ စေတနာတို့ကို ရောင်ပြန်ဟပ်လို့နေတဲ့အတွက် ဖတ်လို့ကောင်းနေပါတယ်။ လူထုတိုက်ရဲ့ ငယ်မွေးခြံပေါက်ပီပီ တစ်အုပ်လုံးမှာ လူထုရနံ့ ပျံ့သင်းလွန်းလို့ တချို့တွေကတော့ သိပ်ဘ၀င်ကျကြမယ်မထင်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ်၊ အသုံးနည်းသွားတဲ့ မြန်မာစကားတွေကို နိုင်သလောက် ရှာဖွေစုဆောင်း တင်ပြထားတဲ့အတွက်ကိုတော့ ကျေးဇူးတင်ထိုက်တာလည်း အမှန်ပါပဲ။ ဒါ့အပြင် ကျွန်တော်တို့ အခုနေမှ အားထုတ်မထားရင် နောင်နှစ်တစ်ရာလောက်အတွင်းမှာ တိမ်ကော ပပျောက်သွားနိုင်လောက်တဲ့  မြန်မာစာ၊ မြန်မာစကားအပေါ်ထားရှိတဲ့  စာရေးသူရဲ့ စေတနာရောင်ဝါကလည်း သည် စာအုပ်မှာ လင်းလင်းလက်လက် ပေါ်ထွက်လို့ နေပါတယ်။
    
မြန်မာတို့ရဲ့ ယဉ်ကျေးမှုအဆင့်အတန်းဟာ ခေတ်ပြိုင်အနောက်နိုင်ငံတွေနဲ့ ယှဉ်လိုက်ရင် မနိမ့်ကျပါဘူး။ ယဉ်ကျေးမှုအဆင့်အတန်း မြင့်မားတာနဲ့အမျှ မြန်မာစကားဟာလည်း အင်မတန်ေဝါဟာရကြွယ်ပါတယ်။
''ညီမ'' ဆိုတာ မိန်းကလေးချင်း တော်စပ်မှုအသုံးစကားပါ။ ယောက်ျားလေးနဲ့ မိန်းကလေး တော်စပ်မှု အသုံးစကား မဟုတ်ပါဘူး။ အခုတော့ လူတိုင်းလိုလိုပဲ ''ကျွန်တော့်ညီမ'' ဆိုတဲ့ စကားကို သုံးနေကြပါတော့တယ်။ အစ်ကိုက အဲဒီတော့  အလိုလို မိန်းမလျာဖြစ်သွားပါရော။ (စာ - ၁၃)
    
မျက်နှာမည်းစာလုံးက မူရင်းမှာမပါပါဘူး။ ကျွန်တော်ဖြည့်လိုက်တာပါ။ ကျွန်တော်ကိုယ်တိုင်လည်း ''နှမ'' ဆိုတဲ့  အသုံးရှိမှန်းသိပေမယ့် မှန်အောင်သုံးတတ်တာ သိပ်မကြာသေးဘူး။ (ကျွန်တော့်မှာနှမမှ မရှိတာကိုး။) ကျွန်တော် စာရေးတဲ့ အခါမှာ ''ညီမ'' လို့ မှားသုံးမိတာ တစ်လုံးပါသွားတော့  ဘယ်သူမှန်းမမှတ်မိတော့တဲ့ ရေးဖော်ဆရာတစ်ဦးက ထောက်ပြလိုက်တော့မှ  မှန်အောင်သုံးတတ်ခဲ့တာပါ။

မြန်မာစကားမှာတော့ အဖေ့ရဲ့ အစ်ကိုဆိုရင် ဘကြီး၊ အမေ့ရဲ့  အစ်ကိုဆိုရင် ဦးကြီးလို့  ခွဲခြားခေါ်လေတော့ ခေါ်သံကြားတာနဲ့  ဆွေမျိုးစပ်ပေးပြီးသား ဖြစ်နေပါပြီ။ အဖေ့ရဲ့  ညီဆိုရင် ဘထွေး၊ အမေ့ရဲ့ မောင်ဆိုရင် ဦးလေး၊ အဖေရဲ့ အစ်မ ဆိုရင် အရီးကြီး၊ အဖေ့ရဲ့ နှမကို အရီးလေး၊ အမေရဲ့ အစ်မ ဆိုရင် ကြီးတော်(ဂျီးဒေါ်)၊ အမေရဲ့ ညီမဆိုရင် ထွေးလေး(ဒွေးလေး)၊ ဒေါ်လေးစသဖြင့် ကြွယ်လိုက်တဲ့ ေဝါဟာရတွေ။ (စာ - ၁၄)
    
ဒါတွေတော့ ကျွန်တော်သိပါတယ်။ ကျွန်တော့်အမေက ''ကိုကို'' လို့ ခေါ်တဲ့  ကျွန်တော့်ဦးကြီးကို ကျွန်တော်က ''ဦးကြီးကိုကို'' လို့ တစ်သက်လုံးခေါ်ခဲ့တာကိုး။ ပြီးတော့ မေမေက သူ့ဘထွေးတွေ၊ အရီးတွေကို ''ဘထွေးကြီး''၊ ''ဘထွေးလေး''၊ ''အရီးကြီး''၊  ''အရီးလေး'' စသဖြင့် ခေါ်ေဝါ်ခဲ့တာလည်း ငယ်ကတည်းကကြားခဲ့ဖူးနေလို့ပါ။ ကျွန်တော့် သားသမီးတွေက သူတို့အမေရဲ့ အစ်ကိုကို ''ဘကြီး'' လို့ ခေါ်တဲ့အခါ မှားနေတယ်၊ ဦးကြီးလို့ ခေါ်ရမှာလို့  တည့်မတ်ပေးခဲ့ဖူးတယ်။
    
ဆရာလူထုစိန်၀င်းပြောသလို မြန်မာတွေက မြန်မာစာချို့တဲ့နေတာတော့  ကျွန်တော်တို့ ခေတ်မှာ အဆိုးဆုံးလို့တောင် ပြောရမလို ဖြစ်နေပါတယ်။ ဖတ်တဲ့ စာ၊ ရေးတဲ့ စာမှာ တွေ့ရတာတွေကို ဆရာလူထုစိန်၀င်းက ရေးပြထား တာပဲ ရှိပါသေးတယ်။ ပြောတဲ့ စကား၊ ကြားရတဲ့ စကားတွေမှာလည်း တစ်စက်မှအချိုးမပြေတော့အောင် မြန်မာတွေက မြန်မာစကားကို ဌာန်ကရိုဏ်းကျကျ မပြောတတ်ကြတော့ဘူး။ /သေသှေချာဂျာ/ လို့  ပြောရမယ့်အစား ရေးထားတဲ့အတိုင်း
/သေသေချာချာ/ လို့ ပြောလိုပြော၊ /ရှံ/ လို့  ပြောရမယ့်အစား /လှယံ/ လို့ ပြောလိုပြောနဲ့  အတော့်ကို လွဲချော်နေကြတာတွေလည်း မနည်းမနောပဲ။ တစ်လောက ရွှေအမြုတေ စာပေဆုပေးပွဲမှာ ကျွန်တော်အခမ်းအနားမှူး လုပ်လိုက်ပြီးတဲ့နောက် အခမ်းအနားအပြီးမှာ ဆရာတွေနဲ့ နှုတ်ဆက်တုန်း ဆရာ ''ဘောညို'' (ခင်မောင်ညို-ဘောဂဗေဒ) က ''ရွှေအမြုတေကို /ရွှေအမဒေ/ လို့  အမှန်အတိုင်း အသံထွက်တဲ့သူဆိုလို့ ခင်ဗျားတစ်ယောက်ပဲ ရှိသေးတယ်'' လို့  မှတ်ချက်ပေးသွားပါသေးတယ်။ အမှန်တော့  ရေးတော့ အမှန် ဖတ်တော့ အသံမူကို ကျွန်တော်တို့တွေ မေ့လျော့နေကြတာပါ။
    
ကျွန်တော်လည်း မြန်မာစကားတတ်လှချည့်လို့  ကိုယ့်ကိုယ်ကိုယ် မအောက်မေ့ပါဘူး။ သားတော်မောင်ကို ကျွန်တော့်၀တၳုစာအုပ်အတွက် အမှာစာရေးခိုင်းတဲ့အခါ ကျေးဇူးရှင်လေးက ''အမူကွန်းထိုး'' ဆိုတဲ့ ေဝါဟာရကို ချသုံးလိုက်တော့  ကျွန်တော် မျက်လုံးပြူးသွားပါတယ်။ သည်ကောင်က အခုမှဆယ်တန်းတက်တဲ့ အကောင်၊ အသက်က ၁၅ နှစ်ပဲ ရှိသေးတယ်။ အဲဒီ့လောက် အလုံးအကြီးကြီးကို ချသုံးလာတဲ့အခါ ကျွန်တော် ဖျားသွားတယ်။ ဒါနဲ့ သူ့အသုံးမှန်ရဲ့လားဆိုပြီး အဘိဓာန်တွေဘာတွေ လှပ်ကြည့်ရတဲ့ ဘ၀တောင် ရောက်သွားတယ်။ (မှန်တယ် ခင်ဗျ။) ဖအေ့ထက် သားတစ်လကြီးဆိုတာ အဲသလိုကောင်မျိုးကိုခေါ်တာပဲ ဖြစ်လိမ့်မယ်။ နောက်တော့မှ သတိရတယ်။ သည်ကောင်က ဆရာကြီး ရွှေဥဒေါင်းကို စွဲစွဲလန်းလန်းဖတ်တဲ့သူပဲ။ ဆရာကြီးရဲ့  လေအတိုင်းတောင် ရေးတတ်နေတဲ့အထိ ဆရာကြီးစာတွေရဲ့ သြဇာက သူ့အပေါ် ရိုက်ခတ်နေပါတယ်။ သည်တော့လည်း မြန်မာစာကို ခွန်အားရှိရှိရေးတတ်တဲ့  ဆရာကြီးရဲ့ အတုကို သူယူထားတာပါကလားဆိုပြီး ကျွန်တော့်မှာ ပီတိပွားရပါတယ်။
    
ဆရာကြီး ရွှေဥဒေါင်းက ရေးခဲ့ပါတယ်။ ''ခွန်အားရှိသောစာ'' တဲ့။ ကျွန်တော်တို့  တက္ကသိုလ်၀င်တန်းတုန်းက သင်ခဲ့ရတဲ့  ဆရာကြီးရဲ့ ဆောင်းပါးထဲမှာ ပါတာ။ အခုတော့ ဂျာနယ်မဂ္ဂဇင်းတွေမှာ အတွေ့ရများနေတာက ကချော် ကချက်စာတွေ၊ ချိနဲ့တဲ့ စာတွေ ဖြစ်လို့ နေပါတယ်။ အဲဒါတွေကိုဖတ်ပြီး စိတ်ဆင်းရဲနေရှာသူ မြန်မာကြီးတစ်ယောက်က  မြန်မာစာပေ ပြန်လည်အညွန့်လူလာရေးအတွက် အပင်ပန်းခံ ရှာဖွေတင်ပြထားတဲ့  စာအုပ်ဖြစ်တာမို့ မြန်မာကို ချစ်သူတိုင်း၊ မြန်မာစာချစ်သူတိုင်း၊ မြန်မာစကားပြောသူတိုင်း၊ အိုဗျာ့့့ မြန်မာတိုင်းဖတ်ကြည့်သင့်တဲ့  စာအုပ်လို့ပဲ ညွှန်းလိုက်ချင်လှပါတယ်။
  
စာအုပ်ထဲမှာ မြန်မာစကားအသုံးအနှုန်း၊ ဥပစာနဲ့ ဆိုရိုးအထွေထွေ စုစုပေါင်း ၁၅၁ ခု ပါ၀င်ပါတယ်။ စာအုပ်အဆုံး မှာ အက္ခရာစဉ်အညွှန်းလည်းပါတာမို့ လေ့လာသူများအတွက်လည်း အဆင်ပြေမှာပါ။ အဲဒီ့ ၁၅၁ ခုထဲက နမူနာ တစ်ခုကို ကောက်နုတ်ပြပါရစေဦး။ အမှတ်စဉ် ၁၀၉ က ''ထိကပေါက်'' တဲ့။ အဲဒါကို အခုလို ဖွင့်ဆိုထားပါတယ်။ သည်ခေတ်မှာ မတွေ့ရတော့တဲ့ စကားပါ။ ကွယ်ပျောက်သွားပြီလို့ ယူဆရတော့မှာပါ။ ကျွန်တော်တို့ ငယ်ငယ်က အထိတော့  မန္တလေးဘက်မှာ သုံးတတ်ကြပါသေးတယ်။ ခုခေတ်တော့ ခါးပတ်ခေါင်းလို့သာ ခေါ်နေကြပါတော့ တယ်။ ဆရာကြီးရွှေဥဒေါင်း ဘာသာပြန်ထားတဲ့ ချားလ်ဒစ်ကင်ရဲ့  ''မျှော်တလင့်လင့်'' ၀တၳုထဲမှာ "... ကျွနု်ပ်ကမူ ခါးပတ်အတွက် ထိကပေါက် နမူနာဖြစ်သည်ဟု ထင်မိ၏'' လို့ ရေးသားသုံးနှုန်းထားပါတယ်။ (စာ - ၈၈)
    
ဒါနဲ့တင် သည်စာအုပ်ထဲက မြန်မာစကားအသုံးအနှုန်းလေးတွေ ဘယ့်ကလောက်စိတ်၀င်စားဖို့ ကောင်းတယ် ဆိုတာ စာဖတ်သူလူကြီးမင်းများ ရိပ်စားမိတန်ကောင်းပြီဖြစ်သလို ကျွန်တော့်ရဲ့  မြန်မာတိုင်းဖတ်သင့်တယ်ဆိုတဲ့  အညွှန်းစကားကိုလည်း သဘောမျှနိုင်သွားလောက်ပါပြီ။ အဲဒီ့စာအုပ်ထဲမှာ ဆရာလူထုစိန်၀င်း ရေးထားတာလေးနဲ့ပဲ နိဂုံးချုပ်ပါရစေ။
မှေးမှိန်တာကြာသွားရင် ပျောက်သွားတော့မှာပါ။ သည်လိုနဲ့ ပျောက်ကွယ်သွားတဲ့ စကားတွေ နည်းသလား။ ပျောက်သင့်လို့  ပျောက်သွားတာကိုတော့  ၀မ်းနည်းနေဖို့ မရှိပါဘူး။ ခေတ်နဲ့ မလျော်ညီတော့တဲ့  အဟောင်းတွေမှန်သမျှ ချုပ်ငြိမ်းကွယ်ပျောက်ရတော့မှာပါ။ မပျောက်သင့်တဲ့၊ ခေတ်နဲ့ အပ်စပ်သေးတဲ့၊  လှပတဲ့ အသုံးအနှုန်းတွေ ကွယ်ပျောက်မသွားစေဖို့အတွက် ၀ိုင်း၀န်းထိန်းသိမ်းသင့်ကြပါတယ်။ စာရေးနေတဲ့ သူတွေ အားလုံးမှာလည်း တာ၀န်ရှိပါတယ်။ နိုင်ငံခြားစကားလုံးတွေအတွက်လည်း မြန်မာစကားလုံးတွေ တီထွင်ပေးသင့်ပါတယ်။ အင်္ဂလိပ်စကားလုံးတွေကို ဖြစ်နိုင်သမျှ ထည့်မရေးသင့်ပါဘူး။ (စာ-၁၀၁-၁၀၂)
    
အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ။
(၁၄၊ ၈၊ ၂၀၀၆ ထုတ် အတွေးသစ်ဂျာနယ်တွင် ပါရှိခဲ့သော ဆောင်းပါးကို စာရေးသူ ဆူဒိုနင်၏ ခွင့်ပြုချက်ဖြင့် ပြန်လည်ဖော်ပြသည်။) from www. myanmarbookshop. com
'ယဉ်သင်းအိ အွန်လိုင်းမဂ္ဂဇင်း' ဘလော့ဂ်ကနေ ကူးယူပါတယ်။
ဆရာကြီးလူထုစိန်ဝင်းရဲ့ 'နန်းစကား မန်းစကား' စာအုပ်ကိုလည်း စာရိုက်တင်ပေးနိုင်အောင် အားထုတ်ပါဦးမယ်။
စလေ ငနော့

