••••••••••••••••••••••••
သော်တာဆွေ
💖 💖 💖
ဆရာကြီးသော်တာဆွေ
ဂေါ်သင်တန်းပေးနေပြီ
အမှတ် ၄၉၊ ကပ်သီးကပ်သပ်လမ်း၊
ယ-ရ-လ-ဝ(ဗုဒ္ဓဟူးနံ) ကွက်သစ်၊
ရန်ကုန်မြို့
ဖုန်းနံပါတ် ၇၅၊ ကြေးနန်း သ-တ-ဆွ
၁၀ဝဝ တန်
ဝန်ကြီး ဦးထွန်းဖေ၊ ချင်းဝန်ကြီး ဦးဝမ်းသူမောင်၊ ပဲရော့ သူဌေး ဦးဆန်နီ၊ ဂျာနယ်ကျော် မမလေး၊ ပင်လုံ ဒေါ်နုယဉ် (ဟာ.. မဟုတ်သေးပါဘူး။ ဒါက... ဆရာစန္ဒြ ကြော်ငြာပဲ။ မဖြစ်ဘူး... ကိုယ့်ကြော်ငြာ ကိုယ်ထွင်ရေးမှ)
ဂေါ်မစွံများ ဝမ်းသားဖွယ်
သင်၏ ဘဝတာ ဂေါ်ခရီးသည် ပြန့်ပြူးသာယာ ရှိပါစ။ ကျွန်ုပ်တို့ မြန်မာစကားတွင် ငါးပိဖုတ်၊ ငရုတ်သီးထောင်းမှာ ဆရာမပြ နည်းမကျဟု ဆိုသည်။ ကျွန်ုပ် သင့်ကို ဂေါ်သင်တန်းပေးလိုသည်။ အင်္ဂလိပ်နည်း၊ ဗမာနည်း (နင်ချစ်တာ ငါသိပါတယ်ဟု ဆိုရသော) ကချင်နည်း၊ (အပေါ့လေးများ သည်တွင်သွားက၊ တောဖျားနတ်က၊ ဖမ်းစားတတ်၏။ ငတေညစ်၊ နှစ်တွယ် တွယ်လို့ သက်နှစ်ဆယ် အရွယ်ရှိခါမှ ငါသိတယ်လေး.. အဝေး.. ဟု ညည်းယူရသော) ရှေး ကရင်နည်း၊ ရှင်းရှင်းနှင့် ဘွင်းဘွင်းကြဲရသော မြောက်ပိုင်း ရှမ်းပြည်ဂေါ်နည်း၊ မထီတထီနှင့် ပလီတီတီ ကြဲရသော တောင်ပိုင်း ရှမ်းပြည်ဂေါ်နည်း၊ ညဉ့်အချိန် မိန်းကလေး အိမ်တွင် နှစ်ယောက်တည်း တွေ့ခွင့်ရှိ၍၊ စကားရည်ပြိုင် စကားထာဝှက်ရသော အင်းသားဂေါ်နည်း (တောင်ပိုင်းရှမ်းပြည်၌ ရှိသည်။) လက်ဖက်တောင် အတက်အဆင်း လက်ကမြင်းရသော ပလောင်နည်း၊ အကာလ ညဉ့်အခါ အပေါက်နှိုက်ရင်း ချစ်တင်းနှောရသောတောင်ပိုင်းရခိုင်နည်း၊ မြင်လျှင်မြင်ချင်း ရွှေခြေချင်းကို ချီးမွမ်းရသော ရွှေမန်းသူဂေါ်နည်း၊ စစ်ဝတ်စစ်စားနှင့် ဂျစ်ကားပေးစီးရသော မေမြို့ (ပြင်ဦးလွင်)သူ ဂေါ်နည်း၊ ကျောက်ကုန်သည် ဟန်ပြရသော မိုးကုတ် မိုးကောင်းသူဂေါ်နည်း၊ ရန်ကုန်အကြွား၊ မန္တလေးစကား၊ မော်လမြိုင် အစားဟု ဆိုသည့်အတိုင်း သောက်စားကြီးပါပေ့ဗျာ ဟု ချီးကျူး၍ ဂေါ်ရသော ရွှေမြိုင်သူ လုံးကြီးပေါက်လှတို့ကို ဂေါ်နည်းစသည့် ဒေသမန္တာရ နယ်လှည့်ဂေါ်နည်းတို့အပြင်၊ ရန်ကုန်မြို့ပေါ်၌ ဆေးလိပ်ခုံဂေါ်နည်း၊ အပ်ချုပ်ဆိုင်ဂေါ်နည်း၊ အထည်ဆိုင်ဂေါ်နည်း၊ ကုန်စုံဆိုင်ဂေါ်နည်း၊ ဆိုင်စာရေးမလေးဂေါ်နည်း၊ ထီစာရေးမဂေါ်နည်း၊ ရုံးစာရေးမဂေါ်နည်း၊ ဖုန်းစာရေးမဂေါ်နည်း၊ အရပ်သူဂေါ်နည်း၊ ကျောင်းသူဂေါ်နည်း၊ ကောလိပ်သူဂေါ်နည်း၊ နာ့စ်ဂေါ်နည်း၊ စာရေးဆရာဂေါ်နည်း၊ ကဗျာဆရာမဂေါ်နည်း၊ မိဘပေးစားမှ ယူမည်ဆိုသော အိမ်တွင်းပုန်း သူဌေးသမီးဂေါ်နည်း၊ (ဟင်... နောက်၊ ဘာကျန်သေး... ဪ ရှိသေး) မျက်ရည်ပေါက်ကြီးငယ်ကျရသော ဆရာသန်းဆွေ၏ ဂေါ်နည်း၊ စသည့် ဂေါ်နည်းမျိုးစုံ အဖုံဖုံကို လေ့လာကျွမ်းကျင်ခဲ့သော ဆရာထံသို့ လာရောက်ဆည်းကပ်ပါ။ ဂေါ်သင်တန်း ယူလှည့်ပါ။ ဆရာထံ နည်းနာခံပြီးမှ မစွံဘူးဆိုပါလျှင် ဆရာ ရဲရဲကြီး အာမခံလိုက်မည်။ ဆရာ့နမကို ချက်ချင်း ယူလိုက်ပါ။ ဟင် လောကမှာ ဤမျှ အာမခံရဲသော ကြော်ငြာရှင် ရှိပါသေးလား။ (နောက်မှ ဘာဖြစ်ဖြစ်လေ၊ ပထမ ကိုယ့်ကျောင်း လူလာဖို့ အရေးကြီးတာ) ဘုရားစူးစေ့ တကယ်ပါ။ သင့်အတွက် ဆရာ ကူညီစမ်းပါရစေ။ လာခဲ့ပါ။ ဆရာ မျှော်နေမယ်နော်။ (အမယ်လေး... ကျောင်းသားလိုချင်မှန်း သိသာလိုက်တာကွာ။ အို... ရှက်နိုင်ပါဘူးလေ။)
မှတ်ချက်
ကျောင်းသားဦးရေကို ကန့်သတ်ထားသည်။ လာသမျှထက် ၍ လက်ခံလိမ့်မည် မဟုတ်။
ပထမကျောင်းဝင်ကြေးငွေမလို၊ ဘရန်ဒီ သို့မဟုတ် ဝီစကီကွာ့ဒ် ပုလင်းကြီး တစ်လုံး။
နေ့စဉ်ကြေး ပိုင့်ဒ် ပုလင်းငယ်တစ်လုံး။
သင်တန်းမှာ သင်၏ အခြေခံ ဂေါ်ရည်ဂေါ်ချင်းကို လိုက်၍ ဖြစ်သည်။ သင် ဂေါ်မစွံခဲ့ပုံကို မရှက်မကြောက်ပြောပြရမည်။
ဆရာ့ကို တွေ့ရန်အချိန်
နံနက် ၆ နာရီမှ ညနေ ၆ နာရီ
ညနေ ၆ နာရီမှ နံနက် ၆ နာရီ
တစ်ရက်လျှင် ဤနှစ်ချိန်မျှ တွေ့နိုင်သည်။ ဆရာ့မှာ အလုပ် များလွန်လွန်းလို့ အချိန်ကို ကန့်သတ်ထားရသည်။
မှတ်ချက်
ဆရာ့ကို အိမ်မှာ မတွေ့ခဲ့သော် လမ်းထိပ်အရက်ဆိုင်ကို လာခဲ့ပါ။
လူကြီး၊ လူငယ်၊ လက်ဝဲ လက်ယာမရွေး လက်ခံသည်။ သို့သော် ဂုဏ်သရေရှိသူ ဖြစ်ကြောင်း၊ ထောက်ခံစာ ပါရမည်။ ဤသည်မှာ အခြားမဟုတ်။ အရက်ဆိုင်နှစ်ဆိုင် အချိန်မရွေး အကြွေးရကြောင်း မန်နေဂျာ၏ လက်မှတ်ဖြစ်သည်။ (ဤအချက်သည် အရေးကြီးဆုံးဖြစ်ကြောင်း သတိပြုပါ။)
(ပုံ) သော်တာဆွေ
ဂေါ်ဝိဇ္ဇာ
ကျွန်တော်မှာ ဆရာကြီး မဟာဆွေ၏ သားတပည့်ပီပီ အသက်ကြီးလာလေလေ အသောက်ကြီးလာလေ ဖြစ်ရကား လစဉ်ရသမျှ ဝတ္ထု ရေးခကလေးနှင့် မသောက်
လောက်တော့သဖြင့် မိမိကိုယ်တိုင် ဂေါ်မစွံ ဖြစ်ပါလျက် အလုပ်မရှိ၍ အလုပ်လက်မဲ့ အသင်းဖွဲ့သကဲ့သို့ အစ်မကြီး ခင်မျိုးချစ် အကြံပေးသည့်အတိုင်း ဖော်ပြပါ မဟုတ်ကဟုတ်ကသော ဆိုင်းဘုတ်ကို အိမ်တွင် ချိတ်လိုက်ပါသည်။ (၃)ရက်မြောက်နေ့တွင်...
🍀 ကျားပျံကြီး ဈေးဦးပေါက် ရောက်လာခြင်း
"ဗျို့ ဦးသော်တာဆွေ၊ ဦးသော်တာဆွေ ရှိပါသလား"
အချိန်မှာ နံနက် (၉)နာရီခန့် ရှိပေပြီ။ သို့သော် ကျွန်တော် အိပ်ရာမှ မထသေး။ ညက အရက်ဆိုင်မှ တရုတ်ပေသီးဖြင့် တွက်ချက် မှတ်သားထားလိုက်သော ကြွေးစာရင်းတွေ မှန်မမှန် ပြန်လှန်တွေးတောနေပါသည်။ နောက်ထပ် ဘဲကင်တစ်ခြမ်း ထပ်ယူ မယူ ဇဝေဇဝါ ဖြစ်နေခိုက် အထက်ပါ ခေါ်သံကို ကြားရသည်နှင့် ခေါင်းရင်းက ကျူထရံချပ်ကို လုပ်လိုက်ရာ...
"အလို.. ဖိုးကြည်လင်တို့ ဖိုးမြသန်းတို့ ဖိုးအောင်လင်းတို့ ပါလား။ စောစောစီးစီး ဘာကိစ္စ၊ စာပေသစ်တရား ဟောဦးမလို့လား။ ကိုသန်းတင်ပါ ဘာလို့ မခေါ်ခဲ့တုန်း၊ လာ.. လာ အိမ်ပေါ်တက်ကြ''
သူတို့သည် စာပေသစ်သမားများ ဖြစ်ကြောင်း မိတ်ဆွေ သိပြီး ဖြစ်ပါလိမ့်မည်။ အိမ်ပေါ် ရောက်ကြသောအခါတွင် သူတို့အထဲ၌ အညှက်ဆုံးဖြစ်သလောက် အသွက်ဆုံးဖြစ်သော အောင်လင်းက..
"စာပေကိစ္စ မဟုတ်ပါဘူးဗျာ။ ဂေါ်ပေကိစ္စ''
"ဘယ်သူ့ အတွက်လဲ''
"ဟော့ဒီ ကျားပျံကြီး''
လက်သန်းလုံးလောက် ထူသော မျက်မှန်ရွဲကြီးနှင့် မြသန်းကို ညွှန်ပြသဖြင့်...
"အလို... ကိုမြသန်းက ကလောင်နာမည်ပြောင်းလိုက်သလား။ ဆိုရှယ်လစ် ကိုဘဆွေက ကျားကြီး၊ ခင်ဗျားက ကျားပျံကြီးဆိုတော့ သူ့ထက်တောင် တစ်လုံး ပိုနေတာပေါ့''
အောင်လင်းကပင်...
"ကလောင်နာမည် ပြောင်းတာ မဟုတ်ဘူး၊ ဂေါ်ပွဲတစ်ခုမှာ ကျန်ရစ်ဖြစ်ရင်း အလိုလို ဒီနာမည်ရလာတာ။ ကဲ... ဒီအကြောင်းက နောက်မှ ရှင်းတာပေါ့။ အခု ကျုပ်တို့လာရင်းကတော့ သူ့ကို ကျောင်းအပ်ဖို့ပဲ လက်ခံနိုင်မယ် မဟုတ်လား''
"ဒါကတော့ ကျုပ် ကြော်ငြာထဲပါတဲ့ စည်းမျဉ်းအတိုင်းပဲ''
'အသိမိတ်ဆွေချင်း ဖြစ်သော်လည်း မလျှော့နိုင်ဘူး' ဟူသော အမူအရာနှင့် ပြောလိုက်ပါသည်။ ဤတွင် လူလည်လူပါးဖြစ်သော အောင်လင်းက ''ကဲ.. ကျားပျံကြီး ထုတ်စမ်းကွာ'' ဟု ဆိုလိုက်သည်၌ မြသန်း၏ လွယ်အိတ်ထဲမှ ဝှိုက်လေဘယ်လ် ဝီစကီကွာ့ဒ် ပုလင်းကြီး ပေါ်ထွက်လာပါတော့သည်။
ကျွန်တော်မှာ ဆန့်တန်းအပ်သောလက်ဝယ် အသပြာထောင်ထုပ်ကို ရဘိသို့ များစွာပင် နှစ်ထောင်းအားရ ရှိလှ၍ အိပ်ရာထ မျက်နှာမသစ်ရသေးဘဲလျက် စိုစွတ်လာသော သွားရည်ကို ကျွင့်ခနဲ မျိုချလိုက်ပြီး...
"အင်း... ဒါတော့ ဟုတ်ပြီ။ နောက်... အရက်ဆိုင်နှစ်ခုက အချိန်မရွေး၊ အကြွေးရကြောင်း၊ ထောက်ခံစာကော''
အောင်လင်းကပင် မြသန်းအင်္ကျီအိတ်ထဲမှ စာရွက်နှစ်ခုကို ဆွဲထုတ်လိုက်ပြီး...
"ဟော့.... ဒါက၊ မြေနီကုန်းထပ် အဝိုင်းကြီးရှေ့ဆိုင်က အကြုံရဲ့လက်မှတ်၊ ဟော့ဒါက ရှမ်းလမ်းနဲ့ မအူပင်လမ်းထောင့် ခေါက်ဆွဲဆိုင်က အယန်ရဲ့ လက်မှတ်''
ကျွန်တော်သည် စာနှစ်ရွက်ကို သေချာစွာ ကြည့်ရှုပြီး...
"အင်း... ဟုတ်တယ်။ ဒီဆိုင်တွေက အကြုံနဲ့ အယန်ကို ကျုပ် ကောင်းကောင်း သိတယ်။ 'လူတွေ မူးအောင် ပုလင်းထောင်ပေးတာ တို့ အယန်၊ လိုချင်သမျှကို အကြွေးတွေပေးတာ တို့အကြုံ' လို့တောင် ကျုပ် သီချင်းဆိုလေ့ရှိတာပဲ။ ကဲ... ဒါဖြင့် အဖေ၊ အမေနာမည်နဲ့ အသက် နေရပ်တွေပြော တစ်ခါတည်း ကျောင်းသားလက်ခံစာရင်း သွင်းလိုက်မယ်''
ကျွန်တော်သည် လက်ခံစာရင်း စာအုပ်၌ မြသန်းပြောသည်များကို ရေးမှတ်ပြီးနောက်...
