•••••••••••••••••••••••••••••••
နီကိုရဲ
တီထွင်သည်”... ဟူသော ဝေါဟာရသည် လူနှင့်သာ ပတ်သက်ပြီး လူသတ္တဝါကသာ ပြုလုပ်နိုင်သော ကိစ္စရပ်တစ်ခုသာ ဖြစ်ပါသည်။
ကမ္ဘာဦးအစကတော့ ကျောက်တုံးနှစ်တုံး (သို့) သစ်သားနှစ်ခုကို အမှတ်တမဲ့ ပွတ်တိုက်မိရင်း မီးကို ဖန်တီးယူ၍ရမှန်း သိလာကြ၏။
မီးလောင်ရာမှ လောင်ကျွမ်းခံရသော အသားကို အနံ့အသက်ကြောင့် စားမိရာမှ အသားငါးကို ကင်စားရမှန်း သိလာကြ၏။ လုံးဝန်းသော
ကျောက်တုံး တစ်တုံး လိမ့်ဆင်းလာသည်ကို မြင်ရာမှ ဘီးသဘောကို သိလာနိုင်ကြ၏။
ကျေနပ်ရောင့်ရဲမှု မရှိခြင်းကြောင့် တီထွင်မှုသည် စတင်ခဲ့သည်။
ကျောက်တုံးနှစ်လုံးပွတ်တိုက်၍ မီးရသည်ကို ကျေနပ်လျှင်.. မီးခြစ်များပေါ်လာစရာ အကြောင်းမရှိပေ။ ထင်းဖြင့် မီးကို ထိန်းသိမ်းရသည်ကို ရောင့်ရဲနေလျှင် လောင်စာဆီများ ပေါ်လာစရာ အကြောင်းမရှိပေ။ လှည်းနှင့်
သွားရသည်ကို သာယာနေလျှင် ကားပေါ်လာစရာ အကြောင်းမရှိပေ။
အသားကို ကင်စားရရုံဖြင့် အာသာပြေနေလျှင် ကြော်လှော်ချက်ပြုတ်နည်းများ ပေါ်လာစရာ အကြောင်းမရှိပေ။
သို့သော် ကျောက်တုံးမရှိသောဒေသတွင် မီးကို ဘယ်လိုရှာဖွေမည်နည်း။ မိုးရွာနေသောအခါ ဘယ်လိုလုပ် ကျောက်တုံးမှ မီးပွားထွက်လာမည်နည်း။
ပြည့်စုံမှုကိုမှ လိုချင်သောသူသည် သဘာဝကြီးကို စဉ်းစားရသည်။
သဘာဝကြီးက ..မေးသော မေးခွန်းကို ဖြေရသည်။
“တီထွင်ကြသူများ” သည် သဘာဝ၏ မေးခွန်းကို မှန်အောင် ဖြေဆိုနိုင်ကြသူများပင် ဖြစ်ပါသည်။
တီထွင်မှုဆိုသည်မှာ ပြီးပြည့်စုံခြင်းမရှိသေးမီ စတင်ချိန်တွင် တော်တော် အူကြောင်ကြောင်နိုင်သော ကိစ္စမျိုးသာဖြစ်သည်။ ရုတ်တရက် ကြည့်မည်ဆိုလျှင်... မကြားဖူးသော... မမြင်ဖူးသော... ထုံးစံမရှိသော... ကိစ္စတစ်ရပ်ကို ဖြစ်မည်ဟု ထင်နေသော လူလက်မခံနိုင်သည့်ကိစ္စမျိုးသာ ဖြစ်လေ့ရှိသည်။ လူအများ လက်ခံမထားသော ကိစ္စကို အားထက်သန်သဖြင့် “အရူး” ဟု လွယ်လွယ်ပြောနိုင်ပါသည်။ ၎င်းတီထွင်သည့်ကိစ္စ အထမမြောက်လျှင် ထိုဘွဲ့ထူးမျိုးကို ရတတ်ပါသည်။
