•••••••••••••••••••••••••••
နီကိုရဲ
''လိုက်ဖက်ထောင့်တစ်ခုစီ၌ ပန်းတစ်ပွင့်စီ ပွင့်စေရန် ပန်းခြင်းတောင်းတစ်ခုအား နေရာချထားခြင်း''
ဆိုတဲ့ နာမည်နဲ့ ကျွန်တော့် ကဗျာစာအုပ်ကလေး တစ်အုပ် ကို ဒုတိယနှစ်ကျောင်းဖွင့်ပြီး မကြာမီမှာပဲ ကျွန်တော် ထုတ်ေ၀ခဲ့တယ်။ ကျောင်းသားဘ၀မှာ ကဗျာစာအုပ်ထုတ်ရတာ တော်တော်လေးကို ပျော်စရာကောင်းတယ်ဗျာ။ ကိုယ့်ကဗျာတွေကို ကိုယ့်ဘာသာ ဖယောင်း လက်ရေးရေး၊ နှစ်ပေမီးချောင်း အကျွမ်းကလေးနှင့် မင်ထည့်ပြီး ကိုယ့်ဘာသာလှိမ့်၊ A4 ရွက်ကို
သုံးခေါက်ချိုး၊ အလျားလိုက်ခေါက် တစ်ယောက်တည်းနဲ့ပြီးတာပဲ။ ကိုယ်က ကျူရှင်တွေမှာ ဖယောင်း လက်ရေး ရေးစားနေတဲ့ကောင်ဆိုတော့ ဘယ်လိုသေးလဲဗျာ။ သုံးရက် လောက် အချိန်ပေးလိုက်ရင် လက်ဖြစ်ကဗျာစာအုပ်တစ်အုပ် ရရောပဲ။
အဲဒီတုန်းက ကျွန်တော့်ကလောင်နာမည်က
''ရဲ၀င်းနွေ'' တဲ့။
ကျွန်တော့်စာအုပ်က တခြားစာအုပ်တွေထက် ထူးဆန်းတာ တော့ အမှန်ပဲ။ အဲဒီတုန်းက ဗိုလ်တထောင်တက္ကသိုလ်မှာထုတ်တဲ့
ကဗျာစာအုပ်နာမည်တွေက
''ကံ့ကော်နောက်ဆုံး ခြေရာများ'' တို့၊
''ခုံတန်းပြာရဲ့ ရင်ခုန်သံ'' တို့၊ ''နှလုံးသားကို ဗဟိုပြုသော အလွမ်း ရပ်၀န်း'' တို့... အဲဒီလို နာမည်တွေချည်းပဲ ရှိတာ။ ကြော်ငြာတာကလည်း
သူတို့လိုမဟုတ်ဘူး။ ကတ်ထူ A4 ဆိုဒ်ကလေးကို စာအိတ်ကလေးချိုး၊ ကော်နဲ့ကပ်ပြီး အဲဒီစာအိတ်ကလေးထဲမှာ နှင်းဆီပန်းကလေးတွေ ထိုးပြီး ကြော်ငြာတာကိုး။
ကျွန်တော့်ပထမဦးဆုံး ထုတ်ေ၀ခဲ့တဲ့ စာအုပ်က ပိုက်ဆံ သုံးရာကျော်လောက် မြတ်တယ်ခင်ဗျ။ မမြတ်လို့လည်း မရဘူးလေ။ ကျွန်တော်ရယ်၊ ဌေးကျော်ရယ်၊ မုန့်ကျွဲသဲရယ်က ကောင်မလေးတွေကို အတင်းလိုက်ရောင်းကြတာကိုး။ တစ်အုပ်မှ နှစ်ကျပ်ထဲဆိုတော့ ကောင်မလေးတွေကလည်း သူတို့နောက်က တကောက်ကောက် အလိုက်ခံရတာထက်စာရင် ငွေနှစ်ကျပ်ကို မနှမြောကြတော့ဘူးပေါ့။ သိချင်လို့ သူတို့ကိုယ်တိုင် ၀ယ်ဖတ်တာက
လေးငါးဆယ်အုပ်ထက် မပိုပါဘူး။ ကဗျာတွေရဲ့ အောင်မြင်မှုကတော့ မပြောနဲ့တော့ ကိုယ့် ဆရာရေ။ တော်တော်များများက ခေါင်းစဉ်ကိုကြည့်ပြီးတော့ နှာခေါင်း ရှုံ့ကြတယ်။ အလိုက်သိတတ်တဲ့ လူမှုရေးစိတ်ပြင်းထန်တဲ့ လူဆယ် ယောက်လောက်ကတော့ ပြုံးပြီး ထူးဆန်းတယ် လို့ပြောတယ်။ ကျန်တဲ့လူတွေကတော့ ''ခေါင်းစဉ်က ဘာကိုပြောတာလဲဟင်" လို့ တအံ့တသြမေးကြပါတယ်။
ကျွန်တော်ရေးတဲ့ ကဗျာတွေကလည်း သူတို့ဖတ်နေကျ၊ကျောင်းမှာ ရောင်းလေ့ရောင်းထရှိတဲ့ ကာရံကဗျာတွေ မဟုတ်တော့- ပိုဆိုးတာပေါ့။ ကျွန်တော်ရေးတဲ့ထဲက ရှစ်ထစ်မြောက် လှေကားမှာ ဆိုတဲ့ ကဗျာလေးတစ်ပုဒ်ပါတယ်။
ငါ့နှလုံးသား အမြဲတမ်း
တစေၧခြောက်ခံရတာ
အဲဒီ ရှစ်ထစ်မြောက်
လှေကားမှာပေါ့။
သူနဲ့ဆုံတုန်းက
လွှတ်ချခဲ့တဲ့ သူ့အပြုံးနဲ့
ထွက်ကျခဲ့တဲ့ ငါ့ ရင်ခုန်သံ
အပြန်အလှန် မိတ်ဆွေဖြစ်ခဲ့တာ
ရှစ်ထစ်မြောက်
လှေကားမှာပေါ့။
အဲဒီရှစ်ထစ်မြောက်
လှေကားဟာ
ငါ့မာနကို ပါးလွှာစေတယ်။
သူ့ သိက္ခာကို
အရောင်လက်စေတယ်။
သစ်ရွက်ကြွေထဲက
ကဗျာတွေ ပေးတယ်
လသာတဲ့ညနဲ့ နှလုံးသားကို
စကားပြောသင်ပေးတယ်။
တခြားလူတွေ ထုံးစံအတိုင်း
နင်းနေကြတဲ့ အဲဒီ ရှစ်ထစ်မြောက်
လှေကားဟာ
ငါ့ နှလုံးသားမှာ
အသားတံဆိပ် တစ်ခုဆိုတော့
ဘယ်သူ သိသလဲ။
အဲဒီကဗျာကို ဖတ်ပြီးတော့ မြန်မာစာ ဒုတိယနှစ်က ကျောင်း သူတစ်ယောက်က ကျွန်တော့်ကို လာဆွေးနွေးတယ်။
ရှစ်ထစ်မြောက် လှေကားဆိုတာ မှားတယ်တဲ့။
လှေကား ရှစ်ထစ်မြောက်ပဲရှိတယ်တဲ့။
''ကျွန်တော်က စကားပြောတဲ့အတိုင်း ရေးလိုက်တာပါ''
''ပြောတဲ့အတိုင်း ရေးလို့ရမလား... စာရေးတာနဲ့ စကား ပြောတာ တူမှမတူတဲ့ဥစ္စာ''
''စာရေးတယ်ဆိုတာ စကားပြောတာပဲမဟုတ်ဘူးလားခင်ဗျာ၊ အက္ခရာတွေမှာ အတိအကျသတ်မှတ်ထားတဲ့ အသံတွေရှိတယ် လေ...''
