••••••••••••••
နီကိုရဲ
ကျွန်တော့်ကို ခေါင်းတုံးဖြင့် ပထမဦးဆုံးစတွေ့သူမှာ ကျွန်တော့်
ဇနီးသာလျှင် ဖြစ်ပါသည်။ သူ့မျက်နှာမှာ အံ့သြသွားသလို ခဏဖြစ်သွားပြီး
နောက် စိတ်ပျက်သွားသလို အမူအရာဖြင့် မျက်နှာကိုလွှဲကာ ဘာမှမမေးဘဲ
ရေချိုးလိုက်ဟုပြောပြီး အိမ်ထဲဝင်သွား၏။ ထိုအမူအရာမှာ ကျွန်တော် လုပ်ချင်တာကို လုပ်လာခဲ့ပြီး သူမ မကျေနပ်လျှင် ပြနေကျ အမူအရာမျိုးသာ ဖြစ်ပါသည်။ ခေါင်းတုံးနှင့်ပတ်သက်၍ ကျွန်တော့်လွဲမှားမှုကို ပြောပြရန် အသစ်တုံးပြီးစ ခေါင်းကလေးကို ကိုင်ကာ ကျွန်တော် ပြုံးနေခိုက် သူမက
မျက်နှာလွှဲသွားခြင်းလည်း ဖြစ်၏။
သူမကို ကျွန်တော် ကိုယ်ချင်းစာနိုင်ပါသည်။ ဆံပင်ညှပ်မည်ဟု ထွက်သွားတုန်းက အကောင်း၊ ပြန်လာတော့ ကျွန်တော်က ဘာမပြောညာမပြောနှင့် ခေါင်းတုံးကြီး ဖြစ်နေသည့်အပေါ် သူမ စိတ်မကျေနပ် ဖြစ်သင့်ပါသည်။ ကိုယ့်ယောက်ျားအပေါ် ပုံရိပ်လွဲသွားသော ဇနီးတစ်ယောက်၏
တုံ့ပြန်ခြင်းဟု ကျွန်တော်ယူဆကာ ဘာမှမပြောတော့ဘဲ ရေချိုးရန် ပြင်ဆင်ရ၏။
မမျှော်လင့်ထားဘဲ ကျွန်တော်လည်း ခေါင်းတုံးတုံးလိုက်ရသဖြင့် ဦးခေါင်းပေါ့ပါး လန်းဆန်းသွားသော ခံစားမှုအပေါ် အေးမြသောရေကို လောင်းချခြင်း၊ လည်ကုတ်မှ ဆံပင်အစတို့၏ ယားယံမှုကို မခံနိုင်ခြင်းတို့ကြောင့် ရှေ့တွင်မရှိတော့သော မိန်းမကို ဘာမှပြန်မရှင်းနေတော့ဘဲ
ရေချိုးကန်သို့ သွားကာ အားရပါးရ ရေလောင်းကာ ချိုးလိုက်သည်။
ရေ၏ မူလအေးမြသော သဘာဝသည် လတ်လတ်ဆတ်ဆတ် တုံးထားသော ဦးခေါင်းပေါ်မှ ကြည်လင်စွာဖြတ်သွားသည့် အရသာကို ကျွန်တော် ခံစားရင်း ခေါင်းတုံးတုံးလာရသည့်ကိစ္စကို ကျေနပ်သွား၏။
ရေချိုးပြီးတော့ ခါတိုင်းနေ့များနှင့်မတူ ကျွန်တော် ပို၍ လန်းဆန်းနေသော်လည်း ကျွန်တော့်မိန်းမက သဘက်ကို လှမ်းပေးကာ ခေါင်းကိုခြောက်အောင် မြန်မြန်သုတ်လိုက်ဟု ပြောရင်း ထွက်ကာသွား၏။
ကျွန်တော်လည်းအူကြောင်ကြောင်ဖြင့် ကျန်ရစ်ခဲ့သည်။
ခေါင်းမှာ ဆံပင်မှမရှိတော့တာ ဘယ့်နှယ်ခြောက်အောင်သုတ်ရမှာလဲ၊
ကျွန်တော်ပြုံးရင်း စကားပြောမှားသွားသော ဇနီးကို စရန် စဉ်းစားရင်း၊ ထိုသို့ စပြီးမှ ကျွန်တော် ခေါင်းတုံးတုံးခဲ့ရပုံကို ရှင်းပြမည်ဟု စိတ်ကူးကာ ရေသုတ်ရင်း အိမ်ပေါ်တက်ခဲ့သည်။
“မင်းကလည်း ခေါင်းမှာ ဆံပင်မှမရှိတာ၊ ဘယ်လိုလုပ်ခြောက်အောင် သုတ်..."
