••••••••••••••••••
ဖိုးကျော့
မုဆိုးကြီး ဦးအထော် အိပ်ရာက နိုးလာသည်။ မျက်စိနှစ်လုံးကို မဖွင့်သေး။ ဒီကနေ့ ဘယ်တော၊ ဘယ်တောင်၊ ဘယ်နေရာ၊ ဘယ်ဒေသ အမဲပစ်ထွက်ရလျှင် ကောင်းမလဲ ဟူသော အတွေးကို တွေးရင်း အိပ်ရာထဲ မှေးနေသေး၏။
သူသည် သူ့အဖေ ဦးကော်လီ ကွယ်လွန်သွားကတည်းက ရွာမုဆိုးကြီးဟူသော ဘွဲ့ကို ရရှိခဲ့သူ ဖြစ်သည်။ ယခု သူ့အသက်မှာ လေးဆယ်ကျော် ငါးဆယ်နီးပါးရှိနေပြီ။ သူ့တစ်သက်တွင် သားကောင်ပစ်သတ်သော အလုပ်ကလွဲပြီး တခြားဘာအလုပ်မှ မလုပ်ခဲ့။
သူကား တကယ့်မုဆိုးပီသသူ ဖြစ်သည်။
သူသည် မျက်စိမဖွင့်သေးဘဲ တစ်ဖက်သို့ စောင်း၍ မှေးနေပြန်၏။ သူ့မယားနှင့် ကလေးများ နိုးထသံကို ကြားရသည်။ သို့သော် ဇနီးမယား သမီးသားတို့၏ အသံကို သူ စိတ်မဝင်စား။ သူ စိတ်ဝင်စားနေသည်မှာ
တိရစ္ဆာန် သားကောင်များ၏ မြည်သံ တွန်သံ၊ အော်သံ၊ အစ်သံ၊ တစ်သံများသာ။
တစ်သက်လုံး အမဲသားကောင်များ သတ်ဖြတ်လာသူပီပီ သူသည် အိပ်မက်ထဲ၌ပင် သားကောင်များနှင့်သာ ပြေးရင်း၊ လွှားရင်း၊ လုံးထွေးသတ်ပုတ်လာသူ ဖြစ်လေသည်။ ထို့ကြောင့် ယခု အိပ်ရာက နိုးလာသာ အခါမှာလည်း သားကောင်များကို သတ်ဖြတ်ပစ်ခတ်ရန်သာ ပထမအာရုံ ဝင်လာလေသည်။
နေထွက်တစ်ပြူမှာ သူ အိပ်ရာက ထလာသည်။ သူတို့၏ရွာ တောင်ခြေထိပ်တွင် နေရောင်ခြည်ကို လှမ်းမြင်နေရသည်။ သူ့မိန်းမသည် တဲသာသာ အိမ်ရှေ့တွင် ဆန်ပြာနေ၏။ သူ့မိန်းမအနားတွင် ကြက် သားပေါက်မ တစ်အုပ် ဝိုင်းနေကြသည်။ သူ့မိန်းမ ဆန်ကောမှ စဉ်ထွက် လာသော ဆန်ကွဲ၊ ဆန်ညှာများကို လုကောက်စားရင်း ဆူညံနေကြသည်။