''မဟုတ်ဘူး... စာရေးရင် စာရေးသလိုကို ရေးရမယ်... ကဗျာရေးရင် ပိုဆိုးတယ်...မိလေးကတော့ ရှင့်ကဗျာတွေကို ကဗျာလို့ကို မထင်ဘူး''
''ဟုတ်ကဲ့... ရပါတယ်... ကျွန်တော်ကလည်း ကဗျာရယ် ဆိုပြီးရေးတာမဟုတ်ပါဘူး...ကျွန်တော်ပြောချင်တာတွေ ကျွန်တော်ခံစားရတာတွေကို ပြောပြတာပါ ... ကျွန်တော့် အသံနဲ့ပြောရင် သူငယ်ချင်း လေးငါးယောက်ပဲကြားမှာကို သိမှာကို မကျေနပ်လို့ တစ်ကျောင်းလုံးကြားရအောင် အက္ခရာတွေအားကိုးနဲ့ စကားပြောကြည့် တာပါ''
''ဒါဆိုရင်လည်း ရှင်ပြောချင်တာ မပီပြင်ဘူး...ေ၀ဝါးနေ တယ်... ဘာပြောချင်မှန်းလဲ မသိဘူး''
''လေးဆယ့်ခုနှစ် အစိမ်းကားက ဗိုလ်တထောင် ဘုရားရှေ့ကို ရောက်တယ်ဆိုတာလောက်ကလွဲရင် လူ့ဘ၀ဆိုတာ ဘာများ သေချာလို့လဲဗျာ...အရာအားလုံး ေ၀ဝါးနေတာပဲမဟုတ်လား''
လေးလေးနွယ်ဆိုတဲ့ ကောင်မလေး တော်တော် တင်းသွားတယ်။ စိတ်တွေဘာတွေဆိုးပြီး ထုံးစံအတိုင်း ကျွန်တော်နဲ့ ဆက်ငြင်း ကြတယ်။ ငြင်းကြပေမယ့် ကျွန်တော် သူ့ကို စိတ်မဆိုးပါဘူး။ ၀မ်းတောင်သာသေးတယ်။ ဗိုလ်တထောင်တက္ကသိုလ်မှာ ကျွန်တော့် ကဗျာစာအုပ်နဲ့ပတ်သက်လို့ ကိုယ်ထိလက်ရောက် လာဆွေးနွေးတာ သူတစ်ယောက်ပဲရှိတာကိုး။ ဒီလိုမျိုး စကားတွေကို ကိုယ်နဲ့ရွယ်တူ မိန်းကလေးတစ်ယောက်နဲ့ ပြောရတဲ့အရသာဟာ ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်အရသာနဲ့မှ ယှဉ်လို့မရတာ ကိုယ့်ဆရာလည်း သိမှာပေါ့။
ကျွန်တော် ကဗျာစာအုပ် ထုတ်လိုက်တဲ့အတွက် အကျိုး အမြတ်နှစ်ခုရပါတယ်။ ပထမတစ်ခုက ကျွန်တော်နဲ့ ပေါင်းသင်း ခင်မင်နေသူတွေက ကျွန်တော့်ကို သာမန်ကျောင်းသားတွေကို ဆက်ဆံ တာနဲ့မတူဘဲ ကဗျာဆရာ၊ စာသိပ်ဖတ်တဲ့ လူဆိုပြီး နေရာပေး ဆက်ဆံလာကြတယ်။ စာတွေဖတ်တဲ့အတွက် ကျွန်တော်ပြောတဲ့ စကားက သူတို့ထက်တော့ တိကျတယ် ပိုမှန်တယ်လို့ ယူဆကြတယ်။
သူတို့ယူဆတာ မမှားပါဘူး။ အမြဲတမ်းတော့လည်း မမှန်ဘူးပေါ့ ကိုယ့်ဆရာရယ်။ တစ်ခါတလေ ကျွန်တော်ဖြီးတာ ဖြန်းတာတွေ လည်းရှိတာပေါ့။ အဲဒီအကျိုးဆက်အရ နောက်ဆုံးလုပ်ရတဲ့ အလုပ် ကတော့ သူတို့ သမီးရည်းစားအကြောင်းတွေကို ဒိုင်ခံနားထောင် ပေးရတာရယ်၊ သူတို့ကို ရည်းစားစာ ရေးပေးရတာရယ်ပါပဲ။
ဒုတိယတစ်ခုကတော့ စာပေဝါသနာပါတဲ့ သူငယ်ချင်း အသစ်တွေရတာပါ။ အဲဒီ သူငယ်ချင်းတွေက အနည်းဆုံးတော့ ရင်ခုန် သံချင်းတူတာပေါ့ဗျာ။ အများတကာက ကြောင်တယ်လို့ထင်တဲ့ နေထိုင်တွေးခေါ်ပုံတွေကို သူတို့က နားလည် လက်ခံပေးကြတယ်။ ဘာသာစကားချင်း တူတယ်။ မြန်မာစကားကိုပဲ သုံးပြီးပြောနေ၊ ရေးပေမယ့် နားလည်တဲ့သူက အရှားသား မဟုတ်လား။
ကျွန်တော် စာပိုဖတ်ဖြစ်တာကတော့ လေးလေးနွယ် ကြောင့် ပါ။
သူနဲ့ ငြင်းခုန်ရတဲ့အခါမှာ ကိုယ့်ဘက်က အကိုးအကားနဲ့ ဖြစ်အောင်လို့ သူ့ကို ငြင်းစရာ ခုန်စရာ အကြောင်းအရာသစ်ကလေး ရအောင်လို့ ကျွန်တော်ဟာ စာကို ထမင်းစားသလို ဆာဆာလောင်လောင်နဲ့ကို ဖတ်ဖြစ်သွားတယ်။ စာတွေ ကဗျာတွေ ဝါသနာပါတဲ့ ယောကျ်ားလေးတစ်ယောက်ဆီမှာ သူနဲ့ အမြဲ ငြင်းမယ့် ခုံမယ့် မိန်းကလေးတစ်ယောက်တော့ ရှိသင့်တာအမှန်ပဲလို့ ကျွန်တော် ထင်တယ်။