လေယာဉ်ပျံဆိုတာ မမြင်ဖူးခင်အချိန်က လူတွေ လေပေါ် ပျံနိုင်ရမယ်.. ဟု ယုံကြည်ကာ တောင်ထိပ်ပေါ်မှ အတောင်ပံတပ်ခုန်ချသူကို
ထိုပတ်ဝန်းကျင်ရှိ လူတွေက ထိုဘွဲ့ထူးကို လျင်လျင်မြန်မြန် ပေးတတ်ပါသည်။
ထိုလူကလည်း သူ အတောင်ပံတပ်၍ တောင်ပေါ်မှ ခုန်ချခြင်းကို
တီထွင်နေခြင်းဟု သိချင်မှလည်း သိပါလိမ့်မည်။ သူ့ စိတ်ထဲမှာ လိုချင်သော အခြေအနေကို ဆန္ဒရှိသည့်အတိုင်း လုပ်ကြည့်ခြင်းသာ ဖြစ်ပါသည်။ ထိုလူကဲ့သို့ မပြုလုပ်နိုင်လျှင် မပြုလုပ်ရဲလျှင်... တီထွင်မှုဆိုသည်မှာ ဘယ်တော့မှ ဖြစ်နိုင်မည် မဟုတ်ဆိုတာတော့ သေချာပါသည်။
ကျွန်တော် ကျောင်းနေစဉ်က အဖြစ်အပျက်တစ်ခုကို ယနေ့တိုင်
အမှတ်ရနေပါသည်။ ထိုကိစ္စမှာ တီထွင်မှုတစ်ခုတော့ မဟုတ်ခဲ့ပါ။ စိတ်ထဲမှာ ရှိသည့် ခံစားမှုအတိုင်း လုပ်ခဲ့သောကိစ္စသာ ဖြစ်ပါသည်။ ထိုကိစ္စကို မည်သူမှ လိုက်မလုပ်သလို မည်သူမှလည်း လုပ်ဖို့ ကြိုးစားမည် မဟုတ်ပါ။ ကျွန်တော့်ကိုလည်း အရူး... ဟူသောဘွဲ့ကို ပေးမည်ဆိုလျှင်
ကျေနပ်ပါသည်။ ပေးလည်း ပေးကြပါသည်။
ထိုကိစ္စဖြစ်ခဲ့ခြင်းမှာ ကျွန်တော် (၁၀) တန်း ပထမနှစ်ကျပြီးသည့် အချိန်က ဖြစ်ပါသည်။ (၁၀) တန်းကျသဖြင့် ကျွန်တော် တော်တော် စိတ်လေသွားပါသည်။ အမှန်တော့ (၁၀) တန်းကျလျှင် စိတ်လေရမည်... ဟု
ရှေးက (၁၀) တန်းကျသမားများနှင့် ရုပ်ရှင်၊ ဝတ္တုများက ပေးခဲ့၍လား မသိ။ ဘာမှ မဟုတ်ဘဲ ကျွန်တော် စိတ်ဓာတ်ကျရမည်ဟု ယုံကြည်ကာ စိတ်ဓာတ်ကျခဲ့ကြောင်း ကောင်းကောင်းမှတ်မိပါသည်။
(၁၀) တန်းကျသူများကို (ကျွန်တော်တက်သော ကျောင်းက) အားလုံး စုထားသဖြင့် အကျချင်းပေါင်းကာ နေကာ ကျွန်တော်တို့ တစ်တန်းလုံး လိုအပ်ပျော်ရွှင်စွာ စိတ်ဓာတ်ကျကြ၏။ စိတ်ဓာတ်ဆိုသည်မှာ ကျဆိုလျှင် ကျတတ်မှန်း ကျွန်တော်မသိ။ ကျွန်တော်သိသည်မှာ (၁၀) တန်းကျလျှင်
စိတ်ဓာတ်ကျရမည်ဆိုတာပဲ ဖြစ်သည်။