ရွှေအိုး


•••••••••••

သာဓု

ငယ်စဉ်က သာဓု အလွန်ဒုက္ခရောက်ရသည်။ မိဘများမှာလည်း ရရစားစားဖြစ်၍ ရှပ်အင်္ကျီပင် တစ်ထည်စို၍ တစ်ထည် အပိုလဲစရာမရှိ။ တစ်နေ့ ရှပ်လက်တို၊ တစ်နေ့ စွပ်ကျယ်လက် ပြတ်ဖြင့် ပတ်ချာလည်ခဲ့ရသည်။

နေရသည်မှာ အရောင်းအဝယ် ကြွယ်ဝရာအရပ်။ ကုန်ဈေး တန်းလမ်း၊ မိခင်ဖြစ်သူကလည်း ဈေးဗန်းတစ်ခုဖြင့် အလု အယက် ပြေးလွှား အရောင်းအဝယ် လုပ်နေရသည့် ဈေးသည် ဖြစ်၍ ''ငွေရလမ်းဆိုသည်မှာ အရောင်းအဝယ် ကုန်သည် လုပ်ငန်းပါတကား” ဟု နားလည်ခွင့်ရနေပြီ ဖြစ်သည့်တိုင် သာဓု၏ ဆင်းရဲခြင်းဘဝကို ကုန်သည်အလုပ်ဖြင့် စခန်းသိမ်း ချင်နေ၏။

သို့သော် အရင်းရှင်အလုပ်၌ ငွေအရင်းအနှီး လိုသည်။ ထိုစဉ်က များများစားစား ငွေမလို။ ငွေ ၅၀၀ လောက်ရှိလျှင် သိမ်ကြီးဈေး၌ ဆိုင်တစ်ဆိုင် မြိုင်မြိုင် တည်နိုင်မည်။ ၁၀ ရက်
၁၅ ရက်လောက်စုမှ အနိုင်နိုင်ရသော ငွေ ၂ ကျပ်ဖြင့် အောင်ဘာလေ သိန်းဆုထိုးသည်။ ဂဏန်းသုံးလုံးပင် တဆက်တည်း တူသည့် ဂဏန်း ၅ဝဝိ ဆုပင် မပါခဲ့။

တစ်ညသော် သိန်းထီစဖွင့်သော ညတစ်ည။ တောင့်တ ခြင်းကြီးစွာဖြင့် သာဓု အိပ်ပျော်သွားသည်။ အိပ်မက် မက်၏။ ဖွင့်နေသော ထီနှင့် လုံးဝ မပတ်သက်။ မစပ်ဆိုင်သည့် အိပ် မက်။

လူတစ်ယောက်က သာဓုကို လှုပ်၍နှိုးသည်။ အိပ်မောကျ နေစ ဖြစ်သောကြောင့် မျက်စိဖွင့်၍မရ။ နောက် တုတ်လို အရာတစ်ခုဖြင့် ဗိုက်ကိုထိုး၍ နှိုးသည်။ ပါးစပ်ကပါ ရွတ်ခေါ် နေသည်။

''ငါ့မြေး ထလော့ ထ၊ ထ”

တုတ်နှင့်ထိုး၍ နှိုးခြင်းနှင့် ခေါ်သံရွတ်သံ အဆက်မပြတ် သောကြောင့် သာဓု ထထိုင်လိုက်သည်။ မျက်လုံးကို ဖွင့်ကြည့် မိသည်နှင့် စိတ်ထဲတွင် ရိပ်ခနဲ လန့်သွားသည်။ မြင်ရသည်မှာ သာမန် တစ်ဦးတစ်ယောက် မဟုတ်။ ဝတ်ဖြူစင် ကြယ်နှင့် အသက် ၇၀၊ ၈၀ ခန့် အရွယ်။ ခံ့ထည်သော အင်္ဂါရုပ်နှင့် သူတော်စင် ပုဂ္ဂိုလ် ဖြစ်နေသည်ကို တွေ့ရ၏။ သာဓုလည်း ကျုံ့ကျုံ့ယုံယုံ့ ပြင်ထိုင်၍ လက်အုပ်ချီလိုက်မိသည်။ နောက် ဦးချလိုက်သည်။

“အမိန့်ရှိပါ ဘိုးဘိုး”

“အိမ်း ငါ့ မြေးက ငွေသိပ်လိုချင်နေတယ် မဟုတ်လော၊ သဟာကြောင့် ဘိုးဘိုး လာခဲ့ရခြင်းဖြစ်ချေသည်”

သာဓု အလွန်ဝမ်းသာသွားသည်။ သာဓုအား မစမည့်သူ ပေါ်လာလေပြီ။

“မှန်ပါတယ် ဘိုးဘိုး၊ ကျွန်တော် အရင်းအနှီး ငွေလိုနေပါ တယ်၊ ကျွန်တော့် ကို ကူညီတော်မူပါ”

“ဟုတ်ပါ့၊ ဟုတ်ပါ့ ငါ့မြေးတောင့်တနေတာ ငွေ ၅ဝဝ လောက်သာ မဟုတ် တုံလော၊ ယခု ဘိုးဘိုးသည် ထို့ထက်မက များလှစွာ ကူညီမည် ငါ့မြေး၊ သို့သော်လည်း”

ဘိုးဘိုးစကား ဤတွင်တန့်သွားသဖြင့် သာဓု နင့်ခနဲ ထိတ်သွား၏။

“မစိုးရိမ်လင့်၊ သို့သော် ငွေဆိုသည်မှာ၊ စည်းစိမ်ဥစ္စာ ဆို သည်မှာ လွယ်လွယ်နှင့် မရစကောင်း စွန့်စားမှုတစ်ခု ပြုရ မည်၊ သဘောတူပါ၏လော”

သာဓု ငွေလိုချင်နေသည်။ ဆိုင်တစ်ဆိုင် တည်ချင်နေ သည်။ အရင်းအနှီး သာ ရမည်ဆိုလျှင် ...

“အမိန့်ရှိပါ ဘိုးဘိုး”

“ကောင်းပေစွ ကောင်းစွ၊ ကိုင်း ဘိုးဘိုး အမိန့်ပေးမည် သေချာစွာ နား ထောင်လော့”

သာဓုက ဂရုတစိုက် နားစွင့်နေလိုက်သည်။ ဘိုးဘိုးသည် သာဓုအား အကဲခတ်နေပြီးမှ တောင်ဝှေးဖြင့် တစ်နေရာသို့ ညွှန်၍...

''တာမွေသင်္ချိုင်းသို့ ငါ့မြေးသွားရမည်၊ အချိန်မှာ လာမည့် လကွယ်နေ့ည တစ်ချက်တီးအရောက် သင်္ချိုင်းမြေ အလယ် တည့်တည့်ဆီ ဦးတည် လျှောက်သွားလော့၊ ဂူပျက်တစ်ခုမှ ထမီရင်လျား ဆံပင်ဖားလျားချထားသော မိန်းမတစ်ဦးက ငါ့ မြေးအား ဆီးကြိုသမှု ပြုလိမ့်မည်၊ ငါ့မြေး မကြောက်လေနှင့်”

“မကြောက်လေနှင့်” ဟူသော စကားကြားမှ သာဓု ကြက် သီးထသွားတော့၏။

“ယင်း လူသေ တစေၧမက ငါ့မြေးအား ခေါ်သွားပြီး တူးရ မည့်မြေနေရာကို ပြလိမ့်မည်၊ ငါ့ မြေး တူးဆွလော့၊ အနက် တစ်ပေ အကျယ်သုံးပေ တူးမိလျှင် ငါးပိအိုးကဲ့သို့သော စဉ့်အိုး တစ်လုံး တွေ့လိမ့်မည်၊ ယင်းစဉ့်အိုးထဲတွင် ရွှေထည်ပစ္စည်း တစ်ပိဿာမက ရှိချိမ့်မည်၊ ငါ့ မြေး သွားယူလေလော့”

ဘိုးဘိုးသည် စကားကိုဖြတ်၍ တစ်စုံတစ်ရာ တွေးနေပြီးမှ

''တစ်ခုကား ငါ့မြေးသတိထားရမည် ရွှေအိုးကိုတွေ့၍ နုတ် ယူလိုက်သည်နှင့် လူသေတစေၦမက လုလိမ့်မည်ဖြစ်၍ သူ မလုနိုင်မီ လွတ်အောင်သာ ယူပြေးလော့၊ မကြောက်လေနှင့်၊ သင်္ချိုင်းမြေ လွတ်အောင်သာ ငါ့ မြေး ပြေးပါလေ၊ သူလိုက် နိုင်မည် မဟုတ်ချေတကား”

ထိုစဉ်က ရှိရင်းစိတ်ရင်းအမှန်ကို ဝန်ခံရသော် သာဓု ကြောက်သည်။ အိပ်မက်ထဲတွင်ပင် ချွေးပြန်နေအောင်ကြောက် နေသည်။

“ငါ့မြေး၊ တစ်ခုပြောရန် ဘိုးဘိုးကျန်ခဲ့သည်၊ သွားသော အခါ အဖော်မခေါ်ရ မည်သူမှလည်း အသိမပေးရ၊ တစ် ယောက်တည်းသာ သွားမှ အောင်မြင်မည်တည်း”

“ဘိုးဘိုး”

“အိမ်း ပြောလော့ ငါ့မြေး”

“ဘိုးဘိုး ကျွန်တော့်ကို ကူညီဖို့လာတာ မဟုတ်လား ဘိုးဘိုး”

“မှန်၏၊ မစချင်၍ ဘိုးဘိုးလာခဲ့ခြင်းဖြစ်သည်”
“တကယ်လို့ ကျွန်တော် သွားမယူဘဲ နေရင်ကော ဘိုးဘိုး”

“ငါ့ မြေး ခုအတိုင်းပင် ဆင်းရဲဒုက္ခ ရောက်နေချေဦးမည်။ ဘိုးဘိုး မကြည့် ရက် မမြင်ရက် မရှုရက်တကား”

''ဒါဖြင့် ဘိုးဘိုးရယ်၊ အဲဒီရွှေအိုးကို ဘိုးဘိုးပဲ ယူပေးလို့ မရဘူးလား၊ ဘိုးဘိုးရဲ့ ဣဒ္ဓိပါဒ် တန်ခိုးနဲ့ လေ၊ ကျွန်တော် သင်္ချိုင်းကို မသွားရဲလို့ပါ ဘိုးဘိုး”


''အိမ်း၊ အိမ်း၊ သင်သည် အလွန်အမင်း လူဝါးဝသော ခွေးမသားလေး ဖြစ်ချေ၏တကား”

ထိုစကားအဆုံးတွင် ဘိုးဘိုးသည်လည်း ဝိုးတိုးဝါးတား ပျောက်သွား၏။ သာဓုလည်း ငေါက်ခနဲ လန့်နိုး၏။ မျက်စိထဲ တွင်လည်း သင်္ချိုင်းနှင့် လူသေ တစေၦမကို မြင်ယောင်ပြီး ချွေးပြန်နေ၏။ ဆက်၍ အိပ်မပျော်။ သက်သက်မဲ့ လာ၍ ဒုက္ခပေးသော ဘိုးဘိုးပါတကား။

ဆရာသာဓု၊ သာဓု လူဝါးဝတယ် ပီဒီအက်ဖ်၊
စာမျက်နှာ ၁၅ - ၂၀။

စာရိုက် - စလေ ငနော့

ဂျာမနီ အင်ဂျင်နီယာ


••••••••••••••••••••••••

သာဓု

ရွှေတိဂုံဘုရားလမ်း ကျားကူးကွက်သစ်တွင် 'ပူတူတူး ရောင်စုံ ပုံနှိပ်စက်' ဟူ၍ ချောက်ချောက်ချက်ချက် ရိုက်နှိပ်သော အလုပ်ကလေးဖြင့် ထမင်းဝသော်လည်း ဟင်းမကောင်းတကောင်း စားနေရသော သာဓု၊ သင်္ကြန်ကျတိုင်း 'အိမ်မိုး ရတော့မည်' ဖြစ်၍ ဓနိဖိုးအတွက် စိတ်မောခဲ့ရသော သာဓု၊ နေထွက်သည်မှ ညသန်းခေါင်တိုင် ချွေး တပြိုက်ပြိုက်ဖြင့် စက်ရိုက်နေရသော သာဓုမှာ မြင်းပျံ ဦးတင့် ကောင်းမှုကြောင့် ကျားကူးကွက်သစ်ထက် အဆင်ပြေသော၊ ဣနြေ္ဒရ သော ရေကျော်ဘက်သို့ ရောက်ခဲ့ရ၏။

မြင်းပျံမတင့် ဆေးပေါ့လိပ်ခုံပိုင်ရှင် မြင်းပျံဦးတင့်မှာ အင်္ဂလိပ်ခေတ်က ကုန်ဈေးတန်းရှိ မူလရှန်ဟဲဖဲတိုက်တွင် မန်နေဂျာအဖြစ် အလုပ်လုပ်နေစဉ် သာဓု ကလေးဘဝကတည်းက မုန့်ဖိုးပေးနေသူ၊ သာဓုကို ချစ်သူ သနားသူ ဖြစ်သည့် အတိုင်း...

'ဟေ့ ကောင်လေး၊ ဒီရပ်ကွက်မှာ မနေနဲ့တော့၊ တဲတွေ ပြွတ်သိပ်ပြီး မီးဆိုရင် မင့်ပုံနှိပ်စက်ကလေးပါ မီးဝါးသွားလိမ့်မယ်၊ ၄၇ လမ်းမှာ ငါ့အိမ်ရှိတယ်၊ အဲဒီကို ပြောင်းလာ၊ ငါ လခ မယူဘူး'

သို့နှင့် သာဓုလည်း ၄၇ လမ်းသို့ စိုင်ကော်သကဲ့သို့ ရောက်လာခဲ့ရ၏။ ရေခံမြေခံဆိုသည်ကို ထိုအခါကျမှ သာဓု ယုံကြည်လာသည်။ ကျားကူးတွင် အလုပ်လုပ်ခဲ့စဉ်က မဝတဝနှင့် မလှမပ၊ ၄၇ လမ်းအိမ်သို့ ရောက်ပြီး နောက် မကြာမီပင် လုပ်ငန်းအခြေအနေ တိုးတက်လာသည်။ ပုံနှိပ်စက်ကြီးတစ်လုံးမှ နှစ်လုံး ဖြစ်လာရုံမက မိတ်ဆွေတစ်ဦးကပင် လုပ်ငန်းပြောင်းသဖြင့် သူ့ပုံနှိပ်စက် ကြီးတစ်လုံး လာအပ်ထားသောကြောင့် ထိုစက်ကိုပါ အခမဲ့ သုံးခွင့်ရလိုက်သေး သည်။

ထို့နောက် မကြာမီတွင်လည်း 'တပ်ထဲက မြတ်ကိုကို' ဝတၳု စာပေဗိမာန်ဆု ရလိုက်ပြန်သောကြောင့် စာအုပ်ထပ်ရိုက်ရသည်။ ငွေကလေး ရွှင်လာသည်။ မြင်းပျံဦးလေးတင့်ကလည်း မ စ ချင်စိတ် ပေါ်လာလေသလော မသိ၊ 'သာဓု ငွေကုန်လေမည်စိုး၍' ဟု ဆိုကာ 'အိမ်ရောမြေပါ ယူလိုက်တော့' ဟု ဈေးပေါ ပေါနှင့် ပေးသည်။ ပေအစိတ်၊ ပေခြောက်ဆယ် ၄ဝဝဝ ကျပ်သာ ယူ၏။ အဆောက်အအုံလည်း ပါသေးသည်။

ဆက်တိုက်ဆိုသကဲ့သို့ပင် 'တပ်ထဲက မြတ်ကိုကို' ကျောင်းသုံးဖြစ်သွားပြန် ၍ ရောင်းမလောက် တွင်ကျယ်ခဲ့သည်နှင့်အမျှ တဲအိမ်ကြီးမှသည် နှစ်ထပ်တိုက် ဖြစ်လာသည်။ လုပ်ငန်းသည်လည်း တိုးသည်ထက် တိုးတက်လာသောကြောင့် ပုံနှိပ်စက်များလည်း နောက်ထပ်လိုလာပြန်သည်။ သို့နှင့် သာဓုလည်း အနောက်နိုင်ငံ အသီးသီးသို့ စာရေးစုံစမ်းကာ အော်တိုမက်တစ် ပုံနှိပ်စက်တစ်လုံး မှာ လိုက်၏။