“သိပါတယ်... သိပါတယ်၊ ဘာလုပ်လာတယ်ဆိုတာကို သိတယ်၊
မပြောချင်ဘူး၊ သူတို့ ခေါင်းတုံးတုံးတာနဲ့ ဘာမှမဆိုင်ဘူး”
“ဟ... မင်း ဘာကိုပြောတာလဲ”
“ဘာပြောရမှာလဲ၊ သိတယ်လို့ပြောပြီးပြီပဲ၊ ဘာမှမဆိုင်ဘူး”
ဆံပင်မရှိတော့ပြီဖြစ်သော ဦးခေါင်းကိုပွတ်ရင်း ကျွန်တော်တော်တော် စိတ်ညစ်ကာ သွားရ၏။ မိန်းမက ကျွန်တော့်ကို ထုတ်ဆီးတိုးသလို
မျက်နှာ ခေါင်းငုံ့ကာ ရှောင်ရင်း အခန်းထဲမှ ထွက်ကာ ထမင်းစားပြင်ရန် စတင်သည်။ ကျွန်တော် မကျေနပ်။
“နေပါဦး... မင်းက ဘာကိုသိတာလဲဆိုတာ ပြောစမ်းပါဦး၊ ငါ ခေါင်းတုံးတုံးလာရတာကို မင်း ဘယ်နည်းနဲ့မှ...”
“လုပ်မနေနဲ့ သိပြီးသားပါ၊ ဒွေးကလည်း သူ့ဘာသာ ချောင်းဝကျောင်းမှာ ဘုန်းကြီးဝတ်တာ၊ ကိုမိုး (လွင်မိုး)ကလည်း ပုဂံမှာ ကားရိုက်ရှိလို့ ဝတ်တာ ဘာမှ ကိုယ်က လိုက်တုံးစရာမလိုဘူး”
"ဟ"
ကျွန်တော့် “ဟ နှင့် ကျွန်တော် ကျန်ခဲ့ခြင်းသာ ဖြစ်ပါသည်။ မိန်းမများ စိတ်ကောက်လျှင် လုပ်တတ်သည့်နည်းအတိုင်း သူတို့ပြောစရာ
စကားကုန်သည်နှင့် လှည့်ထွက်သွားသောကြောင့် ဖြစ်၏။ ဦးခေါင်းမှာ ခေါင်းတုံးအသစ် ရေချိုးပြီးသည့်အရသာ ပူရှိန်းရှိန်း၊ ရင်ထဲမှာ မကျေနပ်သည့် ဒေါသစပ်ဖျင်းဖျင်းနှင့် ကျွန်တော် ကျန်ခဲ့၏။
ထမင်းစားကြတော့ မိန်းမက ဘာစကားမှ မပြောဘဲ ထမင်းကို စက်ရုပ်တစ်ကောင်လို စားပြနေ၏။ သူမ လိုချင်တာက အကြောင်းပြချက် မရှိဘဲ ကျွန်တော် မင်းသားများကို လိုက်တုကာ ခေါင်းတုံးတုံးလာသည်ဟု ထင်ကာ ထိုကိစ္စကို မကျေနပ်ကြောင်း ပေါ်လွင်စေရန်ဖြစ်၏။
သူမ ထင်မြင်ချက်သည် သူမအတွက်တော့ မမှား၊ ထိုအချိန်တွင် ကိုသားကြီး (ဒွေး)ကလည်း သူ့ဇနီးနှင့် (၁၄) နှစ်မြောက် မင်္ဂလာနှစ်ပတ်လည်အပြီး ချောင်းဝကျောင်းမှာ ပဉ္စင်းခံခဲ့သည်။ ကိုမိုး (လွင်မိုး)ကလည်း ကားကြီးရိုက်ရင်း ဇာတ်ဝင်ခန်းအရ အရိုင်း၊ ကင်းကောင်၊ ဖိုးဖြူတို့နှင့် ပုဂံတွင် ပဉ္စင်းတက်ခဲ့သည်။ ထိုမင်းသားနှစ်ယောက်နှင့် ကျွန်တော် ရင်းနှီးသော်လည်း ဘာမှမဆိုင်ဘဲ သူတို့ဘုန်းကြီးဝတ်တာနှင့် ကျွန်တော်က
