Tuesday, April 14, 2020

ငကြယ်ကြီး သူကြီးဖြစ်တော့


•••••••••••••••••••••••••••••••

မြင့်သန်း

ပြောမယ်ဆိုရင်တော့လည်း ရာဇဝင်ချီ ပြောရတော့မှာပဲ။ ဒါပေတဲ့လည်း၊ တောဘက်က လူတွေမှာ ရာဇဝင်ချီလောက်အောင် ဘာများရှိလို့တုံး။ ရာဇဝင်ဆိုတာက နန်းတော်ထဲက လာတာ။ ဘုရင်ကြီးတို့ မိဖုရားကြီးတို့အကြောင်း။ ဒါမှ မဟုတ်ရင်လည်း၊ လူစွမ်းကောင်းဆိုတဲ့ ငနဲတွေအကြောင်း။ တောမှာ လူစွမ်းကောင်းဆိုတာ ဘယ်မှာရှိလို့တုံး။ ထန်းရည်မူးလို့ ရွာလယ်လမ်းပေါ် လျှောက်အော်နေရင်တောင် တိုက်အုပ်ပေါက်ချလာလိမ့်မယ်နော်လို့ အသာပြောလိုက်တာနဲ့ ငြိမ်ကုန်ကြတော့၊ တိုက်အုပ်ကိုပဲ လူစွမ်းကောင်းလို့ သဘောထားရမယ်လို ဖြစ်နေတာ။ ဒီတော့၊ တောဘက်မှာ လူစွမ်းကောင်းလည်း မရှိဘူး။ ရာဇဝင်ချီလောက်အောင်လည်း ဘာမျှမရှိဘူး။ ဒါပေတဲ့၊ ငကြယ်ကြီး သူကြီးဖြစ်သွားတဲ့ အကြောင်းပြောဖို့ကတော့ နောက်ကြောင်းကလေးတွေ ထည့်ပြောဖို့လိုလိမ့်မယ်။ ရာဇဝင် မခေါ်လောက်တောင် သမိုင်းရဲ့အစွယ်၊ အပွား။ သမိုင်းရဲ့ မယားညီအစ်ကိုလို့ပဲ၊ ပြောရစေတော့ရဲ့။ စပ်ရင် ဘာသွေးသားမျှ မတော်ပေတဲ့ ရှာကြံစပ်လို့ ရနေသေးတာကိုး။ ဒီလို။

ငကြယ်ကြီးတို့ဘက်ဆီကို ဟိုးရှေးတုန်းက မင်တြင်းလို့ ခေါ်သတဲ့။ ဘယ်သူက၊ ဘယ်က၊ ဘာဖြစ်လို့ဆိုတာတွေ…။ ဘာ…နဲ့ စတာတွေ။ အဲဒါတွေ အသာဖယ်ထား။ ဖယ်မထားနိုင်လို့ ဆတ်ဆော့ပြီး မေးရင်လည်း ဘယ်သူမျှ ဖြေနိုင်မှာ မဟုတ်ဘူး။ ကြာကူလီဇာတ်ကို ဘာရှင်းတမ်း၊ ညာရှင်းတမ်း လုပ်ပြီးရေးတဲ့ သမိုင်းစာဆိုတာမျိုး၊ လုပ်လို့လည်းရမှာ မဟုတ်ဘူး။ ဒီတော့၊ အဲဒီဘက်အရပ်ကို မင်တြင်းလို့ ခေါ်တယ်ဆိုတာကလေးသာ မှတ်ထား။ ဒီတုန်း၊ ဘယ်သူ ဆတ်ဆော့လို့မှတော့ မဟုတ်ဘူး။ ကာလကြီးက ရွေ့လျောလာတယ်။ တချို့ကတော့လည်း ကာလကြီး ရေရောသွားတယ်လို့ ခေါ်ကြတယ်။ ဘယ်လိုခေါ်ခေါ်။ ကာလတရားကြီးက ပြောင်းလဲသွားတာပဲ။ ကာလကြီးပြောင်းလဲသွားတော့ အခေါ်အဝေါ်တွေလည်း ပြောင်းသွားတယ်။ အောက်ကမြင့်တို့၊ သေးသေးတင်တို့တင် မကဘူး ယပင့်တွေယရစ်တွေ အကုန်လုံးဖြစ်ချင်ရာ ဖြစ်ကုန်တယ်။ ယပင့် ရရစ် ဆိုတာတွေကို လူပြန်တော်တွေက သူတို့ပိုင်တာလို့ထင်တယ်။ အဲဒီတော့၊ မင်တြင်းကနေ မင်းဒလင်လို့ ခေါ်လာကြတယ်။ မင်းဒလင်ဆိုတာကတော့ နန်းတော်ထဲ ဘာလုပ်တဲ့ အကောင်တွေ ဆိုသလားပဲ။ ဘယ်သူမျှတော့လည်း အသေအချာ မသိဘူး။ အဲဒီနောက်တော့၊ ကာလတရားကြီး ရေရောရော။ မရောရော။ ဘယ်လိုဖြစ်မှန်းတော့ မသိဘူး။ အဲဒီအရပ်ကို မင်းလုလင်လို့ ခေါ်လာကြတယ်။ မင်းလုလင်ဆယ့်တစ်ရွာလို့ မြို့ပိုင်စာရင်းမှာ ပေါက်တယ်။ ခုတော့ ရွာတွေပေါင်းလိုက်တာနဲ့ ရှစ်ရွာပဲ ကျန်တယ်။ မင်းလုလင်ဆိုတော့လည်း နန်းတော်ထဲမှာ တစ်နေရာရာမှာ ခစားရတဲ့ လူတွေဖြစ်မှာ။ ဒါပေတဲ့လည်း၊ ဒီဘက်ပိုင်းမှာ ပညာရှိ မူလလက်ဟောင်းကြီးတွေလို့ ခေါ်ရမယ့်၊ ကျောင်းဆရာဟောင်းကြီး ဦးအေးမောင်၊ ဦးလှမောင်ညီအစ်ကိုရဲ့ အနက်ဖွင့်ပုံအရတော့၊ အဲဒီအရပ်ကကောင်တွေသာ ပေါက်ပေါက်မြောက်မြောက်နဲ့ ရတနာပုံနေပြည်တော်ကို ရောက်ခဲ့ရင်ဖြင့် ဆင်ချေးကျုံး မြင်းချေးကျုံးလောက်တော့ ဖြစ်မှာပေါ့ကွာ ဆိုတာနဲ့ပဲ မင်းလုလင်ကိစ္စကို ရှေ့ဆက် စဉ်းစားစရာ မလိုဘူး ဖြစ်သွားတယ်။ အဲဒီဘက်က ကောင်တွေလည်း သိပ်ပြီး မြောက်ကြွမြောက်ကြွ မလုပ်ရဲကြတော့ဘူး။ ရာဇဝင်တို့ သမိုင်းတို့ဆိုတာထဲမှာလည်း အဲဒီ ဘက်ကအကြောင်းတွေ တစ်ကြောင်းမျှ မပါတော့ဘူး။ မဟာမျိုး မဟာနွယ်ရယ်လို့ အမျိုးစပ်စရာကိစ္စက အိမ်မြှောင်အမြီး တံခါးညပ်သလို တိကနဲ ပြတ်သွားကရော။

