••••••••••••••••••
နီကိုရဲ
ကိုးထစ်လျှင်တစ်ကြိမ် ချိုးကွေ့ရသော လှေကားထစ်များကို နင်းတက်ချိုးကွေ့ရင်း သူ့စိတ်သည် အနည်းငယ် မွန်းကြပ် လေးလံလာခဲ့သည်။ ရန်ကုန်ညဦး၏ မသဲမကွဲ အသံများသည် တစ်စတစ်စ သူ့အောက်မှာ သဲ့သဲ့ကျန်ခဲ့၏။ သူတို့နှစ်ယောက်၏ ခြေသံခပ်အုပ်အုပ် အေးစက်ငြိမ်သက်နေသော လှေကားထစ်များ၊ ပိတ်ထားသော တံခါးများနှင့် သူတို့ တက်လာာသော ကန်ထရိုက်ကို မြို့အပေါ်စီးမှ ကြည့်မည်ဆိုလျှင်တော့ မီးလင်းနေသော ကိတ်မုန့်တုံး တစ်တုံးလို မြင်ရမြည်ဖစ်သည်။
ဘယ်နှထပ်မြောက်လဲ ဆိုတာကို သူ မမှတ်မိသည့်အချိန်တွင် သူမက အခန်းတံခါးရှေ့မှာ ရပ်သည်။ လက်ထဲမှာ ပွေ့လာသော အညိုရောင် စက္ကူအိတ်ကို ဆင်စွယ်လို ချောမွတ်နေသည့် လက်မောင်းသားကလေးနှင့် ညှပ်ကာ လယ်သာစလင်းဘက်(ခ) အိတ်ကို ကျွှန်းကျင်စွာ ဖွင့်၍ မွှေနှောက်ရှာသည်။ ဘာကိစ္စမှ အရေးတကြီးမရှိသည့်တိုင် သူမ စလင်းဘက်(ခ) ထဲက သော့ကို ရှာနေပုံက အခန်းထဲကို အလောတကြီး ဝင်ချင်သည့်ပုံ ဖြစ်နေသဖြင့် သူ စိတ်မသက်သာစွာ တစ်ဘက်သို့လှည့်ကာ လှေကား ထိပ်တွင် ပိတ်ကာထားသော အညိုရောင် မှန်ကွက်များပေါ်တွင် ကပ်ငြိနေသည့် ရန်ကုန်ညဦး၏ အလင်းရိပ်သဲ့သဲ့ကို ငေးနေလိုက်မိသည်။ သော့ခလောက်နှင့် သံပန်းတံခါး ထိရိုက်သံ၊ သံပန်းတံခါး ဆွဲဖွင့်သံ၊ ကျွန်းသားလျှာထိုး တခါး ဆွဲဖွင့်သံ ညင်ညင်သာသာကို ကြားရပြီး သူမက ဆံပင်တိုတိုကလေးကို ယိမ်းလှုပ်သွားအောင် သူ့ဘက်လှည့် ပြုံးပြပြီး ဝယ်လာသော ပစ္စည်းထုပ်များကို အသာထိန်းကိုင်ကာ အခန်းထဲ ဝင်သွားသည်။
သူ အခန်းထဲဝင်ဝင်ခြင်း တစ်နေ့ခင်းလုံး ပိတ်လှောင်ထားခဲ့ဟန် တူသော တိုက်ခန်းတို့၏ ရနံ့ကို ရသည်။ ထိုရနံ့သည် သူနှင့် အတော်စိမ်းနေသေးသော်လည်း ခဏချင်းပင် ထိုရနံ့နှင့် သူ ယဉ်ပါးသွားသည်။ ကြက်သွေးရောင် ဆိုဖာစားပွဲ၊ မတ်တပ်ပန်ကာ၊ ရေခဲသေတ္တာ၊ 600 POWER လေးထပ်ကက်ဆက်၊ ပေါ်လစ်ရည် ဝနေသည့် လျှာထိုးပြား နံရ ံပေါ်ကို ဂျိမ်း ဒင်း (န်) ဆိုင်ကယ်ပေါ်မှာ နမ်းနေကြတဲ့ ချစ်သူနှစ်ယောက် သူ ဝင်လာသော တံခါးဘယ်ဘက် အရှေ့ခန်းကို ကာထားသော ရေညှိရောင်လိုက်ကာတွန့်ကြီးများ အားလုံးကို ဖွင့်ပြီးသား မီးချောင်းအရောင်လင်းလင်းထဲတွင် သူငေးကြည့်နေမိသည်။
“Plwase wait a minute နော်”
အပြုံးနှင့် သူ့ပုခုံးကို လှမ်းရိုက်ရင်း ဆိုဖာပေါ်သို့ ဝယ်လာသည့် အိတ်များကို အသာချသည့်အခါ စက္ကူထုပ်ထဲသို့ အညိုရောင်ပန်းသီးတစ်လုံး လှိမ့်ထွက်လာသည်။ သူမက သူ့နောက်မှ ပွင့်လျက်ရှိသည့် တံခါးကိုပိတ်ကာ နံဘေးနားက ပိုးကြိုးကလေးကို ဆွဲသည့်အခါ ရေညှိရောင် လိုက်ကာတွန့်ကြီးများက တိတ်တဆိတ် ပွင့်သွားပြီး အညိုရင့်ရောင် မှန်အပြည့် ကာထားသော အခန်းရှေ့ခန်းကို တွေ့ရသည်။
ထိုအိမ်ရှေ့ခန်းထဲတွင် ခင်းထားသော ကောဇောအပြည့်၊ ဆိုဖာတစ်စုံ၊ Dreaam bed အနီရောင်တစ်ခု၊ တယ်လီဖုန်းတစ်လုံးနှင့် ပြန့်ကြဲနေသော Time, Newsweek မဂ္ဂဇင်းများကို သူ လှမ်းငေးရင်း ကော်ရစ်တာ မရှိသော ကန်ထရိုက်တိုက်ခန်း တစ်ခန်း၏ မွန်းကြပ်စွာ ထီးတည်းဆန်မှုကို သူ စတင် ခံစားရသည်။