ရေကပြင်တွင် မျက်နှာသစ်နေစဉ် ရွာတောင်ခြေအထက်မှ ချေ တစ်ကောင် ဟောက်သံကို ကြားလိုက်ရသည်။ သူ့နားတွင်းထဲမှ အမွေး အမှင်များ ချက်ချင်းထောင်လာကြ၏။ ဒီချေဟောက်နေတာ ဘယ်တောင်ကြောပါလိမ့်ဟု သေသေချာချာ စူးစမ်းလိုက်သည်။ တောကျွမ်းသော မုဆိုးပီပီ နေရာဒေသကို ချက်ချင်းခန့်မှန်းမိလိုက်၏။ ကညင်တောင်စမ်းပေါက်ဘက်က ဖြစ်ရမည်။ တစ်ဆင့်တက်၍ ချေမလား၊ ချေထီးလား တွေးပြန်သည်။ အသံကိုလည်း ထပ်နားစွင့်သည်။
သံရှည်ဆွဲ၍ ဟောက်သံသည် ချေမတစ်ကောင်ကောင်၏ ဟောက်သံသာ ဖြစ်ရမည်။ လန့်၍ ရုတ်တရက် ထဟောက်ပြေးသော ဟောက်သံ မဟုတ်၊ အန္တရာယ်နှင့်တွေ့၍ အန္တရာယ်ကောင်ကို မြင်နေရ၍ ဟောက်နေသော ဟောက်သံလည်း မဟုတ်၊ စပါးကြီးမြွေ ညှို့ခံရ၍ အီပြီးဟောက်နေသော ဟောက်သံမျိုးလည်း မဟုတ်၊ ရင်ခေါင်းထဲ၊ နှလုံးသားထဲ ညှစ်ထုတ်၍ ဟောက်လိုက်သော သားခေါ်ဟောက်သံ။ ဤရာသီမှာ ချေမများ သားချရာသီပင်။ ဒီချေမ ငါ့လက်ထဲက ပြေးမလွတ်ပါဘူးဟု ကြုံးဝါးလိုက်သည်။
ဒီမနက်တော့ နေနှင့်ဦး၊ ငါ ထောင်ချောက်တွေ သွားကြည့်၊ သွား ဖြုတ်စရာတွေ ရှိသေးသည်။ ညနေကျမှ နင်နဲ့ငါ တွေ့ကြတာပေါ့ဟု တွေးတောကာ ဦးအထော်၏ မျက်နှာမှာ ပြုံးဖြဲဖြဲကြီး ဖြစ်လာလေသည်။
⚫
ညက သူ့ထောင်ချောက်တွင် မိ၍ ရသော ဝက်ပေါက်လေးတစ် ကောင်ကို မနက် ကားဆိပ်ရွာဈေးတွင် သွားဖျက်ရောင်းရာမှ ဦးအထော် ပြန်လာသည်။ အချိန်မှာ နေမွန်းတည့်နေလေပြီး ညနေ ချေလိုက်သွားရန် ရှိသေး၏။
ထို့ကြောင့် ဦးအထော် အိမ်ကို ရောက်ရောက်ချင်း သူ့သားနှစ်ယောက် ရှာကြည့်သည်။ ဆယ်နှစ်သား အငယ်ကောင်သာ တွေ့ရပြီး ဆယ့်လေးနှစ်သား အကြီးကောင်ကို မတွေ့။ အမဲပစ်ရန်၊ အမဲလိုက်ရန် သွားတိုင်း သည်ကောင်ကို ရွာရိုးကိုးပေါက် လိုက်ရှာရသည်က အလုပ်တစ်ခု။ ယခုလည်း “ဘယ်ဘက် ထွက်သွားပြန်ပလဲ” ဟု သူ့သား အငယ်ကောင်ကို မေးရ၏။
သူ့သား အငယ်က ....