ဒီက ဖမ်းခေါင်းတုံးတုံးရလောက်အောင် မမိုက်မဲကြောင်းကို ကွန်တော့်ဇနီးက နားမလည်ရကောင်းလားဟု ကျွန်တော်ကလည်း ဒေါသဖြစ်ကာ သူ့လို စက်ရုပ်မဆန်ဘဲ လူဆန်ဆန်ပင် ထမင်းကို အားရပါးရ စားပြကာ
ဘာစကားမှမပြောဘဲ နေလိုက်သည်။
ထမင်းစားပြီးတော့ အပူတွေ ဦးခေါင်းက တရှိန်ရှိန်ထွက်တာကြောင့်လား၊ ထမင်းစားများလို့လား မသိ၊ ကျွန်တော် လန်ဒန်ကလေးနှင့် မှိန်းရင်း အိပ်ချင်လာသဖြင့် အိပ်ပစ်လိုက်လေသည်။
◾
ကျွန်တော် ခေါင်းတုံးတုံးတာကို ဒုတိယ ရယ်မော၍ တွေ့သူမှာ ကံကော်ဝတ်ရည်စာပေမှ မဝိုင်းဖြစ်ပါသည်။ အစ်မနှင့် ကျွန်တော် ဆယ့်ငါးရက်နေ့ခန့်က အိမ်မှာပင် တစ်ကြိမ်တွေ့ခဲ့ကြဖူး၏။
“ဟယ်တော့.. တော်သေးတာပေါ့၊ ဘယ်နေ့က လူထွက်တာလဲ။ ပြီးခဲ့တဲ့ (၃) ရက်လောက်က လာဦးမလို့၊ ရောက်ဖြစ်ရင် ဘုန်းကြီးကျောင်း လိုက်ရမှာ”
“မဟုတ်ဘူး အစ်မ၊ ဘုန်းကြီးဝတ်တာ မဟုတ်ဘူး”
"ဟင်.. ဘုန်းကြီးမဝတ်ရင်...”
မဝိုင်းက ကျွန်တော့်ဦးခေါင်းကိုသာ ကြည့်၏။ ကျွန်တော့်ခေါင်းမှာ ယားနာလည်းမတွေ့၊ ပွေးကိုလည်း မမြင်ရ၊ ဘုန်းကြီးလည်း ဝတ်တာမဟုတ် ဆိုတော့ ဘာကြောင့်ဆိုတာ ဆက်တွေး၍ရဟန်မတူ။
“ဟုတ်တယ် အစ်မရေ ဆံပင်သွားညှပ်တော့ အကောင်းဗျာ၊ ပြန်လာတော့ ဟဲ... ဟဲ”
ထိုအချိန်မှာပင် မိန်းမက ခပ်မဲ့မဲ့မျက်နှာပေးဖြင့် ထွက်လာကာ အစ်မ နေကောင်းလား၊ ဘာလား လုပ်၏။ မိန်းမမျက်နှာမှာ အလကားထွင်တုံးပြီး လာသည်ကို လိမ်ပြောဦးမည်ဆိုသည့် မျက်နှာပေးကြီး ရှိနေသဖြင့် ကျွန်တော့်စိတ်ထဲ ဒေါသဖြစ်ရပြန်သည်။
“ဘုန်းကြီးမဝတ်ရင် ဘယ်လိုဖြစ်ပြီး...”
