Tuesday, April 14, 2020

ဘာရမလဲကွ


•••••••••••••••••

မောင်ဝဏ္ဏ

၁

စာရေးသမား မောင်စိန်သောင်းသည် အရက်သောက်သူဖြစ်၏။ အရက်
သောက် ''တတ်” သူမဟုတ်ပါ။ အရက်သောက် ''တတ်” သူ ဆိုသည်မှာ အရက်ကို အသုံးချတတ်သူ၊ ပျော်ရွှင်အောင် သောက်သူ၊ စားဝင်အိပ်ပျော် အောင် ဆေးဖြစ်ဝါးဖြစ် အသုံးချတတ်သူဟု မောင်စိန်သောင်း ယူဆ၏။ မောင်စိန်သောင်းကား ထိုသို့မဟုတ်။ သောက်သူ ဖြစ်သည်။ မောင်စိန်သောင်း စတင်အရက်သောက်ခြင်းကား အသက်လေးနှစ်သားအရွယ်က ဖြစ်၏။ အံ့သြစရာကောင်းပါသလား။

မအံ့သြပါနှင့်။ မောင်စိန်သောင်းသည် ငယ်စဉ်ကပင် စာပေလောက၌ နေခဲ့ရသည်။ ပုံနှိပ်စက်သံ စက္ကူပုံ၊ စာရေးဆရာ၊ စာစီစက်ရိုက် စာအုပ်ဆိုင်တို့အကြား၌ ကြီးပြင်းခဲ့ရသည်။

များစွာသော စာရေးဆရာတို့သည် အရက်သောက်ကြ၏။ အရက် မသောက်သော စာရေးဆရာ အလွန်နည်း၏။ ချီးကျူးဖွယ်ကောင်းအောင် နည်း၏။

ငယ်စဉ်က မောင်စိန်သောင်းတို့ အိမ်သို့ လာသော စာရေးဆရာ အတော်များများသည် “သောက်” ကြ၏။ ထို့ကြောင့် လေးငါးနှစ်သား မောင်စိန်သောင်းကလေးသည် ဦးလေး စာရေးဆရာများ အရက်သောက်နေသောအခါ အနားသွားလျှင် အမြည်း တစ်ဖတ် နှစ်ဖတ် ကျွေး၏။ ထွေလာသောအခါ စိုးစဉ်းမျှသော အရက်ကို မောင်စိန်သောင်းအား အချိုရည်ရော၍ တိုက်လိုက်၏။

မောင်စိန်သောင်း ယိုင်ထိုးယိုင်ထိုး ဖြစ်နေသည်ကိုကြည့်၍ သူတို့ ပျော်ကြသည်။ ခဏကြာတော့ မောင်စိန်သောင်း အိပ်ပျော်သွားသည်။ မောင်စိန်သောင်းသည် တစ်ရေးနိုးလျှင် ဆီးသွားလေ့ရှိသည်။ သူ ဆီး ထသွားရန် မိဘများကခြေရင်းတွင် ပန်းအိုးစိုက်သည့် အရွယ်ရှိ သစ်သား စည်ကလေးတစ်လုံး ချပေးထားသည်။ ထိုသစ်သားစည်ကလေးသည် နေ့အခါ မောင်စိန်သောင်း၏ဘကြီး ဦးမြမောင်၏ ကွမ်းတံတွေး ထွေးခံဖြစ်ပြီး ညအခါ မောင်စိန်သောင်း၏ ဆီးအိုးဖြစ်၏။

မောင်စိန်သောင်း မှတ်မိနေသည်။ ထိုနေ့ညက သူ ရှူးရှူးထပန်း သောအခါ သူ့ရှူရှူးများ ထွေးခံထဲသို့ မဝင်။ အပြင် စဉ်ထွက်ကုန်၏။ သေသေချာချာ ချိန်၍ ပန်းသော်လည်း ဖိတ်တစ်ဝက် စဉ်တစ်ဝက် ဖြစ်နေ၏။ မောင်စိန်သောင်း မျက်စိထဲ၌ ထွေးခံ သုံးလုံးခန့် မြင်နေရသည်။ မောင်စိန်သောင်း ငိုလေ့သည်။

