•••••••••
သုမောင်
(၁)
လူတစ်ယောက်၏ နာမည်ဖြစ်သည်။
သူသည် ကျွန်တော့် အမေ၏ နှမဝမ်းကွဲ ဖြစ်သဖြင့် ကျွန်တော်နှင့် ဆိုလျှင် အဒေါ်ဝမ်းကွဲ တော်ပါသည်။ သူ မွေးတင်းစ အရွယ်တွင် အတက်လွန်သော ရောဂါဖြစ်သဖြင့် သူ့ခန္ဓာကိုယ်ကလေးမှာ ကွေးကောက်လိန်တွန့်၍ ပုံပန်းမကျ ဖြစ်သွားရသည်မှာ ယခုတိုင် ဖြစ်၏။ ဤသည်ကို အကြောင်းပြု၍ ကျွန်တော့်အမေ၏ ဆွေမျိုးများက သူ့အား “ဍရင်ကောက်'' ဟုခေါ်ကြခြင်း ဖြစ်ပါသည်။ နောင်သော် သူ့အမည်ရင်း ဒေါ်ဒေါင်းညို ပျောက်၍ ကျွန်တော်တို့လို တူသား များကပင် လူကြီးများသံယောင်လိုက်၍ ခေါ်ကြသော “ဍရင်ကောက်'' အမည် တွင်ရပါတော့သည်။
(၂)
ကျွန်တော် အိပ်ရာမှထသောအခါ ဆယ်နာရီထိုးပြီးပြီ ဖြစ်၏။ 'ဍရင်ကောက်' ရောက်နေလေပြီ။ တနင်္ဂနွေနေ့တိုင်း သူရောက်လာမြဲ ဖြစ်၏။ သူသည် ဆ-လ-က တွင် အလုပ်လုပ်၏။ သုံးးကျပ်ရှစ်ဆယ့် ငါးပြား နေ့စား အလုပ်သမများကို ထိန်းသိမ်းရသော တာဝန်ခံ ဖြစ်သည်ဟု ဆို၏။ သူ့လစာကို မေးသောအခါ သူသည်လည်း သုံးကျပ် ရှစ်ဆယ့်ငါးပြား နေ့စားတစ်ယောက်ပင်
ဖြစ်နေ၏။ သို့သော် သူ့ အလုပ်ကိုမူ ဂုဏ်ယူ၍ ပြောတတ်၏။ ကိုယ်လက်မသန်စွမ်းရှာသော ဍရင်ကောက်ကို ဌာနဆိုင်ရာက ကြည့်ရှုထားသည့် သဘော ဖြစ်ဟန်တူပါသည်။
ကျွန်တော် အိပ်ရာမှထသောအခါ ဍရင်ကောက် ရောက်နေပြီ ဖြစ်သော်လည်း သူ့အလျင် တစ်စုံတစ်ယောက် ကျွန်တော့်အိမ်သို့ ရောက်နှင့်နေပြီးပြီကိုကား နံနက်စောစော တစ်ရေးနိုးစကပင် သိခဲ့ပါသည်။ မည်သို့ပင်ဖြစ်စေ တနင်္ဂနွေ နံနက်တိုင်း ကျွန်တော် မနိုးခင် ပင် အိမ်သို့ ဧည့်သည်ရောက်နေသည်မှာ မဆန်းတော့ပါ။ အိမ်သားမဟုတ်၍သာ ဧည့်သည်ခေါ်ရသော်လည်း တကယ်တော့မူ ဆွေမျိုးများသာ ဖြစ်တတ်ကြပါသည်။ ကျွန်တော်တို့ ညီအစ်ကိုတစ်တွေ၏ မိတ်ဆွေသူငယ်ချင်းများကား အိမ်သားများကဲ့သို့ပင် နေ့ညမပြတ် ရှိနေတတ်ပါသည်။
အမေသည် ရောက်လာသမျှသောသူတို့ကို ဖျားလာလျှင် ဆေးနီမှုန့်၊ ဗိုက်နာ၊ ခေါင်းကိုက် ဖြစ်လာလျှင် “ဒေဝစက္ခု” (မျက်စိဆေး ဖြစ်သော်လည်း ဘာဖြစ်ဖြစ် ပျောက်သည်ဟု အမေက ပြော၏) မောပန်းလာသူကို ထမင်းစသည်ဖြင့် ဝတ္တရားမပျက်ခဲ့ချေ။
