••••••••••••••••••••••
သော်တာဆွေ
"ဦးလေးတက်ပု ကြည့်ပါလား၊ ဦးလေးတက်ပုတို့ စပါးသွားသွားရောင်းတဲ့ စက်ပိုင်ကြီးမှာ စက်နှစ်လုံးရှိတယ်ဟုတ်လား၊ အဲဒါ ဟိုတောင်ပိုင်းက စက်တစ်လုံး မီးလောင်သွားတော့ စက်ပိုင်ကြီးမျက်နှာ ဘာဖြစ်သွားသလဲ၊ စက်ပိုင်ကြီးကတော်မှာဖြင့် ထမင်းမစားနိုင်ဘဲ ဖျားသွားတယ်တောင် ကြားရတယ်။ ဒါတောင် ကြည့်စမ်း... သူလို့လုံးဝ ဆုံးရှုံးတာမဟုတ်ဘူး၊ မီးအာမခံက ရှိတော့ စက်ဖိုးပြန်ရသေးတယ်၊ သူတို့ သောကပရိဒေဝမီး တောက်လောင်တာက စက်သစ် ပြန်တည်မပြီးခင်အတွင်းမှာ နေ့စဉ်ဝင်ငွေ လျော့မှုကြောင့်တဲ့၊ ကဲ... မခက်ဘူးလား၊ ဒီဘက်မှာလည်း စက်တစ်လုံးက လည်လျက်တန်းလန်း၊ သူတို့လက်ထဲမှာလည်း ရွှေငွေရတနာတွေက အနတဂ္ဃမ၊ ဒါဟာ ပစ္စည်းက လူကို ညှင်းဆဲတာ ဦးလေးတက်ပုရဲ့၊ ဒီ့ပြင်ဟာ မကြည့်နဲ့၊ အနီးဆုံးဟာ ပြောရဦးမယ်''
သူ့အသံ နည်းနည်းတိုးသွားကာ...
"ဟောဒီအိမ်က ကြီးကြီးတို့လေ၊ သူတို့မှာ အခုလို ကား ၆ စီး မရှိသေးဘူး၊ ၄ စီး ရှိတုန်းက တစ်စီးကို လမ်းမှာ သူပုန်တွေ သိမ်းသွားလို့ ဆုံးရတုန်းကလေ၊ ဟာ... အရီ ဖြင့် သူတို့လင်မယားကို သနားရော၊ မအိပ်နိုင်မစားနိုင် တော်တော်ကြာကြီး ဖြစ်လိုက်ကြသေးတယ်၊ ပါးစပ်ကလည်း တဖျစ်တောက်တောက်၊ ဒရိုင်ဘာကို ဆူလိုက်တာနဲ့၊ ကားနဲ့အတူ ပါသွားတဲ့ သူတို့တူကလေး အပြစ်တင်လိုက်တာနဲ့၊ လမ်းခရီးအခြေအနေ မသိရကောင်းလားလို့ပေါ့လေ...''
