Tuesday, April 14, 2020

သူများဖြစ်ရင်



•••••••••••••••••
အောင်သင်း
တက္ကသိုလ်နောက်ဆုံးနှစ်အတန်း  နောက်ဆုံး စာမေးပွဲကို ဖြေဆိုကြသော ကျောင်းသားများသည် အခြားအတန်းငယ်ကျောင်းသားများထက် ပို၍ စိတ်လှုပ်ရှားကြမည်ဟု ကျွန်တော် ထင်ပါသည်။ စိတ်လှုပ်ရှားပုံမှာ စာမေးပွဲအတွက် စိတ်လှုပ်ရှားနည်းမျိုးမဟုတ်။ ဆန့်ကျင်ဘက်အင်အား နှစ်ခုကြားတွင် လူးလွန့်နေရသော လှုပ်ရှားနည်းမျိုးဖြစ်သည်။
နောက်ဆုံးနှစ် ဘွဲ့ယူရတော့မည့် စာမေးပွဲဖြစ်သောကြောင့် ကြိုးစားပမ်းစားလည်း ဖြေကြသည်။ အောင်လည်း အောင်ချင်သည်။ လောကမြေတစ်ခွင် ခြေတင်ပြီး လျှောက်လှမ်းနိုင်ကြတော့မည်။
ထို့ကြောင့်အောင်ချင်သည်။
သို့သော် အောင်သွားပြီးလျှင် တက္ကသိုလ်သို့ နောက်ထပ်မလာရတော့ပြီ။ ကံ့ကော်တောနှင့် ဝေးပြီ။ ပိတောက်လမ်းကို မလျှောက်လှမ်းရတော့ပြီ။ အင်းလျားစပ်တွင် ကြည်နူးခွင့် မရတော့လေပြီဟူသော အတွေးတို့ကလည်း သူတို့နှလုံးသားကို ညှိုးငယ်နွမ်းလျသွားစေသည်မှာ အမှန်ဖြစ်သည်။
ထိုတက္ကသိုလ်လွမ်းစိတ်သည် အချို့သောသူတို့၏ ဘဝကို ပြောင်းလဲသွားစေတတ်သည်။ တက္ကသိုလ်ဆရာ တော်တော်များများသည် တက္ကသိုလ်လွမ်းစိတ်ကြောင့် မခွါနိုင်မခွဲရက်ဖြစ်ကာ ပြင်ပက သြဇာအာဏာကြီးမားသည့် လုပ်ငန်းရာထူးကြီးများကို ကျောခိုင်းပြီး ပညာကလွဲပြီး ဘာမျှမရှိသည့် ဆရာဘဝနှင့် အရိုးထုတ်သွားကြခြင်းဖြစ်သည်။
နောက်ဆုံးမေးခွန်းလွှာဖြေပြီးကြသည်နှင့် တပြိုင်နက် အချင်းချင်း နှုတ်ဆက်ကြ၊ လိပ်စာပေးကြ၊ အော်တိုရေးကြ၊ ဆရာတွေကို ကန်တော့ကြ၊ ရယ်ကြ၊ မောကြ မျက်ရည်ဝေ့ကြ  ဆိုသည်မှာ နှစ်စဉ်မြင်ကွင်းများသာ ဖြစ်နေပါတော့သည်။
စာမေးပွဲဖြေပြီး နောက်တစ်နေ့တွင် 'လှရွှေ' တစ်ယောက် ကျွန်တော့်ထံပေါက်လာပါသည်။ ခါတိုင်းလိုပဲ သူ့ကို ရယ်ရယ်မောမော နှုတ်ဆက်လိုက်မည်ပြုပြီးမှ သူ့ကို သတိထားကြည့်လိုက်တော့ မျက်နာက ညှိုးညှိုးငယ်ငယ် ဖြစ်နေရုံမက မျက်ရည်မကျအောင် မနည်းတင်းထားရလေဟန် ရှိသောကြောင့် အလိုက်သိစွာပင် ကိုယ်ရှိန်သတ်ပြီး သူ့စကားကို စောင့်နေမိပါသည်။
