Wednesday, April 8, 2020

(ရယ်စရာဘဝနှင့်မောစရာ စာမျက်နှာများ)


ဆရာမောင်သာချို ရေးခြစ်ခဲ့တဲ့ ကာတွန်းဆရာအော်ပီကျယ်ရဲ့ ခဲခြစ်ကောက်ကြောင်း ရုပ်ပုံလွှာ။
အော်ပီကျယ်
••••••••••••••••••••••••••••
မောင်သာချို
ကျွန်တော့် အညံ့ဖျင်းဆုံးအချက်ကို ဝန်ခံရလျှင် ပုံမဆွဲတတ်ခြင်းပင် ဖြစ်ပါသည်။ ပန်းချီ၊ ကာတွန်း ဘာတစ်ခုမျှ ကျွန်တော်မရေးတတ်။ သို့သော် ပန်းချီဆရာတွေ၊ အထူးသဖြင့် ကာတွန်းဆရာတွေနှင့်ကား အထူးပင် ရင်းနှီးပါသည်။
ကာတွန်းပြပွဲတွေ၊ ကာတွန်းဆရာ ကန်တော့ပွဲတွေ၊ ကာတွန်းဆရာ တို့၏ သာမှု နာမှု ကိစ္စတွေနှင့် ကျွန်တော် ဘယ်တော့မှ မစိမ်းလှ။
ကျွန်တော်တို့ အစ်ကိုကြီးအရွယ် ဆရာရွှေမင်းသား၊ ဆရာငွေကြည်၊ ဆရာမြေဇာ၊ ဆရာသစ်ထွဏ်းတို့က စပြီး ဆွေမင်း(ဓနုဖြူ)၊ စိုးသော်တာ၊ စောမင်းဝေ၊ စိုးစံဝင်း၊ ထက်မိုး အဆုံး အားလုံးနှင့် ကျွန်တော် အကျွမ်းတဝင် ရှိပါသည်။ သည်အထဲမှာ တတွဲတွဲ ရှိမိတတ်သူက မန္တလေးသား ကာတွန်းဆရာ မောင်ဝင်းအောင်။
ကာတွန်းမောင်ဝင်းအောင်... ဆိုကြပါစို့၊ ကျွန်တော်အခေါ် ကိုဝင်းအောင် က အချိန်တော်တော်ကလေး နှောင်းမှ အိမ်ထောင်ကျသူ ဖြစ်ပါသည်။ သူ အိမ်ထောင်ပြုဖို့ စိတ်ကူးတော့ ငါးဆယ် ပြူတစ်ပြူတစ် နှစ်ကာလများ။
သူ့ဇနီးလောင်း၏ ဓာတ်ပုံကလေးကို ဟိုလူ့တွေ့ထုတ်ပြ၊ သည်လူ့တွေ့ ထုတ်ပြ နှင့် အိမ်ထောင်ပြုဖို့ တိုင်ပင်နေရသည့် နှစ်ကာလများမဟုတ်လား။
မန္တလေးနှင့် ဝေးရာ ရန်ကုန်မှာဆိုတော့ သူ တိုင်ပင်ရသည်က စာပေ အသိုက်အဝန်း။ သည်မှာ ကျွန်တော်တို့ကတော့ သူ့ဇနီးလောင်း ဓာတ်ပုံကလေးကိုကြည့်ကာ အသက်အရွယ်အရ အိမ်ထောင်ပြုသင့်ပြီဖြစ်ကြောင်း အကြံပေးရုံမျှသာ ဖြစ်ပါသည်။ ကာတွန်းအော်ပီကျယ်ကတော့ သည်သို့ မဟုတ်။
“အော်ပီကျယ်ကြီး... သူငယ်ချင်းကို ကိုယ် တိုင်ပင်စရာရှိလို့ကွ... ကိုယ် အိမ်ထောင်ပြုဖို့ သင့်ပြီလားကွာ”
ကိုအော်ပီကျယ်က ငါးဆယ် ပြူတစ်ပြူတစ် မောင်ဝင်းအောင်ကို ကြည့်ကာ ပြုံးသည်။ အိမ်ထောင်ပြုသင့်သည့် အသက်ဆိုတာကို တိုက်ရိုက် မပြော။