"ကဲ... ဆရာတပည့် အဖြစ်နဲ့ ဂေါ်သင်တန်း ပေးရမယ်ဆိုတော့ ဆရာက တပည့်ရဲ့ အခြေခံ အရည်အချင်းကို သိထားနှင့်ဖို့ လိုတယ်။ မှန်တဲ့အတိုင်းသာ ပြော၊ ပညာ ဘယ်အထိ သင်ဖူးလဲ။ ယူနီဘာစီတီမှာ နေခဲ့ဖူးသလား"
"ဘီအေ အောင်ပါတယ်''
"အို... ဂွဒ် များသောအားဖြင့် မိန်းကလေးတွေ သွားရည်ကျတတ်တဲ့၊ နောက်ဆွယ် ဒီဂရီကလေးနဲ့ပဲ''
မောင်ကြည်လင်က ဝင်၍ တောက်ရာ...
"အင်း ဒါလည်း ကောင်းပါတယ်။ သို့သော် တချို့ စာအုပ်ကလေးတွေ မတောက်တစ်ခေါက် ဖတ်ပြီး၊ သူတို့ကိုယ်သူတို့ တောင်မကျ မြောက်မကျ ဖြစ်နေတဲ့ ဟာကလေးတွေလို လူ့ဂွစာ ဖြစ်နေမှာ စိုးရတယ်"
အောင်လင်း ''ဟာ.. မဖြစ်ရပါဘူး။ သင်တန်းကို နည်းလမ်းတကျ အစအဆုံး တက်ခဲ့တာပဲ။ စိတ်ချပါ''
"ဒါဖြင့် ကောင်းပါပြီလေ။ နို့.. ပြီး ကျုပ်သိထားတာ တစ်ခု မေးရဦးမယ်။ သာဓုက တာရာ့ကို နှိပ်ထားတာထဲမှာ မြသန်းနဲ့ ကြည်လင်ဟာ တာရာ့ရဲ့ နောက်လိုက် တပည့်လက်ကိုင်တုတ် ဖြစ်ခဲ့တယ်လို့ ရေးတယ်။ ဒါမှန်ပါသလား။ ရှင်းရှင်းပဲ ပြောစမ်းပါ''
ကြည်လင်နှင့် မြသန်းမှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်နေကြသည်။ အတော်ကြာမှ အောင်လင်းက...
"ဒါကတော့ ဒီလိုပါ။ သာဓုက ရေးမယ်ဆိုလည်း ရေးစရာ ဖြစ်ခဲ့ပါတယ်။ အမှန်က အစဦးမှာ သူတို့ဟာ တာရာနဲ့ စာပေသစ် သဘောချင်း ကိုက်ညီမယ်ထင်ပြီး ပူးပေါင်းခဲ့ကြတယ်။ တာရာမဂ္ဂဇင်းထဲမှာ ဝင်ရေးခဲ့ကြတယ်။ တက်တိုးက တာရာကို ဝေဖန်တဲ့အခါမှာ ကိုယ့်ရေးဘက်တော်ရယ်ဆိုပြီး တာရာ့ဘက်က ကူညီခဲ့ကြပါတယ်။ နောက်တော့မှ တာရာရဲ့ စာပေသစ်ဟာ ဝစ်လစ်စလစ်အလှ (Naked Beauty)၊ ရွှေအိုရောင် (Ragged Gold)၊ ပင်မရေစီး (Main Stream) စသည်ဖြင့် အင်္ဂလိပ် စကားလုံးတွေ တိုက်ရိုက်ပြန်ထားတဲ့ စကားလုံးသာ တချို့လူ နားမလည်အောင် သစ်ပြီး အကြောင်းအရာကျတော့ ဘာမှ မသစ်ဆန်းတာ သိရလို့ တာရာနဲ့ ခွဲထွက်ခဲ့ကြပါတယ်။ အခုတော့ တာရာနဲ့ စာပေရေးရာမှာ လုံးဝ မပတ်သက်တော့ပါဘူး။ ကျုပ်တို့ ဆိုလိုတဲ့ စာပေသစ်က အားလုံးရေးသားမှု 'ဟန်' ထက် အကြောင်းအရာတည်းဟူသော 'ပစ္စည်း' ကို ပဓာနထားပြီး တိုင်းပြည်လူထုရဲ့ ဘက်တော်သား...''
ကျွန်တော်က ဖြတ်၍...
"ကဲ တော်ပါတော့လေ။ ကိုအောင်လင်း... ခင်ဗျားကို ကျပ်က စာပေသစ်တရား ဟောခိုင်းနေတာ မဟုတ်ပါဘူး။ မြသန်းကို ဂေါ်သင်တန်း ပေးဖို့အတွက်သာ တာရာနဲ့ ဘယ်လို ပတ်သက်ခဲ့သလဲ သိချင်လို့ မေးတာပါ''
''နေပါဦး၊ ဂေါ်သင်တန်းမေးဖို့နဲ့ တာရာနဲ့ ပတ်သက်ခဲ့တာနဲ့ ဘယ်လို စပ်ဆိုင်နေလို့လဲ''
"ဆိုင်ပါသော်ကော... ကိုအောင်လင်းရယ်၊ ဆိုင်ပါသော်ကော၊ ကျုပ်ပြောမယ်ဗျ။ ကျုပ် တာရာ့ကို ကောင်းကောင်း သိတယ်။ ဒီငနဲဟာ လူမှုရေးရာမှာ အင်မတန် အူကြောင်ကြောင် နိုင်တယ်။ ကဲ ဖြတ်မေးရဦးမယ်။ မောင်မြသန်းဟာ တာရာနဲ့ တစ်ခါက ရင်းရင်းနှီးနှီး ပေါင်းသင်း ဆက်ဆံခဲ့ဖူးတယ် ဆိုတာတော့ ခင်ဗျားတို့ မငြင်းနိုင်ဘူးပေါ့''
"ဟုတ်ပါတယ်။ ဒါတော့ ဝန်ခံရမယ်''
"ကဲ... ဒါဖြင့် ဘာမှ စောဒက မတက်ကြနဲ့တော့။ ကျုပ် အတိအကျ ပြောလိုက်တော့မယ်။ တာရာရဲ့ အူကြောင်ကြောင် ဖြစ်မှုတွေဟာ မောင်မြသန်းကို ကူးစက်နေတယ်။ ကျုပ်... သူ့မျက်နှာမြင်တာနဲ့ သိတယ်။ ဒီအူကြောင်ကြောင်ဖြစ်မှုဟာ မနုဿဂေါ်ဂနိုက်ဇေးရှင်းရဲ့
အောင်မြင်မှုမှာ ဘယ်လောက်ဆိုးဝါးတဲ့ အတားအဆီးကြီးလဲဆိုတာ ခင်ဗျားတို့ စဉ်းစားကြည့်ရင် သိနိုင်တယ်။ သန်းဆွေ ကြည့်ပါလား။ သူ့ရဲ့ ဝမ်းတွင်းပါ အူကြောင်ကြောင်ဖြစ်မှုကြောင့် ဂေါ်ပွဲဟူသမျှ သူချည်း နောက်ကောက်ကျ ကျန်ရစ်တာချည်းပဲ။ ကျုပ်... မေမြို့(ပြင်ဦးလွင်) ရောက်တုန်းကလည်း သူ့ကို အကွဲထိုးသွားတဲ့ မဟဝှါ ကပ္ပတိန်တစ်ယောက်နဲ့ စေ့စပ်ပြီးစီးနေတာ တွေ့ခဲ့ရတယ်။ ကဲ... ဒါတွေ ထားပါလေ။ ကျုပ်တို့ လုပ်ငန်းကို ပြောကြစို့။ အခု မောင်မြသန်းမှာ နဂိုက ဂေါ်မစွံရုပ်ရည် အမူအရာ ရှိနေရတဲ့အထဲ အဇာတသတ်မင်းသား ဒေဝဒတ်ထံ တပည့်ခံမိသလို တာရာနဲ့ ပေါင်းသင်းမိလို့ တာရာ့ရဲ့ အူကြောင်ကြောင်ဖြစ်မှုတွေ ကူးစက်နေတဲ့အတွက် ကျုပ်က သူ့ကို ဂေါ်သင်တန်းပေးတဲ့အခါမှာ ဒီ အူကြောင်ကြောင် ဖြစ်မှုတွေကို ပထမ သုတ်သင်ရမယ်။ ဒီတော့ ကျုပ် လုပ်ငန်းတစ်ခု ပိုလာတယ်။ ဒါကြောင့် ကျုပ် ကျောင်းစရိတ်နှုန်းထားကို တရားနည်းလမ်းကျနစွာ ပြောင်းရပါလိမ့်မယ်။ ဘယ်လိုလဲဆိုရင် ကျောင်းဝင်ကြေးတော့ လာပြီးသားကိစ္စ ဒီပုလင်းကြီးတစ်လုံးပဲ ထားပါတော့။ သို့သော် နေ့စဉ်ကြေးမှာဖြင့် ကြော်ငြာထဲ ပါတဲ့အတိုင်း တစ်ပိုင်းနဲ့ မထားနိုင်တော့ဘူး။ စပါယ်ရှယ်စရိတ်နဲ့ နောက်ထပ် တစ်စိတ်တိုးပြီး တစ်နေ့ကို တစ်ပိုင်းနဲ့ တစ်စိတ်မှ ကျုပ် လက်ခံနိုင်တော့မယ်။ ကဲ... ခင်ဗျားတို့ စဉ်းစားကြ။ ကျုပ်... မျက်နှာသစ် သွားလိုက်ဦးမယ်''
ဟု ဆိုရင်း ထိုင်ရာမှ ထလိုက်ပြီး
"ဒါတောင် ခင်ဗျားတို့ဟာက တာရာ့ဆီက တစ်ဆင့်ကူးတာမို့လို့ သန်းဆွေလို ဝမ်းတွင်းပါ အူကြောင်ကြောင်ဖြစ်ရင် တစ်ပိုင်းတစ်စိတ်မပြောနဲ့ တစ်ပိုင်း နှစ်စိတ် တစ်ပုလင်းတောင် ကျုပ် တော်တော် စဉ်းစားရလိမ့်ဦးမယ်''
ပြောပြောဆိုဆိုနှင့် ရေအိုးရှိရာသို့ လာခဲ့ပါသည်။
ဤနေရာ၌ တာရာနှင့်သန်းဆွေကို ခင်မင်သူများက ကျွန်တော့်ကို ဆဲရေးကြလိမ့်မည် ထင်ပါသည်။ သို့သော် သည်းခံကြပါခင်ဗျာ။ တာရာနှင့် ကွဲပြားသွားသော စာပေသစ်သမားများထံမှ နောက်ထပ် တစ်စိတ်တိုးရရန် မဟုတ်ကဟုတ်က လီဆယ် ကြံဖန်ရခြင်း ဖြစ်ပါသည်။
(စိတ်မဆိုးကြပါနဲ့နော်။ ကိုတာရာနဲ့ ကိုသန်းဆွေ ခင်ဗျားတို့ ကျွန်တော့်ကို ဘေးမဲ့ထားနေကျပဲ)
ကျွန်တော်၏ ထွင်ပေါက်ကား ဝင်လေပြီ။ ကျွန်တော် မျက်နှာသစ်နေစဉ်၌ သူတို့ တီးတိုးပြောသံကြားရ၏။
အောင်လင်းက
"ဟုတ်သားပဲ။ မင်းတို့ကို ငါအစကတည်းက ပြောသားပဲ။ ဒီတာရာနဲ့ သွားမပူးပေါင်းနဲ့လို့၊ အခုတော့ ကောင်းတယ်။ တာရာ့အတွက် တစ်စိတ်တိုးသွားတာ''
မြသန်းက
"အင်း ရလိမ့်မယ်။ ဒီ သော်တာဆွေ ဆိုတဲ့ကောင်က အရက်နဲ့ကျရင် ဘယ်ဒင်းမှ မရဘူး။ လူချင်းထက် အရက်ကို ပိုခင်တဲ့ ကောင် သိရဲ့လား"
ကြည်လင်က
"ဒါဖြင့် သူ့ကျောင်းမတက်ဘဲ နေလိုက်ကွာ''
အောင်လင်းက
"မတက်ဘဲ နေလို့ ဖြစ်မယ်လား။ တို့လူက ဒီလို ဂေါ်သင်တန်းမှ မယူရရင် တစ်သက် မိန်းမရတော့မှာ မဟုတ်ဘူး။ အကြောထလိုက်တာကလည်း မပြောနဲ့တော့။ ဒီတော့ မစွံတဲ့အတူတူ ရှေ့ပိုင်းခေါက်ပြီး၊ နောက်မီးဖွင့်ဖို့ပဲ ရှိတော့တယ်။ ကဲ... မြသန်း မင်း... ဒီလိုကော နောက်မီးဖွင့်ချင်လို့လား''
မြသန်းသည် သူ့မျက်နှာ ပုံဆိုးကြီးကို (၇၅) ခေါက်ချိုးပြီး
"ဟာ... မင်းကလည်းကွာ''
"အေး.. ဒါဖြင့် သူပြောတဲ့အတိုင်းသာ ပေးလိုက်ပေတော့''
မောင်ကြည်လင်က
"နေပါဦး။ သူ့ကျောင်းတက်တော့ကာ ရှူးဝါး စွံ
ရောတဲ့လား''
အောင်လင်းက
"ဒါတော့ သူ့ကြော်ငြာထဲ ပါတဲ့အတိုင်းပဲ။ သူ့ကျောင်းတက်လို့မှ မစွံရင် သူ့နှမယူရုံပေါ့ကွ''
ကျွန်တော်မှာ အကြောတွန့်၍ သွားပါသည်။ ဤအတွင်း၌ မောင်ကြည်လင်က လုပ်လိုက်သေးသည်။
"သူ့နှမက မစွံတာကြီး ဖြစ်နေရင်ကော''
"အို... သော်တာဆွေ နှမဆိုရင် အရုပ်ဆိုးမယ် မဟုတ်ပါဘူးကွာ။ သူ့လိုပဲ သောက်ကျင့် မကောင်းရင်သာ ရှိရမယ်''
မအေပေးမျိုးတွေ၊ ပြောပုံကိုက ကြာလျှင် သူတို့ကို ပြေးထိုးမိတော့မည်။ ထို့ပြင် ကျွန်တော် တောင်းဆိုသော ကျောင်းစရိတ်ကိုလည်း လိုက်လျောတော့မည် ဖြစ်သောကြောင့် မျက်နှာ ပေါင်ဒါရိုက်ရင်း ချောင်းတစ်ချက် ဟန့်လိုက်ပြီး စားပွဲအံဆွဲထဲမှ စာတစ်စောင်ကို ယူ၍ သူတို့ဆီသို့ လျှောက်လာခဲ့သည်။
"ကဲ... မောင်မြသန်း''
ယခင်က ကိုမြသန်းခေါ်ခဲ့သော်လည်း ယခု မိမိတပည့်အရာ ရောက်နေပြီ ဖြစ်သောကြောင့်
"ရော့.. ဒီစာ ဖတ်ကြည့်စမ်း။ စာမြည်းပေါ့ကွယ်''
စာကို ပေးလိုက်ပါသည်။
၎င်းစာမှာ သူသွားရည် ကျလောက်ပေသည်။ မိတ်ဆွေ ဖတ်ရှုပါဦး။ စာရွက် အစိမ်းနုကလေး ပေါ်တွင် မိန်းကလေး လက်ရေးလှလှကလေးတွေနှင့် ဖြစ်သည်။
အချစ်ဆုံးမောင်...
