Sunday, April 12, 2020

မတစ်လုံးကြေ


••••••••••••••••••••

ကြပ်ကလေး

သူငယ်ချင်း-စိန်လှ

အကြောင်းကတော့ ထူးနေပြီ၊ မင့်အကူအညီကို ငါများစွာ လိုပြီ။ ငါ့ဆီကိုလာခဲ့ပါ။

ဘစိုး

များများစားစားမဟုတ်ပါ။ နှစ်ကြောင်းမျှလောက်သာရှိသော အထက်ပါစာတိုကလေးကို ကြာရှည်စွာ ဖတ်နေမိသည်။ ဘစိုး သည် သူနှင့်အလွန်ခင်မင်ရင်းနှီးသော ငယ်သူငယ်ချင်းဖြစ်ခဲ့၏။ ဘစိုး မိန်းမခိုးစဉ်က ကိုယ်တိုင်မခိုးပေးရသော်လည်း အိမ်ငှား ပေးရ၊ ပိုက်ဆံပေးရနှင့် အတော်ပင် ခြေသည်းလက်သည်း ဖြစ်ခဲ့ ရသေးသည်။

သို့သော်... ယခု ဘာများ အကြောင်းထူးနေမှန်းလည်း မသိ။

ဘစိုးမိန်းမ မစန်းကြည် ယောက်ျားရသည်မှာ လပိုင်းပင်ရှိသေး ၍ လင်ငယ်နောက် မပြေးနိုင်သေးပါ။

“မင်းက ငါပြောနေတုန်း ကြားက ဝင်မပြောပါနဲ့ကွ၊ ငါ သေသေချာချာ ပြောပြပါ့မယ်။ အခု မစန်းကြည်က သူ့မိဘကို သိပ်လွမ်းသတဲ့ကွာ၊ အဲ့ဒါ ငိုငိုနေတယ်။ ဒီတော့ သူစိတ်မချမ်း သာတာလဲ ငါမမြင်လိုဘူး၊ အဖိုးကြီးတွေအိမ်လဲ မသွားဝံ့ဘူး။ အတိုချုပ်ပြောမယ်ကွာ၊ အဖိုးကြီး အဖွားကြီးနဲ့ မစန်းကြည်နဲ့ ပြန်ပေါင်းထုတ်ချင်တယ်၊ အဲဒါ မင်းကြံပေးစမ်းပါလို့ ဆိုချင်တာဘဲ''

စိန်လှသည် နှုတ်ထိပ်မှ စီးကရက်ကို ချွတ်လိုက်ပြီး မီးခိုးကိုဖူးကနဲ မှုတ်ထုတ်လိုက်၏။ မီးခိုးများသည် စည်းကမ်းမဲ့စွာ ပျံ့နှံ့သွားကြသည်။

“အော်... မင်းက လိုချင်တာက မင်းတို့ကလည်း မသွားဘဲ နဲ့ အဖိုးကြီး အဖွားကြီးတွေ မင်းတို့အိမ်ကိုလာရမယ်ဆိုပါတော့”

ဘစိုး၏မျက်နှာမှာ သက်စေ့
ရေမချိုးဘဲထားသော အဘွားကြီး၏ ဆပ်ပြာနှင့် ကျကျနနရေချိုးပြီးခါစ ကျောပြင်ကြီး ကဲ့သို့ ပုပ်ရာမှ ကြည်လင်လာသော်လည်း သံသယအရစ်ကလေးများမှာ မျက်နှာဝယ် ဝဲလျက်ရှိသေး၏။

“လုပ်စမ်းပါ သူငယ်ချင်းရာ၊ မင့်ကို ဒါကြောင့် အားကိုးရ တာပေါ့”

“ဟား... ဟား... ဒါ ဘာခက်သလဲ၊ ဒီလိုလုပ် မစန်းကြည် အသည်းအသန် မမာချင်ယောင်ဆောင်ပြီး ခေါ်ခိုင်း လိုက်ပေါ့ကွာ မိဘဆိုတာ သားသမီးကို ခဏသာပြတ်နိုင်တယ်။ ဒုက္ခ သုက္ခ ရောက်တယ်ကြားရင် ပြေးလာမှာပေါ့၊ ဒီကျတော့ကွာ မင်းတို့ပြေရာ ပြေကြောင်းကြည့်လှိမ့်ကြပေါ့။ အရေးကြီးတာက မျက်နှာချင်းဆိုင် မိဖို့ မဟုတ်လားကွ”

“အေးကွ...ကောင်းလိုက်တဲ့ အကြံကွာ၊ ဟေး...မစန်း ကြည်ရေ၊ ဟောဒီ ဦးပုညကြီးကို ကတုံးရိတ်လိုက် အဲလေ... ယောင် လို့၊ ထမင်းကျွေးလိုက်ပါကွာ”

စိန်လှမှာ ရင်းနှီးသူဖြစ်သဖြင့် အားနာချင်ယောင်ဆောင် မနေတော့ဘဲ နံနက်စာ ဝင်ကြိတ်လိုက်လေတော့သည်။ ထမင်း စားပြီးမှ ဘစိုးက...

“အေး... ဒါထက် မင်းဘဲ အဖိုးကြီးတွေအိမ် သွားပေးပါကွာ နော်...”

“ဟာကွာ... ငါ့အလုပ်ချည်းပါပဲလား”
“လုပ်ပါကွာ၊ ငါ ခိုင်းစရာ တခြားလူလည်း မရှိလို့ပါ၊ မင့် ကျေးဇူးမမေ့ပါဘူး”

“ကျေးဇူးကို ဘာနဲ့ဆပ်မလဲ”

“မင်းအလိုရှိတာ ငါကူညီပါ့မယ်”

“ကဲ... ဒီလိုဆိုရင် ငါလုပ်ပေးမယ်။ ငါလည်းတစ်ခါမှ
မရောက်ဖူးဘူး၊ မင်း မစန်းကြည်ကို ခိုးတုန်းက ငါလိုက်ခဲ့မိရင် အကောင်းသား၊ ကဲ လိပ်စာသာပြောပါတော့”

“လိပ်တွင်မကဘူး။ ကြမ်းပိုးပါ ပြောရမှာ၊ ငါပြောတာကို မင်းသေသေချာချာ နားထောင်နော်၊ မင်းတစ်ခါမှ ရောက်ဖူးတာ မဟုတ်လို့ ကိုင်း နားထောင်ပြီး မှတ်ပေတော့”

ဤသို့အစချီ၍ ဘစိုးက စက္ကူကြမ်းကလေးနှင့် အိမ်နေရာ ကို မြေပုံဆွဲပြ၏။ ထိုနောက် မစန်းကြည် အသည်းအသန်ဖြစ်ကြောင်း ရိုသေစွာ အစီရင်ခံစာတစ်စောင်ရေးပေး၏။ ပြီးမှ စိန်လှကို အထူးမှာတမ်းမှာကြားလေသည်။

“မင်း... သွားသွားခြင်း မစန်းရီကိုတွေ့ရင်တော့ ဟန်တာပဲ”

“မစန်းကြည်ရဲ့ ညီမလား”

“အေးလေ... မင်းမြင်ဘူးတယ်မဟုတ်လား၊ မမြင်ဘူးလဲ အရေးမကြီးပါဘူး၊ မစန်းကြည်နဲ့တော်တော်တူပါတယ်၊ သူက
သူ့အစ်မကိုသိပ်ချစ်တယ်၊ ဒီတော့ သူ့ကိုတွေ့ရင် ဒို့အကြံမုချအောင်မှာပဲ၊ သူတို့အမေ ဒေါ်အုံးခင်ကိုတွေ့ရင်လည်း တော်သေးတယ်။ အဖွားကြီးက သူ့သမီးတွေကို သိပ်ချစ်တာ၊ သူတွေ့လည်း ဒို့ အကြံအောင်မှာ၊ အဲ... အဖိုးကြီး ဦးရွှေရိုးကတော့ တမျိုးကွ”

“ငါသိပါတယ်၊ ဆံပင်ရှည်နဲ့ နှုတ်ခမ်းမွှေးနဲ့ ပုသိမ်ထီးနဲ့ မဟုတ်လား”