လောလောဆယ် သာဓုတို့သုံးနေသော စက်မှာ ရှေးပဝေသဏီခေတ်က ခြေနှင့် နင်း၍ ရိုက်ရသော 'ချန်ဒလာ' စက်များ ဖြစ်လျက် ရိုးရိုးတစ်ရောင်တည်း ရိုက်သည်ပင် မရပ်မနား ချွေးဒီးဒီးကျ ကြိုးစားပါမှ တစ်နေ့ ရွက်ရေ ငါးထောင် လောက် အနိုင်နိုင်ပြီးသည်။ ရောင်စုံ အရောင်တင်ရိုက်သော် သုံးထောင်ထက် ပို၍ မရိုက်နိုင်။ ထိုစက်များမှာ ရိုက်လိုသော စက္ကူကို လက်နှင့်ကောက်၊ စက်ထဲ ထည့်ပြီးရိုက်၊ နောက် လက်နှင့်ပြန်ယူ စသည်ဖြင့် ခြေရောလက်ရော မျက်စိရော အနားမနေရသည်ကို မြင်ဖူးသူတိုင်း သိကြပြီးဖြစ်၏။

ယခု သာဓုမှာလိုက်သော စက်မှာ ကတ်တလောက် နမူနာစာဆိုအရ အံ့ဘွယ့် ပုံနှိပ်စက်ဖြစ်၏။ ခလုတ်ကို နှိပ်လိုက်ရုံဖြင့် စက်လည်သည်။ စက်ပေါ် ရှိ စင်ကလေးပေါ်သို့ ရိုက်လိုသော စက္ကူတင်ပေးထားပြီး အခြားစက်ခလုတ် နှိပ်လိုက်လျှင် စက်ကပင် စက္ကူကို အလိုအလျောက် ဆွဲပြီး စက်ထဲထည့်ပေး သည်။ သူဘာသာရိုက်ပြီး သူ့အလိုအလျောက် စက်ထဲမှ ရိုက်ပြီးသားစက္ကူကို ညှပ်ယူဆွဲထုတ်ကာ စက်ပေါ်ရှိ စင်ပေါ်တင်ပေးသည်၊ တင်ပေးရုံသာမက တညီ တည်းဖြစ်အောင် ညှိ၍ စီပေးသေးသည်။ သာဓုတို့အနေဖြင့် အံ့စရာ ကောင်းနေသည်ကား ယခင်စက်များ တစ်နေကုန်ရိုက်ပါမှ လေးထောင်ခန့်ပြီးရန် အနိုင်နိုင်ရှိခဲ့သော်လည်း ယခုစက်မှာမူ တစ်နာရီ ငါးထောင် ချောင်ချောင် ကလေး ရိုက်ပေးနိုင်သည် ဆိုသဖြင့် ထိုစက်ကို ကြည့်ချင် ရိုက်ချင်လိုက်သည် မှာ တစ်ပိုင်းမက သေချင်စော်နံနေသည်။

သုံးလခန့် ကြာသော် ထိုအော်တိုမက်တစ် 'အလိုအလျောက်' စက် ရောက်လာချေပြီ။ ယင်းစက်ကို တင်လာသည့် သငေ်္ဘာ ဂျာမနီမှ ထွက်လာ၍ လမ်းတစ်ဝက် မရောက်သေးမီမှာပင် သာဓုထံသို့ ကုမ္ပဏီမှ စာတစ်စောင်ဖြင့် အကြောင်းကြားသည်။

'လူကြီးမင်းမှာကြားသော ပုံနှိပ်စက် ပို့လိုက်ပါပြီ၊ ထိုစက် ကိုင်တွယ်ပုံ ရိုက်နှိပ်ပုံ ချွတ်ယွင်းက ပြုပြင်ပုံနည်းလမ်းဟူသ၍ အသေးစိတ်ပြသပေးရန် အတွက် ကျွန်တော်များ၏ ဂျာမနီ အင်ဂျင်နီယာများက ထိုစက်နှင့် ရှေ့ဆင့် နောက်ဆင့် ရောက်လာပါလိမ့်မည်'

စက်သေတ္တာကား ကြီးမားလွန်းသောကြောင့် သာဓု၏ အိမ်ရှေ့တံခါးကို သုံးဆခန့် ပြန်ဖျက်ပြီး သွင်းရ၏။ ချက်ချင်း ဖွင့်ကြည့်သည်။ စက်ကို စိတ်ဝင် စားလွန်းနေသဖြင့် ထမင်းစားလာခေါ်သည်ကိုပင် အော်လွှတ်မိသည်။ ယခုခေတ် ဟီးနိုးကားတစ်စီးစာခန့် လေးသောစက်ကို ထည့်ပေးလိုက်သည့် သေတ္တာကို ဖွင့် ရသည်မှာ အမောတကော ရှိလှသည်။ တပည့်ကျော် မောင်မောင်လှ (ယခု ကာလာမောင်မောင်လှ) သည် အကြိုးစားဆုံးနှင့် အပင်ပန်းဆုံး သေတ္တာဖွင့်သူ ဖြစ်၏။ ရိုက်ထားသည့်သံများ ခိုင်ခန့်လှသည်တွင် ဘိုတူများနှင့်ပါ အိမ်ဆောက် သကဲ့သို့ စုပ်၍ တုပ်ထားလိုက်သေး၏။ သေချာသပ်ရပ်လှသော အနောက်နိုင်ငံ သားများပါပေတကား။

နံနက် ၁၁ နာရီမှ စတင်ဖွင့်ခဲ့သော စက်မှာ ညနေ ၄ နာရီတွင် မောမောနှင့် ချောချောပွင့်သွားသော်လည်း ငုတ်တုတ်သာ ကြည့်နေကြရသည်။ ဘာမျှမလုပ် တတ်။ ထိုညက အိပ်၍ပင်မပျော်၊ လှဲနေရာမှထ စက်ကြီးကို သွားကြည့်လိုက်၊ ပြန်လှဲလိုက်ဖြင့် အားမလိုအားမရ ဖြစ်နေရချေသည်။ မိုးလင်းသည်နှင့် လူးလဲ ထကာ စက်ကြီးနားသို့ ရောက်ရပြန်သည်။ ရိုက်ကြည့်ချင်ပြီ ဘယ်ကစ၍ ဘာ လုပ်ရမည်ပင် မသိသေး။ သို့နှင့် စိတ်ကူးတည့်ရာ အပိုပစ္စည်းသေတ္တာကို ဖွင့် ကြည့်ရင်း အတွင်းမှ ပစ္စည်းများကို ဆွဲထုတ်လိုက်ရာ၌ ပလတ်စတစ်အိတ်နှင့် ထည့်ထားသော စာအုပ်များကို တွေ့ရသည်။

အကယ်၍ မနေ့ကသာ ထိုသေတ္တာကလေးကို ဖွင့်ရုံသာ မဖွင့်ဘဲ အတွင်း ပစ္စည်းများကိုပါ ထုတ်ကြည့်ခဲ့လျှင် စာအုပ်များပါသည်ကို မနေ့ကတည်းကပင် တွေ့ရမည်။ ချက်ချင်းပင် သာဓု ထိုင်ဖတ်သည်။ စာအုပ်မှာ ဂျာမနီမှ ပို့သော်လည်း အင်္ဂလိပ်ဘာသာဖြင့် ရိုက်နှိပ်ထားသော 'စက်ကို မည်သို့မည်ပုံ လည်ပတ် အသုံးပြုရမည်' ဟူသည့် ရိုက်နှိပ်နည်း အညွှန်းစာအုပ်။

သုံးကြိမ်တိတိ အသေးစိတ် ပြန်ဖတ်ပြီးသောအခါ သူ့စာအညွှန်းအတိုင်း လိုအပ်သော ဆီများထည့်ပြီး တပည့်များကို လက်နှင့် အစမ်းလှည့်ခိုင်းကာ စက် အသွားအလာနှင့် ကိရိယာများ အလုပ်လုပ်ပုံကို လေ့လာကြည့်၏။ ဓာတ်အား နှင့် လှည့်ရမည်ဖြစ်သော်လည်း မတော်တဆ မှားသွားလျှင် ပျက်စီးကုန်မည်။ သို့နှင့် ညနေ ၃ နာရီလောက်တွင် လက်နှင့်လှည့်၍ စမ်းခြင်းကိစ္စများ ချောမောသွားသဖြင့် ဘလောက်တစ်လုံးဆင် ပုံနှိပ်မင်များထည့်ကာ ဓာတ်အား ဖြင့် မော်တာကို ဖြည်းဖြည်းလှည့်၍ ရိုက်ကြည့်၏။ ပထမ မဟန်။ ၄ နာရီတွင် အခြေခံရလာ၏။ စိတ်ကမူ ရဲရဲ မရိုက်ဝံ့သေး။ သို့သော် ဇွဲကား မကျသေး။ ၆ နာရီတွင် ထူးခြားလာပြီဖြစ်လျက် တစ်နာရီတွင် ရွက်ရေနှစ်ထောင် ချောင်ချောင် ကလေး ပြီး၏။ ထိုနှုန်းမှာ စက်စံချိန်တစ်ဝက် အရှိမျှသာ ရှိသေးသော်လည်း တစ်နေ့ဆိုလျှင် ရွက်ရေ တစ်သောင်းခြောက်ထောင် အေးအေးပြီးနိုင်သည်။

ထိုနေ့ကသော် စက်လည်း လည်ပတ် ရိုက်နှိပ်နိုင်ပြီဖြစ်၍ တစ်ကြောင်း၊ မောလည်း မောလှသဖြင့် စောစောပင် ဝင်အိပ်ကာ နောက်တစ်နေ့ စောစော ထပြန်ပြီး စက်ကြီးကိုကြည့်၍ ကြည်နှုးနေမိ၏။ တော်ကြရှာပါပေသည်။ ဟို ခလုပ်နှိပ်၊ ဒီမောင်းတံကလေးဆွဲ၊ အနှီဘုကလေးဖိ၊ ထိရုံတို့ရုံမျှဖြင့် သာဓုတို့ ဆယ်ရက်မျှ လုပ်ရသည့်အလုပ် တစ်ရက်နှင့်ပြီးအောင် မောင်မင်းကြီးသားများ ထွင်တတ်ကြသည်။ လူတွေလည်း သက်သာလှသည်။ ချွေးဆိုသည်မှာ ယောင်၍ မျှ တစ်စက်ပင် မထွက်။

ထိုနေ့မှအစပြု၍ ထိုစက်ကြီးကား အရှိန်ကောင်းကောင်းဖြင့် မှန်မှန်ကြီး လည်နေချေပြီ။ အလုပ်တွင်ကျယ်လိုက်သည်မှာလည်း ပြောစရာမရှိ၊ မောင်မောင် လှ ဆိုလျှင် ယခင်ကလို စက်ထဲ လက်နှိုက်စရာမလို၊ လက်ကလေး အသာပိုက်၍ အကြိုက်တွေ့နေသည်၊ အလွန်ကျေနပ်နေသည်။

ဆယ့်လေးရက်တင်းတင်း ပြည့်ခဲ့ပြီဖြစ်သော်လည်း ကိုရွှေအင်ဂျင်နီယာတို့ ပေါ်မလာကြသေး။ သို့တိုင်အောင် မောင်မောင်လှနှင့် ပုံနှိပ်စက်တို့ အကွက် လည်နေကြပြီဖြစ်၍ သူတို့မလာစေကာမူ အရေးမကြီးလှ။ ထိုနေ့က ဦးအုန်းမြင့် (ယခင် စပယ်ပုံနှိပ်တိုက်ရှင်) လာရောက်အပ်နှံသွားသော ရုရှားသံရုံးမှ ထုတ်ဝေ သည့် သတင်းစဉ် မျက်နှာဖုံးရောင်စုံ ရိုက်နှိပ်ရာတွင် မောင်မောင်လှ မျက်နှာရံှု့ နေသည်ကို သာဓုအိပ်ရာမှ နိုးနိုးချင်း တွေ့ရသဖြင့် မေးကြည့်ရာ ယခုရိုက်သော ဘလောက်တုံးမှာ မင်အထိများသော ပြောင်သားပိုသဖြင့် မင်များ ရုတ်တရက် မခြောက်ဘဲ စက်ကလည်း တစ်ရွက်ပြီးတစ်ရွက် ရိုက်ရင်းထပ်ရင်း သွက်နေသောကြောင့် စာရွက်များ တစ်ခုနှင့်တစ်ခု ကပ်ကုန်သဖြင့် စက်ကို ရပ် ရပ်ပြီး ဖြန့်လှန်းနေရကြောင်း သိရ၏။

ဤတွင် စက်နှင့်အတူ ပါလာသော်လည်း မလိုအပ်သေး၍ ယူမသုံးဘဲထား သော ကိရိယာတစ်မျိုးကို တပ်ဆင်လိုက်ပြီး ပေါင်ဒါမှုန့်တစ်မျိုးဖြင့် စမ်းသပ် ရိုက်ကြည့်ရာ သူ့စာညွှန်းအတိုင်းပင် စက္ကူတစ်ရွက်နှင့်တစ်ရွက် လုံးဝ မကပ် တော့သောကြောင့် မောင်မောင်လှတွင် ပါးစပ်အဟောင်းသာနှင့် ငေးသွားတော့ ၏။ သူသာမက သာဓုအဖို့တွင်လည်း နွားလှည်းခေတ်က ပေါ်လာသော မော် တော်ကားကို ကြည့်နေရဘိသို့ အံ့သြကုန်နိုင်ဖွယ် ဖြစ်နေမိ၏။ မင်ထည့်ပြီး စက္ကူတင်ပေးလိုက်လျှင် လူက ဘာမျှ ပင်ပန်းစရာမလို၊ ခလုတ်ကလေး နှိပ် လိုက်လျှင် ကိစ္စပြီးသည်။ စက်က သူ့အလိုအလျောက် ရိုက်နှိပ်စီပေးရုံ မဟုတ် သေး မကပ်အောင်လည်း ကိရိယာက ထိန်းပေးလိုက်သေးသည်။

တစ်ရွက်ချင်း ရိုက်နေရာမှ နှစ်ရွက်ထပ်ပါသွားလျှင် စက်က အလိုလို ရပ် သွားသည်။ စက္ကူအစုတ်အပြဲ ပါသွားလျှင်ဖြစ်စေ၊ စောင်းရွဲ့နေလျှင်ဖြစ်စေ၊ ရိုက် နှိပ်ပြီးသား စက္ကူ သူ့နေရာပြန်မရောက်လျှင်ဖြစ်စေ စက်ကဆက်၍ အလုပ် မလုပ်၊ လုပ်လျှင် ဆက်လက်၍ မှားမည်။ ထို့ကြောင့် အလိုအလျောက် ရပ်ရပ် ပေးသည်။ ယင်းသို့သော ဆန်းပြားလှသည့် တီထွင်မှုတန်ခိုးကြောင့် မောင် မောင်လှသည် စက်ရိုက်ထားလျက်က တပိုးတပါးသို့ သွားနိုင်သေးသည်။ တစ်ခု ခုမှားလျှင် စက်က ရပ်ပြီး လူကိုစောင့်နေမည်။ ဤသည်တို့ကို တမျှော်တခေါ် ကြီး ကြည့်၍ အားရနေသော မောင်မောင်လှသည် အဘယ်ပုံ ခံစားလိုက်ရသည် မသိ။

'အစ်ကို နောက်ဆိုရင် စက္ကူတို့၊ မင်တို့၊ စက်ဆီတို့ကို သူတို့ဟာသူတို့ သွားဝယ်ပြီး သူတို့ဟာသူတို့ပဲ ရိုက်တဲ့စက်များ ဖြစ်လာမလား မသိဘူးနော်'

ဟု ပြောလိုက်သော သူ့အတွေးနှင့် သူ့စကားကို ယခုထိ ကြားယောင်နေ၏။ လွန်ခဲ့ သော အနှစ်အစိတ်လောက်က ဤလိုပြောခဲ့သော မောင်မောင်လှအား ယခု ကွန်ပြူတာ စက်တစ်လုံး ဝယ်ပေးလိုက်လျှင် မည်သို့သော အတွေးနှင့် စကား များ ထွက်လာဦးမည်မသိ။

သူ၏အတွေး သူ၏အပြောတွင် နစ်မြောစဉ်းစားနေမိစဉ် ခြေသံကြားသဖြင့် လှည့်ကြည့်လိုက်သည်တွင် ဥရောပတိုက်သားနှစ်ဦး ရောက်နေသည်ကို တွေ့ရ သဖြင့် 'ဟုတ်ကဲ့၊ ကျွန်တော် ဘာ အကူအညီပေးရမလဲ' ဟု မေးလိုက်၏။ ကုလားထိုင်များ ယူချပေး၏။ သူတို့က ထိုင်လည်းမထိုင်၊ ဘာမျှလည်း မပြော သေးဘဲ တစ်ယောက်က စက်ကိုသာ မျက်လုံးခဲ၍ ကြည့်နေသည်။ အခြား တစ်ယောက်ကမူ စက်ပတ်လည် လှည့်၍ စက်အသွားအလာ လှုပ်ရှားမှုများကို စိတ်ဝင်စားစွာ လိုက်ကြည့်နေသည်။

