••••••••••••••••••••••••
မောင်သာချို
(တစ်)
သမီးရေ...။
နွေ မဝင်တစ်ရက် ဝင်တစ်ရက် ရက်တွေထဲက
သိပ်မကြာမတင်လှသေးတဲ့ ရက်တစ်ရက်မှာတော့ ဖေဖေတစ်ယောက် တောရွာကလေးတစ်ရွာကို ရောက်သွားခဲ့သေးတယ်။ အဲဒီရွာကလေးက တိုးမြစ်ကမ်းပါးမှာ မေးတင်ထားတဲ့ ရွာကလေး၊ ဖေဖေ့ရဲ့ ငယ်ဘဝ ပုခက်ကြိုးတွေကို ဆွဲချိတ်ထားခဲ့ဖူးရာ ရွာကလေး၊ ဖေဖေတို့ ဘိုးစဉ်ဘောင်ဆက် ဇာတိချက်မြှုပ်ခဲ့ကြရာ ရွာကလေးလေ။
မြို့တော်ကနေ ရန်ကုန်မြစ်ကို ဖြတ်ကာ တစ်ဖက်ကမ်းကို ကူး၊ အဲသည်ကနေ ကား နှစ်နာရီလောက် စီးလိုက်တဲ့အခါ တောမြို့ကလေးတစ်မြို့ကို ရောက်ပါတယ်။ အဲသည့်မြို့ကလေးကနေ တစ်မိုင်ကျော်ကျော်လောက် ဝေးတဲ့ အရပ်မှာတော့ ဖေဖေသွားမယ့် ရွာကလေး။
တာလမ်းမကြီးအတိုင်း ဆိုက်ကားပဲ စီးသွားသွား၊ ချောင်းရိုးလေးကနေ သမ္ဗန်ပဲ စီးသွားသွား ဖေဖေတို့ရဲ့ ရွာကလေးကို ရောက်နိုင်ပေမဲ့ ဖေဖေကတော့ သမ္ဗန်နဲ့ သွားဖို့ ဆုံးဖြတ်လိုက်တယ် သမီးရယ်။ လမုတွေ၊ လတာတွေ၊ ခရာဆူးချုံတွေ၊ ဗုံလုံသီးတွေနဲ့ မြစ်ဝကျွန်းပေါ်နံ့ နည်းနည်းသင်းမယ်လို့ ထင်တဲ့အတွက် ချောင်းရိုးကလေးအတိုင်း
သွားဖို့ ဖေဖေက ရွေးချယ်လိုက်ခဲ့တာပါပဲ။
(နှစ်)
မြို့ကလေးရဲ့ ဆိပ်ကမ်းကနေ ဖေဖေတို့ သမ္ဗန်ခွာခဲ့တော့ နေတောင်မှ မွန်းတည့်သွားခဲ့ပါပြီ။ တပေါင်းနေမို့ပဲ ထင်ပါရဲ့ သမီးရယ်။ နေက ချစ်ချစ်တောက်အောင်ကို ပူနေတော့တာပါပဲ။ သမ္ဗန်ပေါ်မှာကတော့ ဖေဖေရယ်၊ တခြားခရီးသွား လေးငါးယောက်ရယ် ပေါင်းမိုးမပါ ဘာမပါနဲ့။
ရက်က ရေ ထ ရက် ထင်တယ် သမီးရဲ့၊၊ အချိန်ကလည်း ဓရတက်ချိန်ကြီး၊ တိုးမြစ်ကတစ်ဆင့် ထိုးဝင်လာတဲ့ရေဟာ ချောင်းရိုးတစ်လျှောက် စီးဝင်လာလိုက်တာ တကယ့်ကို ဝါးလုံးထိုးပါပဲ။ နွံရောင်အထပ်ထပ်နဲ့ ရေဆန် လေဆန်ထဲမှာ ဖေဖေတို့ သမ္ဗန်ကလေးဟာ ရွေ့တယ်လို့
ဆိုရုံကလေး။
သမ္ဗန်ဆရာကြီးဟာ အသက်ကြီးလွန်းလှပါပြီ။ ဖေဖေ့စိတ်ထင် ၆၀ နီးနီးများ ရှိလေမလာပဲ။ လမ်းဘေးကနေ အသင့် ကောက်ဝယ်တပ်ထားပုံရတဲ့ ကျွဲကော်ကိုင်း
