•••••••••••••••••••••••••••••••
သုမောင်
(၁၉၈၂) နှစ်ကဖြစ်သည်။ “မမ” ဆိုသော ဇာတ်ကားကို ရိုက်ကူးရပါသည်။ ကျွန်တော်က မင်းသား၊ မင်းသမီးက ခင်သန်းနုဖြစ်သည်။ ဝတၳုက ဆရာငြိမ်းကျော်၏ ''အလွမ်းစကား"။ ဒါရိုက်တာက ဦးအောင်မြင့်မြတ်။ ခုနှယ်ခါနှင့် ပုံခိုင်းရလျှင် ထိုစဉ်က “ခင်သန်းနု" သည် ယခု ထွန်းအိန္ဒြာဗို။ ကျွန်တော်က မင်းမော်ကွန်း။ သည်လိုမျိုး အခြေအနေမျိုးဖြစ်သည်။
ယနေ့ခေတ် မင်းသားငယ်များနှင့် ကွာခြားတာက ထိုစဉ်တွင် ကျွန်တော်သည် အရက်လုံးဝ ကြိုက်တတ် နေပြီ ဖြစ်ခြင်းပင်။ ခိုးကြောင်ခိုးဝှက် သောက်ခြင်းမဟုတ်။ လုပ်ငန်းခွင်ပေါ်မှာပင် ပြောင်ပြောင်တင်းတင်း သောက်တတ် နေခြင်းဖြစ်၏။ ကျွန်တော့်ကို မင်းသားငှားသော ကုမ္ပဏီသည် ''မင်းသားအခွင့်အရေး” တစ်ခုအဖြစ် အရက်အသင့် စီစဉ်ပေးခဲ့ကြရပါသည်။ ဒါသည် ထိုစဉ်က သဘာရင့် မင်းသားကြီးတွေကိုသာ ပေးရသော အပိုအခွင့်အရေး ဖြစ်ပါသည်။
တစ်ခုရှိတာက ကျွန်တော်သည် လုပ်ငန်းအပေါ်၌ လုံးဝအနှောင့်အယှက် မပေးခြင်းဖြစ်သည်။ ဘယ်လောက် သောက်သောက် မျက်နှာ ဖောင်းလာတာကလွဲ၍ အိနြေ္ဒမပျက်၊ သရုပ်ဆောင်မပျက်၊ စကားအပြောအဆို မထစ်ငေါ့၊ အပေါ့အလျှော့မရှိ၊ အရက်သံမပါ။ ပြီးတော့ ရိုးရိုးသားသား အမနာပ ပြောရလျှင် “မင်းသားအခွင့်ထူး” ဟု ဆိုအပ်သော တိုးတိုးတိတ်တိတ် ကိစ္စများလည်း ကျွန်တော်က ရှင်းသည်။ သည်တော့ နာမည်ရစ ကျွန်တော့်ကို ထုတ်လုပ်သူများ၊ ဒါရိုက်တာများက ခွင့်လွှတ်ကြသည်။ နာမည်ကျလာသောအခါ ကျမှာပေါ့ အရက်ပဲသောက်နေတာကိုး ... သူနဲ့ရိုက်ရင် အရက်သောက်မှာ မရိုက်နဲ့ . . . ဆိုတာမျိုးကတော့ ဓမ္မတာသဘော ရှိတာပေါ့ လေ။ ဆိုကြပါစို့ ရဲ့...။ အရက်ပုလင်းကို နံဘေးမှာ အသင့်ထားပြီး ကျွန်တော် ရုပ်ရှင်ဇာတ်ကားကြီးပေါင်း လေးဆယ်ကျော် ရိုက်ကူးခဲ့ ရလေသည်။
စောစောက ပြောသော “မမ'' ဇာတ်ကားရိုက်ကူးစဉ်ကလည်း ကျွန်တော်သည် အရက်ပုလင်းကို ကိုယ်နှင့်မကွာ ထားခဲ့ပါသည်။ ကျွန်တော့်တွင် မိတ်ကပ်သေတ္တာမရှိ၊ မိတ်ကပ်မလိမ်း။ အရက်ပုလင်းသာ အဆင်သင့်။ အချိန်ပြည့် စွတ်ကယ်စွတ်ကယ်။ သောက်ခဲ့သည့် အရက်ကလည်း အကောင်းစားမဟုတ်။ ယမကာ ဆရာတစ်ဦး၏ နည်းကိုယူ၍ အရက်ဖြူစစ်စစ်ကို လူပျံတော်ပတ္တမြား သွေးဆေးအဆီရောပြီး သောက်ခြင်း ဖြစ်သည်။ သည်တော့ ထုံးစံအတိုင်း အနံ့ကဆိုးသည်။ အရက်ကောင်းလို သင်းတပျံ့ပျံ့ မရှိချေ။