အတော်လေးကြာသွားမှ -
"ကျွန်တော့်ဖေဖေ ဆုံးသွားပြီ ဆရာ''
"ဟင်'' ဟုသာ တစ်ချက် မြည်တမ်းလိုက်မိပြီး  ကျွန်တော်လည်း ဘာကိုမျှ ဆက်မပြောနိုင်ပါ။ ခဏရှိတော့မှ သူက ဆက်လက်၍ -
"ရက်လည်ဆွမ်းသွတ်ပြီးကြပါပြီ။ ကျွန်တော် စာမေးပွဲဖြေနေတာမို့ ဖုံးထားကြတာပါ။ ရန်ကုန်က ကျွန်တော့်အစ်ကို ဝမ်းကွဲတစ်ယောက်ဆီကိုတော့ ဖုန်းလဲ ဆက်ထားတယ်။ စာလဲ ရေးလိုက်ကြပါတယ်။  မနေ့က စာမေးပွဲပြီးလို့ ဒီနေ့မနက်မှ လာပြီး ပြောပြသွားပါတယ်''
သူက ကျွန်တော့်ကို ပြောနေသည်မှာ အကူညီတောင်းလို၍မဟုတ်၊ အကြံဉာဏ် တောင်းလို၍လည်း မဟုတ်။  သူ ခင်မင်ရိုသေသော ဆရာဖြစ်၍လည်းကောင်း၊  ခံစားနေရသည့် ဝေဒနာကို ဖွင့်ထုတ်လို၍လည်းကောင်း ကျွန်တော့်အား လာပြောနေခြင်းဖြစ်ကြောင်း ကျွန်တော် နားလည်လိုက်ပါသည်။
သူ့ဖခင်မှာ အစိုးရအရာရှိတယောက် ဖြစ်သည်။ တစ်အိမ်လုံးမှာ ဖခင်ဝင်ငွေကိုသာ အမှီပြုပြီး ခြိုးခြံချွေတာစွာ နေကြရသည်။ သူက အကြီးဆုံးသားယောက်ျားလေး ဖြစ်သည့်ပြင် ညီငယ် ညီမငယ်သုံးယောက် ရှိနေသေးသည်ကိုလည်း ကျွန်တော် သိထားခဲ့ပြီးဖြစ်သည့်အတိုင်း ရုတ်တရက် မမျှော်လင့်ဘဲ တာဝန်ကြီး ပိလာလိုက်သည် သူ့အဖြစ်ကိုကြည့်ပြီး 'ေဩာ် ဖြစ်ရလေခြင်း' ဟု ကရုဏာသက်လိုက်မိပါသည်။
"အင်း... အေးလေ၊ ဒီလိုဆိုတော့ မင်းမှာ တာဝန်ကြီး ထမ်းဖို့ ဖြစ်လာပြန်ပြီပေါ့''
"ဟုတ်တယ်ဆရာ၊ မေမေကလဲ  သိပ်ပြီး ကျန်းမာလှတာ မဟုတ်ဘူး။ ကျောင်းတက်နေတဲ့ ညီလေး၊ ညီမလေးတွေ ကလည်းရှိသေးတယ်''
အခြေခံပစ္စည်းပစ္စယ ကြွယ်တောင့်ကြွယ်ဝ မဟုတ်လှသော သူတို့၏ မိသားစုအခြေအနေကို သိပြီးဖြစ်သည့်အတိုင်း သူ့အတွက် ကျွန်တော်ပါ ရောပြီး မွမ်းကြပ်သွားမိပါသည်။ သူ့ကို ဘယ်လိုစကားမျိုး ပြောပြီး နှစ်သိမ့်ရပါမည်နည်း။ 'သင်္ခါရပေါ့၊ အနိစ္စပေကိုး၊  သေမျိုးချည်းပါပဲ' ဆိုတာမျိုးတွေကိုလည်း ကျွန်တော် ပြောမနေချင်တော့။ သို့နှင့် အတော်ကြာကြီး ငိုင်နေပြီးမှ -