မျက်မှန် အထူကြီးနဲ့၊ ဝါးခမောက်ကြီးနဲ့။ သမ္ဗန်ပဲ့ဖျားကို ခြေစုံကန်ကာ သူ့ခန္ဓာကိုယ်ကြီး တစ်ခုလုံးကို ခတ်တက် နှစ်ချောင်းပေါ် အားကုန်လွှဲချပြီး ဖိဖိခတ်လိုက်တဲ့ အခါတိုင်း
အကြောတွေက အပြိုင်းပြိုင်းထလို့။ အနှစ်နှစ် အလလ မိုးထဲ လေထဲ လုပ်စားခဲ့ရှာလို့ ထင်ပါရဲ့၊ အသားကလည်း
တကယ့်ကိုမှ အာဖရိက။ နေရောင်အောက်မှာ ချွေးတွေနဲ့ ရွှဲနစ်နေပြီး ဆားပွင့်တော့မတတ် ပြောင်လက်နေတဲ့ သူ့ကို ဖေဖေ အသာကလေး ခိုးကြည့်မိရင်းက အငြိမ့်သား ထိုင်လိုက်နေရတာကို မလုံမလဲ ဖြစ်လိုက်တာ သမီးရယ်။ ရွာကို မြန်မြန်ရောက်ပါတော့လို့ပဲ
တစ်လမ်းလုံး အောက်မေ့မိခဲ့ပါရဲ့။
(သုံး)
သမီးရေ...။
ဒီတစ်သက် ရွာကို ရောက်မှ ရောက်ပါဦးတော့မလားလို့ ထင်ရလောက်တဲ့အထိ တကယ့်ကို ရွေ့တယ်ဆိုရုံမျှ ရွေ့ရုံကလေး သွားနေခဲ့တဲ့ သမ္ဗန်ကလေးဟာ နောက်ဆုံးတော့လည်း ရွာကို ရောက်သွားတာပါပဲ။ ဖေဖေက ဟိုး ရွာဖျားမှာ ရှိတဲ့ ဝဲကြီးပိုင်းကို သွားရမှာလေ။ လှမ်းမြင်နေရလောက်အောင် နီးနေပြီဆိုပေမဲ့ သည်ရေစီးကြီးကို ဆန်ခတ်သွားဖို့ဆိုတာက နောက်ထပ် ၁၀ မိနစ်လောက်
ခတ်ရလိမ့်ဦးမယ် ထင်တယ်။ ဒါကြောင့်လည်း ဖေဖေက အနီးဆုံးဆိပ်ကမ်းမှာ သမ္ဗန်ကိုကပ်ခိုင်းပြီး ရွာလမ်းအတိုင်း တက်လျှောက်သွားရင် ကောင်းမယ်လို့ ဆုံးဖြတ်မိခဲ့တယ်။
"ဦးရေ... ကျွန်တော့်ကို ကျောင်းစုပိုင်းတံတားမှာပဲ ကပ်ပေးပါ''
ဖေဖေ ငယ်ငယ်က ဆော့ကစားခဲ့ရာ၊ သင်္ကန်း
မနိုင့်တနိုင်နဲ့ ကိုရင်ဝတ်ခဲ့ရာ အရှေ့ကျောင်းလို့ ခေါ်တဲ့ ဘုန်းတော်ကြီးကျောင်းရဲ့ ရှေ့က တံတားဆိပ်မှာ ကပ်ပေးဖို့ ဖေဖေက လက်ညှိုးညွှန်တော့ သမ္ဗန်သမားကြီးက အံ့သြသွားပုံ ရပါတယ်။ သမ္ဗန်ခကို တန်ရာတန်ကြေး ပေးစီးထားပြီး ကိုယ်သွားချင်တဲ့ ဆိပ်ကမ်းရောက်အောင် လိုက်မပို့ခိုင်းဘဲ လမ်းကနေ ဖြတ်ဆင်းဖို့လုပ်တဲ့ ဖေဖေ့ကို သူ နားလည်ရခက်သွားဟန် တူပါတယ်။
