Tuesday, April 14, 2020

ပြာသိုရက်များ ကြက်သားမစား



•••••••••••••••••••••••••••••••••
မောင်သာချို
(တစ်)
သမီးရေ...
ဟိုး... အရှေ့ဘက် မိုးကုပ်စက်ဝိုင်းကြီးရဲ့ အထက်နားဆီမှာ လင်းရိပ်လင်းရောင်ဆိုလို့ စွေ့စွေ့ငွေ့ငွေ့ကလေးတောင်မှ
မသမ်းတတ်ခင် အချိန်လောက်ကစပြီး လမ်းလျှောက်ထွက်ခဲ့တဲ့ ဖေဖေတစ်ယောက် ချွေးအစို့စို့နဲ့ အိမ်ကိုပြန်ရောက်လာခဲ့ပြီး
မနက်တိုင်း ကလိနေကျဖြစ်တဲ့ ဖေဖေ့ရေဒီယိုကလေးကို ဟိုဟိုသည်သည် ကလိလို့ အားရပြီးတဲ့နောက် စီးနေကျ စက်ဘီးကလေးကို မ,ကာ အပြင်ကို ထုတ်လိုက်တယ် ဆိုရင်ပဲ သမီးက
ဖေဖေ့အနားကို ရောက်လာကာ ဈေးခြင်းတောင်းကို လှမ်းပေးရင်း...
“ဖေဖေ၊ ကြက်သားပဲ ဝယ်ခဲ့” တဲ့။
ဖေဖေက စက်ဘီးလက်ကိုင်မှာ ဈေးခြင်းတောင်း ပေါက်စနကလေးကို ချိတ်ရင်း သမီးကိုတစ်လှည့်၊ သမီးနောက်မှာ
ရပ်နေတဲ့ သမီးမေမေကို တစ်လှည့်ကြည့်ကာ မငြီးငွေ့သေးဘူးလားဆိုတဲ့ မေးခွန်းကို မေးဖြစ်မိကာ သမီးမေမေရယ်လေ ...
“ခုမှ ကြက်သားစားရတာ၊ ချက်သာချက်” တဲ့
ဖေဖေလေ တစ်စုံတစ်ခုကို သွားသတိရမိလိုက်ကာ ခပ်ငွေ့ငွေ့ကလေးပြုံးရင်း စက်ဘီးကို တွန်းထွက်လိုက်ရင်းနဲ့ လမ်းပေါ် ရောက်တော့မှပဲ အတွေးတွေက ဖျိုးခနဲ ဖျတ်ခနဲဆိုသလို ဖေဖေ့မနက်ခင်းထဲကို ဝင်ရောက်လို့လာကြပြန်တယ်လေ။
(နှစ်)
သမီးရေ ...
သမီးမေမေပြောလိုက်တဲ့ “ခုမှကြက်သားစားရတာ၊ ချက်သာချက်”ဆိုတဲ့ စကားရဲ့ နောက်ကွယ်က အင်မတန် သိမ်မွေ့
နူးညံ့လှတဲ့ လူမှုရှုမျှော်ခင်းကလေးတစ်ရပ်ကိုဖြင့် ဖေဖေ့သမီးတစ်ယောက် သတိမှပြုမိခဲ့ပါရဲ့လား မပြောတတ်ပါဘူး သမီးရယ်။ ဟုတ်ပါတယ်။ ခုမှ ကြက်သားစားရတာဆိုတဲ့ စကားရဲ့ နောက်ကွယ်မှာ သမီးကို လက်တို့ပြီး သတိပေးချင်တဲ့ ဘဝရဲ့ ပုံရိပ်အပိုင်းအစကလေး တချို့ ဖေဖေ့မှာ ရှိနေခဲ့တယ်လေ။
သမီး မှတ်မိဦးမလားမသိဘူး။ သည့်မတိုင်ခင် ရက်တော်တော်များများထဲမှာတုန်းက ဖေဖေတစ်ယောက် အိမ်နဲ့အဝေးမှာ
ရောက်နေခဲ့တာလေ။ မှတ်မှတ်ရရ ပြာသိုလကြီးပေါ့။ အာနန္ဒာ ဘုရားမှာ ပြာသိုပွဲ ကျင်းပနေတဲ့ ဆောင်းရက်တွေထဲမှာ ဖေဖေ