ကျွန်တော်တွဲဖူးသော မင်းသမီးများထဲတွင် ဒေါ်ခင်သန်းနုသည် အနံ့အသက်နှင့် ပတ်သက်၍ ဇီဇာ အကြောင်ဆုံး ဖြစ်သည်။ ဘယ်လောက်အထိလဲ ဆိုလျှင် သူနှင့်အနီးအနားမှာ ရှိနေစဉ် စီးကရက်
သောက်တာပင် ကန့်ကွက်ချင်သည်။ “ကိုဗလလေး... ဟောဟိုနား သွားသောက်ပါလား၊ မမနု စီးကရက်နံ့ မခံနိုင်လို့” ဟူ၍ အားမနာပ ပြောတတ်သည်။ ကျွန်တော်သည် မိမိအား အခွင့်အရေး ပိတ်ပင်လာလျှင် ကြိုက်တတ်သူ မဟုတ်သော်လည်း နဂိုကတည်းက စီးကရက်ကို အပျင်းပြေ ဖွားခြင်းဖြစ်သောကြောင့် ထိုကိစ္စ သည်းညည်းခံလိုက်နိုင်သည်။ ပြီးတော့ သူက စူပါမင်းသမီး ကျွန်တော်က တက်သစ်စဆိုတော့ နည်းနည်း အခွင့်အရေး ပေးရမည်ဟုလည်း နားလည်ထားသည်။
အဲ ... အရက်။
''အရက်" နှင့်ပတ်သက်လို့ကတော့ သူနှင့်ကျွန်တော် နဖူးတွေ့ဒူးတွေ့ မကြုံသေးပေ။ ရိုက်ရသည့် ဇာတ်ကားမှာလည်း ကျွန်တော်က ရေနံချေး သုတ်သမားကလေး ဟန်ဆောင်ထားသော တိရစၧာန်ဆေးကုဆရာဝန် ပေါက်စ။ သူက သူဌေးသမီး အပျိုကြီးမမ။ သည်တော့ သရုပ်ဆောင်ရာတွင် အခန်းတိုင်းလိုလို သူနှင့် ကျွန်တော် နီးနီးကပ်ကပ် နေရသည်က မပါသလောက်ပင်။ ဖက်ဖယ်ပြုဟယ် ဆိုတာဝေးရော။
နောက်တစ်ခုက ကျွန်တော်သည် စာရေးဆရာတစ်ပိုင်း ဖြစ်လေရာ ကားရိုက်နားချိန် (ထမင်းစား ချိန်စသဖြင့်) တွင် မင်းသမီးရယ် မင်းသားရယ်ဟု နီးနီးကပ်ကပ် ရောရောနှောနှော မနေတတ်။ ဖာသိဖာသာပင် နေသည်။ ဖြစ်နိုင်လျှင် ကိုယ့်အလှည့် မကျခင်၌ သစ်ပင်အောက်၌ သော်လည်းကောင်း၊ အခန်းတစ်ခန်းတွင်းမှာ သော်လည်းကောင်း သွားပြီး စာပေတွေ ရေးနေတတ်သည်။ ထိုစဉ်က လုံးချင်းဝတၳုတွေ တစ်လတစ်အုပ်လောက် ရေးနေချိန်လည်းဖြစ်သည်။ အသက်က ငယ်သေးတော့ ဉာဏ်ရည်ကလည်း အလွန် ကောင်းနေသည်။ ရုပ်ရှင်ရိုက်ရင်း သီချင်းဆိုရင်း လွတ်သည့်အချိန် စာရေးနိုင်စွမ်းက ရှိနေခဲ့သည်။
ရိုက်ကွင်းပေါ်မှာ စာမရေးဖြစ်ချိန် များတွင်လည်း ဇာတ်ရံများ၊ လူကြမ်းများ၊ စက်အဖွဲ့သားများ ဖြင့် ဟေးလားဝါးလားလုပ်ရင်း လူပျံတော်ပတ္တမြား ဖျော်ရည်ဖြင့် ပလဲနံပ သင့်နေတတ်သည်။ ထို့ကြောင့် “မမ” ဇာတ်ကားရိုက်နေစဉ် အဦးပိုင်းကာလ၌ (ဒေါ်) ခင်သန်းနုနှင့် ကျွန်တော် ဒွေးရောယှက်တင် သိပ်မရှိသလို ကျွန်တော် သောက်ထားမှန်းလည်း သူမသိခဲ့ချေ။ ပြောခဲ့ပါပကော ကျွန်တော်က အရက်ဘယ်လောက် သောက်သောက် အိနြေ္ဒမပျက်ဘူးဟု။ သည်လိုနှင့်...