အပေါ်သို့ လွင့်တက်လာသော ကားဟွန်းသံတစ်ခု၊ နှစ်ခုမှ လွဲ၍ သူသည် အရာရာနှင့် ပိုင်းခြားခံလိုက်ရသလို ဖြစ်သွားသည်။ ဆိုဖာပေါ် ထိုင်ပြီးပြီးချင်း ပထမဦးဆုံးအကြိမ် ထ ပြန်သွားလျှင် ကောင်းမလားဟု သူ စဉ်းစားမိသွားသည်။ လူတွေ ရှုပ်ထွေးနေသည့် ပလက်ဖောင်းတစ်ခုပေါ်မှာ သူ လမ်းလျှောက်နေရာမှ ဒီအခန်းထဲ ရောက်လာပုံကို သူ့ကိုယ်သူလည်း အံ့ဩနေမိသည်။
သူမ အခန်းကို လိုက်ခဲ့ပါလားဟူသော ဖိတ်ခေါ်မှုကို သူ လက် ခံခဲ့တုန်းက ထိုအခန်းမှာ တခြားလူတွေလည်း ရှိနေလိမ့်မည်ဟု သူထင်ခဲ့သည်။ အခုတော့ သူ ထင်ထားသလို မဟုတ်။ ဆိုဖာသည် အိစက် ညက်ညောနေသည့်တိုင် အခန်းသည် အေးဆေးငြိမ်သက်နေသည့်တိုင် သူ့ရင်သည် မွန်းကြပ်လာကာ ခန္ဓာကိုယ်က အဆမတန် နွမ်းနယ်ချင်နေသည်။ ထိုမွန်းကြပ်မှု၊ နွမ်းနယ်မှုတို့၏ အောက်တွင် တစ်ခုခုကို အကြီးအကျယ် စိတ်အနှောင့်အယှက် ဖြစ်နေသော ခံစားမှုကလည်း ရှိသေး၏။
သြက်ပင်းကိုချကာ ဟိုဟို ဒီဒီ လျှောြက်ကည့်မိတော့ စားပွဲပေါ်မှာ ပန်းခြောက်ခြင်းကလေးကို တွေ့သည်။ အသာမကြည့်တော့ ရနံ့သင်းသင်း ကလေးနှင့် အသီးအရွက်ကလေးတွေ ကြိမ်ခြင်းကလေးထဲမှာ ညှပ်သိပ် ငြိမ်သက်နေသည်ကို တွေ့ရသည်။ သူမသည် ကျောင်းတုန်းက အင်မတန် ပုံဆွဲညံ့သော ကျောင်းသူတစ်ဦးဆိုတာကို သတိရတော့ သူ ပြုံးဖြစ်သည်။ လက်တွေ့ခန်း၏ ဘလက်ဘုတ်ပေါ်မှာ ဆွဲထားသော ဆဲလ်ရည်ကွက်များ၊ သစ်ပင်အတွင်းပိုင်းများ၊ ပန်းပင်ပုံများသည် သူမ၏ လက်တွေ့စာအုပ်ကလေးထဲမှာ သေးသေးကလေးတွေ ဖြစ်နေတတ်သည်။ ပုံဆွဲပြီးချိန် ကျောင်းသားများ သက်ဆိုင်ရာ Table ဆရာမရှေ့ တစ်ရုန်းရုန်းပြနေချိန်မှာ သူမသည် စိတ်ပျက်လက်ပျက် ဝမ်းနည်းစွာဖြင့် ပုံတွေကို ခဲဖျက်နှင့် ဒေါသတကြီး ဖျက်နေတတ်သည်။
“ဘာဖြစ်လို့လဲ”
“ပုံတွေက သေးလွန်းတယ်တဲ့၊ အားလုံးပြန်ဆွဲပါတဲ့၊ သေချင်တော့တာပဲ”
နှုတ်ခမ်းများကို ကိုက်ထားပြီး အလိုမကျသော ဒေါသရိပ် နည်းနည်းစွက်နေသည့်တိုင် သူမ မျက်နှာသည ် တော်တော်လှနေသေးသည်။
သူမ၏ သေးသေးတွန့်တွန့် ပုံကလေးတွေကို ကြည့်ကာ သူ ရယ်ချင်သည်။ နောက်နေ့လက်တွေ့ရက်များတွင် သူမက သူ့နားမှာ ထိုင်သည်။ သူ့ခဲတံမှ ခဲသားများသည် သူမ၏ လက်တွေ့စာအုပ်ထဲမှာ အချိုးအစားကျနသော ပုံတွေ ဖြစ်သွားကြ၏။ ပြီးတော့ သူမက သူ့ကို မြကျွန်းသာမှာ လက်ဖက်ရည်တိုက်သည်။ ရယ်ရယ်မောမော စကားပြောကြသည်။ သိပ္ပံကင်တင်းမှာ ထမင်းစားကြသည်။ ညနေရီ အင်းယားကန်ပေါ်မှာ ထိုင်ကြသည်။ ကန်ထဲမှ ရေလှိုင်းကလေးများသည် ကမ်းစပ်ဆီသို့ အလောတကြီး ပြေးရင်းလွှားရင်း သူမ မျက်နှာပေါ်သို့ ညနေရီနေရောင်ကို လှမ်းပို့သွားသေးသည်ကို သူ ငေးမော မှတ်သားခဲ့ဖူးသည်။
သူသိသ၍ဆိုလျှင်တော့ သူမသည် စကားနည်းသည်။ ရုပ်ရှင်နှင့် အင်္ကျီအကြောင်းကို သိပ်မပြောတတ်။ မိန်းကလေးအပေါင်းအသင်းလည်း သိပ်မရှိ။ှ သူ ဘာဖြစ်နေသည် ဘာလုပ်ချင်သည်ကို ခန့်မှန်းရမလွယ်သော မိန်းကလေးမျိုးသာဖြစ်သည်။ လက်ဖက်ရည်ဆိုင် စားပွဲပေါ်မှာ လျှောက်သွားနေသော ပုရွတ်ဆိတ်တစ်ကောင်ကို မရမက လိုက်သတ်တတ်သော အကျင့်မျိုးလည်း သူမမှာ ရှိသေး၏။ သူမနှင့်သူ တူညီသည့် အချက်မှာ
စိတ်လွတ်လက် ပျော်ရွင်တတ်ခြင်းနှင့် စိုးရိမ်ကြောင်ကျမဲ့စွာ သွားလာတြတ်ခင်းပင် ဖြစ်သည်။ သူမနှင့်အတူ ရှိနေစဉ် ကာလများက သူတင်ပြသမျှ ပျော်စရာကိုလုပ်ဖို့ သူမ ဘယ်တော့မှ သိပ်မငြင်းတတ်။
“ဘာတွေ ပြုံးနေတာလဲ”