ငကြယ်ကြီးက အဲဒီဘက်က။ ကိုင်း။ သူ့အကြောင်းနဲ့ စရအောင်။ ငကြယ်ကြီးက တစ်သက်လုံး ငကြည်ရယ်လို့ ခေါ်လာကြတဲ့၊ ကိုကြည်။ ဦးကြည်။ ဘကြီးကြည်။ ရှေ့က ဘာတပ်တပ်။ ငကြည်ကတော့ ငကြည်ပဲ။ ဒီမှာ၊ ရှည်ရှည်ဝေးဝေး ပြောစရာအကြောင်းက ပေါ်လာပြန်တယ်။ တာလမ်းဟိုဘက်က ကျောင်းဆရာ ဆရာမြကြီးက အနားယူတဲ့ ကိစ္စက စရလိမ့်မယ်။ အကြောင်းအရာ ဆိုတာကလည်း ရှေးပညာရှိများ မိန့်ခဲ့သလို ထောက်မျှော်ကြည့် ရသေးတာ၊ ကိုး။ ဒီတော့လည်း၊ တောပေတဲ့ ပြောစရာက အများသားလို့ ပြောရမယ်။ ရိုက်တာဆရာမြလို့တွင်တဲ့ ဆရာမြကြီးက ပင်စင်စားတော့မှာမို့၊ အနားယူသတဲ့။ ပင်စင်ဆိုတာကို ဘယ်လို စားတယ်တော့ မသိဘူး။ အသက်ကြီးတဲ့ လူတွေနဲ့ သင့်တဲ့။ အာဟာရ ဖြစ်လောက်တဲ့ စတုမဓူ ဆိုတာမျိုး ဖြစ်ချင်လည်း ဖြစ်မယ်။ မဟုတ်တောင်၊ အသက်ကြီးတဲ့လူတွေ မအီမလယ် မဖြစ်အောင် မကြာခဏ လျက်ရတဲ့ ဆားဖုတ်များများ၊ သိန္ဓောများများနဲ့ လေမျိုးရှစ်ဆယ် လျက်ဆားလိုလည်း ဖြစ်ချင်ဖြစ်မယ်။ ဘယ်လိုဖြစ်ဖြစ်၊ ဆရာမြကြီးကတော့ ပင်စင်ကို စားနေရပြီ။ ဆရာကြီးဦးလှမောင်ရဲ့ အလိုကတော့ မြန်မာလို တင့်တင့်တယ်တယ် ပြောရရင်တော့ ရိက္ခာတော်ရမင်း ဖြစ်သွားတာပဲ၊ တဲ့။ ရှေးခေတ်ကဆို၊ စလွယ်တွေ ဘာတွေတောင် ရသတဲ့။ ခုဆို၊ ဆရာမြကြီးအလုပ်က ဘုန်ကြီးကျောင်းတွေမှာ အတိုင်ပင်ခံလို ဖြစ်နေတယ်။ ဗျို့ရေးဗျာရေးတွေမှာလည်း သူက အတိုင်ပင်ခံ။ ဘုရားပွဲတွေ ဘာတွေလုပ်ကြမယ်ဆိုရင် ဘုရားလူကြီးစာရင်းမှာ သူကထိပ်။ သင်္ဂြိုဟ်ကို ဝိုက်သိုင်းလို့ ကိုးပိုင်းလုံးမွှေခဲ့သည်ဆိုတဲ့ လူမျိုး၊ ကိုး။ ဒီတော့လည်း၊ ဘုန်းကြီးတွေ မိန့်သမျှကို အကြောင်းကတော့ ဒီလိုရှိပါသဖျာ့ ဆိုတာကလေးနဲ့ အကျယ်ဝိတ္ထာချဲ့ပြနိုင်တာ။ ထားဦး၊ ဒါက တစ်ပိုင်း။

ဆရာမြကြီး ပင်စင်သွားစားနေတော့ ကျောင်းအတွက် နောက်ထပ်ဆရာကလေး တစ်ယောက်ကို မြို့ကနေ လွှတ်လိုက်တယ်။ သူက လူငယ်။ ဗလဒသက အရွယ်လို့ ခေါ် ရမှာ။ ဟိုဘက်ထဲကွန်မြူနစ်တွေ သုံးတဲ့စကားကို သုံးရရင်တော့ တက်ကြွတဲ့ အရွယ်ပဲ။ ဆရာကလေး ကိုမြင့်ဇော်လို့ ခေါ်သတဲ့။ သူ့ဘာသာ ဘယ်လို့ခေါ်ခေါ်။ ဒီကလူတွေကတော့ ခပ်တိုတိုပဲ ခေါ်တယ်။ ဆရာမြင့်၊ တဲ့။ ဆရာမြနေရာ ရောက်လာတဲ့ ဆရာမြင့်။ ဆရာမြနဲ့ ကွာတာကတော့ သူက ငသတ်နဲ့ အောက်မြင့်ပါတာပဲ။ ဆရာကတော့ ဆရာပဲကိုး။ သူက၊ ခုနှစ်တန်းအစိုးရစစ်အောင်ပြီး ဆရာဖြစ်သင်ကထွက်တာ။ ဒီကိုပြောင်းလာ တုန်းကဆို ထွန်းမောင်ကြီးကားပေါ်က ဆင်းတာနဲ့ လက်ထဲမှာ ခေါင်းအုံးအိပ်လို့ရ လောက်တဲ့ စာအုပ်ကြီးပိုက်ထားတာ။ ဦးထွန်းငြိမ်း အဘိဓာန်လို့ခေါ်သတဲ့။ သရေဖုံးနဲ့၊ ရွှေစာလုံးနဲ့။ ဘယ်လိုသုံးရမှန်းတော့ ဒီကလူတွေ မသိဘူး။ သို့ပေတဲ့၊ အရပ်က လူတွေကတော့ တစ်ချီတည်းနဲ့ကို ကျကုန်ရော။ ဒီလောက်ထူတဲ့ စာအုပ်ကြီး ပိုက်လာမှာတော့ ခေါင်းထဲမှာ ဘာတွေရှိတယ်ဆိုတာ ပြောနေစရာမလိုဘူး။ မေးနေစရာမလို့ဘူး။ ဒီလောက်ထူတဲ့ စာအုပ်ကြီးထဲမှာ သိချင်တာရှာပြီး ဖတ်တတ်တယ် ဆိုတာနဲ့ကိုပဲ ဒီဘက်မှာကတော့ ပညာရှိလို့ပဲ မှတ်ကြတော့တာ။ ဦးကြည်အတွက်ကတော့ မပင့်မဖိတ် လိုက်ရပဲ ရောက်လာတဲ့ ဒုက္ခဆိုတာ တစ်ခု။ ဒါကိုလည်း၊ ထားလိုက်ဦး။ နောက်တော့မှ ပြန်ဆက်မယ်။

အယ်။ ခုတော့ နိုင်ငံရေးစနစ်အကြောင်း ပြောရတော့မယ်။ နိုင်ငံရေးစနစ်ဆိုပေတဲ့၊ ဒီဘက်တွေမှာကတော့ ဘာရယ်လို့ ထွေထွေထူးထူး ပြောစရာက မရှိလှပါဘူး။ လွတ်လပ်ရေးကြီးဆိုတာကို ရပြီးကတည်းက တက်သမျှ အစိုးရ တို့အစိုးရ လုပ်ရုံပဲ။ မလုပ်လို့လည်း လယ်သမား ချောင်းသမားက ဘာလုပ်နိုင်တာမှတ်လို့။ ဒီနေ့ ရန်ကုန်မှာဖြစ်တဲ့ သတင်းကို နောက်ဆယ်ရက်လောက်ကြာမှ မြို့ကကားကြုံနဲ့ ပါလာတဲ့သတင်း ဖတ်ရတဲ့သူတွေ။ ဒီတော့၊ အသိနှောင်းနေလို့ ငါးပိထောင်းသားဆို ဆားမပေါ့ဘူးလို့ ပြောနိုင်ရုံရှိတာ။ ဒါပေတဲ့လည်း၊ ခုဟာက သူကြီးရွေးကြမယ့်ကိစ္စ။ တိုင်းရေးပြည်ရေး နိုင်ငံရေးဆိုတာတွေ အထဲမှာတော့ အသေးဆုံးအရေးပဲ။ တောဘက်မှာကတော့ ဒါဟာ နိုင်ငံရေးပဲ။ နိုင်ငံတော်က ချမှတ်ပေးတဲ့အတိုင်း လုပ်ကြရတာကိုး။ လုပ်ကြပေရော့လို့ ခိုင်းလိုက်တဲ့ နိုင်ငံတော်ကလူတွေ ဆိုတာက တောဆိုတာ မြို့လိုမဟုတ်ဘူး ဆိုတာလောက်သာ သိကြတာ။ ဒီလောက်ကလေးသိရုံနဲ့ သူတို့က သူတို့လုပ်ချင်တာ လုပ်လို့ရတယ်။ ရဆို မြို့ကလူတွေမှာ အာဏာရှိတာ။ ခုလည်း၊ ကြည့်။ မြို့ပိုင်ကြီးဦးစိုးသိန်းနဲ့ လက်ထောက်မြို့ပိုင်တို့က လာပြီး၊ လာမယ့်သူကြီးရွေးပွဲတွေအကြောင်း ပြောပြကြရတာ။ အရင်ကဆို မျိုးရိုးသူကြီးစနစ်မို့ သိပ်အလုပ်မရှုပ်ဘူး။ ဘာရွေးကောက်ပွဲမျှ မရှိဘူး။ ငရွှေကြီးနောက် ငစိန်လာ။ တောမှာက မျိုးရိုးအရ စောင့်ထိန်းအပ်တဲ့စနစ်၊ ကိုး။ ခုတော့၊ သူကြီးရွေးကြရမှာ။ ဒီဘက်တွေမှာက ပြဿနာမရှိဘူး။ သူကြီးဦးနီကို ကြည့်။ မျိုးရိုးသူကြီးဘဝကနေ ရွေးသူကြီးဖြစ်လာတာ။ ဖြစ်ဆို ဘယ်သူကမျှ သူကြီးလုပ်ချင်ကြတာ မဟုတ်ဘူး။ ဆွေရယ်မျိုးရယ်အပြင် ရပ်ဆွေ ရပ်မျိုး အားလုံးပေါင်းလိုက်ရင်၊ ဘယ်ရွာသွားသွား သူ့အမျိုးချည်းပဲ။ ဒီတော့၊ သူ့ကိုပဲ ပြန်အရွေးခံဖို့ အတော်တောင်းပန်နေရတာ။ ဒီဘက်က ရွေးသူကြီး အတော်များများဟာ မျိုးရိုးသူကြီးကလာတဲ့ လူတွေချည်းပဲ။ ခု၊ ဦးကြည်က ဘာမျိုးရိုးမျှ မရှိဘဲ သူကြီးလုပ်ချင်တာ။ အဲဒါကသာ၊ ပြဿနာ။