လေးလေးနွယ်က သိပ်အလှကြီးတော့ မဟုတ်ဘူးပေါ့ဗျာ။ မိန်းကလေးဆိုတော့ ထုံးစံအတိုင်း အပျိုဂုဏ်ကလေး၊ ငယ်ဂုဏ် ကလေးနဲ့ ကြည့်လို့တော့ ကောင်းပါတယ်။ သူက သနပ်ခါး၊ မိတ်ကပ်
သိပ်မလိမ်းတတ်ဘူး။ တစ်ပတ်မှာ သုံးရက်လောက် ယောကျ်ားလေး ရှပ်အကျႌတွေဘာတွေ၀တ်တတ်တယ်။ စာသာဖတ်တာ တခြား မိန်းကလေးတွေနဲ့ မတူတာကတော့ ဆုံးမချင်တာပဲ။ ကျွန်တော့် လက်သည်းထဲမှာ ချေး(ဂျီး)တွေ ရှိတာကိုလည်း သူ မကြိုက်ဘူး။ ကျွန်တော် ဖိုသီဖတ်သီနေတာ၊ ဆေးလိပ်ပြာတွေ ဖြစ်သလိုခြွေတာ၊ အကျႌတစ်ထည်ကို ၃ ရက်လောက် ဝတ်တတ်တာတွေနဲ့ သူ အမြဲ ရန်ဖြစ်တတ်တယ်။
''ကဗျာဆရာလို့ ပြောတာနဲ့ ညစ်ပတ်တာကို လုံး၀ လက်မခံ ဘူး... ကဗျာဆရာလည်း လူပဲ... လူဆိုရင် အနည်းဆုံး တစ်ကိုယ်ရည် သန့်ရှင်းရေးတော့ ရှိကိုရှိရမယ်''
''အဲဒီလိုလုပ်တာတော့ မဟုတ်ပါဘူး... ဒီလိုပဲ အမှတ်တမဲ့ ဖြစ်တာပါ''
''အဲဒီအမှတ်တမဲ့ကို မကြိုက်ဘူး...ပြင်နိုင်ရမယ်''
သူ ကျွန်တော့်ကို အဆိုးဝါးဆုံး သတိပေးတာတော့ လွယ်အိတ် ကိစ္စပါပဲ။
ကျွန်တော်လွယ်တဲ့ လွယ်အိတ်က အင်းလေးလို့ ရေးထားတယ်။ ကိုးတန်းကတည်းက ကျွန်တော်လွယ်တဲ့ လွယ်အိတ်ပါ။ အညိုရောင်လား၊ မီးခိုးရောင်လားဆိုတာတောင် မကွဲတော့ပါဘူး။ မကွဲဆို ကျွန်တော် အဲဒီလွယ်အိတ်ကို စလွယ်ကတည်းက တစ်ခါမှ မလျှော်ဖူးဘူး။ ဒီကြားထဲ လွယ်အိတ်ထဲထည့်တဲ့ ဆေးပေါ့လိပ်က ကျိုးပြီး ဆေးခေါင်းတွေ ထွက်တာတို့၊ စမူဆာတို့ ဘာတို့စားပြီး လက်ကို ဆီပေရင် လွယ်အိတ်နဲ့ပဲ အလွယ်တကူ သုတ်တတ်တော့ လွယ်အိတ် လက်နှီးစုတ်ပုံ ပေါက်နေတာပေါ့။
''လွယ်အိတ်ဆိုတာ ကျောင်းသားဘ၀မှာ ကိုယ်နဲ့ နေ့စဉ် ထိတွေ့ရတဲ့ တိုက်ပွဲ၀င်ပစ္စည်းပဲ...စစ်သားတွေ ကျောပိုးအိတ်ကို ရိုသေသလို ရိုသေရမယ်... နောက်တစ်ခါ လွယ်အိတ်ကို ကိုးရိုးကားရားလုပ်ရင် တွေ့ပြီသာမှတ်... ရော့... အဲဒါ ရိုရိုသေသေ ကိုင်ရမယ်''
''ဟာ... ကျွန်တော် မလိုချင်ပါဘူးဗျာ''
''မရှည်နဲ့ ယူရမယ်... ဒါ အမှတ်တရပေးတာ... ရိုရိုသေသေ မကိုင်ရင်တော့ တွေ့ပြီသာမှတ်''
လေးလေးနွယ်က ဘ၀မှာ ပထမဦးဆုံး
ကျွန်တော့်ကို လက် ဆောင်ပေးဖူးတာပါ။ သူပေးတဲ့လွယ်အိတ်ကို သူ့ရှေ့မှာ လွယ်ရတာ တိုင်းဗုံးတစ်လုံးကို လွယ်ထားရသလိုပါပဲဗျာ။ ကိုယ့်ဆရာရေ... နေ့စဉ်သုံးပစ္စည်းတစ်ခုကို မိန်းကလေးတွေ လက်ဆောင်ပေးရင် ရှောင်သာရှောင်ဗျာ။ နေကြာစေ့စားလို့ အခွံတွေ လွယ်အိတ်ပေါ် ကျရင်လည်း အဆူခံရတယ်။ စိတ်ညစ်လို့ ကျွန်တော့်လွယ်အိတ် အဟောင်းကြီးကို လျှော်ဖွပ်ပြီး
ပြန်လွယ်လာတော့လည်း စိတ်ကောက် သေးတယ်။ ကျွန်တော်ကလည်း သူ့လွယ်အိတ်ကိုလွယ်ရတာ ခပ် ရှက်ရှက်ရယ်ဗျ။ လွယ်အိတ်က မိန်းကလေးတစ်ယောက် ရွေးပြီး ၀ယ်လာတာဆိုတော့ အရောင်ကနုပြီး မိန်းကလေးဆန်နေတာရယ်၊ သူငယ်ချင်းတွေက စ, တာရယ်ကြောင့်ပါ။