မောင့်ဆီက စာလေ၊ ဒီကနေ့ မနက်ရတော့
အို... ဝမ်းသာလိုက်တဲ့ ဖြစ်ခြင်း၊ သိန်းဆု ပထမပေါက်ရင်တောင် ဒါလောက် ဝမ်းသာမယ် မထင်ပါဘူး။ အဟုတ်ပါ မောင်ရယ်...။
မောင်... အသက်ရယ်.. မောင့်ဆီက စာကို မေ စောင့်ရတာ ကြာလှပါပကောကွယ်။ မေကတော့ မောင် မေ့ထက်ချစ်တာ တွေ့သွားပလားလို့။ အို... မောင် မေ့ကို မသေးဘဲကိုး။
မောင်ရယ် အချစ်ကို ခွင့်လွှတ်ဖို့ မေ့ကို ပြောပြောနေရသေးလားကွယ်။ မောင့်ကို ခွင့်လွှတ်ဖို့ဆိုတာက မောင့်အပြစ်ဆိုလို့ မေ့ဘက်က တစ်စက်ကလေးမှ မမြင်ဘူး။ ရှိတယ်လို့ကို လုံးလုံး မထင်ပါဘူး
အသက်ရယ်...
သတင်းစာတွေထဲမှာ မြဝတီ ပြဇာတ်ကြော်ငြာတော့ မောင့်နာမည်ကိုလည်း မေ တွေ့လိုက်ရတော့ ဇာတ်တိုက်ရ၊ သီချင်းကျက်ရနဲ့၊ အို... မောင် သိပ်အလုပ်ရှုပ်နေလိမ့်မယ်ဆိုတာ မေ တွေးမိပါတယ်ကွယ်။ ဒါကြောင့် မောင့်ကို အလုပ်ပို မပေးတော့ပါဘူးဆိုပြီး စာထပ်မရေးဘဲ မောင့်ဆီက စာကိုသာစောင့်နေခဲ့တယ်။
မောင်ပေးလိုက်တဲ့ ဓာတ်ပုံကိုလည်း မေ သဘောကျပါတယ်။ မေ့အတွက်တော့ မောင်ဟာ အစဉ်လှနေတာပဲ။ ချောနေတာပဲ။ ခံ့နေတာပဲ။
You are the fairest of all the men, I have ever seen.
မောင့်အဖို့လေ မေ အခု ဆွယ်တာထိုးနေတယ်။ ပြီးတော့မယ်။ ကိုယ်စား မောင့်ကို ထွေးဖို့ ဆောင်းအမီ ပို့လိုက်မယ်နော်။ မောင့်ဆီကတော့ မေ ဘာမှ မလိုချင်ပါဘူးကွယ်နော်... စိတ်လည်း မကောက်နဲ့ဦးနော်။
အို.. မောင်ရယ် အချစ်ရယ် မေ့ အသက်ရယ် မောင့်ကိုလေ မေ ချစ် ချစ် ချစ် ချစ်လွန်းအားကြီးလို့ပဲ ခက်ပါတယ်ကွယ်။ 'ချစ်ဒီဂရီ' နည်းနည်း လျော့သွားအောင် ဘယ်လိုလုပ်ရမလဲဟင်း၊ သိရင် အကြံပေးစမ်းပါ၊ ဒါမှ မေ နည်းနည်း သက်သာမှာ သိရဲ့လား။
Then so long, sweet heart with thousands of deep kisses, never ending.
Ever Yours
May
မြသန်း(ဝါ) အောင်လင်း အခေါ် ကျားပျံကြီးမှာ ဤစာကို ဖတ်၍ သွားရည်ကျနေ ရှာပါသည်။ သူ့မျက်မှန် အထူကြီးထဲမှ ကျွန်တော့်ကို မော်ကြည့်လိုက်ကာ...
"ဟင်... ဒါက ဘယ်သူ့စာလဲ''
"ကိုယ့်ရည်းစား မေက အခု ကိုယ်တို့ ပြဇာတ်တိုက်နေတုန်း သူ့ဆီကို စာပြန်နောက်ကျလို့ ရေးတာလေ''
အမှန်စင်စစ်စစ်မှာ ကျွန်တော် စိတ်ကူးယဉ်၍ မိမိကို မိန်းကလေး တစ်ယောက်က ပေးလေဟန်နှင့် ဆရာသန်းဆွေ နည်းအတိုင်း ကိုယ့်ဟာကိုယ်ရေးပြီး အိမ်အနီးက အသိမကလေးအား ကူရေးပေးခိုင်းထားခြင်း ဖြစ်ပါသည်။ ဤကိစ္စ၌ ကျွန်တော် မသက်သာပါ။ ထိုကလေးမအား စာကို ကူးရေးပေးပါမည့် အကြောင်း၊ ပထမ သူ့အိမ်တွင် ရှိသမျှ
သွေးမဖြစ်တော့သော သနပ်ခါးတုံး အကောက်တွေကို သွေးဖြစ်အောင် လွှနှင့် တိုက်ဖြတ်ပေးရပါသည်။ လူ့ကို ချွေးဒီးဒီးကျလို့။ ဒုတိယ ယခု ကျွန်တော့်ကိုယ်၌ ဝတ်ထားသော စွပ်ကျယ်ဖြဲကာ အစကို စုတ်လျှင် စင်စင်ကြယ်ကြယ်လျှော်ပြီး သူ့အား တို့ပတ်ပဝါလုပ်ဖို့ ပေးရန် ကတိထားရပါသေးသည်။ မိန်းကလေးများ သူတို့ဆီက ရဖို့ဆိုရင် သိပ်ဈေးကိုင်တာ။
ဤမျှပင် ကြံထားရပါသည်။ သို့ကြောင့်ပင် ကျားပျံကြီးမှာ အဟုတ်မှတ်ကာ စာကိုပင် ထပ်မံ ကြည့်ရှုလိုက်ပြီး...
"စာလုံးကလေးကလည်း သိပ်ချစ်စရာ ကောင်းတာပဲ။ အရေးအသားကလည်း နွဲ့လိုက်တာနော်။ ဆရာ့ကို သူ ဘယ်လောက်ချစ်သလဲဆိုတာ သိပ်သိသာတာပဲ''
ကျွန်တော်က
"မောင်ရင် ဒီစာမျိုးတွေ တစ်လ လေးငါးစောင်လောက် ရမနေချင်ဘူးလား''
ဤနေရာ၌ကား ကျားပျံကြီးမှာ နှုတ်ကပင် မဖြေနိုင်ဘဲ သူ၏ မသေမသပ် ခုံဖိနပ်ဦးကော့နှင့် တူသော စုတ်လန်လန် နှုတ်ခမ်းကြီးကို ဖြဲကာ ''အဟီးဟီး၊ အဟီးဟီး.." နှင့်သာ ဘယ် ဂီတပေါက်မှ မဝင်သော သံပြာဆိုးကြီးနှင့် ဟီးနေသဖြင့် ကျွန်တော့်မှာ မိမိ ဂြိုဟ်ပေါက်ဝင်ပြီကို အတပ်သိရကား...
"အင်း.. ဆရာတပည့် ဖြစ်ရင် ဒီစာမျိုးတွေ လိုချင်သလောက် ရမှာပေါ့ကွယ်။ ဆရာတော့ ဒါမျိုးတွေ လာလွန်းအားကြီးလွန်းလို့ ငြီးနေပါပြီ။ ကဲ ဆရာပြောတဲ့အတိုင်း တာရာဆီက ကူးတဲ့ အူကြောင်ကြောင် ရောဂါဆိုးကို သုတ်သင်ဖို့အတွက် နေ့စဉ်ကြေး တစ်စိတ်ပေးဖို့ သဘောတူမယ် မဟုတ်လား။ ဆရာကလည်း မတရားသဖြင့် တောင်းတာ မဟုတ်ပါဘူး''
မြသန်းမှာ သူ့အဖော်တွေ မျက်နှာတစ်လှည့်စီ ကြည့်နေပါသည်။ ဤတွင် လူတွင်ကျယ် လုပ်ချင်သော အောင်လင်း ပိစိကွေးက...
"နေပါဦး၊ တာရာဆီက အူကြောင်ကြောင် ရောဂါကူးတယ်ဆိုတာ ခင်ဗျား ဘယ့်နှယ်လုပ် ပြောနိုင်တာလဲ''
ကျွန်တော်က သွက်လက်စွာပင်...
"ကြည့်ပါလားဗျ။ သူ့မျက်နှာကိုက သွားလေသူရဲ့ ဓာတ်ပုံဟောင်းကို ပုံကြီးချဲ့ထားသလို ဖုန်ဖွားဖွား မှုန်မွှားမွှားကြီး နေတာပဲ။ တာရာမျက်နှာလည်း ဒီအတိုင်းပဲ''
ဤနေရာ၌ သူတို့ မငြင်းနိုင်။ အောင်လင်းနှင့် ကြည်လင်တို့မှာ ကျွန်တော်ပြောလိုက်မှ 'ဟုတ်ပေသား' ဟူသော အမူအရာနှင့် မြသန်းမျက်နှာကို ဝိုင်းကြည့်နေကြသည်။ မြသန်းမှာကား အလယ်က ဟိုလူကြည့်လိုက်၊ သည်လူကြည့်လိုက်နှင့် ကြောင်စီစီ။
ထို့နောက် မောင်ကြည်လင်က...
"နို့... ဒီ အူကြောင်ကြောင် ဖြစ်မှုကို ပြုပြင်လို့ ရပါဦးမလား''
"ဟာ... ဒါတော့ ခွေးတောင် လက်ပေးသင်ရင် တတ်သေးတာပဲဗျာ။ မခဲယဉ်းပါဘူး။ တံငါနားနီး တံငါ၊ တာရာနားနီး တာရာဆိုတာလို သော်တာဆွေနားနီးတော့ သော်တာဆွေ ဖြစ်လာမှာပေါ့။ နို့..ပြီး... ရွှေတောင်မှာနေတော့ ရွှေရောင်ဟပ်ပြီး ရွှေဟင်္သာဖြစ်တယ်လို့ ဆိုတဲ့ စကားလည်း ရှိတယ်မဟုတ်လား''
ဤတွင် အောင်လင်းက...
"ကဲ.. ကျောင်းအပ်လို့တော့ ပြီးစီးသွားပြီ။ ဒီနေရာမှာ ကျွန်တော်က တစ်ခု အစီရင်ခံပါရစေ''
ကျွန်တော့်မျက်နှာကိုကြည့်၍ လေးလေးနက်နက် ပြောနေသဖြင့် ကျွန်တော်ကလည်း
ကျောင်းအုပ်ဆရာကြီးပီပီ...
''အမိန့်ရှိပါခင်ဗျာ... အမိန့်ရှိပါ''
''တခြားမဟုတ်ပါဘူး။ ကျွန်တော်တို့ ရှေးအစဉ်အလာ ဗုဒ္ဓဘာသာ မြန်မာ့ထုံးစံမှာ ငှက်ပျောသီးနဲ့ မုန့်ပဲသွားရည်စာနဲ့ ကျောင်းအပ်လာတဲ့အခါမှာ စိတ်နှလုံးသား မွန်မြတ်တဲ့ ဆရာတော်ကြီးများဟာ ကျောင်းအပ်လာတဲ့ လူများကို သူ့ကို ပူဇော်တဲ့ ပစ္စည်းထဲက ခွဲဝေ ကျွေးမွေးလေ့ရှိပါတယ်''
ကျွန်တော့်ရှေ့၌ ချထားသော ဝီစကီပုလင်းကို ကြည့်၍ ပြောလေရာ ကျွန်တော့်မှာ မနေသာတော့ဘဲ...
''ဪ... ကျပ် နားလည်ပါပြီ။ ကျုပ်က ခင်ဗျားတို့ မနက် စောစောစီးစီး မလုပ်ဘူးလား အောက်မေ့နေလို့ပါ
''ဟာ... ကျုပ်အဖို့တော့ ဒီကောင်ကို အချိန်မရွေး ပေါင်းသင်းရတာပဲ။ မိတ်ကောင်း ဆွေကောင်းပဲ။ မိန်းမတွေထက် သစ္စာရှိတယ်၊ မိန်းမတွေဟာ ဖောက်ပြန်တတ်တယ်။ သူဟာ ဘယ်တော့မှ သူ့မူလ စိတ်ဓာတ်ကို မလှန်ဘူး''
''အင်း.. ဒီနေရာမှာ ခင်ဗျားနဲ့ ကျုပ်နဲ့ အယူအဆချင်းတူတယ်။ ကဲ... တပည့် (မြသန်းဘက်လှည့်၍) ဆရာ တော်တော်ချင်း ခိုင်းတယ်လည်း မအောက်မေ့နဲ့ကွယ်။ ဟော.. ဟို ကြောင်အိမ်ထဲမှာ ဖန်ခွက်နဲ့ ဖောက်တံ ယူချေကွယ်''
မြသန်းက သွက်လက်စွာထ၍ သွားရာ အောင်လင်းက
''ဟာ... ခိုင်းလို့တော့ အင်မတန် ကောင်းပါတယ်။ ခိုင်းသာ ခိုင်းပါ။ သူကိုယ်တိုင် အရက်မသောက်ပေမယ်လို့...''
''ဟင်.. သူ အရက်မသောက်တတ်ဘူးလား''
''လုံးဝ မသောက်တတ်ဘူး''
''ဟာ... ကောင်းပေါ့ဗျာ။ ဒီတပည့်မျိုးရတာ အရင် တပည့် မင်းရှင်နောင်တို့ ခင်မောင်ရီတို့ ခင်မောင်ကြည်တို့ သာဂဒိုးတို့တုန်းကတော့ ကျုပ်ထက်ကို ပိုသောက်နေလို့ လောက်တယ်ကို မရှိဘူး''
"အဲမြသန်းက သူ မသောက်ပေမယ့်လို့ သောက်တဲ့ သူငယ်ချင်းကို မကဲ့ရဲ့ ဘူး။ သောက်ချင်တယ်ဆိုရင် သူ့ပိုက်ဆံနဲ့ တိုက်တယ်။ ငဲ့ပေးတယ်။ မူးရင် ထိန်းတယ်။ အမူးသမားချင်း ရန်ဖြစ်ကြရင် သူ ရှေ့ကနေ ဆော်တယ်''
"အမယ်လေး တယ်အဖိုးတန်တဲ့ သူငယ်လေးပါလား။ ကိုအောင်လင်းရယ်။ ဒါကြောင့် ကျုပ် ညက မိုးကုတ်က ပတ္တမြားတစ်လုံး ကောက်ရတယ်လို့ အိပ်မက်တာပဲ။ တကယ်တည်း အံကိုက်ဖြစ်နေတာပဲ။ ဒါပေမယ့် ကျုပ် နောက်ပိုင်းမှာ စိတ်မကောင်းဘူး။ အဲဒီ ပတ္တမြားက ကျုပ်ဆီ ကြာကြာမနေဘူး။ ကျုပ်ကို စာရေးဆရာ ဘိုင်သမားဆိုပြီး အတိုးပေးဝယ်နိုင်တဲ့လူဆီကို လိုက်သွားသတဲ့ဗျာ။ တောက် အသည်းနာလိုက်လေဗျာ"
''ကဲ.. အသည်းနာရင် ဟော့ဒီမှာ ဆေးပုလင်းဖွင့်ပြီးပြီ။ ကြည့်... ဆရာ့တပည့်က ဖော့ဆို့ကို မကွဲအောင် ဖွင့်ပြတယ်။ ဒါထက် ဆရာ့အိမ်မှာ ဆိုဒါပုလင်းခွံ ရှိလား''
"ရှိပါတယ်။ အဲဒီ ကြောင်အိမ်ထဲမှာပဲ။ ကဲ... မောင်မြသန်းရေ လေးလုံးယူပြီး လွယ်အိတ်ကလေးထဲ ထည့်သွားကွာ။ မနက်ခင်း အရက်နဲ့ သင့်လျော်တဲ့ စားစရာကလေးလည်း ကြည့်စီမံခဲ့ပေါ့။ မင်း နားလည်ရဲ့လား"
"လည်ပါတယ် ဆရာ''
''အေး.. အဲသည်လိုမှပေါ့ကွယ်''
မြသန်းဆင်းသွားသောအခါ၌
''အင်း... မေးရသေးတယ်။ အရင် တင့်တယ် ဘိလပ်မသွားခင်ပေါ့၊ သန်းဆွေကို အရက်နဲ့ မြည်းဖို့ ဝယ်ခိုင်းလိုက်ပါတယ်။ တကယ်တည်း ဘူးသီး ငါးပေါင်းကြော်နဲ့ ကောက်ညှင်းပေါင်းတွေ ဝယ်လာလို့ တင့်တယ်က ဆဲလိုက်တာလေ... သူ့တပည့် ဒီလောက်ညံ့ရမလားလို့ ကိုယ့်ရှေ့မှာကလည်း ရှက်တာကိုး။ အဟိုး... ဟိုးဟိုး၊ ကိုအောင်လင်း ဆိုဒါ မလာခင် ရေနဲ့ပဲ လုပ်နှင့်မယ်ဗျာ၊ ကျုပ်က အနံ့ရရင် မဆိုင်းနိုင်တော့ဘူး''
''အမယ်လေး.. ကျုပ်နဲ့ စိတ်သဘောထားချင်း တူလိုက်လေဗျာ။ မောင်ကြည်လင် မင့်နောက်မှာ ရေခပ်လိုက်ကွယ်''
ကြည်လင် ရေခွက်ချသော အခါ၌ ကျွန်တော်က...