“ဒီလိုပါပဲ အစ်မရာ၊ ဘာမှမဟုတ်ပါဘူး၊ ဒီအတိုင်းတုံးတာပါ"
အစ်မ နားလည်ဟန်မတူပါ။
ဗုဒ္ဓဘာသာဆိုတာက ခေါင်းကို အထွဋ်အမြတ်ထားလေ့ရှိကြသည်
မဟုတ်လား။ အကြောင်းတစ်စုံတစ်ရာမရှိဘဲ ခေါင်းတုံးတုံးပစ်လေ့ပစ်ထ မရှိ။ (ကိုဇာဂနာနှင့် ဆရာမြင့်ဦးဦးမြင့်က လွဲ၍ပေါ့။) ဆံပင်နှင့်တွေ့ပြီး ရက်အတော်ကြာ၍ ခေါင်းတုံးနှင့်တွေ့လျှင် ဘုန်းကြီးဝတ်တာလား မေး၊ တစ်ရာမှာ တစ်ရာလုံး မှန်နေသည့်ကိစ္စ။ ကျွန်တော့်ကျမှ မဟုတ်ဆိုတော့
ဧည့်သည်လည်း နားလည်ဟန်မတူ။ အခန့်မသင့်လျှင် လူတစ်ယောက်
ခေါင်းတုံးဖြစ်သွားနိုင်သည်ဆိုသည့်ကိစ္စကို ကျွန်တော်မှလွဲ၍ မည့်သူမှ
ဖြစ်ခဲ့ကြဖူးဟန်မတူ။
ထင်မြင်ချက်၊ ဖြစ်နိုင်ချေနှင့်လွဲနေသော ကျွန်တော့်ကို အစ်မကလည်း ဘာမှဆက်မမေးတော့ဘဲ အခြားကိစ္စကိုသာ ပြောကြ၏။ ဧည့်သည်နှင့် အိမ်ရှင်ဆိုတာလည်း ပါလိမ့်မည်ထင်သည်။
⚫
ကျွန်တော့်ကို ခေါင်းတုံးနှင့် တတိယအကြိမ် တွေ့သူက အမေပင် ဖြစ်၏။
ထိုနေ့က အမေက မနက်စောစောကိစ္စရှိသဖြင့် အပြင်သို့သွားရသည်။ မနက်က မူလအတိုင်း၊ နေ့ခင်းပြန်လာတော့ ခေါင်းတုံးကလေးနှင့်
ဧည့်ခန်းမှာ စကားပြောနေသော ကျွန်တော့်ကို တွေ့ တော့ အမေ အံ့သြသွားသည်။
“ဟယ်...ငါ့ သားကလေးက ခေါင်းတုံးနဲ့တော့၊ ဘယ်လိုဖြစ်သွားရတာတုန်း"
အမေက တအံ့တသြ အော်ကာ တက်လာ၏။ ဧည့်သည်လည်း ကျွန်တော် ခေါင်းတုံးဖြစ်တာကို အမေပင်အံ့သြတယ်ဆိုတော့ ကျွန်တော် ဘုန်းကြီးဝတ်တာ မဟုတ်မှန်း သေချာသွားကြောင်း သိသွားသဖြင့် ကျွန်တော် လိမ်ညာခြင်းမဟုတ်ကြောင်း သက်သေရသလိုဖြစ်ကာ ကျေနပ်သွားသည်။
သို့သော် ဘာဖြစ်လို့ ကျွန်တော် ခေါင်းတုံး တုံးရသလဲဆိုတာတော့ ထပ်မမေး၊ စကားလမ်းကြောင်းက ခေါင်းတုံးနှင့် ဝေးကာနေသည်။
ပြန်ကာနီးတော့မှ ကျွန်တော့်ကို နှုတ်ဆက်ရင်းမေး၏။
“ညီမလေးနဲ့ရော အဆင်ပြေတယ် မဟုတ်လား”
“ဗျာ… ပြေပါတယ်၊ ဘာဖြစ်လို့လဲ”
ကျွန်တော် ပြန်မေးစကားကို ဘာမှမပြော၊ ကျွဲန်တော့်ခေါင်းတုံးကို တစ်ချက်ကြည့်ကာ-
“ဘာမှမဟုတ်ပါဘူး” ဟုပြောကာ ပြန်သွား၏။ ကျွန်တော် ခေါင်းတုံးကိုသာ ပွတ်ပြီး ကျန်ခဲ့သည်။