အငြိုအငြင် မရှိခဲ့ချေ။ ဤအချက်တစ်ချက်တည်းကပင် အမေ့ကို
ချစ်မဝစေခြင်း ဖြစ်ရပါသည်။
ကျွန်တော်တို့ ညီအစ်ကိုလေးယောက် ရှာသောဝင်ငွေမှာ တစ်လတစ်ထောင်ခန့် ဖြစ်သော်လည်း တစ်ပတ်လျှင် ဆီပြန်ဟင်း
သုံးကြိမ်မျှပင် မစားနိုင်ပါ။ လုပ်ဖော်ကိုင်ဖက် လူသုံးယောက် အပါအဝင် လူရှစ်ယောက် ညမနက်စာအပြင် ဧည့်သည်ပါပေါင်း၍
အိမ်မှာ တစ်နေ့ ဆန့်သုံးပြည်ခန့် ချက်ရပါသည်။ သို့သော် ချဉ်ရည်ဟင်းနှင့် ကျွန်တော်တို့အိမ် ထမင်းဝိုင်းကလေးမှာ ပျော်စရာကောင်းနေတတ်ပါ သည်။
(၃)
သည်နေ့ ကျွန်တော်တစ်ယောက်တည်း အိမ်မှာ ကျန်ခဲ့သည်။ အမေသည် သူ့အစ်မတော် တစ်ယောက်ထံ အလည်သွားသည်။ ကျွန်တော့်အစ်ကိုနှင့် ညီနှစ်ယောက်ကား ထုံးစံအတိုင်း ဘယ်ရောက်နေကြသည်မသိ။ လွယ်အိတ်ချိတ်သည့်တန်းတွင် ကျွန်တော့်လွယ်အိတ်တစ်လုံးတည်းသာ ကျွန်တော်ကဲ့သို့ အိပ်ပျော်ကျန်ရစ် နေရှာသည်။
နိုးနိုးချင်း ရေသောက်တတ်သော ကျွန်တော်သည် ရေအိုးစင်အနီးတွင် တကုန်းကုန်းဖြင့် စဉ့်အိုးထဲမှ ရေများကို သောက်ရေအိုးထဲ ထည့်နေသော ဍရင်ကောက်ကို တွေ့ရပါသည်။
ဍရင်ကောက်သည် မနိုင်ဝန်ကိုမှ ရွေး၍ ထမ်းဆောင်ချင်သော အကျင့်ရှိသူဖြခ်ပါသည်။ အိပ်ရာနိုးစတွင် ဘာမျှမလုပ်ချင်တတ်သော ကျွန်တော်သည် မနေနိုင်တော့ဘဲ သူ့လက်ထဲမှ ရေပုံးကို လှမ်းဆွဲရပါတော့သည်။
“အမယ်လေး မင်း မနိုးခင်ကတည်းက ဆွဲနေရတာ လေးငါး ခေါက်လောက် ရှိပါပြီကွယ်”
ဍရင်ကောက်သည် ကျွန်တော့်နောက်ကျောကို ကြည့်ရင်း မဲ့ကာ ရွဲ့ကာ ပြောပါသည်။ ယောင်ယမ်း၍ လှည့်ကြည့်မိသောအခါ
အိမ်ရှေ့ ကုလားထိုင်များပေါ်တွင် အခန့်သား ထိုင်နေကြသော ကျွန်တော့် နှမဝမ်းကွဲ မအုန်းတင့်၊ မအုန်းမြင့် ညီအစ်မကို တွေ့ရပါသည်။
သည်တော့မှ ဍရင်ကောက်အလျင် ကျွန်တော်တို့အိမ်သို့ ရောက်နေ ကြသူများမှာ မအုန်းတင့်တို့ဖြစ်မှန်း သိရပါတော့သည်။ တစ်ဆက်တည်းပင် ဍရင်ကောက် ဘာကိုဆိုလိုမှန်း သိလိုက်ပါသည်။