''ငါ လေးလေးနွယ်ကို ချစ်တယ်ကွာ... အဲဒါ မင်းတို့ကို တိုင်ပင်တာ''
ဌေး၀င်းစကားကိုကြားရတော့ ကျွန်တော် မအံ့သြပါဘူး။ ဒီကောင် အစကတည်းက မူပျက်နေတာ ကျွန်တော် သိသားပဲ။ ကျွန်တော့်ကို လွယ်အိတ်ပေးတဲ့နေ့ကဆို ပိုဆိုးတာပေါ့။ လေးလေးနွယ် လွယ်အိတ်ပေးပြီးကတည်းက ဒီကောင် ကျွန်တော့်ကို ကျိတ်မနာလို နေတာလည်း သိတာပဲ။ အခု ဖွင့်ပြောတာက ကျွန်တော့်ကို တိုင်ပင် ချင်တာထက် ကျွန်တော့် အခြေအနေကိုပါ တစ်ခါတည်းမေးတာလည်း ပါတယ်။ မင်း မထိနဲ့လို့ သတိပေးတာလည်းပါတယ်။ တစ်ချက်ခုတ် သုံးချက်ပြတ်ပေါ့လေ။
''မင်း ဘယ်လိုသဘောရသလဲ ရဲ၀င်း''
''ဟ... ဘယ်လို သဘောရရမှာလဲ...မင်းကြိုက်ရင် လိုက်ပေါ့ကွ... ဒါပဲရှိတာ''
မုန့်ကျွဲသဲက ပြုံးတယ်။ မုန့်ကျွဲသဲရဲ့ နာမည်အရင်းက မြင့်ဆွေပါ။ ဒီကောင်က မိန်းကလေးတွေကိုတွေ့ရင် ရင်အမြဲ
တုန်နေတတ်လို့ သူ့ကို မုန့်ကျွဲသဲလို့ ပေးထားတာ။ အစတုန်းက လေးလေးနွယ်ကို ဒီကောင် ရင်တုန်မယ်တောင် ထင်ထားတာ။ မုန့်ကျွဲသဲက...
''ဒီလို ရဲ၀င်းရ... မင်းနဲ့ပတ်သက်ပြီးမှ လေးလေးနွယ်ကို သိရတာဆိုတော့ မင်းကို စည်းအရ အသိပေးတာလည်းပါတယ်... ပြီးတော့ မင်းက သူနဲ့ပိုရင်းနှီးတော့ ဘယ်နည်းကိုသုံးရင် အဆင်ပြေ မယ်ဆိုတာလည်း သိချင်တယ်... ပြီးတော့ ဒီကောင့်အတွက် မင်းက နည်းနည်းပါးပါး လှော်ပေးဖို့လည်းပါတယ်''
''ငါသိတာနဲ့ မင်းတို့သိတာ သိပ်တော့မကွာပါဘူးကွာ ဒါပါ ပဲ... သူက စာပေဝါသနာပါတာပဲ ပိုတာပါ''
''ငါ စာပေးရင်ကောင်းမလား
''မင်းက သူ့ကို စကားပြောရဲလို့လား...ပြောရဲရင် ပြောလေ ... ငါ ခွင်ဆင်ပေးမယ်''
အမှန်တော့ ကျွန်တော် အမြင်ကတ်လို့ ပြောတာပါ။ ဌေး၀င်း သူ့ကိုကြိုက်တာ
မနာလိုစရာမရှိပေမယ့် ကျွန်တော့်ကို ဟိုဟိုဒီဒီ ထင်တာကို အမြင်ကတ်တာ။ စကားဆုံးတော့ ဒီကောင်က လည်ကလေးစောင်းပြီး ခပ်တွေတွေစဉ်းစားနေသေးတယ်။ သူ့ပုံက လေးလေးနွယ်ကိုပဲ ရည်းစားစကားပြောမှာလိုလို ဘာလိုလိုပေါ့။ အမှန်တော့ ဒီကောင်က မိန်းကလေးတွေနဲ့ ပတ်သက်ရင် ငကြောက် မှ တကယ့်ငကြောက်။ မုန့်ကျွဲသဲလည်း အတူတူပဲ။ ကျွန်တော်က တော့ မကြောက်ပါဘူး။
နည်းနည်း အားနာတာတစ်ခုပဲရှိတယ်။ ကိုယ်က ရုပ်မချောတော့ ကိုယ် ရည်းစားစကားပြောမယ့် ကောင်မလေးကို အားနာတယ်။ အဲဒါပဲ ရှိတယ်။
''စာပဲပေးမယ်ကွာ''
ဌေး၀င်းစကားကြောင့် ကျွန်တော် ပြုံးပဲနေလိုက်ပါတယ်။ အပြုံးက
ငါ သိပါတယ်ကွာ...မင်း ငကြောက်ပါဆိုတဲ့ အပြုံးမျိုး။
''အဲဒီစာကိုလည်း မင်းပဲ ရေးပေးရမှာနော်''
''မဖြစ်ဘူးထင်တယ်... သူက ငါ့လက်ရေးကို သိတယ်ကွ''
''မတုံးစမ်းပါနဲ့ကွာ... ငါ့လက်ရေးနဲ့ ငါ ပြန်ကူးမှာပေါ့ မင်းက သူ့အကြိုက်ကို သိထားတဲ့လူဆိုတော့ မင်းရေးပေးမှကို ဖြစ်မှာ''