“သစ်ခုတ်သမားတွေနဲ့ လိုက်သွားတယ် အဖေ"
“တောက် ညနေကျ ချေသွားပစ်ရအောင်လို့ သေသေချာချာ မှာထားခဲ့ရဲ့နဲ့။ မင်းကကော မဟန့်လိုက်ဘူးလား”
ဦးအထော်၏ ဒေါသအကြည့်သည် သားငယ်ဆီမှ မိန်းမဘက် ရောက်သွား၏။
“တော့်သားကို ကျုပ် ပြောလို့ ရတာမဟုတ်ဘူး၊ ရွာထဲသွားရင် မုဆိုးလေး... မုဆိုးလေးလို့ လူတွေခေါ်ကြတာ ရှက်တယ်တဲ့၊ သူ ကြီးလာရင် မုဆိုးမလုပ်ဘူး။ သစ်ခုတ်သမားပဲ လုပ်မယ်လို့ ကျုပ်ကို ပြောပြောနေတာ သုံးလေးခါရှိပြီ၊ တော့်ကိုသာ ကြောက်လို့ မပြောရဲတာ"
"တောက်''
ချေဟောက်သံထက် ကျယ်သော တက်ခေါက်သံတစ်ချက်ကို ဦးအထော် ကျယ်ကျယ်လောင်လောင် ထပ်ခေါက်ပစ်လိုက်၏။ သူ့သား နှစ်ယောက်အနက် အကြီးကောင်သည် မုဆိုးတံငါအလုပ် ဝါသနာမပါမှန်းတော့ ငယ်စဉ်ကပင် သူ သတိထားမိ၏။ ကစားတတ်သော အရွယ်တွင်
မြားပစ်ကစားတတ်အောင် လေးကိုင်း၊ လင့်လေး လုပ်ပေးဖူးသည်။ သူ စိတ်မဝင်စား။ အသက်ကလေး နည်းနည်းရလာ၍ ထောင်ချောက်ထောင်ရန်၊ ထောင်ချောက်ဖြုတ်ရန် ခေါ်သွားလျှင်လည်း လိုက်၍သာ တောထဲတောင်ထဲ လာရသည်၊ စိတ်ပါပုံ မရ။ သူ့ထောင်ချောက်ထဲတွင် ဝက်တို့ ချေတို့ ကားရရားကြီး မိနေလျှင်လည်း အငယ်ကောင်လို “အဖေ ဝက်ကြီးဗျ၊ ဝက်ကြီး မိနေပြီဗျ” ဟု ဝမ်းသာအားရ အော်မပြောတတ်။ မိနေသော တိရစ္ဆာန် အမဲကောင်ကို တွေတွေကြီး စိုက်ကြည့်ကာ မင်တက်မိနေတတ်သည်။
“ထိုးကွ... သတ်ကွ” ဆိုမှ ထိုးတတ် သတ်တတ်သည့်အကောင်။
အငယ်သားကတော့ သူ့သွေး အပြည့်ပါသည်။ မစားရ မသောက်ရသော အိမ်မြှောင်၊ ပုတ်သင်ညို၊ ကင်းလိပ်ချောကအစ သူ့ကို လုပ်ပေး ထားသော လေးနှင့် တစ်နေကုန် တစ်နေခန်း လက်တည့်စမ်း ပစ်ကစားနေတတ်ရာ၊ ယခုအခါ အိမ်နား ဝန်းကျင်မှာ ပုတ်သင်ညို၊ ကင်းလိပ်ချော ဆို၍ ကုန်သလောက် ဖြစ်နေလေသည်။
ဤသည်ကို ဦးအထော်ကတော့ အလွန် အားရပီတိဖြစ်နေသည်။ ကြီးလာလျှင် သူကဲ့သို့ ရွာမုဆိုးကျော်ကြီး ဖြစ်လာမည့်သား၊ တစ်ရွာလုံး တစ်နယ်လုံးက အားထားအားကိုးကြရမည့်သား၊ သတ်ရဲဖြတ်ရဲ၊ သတ္တိသွေးနှင့် ပြည့်စုံသည့်သား၊ သားကောင်လိုက် ခေါ်လျှင်လည်း နှစ်ခါမပြောရသည့်သား။ အကြီးကောင်ကမူ လူပျော့လူညံ့ ဖြစ်သည်။ တစ်ခါကလည်း လသားအရွယ် သမင်လေးတစ်ကောင် ထောင်ချောက်ထဲ မိနေသည်ကို