စကားသံနှင့်အတူ မွှေးရနံ့တစ်ခုက သူ့အနားသို့ ရောက်လာ သည်။ ပြီးတော့ လက်သည်းနီဆိုးထားသော လက်ချောင်းကလေးတွေနှင့်
ကက်ဆက်ခလုတ်ကို လှမ်းနှိပ်ကာ သူ့နံဘေးတွင် ဝင်ထိုင်သည်။ ခဏ ကြာတော့ ထရေဇီဟောင်း၏ Hello Darling သီချင်းသံ ငြိမ့်ငြိမ့်ကလေးကို ကြားရသည်။ ပန်းပွင့်ပုံလှလှကို မဆွဲတတ်သော ထိုလက်ချောင်းကလေးများသည် အခုတော့ တန်ဖိုးကြီးကြီး ကက်ဆက်ခလုတ်ကို နှိပ်တတ်နေပြီဖြစ်သည်။
သူမက Hello Darling သီချင်းသံကို တိုးတိုးကလေး လိုက်ငြီးသည်။ ဒီ သီချင်းကိ ု သူမသိပ်ကြိုက်သည် ဆိုသဖြင့် သူ ရေးပေးခဲ့ရဖူးသည်။ ပြီးတော့ ဘွဲ့နှင်းသဘင်နံဘေးက ပန်းခြံလေးထဲမှာ သူက တိုးတိုးကလေး ဆိုပြရဖူးသည်။ သူမက သူ့နံဘေးက ခုံတန်းပြာကို မှီကာ မျက်စေ့ကို မှိတ်ကာနေသည်။ သူက သီချင်းဆိုရင်း သူမ မျက်နှာပေါ်မှာ ယိမ်းလှုပ်နေသည့် သစ်ရွက်ကြား နေပြောက်ကလေးတွေကို ငေးမောနေခဲ့သည်။ သစ်ရွက်ရိပ်ဖြင့် အေးနေသော ပန်းခြံထဲတွင် သူ့ရင်တွေ တစ်ဖျပ်ဖျပ် ခုန်နေခဲ့ဖူးသည်။
“ဒီသီချင်းကို မင်း ကြိုက်တုန်းပဲလား”
သူမက စတီးလ်ဓားပေါ် ကော့ကော့တက်လာသော ပန်းသီးခွံကလေးကို ဖျပ်ခနဲ ဘေးခွာချကာ ပြုံးသည်။ ပြီးတော့ ဆံပင်အတိုကလေး ဝဲသွားအောင် ခေါင်းကို ညိတ်သည်။
“အပြင်သွားခါနီးတိုင်းဆို ဒီသီချင်းကို ရစ်ထားခဲ့တယ်၊ အခန်းထဲ ပြန်ရောက်တာနဲ့ ပထမဦးဆုံး နားထောင်တာ ဒီသီချင်းပဲ”
စကားဆုံးတော့ သူမက အံတစ်ချက်ကြိတ်ကာ စတီးလ်ဓားကို ပန်းသီးထဲ ထိုးနှစ်လိုက်၏။ ခဏကြာတော့ ပန်းသီးစိတ်ကလေးတွေ သူမလက်ထဲ ကျလာသည်။
“သူ... အခု ဘာလုပ်နေလဲ”
သူမက ပန်းသီးစိတ်တွေကို ပန်းကန်ထဲထည့်ရင်း သူ့ကို မော့မကြည့်ဘဲ မေးသည်။ ရုတ်တရက် ငြိမ်နေသော သူ့အသိဉာဏ်သည် ဦးနှောက်ထဲမှ ဝဲပျံလွင့်ထွက်သွားကာ ဘာပြန်ပြောရရင် ကောင်းမလဲဟု စကားလုံးကို လိုက်ရှာသည်။ မတွေ့။ သူ့လည်ချောင်းသည် ချက်ချင်း သွေ့ခြောက်လာကာ အသိစိတ်သည် ရိုးကနဲ ရိပ်ကနဲ ရွေ့နေသေး၏။
ဒုတိယအကြိမ် ထ ပြန်ဖို့ သူ စဉ်းစားမိသည်။ ကားဟွန်းသံတစ်သံသည် အလုံပိတ်ထားသော အပေါ်ထပ်အခန်းထဲ ခပ်အုပ်အုပ် ဝင်လာ၏။ သူမက သူ့ကို မျက်မှောင်ကျုံ့ကာ မောြ့ကည့်သည်။
“ဒီလိုပါပဲ”
အဓိပ္ပာယ် သိပ်မရှိသော သူ့အဖြေကို သူမက နှုတ်ခမ်းကို လျှာနှင့် တစ်ချက်သပ်ကာ ခေါင်းကို ညိြတ်ပီး ကောင်းစွာ လက်ခံသည်။
“မင်းရော... ဘာလုပ်နေလဲ”
သူမထံမှ အပြုံးတစ်ခု လှစ်ခနဲ ထွက်ကျလာ၏။ ပန်းသီး အလယ်ရိုးနှင့် အခွံများကို ပလပ်စတစ်ခွက်ကလေးထဲ ထည့်ကာ ဘေးကိုဖယ်ကာ သူ့မျက်ဝန်းများကို တည့်တည့်ဆုံအောင် ကြည့်ရင်း “ဒီလိုပါပဲ” ဟု ပြန်ဖြေသည်။ သီချင်းသံ ဆုံးသွားသည်။ သူတို့နှစ်ယောက် မျက်ဝန်းချင်း မရွှေ့ကြ။ သူမ မျက်နှာပေါ်မှ အပြုံးသည် ဖျပ်ခနဲ လွင့်ထွက်သွားကာ ရယ်သံတဟားဟား ပြိုင်တူ လွင့်ထွက်လာသည်။
သို့သော် ထိုအတူရယ်မောဖြစ်သော ရယ်သံများသည် ဟိုယခင်တုန်းက ရယ်သံများလို ပေါ့ပါးလတ်ဆတ်နေခြင်းမျိုး မရှိ။ လွတ်လပ် ငြိမ်းချမ်းခြင်းမျိုး မရှိဆိုတာကို သူ သိသည်။ ထိုရယ်သံများ၏ နောက်တွင် တစ်ခုခု ထုထည်ကြီးမားစွာ ရှိနေကြောင်းကို သူ ခံစားနေရသည်။ သူမက ပန်းသီးစိတ်ကလေးကို လှမ်းယူရင်း သူ့အနား တိုးကပ်လာသည်။ ကက်ဆက်မှ ရော်နယ်ရစ်ချီ၏ Hello သီချင်းသံကို ကြားရသည်။ ညဝတ်အင်္ကျီထဲမှ ထိုးထွက်လာသော သူမ၏ လက်မောင်းသား ဖြူဖြူ၊ အခန်းထဲတွင် လေထုနှင့် ရောနှောပြီးသွားပြီ ဖြစ်သော သူမ၏ မွှေးရနံ့အတု။ သူ သူမကို ခိုးငေးသည်။ သူမမျက်နှာက ဟိုးယခင်ကအတိုင်း ဟုတ်သလား မဟုတ်ဘူးလား။ ခုနက ရယ်လိုက်ကြသည့် ပျော်ရွှင်မှု၏ အကြွှင်းအကျန်များသည် သူမမျက်ဝန်းထဲတွင် အရောင် တစ်ခုလို လင်းလက် ကျန်နေသေး၏။ သူမနှင့်သူ မျက်ဝန်းချင်း ပြန်ဆုံသည်။