မအုန်းတင့်တို့ ညီအစ်မက တကယ်အလိုက်မသိတတ်သလို ဍရင်ကောက်ကလည်း သူ အသိုက်သိတတ်မှန်းကို သူတစ်ပါးအား ခုတုံးလုပ်၍ ဖော်ပြလိုသူ ဖြစ်ပါသည်။
ကျွန်တော်လည်း ဍရင်ကောက် လတ်ထဲမှ ရေပုံးကိုယူ၍ အိမ်သာပါမကျန် ရေဖြည့်ရသော အလုပ်ကို လုပ်ရပါတော့သည်။
(၄)
ရေချိုးပြီးသောအခါ ကော်ဖီတစ်ပန်းကန်နှင့် ဘူးသီးကြော်နှစ်ခု ထည့်ထားသော ခွက်တစ်ခွက်ကို စားပွဲပေါ်တွင် အသင့်တွေ့ရပါသည်။ ကျွန်တော့် အတွက် ဍရင်ကောက် စီစဉ်ထားခြင်း ဖြစ်ပါသည်။ ဍရင်ကောက်သည် အိမ်သို့လာတိုင်း မုန့်ပဲသားရေစာ တစ်ခုစ၊ နှစ်ခုစ ကို ဝယ်လာလေ့ ရှိပါသည်။ သို့သော် မည်သူကမျှ
မစားချင်ကြပါ။ ကျွန်တော်တို့ ဝယ်စားလေ့ရှိသော သားရေစာမုန့်မျိုးပင် ဖြစ်သော်လည်း ဍရင်ကောက် ဝယ်လာသောမုန့်ကို ကျွန်တော်လည်း မစားလို့ပါ။ မုန့်ချင်းတူပါလျက် ပုံပန်းမကျရှာသော ဍရင်ကောက် ဝယ်လာသောမုန့်ကိုမှ ရွံရှာမိခြင်းမှာ အဘယ်ကြောင့်ဟု ကျွန်တော် မသိပါ။ သို့သော် ဍရင်ကောက်ကိုတော့ သနားမိသည်
အမှန်ဖြစ်ပါ၏၊
"ကျွန်မတို့ ပြန်တော့မယ် ကိုကို”
ကော်ဖီသောက်နေစဉ် မအုန်းတင့်တို့၏ နှုတ်ဆက်သံကို ကြားရ၏၊ နှုတ်ဆက်ပြီးသော်လည်း ထုံးစံအတိုင်း တံခါးဝတွင် သူတို့သည် အတန်ကြာ ရပ်နေကြ၏။ ကျွန်တော်လည်း ဝတ္တရားမပျက်ပင် အသင့် ရှိနေသော ငွေနှစ်ကျပ်ကိုထုတ်၍ မအုန်းမြင့်ကို လှမ်းပေးလိုက်ရပါသည်။
သူတို့သည် တစ်ပတ်လျှင် တစ်ခါနှစ်ခါဆိုသလို ကျွန်တော်တို့ သင်္ဃန်းကျွန်းသို့ ရေနံဆီ လာပို့ကြပါသည်။ ရေနံဆီပေါသော ရပ်ကွက်မှ ရေနံဆီရှားသော ရပ်ကွက်သို့ မှောင်ခိုရေနံဆီ ပို့ခြင်းသဘောဖြစ်ပါသည်။
ကုန်သည်တစ်ယောက်ရှိ၏။ သူ့မှာ ဒေါ့ဂျစ်ကားတစ်စီး ရှိ၏။ သူ့ထံသို့ ကျွန်တော့်နှမများက ရသမျှသော ရေနံဆီကို သွင်း၍ ထိုသူ၏ ဒေါ့ဂျစ်ကားဖြင့်ပင် အရပ်တကာသို့ ရေနံဆီပို့ရသော အလုပ်ကို သူတို့ လုပ်နေရရှာ၏။ ကျွန်တော်တို့ရပ်ကွက်သို့ အလှည့်ကျတိုင်း ကျွန်တော်တို့အိမ်သို့ ရောက်လာ၏။ ရေမိုးချိုး စားသောက်ပြီးမှ ပြန်တတ်ကြပါသည်။ ရေနံဆီပို့သော ဒေါ့ဂျစ်ကို အပြန်စောင့်၍ စီးသော်လည်း ကျွန်တော့်ထံမှမူ လမ်းစရိတ်တောင်း မပျက်ကွက်ခဲ့ဖူးပါ။