“မေဘူဒီ ထပါဦး၊ သောင်းသောင်း ရှူရှူးတွေ ဘာဖြစ်လဲ သိဘူး”

မောင်စိန်သောင်းသည် သူ့ကိုယ်သူ ''သောင်းသောင်း” ဟု ပြော၏။ မောင်စိန်သောင်း၏ကြီးတော်က မွေးစားသကဲ့သို့ သူနှင့်အတူ ခေါ်ထား၏။ မောင်စိန်သောင်း၏ မိခင်က ချက်ပြုတ်လုပ်ကိုင်ပြီး ကျောင်းတက်ရသော ကျောင်းဆရာမ။ ဖခင်က ပုံနှိပ်တိုက်တစ်ဖက်နှင့် စာရေးဆရာ။ သည်တော့ မောင်စိန်သောင်းကို ထိန်းကျောင်းရန် ကြီးတော်နှင့် ဘကြီးက မွေးစားသကဲ့သို့ ခေါ်ထား၏။ အိမ်ချင်းက မလှမ်းမကမ်း။ နေ့ဘက် မိဘအိမ်သွားနေ အိပ်ခါနီး ဘကြီးအိမ် ပြန်အိပ်ရသည်။

မောင်စိန်သောင်း၏ ကြီးတော်က ကမန်းကတန်း ထသည်။

“ဟဲ့ သား ဘာဖြစ်တာလဲ”

“ရှူးရှူးတွေ ဖိတ်ကုန်ပြီ”

“ဒါပဲသားရယ် ဖိတ်ပစေ အမေ မရိုက်ဘူး”

ဒေါ်ဘူဒီသည် ကလေး အိပ်ချင်မူးတူးမို့ ထွေးခံထဲ တည့်အောင် မပန်းနိုင်ဟု ယူဆသည်။ ပြန်ချော့သိပ်လိုက်၏။
မောင်စိန်သောင်း၏ ဖခင်က သူ့သူငယ်ချင်း စာရေးဆရာများကို မည်သို့ ဟောက်လိုက်သည်မသိ။ နောက်နောင် အရက်ဝိုင်းနား မောင်စိန်သောင်း သွားလျှင် အမြည်းပင် မကျွေးတော့ဘဲ “ဟေ့ကောင် သွားစမ်းကွာ ဇိမ်ပျက်တယ်” ဟု ငေါက်လွှတ်ကြလေသည်။

၂

မောင်စိန်သောင်း ဆယ်တန်းအောင်သောအခါ ပျော်သည်။ အကြိမ်ကြိမ် ဖြေ၍ အောင်ရခြင်းဖြစ်သဖြင့် ပျော်သည်။ ထို့ကြောင့် သူငယ်ချင်းများစု၍ အရက် တစ်ပုလင်းဝယ်ပြီး ခြောက်ယောက်ခန့် သောက်ကြသည်။ နည်းနည်းကလေးနှင့် မူးပြီး ပျော်ရွှင်ကခုန်ကြသည်။ သူတို့သောက်သော နေရာမှာ အရပ်ထဲမှ ခြံဝင်းတစ်ဝင်းအတွင်း ဆောက်လက်စ အိမ်တစ်အိမ်တွင်ဖြစ်သည်။ ထိုည ထိုအိမ်မှာ သူငယ်ချင်းများ စုအိပ်ကြသည်။ ပျော်စရာကောင်းပါသည်။

တက္ကသိုလ်မည်သည်မှာ အထက်တန်းပညာများ ဖြန့်ဝေရာ ဌာနကြီး ဖြစ်သည်။
တိုင်းရင်းသား လူမျိုးပေါင်းစုံတို့ ဆုံစည်းရာလည်း ဖြစ်သည်။