ထိုနှစ်မှာပင် ကျွန်တော် ဆေးလိပ်သောက်သည်။ မပြေးစဖူး ကျောင်းလည်း ပြေးဖူး၏။ ဂစ်တာလည်း တီးတတ်သွားသည်။ ည (၈) နာရီမှ အိမ်ကို ပြန်ရောက်၏။ ည (၈) နာရီဆိုသဖြင့် ပြောရဦးမည်။ ကျွန်တော်တို့ခေတ်တုန်းက ယနေ့ခေတ်လို TV တွေ ဘာတွေမရှိ။ လူတွေကို ပျော်စရာ (Entertainment) မရှိ။ ရေဒီယိုသာ ရှိသည်။ ရေဒီယိုမှ
ဇာတ်လမ်းပမာ မလာသည့်ညမျိုးဆိုလျှင် (၈) နာရီမှာ အိမ်သားတွေ အိပ်ပြီ ဖြစ်သည်။ ယနေ့ခတ် (၈) နာရီပြန်လာလျှင်တော့ (၇) နာရီ တရုတ်ကား ပြီးစ... သတင်းလာနေချိန်တွင် အိမ်သားတွေ နားနားနေနေရှိနေတုန်းသာ
ဖြစ်လိမ့်မည်။ ကျွန်တော်တို့တုန်းကတော့ (၈) နာရီသည် အခုထက်မှောင်ကာ လမ်းမှာ ခွေးတွေကိုက်နေကြပြီ ဖြစ်၏။
ကျွန်တော် ကျောင်းစာကိုလည်း စိတ်မဝင်စား။ မနှစ်ကသင်ပြီးသားများဖြစ်သဖြင့် ဆရာပြောလျှင် သိနေသည်။ ဆရာများကလည်း မနှစ်ကလိုပင်... ဒီသင်ခန်းစာ မသင်ခင်... ဒီရယ်စရာ ပြောမည်။ ဒီနားကျလျှင်...
မင်းတို့မသိဘူး မဟုတ်လားဟု မေးမည်ဆိုတာ သိနေကြသည်။ ဆရာပြောမှ သိခြင်းဖြစ်ပြီး ထိုစာကို ကျွန်တော် အလွတ်ရနေခြင်းတော့ မဟုတ်။ (၉) တန်းအောင်တုန်းက စိတ်ဝင်စားခဲ့သော်လည်း (၁၀) တန်းအကျဆိုတော့ စိတ်မဝင်စားတော့။ စာလည်း မကူး။ မနှစ်က ကူးထားတာတွေ ရှိနေသည်။
ခြုံ၍ပြောရလျှင် ကျွန်တော့်ပတ်ဝန်းကျင်သည် ကျွန်တော့်အတွက် ငြီးငွေ့စရာဖြစ်နေသည်။ စာသင်ခန်းသည် ကျွန်တော့်ကို သက်သာချောမွေ့အောင် မဆွဲဆောင်နိုင်ခဲ့။ (၁၀) တန်းကျ၍ စိတ်လေရမည်ဆိုတာ တစ်ခုသာ ကျွန်တော့်အတွက် ဆန်းနေခဲ့သည်။ ဆန်းသစ်ခြင်းကို စိတ်ဝင်စားသော လူငယ်သဘာဝကို စိတ်လေခြင်းကိုသာ အကြိမ်ကြိမ်လုပ်နေမိသည်။
ဒီလိုနှင့် (၁၀) တန်း၏ ပထမအစမ်း စာမေးပွဲဖြေရသည်။ ပထမဦးဆုံး ဖြေရသောဘာသာမှာ အများသိသည့်အတိုင်း မြန်မာစာပင်ဖြစ်၏။
မေးခွန်းကိုဖတ်ကာ ကျွန်တော် စိတ်ညစ်သွားသည်။ သဒ္ဒါ... စကားပြေ... ကဗျာ... ခက်ဆစ် ... အားလုံးမှာ ကျွန်တော်သိပြီးသားတွေချည်း ဖြစ်နေ၏။ ကြောက်ကြောက်ရွံ့ရွံ့နှင့် ဖြေရမည့်မေးခွန်း ဘာမှ မရှိ။ စာမေးပွဲအခန်း၏ ရင်ခုန်စရာ အနံ့အသက်ကို ကျွန်တော်မရ။ ထို့ကြောင့်...