"လှရွှေ မင်းကို ငါသိပါတယ်။ ဆိုလိုတာက မင်းစိတ်နေစရိုက်ကို ငါ သိပါတယ်။ မင်းဟာ တာဝန်သိတတ်သူ၊  တာဝန်ယူတတ်သူတစ်ယောက် ဖြစ်တယ်။ ဒါကြောင့်လဲ မင်းရဲ့ မိသားစုအတွက် စိတ်ပူနေတာပေါ့လေ။  ပုံသေတွက်ထားစေချင်တာတစ်ခုက တာဝန်သိစိတ်ရှိသူတွေ၊  တာဝန်ထမ်းတတ်တဲ့သူတွေဟာ တာဝန်ကို ထမ်းနိုင်လာကြစမြဲပဲ။  တာဝန်ထမ်းနိုင်တဲ့သူတွေကို လောကကြီးကတာဝန်ကို ယုံကြည်အပ်နှင်းစမြဲပဲ။ လောကကြီးက ယုံကြည်အပ်နှင်းလာတဲ့သူတွေဟာ ကြီးမြင့်လာစမြဲပဲ။ ဒါကြောင့်မင်းဟာ တစ်နေ့မှာ  ကြီးမြင့်လာမှာပဲဆိုတာကိုတော့ ငါက တကယ့်ကို ယုံကြည်ပါတယ်။ ဒါပေမဲ့  ခုလောလောဆယ်မှာတော့ဖြင့် မင်းအဖို့ တွေးလိုက်တိုင်း စိတ်အားငယ်စရာတွေချည်း ဖြစ်နေမှာပဲ''
"ဟုတ်တယ် ဆရာ၊ ကျွန်တော့်အတွက်ထက် မေမေ့ကို ပိုပြီးသနားတယ်။ နောက်ပြီး ညီမလေးတယောက်က အလွန် စိတ်အားငယ်တတ်တယ်။ သူ့ကိုလဲ သနားတယ်။ ဖေဖေဆုံးသွားလိုက်တော့ သူဘယ်လောက်များ ငိုလိုက်ရှာမလဲလို့ တွေးလိုက်မိရင် စိတ်ကို မကောင်းတော့ဘူး ဆရာ''
"အေးပေါ့ကွာ။ ဒါပေမဲ့ လှရွှေရေ ကိုယ့်ကိုယ်ကိုယ် သိပ်ပြီးသနားနေရင် မဟန်ဘူးကွ။ မင်းလိုပဲ သူများတွေလည်း ဖြစ်ဖူးတာပါပဲ။ ငါတို့တစ်တွေက သူများတြွေဖစ်ရင် ကိုယ်လဲ ဖြစ်နိုင်တယ်ဆိုတာကို ကောင်းတဲ့ကိစ္စမျိုးတွေကျတော့မှသာ တွေးမိတတ်ကြတာ။ သူများထီပေါက်ရင် ကိုယ်လဲ ပေါက်နိုင်တယ်ဆိုပြီး တွေးတယ်။ ထီထိုးကြတယ်။ ဒါပေမဲ့ သူများ ကားတိုက်ခံရရင် ကိုယ်လဲ  ကားတိုက်ခံရနိုင်တယ်ဆိုတာမျိုးကျတော့ မတွေးမိဘူး။ မတွေးချင်ဘူး။ ခုလဲပဲ သူများတွေမှာ အဖေသေတော့ ငါလဲ ငါ့အဖေ သေသွားနိုင်တယ်လို့ မင်းလဲ မင်းတွေးခဲ့မိပါမလဲ''
ကျွန်တော်က စကားကို ရပ်ထားလိုက်ပါသည်။ ကျွန်တော့်စကား မဆုံးသေးကြောင်းကို သူသိပါသည်။ ထို့ကြောင့် ဘာမျှမပြောဘဲ ငြိမ်ပြီး နားထောင်နေပါသည်။
"ကဲ - ခုတော့ သူများတွေ အဆိုးကို ကြုံရသလို ကိုယ်လဲ ကြုံလာခဲ့ပြီးပြီ။ အကောင်းဘက်ကို လှမ်းပြီး တစ်လှည့် ကြည့်လိုက်ကြဦးစို့ကွာ။  သူများတွေ တာဝန်ထမ်းနိုင်ရင် မင်းကော ဘာကြောင့် မထမ်းနိုင်ရမှာလဲ။ သူများတြွေဖစ်ရင် မင်းလဲ ဖြစ်နိုင်တယ်လို့သာ အောက်မေ့ပြီး ကြိတ်ပေတော့ကွာ''