ကျွန်တော့်ဇနီးနှင့် အဆင်ပြေလားဟုပြီး ဘာကြောင့် ကျွန်တော့်ခေါင်းတုံးကို တစ်ချက်ကြည့်ရသနည်း၊ စိတ်ရှုပ်ရှုပ်ဖြင့် တက်လာသော ကျွန်တော့်ကို အမေက ထပ်မေးပြန်၏။
“ရဲဝင်း... နင်က ဘယ်လိုဖြစ်လို့ ... ဘာဖြစ်တာလဲ”
“ဘာမှမဟုတ်ဘူး... အမေရာ စိတ်ပေါက်တာနဲ့”
လူတစ်ယောက် ခေါင်းတုံးတုံးသည့်ကိစ္စကို မိခင်၊ မိန်းမနှင့် ဧည့်သည်တို့က ဘာကြောင့် မယုံသင်္ကာဖြစ်ရသနည်း။
နောက်တစ်ရက် စတုတ္ထမြောက် ကျွန်တော့်အား ခေါင်းတုံးနှင့်တွေ့သောသူမှာ အလင်းတန်းဂျာနယ်မှ တာဝန်ခံအယ်ဒီတာ ကိုဦးဆွေပင်ဖြစ်သည်။
“အံမယ်... ခင်ဗျားလည်း ဘုန်းကြီးဝတ်တယ်ပေါ့၊ ဒွေးနဲ့လား။
လွင်မိုးနဲ့လား”
“မဟုတ်ဘူးဗျ”
“လွင်မိုးနဲ့ပေါ့၊ ကဲ ပုဂံကသတင်းပေး၊ ဘာကားလဲ၊ ဇာတ်ညွှန်းက ခင်ဗျားပဲလား”
“ဟာ... မဟုတ်ဘူးဆို၊ ကျွန်တော် သူတို့နဲ့ ဘုန်းကြီးမဝတ်ဘူး"
ကိုဦးဆွေက ဒီတော့မှ အားနာသလိုကြည့်၏။ သို့သော် မလျှော့သေး။ ဂျာနယ်လစ်တစ်ယောက် ပီသပါပေသည်။
“ဒါဆို ခင်ဗျားဘာသာ ဝတ်တာပေါ့၊ ဘယ်ကျောင်းမှာ ဝတ်တာလဲ။
သတင်းထည့်မှာပါဗျ၊ ပြော၊ ဓာတ်ပုံရှိသလား၊ ဟိုတစ်လောကပဲ ဝတ်သေးတာ မဟုတ်လား”
“ဟာ... မဟုတ်ဘူးဆို၊ ကျွန်တော် ဘုန်းကြီးဝတ်တာ မဟုတ်ဘူး။ ကိုယ့်ဘာသာ တုံးလိုက်တာ”
သူငယ်ချင်းက ချစ်ခင်ရင်းနှီး ပျော်ရွှင်မှုကို မျက်နှာပေါ်မှ ရုတ်တရက် ရပ်ပစ်လိုက်၏။ ဂျာနယ်မှာ လူတစ်ယောက် သတင်း အလကားထည့်ရဖို့ လွယ်သလား။ ဒါကို သူက ဖော်ဖော်ရွေရွေ လိုလိုလားလား တောင်းနေတာကို ကျွန်တော်က တမင် ဈေးကိုင်နေသည်ဟု ထင်ကာသွား၏၊
“မဟုတ်ပါဘူးဗျာ၊ ဟုတ်ပါတယ်၊ တကယ်ပါ၊ ကျွန်တော့်ဘာသာ ကျွန်တော် တုံးဖြစ်တာပါ၊ ထွန်းအိန္ဒြာဗိုလို၊ ဇော်ဝင်းထွဋ်လို၊ ဒွေးနဲ့
လွင်မိုးတို့လို သာသနာ့ဘောင် မဝင်ရပါဘူး၊ တကယ်ပါ”
ကျွန်တော် တောင်းတောင်းပန်ပန် ပြောနေသည့်တိုင် ကိုဦးဆွေက
ကျွန်တော့်ခေါင်းတုံးကို တစ်ချက်ကြည့်ကာ စကားလမ်းကြောင်းကို ပြောင်းလိုက်၏။ ပြီးတော့ ထွက်ကာသွားသည်။ ကျွန်တော် ဘာကြောင့် ခေါင်းတုံးတုံးသည်ဆိုတာကို ဆက်မမေးတော့၊ မေးလျှင်သူ သတင်းကောင်း