ပြဿနာဆိုတာက အဲဒီဘက်က မျိုးရိုးသူကြီး ငညွန့်တို့က ပြန်ပြီး သူကြီး အရွေးမခံကြတော့လို့။ အရွေးမခံဆို သူတို့မှာလည်း လယ်ပိုင်ချောင်းပိုင်တွေနဲ့ ဖြစ်ကုန်ပြီ။ နောက်နှစ်ဘဝလောက် လူပြန်ဖြစ်တောင် စားလောက်သောက်လောက်အောင် ဖြစ်နေပြီ။ ဒီတုန်း၊ လူစွမ်းကောင်းက ပေါ်လာတယ်။ အဲဒါကတော့ ဦးကြည်ကြီးပဲ။ အဲဒီတုန်းကတော့၊ ဦးကြည်က ငကြယ် မဖြစ်သေးဘူး။ ငကြည်၊ ဦးကြည်ကြီးရယ်လို့ပဲ တွင်နေသေးတယ်။ စာသင်တိုက်ကြီးရဲ့ဆွမ်းစားဆောင်မှာ သူကြီးတွေကို မြို့ပိုင်ကြီးက လာရှင်းပြတုန်းကမှ ဦးကြည်လည်း ဦးကြယ်ဖြစ်ရတော့တာ။ ငကြယ်ကြီး ဖြစ်ရတော့တာ။ ဒီအကြောင်းကို သဘောပေါက် ကြရအောင်လို့ ရှေ့မှာကတည်းက ကျောင်းဆရာ အပြောင်းအလဲကို စကားခံထားတာ။ အဲဒီနေ့ကတော့၊ ဘုန်းကြီးပွဲပြီးတဲ့နောက် သူကြီးနဲ့ ဧည့်သည်တွေ ထမင်းကျွေးတယ်။ ပြီးတော့၊ လာမယ့်သူကြီးရွေးပွဲအကြောင်း လက်ထောက်မြို့ပိုင်က ရှင်းပြတယ်။ သူကြီးအတော်များများ အတွက်ကတော့ မဆန်းဘူး။ ခုဟာက ဒုတိယ အကြိမ်။ လက်ထောက်မြို့ပိုင်က ရှင်းပြနေတုန်း တိုက်အုပ်ရယ်၊ မြို့ပိုင်ကြီးရယ်၊ ကျောင်းဆရာကြီး ဘဝကနေ ဘုရားလူကြီးဖြစ်သွားတဲ့ဆရာမြကြီးရယ်။ ကျောင်းဆရာဟောင်းကြီး ညီနောင်ဖြစ်တဲ့ ဦးအေးမောင်၊ ဦးလှမောင်တို့ကတော့ ထိပ်ပိုင်းနားဆီမှာ စကားလက်ဆုံကျနေတယ်။ နောက်လာတဲ့ ဆရာကလေးကတော့ မောင်မူတို့ မောင်တာတို့နဲ့အတူ သူကြီးတွေ နောက်နားမှာ ကျောင်းနံရံကို မှီပြီး သူတို့ချင်း ခပ်တိုးတိုး တွတ်ထိုးနေကြတယ်။ လက်ထောက်မြို့ပိုင်က ပြောဆိုပြီးသွားတော့ မရှင်းတာမေးကြပါဆိုပေသိ အမေးအမြန်း မရှိလှဘူး။ ငကြည်ကြီးကသာ သူကြီးမဖြစ်ခင်ကတည်းက သူကြီးလေဖမ်းရင်း တောတော တောင်တောင် ပြောရင်း မေးသလိုလို၊ ပြောသလို လုပ်နေတာ။ အဲဒီတုန်းမှာပဲ နောက်နားဆီက အသံတစ်ခု ထွက်လာတယ်။

အသံကတော့ နောက်ရောက်လာတဲ့ ဆရာမြင့်ကလေး အသံ။ တစ်ခုလောက်ဗျာ၊ ကျွန်တော်မသိတာကလေး မေးပါရစေလို့ စကားပလ္လင်ခံလိုက်တယ်။ အားလုံးက သူ့ဘက် လှည့်ကြည့်ကြတယ်။ ဒီအထဲ၊ ထိပ်ပိုင်းကျိတ်ဝိုင်းလုပ်နေတဲ့ တိုက်အုပ်တို့တောင်ပါသေး။ ဆရာမြင့်က ထိုင်ရာက ထလိုက်ပြီး ကျွန်တော်ကတော့ ဆရာမြကြီးနေရာကို အသစ်ရောက်လာတဲ့ ကျောင်းဆရာပါ။ ဒီအရပ်မှာတော့ လူသစ်တစ်ယောက်ပါ။ မြို့ပိုင်ကြီးနဲ့တော့ ဒီလာရင်း ဝင်တွေ့ပြီး ဂါရဝပြုခဲ့ပါသေးတယ်လို့။ ဆက်ပြောပြန်တယ်။ ဒီတော့လည်း မြို့ပိုင်ကြီးက ခုလိုအရာသွင်းပြီး ဂါရဝပြုရတယ်ပြောတော့ သဘောကျသမို့ ခေါင်းညိတ်ပြတယ်။ သို့ပေတဲ့၊ သူကလည်း မြို့ပိုင်ကြီး၊ ကိုး။ စိတ်ထဲမှာတော့ ကျောင်းဆရာများ အတော်ကို ကြောက်ဖို့ကောင်းတယ်။ သတိတော့ထားမှ။ ခုဆို၊ ငါ့ကိုချည်ပြီ။ ဘာလုပ်မယ်တော့ မသိသေးဘူးလို့တော့ တွေးလိုက်မိတယ်။ ဆရာကလေး ကိုမြင့်ဇော်ဆီက ထွက်လာမယ့်စကားကို စောင့်နေမိတယ်။ ဆရာမြင့်ကလည်း ကျောင်းသားများကို စာပြရာမှာ အချီကောင်းပါမှ ပြည်တောင်းနဲ့ ထည့်သလိုဝင်မယ်ဆိုတဲ့ ရှေးကျောင်းဆရာကြီးများ အဆုံးအမကို ရထားပုံရတယ်။ လိုရင်းကို မပြောသေးဘူး။ ကျွန်တော်သိချင်တာကတော့ ခုနက လက်ထောက်မြို့ပိုင် ရှင်းပြတာတွေအကြောင်း မဟုတ်ပါဘူး။ ကျွန်တော်က ကျောင်းဆရာပါ။ ကလေးလေးတွေ ပညာရရှိဖို့ ကိစ္စက ကျွန်တော့်ကိစ္စပါ။ အုပ်ချုပ်ရေး ပိုင်းကို ဝင်နှောက်ဖို့ မဟုတ်ပါဘူး။ သူကြီးအရွေးခံမယ်ရယ်လို့ စိတ်ကူးလည်းမရှိခဲ့ပါဘူး။ ခု၊ ကျွန်တော်သိချင်တာက သူကြီးအရွေးခံမယ့် ဦးကြည်အကြောင်းပါလို့ ပြောပြီး စကားကို ရပ်လိုက်တယ်။ ဒီတော့၊ အားလုံးက အံ့သြသင့်သွားတယ်။ လက်ထောက်မြို့ပိုင်လည်း အတော်ကျေနပ်သွားပုံရတယ်။ သူပြောတာမရှင်းလို့ သူကြီးကမေးခဲ့ရင် အကြောင်း မဟုတ်ဘူး။ ကျောင်းဆရာက မေးခဲ့ရင်ခက်မယ်။ ကျောင်းဆရာဆိုတာက အင်မတန် လျှာရှည်တတ်တဲ့လူမျိုးတွေ။ လူတိုင်းကို သူတို့တပည့်လို သဘောထားပြီး ပေါက်တတ်ကရတွေ မေးတတ်တာ။ ခုတော့၊ လျှာရှည်ချင်တဲ့ ငကြည်ကြီး ခံပေရော့လို့ သဘောထားလိုက်ရင်း အကြမ်းအိုးကို လှမ်းယူပြီး သူ့အကြမ်းပန်းကန်ထဲ ထည့်နေတယ်။ တိုက်အုပ်နဲ့ ဆရာမြကြီးတို့ကတော့ မတ်တပ်ရပ်နေတဲ့ ဆရာမြင့်ကို ကျော်ပြီး နံရံမှီနေတဲ့ မောင်မူနဲ့ မောင်တာဆီ မျက်လုံးရောက်သွားတယ်။ မောင်မူနဲ့ မောင်တာကလည်း မြင်လိုက်တယ်။ မောင်တာကြီးကတော့ မမြင်ချင်ယောင်ဆောင်ပြီး ရှေ့တည့်တည့်ကြည့်နေတယ်။ မောင်မူကတော့ ကြံဖော်ကြံဖက် သုံးယောက်သားအနက်…ဆိုတဲ့ စာရင်းထဲ ကျုပ်မပါပါဘူးဗျာ ဆိုတဲ့သဘောနဲ့ တိုက်အုပ်ကို လှမ်းကြည့်ရင်း မသိမသာ ခေါင်းခါပြတယ်။ မြို့ပိုင်ကြီး ကတော့လည်း ဆရာအသစ်ကလေးရဲ့ စွမ်းရည်ကို တွက်ဆမိပုံရတော့ ပြုံးနေတယ်။