“သူများတွေ... နင့်အသက်ဆိုရင် မယားငယ်တွေ ဘာတွေရလို့၊ ပြဿနာတောင် တက်နေလောက်ပြီ”
ဟူ၏။
တစ်ဝိုင်းလုံး ဝေါခနဲရယ်သံကြီး၏ နောက်မှာ ကာတွန်းမောင်ဝင်းအောင် သူ့အသက်ကို သူ တွက်မိပြီး ငြိမ်ကျသွားသည်။ ကိုအော်ပီကျယ်က သူ့ ဟာသကို မရပ်။
“မောင်ဝင်းအောင်.... နင် ကလေးမယူနဲ့”
“ဘာလို့တုံးဟ”
“နင့်ကို မြေးရနေပြီ ထင်သွားမှာပေါ့ဟ”
ဝေါခနဲ ပွဲကျသွားပြန်ပါသည်။ အသက်ကြီးပြီဆိုသော အချက်အလက်သို့ ​ရောက်အောင် စွတ်စိုသော ဟာသဖြင့် အမြန်သွားတတ်သော ကိုအော်ပီကျယ်၏ လိပ်ပြာကို ကျွန်တော်က ချစ်သွားမိသည်။
ဪ.. ကိုအော်ပီကျယ်... ကိုအော်ပီကျယ်။
တကယ်တော့ ကျွန်တော်တို့ သူ့ကို ဆုံတွေ့ခဲ့ကြတာ နှစ်အရေအတွက်တွေ များခဲ့ပြီ။ သည်တုန်းကတော့ သူက အော်ပီကျယ် မဟုတ်။
မန်းဘဲ.. တဲ့။
မန္တလေးက ရောက်လာတဲ့ ငနဲပေါ့။
မန်းဘဲ... ကာတွန်း မန်းဘဲ။
◾
“မန်းဘဲ ဆိုတော့ ခင်ဗျားက မန္တလေးသားလား”
“မဟုတ်ဘူးဗျ၊ ပုဂံညောင်ဦး တစ်ဖက်ကမ်းက ရေနံချပ်တဲ့၊ ပခုက္ကူ ခရိုင်ထဲ ပါမှာပေါ့၊ ရေနံချောင်းတို့ ရေနံချပ်တို့ ခင်ဗျားသိပါတယ်”
သည်တုန်းက စွယ်တော်ရိပ်က သူ့အခန်းလေးထဲမှာ ကျွန်တော်က မေးမိခဲ့ခြင်း ဖြစ်ပါသည်။
သူ့ စက်မှုတက္ကသိုလ်ကျောင်းသားဘဝ နှစ်ကာလများ။ ဘယ်နေရာကို ကြည့်ကြည့် ကံ့ကော်ပင်တွေချည်းပဲ ရှိနေသည့် ရန်ကုန်တက္ကသိုလ် ကံ့ကော်တောနှင့် စွယ်တော်ပင်တွေ လက်ညှိုးထိုးမလွဲအောင် ပေါက်နေသည့် ရန်ကုန် စက်မှုတက္ကသိုလ် စွယ်တော်ရိပ်တို့သည် ညီအစ်ကို မောင်နှမ တက္ကသိုလ် များပမာ ကူးလူးဆက်ဆံခဲ့ကြရာ ကျွန်တော်တို့တစ်တွေကို တံတားထိုးပေးခဲ့ သည်က စာပေနှင့် အနုပညာပဲ ဖြစ်ပါသည်။
တစ်ပွဲနှင့်တစ်ပွဲ ပုတီးစေ့ကလေးတွေ သီသလို ပွဲချင်းဆက်နေသည့် စာပေဟောပြောပွဲ၊ ကဗျာရွတ်ဆိုပွဲတွေ၊ ပန်းချီပြပွဲတွေက သည်တက္ကသိုလ် နယ်မြေတွေမှာ ခြိမ့်ခြိမ့်သဲသဲ ကျင်းပလေ့ရှိရာ သူ့တက္ကသိုလ် ကိုယ်သွား၊ ကိုယ့်တက္ကသိုလ် သူလာနှင့် ကျွန်တော်တို့ စိတ်ကူးနှင့် ပညာကို လူလား