ကျွန်တော်ပြောနေသော လေသံက တရားချနေသော လေသံလည်းမဟုတ်။  အားပေးနေသော လေသံလည်းမဟုတ်။ လောကသဘာဝကြီးကို သုံးသပ်ပြီး လုပ်ဆောင်ရန်သာ ဖြည်းဖြည်းသက်သာ ပြောနေခြင်း ဖြစ်ပါသည်။
သူလည်း မတွေးနိုင်၊ မကြံနိုင်ဖြစ်ကာ ဝေဝါးနေပုံရပါသည်။ မည်သူမဆို သူ့နေရာ ရောက်နေလျှင်လည်း ဤသို့နှင်နှင်သာ ဖြစ်လိမ့်မည် ထင်ပါသည်။
အတော်လေးကြာမှ လေးလေးပင်ပင် သက်ပြင်းချလိုက်ရင်း သူက -
"အမှန်ပြောရရင် ဘယ်ကစပြီး ဘာလုပ်လိုက်ရမှန်းကို မသိအောင် ဖြစ်နေပြီ ဆရာ''
"အေး မင်းပြောတာလဲ ဟုတ်ပါလိမ့်မယ်။ ဒါပေမဲ့ ဒီကနေပြီး စဉ်းစားနေကြရတာကိုးကွ။  အိမ်ပြန်ရောက်ရင်တော့ အခြေခံကနေစပြီး စဉ်းစားစရာအချက်တွေကို တွေ့လာမှာပေါ့။  ငါတို့ငယ်ငယ်က ဂျော်မက်ထရီ တွက်ကြသလိုပေါ့ကွာ။  ပေးထားချက် ဘာမှ မရှိဘဲနဲ့တော့ ဘယ်လိုလုပ်ပြီးတွက်မလဲ။  မင်းမှာလဲ ပေးထားချက်က အဖေသေတယ်။  မိသားစုတာဝန်ကို မင်း ထမ်းရတော့မယ်။  ဒီတော့ ပေးထားချက်က မပြည့်စုံသေးဘူးကွ။  အိမ်ပြန်ရောက်လို့ ပေးထားချက်တွေ ပြည့်စုံလာရင် မင်း ဖြေရှင်းနိုင်မှာပါ''
ကျွန်တော်ကိုယ်တိုင် သူ့ကိုပြောနေရင်း စိတ်အားထက်သန်လာသောကြောင့် စကားတွေတသီကြီးကို ဆက်တိုက်ပြောချလိုက်မိပါသည်။
"ဒီမယ် လှရွှေ၊ သေချာဂရုစိုက်ပြီး နားထောင်လိုက်စမ်းကွာ။ ငါဖတ်ဖူးတဲ့ ပါမောက္ခကြီးတစ်ယောက်အကြောင်းကို ပြောချင်တယ်။ အဲဒီအချိန်မှာ 'ယူဘုတ်' လို့ခေါ်တဲ့ ဂျာမန်ရေငုပ်သင်္ဘောတွေက ဗြိတိသျှရေတပ်ကို ကောင်းကောင်းကြီး ဒုက္ခပေးနေတဲ့အချိန်ပဲ။ ဒီတော့ ဝန်ကြီးချုပ် မစ္စတာချာချီလ်က လေတပ်ဦးစီးချုပ်ကို ခေါ်ပြီး 'လက်ရှိအင်အားအပြင် နောက်ထပ်မပေးနိုင်တော့ဘူး။ ဒါပေမဲ့  လက်ရှိအင်အားနဲ့ကိုပဲ ရန်သူ 'ယူဘုတ်' တွေကို နှစ်ဆတိုးပြီး ဖျက်ဆီးဖို့အမိန့်ပေးတယ်။  လေတပ်အရာရှိတွေလဲ ဘယ်လိုလုပ်ရမယ် မသိကြဘူး။ ဒါနဲ့ တက္ကသိုလ်က ပညာရှင်ပါမောက္ခတွေဆီ ပြေးရတယ်။  ပါမောက္ခတွေလဲ သူတို့သင်တန်းတွေနဲ့မို့  မကူညီနိုင်ကြဘူး။ ဒီအချိန်မှာ သတ္တဗေဒအဌာနက ပါမောက္ခတစ်ယောက်က သူ့ဘာသာရပ်မှာ ကျောင်းသားမရှိသေးလို့ အားနေတယ်။ အားနေတယ်ဆိုတာက သင်တန်းမရှိတာကိုပြောတာ။ သူတို့ကတော့ ဘယ်တော့မှ အားနေတာမဟုတ်ဘူး။ ငါတို့လို အားအားရှိရင် ဦးချစ်ဆိုင်မှာထိုင်ပြီး လေပစ်နေတာမျိုးမဟုတ်ဘူး။ တစ်ခုခုတော့ သုတေသနလုပ်နေကြတာ''