တစ်ပုဒ် တကယ်ရမည်မှာ သေချာ၏။
သို့သော် မပြောချင်သူ့ထံမှ မမေးတော့ပြီဟု သူ ဆုံးဖြတ်သွားပုံရ၏။
ပဉ္စမ မောင်မျိုးမင်း (ရင်တွင်းဖြစ်)၊ ဆဋ္ဌမ ကိုရွှေထူး (ပြည်) နှင့် စောမင်းဝေ၊ သတ္တမ စာဖတ်ပရိသတ်တစ်ဦး၊ အဋ္ဌမ... နှဝမ... များစွာ “ဘုန်းကြီးဝတ်သလား”... ကြာတော့ ကျွန်တော် စိတ်ရှုပ်လာသည်။ ကျွန်တော် ခေါင်းတုံးတုံးရခြင်းအကြောင်းကို လူအများကို ရှင်းပြခွင့်မရ။ သူတို့ထင်သလို ဘုန်းကြီးဝတ်ခြင်းလည်း မဟုတ်။
ခေတ်ကာလ ရေစီးကြောင်း ...။
နေရာမပေး၍ မရသော လူငယ်တစ်ယောက်ကြောင့် ကျွန်တော်
ခေါင်းတုံးတုံးရခြင်းသာ ဖြစ်ပါသည်။ ကျွန်တော်သည် ငြင်း၍မရသော
ရေစီးကြောင်းကြောင့် ခေါင်းတုံးတုံးရခြင်း ဖြစ်ကြောင်းကို အောက်ပါအတိုင်း
ဝန်ခံ၍ ရေးပါသည်။
◾
ထိုနေ့က မိန်းမကို ဆံပင်ညှပ်မည်ဟု အသိပေးကာ လန်ဒန်တစ်လိပ် သောက်ရင်း ကျွန်တော် ထွက်လာခဲ့၏။ ဆံပင်ညှပ်ဆိုင်က ကျွန်တော့်အိမ်နှင့် သိပ်မဝေး၊ ဆံပင်ကလေး နည်းနည်းထူလျှင် ခေါင်းယားတတ်သော
ကျွန်တော်၊ ဆံပင်တိုတို ပါးပါးကလေးညှပ်ဖို့ စိတ်ကူးနှင့် ထွက်လာခဲ့ခြင်းသာဖြစ်ပါသည်။ ကျွန်တော်အပြန်တွင် ခေါင်းတုံးကြီး ဖြစ်လာမည်ဆိုတာကို မည်သူမှမသိ။ ကျွန်တော်လည်း မသိ။
ဆံပင်ညှပ်ဆိုင်ရောက်တော့ ထိုင်ခုံ (၂) နေရာစလုံးမအား။
ထိုင်စောင့်နေသော ကျွန်တော့်ကို ဂျာနယ်တစ်ထပ် လာပေးသဖြင့်
ကိုယ်မဖတ်ရသေးသော ဂျာနယ်ကိုဖတ်ကာ စောင့်ရ၏။ (လွန်ခဲ့သည့်
လေးငါးနှစ်ခန့်ကတော့ သတင်းစာဖတ်ကာ စောင့်ခဲ့ရဖူးသည်) သုံးမိနစ်ခန့်ကြာတော့ ထိုင်ခုံတစ်ခုအားသည်။ ဆံပင်ညှပ်ပြီးသွားသည့် ကောင်လေးက (အသက် ၁၅ နှစ်ခန့်ရှိမည်) ထိုင်ခုံမှထကာ သူ့ဆံပင်ကို ကျေနပ်စွာဖြင့် မှန်မှာကြည့်ကာ ရပ်ဖြီးသဖြင့် ကျွန်တော် ရုတ်တရက် ဝင်မရဘဲ မတ်တပ်ရပ်ကာ ထိုကောင်လေးခေါင်းကို ကြည့်လိုက်တော့ အတော်ကိုးရိုးကားယား နိုင်သော ဆံပင်ကို တွေ့ရ၏။
နားထင်နှစ်ဖက်ကို စက်ကတ်ကြေးဖြင့်ထိုးကာ ပြောင်အောင်ရိတ်ထားပြီး နောက်က အုန်းမှုတ်ခွက်လို တိထား၏။ ရှေ့ဆံပင်က