ဟုတ်တယ် သမီးရယ်။ ဝဲကြီးပိုင်းထိအောင် သွားမှာ မှန်ပေမဲ့ ကျောင်းစုပိုင်းတံတားမှာပဲ ဆင်းဖို့ ဖေဖေ ဆုံးဖြတ်ခဲ့တယ်။ ရေချိုးထားတယ်လို့ ထင်ရလောက်တဲ့အထိ ချွေးတွေနဲ့ ရွှဲနစ်နေတဲ့ သမ္ဗန်ဆရာကြီးရဲ့ ဝါးလုံးထိုး ထိုးစီးနေတဲ့ ရေစီးကို ဆန်ကာ တအိအိတက်နေသော သမ္ဗန်ပေါ်မှာ ဘာဝန်ထုပ်ဝန်ပိုးမှ မပါဘဲ ဖေဖေက မိန့်မိန့်ကြီး ထိုင်ရင်း တန်ရာတန်ကြေးနဲ့အညီ လိုရာ ဆိပ်ကမ်းကိုရောက်အောင် မလိုက်ပါလိုတော့ဘူး။ အနီးဆုံး ဆိပ်ကမ်းက တစ်ဆင့် တက်ရောက်သွားပြီး လျှောက်သွားလိုက်ရင် ခဏလေးပါ သမီးရယ်။
"ကဲဗျာ... ကျွန်တော်တို့ လည်း ဒီဆိပ်မှာပဲ ဆင်း
လိုက်ပါတော့မယ်''
တခြားခရီးသည်တွေကလည်း ဘာစိတ်ကူး ပေါက်သွားကြတယ် မသိပါဘူး။ ဖေဖေ့လိုပဲ ကျောင်းစုပိုင်း တံတားမှာပဲ ဆင်းကြတော့မလိုတဲ့။ သူတို့တွေကလည်း သူတို့လိုရာ ဆိပ်ကမ်းကို မရောက်သေးဘဲနဲ့ အဆင်သင့်ရာ ဆိပ်ကမ်းမှာပဲ တက်ပြီး လျှောက်သွားကြဖို့ ဆုံးဖြတ်ခဲ့ကြပုံတွေပါပဲ။
သမ္ဗန်ဆရာကြီးရဲ့ မချိမဆံ့ လုပ်အားကို အားနာကြဟန် တူပါရဲ့။ ဖေဖေတို့တစ်တွေလည်း ဆိပ်ကမ်းပေါ်ကို တက်ပြီးရော သမ္ဗန်ကလေးဟာ ပေါ့ပါးလို့ သွားလိုက်တာ သမီးရယ်။ အနီးဆုံး ဆိပ်ကမ်းမှာ တက်သွားကြတဲ့ ဖေဖေတို့တစ်တွေကြောင့် ကမ္ဘာမြေကြီးဟာလည်း ပိုမိုလို့ ပေါ့ပါးသွားလေမလားလို့ ဖေဖေတော့ စဉ်းစားနေမိပြန်တယ်လေ။
(လေး)
သမီးရေ၊ တကယ့်တကယ် မထောက်မညှာစတမ်း ပြောကြစို့လို့ ဆိုကြရင်ဖြင့် ဖေဖေတို့၊ သမီးတို့ မှီတင်းနေထိုင်ရာ ကမ္ဘာမြေကြီးပေါ်မှာက တချို့တွေဟာ ရင့်သီးလွန်းလှ၊ ရက်စက် ပက်စက်လွန်းလှတယ်လို့ ဖေဖေတော့
ထင်မိတယ် သမီးရယ်။ ဖေဖေတို့၊ သမီးတို့တစ်တွေဟာ
တန်ရာတန်ကြေးဆိုတဲ့ စကားရဲ့ နောက်ကွယ်ကနေ ကိုယ့်ဘက်က တစ်လှမ်းမှ ဆုတ်မပေးဘဲနဲ့ လောကကြီးဆီကနေ
ရသလောက် ညှစ်ထုတ်ယူဖို့ သရဲမရဲ စီးနေခဲ့ကြတာတွေလေ။