''ကိုကြည်လင်ကော သောက်တတ်တယ် မဟုတ်လားဗျာ''
''ကျုပ်က မသောက်တော့ဘူး မဟုတ်ပါဘူး၊ သောက်ချင်တဲ့အခါ သောက်ပါတယ်။ အခုအချိန်တော့ သောက်ချင်စိတ် မရှိသေးဘူး''
အောင်လင်းက
''သူလည်း တာရာနဲ့ ပေါင်းဖူးတာပဲ''
ဟု ပြော၏။
"အင်း... ဒီလိုဆိုကတည်းက လောကမှာ တကယ်.. လူရာ မဝင်ချင်တော့ဘူး၊ ကဲပါလေ မသောက်ချင်ဘူး ဆိုတဲ့လူ တိုက်တွန်းနေမယ့်အချိန်ကို ကိုယ့်ဝမ်းထဲ အရက်မြန်မြန်ရောက်ဖို့ အသုံးချလိုက်တာက မွန်မြတ်ပါတယ်။ တစ်... နှစ်... သုံး...လေး။ တစ်... နှစ်... သုံး... လေး''
ဤကား ကျွန်တော်၏ အရက်ငဲှ့နည်း ဖြစ်ပါသည်။ ဖန်ခွက်ကြီးငယ် မတူစေကာမူ နှုတ်မှ ဤသို့ ရေတွက်၍ ငှဲ့၊ ခွက်နှင့် ချင်ထည့်သည့်အတိုင်း ဖြစ်ရမည်။ ကျွန်တော်၏ နှုတ်ထွက် 'လေး' သည် 'ဟပ်(ဖ်)ပက်ဒ်' ဖြစ်၍ 'ဝမ်းပက်ဒ်' လိုချင်လျှင် 'ခုနစ်' အထိ ရေတွက်ရသည်။ အဘယ်ကြောင့် 'ရှစ်' အထိ မငဲှ့ရသနည်းဟူမူ ပုလင်း အစောင်းအငိုက်ကို စဉ်းစားပါ။ သုံး... လေး.. ငါးတို့သည် တစ်... နှစ်... ခြောက်... ခွန် တို့ထက် ပို၍ အထွက်များသည်။
ဤနည်းဖြင့် ကျွန်တော် နှစ်ဖန်ခွက်ထည့်ပြီးသောအခါ
''ကိုအောင်လင်းရေ၊ ရေတော့ ခင်ဗျား ကြိုက်သလောက် ထည့်သောက်ဗျာ။ တစ်ခုတော့ သတိထားပျို့ ဓားဖျက်-ဝါးမျက်၊ လူဖျက်-အရက်၊ အရက်ဖျက်တော့ ရေတဲ့ဗျ''
အောင်လင်းသည် ရေကို ကိုင်ငှဲ့ရင်း
"သိပါတယ်ဗျာ။ ကျုပ်က တာရာမပြောနဲ့ အရင်က တာရာနဲ့တွဲဖက် ဗန်းမော်တင်အောင်နဲ့တောင် ပေါင်းတဲ့လူ မဟုတ်ဘူး''
''တော်လိုက်လေဗျာ။ အဲလို လူရိပ်လူကင်း ပါးမှပေါ့။ ကျွန်တော်တို့ စာရေးဆရာ နယ်ပယ်မှာ အထူးသဖြင့် သန်းဆွေတစ်ယောက်တော့ တပည့်အဖြစ်နဲ့တောင် မထားနဲ့.. သိလား''
''အမယ်.. သူ့နှမတော့ ချောတယ်ဆိုပါလား။ သူ့လို ဂျပုမဟုတ်ဘူး။ ကြော့ကြော့နွယ်နွယ် ငါးရံ့ကိုယ်ကလေးတဲ့''
"ဒါတော့ မင်းရှင်နှမ ကြည့်ပါလားဗျ။ မင်းရှင်လို ကိုယ်လုံး ကိုယ်ပေါက် ဘုတ်ထိုင်းကြီး မဟုတ်ဘူး။ လုံးလုံးကစ်ကစ်ကလေးနဲ့ ဘယ်လောက် ချစ်စရာကောင်းသလဲ''
''အမယ်.. ပရီးမီးယား ဆံပင်ညှပ်ဆိုင် ကောင်တာမှာ ထိုင်နေတဲ့ ခင်မောင်ရီတို့၊ ခင်မောင်ကြည်တို့ ညီမလေးကလည်း အနိပ်ကလေးဗျ။ သဘောလည်းကောင်းတယ်။ တစ်ခါတလေ ကျုပ်တို့ ရုပ်ရှင်တန်းလျှောက်ရင်း ဘိုင်ကျရင် ပိုက်ဆံဝင်ချေးရတယ်''
"အေးလေ... ကိုယ်တို့ စာရေးဆရာတွေထဲမှာ နှမချော သဘောကောင်းရှိတယ်ဆိုတော့ ဂုဏ်ယူစရာပေါ့ဗျာ''
(ကိုယ့်လူကို နှမကြော်ငြာခတော့ တိုက်ဖို့ ကောင်းပါတယ်ကွာ)
''ကဲ.. ကဲ၊ ကိုအောင်လင်း မော့လိုက်ကြဦးစို့''
ပြောချင်ရာပြော၊ လုပ်ချင်ရာ လုပ်ကြပြီးနောက်၊ ကျွန်တော်တို့ မြန်မာ ထုံးစံအတိုင်း ဖန်ခွက်ချင်းထိ၍...
''ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး ငြိမ်းချမ်းပါစေ''
ထို့နောက် မကြာမီ၌ မြသန်း ဆိုက်ကားနဲ့ ပြန်ရောက်လာပါသည်။
''ဟာ... ဒီကောင် တယ်တော်တဲ့ ကောင်ပါလား၊ သန်းဆွေတို့နဲ့များ ပုလဲနဲ့ ကျောက်ခဲပဲကွာ''
ကြည့်စမ်း သိတတ်လိုက်တာ၊ အိပ်ရာထ နံနက်ခင်း အရက်နဲ့ မြည်းဖို့တဲ့။
ဖြစ်တဲ့နည်းနဲ့ လုပ်ယူခဲ့တာ နို့ဆီခွက်နဲ့ ဘဲပေါင်းက နှစ်လုံး၊ အသည်းကင်က တစ်ထုပ်၊ နို့...ပြီး ငရုတ်ကြက်သွန် ချဉ်စပ်စပ်ကလေး...
အားလုံး ပန်းကန် ခွက်ယောက်နဲ့ ပြင်ဆင်ပြီးလို့ ဤရနံ့တွေနှင့် ဝီစကီနှင့် ပေါင်းစပ်လိုက်သောအခါတွင်...
အို.. အဘယ်မည်သော ကညာပျို၏ ပါးပြင်သည် သူတို့ရနံ့ထက် ပို၍ သင်းပျံ့ချေဦးတော့မည်နည်း။
ထို့ပြင် တစ်ဝ၊ ဖန်ခွက်ဆိုတဲ့ မင်္ဂလာဂေဟာမှာ ဝီစကီမယ် သတို့သမီးနဲ့၊ ဆိုဒါမောင် သတို့သားတို့ ထိမ်းမြားသဘင် ဆင်ယင်ကျင်းပပြီးသကာလ ဆိပ်ကမ်းဖြစ်တဲ့ ကျွန်တော်တို့ရဲ့ လည်ချောင်းဝကနေပြီး အူမဆိုတဲ့ မြစ်ပြင်ခရီး ဟန်နီးမူး လွတ်လိုက်ပြီ ဆိုမှဖြင့်..
(၁)သင်းနံ့ငယ်ယဉ်
ပယင်းဖန် လွင်တင်တင်နဲ့
ဘဝင်ကြည်ဆေး။
(၂) အမြိုက်ဓာတ်ရယ်က၊
မကြိုက်တတ်ရင်ပ၊
ကြိုက်တတ်ရင် ရသာထူးတယ်၊
မူးငြိမ်ငြိမ့်မှေး...။
သို့သော် ကျွန်တော်က သဘောတရားကို အနည်းငယ် ပြောကြားလိုပါသည်။
အရက်ဆိုသော သူကောင်းသားသည် လူတို့ကို ခြယ်လှယ် ဖန်တီးနေသော ပတ်ဝန်းကျင်၏ နှောင့်ယှက်၊ စွက်ဖက်မှုများကို တိုက်ခိုက်နှင်ထုတ်၍ လူ၏ မူလဇာတိစိတ်ကို ပွင့်ပွင့်လင်းလင်း ပေါ်ပေါက်စေရုံမက မီးလောင်လေပင့် အားပေးအားမြှောက်လည်း ပြုတတ်ချေသည်။ ထို့ကြောင့် စိတ်ဓာတ်နုသူအား ငိုယိုခြင်းကိုလည်းကောင်း၊ ကြံ့ခိုင်သူအား တင်းမာခြင်းကို လည်းကောင်း၊ ပျော်တတ်သူအား ကခုန်သီဆိုခြင်းကို လည်းကောင်း၊ ရုန့်ရင်းသူအား ရမ်းကားခြင်းကို လည်းကောင်း၊ စွာချင်သူအား ရန်ဖြစ်ခြင်းကို လည်းကောင်း၊ စကားပြောချင်သူအား စကားများခြင်းကို လည်းကောင်း၊ စိတ်ကူးချင်သူအား အတွေးကြူခြင်းကို လည်းကောင်း စွမ်းစွမ်းတမံ ပို့ဆောင်လေသည်။
သို့အတွက် အရက်သောက်တတ်သူသည် မိမိကိုယ်မိမိ ဝေဖန်ဆင်ခြင်၍ သောက်၊ သောက်ဖော်ကို စိစစ်၍ပေါင်း၊ မိမိကောင်းပါလျက် အဖော်မကောင်းပါလျှင် အချုပ်ခန်း၊ သို့မဟုတ် ဆေးရုံရောက်တတ်သည်။ ကျွန်တော်ကား ဤနှစ်ဌာနလုံး ရောက်ခဲ့ဖူးလေပြီ။ တယ်... တော်တဲ့ကောင်။
''ကဲ... ဟေ့၊ ငါ့တပည့် မင်းက ဘယ်တော့ မိန်းမယူချင်သလဲ''
ကျွန်တော် စမတ်ဒီဂရီ ရောက်လာသောအခါ၌ မေးလိုက်ပါသည်။ အရက်ရှိန်ကြောင့် ကျွန်တော်၏ မျက်လုံးတို့သည် လောကမြေပြင်ကို မထီမဲ့မြင် ကြည့်လေပြီး၊ ကြည်လင်၏ ကိုယ်မှာ သေးနုပ်လာသည်ဟု ထင်သည်။ မြသန်း၏ မျက်နှာမှာ ပို၍ မှုံမွှားလာသည်ဟု အောက်မေ့မိသည်။
အောင်လင်းသာလျှင် ကျွန်တော်နှင့်တန်းတူဟု ယူဆ၏။ (ဤကား အရက်သမားတို့၏ သဘောတရား။)
မြသန်းမှာ ကျွန်တော်၏ အမေးကို စကားနှင့် မဖြေနိုင်ဘဲ ဝမ်းသာလုံးဆို့သော မျက်နှာကြီးနှင့် 'အဟဲဟဲ၊ အဟဲဟဲ' လုပ်နေသဖြင့် မောင်ကြည်လင်က...
"ဒီနေ့ရ ဒီနေ့ပဲ ယူမယ် ပြောလိုက်ကွာ''
ကျွန်တော်က ''ဘယ့်နှယ်လဲ''
ဤတွင်မှ
"ဟုတ်-ဟုတ်ပါတယ်၊ သူပြောတဲ့ အတိုင်းပါပဲ''
"အိမ်း''
ကျွန်တော်က ကြီးကြီးကျယ်ကျယ် မဟာဆွေ ဝတ္ထုထဲက လူကြီးဇာတ်လိုက် အသံမျိုးဖြင့်...
''ငါ့တပည့်က မြန်မာပြည်မှာ ဆဋ္ဌမမြောက် သင်္ဂါယနာ တင်မယ်ကြံနေတာတောင် ဘုန်းကြီးလုပ်ဖို့ စိတ်မကူးသေးဘဲကိုးကွ။ ကဲ... ဒီအသက်၊ ဒီအရွယ်အထိဆိုတော့ ဂေါ်ခဲ့ဖူးတာတွေ ရှိမှာပဲ။ ဂေါ်ခဲ့ပုံတွေ ပြောပြစမ်းကွယ်''
မျက်နှာကြီး စပ်ဖြဲဖြဲနှင့် တုဏှိဘာဝေ လုပ်နေပြန်သဖြင့်
''ပြောစမ်းပါကွယ်''
"တစ်ခါမှမဝံ့ခဲ့တာဘဲ ဆရာ''
''အေး.. မစွံခဲ့ပုံ ပြောပြမှ ဆရာက ကိုယ့်လူ ချို့ယွင်းချက် ကြည့်ပြီး စွံအောင် လုပ်ပေးနိုင်တော့မပေါ့''
မောင်ကြည်လင်က...
''ဟုတ်သားပဲ ပြောမှပေါ့''
သို့တိုင် မျောက်အိုကြီး လူဝိုင်းထားသလို ဟိုလူ ကြည့်လိုက်၊ သည်လူ ကြည့်လိုက်နှင့် မျက်နှာကြီး ကြောင်စီစီ လုပ်နေသဖြင့်...
အောင်လင်းက
''ပြောရမှာ ရှက်နေတယ်လေ။ ကျုပ်တို့ကပဲ သူ့ကိုယ်စား ပြောပါ့မယ်။ ကဲ... မောင်ကြည်လင်က မင်းသိတာ အရင်ပြောလိုက်''
ထို့ကြောင့် မောင်ကြည်လင် ပထမ ပြောပြသော ဂေါ်မစွံပွဲကြီးမှာ နာမည်က...