တက်ကြွသော၊ အားအင်ပြည့်စုံသော၊ တိုးတက်သော၊ စုစည်း ညီညွတ်သော လူငယ်များ တွေ့ဆုံပေါင်းစည်းရာ နေရာလည်းဖြစ်သည်။

မောင်စိန်သောင်း တက္ကသိုလ်သို့ရောက်ပြီး မကြာမီ အပေါင်းသင်းသစ်များ များသည်ထက် များလာသည်။ လူမျိုးစုံ၊ စရိုက်စုံမို့ “သောက်တတ်” သော သူငယ်ချင်းများလည်း ပါလာသည်။

အထိမ်းအမှတ်ကလေးများ တစ်ခုပြီးတစ်ခု ဖန်ဆင်းကြသည်။

သူငယ်ချင်းများထဲမှ တစ်ယောက်။ သူလိုက်နေသော မိန်းကလေး နှင့် ဖွံသွား၍ တစ်ပွဲ။

တစ်ယောက် အသည်းကွဲ၍ တစ်ပွဲ။

ပါမောက္ခက တစ်ယောက်ကို စည်းကမ်းပျက်၍ နောက်တစ်ကြိမ် ဆိုလျှင် ကျောင်းထုတ်မည်ဟု သတိပေးခံရသောကြောင့် တစ်ပွဲ။
တစ်ယောက် မင်နီ” အမှတ်ခံရသောကြောင့် တစ်ပွဲ။

စာမေးပွဲ ကျသူအတွက် တစ်ပွဲ။

အောင်သူအတွက် တစ်ပွဲ။

တစ်ယောက်၏ကဗျာ မဂ္ဂဇင်းတွင် ပါလာသဖြင့် တစ်ပွဲ၊ ကျောင်း ပိတ်၍ ခွဲခွာခါနီးမို့ တစ်ပွဲ။ ကျောင်းဖွင့် ပြန်ဆုံကြရ၍ တစ်ပွဲ။ အကြံအဖန် ပွဲများ ကျင်းပနေခဲ့ကြသည်။

◾

မောင်စိန်သောင်း၏ အဘိုးလေးသည် ဈာန်ရဘိုးဘိုးဖြစ်သည်။ အရက် သောက်တတ်သော အဘိုးကြီးဟု ဆိုလိုပါသည်။ သို့ရာတွင် မောင်စိန်သောင်း၏ ဖခင်ကား အရက်ကို အနံ့ပင် မခံ။ နှာခေါင်းပိတ် မော့သည်ဟု မဆိုလိုပါ။ အရက် လုံးဝမသောက်သူဖြစ်သည်။

မောင်စိန်သောင်း၏ အဘိုးလေးသည် ပဲခူး၌နေ၏။ တစ်ခါတစ်ရံ ရန်ကုန်လာလည်၏။ မောင်စိန်သောင်းတို့အိမ်ကို အလျင်ဝင်၏။ ပြီးလျှင် ညဘက် အလုပ်လုပ်ပြီး နေ့ဘက်တွင် နေ့လယ် ဆယ့်နှစ်နာရီလောက်မှ နိုးထလေ့ရှိသော သူ့တူ အရင်းခေါက်ခေါက်ကို မညှာမတာ နှိုးတော့သည်။ စောင်ကို ဆွဲလှန်၏။ လက်မောင်းရင်းမှ ဆွဲမတ်ကာ

“ဟေ့ကောင် 'ဘူဒါး’ ထစမ်း နေဖင်ထိုးနေပြီ”

မောင်စိန်သောင်း၏ ဖခင်သည် သူအိပ်နေစဉ် မည်သူလာနှိုး၍မှ မကြိုက်။
“မီးလောင်တောင် မနှိုးနဲ့ကွ” ဟု မှာထားသည်။ သို့ရာတွင် သူ့ဦးလေး နှိုးလျှင်တော့

“ဟာ ဦးလေးကလဲ ဘာလဲဗျာ၊ ပိုက်ဆံပဲမဟုတ်လား”

“အေးပေါ့ကွ၊ ငါ့ဘတ်ဂျက် နည်းနေတယ်”