“ဘယ်က ဟုတ်ရမှာလဲ၊ ကတုံးနဲ့၊ မုတ်ဆိတ်နဲ့ ပိတ်ဖြူနဲ့ကွ၊ သူ့အကြောင်းငါပြောပြဦးမယ်၊ သူငယ်ငယ်က ဆယ်တန်း တုန်း သင်္ချာဂုဏ်ထူးနဲ့ထွက်လာတာကွ၊ ကောလိပ်ကျောင်ကျတော့ ပါဠိသိပ်တော်ဆိုဘဲ၊ နောက် ဘီအေကိုမြန်မာစာ-ဂုဏ်ထူးနဲ့အောင်တယ်။ ဒီနောက် ဥပဒေ သင်တန်းတက်ပြီးတော့ မီးရထားရုံးမှာ ဝင်လုပ်ခဲ့တယ်ဆိုပဲ။ မင်းစဉ်းစားကြည့်တော့ ဒီအချိန်အထိ ဘယ်
လောက်အပေါင်းရခက်မလဲဆိုတာ။ ဒါနဲ့ မရပ်သေးဘူးမောင်း အခုအလုပ်က အနားယူတော့ လောကီပညာကို နင်းကန်လိုက်စား ပြီး သူ့ကိုယ်သူ မတစ်လုံးကြေပြီတောင် ပြောနေတယ်ကွ”

စိန်လှ၏မျက်နှာဝယ် ပုစာၦလက္ခဏာကလေးသည် ရိပ်ခနဲ ဖြတ်သန်းသွားသဖြင့် မျက်ခုံးနှစ်ဘက်သည် စုံခုန်တက်သွားကြ လေ၏။

“ဘာကွ... ဥတစ်လုံးကြေတယ်”

“ဘယ်က ဥတစ်လုံးကြေရမှာလဲ... မတစ်လုံးကြေတာကွ”

“အော်... မိန်းမကျမ်းကြေတယ်ဆိုပါတော့”
“မဟုတ်ပါဘူး၊ လောကီပညာမှာ မသိ၊ မတတ်ဆိုတဲ့ မ ကြေပြီး နေရာတကာသိတယ်။ တတ်တယ်၊ အို... လောကီ ပညာစခန်းမှာဆိုရင် မသိတာမတတ်တာမရှိဘူး၊ သိတာတတ်ကာ ချည်းပဲတဲ့။ အဲဒီတော့ တော်တော်စကားပြောရခက်တယ် မင်း ကြည့်ပြောပေါ့ကွာ၊ နောက်ဆုံး နိဂုံးချုပ်အနေနဲ့ ငါကဒီနေရာကနေ ပြီး သတိပေးချင်တာက...”

“ဟေ့ကောင်... ဒါနိုင်ငံရေးတရားဟောနေတာ မဟုတ်ဘူး''

“အေးပါကွာ....ငါယောင်သွားလို့ပေါ့၊ နောက်ဆုံးငါသတိပေး ချင်တာက ရန်လုံပဲ၊ ရန်လုံကိုတော့ အထူးသတိထားကွ”

“ဟာ... ငါမကြောက်တတ်ပါဘူး”

“အောင်မယ်... မကြောက်တတ်ဘူးမလုပ်နဲ့၊ သူက ကောင်မလေးကို ရည်းစားစကားပြောတယ် ထင်ရင် အနှောင့်အယှက် ပြင်းပြင်းထန်ထန် ပေးတတ်တယ်၊ ကဲကွာ.... ခပ်မြန်မြန်သာ သွားပေတော့၊ ငါပြောတာတွေ မင်းနားလည်ပြီမဟုတ်လား”

🚉 🚉 🚉

စိန်လှသည် ဘတ်စ်ကားပေါ်မှ ဆင်းလိုက်ပြီး ကတ္တရာစေး လမ်းမကြီးပေါ်ဝယ် ယောင်ပေပေ ရပ်နေမိတော့သည်။ ဘစိုးသည် အတင်းတိုက်တွန်း၍သာ ထွက်လာခဲ့ရသည်။ သူစိမ်းအိမ်ကို ရုတ် တရက်ဝင်၍ မှင်သေသေနှင့် ဖြီးရသည်မှာမလွယ်ကြောင်း ရိပ်စား မိတော့၏။ ထို့ပြင်ရန်လုံဆိုသော ခွေးကတမှောင့် ဖြစ်သေးသည်။
ဟိုကြည့်သည်ကြည့် ကြည့်လိုက်ရာ မလှမ်းမကမ်းတွင် ဆေး လိပ်အစရှိသော ဆိုင်ကလေးကို တွေ့လိုက်ရမှ အကြံတစ်မျိုး ရလေ၏။ သူ့အကြံကား ခွေးကို ထန်းလျက်ကျွေးရန် အကြံဖြစ်ပေသည်။ ဆိုင်ကလေးမှ ထန်းလျက်ထုပ်ကလေးကို ကိုင်ထွက်လာပြီး အနီးမှ ခြံစည်းရိုးဝါးရုံကြားမှ ဒုတ်သေးသေးရှည်ရှည်ကလေးကို ကောက်ယူလိုက်သေး၏။

“ဒီခွေးကို ပထမထန်းလျက်ကျွေးချော့မယ်။ ဒါနဲ့မှ မရရင် တော့ ဒုတ်ကလေးနဲ့ ခပ်နာနာကလေး ရိုက်ပြီးတော့ ဆုံးမမယ်”

ဤသို့တွေးရင်း ဘယ်ဘက်က ဝါးဒုတ်ကလေး၊ ညာဘက်က ထန်းလျက်ထုတ်ကလေး ကိုင်ထွက်လာသောစိန်လှသည် ရန်လုံ အကြောင်းကို ကောင်းစွာမသိရှာသေး။
အမှန်စင်စစ်ဘစိုးမှာ
လောကြီးပြီး မပြောဖြစ်၍သာဖြစ်သည်။ ရန်လုံဆိုသည်ကား ကာယဗလကို များစွာလိုက်စားနေသော မစန်းကြည်နှင့် မစန်းရီအကြား (ဝါ) မစန်းကြည်၏ မောင်၊ မစန်းရီ၏ အစ်ကို လူသားစင်စစ်ပင်ဖြစ်ပေသည်။ သူငယ်ငယ်ကတည်းကပင် ထိုးချင်ကြိတ်ချင်ဝါသနာကြောင့် သူရှိလျှင် သူခိုးမကပ်ဝံ့ ဟူသောသညာဖြင့် ရန်လုံဟု ငယ်နာမည်ပေးထားခြင်းဖြစ်သတည်း။

သို့ဖြင့် ခြံကျယ်ကြီးတစ်ခု၏ပိတ်ထားသော ဝင်းတံခါးရှေ့သို့ စိန်လှရောက်နေပေပြီ။ ခေါင်းကိုငဲ့၍ ခြံထဲသို့ ဟိုကြည့်သည်ကြည့် ကြည့်လိုက်ရာ မနီးမဝေးကပန်းရုံတစ်ခု၌ သူ့ကိုကျောပေး၍ ရပ် နေသော မိန်းမပျိုတစ်ယောက်ကိုတွေ့ရသည်။ မစန်းကြည်နှင့် အတော်ပင်တူသဖြင့် မစန်းရီမှန်း သူရိပ်မိပါသည်။ သို့ရာတွင် ဘယ်လိုလှမ်းခေါ်လိုက်ရမလဲဟု စဉ်းစားနေမိလေသည်။

“ဒီမှာ... ဒီမှာ” ဟုခေါ်လျှင် စကားထစ်သူဟုထင်စရာ အကြောင်းရှိ၏။ တဖန် “အဟမ်း... အဟမ်း” ဟုဆိုလျှင်လည်း ပန်းနာသည်နှင့် တူပေအံ့။ “ဟဲ... ဟဲ...ဟဲ” ဟုဆိုရန်ကလည်း အရူးမဟုတ်သဖြင့် တစ်ယောက်တည်း မရယ်တတ်၊ “အော်” ဟုဆို ရန်ကလည်း ရေဒီယိုအဆိုကျော်မဟုတ်သဖြင့် မချိမဆန့်မအော် တတ်ပါ။ “အလို” ဆိုပြန်ကလည်း ဇာတ်ထဲက ဘီလူးမှတ်သွား ပေမည်။

နောက်ဆုံး၌ စကားလုံးရွေးကောက်ပွဲ ကျင်းပနေသောစိန်လှ၏ ဦးနှောက်သည် နာမည်ကိုခေါ်ရန် ဆုံးဖြတ်လိုက်သည်။

“မစန်းရီ”

မိန်းမပျိုသည် နောက်မှ ဟွန်းနှိပ်လိုက်သော လက်ပြရဲသားကဲ့သို့ ခေါင်းကိုရုတ်တရက် ချာကနဲလှည့်ကြည့်လိုက်သည်။
သူ့နာမည်ကို ခေါ်သဖြင့် ရင်းနှီးသူတစ်ယောက်ယောက်ဟူသော . အမှတ်အသားဖြင့် လှည့်ကြည့်လိုက်သော်လည်း ဝင်းတံခါးက
မောင်မှာ သိသူမဟုတ်သဖြင့် မျက်မှောင်ကလေးကြုတ်ပြလိုက် မိလေသည်။ လှပသော မျက်နှာကလေးကို မြင်ရမည်ဟု ​မျှော်လင့်နေသော စိန်လှမှာ မျက်မှောင်ကြုတ်ကြုတ်ကလေးကို မြင်လိုက်သောအခါ ယောင်၍ ပါးစပ်ကိုဟပြလိုက်သည်။ တဖန်မိန်းမပျိုက မျက်ခုံးပင့်၍ မျက်လုံးပြူးပြ၏။ စိန်လှက နှာခေါင်းရှုံ့၍
ပါးစပ်ကို ဖြဲပြလိုက်လေ၏။ ဤသို့ဖြင့် ကြုတ်၊ ဟပင့်ပြူး၊ ရှုံ့ဖြဲကြခြင်းဖြင့် အချိန်ကုန်လွန်စေကြပြီးမှ စိန်လှမျက်နှာညောင်း လာသည်ကို သတိထားမိပြီး...