ကျွန်တော့်ထုံးစံအတိုင်း စိတ်လေပစ်လိုက်၏။
(၁၀) တန်းအသစ်နှင့် အဟောင်းကို ရောကာ ခုံနံပါတ်ချထားသဖြင့်... ကုန်းရုန်းကာ ဖြေနေသော အသစ်ကလေးတွေကို ကြည့်ကာ
(၁၀) တန်းကျထုံးစံ ကျွန်တော်ပြုံးမိသည်။
သို့သော်... စာမေးပွဲအခန်းကို ဝင်သူတစ်ယောက်အနေနှင့် ကျွန်တော်
သူတို့လိုပဲ ဖြေချင်ပါသည်။ မေးခွန်းစာရွက်ကို စိတ်ဓာတ်ကျကာ ဆက်ဖတ်တော့ ကျွန်တော့်အတွက် ဆန်းသစ်နေတာတစ်ခု တွေ့ရ၏။ ထိုမေးခွန်းမှာ စာစီစာကုံးသာဖြစ်ပါသည်။ ကျွန်တော် မကျက်ဖူးသော... ကျွန်တော် မသင်ရသေးသော အရာ...။
ကျွန်တော်မေ့မရအောင် မှတ်မိနေသော စာစီစာကုံးသုံးခုက...
(၁) အများအကျိုးပြု တို့ရှေးရှု။ (၂) သီတင်းကျွတ်ပွဲတော်၊ (၃) နွေရာသီ
အားလပ်ရက် ... တို့ ဖြစ်ပါသည်။
ထို (၃) ခုအနက် ကျွန်တော်က “သီတင်းကျွတ်ပွဲတော်” ကို ရွေးပါသည်။ ကျွန်တော်ရင်ခုန်စွာ နံပါတ်ထိုးပြီး စရေး၏။ ထိုစဉ်က ငါးရာ့ငါးဆယ်နိပါတ်တော်အပြင် စာပေါင်းစုံဖတ်ထားသဖြင့် ကျွန်တော် သီတင်းကျွတ်ပွဲတော်ကို ကောင်းကောင်း ရေးနိုင်မည်ဟု ကျွန်တော့်ကိုယ် ကျွန်တော်
သိနေပါသည်။
မြတ်စွာဘုရားရှင်က မွေးကျေးဇူးကို ဆပ်ရန်အတွက် နတ်ပြည်တွင် ရှိသော မယ်တော်မိနတ်သားထံ တရားဟောသွားပုံနှင့် စာစီစာကုံးကို စဖွင့်သည်။
နတ်ပြည်တွင် တရားဟောသည့်အခါ... တရားဟောသူက ဘုရားရှင်... တရားနာသူက နတ်များဖြစ်သဖြင့် လူပရိသတ်ထက်များစွာ အသိဉာဏ်အဆင့်မြင့်ပုံ ... ဘုရားရှင်က တရားဟောသည့်အခါတွင်... သာမန်လူများ စကားတစ်ခွန်းပြောပြီးသည့်အချိန်ကို ဘုရားတို့၏ တန်ခိုးအာနုဘော်ဖြင့် စကားအခွန်း (၁၀၈) လုံးမျှပြီးသည် အရှိန် (အလျင်) ဖြင့် ဟောပြောပုံ၊ ထိုသို့ဟောပြောသည်ကိုပင်လျှင် ဝါတွင်းလေးလ ကြာမြင့်ခဲ့ပုံ။ ထိုသို့ဟောအပြီး မြတ်စွာဘုရား ပင်ပန်းတော်မူသဖြင့် နတ်ပြည်ရှိ မဟာနန္ဒာကန်တော်တွင် မျက်နှာတော်သစ်ရပုံ၊ မယ်တော်မိနတ်သား... သောတာပန်တည်ပုံ... မြတ်စွာဘုရားရှင်မရှိခိုက် လူ့ပြည်တွင် လူအများက ဥပုသ်သီလစောင့်ထိန်းကြခြင်းဖြင့် ... ဝါတွင်းတွင် ဥပုသ်သီလစောင့်ခြင်း
အလေ့အထဖြစ်ပုံ၊ ဘုရားရှင် လူ့ပြည်သို့ပြန်ကြွသောအခါ ရွှေ၊ ငွေ၊