ကျွန်တော့်ထံမှ ငွေနှစ်ကျပ်ကို ရရှိသောအခါမှ ညီအစ်မနှစ်ယောက် တွတ်ထိုးရင်း ပြေးဆင်းသွားကြပါတော့သည်။
“အဲဒါတွေက ဘယ်သူတွေလဲ”
ဍရင်ကောက်က မကျေနပ်သဖြင့် မေးပါသည်။
“ဦးလေး ကိုနတ်ကြုတ်ရဲ့ သမီးတွေလေ”
"ဘယ်က နက်ကြုတ်လဲ''
“မေမေ့မောင်လေ၊ ကြီးကြီးမမေသန်းရဲ့ ယောက်ျားဟာကော”
“မသိပါဘူးတော် ဘယ်ကဟာတွေမှန်းမသိလို့၊ ကျုပ်အစ်မအိမ် ဟိုဟာဖွ ဒီဟာဖွ၊ ကျုပ် မကြိုက်ဘူး"
“အမျိုးတွေပဲ ဍရင်ကောက်ရဲ့”
“အဝေးကြီးပါတော် မမေသန်းကမှ နင့်အမေနဲ့ နှစ်ဝမ်းကွဲရှိတာ”
ဍရင်ကောက်သည် ဆွေမျိုးသွေးနီးမနီး ပြိုင်လိုဟန်ရှိသည်။
အမှန်တော့ သူသည် အမေနှင့်တစ်ဝမ်းကွဲ ညီမ တော်စပ်ပါသည်။ မအုန်းတင့်တို့နှင့်စာလျှင် သူက သွေးပို၍ နီးပါသည်။ သည်အတွက်
ဍရင်ကောက်က ဂုဏ်ယူလို၏။ အခွင့်အရေးလည်း ပိုရလိုဟန် ရှိ၏။
“ဟိုတစ်ခါ နင် မရှိတုန်းလည်း သင်းတို့နဲ့ တစ်ခါဆုံပြီးပြီ။ အို တစ်အိမ်လုံးကို မွှေလိုက်တာပွလို့၊ ကြောင်အိမ်ထဲ ရှိတာတွေလည်း နေ့ဖို့ညစာလား ဘာလားမသိ စားချင်တာအကုန် စွတ်ကယ်စွတ်ကယ် စားတော့တာပဲ၊ ပန်းကန်ဆေးတော့ ဆပ်ပြာမသုံးဘူး၊ ပန်းကန်မှာ ဆီတွေ ဝေ့နေရင် နင် မကြိုက်မှန်းသိလို့ ငါပဲ ဒိုင်ခံ ဆေးလိုက်ရပါရောလား”
ကျွန်တော် ပြုံးမိ၏။ ကျွန်တော့်အကြိုက်ကို ဍရင်ကောက်သည် သိထားမှန်း ပြလိုက်၏။
“နင် မယုံရင် ထသွားကြည့်စမ်း၊ နင့်အမေ သနပ်ခါးလိမ်းတဲ့ နေရာကို အင်း... သူတို့မျက်နှာတော့ ဖွေးလို့၊ ဗျက်ကယ်
ဗျတ်ကယ်နဲ့ သနပ်ခါးလိမ်းကြတာ၊ ကြမ်းပြင်တစ်ခုလုံး သနပ်ခါးစက်တွေချည်းပဲ၊ အဲဒါ မမညို ပြန်မလာခင် ငါက ဆေးရဦးမှာ”
မမညို ဆိုသည်မှာ ကျွန်တော့်အမေကို ဆိုလိုပါသည်။ သူ့စကားကို ကြားရသောအခါ အမေပြောလေ့ရှိသော
“ငါ့သားတွေရလာတဲ့ မိန်းမတွေထဲမှာ သနပ်ခါးကြမ်းပြင် ကျအောင်လိမ်းတဲ့သူ ပါလာရင် ငါတော့ ရင်ကျိုးပြီမှတ်” ဟူသော
စကားကလေးကို သတိရမိ၍ ကျွန်တော် ပြုံးမိပါသည်။