သမီး မှတ်မိနေလိမ့်ဦးမယ် ထင်ပါတယ်။ ဟိုတစ်ခါ ဖေဖေတို့မိသားစု ရန်ကုန်ကနေ ကောလိပ်ပေါက်စကလေး တစ်ခုရှိရာ နယ်မြို့ကလေးတစ်မြို့ကို ပြန်ကြတုန်းကလေ။ မြို့ကလေးကို ဝင်ပြီ ဆိုတာနဲ့ ကားစပယ်ယာက ထုံးစံအတိုင်း ဆင်းမယ့်နေရာတွေကို ကြိုမေးပါတယ်။
တနင်္လာပတ် ပါသေးလား။ ဗုဒ္ဓဟူးပတ် ပါသေးလား။ ကျောက်တိုင် ပါသေးလား။ ဟင်္သာဦး ပါသေးလား။ စာတိုက် ပါသေးလား။ ကားက ရပ်ပေးလိုက်၊ ဆင်းတဲ့သူတွေ
ဆင်းသွားလိုက်။
အင်း... တစ်နေရာ အရောက်မှာတော့ စိတ်ညစ်စရာ မိန်းမကြီးတစ်ယောက်ကို ဖေဖေတို့ တွေ့လိုက်ကြရတော့တာပါပဲ။ ကားက ဟင်္သာဦးရှေ့မှာ ခဏရပ်ပေးလို့ ခရီးသည် လေးငါးယောက် ဆင်းသွားကြတုန်းက အဲသည့်
မိန်းမကြီးက မဆင်းသေးဘူးလေ။ ကားက ဟင်္သာဦးရှေ့က ထွက်ပြီး ဘီးလေးငါးဆယ်ပတ်လား လှိမ့်ရသေးတယ်၊
အဲသည်ကျတော့မှ သူက…
"ရပ်ဟေ့ ရပ်ဟေ့ ဆင်းမယ်" တဲ့။
ေဩာ်... ကျန်းမာရေး မကောင်းလို့၊ ဒါမှမဟုတ်
ဝန်စည်စလယ်တွေ များလွန်းလို့ ကိုယ့်အိမ်ရှေ့ရောက်မှ တိတိကျကျ ဆင်းတာနဲ့ တူပါရဲ့လို့ ဖေဖေ ထင်လိုက်မိပေမဲ့
သူကတော့ မဟုတ်ပါဘူး သမီးရယ်။ လူကလည်း ကျန်းကျန်းမာမာ၊ ဝန်စည်စလယ် အလေးအပင် ဆိုလို့လည်း ဘာတစ်ခုမှ မပါ။
"အဒေါ်ကြီးရာ အခုန တစ်ခါတည်း ဆင်းလိုက် ရသားနဲ့''
"အိုကွယ်... မင်းတို့ ပိုက်ဆံပေးစီးတဲ့ဟာ ကိုယ် ဆင်းချင်တဲ့နေရာ ကိုယ်ဆင်းမှာပေါ့"
မိန်းမကြီးက စပယ်ယာကလေးရဲ့ စကားကို ကြက်ခေါင်းဆိတ်မခံ ပြန်ပက်ရင်း ကားပေါ်က ဆင်းသွားတဲ့အခါ ဖေဖေတို့ ကားပေါ်က ခရီးသည်တွေ တစ်ယောက်မျက်နှာ
တစ်ယောက် ကြည့်ကြပါတယ်။ ပြီးတော့ သက်ပြင်းချသူကလည်း ချလို့။ စိတ်ညစ်စရာကြီး သမီးရယ်။
တကယ်တမ်းကတော့ ကားသွားရာ လမ်းတစ်လျှောက်မှာ ကိုယ်ဆင်းချင်တဲ့နေရာ ကိုယ်ဆင်းနိုင်ခွင့် ရှိတာ အမှန်ပါပဲ။ ကားဆရာကလည်း ရပ်ပေးရမှာပါပဲ။ ဒါပေမဲ့ သမီးရယ်၊ ဟင်္သာဦးရှေ့မှာ ရပ်တုန်းက ဆင်းလိုက်ရင် ရရဲ့ သားနဲ့ နောက်ထပ် ခြေလှမ်းဆယ့်လေးငါးလှမ်းစာနဲ့