"ဒါနဲ့ အရီ စဉ်းစားတယ်၊ ကြည့်စမ်းလို့... သူတို့မှာ ကား ၄ စီးရှိတဲ့အနက် တစ်စီးမီးလောင်သွားတာ ၃ စီးတောင် ကျန်ပါသေးလျက်ကနဲ့ စိတ်သောက ရောက်ကြရတယ်၊ ဒီက တစ်စီးမှမရှိတဲ့ လူတွေမှာဖြင့် ဘာမှမဖြစ်ရဘူးလို့၊ နောက်တော့ အဓိပ္ပာယ်ပေါက်လာတယ်၊ ဒီမှာ ဦးလေးတက်ပု၊ ဦးလေးတက်ပုတို့ ရွာမှာ အိမ်အိုတော့ မပြိုရအောင် ကျားကန်ရတယ်မဟုတ်လား၊ ဥပမာ အရှေ့၊ အနောက်၊ တောင်၊ မြောက် ကျားလေးစီး ကန်ထားတဲ့အိမ်မှာ ကျားတစ်စီးပြိုတော့ ပြိုတဲ့ဘက်ကို ယိုင်မယ်မဟုတ်လား၊ အဲဒီသဘောတရားနဲ့ စဉ်းစားလိုက်တော့ လား...လား... သူတို့ကားလေးစီးဟာ ကျားလေးစီဖြစ်နေတယ်၊ ဦးလေးတက်ပုရေ့... အရီ ပြောတာ နားလည်လား''
"လည်တယ် အရီ ပြောသာပြော''
"သူတို့ဟာ ကျားတစ်စီးနဲ့တူတဲ့ ကားတစ်စီး ပြိုသွားတော့ ပြိုတဲ့ဘက်ကို ယိုင်သွားတာကိုး၊ ဒါနဲ့ ပြန်ပြီးတော့ မတ်အောင် မနေမနား ကြိုးစားလိုက်ရတာ အခုကျား ၆ စီးတောင် ဖြစ်လာပါရောလား၊ အဲဒီကျား ၆ စီး ဖြစ်လာတော့ အရင် ၄ စီးထက် ပိုဆိုးပြန်ရောရှင်၊ ဘယ်လိုလဲဆိုရင် အရင်က ကြီးကြီးတို့မှာ ကားတွေအိမ်ကထွက်သွားတော့ လမ်းမှာဘယ်လိုဖြစ်ဦးမလဲ ဟဲ့၊ ဘယ်လိုအန္တရာယ် တွေ့ဦးမလဲဟဲ့၊ ဖြူးဖြူးဖြောင့်ဖြောင့်မှ ပြန်ရောက်ပါ့မလားဟဲ့နဲ့ ၄ စီးတွက်ပဲ ပူရတယ်၊ ခုတော့ ၆ စီးအတွက်တောင်ပဲ ဦးလေးတက်ပုရေ့၊ ၆ စီးမို့ ဝင်ငွေပိုရတာတော့ မှန်ပါရဲ့၊ သို့သော် သူတို့ကိုယ်ကျိုးကြည့်တော့ အရင် ၄ စီးတုန်းကထက် ပိုပြီး ထမင်းစားနိုင်တာလဲ မဟုတ်ပါဘူး၊ ဒါနသီလ ပိုဆောက်တည်နိုင်တာလဲ မဟုတ်ပါဘူး၊ သောကပိုလာလို့ လျော့သွားတာသာ တွေ့ရပါတယ်၊ ဒီတော့ ဘယ်မှာလဲ ကောင်းကျိုး...''
"နို့ပြီး အရင်းရှင်စနစ်အောက် ကျွန်ခံနေရတဲ့ အရင်းရှင်ကြီးတွေအတွက်လဲ ပြောရဦးမယ်၊ သူတို့ ယုံကြည်ကိုးကွယ်တဲ့ သူတို့သခင် အရင်းရှင်စနစ်ကြီးက 'မင်းတို့ဟာ ငါ ခိုင်းစေတဲ့အတိုင်း လိုက်နာဆောင်ရွက်ပေတယ်၊ ဒါကြောင့် ငါ့ဆန္ဒအတိုင်း မင်းတို့သွေးစုပ်ထားတဲ့ ဆင်းရဲသားတွေရဲ့ လုပ်အားဖြစ်တဲ့ အခု မင်းတို့လက်ထဲရောက်နေတဲ့ ရွှေငွေရတနာကို မင်းတို့သဘောရှိ ကလောဟိစေ' ဆိုလို့ စိတ်ထင်သမျှ သုံးရစားရတယ်၊ သို့သော်လည်း ရုပ်ဆင်းသဏ္ဌာန် ပိုလှမလာပါဘူး၊ ခွန်အားဗလ ပိုမပြည့်ပါဘူး၊ အသက်ပိုရှည်မလာပါဘူး၊ တစ်နေ့ သေရတာပါပဲ၊ သေတဲ့အခါမှာလည်း ငါ့ပစ္စည်းတွေရယ်ဆိုပြီး တရွေးသား ယူသွားရတာမဟုတ်ပါဘူး၊ ဒါကြောင့် ဥစ္စာစောင့်ကြီးတွေပါပဲလို့ဆိုပါတယ်၊ ဒီဥစ္စာစောင့် သွေးစုပ်ကောင်ကြီးတွေမှာလဲ မသေခင် စည်းစိမ်ခံရတာလေးနဲ့ မမျှအောင် ရန်သူမျိုးငါးပါး သိုက်ဆရာနဲ့ မကြာခဏ တွေ့ရပါတယ်၊ အခု ကမ္ဘာ့ထိပ်သီးဖြစ်နေတဲ့ အမေရိကန် အရင်းရှင်ဥစ္စာစောင့်ကြီးတွေမှာ ရန်သူမျိုးငါးပါးထဲက တစ်ပါးအပါအဝင်ဖြစ်တဲ့ မချစ်မနှစ်သက်သူဆိုတဲ့ သိုက်ဆရာနဲ့တွေ့လို့ မျက်လုံးပြူးနေပြီကော... ဦးလေးတက်ပုရေ''
ဤအခိုက် အိမ်ရှေ့အဘက်မှ ဒေါ်အေးဆင့်က...
"ဟဲ့ ... အရီ၊ ဓမ္မကထိကမလေး ... နင့်အိမ်က ခေါ်နေတယ်"
"ဟုတ်ကဲ့ ကြီးကြီး" ဆိုပြီး ထိုင်ရာမှထ၍
"ကဲ ... ဦးလေးတက်ပု၊ နောက်မှ အေးအေးဆေးဆေး ပြောကြ သေးတာပေါ့နော်"
အင်း ... အာဂ ကောင်မလေးပဲ။ ကျုပ် အစဦးဖြင့် ဒီဟာမလေးက လှတာသက်သက်ပဲ အောက်မေ့ ခဲ့တယ်၊ အခုတော့ ရွှေထုပ်တဲ့မြပဝါ လှကညာ။
သူ အိမ်ပေါ်က အဆင်းတွင်လည်း တီးတိုးကလေး သီချင်းညည်း၍ သွားသေး၏။
"ကလောင် မထိန်းနိုင်ဘူး
ရှောင်တိမ်းကာ ဒါတွေကွင်းချင်လဲ
အရင်းရှင် ဒီစနစ်ဟာဖြင့်
အမြစ် ပါ မပြိုပျက်ရတော့
ခက်ပါလိမ့် ဤကမ္ဘာ
မသာဘူး လူ့ဘုံခန်း" တဲ့။
အခန်း (၁၁)
ကျွန်တော် ယခု ဦးမြတ်ချမ်းတို့အိမ် နေရသည်မှာ ထင်းပေါက်ခြင်း၊ ရေခပ်ခြင်း၊ သူတို့ မြေးကလေး ထိန်းပေးရခြင်း၊ ညအိပ်ရာ ဝင်ခါနီးတွင် တစ်ခါတစ်ရံ သူတို့လင်မယားကို နင်းပေးရ ခြင်း၊ သူတို့ မော်တော်ကားကြီးများ ပြန်လာ၍ ဘီးလေလျော့နေလျှင် လေထိုးပေးရခြင်း၊ ရွှံများပေ လာလျှင် ဒရိုင်ဘာ နှင့် အတူ ကူ၍ ရေဆေးပေးခြင်း စသော ဗာဟီရ အလုပ်ကလေးများဖြင့်သာ မတောင့်မတ မကြောင့်မကြ အချိန်တန် လျှင် ထမင်းပွဲ လက်ဆေးနှိုက်၍ ထမင်းပွဲအပြီးမှ အားလုံး ပန်းကန်တွေ စုဆေးရပါသည်။