အမေသည် ကျွန်တော်တို့ထက် သူ့ချွေးမများအကြောင်းကို ပို၍ စိတ်ကူးယဉ်တတ်ပါသည်။
“ဒီနေ့မနက်လည်း ကြည့်ဦး၊ ကော်ဖီတစ်ခွက်စီ သောက်ပြီးရုံနဲ့ မကျေနပ်ဘူး၊ တစ်နပ်သက်သာလည်း မနည်းဘူးဟဲ့ ဆိုတဲ့
စိတ်နဲ့ ဘဲဥသုံးလုံးကြော်ပြီး ညီအစ်မနှစ်ယောက် စားသွားလေရဲ့၊
ဆေးထားတဲ့ ပန်းကန်တွေ ကြည့်ဦးမလား၊ အဆီနဲ့ဝင်းဝင်း... ဟင်း''
“စားကြပါစေ ဍရင်ကောက်ရယ် ကျွန်တော်တို့ရှာတဲ့ ပိုက်ဆံဟာ ဒီလို စားကြသောက်ကြဖို့ပဲဟာ၊ ကျွန်တော်တို့ဖို့ ဘာများ အပိုသုံးလို့လဲ၊ ကျွန်တော် မတွန့်တိုပါဘူး၊ ဝမ်းတောင်သာသေးတယ်”
“အေး ဝမ်းသာနေ... ဟင်း ... နင်တို့ငတ်မှ
ဘယ့်သောက်မျိုး လာကြည့်ဖော်ရသလဲဆိုတာ ကြည့်ကြသေးတာပေါ့”
“မလိုပါဘူး ဍရင်ကောက်ရဲ့၊ ဆွေမျိုးသားချင်းအပေါ်မှာ အကျိုးရယ် အကန်းရယ်လို့ သူတို့ဆီက မျှော်လင့်ချက်ကို ကြည့်ပြီး ကျွေးမွေးရတာမှ မဟုတ်တာ”
အကျိုးအကန်းဟု ကျွန်တော့်စကားတွင် အမှားပါသွားသောကြောင့် ဍရင်ကောက် စိတ်ထိခိုက်သွားပုံရပါသည်။ ကျွန်တော်လည်း စိတ်မကောင်း ဖြစ်မိပါသည်။
“ဟေ့ ငါက ကျိုးကန်းနေပေမယ့် စိတ်မပုပ်ဘူး၊ နင်တို့ကို ဘာမှ လုပ်မပေးနိုင်တောင် နင်တို့ပစ္စည်း မယိုမဖိတ်အောင်တော့
အမြဲ ကြည့်နေပါတယ်”
“အို... ဍရင်ကောက်ကို ရည်ရွယ်ပြီး ကျွန်တော်ပြောတာ မဟုတ် ပါဘူး”
ဍရင်ကောက် ငိုမလိုဖြစ်လာသဖြင့် ချော့ရပြန်ပါသည်။
“ငါကလည်း ငါ့အစ်မပစ္စည်းမို့ မယိုမဖိတ်ရအောင် ပြောတာပါ။ ဘယ်သူ့ကိုမှ တွန့်တိုတာမဟုတ်ပါဘူးဟယ်၊ ငါ့
အကြောင်းလည်း နင်သိသားပဲ”
မျက်ရည်ဝဲလာသော ဍရင်ကောက်ကို သူ့သဘောအတိုင်း လိုက်၍ “သိပ်သိပေါ့ ဒေါ်လေး ဍရင်ကောက်ရယ်” ဟုပြောလိုက်မှ
သူ့မျက်နှာ ပြန်ရွှင်လာပါသည်။
'“မနက်ကလည်းကြည့် စိန်စိန်ကြီး သမီး 'ဂွတ်စွတ်' ရယ်၊ ပုလင်းကလေးတစ်လုံး ကိုင်လို့၊ ရေနံဆီ နည်းနည်းပေးပါတဲ့၊ ငါက အမေညို မရှိဘူးပြောတာတောင် ဇွတ်ယူမယ်လုပ်နေတာ၊ အမေညို လာမှ လာယူ ဆိုပြီး အော်လွှတ်မှ ကုတ်ကုတ်နဲ့ ပြန်သွားတယ်။ အဲဒီတော့ မခက်ဘူးလား နင်တို့အိမ်ဟာ...''