“ဒီအခန်းမှာ မင်းတစ်ယောက်ထဲ နေတာလား”
သူမက အရင်အတိုင်း မျက်ဝန်းများကို မခွာဘဲ ခေါင်းကို ညိတ်သည်။ ထိုခေါင်းညိတ်ဟန်သည် တစ်ခုခုကို စိန်ခေါ်သလို သူမကို မေးခွန်းတစ်ခုကို ပြန်မေးသလို အဓိပ္ပာယ်လည်း ထွက်သေး၏။ သူ စကားပြောမှားသွားပြီဟု သိလိုက်သဖြင့် နည်းနည်းရှက်သွားမိသည်။ သူနှင့် မျက်ဝန်းချင်း ခွာကာ သူမက ဆိုဖာပေါ်မှာ တင်ထားသည့် အညိုရောင်စက္ကူအိတ်ကို လှမ်းဆွဲကာ အထဲသို့ လက်နှိုက်သည်။ ပြန်ထွက်လာတော့ သူမလက်ထဲမှာ အပြာရောင် ကျောက်ဆူးတံဆိပ် ဘီယာတစ်ဗူး ပါလာသည်ကို အံ့ဩဖွယ်ရာ သူ တွေ့ရသည်။
“သောက်မယ် မဟုတ်လား”
သူ့ဒေါသသည် နှလုံးသားမှ အသိစိတ်။ အသိစိတ်မှ လည်မျို၊ လည်မျိုမှ လက်ဖျားဆီသို့ ချက်ချင်း ခုန်ထွက်သွားကာ သူမထံမှ ဘီယာဗူးကို ဆွဲယူလိုက်သဖြင့် စားပွဲပေါ်မှ ပန်းခြောက် ကလေး လဲသွားသည။် ပန်းသီးစိတ်ပန်းကန် နေရာ နည်းနည်းရွေ့သွားသည်။ အေးစက်နေသော ဘီယာဗူးကို တအား ဆုပ်ကိုင်ထားရင်း သူ့နှုတ်ခမ်းနောက်မှ သွေးကြောကလေးတွေထဲ ရောက်နေသည့် ဒေါသသည် ဘာစကားလုံးကိုမှ ရှာဖွေမတွေ့သောကြောင့် ဒီအတိုင်းပင်ခုန်နေခဲ့သည်။ အနည်းငယ် အံ့ဩသွားသော အကြည့် သူ့ထံ ရောက်လာသည်မှအပ သူမက ဘာကိုမှတော့ အကျိုးအကြောင်းကို မမေး။ Hello သီချင်းသံနုနု၊ ငြိမ်သက်နေသော တိုက်ခန်းအပေါ်ထပ်တွင် သူတို့နှစ်ယောက် စကားမပြောဖြစ်သော စက္ကန့်တော်တော်များများကို ဖြုန်းပစ်လိုက်ကြသည်။ နောက်ဆုံး သူက သက်ပြင်းကိုချသည်။ ဘီယာဗူးကို စားပွဲပေါ် ချသည်။
သူမက မျက်လွှာကို ချသည်။ ဒီတစ်ကြိမ် သူမမျက်နှာကို ကြည့်ရတာ နည်းနည်း အေးစက်နေပြီး သူနားမလည်သော အရာတွေ အများကြီးကို တွေ့လိုက်ရသည်။ ထိုအခါ သူ့အာရုံအတွင်းသို့ မေးခွန်းပေါင်းများစွာ ဝင်ရောက်လာပြန်လေသည်။
“မင်း အိမ်ထောင်ကျနေပြီလား”
ပါးစပ်ထဲသို့ လက်ညှိုးကလေးကို ထည့်လိုက်ရင်း သူမက ဆံပင်တွေ ဘယ်ညာယိမ်းသွားအောင် ဦးခေါင်းကို ခါသည်။ ပြီးတော့ သူ့နံဘေးကို စွေ့ခနဲရောက်လာကာ သူ့လက်မောင်းကို လက်သည်း ချွန်ကလေးတွေနှင့် အသာဖိခြစ်ကာ တိုးတိုးပြောသည်။
“အဲဒါ... မမေးနဲ့ကွာ”
မမေးနဲ့ကွာ... မမေးနဲ့ကွာ... မမေးနဲ့ကွာ...သူမထံမှ ဒီစကားမျိုးကို ဒုတိယအကြိမ်ကြားရခြင်းသာ ဖြစ်သည်။ ပထမအကြိမ်တုန်းက ရန်ကုန်တက္ကသိုလ်ရဲ့ A.E 5 အခန်းလွတ်ထဲမှာ...။ သူ စကား စတင် ပြောတုန်းက သူမက ပီကေတစ်ခုကို ဝါးကာ တဖောက်ဖောက် လုပ်နေခဲ့သည်။ သူ့စကား တစ်ဝက်လောက်ရောက်တော့ သူမ နှုတ်ခမ်းတွေ ငြိမ်သွား၏။ သူ့ကို အံ့ဩသလို လေးငါးခါ မော့ကြည့်သည်။ သူက အိပ်မရသည့် ည၏ အိပ်မက်၊ လမင်း၏ ရနံ့၊ ညပွင့်ပန်းများ၏ ကဗျာ၊ နှလုံးသားတစ်ခု၏ အသိဉာဏ်မှ လွတ်ထွက်လာသော စကားများကို တတွတ်တွတ် ပြောနေခဲ့သည်။