🍀 စကားကြီးလေးခွန်း
သူတို့ ယူနီဘာစီတီရောက် ဒုတိယမြောက်နှစ်တွင် တစ်နေ့သောအခါ၌ မောင်ကြည်လင်က ချောမောလှပသော အသိမကလေး တစ်ယောက်နှင့် လမ်းမှာတွေ့၍ နှုတ်ဆက်၏။ ယင်းကို မောင်မြသန်းက ဂေါ်လိုလှသည်။ မိတ်ဆက်ပေးပါဟု ဆိုလာ၏။
မောင်ကြည်လင်၏ ဆောင်ရွက်ချက်ဖြင့် ကလေးမ နေထိုင်ရာ ကျောင်းဘော်ဒါသို့ သွားနိုင်သော အခွင့်အရေး ရသည်တွင် စနေနေ့တစ်နေ့၌ ဆိုက်ဆိုက်မြိုက်မြိုက်ကြီး မြန်းလေသည်။ ကလေးမနှင့် ဧည့်ခန်းမှာ လွတ်လပ်စွာ တွေ့၏။ ဂေါ်ဆရာကပထမ စကားစသည်။
(၁)
"နေကောင်းလား''
"နေကောင်းပါတယ်''
အဂေါ်ခံက ဖြေသည်။
စကားပြတ်သွား၏။
အချိန်အတော်ကြာမှ တစ်ဖန်...
(၂)
"စာလိုက်နိုင်ရဲ့လား''
"လိုက်နိုင်ပါတယ်
ဤအချိန်၌ တာရာ့ထံ တပည့်ခံစဉ်ဖြစ်၍ ပန်းလျလျဖြစ်ရှာသည်။ ဆယ်မိနစ်ခန့် နားပြန်၏။
ပြီးမှ
(၃)
"ကိုကြည်လင်ဆီ ဘာမှာလိုက်ဦးမလဲ''
"ဘာမှ မရှိပါဘူး''
ယင်းသည်၌ ကလေးမ မျက်နှာကို တစ်ချက်မျှ ခွေးသူခိုးကြည့် ကြည့်ပြီး...
(၄)
"ဒါဖြင့်ပြန်လိုက်ပါဦးမယ်''
"ဟုတ်ကဲ့''
ဤစကားကြီး လေးလုံးနှင့်ပင် ရင်ထဲ တဒုန်းဒုန်းနှင့် တစ်ဟုန်တည်း လစ်ခဲ့သည် ဟူသတည်း။
ဤနေရာ၌ ကျွန်တော် မြသန်း၏ ပုံသဏ္ဌာန်ကို ကြည့်၍ ဆင်ခြင်မိသည်။ သူ့၌ ဂေါ်ရုပ် ဂေါ်ရည်၊ ဂေါ်မူ ဂေါ်ရာ လုံးဝမရှိ။ သူက အတင်းပင် ဂေါ်မျက်စိလုပ်၍ ကြည့်အံ့။ မိန်းကလေးကသူ ငါ့ကို ဂေါ်နေပါလားဟူ၍ကား မထင်။ "သနားစရာ ဟယ်.. သိပ် ထမင်းဆာနေတာပဲ'' ဟူ၍သာ အောက်မေ့ပေလိမ့်မည်။
သူ ဟိုမိန်းကလေးနှင့် သွား၍ စကားပြောစဉ်ကလည်း ကလေးမကို အဝတ်ဘာရောင် ဝတ်ထားသလဲ ဟူ၍မှ မှတ်မိအောင် ကြည့်ခဲ့ပံ့မည်မဟုတ်။ သံပတ်ကုန်ခါနီး စက်ရုပ်ကဲ့သို့သာ မလှုပ်တလှုပ်၊ ငုပ်တုတ်ကြီး နေခဲ့မှာ အမှန်ဖြစ်သတည်း။
ဪ.. ဒါနဲ့များ မစွံတာ။
ဒုတိယ အောင်လင်းပြောပြသည့် ဂေါ်မစွံပွဲကြီးမှာကား...
🍀 ကျားပျံကြီး
ကျားပျံကြီးဟု တွင်ပုံမှာကား ဤသို့တည်း။
မြသန်းသည် ပြဇာတ်မင်းသမီး တစ်ယောက်အား သူကြည့်ရသော ဇာတ်ထဲက စိတ်နေသဘောထားအတိုင်း ရိုးရိုးသားသား သနားစရာဟာမကလေး ဖြစ်မှာပဲဟု (မှားယွင်းစွာ) ယူဆ၍ (မိုက်မဲစွာ) အပြင်းအထန် ချစ်ကြိုက်လိုက်၏။ အသိအကျွမ်းဖွဲ့ကာ နောက်ဆုံး၌ မေတ္တာစာ ဆက်သည်။ မဟဝှါက ဘာသဘောလဲတော့ မသိ။ မြသန်းအိမ်သို့ လာရောက်ကာ ယခုကဲ့သို့
ကောလိပ်ကျောင်းသား စာရေးဆရာ တစ်ယောက်က မေတ္တာထားသည်ကို ဂုဏ်ယူပါသည်။ ဝမ်းသာပါသည်။ သို့သော် ရာသက်ပန် အိမ်ထောင်ရေးမို့ အချိန်ပေး၍ စဉ်းစားပါရစေဦး"ဟုခွေးဝမ်းသာအောင် လေလည်ပစ်ခဲ့ပြီး အပြန်တွင် လမ်းမှ သူ့အဆက်ဟောင်း မင်းသားက ကားနဲ့ သုတ်သွားသတည်း။
ထိုအခင်းတွင် မြသန်းသည် သူ့ချစ်သူအား ဟိုလူက အတင်းခေါ်သွားခြင်း ဖြစ်သည်။ သူ ပြန်ရနိုင်ရန် အကြောင်းရှိသည်ဟု ယူဆကာ အကြီးအကျယ် အကြံထုတ်သည်။ အကြံဉာဏ် ထွက်အောင်ဆိုပြီး ကျားပျံဆေးလိပ်ကို အပြန်းအထန် ဖွာသည်။ ထို့ကြောင့် ကျားပျံကြီးဟူသော အမည်ကို ရသတည်း။
မြသန်းမှာ အချစ်ကြီး၍ အစွဲအလမ်းကြီးသူ ဖြစ်ပေရကား၊ ဟိုမောင်နှံ နေသားတကျ ရှိသွားပြီဟု ကြားရသော်လည်း ဟိုလူမှာ သိုက်သမားဖြစ်၍ မယားကို ကြာကြာမပေါင်း။ မကြာမီ ပစ်လိမ့်မည်ဟု ယုံကြည်ကာ အကွဲတွင်ဆွဲရန် အကြံကြီးနှင့် စောင့်သည်။ အမြဲတစေထောက်လှမ်းနေသည်။ ဆိုကောင်း မြည်ကောင်း သူထင်သည့်အတိုင်းပင် နှစ်လအကြာ၌ လင်မယား ကွာရှင်းကြောင်း သတင်းစာထဲ ပါလာလေ၏။
မြသန်း လက်ခမောင်းခတ်ကာ သူ ယခင်က ဆိုခဲ့သော သီချင်းများကို ကျူးရင့်လေသည်။
''မယားပါသားမို့ အောက်ကျတယ်။ ကြောက်လှတယ်တော့''
(မှတ်ချက်။ စာရေးဆရာပြဇာတ်တွင် ဆရာဇဝန ဆိုသော သီချင်းဖြစ်သည်။)
မြသန်းသည် ဤအရေး၌ အပြင်းအထန် လုံးပမ်းလေရာ နောက်ဆုံး၌ အပေါင်းပါတစ်စုနှင့် ထိုမိန်းမရှိရာသို့ လိုက်သွားလေသည်။ သို့သော် သူ အကြီးအကျယ် ကွဲပြန်လေသည်။ အကြောင်းမှာ မဟဝှါသည် နောက်တစ်ယောက်နှင့် ယူပြီး ရက်ပြီး ဖြစ်နေသတည်း။
သို့တိုင် သို့တိုင် မြသန်းမှာ ဤမိန်းမကို စွဲလမ်းတုန်း၊ မျှော်လင့်တုန်း ဖြစ်သည်။ ယင်းသည်ကို အဖော်တစ်စုက ''မိမိအား နှစ်ကြိမ်တိုင် အရူးလုပ်သွားသော မိန်းမစားကို စိတ်ထဲထားနေရဦးမှာလား'' ဟု သူ့အတွက် မခံနိုင် မရပ်နိုင် ဖြစ်ကြသည်။ အကြောင်းမှာ ပထမလင်နှင့် အကွဲတွင် ထိုမိန်းမသည် မြသန်းအိမ်သို့ ကိုယ်တိုင်လာခဲ့သေးသည်။ သို့သော် မြသန်း အိမ်မရှိခိုက်ဖြစ်နေ၍ မတွေ့လိုက်ရာ မြသန်းသိ၍ လိုက်သွားသောအခါ၌ကား ဖော်ပြသည့်အတိုင်း ထိုမိန်းမမှာ လင်အကူးအပြောင်းတွင် လျှပ်စစ်မ။
မိတ်ဆွေတစ်စုသည် မြသန်းအား ထိုမိန်းမကို မေ့ပျောက်ပစ်စေလိုသည်။ မေ့ပျောက်ပစ်ရန်မှာ နောက်တစ်ယောက် တွေ့မှဖြစ်မည်။ နောက်တစ်ယောက် တွေ့ရန်မှာလည်း မြသန်းသည် အဂေါ်မတတ်။ ထို့ကြောင့် မောင်ကြည်လင်နှင့် အောင်လင်းက ကျွန်တော်ကျောင်းသို့ လာရောက်အပ်နှံခြင်း ဖြစ်ပါသတည်း။
💖 💖 💖
ကျွန်တော် စာရေးဆရာအဖြစ် ရောက်ရှိကာမှ ပြဇာတ် ကရသည်မှာ သုံးခါ ရှိလေပြီ။ (၁၉၄၉) ခုနှစ်တွင် 'ဝန်ဇင်းမင်းရာဇာ'၊ (၅၀) ခုနှစ်တွင် 'နတ်ရှင်နောင်'၊ (၅၁) ခုနှစ်တွင် 'မြဝတီမင်းကြီး ဦးစ'။
ပထမနှစ်တွင် မိမိကိုယ်မိမိ ဇာတ်ခုံပေါ် ပေါ်ပြူလာ ဖြစ်လိမ့်မည်ဟု မျှော်လင့်ကြီးစွာဖြင့် ဖိုးကချင်။ ထို့ကြောင့် မင်းသားထွက်သမျှ ထွက်ရသော မောင်ရာဇာ၏ညီ မောင်ဆင် လုပ်လိုက်သည်။ သို့သော် သောက်ရှက် ကွဲရလေသည်။ ကျွန်တော့်ကို တကယ် ရင်းနှီးခင်မင်သူများကမူ ''သော်တာဆွေ နောက်ထပ် ဇာတ်ခုံပေါ်မတက်ရင် ကောင်းလိမ့်မည်'' ဟု အကြံပေးကြသည်။
အကြောင်းမှာ ဇာတ်ခုံပေါ်တွင်ကား ကျွန်တော် ပထမ တွေးထင်ခဲ့သကဲ့သို့ မလွယ်ကူ။ ကျွန်တော်မှာ ငယ်စဉ်က တောရွာ ဘုန်းကြီးကျောင်းတွင် ကြီးပြင်းခဲ့ရသူ ဖြစ်၍ Concert ခေါ်ကျောင်းကပွဲတွေ ဘာတွေလည်း မတက်ခဲ့ရဘူး။ ဆယ့်လေးငါးနှစ်သား မြို့ကျောင်း ရောက်သောအခါလည်း မကြုံတွေ့ရ၊ တစ်နှစ်တစ်ခါ ပြုလုပ်လေ့ရှိသော စကားအချေအတင် ပြောပွဲကိုမျှ ရှောင်ကွင်းခဲ့သည်။ လင်းယုန်နီတို့ အောင်လင်းတို့လိုလည်း နိုင်ငံရေးတရား မဟောခဲ့ရ။ ထို့ကြောင့် ကျွန်တော်မှာ ပရိသတ်ရှေ့ တစ်ခါမျှ မတ်တတ်ရပ်ခဲ့ဖူးသူ မဟုတ်ရကား၊ ပထမဦးဆုံးအကြိမ် ဇာတ်ခုံပေါ် အတက်တွင် ဒူးများ ဆတ်ဆတ်တုန်၍ နေလေသည်။ ပရိသတ်ရှေ့ ငါဘာပြောလိုက်မည်။ ဘယ်လိုအမူအရာ လုပ်လိုက်မည်ဟု စိတ်ကူး ယဉ်ခဲ့သည်များလည်း ကြက်ပျောက် ငှက်ပျောက်၊ မင်းသား ရွှေညာမောင်က ကိုယ့်လူ မကြောင်ရအောင် စကားပေး စကားယူ လုပ်သည်ကိုမျှ မလိုက်နိုင်ခဲ့။ သူ့အနားက အရုပ်ကြီးသာ ဖြစ်နေခဲ့လေသည်။
ထို့ကြောင့် ဒုတိယညမှာ အရက်ကို မူးအောင် သောက်လေရာ ဤမှ သာ၍ ပိုဆိုးတော့၏။ ကိုယ့်ကိုယ်ကိုယ် မနည်းစု၍ ရပ်နေရသည်။ အရဲစွန့်၍ ပြောသော စကားများလည်း မပီတော့။ တစ်ညတွင်မူ မင်းသမီး မေနွဲ့ ပူပုံတိုက်ပြေးအလာ၌ ရွှေညာမောင်က ဆီး၍ ပိုက်ရမည်ကို ကျွန်တော်က သူ့အရင် ပွေ့ဖက်လိုက်မိသဖြင့် အတော်ကြီး အရုပ်ဆိုးသွားသေး၏။ ပရိသတ်ကသာ မသိမည်။ နေ့စဉ်မြင်နေရသော တီးဝိုင်းသမားများ၊ ဇာတ်ခုံပေါ်က လူများမူ ရယ်ကြကုန်သည်။ သို့သော် တော်ပါသေး၏။ ရွှေညာမောင်မှာ ဇာတ်ရည်ဝသူဖြစ်၍ အမူမပျက်စေဘဲ ''အမယ်လေး... ညီလေးဆင်ရယ် မင်းမရီးတော် ဘယ်လိုများ ဖြစ်လာပါလိမ့်'' ဟု ဆိုပြီး ကျွန်တော့်လက်ထဲမှ ယူ၏။ ဤမှ ကျွန်တော် အသက်ရှူ ချောင်သွားတော့သည်။ နို့မဟုတ်လျှင် ကျွန်တော်မှာ
ဆောင့်ကြောင့်ကြီးထိုင်လို့ မင်းသမီးကို ပွေ့ဖက်ပြီး ဘာပြောရမှန်း မသိ။ မေနွဲ့မူ ကျွန်တော့်လက်ပေါ်မှာ ခွေလျော့လျော့ကာလေး နေရလျက် အတွင်းစိတ်ကတော့ အံတကြိတ်ကြိတ်။ ကန့်လန့်ကာကွယ် အရောက်တွင် ဒေါက်ခနဲ ကျွန်တော့်နဖူးကို ခေါက်လိုက်၏။
"နင်...ငါ...ဒါကြောင့် အရက်တွေ သိပ်မသောက်ပါနဲ့လို့ ပြောတာ''
ဒုတိယနှစ် `နတ်ရှင်နောင်' တွင် ကျွန်တော် အားမလျှော့သေး။ မနှစ်က ပထမဦးဆုံးမို့ဟု ယူဆသည်။ သို့သော် အခန်းများများတော့ မယူဝံ့တော့။ ဝန်ဇင်းမင်းရာဇာတွင် ကျွန်တော့်ရုပ်သည် ခေါင်းပေါင်းနှင့် ရှေးဗမာ အဝတ်အစားနှင့် မဝံ့၊ ထို့ကြောင့် အခန်းလည်း နည်းသော ပေါ်တူဂီစစ်သား ဆီညှော်ပင်တို လုပ်လိုက်သည်။ အနောက်နိုင်ငံ ဓာတ်ရှင်တွေထဲ မြင်ရသော ပင်လယ်ဓားပြနှင့် တူအောင် မုတ်ဆိတ်၊ နှုတ်ခမ်းမွေး တပ်သည်။ မျက်စိတစ်ဖက်ကန်း လုပ်သည်။ ခေါင်းက ဆံပင် ဖိုးရိုး ဖားရား လုပ်၍ ထွက်သည်။ အရက်ခွက်နှင့်ဓား တစ်ဖက်စီကိုင်၍ အမူးစကားပြောသည်။
''အမယ်... သော်တာ အရက်မူးသမားနဲ့တော့ တူသား''
ချီးမွမ်းကြ၏။ အမှန်မှာ တူရုံသာ မဟုတ်။ တကယ်မူး၍ နေပါသည်။ တစ်ညမှာ ထွက်ပြီး ပြန်ဝင်ဖို့ မေ့နေသဖြင့် အထဲက လာ၍ ဆွဲခေါ်ရ၏။
ဤနစ်၌ ကျွန်တော် တော်လာပါသည်။
ကိုခင်မောင်လတ်က
''အမယ် ဒီနှစ်.. သော်တာဆွေ ဟန်လာသဟေ့''
ဆရာကြီး ရွှေဥဒေါင်းနှင့် ဒေါ်ကြီးစိုးကလည်း ချီးကျူးသည်။
"ငါ့ကောင်က ဇာတ်ခုံပေါ်မှာ လက်မောင်းကြီးတွေ ကြီးလို့ လူလုံး လူထည် ထွားသကိုး"
မေအေးတစ်ယောက်ထံမှလည်း ကျွန်တော့်ကို မင်း သန်မာကြောင်း ချီးမွမ်း မိတ်ဆက်စာ လာသည်။ သို့သော် သူ၏ မြှောက်ပင့်ခြင်းမှာ စိတ်ပါ၍ မဟုတ်လောက်။ သူ့စာမူ ရှုမဝထဲ ထည့်ပေးစေလို၍သာ ဖြစ်ပေသည်။ အကြောင်းမှာ သူ့ မိတ်ဆက်စာနှင့်အတူ ပါလာသော ဝတ္ထုကို ကျွန်တော်က အမှန်အတိုင်း မဟန်သေးကြောင်း ဝေဖန်ပေးလိုက်သောအခါ၌ နောက်ထပ် စာမလာတော့ချေ။ မှတ်မိသေးသည်။ နာမည်က 'မေအေး' (သတိရသေးလား အမိ)
ယခု တတိယမြောက်နှစ်ကား သော်တာဆွေကြီး ပါးသွားလေပြီ။ ပြဇာတ်အတွက် စိတ်ထဲ တယ်ပြီး လှုပ်ရှားခြင်းလည်း မရှိတော့။ ပါတယ်ဆိုရုံလေး။ အင်္ဂလိပ်စစ်ဗိုလ် အဖြစ်နဲ့ ရန္တပိုစာချုပ်ခန်းမှာ တစ်ခါတည်း ထွက် မတ်တတ်ရပ်ရုံလေး။ စကားလည်း တစ်ခွန်းမျှ မပြောရ။ အေးရော...