ဤစက် စတင်လည်ပတ်စက ရန်ကုန်သာမက နယ်ရှိ ပုံနှိပ်တိုက် လောက သားများပါ လာရောက်ကြည့်ရှု့ကြသည်မှာ နေစဉ်နှင့်အမျှ အချို့သူတို့လည်း 'မှာလိုသည်၊ ဆောင်ရွက်ပေးပါ' ဆိုသဖြင့် သာဓုက ကူညီရန် ကတိပေးခဲ့၏။ ယခု လာကြည့်သူ မျက်နှာဖြူ ဥရောပတိုက်သားများက မမြင်ဖူး၍ လာကြည့် ခြင်းကား မဖြစ်နိုင်။ စက်ကိုကြည့်လိုက်၊ သာဓုနှင့် မောင်မောင်လှကို ကြည့် လိုက်နှင့် တအံ့တသြ ဖြစ်နေရာမှ ရုတ်တရက် စက်ကို တစ်ယောက်က ခလုတ် နှိပ်ပြီး ရပ်လိုက်သဖြင့် ဟော ဂျာမနီမှ ရောက်လာကြမည်ဆိုသည့် အင်ဂျင်နီယာ များဆိုသည်မှာ သူတို့ပင် ဖြစ်ရမည်ဟု သာဓု အတပ်တွက်လိုက်၏။

'ပိုင်ရှင် ဘယ်သူပါလဲ'

ယခုမှပင် စတင်၍ အင်္ဂလိပ်စကားသံ မပီ့တပီဖြင့် မေး၏။

'ဟုတ်ကဲ့၊ ကျွန်တော်ပါပဲ' ဟု သာဓုက ဖြေလိုက်မှ ပို၍ အံ့အားသင့်သွား ကားကြ ပျာပျာသလဲ လက်ဆွဲနှုတ်ဆက်၏။ နောက် စက်ကို မည်သူဆင်ပေး သည်၊ ရိုက်နှိပ်ရန် မည်သူ ပြသပေးသည်များကို အသေးစိတ် မေးချေတော့ရာ သာဓုကလည်း အညွှန်းစာအုပ်ဖတ်ပြီး ကိုယ်တိုင်ပင် မည်သို့မည်ပုံ စမ်းသပ် မောင်းကြည့်ခဲ့ကြောင်းများ ပြောပြလိုက်သည်ကို အစအဆုံး နားထောင်နေပြီးမှ တဖန် ဒိုင်ယာရီစာအုပ်ထုတ်၍ အသေးစိတ်ထပ်မေးပြန်၏။ ရေးမှတ်ကြ၏၊ ပြီး သည်တွင် သာဓုက လိမေ္မာ်ရည်တိုက်ရင်း 'ဂျာမနီမှ လိုက်လာရသည်မှာ ဝေး လွန်းသဖြင့် ဝမ်းနည်းအားနာမိကြောင်း' ပြောရာ

'ကျုပ်တို့ စင်ကာပူက လာတာပါ၊ လေယာဉ် နေရာမရလို့ နောက်ကျသွား တာ ခွင့်လွှတ်ပါ၊ အမှန်အတိုင်းဆိုရင် စက်နဲ့ပြိုင်တူ ရောက်ရမယ် ဖြစ်ပါတယ်၊ အနည်းဆုံး တစ်ပတ်လောက် ရန်ကုန်မှာနေပြီး စက်အသုံးပြုနည်းများ ပြသပေး ရမယ့် အစီအစဉ်ရှိပါတယ်၊ တာဝန်လည်း ရှိပါတယ်၊ ခုမြင်ရတဲ့အတိုင်းဆိုရင် တော့ ကျုပ်တို့ ဒီနေ့ပဲ ကြုံရာလေယာဉ်နဲ့ စင်ကာပူကို ပြန်နိုင်ကြပြီပေါ့ဗျာ'

ဝမ်းသာအယ်လဲသံဖြင့် တစ်ယောက်ကပြော၍ အခြားတစ်ယောက်ကလည်း

'ဟုတ်တယ်၊ ကျုပ်မိန်းမနဲ့ ကလေးတွေတော့ သိပ်ဝမ်းသာသွားကြမှာ'

ဟု လိမေ္မာ်ရည်သောက်ရင်း အသောကလေး ဖောက်လိုက်သေး၏။

'ကျုပ်တို့ ပုံနှိပ်စက်တွေ အာရှတိုက်မှာ ရောင်းခဲ့တာ အလုံးပေါင်း တစ် သောင်းငါးထောင်ကျော်ပြီ၊ အားလုံးကို လိုက်ပြီး ဆင်ပေးရတယ်၊ ပြပေးရတယ်၊ တချို့ဆိုရင် တစ်ဆယ့်ငါးရက်နဲ့တောင် ကောင်းကောင်း မတတ်ချင်ကြဘူး၊ ခင်ဗျားတို့ ပုံနှိပ်တိုက်တစ်ခုပဲ စာအုပ်ဖတ်ပြီး ရိုက်တတ်တာ တွေ့ဖူးသေးတယ်၊ ကျုပ်တို့ သိပ်အံ့သြသွားတယ်၊ ဒီပညာတွေ ဘယ်က တတ်ထားသလဲ'

'ကျွန်တော်က စက်မှုလုပ်ငန်းကို ဝါသနာပါလို့ပါ၊ နောက်ပြီး ခင်ဗျားတို့ အနောက်နိုင်ငံသားတွေက ဒီလောက် အံ့သြစရာ အသုံးဝင်တဲ့စက်တွေ တီထွင် နိုင်သေးတာ ကျွန်တော်တို့က ဒီစက်ကို လည်ပတ်အောင် အသုံးပြုနိုင်ဖို့လောက် တော့ ဉာဏ်ထုတ် ကြိုးစားရမှာပေါ့ဗျာ'

သူတို့နှစ်ယောက်စလုံး ပြုံးသွားကြသည်။

'နို့ မေးပါရစေဦး၊ စက်ကြီး လည်ပတ်ရိုက်နှိပ်နိုင်အောင် အဲ့ဒီစိတ်ကူး ဉာဏ်တွေ ခင်ဗျားတို့ ဘယ်ကထွက်လာသလဲ'

'နို့ စက်ကြီးဖြစ်ပေါ်လာအောင် ဖန်တီးတီထွင်နိုင်တဲ့ စိတ်ကူး ဉာဏ်တွေ ကော ခင်ဗျားတို့ ဦးခေါင်းရဲ့ ဘယ်နေရာက ထွက်လာပါသလဲ'

သူတို့နှစ်ယောက်စလုံး ပြုံးပြုံးကြီး ထရပ်ကြသည်။ ကုန်းကုန်းကြီး လက်ဆွဲနှုတ်ဆက်ကြသည်။ အရပ်က ရှည်သလောက် ဒေါက်ရော ခွန်အားပါ တောင့်လှသဖြင့် သူတို့၏ လက်ဆွဲခြင်း၏ အားပါးတရရှိမှုကို သာဓုမခံနိုင်၊ အတော်ကလေး အောင့်နေလိုက်ရသည်။ မောင်မောင်လှမှာမူ ရံှု့မဲ့မဲ့နှင့် ရယ်ပြုံး ပြုံးနေသည်။

အရပ်အမောင်း၊ ခွန်အားဗလ၊ ကြံစည်တီထွင်မှု စွမ်းအားတွင်ပါ သူတို့မျက် နှာဖြူများက အသာကြီးသာနေသည်။ အစစအရာရာတွင် နှစ်ပေါင်း တစ်ရာ့ငါး ဆယ်လောက် သူတို့က ရှေ့မှ ပြေးနေသည်။ နောက်ထပ် အနှစ်တစ်ရာကြာလျှင် လည်း သာဓုတို့ကပင် နှစ်ပေါင်းတစ်ရာ့ငါးဆယ် နောက်ကျကျန်ရစ်ကြပေဦး မည်။ တီထွင်မှု၌ သူတို့က ရပ်နေကြသည်မဟုတ်၊ သာဓုတို့ အာရှတိုက်မှ နွား လှည်းများ နွားမရှိလျှင် ဒုက္ခ၊ ကမ်ဘာဦးအစက စီးခဲ့ကြရသော နွားလှည်းများပင် ယခုထိ ဖင်မခံနိုင်အောင် ဆောင့်နေဆဲ၊ သူတို့ မျက်နှာဖြူတွေကသော်ကား မိုင် ပေါင်းသိန်းချီဝေးသော လကမ်ဘာဆီ သွားရာ၍ တစ်ဆယ့်သုံးစက္ကန့်လောက် နောက်ကျသည်ကိုပင် တွက်ကိန်းလွဲလေခြင်းဟု ရင်ထုမတတ် ဝမ်းနည်းနေတတ် ကြသည်။

ပြေးချင်သလောက် ရှေ့က ပြေးကြပါစေ၊ တီထွင်ကြံဆ ဆန်းချင်သရွေ့ ဆန်းကြပါစေ။ မည်သည့် စက်ပစ္စည်းဖြစ်စေ တို့ဗမာများကလည်း ရောက်လာ သမျှကို ကျကျနန ကိုင်တွယ် အသုံးပြုပြလိုက်ကြမည်၊ ပျက်စီးသမျှ လှလှပပ ပြင်ပြလိုက်ကြမည်သာ။

ယခုဆိုလျှင်ကား သားတပည့်ကျော် မောင်မောင်လှသည်ပင် သာဓု ပထမ ဆုံး မှာသုံးခဲ့သော ပိုလီဂရပ်ဖ် ဟိုင်ဒယ်ဘတ် စသည်တို့သာမက အော်တို မတ်တစ် ပုံနှိပ်စက်ဟူသမျှ ဒိုးလိုမွှေ၍ ပြင်နိုင်နေပြီ ဖြစ်၏။ သူတို့က ထွင်နိုင် လျှင် သာဓုတို့ ဗမာတွေကလည်း ပြင်နိုင်ရမည် မဟုတ်ပါတုံလော။

(သာဓု လူဝါးဝတယ် စာအုပ်မှ။)

'ရွှေမော်ကွန်း အွန်လိုင်းမဂ္ဂဇင်း' ဘလော့ဂ်ကနေ ကူးယူပါတယ်။

စလေ ငနော့

တစ်ခါတုန်းကပေါ့ဗျာ


••••••••••••••••••••••••••

သုမောင်

ဤစာစုကတော့ 'သာဓု-သုမောင် စာပေတိုက်ပွဲ' စာစုထဲက တစ်ကွက်ကိုချဲ့ပြီး ဖေါ်ပြခြင်းဟု မှတ်ယူ၍ ရပါသည်။ ရုပ်ရှင်စကားနှင့် ပြောရလျှင် ဇာတ်လမ်းအလယ်မှာ ဖောက်ပြီး နောက်ကြောင်း ပြန်သည် ဆိုကြပါစို့။

'သာဓု-သု မောင် စာပေတိုက်ပွဲ' တွင် (၄၂)လမ်း အရက်ဆိုင်မှအပြန် သင်္ဃန်းကျွန်းအရောက် ကျွန်တော်တို့ စီးလာသောကားကို ရှေ့ မှပိတ်ပြီး အဖေက ဖမ်းမိခဲ့ကြောင်း ဖော်ပြခဲ့ပါသည်။ ထို့နောက် ကျွန်တော်သည် အမေရှိရာ သင်္ဃန်းကျွန်း သာဓုခြံမှ အဖေရှိရာ ဝင်ဒါမီယာ သာဓုခြံသို့ ပါသွားခဲ့ကြောင်းလည်း စာဖတ်သူ သိပြီးပါပြီ။ ယခုစာစုတွင် ထိုသို့ ကျွန်တော် အရက်သမားတစ်ယောက် အရက်ဆန့်ကျင်ရေးသမား အဖေ့နောက်သို့ ကောက်ကောက်ပါသွားရပုံနှင့် ထိုသို့ အဖမ်းမခံရမီက အဖြစ်အပျက်အချို့ကို ဖောက်သည် ချပါမည်။ ထိုဇာတ်ကွက်တွင် ကျွန်တော်က မင်းသားဆိုလျှင် ဇာတ်ပို့ဇာတ်ရံအဖြစ် ပါဝင်ကြသူများ နာမည်ကိုလည်း အားနာပါးနာ ဖော်ပြရပါလိမ့်မည်။

အားနာပါးနာဟု ဆိုရသည်မှာ အနှီပုဂ္ဂိုလ်များသည် ကျွန်တော့်ထက် ဂုဏဝုဒ္ဓိ၊ ဝယဝုဒ္ဓိအားဖြင့် ကြီးမြတ်သူများ ဖြစ်ပြီး နိုင်ငံကျော် နိုင်ငံသိများ ဖြစ်သောကြောင့်ပင်။ အထူးသဖြင့်မူ အချို့ ပုဂ္ဂိုလ်ကြီးများမှာ ခုနှယ်ခါ ကွယ်လွန်သွားကြပြီး ဖြစ်သောကြောင့် ဖြစ်ပါသည်။ သို့သော် ထိုဆရာကြီးများ၏ အမည်နာမများကို ပြန်လည်ဖော်ပြပါက ကျွန်တော့်စာစု ပို၍ အရာရောက်ပြီး သက်သေသက္ကာရ ခိုင်လုံပါလိမ့်မည်။ ကွယ်လွန်ပြီး ဆရာကြီးများ၏ ကြွင်းကျန်ရစ်သော မိသားစုများအနေနှင့် ကျွန်တော့်အား အမျက် မျက်စောင်းထိုးလျှင်လည်း ကျွန်တော်ခံပါမည်။

သို့သော် ဆရာကြီးများ ကိုယ်တိုင်က ကျွန်တော့်အပေါ် တပည့်တစ်ယောက်လို မဆက်ဆံဘဲသူငယ်ချင်းလို ညီငယ်လို ဆက်ဆံခဲ့ကြသောကြောင့် သူရို့၏ ကြွင်းကျန်ရစ်သော မိသားစုများကလည်း မိတ်ဆွေလို၊ မောင်ငယ်လို၊ ဆွေမျိုးသားချင်းလိုသာ သဘောထားပြီး ခွင့်လွှတ်ကြမည်ဟု ကျွန်တော် ယုံကြည်နေပါသည်။

ပြောမည့်သာပြောရ ထိုဆရာကြီးများ၏ အမည်စာရင်းကို 'သာဓု-သုမောင် စာပေတိုက်ပွဲ' မှာ ကျွန်တော် ဖော်ပြခဲ့ပြီးပါပြီ။ သို့သော် ထိုစဉ်က အမည်မျှကိုသာ ဖော်ပြခဲ့ပါသည်။ ခုတော့ သူရို့ ပါဝင် ပတ်သက်ခဲ့ပုံ ဇာတ်ကွက်ကို ဖော်ပြပါမည်။ မှတ်ချက်ပြု၍ ကြိုတင် ပြောထားရမည်မှာ ထိုဆရာကြီးများသည် ကျွန်တော့်အား အရက်သောက် သင်ပေးခဲ့ကြသူများ မဟုတ်ရှာကြပါ။ ကျွန်တော် သောက်တတ်ပြီးမှ သူရို့နှင့် အဖွဲ့ကျပြီး အတူသောက်ဖြစ် ခဲ့ခြင်းသာ။ ပြီးတော့ ကျွန်တော့်ကဲ့သို့ ရမ်းကားသော အသောက်သမားများ မဟုတ်ကြဘဲ အများအားဖြင့် သူရို့ကသာ ကျွန်တော့်ကို ထိန်းကြရပါသည်။

ပြောပြကြကြေးဆိုလျှင် ထိုဆရာများသည် ကျွန်တော့်အလျင် စောစောစီးစီး အရက်ကို ဖြတ်တောက်နိုင်ခဲ့ ကြသူများလည်း ဖြစ်ကြပါသည်။ သြော်... ခုတော့လည်း အချို့ဆရာများသည် ဘုရားနှင့် တရားနှင့် ဖြစ်နေကြပြီး အချို့ဆရာများကား ကွယ်လွန်ကုန်ကြပါပြီကော။ ဘာပဲဖြစ်ဖြစ် ဤစာစုမှာ “အရက်အခြေခံ” အကြောင်းတရား ဖြစ်သောကြောင့် ကျွန်တော့် ဆရာများသည်လည်း ယခင်သောက်ခဲ့တုန်း ကတော့ အနည်းဆုံး ဇာတ်ပို့ဇာတ်ရံ အဖြစ်ပြန်လည် အသုံးချခံရတာ မနစ်နာဘူးဟု ထင်ပါသည်လေ ...။