“ကိုဘစိုးက စာပေးလိုက်တယ်၊ မစန်းရီကိုလေ၊ စာပေးလိုက်တယ်”

ဟု ပါးစပ်ထဲ ရရာတွေကို မှုတ်ထုတ်လိုက်လေ၏။ ဤတွင်မှ မိန်းမပျိုမှာ ပြုံးသယောင်ယောင်နှင့် ခပ်တည်တည်ဖြစ်သွား၍ အိမ်ထဲသို့တစ်ချက်ကြည့်လိုက်ကာ ခြံဝသို့ခပ်သုတ်သုတ်ရောက်လာ ပြီး ဝင်းတံခါးကိုဖွင့်လျက် နောက်သို့ တလှမ်းဆုတ်လိုက်၏။ သူ
နောက်ကိုဆုတ်လိုက်ခြင်းအကြောင်းကား ပထမလူကောင်းထင်၍ ဖွင့်လိုက်ပြီးမှ ဘယ်ဘက်က ဝါးဒုတ်ရှည်ကလေး၊ ညာဘက်က အထုပ်ကလေးတစ်ခုကိုင်ထားသော စိန်လှကိုမြင်ရမှ အရူးထင်သယောင်ယောင် ရှိသောကြောင့်ပင်ဖြစ်၏။

စိန်လှက တစ်လှမ်းတိုးလိုက်၏။ မစန်းရီက တလှမ်းဆုတ် လိုက်ပြန်၏။ စိန်လှက မလိုက်တော့ပါ။ မစန်းရီ၏အလှသာ အကယ်၍ အရက်ဖြစ်ခဲ့ပါမူ စိန်လှယစ်မူးပေလိမ့်မည်။ အရက် မဖြစ်ဘဲ ဘိန်းဖြစ်ခဲ့ပါမူ စိန်လှစွဲသွားလေလိမ့်မည်။

“ဘယ်မလဲရှင့်စာက...”

“အော်... ဟုတ်ကဲ့၊ အိတ်ထဲမှာလေ ရော့”

စာကိုပေးလိုက်ခြင်းမဟုတ်ဘဲ ဘယ်လက်ထဲက ဝါးဒုတ် ကလေးကိုသာ ပေးလိုက်ခြင်းဖြစ်သဖြင့် မစန်းရီမှာသာ၍ မျက်လုံး ဝိုင်းသွားရပြန်၏။ သို့သော် ဘာစကားမျှမပြောဘဲ ဝါးဒုတ် ကိုသာ လှမ်းယူထားလိုက်လေသည်။

“ရော့... ဒါပါယူဦး”

တဖန်ညာဘက်လက်က ထန်းလျက်ထုပ်ကိုပေးပြန်၏။ မစန်းရီကလည်း အူကြောင်ကြောင်နှင့်ပင် ယူထားလိုက်ရပြန်
လေသည်။ ပြီးမှ ဘယ်လက်မနှင့် လက်ညှိုးတို့ဖြင့်အိတ်ကို ဟကာ ညာလက်ဖြင့် စာရွက်ခေါက်ကလေးကို ထုတ်လိုက်လေသည်။

“ခင်ဗျား ဘယ်လက်ထဲက အထုပ်ကို ကျွန်တော့်ဘယ်လက်ထဲ ထည့်၊ နောက် ကျွန်တော့်ဒီညာလက်ထဲက စာရွက်ကို ခင်ဗျား ဘယ်လက်နဲ့ယူပြီး ခင်ဗျားညာလက်ထဲက ဒုတ်တံကလေးကို ကျွန်တော့်ညာလက်ထဲ ထည့်ပါ။ နောက်တော့မှ ကျွန်တော့်ဘာသာ ကျွန်တော် ဘယ်လက်ထဲကအထုပ်ကို ညာလက်ထဲ ပြောင်းပြီး
ညာလက်ထဲက ဒုတ်ကို ဘက်လက်ထဲပြောင်းလိုက်လိုက်ရင် နဂိုအတိုင်း ဖြစ်ကရောပေါ့”

မစန်းရီမှာ ငိုရမလို ရယ်ရမလိုဖြစ်သွားရှာတော့သည်။
“ရှုပ်လိုက်တာရှင်... ဘာတွေပြောနေတာတုန်း”

“ကဲ... ဒီလိုလုပ်၊ ပေး... ခင်ဗျားလက်ထဲကအထုပ်ကို”

မစန်းရီမှာ ရိုးသားစွာလိုက်နာပြီး အထုပ်ကိုပေးလိုက်ရင်း စပ်စုရမှကျေနပ်သော မိန်းကလေးတို့၏ဇာတိကို မထိန်ဝှက်နိုင် ရှာတော့ပေ။

“ဒါက ဘာလုပ်လဲ့ရှင့်”

“ထန်းလျက်လေ၊ ဒီအိမ်က ရန်လုံဖို့” 

မစန်းရီမှာ အံ့အားသင့်သွားလေသည်။

“သူက စားချင်တယ်ပြောလို့လား"

စိန်လှမှာ ခွေး စကားပြောသည်ဟု  တစ်သက်လုံး သက်ဝင်ယုံကြည် ခဲ့သူမဟုတ်သဖြင့် ရှူးရှူးရှားရှားဖြစ်သွားလေ၏။

“ဘာ၊ ခင်ဗျားက လူကိုအရူးမှတ်လို့။ သူကတော့ ဘယ် ပြောမလဲ ကျွန်တော်က သူစားမယ်မှန်းသိလို့ ဝယ်ခဲ့တာ”

“သူက ထန်းလျက်ဘယ်တော့မှ မစားဘူး”

“ဟာ. . . မဖြစ်နိုင်တာပဲ၊ အုန်းသီးသာ သိပ်မကြိုက်ဘူးဖြစ်
ရမယ်”

"ဘယ်သူ့အကြောင်းပြောနေတာလဲ”

“ရန်လုံလေ၊ ရန်လုံ၊ ရန်လုံ၊  သူ့အကြောင်းပြောနေတာ"

စိန်လှမှာ စိတ်တိုတိုဖြင့် ခပ်ကျယ်ကျယ်ပြောလိုက်မိခြင်းကား သူ့အတွက် ကြက်ခြေခတ်ဖြစ်ပေတော့သည်။ အဘယ်ကြောင့်ဆိုသော် အိမ်ဘေးက ထွက်လာသော ရန်လုံမှာ သူ့အမည်ကိုခေါ်သံ ကြားသဖြင့် လုမ်းကြည့်လိုက်ရာ သူ့နှမနှင့်နှစ်ယောက်ချင်း စကားပြောနေသူကို ခက်ထန်စွာ သတိထားပြီး အသားကလေး ပန်းရုံကွယ်ကို ရောက်လာသည်။

ဤအဖြစ်ကို သတိမထားမိသော မစန်းရီက စိတ်ချလက်ချ စကားပြောနေသေးသည်။

“ဟုတ်ပါတယ် သူပါပဲ၊ သူထန်းလျက် မကြိုက်ဘူးရှင်"