လူတိုင်းမှာ အားနည်းချက်ဆိုတာတော့ ရှိကြတာပါပဲ ကိုယ့် ဆရာရေ။ စာရေးတာနဲ့ ပတ်သက်ပြီး မြှောက်ပေးရင် ကျွန်တော်ကလည်း သိတဲ့အတိုင်း
လက်ကယားနေတဲ့ ကောင်ကိုး။ ဒီကောင့်ကို အမြင်ကတ်တာတွေဘာတွေပျောက်ပြီး လေးလေးနွယ်နဲ့ ပတ်သက်လို့ ရေးစရာတွေပဲ ခေါင်းထဲရောက်လာတာ။ ဒီကောင့်အပေါ်လည်း စေတနာတွေ ဘာတွေရှိပြီး လေးလေးနွယ်ရဲ့ အကြိုက်တွေ စိတ်ထားတွေ၊ နေပုံထိုင်ပုံတွေကို ပြောပြမိသွားတယ်။
ပြောတဲ့နေရာမှာ နည်းနည်း အပိုကလေးတွေတော့ ထည့် ပြောမိတာပေါ့။ ဒီကောင့်ကို နှိပ်စက်ချင်တဲ့ သဘောတော့ မဟုတ်ပါဘူး။ ကိုယ်ပြောတဲ့အတိုင်း ဖြစ်တော့မယ်ဆိုတာသိတော့ လျှာအရသာ ခံတဲ့သဘောမျိုးပါ။ ဥပမာ-ဆေးလိပ်သောက်တာ လေးလေးနွယ် မကြိုက်ဘူး၊ အစာစားရင် အငမ်းမရစားတာ မကြိုက်ဘူး၊ လူရှေ့ သူရှေ့ နှပ်ချေးခြောက်ကော်တာ၊ ၀က်ခြံညှစ်တာ မကြိုက်ဘူး အစရှိ သည်ဖြင့် ကျွန်တော် မကြိုက်တာတွေပါ ထည့်ပြောတာပေါ့။ ဌေး၀င်းက ကျွန်တော် ပြောသမျှကို
ရေမြင်းလို မျက်နှာပေးမှာ သစ်ကုလားအုတ်လို လည်ပင်းကလေးပင့်ပြီး ခွေးကလေးတစ်ကောင်လို ကျိုးနွံစွာ နားထောင်ရှာပါတယ်။
ဒီကောင့်အတွက် ရည်းစားစာရေးပေးတော့မှ ဒီကောင့်ကို ဒေါကန်လာတာ။ ရည်းစားစာက ရေးလို့ကောင်း လိုက်တာဗျာ။ ရေးရင်း ရေးရင်း ရည်းစားစာကိုရော လေးလေးနွယ်ကိုပါ ကျွန်တော် နှမြောလာတာ။ ရေးရင်းနဲ့ စကားလုံး
ကောင်းကောင်းရသွားတိုင်း ကျွန်တော့်မှာ ဒေါကန်ရ၊ မကျေနပ်ဖြစ်ရနဲ့ ... ချမရေးဘဲလည်း မနေနိုင်၊ ရင်နာတယ်ဆိုတဲ့ စကားဟာ တော်တော့်ကို ခံရခက်ပါ တယ်။နောက်နေ့မှာ ရည်းစားစာကိုပေးဖတ်တော့ ဌေး၀င်းက ပြုံး နေတာပဲ။
''ကောင်းလိုက်တဲ့ ရည်းစားစာကွာ... မင်း ဒီလောက် ရေး တတ်မှန်း ငါ အစကမသိဘူး...သေချာတယ်ကွာ ဒီစာနဲ့ဆို မိလေး လုံး၀ပြေးမလွတ်ဘူး''
''အေးကွာ..ငါ့ကိုလည်း တစ်စောင်လောက်ရေးပေးပါလား''
''မင်းက ဘယ်သူ့ကို ပေးမှာမို့လို့လဲ''
''မသိဘူးလေ... ငါ ရင်တုန်တဲ့ ကောင်မလေး တစ်ယောက် ကိုပေါ့''
ကျွန်တော့်စာကို ၀ိုင်းချီးကျူးတာနဲ့ပဲ ကျွန်တော့်ရင်ထဲက မစေၦရစိတ်တွေ ပျောက်သွားတယ်။ ကျွန်တော့်စာကို ဌေး၀င်းက ပန်းနုရောင်စာရွက်ကလေးနဲ့ တစ်လုံးစီ အသေအချာကူးပြီး ကျွန်တော့် ကို သတ်ပုံအမှားတွေ ဘာတွေ ပြန်စစ်ခိုင်းသေးတယ်။ လေးလေးနွယ် က မြန်မာစာကဆိုတော့ အထူးဂရုစိုက်ပေါ့လေ။ သတ်ပုံစစ်ပြီးတော့ ဌေး၀င်းက သူ့ရည်းစားစာရွက်ကို ရေမွှေးပုလင်းကလေးထုတ်ပြီး ဆွတ်တယ်။ ကျွန်တော် တော်တော်ကလေးကို အံ့သြပြီးငေးနေမိတာ။ ရေမွှေးကို အကျႌဆွတ်တာပဲ ကျွန်တော်သိတာ။ ရည်းစားစာမှာ ဆွတ်ဖို့ လုံး၀ကို မစဉ်းစားမိတာအမှန်ပဲ။
''သူ ငါ့စာကို ဖတ်တဲ့အချိန်မှာ
စိတ်ကြည်လင်အောင် ပေါ့ကွာ''
''အဲဒါ မင်းဆွတ်နေကျ ရေမွှေးလား''
''ဘယ်ကဟုတ်ရမှာလဲ မုန့်ကျွဲသဲရ...ဒါ ရက်ဗလွန် နံပါတ် ဖိုက်... မိန်းကလေးတွေ အများဆုံးသုံးတာ... မနေ့ကမှ ဗိုလ်ချုပ်ဈေး က ၀ယ်လာတာ ငါးရာ့ရှစ်ဆယ်တဲ့...''