သြော် ... တစ်ဝမ်းတစ်ခါးအတွက် မြို့မှာဆိုတော့ သက်သာလိုက်တာ။ တောမှာဆိုတော့ ဒီလို တစ်နေ့ ထမင်းနှစ်နပ် ကလေး စားရဖို့ကို (ဟင်းမြက်မြက်တောင် မပါဘူး) နွားနဲ့ ဖက်ရုန်းရတာ ခင်ဗျ။
"မောင်တက်ပု ဒီအတိုင်းဆို တို့အိမ် တစ်သက်လုံး နေချင်နေပါကွာ" ဟုပင် ပြောပါသေးသည်။ ကျေးဇူး တင်ပါရဲ့၊ သို့သော် ဘယ်ဖြစ်မလဲ၊ ကျွန်တော့်မှာ သားနဲ့ မယားနဲ့ သံယောဇဉ်မီးက မွှေးမိပြီ ကိုး။
သူတို့အိမ် မှာ မပူမပင်စားရပါရဲ့၊ ကွမ်းဆေးဆိုလဲ အလျှံပယ်၊ ဆေးလိပ်မှ ဦးမြတ်ချမ်း ရဲ့ ဝယ်ဆေးလိပ် တစ်မီးသေ အတို တွေကို သောက်ရပါသည်။
တစ်ခါတစ်ရံ ၌ "ဟဲ့ ... ဒါယူ" ဆိုပြီး အရှည် အသစ်စက်စက်ကြီးတွေကို ပေးပါသည်။ ပိုးပေါက် အနည်းငယ် တော့ ပါသပေါ့လေ၊ သို့သော် ကျွန်တော့်အဖို့ ထုံးနဲ့ ဖာသောက်လိုက်တော့ ဇိမ်ပေါ့၊ ဤလို အရှည်မျိုးကို မော်တော် ကားဘီး လေထိုးရသော နေ့မျိုးတွင် ထင်းတုံးကြီးတွေ ပေါက်ရသော နေ့မျိုးတွင် ပေးတတ် ပါသည်။
ညနေဆီ နေခြည်လျှပ်ရင်ဖြင့်
မရွှေရီ ကေသီနတ်ကယ်က၊
ရေကြည်ခပ်ရန်တဲ့ လာခဲ့ပြီ။
အလှထူးပါဘိ၊
မြဖူးမှာ ရွှေစာရံသို့၊
နေဝါလျှံ ကြည်ကြည်လဲ့တွင်ဖြင့်၊
ကိုယ်မူဟန် သီသီနွဲ့ငယ်နဲ့၊
ချစ်ဖွယ့်ဂေါရီ။
အဆင်းသာ မကြည့်လေနဲ့၊
အချင်းမှာလဲ ပြည့်ပါဘိ၊
ယမင်းကညာတမိ လှဒေဝီရယ်၊
ပြည်တန်တဲ့ ပတ္တမြား။
အရွယ်ကလေး
ငယ်သေးပေမယ့်၊
အတွေးဉာဏ်ကျယ်လို့၊
မှန်တကယ် အမြင်ပေါက်သူပေါ့၊
ဇမ္ဗူတလူမောက်အောင်၊
ထွန်းတောက်စေသား။
"ကဲ ... မရွှေရီ၊ ရေအိုးပြည့်ပြီခင်ဗျာ့၊ တင်ပျဉ်ခွေကြီး ထိုင်ပြီး ဘာတွေများ တွေးနေပါလိမ့်"
သူသည် ကျွန်တော် သူ့ရေအိုးကို ရေငင် ထည့်ပေးနေစဉ်၌ ရေတွင်းအနီးက မြက်ခင်းစိမ်းကလေး ပေါ်တွင် တင်ပျဉ်ခွေ ပုံ့ပုံ့ကြီးထိုင်လျက် ပေါင်နှစ်လုံးပေါ် တံတောင်နှစ်ဖက်ထောက်၍ လက်ဖဝါး နှစ်ခုထဲ မေးစေ့ ထည့်ကာ စူးစူးစိုက်စိုက် တွေး၍ နေတတ်ပါသည်။
"အင်း ... သူ့မှာ ဧကန္တ တွေးဖို့၊ ငေးဖို့၊ ဆွေးဖို့ လူရှိနေပြီ ထင်တယ်"
သူထိုင်ရာမှ ထအလာ၌ ကျွန်တော်စကားဆက်လိုက်သည်တွင် ...