မြောက်စေခဲ့၊ ကျယ်ပြန့် နက်ရှိုင်းစေခဲ့သည့် ပွဲသဘင်များဟု ကျွန်တော်က ခံစားမိပါသည်။ သည်ပွဲလမ်းသဘင်တွေ ကြားထဲမှာ ကိုအော်ပီကျယ်တို့ ကျွန်တော်တို့ ချိတ်ဆက်မိသွားကြခြင်း ဖြစ်ပါသည်။ အထူးသဖြင့် ကာတွန်း ပြပွဲ ...။
သည်တုန်းက ရန်ကုန်တက္ကသိုလ် အပန်းဖြေရိပ်သာထဲတွင် ကျင်းပသည့် ကံ့ကော်ရွာ ကာတွန်းပြပွဲက ထင်ရှားပါသည်။ တကယ်တော့ ကာတွန်းပြပွဲဟု သာဆိုသော်လည်း ပန်းချီကားတွေလည်းပြ၊ နံရံကပ် ကဗျာတွေလည်း ပြနှင့် တစ်ပတ်ဆယ်ရက် ဆိုသလို လူတွေ ကြိတ်ကြိတ်တိုးနေသည့် ပွဲဖြစ်ရာ အလွန် ကြီးကျယ်ခမ်းနားပါသည်။
ညညတွေမှာ အပန်းဖြေရိပ်သာထဲ၌ ပြပွဲကို စောင့်အိပ်ကြရင်း စွယ်တော် ရိပ်က ရောက်လာသည့် ကာတွန်းမန်းဘဲနှင့် ကျွန်တော်တို့ ရင်းနှီးသွားကြခြင်း ဖြစ်ပါသည်။
နောက်တော့ သူ ရှိရာ စက်မှုတက္ကသိုလ်ထဲအထိ။
၁၉၇၅ ခုနှစ်အလွန် ၁၉၈၀ ပြည့်နှစ်တစ်ဝိုက် နှစ်ကာလများ။
◾
ကိုအော်ပီကျယ်က ၁ဝတန်းကို အမှတ်ကောင်းကောင်းနှင့် အောင်လာသူ ဖြစ်၍ စက်မှုတက္ကသိုလ်ရောက်လာသော်လည်း ကာတွန်းက သူ့ရိုးတွင်းခြင်ဆီ ထဲမှာ ကပ်ငြိပါလာခဲ့ပုံ ရပါသည်။
မန်းဘဲ... တဲ့။ သည် တုန်းက သူ့အမည်။ သူ့ခေတ် စက်မှုတက္ကသိုလ် အသိုက်အဝန်း မှာ မန်းဘဲကို မသိသူမရှိ။ စက်မှု တက္ကသိုလ် ဆိုသည်ကလည်း ကာတွန်းနှင့် ခွဲမရသော နေရာ တစ်ခု မဟုတ်လား။
ကျွန်တော်တို့ ချာတိတ် ဘဝက အသည်းစွဲခဲ့သော ကြံ့ဗဟုံး
ကာတွန်းကို ဆွဲခဲ့သည့် ဆရာ ဦးအောင်မြင့်၊ တိရစၧာန်လောက
ကာတွန်းများ ဆွဲခဲ့သည့် ဆရာ ဦးဖုဏ်းကို စသည် စသည်တို့သည် စက်မှုတက္ကသိုလ်က။
ကိုအော်ပီကျယ်တို့ခေတ်ကို ရောက်တော့ စက်မှုတက္ကသိုလ်မှာ Cartoon Box ဆိုတာ ရှိနေခဲ့ပြီ။
လေးဖက်လေးတန် မှန်အကြည်တွေနှင့် ကာထားသည့် တယ်လီဖုန်းရုံ ကလေးကို အသုံးပြုကာ အတွင်းဘက်မှနေ၍ ဝင်ကပ်ထားသည့် အပတ်စဉ် ထုတ် နံရံကပ် ကာတွန်း စာစောင်ကလေးပင် ဖြစ်ပါသည်။