ဦးကြည်ကတော့ မမျှော်လင့်ဘဲ သူ့ကို မေးစရာရှိတယ်ကြားလိုက်ရတော့ နည်းနည်း လန့်သွားပုံရတယ်။ ဘယ်နှယ့်၊ ဒီကျောင်းဆရာဆိုတာက… တိုင်းရေးပြည်ရာ ကိစ္စထဲ ပါချင်ရတာတုံးလို့ မာန်ခံရင်း တွေးလိုက်မိတယ်။ ငါက ဘာဖြစ်နေလို့တုံး၊ လို့ပဲ ပြန်မေးလိုက်တယ်။ ဒီလိုပါလို့၊ ဆရာကလေးက အစချီလိုက်တယ်။ ကျွန်တော် သိချင်တာဟာ သူကြီးရွေးဖို့အတွက် အရေးမကြီးပေတဲ့ နိုင်ငံတော်အတွက် အရေးကြီးပါတယ်။ နိုင်ငံတော်ဆိုတာက စာရင်းဇယား၊ ကိန်းဂဏန်းတွေ။ သမိုင်းအတွက် မှတ်တမ်းမှတ်ရာတွေနဲ့ တည်ဆောက်ထားတာပါ။ ဘယ်မင်းကြီးက ဘယ်တုန်းက အုပ်စိုးတယ်ဆို တာမျိုး။ ဘယ်ရွာတွေကိုဖြင့် ဘယ်သူက အုပ်ချုပ်ခဲ့တယ်ဆိုတာတွေဟာ မှန်ကန်ဖို့လိုပါတယ်။ ခုဆို၊ ကျွန်တော်တို့နိုင်ငံကြီး လွတ်လပ်ရေးရပြီးခဲ့ရုံတင် မကဘူး။ ဒီမိုကရေစီ ဆိုတာကိုတောင် အဆစ်ရထားတဲ့အချိန်မှာ၊ အာဏာပိုင်များကလည်း အစစအရာရာ စနစ်တကျ ဖြစ်လာစေချင်တယ်။ ဒီတော့လည်း၊ သူတို့ကြိုက်တဲ့လူ သူတို့ခန့်ရင်း လုပ်ပိုင်ခွင့်တွေပေးတယ်။ အခန့်ခံရသူတွေကလည်း တို့ရတဲ့အာဏာကလေးတော့ တို့သုံးဦးမှဆိုတဲ့ သဘောနဲ့ လုပ်ချင်ရာလုပ်တယ်။ လုပ်လာသမှ ဘာသာစကားတောင် ကရိကထမများဘဲ တိကျလာဖို့ ဆိုတဲ့သဘောနဲ့၊ မြန်မာအက္ခရာတချို့ကိုဆို ဘာမျှအသုံးမကျဘူးရယ်လို့ လုပ်လာကြပါပြီ။ အာဏာပေါ့ခင်ဗျာ။ အာဏာရဲ့ သဘောပါ…ပြောပြီး ခဏရပ်လိုက်ပြန်တယ်။ ဘယ်သူကမျှတော့ ဘာရယ်ဆိုတာ သဘောမပေါက်လှဘူး။ တိုက်အုပ်တောင် လက်ထဲက အကြမ်းခွက်ကို ပြန်ချရမယ်လိုလို။ သောက်ရမယ်လိုလို ဖြစ်နေတယ်။ မြို့ပိုင်ကြီးနဲ့ လက်ထောက်မြို့ပိုင်ကတော့ ငါတို့ဘက်၊ ခုကာမှ လှည့်တော့မှာထင်ရယ်။ ကျောင်းဆရာဆိုတာက ရှာကြံတွေးတတ်တဲ့ လူမျိုးတွေလို့ တွေးလိုက်မိပုံရတယ်။

ကျွန်တော်သိချင်တာက ဦးကြည်ရဲ့ နာမည်ကို ဘယ်လိုစာလုံးပေါင်းသလဲ ဆိုတာပါလို့ ဆရာမြင့်က ပြောလိုက်တော့၊ မြို့ပိုင်ကြီးတို့လည်း နေသာထိုင်သာ ရှိသွားတယ်။ ကျန်တဲ့လူတွေကတော့ ဘာရယ်လို့ တွေးမရသေးဘူး။ တနင်္လာသား။ မောင်ကြည်.. .ညဦးဘက် ကြယ်တွေလတွေ အထွက်မှာမွေးလို့ ငါ့ကို မောင်ကြည်လို့ မှည့်ထားတာ။ ဒီတော့၊ ဘာဖြစ်တုံးလို့ ဦးကြည်က မကျေမနပ်နဲ့ ပြန်ပြောတယ်။ စိတ်ထဲမှာတော့၊ သူ့ ကိုယ်သူ ဂုဏ်ယူဝံ့ကြွားစွာနဲ့ အမြောက်သံတွေ ညံနေတဲ့စစ်မြေပြင်ကို ရွှေထီးဆောင်းထွက်လာတဲ့ ဗန္ဓုလလို့ပဲ သဘောထားလိုက်တယ်၊ ထင်ရဲ့။ ဒီတော့၊ ဆရာမြင့်က အရင် ပြုံးလိုက်တယ်။ ကျွန်တော်ထင်တဲ့ အတိုင်းပါပဲလို့ ပြောရင်း စကားစလိုက်တယ်။ တကယ်တော့၊ ကျွန်တော်တို့အနေနဲ့ ခေါ်ရမှာက ဦးကြယ်ပဲ။ ဟိုစဉ်က ကောင်းကင်က ကြယ်ကို ကြည်လို့ ရေးကြပါတယ်။ နောက်မှ ကြည်ကိုကြယ်လို့ ရေးကြတာ။ တစ်ချို့အညာဘက် တွေမှာဆို ခုထိကြယ်ကို ကြည်လို့ပဲ ခေါ်ကြသေးတယ်။ ဒီတော့၊ ကြည်ဟာ ကြယ်၊ ပဲ။ ဦးကြယ်ပေါ့ဗျာ…အဓိကပြောချင်တာက လူတွေအမှတ်မမှားဖို့။ သူကြီးဖြစ်လာတဲ့အခါ မှတ်တမ်းမှတ်ရာထဲမှာ သူကြီးမင်းဦးကြယ် မဟုတ်ခဲ့ရင် နောင်ပေါ်လာမယ့် သမိုင်းတစ်လျှောက်လုံးမှာ လူတွေအမှတ်မှားကြမှာ စိုးလို့ပါလို့ ဆက်ပြောရင်း ပြုံးစေ့စေ့နဲ့ စကားစသတ်ပြီး ထိုင်ချလိုက်တော့တယ်။ ဒီတော့၊ မြို့ပိုင်ကြီးလည်း အူကြောင်ကြောင် ဖြစ်သွားတယ်။ လက်ထောက်မြို့ပိုင်ကတော့ မြို့ပိုင်ကြီးကို လှမ်းကြည့်တယ်။ သူကြီးတွေကတော့ အချင်းချင်း ကွိကွိကွကွလုပ်ရင်း ဟုတ်တာပေါ့…မှန်တာပေါ့…ဆိုတဲ့ အသံကလေးတွေ ထွက်လာတယ်။ တိုက်အုပ်ကတော့ ဘာရယ်မဟုတ်ဘူး။ အကြမ်းကို တစ်ငုံဘုန်းပေးလိုက်ရင်း သူ့ဘာသာခေါင်းငြိမ့်ရင်း ပြုံးတယ်။ ဆရာမြကြီးနဲ့ မြို့ပိုင်ကြီးကို တစ်ချက် လှမ်းကြည့်တယ်။ ဘုန်းကြီးပြုံးမှတော့ တကာခမျာမှာလည်း အမုန်းမခံရအောင် ပြုံးပြကြရတော့တာ၊ ကိုး။ မြို့ပိုင်ကြီးက လက်ထောက်မြို့ပိုင်ကို ကိုဝင်းအောင်။ ဒီ၊ ကိစ္စက ဟုတ်တယ်ဗျ။ ခုရှုပ်မှ နောက်ရှင်းမှာ။ တိုင်းကို အကြောင်းကြား။ မဟုတ်ရင် ရန်ကုန်ကို တန်းမေး။ မဟုတ်ရင်၊ ခင်ဗျားတို့ ကျုပ်တို့ ခေါင်းပေါ်ကျမယ်။ ခုရှုပ်မှ နောင်ရှင်း၊ ကိုး၊ လို့ လှမ်းပြောလိုက်တယ်။ လက်ထောက်မြို့ပိုင်ကတော့လည်း လက်ထောက်မြို့ပိုင်ပဲဆိုတော့ မြို့ပိုင်ကြီး မလုပ်ချင်တာမှန်သမျှ သူလုပ်ရမှာ။ အရိုးများတယ် ချေးခါးတယ်လို့ လုပ်မရဘူး။