"အမယ်လေး ... ဦးလေးတက်ပုရယ်၊ အရီမှာ ထွေလီကာလီ ဝီစိကိစ္စစိတ်တွေ မရှိပါဘူး"
"နို့ ဘာတွေများ နေရှိသရွေ့ တွေးငေးနေရတာလဲ"
"စဉ်းစားစရာတွေ့ တွေးစရာတွေ အများကြီးပေါ့ ဦးလေးတက်ပုရယ်၊ ဟောဒီ လောကကြီးမှာ တွေးလေ တွေးလေ မဆုံးလေဘဲ"
"ဒါဖြင့် တွေးမဆုံးပေါင်၊ ခွေးသုံးကောင် ငရွေးမြှုံးနဲ့လှောင်၊ မိအေး ပြုံးသယောင်ယောင်ပေါ့ ဟုတ်လား"
ကျွန်တော် က အရွှန်းကလေး ဖောက်လိုက်ရာ သူသည် ပါးမို့ကလေးအက်အက်နှင့် အသံကလေး များ ထွက်အောင် ရယ်ကာ...
"ကြည့်စမ်း ဦးလေးတက်ပု၊ နဘေထပ် ကောင်းလိုက်တာ၊ ကဗျာစပ်တတ်ရင် သိပ်တော်မှာနော်"
"သိပ်တော့ မတော်ပါဘူးကွယ်၊ စပ်တော့ စပ်တတ်ပါတယ်"
"ဟင် ... ဦးလေးတက်ပု ကဗျာစပ်တတ်တယ်"
"တောသား ကဗျာစပ်တတ်တယ်ဆိုတော့ အံ့သြသလား"
"အံ့သြစရာပေါ့၊ မြို့ကျောင်းနေတဲ့ လူတွေတောင် ကိုးတန်း ဆယ်တန်းရောက်မှ သင်ပေးတာ၊ ဒါတောင် သင်တိုင်းတတ်ကြတာ မဟုတ်ဘူး၊ ဉာဏ်ကောင်းတဲ့ လူမှ ကဗျာစပ်တတ်တာ၊ ဦးလေးတက်ပု ဘယ်က တတ်လာတာလဲဟင်"
"တို့ ခပ်ရွယ်ရွယ်က ရွာကကျောင်းမှာ ဦးပဉ္ဖင်းကြီးတစ်ပါးလေ၊ ကဗျာအင်မတန် ဝါသနာပါတယ်၊ သူကိုယ်တိုင် လဲ ကဗျာစပ်တတ်တယ်၊ ဒါနဲ့ ကိုယ်က အခုနလို တွေးမဆုံးပေါင် ခွေးသုံးကောင် ဆိုတဲ့ ဟာမျိုး တွေ ပါးစပ်က ဗျစ်တီးဗျစ်တောက် ဆိုလေ့ရှိတာကြားတော့ 'ဟ... တက်ပု နင် ကဗျာ သင်ရင် ရမယ်ဆိုပြီး သင်ပေးတာ အရီ ရဲ့ ဦးကျော်လှ သံချိုတွေ၊ ဦးပုည မေတ္တာစာတွေ၊ ကျည်းကန် ရှင်ကြီး စာတွေ၊ ဦးကြင်ဥ ကဗျာ တွေ၊ နတ်ရှင်နောင် ရတုတွေ ဖတ်လိုက်ရတာအမောပဲ၊ ကဗျာအဖတ်များ မှ ကဗျာစပ်ပွားသတဲ့"
သူကလေးသည် နှုတ်ခမ်းကလေးပွင့်အောင်ပင် ငေး၍ နားထောင်နေပြီ...