ဆိုခဲ့သလိုပင် (၁၉၇၅) ခုနှစ်လောက်က ကျွန်တော် မင်းသားဖြစ်စတွင် ဖြစ်ပါသည်။ အဖေ၏ ရုပ်ရှင်ဖြန့်ချီရေး အလုပ်တိုက်က ဘားလမ်း (မဟာဗန္ဓုလပန်းခြံလမ်း) မှာပါ။ ကျွန်တော်တို့သည် အဖေ့ အလုပ်တိုက်တွင် စုလုပ်ကြပါသည်။ လုပ်ငန်းသိမ်းချိန်တွင် ယင်းလမ်းထဲရှိ မူလလက်ဟောင်း မုတ်ဆိတ် လက်ဘက်ရည်ဆိုင်သို့ သွားကြပါသည်။ ဒါက ဒုတိယ စုရပ်ဖြစ်သည်။ မုတ်ဆိတ်ဆိုင် စုရပ်ကား လုပ်ငန်းသဘော၊ အမောပြေသဘောတွေ မဟုတ်တော့ဘဲ ညဦးပိုင်း အရက်ဆိုင်သွားရန် ခြေလှမ်းပြင်သော စုရပ်ဖြစ်ပါသည်။ ခွေးခြေပုလေးတွေ ခင်းကျင်းထားသော လဘက်ရည်ဆိုင်များ ပေါ်ဦးစဖြစ်ပြီး ထိုလမ်းဘေး လဘက်ရည်ဆိုင်မှာ ထိုင်ရတာ အားရပါးရ ရှိလှပါသည်။

စောစောကပြောသလို ကျွန်တော်က မင်းသားဖြစ်စ ဆိုသော်လည်း ထိုခေတ်က ရုပ်ရှင်ကားကြီး တစ်ကား နှစ်ကားလောက် ရိုက်ပြီးရုံနှင့် ပရိတ်သတ်က မမှတ်မိတတ်သေးပါ။ ထိုနည်းတူ (၄၂)လမ်း အရက်ဆိုင်လို နေရာမှာ ညပိုင်းထိုင်တာကိုလည်း လူသိပ်မသိပါ။ (၄၂) လမ်း အရက်ဆိုင်လို နေရာမျိုးမှာကော အဘယ် တက်သစ်စ မင်းသားက ထိုင်ပါမည်နည်း။ ကျွန်တော်မူကား စာရေးဆရာ ပေါက်စဟူသော ဂုဏ်ပုဒ်ကို အခြေပြု၍ ထိုဆိုင်မှာ ဂုဏ်ယူစွာ ထိုင်ခဲ့ပါသည်။ ပြီးတော့ ကိုယ့်ဆရာများကလည်း တစ်ခါတစ်ရံမှသာ
ဆိုင်ကြီးကနားကြီးမှာ (တစ်ပါးသူပြုစုသဖြင့်) ဟန်ကျပန်ကျ စားသောက်နိုင်ပြီး နေ့စဉ်နှင့် အမျှလိုလိုက (၄၂) လမ်းမျှသာ ဖြစ်လေရာ ကျွန်တော် တွဲလောင်းပါရသည်ကို ရှင်းပြစရာ မလိုတော့ပါ။ ထိုစဉ်က ကျွန်တော့်မှာ အဖေ့လုပ်ငန်းသုံး ကားစုတ်တစ်စီးကို အပိုင်စားရထားပါသည်။ အဖေ၏ မန်နေဂျာသဖွယ် ဖြစ်နေသောကြောင့် အဖေက ပေးထားခြင်းဖြစ်၏။ ဆရာထွန်းထွန်း (ဆေးသိပ္ပံ) မှာလည်း ကားစုတ်တစ်စီး၊ ဆရာ အထောက်တော်လှအောင်က ဂျစ်ကားစုတ် .. ။

ထို့ကြောင့် ကျွန်တော်တို့ အုပ်စုတွင် ကားစုတ်သုံးစီး ရှိပါသည်။ ကားစုတ်ဟု ထောမနာပြုရသည်မှာ အလှည့်ကျပုံမှန် ပျက်နေတတ်သောကြောင့် ကားသုံးစီးရှိသော်လည်း အများအားဖြင့် ကိုယ့် ခြေထောက်ပေါ် ကိုယ်ရပ်ပြီး ခြေလျင်ကြိတ်နေရသည်ကို သိသာစေလို၍ဖြစ်၏။ မည်သို့ပင်ရှိစေ ခြေလျင်တစ်လှည့် ကိုယ်ပိုင်ကားတစ်လှည့်ဖြင့် ကျွန်တော်တို့ ယမကာ ခရီးလမ်း ဖြောင့်ဖြူးခဲ့ပါသည်။ သည်ကြားထဲ ကျန်းမာရေးဌာနမှ လူကြီးတစ်ဦး၏ ကားအကောင်းစား တစ်စီးကိုလည်း ကြား ပေါက်ရရှိပါသည်။ အကြောင်းမှာ ထိုကားယာဉ်မောင်း ကိုလှမြင့်မှာ အလုပ်ချိန်ပြီး၍ အိမ်ပြန်လျှင် ထိုကားကို အိမ်ယူသွားခွင့်ရှိလေရာ သူနှင့် ကျွန်တော်တို့ ပေါင်းဖက်မွေ့ မိကြသောအခါ ထိုကားကို ကြုံသလို ကျွန်တော်တို့ အသုံးချခွင့် ရလာသောကြောင့်ပင်။ (မှတ်ချက် ... ကျွန်တော့်ကို အဖေက ဖမ်းမိသွားတာ ထိုကားပေါ်မှာပင် ဖြစ်ပါသည်။)

မည်သို့ပင်ရှိစေ ကျွန်တော်တို့သည် ခြေလျင်ခရီးကိုသာ အားကိုးရတာ များပါသည်။ ဆိုကြပါစို့ ... ဘားလမ်း မုတ်ဆိတ်လဘက်ရည်ဆိုင်တွင် လူစုပြီး လဘက်ရည်သောက်၊ အချိန်တန်လို့ လူစုံပြီဆိုလျှင် (၄၂) လမ်းသို့ ချီတက်။ လူမစုံသော်လည်း လိုအပ်သော ထောက်ခံမဲရပြီဆိုလျှင် ဆုံးဖြတ်ချက်မချတော့ဘဲ ... မျက်စပစ်ပြီး အလိုလို တန်းစီပြီးသား ဖြစ်သွားတော့၏။ မဟာဗန္ဓုလ ပန်းခြံလမ်းမှ (၄၂) လမ်းသို့ ချီတက်ကြရာ လမ်းတစ်လျှောက်မှ ဖြတ်လိုက်ကြသူများလည်း ရှိပါသည်။ (၄၂) လမ်းဆိုင်မှာ စောင့်သူလည်း ရှိတတ်ပါသည်။

ကြားထဲဖြတ်ပြီး ဗဟုသုတအလို့ငှာ ပြောပြစရာလေး တစ်ခုရှိပါသည်။ အရက်သမားတို့ ဘာသာဘာဝ အမြည်းစားကြတာ ဓမ္မတာဖြစ်သော်လည်း အရက်ကို ''လဘက်ရည်ချိုကျ” ဖြင့် မြည်းသည်ကိုတော့
တော်ရုံလူ မသိနိုင်ချေ။ အထူးသဖြင့် အရက်နှင့် နွားနို့၊ လဘက်ရည်သည် ရန်ဘက်မဟုတ်လား။ ဒါကို ဆရာထွန်းထွန်း (ဆေးသိပ္ပံ) က စတင်၍ ဖီလာပြုခဲ့လေသည်။ သို့မဟုတ် အရက်ကို လဘက်ရည်ဖြင့် မြည်းအပ်ကြောင်း ဆရာဝန်ပီပီ သုတေသနလုပ် ဖေါ်ထုတ်ခဲ့ပုံရပါသည်။ “အရက်တစ်ခွက်မော့လိုက် လဘက်ရည်ချိုကျ အေးစက်စက်လေး တစ်စုပ်စုပ်လိုက်နှင့် တယ်အရသာရှိသကွယ့်” ဟု အမြဲပြောပါသည်။ သူ့နည်းစမ်းကြည့်တော့ မဆိုးဘူးဗျ။

ခံတွင်းအတွေ့ဆုံး အမြည်းကတော့ ဆီသုတ်ထားသော ဒညင်းသီးပြုတ်ကြီးများ ဖြစ်ပါသည်။ တစ်ခါတစ်ရံ များ အမြည်းဆိုင်မှ ဒညင်းသီးပြုတ် တစ်အိုးလုံးကို ပုတ်ပြတ်ယူ၍ ထမင်းလွတ် စားကြပါ သည်။ ထိုဆိုင်ကို အနည်းငယ် ညွှန်းပါမည်။ (၄၂) လမ်းထဲ ရောက်လျှင် “အစီယာ” ဟုဆိုလျှင် လူတိုင်းသိ၏။ ကန်တော့ပါရဲ့၊ မူးမူးနှင့် ခွေးကိုခဲဖြင့် ပေါက်လျှင်ပင် ''ကိန်'' ဟု အသံမထွက်ဘဲ “အစီယာ” ဟုပင် မြည်ပေလိမ့်မည်။

ကျွန်တော်တို့ ရုပ်ရှင်လောကတွင် “ဝင်းဦး” ဆိုသည်နှင့် ''ဝါဝါဝင်းရွှေ” တွဲပါလာသလို 'ညွန့်ဝင်းခင်သန်းနု - ဇော်ဝမ်း-တင်တင်ညို' 'ကျော်ဟိန်း-ခင်သီတာထွန်း' စသဖြင့် ခေတ်ပြိုင်များ ရှိကြပါသည်။ ထိုနည်းတူ 'အစီယာ' ဆိုသည်နှင့် 'ကုလားပု' သည်လည်းတွဲဖက် အမည်သညာ ဖြစ်နေပါသည်။ ကုလားပုသည် အစီယာ၏ ကြင်ယာတော်ပေတည်း။ ခေါင်းဆောင်က အစီယာ၊ ကုလားပုက ကိုယ်ရေး အရာရှိ ဆိုပါစို့။ သူရို့တွင် သားသမီး (၉) ယောက်လား (၁၀) ယောက်လား ရှိသည်။ ထိုကလေး တစ်ပြုံတစ်မကတော့ လက်တိုလက်တောင်း တိုလီမိုလီ ဆိုရပါမည်။ သူရို့ဆိုင်သည် မျက်နှာစာမှ အိမ်သာအထိ တိုးလျှိုပေါက်ဖြစ်၏။ ရှေ့ ကားလမ်းပေါ်တွင် မေးတင်ပြီး အမြည်းဆိုင် ဖွင့်ထား၏။ အိမ်ဝမှသည် နောက်ဖေး ဆီသို့ ကြမ်းတစ်ပြေးတည်း ခင်းထားပြီး စားသုံးသူကို စားပွဲဝိုင်းပုကလေးများဖြင့် ဧည့်ခံ၏။ အခန်းအကန့် အကာအရံ မရှိချေ။

ထူးခြားတာက ... ညပိုင်းနည်းနည်း ညဉ့်နက်ပြီဆိုလျှင် အိမ်နောက်ဖေးပိုင်း (သူရို့ အိမ်၏ တဝက်မျှ) ကို ခြင်ထောင်ကြီး တစ်လုံးထောင်ပြီး ကာရံလိုက်ခြင်းပင်။ မှတ်မိသေး၏။ ထိုခြင်ထောင်ကြီးမှာ နှစ်ယောက်အိပ် နှစ်လုံးခွဲစာလောက် ရှိမည်ထင်ပါသည်။ စပယ်ရှယ်အော်ဒါချုပ် ဖြစ်ဟန်တူသည်။ သဘောမှာ စောစော အိပ်ရာဝင်သော ကလေးများအတွက်လည်းကောင်း၊ ဒုတိယ အိပ်ရာဝင်သော ကလေးများ အတွက် လည်းကောင်း၊ နောက်ဆုံးပိတ် ဆိုင်သိမ်းချိန်တွင် သူရို့ လင်မယား အဆင်သင့် ဝင်အိပ်နိုင်ရန်လည်းကောင်း ဖြစ်လေသည်။ တစ်မိသားစုလုံး တစ်ခြင်ထောင်တည်း အတူစုပြုံ အိပ်ကြခြင်းပင်။ ထိုခြင်ထောင် စထောင်သော အချိန်တွင် ကျွန်တော်တို့ဝိုင်းနှင့် အခြားဝိုင်း တစ်ဝိုင်းနှစ်ပိုင်းလောက်သာ ... အိမ်ရှေ့တွင် ကျန်တော့၏။ ကိုင်း... ထိုခြင်ထောင်ကြီးနှင့် ကျွန်တော်တို့အုပ်စု နဖူးစာဆုံရပုံကို နောက်ပိုင်းမှ ပြောပါမည်။ လောလောဆယ် ...။

ကျွန်တော်တို့သည် (၄၂) လမ်းမှ ခွဲခွာသောအခါ စောစောက ပြောခဲ့သော မော်တော်ကားတစ်စီးစီး ရှိနေလျှင် အဖွဲ့သားအားလုံး၏ နေရပ်သို့ တစ်ဦးချင်း လိုက်ပို့ပါသည်။ ရန်ကင်း၊ သင်္ဃန်းကျွန်း၊ အင်းစိန်၊
ကျောက်မြောင်း စသဖြင့် ကြုံသလိုဖြစ်၏။ တစ်ခုပဲရှိတာ ထိုစဉ်က ကျွန်တော့်မှာ ရည်းစားချစ်သူ အတည်တကျ မရှိသေးရာ စိတ်ကူးတည့်ရာ ကောင်မလေး၏ အိမ်သို့ သွားပြီး အိမ်ရှေ့ လမ်းမပေါ်မှာ ကားရပ်လျက် သီချင်းဆိုခြင်းဖြစ်၏။

ကျွန်တော်ဆိုနေကျ သီချင်းမှာ “ကိုစောငြိမ်း'' ၏ 'ချစ်ပြုံးနှင်းဆီ' ဖြစ်ပါသည်။ ကျွန်တော် သီချင်းဆိုသောအခါ နောက်ခံတီးလုံး၊ စည်းဝါး၊ သံပြိုင်လိုက်သူများဖြင့် စုံညီလှပေသည်။ သို့
သော် စဉ်းစားကြည့်ကြပါ။ ကျွန်တော်ဆိုတာက အလွမ်း။ စာသားကလည်း “ပွင့်နိုင်ခဲပါဘိတယ်... သန္တာလဲ့ရယ် ... ဘယ်ခါချစ်ပြုံး ... မာလာကိုကွယ် ... ခူးဆွတ်လို့ ဘုန်းမောင်နမ်းသာမယ်” တဲ့။

အဖြေမရနိုင်သဖြင့် စောင့်စားနေရသူ ကျွန်တော်က ကိုယ့်ချစ်သူကို ပွင့်နိုင်ခဲသော နှင်းဆီနှင့် ခိုင်းနှိုင်းပြီး လွမ်းပြနေတာ။ ထိုသီချင်းကို မော်တော်ကား ဘောနက်ကိုထု၍ စည်းဝါးလိုက်သူ ဆရာထွန်းထွန်း (ဆေးသိပ္ပံ)၊ လက်ခုပ်တီးပြီး သံပြိုင်လိုက်ဆိုသူများ (ဆရာသိန်းသန်းထွန်းတို့ ဆရာအထောက်တော်လှအောင်တို့) နှင့် ပါးစပ်ဆိုင်း တီးသူ (ဆရာအောင်ပြည့်)၊ ကွေးနေအောင် ကသူက ကျွန်တော့်အကို မောင်ဝဏ္ဏ။ ထိုအခါ ကျွန်တော်၏ အလွမ်းဘွဲ့ ချစ်သူအမျှော်စိုက်တေးသည် ဘယ့်နှယ့် ဖြစ်ကုန်မည်ကို စဉ်းစားသာကြည့်ကြပါတော့။