တစ်ယောက်နှင့် တစ်ယောက် ခင်ခင်မင်မင်လည်းမဟုတ် သူစိမ်းတရံလည်း မဟုတ်ဘဲလျက် အလုပ်သဘော ဆက်ဆံရေးမပျက်ခဲ့ကြပါ။ ပြီးတော့ ရိုးရိုးပြောကြကြေး သူကစူပါဆိုတော့ တက်သစ်စ ကျွန်တော့်အပေါ် သိပ်ပြီး အရေးတဝင် ရှိချင်ပုံလည်း မရပေ။ (ဟိုတုန်းကပြောပါတယ်။) ကျွန်တော် ကလည်း ပေကပ်ကပ်သမားဆိုတော့ သူတော်ချင်းချင်း သတင်းလွေ့လွေ့ ဆိုကြပါစို့ရဲ့။ အလုပ်တွင် အနှောင့်အယှက်မရှိဘဲ ဇာတ်ကားကို ဆုံးခန်းတိုင်လုနီးပါးအထိ အဆင်ပြေပြေ ရိုက်ကူးနိုင်ခဲ့ပါသည်။
တစ်နေ့သော် ပြဿနာ ပေါ်ပါတော့သည်။ ဇာတ်ကားမှာ ဇာတ်သိမ်းပိုင်း၌ မိတၳီလာ ''ဝမ်းတွင်း” ဘက်မှာ ရိုက်ကူးရသည်။ မြန်မာဇာတ်ကား ထုံးစံအတိုင်း သူဌေးသမီးနှင့် သူဆင်းရဲ တိရိစၧာန်ဆရာဝန် ပေါက်စလေးတို့၏ ချစ်ဇာတ်လမ်းမို့ .. ကြားခံလူ အိမ်က သဘောတူထားသော ဗီလိန်လူကြမ်းက ပါရသည်။ ထိုနေရာက အကယ်ဒမီဦးမြင့်နိုင်ပါ။
ဇာတ်လမ်းသဘောအရ ဇာတ်ရှိန်မြင့်သော အခန်း။ ကျွန်တော်နှင့် ခင်သန်းနုက ချိန်းတွေ့သည်။ ထိုစဉ် ဦးမြင့်နိုင်က ရောက်လာသည်။ နောက်တော့ ဦးမြင့်နိုင်က သဘောထားကြီးစွာ နောက်ဆုတ်ပေးသည်။ ပြီးတော့ ဇာတ်ပေါင်းသည်။ ထိုဇာတ်ဝင်ခန်းကို ''ဝမ်းတွင်း'' မြို့အနီး ထုံးဖြူဖြူ စေတီကလေးတည်ရှိရာ ပေရှစ်ရာလောက် မြင့်သော တောင်ကတုန်းလေးပေါ်မှာ ရိုက်ကူးပါမည်။ ထုံးစံအတိုင်း နံနက်စောစော ထကြပြီး ထိုတောင်ကတုန်းလေးဆီ အရောက်သွား၊ အေးအေးလူလူ တောင်ပေါ်တက်ကြရပါသည်။ စက်အဖွဲ့သားများနှင့် ဒါရိုက်တာကတော့ အလျင်စလို တက်ကြသည်။ မင်းသား မင်းသမီးကတော့ နောက်မှ အေးအေးလူလူ တက်ရပါသည်။