ပုဂံကို ရောက်နေခဲ့တယ်လေ။ ပွဲတော်ရက် အစကန အဆုံးအထိလို့ ဆိုရလောက်အောင်ကို ပုဂံမှာ ဖေဖေ ရှိနေခဲ့တာပါ။ ဆယ်ရက်လား၊ ဆယ့်ငါးရက်လား အိမ်နဲ့ဝေးတဲ့ ပြာသိုရက်များပါပဲ။ သမီးရယ်၊ အဲသည့်ရက်တွေကဖြင့် သမီးတို့တစ်တွေ
ကြက်သားဟင်းမစားရသော ပြာသိုရက်များပါပဲလေ။
(သုံး)
ဘာသာရေးတို့ ဘာတို့ဆိုတဲ့ ကိုယ်ယုံကြည်ရာ ကိုယ်စွဲလမ်းရာ တစ်ခုခုကြောင့် သူ့အသက်ကို ရှောင်နေရလို့လည်း မဟုတ်၊ ဈေးသုံးစရာ ငွေရေးကြေးရေး ပြတ်လပ်သွားတဲ့အတွက် အသက်ရှူကျပ်နေရချိန်လည်း မဟုတ်ပါဘဲနဲ့ သမီးတို့တစ်တွေ ပြာသိုရက်များ ကြက်သားမစားခဲ့ရတဲ့ အဖြစ်ကတော့ သူများတွေအဖို့ရာမှာ ဆန်းများ ဆန်းကြယ်နေမလား မပြောတတ်ပါဘူး
သမီးရယ်။ တကယ်တော့ ဒါဟာ ဖေဖေတို့ နေထိုင်ရာ ဘဝ ပတ်ဝန်းကျင်နဲ့ တိုက်ရိုက်ကြီးကို ဆက်နွှယ်နေတဲ့ ကိစ္စပါ။
သမီးသိတဲ့အတိုင်း သည်တုန်းက ဖေဖေတို့ နေခဲ့ရတဲ့ ကောလိပ်ရှေ့က ရပ်ကွက်ကလေးဟာ အင်မတန်မှကို လူနေ
ကျဲပါးလွန်းလှတဲ့ နေရာလေးလေ။ ခြောက်ကပ်ကပ် အနိုင်ဆုံးကတော့ ဖေဖေတို့အနားပါပဲလေ။ ခေါင်းရင်းအိမ်မှာလည်း လူမရှိ။ ခြေရင်းအိမ်မှာလည်း လူမရှိ။ အိမ်ရှေ့အိမ်မှာလည်း လူမရှိ။ နောက်ဖေးက အိမ်လေးတစ်အိမ်ပဲ လူရှိတယ်။ သည်အိမ်ကလေးကတော့ တစ်အိမ်ဆို ဆိုသလောက် ဖေဖေတို့ရဲ့
လက်ကတုံးတောင်ဝှေးပါပဲလေ။
အဲသည့်အိမ်က မိသားစုကလေးဟာ စိတ်စေတနာ မနွမ်းပါးပေမယ့် ဘဝတွေကတော့ သိပ်ပြီး ခမ်းခမ်းနားနား မဟုတ်ရှာပါဘူး။ အိမ်ထောင်ဦးစီး လူငယ်ကလေးက ပညာမရှိရှာပါဘူး။
ပညာမရှိတာမှ မူလတန်းပညာကိုတောင် ကုန်အောင် မသင်ခဲ့ရရှာတာပါ။ သူ့အမျိုးသမီးကတော့ သမီးသိတဲ့အတိုင်း ဘွဲ့ကလေးတစ်ခု ရထားပေမယ့် ရှေ့နဲ့နောက် ၁ နှစ်တောင်မှ မခြားတတ်ချင်တဲ့ ကလေးပေါက်စကလေးနှစ်ယောက်နဲ့ အမြဲတမ်း ဖိုသီဖတ်သီ။
ဖေဖေ ခရီးတွေဘာတွေသွားလို့ သမီးမေမေကို ဈေးသွားပေးမယ့်သူ မရှိတော့တဲ့အခါ အဲသည့်အိမ်က လူငယ်ကလေးဟာ သမီးမေမေရဲ့ ဈေးကြုံမှာဖို့ရာ ဖြစ်လာတာပါပဲ။
“မမဖူးရေ... ဈေးကို ဘာမှာဦးမလဲ”
ဆိုတဲ့ သူ့ရဲ့ အသံစူးစူးကလေးနောက်မှာ အိမ်နီးချင်းကောင်းတို့ရဲ့ မေတ္တာဓာတ်တွေ တနွေးတထွေး ရောယှက်ပါဝင်နေလိမ့်မယ်လေ။
(လေး)
သမီးရေ ...