"အမယ်လေး ... ဦးလေးတက်ပုရယ်၊ အရင် အရီက စာကောင်းကောင်း ဖတ်တတ်တဲ့မှုတ်လားလို့ မေးမိတာ ခွင့်လွှတ်ပါနော်၊ ကြည့်စမ်း၊ တကယ့်လူနဲ့တွေ့မှပဲ"
"ဘာလဲ၊ အရင်ကတော့ မျောက်မှတ်လို့လား"
"မဖောက်စမ်းပါနဲ့ဦး၊ အတည်ပြောစမ်းပါရစေဦး၊ အရီ ကိုယ်အရီ လူကဲခတ်တော်လှပြီ အောက်မေ့နေတာ ဒီတစ်ပွဲတော့ လွဲလိုက်တာလေ၊ ဦးလေးတက်ပုက ဗလွတ်ရွှတ်တနဲ့ ရယ်စရာ တွေ ပြောတော့ အေးလေ ဟာသသမား ဆိုတော့ လူကဲခတ်ရခက်တာပေါ့"
"အမယ်လေးအရီရယ် ဘာတွေများ ဒီလောက် လူကဲခတ် လွဲနေရတာလဲ၊ ဦးလေးတက်ပုမှာ ကဗျာ ကလေး မတောက်တစ်ခေါက် စပ်တတ်တာကလွဲပြီး ဘာများတော်လို့လဲ၊ ကိုယ်ကမှ အရီကို တက်တက်စင်အောင် လွဲတာ"
"ဘယ်လိုများ လွဲလို့တုံး"
"ဟာ ... အစဦးဖြင့် ဒီကောင်မလေးဟာ လှတာသက်သက် ညစာအတွက်လောက်ပဲလို့၊ အိုး ... ဆောတီး ဆောတီး၊ အကျင့်ကပါနေတော့ နတေသွားထပ်လိုက်မိတာ ရိုင်းသွားတယ်၊ ခွင့်လွှတ်ပါ နော်"
"ကိစ္စ မရှိပါဘူး၊ အရီ နားလည်ပါတယ်၊ ဦးလေးတက်ပု စကားဟာ တိုတိုကလေးနဲ့ အဓိပ္ပာယ် အကျယ်ကြီးကို ပြီးသွားတယ်၊ ကဲ ... ခုတော့ ဘယ်လိုများ အထင်နဲ့ လွဲသလဲ"
"ည က အရီ့ကို ကဗျာတစ်ပုဒ်တောင် စပ်ထားတယ်"
"ကဲ ... ဒီလိုဆို အလွတ်ရနေမှာပေါ့၊ ဘယ်လိုများလဲ ဆိုပြစမ်းပါ"
ကျွန်တော် လက်တား၍...
"အမယ်လေး ... အမိ၊ ဆိုတော့ ဆိုမပြပါရစေနဲ၊ ကျုပ် အသံကြားရင် ခင်ဗျားကလေး လန့်ပြေး မယ်၊ ရော့ ... ဟော့ဒီမှာ အရီ ကို ပြဖို့ အသင့်ပဲ ပါခဲ့တယ်" ဆိုပြီး ကျွန်တော် ခါးပိုက်ထောင်ထဲ ထည့်ထားသော စာရွက်ခေါက် ကလေးကို ပေးလိုက်ပါသည်။
ကဗျာမှာ ကျွန်တော် အခုနက ရေငင်ရင်း ညည်းနေသော လေးချိုးကလေး ဖြစ်ပါသည်။ (မိတ်ဆွေ ပြန်ဖတ် ကြည့်ပါဦး)
"အမယ် ... စာဆိုတော် ရတနာတက်ပု ဆိုပါလား"
"ဒါကို ကိုယ့်ကလောင် နာမည်လေ၊ အဲဒီ ဦးပဉ္ဇင်းကြီးက မှည့်ပေးတာပဲ၊ ကဲ ... ဖတ်ပါ ဖတ်ပါ"
သူကလေးသည် ကိုယ်ကလေးကို ယို့ကာ ယမ်းကာ ရယ်ကာ ပြုံးကာနှင့် ဖတ်ပြီး...