ဦးဆောင်သူက မန်းဘဲ။ ပါဝင်ရေးဆွဲသူကလည်း မန်းဘဲ။ ကျောင်းသား ကျောင်းသူတွေ တဝါးဝါးနှင့် ပွဲကျနေခဲ့ရသည့် ခေတ်ပြိုင်လူမှုရေး သရော် ချက်များ။
နိုင်ငံကျော် အော်ပီကျယ်မဖြစ်မီ မန်းဘဲ၏ ခြေစမ်းပွဲ ကန်ချက် အလိမ် အခေါက် အပေးအယူတွေ။ အခုတော့ သူ့ကန်ချက်တွေ သူ့သွင်းဂိုးတွေက အရေအတွက်အားဖြင့် မနည်းပြီ။
◾
ကိုအော်ပီကျယ်က အင်ဂျင်နီယာဘွဲ့ ရပြီးပြီးချင်းမှာ ဝန်ထမ်းဘဝထဲ ရောက်သွားပါသေးသည်။ ပြည်တစ်ဖက်ကမ်း သူရဲတန်းရွာနှင့် မလှမ်းမကမ်း က မော်တော်ကားစက်ရုံတစ်ခုမှာ။
နောက် ၁၉၈၈ ခုနှစ်ကိုရောက်တော့ သူ အလုပ်ပြုတ်သွားသည်။ သို့သော် သူက အလုပ်ပြုတ်သည်ဆိုသော စကားကို လက်မခံ။ အနားယူသည်ဟု သုံးဖို့ ကျွန်တော့်ကို မကြာခဏပြောတတ်သည်။
ထို ပြည်တစ်ဖက်ကမ်းမှာ ဝန်ထမ်းလုပ်ရင်းက သူရဲတန်းရွာသူ ကျောင်းဆရာမကလေးနှင့် သူ မေတ္တာ မျှခဲ့ခြင်း ဖြစ်ပါလိမ့်မည်။ နောက်တော့ ၁၉၈၈ ခုနှစ်အလွန်မှာ အချိန်ပြည့် ကာတွန်းဆရာဘဝ။ ရန်ကုန်သည် သူ့နားခိုရာ။
သူ့လက်ရာ ကာတွန်းတွေ တစ်ကွက်ပြီး တစ်ကွက် ထွက်လာသည်။ ရယ်ရရုံ သက်သက်မျှ မဟုတ်။
ကာတွန်းတစ်ခု၌ လူနှစ်ယောက် ပြေးနေပုံကို ဆွဲထားသည်။
ရှေ့တွင် ရောက်နေသော ဇာတ်လိုက်ကျော်က ပြေးနေရင်း သူများထက် သာရမယ်ကွဟု ကြွေးကြော်နေပုံကို ဆွဲထားသည်။ ထို့နောက် ပြေးသူ နှစ်ယောက် အတူတူ ဖြစ်သွားသည်။
ဤတွင် ဇာတ်လိုက်ကျော်က သူများထက် မသာတောင် တန်းတူ လိုက်နိုင်ရမယ်ကွဟု ပြောင်းပြီး ကြွေးကြော်သည်။
နောက်တစ်ကွက်တွင်ကား ဇာတ်လိုက်ကျော်က နောက်မလှမ်းမကမ်းမှာ ကျန်ရစ်သည်။ သိပ်မကွာရင် ပြီးတာပဲဟု ကြွေးကြော်ရင်း ပြေးနေပုံကို ဆွဲထားသည်။
နောက်ဆုံးအကွက်မှာကျတော့ ဇာတ်လိုက်ကျော် တစ်ယောက်တည်း ဟိုးနောက်ဆုံးမှာ။
ပြောနေသည့် စကားက ကိုယ်ထမင်းကိုယ်စားနေတာ နောက်ဆုံး ဖြစ်တော့ ဘယ်သူ့ ဂရုစိုက်ရမှာလဲကွဟူသည့် စကား။