လက်ထောက်မြို့ပိုင် စိတ်ထဲမှာတော့ မရှင်းတာတွေအပုံကြီးပဲ။ ကျွန်တော်သိ ချင်တာကလေးများ မေးစမ်းပါရစေလို့ စကားစလိုက်ရင်း ဆရာမြင့်ကို လှမ်းကြည့်တယ်။ ဆရာမြင့်ကတော့ ကျောင်းဆရာ ပီပီသသ ထိုင်ရာက ထလိုက်တယ်။ ကျောင်းဆရာ ပီပီသသလို့ ပြောရတာက ကျောင်းဆရာများက စကားပြောရင် မတ်တပ်ရပ်ပြောရမှ ပိုပေါက်တယ်ထင်ကြလို့။ မေးပါခင်ဗျား။ တိုင်းရေးပြည်ရေး သူကြီးရွေးတာလွဲရင်ပေါ့လေ လို့တော့၊ စကားခံထားတယ်။ ကျွန်တော်မေးချင်တာက အဲဒီကိစ္စ မဟုတ်ပါဘူး။ ဆရာ၊ ခုနကပြောတဲ့ မြန်မာအက္ခရာတချို့ကို ဘာမျှအသုံးမကျဘူးရယ်လို့ လုပ်လာကြပါပြီဆိုတာကလေးကို နည်းနည်းလောက်ရှင်းပြစေချင်တယ်လို့ လက်ထောက်မြို့ပိုင်က မေးတယ်။ တိုက်အုပ်တို့ ထိပ်ပိုင်းက ကျိတ်ဝိုင်းကလည်း သဘောတူတဲ့အနေနဲ့ ခေါင်းတစ်ညိတ်ညိတ်နဲ့ရယ်။ လွယ်လွယ်၊ ဥပမာတစ်ခု ကျွန်တော်ပေးပါ့မယ်လို့ပြောရင်း ဆရာမြင့်က စကားစလိုက်တယ်။ ကျွန်တော်တို့တစ်သက်လုံး ဂျာအေး သူ့အမေရိုက်ပါလို့ လို့ဆိုခဲ့တဲ့ ဂျာအေးခမျာ ခုတော့ ဂျာအေး မဟုတ်တော့ဘူး၊ ခင်ဗျာလို့ ပြောပြီး ဆက်မပြောပြန်ဘူး။ ဒီတော့၊ ဟေ ဆိုတဲ့အသံတွေဟာ တစုတစည်းတည်း ထွက်လာတယ်။ လက်ထောက်မြို့ပိုင်ကပဲ မနေနိုင်တော့လို့ ဆက်ပါဦး ဆရာသမားရယ်လို့ ၀င်ပြောတယ်။ ခုတော့၊ ဂျာအေး မဟုတ်တော့ဘဲ၊ ကြာအေးဖြစ်သွားပါပြီ၊ ခင်ဗျား။ ဖြစ်ရတာက အာဏာရအစိုးရရဲ့ လက်ကိုင်တုတ် ပညာရှိမင်းများက ဂငယ်၊ ဃကြီး ဆိုတာတွေဟာ မြန်မာဘာသာစကားမှာ ဘာမျှ အဓိပ္ပါယ်မျှမရှိဘူး။ ကျွန်တော်တို့ရဲ့ ရှေးဆရာကြီးများ သင်ကြားပြောပြခဲ့တဲ့ ဃောသ တွေထဲက စာလုံးတွေပေါ့ခင်ဗျား။ ဗျည်းတချို့ကိုပေါ့ခင်ဗျား။ ပါဠိတို့ သက္ကတတို့က လာတာတွေ။ မြန်မာစာစစ်စစ် မဟုတ်ဘူးလို့ ဆိုကြပါတယ်။ ဟုတ်ကောင်း ဟုတ်ပါလိမ့်မယ်။ ပါဠိတို့ သက္ကတတို့ဆိုတာတွေက တောင်ရိုးကျော်၊ ပင်လယ်ဖြတ်ပြီး တရားမဝင် လာရောက်အခြေချနေတဲ့ စာလုံးတွေဖြစ်ပုံရပါတယ်။ ခုတော့၊ အမျိုးသားစိတ်ဓာတ်အပြည့်နဲ့ မြန်မာစာစစ်စစ်ကို သုံးကြတော့မှာကိုး။ မြန်မာစာထဲက ပါဠိ၊ သက္ကတတွေကို သူတို့နိုင်ငံတွေ ပြန်လွှတ်။ ဘယ်ကရောက်လာမှန်းမသိတဲ့ ပေါရာဏဆိုတာတွေကို မြေမြှုပ်သင်္ဂြိုဟ်ကြတော့မယ့် သဘောပါ။ ဒီတော့၊ ဂငယ်၊ ဃကြီး ဆိုတာတွေဟာ မြန်မာစာသည်တို့စာ ဆိုတဲ့စာရင်းထဲထည့်၊ မဖြစ်တော့ပါဘူး။ ဂျာအေးလည်း ကြာအေး ဖြစ်သွားရတော့တာပဲ။ စကားဆုံးသွားတော့ ဆရာမြင့်က ပြန်ပြီးထိုင်မယ်လို့ နောက်ကို လှည့်ကြည့်လိုက်တယ်။ နားထောင်နေတဲ့ လူတွေကတော့ အချင်းချင်း တွတ်ထိုးနေကြတယ်။