ဖေဖေ ပုဂံကနေ ပြန်ရောက်လာခဲ့တော့ သမီးမေမေက ဈေးမှာရတဲ့ အခက်အခဲတွေကို ပြောမဆုံးနိုင်တော့ဘူး။ အဓိကကတော့ နောက်ဖေးအိမ်က စိုးနိုင်ဝင်းကို အားနာတဲ့အကြောင်းပါပဲ။ သူတို့ကလေးတွေ တိုင်းတိုင်းတိတိနဲ့ ဝယ်ရခြမ်းရ ချို့ချို့ငဲ့ငဲ့နဲ့ စားရသောက်ရတဲ့ ဘဝရဲ့ အရိပ်အကဲတွေကို တစေ့တစောင်း မြင်နေရတဲ့ အချိန်မျိုးမှာ တော်ကြာ ကြက်သားအရိုးလွတ် ဝယ်ခဲ့ပါဦး။ တော်ကြာ မြစ်ငါးကြင်းကလေး ဝယ်ခဲ့ပါဦး။
တော်ကြာ မြစ်ပုစွန်ထုပ်ကလေး ဝယ်ခဲ့ပါဦးနဲ့ လမ်းကြုံမှာဖို့ ဆိုတာဟာ နှုတ်မထွက်ရဲချင်စရာပါပဲ။ သူ့မိသားစုအတွက်
သူ သွားရောက်သယ်ပိုးတဲ့ ဝန်ထုပ်ဝန်ပိုးထက် ပိုပြီးလေးလံ၊ ပိုပြီးခမ်းနား၊ ပိုပြီးကြေးထိုက်တဲ့ ဝန်ထုပ်ဝန်ပိုးတစ်ခုကို သူ့နှလုံးသား ပခုံးသားထက်ပေါ်မှာ ထပ်မတင်ချင်ဘူးတဲ့လေ။
ဒါကြောင့်လည်း ချဉ်ပေါင်လေး၊ ကန်စွန်းလေး မှာလိုက်၊ အာလူးလေး ကြက်ဥလေးမှာလိုက်၊ ငါးကလေး ပုစွန်ကလေး မှာလိုက်နဲ့ ပြာသိုရက်များ သမီးတို့ ကြက်သားမစားခဲ့ကြဘူးလေ။
သမီးရယ် .…
နောက်ဖေးအိမ်က စိုးနိုင်ဝင်းကလေးတို့ရဲ့ ရင်ထဲကို သူများတွေ နေ့တိုင်း ဆီဦးထောပတ် စားနေကြတယ်ဆိုတဲ့ မြားချက် မတော်တဆကလေးတောင်မှ သမီးမေမေက မှန်စေ့ချင်ပုံ မရပါဘူးလေ။
(ငါး)
သမီး မှတ်မိဦးမလားမသိဘူး။
ဟိုးတစ်ခါတုန်းက အဲသည့် ဦးဦးစိုးနိုင်ဝင်းကိုပဲ လမ်းကြုံလို့ဆိုပြီး သမီးမေမေက ဆေးမှာတာလေ။ သမီးရဲ့ မောင်လေး
ပေါက်စနကို ဗိုက်တာဇုံ (Vitazone) တိုက်နေရာက အစား စားချင်လာအောင်လို့ဆိုပြီး (Liprovite) တိုက်ဖို့အတွက် မှာလိုက်တာလေ။ ဆင်ရုပ်ကလေးတွေ။ မျောက်ရုပ်ကလေး၊
ယုန်ရုပ်ကလေးတွေ၊ ဇီးကွက်ရုက်ကလေးတွေနဲ့ ဝါဝါစိမ်းစိမ်း
ချစ်စရာ့ဆေးဘူးကလေးကို ကြည့်ပြီး ဦးဦးစိုးနိုင်ဝင်းက ...
“ကျွန်တော့်သားလေးလဲ တိုက်ချင်လိုက်တာ မမဖူးရာ”
လို့ ဆိုလိုက်တဲ့အခါ ပြစ်မှုတစ်ခုကို ကျူးလွန်မိလိုက်တဲ့ မျက်လုံးတွေနဲ့ သမီးမေမေ ဖေဖေ့ကို လှမ်းကြည့်နေခဲ့လိုက်တာလေ။
သမီးရယ် ...
ဖေဖေကတော့လေ၊ ဖေဖေမရှိတုန်းမရှိခိုက်မှာ သမီးက ရေခဲမုန့်ဘူး စားချင်တယ် ဘာညာနဲ့ ပူဆာတာကအစ သူတို့တောင် ဝယ်မစားဖြစ်တဲ့ ကလေးတွေကို အဝယ်မခိုင်းဖို့ သမီး
မေမေကို မှာထားရတယ်။ ဖေဖေပြန်လာတော့ ဝယ်ကျွေးမယ်ပေါ့။
ခုလည်းကြည့်။
ပြာသိုရက်များမှာ သမီးတို့ ကြက်သား မစားကြပါဘူးတဲ့။ ဒါဟာလည်း ဘဝမှာ မင်္ဂလာရှိတဲ့ နေနည်းနေဟန်တစ်ရပ်ပါပဲလေလို့ ဖေဖေ စဉ်းစားမိရင်း ကြက်သားသည် မဖြူဖြူရှေ့မှာ မတ်တတ်ရပ်မိတော့ မဖြူဖြူက ကြက်တစ်ကောင်ကိုတောင် လှမ်းဆွဲလို့ နေခဲ့လိုက်ပါပြီ။ ပြီးတော့မှ ဖေဖေ့ကို တစ်ချက်
လှမ်းကြည့်ကာ အရိုးလွတ်ပဲလားတဲ့။ ကြက်သား ချက်စားကြဦးစို့ရဲ့ သမီးရယ်။
(၁၉၉၉၊ ဇူလိုင်၊ ချယ်ရီမဂ္ဂဇင်း)
ဆရာမောင်သာချို၊ သမီးဖတ်ဖို့ နှလုံးသားရှုမျှော်ခင်းများ SPECIAL EDITION စာမျက်နှာ ၁၂၇ - ၁၃၀။
သရုပ်ဖော် - ဇော်မောင်
စာရိုက် - စလေ ငနော့