သည်လို ကာတွန်းလက်ရာတွေက ကိုအော်ပီကျယ့်ဆီမှာ အများအပြားပင် ဖြစ်ပါသည်။
သူက စာမျက်နှာပေါ်တွင်မှာသာ ဟာသရှိသူ မဟုတ်။ စာပေ ဟောပြောပွဲ စင်မြင့်တွေပေါ်မှာလည်း အရွှင်ဓာတ်ကလေးနှင့်။
တစ်ခါက ဟင်္သာတမှာလား၊ ကနောင်မှာလား၊ ကျောက်ပန်းတောင်း မှာလား ကျွန်တော် မမှတ်မိတော့။ သူက သူ့သားတော်မောင် အကြောင်းကို ရယ်ပွဲဖွဲ့ နေခဲ့ပါသည်။
ကျွန်တော်၏အကြောင်း စာစီစာကုံးကို သားတော်မောင်က အလွတ် ကျက်နေပုံ၊ ထိုသို့ကျက်ရာ၌ ကျွန်တော်၏ဖခင်မှာ ဦးဘဖြစ်ပါသည်ဟု ပါဝင်ပုံ၊ သူက အော်ပီကျယ်၊ သို့မဟုတ် ဦးဝင်းနိုင်ဟု ပြောင်းပေးပုံ၊ သားက လက်မခံပုံ၊ သူ့သူငယ်ချင်းတွေအားလုံးလည်း ဦးဘဟုပင် ကျက်မှတ်နေကြပုံ၊ ဤတွင် သူက ဇနီးသည်အား တို့ရပ်ကွက်ထဲမှာ ဦးဘ အတော်မွှေသွားပုံရတယ်ဟု ငေါ့လိုက်မိပုံ စသည်စသည်ဖြင့် ဟောပြောနေရာ ပရိသတ်က တဝေါဝေါ ပွဲကျလျက်။
တစ်ခါတွင်ကား ရန်ကုန်မြို့၏ ကျက်သရေဆောင် ထိပ်တန်းဟိုတယ် ကြီးတစ်ခု။
အောင်မြင်ကျော်ကြားနေသော ဂျာနယ်တစ်စောင်၏ ဧည့်ခံပွဲ။ ဧည့်ပရိသတ်တွေက ဂုဏ်သရေရှိ ဧည့်ပရိသတ်တွေ။
ဂျာနယ်၏ တာဝန်အရှိဆုံး ပုဂ္ဂိုလ်က စောင်ရေများလာသောအခါ အမြတ်ခွန်ကိစ္စ ပူပန်ရကြောင်း အဖွင့်စကား၌ ထည့်ပြောသွားပါသည်။ ကိုအော်ပီကျယ်ကား သူ့အလှည့် အမှတ်တရ စကားပြောခွင့်ရသောအခါ ဤကိစ္စကို ပူရန်မလိုကြောင်း၊ စောင်ရေ ၁ဝဝဝ ဟု ရိုက်နှိပ်ဖော်ပြထားကြောင်း အားပေးလိုက်ရာ ခန်းမကြီးတစ်ခုလုံး ဝေါခနဲ ပွဲကျသွားပါတော့သည်။
တစ်ခါတုန်းကတော့ လူငယ် အယ်ဒီတာ နှစ်ယောက်က မွေးနေ့တူများ ဖြစ်ရာ မွေးနေ့ပွဲကို ပူးပေါင်း ကျင်းပပါသည်။ လူ အစိတ် သုံးဆယ်လောက် ရွေးဖိတ်ထားသော ပွဲဖြစ်ရာ မွေးနေ့ရှင်တို့က တက်ရောက်လာသူများကို အမှတ် တရ စကားပြောခိုင်းရာ ကိုတာပြောပါ၊ ဒေါက်တာဇော်သန်း ပြောပါ။ နိုင်ငံကျော် ဟာသမင်းသား ပြောပါ စသည် စသည်ဖြင့် တောင်းဆိုရာ အနုပညာနယ်ပယ်မှ မဟုတ်သော ဆရာဝန် သုံးလေးယောက်ကိုကား ချန်ထား ကြပါသည်။