“သူတို့လည်း အမျိုးတွေပဲ ဍရင်ကောက်ရဲ့၊ နောက်ပြီး ဘယ်လောက်များတဲ့ ပစ္စည်းမို့လဲ”
“အေး .. တို့တိတို့တိနဲ့ ကြာတော့ ထိခိုက်မှာပဲ၊ နင်တို့ အိမ်ကြီးကိုက သာလာယံဇရပ်ကြီးပါဟယ်၊ ယုချင်တာယူ ဆင်းသွားကြ၊ လုပ်ချင်တာလုပ် တက်လာကြနဲ့”
“ဪ... သူတို့လည်း အဖော်အလှော်မရှိတဲ့ မေမေ့ကို တတ်နိုင်သလောက် ကူညီသွားကြတာပဲ မဟုတ်လား”
“ဟင်း ... မိစိန်တို့၊ မိမာတို့က ဆွေမျိုးလည်းတော်၊ အိမ်ကလည်း နီးလို့ နင့်အမေကို စေတနာနဲ့များ လာတူညီတာ
မှတ်လို့လား၊ ပြည်သူ့ဆိုင် သွားချင်လို့ဟေ့၊ သိရဲ့လား”
“အင်းလေ ... ပြည်သူ့ဆိုင် သွားရတယ်ဆိုတာလည်း လွယ်တာမှတ်လို့ သူတို့သွားပေးဖော်ရတာပဲ ကျေးဇူးတင်ရဦးမယ်”
“ဟေး.... ဟေး ပြည်သူ့ဆိုင်သွားပေးဖော်ရတဲ့ ကျေးဇူးတင် မစောနဲ့ ကိုယ်တော်ရေ့၊ ဒီမယ်ဒီမယ် ငါတစ်ခု မေးမယ်၊ နင်
ပြည်သူ့ ဆိုင်က ရတဲ့စီးကရက် ဘယ်နှခါသောက်ဖူးလဲ”
“ပေးကော ပေးလို့လား”
"အဲဒါပဲ ငါ့တူရေ့... သင်းတို့ ထုတ်ရောင်းနေကြတာပေါ့၊ အဲဒီလို အမြတ်အစွန်း မကြည့်ပဲနဲ့လား၊ ကောင်မတွေ ဝေးသေးတယ်၊ ဟင်း .. ဆီလက်မှတ်တစ်အုပ် ဘယ်လောက်မြတ်တယ်ဆိုတာ နင်မှမသိဘဲ”
“ပြည်သူဆိုင်ကကော ဟုတ်တိပတ်တိ ဘာရဖူးလို့လဲ ဍရင်ကောတ်ရဲ့”
“အေး... ဒါပေမဲ့ ရတဲ့ပစ္စည်းတိုင်းဟာ အမြတ်
ပေါ်တာချည်းပဲကွဲ! သိပလား”
“အင်း... အင်း သိပါပြီ”
ဍရင်ကောက်နှင့် စကားဖြတ်လိုက်ရပါသည်။ သည်စကားများကို ကျွန်တော် နားမထောင်နိုင်ပါ။ သို့နှင့် ပုံနှိပ်တိုက်ဘက်သို့
သွားရန် အိမ်မှထွတ်လာသောအခါတွင်ကား ဍရင်ကောက်သည် ကျွန်တော်တို့၏ အိပ်ရာများကို သိမ်းဆည်းရင်း အိမ်၌ ကျန်ရစ်
ခဲ့လေတော့သည်။
ညနေစောင်း ကျွန်တော် အိမ်ပြန်ရောက်သောအခါ ထဘီရင်ရှားကြီးဖြင့် အလုပ်ရှုပ်နေသော အမေ့ကိုတွေ့ရပါသည်။ ထုံးစံအတိုင်း အမေ့နဖူးကို အမောပြေ ကျွန်တော် နမ်းလိုက်သည့်အခိုက်...