“ရန်လုံးက ထန်းလျက်မကြိုက်ဘူး၊ တော်ပါဗျာ ခင်ဗျားတို့ မကျွေးလို့ဖြစ်ပါလိမ့်မယ်။ ဒီမှာ... လောကမှာ ရန်လုံမပြောနဲ့၊ အင်္ဂလန်ကခွေးတွေတောင် ထန်းလျက်ကျွေးရင် စားတာပဲ၊ အဲ တချို့ခွေးတွေကတော့ အုန်းသီးကို သိပ်မစားဘူး၊ ဘာပဲဖြစ်ဖြစ် ထန်းလျက်မစားရင် ဒီ-ဒုတ်နဲ့ ဆုံးမမှာပဲ”

“ခွေးမသား၊ နှမကို ရည်းစားစကားပြောပြီး မောင်ကို စော်ကားတယ်”

အသံလာရာကိုကြည့်လိုက်ရာ သူ့ကိုယ်သုံးဆလောက်ရှိပြီး တောင့်တင်းသန်မာသော အင်ကြင်းပန်းရုံနောက်က ပုဂ္ဂိုလ်ကိုတွေ့ရ၏။ ထိုပုဂ္ဂိုလ်ကို သူကြောက်ပါသည်။

“မဟုတ်ပါဘူးဗျာ... ခင်ဗျားတို့ကို ကျွန်တော်ဘာမျှမပြော ပါဘူး၊ ရန်လုံကိုပြောတာပါ”

ကမန်းကတန်း တောင်းပန်လိုက်မှ သေချာသွားတော့သည်။ ရန်လုံသည် စကားတစ်ခွန်းမှ မပြောတော့ဘဲ ​ရှေ့သို့တိုးလာသည် နှင့်တပြိုင်နက် အခြေအနေကို ကြိုတင်မြင်မိသော မစန်းရီမှာ လန့်၍ အော်လိုက်သည်။

“ဟော့ဒီမှာ ဖေဖေ”

သူကရုတ်တရက်အော်လိုက်သဖြင့် ရန်လုံမှာ အာရုံပြောင်း သွားကာ မစန်းရီဘက်သို့ ဇတ်ကနဲလှည့်ကြည့်လိုက်ပြီး...

“ဘာလဲ... နင်က နင့်ရည်းစားထိလို့ နာသလား”

ဟုပြောချလိုက်ရာ မစန်းရီမှာ ကြက်သွေးရောင် လွှမ်းသွားသလောက် စိန်လှမှာ အားတုံ့အားနာကြီးဖြစ်သွားကာ

“ဒီမှာ... ကျုပ်က မိန်းမနဲ့ဗျ”

ဟု မဟုတ်သော်လည်း မစန်းရီ၏အရှက်ကို ကာကွယ်လိုက် မိလေတော့သည်။

“အဲ... ဒီလိုလူတွေက ပိုဆိုးတာ”

“ဒါတွင် ဘယ်ကမလဲ... ကလေးဆယ့်ငါးယောက်ရှိတယ်”

“ဒီထက်ဆိုးတော့မပေါ့၊ သောက်စကားမရှည်နဲ့၊ သေဖို့သာ ပြင်”

ရန်လုံသည် လက်နှစ်ဖက်ကို ဆန့်တန်း၍ စိန်လှ၏လည်ပင်း ဆီသို့ ချိန်ရွယ်လိုက်သည်တွင် နောက်မှ ခြေသံများပေါ်ထွက်လာ ကာ...

“ဟေ့ကောင်... ရပ်လိုက်”

စာမေးပွဲမစစ်ဘဲနှင့် အောင်မြင်သည့်အသံကြီးပေါ်လာရာ ရန်လုံမှာ လက်နှစ်ဖက်ကို ဇတ်ကနဲချလိုက်သည့်နည်းတူ စိန်လှ မှာလည်း အသံလာရာသို့ကြည့်လိုက်မိတော့၏။

နှစ်ယောက်ဖြစ်ပါသည်။ တစ်ယောက်ကား မတစ်လုံးကြေ ဖြစ်၍ ကျန်တစ်ယောက်မှာ ဒေါ်အုန်းခင်ဖြစ်ရပါမည်။ လူငါးယောက် ခြံဝ၌ မျက်နှာစုံညီဖြစ်သောအခါ အဖိုးကြီးက ရန်လုံကို စောင်း ကြည့်လိုက်ပြီး -

“ဟေ့ကောင် အိမ်ထဲဝင်”

ဟု ငေါက်လိုက်ရာ ရန်လုံမှာကုပ်၍ ဝင်သွားရှာလေ၏။ ပြီးမှ အဖိုးကြီးသည် စိန်လှဘက်သို့ လှည့်လိုက်ပြီး...

“ဟောဒီသမီး အော်သံကြားလို့ ဒို့ထွက်လာတာ အတော်ပဲ ပေါ့။ မင်းကံကောင်းတယ်၊ ရန်လုံဆိုတဲ့ကောင်က လုပ်မိရင် မင်း မသက်သာဘူး”

ဟုပြောမှ ရန်လုံ ပြဿနာရှင်းသွားကာ ရယ်ချယ်သလိုလို ဖြစ်လာလေ၏။

“ဟုတ်ကဲ့ ဦးက ဦးဘကလေးထင်တယ်”

“ထပ်တေရီ... ရွှေရိုးကွ... ရွှေရိုး၊ ဒါထက် မင်းက ဘာ ကိစ္စနဲ့လာတာလဲ”

“ဪ... ဦးသမီးကို စာလာပေးတာပဲ"

စိန်လှ၏စကားအဆုံးတွင် အဖိုးကြီးရော၊ အဘွားကြီးပါ မျက်လုံးများအရမ်းကာရော ပြူးပြဲကုန်ကြသဖြင့် စိန်လှမှာ သူ့စကား မှားသွားသည်ကို သတိထားမိလေ၏။

“မစန်းကြည်က ပေးခိုင်းတာပါ”

အဖိုးကြီးသည် ဘယ်လက်ဖြင့် မုတ်ဆိတ်မွှေးဖြူဖြူကို ဘုရား ဈေးက ဘိုးဘိုးအောင်ဆန်စွာ တဖြည်းဖြည်းသပ်ချရင်း -

“သူက ဘာတဲ့တုန်း"

ဟု တော်ရုံသာ ပြောလိုက်သော်လည်း ဒေါ်အုန်းခင်မှာ ပျာပျာသလဲဖြစ်သွားပြီး

“ဟယ်... သမီးကြီးဆီကဆိုပါလား၊ ဘာတဲ့တုန်းသမီး၊ မြန်မြန်ဖတ်ပြစမ်းပါ။ ငါကြားချင်လှပြီ၊ ဒင်းတို့ကလည်း တော်တော် ဒုက္ခရောက်နေကြပြီထင်တယ်”

ဟု မိခင်မေတ္တာဖြင့် နှင်းကန်ပြော ချလိုက်၏။ မစန်းရီလည်း မိခင်ကျေနပ်စေရန် စာခေါက်ကလေးကို ကမန်းကတန်းဖွင့်ဖတ်လိုက်၏။ ဦးရွှေရိုး၊ ဒေါ်အုန်းခင်နှင့် စိန်လှ တို့မှာမစန်းရီ၏ မျက်နှာကိုဝိုင်းကြည့်နေကြသည်။ အဖိုးနှင့်အဘွား ကြီးတို့ကား သိချင်၍ ကြည့်ခြင်းဖြစ်လျက် စိန်လှကား ငြိချင်၍ ကြည့်ခြင်းသာဖြစ်သည်။

မစန်းရီ၏မျက်နှာ မှုန်ကုပ်ကုပ်ဖြစ်သွားပြန်လေ၏။

“ဘယ့်နှယ်တွေလဲ တရုတ်စာတွေလား”

ဤတွင် စိန်လှမှာ ပြူးပြူးပျာပျာဖြစ်သွားပြီး

“ဟာ အဲဒါမြေပုံ၊ ဒီအိမ်ကို ဘယ်လိုလာရတယ်ဆိုတဲ့ မြေပုံ၊ စာကဒီမှာ”

ဟု အိတ်ထဲတွင် စောစောကမှားကျန်ရစ်ခဲ့သော စာရွက်ကို ထုတ်ပေးရပြန်လေ၏။
မစန်းရီသည် စာကိုအော်မဖတ်သေးဘဲ သူသိရုံလျှောက် ကြည့်နေ၏။ ဤအချိန်ဝယ် ဦးရွှေရိုးကြီးသည် စိန်လှကိုစိုက်ကြည့် နေရာမှ တဖြည်းဖြည်း ပိုမိုစိတ်ဝင်စားလာရာ ဒေါ်အုန်းခင်က မစန်းရီ ဖတ်ပြနေသည်ကို နားထောင်နေသော်လည်း အဖိုးကြီး မှာ ဘာမျှမကြားတော့ဘဲ စိန်လှကို မေးခွန်းထုတ်လိုက်လေသည်။