ပြဇာတ် တတိယမြောက်ည၌ ကာဌေးရုံအောက်ထပ် မြေတိုက်ခန်းတွင် စားပွဲတစ်လုံးမှာ တစ်ယောက်တည်း ထိုင်၍ အရက်သောက်နေစဉ်ဝယ် ကျွန်တော့်ထံ ဂေါ်သင်တန်း ယူနေသော မြသန်း ရေးကြီးသုတ်ပျားနှင့် ရောက်လာကာ...
''ကိုဆွေ ကိုဆွေ.. သူတို့လာပြီ သူတို့လာပြီ''
ကျွန်တော်ကလည်း လက်က ဖန်ခွက်ကို အပြီးသတ် မော့လိုက်ပြီး ကြက်သားကြော်ကို လှမ်းဖဲ့ရင်း..
"အင်း.. အခု ဘယ်မှာလဲ"
''ဦးသော်တာဆွေ တွေ့ချင်လို့ ဆိုပြီး အပြင်မှာ စောင့်နေတယ်။ ကျွန်တော်က သွားခေါ်မယ် ဆိုပြီး လာခဲ့တယ်''
အကြောင်းမှာ ကျွန်တော်က ယခုည၌ အသိမကလေး နှစ်ယောက်ကို ပြဇာတ်ကြည့်ရန် လာခဲ့ဟု မှာထားပြီး မြသန်းအား အပြင်မှာ စောင့်နေခိုင်းခြင်း ဖြစ်ပါသည်။
"မင်း... ဒီနှစ်ယောက်အနက် ဘယ်ဒင်း သဘောကျသလဲ''
"ဟာ... နှစ်ယောက်စလုံး အနှိပ်ချည်းပဲ၊ ဘယ်ဒင်းရရ''
သူ့မျက်နှာမှာ မုန့်သည် ခေါ်ပေးနေသော မိခင်နားက ကလေး ဝမ်းသာသလို ဖြစ်နေပါသည်။ စားရတော့မယ်ပေါ့လေ။
''မင်းဆရာ ပြောတဲ့အတိုင်း သုံးနေရာပဲ ယူထားတယ် မဟုတ်လား။ ပေး... ဒီလက်မှတ်''
ကျွန်တော်သည် သူ့ဆီက လက်မှတ်ကို ယူ၍ ထိုင်ရာမှ ထလိုက်ပြီး...
''လာ... လိုက္ခဲ့''
သူသည် ကျွန်တော့် နံဘေးမှ ကပ်ဖဲ့ ကပ်ဖဲ့ လိုက်ကာ...
''ဟင်... ကျွန်တော် ဘယ်လိုက ဘယ်လို စဂေါ်ရမလဲ"
''အခု အပြင်ရောက်တော့ သူတို့နဲ့ မိတ်ဖွဲ့ပေးလိုက်မယ်လေ။ နောက်ပြီး မင်းက သူတို့နဲ့ ဝင်ကြည့်။ သူတို့နှစ်ယောက်တည်း သုံးနေရာယူခိုင်းတာက တစ်နေရာ မင်းထိုင်ဖို့ပဲ''
''ဟင်... ဆရာကကော''
''ဟဲ့.. ငါက မင်းဂေါ်ဖို့ကိစ္စ အနားနေလို့ ဖြစ်ပါ့မလားကွ''
''ဟင်... ဒီလိုဆို ကျွန်တော် တစ်ယောက်တည်း မခက်ပေဘူးလား''
''မိန်းကလေးက မင့်ကို ကိုက်မစားပါဘူး''
''ကျွန်တော် ဘယ်လို လုပ်ရမလဲ။ သင်လိုက်ပါဦး ဆရာ''
''မသင်သေးဘူး။ မင့်အခြေခံ ဘယ်လောက်ရှိသလဲဆိုတာ ဆရာ နောက်ကနေပြီး မယောင်မလည် ကြည့်နေမယ်။ နောက်ပြီးမှ မင့် ချို့ယွင်းချက်ကို ပြင်မယ်''
''ကျွန်တော် ရင်ထဲက ထိတ်လိုက်တာ ဆရာ"
''သေပါလားကွာ။ ဒီလောက်ဖြစ်နေလဲ"
သို့ ပြောရင်းနှင့် အပြင်သို့ ရောက်လာကြသောအခါ ကလေးမ နှစ်ယောက်က ဆီး၍..
''အမယ်လေး၊ ကိုဆွေတို့များ တွေ့မှ တွေ့ရပါ့မလားလို့ အောက်မေ့နေတာ"
''တမင်... မှာထားတာ မတွေ့ဘဲ ရှိပါ့မလား အမိတို့ရယ်''
''သိဘူးလေ။ အရက်များ မူးလဲနေပလားလို့''
''ကိုယ်အခု အရက်မသောက်တော့ဘူး ဆရာ ဖြတ်ထားလိုက်တယ်''
"ဟင်း.. တကယ်''
နောက်ပြီးမှ မျက်စောင်းကလေး ချိတ်၍...
''အမယ်လေး...ယုံသေးဘူး''
"အဟုတ်ပါ။ အခု ကိုယ်တို့ ရ-ယ-လ-၀ ကွက်သစ်မှာ အရက်ဆိုင်ဖွင့်ဖို့ ရန်ပုံငွေအတွက် ကျင်းပမယ့် စာရိတ္တမောင်' ပြိုင်ပွဲဝင်မယ်လို့၊ ဘိုးဘိုးအောင် အိပ်မက်ပေးတာနဲ့ အကျွတ်တရားရပြီလို့ ကြေညာလိုက်တယ်။ ယုဝတီ ရေနံဆီ လူငယ်များ ဝတ်အသင်းကို
မှန်မှန်တက်တယ်။ အိမ်မှာ ဘုရားရှိခိုးတဲ့အခါမှာ လော်စပီကာနဲ့ ခိုးတယ်။ ဗောဓိပင်ကို သွားပြီးတော့ ရေလောင်းတယ်၊ ပေါင်းသင်တယ်"
ကလေးမနှစ်ယောက် ခွက်ထိုးခွက်လှန် ရယ်ကြသည်။
''ကိုကိုဆွေနဲ့ တွေ့ရင် အဲဒါတွေ ပျော်ရတာပဲကွာ။ 'ဟာသဝိဇ္ဇာ ဆီးဆေးကြီး'
လို့ ထိုဘွဲ့ပေးထိုက်တယ်''
ကျွန်တော့်ကို ပြန်အုပ်သည်။ သို့သော် ကျွန်တော်က ဣန္ဒြေရရနှင့်...
''အဟုတ်ပြောတာပါ ဆရာ `စာရိတ္တမောင်' ဘွဲ့ရဖို့ဟာကို မလွယ်ဘူး။ တော်တော် ကရိကထများတယ်။ မောင်မြန်မာ ဖြစ်ဖို့ဟာ ဆိုရင် ကာယဗလ လေ့ကျင့်ရုံ တစ်ခုလေးရယ်။ အခု ကိုယ့်မှာဖြင့် ဥပုသ်နေ့ အသံလွှင့်ဌာနက ဘုန်းကြီး တရားဟောတဲ့အခါတို့၊ စကားပြောတဲ့အခါတို့မှာ နား ဂွမ်းဆို့ပြီး အိမ်က ရေဒီယိုကို အရပ်ကြားအောင် မီတာကုန် ဖွင့်ရတာတွေ ရှိသေးတယ်။ အဲဒါနဲ့ ဆရာတချို့က အထင်လွဲပြီး မဟုတ်တမ်းတရား အစွပ်အစွဲ ခံရသေးတယ်''
ရယ်မောကြရင်း တစ်ယောက်က...
"အင်.. ဘယ်လို အစွပ်စွဲခံရလဲ ဆိုစမ်းပါဦး''
''ခွေးမသား သော်တာတဲ့။ ဧကန္တ ဒီကောင်တော့ အင်ပို့လိုင်စင် လျှောက်ထားပြီး ထင်တယ်။ နို့... ပြီး.. သူတို့က မေတ္တာပို့ကြသေးတယ်။ သောက်ရှက်မဲ့စွာ ဖော်-လံ-ဖား ကောင်းလို့ မတော်တဆ ရတောင် အို-ဂျီ-အယ်လ်နဲ့ မိပါစေတဲ့''
"ဒါဆို ကိုဆွေရာ အဲဒီရပ်ကွက်ထဲမှာပဲ အမတ် အရွေးခံပါလား"
''အဲဒါ စဉ်းစားနေတာပဲ။ ဒါပေမယ့် ကိုဆွေက အမတ်လောက် မမှန်းဘူး။ သမ္မတဖြစ်ဖို့ ချိန်နေတာ''
ကလေးမနှစ်ယောက်သည် ကိုယ်ကလေး လှုပ်ကာ လှုပ်ကာ ရယ်နေကြသည်။ ဤနေရာ၌ တပည့် ကျားပျံကြီးမှာ သူတို့ ဇာဘော်လီကြိုးကလေးတွေများ ပြုတ်ကျလေသည်လား ဟူသော အမူအရာမျိုးဖြင့် ဆွမ်းတော်တင် ခွေးမျှော်သလို ကြည့်နေရာ ကျွန်တော့်မှာ ကိုယ့်လူ ရှုဆိုးနေပြီကို သိသည်နှင့် သူ့လက်ကို ကိုင်လိုက်ပြီး...
''ကဲ... မိတ်ဆက်ပေးရဦးမယ်။ ဟောဒါ စာရေးဆရာ မြသန်း ဆိုတာပဲ။ အများအားဖြင့် သူ တာရာမဂ္ဂဇင်းထဲမှာ ရေးခဲ့တာ တွေ့ဖူးမှာပေါ့''
နှစ်ယောက်စလုံးပင် ကိုယ်ကို ရှုံ့၍ ပြုံးကာ...
"ဪ... ကြားဖူးပါတယ်။ ဒီလို သိကျွမ်းရတာ ဝမ်းသာပါတယ်ရှင်''
နောက်တစ်ယောက်
''တင့်တယ်နဲ့ တက်တိုးနဲ့ တာရာကို ဝေဖန်ကြတုန်းက တာရာဘက်ကို လိုက်ရေးတဲ့ ကိုမြသန်းစာ ကျွန်မ ဖတ်လိုက်ရတယ်''
ဘယ်လိုစိတ်ဓာတ်နှင့် ပြောသည်ကို အကဲမခတ်။ သူ့စာ ဖတ်သည် ဆိုသည်ကို ဝမ်းသာအားရ ဖြစ်လွန်း၍ ကျားပျံကြီးမှာ ထခုန်တော့မလို၊ ထိုင်ရှိခိုးလိုက်တော့သလို အမူအရာမျိုး ဖြစ်နေသည်နှင့် ကျွန်တော်က သူ့လက်ကို နာနာကလေး ဖျစ်လိုက်ပြီး..
"ကိုမြသန်း... ဟာ.. သူ့နာမည်က ခင်အေးမြင့်၊ သူ့နာမည်က တင့်တင့်စမ်းတဲ့။ ကဲ... ခင်ဗျား သူတို့ကို အထဲလိုက်ပြီး ပြလိုက်ပါဗျာ''
တင့်တင့်စမ်းက
''ဟင်... ကိုဆွေက ထွက်ရဖို့ အခန်း နီးနေလို့လား"
''မနီးသေးပါဘူး။ ဒါပေမယ့် ကိစ္စတစ်ခု ရှိနေလို့"
ခင်အေးမြင့်
"ဘာကိစ္စလဲ၊ ကိုဆွေရည်းစား 'မေ' လာမှာမို့လား။ ဒါဖြင့် သွားလေ မြင့်တို့ထက် အရေးကြီးပါတယ်။ မြင့်တို့တော့ ဒီလိုခေါ်ပြီး ပြဇာတ်ပြတာပဲ ကျေးဇူးတင်လှပါပြီ''
ပါးကလေးပူကာ နှုတ်ခမ်းစူ၍ မျက်စောင်းခဲသည်နှင့်
''မဟုတ်ပါဘူး မြင့်ရယ် ဒီမေက ကိုဆွေ ဝတ္ထုတွေထဲက စိတ်ကူးယဉ်ပါ။ ကဲ.. အချိန်နီးနေပြီ။ လာ လာ ဝင်ကြမယ်''
ဟု ဆိုရင်း အပေါက်ဝထိအောင် လိုက်ပို့ပြီး ဆရာ တက္ကသိုလ်နေဝင်းအတိုင်း ပခုံးကလေးကို ပုတ်လိုက်ရသည်။
ခေတ္တမျှ အကြာ၌ ကျွန်တော်လည်း ရုံထဲဝင်ကာ သူတို့ ကုလားထိုင်နောက် တစ်တန်းကျော်မှ မရောင်မလည်နှင့် ကိုယ့်လူ ဂေါ်ရည်၊ ဂေါ်ချင်းကို အကဲခတ်ရသည်။
ညံ့လှပါသည်။ သုံးယောက် ယှဉ်ထိုင်နေရာ၌ မိန်းကလေး နှစ်ယောက်သာ သူတို့ချင်း တွတ်ထိုးနေ၍ ကျားပျံကြီးမှာ တင့်တင့်စမ်း နံဘေး၌ ငုတ်တုတ် ကျောက်ရုပ်။
အတော်ကြာမျှ ကျွန်တော် စောင့်ကြည့်နေသည်။ ကိုယ့်လူမှာ လှုပ်ရှားခြင်းမရှိ။ ထို့ကြောင့် ကျွန်တော်သည် အိတ်ထဲ၌ အသင့်ပါလာသော စာတစ်ရွက်ကို ထုတ်၍ (ကိုယ့်လူ စားစရာလေး၊ ဘာလေး ဝယ်ကျွေးပြီး စကားစရတယ်)ဟု ရေးပြီး ကလေးမများ မသိအောင် သူ့နောက် ချဉ်းကပ်ပြီး ပခုံးကို တို့၍ ပေးလိုက်သည်။
သူစာကို ဖတ်ပြီး ငေါက်ခနဲ ထသွားသည်။ ကျွန်တော် မူလနေရာ ပြန်နေလိုက်သည်။ အတော်ကြာမှ ကိုယ့်လူ အထုပ်နှစ်ထုပ်ကို ကိုင်၍ ရောက်လာသည်။
သူ့နေရာ ဝင်ထိုင်ရပြီး တင့်တင့်စမ်းအား နှစ်ထုပ်ပူး လက်ကမ်းလျက်...