“သမင်လေး သနားပါတယ် အဖေ၊ မျက်လုံးလေး ကလယ်ကလယ်နဲ့ ပြန်လွှတ်ပစ်ကြရ မကောင်းဘူးလား” ဟု မေးခဲ့ဖူးသည်။ သူ အလွန်ချစ်သော၊ သူ အလွန်အားထားသော သားကြီးမို့ ထိုစဉ်က သမင်ကလေးကို ပြန်လွှတ်ပစ်မိမလို့ပင် သူ စိတ်ကူးခဲ့ပေသေးသည်။ သို့သော် ထောင်ချောက် ကိုင်းတောင့် ဆောင့်ရိုက်ထား၍ ခြေကျိုးလက်ကျိုး ဖြစ်နေသည်ကို မြင်ရမှ “အဖေတို့ ဒီသမင်လေးကို ပြန်လွှတ်ပစ်လိုက်လို့လည်း သူမရှင်နိုင်တော့ပါဘူး သားရယ်၊ ခြေလက်တွေ သွင်သွင် ကျိုးနေပြီပဲ”ဟု ပြောခဲ့ရ၏။
“ပါးစပ်မှာလည်း အမြှုပ်တွေချည်းပဲ ဖေဖေရယ်၊ သူနာလို့ ညက ဘယ်လောက်တောင် အော်ထားလဲ မသိဘူးနော်၊ ခုတော့ မအော်နိုင်တော့ ဘူးထင်ပါရဲ့”
“တော် ထမင်းစားမယ် မဟုတ်လား”
သူ့မိန်းမ အသံကြောင့် အတွေးပြတ်သွားသည်။
“ငါက ထမင်းမစားလို့ ချေးစားရမှာလားဟ”
သောက်သုံးကျမယ့်ကောင် မဟုတ် ဟူသော အတွေးနှင့် သူ့သားကြီးကို ဒေါသဖြစ်နေရာမှ မိန်းမကို အော်လိုက်ပြန်သည်။
“ခွေးသား၊ လူဖျင်းလူညံ့တွေ လုပ်တဲ့ သစ်ခုတ်ဝါးခုတ် အလုပ်ပဲ လပ်ချင်တဲ့အကောင်၊ မနက်ဖြန်ကစပြီး မင်းသားကို ဦးထွန်းတို့နဲ့ သစ်ခုတ်သာ ထည့်တော့၊ တစ်နေကုန် ခုတ်ခါမှ ငွေလေး တစ်ဆယ်ကိုးကျပ် ရတာ မက်မောတဲ့အကောင်”
ထမင်းစားပြီးသည်အထိ ဦးအထော် မုဆိုးကြီး သူ့သားကြီးကို ဒေါသမပြေသေးဘဲ ရှိနေ၏။
“ဟေ့... ဟိုကောင်၊ ဘယ်မှ မသွားနဲ့နော်၊ ညနေစောင်းမှာ ကညင်ချောင်းဘက် ချေသွားပစ်ရမယ်၊ ခု ငါ တစ်ရေး အိပ်လိုက်ဦးမယ်ကြားလား”
“ဟုတ်... ဟုတ်ကဲ့ပါ အဖေ”
မုဆိုးတံငါ အလုပ်ကို ဝါသနာပါသော သူ့သားငယ်မှာ သူ့အဖေနှင့် ချေပစ်လိုက်ရမည် ဆိုသဖြင့် ဝမ်းသာပျော်ရွှင်နေသည်။
ဦးအထော်တို့ သားအဖနှစ်ယောက် ကညင်စမ်းပေါက်ဘက် ချေပစ်ထွက်လာကြ၏။ ဦးအထော်၏ ပခုံးပေါ်တွင် သူ၏ ဗိုလ်ခြေတစ်ထောင် လက်စွဲတော် လေးကြီး ပါသည်။ ဆယ်နှစ်ရွယ် သူ့သားငယ် လက်ထဲမှာတော့ လိုရမည်ရ လှံရှည်တစ်ချောင်း။