“အလို... မင်းကြည့်ရတာ အထက်က အစောင့်အရှောက်တွေ ရှိတယ်ထင်တယ်၊ မင်းတို့အိမ်မှာ အမှန်ပဲ ပုဂ္ဂိုလ်ကြီးတွေ ရှိရမယ်”

“ဟာ ရှိပြီလားခင်ဗျာ၊ လုံးပတ်ကို ပုဆိုးတစ်ပတ်လောက်ရှိ တယ်”

“ဟဲ့...ငါက ပုဂ္ဂိုလ်ကြီးတွေပြောတယ်။ မင်းက ကုက္ကိုကြီး ပြောနေတာကိုး၊ ဖွတ်... ဒီကောင်က နားကလည်း ခပ်ထိုင်းထိုင်း ထင်ပါရဲ့၊ ဒီကောင်ကို မြောက်ဘက်က တဝဂူမှာ (၃) အုပ်လောက် တော့ စုတ်ပစ်လိုက်ချင်သေးတယ်”

“ဒါတော့ တောင်းပန်ပါရစေခင်ဗျာ၊ နေမကောင်းသေးလို့ပါ”

ထိုခဏ၌ အဖွားကြီးသည် ရုတ်တရက် “ဟီး ဟီး” နှင့် ငိုချလိုက်လေရာ အဖိုးကြီးမှာ စိန်လှထံမှ အာရုံကို အဖွားကြီးထံ ရွှေ့ လိုက်လေသည်။

“ဟဲ့... ဘယ့်နှယ်ဖြစ်တာတုန်း၊ အနှောင့်အယှက်နဲ့တူတယ်”

အဖွားကြီးသည် နှပ်ကို ပျစ်ကနဲညှစ်ပစ်လိုက်ပြီး

“ကိုရွှေရိုး ရှင်ဘာသိသလဲ၊ ဟိုမှာ ကျုပ်သမီးကြီး အသဲ အသန်ဖြစ်နေပြီးတော့ ဂျီးထူမနေနဲ့ ကျုပ်သွားမှာပဲ”

အဖိုးကြီးသည် မျက်မှောင်ကို ကြုတ်လိုက်လေ၏။

“ငါက သူတော်ကောင်းဖြစ်နေပြီမို့ စိတ်တော့ မဆိုးတော့ ပါဘူး၊ ဒါပေမယ့် ထွက်ပြီးတဲ့ ဆင်စွယ်ဝင်တယ်လို့မရှိလို့ ငါတော့မလိုက်ဘူး။ ဒီကောင်မလေးကို မျက်နှာချင်း မဆိုင်တော့ဘူး။
မင်းတို့သွားတာကိုတော့ ငါမကန့်ကွက်ပါဘူး”

ဒေါ်အုန်းခင်မှာ ဦးရွှေရိုး၏စကားကို ဆုံးအောင်မနားထောင် တော့ပါ။ မစန်းရီကိုခေါ်၍ စိန်လှဘက်တဖန်လှည့်လိုက်ကာ...

“မောင်ရင် ခဏစောင့်ဦးနော်... ဒေါ်ဒေါ်နဲ့ သမီး လိုက်ခဲ့မယ်။ အိမ်မသိလို့ မောင်ရင် ခဏစောင့်နော်”

ဟုပြောကာ ထွက်သွားလေ၏။ ဦးရွှေရိုးမှာ စိန်လှကိုစိုက်ကြည့်ပြန်ရာ စိန်လှမှာ မနေတတ် မထိုင်တတ်ဖြစ်၍ မျက်နှာကိုလွှဲလိုက်သည်တွင် မနီးမဝေးအိမ်ဘေး မှ လက်သီးဆုပ်ပြနေသော ရန်လုံကိုမြင်လိုက်သဖြင့် ထွက်ပြေး ချင်စိတ် ပေါ်လာလေ၏။

“ဟေ့ကောင် မင်းတစ်ခုခုကို မြင်နေပြီမဟုတ်လား။ အဲဒါ နိမိတ်ဘဲ၊ ငါ့ကိုပြောစမ်း၊ မင်းဘာကိုမြင်သလဲ”

“လက်သီးဆုပ်ပြနေတာကို မြင်တယ်”

“အဲ... အဲဒါ လက်ဆုပ်လက်ကိုင်ကို ပြတာပေါ့ကွာ မှန်ပါ ပြီ၊ မင်းမှာ ပုဂ္ဂိုလ်ကြီးတွေ စောင့်ပါတယ်။ ဓါတ်သာမှန်ရင် မင်းနဲ့ငါနဲ့ တစ်နေ့နေ့တွေ့ရဦးမှာပေါ့”

စိန်လှမှာ ရန်လုံကို
ကြောက်နေသဖြင့် အဖိုးကြီးပြောတာကို အကုန်မကြားဘဲ နား စွန်နားဖျားသာ ကြားလိုက်ရလေသည်။

“ဟုတ်ကဲ့... ဓါတ်ကတော့မှန်ပါတယ်၊ ခင်ပျော့ပျော့ပါပဲ”

“ထွတ်... ဒီကောင် ဘာတွေပြောပြန်ပြီလဲ... ငါက ပြောတာ မင်းမှာရှိတဲ့ ဆရာ့ဆရာများ ဓါတ်သာ မှန်ရင် မင်းနဲ့ငါနဲ့ တွေ့ဦးမှာပဲ။ ငါတစ်ခုတော့ မှာလိုက်မယ်။ နောက်တစ်ခါ မင်းနဲ့ငါနဲ့တွေ့ရင် လောကီပညာအခြေခံရှိမှ လာတွေ့ရမယ်။ ဒါနဲ့မှ မဟုတ်ရင် ငါစကားမပြောဘူး၊ နောက်ပြီး တော့..."

အဖိုးကြီးစကားမဆုံးတော့ပေ။ အဖွားကြီးနဲ့မစန်းရီ အဝတ် အစားလဲထွက်လာသဖြင့် စိန်လှလည်း ရန်လုံကိုစိတ်အေးပြီဖြစ် သဖြင့် ချက်ချင်းထွက်လာခဲ့လေတော့သည်။

စိန်လှသည် မစန်းရီတို့ကို ဘစိုးတို့အိမ်သို့ပြပေးခဲ့ပြီး သူကိုယ် တိုင်ကမူ အိမ်ထဲသို့မဝင်ဘဲ ပြန်လစ်လာခဲ့လေတော့သည်။

🍶 🍶 🍶

အရက်ထက်မူးသည်။

ဘိန်းထက် စွဲသည်။

ထိုညကျမှ စိန်လှသည် မစန်းရီလှကြောင်း ဝန်ခံမိတော့ သည်။ အိပ်ယာထဲတွင် မျက်စိကြောင်နေတော့၏။ ဘယ်ဘက် လှည့်လည်း မစန်းရီမျက်ခွက်၊ ညာဘက်လှည့်လည်း မစန်းရီမျက် ခွက်၊ မျက်စိကို ဖွင့်ထားထား၊ ပိတ်ထားထား၊ ပြုံးသလိုလိုနှင့် ခပ်တည်တည်ဖြစ်နေသော မစန်းရီ၏ မျက်နှာမှာ မုန့်တီဟင်းထဲ
မှ ငှက်ပျောဖတ်လို အကွင်းလိုက်၊ အကွင်းလိုက် ပေါ်နေတော့သည်။

စိတ်မှသက်သာရာ ရပါစေတော့ဟု မီးကိုဖွင့်လိုက်ကာ ဟိုဟို သည်သည်လျှောက်ကြည့်လိုက်လေ၏။ ဤတွင် ပိုဆိုးလာလေတော့သည်။

ကြွက်လျှောက်ပေါ်မှ ဟောလစ်ပုလင်းအလွတ်မှာ မစန်းရီ ခေါင်းကလေးနှင့် ဖြစ်နေ၏။ စားပွဲပေါ်မှ ဆေးလိပ်ခွက်ထဲတွင် မစန်းရီ၏မျက်နှာကြီးကျနေ၏။

စားပွဲစွန်းက မဂ္ဂဇင်းမျက်နှာဖုံးမှာ မစန်းရီမျက်နှာတစ်ခုနှင့် ပြည့်နေပေသည်။ ကုန်ကုန်ရေးရလျှင် သူကလမ်းလျှောက်သည် ပင် ခြေဖမိုးအစား မစန်းရီ၏ မျက်နှာနှစ်ခုဖြင့် လျှောက်နေ သည်။

မျက်စိကို တစ်ဖက်တလှည့်စီ ပိတ်ကြည့်ပြန်ရာ မစန်းရီ၏ မျက်နှာမှာ ဟိုရွေ့ သည်ရွေ့နှင့်ဖြစ်နေပြန်၏။

နောက်ဆုံးတွင် သူ့ခေါင်းကို လက်နှစ်ဖက်နှင့် “ဗျစ် ဗျစ်” မြည်အောင် စုံကုတ်လိုက်ပြီး ...