''ရော့.... တစ်ယောက် တစ်ထုပ်၊ စားကြဗျာ"
သူ့အသံဆိုးကြီးနှင့် ပြောသည်။ ကလေးမက
''အို... နေပါစေရှင်''
"ရော့ပါဗျာ။ ကျုပ်က တကယ့်စေတနာနဲ့ ကျွေးတာပါ။ ယူပါ မခင်အေးမြင့်။ လုပ်ပါ မတင့်တင့်စမ်း။ ဆီးချက်ရွဲရွဲနဲ့ ကာဌေးရုံရှေ့မှာ နာမည်ကြီး ထမင်းသုတ်ပေါ့''
သေဟဲ့... နန္ဒိယ။ ကျွန်တော့်မှာ ကိုယ့်နဖူးကိုယ် ဖျက်ခနဲ မရိုက်လိုက်မိရန် မနည်း သတိထားလိုက်ရသည်။
ကြည့်ပါ မိတ်ဆွေ၊ ဒီလို ပွဲလမ်းသဘင် ကြည့်ဖို့၊ လှလှပပ ဝတ်စားလာပြီး ရုံထဲ ထိုင်နေတဲ့အခါမှာ အဘယ် မိန်းကလေးက ဤ ဆီချက်ရွှဲရွှဲနှင့် ထမင်းလက်သုတ်ကို စားချင်အံ့နည်း။ နှုတ်ခမ်းနီ အပျက်ခံပြီး စားချင်ဦးတော့၊ ဘယ်မလဲ လက်ဆေးဖို့ရေ၊ လက်သုတ်ဖို့ ပေးတယ်ထားဦး၊ အမွှေးနံ့သာ ခုံမင်နေတဲ့ ကလေးမတို့မှာ ငံပြာရည်နံ့က ပျောက်မတဲ့လား။
သေသာသေလိုက်ပါတော့ မြသန်းရယ်။
ထို့ကြောင့် ကျွန်တော် ဒုတိယ စာတစောင် ရေးရပြန်တော့သည်။
''ဟ... မသာကြီးရဲ့၊ ဒီနေရာမျိုး ထမင်းလက်သုတ် ဝယ်ကျွေးလို့ ဖြစ်မတဲ့လားဟ။ မပေမကြံတဲ့ လိမ္မော်သီးလေး ဘာလေး လုပ်မှပေါ့''
ဤစာဖတ်ပြီးသော အခါ၌ သူ အလျင်အမြန် ထသွားပြန်သည်။ မကြာမီ အထုပ်ကြီး နှစ်ထုပ်ပိုက်၍ ဝင်လာ၏။ တစ်ထုပ်လျှင် လိမ္မော်သီး ငါးလုံး၊ ခြောက်လုံး ပါလိမ့်မည်။
ဟောဗျာ... ပေးပြန်ပြီဗျ။ ထုပ်လုံးထိုး။
ကျွန်တော့်မှာ မျက်ခုံးချီ၍ စိတ်ထဲမှ ရေရွတ်လိုက်ပါသည်။ အကြောင်းမှာ မြသန်းသည် သူ့နေရာ ပြန်ရောက်လျှင် ရောက်ချင်း လိမ္မော်သီးနှစ်ထုပ်ကို တစ်ယောက်တစ်ထုပ် အတင်းထိုးအပ်သည်။
''ရော့ပါဗျာ။ စားပါဗျာ။ ဒါ အခုန ထမင်းလက်သုတ် မဟုတ်ဘူး။ လိမ္မော်သီးတွေပါ။ အလုံးကြီးတွေက ကြီးသနဲ့။ နှစ်ကျပ်ဖိုးမှ ငါးလုံးရတယ်။ အခုနယ် လိမ္မော်သီးက သိပ်ဈေးကြီးတာ။ အင့်...မတင့်တင့်စမ်း လုပ်ပါ။ ယူပါ... မခင်အေးမြင့်''
သေမင်းငင်သလို သံပြာဆိုးကြီးနှင့် မာဂဓနှောလေရာ ကလေးမနှစ်ယောက်မှာ သူတို့ချင်း စကားပြောပျက်သည်နှင့် ပြီးမှပြီးလွယ်စေဟူသော သဘောဖြင့်
''ကျေးဇူးတင်ပါတယ်ရှင်" ဟုဆိုကာ ယူလိုက်၏။ သို့သော် မစားကြချေ။ ပေါင်နံဘေး ကုလားထိုင်ပေါ်၌ ချထားကာ သူတို့ စကားသာ ဆက်ကြသည်။
ဤနေရာ၌ အလိုက်ကန်းဆိုးမသိ၊ ကျားပျံကြီးက ဆက်တွန်းသည်။
''လုပ်ကြပါဗျာ။ စားကြပါဗျာ''
''မဆာဘူးရှင့်။ ကျွန်မတို့ ရင်ပြည့်နေလို့ပါ''
ကဲ... ပြီးရော...
ကျွန်တော့်မှာ စိတ်ပျက်စွာနှင့် ရုံထဲမှ ထွက်ခဲ့ပြီး ဇာတ်ခုံပေါ် ပြန်တက်၍ အရက်သာ သောက်နေတော့သည်။
ပြဇာတ်လည်း က,လေပြီ။
ကျားပျံကြီးမှာ လူထု တောသားခန်း ဖြစ်၍ သူ့အခန်းနီးသောအခါ၌ ဇာတ်ခုံပေါ် ပြန်တက်ပြီး ကျွန်တော့်ဆီသို့ ရေးကြီးသုတ်ပျားနှင့် ရောက်လာကာ
''ဆရာ... ဆရာ''
ကျွန်တော်က သောက်ပြီးသား ဖန်ခွက်ကို ဆောင့်ချလိုက်ပြီး...
''ထိုင်စမ်း''
သူသည် မျက်နှာကလေး ငယ်သွားကာ ကျွန်တော့်ရှေ့မှောက် ကုလားထိုင် အောက်၌ ဆောင့်ကြောင့်ကလေး ထိုင်သောအခါ
''မင်းဟာ ဘယ်နေရာမှ သောက်သုံးမကျဘူး။ ပြဇာတ်ရုံထဲမှာ မိန်းကလေးတွေကို ထမင်းလက်သုတ် ဝယ်ကျွေးရတယ်လို့၊ မင့်ဆရာဟောင်း တာရာက တရုတ်ပြည်က အပြန်မှာ သင်ပေးလိုက်တာလား ပြောစမ်း"
''မဟုတ်ပါဘူး ဆရာ''
အသံများပင်တုန်၍...
"ဒါဖြင့်.. ဘာကြောင့်လဲ''
"ဒီလိုပါ ဆရာ။ အရင်ဆရာနဲ့ ကျွန်တော် လမ်းလျှောက်ထွက်ကြတော့ လက်သုတ်ဆိုင်တစ်ခုမှာ မဒီကလေးတွေ ဝိုင်းထိုင်နေတာ မြင်တော့ ဆရာက 'အင်း မိန်းကလေးဆိုတဲ့ လူမျိုးတွေဟာ အချဉ်တို့၊ အငံတို့၊ အစပ်တို့ အင်မတန်ကြိုက်တယ် တပည့်ရ။ တကယ်လို့ အခု ကိုယ်တို့ ဂေါ်ဂဲလ်တစ်ယောက် လမ်းမှာ တွေ့တယ်ဆိုရင် တို့ယောက်ျားတွေ ထိုင်လေ့ရှိတဲ့ လက်ဖက်ရည်ဆိုင်ထက် သူတို့ ကြိုက်တတ်တဲ့ လက်သုတ်ဆိုင်ကို ခေါ်သွားရမယ် ဆိုတာ သတိရလို့ပါ ဆရာ''
ကျွန်တော်သည် မျက်နှာကို အကြီးအကျယ် ရှုံ့ကာ...
"သေပါတော့ မြသန်းရယ်... ဒါက အခြေအနေ နေရာဌာနအလိုက် ပြောတာဟဲ့။ အခု နင့် ပြဇာတ်ရုံထဲမှာ လက်သုတ် ဝယ်ကျွေးတော့ ဘယ်လိုလုပ် စားမလဲ။ ဘယ်မှာ လက်ဆေးမလဲ။ စဉ်းစားကြည့်စမ်း
ဟုတ်ပါတယ် ဆရာ။ ကျွန်တော် နောက်မှ သတိရတယ်။ ဒါပေမယ့် ကျွန်တော် နောက်လိမ္မော်သီး ဝယ်ကျွေးတော့လည်း ယူသာထားတယ်၊ မစားဘူး ဆရာ''
''စားပါ့မလား။ မင့်ပေးပုံကြီးက ထုပ်လုံးထိုး ရော့ပါဗျာ။ ယူပါဗျာ။ စားပါဗျာနဲ့ ကဗျာ မဆန်လိုက်တာ။ အလှူအိမ်မှာ သူများပစ္စည်း ဖရီးစားနေကျ ဘုရားလူကြီးနဲ့ အရပ်လူကြီး ပုလဲနံပ သင့်နေတဲ့အတိုင်းပဲ။ နို့... ပြီး၊ မင်း... သူတို့နာမည် ခေါ်ပုံကြီးကလည်း ဘယ်လို... ဟို... ခွေးအိုကြီး သူ့ကိုယ်သူ သန်းကိုက်ရင်း ညည်းသံကြီးနဲ့ မတင်တင်စမ်း၊ မခင်အေးမြင့် နဲ့။ ကဗျာဆန်ဆန် မှည့်ထားတဲ့ သူတို့နာမည်ကလေးတွေကို ပျက်ကရော။ တကယ်ဆို သူတို့ကိုယ်တိုင်က သူတို့ကို သူတို့ `စမ်း' 'မြင့်' တို့ ပြောနေမှ မင်းကလည်း 'စမ်းရယ်' 'မြင့်ရယ်'လို့ ခေါ်ရတယ်ကွ။ မင်း ကိုယ်မင်း စဉ်းစားကြည့်စမ်း။ မင်းနာမည်ကြီးကို ခေါ်ရိုးခေါ်စဉ် ကိုမြသန်း ခေါ်တာနဲ့ ကိုသန်း'လို့ ခေါ်လိုက်တာ ဘယ်ဒင်းက နားဝင်ချိုမလဲ"
ငနဲ၏ မျက်နှာမှာ စပ်ဖြဲဖြဲကြီး ဖြစ်လာကာ..
''အင်း... ဟုတ်တယ် ဆရာ၊ ဟုတ်တယ်။ ကျွန်တော် သဘောပေါက်ပြီ"
''အေး တည့်တည့်ဖွင့်ပြမှပဲ ပေါက်တော့မှာပေါ့။ ဒီမှာ မြသန်း မိန်းကလေးတွေဟာ သူတို့ နာမည်တွေ ခြောက်လုံးပဲဖြစ်ဖြစ်၊ ခုနှစ်လုံးပဲဖြစ်ဖြစ်၊ ဘယ်လောက်ရှည်ရှည်ပဲ မှတ်ထားထား၊ကော်ပီစာအုပ်ထဲ ရေးပြီး တစ်ညလုံး ကျက်ယူရအောင်ပဲ မှည့်ထားထား၊ တစ်လုံးပဲ ခေါ်ရတယ်။ တစ်လုံးတည်း ခေါ်မှလည်း ကြိုက်တယ်။ ဥပမာ မာဂရက် ခင်သန်းမြင့်နွဲ့ ထူးအေးကြူကြိုင် ဆိုရင် အစလုံးဖြစ်စေ၊ အဆုံးလုံးဖြစ်စေ `မာ' သို့မဟုတ် 'ကြိုင်' လို့ ခေါ်ရတယ်။ အဲဒါကို အလိုက်ကန်းဆိုး မသိဘဲနဲ့ ရိုသေလေးစားစွာ 'မမာဂရက် ခင်သန်းမြင့်နွဲ့ထူးအေးကြူကြိုင်' လို့ သွားခေါ်လိုက်ရင်ဖြင့် ဂေါ်ဂနိုက်ဇေးရှင်းမှာ တစ်ခါတည်း သူရဲ့ ရန်သူနံပါတ်(၁) ဖြစ်သွားပြီသာ မှတ်ပေတော့။ မိန်းကလေးတွေ သူတို့ကိုယ်သူတို့ နာမည်ရှည်ရှည်မှည့်ကြတာက သူများရဲ့ အခေါ်ခံချင်လို့ မဟုတ်ဘူး။ သူတို့ စာအုပ်မှာ နာမည်ထိုးဖို့ရယ်၊ လက်ရေးကို လက်နှိပ်စက်အောင်ပြီး
ဖောင်စောင့်တာနဲ့ အလုပ်ရလို့ ကျောင်းကြော်ငြာအတွက် ဓာတ်ပုံထည့်တဲ့အခါမှာ အောက်က ရေးဖို့ရယ်၊ ခိုးရာလိုက်လို့ သတင်းစာထဲ ပါတဲ့အခါမှာ၊ သို့မဟုတ် မင်္ဂလာဖိတ်စာ ရိုက်တဲ့အခါမှာ သို့မဟုတ် မယ်ဘွဲ့ရတဲ့ အခါမှာ သို့မဟုတ် အကပ်ကောင်းလို့ နိုင်ငံခြားသွားရတဲ့အခါမှာ သို့မဟုတ် အဲ... အဲ... အဲဒီအခါတွေ မှာပေါ့လေ အစအဆုံး ပုံနှိပ်စာလုံးဖြစ်ဖို့ သူများထက်ဆန်းအောင် ရည်ရွယ်တာပဲကွ။ မသေမချင်း လည်ပင်း ကြပ်ထွက်အောင် မှတ်ထား သိလား''
''ကောင်းပါပြီ ဆရာ''
"အေး... မိန်းမစိတ်ဓာတ်ကို သိတတ်ရတယ်။ နို့.. ပြီး၊ အခုလို ပြဇာတ်ရုံထဲသို့ ရုပ်ရှင်ရုံထဲတို့ မိန်းကလေးတွေကို စားစရာ ဝယ်ကျွေးတဲ့အခါမှာ မင့်လို ထုပ်လုံးထိုး ရော့ပါဗျာ၊ လုပ်ပါဗျာ၊ စားပါဗျာနဲ့ မလုပ်ရဘူး။ ဟောဒီမှာကြည့်။ လာ.. လာ၊ မင်း ငါနဲ့ ယှဉ်ထိုင်၊ ဒီနေ့ ပြီးပြီးသားဟာတော့ ထားတော့။ နက်ဖြန် ညအတွက် ငါ သင်လိုက်မယ်''
သူ့ကို ကျွန်တော့်နံဘေး ကုလားထိုင်၌ ထိုင်စေလိုက်ပြီး
''ကဲ... ဒီနေရာမှာ မင်းက မိန်းကလေး ဆိုပါတော့ကွာ။ ငါက ဂေါ်ကျွေး ကျွေးတော့မယ်။ အဲ.. ငါလိမ္မော်သီးဝယ်ပြီး အပြင်က ပြန်လာပြီ၊ ရောက်ရောက်ချင်း မထိုင်ခင် အထုပ် ထိုးပေးမနေနဲ့ဦး။ ဒါပေမယ့် မင့်လက်ထဲမှာ စားစရာထုပ် ပါတယ်ဆိုတာတော့ သိထားပစေ။
ဟော့လို အေးအေးဆေးဆေးထိုင်တော့ ပါးစပ်က တစ်ခုခုပြော။ ဥပမာကွာ 'ဟာ... မြင့်ရေ.. ဒီနေ့တော့ လူတော်တော်ပဲ လာတယ်ဆရာ။ မနေ့ကထက် များတယ်' ဒီတော့ သူက မင်းဘက်လှည့်ပြီး ဝမ်းသာတဲ့ အမူအရာနဲ့ 'ဟုတ်လား' သို့မဟုတ် တစ်ခုခု ပြောလိမ့်မယ်။ ဒီတော့ မင်းက လိမ္မော်သီး တစ်လုံးထုတ်ပြီး 'လိမ္မော်သီး မြင့်' သူက ယူလိမ့်မယ်။ သို့မဟုတ် 'အို.. နေပါစေ၊ မြင့်မဆာဘူး' ပြောလိမ့်မယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် မင်းက လိမ္မော်သီးကို ဟက်ခနဲ ခြမ်းလိုက်၊ 'ရော့ပါ.. နည်းနည်းပဲဖြစ်ဖြစ်၊ အပျင်းပြေ စားတာပေါ့' သူ့လက်ထဲ ထည့်လိုက်၊ ဒီအထိမှ ငြင်းနေသေးရင် မင်းက ဒီ လိမ္မော်သီးခြမ်းကို ထပ်ပြီး ခွဲလိုက်၊ 'များနေလို့လား ရော့ပါ တစ်မြွှာပဲဖြစ်ဖြစ် စားပါ' လက်ထဲသာ အတင်းထည့်တော့။ နို့ပြီး မင်းကလည်း မင့်လက်ထဲကျန်တဲ့ လိမ္မော်သီးခြမ်းကို အားရပါးရ စားပြ။ ဒီအချိန်မှာ သူ မနေနိုင်တော့ဘူး။ လိမ္မော်သီးရနံ့က သွေးဆောင်လို့ လည်းကောင်း၊ သူ့လက်ထဲ လိမ္မော်သီးစိတ်က စိုနေလို့ လည်းကောင်း၊ ပါးစပ်ထဲ ထည့်ပစ်ရတော့မှာပဲ။ အဲဒီအခါမှာ မင်းက နောက်ထပ် ထပ်ပေး။ ဒီလိုပေးတဲ့ ပုံကလည်း သူ့ကို လိမ္မော်သီး ပဓာနထားပြီး ပေးနေတဲ့ဟန်မျိုး မဟုတ်ဘဲ တစ်စုံတစ်ခုကို ပြောပြီး အမှတ်တမဲ့ သူ့လက်ထဲ ထည့်ရမယ်။ ပါးစပ်က စကားကို မပြတ် ပြောနိုင်ရမယ်''
သူက ဖြတ်၍...