"ငါ မှတ်မိသလောက် အဲဒီအချိန်မှာ သူလုပ်နေတဲ့ သုတေသနက 'စီစီဖလိုင်း' လို့ ခေါ်တဲ့ ယင်ကောင်ကလေးတွေရဲ့ နှုတ်ခမ်းမွေး  ခြောက်ချောင်းမှာ ဘယ်လို အစားမျိုးကိုကျွေးရင်  အပြင်နှုတ်ခမ်းမွေးနှစ်ချောင်းက တိုသွားတယ်၊  ရှည်သွားတယ်ဆိုတာမျိုးပေါ့။ ဘေးက မသိတဲ့ နားမလည်တဲ့ ငါတို့လိုလူတွေအဖို့ အူကြောင်ကြောင် အောက်မေ့ချင် အောက်မေ့မှာပေါ့။ ဒါပေမဲ့ သူတို့လို သုတေသီတွေအဖို့ ဧရာမကိစ္စကြီးတွေကို လုပ်နေကြတာ။ အဲဒါနဲ့ သူ့ဆီကိုသွားပြီး အကူညီတောင်းကြတော့ တိုင်းပြည်အရေးမို့ သူ့လုပ်ငန်းကို ခဏ ချထားပြီး ကူညီဖို့ ပြင်ဆင်ရတယ်''
"သူက လေတပ်တွေ ယူဘုတ်တွေဆိုတာကို ဘာမှနားလည်တာမဟုတ်ဘူး။ ဒါ့ကြောင့် လေယာဉ်တွေ၊ လေယာဉ်စခန်းတွေ၊  လေယာဉ်ထားတဲ့ နေရာတွေ၊ တက်ပုံ၊ ဆင်းပုံတွေကို သေချာကွင်းဆင်းပြီး လေ့လာရတယ်။ သက်ဆိုင်ရာတွေကလည်း သူမေးသမျှ ဘယ်လောက်သေးဖွဲ့တဲ့ ကိစ္စကိုဖြစ်ဖြစ် သေချာ ဖြေကြရတယ်''
"တိုတို ပြောရရင်တော့ကွာ နောက်ဆုံးမှာ 'အော်ပရေရှင်နယ်လ်ရီဆာ့ချ်'  လို့ခေါ်တဲ့ သင်္ချာပညာသစ်ကြီးတစ်ရပ်ကို ပေါ်ပေါက်လာတော့တာပဲ။ သူက စင်စစ်အားဖြင့် သတ္တဗေဒပါမောက္ခကြီးပါပဲ။ ဒါပေမဲ့ သုတေသနလုပ်နည်း၊ စဉ်းစားနည်းကို အလေ့အထုံကြီးလာသူဖြစ်လေတော့ ဒီနည်းနဲ့ပဲ အဖြေရှာလိုက်တာပါပဲ''
"သူ့စီစဉ်မှုစနစ်အတိုင်း လိုက်နာပြီး ဆောင်ရွက်လိုက်ကြတာ၊ တကယ့်ကိုရှိရင်အင်အားနဲ့ပဲ ရန်သူယူဘုတ်တွေကို နှစ်ဆတိုးပြီး မြှုပ်နိုင်ခဲ့တယ်။ ဂျာမန်တွေမှာလဲ သူလျှိုတွေ၊ ဘာတွေ ရှိကြလေတော့ ဒီအကြောင်းကို သိကြပြီးဖြစ်မှာပေါ့။ ဘာကြောင့်လဲဆိုတော့ ဂျာမန်တွေ စစ်ရှုံးကာနီးမှာ သူတို့လုပ်ရပ်တွေ  ပြန်ပြီး သုံးသပ်ကြတော့ ဒီအကြောင်းကို ထည့်ပြီးပြောကြတယ်။ 'ရန်သူသည် သိပ္ပံပစ္စည်းကိုသာမဟုတ်။ သိပ္ပံနည်းစနစ်ကိုပါ သုံးခဲ့ကြသည်။ ငါတို့က ထိုသိပ္ပံနည်းစနစ်ကို မသုံးခဲ့ကြ' လို့ ကောက်ချက်ချကြတယ်''