သူမက လူမရှိတော့သော အခန်းလွတ်ထဲမှ စာသင်ခုံများကို တွေတွေကြီး ငေးနေခဲ့သည်။ သူ့ကို ဆက်ပြောစေချင်သည့် အရိပ်အယောင်သည် သူမ၏ ညှို့မျက်ရည်သင်း မျက်ဝန်းများထဲတွင်၊ အကြည့်များထဲတွင် ရှိနေသော်လည်း သူက သူ့ကိုယ်သူ ရပ်၍မရတော့။
“အဲဒါ... ဆိုရင် မင်းငါ့ကို မုန်းသလား”
သူမက ခေါင်းခါပြန်သည်။ မချစ်လဲမချစ်၊ မမုန်းလဲမမုန်းသော အဓိပ္ပာယ်ကို အသေအချာ မသိလောက်အောင်ကို အဲဒီတုန်းက သူက ညံ့ခဲ့သည်။ မမေးနဲ့ကွာဆိုသည့် စကားလုံးတစ်လုံးသည် သူ့အသိဉာဏ်ထဲတွင် ယိမ်းထိုးနေခဲ့၏။
“ငါက မင်းကို အရမ်းချစ်နေတယ်၊ သိပ်ချစ်နေတယ်လေ”
“အဲဒါကို မေ့ထားလိုက်ပါလား၊ မေ့ပစ်လိုက်ပါလား၊ တို့နဲ့ အမြဲတမ်း တွေ့နေရတာပဲဟာ”
သူမက သူ့အနားမှ ထသွားသည်။ သူ Hello သီချင်း၏ Solo ပိုဒ်တီးလုံးများကို အာရုံစိုက်ထားလိုက်သည်။ ပြီးတော့ ဆုံးဖြတ်ချက်ကို ချသည်။ သူပြန်မှ ဖြစ်တော့မည်။ အပြင်ကို စိတ်ရောက်သွားတော့ နူးညံ့သည့် ကားသံသဲ့သဲ့ကို ကြားရသည်။ ပလက်ဖောင်းပေါ်မှာရှိတဲ့ လူတွေကြားထဲကို တိုးဝှေ့ဝင်ပြီး ဆေးပေါ့လိပ် ကို အားရပါးရဖွာ တစ်ခုခုကို ပြစ်ပြစ်နှစ်နှစ် ဒေါသဖြစ်ကာ သူလမ်းလျှောက်လိုက်ရရင် ဘယ်လောက် ကောင်းမလဲ။
သူ မတ်တပ်ထရပ်လိုက်သည်။
“ပြန်မယ်၊ ပြန်တော့မယ်”
သူ့စကားသံဆုံးတော့ ဝုန်းခနဲ ဒေါသဖြစ်သွားသည့် မျက်ဝန်းများ သူမထံမှ သူ့ဆီသို့ လွင့်ကျလာသည်ကို သူ အံ့ဩစွာ တွေ့လိုက်ရ၏။ ထိုဒေါသ ဖြစ်နေသော မျက်နှာသည် လက်တွေ့ခန်းထဲမှာ ပုံသေးသေးတွေ ဆွဲမိလို့ ဆရာမက ပြန်ဆွဲခိုင်းစဉ်က တွေ့ရသည့် ဒေါသမျိုး။ မျက်နှာကို ကြာပွတ်နှင့် ဖြတ်အရိုက်ခံလိုက်ရတဲ့ လူတစ်ယောက်မှာရှိတဲ့ ဒေါသမျိုး။ ပြီးတော့ သူ့ကို သူမက စူးရဲသည့် အကြည့်နှင့်လည်း ကြည့်နေသေးသည်။ ထိုအကြည့် ဒါဆိုရင် ဘာဖြစ်လို့ လိုက်လာသလဲ... ဆိုသော မေးခွန်းကို သူ့ခံစားမှုထဲသို့ အသံမဲ့ ပေးပို့ခြင်း ဖြစ်၏။
“ငါ... ဒီလိုမှန်း မသိခဲ့ဘူး၊ မင်းရဲ့အိမ်မှာ မင်းနဲ့အတူ လူတွေရှိလိမ့်မယ်လို့ထင်တာ၊ ပြီးတော့ မင်းကလည်း ကျောင်း နောက်ဆုံးနေ့တုန်းက ချယ်ရီပင်အောက် နောက်တစ်ခေါက် ပြန်တွေ့တဲ့အထိ သီချင်းကို တစ်နေ့လုံးဆိုနေတဲ့ မိန်းကလေးလို့ပဲ ငါက ထင်ထားတာ၊ အခုတော့ မင်းက...”
“အိုး... အဲဒါဘာဖြစ်လဲ၊ ဒါတွေဟာ ဘာအရေးလဲ၊ ကျွန်မက ဘယ်သူ့ကိုမှ ဂရုမစိုက်တတ်ဘူးဆိုတာ ရှင်သိတယ်နော်၊ ကဲ အခုကြက်ဥ ကြော်မယ်၊ ဝက်အူချောင်းကြော်မယ်၊ ပြီးရင် ထမင်းစားမယ်၊ ဒါပဲ”
“ငါက အရူးမဟုတ်ဘူးကွ”
“အိုး... ဒီကလဲ အရူးမဟုတ်ပါဘူး”
စကားဆုံးတော့ သူကလည်း ခိုးခိုးခစ်ခစ်ရယ်လေသည်။ လျှာထုတ်ကာ ပြောင်ပြလိုက်သေး၏။ သူ သူမ စကားတွေကို ုနားမလည်။ အပြုံးကိုလည်း နားမလည်။ သူ့စိတ်ထဲ ဘာကြောင့် သူမအပေါ် ကရုဏာ ဖြစ်သွားသည် ဆိုတာကိုလည်း သူ နားမလည်။ သူ သက်ပြင်းကိုချသည်။
အေးလေ... ဒီအခန်းကြီးထဲမှာ တစ်ယောက်တည်းနေရတဲ့ သူ့ဘဝဟာ ဘယ်လောက်များ အထီးကျန်ဆန်နေလိုက်မလဲ။ သူ အမူအယာကို တည်ငြိမ်အောင် ပြန်ထိန်းလိုက်သည်။ သူမကို ရှင်းပြမှဖြစ်တော့မည်။ တစ်ခုခု နားလည်သွားအောင်တော့ ပြောရတော့မည်။ သူ အသိဉာဏ်တွေကို ရုတ်တရက် လိုက်လံစုကာ ဘာပြော၊ ရှင်းပြရရင် ကောင်းမလဲဟု စဉ်းစားသည်။
“မင်း စိတ်လေနေတယ်”
“မဟုတ်ဘူး၊ လုံးဝ မဟုတ်ဘူး၊ အဲဒီစိတ်ကို လေရအောင် စိတ်လေခွင့်ကို တောင်းနေတာ”
“မဟုတ်ဘူးလေ၊ ငါဆိုလိုချင်တာက လူ့ဘဝဆိုတာ...”