ကားကို တစ်ခါထပ်ရပ်ခိုင်းပြီး တိုင်းတိုင်းတိတိ အခွင့်အရေး ယူလိုက်ပုံကြီးကတော့ လောကကြီးအပေါ်မှာ
စီးပိုးလွန်းသလားလို့ ဖေဖေ ထင်မိတယ်။
သမီး မှတ်မိဦးမှာပါ။
ဟိုးတစ်ခါ ဖေဖေတို့တစ်တွေ အညာက ကောလိပ်ကျောင်းကလေးမှာ နေခဲ့တုန်းက ဈေးက မုန့်စားပြီး ပြန်လာကြတဲ့အခါ တစ်ခါတစ်ခါ ခရီးသည် နည်းနည်းပါးတဲ့ နေ့မျိုးတွေမှာ မြင်းလှည်းကို စီးလုံးငှားပြီး ပြန်ခဲ့ကြတာတွေလေ။ ဖေဖေကတော့ ဘယ်လိုပဲ စီးလုံးငှားလာလာ လမ်းက တက်လိုက်လာတဲ့ ခရီးသည်ကို တင်ခိုင်းတာပဲ။ လမ်းကနေ တက်လိုက်လာတဲ့ ခရီးသည်က ဖေဖေတို့ ကောလိပ်ကျောင်းကလေး ရှေ့မှာ မဆင်းဘဲ ဟို ကျောက်ပန်းတောင်းဘက် အထွက်က ကျောက်ဖူးအထိအောင် သွားမယ် ဆိုခဲ့ရင်၊ ဖေဖေတို့မှာလည်း ဘာဝန်ထုပ်ဝန်ပိုးမှ မပါခဲ့ရင် နဂိုတုန်းက ကျောင်းထဲထိအောင် လိုက်ပို့ဖို့ ပြောခဲ့ပေမဲ့ ကျောင်းရှေ့မှာတင် ဖေဖေတို့တော့ ဆင်းခဲ့ကြတာပဲ။
အဲသည့်အခါမျိုးမှာ ဖေဖေတို့ရဲ့ အတ္တကို ဖော့လိုက်လို့ ပေါ့ပါးသွားတဲ့ မြင်းလှည်းကလေးပေါ်က မြင်းလှည်းဆရာရဲ့ ဝင်းပသွားတဲ့မျက်နှာဟာ ချမ်းမြေ့စရာ ကောင်းလိုက်တာ။ သူ့အတွက် ခရီးတွေ၊ ဝန်ထုပ်ဝန်ပိုးတွေ ဘယ်လောက်
ကျုံ့သွားရှာသလဲ။ ဖေဖေတို့ကလည်း နည်းနည်းကလေး ဆင်းလျှောက်လိုက်ရတဲ့အတွက် ဘယ်လောက်များ ပင်ပန်းသွားမှာလဲ။
(ငါး)
သမီးရေ...။
ဝဲကြီးပိုင်းထိ အောင် သွားမယ့် ခရီးသည်တွေက
နီးစပ်ရာ ကျောင်းစုပိုင်းတံတားကနေ တက်သွားလို့ ရေဆန် လေဆန်ကို တွန်းခတ်ရမယ့် သမ္ဗန်ဆရာကြီးခမျာ မထင်မှတ်လောက်အောင် ပေါ့ ပါးသွားခဲ့ရရှာပါပြီ။
ကိုယ့်အိမ်ရှေ့ကို မရောက်သေးတာ မှန်ပေမဲ့ ဟင်္သာဦးရှေ့မှာတင် ဖေဖေတို့ ဆင်းလိုက်ကြရအောင်လား။ ကောလိပ်ထဲထိအောင် ငှားထားခဲ့တာ မှန်ပေမဲ့ ကောလိပ် ရှေ့မှာတင် ဖေဖေတို့ ဆင်းလိုက်ကြရအောင်လား။ တစ်ဖက်လူ အသက်ရှူရတာ ပေါ့ပါးလန်းဆန်းသွားဖို့အတွက် တစ်ခါတလေ ဖေဖေတို့ရဲ့ ခြေလှမ်း အနည်းငယ်မျှနဲ့ ဖေးမသင့်ကြတယ်လို့ ဖေဖေတော့ ယုံကြည်နေမိပြန်တယ် သမီးရယ်။