💌 💌 💌
နောက်နေ့တွေမှာ လေးလေးနွယ်ကလည်း ထုံးစံအတိုင်းကျွန်တော့်တို့ဆီ လာနေတာပါပဲ။ ဟိုကောင်ကလည်း သူ့ ရေမွှေး ရည်းစားစာကို
မပေးရသေးဘူး။ ပေးလည်း မပေးရဲသေးဘူး ဆိုပါ တော့။ တစ်နေ့တော့ လေးလေးနွယ်က ကျွန်တော့်ကို မေးတယ်။
''ရဲ၀င်း နင်တို့ ဘာဖြစ်နေတာလဲ... နင်တို့ကို ကြည့်ရတာ တစ်မျိုးပဲ''
''ဟ...ဘာမှမဖြစ်ပါဘူး...ဘာတစ်မျိုးကိုပြောတာလဲ''
''ဘာရယ်တော့ ငါမပြောတတ်ဘူးဟာ... နင်တို့ တစ်မျိုး တော့ဖြစ်နေတယ်... တစ်ခုခုပဲ''
မိန်းကလေးတွေဟာ တစ်ခါတစ်ခါ
စုန်းမနဲ့တူတယ်ဆိုတာ ဟုတ်မှာပဲ ကိုယ့်ဆရာရေ။
ကျွန်တော်တို့က အကြံအစည်ရှိတဲ့ ကောင်တွေဆိုတော့ သူနဲ့ ပတ်သက်ပြီး အရင်တုန်းကလောက် မလွတ်လပ်တာတော့ သေချာတယ်။ ဌေး၀င်းက အကျႌသန့်သန့်ကလေးတွေ ရွေး၀တ်လာတာ၊ ဆေးလိပ်မသောက်တော့တာ၊ လွယ်အိတ်အသစ်၀ယ်လိုက်တာ၊ လေးလေးနွယ်ကို စကားပြောနည်းလာတာ...အဲဒါတွေလည်း ပါမယ် ထင်တယ်။
''နင်က ရထားစီးနေတဲ့လူနဲ့တူတယ် မိလေးနွယ်... ကိုယ် ရွေ့တာနဲ့ သစ်ပင်တွေရော လမင်းရော တောင်ကြီးတွေရော လိုက်ရွေ့တယ် ထင်မနေနဲ့... အမှန်ရွေ့နေတာ နင် ရွေ့နေတာ... ငါတို့က ဒီအတိုင်းပဲ''
စာသံပေသံ၊ ဥပမာက ထူးဆန်းတဲ့အတွေး။ အဲဒါတွေကြောင့် မိလေးနွယ် ဘာမှပြန်မပြောတော့ဘူး။ နောက်နေ့မှာ ဟိုကောင် ဌေး၀င်းကို စာပေးဖို့ လောရတော့တာပဲ။ ဒီကောင်ကလည်း မနက်ဖြန်ပေးမယ် ပေါ့လေ။ဒီကောင် စာပေးမယ့် မနက်ဖြန်မှာ ကဲန်တင်းဟာ ထုံးစံ အတိုင်းပဲ ဆူညံနေတယ်။ ကော်ရစ်တာ ထောင့်ချိုးကွေ့ကနေ ကျောင်း သူတွေလည်း ရယ်မောပြီး ကွေ့လာကြတယ်။ ကျောင်းရှေ့က စကြာပန်းပင်တွေလည်း ခေါင်းတညိတ်ညိတ်နဲ့။ ဗိုလ်တထောင်ဘုရား ဘက်က ခေါင်းလောင်းထိုးသံလည်း ကြားရရဲ့။ အနောက်ဘက် ကဲန်တင်းက အနှင်းအသုပ်က ပဲမှုန့်များသလိုလို၊ ငံပြာရည်ပဲ ပေါ့သ လိုလို၊ မြင့်ဦးဆိုင်က လက်ဖက်ရည်ကလည်း
အကျရည်ပေါ့နေသလိုပဲ။
ဒါပေမယ့် ကျွန်တော်က စိတ်မငြိမ်တာကို စကားတစ်ခွန်းမှမပြောတာနဲ့ ထိန်းထားနိုင်ပါတယ်။ ဟိုဘက်၀ိုင်းက Practical လုပ်ရတာကို ရေးကြီးခွင်ကျယ် ပြောနေတဲ့ Fresher ကောင်မလေး ငါးယောက်ရယ်... အဲဒီကောင်မလေးတွေကို အိုင်တင်အမျိုးမျိုးနဲ့ ကျူနေတဲ့ ကျွန်တော်တို့လို ဒုတိယနှစ် ကျောင်းသားတစ်ယောက် ရယ်...အဲဒီ၀ိုင်းကို မဲ့ကာရွဲ့ကာနဲ့ ဒေါကန်နေတဲ့ ရုပ်ခပ်ဆိုးဆိုး ကျောင်းသူနှစ်ယောက်ရယ်... လက်မလည်အောင် အသုပ်သုပ်နေရတဲ့ အနှင်းရယ်။ ဘာတွေကို သဘောကျမှန်းမသိဘူး မျက်စိမှိတ်ပြီး ပါးစပ်ဟ... အားရ ပါးရရယ်နေတဲ့ ကျောင်းသူသုံးယောက်ရယ် (သူတို့ပါးစပ်ထဲမှာ စားလက်စ အစားအစာတွေနဲ့)၊ ကုန်နေတဲ့ ကမ္ဗလာသီးဖျော်ရည်ခွက်ကို ပိုက်နဲ့ ဖလူး ဖလူးမြည်အောင် စုပ်နေတဲ့ ပုလင်း ဖင်မျက်မှန်နဲ့ ကျောင်းသားတစ်ယောက်ရယ်... ဗိုလ်တထောင် တက္ကသိုလ်ဟာ အရင်အတိုင်းပါပဲ။ ငါက ဘာဖြစ်နေရတာလဲ။
''ဟေ့ကောင်... ဌေး၀င်း စာတကယ်ပေးမှာလား... ကြာလှချည်လား''
မုန့်ကျွဲသဲက ပတ်၀န်းကျင်ကို ငေးနေတဲ့ ကျွန်တော့်ကို ဒေါသ နည်းနည်းစွက်ပြီး မေးတယ်။ ရုတ်တရက်ဆိုတော့ ကျွန်တော်လည်း နည်းနည်း အံ့သြသွားတာ အမှန်ပဲ။
''ဘယ်သိမလဲကွ...ပေးပြီးရောပေါ့''
ကျွန်တော့်အသံကလည်း ဒေါသသံ နည်းနည်းပါတယ် ထင်တာပဲ။