"ဒီတော့ လှရွှေရေ၊ မင်းဟာ ငယ်ငယ်ကတည်းက ဂျော်မက်ထရီလို  ကျိုးကြောင်းဆက်စပ်ပြီး စဉ်းစားရတဲ့ လေ့ကျင့်မှုမျိုးတွေကိုလည်း အခြေခံရခဲ့ပြီ။  တက္ကသိုလ်မှာလဲ ယုတ္တိဗေဒလို ကျိုးကြောင်းဆင်ခြင်ပုံစနစ် လေ့ကျင့်ခဲ့ရပြီးပြီ။  မြန်မာစာလိုဟာမျိုးကို သင်ခဲ့ရလို့ ကိုယ်ပြောချင်တာကို သူများနားလည်အောင်လဲ  ပြောတတ်ပြီ။ နားဝင်အောင်၊ နားကျအောင်လဲ ပြောတတ်ပြီ။ မင်းတတ်ခဲ့တဲ့ ပညာတွေကို လက်တွေ့လောကမှာ မီးကုန်ယမ်းကုန် သုံးပေတော့ကွာ။  တက္ကသိုလ်က သင်ပေးလိုက်တဲ့ပညာ၊ တက္ကသိုလ်ထရိန်နင်ဆိုတာ စဉ်းစားတတ်အောင်  လေ့ကျင့်ပေးလိုက်တာပါပဲ။ အိမ်ပြန်ကွာ။ လေ့လာကွာ။ ပေးထားချက်တွေကို ရှာကွာ။ စဉ်းစားကွာ။ ဘယ်ကစပြီး လုပ်ရမယ်ဆိုတာ တွေ့လာပါလိမ့်မယ်''
ဤသို့လျှင် စကားရှည်ကြီးကို ကျွန်တော်ပြောလိုက်ပါသည်။ သူလည်း သေချာဂရုစိုက်ပြီး နားထောင်ပါသည်။
လှရွှေတစ်ယောက် ပြန်သွားသည်။ ပြန်သွားပြီးစလောက်တွင်တော့ စာသုံးလေးစောင်လောက် လာသေးသည်။  သူ့စာများတွင် လူပင်ပန်းကြောင်း၊  စိတ်ပင်ပန်းကြောင်း၊ တစ်ခါတစ်ရံ စိတ်ဓာတ်ကျမိကြောင်း၊ ကျွန်တော့်စကားများ ပြန်လည်သတိရပြီး အားတင်းရကြောင်း စသည်တို့ ပါလာလေ့ရှိပါသည်။ အထူးသဖြင့် တက္ကသိုလ်ကျောင်းသားဘဝကို ပြန်လွမ်းဆွတ်မိကြောင်းမှာ စာတိုင်းတွင် တမ်းတမ်းတတ ပါလာတတ်လေ့ရှိပါသည်။ နောက်တော့ စာအဆက်အသွယ် ပြတ်သွားပါသည်။ သူလည်း လုပ်ငန်းတာဝန်တွေကြားမှာ မျောနေရှာပါလိမ့်မည်။ ကျွန်တော်လည်း သူ့ကို တစ်ခါတစ်လေမှသာ သတိရနိုင်ပါတော့သည်။
* * *
၁၉၈၃ - ၈၄ စပ်ကူးမပ်ကူး စာဆိုတော်ရာသီတွင် စာပေဟောပြောပွဲအတွက် လှရွှေတို့မြို့သို့ ကျွန်တော်ရောက်သွားတော့ စာပေလုပ်သားအဖွဲ့က စီစဉ်ထားသည့် တည်းခိုအိမ်တွင် အသင့်စောင့်နေသော လှရွှေကို တွေ့ရပါသည်။ မျက်နာမှာ အနည်းငယ်ရင့်လာသယောင် ရှိသော်လည်း သိပ်မပြောင်းလဲလှပါ။ နည်းနည်း ပြောင်းလဲသည်က ဗိုက်ရွှဲတော့မယောင်ယောင် ရှိလာခြင်းဖြစ်ပါသည်။