“ဟောတော့... ကြက်ဥက သုံးလုံးပဲ ကျန်ပါတော့လား၊ အဲဒီလိုလား လူ့ဘဝဆိုတာ”
သူမက ရေခဲသေတ္တာကို ဖွင့်ရင်း အသံမြူးမြူးနှင့် အော်သည်။ သူမကိုကြည့်ရတာ တစ်ခုခုကိုတော့ ပျော်ဖို့တွေ့သွားဟန်တူသည်။ သူက စိတ်ရှည်ရှည်ထားဖို့ ဆုံးဖြတ်လိုက်၏။ သူမကို သူ နားလည်စေချင်တာက ဘာလဲ။ အခု သူမက ပြန်ပါဆိုရင်တောင်မှ သူမပြန်တော့။
“ကိုယ်တို့ ကျောင်းပြီးလို့ ဝေးသွာ းကြတဲ့နေ့ကနေ ဒီနေ့အထိ မင်း ဘာတွေဖြစ်ခဲ့တယ်ဆိုတာ ပြောပြမလား”
“ခဏနော်၊ ခဏလေး၊ ကက်ဆက်ကို နည်းနည်း ကျယ်လိုက်ပါလား၊ ကြက်ဥ ကြော်မယ်နော်”
သူမက သွက်လက်စွာ နောက်ဖေးခန်းထဲ ပြေးဝင်သွား၏။ အခုထိ သူလည်း သူမကို ဘာပြောရမှန်းဆိုတာ မစဉ်းစားမိသေး။ သူမ ဘာတွေ ဖြစ်နေခဲ့သနည်း။ ဒါကို သူသိမှ ပြောဖို့ စကားရမည်။ အမှန်တရား၊ လူ့ဘဝ၊ မိန်းကလေးတစ်ယောက်၏ တည်ငြိမ် သန့်ရှင်းတဲ့ ဣန္ဒြေ၊ ဘဝရဲ့ လိုက်ဖက်ညီမှုများ၊ ပတ်ဝန်းကျင်၊ ငွေကြေး၊ အချစ်၊ မေတ္တာ၊ မိသားစုဘဝ၊ ခေတ်ရေစီးကြောင်း၊ အသိဉာဏ်၊ ငြိမ်းချမ်းမှု သူလုံးလည်လိုက်လာသည်။
ထိုစဉ်... ဘဲလ်တီးသံကို ကြားလိုက်ရသဖြင့် သူ အံ့ဩသွားသည်။ ဒုတိယအကြိမ်၊ တတိယအကြိမ်။ သူမက မီးဖိုခန်းထဲကမှ ကမန်းကတန်း ပြေးထွက်လာသည်။ လေထဲတွင်ဝဲသွားသော ညဝတ်အင်္ကျီက သူ့လက်မောင်းများကို ပွတ်တိုက်သွား၏။ သူမက တံခါးကို အနည်းငယ် ဟကာကြည်ြ့ပီး မျက်နှာက ဝင်းလက်သွားကာ လျှာထိုး တံခါးကို အားနှင့်တွန်းကာ ခပ်ကျယ်ကျယ်ဖြစ်အောင် ဖွင့်သည်။
ပွင်ဟသွားသော တံခါးမှ အမွှေးကြမ်းများပါသော လက်တစ်ဖက် တိုးဝင်လာသည်။ နောက် ဖောင်းအစ်အစ် မျက်နှာတစ်စုံ၊ ရှူးဖိနပ်၊ ကုတ်အင်္ကျီ၊ ဘီယာနံ့။
“အန်ကယ်(လ်)”
ဝင်လာသည့် လူက ဦးခေါင်းကို ငဲ့စောင်းကာ သူ့ကို ကြည့်သည်။ သူ ဝုန်းခနဲ ထရပ်လိုက်သော်လည်း ထိုလူ၏ မျက်နှာမှာ ဘာမှ အပြောင်းအလဲကို မတွေ့ရ။ သူသာ ရင်တဒိတ်ဒိတ်ခုန်လာသည်။ လက်ဖျားမှာ ချွေးစေးတွေ စိမ့်ပြန်လာသည်။ သူမက ထိုလူ၏ ကုတ်အင်္ကျီအကြားမှ အနည်းငယ် ရွဲ့နေသော နက်တိုင်ကို သပ်ရပ်အောင် အသာဆွဲတည့်ပေးသည်။ သူမက ဖြေးဖြေးတွန်း လိုက်ကာ ထိုလူက အထဲသို့ ရောက်အောင်ဝင်လာသည်။
“တောင်ကြီးက ဘာတဲ့လဲ ကလေး၊ ရောက်ခဲ့သေးလား”
“ဟုတ်... အန်ကယ်(လ်)၊ မငြိမ်းသာနဲ့ မတွေ့ခဲ့ဘူး၊ ကိုဖြိုးက သူလိုက်လာခဲ့မယ်တဲ့၊ ပြီးတော့ အဆင်ပြေတယ်တဲ့”
“အင်း...”