ဒီတုန်း၊ ဆရာမြကြီးက လှမ်းမေးလိုက်တယ်။ ဂျာအေးကနေ ကြာအေး ဖြစ်သွား တဲ့ကိစ္စမှာ တခြားအကြောင်းကလေးများ ရှိသေးသလား ဆရာမြင့်ရဲ့၊ တဲ့။ ဆရာမြင့်လည်း မထိုင်သာဘူး။ ဆက်ပြီး မတ်တတ်ရပ်နေရင်း စကားဆက်ရပြန်တယ်။ ဟုတ်၏ မဟုတ်၏ကိုတော့ ကျွန်တော်လည်းမသိဘူး ဆရာကြီးရဲ့။ ကြားနေရတာ ပြောရမယ်ဆို ရင်တော့ ကျွန်တော်တို့ တိုင်းပြည်ကြီး လွတ်လပ်ရေးရတယ်။ ကိုလိုနီလက်အောက်က လွတ်လပ်လာတဲ့အပြင် ဒီမိုကရေစီ ရလာတာပဲ။ ဒါပေတဲ့၊ သူပုန်သူကန်ကိစ္စက ရှိနေသေးတယ်။ တိုက်ခိုက်နေရတာတွေ ရှိသေးတယ်။ ဒိပြင်၊ ဘုမသိဘမသိနဲ့ ဖြစ်လာတဲ့ ဝန်မင်းတွေကလည်း သွေးရူး သွေးတန်းနဲ့ရယ်။ တည့်တည့်ပြောရရင်တော့ တိုင်းပြည်ကြီးက မငြိမ်းချမ်းဘူး။ မအေးချမ်းဘူး။ ဂျာအေးလိုပဲ လုံးလည်ချာလည်လိုက်နေတာ။ မတ်တပ်ရပ်လို့ လမ်းမှာ ငိုနေရတာကိုး။ ဒီတော့၊ သူကောင်းပြုခြင်းခံရတဲ့ ပညာရှိမင်းများက တိုင်းပြည်ကြီး တဖြည်းဖြည်းနဲ့ အေးချမ်းလာအောင်..၊ ကြာရင်အေးချမ်းလာမယ့် နိမိတ်ဖြစ်လာအောင် ဂျာအေးအစား ကြာအေးလို့ လုပ်လိုက်တာပဲရယ်လို့တော့ သတင်းထွက်နေတာပဲလို့ ပြောပြီးတော့ ထိုင်မယ်လို့လုပ်ပြန်တယ်။ နားထောင်နေတဲ့လူတွေဆီကတော့ သြော်… ဒီလိုကိုးဆိုတဲ့ အသံထွက်လာတယ်။ ဆရာမြင့်လည်း နောက်ဘက်ကို လှည့်ကြည့်ပြီးကာမှ ဘယ်သူကမျှ ဘာမှမပြောရသေးခင် ဆရာမြတို့ဘက်ကို ကြည့်ရင်း စကားဆက်ပြန်တယ်။ ဒီလိုလည်း ရှိသေးတယ်၊ ဆရာကြီးရဲ့။ အစိုးရမင်းများရဲ့ အာဏာစက်အောက်မှာ ထွန်းတောက်လာတဲ့ ပညာရှိမင်းဆိုတာတွေကလည်း နယ်နယ်ရရမှမဟုတ်ပဲ။ အင်မတန်အမြော်အမြင်ရှိတဲ့ လူတွေကိုး။ မိုးကောင်းတုန်း ရေခံရမှာကို သိတယ်။ မိုးလွန်မှ ထွန်ချမရဘူး ဆိုတာသိတယ်။ ဒီတော့၊ သူတို့ ခွင်ထဲ၀င်လာတာနဲ့ အရာထင်အောင် လုပ်ပြချင်ကြတာ။ ဆရာကြီးတို့ ကျွန်တော်တို့လို စတုတ္ထတန်း တန်းလုံးကျွတ် အောင်ဖို့ ကြိုးစားတာမျိုးလောက်။ မဟုတ်ဘူး။ နိုင်ငံနဲ့အဝှမ်း။ နိုင်ငံရဲ့သမိုင်းထဲမှာ ပြောစမှတ် ဖြစ်ကျန်အောင်၊ လုပ်ပြချင်ကြသေးတာကိုး။ အောက်ဘက်ဆီက လှေသမားတွေ ပြောသလို မြစ်ဖြစ်မှတော့ လှိုင်းကထပြရမှာပဲ ဆိုသလိုပါ။ ချောင်းထဲမှာ လှိုင်းထပြလို့မှ မဖြစ်နိုင်ပဲ။ ထလည်း မပြောပလောက်ဘူး၊ ကိုး။ ဒီတော့လည်း၊ အာဏာရအစိုးရရဲ့ လက်ပါးစေ ပညာရှိမင်းများအနေနဲ့ သူကောင်းပြုခြင်းခံရတဲ့ အခွင့်အရေးကို သုံးပြတာလည်း ဖြစ် ချင်ဖြစ်မှာပါလို့၊ ဆက်ပြောတယ်။ ဒီတစ်ခါတော့၊ ဘယ်သူ ဘာမေးမေး ထိုင်တော့မယ်လို့ ဆုံးဖြတ်ပြီး ဆရာမြင့်လည်း ထိုင်ချလိုက်တော့တယ်။

မောင်တာကြီးကတော့ သူ့ရှေ့နားဆီက အကြမ်းဗန်းကို ကျောင်းဆရာကလေး ရှေ့တွန်းပို့လိုက်တယ်။ တိုက်အုပ်တို့ အပါအဝင်သူကြီးတွေ ဆယ်အိမ်ခေါင်းတွေလည်း သူကြီးရွေးပွဲအကြောင်း မေ့နေကြပုံပဲ။ အဲဒီတုန်းမှာပဲ ကျောင်းဆရာ၊ ကျောင်းဆရာလို့ လှမ်းခေါ်လိုက်တဲ့အသံ သူကြီးအုပ်စုထဲဆီကထွက်လာတယ်။ အဲဒါကတော့ မြစ်ဟိုဘက်ခြမ်းက ငသိန်းကြီးလို့ ခေါ်ကြတဲ့ သူကြီးဦးအောင်သိန်းအသံ။ ဦးအောင်သိန်းတို့ မိသားစု အဆက်အနွယ်တွေက ငါးပိငါးခြောက်သည်တွေ။ ဒီဘက်တစ်ကြောမှာတော့ ငါးပိငါးခြောက်နဲ့ ပတ်သက်ရင် သူတို့နဲ့ မကင်းနိုင်ဘူး။ ကျောင်းဆရာကတော့ သောက်လက်စ အကြမ်းခွက်ကို ကိုင်ထားရင်းပြောပါ ခင်ဗျာ့လို့ပြန်ပြောတယ်။ သူကြီး ဦးအောင်သိန်းက မေးတယ်။ ခင်ဗျားပြောသလို ဂငယ်က အသုံးမတည့်တော့ဘူး ဆိုရင်ဗျာ ဂွေးကို ဘယ်လို ခေါ်ကြရမှာတဲ့တုံး၊ တဲ့။ ကျောင်းဆရာက ဘာမျှ မပြောရသေးခင် ဝါးကနဲ ရယ်သံတွေ ထွက်လာတယ်။ ရယ်တဲ့အထဲမှာ မြို့ပိုင်ကြီးတို့ရော၊ သူကြီးတွေရောပါတယ်။ သူကြီးဦး အောင်သိန်းကတော့ ဒီလူတွေကို မမာန်ရဲတာနဲ့ နောက်နားက ထိုင်နားထောင်နေတဲ့ ကာလသားတစ်သိုက်ကို လှမ်းကြည့်ရင်း မင်းတို့သိတာ အဲဒီ ဂွေးတစ်မျိုးတည်း။ ငါပြောနေတာ ငါးပိစိမ်းစားလုပ်တော့ ဂွေးကြီး၊ ဂွေးလေး၊ ဂွေးနီ၊ ဂွေးပြာလို့ ခေါ်တဲ့ ပုစွန်သေးသေးကလေးတွေ။ ဒီမယ်၊ ကျောင်းဆရာ ဂငယ် အသုံးမတည့်လို့ လွှင့်ပစ်ကြရင် အဲဒါကို ကျုပ်တို့က ဘယ်လိုခေါ်ရမှာတုံး၊ တဲ့။ ဆရာမြင့်ကတော့ ထိုင်ရကမထတော့ဘူး။ ဂွေးကိစ္စ ဆိုတော့လည်း ထိုင်ရာက ထစရာလိုပုံ မရဘူး။ သူကြီးမင်း။ ကျွန်တော်လည်း တပ်အပ်တော့ မပြောတတ်ဘူး။ ဂျာအေးဟာ ကြာအေးဖြစ်သွားရင်ဖြင့် ဂွေးလည်း ကွေးရတော့မှာပဲ။ ဘယ်သူကြိုက်ကြိုက်။ မကြိုက်ကြိုက် ကွေးရတော့မယ့်အချိန် ရောက်သွားပြီကိုးလို့ ကျောင်းဆရာက ပြန်ဖြေတယ်။ ဖြေလို့မဆုံးခင် ဝါးကနဲ ရယ်ကြပြန်တယ်။ တိုက်အုပ်တို့ တစ်သိုက်လည်း မရယ်ဘဲ မနေနိုင်ကြတော့ဘူး။ ကျန်လူတွေကတော့ ရယ်ရင်း သူတို့ အချင်းချင်း ကွက်ကျိကွက်ကျိ ပြောနေကြတယ်။