ဦးအထော်က ဗိုလ်ခြေတစ်ထောင်လေးဟု တင်စားထားသော ဒူးလေးကြီးမှာ နှယ်နှယ်ရရ မဟုတ်။ သုံးနှစ်သား ဝက်ပေါက်များကိုပင် ဟိုဘက် သည်ဘက် ထုတ်ချင်းခတ် ဖောက်ထွက်သွားနိုင်သည်။ သူတို့ အိမ်ခြေတစ်ရာ နီးပါးရှိသော ရိုးမတောင်ခြေရွာတွင် ဦးအထော်၏ ဒူးလေးကြီးကို တင်နိုင်၊ ပစ်နိုင်သူ ဆို၍ တစ်ယောက်မျှ မရှိ။
တစ်ခါက ဦးအထော် စိန်ခေါ်ဖူးသည်။ သူ၏ ဒူးလေးနှင့် ဆယ်လံအကွာမှာ သားကောင်အရွယ် တစ်စုံတစ်ခုကို ပစ်ပြနိုင်သူအား တည့်တည့်မတ်မတ် ထိမှန်လျှင် ဝတ်ပေါက်တစ်ကောင် ပေးမည်ဟု။ ဦးအထော်၏ စကားကို မခံချင်ကြသော အားကောင်းမောင်းသန် ကာလသား နှစ်ဆယ်ကျော် စမ်းပစ်ကြသည်။ မည်သူမျှ ဦးအထော်လို တည့်တည့်မတ်မတ် ဒူးထောက်ပစ်မပြနိုင်ကြ။ ထိုအခါကစ၍ ဦးအထော်က သူ့ဒူးလေးကို ဗိုလ်ခြေတစ်ထောင်လေးဟု တင်စားလိုက်သည်။
ယခု ထိုလေးကြီးနှင့် ဦးအထော်တို့ သားအဖနှစ်ယောက် ချေပစ်ရန် ထွက်လာကြသည်။ ကညင်စမ်းနား ရောက်သောအခါ ဦးအထော်က သူ့သားငယ်ကို ဖက်မှုတ်၊ ဖက်စုပ် ခိုင်းသည်။ သူ့သားငယ်မှာ သူ့အဖေနှင့် လိုက်နေကျ၊ ဖက်မှုတ်နေကျမို့ ဖက်စုပ်ဖက်မှုတ် ကျွမ်းကျင်သည်။ သစ်ရွက်ရှည်နှစ်ရွက်ကို ကန်စွန်းရိုးခန့်ရှိ သစ်ကိုင်းကလေးနှစ်ခုနှင့်ညှပ်ပြီး မှုတ်လိုက်လျှင် ချေငယ်လေးများ အော်သံ၊ မြည်သံ ထွက်လာသည်။
ထိုအသံကို သားငယ်နှင့်ကွဲနေသော ချေမကြီးများ၊ ဇီးရှိနေသော ချေမများကြားလျှင် သားငယ်အထင်နှင့် သားငယ်စိတ်၊ မိခင်စိတ်နှင့် ချက်ချင်းခုန်ပေါက် ပြေးလာတတ်ကြသည်။ ထိုသို့ ပြေးချလာသော ချေမကြီးများကို ဦးအထော်က သူ၏ ဗိုလ်ခြေတစ်ထောင်လေးနှင့် ပစ်ဖမ်း နေကျ။ ဦးအထော်၏ ဗိုလ်ခြေတစ်ထောင် လေးစူးထိလျှင် ဘယ်ချေ ဘယ်ဝက်မှ တစ်တောင်၊ တစ်တော ကျော်မပြေးနိုင်ကြ၊ ခြေလှမ်းတစ်ရာ မပြည့်ခင် ကားခနဲ လဲကျသွားတတ်လေသည်။
ဤသည်မှာ မုဆိုးကြီး ဦးအထော်ကလည်း ချက်ကောင်းကို ရွေးပစ် တတ်သဖြင့် ဖြစ်သည်။