ကျွန်တော်တို့ ဘတ်(စ်)ကား ကိုယ်စီ စီးပြန်ကြသော ညများတွင်မူ (၄၂) လမ်းမှ ကုန်သည်လမ်းအတိုင်း လျှောက်ခဲ့ကြရာ ပန်းဆိုးတန်းလမ်းဒေါင့် ရောက်လျှင် တစ်စခန်းထကြပါသည်။ ထိုနေရာတွင် လောကနတ် ပန်းချီပြခန်းရှိ၏။ အပေါ်ထပ်မှာပါ။ ကျွန်တော်တို့သည် “လောကနတ်'' အောက်ထပ်မှနေ၍ ဆရာမြို့မငြိမ်း အလွမ်းသီချင်းတွေ သီဆိုကြပါသည်။ ပါးစပ်ဆိုင်းတီးပြီး ကကြပါသည်။ ထိုအခါတိုင်း အပေါ်ထပ် တခါးပေါက်မှ မီးရောင်လဲ့လဲ့ နောက်ခံဖြင့် ပန်းချီဆရာ ''ပေါ်ဦးသက်” ၏ အသွင်သဏ္ဌာန် ပေါ်လာပါသည်။ သူက “ဘယ်သူတွေတုန်း” ဟု မေးလျှင် ဆရာသိန်းသန်းထွန်းက “မြို့မငြိမ်းကွ” ဟု ပြန်အော်ပါသည်။ (ဆရာ ပေါ်ဦးသက်သည် ဆရာမြို့မငြိမ်း၏ သားမက်ဖြစ်ပါသည်။) ဤသည်တို့မှာ ကျွန်တော်တို့၏ ညဉ့်ဦးယံ မပျက်မကွက်ပြုမြဲ ဝတ္တရားများပါတည်း။

ကောင်းပါပြီ။

“သုမောင်” အား ဆရာသာဓု ဖမ်းမိသွားပုံ။

တစ်ညသ၌ အဖေသည် နောက်နေ့လုပ်ငန်းအတွက် ကျွန်တော့်ကို အရေးတကြီး ရှာပုံတော်ဖွင့် ပါသည်။ အရက်ကိစ္စ သတင်းကလည်း သဲ့သဲ့ကြားထားပြီး ဖြစ်လေရာ ကျွန်တော်တို့ အရက်ဝိုင်း ရှိနိုင်မည့်နေရာကို မှန်းဆပြီး ရှာပုံတော်ဖွင့်ပါသည်။ ထိုညက အဖေပထမဆုံး သွားရောက်သော နေရာကား ''သတင်းဂျာနယ်” တိုက်ဖြစ်ပါသည်။

ထိုတိုက်သည်လည်း ဆရာအထောက်တော်လှအောင်က ကျွန်တော်တို့ကို စတည်းချရန် ပေးထားသော နေရာဖြစ်၏။ ဆရာအထောက်တော်ကို အဖေက မယုံမကြည် ဖြစ်နေတာ ကြာပါပြီ။ “အကို့သားတွေ အရက်
သောက်တာ တွေ့ရင် နားရင်းသာ ရိုက်ပစ်နော် .. ညီလေး” ဟူ၍လည်း မထိခလုတ်ပြောပြီး ရိတတ်ခဲ့ပါသည်။ ကံကောင်းချင်တော့ သတင်းဂျာနယ်တိုက် အဖေရောက်သွားသောအခါ ဆရာလှအောင်သည် (“ရှစ်စပ်က ဂျင်ခြေလည်သူ” ထင်၏။) ဘာသာပြန်စာအုပ်ကို ပီဘိသူတော်စင်ကြီးကဲ့သို့ ထိုင်ရေးနေသည်ကို အဖေတွေ့ရပါသည်။ ဒါနှင့် အဖေလည်း အပရိက စကားတွေသာ ပြောပြီး တိုက်ပေါ်မှ ပြန်ဆင်းပါသည်။

အောက်ထပ် စက်ရိုက်ခန်းသို့ရောက်မှ အလုပ်သမားတစ်ဦးအား “ဟေ့... မင်းတို့ဆရာ အပြင်ထွက်ပြီး အရက်လေးဘာလေး သောက်ရင် ဘယ်မှာဝိုင်းဖွဲ့ တတ်သလဲ” ဟု အလစ်မေးခွန်း ထုတ်လိုက်ရာ အလုပ်သမားခမျာမှာလည်း ယောင်ရမ်းပြီး “၄၂ လမ်းပါဆရာ” ဟုနှုတ်ထွက်သက်သေ ပြုလေ၏။ ဤသို့ဖြင့် အဖေသည် ၄၂ လမ်းထဲ လိုက်လာပါတော့သည်။ ၄၂ လမ်းမှာက အရက်ဆိုင်တန်းတွေ ပေါများ လေရာ ကားကို ဖြေးဖြေးချင်း ဟွန်းတီး မောင်းလာပုံရပါသည်။ သို့သော် ကျွန်တော် သုံးနေကျ ကားဖြစ်သော
ကြောင့် ဟွန်းသံ၊ ကားစက်သံနှင့် ကားဘော်ဒီမြည်သံကို ကျွန်တော်က ကောင်းစွာ မှတ်မိနေပါသည်။ အဖေကား ဓါတ်တိုင်သုံးတိုင်လောက် အလိုသို့ ရောက်လျှင်ပင်

“ဟာ .. သေချာပြီ .. အဖေလိုက်လာပြီ”

ဟု အလန့်ထညက် အာမေဋိတ်ပြုလိုက်ရာ မတိုင်ပင် ရဘဲလျက် ကျွန်တော်၊ ကျွန်တော့်အကိုနှင့် ဆရာအောင်ပြည့်တွင်မက ကျွန်တော်တို့၏ ဆရာကြီးများပါ နီးရာ ကတုတ်ကျင်းသို့ ဝင်ခိုကြပါတော့သည်။ ထိုကတုတ်ကျင်းကား စောစောက ပြောခဲ့သော ညဉ့်ဦးယံတွင် အဆင်သင့် ပြင်ထားသော “အစီယာ” နှင့် “ကုလားပု” တို့၏ မဟာခြင်ထောင်ကြီးပင် ဖြစ်ပါတော့ သတည်း။

ဘယ်ကာလက မလျှော်မဖွပ် ထားခဲ့မှန်းမသိသော ထိုပိတ်ခြင်ထောင်ကြီး အတွင်မှာကား ပိုးပက်လက် အိပ်ပျော်နေသော “အစီယာ'' ၏ မျိုးဆက်သစ်များနှင့် ကျွန်တော်တို့ အုပ်စု ပလုံးပထွေး။ ဤသို့ဆိုသဖြင့် ကျွန်တော်၊ အကိုမောင်ဝဏ္ဏနှင့် ဆရာပြည့်တို့က ထားပါတော့... ဘယ့်နှယ် ဟိုဆရာကြီးများကပါ ရောယောင်ပြီး အစီယော့ခြင်ထောင်ထဲ ရောက်ကုန်ကြသနည်းဟု ထင်ပေလိမ့်မည်။ ဟုတ်ပါ့ ... ဟိုဆရာကြီးများမှာ အဖေနှင့် ခေတ်ပြိုင်မဟုတ်သော်လည်း မရှေးမနှောင်းမှာပင် စာပေနယ်သို့ ရောက်သည့် စာရေးဆရာ ကြီးများပင် မဟုတ်ပါလား။ ဆရာသာဓုကို ဘာကြောက်စရာ လိုသနည်း။

ကျွန်တော် စဉ်းစားမိသလောက် ပြန်ပြောရလျှင် ဟိုစဉ်က အရက်သောက်ထားကြသဖြင့် နည်းနည်း ထွေနေကြသည်က တစ်ကြောင်း၊ ရုတ်တရက် ကျွန်တော်တို့ ထပြေးသဖြင့် ယောင်ရမ်းပြီး နောက်က လိုက်မိတာတစ်ကြောင်း ဖြစ်နိုင်ပါသည်။ အထူးသဖြင့်မူ... စောစောက ပြောခဲ့သော အဖေ၏ ရိသဲ့သဲ့ မထိခလုတ် စကားကို ခံရဖန်များသဖြင့် အာပတ်လွတ်အောင် ရှောင်ကြတာ ဖြစ်ဖို့များပါသည်။ အကြောင်းမဲ့ တရားခံမဖြစ်ဖို့ အရေးကြီးသည် မဟုတ်လား။ ဘာတဲ့ အဖေ၏ လက်သုံးစကားကလည်း ...

“အကို့သားတွေ အရက်သောက်တာတွေရင် နားရင်းသာ တီးပစ်နော် ... ညီလေး”

ထိုညက ...“အစီယာနှင့် ကုလားပု” တို့၏ မဟာခြင်ထောင်ကြီးက ကျွန်တော်တို့အုပ်စုကို အဖေ့ရန်မှ ကာကွယ်နိုင်သော်လည်း ထိုညတာဝန်ကျ 'ကိုလှမြင့်' ၏ ကျန်းမာရေး ဌာနပိုင် ဗောက်(စ်)ဝက်ဂွန်း ပေါင်မုန့်ကားသစ်ကြီးကား သက်သေသက္ကာရအဖြစ်နှင့် ကျွန်တော်တို့ ညီအကိုအား အဖေ့ထံ ဝကွက် အပ်လိုက်ပါတော့သည်။ အဖေက ထိုကားကိုမှတ်ပြီး သင်္ဃန်းကျွန်းခြံထိပ်မှ စောင့် ဖမ်းဆီးခဲ့သည် မဟုတ်ပါလား။

(အထူးမှတ်ချက်။ ။ နာမည်နှင့်တကွ ဖေါ်ပြမိသော ဆရာကြီးများအား ရှိခိုးတောင်းပန်ပါသည်။ ''ကောင်းကွက်တွေတော့ မရေးဘဲ သောက်ချက်ကိုသာ ရေးရကောင်းလား” ဟု ကြိမ်းမောင်းလျှင်လည်း ခံရပါမည်။ ကျွန်တော်ကမူ ထိုစဉ်က ဆရာကြီးတို့လည်း လူရွယ်များမျှသာ ဖြစ်သည်ကို စမြုံ့ပြန်လို၍ ငယ်မူငယ်သွေး ပြလိုက်ခြင်းသာ အရင်းခံ စေတနာပါ။

နောက်ပြီး ထိုစဉ်က အမူးဆုံးမှာ ကျွန်တော်ဖြစ်သောကြောင့် ဖြစ်ရပ်ကိုသာ မှတ်မိပြီး ဆရာတို့၏ နာမည်တွေ ဖြစ်ရပ်တွေ သိပ်ပြီး ကွက်တိကျချင်မှကျပါမည်။ ထိုအတွက်လည်း ထိုအလွဲအတွက်
တောင်းပန်ပါသည်။ အရေးကြီးသည်က ဖြစ်ရပ်မှန်ဖြစ်ဖို့ မဟုတ်ပါလား။ တစ်ခုတော့ရှိသည်။ ကွယ်လွန်ပြီး ဆရာကြီးများ ကိုကား ကျွန်တော်က မစိုးရိမ်ပါ။ အကြောင်းမှာ သူရို့သည် မကွယ်လွန်ခင် တရားဖက် သွားကြသဖြင့် ခုလောက်ရှိ တာဝတိံသာသို့ ရောက်နေလောက်ပြီ ဖြစ်သောကြောင့်ပါတည်း။)

သောကြာစာစောင် အမှတ် (၄၅၄)၊ ဇွန်လ၊ ၂၀၀၁ ခုနှစ်။

ဆရာသုမောင်၊ အရက်သမား အမှားတစ်ခါ၊
စာမျက်နှာ ၃၉ - ၄၆။

စာရိုက် - စလေ ငနော့

နောက်ဆုံးလူ


••••••••••••••••••

နီကိုရဲ

ပြည်သာယာလမ်းမကြီးနံဘေးက “ခိုင်ရွှေစင်” လက်ဖက်ရည်ဆိုင် မှာ ကိုယ့်အုပ်စုနဲ့ကိုယ် ထိုင်နေကြတဲ့ လူတွေဟာ ခပ်တိုးတိုးကြိတ်ကြိတ် စကားပြောနေကြတယ်။ အရင်နေ့တွေတုန်းကလို စကားခပ်ကျယ်ကျယ်နဲ့
ပြော...တဝေါဝေါရယ်ချလိုက်တဲ့ အသံတွေ တစ်ဝိုင်းနဲ့ တစ်ဝိုင်း လှမ်း နှုတ်ဆက်သံတွေ သိပ်မရှိလှဘူး။ ခေါင်းတွေကို နီးနိုင်သမျှ နီးအောင် ကပ်ထားကြပြီး လေသံခပ်သဲ့သဲ့နဲ့ပဲ ပြောကြပါတယ်။

အဲဒီ မသဲမကွဲအသံတွေအားလုံးဟာ “ပိုက်ကျော်ခြင်း” အကြောင်း ဆိုတာ သွားမနားထောင်ဘဲ ကျိန်းသေပြောရဲပါတယ်။ ဟုတ်ပါတယ် ..
ရှေ့အပတ်ထဲမှာ ကျွန်တော်တို့ ဇ/မြောက်ရပ်ကွက်နဲ့ ၁၆/၄ ရပ်ကွက် နှစ်ခုရဲ့ ပိုက်ကျော်ခြင်းပွဲ ရှိပါတယ်။ ခြင်းပွဲက အဖွဲ့အစည်းတစ်ခုက ကျင်းပတဲ့ပွဲမျိုး မဟုတ်ပါဘူး။ ချိန်းပြီးခတ်ကြမယ့် ချိန်းပွဲပါ။
ချိန်းခတ်တဲ့ ခြင်းပွဲပါ။

ချိန်းခတ်တဲ့ ခြင်းပွဲပဲ ဘာဆန်းလို့လဲ...လို့ မမေးပါနဲ့။ ကျွန်တော်တို့ ဇ/မြောက်နဲ့ ၁၆/၄ က ပြည်သာယာလမ်းပဲ ခြားပါတယ်။ လူငယ်တွေ အားလုံးကလည်း သူငယ်ချင်းတွေပါ။ ဒါပေမယ့် ဘောလုံးနဲ့ ပိုက်ကျော်ခြင်း မှာဆိုရင်တော့ ခဏ ရန်သူပေါ့။ မြို့နယ်ကကျင်းပတဲ့ ပွဲတွေဆိုရင် ပိုဆိုး တာပေါ့။ တခြားရပ်ကွက် ရှုံးချင် ရှုံးပစေ။ ၁၆/၄ ကိုတော့ အသေ အကြေပေါ့။ မျက်နှာချင်းဆိုင်ရပ်ကွက်ဆိုတော့ ရှုံးရင် နေ့တိုင်းတွေ့နေရတော့ ပိုအရိခံရတာကိုး။ “နေပါစေကွာ... မင်းတို့က ရှုံးထားတာ ငါ ရှင်းလိုက်ပါ့မယ်” ဆိုတာမျိုး။ ဒီဘက်က နိုင်သွားလို့ လော်စပီကာဖွင့်ရင်တောင် ဟိုဘက်က သူတို့ကို ရိတယ် ထင်တာမျိုး။ “အောင်ပွဲခံတယ်” ပေါ့လေ...။

နောက်တစ်ချက်က ကျွန်တော်တို့ဘက်မှာရော ၁၆/၄ မှာပါ ပိုက်ကျော်ခြင်းအခတ်ကောင်းတဲ့လူတွေက ရှိနေတာကိုး။ သူတို့က အပိုင်းလေး ဘောလုံးကွင်းထဲမှာ ခတ်တယ်။ (၁၆/၄ ကို အပိုင်းလေးဟုသာ ခေါ်ကြပါသည်) ကျွန်တော်တို့က စတုဘုမ္မိက ဘုန်ကြီးကျောင်းရှေ့ ကွင်းမှာ ခတ်ကြတယ်။ ခြင်းပွဲစပြီဆိုရင် ခဏလေးနဲ့ ရပ်ကြည့်တဲ့သူတွေ ဝိုင်းအုံ လာတာပဲ။ ကိုယ့်လူက အနေတော်ဖြတ်ပြီး မ,တင်ပေးလိုက်တဲ့ ခြင်းလုံးကို အရှေ့ဘယ်ဘက်က လူက လေထဲ မြောက်ဆိုလွင့်တက်သွားပြီး ခြေဖျားနဲ့ ရိုက်ချလိုက်ရင် ဘယ်လိုမှ ဆယ်လို့မရအောင် တက်ရိုက်နိုင်တဲ့ ဆူပါ ဆွီပါတွေ နှစ်ဖက်ရပ်ကွက်စလုံးမှာ ပေါမှ ပေါ....။