မောင်စိန်သောင်း၏ဖခင်သည် ခေါင်းအုံးအောက်မှ အချပ်တစ်ချပ် ဆွဲထုတ်ပြီး ကမ်းပေးလေ့ရှိ၏။

အချပ်ကြီးဆိုလျှင် အဘိုးကြီး ဘာမှမပြောတော့။ အချပ်သေးဆိုလျှင်

“မင်းဟာက ငါ့ကို ကလေး မုန့်ဖိုးပေးတာ မှတ်နေသလား။ ကားနီနာဥ၊ လန်ကျောက်၊ စုဝက်ကားဘာဂျား၊ ဒမ်ဗလယ်ဒီ”

အစရှိသဖြင့် နိုင်ငံတကာနည်းနှင့် တိုင်းထွာတော့သည်။

မောင်စိန်သောင်း၏ဖခင်သည် ခေါင်းအုံးနှင့် နားကိုပိတ်ပြီး နောက်ထပ် သုံးလေးချပ် ဆွဲထုတ်ပေးလိုက်မှ

“ဒါမှ ငါ့တူ၊ ဘုန်းကြီးလို့ သက်ရှည်၊ အန္တရာယ်မျိုး ကိုးဆယ့် ခြောက်ပါး ကင်းပြီး ငါ့လို မိန်းမများများ ရပါစေ။ ကျန်းမာချမ်းသာ ဘယာကင်း”

မောင်စိန်သောင်း၏အဘိုးတွင် ဇနီးလေးယောက်ရှိ၏။

“သွားတော့ဗျာ ဦးလေး၊ ကျွန်တော် ပြန်အိပ်ဦးမယ်”

“အေး အေး၊ အိပ် အိပ် ငါ့တူလေး၊ ကျွတ် ကျွတ် ကျွတ်”

ဖင်ကိုပုတ်၍ ကလေးသိပ်သလို သိပ်တော့သည်။

“သွားစမ်းပါဗျာ ဦးလေးကလဲ''

အဘိုးကြီး ကွမ်းချေးများ ရဲနေသော သွားကိုဖြဲ၍ရယ်ရင်း လှည့်ထွက်ခဲ့သည်။ ပြီးတော့

“ဟေ့ ဟိုခွေးမသားလေးတွေ ဘယ်ရောက်နေလဲကွ။ ငါလာတာ မသိဘူးလား”

အဘိုးကြီးကို ဟိုဟိုဒီဒီ လိုက်ပို့ရမှာစိုး၍ ရှောင်နေသော မောင်စိန်သောင်းတို့ ညီအစ်ကိုတစ်စုကို မေးသည်။

“ရှိပါတယ် ဖိုးစိန်”

သူ့အမည်ရင်းက ဦးစိန်ဖြစ်၍ မောင်စိန်သောင်းတို့က ဖိုးစိန်ဟု ခေါ်သည်။

“အေး လာစမ်း၊ ဟိုကောင် စိန်သောင်း''

စိန်သောင်း အနားကပ်လာသည်။

“ဟား ဟား မင်း အတော်ထွားနေမှပဲ။ ဒါနဲ့ မင်းက ကောလိပ် ကျောင်းသား ဖြစ်နေပြီဆို”

သူတို့ခေတ်ကတော့ ကောလိပ်ကျောင်းသားဆိုသည်မှာ မြို့အုပ် လောင်း၊ ဝန်ထောက်လောင်း၊ ဒီတော့

“တော်တယ်ဟေ့”

အလွန်အဆဲသန်သော အဘိုးကြီးဖြစ်သည်။ ချီးကျူးသည်ကိုပင် ဆဲ၍ ချီးကျူးသည်။

“ဒါဆို မင်း ရန်ကုန်မှာ တော်တော်လည်နေပြီပေါ့ကွ၊ ဟုတ်လား”
“မလည်ပါဘူး ဖိုးစိန်ရ”