“ဟင်... ငါကြိုက်လိုက်တာနော်”

ဟု မြည်တမ်းမိရှာလေ သည်။

သို့သော်...မစန်းရီမသိရှာ။ အလို... မဟုတ်သေးပါ။ မစန်းရီလုံးဝ မသိသည်မဟုတ်ပါ။ သူလည်း သူ့အစ်မအတွက် စိတ်အေးရပြီဖြစ်သဖြင့် ထို့ညတွင် သူစိမ်းယောက်ျား ဝင်းတံခါးမှ လူရှား လူပါးအကြောင်းကို တွေးနေမိပေသည်။ စိန်လှသာ သူ့အကြောင်းကို မစန်းရီ တွေးနေမှန်းသိလျှင် တစ်ညလုံး အိပ်မည်မဟုတ်ပါ။ သို့သော် မသိသဖြင့် ဆယ်နှစ်နာရီလောက်၌ အိပ်ပျော်သွားလေတော့သည်။

နောက်တစ်နေ့ အိပ်ရာထနောက်ကျသဖြင့် ရုံးခွင့်ယူလိုက်ရ လေသည်။ သူ့အိမ်ကို အကြောင်းပြချက်က “အိပ်ရာထ နောက် ကျ၍'' ဟု ဖြစ်သော်လည်း အတွင်းစိတ်၏ အကြောင်းပြချက်မှာမူ “ဘစိုးထံပြေးသွားချင်၍” ဟု ဖြစ်ပေ၏။

မှန်ပါသည်။ ပြေးလည်းပြေးသွားပါ၏၊ မမှန်ပါ။ ဘစိုးထံ ပြေးသွားခြင်းမဟုတ်ပါ။ အဘယ့်ကြောင့်ဆိုသော် ထိုနေ့ ထိုအချိန် မျိုးဝယ် ဘစိုးရုံးတက်နေပါလိမ့်မည်။ စင်စစ် သူပြေးသွားခြင်းကား မစန်းကြည်ထံသို့သာ ဖြစ်ပါပေ၏။ မစန်းရီမှာ သူ့ညီမ ဖြစ်သော
ကြောင့် မစန်းကြည်သည် ဘစိုးထက် ဤနေရာ၌ခရီးရောက်သည်ကို စိန်လှကောင်းစွာ သဘောပေါက်လေသည်။

လင်မရှိခိုက် မယားဆီ သွားရခြင်းဖြစ်သော်လည်း သူတို့ အိမ်ဝယ် အဖော်အလှော်ခေါ်ထားသော မိန်းခလေးအဖော် တစ်ယောက်ရှိနေသေး၍ မြသွင်တင်ပြခြင်းမှ လွတ်နိုင်သည်ဟု လည်း တွေးမိသေး၏။ အမှန်မှာ သူ့ရင်တွင်းဝယ် မျိုသိပ်ထားခဲ့ရသော အချစ်ကိုသူတစ်ဦးအား ဖွင့်ပြောလိုက်ခြင်းဖြင့် သက်သာရရ နိုင်သည်ဟု ထင်စားလွန်းလှသဖြင့် သူ့အကြောင်းပြချက်များဖြင့် သူထွက်လာခဲ့ခြင်း သာဖြစ်ပေ၏။

“အော်...မစန်းကြည်၊ စာဖတ်နေသလားဟင်” .

ခေါင်းမော့ကြည့်လိုက်မှ စာဖတ်နေသူမှာ မစန်းကြည်မဟုတ်ဘဲ သူ့အာရုံ၏ တားဂတ်ဖြစ်သူမစန်းရီဖြစ်နေသောကြောင့်ပင်
ဖြစ်၏။

မစန်းရီသည် ပြုံးတော့မလိုနှင့် ခပ်တည်တည်ဖြစ်သွားသော် လည်း သွက်လက်စွာပင်...

“အော်.. လာ.. လား၊ ထိုင်လေ၊ မမအင်္ကျီသွားအပ် နေတယ်၊ ထိုင်လေ”

ပြောပြောဆိုဆိုပင် နောက်သို့နည်းနည်း ယို့ပေးလိုက်လေသည်။ စိန်လှသည် ဝင်သာထိုင်လိုက်ရသည်။ အမောင် တောင်မှန်း မြောက်မှန်းမသိ ဖြစ်နေရှာလေသည်။

သို့သော် သူ့နှလုံးသည် သူ့ကိုအားပေးနေသည်။

“မင်းကို တစ်ညလုံးအိပ်ပျက်အောင် နှိပ်စက်နေတဲ့ဟာ ကလေးကို အခွင့်ရခိုက် ချမ်းသာမပေးနဲ့နော်၊ ဘစိုးတို့ဆီမှာ ခယပြီး အခွင့်တောင်းနေရတာက ကြာသေးတယ်။ ချစ်ကြောင်း သာ ပြောချလိုက်၊ ဘတ်စ်ကားပေါ်မှာ တွေ့ကြိုက်ပြီး ကားပေါ်က ဆင်းတာနဲ့လိုက်ပြေးတဲ့ ဒီခေတ်ကြီးမှာ ရည်စားစကားပြောတဲ့ အချိန်စောတယ်လို့ မရှိပါဘူး”

ဤသို့ဖြင့် သူ့နှလုံးက သူ့ကိုအားပေးစကားပြောကြားလှသည် ဖြစ်ရကား သူရဲရဲတင်းတင်ပင် ပြောချလိုက်လေတော့၏။

“မစန်းကြည် ဘယ်တော့ပြန်လာမလဲ”

ဘုရားဖြစ်ခါနီးပင် မာရ်နတ်ဖျက်သေးရကား ဤဘာမဟုတ်သော ဃရာဝါသကိစ္စဝယ် အဖျက်ရှိရပေလိမ့်မည်။ သို့ရာတွင် မစန်းရီကတော့ ဘာမျှမသိရှာပေ။ ဂေါ်လီလုံးကလေးနှင့်တူသော သူ့မျက်လုံးကလေးကို လှိမ့်လိုက်ရင်း...

“သိပ်ကြာမှာတော့မဟုတ်ပါဘူး၊ ကိစ္စရှိလို့လား”

“ဟုတ်ကဲ့ ဆိုပါတော့လေ၊ မစန်းရီကိုကျွန်တော် သိပ်ချစ်တယ် ဗျာ၊ ဟောဗျ”

သူ့ကိုယ်သူပင် အံ့အားသင့်သွားပါသည်။ ဤမျှပင် အတင့်ရဲ လှသော သူ့နှုတ်ခမ်းကို တတ်နိုင်လျှင် ဖနောင့်နှင့်အသက်အောင့် ပေါက်လိုက်ချင်ပေတော့၏။
မစန်းရီမှာလည်း မမျှော်လင့်ဘဲနှင့် အရှိုက်ကိုဒူးနှင့်အတိုက်ခံ လိုက်ရသော မြန်မာလက်ဝှေ့သမားကဲ့သို့ ပါးစပ်ကလေးဟသွား ပြီး ခေါင်းကိုငုံ့လိုက်မိတော့သည်။

စိန်လှမှာ ကြောက်လည်းကြောက်၊ အားလည်းနာဖြစ်သွား တော့၏။

“ဒီမှာ မစန်းရီ၊ စိတ်မဆိုးပါနဲ့နော်၊ ပါးစပ်က လွှတ်ကနဲ ထွက်သွားလို့ပါ၊ စေတနာမပါပါဘူး”

မစန်းရီ ဇတ်ကနဲမော့ကြည့်လိုက်မှ သူ့စကားမှားသွားမှန်း စိန်လှ သိပြန်ပါပြီ။

“ဟာ... မဟုတ်ဘူးဗျို့၊ ဘွာ ဘွာ၊ စိတ်မဆိုးပါနဲ့ဗျာ၊ စိတ်ထဲက ကြိုက်လွန်းလို့ မျိုသိပ်မရလွန်းလို့ ထွက်သွားတာပါ။
မစန်းရီကို စော်ကားတာမဟုတ်ပါဘူး။ ဘုရားကို စူးချင်တိုင်း စူးပါစေရဲ့”