(ရနံ့သစ်၊ ဇွန်၊ ၁၉၉၈)
ဆရာမောင်သာချိုရဲ့ 'သမီးဖတ်ဖို့ ၁' စာအုပ်စာမျက်နှာ ၅၁ - ၅၈ ကနေ ကိုယ်တိုင် စာရိုက်ကူးယူပြီး မျှဝေပါတယ်။
စလေ ငနော့
_________________________
Unicode
အနီးဆုံး ဆိပ်ကမ်းများ
••••••••••••••••••••••••
မောင်သာချို
(တစ်)
သမီးရေ...။
နွေ မဝင်တစ်ရက် ဝင်တစ်ရက် ရက်တွေထဲက
သိပ်မကြာမတင်လှသေးတဲ့ ရက်တစ်ရက်မှာတော့ ဖေဖေတစ်ယောက် တောရွာကလေးတစ်ရွာကို ရောက်သွားခဲ့သေးတယ်။ အဲဒီရွာကလေးက တိုးမြစ်ကမ်းပါးမှာ မေးတင်ထားတဲ့ ရွာကလေး၊ ဖေဖေ့ရဲ့ ငယ်ဘဝ ပုခက်ကြိုးတွေကို ဆွဲချိတ်ထားခဲ့ဖူးရာ ရွာကလေး၊ ဖေဖေတို့ ဘိုးစဉ်ဘောင်ဆက် ဇာတိချက်မြှုပ်ခဲ့ကြရာ ရွာကလေးလေ။
မြို့တော်ကနေ ရန်ကုန်မြစ်ကို ဖြတ်ကာ တစ်ဖက်ကမ်းကို ကူး၊ အဲသည်ကနေ ကား နှစ်နာရီလောက် စီးလိုက်တဲ့အခါ တောမြို့ကလေးတစ်မြို့ကို ရောက်ပါတယ်။ အဲသည့်မြို့ကလေးကနေ တစ်မိုင်ကျော်ကျော်လောက် ဝေးတဲ့ အရပ်မှာတော့ ဖေဖေသွားမယ့် ရွာကလေး။
တာလမ်းမကြီးအတိုင်း ဆိုက်ကားပဲ စီးသွားသွား၊ ချောင်းရိုးလေးကနေ သမ္ဗန်ပဲ စီးသွားသွား ဖေဖေတို့ရဲ့ ရွာကလေးကို ရောက်နိုင်ပေမဲ့ ဖေဖေကတော့ သမ္ဗန်နဲ့ သွားဖို့ ဆုံးဖြတ်လိုက်တယ် သမီးရယ်။ လမုတွေ၊ လတာတွေ၊ ခရာဆူးချုံတွေ၊ ဗုံလုံသီးတွေနဲ့ မြစ်ဝကျွန်းပေါ်နံ့ နည်းနည်းသင်းမယ်လို့ ထင်တဲ့အတွက် ချောင်းရိုးကလေးအတိုင်း
သွားဖို့ ဖေဖေက ရွေးချယ်လိုက်ခဲ့တာပါပဲ။
(နှစ်)
မြို့ကလေးရဲ့ ဆိပ်ကမ်းကနေ ဖေဖေတို့ သမ္ဗန်ခွာခဲ့တော့ နေတောင်မှ မွန်းတည့်သွားခဲ့ပါပြီ။ တပေါင်းနေမို့ပဲ ထင်ပါရဲ့ သမီးရယ်။ နေက ချစ်ချစ်တောက်အောင်ကို ပူနေတော့တာပါပဲ။ သမ္ဗန်ပေါ်မှာကတော့ ဖေဖေရယ်၊ တခြားခရီးသွား လေးငါးယောက်ရယ် ပေါင်းမိုးမပါ ဘာမပါနဲ့။