“ကဲ... သား မောတယ်ပန်းတယ် သဘောမထားဘဲနဲ့ အပိုသုံးထဲက အမေကို ငွေတစ်ဆယ်ချေးဦး၊ ဟိုမှာ ဒေါ်ကြီးပဲက
ပြည်သူ့ဆိုင်ကရတဲ့ ရေနံဆီ အမေ့ပြန်ရောင်းနေလို့ နောက်ပြီး
ညနေစာ အတွက်လည်း ဆီဝယ်ရဦးမယ်”
“ရပါတယ်၊ ဝယ်ပေါ့ အမေရဲ့”
“အေးဟေ့... ငါတော့ ပြောမပြောချင်ဘူး။ မနက်က ငါ ညနေ ပြန် ရင် ဟင်းချက်ဖို့ဆိုပြီး ထားခဲ့တဲ့ ဆီလက်ကျန် ခု ငါပြန်ရောက်တော့ ပုလင်းကို ပြောင်လို့”
“အင်း... ဘယ်သူ ယူသွားလို့တုံး”
“ဘယ်သူ ရှိရမှာလဲ၊ ဍရင်ကောက်ပေါ့”
ကျွန်တော် မအံ့ဩပါ။ ကျွန်တော်တို့အိမ်သို့ ဍရင်ကောက် လာတိုင်း ဆီနှင့် ငံပြာရည်ယူရန် ပုလင်းလွတ်နှစ်လုံး၊ အာလူး၊
ကြက်သွန် စသည်ဖြင့် တစ်ဆုပ်စာ၊ နှစ်ဆုပ်စာ ထည့်သွားရန် ခြင်းတောင်းလွတ်တစ်ခု ပါလာတတ်သည်ကို ကျွန်တော် သိပြီးသားပင် မဟုတ်ပါလော။
ကျွန်တော်သည် မနက်က ဍရင်ကောက်ပြောသွားသော စကားများကို ရယ်စရာအဖြစ် အမေ့ကို ပြောပြသောအခါ၌ကား အမေက...
“ဒီလိုပဲပေါ့။ လူဆိုတာ ကိုယ့်တစ်ဝမ်းတစ်ခါးအတွက်တော့ ရှာကြံနေကြရတာပဲ၊ သူတို့အဖို့တော့ ဒါဟာ အလုပ်တစ်ခုပေါ့သားရယ်” ဟု လေးလေးပင်ပင် ပြောပါသည်။ ပြီးလျှင် အမေနှင့်
ကျွန်တော်သည် ချစ်စရာကောင်းသော ဆွေမျိုးသားချင်းများ၏ စရိုက်ကလေးများကို ရယ်စရာပုံပြင်များသဖွယ် ပြောဆိုနေကြပါသည်။ ထိုအခိုက် နောက်ဖေးမီးဖိုနားမှ အမေ့အား လှမ်းပြောလိုက်သော အသံတစ်သံကို ကြားရပါသည်။
“မေမေညို အမေက ငါးပိရည် နည်းနည်းလောက် ပေးလိုက်ပါတဲ့”
“အေး ... အေး... အိုးထဲက ခပ်ယူသွား၊ ဇွန်းတော့ ပြန်ဆေးခဲ့နော်”
ကျွန်တော် အိမ်နောက်ဖေးသို့ လှမ်းကြည့်လိုက်
သောအခါတွင်ကား ကျွန်တော့်ဦးလေး ဦးခင်မောင်၏သမီးကြီး 'မြင့်မြင့်' သည် အိုးထဲမှ ငါးပိရည်ချိုအနှစ်များပါ ဇွန်းဖြင့် ခြစ်ယူနေသည်ကို တွေ့လိုက်ရပါသည်။ မြင့်မြင့်ကိုတွေ့မှ ကျွန်တော် ရုတ်တရက် သတိတစ်ခု ရလာကာ မြင့်မြင့် ကျွန်တော့်ကို မတွေ့ခင် အိမ်ခန်းထဲ ဝင်ပြေးခဲ့ရပါသည်။ အကြောင်းမှာ ယခုနှစ် မြင့်မြင့်
ခုနစ်တန်းစာမေးပွဲ အောင်သည်နှင့်ပတ်သက်၍ ခရစ်အကျီ လကုန်လျှင် ချုပ်ပေးမည်ဟု ကျွန်တော် ကတိပေးထားဖူးသည်ကို သတိရလာသောကြောင့် ဖြစ်ပါသည်။
၁၉၇၄ ခုနှစ်၊ အောက်တိုဘာလ၊
ရှုမဝမဂ္ဂဇင်း
ဆရာသုမောင်၊ ဍ နှင့် အခြားဝတ္ထုတိုများ၊
စာမျက်နှာ ၁ - ၁၂။
စာရိုက် - စလေ ငနော့