ဤတွင် ကွမ်းယာ တပျတ်ပျတ်ဝါးရင်း အရပ်မားမားကြီးနှင့် ထလာသူက ကိုအော်ပီကျယ်ပဲ ဖြစ်ပါသည်။
“ဒီမှာ ဒီမှာ... ဒီက ဧည့်သည်တွေလည်း ပြောပါဦးဗျ၊ သူတို့မှာလည်း ပြောချင်တဲ့စကားတွေ ရှိမှာပေါ့၊ ပြောပါ၊ အမှတ်တရလေးတွေပေါ့”
သည်တော့မှ ဝိုင်းနှင့်စိမ်းနေသော ဧည့်သည် သုံးလေးယောက်ဆီကို တစ်ဝိုင်းလုံးက အာရုံရောက်သွားကြပါသည်။
ငါတို့က အနုပညာသမားတွေ၊ ငါတို့သာ ပြောရေးဆိုခွင့်ရှိတယ်၊ ငါတို့ ပြောတာ နားထောင်ဟူသော စိတ်မျိုး သူ့မှာ မရှိတာကိုတော့ ကျွန်တော် သဘောကျမိတာ အမှန်ပဲ ဖြစ်ပါသည်။
◾
ကိုအော်ပီကျယ်နှင့် ကျွန်တော်က မကြာခဏဆိုသလို ခရီးအတူ သွားဖြစ်ကြသူများ ဖြစ်ကြရာ၊ ပလတ်စတစ်အိတ်ကလေးနှင့် ထုပ်ထားသော ကွမ်းယာတွေက မပါမဖြစ် သူ့တပ်မက်မှုများ။
သူက အမြဲလိုလို ကွမ်းယာကို ငုံထားတတ်၊ ပြီးတော့ တဖြောက်ဖြောက် ဝါးနေတတ်သူဖြစ်ရာ မြန်မာနိုင်ငံ၏ ပြင်ပတွင် သူ ဘယ်လိုဖြေရှင်းမှာပါလိမ့်ဟု ကျွန်တော်က စိတ်ဝင်စားမိသည်။
အထူးသဖြင့် သူ ကွန်ပျူတာ ကာတွန်းရုပ်ရှင် ပညာသွားသင်ရာ အင်္ဂလန်မှာ၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုပညာ သွားသင်ရာ ဟာဘတ်တက္ကသိုလ် မှာ သူ ဘယ်လို ကွမ်းယာစားမှာပါလိမ့်။
“ဟေ့လူ ကိုသာချိ... ခင်ဗျား အဲဒါကတော့ ရှင်းတယ်၊ လေယာဉ်ပေါ် မတက်ခင်အထိ ကွမ်းယာကို ငုံထားတယ်၊ တက်ပြီဆိုတာနဲ့ အကုန် ထွေးထုတ် ပစ်လိုက်တယ်၊ အပြတ်ဖြတ်ပဲ”
နောက်ပိုင်းမှာတော့ ကွန်ပျူတာနှင့် NGO လုပ်ငန်းတချို့မှာ သူ့ဘဝ ကို အသုံးချလာပါသည်။ ဥပမာ-ကြက်ငှက်တုပ်ကွေးတိုက်ဖျက်ရေး လှုံ့ဆော် ပိုစတာကြီးတွေ၊ သဘာဝဘေးအန္တရာယ်နှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး လက်ကမ်းစာစောင်တွေ။ 7 Day News ဂျာနယ်တွင် ဖော်ပြနေသည့် Environment Cartoon တွေကအစ သူ မေတ္တာနှင့် ဆွဲပေးနေခြင်းပင် ဖြစ်ပါ သည်။
“ဟေ့လူ ကိုသာချိ... ဆရာကြည်အောင် ပြောဖူးတယ်ဗျ... Campus Artist လို့ထင်တယ်။ အဝန်းအဝိုင်းထဲက ထွက်လာတဲ့ အနုပညာခေတ်ပြိုင် သမားတွေရဲ့ ဘဝဟာ သိပ်အရေးကြီးတယ်ဗျ”