နောက်တစ်ချက်ကလည်း ဒီခြင်းပွဲကို ခတ်ဖြစ်အောင် စီစဉ်ပေးတဲ့ လူနှစ်ယောက်က ဆရာကျောင်းနဲ့ ကိုထက်စိုးတို့ကြောင့်လည်း ပါတယ် ခင်ဗျ။ ကျွန်တော်တို့ဘက်က နည်းပြ ဆရာကျောင်းက (Desing (M.S.T) မဟုတ်) ဘွဲ့ရတော့ နယ်က ရွာလေးတစ်ရွာမှာ ကျောင်းဆရာ သွားလုပ်ဖူးတယ်။ ၃ နှစ်လောက်နေတော့ ကျောင်းက ထွက်လိုက်ပါတယ်။ ဆရာဖြစ်ဖူးရုံ ဆိုပါတော့။ အဲဒီလို “ဆရာ” ဖြစ်ဖူးရုံလူတွေဟာ ဒီလို နာမည်မျိုးရလေ့ရှိတယ် ထင်ပါရဲ့။

ကျွန်တော်တို့ဆရာကျောင်းက အသားအရည်သိပ်လှတယ်။ အရပ်က ၅ ပေ ၉ လက်မ (M.S.T နှင့် တခြားစီ) မျက်လုံးမျက်ဖန်ကောင်းကောင်း မျက်ခုံးမွေးက အဝေးကပင် ထင်းခနဲနေအောင် မြင်ရသည်။ (M.S.T) နှင့် မျက်ခုံးတူသည်။ ပြီးတော့ လူက အရက်၊ ဆေးလိပ်၊ ကွမ်း တစ်ခုမျှမလုပ်။ (M.S.T နှင့် ဆန့်ကျင်ဘက်) လူငယ်တွေအပေါ် သြဇာညောင်းသည်။ (M.S.T နှင့် ဆန့်ကျင်ဘက်။ M.S.T က သူ့အိမ်မှာ မွေးထားသည့် ကြောင်ကိုပင်မနိုင်။ သြဇာမရှိ။ တစ်ခါက သူ့ဧည့်ခန်းက ဆိုဖာပေါ်မှာ ကွေးကွေးလေးအိပ်နေသော ကြောင်ကို ပိတ်ကန်ပြီး “ဒီနေရာက အိပ်စရာလားဟ” ဆိုကာ ပိတ်ကန်သည်။ ကြောင်က တစ်ချက်မော့ကြည့် ပြီး ပြန်အိပ်သွား၏။ ကြောင်တွေ မရယ်တတ်တာ ဆရာကျောင်း ကံ တစ်ချက်ကောင်းသွား၏။ ဤသည်မှာ စကားချပ်ဖြစ်သည်။ စိတ်ဝင်စား ဖွယ် သိပ်မကောင်းသော သူ့အကြောင်းကို မငြီးငွေ့ရစေရန် နောင်ရေးသား ပါဦးမည်...)။

အပိုင်းလေးဘက်က ဦးဆောင်သူက ကိုမြတ်ဦးဖြစ်သည်။ ပျော်ပျော် နေတတ်သည်။ ဘီယာ နေ့စဉ်သောက်နိုင်သည်။ လူက မည်းမည်း ဗိုက် ရွှဲရွှဲ၊ သီတင်းကျွတ် တန်ဆောင်တိုင်ဆို သူက ဦးဆောင် ငွေစိုက်ပြီး ပွဲ တွေလမ်းတွေ လုပ်တတ်သည်။ သင်္ကြန်မှာ ရေပက်ခံဏ္႑ပ်ဆောက်သည်။ နောက်ဆုံးနေ့မှာ လူငယ်တွေကို ဦးဆောင်ပြီး သူ့အိမ်ကကားနှင့် လျှောက် လည်တတ်သည်။

နောက်တစ်ချက် စိတ်ဝင်စားဖို့ကောင်းတာက သူတို့နှစ်ယောက် မတည့်ကြခြင်းပင်။ “မင်းလား ငါလား ...” ဒီလို ရန်စောင်နေကြတာမျိုး
တော့ မဟုတ်ဘူးခင်ဗျ။ နေ့တိုင်း တွေ့နေကြပေမယ့် နှုတ်ဆက်တာတို့ မေးထူးခေါ်ပြော လုပ်တာတို့ မရှိကြတာပါပဲ။ ခပ်တန်းတန်းပဲ နေကြတယ် ဆိုပါတော့...။
နှစ်ဖက်ရပ်ကွက်ရဲ့ လူငယ်ခေါင်းဆောင်တွေ။ လူငယ်တွေက သူတို့ပြီးရင် ပြီးတဲ့သူတွေ ဆိုပေမယ့် လူငယ်တွေကို စည်းရုံးပုံချင်းတော့ မတူဘူးပေါ့လေ...။

အဲဒီအချိန်မှာပဲ ဆရာကျောင်းရော ကိုမြတ်ဦးပါ ရောက်လာကြ တယ်။ လက်ထဲမှာလည်း ဖိုင်တွေဘာတွေကိုင်လို့...ထိုင်ခုံနှစ်လုံးဆက်ပြီး နောက်လိုက်နောက်ပါတွေနဲ့ အတူထိုင်ကြတယ်။ တစ်ယောက်နဲ့ တစ် ယောက်လည်း အကဲခတ်လို့ပေါ့လေ....။

“နှစ်ဖက်အတွက် စည်းကမ်းချက်တွေကို ကျွန်တော် အကြမ်းရေး ထားတယ်၊ ဖတ်ပြီး မကျေလည်တာနဲ့ လိုအပ်တာရှိရင် ညှိကြတာပေါ့...”

ဆရာကျောင်းက ဖိုင်တစ်ခုကို ကိုမြတ်ဦးဆီ လှမ်းပေးပါတယ်။ ဟိုဘက်ကလူတွေ ခေါင်းချင်းဆိုင် ဖတ်ကြပေါ့လေ။ စည်းကမ်းတွေက သိပ်ထူးထူးခြားခြား မရှိလှပါဘူး။ နေ့တိုင်းခတ်နေကြတဲ့ စည်းကမ်းတွေ ပါ။ တစ်နေ့ကို သုံးပွဲ ကစားရပါမယ်။ တစ်ပွဲကစားပြီး နေရာလဲ၊ နောက်တစ်ပွဲကစား၊ နှစ်ပွဲဆက်တိုက်နိုင်ရင် အဲဒီအသင်း နိုင်ပြီပေါ့။ တစ်ပွဲစီဆိုရင် နောက်ဆုံး တစ်ပွဲ ကစားပါမယ်။ အဲဒီပွဲနိုင်တဲ့အသင်းက အနိုင်ပေါ့။
အဲဒီလို ပွဲငယ်ကလေး ၃ ပွဲကို တစ်ရက်ခတ်မယ်။ နှစ်ရက်ဆက် တိုက်နိုင်ရင် ကိစ္စပြတ်ပြီ။ တစ်ဖက် တစ်ပွဲစီဆိုရင်တော့ နောက်ဆုံးနေ့က ဗိုလ်လုပွဲပေါ့။ ဗိုလ်လုပွဲမတိုင်ခင် တစ်ရက်နားပါတယ်။

လူကတော့ ပွဲငယ် ၃ ပွဲအတွက် သုံးယောက်လဲခွင့် ရှိပါတယ်။ ကျွန်တော်တို့တုန်းက ခတ်ကြတဲ့ ပိုက်ကျော်ခြင်းစည်းကမ်းက အခု စည်း ကမ်းနဲ့ မတူဘူးခင်ဗျ။ လူသုံးယောက် တူတယ်။ အမှတ် (၁၅) မှတ် တူတယ်။ စည်းအတိုင်းအထွာ မတူဘူး (စည်းကို ညှိကြလေ့ရှိတယ်) ပိုက် အမြင့်ကတော့ ၆ ပေပါ။ အဲဒီတုန်းက သင်္ဃန်ကျွန်း၊ တောင်ဥက္ကလာ၊ ရန်ကင်း၊ သာကေတမြို့နယ်တွေမှာ ပိုက်ကျော်ခြင်းပွဲတွေဟာ ခြိမ့်ခြိမ့်သဲ ပေါ့။ စမတ်ဆွဲတာ ပြတ်တဲ့သူ ... နောက်ထိုင် အဆယ်ကောင်းတဲ့သူ ... အတင်အမငြိမ်တဲ့သူ ... စူပါတွေ ရပ်ကွက်တိုင်းမှာ ပေါမှ ပေါပေါ့ ..။

အခု ကျွန်တော်တို့ပြိုင်ပွဲမှာ ပါတဲ့လူတွေ အားလုံးက ကိုယ့်ရပ် ကွက်ထဲကပဲ ဖြစ်ရမယ်။ တခြားရပ်ကွက်တွေက မခေါ်ရဘူး။ ကြေးစား မခေါ်ရဘူးဆိုပါတော့။ နေရာကတော့ အပိုင်းသုံး ဘောလုံးကွင်းမှာပါ။ အဲဒီကွင်းက မြက်ခင်းမဟုတ်ဘဲ ဖြူဖွေးနေတဲ့ သဲမြေကွင်းပါ။

“ကျန်တာတွေ လက်ခံတယ်ကွာ၊ Time out သုံးမိနစ်က များ လွန်းတယ်၊ တစ်ဖက်က သွေးအေးပြီး ခြေကျသွားနိုင်တယ်၊ ပြီးတော့ ဒိုင်ကို မင်းတို့ဘက်က တစ်ဖွဲ့၊ ငါတို့ဘက်က တစ်ဖွဲ့ ငှားကြမယ်လေ.. ဘယ်လိုသဘောရလဲ ...ဪ...နေဦး အရက်သေစာနဲ့ မူးယစ်ဆေး မသုံးစွဲရဆိုတာ လက်ခံပါတယ်၊ ဒါပေမယ့် ကွင်းဘေးက ငါကတော့ သောက်ချင်ရင် သောက်မယ်ကွာ...”

“ဟာ...အဲဒါ မဖြစ်နိုင်ဘူး၊ ကိုမြတ်ဦးက အသင်းမန်နေဂျာပဲ။ မရဘူး...မဖြစ်သင့်လို့ပါ..”

“ငါက ဘီယာလောက်ပါကွ...အပြင်းမပါပါဘူး ဆရာကျောင်းရဲ့”

ဆရာကျောင်းကတော့ ခေါင်းကို တွင်တွင်ခါပါတယ်။ ပြီးတော့ အလေးအနက်လည်း စဉ်းစားတယ်။

“တကယ်လို့ သောက်ခဲ့ရင် ကိုမြတ်ဦးက အသင်းနဲ့ ပတ်သက်တာ ဘာမှ ဆုံးဖြတ်ခွင့် မရှိရဘူး၊ အငြင်းလည်းပွားခွင့် မပေးဘူး၊ ကုန်ကုန်
ပြောမယ်ဗျာ... အသင်းနဲ့ ပတ်သက်တာကို ကိုမြတ်ဦး ဘာမှ လုပ်ခွင့်မရှိဘူး ...”

“ကိုမြတ်ဦးကလဲဗျာ...ခြင်းပွဲက ဘာကြာမှာမို့လို့လဲ၊ ပြီးမှ ဝေဖန် ရင်း သုံးသပ်ရင်း သောက်ကြတာပေါ့...ကိုမြတ်ဦးမပါလို့ ဘယ်ဖြစ်မလဲ”

တစ်ဖက်ကလူကပဲ ကိုမြတ်ဦးကို ပြောမှ ...
“အေးကွာ..မသောက်ဘူးဆိုတာ အာမခံတယ်”

“ကျွန်တော်တို့က ဘယ်လိုယုံရမှာလဲ...”

ဆရာကျောင်းစကားကြောင့် ကိုမြတ်ဦး တော်တော်တင်းသွားပုံ ရတယ်။

“မင်းကိုယ်တိုင် ငါ့ပါးစပ်ကို လာနမ်းကြည့်လှည့် ... အနံ့ရရင် ငါတို့အသင်း အရှုံးလို့ ငါကတိပေးတယ်...”

ကိုမြတ်ဦးရဲ့ ပြတ်သားတဲ့စကားကြောင့် ဆရာကျောင်းက လက်ခံ သဘောတူသွားပြီး လက်ဆွဲနှုတ်ဆက်လိုက်ကြတယ်။ နှစ်ဖက်ကစားသမား
ခြောက်ယောက်နာမည်ကို ပေးရမယ်။ ပွဲစဖို့တော့ ရှေ့အပတ် ကြာသ ပတေးနေ့။ ဗိုလ်လုပွဲရှိမယ်ဆိုရင် စနေနေ့ပေါ့။

ကျွန်တော်တို့ဘက်က ဆရာကျောင်းက သူ့အသင်းကို စကား စကမ်းလှမ်းကတည်းက အသေအချာကို လေ့ကျင့်ထားတယ်။ နောက်ထိုင် ဆာပင်ထိုးနဲ့ အဆယ်အတွက် မူတူးကို တစ်ယောက်တည်း ရွေးတယ်။

မူတူးက ခြေခွင်၊ ခြေဖမိုး၊ ဒူး၊ ခေါင်း သိပ်ကောင်းတယ်။ သူ ဆယ် လိုက်တဲ့ခြင်းဟာ လည်ပြီး တက်မသွားစေရဘူး။ ခြင်းက ငြိမ်ပြီးတော့ကို တက်လာစေရမယ်။ ပြီးတော့ ဆရာကျောင်းက မူတူးကို ဆာပင်ဖြတ်ထိုး
တဲ့ ဝါးလုံးထိုး ထိုးနည်းကို အသေအချာကို လျှို့ဝှက်ကျင့်ပေးထားတယ်။ ဆရာကျောင်းပြတဲ့အတိုင်းသာ မိလို့ကတော့ ဟိုဘက်က လှုပ်ကို လှုပ် ရမှာ မဟုတ်ဘူး။

နောက် ရှေ့တန်းတိုက်စစ်မှူး ငါးယောက်မှာ ဆရာကျောင်းက တစ်ယောက်ကို ဝှက်ထားမယ်။ အဲဒီကောင်က ကျော်စိုးတဲ့။

ကျော်စိုးရဲ့ ပညာက တခြား စမတ်ဆွဲတဲ့သူတွေနဲ့ မတူဘူးခင်ဗျ။ သူစမတ်ဆွဲဖို့ မ,တင်ပေးတဲ့သူက ခြင်းကို ဘယ်ဘက်စည်းအပြင်ကို တမင်ရောက်အောင် မ,ပေးရမယ်။ ဒီတော့မှ ကျော်စိုးက လေထဲကို
ခြောက်ပေ ပိုက်ကျော်ရုံကလေးခုန်ပြီး အားနဲ့ ဖြတ်ရိုက်ရမှာ..မ,ချက်မှန် ဖြတ်ရိုက်ချက်မှန်ရင် တစ်ဖက်နောက်ထိုင်ရဲ့ ညာဘက်ထောင့်ကို စိုက်ကျမှာပဲ။ ဘယ်လိုမှ ဆက်ဖို့မလွယ်ဘူး။ တစ်ချက် တစ်မှတ် တန်းနေ တာပဲ။

ဌေးဝင်းကိုတော့ ပိုက်နားကပ်ချတဲ့ခေါင်း၊ တစ်ဖက်စည်းထဲကို ဝါးလုံးနဲ့ထိုးချသလို စိုက်တဲ့ခေါင်း၊ နောက်လူနဲ့ ရှေ့ဘယ်ဘက်လူအကြား ဗျာများရမယ့်ခေါင်း...စသည်ဖြင့် ကျင့်ပေးတယ်။ အေးမြင့်နဲ့ လှအောင် ကိုတော့ တစ်ဖက် ပိုက်ပေါ်တင်အရိုက်ကို Broking ပိတ်တဲ့ အပိတ်ကို အသေကျင့်ပေးထားတယ်။ အောင်ကြီးကိုတော့ ခုန်တက်ပြီး ဖနောင့်နဲ့နင်းတဲ့
တစ်ပေါက်ပဲ ပေးထားပြီး ကျန်တာက သူကျွမ်းတဲ့ ပတ်ခုတ်၊ လှည့်ခုတ်၊ အဆိုင်၊ အတို့အဆိတ်ကလေးတွေပေါ့။