ထိုလူက ကျေနပ်သွားသလို သူမဆံပင်တွေကို လှမ်းပုတ်ကာ စသည်။ သူယောင်ယမ်းပြီး ခြေတစ်လှမ်းဆုတ်မိသည်။ သူ့ရင်သည် တစ်ဒိုင်းဒိုင်းခုန်နေကာ အကြီးအကျယ် တုန်လှုပ်နေမိသော်လည်း ထိုလူ ကရော သူမကပါ သူကို လှည့် မကြည့ြ်က။ သူ ရှိနေတာကိုရော သိရဲ့လား။
“ကလေးက ဖုန်းတော့ ဆက်မှပေါ့”
“ဟုတ်... သမီး မနက်က ခရီးပန်းလာလို့ နုံးနေတာ၊ ပြီးတော့ အန်ကယ်လ် လည်း မရှိဘူးလို့လည်း ထင်လို့”
“ရှိပါ့ဗျား”
ထိုလူနှင့် သူမက ဟားဟား တစ်ခစ်ခစ်ရယ်သံတွေကို ကြားရတော့ သူ့ဦးခေါင်းသည် ပေါက်ထွက်သွားပြီလားဟု ထင်ရ၏။ သူ နှစ်ယောက်စလုံးကို ပြူးကြောင်စွာ ကြည်ေ့နမိသည်။ သူမက ဘာဖြစ်လို့ လူမိတာကို ကြောက်ရွံ့မသွားရတာလဲ။ သူရှိနေတဲ့အတွက် ထိုလူကြီး ကရော သူ့ကို ဘာ့ကြောင့် စိတ်မဆိုးရတာလဲ၊ သူမကရော သူ့ကို ပြန်ဖို့ ထွက်သွားဖို့ ဘာကြောင့် မျက်နှာရိပ်ကဲ မပြရတာလ၊ဲ သူရှိ နေတယ်
ဆိုတာကိုရော အဲဒီနှစ်ယောက်စလုံးက ဘာလို့ နည်းနည်းကလေးမှ ဂရုမစိုက်ရတာလဲ၊ သူ ရှိနေတာရော ဟုတ်ရဲ့လား။
“ထမင်းစားမလား အန်ကယ်လ်၊ ပြီးတော့...”
“နိုး...နိုး...စားခဲ့ပြီးပြီ၊ ပြန်မှာ ဟော ဘာနံ့လဲ”
“ဘာလဲဟင်၊ ဟယ်...ကြက်ဥ၊ ကြက်ဥ၊ ကိုရဲ ကြက်ဥ မီးဖိုပေါ်မှာ သွားပါပြီ”
သူမက မီးဖိုချောင်ဘက်သို့ လက်ညိုးထိုးက ထိုလူကြီး ရင်ခွင်ထဲ ရောက်သွားပြီး တအားအော်သည်။ သူ ကြောင်ငေးကာ နေမိသေးသည်။ နောက်တော့မှ သူ့အာရုံထဲကို ကြက်ဥတူးနံ့က ဆိုးဆိုးဝါးဝါး ရောက်လာ၏။
“ကိုရဲ...သွားပါဦး၊ လုပ်ပါဦး”
သူ ဝုန်းခနဲ မီးဖိုထဲ ဘာကြောင့် ပြေးဝင်လာခဲ့သည်ကို သူမသိ။ ဒယ်အိုးပေါ်မှာ ကြက်ဥသုံးလုံးက မြင်မကောင်းလောက်အောင် မဲတူးနေပြီ၊ ဒယ်အိုးထဲက ဆီသံတကျွမ်းကျွမ်း မြည်နေကြသည်။ သူ ကမန်းကတန်း ရှေ့နံရံပေါ်မှာ တွေ့ရသော မီးခလုတ်ကို ဆွဲလိုက်သည်။ မီးဖိုခန်းသည် မှောင်သွား၏။ သူ့ကိုယ်သူ တစ်ချက်ဆဲ လိုြက်ပီး ဆီသံတကျွမ်းကျွမ်းက ပိုပြင်းထန်လာသည်။ သူ ကမန်းကတန်း ထိုခလုတ်ကို ဆွဲတင်ပြီးတော့မှ နောက်ထပ်ခလုတ်တစ်ခုကို ဆွဲချလိုက်ရသည်။ လျှပ်စစ်မီးဖိုမှ ဝါယာ ကြိုးများ ဖျတ်ခနဲ မှိန်သွားသည်။
သူ သက်ပြင်းကိုချသည်။ ထို့နောက် ဒယ်အိုးကို ဒီအတိုင်းကိုင်မိ သဖြင့် လက်အတော် ပူသွားသေး၏။ နဖူးတွင် စို့တက်လာသော ချွေးကို သုတ်ကာ မီးခလုတ် ကို မကျေမနပ် လှမ်း ကြည့်ဖြစ်နေမိသေးသည။်
ထို့နောက် သူ သူမကို ဖျတ်ခနဲ ပြန်သတိရသည်။ အိမ်ရှေ့ကို ထွက်ဖို့လုပ်လိုက်ပြီးမှ သူကိုယ်ရှိန်ကို သတ်ရသည်။ မီးဖိုချောင်ထဲမှ ပြတင်းပေါက် တစ်ခုနားကပ်၍ အောက်ကို ငုံ့ကြည့်တော့ နောက်ဖေးလမ်း ကြားသည် မဲမှောင် လျက် ရှိ၏ ပြူတင်း ပေါက် မှ ကားသံ နှင့် ကားမီး ရောင် ကို လှမ်း မြင်နေရသည်။ သူခဏရပ် စဉ်းစားသည်။ သူ အံကို တစ်ချက်ကြိက်ကာ အိမ်ရှေ့ သို့ မထွက် ချင် သော် လည်း ထိုအပေါက်မှ ပင် အောက် ကို ဆင်းလို့ ရတော့မည် ဆို တာကို သိသွားသဖြင့် ဆုံးဖြတ်ချက်ချလိုက်သည်။ ပလက်ဖောင်းပေါ်သို့ ပြေးတက်ကာ သူအားရပါးရ ဒီနေရာက လွတ်အောင်ပြေးချင်နေပြီ။