“ကောလိပ်ကျောင်းသားဖြစ်ပြီး မလည်ရင် မင်း ခွေးဖြစ်မှာပေါ့ကွ။ ငါ့ကို လှိမ့်မနေနဲ့၊ ဟိုနား ဒီနား လိုက်ပို့စမ်း”

မောင်စိန်သောင်း သိပါသည်။ နံနက်စာ စားရန် ဟိုတယ်တစ်ခု သွားမည်။ ပြီးလျှင် သူ့တူမများ၊ ညီများထံ ခေတ္တသွားမည်။ အမြင် မတော်လျှင် ဆူပူကြိမ်းမောင်းဆဲဆိုမည်။ ပြီးလျှင် နေ့ခင်း ဘီယာဆိုင် ပို့ခိုင်းမည်။ ညနေ ဟိုတယ်ပြန်သွားမည်။ ည အိမ်ပြန်အိပ်ချင် အိပ်မည်။ သို့မဟုတ် မီရာ ရထား၊ ဘတ်စ်ကားတို့ဖြင့် ပြန်မည်။

ထိုထုံးစံအတိုင်းပင် နေ့ခင်း၌ ဘီယာဆိုင် ပို့ခိုင်းသည်။

“ဟေ့ကောင် မင်း နန်းသီတာ သိတယ် မဟုတ်လား၊ ဖွင့်တာ မကြာသေးဘူးလေ”

“သိပါတယ်”

“အေး အဲဒီသွားရအောင်”

နန်းသီတာတွင် ဘီယာနှစ်လုံး မှာသည်။ ကြက်ကြော်၊ ငါးကြော် မှာသည်။ သည်အတွင်း “ဟိုမအေက ဘာလုပ်နေတုံး၊ ဟိုဟာမကော” စသဖြင့် ဆွေမျိုးနီးစပ်အကြောင်း မေးသည်။ အကောင်းချည်း ဖြေရသည်။ မကောင်းတာ တစ်ခွန်းတစ်စပါလျှင် ဆိုင်ထဲတွင် အော်ကြီးဟစ်ကျယ် ဆဲဦးမည်။

ဘီယာနှစ်ပုလင်း ချပေးသည်။
“သောက်လေကွာ”

ဘိုးအေရှေ့မို့ ရွံ့တွန့်တွန့်ဖြစ်နေသော မောင်စိန်သောင်းကို ခွင့်ပေး လိုက်သည်။ မောင်စိန်သောင်းကလည်း နည်းနည်းတော့ ဟန်ဆောင်ထားသည်။

ထို့နောက် မြေးအဘိုး နှစ်ယောက်...။

၃

မောင်စိန်သောင်းသည် ဗီဇက ပါလာသဖြင့် စာရေးဆရာပေါက်စ ဖြစ်လာသည်။ နဂိုက သောက်လက်စ မောင်စိန်သောင်းသည် အရက်သောက် 'တတ်' လာသည်။ ဦးစွာဖော်ပြသကဲ့သို့ သောက်တတ်ခြင်းဖြစ်သည်။ တစ်ခါတစ်ရံသောက်သည်။
ပျော်စရာ ရွှင်စရာ ပြောကြဆိုကြသည်။ စိတ်ကူးဉာဏ်သစ်များကို စကား ဝိုင်းမှ ရယူသည်။ အစားကောင်း အသောက်ကောင်း ဖြစ်သည်။

သို့နှင့်...။

မောင်စိန်သောင်း အိမ်ထောင်ကျသည်။ သူ့ဇနီး မနှင်းရည် သဘော ကောင်းသည်၊ စိတ်ကောက်လွယ်သည်မှအပ အခြား ဘာပြဿနာမှ မရှိ။ တစ်ခုပဲရှိသည်။ မောင်စိန်သောင်းကို နားမလည်။ သို့ရာတွင် နားလည်အောင် ကြိုးစားရှာသည်။ မောင်စိန်သောင်းသည် သူ့ဇနီးက သူ့ကို သို့မဟုတ် အနုပညာအလုပ် လုပ်စားသူများကို နားလည်အောင် ကြိုးစားနေပါကလား ဟု ဖြေသိမ့်ရင်း အိမ်ထောင်သက် ဆက်ခဲ့ကြသည်။