ဆရာကျောင်းက သူ့လူ ၆ ယောက်စလုံးကို ရပ်ကွက်ရဲ့ အပျင်းပြေ ပွဲတွေ၊ ပိုက်ဆံကြေးပွဲတွေမှာ လုံးဝ ပေးမကစားဘူး။ အပြင်ကိုတောင်မှ
ပေးမထွက်ဘူး။ ကျွန်တော်တို့ တစ်ရပ်ကွက်လုံးကတော့ ကိုယ့်လူတွေ ကိုယ် ကြည့်ပြီး အားတွေရလို့ပေါ့လေ...။

ဆရာကျောင်း အားအထားဆုံးကတော့ ဘယ်သူမှ မခုတ်တဲ့ စမတ် ကွက်နဲ့ ကျော်စိုးပါပဲ။ ဒီကောင်က မြှုပ်ကွက်ပဲ။ ပထမတစ်ရက်မှာ မနက် ၇၅ ခါ၊ ညနေ ၇၅ ခါ ကျင့်ရတယ်။ ပွဲနားနီးလို့ တစ်ပတ်လိုတော့ တစ် နေ့ အကြိမ် ၂၀၀ တဲ့။

ဒီလိုနဲ့ ပွဲစတဲ့ရက်ရောက်ရော။ အပိုင်းသုံးကွင်းထဲမှာ လူတွေ မြင် မကောင်းဘူး။ ရန်ကင်းတို့၊ တောင်ဥက္ကလာတို့ဘက်ကတောင် လာကြည့် ကြတာတဲ့...။ ပွဲစတော့ နှစ်ဖက်စလုံး တစ်ဖက်နဲ့ တစ်ဖက် စောင့်ကြည့် ရင်း ပုံမှန်ပဲ ကစားနေတယ်။ အဲဒီမှာ ဟိုဘက်က ဖြူလုံးက ပိုက်ပေါ် ဝဲတက်လာတဲ့ ခြင်းကို ကြောပေးပြီး ခုတ်ချတာ မူတူး လူရူးဖြစ်သွားတော့ အားပေးလိုက်သံက တစ်ကွင်းလုံးကို ဟိန်းလို့။

ခဏကြာတော့ အောင်ကြီးက မတ်တတ်ကြီး ထောင်တက်ပြီး ဖနောင့်ကြီးနဲ့ ထည့်လိုက်တာ ဟိုဘက်ကကောင်တွေ ခြင်း ဘယ်ရောက် သွားမှန်းတောင် မသိဘူး...အော်သံက ဟိန်းလို့ပါပဲ...။

ဖျောင်းခနဲ ပတ်ရိုက်လိုက်၊ ဒုံးခနဲ နင်းချလိုက်၊ ဖျက်ခနဲ အငိုက် တိုက်ချလိုက်နဲ့။ လက်ခုပ်သံ၊ လက်ခေါက်သံ၊ အော်ဟစ်သံ၊ ဘာလုပ် ညာလုပ် အားမရလို့ ဝိုင်းအော်သံနဲ့ ပထမဦးဆုံး ပွဲငယ်မှာ ကျွန်တော်တို့ ဘက်က ရှုံးပါတယ်။ ကျောင်းဆရာက မျက်နှာမပျက်ပါဘူး။ အားလုံးကို သံပရာသီးနဲ့ ဆားကျွေးပါတယ်။ အအေးမတိုက်ဘူး။ ရေကို အာဆွတ်ရုံပဲ တိုက်တယ်။ ပြီးတော့ အနီတွေ အပြာတွေနဲ့ ရှုပ်ယှက်ခတ်နေတဲ့ သူ့ လည်ဂျာစာအုပ်ကြီးနဲ့ ဘယ်လိုလုပ်ရမယ်ဆိုတာကို သင်တယ်။ ဒီတစ်ပွဲက နိုင်မှ ဖြစ်မှာကိုး...။

ပွဲပြန်စတော့ အေးမြင့်ကို ထုတ်ပြီး ဌေးဝင်းကို ထည့်တယ်။ ဌေးဝင်းက သူနဲ့ကပ်ရက်က အခုတ်စမတ်သမားကို ခေါင်းကလေးနဲ့ ကပ်ချလိုက်၊ နောက်ကြောဘက်ရောက်အောင် ချပေးလိုက်နဲ့ ဆိုတော့ ဖြူလုံးလည်း ရှေ့ကပ်တော့ ပိုက်ထဲ မျက်နှာဝင်.. နောက်ပြန်လှည့်တော့ ပက်လက်လန်နဲ့ အားမပါလှတဲ့ ဌေးဝင်းရဲ့ ခြင်းကွက်မှာ မျောက်ခုန်သလို ခုန်နေရတော့ ကြည့်တဲ့လူတွေက လက်ခုပ်တီးလိုက်၊ ရယ်လိုက်နဲ့ အားပေးကြပါတယ်။ စမတ်သမားဆိုတာက ခြင်းလုံး လေထဲမှာရှိမှ မဟုတ်လား။ ဟိုဘက်က ဖြူလုံးကို လူလဲပေမယ့် လိုက်မရတော့လို့ ရှုံးသွားပါတယ်။

တတိယပွဲငယ်မှာလည်း ကျွန်တော်တို့ဘက်ကပဲ နိုင်လို့ တာထွက် ကောင်းပြီး ဆရာကျောင်း နာမည်ရတယ်။ ရပ်ကွက်လူကြီးတွေကလည်း ချီးကျူးကြတယ်။ မနက်ဖြန်နိုင်ရင်တော့ ပွဲပြီးပြီပေါ့လေ။

“သိပ်မပေါ့နဲ့ကွ...မြတ်ဦးက သိပ်မျက်နှာမပျက်ဘူး၊ သူတို့မှာလည်း ဝှက်ထားတာ တစ်ခုခုတော့ ရှိလိမ့်မယ်”

“ကျွန်တော်တို့မှာလည်း ကျော်စိုးရှိတာပဲ”

“အပေါက်ချင်း မတူဘူးကွ၊ အေးလေ...စောင့်ကြည့်ကြတာပေါ့၊ ငါကတော့ မနက်ဖြန် ပွဲကြမ်းလိမ့်မယ်ထင်တယ်”

ဒါပေမယ့် ဆရာကျောင်းရဲ့ ခန့်မှန်းချက် မှားသွားပါတယ်။ သူတို့ ဘက်က အောင်စံသိန်းဆိုတဲ့ ရခိုင်လေးတစ်ယောက်ရဲ့ ညာပါတ်ခုတ်ချက် ကို ကျွန်တော်တို့ဘက်က ဘယ်လိုမှဆယ်လို့မရဘူး။ သူ့ပါတ်ခုတ်ချက်က
ဘယ်ဘက်က ထွက်လာမလား ညာဘက်ကလား ဆိုတာ ခန့်မှန်းလို့မရဘူး။ ဒုတိယပွဲမှာ ဆရာကျောင်းပြောတဲ့နည်းနဲ့ ဆယ်တော့ ၄ လုံးလောက် မိပေမယ့် ကျွန်တော်တို့ ရှုံးပါတယ်။ နှစ်ပွဲပြတ်နဲ့ပေါ့လေ။ အားလုံးက ကျော်စိုးကိုထည့်သုံးဖို့ ပြောပေမယ့် ဆရာကျောင်းက မသုံးခဲ့ဘူး။

ဗိုလ်လုပွဲမရောက်ခင် တစ်ရက် အနားရက်မှာ ဆရာကျောင်းက ဗဟိုဘက်က အောင်စံသိန်းရဲ့ ပါတ်ခုတ်ချက်အတိုင်း တစ်ယောက်ကို ကျင့်ခုတ်ခိုင်းပြီး မူတူးကို သူပြောတဲ့နည်းအတိုင်း ဆယ်ခိုင်းတာ တဖြည်း ဖြည်း မူတူး သဘောပေါက်ပြီး ဆယ်လာနိုင်တယ်။ ကျော်စိုးကိုလည်း အသေအလဲ ကျင့်ခိုင်းတယ်။

“မနက်ဖြန် ငါတို့ရဲ့ မြှုပ်ကောင် ကျော်စိုးကို ထုတ်မယ်၊ မူတူးက ဟိုရခီးရဲ့ခုတ်ချက်ကို ဆယ်နိုင်ပြီဆိုရင် ဒီကောင်တွေ ဘာလုပ်မလဲ၊ သူတို့ရဲ့
နောက်ဆုံးလူက ဒီဘက်ကိုကျော်မှာ မဟုတ်ဘူး၊ အဲဒါ နောက်ဆုံးလူကို နိုင်ချင်ဇောနဲ့ ထုတ်သုံးမိတဲ့ အမှားပဲ...”

ဆရာကျောင်းရဲ့ လျှို့ဝှက်ချက်နဲ့ မနက်ဖြန်ပွဲဟာ ကျွန်တော်တို့ ပွဲပဲလို့ ကျိန်းသေတွက်ထားခဲ့ကြတယ်။ ကျော်စိုးကျင့်နေတဲ့ ရိုက်ချက်က ခေါက်ဆွဲဂိုဒေါင်ရုံကြီးရဲ့ သံမံတလင်းတွေ ကြေထွက်ကုန်မလားကို ထင်ရ တယ်။

ဗိုလ်လုပွဲမှာ သူတို့ဘက်က မနေ့က လိုင်းနက်အတိုင်း ထွက်လာ တော့ ဆရာကျောင်းက ပြုံးတယ်။ ပွဲအစမှာ ပုံမှန်ပါပဲ။ (2:1) လည်း ရောက်ရော ကျော်စိုး စရိုက်တာ (2:9) ဖြစ်သွားတယ်။ သူတို့ဘက်က အထိန်းတစ်ယောက် ပြောင်းပေမယ့် ဆေးမမီတော့ဘဲ (5:15)နဲ့ ရှုံးရော
ကျော်စိုးကို ဝိုင်းပြီး ပခုံးပေါ်တင်ကြတော့တာပဲ။ ဒုတိယပွဲလဲ ဒီအတိုင်းဆို
အေးအေးဆေးဆေးပေါ့...။

ဒုတိယပွဲမှ သူတို့ဘက်က လူတစ်ယောက်လဲ ပါတယ်။ လဲတဲ့ သူကို တွေ့ရတော့ အားလုံးအံ့သြပြီး ပွစိပွစိနဲ့ အသံတွေ ထွက်လာတယ်။ ဆရာကျောင်းကလည်း ဒေါသတကြီးနဲ့ ကန့်ကွက်တယ်။ ကန့်ကွက်မှာ ပေါ့။ လဲတဲ့သူက ယောက်ျားလေးမှ မဟုတ်တာ မိန်းကလေးခင်ဗျ...။

ကိုယ်လုံးကိုယ်ပေါက်က လှလှ... ဆံပင်ကုပ်ဝဲကလေးနဲ့ ပေါင်တံ တွေက ဖွေးလို့.. မိတ်ကပ်ပါးပါးနဲ့ နှုတ်ခမ်းနီလည်း ဆိုးထားတယ်။ ကျွန်တော်တို့ သိပါတယ်။ သူက ၁၆/၄ သီတာရေစင်လမ်းထဲက ပြောင်း လာတာ သိပ်မကြာသေးတဲ့ ၃ နှစ်လောက်ပဲ ရှိသေးတဲ့ ကောင်မလေးပါ။

“ဒါ...ယောက်ျားလေးတွေပွဲပဲ မိန်းကလေးသွင်းခွင့် မရှိဘူး...”

“စည်းကမ်းထဲမှာမှ မပါဘဲ၊ ပြီးတော့ ငါတို့ နာမည်စာရင်းလည်း ကြိုပေးထားတာပဲ”
ဆရာကျောင်းက နာမည်စာရင်းကို လှန်ကြည့်တော့ “ဖြူဝင်း” ဆိုတဲ့ နာမည်ကိုတွေ့တယ်။

“စာရင်းမှာ ကျား/မ ခွဲရေးမထားဘူး၊ မိန်းကလေးသွင်းတာ အဓိပ္ပာယ်မရှိဘူး...သဘာဝမကျဘူး...”

“တို့နှစ်ဦး သဘောတူ လက်မှတ်ထိုးထားတာပဲလေ...ကျား/မမှ မပါတာ၊ လူခြောက်ယောက်လို့ပဲ ပါတာ မဟုတ်လား...”

“ဆရာကျောင်း ဟိုက မိန်းကလေးပဲဗျာ...ဘာဂရုစိုက်စရာ ရှိ သလဲ...ခြင်းပဲ ထိပါစေဦး”

“မဟုတ်ဘူးကွ...ဒါ အရေးကြီးတယ်...”
“ထည့်စမ်းပါစေ ဆရာကျောင်းရာ...ဒီပွဲပြီးရင် ပြီးပြီ ထည့်ပစေ”

ဒါနဲ့ပဲ ပွဲစပါတယ်။ ကောင်မလေးက ကျော်စိုးရဲ့ ဘေးဘက်မှာပါ။ ခြင်းတော့ ခတ်တတ်တယ်ခင်ဗျ။ ခေါင်းနဲ့ ခြေခွင်ရတယ်၊ ဒူးရတယ်။ ဒါပေမယ့် သာမန်ပါပဲ။ ဘာသဘောနဲ့ ထည့်တာလဲ။ မြတ်ဦး ရူးနေပြီ.. လို့ ဝိုင်းပြောကြတယ်။ ဒီလိုခတ်နေတုန်း ကျော်စိုးက ဝုန်းဆို ရိုက်
ပေါက်အတိုင်း လေထဲဝဲပြီး ရိုက်တာ ထုံးစံအတိုင်း ဟိုဘက်ကကောင်တွေ လှုပ်ကို မလှုပ်နိုင်ဘူး။

လက်ခုပ်သံတွေ ဝေါခနဲပေါ့။ ဒါပေမယ့် ဟိုဘက်ကို ကျသွားတဲ့ ခြင်းကိုကောက်ပြီး ကောင်မလေးကိုပေးတယ်။ ကောင်မလေးက ပါးစပ် ကို လက်ဝါးကလေးနဲ့ ‘ခစ်'' ́ခနဲအုပ်ရယ်ပြီး ကျော်စိုးကိုကြည့်ပြီးတော့ ခြင်းကိုပေးတယ်။ ပြီးတော့ ကျော်စိုး ခုန်ပြီးတက်သွားတယ်။ ကောင်မ လေးက မော့ကြည့်ပြီး “ခစ်” ခနဲရယ်တယ်။ ကျော်စိုးရဲ့ခြင်းက outside ဖြစ်တယ်။ ကောင်မလေးက ခြင်းပြန်ပေးတယ်။ သူ့ပုံစံက တအား ရယ်ချင်တာကို ချုပ်တည်းထားရတဲ့ ပုံစံမျိုး။ ဒီမှာတင် ဆရာကျောင်းက ကန့်ကွက်တယ်။

“တစ်ဖက်အသင်းကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ အပြုအမူမျိုး မလုပ်ပါနဲ့ ကန့်ကွက်ပါတယ်”

“ဘာလုပ်လို့လဲ ကျောင်းဆရာရဲ့ ..”
“နောက်ဝင်တဲ့ အမျိုးသမီးက ရယ်ရယ်နေတယ်၊ ဒိုင်ပြောပေးပါ”

“ဟုတ်သားပဲ သမီးက မရယ်နဲ့လေ...”
“ရယ်စရာကြီးမြင်တော့ ရယ်ချင်တာ ဘယ်လိုလုပ်ရမလဲ ဆရာ''

ဘာမှမတတ်နိုင်ဘဲ ပွဲဆက်ရတယ်။ ကျော်စိုးရဲ့ စမတ်တွေ စည်းထဲကို မဝင်တော့ဘူး။ လွဲချင်လွဲ ဘယ်လိုမှ သုံးမရတော့တာ။ ကျောင်းဆရာက ကျော်စိုးနေရာမှာ အေးမြင့်နဲ့ လှအောင်တို့ လဲထည့်ပေမယ့် ဒီကောင်တွေလည်း အပြုံးကလေးတစ်ချက်နဲ့ သွားတာပဲ။ ကျွန်တော်တို့ နှစ်ပွဲပြတ် ရှုံးပြီး သူတို့ နိုင်သွားပါပြီ။

ဖြစ်ခဲ့တာတော့ ကြာပါပြီ။

နောက်ဆုံးလူဆိုတာ အရေးကြီးပါတယ် ...ဆိုတာ ကျွန်တော် အဲဒီကတည်းက နားလည်ခဲ့ပါတယ်ခင်ဗျာ။

ဆရာနီကိုရဲ၊ နှလုံးသားနှင့် ကန်တဲ့ ဘောလုံး ပီဒီအက်ဖ်၊
စာမျက်နှာ ၃၄ - ၄၈။

စာရိုက် - စလေ ငနော့