သူနှင့် ကျွန်တော့်မှာ တူသောတစ်ချက်က ကတ်ပြားစနစ် (Card System) ထားရှိခြင်းပင် ဖြစ်ပါသည်။ ဖတ်သမျှ မှတ်သမျှတွေကို ကတ်ပေါ် တွင်တင်ထားကာ စင်ပေါ်သို့ သူတက်သွားလေ့ရှိသည်။
အရပ်မြင့်မြင့်၊ ကွမ်းယာတပျတ်ပျတ်၊ သဘာဝအတိုင်း ဖွေးနေသည့် ဆံပင်တွေကို တိုတိုညှပ်လို့။ တစ်ကတ်ပြီးတစ်ကတ် ဆွဲထုတ်လိုက်၊ သူ့ ဟောပြောချက်ကို ရှေ့တိုးသွားလိုက်၊ ပရိသတ်၏ ဝေါခနဲ ရယ်သံကြီးကို စောင့်နေလိုက်၊ ခေါင်းမွေးတွေထဲကို လက် ထိုးဖွနေလိုက်၊ ရယ်ကျဲကျဲနှင့် ကြည့်နေလိုက်။
ဘဝမှာ ဘယ်တော့မှ အလွယ်တကူ မျက်ရည်ကျမည့်သူ မဟုတ်ဟု ကျွန်တော်က သူ့ကို ထင်ထားမိခဲ့တာ အမှန်ပဲ ဖြစ်ပါသည်။ သို့သော် သူချုံးပွဲချငိုတာကို တွေ့လိုက်ရစဉ်မှာတော့ ကျွန်တော်ပါ မျက်ရည် မထိန်း နိုင်ပါလေတော့။
သည်တုန်းက ပုဂံညောင်ဦးကအပြန် ဖြစ်ပါသည်။ ကျောက်ပန်းတောင်း ဟောပြောပွဲအပြီး နောက်တစ်နေ့ ရန်ကုန်သို့မပြန်မီ ကျွန်တော်တို့ ကားနှစ်စီး ဖြင့် ပုဂံသို့ သွားကြပါသည်။ ရွှေစည်းခုံစေတီတော် ခြေရင်းနားက ပန်းချီ ဘီညိုတို့၏ဆိုင်တွင် ဝိုင်းဖွဲ့ကြခြင်း ဖြစ်ပါသည်။
ညောင်ဦးမြေစာရင်းက ကိုအောင်ကျော်မြင့်၊ ကိုဝင်းမော်၊ ဥပဒေရုံးက ဦးသန်းဦး၊ The Voice ဂျာနယ်က ကိုတင်လင်း၊ ဆီစက်ပိုင်ရှင် ကိုဆန်းထွန်းဦး၊ ပုဂံမြို့သူ ပုန်းရည်ကြီးက ကိုရဲမြင့်အောင် စသည် စသည်တို့အပြင် ကျောက် ပန်းတောင်းသားများ။ ပြီးတော့ ကိုတွတ်။
ကျွန်တော်တို့ ကျောက်ပန်းတောင်းကို ပြန်ကြတော့ တူရွင်းတောင်တန်း ဘေး တစ်နေရာမှာ ရှေ့က ကားက ရပ်သွားပါသည်။ ပြီးတော့ လူငယ်တွေ အားလုံး ကားလမ်းဘေးမှာ ဆင်းရပ်နေကြပါသည်။ ထနောင်းပင်ကလေး၏ အရိပ်အောက်မှာ။
ဟိုးအဝေးမှာ ပုပ္ပားတောင်ကြီးက ပြာမှိုင်းလို့။