ပတ္တမြားစောင်းတန်းများဖြင့် ဆင်းပုံ... လူအများက ဆီမီးထွန်းကာ ပူဇော်ကြပုံတို့ကို စာကိုယ်တွင်ရေးပြီး... နိဂုံးတွင် ယနေ့ခေတ် သီတင်းကျွတ်ပွဲတော်တွင် လူအများက ထိုကိစ္စများကို မေ့လျော့ကာ ပျော်ရွှင်ကြပုံ၊ ဘုရားသွားကာ မိန်းကလေးများငမ်းကြပုံ သရုပ်ပျက်ဂီတများဖြင့် စင်ထိုးကာ
ပျော်ရွှင်နေကြပုံများကို ထုံးစံအတိုင်းရေးကာ နိဂုံးချုပ်ရသည်။
ကျွန်တော် စာရွက် (၃) ရွက် ထပ်တောင်းရ၏။ စာစီစာကုံးများကို တစ်ခါမှ မရေးဖူးသလို ဝတ္ထုရေးခဲ့ခြင်းသာ ဖြစ်ပါသည်။ စာမေးပွဲအချိန်
(၃) နာရီပြည့်ရန် (၁၅) မိနစ်လောက်လိုမှ ကျွန်တော်ပြီး၏။ မြန်မာစာ ဖြစ်သဖြင့် လွန်ခဲ့သော နာရီဝက်ခန့်ကတည်းက အတန်းထဲမှ လူများထွက်ကုန်ကြပြီဖြစ်သည်။ ကျွန်တော်တစ်ဦးတည်းသာ စာစီစာကုံးတစ်ပုဒ်တည်း ဖြေရင်း ကျန်နေခဲ့ခြင်းဖြစ်သည်။ စာမေးပွဲခန်းထဲက ထွက်တော့... ထူးဆန်းစွာ ကျွန်တော်ပေါ့ပါးလွတ်လပ်နေခဲ့သည်ကို အထူးမှတ်မိပါသည်။ (ယခုမှ ပြန်တွေးရသည်မှာ ကျွန်တော် ဝတ္ထုတိုတစ်ပုဒ်ရေးပြီးစ လွတ်လပ်မှုမျိုးပင်
ဖြစ်သော်လည်း ... ထိုစဉ်က အရသာက ပိုမို၍ ခံစားရပါသည်)။
ကျောင်းတွေ့ပြန်ဖွင့်ပြီး ဒုတိယနေ့တွင်... မြန်မာစာဆရာမ ဝင်လာပါသည်။ အမှတ်စာရင်း မကြေညာမီ ဆရာမမှ “ခုံနံပါတ် (၂၄၈) ရဲဝင်း
ထ'' ဟူသော အသံကို ကြားရ၏။ ကျွန်တော်မတ်တတ်ရပ်ပြီးတော့ ဆရာမမှ ကျွန်တော်ဖြေခဲ့သော စာစီစာကုံးကို တစ်တန်းလုံးကြားအောင် ဖတ်ပြပါသည်။
ဆုံးသွားတော့ အင်မတန်ကောင်းသော စာစီစာကုံးဖြစ်ကြောင်း၊ သူပင်လျှင် မသိသော အချက်များပါဝင်နေကြောင်း... သတိမထားမိသော အချက်များလည်း ပါကြောင်း...။ ဥပမာ- တရားဟောသည်မှာ ဘုရားရှင် ဖြစ်ပြီး နားထောင်နာသူများက နတ်ဖြစ်သောကြောင့် .... ဆိုတာမျိုးကို သူသတိမထားခဲ့မိကြောင်း။ ဘုရားတို့၏ အာနုဘော်ဖြင့် သာမန်လူ စကားတစ်ခွန်း ပြောချိန်တွင် စကား (၁၀၈) ခွန်းပြီးကြောင်း.... တို့ကို သူမသိကြောင်း... ပြောပါသည်။
ထို့ကြောင့် အကောင်းဆုံးစာစီစာကုံးအဖြစ် အမှတ် (၂၀) ပေးသည့်အနက်က (၁၈) မှတ်ရကြောင်း... သို့သော် ထိုစာစီစာကုံးတစ်ပုဒ်သာ ဖြေသည့်အတွက် ကျွန်တော်တစ်ဦးတည်း တစ်တန်းလုံး (၁၀) တန်းကျောင်းသား အားလုံးထဲတွင် အမှတ် (၁၈) မှတ်ဖြင့် ကျကြောင်း ပြောကာ ကျွန်တော့်