''မမိုက်ဘူးကွာ...ဒီကောင့်ကို မင်း စာရေးပေးလိုက်တာကို က မှားတာ''
''ဘာမှားလို့လဲ...မင်းတို့ရေးဆိုလို့ ရေးတာပဲ''
''အမှန်တော့ ဒီကောင်နဲ့ မိလေး လုံး၀မတန်ဘူးကွာ ဒီကောင် က အလကား ဖွတ်ချီး... ငပေါ... ငကြောင်... အရူး''
''ဟုတ်တယ်... ဒီကောင်က အရူး...အဲဒီအရူးကိုမှ မင်းက စာတွေဘာတွေ သွားရေးပေးတာကိုးကွ... အမှန်တော့ မိလေးက ငါနဲ့ ဒါမှမဟုတ် မင်းနဲ့မှ... အခုတော့ ဒီအရူးလက်ထဲပါတော့မှာ... စာရွက် ကို ရေမွှေးတွေဆွတ်နေတာ ကြည့်ပါလား''
စားပွဲခုံကိုထုပြီး မုန့်ကျွဲသဲက ပေါက်ကွဲတယ်။ သူ ပြောမှ ကျွန်တော်လည်း ရင်ထဲမှာ တစ်ခုခုဟာသွားသလို ဖြစ်တာ သတိထား မိတယ်။
''ဟုတ်တယ်...မိလေးက ငါနဲ့ ဝါသနာတူကွ''
''မှန်တယ်''
''ပြီးတော့ ငါ့ကိုလည်း ဂရုစိုက်တယ်...လွယ်အိတ်တွေ ဘာတွေ ၀ယ်ပေးတယ်''
''အဲဒါပြောတာပေါ့''
''တော်ပါပြီကွာ... မပြောချင်တော့ပါဘူး တောက်''
ကျွန်တော်တို့ စကားမပြောနိုင်ကြဘဲ တော်တော်ကြာကြာ ငြိမ်သွားကြတယ်။ မုန့်ကျွဲသဲက ငုံ့ထားတဲ့ သူ့ခေါင်းကို အတင်းခါရင်း အလကားကွာ...အလကားလို့ချည်းပဲ ရွတ်နေတယ်။ ကျွန်တော်က ဂျက်ကမ္ဘာကို ဖိဖွာပေါ့။ အဲဒီအချိန်မှာပဲ ၀ုန်းဆို
ကျွန်တော်တို့၀ိုင်းကို ဌေး၀င်း ၀င်ထိုင်တယ်။
ဒီကောင့်ပုံစံကြည့်ရတာ ဘဲငန်းလည်မြိုကို ကားကြိတ်ထားတဲ့ အတိုင်းပဲ။ ဇက်ကစပြီး အပေါ်ပိုင်းတစ်ပိုင်းလုံး ကျိုးကျနေတယ်။ ကိုယ့်ဆရာရေ... ကျွန်တော် ဖျပ်ခနဲ ၀မ်းသာသွားတာတော့ အမှန်ပဲ။
''ဟေ့ကောင် ဌေး၀င်း...ဘာက ဘယ်လိုတဲ့လဲ''
''တော်ပြီ...တော်ပြီ...အားလုံးတော်ပြီကွာ...အလကားပဲ''
''အလကား...ငါ့စာကို ဆွဲဖြဲပစ်တယ်ကွာ...ဒီရေမွှေးပုလင်းလည်း အလကားပဲ... သွား...သွား...''
ကျွန်တော်တို့ ကြောင်ငေးကြည့်နေတုန်းမှာပဲ ဌေး၀င်းက သူ့လက်ထဲက ရေမွှေးပုလင်းကို တအားမြှောက်ပြီး ခွဲပစ်လိုက်တယ်။ ရက်ဗလွန်နံပါတ်ဖိုး ရေမွှေးနံ့က ကဲန်တင်းတစ်ခုလုံး ပြန့်သွားတာပဲ။ တစ်ပုလင်းလုံး အစိတ်စိတ် ကွဲသွားတာဆိုတော့ အနံ့က အီနောက် နောက်ကြီး။ အဲဒီရေမွှေးနံ့မခံနိုင်လို့ ကျောင်းသူ တော်တော်များများ နှာခေါင်းကို
လက်ကိုင်ပုဝါအုပ်ပြီး ထွက်သွားကြတယ်။ သြော်... အမွှေးရနံ့ကလည်း လိုအပ်တာထက်ပိုရင် မကောင်းပါလား။
⚫ ⚫ ⚫
''နင် ဘာဖြစ်လို့ သူ့ကို ရည်းစားစာရေးပေးရတာလဲ ရဲ၀င်း''
''ငါ လုံး၀မရေးဘူး...နင့်ကို ဘယ်သူပြောသလဲ''
''ငါ ရေမွှေးကို မမေးဘဲနဲ့ နင်ရေးတယ်ဆိုတာ သိတယ်''
''ရေမွှေးပြောတော့ နင် စာကို ဖြဲပစ်တာဆို''
''အေးလေ... ငါမှ သူ့ကိုမကြိုက်ပဲ... ဒါပေမယ့် စာကို နှစ်ပိုင်းပဲဖြဲတာ... သူ ထွက်သွားမှ ဖတ်ကြည့်တာပေါ့... ဘာရေး ထားလဲတော့ သိချင်တာပဲ... အဲဒါ နင် ရေးတာမဟုတ်လား''
''လုံး၀ မဟုတ်ဘူး''
''ငါ့ကို မညာပါနဲ့ ရဲ၀င်းရယ်... ငါ ရေမွှေးကို လွယ်အိတ်မှ မ၀ယ်ပေးဖူးတာ... ငါ ၀ယ်ပေးတာ နင့်ကိုပဲ ပေးဖူးတာ... ရေမွှေး ရည်းစားစာထဲမှာ လွယ်အိတ်က ဘာဖြစ်လို့
ပါလာရတာလဲ...ကဲ... ပြော''
၀င်ခံစားရင်း ရင်ဘတ်ထဲက ပါသွားတာတော့ မကောင်းဘူးပေါ့ဗျာ။ ကျွန်တော် လွယ်အိတ်ကလေးအကြောင်း ထည့်ရေးလိုက်မိတာ တကယ်ပါပဲ။ ကျွန်တော် ရေးလိုက်တာကို ကျွန်တော်ပဲ သိတယ်။ ဟိုကောင် ရေမွှေး မသိလိုက်ဘူး။ ဘာဖြစ်လို့လဲဆိုတော့...