ထိုအခါ ကျွန်တော်နှင့် (ဒေါ်) ခင်သန်းနုမှာ တစ်တွဲထဲ တောင်ပေါ်တက်ရသည့် ကိန်းဆိုက်တော့၏။ သည်တော့လည်း ဘာဖြစ်သေးလဲ .. နှစ်ယောက်ဘေးချင်းယှဉ်၍ စကားစမြည်ပြောရင်း တောင်ပေါ် တက်ခဲ့ကြသည်ပေါ့။ သို့သော် ယောက်ျားခြေလှမ်းနှင့် မိန်းမခြေလှမ်းက ကွာသည်။ (မင်းသမီးဆိုတော့ သာမန်ထက် နုနယ်တာလည်းပါသည်။) ခရီးတစ်ဝက်လောက်တွင် သူကပြောသည်။
“ကိုဗလလေး မမနုကို စောင့်ပါဦး”
ပြောပြောဆိုဆို ကျွန်တော်ဝတ်ထားသော စစ်ဂျာကင်ကြီး၏ လက်မောင်းစကို အားပြုလှမ်းဆွဲသည်။ တွဲခေါ်ပါဆိုသည့် သဘောပင်။ သူ့ဘက်က မောင်လိုနှမလို ရိုးသားစွာ အားပြုရှာသော်လည်း ကိုယ့်ဝမ်းနာ ကိုယ်သာသိ ကျွန်တော်က ... (နံနက်စောစောထဲက သောက်ထားနှင့်ပြီးပါပြီ။)
“ဟာဗျာ .. မမကိုတွဲဖို့နေနေသာသာ ကျွန်တော့်ဖာသာ တစ်ဖက်ဖက် ယိုင်သွားမှာစိုးလို့ ဟော ဒီမှာ ချိန်သားကိုက် ထားရတယ်”
ဟု ပြန်ပြောရင်း ဂျာကင်ရင်ဘတ်ကို လှစ်ပြလိုက်သည်။ ဂျာကင်အတွင်း အိတ်နှစ်ဘက်တွင် အရက်ပုလင်းနှစ်လုံး။ သူက ဒါကိုတွေ့တော့ အံ့အားသင့်သွားသည်။ ထို့ထက်ကား မသိမသာ နှာခေါင်းရှုံ့ပြီး ကျွန်တော့်အနီးမှ ဆတ်ကနဲ ခွာသွားသည်။ ကျွန်တော်ကလည်း ငယ်ဂုဏ်လေးက
မောက်နေလေတော့ သူ့ကို လှည့်မကြည့်တော့ဘဲ ကိုယ့် ဖာသာ တောင်ပေါ်ဆက်တက်ခဲ့သည်။ သူသည် မကျေမချမ်း ဖြစ်သွားသလား၊ စိတ်ပျက်သွားသလားတော့ မသိ ... တောင်ပေါ်သို့ နာရီဝက်လောက်ကြာမှ ဟပ်ထိုးဟပ်ထိုးဖြင့် ရောက်လာပါတော့သည်။ ကျွန်တော့်ကို သိပ်ပြီး မကြည်လင်တော့ချေ။
သည်လိုနှင့် ဇာတ်ဝင်ခန်း စရိုက်သည်။ ထိုအခန်းမှာ တစ်ဇာတ်လုံးတွင် တစ်ခန်းတည်းသော မင်းသားနှင့် မင်းသမီး အနီးကပ် ပူးတွဲရခန်းဖြစ်သည်။ ပြောရမည့် စကားက ခင်သန်းနုပုခုံးကို ကျွန်တော်ကကိုင်ပြီး မျက်နှာချင်းကပ်လျှက် “မမ” ဟု ခေါ်ရသည်။ ထိုအခါ သူက “ခေါ်ပြန်ပြီလား ဒီမမ” ဟု အမူပိုရသည်။ ထိုအခါ ကျွန်တော်က လူငယ်ပီပီ
“ခေါ်တယ်ဗျာ... ဘာဖြစ်လဲ... မမ... မမ... မမ..."