“နို့... မယားနဲ့ဆို”

“ဘယ်က နို့ကုလားလဲ”

“မဟုတ်ပါဘူး၊ မယားနဲ့ဆို”

“အော်၊ ဟိုနေ့က ပြောတာလား။ အဲဒါ အလကားပြောတာ''

“ကလေး ဆယ့်ငါးယောက်ရှိတယ်ဆို”

“အို ဒါလား၊ အလကားဟာတွေပါ။ ခင်ဗျားပဲ စဉ်းစားကြည့်စမ်းပါ။ ကျွန်တော့်အသက်အရွယ်နဲ့ ကလေးဆယ့်ငါးယောက်ရှိရ ရင် အကြီးဆုံးက ကျွန်တော့်အဖေလောက် ရှိမှာပေါ့”

မစန်းရီမှာ ပြုံးတော့မလိုလိုနှင့် ခပ်တည်တည်ဖြစ်သွားလေ၏။

“မစန်းရီမျက်နှာက ဘယ်နှယ့်ဖြစ်သွားတာလဲ၊ အူအတတ် ပေါက်တဲ့ ရောဂါရှိသလား”

“မရှိပါဘူး။ ဘာဖြစ်လို့လဲ”

“ရီလိုက်ရင် ဗိုက်ထဲမှာ အောင်မှာစိုးလို့ ပြန်ပြန်ထိန်းထား သလားလို့ပါ”

မစန်းရီသည် တဖန်ပြုံးတော့မလိုလိုနှင့် ခပ်တည်တည် ဖြစ်သွားပြီး...

"ဟာ... မမပြန်လာပြီ”

ဟု ပြောလိုက်သဖြင့် စိန်လှမှာ ဒိတ်ကနဲခေါင်းကြီး ကြီးသွားပြီး လှည့်ကြည့်လိုက်ရာ ခပ်ဝေးဝေးမှပြန်လာနေသော မစန်း ကြည်ကို တွေ့ရလေ၏။

“ဒါဖြင့် မြန်မြန်လုပ်စမ်းပါဗျာ၊ ဖြေစမ်းပါဗျာ၊ ကျွန်တော့်ကို မုန်းသလား၊ မကြိုက်ဘူးလားလို့ အဲ အို မစန်းရီ နားလည် ပါတယ်၊ ပြောစမ်းပါ”

မစန်းရီမှာ စိန်လှလောက် မလောပါ။ ခပ်လေးလေးပင် ပြောနေရာမှ -

“အိမ် လိပ်စာကလေး ပြောခဲ့စမ်းပါ။ စာထည့်ချင်ရင် ထည့်ရတာပေါ့”

ဟု ပြောလိုက်လေ၏။

စိန်လှမှာ သူလိုချင်ရာကိုမရသော်လည်း မစန်းကြည်ပြန်လာ ပြီဖြစ်သဖြင့် ချစ်စကားဆက်ပြော၍ ချစ်ခန်းချည်း ရိုက်မနေနိုင်တော့ရကား မျှော်လင့်ချက်ကလေးနဲ့ ရှိပါစေတော့ဟု စိတ်ကူး ဖြင့် အိမ်လိပ်စာကို ပြောပြလိုက်လေတော့သည်။

🔅 🔅 🔅

တစ်ပတ်ကြာသော်လည်း စိန်လှနှင့်တကွ စာရှုသူမိတ်ဆွေ တို့ မျှော်လင့်ကြသည့်အတိုင်း စာမရောက်လာပါ။ သို့သော် စိန်လှက ဘစိုး၏ ကျေးဇူးဆပ်ပါမည်ဟူသောကတိနှင့် ကိုင်ကိုင် ပေါက်လေတော့ရာ ဘစိုးနှင့် မစန်းကြည် တို့မှာ မနေနိုင်ရတော့ကား...

ကိုစိန်လှ

ရီ စာမရေးတာ စဉ်းစားနေလို့ပါ။ စဉ်းစားတာက ကိုစိန်လှကို ကြိုက်ဖို့မကြိုက်ဖို့ မဟုတ်ဘူး။ ရီမိဘက သဘောတူမတူကို စဉ်းစားတာပဲ။ မေမေက အရေးမကြီးပါဘူး၊ ဖေဖေ့အတွက် ခက်နေတယ်။

ကိုစိန်လှလာပြီး ဖေဖေ့ဆီမှာ တောင်းရမ်းယူပါ။ တခြားလူတွေ ခေါ်မလာနဲ့။ တော်တော်ကြာ ဖေဖေနဲ့မတည့်ဘဲ နေလိမ့် မယ်။ ကိုစိန်လှကိုတော့ ပထမနေ့ကတည်းက ဖေဖေကျေနပ် ပုံရတယ်။ လာပြောကြည့်ပါ။

အဲ ဖေဖေတို့က သဘောမတူဘူးဆိုတော့မှ ရီတို့ဟာ ကိုယ့် . ဘဝကိုယ်ဖန်တီးကြတာပေါ့။

စွန့်စားစွာဖြင့်...
မစန်းရီ

“ချစ်”ဟူသောစကားတစ်လုံးမျှ မပါသော ပြန်စာပင်ဖြစ် သည်။ ဤကိစ္စကား ဘစိုးတို့မတတ်နိုင်တော့ပေ။ စိန်လှသည် သူ့လူစွမ်းလူစကို ယုံကြည်ရတော့မည်။ ဤသို့တွေးမိလိုက်တိုင်း ဦးရွှေရိုးကြီး၏ ရယ်စရာမျက်ခွက်ကိုလည်းကောင်း...

“ဓါတ်သာမှန်ရင် မင်းနဲ့ငါ တွေ့အုံးမှာပဲ၊ ငါတစ်ခုမှာတော့ မှာလိုက်မယ်။ နောက်တစ်ခါ မင်းနဲ့ငါနဲ့ လာတွေ့ရင် လောကီ ပညာအခြေခံရှိမှ လာတွေ့ရမယ်။ ဒါပဲ။ နို့မဟုတ်ရင် ငါစကား
မပြောဘူး”

ဟူသော စကားများကိုလည်းကောင်း၊ မြင်ယောင်ကြား ယောင် မိလာတော့၏။ ထိုကြားထဲက ဗြဲကနဲ ဗြဲကနဲ ခြောက်လိုက် သော ရန်လုံ၏ မျက်ခွက်စုတ်ကလည်း ပါပေသေးသည်။

သို့သော် သူ့အဖိုးကြီးကို သွားတွေ့ရန် ဆုံးဖြတ်လိုက်၏။ ထို့ကြောင့်ပင် စိန်လှသည် လောကီပညာကျမ်းများကို ဖတ်ရှုနေရ သည် မဟုတ်တုံလော။

📚 📚 📚

နေကောင်းရက်သာရွေး၍ ဦးရွှေရိုးထံ ထွက်လာခဲ့ရာ သူကြည့် ခဲ့သော ပြက္ခဒိန်ကဘဲ ခိုးချတာမှား၍လားမသိ။ နေ့မကောင်း ရက်မသာ ဖြစ်နေမှန်း စိန်လှသည် ဝင်းဝတွင် ရန်လုံကိုတွေ့မှ ရိပ်မိတော့၏။

သို့သော် ရန်လုံကား ရန်သာလုံ၍ မှတ်ဉာဏ်ကောင်းသူ မဟုတ်သဖြင့် စိန်လှကို လုံးဝမှတ်မိခြင်းမရှိရာ မျက်မှောင်ကြုတ် ၍ စူးစိုက်ကြည့်ပြီး -

“ဟေ့ ဘာကိစ္စလဲ"

စိန်လှမှာ သေးဖျန်းဖျန်းပါလုမတတ် ဖြစ်သွားသော်လည်း လက်မဝှက်၍ လက်သီးကလေးဆုပ်ကိုင်လိုက်ကာ ရန်လုံ၏မျက်နှာ ကို စိုက်ကြည့်လျက် “ဥုံ -
သသဟဟ” ဟု ခုနစ်ခေါက်ရွတ်လိုက်လေ၏။ သို့သော် ငါးခေါက်မပြည့်မီပင် ရန်လုံမှာ လက်ကြီး နှစ်ဖက်ဆန့်တန်း၍ ကြည့်နေ၏။

“ဟဲ့ ရန်လုံ ငါ ကြည့်နေတယ်”

မှန်ပါသည်။ ဦးရွှေရိုးသည် ပန်းရုံနောက်ကွယ်မှ ကြည့်နေ၏။ ရန်လုံမှာ ဒုတိယအကြိမ်တွင်လည်း ကုပ်သွားရ ရှာပြန်ပါသည်။ ဦးရွှေရိုးသည် စိန်လှနားကပ်ကာ...