“ကဲ သား. . ဒီကျောက်တုံးနှစ်ခုကြားမှာ သားကိုယ်ကို ဝှက်ထားပြီး ဖက်မှုတ်ပေတော့၊ အဖေ... ဟိုစမ်းဘေးက စောင့်ကြည့်နေမယ်၊ သား ဖက်မှုတ်တာ ချေငယ်တစ်ကောင် မြည်နေသံနဲ့တော့ ချွတ်စွပ်တူတာပဲ။ ဒါပေမယ့် ဖက်မှုတ်အားစိုက်တဲ့အခါမှာ သားကိုယ်ခန္ဓာ လှုပ်မသွားစေနဲ့၊ သားကိုယ်လှုပ်တော့ သူ့သားအထင်နဲ့ ပြေးလိုက်လာတဲ့ ချေမကြီးတွေကသား ကိုယ်လုပ်နေတာ မြင်သွားမှာပေါ့။ အဲဒါကြောင့် ဖက်မှုတ်တဲ့အခါ စိတ်ကို တည်တည်ငြိမ်ငြိမ် ထားရသလို၊ ကိုယ်ကိုလဲ မလှုပ်ရှားအောင် သတိထားရတယ်နော်...”
“ဟုတ်... ဟုတ်ကဲ့အဖေ"
ဦးအထော်သည် သူ့သားငယ်အား စမ်းချောင်းဘေးနားရှိ ကျောက် တုံးကြီးနှစ်ခုကြားတွင် နေရာချထားပေးလိုက်သည်။ သူကမူ သူ့သားနှင့် မနီးမဝေးမှ ချေမကြီးများ အလာကို စောင့်လျက်ရှိလေသည်။
⚫
"ရွှီ...''
"ရွှီ...''
သူ့သားငယ် ဖက်မှုတ် ဖက်စုပ်နေသံကို နားထောင်ရင်း ဦးအထော်သည် ချေမကြီးများ၊ သားငယ်အမှတ်နှင့် ပြေးချအလာကို ရှာဖွေကြည့်လျက် ရှိနေလေသည်။
"ရွှီ...''
"ရွှီ...''
အရင့်အရင်နေ့တွေက ဖက်မှုတ်သံနှင့်စာလျှင် ယနေ့ သူ့သားငယ် ဖက်မှုတ်သံမှာ ပို၍ ချေငယ်တစ်ကောင် အမိပျောက် အော်မြည်နေသံနှင့် ပိုတူလာသည်။ ထို့ကြောင့် တစ်ဖက်က ချေမကြီးများ သူ့သားငယ်ရှိရာ စမ်းနား ဆင်းအလာကို မျက်လုံးက ကြည့်ထားရသလို နားကလည်း သူ့သား ဖက်မှုတ်သံကို အကဲခတ်ကာ မျက်စိနှင့် နားကိုပါ အာရုံထဲထည့်၍ စောင့်နေရ၏။
သူ့သားငယ်၏ အသံတုမှာ ချေငယ်တစ်ကောင် အော်မြည်နေသံနှင့်တထေရာတည်း တူနေသော်လည်း ယခုထိ ချေမကြီး တစ်ကောင်ကောင် ပေါ်မလာသေးသောအခါ ဦးအထော်မှာ စိတ်တိုချင်လာသည်။ ချေများသည် မိမိသားငယ်နှင့် ကွဲကွာနေခြင်း မရှိသော်လည်း ချေငယ် တစ်ကောင်ကောင် အော်မြည်နေသံကို ကြားလျှင် ချေမတိုင်း မိခင်စိတ်နှင့် ကယ်ရန် ပြေးလာတတ်ကြသည်။
မနက်က ဟောက်မြည်သွားသော ချေမ၏ သားခေါ်မြည်သံမှာအစစ်အမှန်ဖြစ်ပါလျက် ထိုချေမ သားအမိသည် နေ့ပင်မကူးသေးဘဲ ဘယ်တော၊ ဘယ်တောင်၊ ဘယ်အရပ်၊ ဘယ်စခန်းဘက် ရွှေ့သွားကြပါလိမ့်။ ဤတော၊ ဤတောင်၊ ဤနေရာ၊ ဤအရပ်မှ အဘယ်ကြောင့် ထွက် သွားကြပါလိမ့်။
ခုထိ ပေါ်မလာပုံထောက်လျှင် အန္တရာယ်တစ်စုံတစ်ခု...