ဘာများပါလိမ့် ဟူသော အတွေးဖြင့် ကျွန်တော်တို့၏ ဆလွန်းကား ကလေးကို ထိုးရပ်ကာ ကျွန်တော်နှင့် ကိုအော်ပီကျယ် ဆင်းလိုက်တော့ အားလုံးက ငိုကြီးချက်မဖြစ်ကာ လမ်းဘေးမှာပင် ထိုင်ကန်တော့ကြပါတော့ သည်။ ကျောက်ပန်းတောင်းဟောပြောပွဲ ခြိမ့်ခြိမ့်သဲသဲ အောင်မြင်မှုအပေါ် ဝမ်းသာလွန်း၍ဟု ဆိုပါသည်။
သည်မှာပင် ကိုအော်ပီကျယ် ဘယ်လိုဖြစ်သွားသည်မသိ။ သူက အရပ် မြင့်သူဖြစ်ရာ ကျွန်တော့်ပခုံးကို သိုင်း၍ ဖက်ထားပြီး မျက်နှာကို ကျွန်တော့် ခေါင်းနားမှာ ကပ်ထားလျက်က ရှိုက်ကြီးတငင် ငိုနေပါတော့သည်။
ပထမ ကျွန်တော်က တောင့်ခံထားပါသေးသည်။ နောက်တော့ ကိုအော်ပီကျယ် မငိုနဲ့ဗျာ၊ မငိုနဲ့ဗျာနှင့် ပြောရင်း ကျွန်တော်လည်း ထိန်းမရတော့။ မျက်ရည်တွေ ဘယ်က ဘယ်လို စီးကျလာသည်မသိ။
ပုပ္ပားတောင်ကြီးက ဝါး၍ဝါး၍သွားပါသည်။
ပုဂံနှင့် ကျောက်ပန်းတောင်းကြားမှာ ဖြတ်သွားနေသည့် ကားတွေက ကျွန်တော်တို့ကို ဘယ်လိုများ နားလည်သွားကြလေသည်မသိ။
မြေကြီးပေါ်က လူတွေကလည်း ငိုလို့။
ကျွန်တော်တို့နှစ်ယောက်ကလည်း ဖက်ငိုလို့။
ကိုအော်ပီကျယ်၏ မျက်ရည်ကား ဤမျှနှင့်မရပ်။
ညနေ ကျောက်ပန်း တောင်းကနေ ကားထွက်လို့ ကြက်မောက်တောင်ဆည်နားသို့ ရောက်ရုံရှိသေး ကျောက်ပန်းတောင်း အကြောင်းတွေ ပြန်ပြောကာ မျက်ရည်ကျလာပြန်ပါသည်။
“ကျုပ်တို့တစ်တွေမှာ... တာဝန်တွေအများကြီး ဟေ့လူရဲ့”
သူက သူကာတွန်းဆွဲနေတာကို သူ့တာဝန်သူ ထမ်းရွက်နေတာဟု ယူဆပါသည်။ ဘယ်သူကမှ ပေးထားသည့်တာဝန်မဟုတ်။ သူ့ကိုယ်သူ ပြန်ပေးထားသည့် တာဝန်။ အခုအထိကတော့ သူ့ကာတွန်းတွေက တာဝန်ကျေပါသည်။ လူကြိုက်လည်း များပါသည်။
Social Criticism ခေါ် လူ့အဖွဲ့အစည်းကို ဝေဖန်သုံးသပ်ကာ ထေ့ငေါ့သည့် ကာတွန်းများဖြစ်၍ တန်ဖိုးရှိသည်။ အော်ပီကျယ် ဟူသောအသံနှင့် လိုက်ဖက်စွာ ကျယ်လောင်သော အသံကို ကိုယ်စားပြုနိုင်ပါစေသားဟု ဆန္ဒ ပြုလိုက်ရပေသည်။
စတိုင်သစ်မဂ္ဂဇင်း ဇွန်လ၊ ၂၀၁၀။
ဆရာမောင်သာချို၊ ခေတ်ပြိုင်ခဲခြစ်ကောက်ကြောင်းများ၊
စာမျက်နှာ ၂၁၃ - ၂၂၂။
သရုပ်ဖော် - မောင်နိုး
စာရိုက် - စလေ ငနော့