ရက်က ရေ ထ ရက် ထင်တယ် သမီးရဲ့၊၊ အချိန်ကလည်း ဓရတက်ချိန်ကြီး၊ တိုးမြစ်ကတစ်ဆင့် ထိုးဝင်လာတဲ့ရေဟာ ချောင်းရိုးတစ်လျှောက် စီးဝင်လာလိုက်တာ တကယ့်ကို ဝါးလုံးထိုးပါပဲ။ နွံရောင်အထပ်ထပ်နဲ့ ရေဆန် လေဆန်ထဲမှာ ဖေဖေတို့ သမ္ဗန်ကလေးဟာ ရွေ့တယ်လို့
ဆိုရုံကလေး။
သမ္ဗန်ဆရာကြီးဟာ အသက်ကြီးလွန်းလှပါပြီ။ ဖေဖေ့စိတ်ထင် ၆၀ နီးနီးများ ရှိလေမလာပဲ။ လမ်းဘေးကနေ အသင့် ကောက်ဝယ်တပ်ထားပုံရတဲ့ ကျွဲကော်ကိုင်း
မျက်မှန် အထူကြီးနဲ့၊ ဝါးခမောက်ကြီးနဲ့။ သမ္ဗန်ပဲ့ဖျားကို ခြေစုံကန်ကာ သူ့ခန္ဓာကိုယ်ကြီး တစ်ခုလုံးကို ခတ်တက် နှစ်ချောင်းပေါ် အားကုန်လွှဲချပြီး ဖိဖိခတ်လိုက်တဲ့ အခါတိုင်း
အကြောတွေက အပြိုင်းပြိုင်းထလို့။ အနှစ်နှစ် အလလ မိုးထဲ လေထဲ လုပ်စားခဲ့ရှာလို့ ထင်ပါရဲ့၊ အသားကလည်း
တကယ့်ကိုမှ အာဖရိက။ နေရောင်အောက်မှာ ချွေးတွေနဲ့ ရွှဲနစ်နေပြီး ဆားပွင့်တော့မတတ် ပြောင်လက်နေတဲ့ သူ့ကို ဖေဖေ အသာကလေး ခိုးကြည့်မိရင်းက အငြိမ့်သား ထိုင်လိုက်နေရတာကို မလုံမလဲ ဖြစ်လိုက်တာ သမီးရယ်။ ရွာကို မြန်မြန်ရောက်ပါတော့လို့ပဲ
တစ်လမ်းလုံး အောက်မေ့မိခဲ့ပါရဲ့။
(သုံး)
သမီးရေ...။
ဒီတစ်သက် ရွာကို ရောက်မှ ရောက်ပါဦးတော့မလားလို့ ထင်ရလောက်တဲ့အထိ တကယ့်ကို ရွေ့တယ်ဆိုရုံမျှ ရွေ့ရုံကလေး သွားနေခဲ့တဲ့ သမ္ဗန်ကလေးဟာ နောက်ဆုံးတော့လည်း ရွာကို ရောက်သွားတာပါပဲ။ ဖေဖေက ဟိုး ရွာဖျားမှာ ရှိတဲ့ ဝဲကြီးပိုင်းကို သွားရမှာလေ။ လှမ်းမြင်နေရလောက်အောင် နီးနေပြီဆိုပေမဲ့ သည်ရေစီးကြီးကို ဆန်ခတ်သွားဖို့ဆိုတာက နောက်ထပ် ၁၀ မိနစ်လောက်
ခတ်ရလိမ့်ဦးမယ် ထင်တယ်။ ဒါကြောင့်လည်း ဖေဖေက အနီးဆုံးဆိပ်ကမ်းမှာ သမ္ဗန်ကိုကပ်ခိုင်းပြီး ရွာလမ်းအတိုင်း တက်လျှောက်သွားရင် ကောင်းမယ်လို့ ဆုံးဖြတ်မိခဲ့တယ်။
"ဦးရေ... ကျွန်တော့်ကို ကျောင်းစုပိုင်းတံတားမှာပဲ ကပ်ပေးပါ''
ဖေဖေ ငယ်ငယ်က ဆော့ကစားခဲ့ရာ၊ သင်္ကန်း