အလွမ်းတွေ လွယ်ထားရတဲ့ ရင်သစ်ကျောင်းမှာ ပန်းပေါင်း ခချင်တာ ကြာခဲ့ပါပြီ။ စကြဝဠာတစ်ခုလုံး မင်းပေးတဲ့ အလွမ်းလွယ်အိတ်ထဲ သိမ်းကြုံးထည့် ဝေဒနာရဲ့ လက်သည်းရှည်တွေနဲ့ ကုတ်ခြစ်
အသစ်ဖြစ်ဖို့ စောင့်နေကြတဲ့ အချစ်ရဲ့ အောက်မှာ ကိုယ်ဟာ နွေလယ်
နေရဲ့ အရိပ်မဲ့ပန်းပေါ့….။
တံခါးတော့ စေ့မထားခဲ့ပါနဲ့။ မင်းပေးတဲ့ အလွမ်းလွယ်အိတ်ထဲက ရနံ့အပြင်းဆုံး ပန်းတွေဟာ အဆိပ်ဖြစ်သွားလိမ့်မယ်။ မထူးဆန်းတော့ပါဘူး။ အဆိပ်ဖြစ်တဲ့ပန်းကို အလွမ်းနဲ့ လွယ်ထားရတဲ့
ဟောဒီပခုံးပေါ်မှာ...
ပင်လယ်တွေ မုန်တိုင်းကျလို့ သတိရခြင်းကမ်းခြေမှာ
ကိုယ့်ရင်ခွင် အသစ်တစ်ခုနဲ့ ရွက်လွှင့်ရင်း သီချင်းဆိုမှ ပြိုကျလာမယ့်
လမင်းအတွက် တေးသွားချည်းသက်သက် ပို့ရက်တဲ့ လူပါ။
မိလေးနွယ်လေ...။
မင်း မုန်းများမုန်းရင်
အလွမ်းလွယ်အိတ်မှာ
အဆိပ်တွေနဲ့ အပြည်…
အဲဒီ အလွမ်းလွယ်အိတ်တော့
ကိုယ့်ရဲ. ရှုံးနိမ့်ခြင်းအောင်လံ အဖြစ်
အတိတ်မှာ တလူလူလွင့်နေစေရမယ်။
စကားတခွန်းတည်းနဲ.
မလှည့်စားချင်ပါဘူး။
မင်းကိုချစ်တယ်
အဲဒီ အက္ခရာတစ်လုံးစီမှာ ဆူးအပြည့်ထည့်
ကိုယ့်ရင်ကို ထွန်ယက်လှဲ.ပါကွယ်။ ။
အဲဒါ ကျွန်တော်ရေးပေးခဲ့တဲ့ ရည်းစားစာပါပဲ။
ဌေး၀င်းလည်း အသည်းကွဲ ... ကျွန်တော့်ကိုလည်း လေးလေးနွယ်က စကားမပြောတော့ပါဘူး။ သူ့ အလွမ်းလွယ်အိတ်ကိုတော့ ကျွန်တော် လွယ်နေရတုန်းပါ။ အမှန်ဆိုရင်တော့ မြန်မာစာ မေဂျာက လေးလေးနွယ်ဟာ ကျွန်တော့်ရည်းစားစာကို အရင်ကဗျာ စာအုပ်တုန်းကလိုပဲ လာငြင်းသင့်ပါတယ်။ အဲဒီလိုများ လာငြင်းရင် ကျွန်တော်ဆိုလိုချင်တာတွေကို သူ သိသွားမှာပါ။ အဲဒီစိတ်ကူးနဲ့ ကျွန်တော်ကလည်း သူနားမလည်အောင် ဟိုကောင်ရေမွှေးကို အသုံးချပြီး ရေးလိုက်တာပါ။
ဌေး၀င်းနာမည်လည်း အဲဒီနေ့ကစပြီး ရေမွှေးဖြစ်တော့တာပဲ။ လေးလေးနွယ် ဘာဖြစ်လို့ ကျွန်တော့်ကို လာမငြင်းတာလဲ။ မိန်းကလေးဆိုတာ သိစရာရှိတာနဲ့ မသိချင်ယောင်ဆောင်ရ မှာကို အမျိုးအစား အရမ်းခွဲခြားတတ်တဲ့ သတ္တဝါပါလား ဆိုတာ ကျွန်တော် နားလည်သွားတယ်။
နောက်တစ်လလောက်ကြာတော့ လွင်မောင်ဆိုတဲ့ ကောင်လေး နဲ့ လေးလေးနွယ် ရည်းစားဖြစ်သွားတယ်။ လူက ၀တုတ်ကြီး စကား ပြောရင်လည်း အသံက ကျယ်ကျယ်နဲ့ လမ်းလျှောက်ရင် တောထဲက ပျားရည်မရခဲ့တဲ့ ၀က်ဝံလို ပုံစံမျိုးနဲ့။ လေးလေးနွယ်က သူ့ရည်းစားရဲ့ လက်မောင်းတုတ်တုတ်ကြီးကို ဟီးလေးခိုလို့။ ကျောင်းထဲမှာ မကြာခဏ တွေ့ရတယ်။
ကျွန်တော် ဘာမှမပြောပါဘူး။ ပြုံးလည်း မပြုံးဘူး။
စကြာဝဠာတစ်ခုလုံး
အလွမ်းလွယ်အိတ်ထဲမှာ
ပုန်းသလို
ကျွန်တော်သူ.ကို
မပြုံးပြနိုင်ပါဘူး။ ။
နီကိုရဲ
Copied from a PDF document uploaded on Scribd. လိုနေတဲ့ စာနှစ်ပိုဒ်ကို ကျနော်က ဖြည့်ရိုက်ထားပါတယ်။
စလေ ငနော့