အထပ်လိုက် ဝဲကာ ပြောင်နေသော နားထင်ပေါ်ကျသည်။ ဘာပုံဆိုတာကို
လည်း ကျွန်တော်မသိ။ ကောင်လေးကတော့ ညှပ်ပြီးစ သူ့ဆံပင်ပုံစံအသစ်ကို သဘောကျစွာပြုံးရင်း ထွက်ကာသွား၏။
“ဘာပုံစံ ခေါ်သလဲကွ၊ တယ်ဟုတ်ပါလား”
ကျွန်တော်အားသွားသော ခုံအသစ်တွင် ဝင်ထိုင်ရင်း ဆံသဆရာလေးကို မေးမိသည်။
“ဘာပုံမလဲတော့မသိဘူး အစ်ကို၊ ဒီခေတ်အဲဒီလို ညှပ်ကြတာပဲ"
“ဟား ဟား ဟား ဟား ကောင်းတာပေါ့ကွာ၊ ကောင်းတယ်”
ကျွန်တော်တို့တုန်းက ဘိုကေ၊ ရှေ့တစ်လက်မနောက်ပြောင်၊ ဝင်းဦးအမောက်၊ ခလယ်ခွဲ၊ ဟင်နရီဆန်နာဒါးကေ၊ တူးတူးကေ စသည်ဖြင့် နာမည်ရှိကြ၏။ အခုခေတ်ကျတော့ ညှပ်သည့်လူကလည်း ဘာပုံမှန်းမသိ၊
ညှပ်သွားသည့်လူကလည်း ဘာပုံမှန်းမသိ၊ ကောင်းမှကောင်း။ မင်းသားတွေ
အဆိုတော်တွေလုပ်သလို လိုက်လုပ်ကြသောခေတ် မဟုတ်တော့၊ ကိုယ်ပိုင်သောဆံပင်ကို ကိုယ်စိတ်ချမ်းသာအောင် ထားကြသောခေတ် ဖြစ်သွားပြီ ဖြစ်သည်။ ဒါကို “ကောင်းတယ်” ဟု ကျွန်တော်ပြောခြင်းသာဖြစ်သည်။
ခေတ်ရေစီးကြောင်းသည် ကျွန်တော့်အဖေတွေတုန်းကလို အသက် (၅၀)
လောက်မှ ပြောင်းတာမဟုတ်တော့။
ကျွန်တော် တံခွန်အားကစားဂျာနယ်ထဲက ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားအဖြစ် ရေဘာဒိုနှင့် ဘက်ခမ်းတို့နှစ်ယောက် ဘယ်သူရမလဲ ဆိုသော ဆောင်းပါးကို စိတ်ဝင်တစား ဆက်ဖတ်ကာ ဆံပင်အညှပ်ခံရသည်။
ခဏကြာတော့ ဆံသဆရာလေးက ပြော၏။
“ကြိုက်ပြီလား အစ်ကို တော်ပြီလား"
“ဘုရား ... ဘုရား ...”
နဂိုကမှ ထိပ်ပြောင်သော ကျွန်တော့်မှာ နံထင်ဘေး စက်ကတ်ကြေး ထိုးကာ၊ နောက်တိ၊ ရှေ့ဆံပင်မရှိနှင့်... သွားပြီ။
“ဟာ... ဟေ့ကောင် ငါ့ကိုဘယ်လိုလုပ်...”
“အစ်ကိုပဲ ခုနကကောင်လေးပုံ ညှပ်မယ်ဆို"
ထိုပုံနှင့်သာ သွားလို့ကတော့ ခေါင်းတုံးတုံးတာထက် ပိုဆိုးမည် ထင်ပါသည်။ ကျွန်တော် အရမ်းစိတ်ဆိုးသော်လည်း ဘာမှပြောလို့မရတော့။ ထိုသို့ ကျွန်တော် ခေါင်းတုံးဖြစ်ခဲ့ရပါသည်။
ချစ်ပါသော မကြည် အဲလေ ... (ယောင်လို့)
ချစ်ရပါသော မိန်းမရေ ...
ဆရာနီကိုရဲ၊ ရည်းစားစာ ဝတ္ထုတိုစု၊ စာမျက်နှာ ၂၉ - ၃၉။
စာရိုက် - စလေ ငနော့