မနိုင့်တနိုင်နဲ့ ကိုရင်ဝတ်ခဲ့ရာ အရှေ့ကျောင်းလို့ ခေါ်တဲ့ ဘုန်းတော်ကြီးကျောင်းရဲ့ ရှေ့က တံတားဆိပ်မှာ ကပ်ပေးဖို့ ဖေဖေက လက်ညှိုးညွှန်တော့ သမ္ဗန်သမားကြီးက အံ့သြသွားပုံ ရပါတယ်။ သမ္ဗန်ခကို တန်ရာတန်ကြေး ပေးစီးထားပြီး ကိုယ်သွားချင်တဲ့ ဆိပ်ကမ်းရောက်အောင် လိုက်မပို့ခိုင်းဘဲ လမ်းကနေ ဖြတ်ဆင်းဖို့လုပ်တဲ့ ဖေဖေ့ကို သူ နားလည်ရခက်သွားဟန် တူပါတယ်။
ဟုတ်တယ် သမီးရယ်။ ဝဲကြီးပိုင်းထိအောင် သွားမှာ မှန်ပေမဲ့ ကျောင်းစုပိုင်းတံတားမှာပဲ ဆင်းဖို့ ဖေဖေ ဆုံးဖြတ်ခဲ့တယ်။ ရေချိုးထားတယ်လို့ ထင်ရလောက်တဲ့အထိ ချွေးတွေနဲ့ ရွှဲနစ်နေတဲ့ သမ္ဗန်ဆရာကြီးရဲ့ ဝါးလုံးထိုး ထိုးစီးနေတဲ့ ရေစီးကို ဆန်ကာ တအိအိတက်နေသော သမ္ဗန်ပေါ်မှာ ဘာဝန်ထုပ်ဝန်ပိုးမှ မပါဘဲ ဖေဖေက မိန့်မိန့်ကြီး ထိုင်ရင်း တန်ရာတန်ကြေးနဲ့အညီ လိုရာ ဆိပ်ကမ်းကိုရောက်အောင် မလိုက်ပါလိုတော့ဘူး။ အနီးဆုံး ဆိပ်ကမ်းက တစ်ဆင့် တက်ရောက်သွားပြီး လျှောက်သွားလိုက်ရင် ခဏလေးပါ သမီးရယ်။
"ကဲဗျာ... ကျွန်တော်တို့ လည်း ဒီဆိပ်မှာပဲ ဆင်း
လိုက်ပါတော့မယ်''
တခြားခရီးသည်တွေကလည်း ဘာစိတ်ကူး ပေါက်သွားကြတယ် မသိပါဘူး။ ဖေဖေ့လိုပဲ ကျောင်းစုပိုင်း တံတားမှာပဲ ဆင်းကြတော့မလိုတဲ့။ သူတို့တွေကလည်း သူတို့လိုရာ ဆိပ်ကမ်းကို မရောက်သေးဘဲနဲ့ အဆင်သင့်ရာ ဆိပ်ကမ်းမှာပဲ တက်ပြီး လျှောက်သွားကြဖို့ ဆုံးဖြတ်ခဲ့ကြပုံတွေပါပဲ။
သမ္ဗန်ဆရာကြီးရဲ့ မချိမဆံ့ လုပ်အားကို အားနာကြဟန် တူပါရဲ့။ ဖေဖေတို့တစ်တွေလည်း ဆိပ်ကမ်းပေါ်ကို တက်ပြီးရော သမ္ဗန်ကလေးဟာ ပေါ့ပါးလို့ သွားလိုက်တာ သမီးရယ်။ အနီးဆုံး ဆိပ်ကမ်းမှာ တက်သွားကြတဲ့ ဖေဖေတို့တစ်တွေကြောင့် ကမ်ဘာမြေကြီးဟာလည်း ပိုမိုလို့ ပေါ့ပါးသွားလေမလားလို့ ဖေဖေတော့ စဉ်းစားနေမိပြန်တယ်လေ။
(လေး)
သမီးရေ၊ တကယ့်တကယ် မထောက်မညှာစတမ်း ပြောကြစို့လို့ ဆိုကြရင်ဖြင့် ဖေဖေတို့၊ သမီးတို့ မှီတင်းနေထိုင်ရာ ကမ်ဘာမြေကြီးပေါ်မှာက တချို့တွေဟာ ရင့်သီးလွန်းလှ၊ ရက်စက် ပက်စက်လွန်းလှတယ်လို့ ဖေဖေတော့