မြို့ပိုင်ကြီးကတော့ စကားလမ်း ပြောင်းတဲ့အနေနဲ့ ဆရာမြင့်လို့ လှမ်းခေါ်လိုက်တယ်။ မြို့ပိုင်ကြီးခေါ်လိုက်တယ်ဆိုတော့လည်း ကျောင်းဆရာက ထိုင်ရာက ထမယ်လို့ ပြင်တယ်။ မြို့ပိုင်ကြီးက ထိုင်ပါဆရာလို့ ပါးစပ်က ပြောရင်း လက်ဟန်လည်း ပြလိုက်တယ်။ ဒီလိုဆိုဗျာ၊ အင်္ဂလိပ်လို ဂျွန်လ လို့ခေါ်တာကို ဘယ်လိုရေးကြမှာတုံး။ ကျွန်လလို့ ရေးလို့လည်း မသင့်ဘူးထင်တယ်။ ခင်ဗျားဘယ်လိုမြင်သလဲ လို့မေးတယ်။ ဂငယ်ဟာ အဓိပ္ပာယ်မရှိလို့ ဂျာအေးဟာ ကြာအေး ဖြစ်မှတော့ ဂျွန်လည်း ကျွန်ဖြစ်ရတော့မှာပဲ။ ဂငယ်ဟာ ကျွန်တော်တို့ ဘာသာစကားမှာ ရိုးရင်းအဓိပ္ပာယ် မရှိလို့ ဂငယ်တွေကို ပြောင်းကြစတမ်းဆိုရင်တော့လည်း ဂေါတမတောင် ပါသွားတော့မှာပဲလို့ ပြောပြီး ဆရာမြင့်က ရပ်နေတယ်။  ဆက်မပြောသေးဘူး။ တိုက်အုပ်တောင် မျက်ခုံးလှုပ်လာပုံရတယ်။ မော့ကြည့်လိုက်တယ်။ သူနဲ့ဆိုင်တဲ့ အပိုင်းကပါလာတာ၊ ကိုး။ ဒီတော့၊ ဆရာမြင့်က ထိုင်ရာက ထပြီး တိုက်အုပ်ကို ဦးတည်ပြီး ပြောတယ်။ တပည့်တော် ပြောချင်တာက ဒီလိုပါ၊ ဘုရား။ အရှင်ဘုရားလည်း သိပါတယ်။ တပည့်တော်တို့ ဘာသာစကားထဲမှာ ပါဠိတွေ သက္ကတတွေတင် မကဘူး။ တခြားဘာသာစကားကနေ မွေးစားထားတဲ့ စကားလုံးတွေ အများကြီးပဲ။ ဒါတွေကို လွှင့်ပစ်လိုက်ကြရင် တပည့်တော်တို့မှာ ပြောစရာ စကားတောင် သိပ်ကျန်မှာ မဟုတ်ဘူး။ လေချွန်နေရဖို့ပဲ များတယ်။ ဒိပြင်၊ နာမည်တိုင်းဟာ အဓိပ္ပာယ်ရှိရမယ်၊ အနက်ပေါက်ရမယ်လို့လည်း ပြောဖြစ်မယ် မထင်ဘူး။ လောပီကာကနေ မကြာဖွင့်တဲ့ ဥက္ကဋ္ဌ ဦးနုရယ်၊ မိန့်ကြားခဲ့ပါတယ်…ဆိုတဲ့သီချင်းထဲက ဥက္ကဋ္ဌကြီးဟာ စနေသားမို့ မောင်နု လို့ခေါ်ခဲ့ကြတာဆိုပဲ။ နုနုရွရွကလေးဆိုတဲ့ အဓိပ္ပာယ်နဲ့ ခေါ်တာမှမဟုတ်ပဲ။ ကျွန်တော်တို့ ဘာသာစကားတင်မကဘူး။ တခြားဘာသာစကားတွေမှာလည်း အနက်မဖော်နိုင်တဲ့ နာမည်တွေရှိနေမှာပဲ။ ကျွန်တော်တော့ အဲဒီလောက်မကျွမ်းဘူး။ ဘာသာစကားကိုး။ ဘာသာစကားဆိုတာက စာလုံးတိုင်း စကားလုံးတိုင်းအနက်ဟာ နေရာတိုင်း၊ အနေအထားတိုင်းမှာ ရှိရမယ်လို့ ဘယ်သူကပြောထားလို့လဲ။ ကျွန်တော်တို့ ဆရာဖြစ်သင်တက်တုန်းက အင်္ဂလိပ်စာအကြောင်းလာပြောပြတတ်တဲ့ ဆရာကြီးဦးထွန်းဖြူ ဆိုတာ ရှိပါတယ်လို့ပြောရင်း ဆရာမြကြီးဆီ လှမ်းကြည့်လိုက်တယ်။ ဆရာမြကြီးတို့လည်း မီလိုက်မှာပေါ့လို့ ပြောလိုက်တယ်။ ဆရာမြကြီးက အသာခေါင်းညိတ်ပြတယ်။ ပြီးတော့ ပြုံးတယ်။ ဆရာမြင့် တစ်ယောက် ဘာပြောတော့မယ်ဆိုတာကို သူသိလိုက်ပုံပဲ။

ဆရာကြီးဦးထွန်းဖြူက ဘယ်ဘာသာစကားကဖြစ်ဖြစ် စာလုံး၊ စကားလုံးကို လုံးချင်း အနက်မယူနိုင်ကြောင်း ပြောရင်း ဂျာအေးအကြောင်းပြောဖူးတယ်။ အင်္ဂလိပ်လို ပြန်ပြတယ်။ အားလုံးကိုတော့ ကျွန်တော် မမှတ်မိဘူး။ ဂျာအေးကိုတော့  Jonny little Maung Gyar Aye လို့ခေါ်တယ်လို့ ခပ်ရှည်ရှည်ပြောလိုက်ရင်း၊ ဆရာမြင့်က သူ့စကား ပြန်စတယ်။ နောက်တော့မှ ဆက်ပြန်တယ်။ ဂျာအေးဟာ ကောင်ကလေးလို့ သူတို့ ဘာသာစကားထဲမှာ မြင်စေချင်တော့ ဂျောန်နီလစ်လေး(လ)ဆိုတာကို ထည့်တာ၊ တဲ့။ မြန်မာလို ရေးသားပြောဆိုတာကို အင်္ဂလိပ်လို မြင်အောင်ရေးပြတာ။ ကျွန်တော် ပြောချင်တာက ဆရာကြီး ဦးထွန်းဖြူပြောတဲ့ ဘယ်လို မြင်သလဲဆိုတာက အရေးကြီးတာပါ။ ကျွန်တော်တို့ရဲ့ ပညာရှိမင်းများက မြန်မာစာကို မှန်လာစေချင်တယ်ဆိုရင် ”တောင်ဇမ္ဗူပိုင်…” ထဲက စာလုံးအထားအသိုလွဲနေတာတို့၊ ယောအတွင်းဝန်မင်းရဲ့ စာကြောင်းတည်ဆောက်ရာမှာ မြှုပ်ထားတဲ့ စာလုံးတွေအကြောင်းတွေကို ပြောကြပါလား။ ခုတော့၊ ဂျာအေးကို မနေနိုင်မထိုင်နိုင် ရန်လုပ်ပြီး ဂငယ် ဃကြီး စတဲ့ စာလုံးတွေဟာ အဓိပ္ပာယ် မရှိဘူးဆိုတာကတော့ မရှိတဲ့မဏ္ဍပ်တိုင်ပေါ် တက်ပြနေကြတာ မဟုတ်ဘူး။ ဗိစပ်ဖူးပေါ်တက် ကွင်းလုံးချွတ် ကပြနေကြတာ။ တစ်ခုတော့ရှိပါရဲ့။ တိုင်းပြည်ကြီး လွတ်လပ်ရေး ရလာတော့ အုပ်ချုပ်ဖို့ အိုင်အီအက်(စ)၊ ဘီစီအက်(စ) တွေနဲ့အတူ ဘိလပ်ပြန်တွေ ဘိုသွေးနှောတွေ ပါလာတာကိုး။ ဘိလပ်ပြန်တွေက တိုင်းပြည်သာအာဏာနဲ့ အုပ်ချုပ်ချင်တာ။ မြန်မာစကားတို့ မြန်မာစာတို့မျှ မတတ်ပဲ။ ဒီတော့လည်း၊ ဘိုလိုများများ ပြောပြချင်တဲ့ လူတွေအတွက် အဓိပ္ပာယ်မရှိဘူး ဆိုတဲ့စာလုံးတွေ ဖြုတ်ပေးလိုက်ရင် ငါတို့တော့ မျက်နှာရမှာလို့ ပညာရှိမင်းများက တွေးကြပုံရပါတယ်။ သေတဲ့အထိ သူကောင်း အပြုခံ ချင်နေတဲ့ လူတွေနေမှာပါ။ ကျွန်တော့်အမြင်တစ်ခု ပြောပါရစေ။ ပြောမှားဆိုမှား ဖြစ်သွားရင်တော့လည်း ခွင့်လွှတ်ကြပါ။ ကျွန်တော်တို့လူမျိုးဟာ လွတ်လပ်ရေးကြီးရဆိုကတည်းက လူမျိုးကြီးဝါဒ ဝင်လာတယ်။ ကိုယ့်ကိုယ်ကိုယ် ရှာကြံအထင်ကြီးချင်တယ်။ ကျုပ် တို့လူမျိုး တန်ခိုးမသေးပါရယ်လို့ ဆိုနေကြတာကိုသာ ကြည့်တော့။ အာဏာကလေး ရလာဆိုရင်ပဲ လုပ်ပြလိုက်ချင်တယ်။ အုပ်ချုပ်မင်းလုပ်သူက နေရာကလေးပေးလိုက်တယ် ဆိုရင်ပဲ လုပ်ပြလိုက်ချင်တာ၊ ကိုး။ အဓိကကတော့ ဂျာအေးကို မလိုတမာ အပြစ်ရှာချင် လို့တော့ချည်းလည်း ဟုတ်မယ်မထင်ဘူး။ အာဏာရတွေရဲ့ အလိုတော်ရိ ပညာရှိတွေက ငါတို့တော့ဖြင့် တစ်ခုခု လုပ်ပြရမယ် ဆိုတဲ့သဘောနဲ့ တောင်စွယ် နေမကွယ်ခင်မှာပဲ ဂျာအေးကို  ရွှေဓားနဲ့ စဉ်းပြလိုက်တာ။ နောက်ဆက်တွဲ ရှင်းပစ်ဖို့ကတော့ အဓိပ္ပာယ်မရှိ ဘူးဆိုတဲ့ ဗျည်းတွေထင်ပါရဲ့လို့ ပြောပြီး သူ့စကားကို အဆုံးသတ်လိုက်တယ်။ ထိပ်ပိုင်းက တိုက်အုပ်တို့၊ မြို့ပိုင်ကြီးတို့ ကျောင်းဆရာကြီးဟောင်းတွေတစ်သိုက်က အတော် သဘောကျသွားပုံရတယ်။ ခေါင်တညိတ်ညိတ်နဲ့ရယ်။ ဆရာမြကြီးကတော့ ကျောင်းဆရာဆိုဒီလိုမှ ဗျလို့ မြို့ပိုင်ကြီးကို ပြောတော့ မြို့ပိုင်ကြီးကလည်း သဘောကျသွားပုံရတယ်။ သူကြီး အရွေးခံမယ့် လူ့တစ်သိုက်ကတော့လည်း သူတို့ကိစ္စကိုတောင် မေ့နေကြပုံပဲ။ လက်ထောက်မြို့ပိုင် ကိုဝင်းအောင်တစ်ယောက်ပဲ မှတ်စုစာအုပ်ထဲ ရေးမှတ်နေတယ်။ ဘာတွေ ရေးနေမှန်းတော့ မသိဘူး။ အဲဒီနေ့က အစည်းဝေးမှတ်တမ်း ပေးစမ်းလို့ မြို့ပိုင်ကြီးက ပြောရင်ဖြင့် ဒါကလေးတွေလည်းပါမှ။