ကျွန်တော်က တွေ့လျှင်တွေ့ချင်း  ''ခွေးကောင် စာလေး ဘာလေးတောင် ရေးဖေါ်မရတော့ဘူး'' ဟုပြောပြီး ဇက်ပိုးကို တစ်ချက်အုပ်လိုက်တော့ သူသည် မြူးထူးစွာ ရယ်မောလိုက်ရင်း ကျောင်းသားငယ်လေးလို ပြန်ဖြစ်သွားပါသည်။
ခဏရှိတော့ လူရှင်းရာထောင့်တစ်ခုတွင်  ကျွန်တော်တို့ စကားလက်ဆုံကျမိကြသည်။
"ဆရာရေ... စာမရေးဖြစ်တာကိုတော့ ခွင့်လွတ်ပေတော့။ ဒါပေမဲ့ ဆရာ့ကို အမြဲသတိရပါတယ် ဆရာ။ ကျွန်တော်လဲ  ဆရာ ပြောလိုက်သလို တက္ကသိုလ်က သင်ပေးလိုက်တဲ့ စဉ်းစားနည်းကို အသုံးချရမှာပဲဆိုပြီး မေးလိုက်၊ စမ်းလိုက်၊  ပြေးလိုက်၊ လွှားလိုက်၊ လဲလိုက်၊ ထလိုက်နဲ့ တစ်နှစ်ကျော်ကျော်ဟာဖြင့် အလူးအလဲပဲ ဆရာရေ့။ အိမ်မှာရှိတဲ့ ရွှေတိုငွေစလေးတွေ ပြုတ်သွားတဲ့ပြင် အိမ်ကိုတောင် ခဏပေါင်ထားရသေးတယ်''
"လုပ်တာတော့ဖြစ် ဘာလုပ်သလဲမမေးနဲ့၊  ဥပဒေနဲ့လွတ်တဲ့ ပစ္စည်းမှန်သမျှ  အကုန်လုပ်တာပဲ။ ကားပစ္စည်းရော၊ ဂုန်နီအိတ်ရော၊ ငါးပိငါးခြောက်ရော စုံနေတာပဲ။ နောက်ဆုံး ကိုက်တဲ့ကုန်ဆိုရင် 'မြွေပွေး' တောင်လုပ်မယ်ဆိုပြီး တွယ်ရတော့တာပဲ''
ကျွန်တော် ရယ်လိုက်မိပါသည်။
ယခုတော့ လှရွှေက ပွဲရုံပိုင်ရှင်ကြီး ဦးလှရွှေဖြစ်နေပါလေပြီ။ သူ့မိသားစုအကြောင်း မေးကြည့်လိုက်တော့ -
"မေမေလဲ နေကောင်းပါတယ် ဆရာ။ ညီတစ်ယောက်နဲ့ ညီမလေးတစ်ယောက်ကတော့ ကောလိပ်ရောက်နေကြပြီ။ အငယ်ဆုံးမလေးကတော့ ဒီနှစ်ဆယ်တန်းဖြေမှာပါ။ ဆရာ ပြောတာတွေကိုပဲ ကျွန်တော့်မှာ သူတို့ကို ပြန်ပြောနေရတယ်။ တက္ကသိုလ်ဆိုတာ စာတင် သင်တာမဟုတ်ဘူး။ စဉ်းစားနည်းကို ပဓာနထားပြီး သင်တာ။ စာတတ်ပြီး စဉ်းစားနည်းကိုမတတ်ခဲ့ရင် ဘာဘွဲ့ကြီးကိုပဲ ရနေနေ အဓိပ္ပာယ်မရှိဘူး။ စဉ်းစားနည်းကို ရခဲ့ရင် ဘယ်ဘာသာယူပြီး ဘာဘွဲ့ကိုပဲရရ အဓိပ္ပာယ်ရှိတယ်လို့ မကြာခဏ ပြောနေရတယ် ဆရာရေ''
ေဩာ်... တစ်ခါတုန်းက တပည့်တွေ။    ။
ဆရာအောင်သင်းရဲ့ 'တစ်ခါတုန်းက တပည့်တွေ' စာအုပ် (PDF) စာမျက်နှာ ၄၁-၅၂ ကနေ ကိုယ်တိုင် စာရိုက်ကူးယူပြီး မျှဝေပါတယ်။
စလေ ငနော့