မောင်စိန်သောင်း နားလည်မှုလွဲပုံ ဥပမာတစ်ခုကို တင်ပြပါမည်။

မောင်စိန်သောင်း အိမ်မှာကုပ်၍ စာရေးနေလျှင် မနှင်းရည် ကျေနပ် ကြည်နူးနေသည်။ လိုအပ်သမျှ အဝဝကို မငြူမစူ ပြုစု၏။ သို့ရာတွင် စာရေး၍ကောင်းနေစဉ်၊ စိတ်ပါဝင်စားနေစဉ်အချိန်မျိုးတွင်

“ထမင်းစားတော့လေ အစ်ကို၊ ဆယ့်နှစ်နာရီခွဲနေပြီ၊ ပြင်လိုက် ရတော့မလား”

သူက တိုးတိုးညင်ညင်သာပြောသော်လည်း မောင်စိန်သောင်း၏ နားထဲတွင် “ဗုံးကွဲ'' သွားလေသည်။ စိတ်ကူးတွေလည်း ဘယ်ရောက်ကုန်မှန်း မသိ။ မောင်စိန်သောင်းသည် ပုံနှိပ်စက်သံ တဂျုန်းဂျုန်းကြား၌ စာရေး၍ ရသည်။ ရေဒီယိုဖွင့်ထားရင်း စာရေး၍ရသည်။ သို့သော် ကိုယ့်အိမ်ကိုယ် ငြိမ်ငြိမ်တိတ်တိတ် စာရေးစဉ်၊ ဤသို့ဖြစ်သောအခါ ရေးလက်စ ပြတ်သွား တတ်သည်။ အဘယ်ကြောင့် ဤသို့ဖြစ်သည်ကို မောင်စိန်သောင်းလည်း စဉ်းစား၍မရ။ ဘာ့ကြောင့်မှန်း မသိ။ ထိုအခါမျိုးတွင် မောင်စိန်သောင်း အလွန်စိတ်ပျက်၏။

နောက်တစ်ခုမှာ မောင်စိန်သောင်း အပြင်ထွက်မည်ဟု အင်္ကျီလဲလိုက်လျှင် “ဘယ်သွားမှာလဲ” ဟု မေး၏။ ဤသည်ကို မောင်စိန်သောင်း ဒေါသဖြစ်၏။ ပုံနှိပ်တိုက်၌ စာအုပ်ရိုက်နေစဉ်အခါဆိုလျှင် သူ မမေး၊ ပုံနှိပ်တိုက်သွားမှာပဲဟု သူသိ၏။ သို့သော် ဘာအကြောင်းမှမရှိဘဲ အပြင် ထွက်လျှင်

“ဘယ်သွားမှာလဲဟင်၊ ဘယ်ကိုလဲ ပြောပါဦး”

အထပ်ထပ်မေး၏။

မောင်စိန်သောင်း အိမ်မှာချည်း ကုပ်မနေနိုင်။ အပြင်ထွက်ချင်သည် အပေါင်းအသင်းများနှင့် တွေ့ချင်သည်။ စကားပြောချင်သည် အဖော်
ကောင်းလျှင် သောက်ချင်သည်။ လျှောက်လည်ချင်သည်။ ဤသို့ သွားလာ လှုပ်ရှားရင်း ဇာတ်လမ်းကလေးများ စိတ်ကူးကလေးများ ရတတ်သည်။

မောင်စိန်သောင်းကိုယ်နှိုက်က ဘယ်ကိုသွားမည်ဟု မရည်ရွယ်ဘဲ အပြင်ထွက်မည်ကို ''ဘယ်သွားမလဲ” မေးသောအခါ မည်ကဲ့သို့ ဖြေရ မည်နည်း။

ပြီးလွယ်စီးလွယ် “ဒီနားတင်ကွာ” ဟု ဖြေလိုက်လျှင်လည်း

“ဘယ်နားတင်လဲ”