ဤတွင် မြန်မာစကား၌ ကြာသာပတေးနံ
'ပ-ဖ-ဗ-ဘ-မ ' အက္ခရာများကို ပြောဆိုရာတွင် ပထမ ပါးစပ်ကို ပိတ်ရသည်။ ပြီးတော့ ဖုတ်ကနဲဖောက်ကနဲ လေလုံးကို မှုတ်ထုတ်ရသည် မဟုတ်လား။ ထိုအခါ “မမ”
''မမ'' ''မမ” ဟု ကျွန်တော်ပြောလိုက်သော စကားလုံးလေးများမှာ .. အရက်နံ့ဖြင့် ရောထွေးလျှက် သူ့နှာဝသို့ ဖေါက်ခနဲ ဖေါက်ခနဲ သွားမှန်ပါလေတော့သည်။
“ဟိုး ... ဟိုး ... ပြန်ရိုက်မယ်”
ဒါရိုက်တာက ရပ်ခိုင်းခြင်းမဟုတ်။ ဒေါ်ခင်သန်းနုက ရပ်ခိုင်းလိုက်ခြင်းဖြစ်၏။ ပထမတော့ . .ဘာများ ဖြစ်ပါလိမ့်ပေါ့။ ဒါရိုက်တာ လုပ်သူမှာလည်း ကြောင်တက်တက် ဖြစ်သွားရသည်။ သည်တော့မှ . . . ဒေါ်ခင်သန်းနုက “မင်းသားပါးစပ်က အရက်နံ့ရတယ် ဖီလင်အောက်တယ်” ဖြစ်ပါလေရော။ ကျွန်တော့်မှာလေ ရှက်တာရော ဒေါသဖြစ်တာရော ငယ်ဂုဏ်မောက်တာရော ပေါင်းပြီး ဆတ်ကနဲမက ဒိုင်းကနဲ ဖြစ်သွားရသည်။ တစ်စုံတစ်ရာဖြစ်လျှင် ချက်ချင်း တုန့်ပြန်တတ်သော ကျွန်တော်ကလည်း ...
“ပြန်ရိုက်မနေနဲ့ မရိုက်ချင်လုံးဝမရိုက်နဲ့"
ဟူ၍ မမနု၏ ဂုဏဂုဏ် ဝရဂုဏ်ကို မငဲ့ဘဲ ပြောချလိုက်မိသည်။ သူကလည်း ...“မရိုက်တော့ဘူး” ဟု ပြောပြောဆိုဆို ဆောင့်ဆောင့်နှင့် တောင်အောက် ပြန်ဆင်းသွားပါတော့သည်။ သူ့ခေတ်သူ့အခါဆိုတော့ . . ဘယ်သူမှ တားလို့မရချေ။ ကျွန်တော်ကတော့ ခပ်အေးအေးပင် အရက်ပုလင်းဖွင့်၍ တစ်ငုံမော့လိုက်ပါသေးသည်။ ဒါရိုက်တာက မင်းသမီးနောက် လိုက်ပြီး ချော့ပါသေးသည်။ မရပါ။ တောင်အောက်သို့သာ စိုက်စိုက် စိုက်စိုက် ဆင်းသွားရာ တောင်လယ်လောက်ရှိ ဇရပ်ကလေး တစ်ခုအရောက်တွင် ဆောင့်ကြောင့်ထိုင်ရင်း အမောဖြေနေပါတော့သည်။
ခဏကြာတော့ ဒါရိုက်တာက ကျွန်တော့်ကို လာချော့ပြန်သည်။ “ကိုဗလကြီးရယ် သွားချော့လိုက်ပါဗျာ ဟိုမှာလည်းကြည့်ပါဦး” ဟု နံဘေးသို့ညွှန်ပြသည်။ စက်သမားကလေးများမှာလည်း နေပူကြီးထဲ ငုတ်တုတ်။ ဦးမြင့်နိုင်ကြီးမှာလည်း ကုတ်အင်္ကျီ ဘောင်းဘီ နက်ကတိုင်များဖြင့် ချွေးတဒီးဒီး။ ထမင်းစားချိန်ကလည်း
ရောက်နေပြီ။ နေကလည်း ပူပါသဘိနဲ့။ တောင်ကလည်း တောင်ကတုံး။ အရိပ်မရှိ။ ကျွန်တော့်စိတ်သည် မင်းသားအဖြစ်မှ စာရေးဆရာအဖြစ်သို့ ရုတ်တရက် ပြန်ရောက်သွားပါသည်။ ကျွန်တော်မှာ တင်းခံနိုင်အား မရှိတော့ပါ။ သို့သော် .. တစ်ခုခု ဂလဲ့စားချေရလျှင် စားမဝင်အိပ်မပျော် ဖြစ်တတ်သော ကျွန်တော်သည်...