ကိုင်း။ ငကြယ်ကြီး သူကြီးဖြစ်တယ် ဆိုတဲ့ဆီ ပြန်သွားကြစို့။

အဲဒီနေ့ကတော့၊ အရွေးခံမယ့် သူကြီးလောင်းဦးကြည်ရဲ့ နာမည်နဲ့စလိုက်တဲ့ ကိစ္စဟာ ဂျာအေးအဆုံးစီရင်ခံရတဲ့ ကိစ္စမှာသွားဆုံးတယ်။ လိုရင်းပြောရရင်တော့၊ နောက် မကြာခင် သူကြီးရွေးပွဲတွေလုပ်တယ်။ သိပ်ထူးထူးခြားခြားတော့ မရှိပါဘူး။ မင်းလုလင် အပိုင်းက ရှစ်ရွာမှာ ဦးကြယ်တစ်ယောက် အရွေးခံရတယ်။ ပြိုင်ဘက်မရှိဘူး။ မြို့ပိုင်ရုံးက သူကြီးစာရင်း အတည်ပြုစာ ထွက်လာတော့ မင်းလုလင်ရှစ်ရွာသူကြီး ဦးကြယ်လို့ပဲ ထွက်တယ်။ ဦးကြည်ကတော့လည်း ပိုက်ဆံ ငါးကျပ်မပေးလိုက်ရဘဲ အလကား နာမည်ပြောင်း သွားရတယ်။ ပြောင်းချင်လှလို့တော့လည်း မဟုတ်ဘူး။ ခုတော့လည်း လူတွေက ငကြယ်ကြီး သူကြီးဖြစ်သွားတယ်လို့ပဲ ပြောတယ်။ သူ့ဘာသာ မကျေနပ်လည်း မတတ်နိုင်ဘူး။ မကျေနပ် လဲသေလိုက်၊ ပဲ။ မင်း မိန့်ကိုး။ ကြည်-ကြည်။ ကြယ်-ကြယ်။ သူကတော့လည်း သူကြီးဖြစ်ရရင် တော်ပြီဆိုတဲ့လူမျိုး။ ဒါပေတဲ့၊ ဘယ်လိုဖြစ်လို့ ကြည်ကနေ ကြယ်ဖြစ်သွား ရတယ်ဆိုတဲ့ အတည်ပြု အဆုံးအဖြတ်အကြောင်းကလေးကတော့ သိကြဖို့လိုလိမ့်မယ်။ အကြောင်းကဒီလို။ လက်ထောက်မြို့ပိုင်က၊ မြို့ပိုင်ကြီးခိုင်းတဲ့အတိုင်း တိုင်းရုံးကို လှမ်းမေးတယ်။ တိုင်းရုံးက ရုံးအုပ်ကြီးကလည်း  ဒါမျိုးကို အဆုံးအဖြတ် ပေးနိုင်လောက်တဲ့ လူကတော့ ပညာအုပ်ပဲဖြစ်လောက်တယ်လို့ စိတ်ရင်းကောင်းနဲ့ တွေးကြည့်မိတာနဲ့၊ ပညာအုပ် သွားမေးတယ်။ ပညာအုပ်က ဘီအေဘွဲ့ဆိုသလား ရထားတာတဲ့။ ဒါပေတဲ့၊ ပညာအုပ်ခမျာ မယားကြီးနဲ့ မယားငယ်အကြား ပြဿနာဖြစ်နေတဲ့အချိန်။ ဘယ်သူ့ကို ဘယ်လို လှိမ့်ရပါ့မလဲလို့ အတော့်ကို ကြံနေရတဲ့အချိန်။ တိုင်းရေးပြည်ရေးဆိုတာက မီးဖိုချောင် ကိစ္စလောက်မှ အရေးမကြီးပဲ။ တိုင်းပြည်ကြီးမှာ ဘယ်သူက ဘယ်သူ့ကို သတ်၊ သတ်။ ဘယ်နေရာမှာ ရေကြီး၊ ကြီး။ ကိုယ့်အိမ်မှာ တံခါးပိတ်လို့ မီးလည်းမှိတ်ချိန် ဆိုတာက အရေးကြီးသေးတာ၊ ကိုး။ ဒီတော့လည်း၊ ပညာအုပ်က စိတ်ပေါက်ပေါက်နဲ့ လိုရင်းတိုရှင်း အဆုံးအဖြတ် ပေးလိုက်သတဲ့။ ကြည်ဟာ ကြယ်ဆိုလည်း ကြယ်ပေါ့၊ ကွာ။ မိုးထဲလေထဲ။ ငါလခွီးတဲ့မှ ပဲ၊ တဲ့။ ဒီလိုနဲ့ ရုံးအုပ်ကြီးလည်း ကြည်ဟာကြယ်ဆိုရင် ကြယ်ပဲလို့ စီရင်ချက်ချ၊ အကြောင်းပြန်ပြီး စာရင်းထုတ်လိုက်တာ။ တကယ်တော့၊ အဆုံးအဖြတ်တွေဟာ မိုးထဲ လေထဲမှာဆိုရင် နောက်ဆုံးတော့လည်း ငါလခွီးနဲ့ပဲ အဆုံးသတ်ကြရမှာချည်း၊ ထင်ရဲ့။  ။

မြင့်သန်း

ချင်းတွင်းမဂ္ဂဇင်း၊ အမှတ် (၈၇)၊ ဇန်နဝါရီလ၊ ၂၀၁၉၊ မုံရွေးစာပေ၊ ရန်ကုန်။

Copied from Salayam Media. Thanks to the site.

စလေ ငနော့