“မင်းက အဟန့်ဂါထာရွတ်နေတယ်မဟုတ်လား၊ ဒါထက် ငါမပြောဘူးလား၊ မင်းနဲ့ငါနဲ့ တွေ့ရအုံးမယ်လို့၊ ကဲ... အခုတွေ့ရ ပြီ။ မင်းလောကီပညာ တော်တော်ခေါက်မိပြီထင်တယ်”

“ဦး သမီးကို ကျွန်တော်လက်ထပ်ပါရစေ”

စိန်လှကား သူ့ဝါသနာအလျောက် သူပြောလိုရာကို အလော သုံးဆယ် ပြောချလိုက်လေရာ အဘိုးကြီးမှာ ပါးစပ်ဟသွားရှာ လေတော့သည်။

“ဟာ... ဒီကောင် အဖျက်ဓါတ်တွေ ဝင်နေပြီထင်တယ်။ မင်းမွေးတုန်းက ခရိုင်းအချိန်များ မိနေရော့သလား"

“အောင်မယ် ကျွန်တော့်အမေဟာ ကျွန်တော်မွေးတုန်းက ဇော်အသေချာမံပြီး မီးလျှံနှင့်မွေးတာဗျ”

စိန်လှမှာ သူဖတ်မိသမျှတွေ ကြားညှပ်ပြောလိုက်ရာ အဖိုး ကြီးမှာ သူ့မုတ်ဆိတ်မွှေးကို ယောင်ပြီးပင် ဇာတ်ကနဲဆွဲလိုက်မိ ပြီးမှ “အလယ်လယ် နာလိုက်တာ”ဟု သူ့ဟာသူ အော်လိုက် လေ၏။
“ကဲ... အိမ်ပေါ်တက်အုံးကွာ၊ ဝင်းဝကို မဟာဂီရိ မပိုင်ဘူးကွ”

ဤသို့ဖြင့် ဧည့်ခန်းတွင် ထိုင်မိကြတော့သည်။

“ဟောဒီမှာ... မအုန်းခင်ရေ... မင်း...သမီးကို လာတောင်းနေတယ်”

ဦးရွှေရိုးကား ရက်ရက်စက်စက်ပင် ပြောချလိုက်သော်လည်း ဒေါ်အုန်းခင်ကား သမီးနှစ်ယောက်စလုံး၏ စကားများနားဝင်နေပြီ ဖြစ်သောကြောင့် ခပ်အေးအေးပင် “လာခဲ့မယ်လေ” ဟု လှမ်း ပြောလိုက်ပြီး မီးဖိုထဲတွင် စီမံခန့်ခွဲမြဲ ခန့်ခွဲနေ၏။

“မင်းက ငါ့သမီးကို လိုချင်တော့ ငါကလက်ဖွဲ့ရမယ်ဆိုပါ တော့။ ဒီတော့ ပညာလည်းစမ်းရာရောက်အောင် လက်ဖွဲ့မယ် ကွာ။ လေးကျွန်းမြေ တမူးသား”

စိန်လှ ဖတ်ဖူးပါပြီ။ သူ့လျှာမလေးတော့ပါ။

“ရွာလယ်မြေ တမူးထပ်ထည့်”

“သင်းချိုင်းမြေ တမူးကွာ...”

“သိမ်လယ်မြေ တမူးလည်း ပါမှပေါ့”

“ဘုရားရင်ပြင်မြေကလည်း တမူးကွာ”

“ဒီလိုဆို တန်ခိုးကြီးဘုရား အင်္ဂတေလည်း တမူးပေါ့”

“ဒါဖြင့် ငါက ထပ်ထည့်မယ်၊ ဇွဲကြိုးချတဲ့ ကြိုးက တမူးကွာ”

“ဆေးဒန်း၊ ကန့်၊ ကြက်ဆူရိုးနီ တမူးသားစီပါ ပါရမှာပေါ့”

“ဒါဖြင့်ကွာ တောင်ထိပ်ခေါင်းတလုံး၊ မြွေရေလည်း တမူး ကြွက်စုတ်ကောင်လုံးကွာ”

“ဒီတော့လည်း ဘုရားတင်ပန်းတမူး၊ နတ်တင်ပန်းတမူး အိမ်ရှေ့နတ်အိုး တမူးပေါ့”

“ကိုင်း... ဒါတွေ ငါလက်ဖွဲ့ရင် မင်းဘာလုပ်မလဲ”

“အောက်လမ်းဆေး ကောင်းကောင်းဖော်ပြီး၊ တစေၧ တိုက် နတ်တိုက်၊ စုန်းတိုက် လျှောက်ကုမှာပေါ့”

“တယ်တော်တဲ့ ကောင်ကွာ၊ မင့်ကို ငါသိဒ္ဓိတင်လိုက်ချင်ပြီ”

“ဟာ... သိဒ္ဓိမတင်ခင် တန်ချေပြီး အဝင်နက္ခတ်ရွေးပြီး မှ သိဒ္ဓိတင်ပါ”

အဖိုးကြီး နှစ်ခြိုက်သွားရပြန်လေ၏။ ရှေ့ကစားပွဲကို လက်ဖြင့် ပြင်းပြင်းပုတ်လိုက်ပြီးလျှင် -

“တယ်ဟုတ်... သဗ္ဗရာဇာ၊ ကြင်နာသနား၊ ရှစ်ပါးသိသာ ရပ်မျက်နှာမှ၊ မေတ္တာကဲမိုး၊ လာဘ်မျိုးပဏ္ဏာ၊ မိုးသို့ရွာအောင် မင့်ကို ငါစတုတၳအဋ္ဌမုတ်အင်းထဲ ထည့်ချချင်တယ်”

“ဒါထက် ကျွန်တော်က အဋ္ဌမုတ်လေးထောင့်ကန် ချချင် တယ်၊ ဒါမှ ဇာတာချင်းထပ်ပြီး အိမ်ထောင်သက်ရှည်မှာ”

အဖိုးကြီး၏ ကျေနပ်ခြင်းကား အတိုင်းမသိတော့ပြီ။

“မင်း ဒီအတိုင်းသာဆိုရင် မကြာခင် လောကီပညာကို ဒိုးလိုမွှေ၊ ရေလိုနှောက်ပြီး သိဒ္ဓိများတောင် ပေါက်ရောက်နိုင် လိမ့်မယ်ထင်တယ်”

“ဟုတ်ကဲ့ မဖြစ်နိုင်စရာမဟုတ်ဘူးလို့ မယူဆနိုင်စရာ အကြောင်းမရှိဘူး မထင်နဲ့လို့ မဆိုနိုင်သေးဘူးပေါ့”

“ဘာကွ”

“အော်... မဖြစ်နိုင်စရာ မဟုတ်ဘူးလို့ မယူဆနိုင်စရာ အကြောင်းမရှိဘူးမထင်နဲ့လို့ မဆိုနိုင်သေးဘူးပေါ့ခင်ဗျား”

“အဲဒါ... ဘာပြောတာလဲကွ”

"ဖြစ်နိုင်ပါလိမ့်မယ်လို့ ပြောတာပါပဲ”

အဖိုးကြီးမှာ လက်ဝါးနှစ်ဖက်ကို အားရပါးရပွတ်လိုက်ရင်း ..

“ဟာ... မင်းက ငါ့ထက်ပိုပြီး မတစ်လုံးကြေပေတာကိုး ကွ။ ငါသိပ်သဘောကျတယ်၊ ဒီတော့ မပေးစားဘဲ မနေဘူးလို့ မဆိုနိုင်တောင် မင်းမရဘဲ မနေရစေ့ပါဘူး”

စိန်လှမှာ သက်လုံကောင်းစွာနှင့်ပင် ဦးနှောက်ကို ထိန်းသိမ်း လိုက်ရတော့သည်။

ပြီး

ဆရာကြပ်ကလေး၊ မတစ်လုံးကြေနှင့် ဟာသဝတၳုတိုများ ပီဒီအက်ဖ်၊
စာမျက်နှာ ၁၃၅ - ၁၆၄။

စာရိုက် - စလေ ငနော့

သည်မှာတင်ပဲ ဆရာကြီးကြပ်ကလေးရဲ့ မတစ်လုံးကြေနှင့် ဟာသဝတၳုတိုများ စာအုပ်တအုပ်လုံး အစအဆုံးကို စာရိုက်ကူးယူ တင်ဆက်လို့ ပြီးပါပြီ။