“ဒါ ဘယ်သူ့ မိတ်ကပ်သေတ္တာလဲ”
ဟု အနီးရှိ မိတ်ကပ်သေတ္တာကို လက်ညှိုးထိုး၍ မေးသောအခါ “မမနုပစ္စည်း” ဟု ဖြေသံကြားရသည်။ ချက်ချင်းပင် အကြံအစည် ညစ်ညစ်ပတ်ပတ်တစ်ခု ခေါင်းထဲဝင်လာသည်နှင့် သူ့ မိတ်ကပ် သေတ္တာကို ကျွန်တော်ဖွင့်သည်။ သိပ်မရှာဖွေလိုက်ရပါ။ အကောင်းစား ရေမွှေးတစ်ပုလင်းကို တွေ့ပါသည်။ လက်သန်းလောက်လေးရှိမည်။ ထို့ကြောင့် တော်တော် အဖိုးတန်ပုံရသည်။ ပြီးတော့ မမနုက ထိုစဉ်၌ တရုတ်ပြည်မှ ပြန်လာကာစဖြစ်ရာ . . ဟိုကပါလာသော (လက်ဆောင်ရလာသော) ရေမွှေးဖြစ်ပေလိမ့်မည်။
ကျွန်တော်သည် ထိုရေမွှေးကို ပထမဆုံး နှုတ်ခမ်း၌တို့သည်။ ပြီးတော့လည်ပင်း၊ ပြီးတော့ရင် ဘတ်၊ လက်၊ ဗိုက်၊ နောက် ချောင်ကြိုချောင်ကြားမှသည် ... နောက်ဆုံး ခြေထောက်အထိ ဆွတ်ပစ် လိုက်ရာ သူ့ရေမွှေး တစ်ပုလင်းလုံး ချောတော့သည်။ ရေမွှေးနံ့သည်လည်း ဘုရားရင်ပြင်တစ်ခုလုံး ကြိုင် သွားတော့သည်။ ကျွန်တော့်လုပ်ရပ်ကို မည်သူကမျှ ဝင်မတားချေ။ ကျွန်တော်က တော်တော်ထွေနေပြီကိုး။
ကျွန်တော်တောင်အောက်သို့ ဆင်းလာခဲ့သည်။ ဇရပ်ပေါ်မှာ မမနုသည် ဆောင့်ကြောင့် ထိုင်လျက်ပင် ရှိနေသည်။ ကျွန်တော်သူ့ နောက်ကျော မလှမ်းမကမ်းသို့ ရောက်သောအခါ သူ့ကိုယ်လုံးကလေး နည်းနည်း လှုပ်သွား၏။ ရေမွှေးနံ့ ရလိုက်သောကြောင့် ဖြစ်လိမ့်မည်။ ကျွန်တော်က သူ့နောက်ကျောနားကပ်ပြီး ဒူးထောက် ထိုင်လိုက်သည်။
''မမ''
“ဘာလဲ”
“လာပါဗျာ အလုပ်လုပ်ကြရအောင်"
“အင်း... ခုမှ ... ''
ရေမွှေးနံ့ကြောင့် သူစိတ်ပြေသွားပုံရသည်။
ကျွန်တော်သည် မမနု လက်ကိုဆွဲလျက် တောင်ပေါ်သို့ ပြန်တက်ခဲ့သည်။ အားလုံးလည်း ဝမ်းသာ သွားကြသည်။ ရိုက်လက်စ အခန်းကိုလည်း စိတ်ပါလက်ပါ ရိုက်ကူးနိုင်ခဲ့ကြသည်။ ထိုသို့ ကတောက်ကဆဖြင့် စတင်ဆုံစည်းခဲ့သော ကျွန်တော်နှင့် မမနုတို့သည် နောင်ဇာတ်ကားတော်တော် များများ ရိုက်ကူးခဲ့ရာ “ခုနစ်စဉ်အလွမ်း” တွင် အတူတကွ အကယ်ဒမီရသည်အထိ မောင်နှမရင်းချာလို ဖြစ်သွားတော့သည်။ တစ်ခုပါပဲ . . . ။ သည်နေ့ အထိ သူ့ရေမွှေးတွေ ကျွန်တော်ယူသုံးပစ်တာကို သူမသိရှာ။ ဤစာကို ဖတ်မိလျှင်တော့ ကျွန်တော့်ကို ကျိန်ဆဲနေမည်လား... 'ဒီကောင်လေး တော်တော် ဆိုးတယ်' ဟု ချစ်စနိုး ရယ်မောနေမည်လား မပြောတတ်။
(မယုံလျှင် ဒေါ်ခင်သန်းနုကို မေးကြည့်ပါ။)
သောကြာစာစောင် အမှတ် (၄၅၃)၊ မေလ၊ ၂၀၀၁ ခုနှစ်။
ဆရာသုမောင်၊ အရက်သမား အမှားတစ်ခါ ပီဒီအက်ဖ်၊
စာမျက်နှာ ၄၄ - ၄၈။
စာရိုက် - စလေ ငနော့