ဘယ့်နှယ်လုပ်ရပါ့။

“ဘာလုပ်မလို့လဲ”

“သိချင်လို့ပေါ့”

“မင်း သိစရာမလိုဘူး၊ ဘယ်သွားသွား”

သည်လို ကတောက်ကဆဖြစ်ရသည်။

တစ်ခါတစ်ရံ မောင်စိန်သောင်း သောက်လာသောအခါ ဘာမှ မပြောသော်လည်း မျက်နှာမှုန်ကုပ်ထားသည်။ ဘယ့်နှယ်လုပ်ရပါ့။

သည်လိုနှင့်...

တစ်နေ့ မောင်စိန်သောင်း အိမ်ပြန်အလာတွင် ဗေဒင်ဆရာ တစ်ယောက်ကို တွေ့ရသည်။ တွက်ချက်ပြီးစီး၍ လက်ဖက်နှင့် ရေနွေး ကြမ်းပင် သုံးဆောင်နေလေပြီ။

မောင်စိန်သောင်းဇနီး မနှင်းရည်က ဗေဒင်ဆရာနှင့် မိတ်ဆက် ပေးသည်။ မောင်စိန်သောင်းကလည်း ရိုသေစွာ ဆက်ဆံပါသည်။

မောင်စိန်သောင်းသည် မနှင်းရည် ဗေဒင်မေးခြင်းကို မကန့် ကွက်ပါ။ သူ စိတ်သက်သာရာ သက်သာကြောင်း၊ ပျော်ရွှင်ရာပျော်ရွှင်ကြောင်း စိတ်ချမ်းသာသလို လုပ်ပါစေဟု သဘောထား၏။

ဘုရားကို ပန်း၊ ရေချမ်း၊ ဆီမီး စသည်ဖြင့် ကပ်လှူခြင်းသည် ယတြာချေသည်ဆိုဆို ဘာဆိုဆို ပူဇော်ခြင်းသည် ကောင်းမြတ်၏။ စိတ်ချမ်းမြေ့၏။ လုပ်ချင်သလို လုပ်ပေတော့ မနှင်းရည်ဟု မောင်စိန်သောင်း သဘောထားသည်။

သို့ရာတွင် ထိုနေ့က ထိုဗေဒင်ဆရာက

“မောင်စိန်သောင်း အသောက်လည်း လျှော့ပေါ့ဗျာ။ ဖြတ်နိုင်ရင် အကောင်းဆုံးပဲ”

မောင်စိန်သောင်း အောင့်သွားလေသည်။

ဗေဒင်ဆရာတွက်ချက်ခြင်းသည် ကောင်းပါ၏။ သို့ရာတွင် အခြားသူ၏ အခွင့်အရေးကို ဗေဒင်ပညာဖြင့် စွက်ဖက်ရန် မသင့်ဟု မောင်စိန်သောင်း ယူဆသည်။

အားနာပါးနာဖြင့် ခေါင်းညိတ်လိုက်သည်။ ပါးစပ်ကတော့ ယားလှပြီ။

ထို့ကြောင့် အခန်းတွင်းသို့ ဝင်ခဲ့သည်။

ဗေဒင်ဆရာ ပြန်ကြွသွားသည်။

မနှင်းရည် အခန်းထဲ ဝင်လာသည်။

“ဘာလုပ်တာလဲ နှင်းရည်”

“အစ်ကို ကောင်းအောင်လို့ပေါ့ အစ်ကိုရယ်”

“အစ်ကိုက ဆိုးနေလို့လား”

“မဟုတ်ပါဘူး။ အသောက်အစားကိစ္စလေး”

“အိုကွာ ငါ မူးပြီး လျှောက်ရမ်းနေတာမှ မဟုတ်တာ”

“ဒါတော့ ဒါပေါ့၊ ဒါပေမဲ့”

“တော်တော့ကွာ”