''ဘာစကားတွေ ပြောရမလဲ"
"အ,ပါ့ကွာ။ ပြဇာတ်ကြည့်နေတာ ပြဇာတ်နဲ့ဆိုင်တဲ့ စကားပေါ့ကွ။ ထွက်လာတဲ့လူ ကြည့်ပြီးတော့ ဒါကဖြင့် ဘယ်သူပဲ ဘယ်ဝါပဲ၊ သုခနဲ့ ဇဝနဆိုရင် သူတို့ဟာ ပထမဖြင့် မကဘူးလိုလို၊ ကမလိုလို သူတို့ဝါသနာအတိုင်း မူလကျီ လုပ်နေကြသေးတယ်။ နောက်မှ ဒီမြဝတီပြဇာတ်ကြီးတော့ ငါတို့ ထိန်းမှပဲဆိုပြီး တက်ကကြတယ်။ မင်းအောင်နဲ့ အင်္ဂလိပ်စကားပြန် လုပ်တဲ့ ဘထွန်း ဘီအေဆိုရင် ပြဇာတ်ထဲ မပါရဘူး။ ပြောရင်ပဲ သူတို့ကိုယ်သူတို့ သတ်သေတော့မလောက် ဖြစ်နေကြတယ်။ ရွှေဥဒေါင်းတို့၊ ဒဂုန်ရွှေမျှားတို့၊ စိန်မင်းသားတို့ဆိုရင် နှစ်တိုင်း ဝန်ကြီးလုပ်ပြီး တစ်ည တစ်ဆယ် မှန်မှန်ယူနေကြတာပဲ။ ဆရာသင်္ခါက အမြဲတမ်း ဘုရင်ဖြစ်တယ်။ ဒဂုန်ငမောက်တို့ ပေတိုးတို့ သူရိန်တို့ကတော့ ပွဲတိုင်း လှံကိုင်စစ်သား၊ ဝဇီရာဆိုရင်ဖြင့် မင်းသားလုပ်ရလုပ်ရ၊ ဘုရင်ဖြစ်ရ ဖြစ်ရ၊ ဘီလူးက ကရ ကရ နေရာတကာမှာ နိုင်နင်းတယ်။ ဒီနှစ် က စလင်းစား မောင်အို၊ သီတာခင်ထွေးက မယ်နုလုပ်လို့ အင်မတန် ဘက်ညီတယ်။ ဒီနှစ်ဖြင့် သာယာဝတီမင်းသားလုပ်ရတဲ့ မင်းအောင်က ပွတာပဲ။ သူ့မိဖုရားက ဒေါ်ခင်စောလှိုင်၊ ဟိုး... စစ်မဖြစ်ခင်တုန်းက ယူနီဗာစီတီမှာ ဂဲလ်အလှထိပ်တင်၊ သူတို့ သမီးတော်လုပ်ရတာက တက္ကသိုလ်နေဝင်းမိန်းမ ငြိမ်း။ ချော၏။ နိပ်၏။ တကယ့် ရုပ်ရှင်ဇာတ်လိုက်ဖြစ်ဖို့ ကြံရွယ်နေတဲ့ တက္ကသိုလ်နေဝင်းနှင့် ဘက်ညီ၏။ အောင်လင်းက အီနောင်မင်းသား၊ မင်းသမီးနှစ်လက်နဲ့။ ခင်ဥဥ- ခင်စိန်ကြည်၊ ဗန်းမော်တင်အောင်တို့ လင်းယုန်နီတို့ ကျော်အောင်တို့ ကြည်လင်တို့ ရွှေဓားတို့က လူထု တောသားခန်းက။ ဒီနှစ် သူတို့ နိုင်ငံရေးပြက်လုံးတွေ တော်တော်ကြမ်းတယ်။ ခါတိုင်းနှစ်ဆိုရင် ဝန်ကြီးချုပ်က တစ်ရာတန်း လက်မှတ်တွေ ရောင်းပေးလို့ ငွေခြောက်ထောင်၊ ခုနှစ်ထောင် အမြဲတမ်းရတယ်။ ဒီနှစ်တော့ 'ကန်တော့ဆွမ်းပါ'လို့ ငြင်းဆိုလိုက်တယ်။ စာရေးဆရာအသင်းကို တကယ်မေတ္တာထားတာက ရွှေညာမောင်။ ရုပ်ရှင်ဘက်ရောက်ပြီး စာပေနဲ့ အဆက်ပြတ်နေပေမယ့် ဘယ်တော့မှ သူမငြင်း။ ဒါတွေ ပြောပေါ့။ နို့.. ပြီး၊ ဇာတ်ခုံနောက်ပိုင်း အတွင်းဆိုလဲ ယိမ်းသမကလေးတွေ ဂေါ်ကြတဲ့ အရှုပ်အရှင်း၊ ဆရာလှသမိန်က သူ့ကောင်မလေး ညိုဝင်း ပါသလိုလို ကြားတာနဲ့
သူဝယ်ပေးထားတဲ့ ပုတီးနဲ့ထဘီတို့ ပြန်တောင်းတာတို့ ဘာတို့ပေါ့ကွာ။ ဟုတ်ဟုတ်၊ မဟုတ်ဟုတ် စိတ်ဝင်စားစရာ နားထောင်စရာဖြစ်အောင် ပြောပေါ့။ ဟုတ်လား။ စာရေးဆရာအကြောင်းဆိုရင် သူတို့ သိချင်ကြတာပဲ''
''ဟုတ်ကဲ့ ဆရာ''
"အဲ့လိုပြောရင်းနဲ့ လိမ္မော်သီးကို တစ်မြွှာစီပေး၊ ခွံ့ကျွေး၊ အစေ့ထုတ်ပေး၊ တဖြည်းဖြည်းနဲ့ ရင်းနှီးအောင်လုပ်။ နောက်ဆုံး လိမ္မော်သီး ကုန်တဲ့အခါမှာ ပန်းသီး ထပ်ဝယ်၊ တစ်ယောက်
တစ်ကိုက် ကိုက်စားနိုင်တဲ့ အခြေရောက်အောင် ကြိုးစားရမယ်။ ဒီအတွင်းမှာလည်း 'လူပျိုလက်ကင်းမြီး' ဆိုတဲ့အတိုင်း မတော်တဆလိုလို၊ အမှတ်တမဲ့လိုလို ရုတ်တရက်လိုလိုနဲ့ အသားချင်းထိအောင်လည်း အခွင့်ရဖို့ မမေ့ရဘူး သိလား"
ယင်းသို့လျှင် ကျွန်တော် ကျကျနန သင်ကြားပြီး နောက်တစ်နေ့ ညတွင် ခင်မာကြည် မည်သော ကျွန်တော့် အသိမကလေးနှင့် ယမန်နေ့ညကကဲ့သို့ သူနှင့် မိတ်ဖွဲ့ပေးပြီး ရုံထဲ အတူလွှတ်၍ ကြည့်စေလိုက်သည်။
ကျွန်တော်ကတော့ ကိုယ့်လူကို နည်းပေးလမ်းပြလုပ်ပြီးပြီဖြစ်၍ လိုက်၍ နောက်ယောင် မခံတော့ပါ။ သူ၏ စီရင်ခံချက်ကို စောင့်ရင်း ဇာတ်ခုံပေါ်မှာပဲ အေးဆေးစွာ နေလိုက်ပါသည်။ သို့သော် ပြဇာတ်(၁၅)ကတ်မျှ ပြီးသည်၌ သူကတော့ ပေါ်မလာသေးဘဲ၊ ခင်မာကြည် စိတ်မချမ်းမသာ မျက်နှာဖြင့် ရောက်လာကာ...
"ဒီမှာ ကိုဆွေ... ကိုဆွေ''
''ဟင်... ဘာလဲ အကြည်''
"အကြည်ကို ဘယ်လိုလူနဲ့ အတူ ပေးကြည့်တာလဲ ကိုဆွေရယ်''
''အို... ဘယ်လိုဖြစ်လို့လဲ ပြောစမ်းပါဦး''
"ဟာ.. ဘယ်လိုလူမျိုးလဲ မသိပါဘူး။ အကြည့်ကို လိမ္မော်သီးတွေ ခွာကျွေး၊ နွှာကျွေး၊ လက်ထဲအတင်းထည့် သူ့ပါးစပ်က ပြောလိုက်တာတွေကလည်း တဗျစ်ဗျစ်နဲ့ နားငြီးရော။ ဘာတွေပြောလဲတော့ မမှတ်မိပါဘူး။ တက္ကသိုလ်နေဝင်းမိန်းမက မင်းအောင် သမီးဆိုလား၊ ဆရာဇဝန ခွက်ပုန်းသောက်တယ်။ ဆရာလှသမိန် ထဘီခိုးတယ်၊ ပုလဲပုတီး ဖြုတ်တယ်ဆိုလား၊ သူ့ဟာ မဟုတ်တမ်းတရားတွေ စုံလို့ပါပဲ။ အကြည့်မှာ ပြဇာတ်ကို ကောင်းကောင်းမကြည့်ရ။ ဇာတ်ခုံပေါ်က ပြောတဲ့စကားတွေလည်း နားမလည်တော့ဘူး။ ဒါနဲ့ သူ့လက်ထဲက လိမ္မော်သီးတွေ ကုန်တော့ ဘာမပြော၊ ညာမပြော ထသွားတယ်။ အကြည့်စိတ်ထဲက အခုမှ ဝဋ်ကျွတ်ပဟဲ့
အောက်မေ့လိုက်ပါတယ်.. ဘယ်ဟုတ်လိမ့်မလဲ၊ ပန်းသီးတွေ ယူလာပြီး သူ့ပါးစပ်ကြီးနဲ့ ကိုက်လိုက်၊ အကြည့်ပါးစပ်ထဲ ထိုးခွံ့လိုက်နဲ့ ပြောလိုက်တဲ့ စကားတွေကလည်း ဖောင်လို့။ နို့.. ပြီး လက်တွေခြေတွေကလည်း အငြိမ်မနေသေးဘူး။ အဲဒါနဲ့ အကြည် စိတ်ညစ်ပြီး ထွက်လာခဲ့တာပဲ''
ကျွန်တော် သက်ပြင်းရှည်ကြီး ချလိုက်မိသည်။
''ကဲ... အကြည်၊ အခု သူဘယ်မှာလဲ''
''အကြည်ထွက်လာတော့ သူ ထိုင်ကျန်ရစ်တာပဲ''
"ဒါဖြင့် လာ အကြည် ရုံထဲပြန်ဝင်၊ ပြဇာတ် ဆက်ကြည့်ရအောင်၊ သူ့ကို အကြည်နား မထားတော့ဘူး၊ ကိုဆွေ လိုက်ခေါ်မယ်''
''ဟင့်အင်း... အကြည် မကြည့်နိုင်တော့ဘူး''
"ဘာလို့လဲ''
''သူကျွေးသမျှတွေ စားရတာ ကိုဆွေရယ်၊ အကြည့်ဗိုက်ထဲ မအီမလည်ကြီး ဖြစ်နေပြီ။ အိမ်ပြန်ပြီး ဖရူဆော့လ် သောက်လိုက်မှ ဖြစ်တော့မယ်။ ကိုဆွေကို ကျေးဇူးတင်ပါတယ်။ သွားတော့မယ်နော်''
ကျွန်တော် အဘယ်မှာ စိတ်ကောင်းနိုင်အံ့နည်း။
အတော်ကြာမှ မြသန်း စပ်ဖြဲဖြဲမျက်နှာကြီးနှင့် ရောက်လာကာ...
''ဆရာ... ကျွန်တော်ကတော့ ဆရာပြောတဲ့အတိုင်း ကြိတ်လိုက်တာပဲ။ ဇိမ်ပဲ.. အဟီးဟီး။ ဒါနဲ့ သူ အခု ဘယ်ထွက်သွားလဲ မသိဘူး။ ပြန်မလာလို့ ကျွန်တော် လိုက်ရှာနေတာပဲ။ ကျွန်တော် အခု ထွက်ရှာလိုက်ဦးမယ်နော်''
သူ သွားမည်ပြုလေရာ ကျွန်တော်က...
''ဟေ့.. မသွားနဲ့တော့ တော်ပြီ။ မင်း ဒီလို အသိဖွဲ့ပေးတဲ့ ဂေါ်နည်းတော့ မစွံတော့ဘူး။ တခြားနည်းတွေ သင်ပေးမှ ဖြစ်တော့မယ်''
ဆရာသော်တာဆွေ၊ ဘရန်ဒီတစ်ပုလင်း ဝတ္ထုတိုများ ပီဒီအက်ဖ်။
စာမျက်နှာ ၂၀၅ - ၂၃၄။
စာရိုက် - စလေ ငနော့