“ဝေါင်း”
“အ မေ့”
သူ့သား ဖက်မှုတ်နေရာသို့ ဦးအထော် အထိတ်တလန့် လှမ်းကြည့် လိုက်သည်။ ဧရာမ ကျားကြီးတစ်ကောင်သည် သူ့သားကို ချေငယ်အမှတ် နှင့် ကိုက်သတ်လိုက်လေပြီ။ သူ့သားငယ်ခမျာမှာ “အမလေး” ဟုပင် ဆုံးအောင် မတ,လိုက်နိုင်ရှာပေ။
အမှန်က မနက်တွင် သူ ကြားခဲ့ရသော ချေမကြီး၏ သားခေါ်မြည် ဟောက်သံမှာ ကျားကြီးရောက်လာသဖြင့် သားငယ်ကို ခေါ်ကာ တောပြောင်းပြေးရန်ပါတကား ဆိုသည်ကို သူ သတိမထားမိခဲ့ပေ။ ယခု သူ့သားငယ်က ချေငယ်မြည်သံ အတုလုပ်မြည်နေသောအခါ ကျားကြီးသည် ချေငယ်အမှတ်နှင့် သူ့သားကို ကိုက်သတ်ချီငင်ယူသွားလေပြီး
“ဟေး .. ဝေး.. ဝေး”
“ဝေး... လုပ်... လုပ်ကြပါဦးဗျို့၊
ကျား... ကျား... ကျုပ်...
ကျုပ်သားကို ကျား ကျားကြီး... ဟီး”
ဦးအထော် မုဆိုးကြီးသည် သွေးရူးသွေးတန်းနှင့် လန့်အော်ကာ သူ့သားငယ်အား ကိုက်ချီထွက်ပြေးသွားသော ရိုးမကျားကြီးကို သူ၏ဗိုလ်ခြေတစ်ထောင်လေးနှင့် လှမ်းပစ်ရန် ရွယ်ပါသေး၏။
သို့သော် ကျားနှင့်သားငယ်မှာ လုံးထွေးနေပါသဖြင့် မပစ်ရဲပြန်။ သူ ပစ်လိုက်လျှင် သားငယ်ကို ထိမှာ စိုးရသည်။ မုဆိုးကြီးက ဤသည်ကိုတော့ သတိရှိသေး၏။ ထို့ကြောင့် အော်ဟစ်ငိုယို၍သာ ကျားကြီးနောက်ကို ပြေးလိုက်နေမိတော့သည်။
သို့သော် တောတောင်ကန္တာရထဲတွင် လူသားများထက် ဆယ်ပြန် ဆယ်ဆ လျင်မြန်လှသော ကျားနောက်ကို ဗိုလ်ခြေတစ်ထောင်ထမ်းကာ ဦးအထော်မုဆိုးကြီး
ပြေးလိုက်ပါသော်လည်း...။
ဖိုးကျော့
ဆရာဖိုးကျော့၊ ကျားဘီလူးနှင့် တောကြီးဝင်္ကပါ ဖြစ်ရပ်ဆန်းကြယ် မုဆိုးဝတ္ထုတိုများ၊ စာမျက်နှာ ၁ - ၈။
စာရိုက် - စလေ ငနော့