သူ မွှန်ထူနေသည့်စိတ်၊ စိတ်စောနေသည့်စိတ်၊ ရှက်ရွံ့နေသည့် စိတ်တို့ဖြင့် ရှေ့ကို ထွက် လိုက်တော့ ဧည့်ခန်း သည် မဲမှောင် နေသည်ကို တွေ့ရသဖြင့် သူအံ့ဩသွားသည်။ သူ မီးခလုတ်မှားပိတ်တုန်းကပဲ မှောင်သွားတာလား။ သူ မီးခလုတ်ကို ပြန်ဖွင့်ခဲ့သဖြင့် မီးဖိုခန်းပင် မီးလင်းနေပြီပဲ။ အလင်းရောင်ကို ကျောပေးကာ အမှောင်ထဲကို ငေးရသဖြင့် သူ့မျက်စိမှာ ဘာကို မှ မကွဲပြား။ ခဏကြာသည် အထိ သူ ရပ်ပြီးမှ အမှောင်ထဲမှာ သဲကွဲလာသည်။ တံခါးနားမှာ ဘယ်သူမှ မရှိကြတော့။ ဆိုဖာပေါ်မှာလည်း မရှိ။
သူ ပထမ ဝမ်းသာသွားကာ တံခါးနားသို့ ခပ်သွက်သွက် ထွက်လာခဲ့သည်။ သူတံခါးကို ရောက်တော့ သူမဆွဲဖွင့်ထားသော
အိမ် ရှေ့ခန်း ကို ကာသည့် ရေညှိရောင် လိုက်ကာကြီး ပြန် ပိတ် လျက် ရှိသည် ကို တွေ့ရသည်။
ထိုလိုက်ကာနောက်မှ စကားသံသဲ့သဲ့ကို သူကြားရသည်။ သူ့ရင်သည် တဒိုင်းဒိုင်း ပြန်ခုန်လာကာ ခွေယိုင်လဲသွားတော့မလား ထင်ရသည်။ ဒယ်အိုး အပူဖြင့် ကပ်မိ သော လက်ေ ချာင်းများကို တင်းတင်း ဆုပ် ထားကာ အံကိုကြိတ်မိသည်။ သူ့ရင်ခုန် သံသည် အရှိန်ပြင်းစွာ မြည်နေရာမှ တဖြည်းဖြည်း ဖျော့ကျကာ နောက်ဆုံးတွင် ဘာသံ မှ မကြားရတော့သည်အထိ သူ အမှောင်ထဲမှာ အေးစက် တောင့်တင်း လာသည်။ သူအံကို ကြိတ်ထားသည်။ သူ့ခန္ဓာကိုယ်ပေါ်မှသွေးကြောတွေ တဖြည်းဖြည်း ဖောင်းအစ်ကာလာသည်။
ရေညှိရောင် ကန့်လန့်ကာက ငြိမ့်ခနဲ ယိမ်းလှုပ်သွားပြီး သူမက ဆံပင်တွေကို အားရပါးရ သပ်တင်ကာ ထွက်လာသည်။ သူမနောက်မှ ဘီယာဗူးကို နောက်ဆုံးအကြိမ် အားရပါးရ မော့သောက်ရင်း ထိုလူက ထွက်လာကာ သူမထံ ဘီယာဗူးကို လှမ်းပေးသည်။ ထ့ို နောက် သူ့ရှေ့မှပင်ဖြတ်ကာ တံခါးနားကို ရောက်မှ “Good Bye” ဟု သူမကို နှုတ်ဆက်သည်။
ထို့နောက် တံခါးဆဲဖွင့်သံ၊ ခန္ဓာကိုယ်လေးလေးကြီး နှင့် နင်းဆင်းသွားသော ရှုးဖိနပ်သံ တစ်ဘုတ်ဘုတ်ကို သူ ကြားရသည်။
သူမက တံခါးလက်ကိုင်ဘုကို ကိုင်ကာ ခဏငိုင်နေသေး၏။ ပြီးမှ ခေါင်းကိုမော့ကာ ဆံပင်တွေကို ဒုတိယအကြိမ် သပ်တင်ကာ တံခါးကို ပိတ်ပစ်လိုက်ရင်း သူ့အရှေ့သို့ရောက်လာသည်။ အမှောင်ထဲမှာ ကျင့်သားရနေသည့်အပြင် ပြတင်းမှ အလင်းသဲ့သဲ့ကြောင့် သူမ မျက်နှာကို သူကောင်းစွာ မြင်နေရသည်။
သူမက သူ့ကို နှစ်လိုအားရဖွယ်ရာ ဖျတ်ခနဲ ပြုံးပြသည်။
သွေးကြောသေးသေးကလေးတွေကအစ ဖောင်းအစ်နေသော သူ့ လက်တစ်ဖက်သည် လေထဲသို့ အားကုန် မြောက်တက်သွားသည်။ သူမ နောက်ကိုလန်ထွက်သွားပြီး သူမလက်ထဲက ဘီယာဗူးခွံ ဒလိမ့်ခေါက်ကွေး လွင့်စင်ထွက်သွားသည်။
သူမကအံ့ဩကာ ဒေါသဖြစ် သည့်မျက်နှာဖြင့် သူ့ ရှေ့တည့်တည့် ကို ပြန်ရောက်လာပြီး သူနှင့်မျက်နှာချင်းဆိုင်သည်။ ပြီးတော့ အားရပါးရမဲ့လိုက်ကာ သူ့ပါးပေါ်ကို လက်တစ်ဖက်အရှိန်ပြင်းစွာ ကျလာသဖြင့် သူလည်း အနည်းငယ်ယိုင်ထွက်သွားသည်။
သူတံခါးကို ဝုန်းခနဲဆွဲဖွင့်ကာ လှေကားထစ်များကို အားရပါးရ ပြေးဆင်းလာခဲ့သည်။ သူ့အရှိန်ကို သူ မထိန်းနိုင်သည့်တိုင်အောင် အရှိန်ကို ထပ်၍ထပ်၍ ထည့်ကာ ပြေးဆင်းလာခဲ့သည်။
နောက်ဆုံးလှေကားသုံးထစ်ကို ခုန်ချကာ ပလက်ဖောင်းပေါ် ခုန်တက်လိုက်သည့်အခါ တိုယိုတာဂျိုထောင်ကားတစ်စင်းက သူ့အနားမှ ငြိမ့်ငြိမ့်ကလေး မောင်းထွက်သွားသည်။
သူ အားရပါးရ ကျိန်ဆဲကာ ရပ်ငေးကြည့်နေမိလေသည်။
၁၉၉၆၊ ဧပြီလ၊
မြန်မာ့ရုပ်ရှင်
ဆရာနီကိုရဲ၊ သံစုံကြူးတဲ့ည ဝတ္ထုတိုစု၊
စာမျက်နှာ ၇ - ၂၄။
စာရိုက် - စလေ ငနော့