ရှေ့ထွက်ခိုင်းပါသည်။
ကျွန်တော့်အဖြေလွှာတွင် စာစီစာကုံးမှလွဲ၍ အခြားမည်သည့် အပုဒ်ကိုမျှ မဖြေခြင်းသည် စာမေးပွဲကို မထေမဲ့မြင်ပြုကြောင်း၊ အထူးသဖြင့်
မြန်မာစာသင်သော ဆရာမ သူ့ကိုစော်ကားခြင်းဖြစ်ကြောင်း၊ မည်မျှရေးတတ်ရေးတတ် ထိုသို့ စတန့်မထွင်သင့်ကြောင်း အားလုံးသိအောင်ပြောကာ ထိုအပြစ်များအတွက် ကျွန်တော့်ကို ကြိမ်လုံးနှစ်လုံးပူးနှင့် ၅ ချက်တီးပါသည်။ ကျွန်တော်ကော့နေအောင် ခံလိုက်ရ၏။ တော်တော်နာပါသည်။
ဆရာမက ကျွန်တော့်စာစီစာကုံးကို အတန်းတိုင်း ဖတ်ပြကာ ကျွန်တော် (၁၈) မှတ်ဖြင့်ကျ၍ ၅ ချက်အတီးခံရကြောင်း ပြောခဲ့သဖြင့် ကျွန်တော့်ကို (၁၀) တန်းကျောင်းသားတိုင်းက သိသွားကြသည်။ တချို့က “ရူးတာပါကွာ...'' ပြောကြပြီး တချို့က “ထွင်တာ” ဟု ပြောကြ၏ ။ သို့သော်... ကျွန်တော့်လို စာစီစာကုံးတစ်ပုဒ်တည်းသာ ဖြေသောလူတွေ နောက်ထပ်မပေါ်လာပါ။ ကြားလည်း မကြားရပါ။ ရှိလည်း ရှိမည်မထင်ပါ။ ကျွန်တော် ရူးသလို မည်သူမျှ မရူးကြပါ။
ဆရာမရိုက်စဉ်က နာကျင်သဖြင့် စိတ်ဆိုးခဲ့သော်လည်း ထိုအနာမှာ
ပျောက်သွားသည့်အခါ စိတ်မဆိုးတော့ပါ။ ကျွန်တော်၏ တစ်ကြိမ်တစ်ခါ ရူးခြင်းကို မည်သူမှ လိုက်မလုပ်သည့်အတွက်လည်း စိတ်မကောင်းမဖြစ်ပါ။ ဆရာ၊ ဆရာမတို့၏မာနအရ အပြစ်ပေးသော ဆရာမအပေါ်လည်း မနာကြည်းပါ။ ကျွန်တော် (ရူးခြင်း၊ ထွင်ခြင်း) ဆိုတာကိုလည်း ထိုစဉ်က
မသိပါ။
ကျွန်တော့်လုပ်ရပ် (ရူးခြင်း) သည် မည်သူ့အတွက်မှ အကျိုးမပြုခဲ့သော်လည်း... ကျွန်တော့်အတွက်တော့ (တစ်ကြိမ်တစ်ခါ ရူးခွင့်ရခြင်းကြောင့်) ယနေ့တိုင် အကျိုးရှိနေခဲ့ပါသည်။ ကျွန်တော့်စာစီစာကုံးကို ဆရာမက အတန်းတိုင်းဖတ်ပြခြင်းကို ကျွန်တော်ကျေနပ်ပါသည်။ ထိုအချိန်မှ စ၍
ကျွန်တော် စာရေးရန်စိတ်ကူးရပါသည်။ စာရေးခြင်းကို ကျွန်တော် တပ်မက်သွားခဲ့ပါသည်။
ထို့ကြောင့် ... လူသည်... တီထွင်မှုအတွက် ... ရောက်ရှိနေသော အခြေအနေကို မကျေနပ် ငြီးငွေ့သည့်အခါ အသုံးပြုတတ်ပြီး ... လူတိုင်း
လူတိုင်း... တစ်ကြိမ်တစ်ခါလောက်တော့ ရူးသင့်သည်ဟု ကျွန်တော် ထင်ပါသည်။
ကျွန်တော့်ဆရာမအား အမှတ်တရ...
နီကိုရဲ
ဆရာနီကိုရဲ၊ ရည်းစားစာ ဝတ္ထုတိုစု၊
စာမျက်နှာ ၅၃ - ၆၁။
စာရိုက် - စလေ ငနော့