◾

မောင်စိန်သောင်း အရက်ဆိုင်ထွက်ခဲ့သည်။ သောက်သည်။ ဘယ်လောက်မှန်း မသိ။ ထိုညက တဒုန်းဒုန်း တဒိုင်းဒိုင်း ဟိုကန် သည်ကျောက်နှင့် အိပ်ပျော် သွားသည်။

အိပ်ရာမှ နိုးသောအခါ နေအတော်မြင့်နေပြီး အိမ်တွင် မနှင်းရည် မရှိ။ မေးကြည့်သောအခါ ဘုရားကိုသွားသည်ဟု ဆိုသည်။

“ဘယ်သူနဲ့သွားသလဲ” ဆိုတော့

“အမေနဲ့”

မောင်စိန်သောင်း၏ မိခင်နှင့် အတူသွားကြခြင်း ဖြစ်သည်။ မောင်စိန်သောင်း အရက်မသောက်စေခြင်းငှာ ယတြာချေကြခြင်းဟု မောင် စိန်သောင်း ယူဆလိုက်သည်။

အမှန်မှာ မောင်စိန်သောင်း၏ မိခင်ရော ဇနီးပါ နည်းနည်း လွန်လာသော မောင်စိန်သောင်းကို ပြောမရဆိုမရသည့်အဆုံး ကြံမိကြံရာ ကြံကြခြင်းဖြစ်လေသည်။

မည်မျှစွမ်းသော ယတြာဖြစ်သည်တော့ မသိ။

◾

မနှင်းရည် တရှုံ့ရှုံ့ ငိုရသည်။ မိခင် မျက်ရည်ဝိုင်းသည်။

ဗေဒင်ဆရာသည် တခြားတစ်ဦးဦးအား ယတြာပေးနေပေ တော့မည်။

ရွှေတိဂုံစောင်းတန်းမှ ပန်းသည်တို့သည်လည်း 'ပန်းဝယ်သွားပါ ဦးလား” ဟူသော အသံကို ပြိုင်တူ ရွတ်နေကြပေမည်။

ဖယောင်းတိုင်အချို့သည် အဖြူမှ အညို၊  ရွှေရောင် ငွေရောင် စသည်ဖြင့် ပြောင်းနေကြပေလိမ့်မည်။

မောင်စိန်သောင်းတစ်ယောက်တော့ အရွဲ့တိုက် ကောင်းသည်နှင့် အိပ်ရာပေါ် ပက်လက်ကလေးနေရင်း အကြောအားဆေး သွင်းနေရရှာ လေသည်။

ယတြာ ကျေ မကျေတော့ မသိ။

မောင်စိန်သောင်းတစ်ယောက် အရက်သောက်သူ သို့မဟုတ် အရက်သမားနှင့် အရက်သောက်တတ်သူကို ခွဲခြားသိသွား၏။

သူ့အဘိုး ဖိုးစိန် အသက် ခုနှစ်ဆယ်ကျော်မှ သေသည်။ သေခါနီး “ရေဆာတယ်၊ ဘီယာတိုက်” ဟု အိပ်ရာထဲ လဲနေရာမှ ပြောသည်။

သူ့ချစ်မိတ်ဆွေကြီးနှစ်ဦးဖြစ်သော ကိုထွန်းထွန်းနှင့် ကိုဦးတို့ အရက်ကြောင့် အသက်လေးဆယ်ကျော်တွင် ရှေ့ဆင့်နောက်ဆင့်သေကြသည်။

မောင်စိန်သောင်းသည် သူ့ထုံးစံအတိုင်း ဗေဒင်ဆရာကို ကြံဖန် ကျေးဇူးတင်နေလေသည်။

၁၉၈၀၊ ဧပြီ၊ ရှုမဝမဂ္ဂဇင်း

ဆရာမောင်ဝဏ္ဏ၊ မောင်စိန်သောင်း မနှင်းရည် ဝတၳုတိုများ ပီဒီအက်ဖ်၊
စာမျက်နှာ ၇ - ၁၈။

စာရိုက် - စလေ ငနော့