"ဟင်း ... ကြည့်စမ်း ဦးလေးတက်ပု၊ အရီကို သိပ်မြှောက်ထားတာပါပဲလား၊ ဒီကဗျာနဲ့ အရီနဲ့ မတန်ပါဘူး"
"တန်လို့ပဲ စပ်ပြီးနေပြီ၊ ကဗျာဆိုတာ အသည်းနှလုံးကြားထဲက ထွက်လာတာ၊ ဒီကဗျာထဲမှာ ဦးလေးတက်ပု စေတနာတွေ အများကြီး ပါတယ်၊ အရီ တစ်နေ့မှာ ဇမ္ဗူတလူမောက်ရမယ်ကွယ်၊ ကြားလား ငါ့ညီမ၊ ဟင် ... ဟုတ်ပါဘူး၊ အရီက ဦးလေးခေါ်တော့ ..."
သူက ကျွန်တော့ စကားဖြတ်၍...
"ပိုရင်းနှီးသွားအောင် ညီမလို့ ခေါ်ချင်လဲ ခေါ်လေ၊ အရီကလဲ ကိုကြီးလို့ ခေါ်မယ်၊ ဒါပေမယ့် ဟိုသီချင်းထဲက ကိုကြီး ညီမလေးမျိုးတော့ မဟုတ်ဘူးနော်"
"အေးပါကွယ်၊ ကိုယ်ကလဲ ဒါမျိုး ဝါသနာမပါပါဘူး၊ ကဲ ... စမ်းခေါ်ကြည့်စမ်းမယ် ပြန်ထူးနော် ညီမလေးရေ"
"ရှင်"
"ဟယ် ... ကိုကြီးရေလို့ ပြန်ထူးမှပေါ့"
"ဒါဖြင့် ပြန်ခေါ်"
"ညီမလေးရေ"
"ဘာလဲတော့"
"ဟယ် ... လုပ်ပြန်ပြီ"
"ဒါဖြင့် ပြန်ခေါ်ဦး"
"ညီမလေးရေ"
"ဘာတုံး၊ အလကား ခဏ ခဏ ခေါ်နေတာပဲ၊ ဒီမှာ အလုပ်မအားဘူးတော့၊ အိမ်ကို ရေရွက်ပို့ရ ဦးမယ်"
မျက်နှာထိ မျက်နှာထားနှင့် နှုတ်ခမ်းတလန် ပန်းတလန် တောသူမသံ ပါပါကြီး ပြောပြီး ရေတွင်း နှုတ်ခမ်းပေါ်တွင် ထားသော သူ့ရေအိုးကို ကောက်ရွက်၍ ထဘီစတစ်ဖက်ကို သလုံးသား တစ်ဝက် ပေါ်အောင် မ ကာ ကော့ကော့ကြော့ကြော့ကြီး သွားလေ၏။
ရေအိုးကိုလဲ မရွက်တတ် ရွက်တတ်မို့ ခေါင်းကမငြိမ်တော့ ရေတွေက အိုးနှုတ်ခမ်းပေါ်က စီးကျ သူ့ပါးပေါ်က လျှော့ဆင်းပြီး သူ့ကိုယ်ပေါ်ရောက်တော့ အင်္ကျီကလဲ မထူးမပါး အသာအရေကလဲ ပြည့်ပြည့်တင်းတင်းမို့ ဝါဝါ ဝင်းဝင်း ကွင်းကွင်းကွက်ကွက်နဲ့ ချစ်စရာ့ ကျွန်တော့်ညီမလေး၊ ကျားကိုက်ခံချင်စိတ်တော့ ပေါ်လာသား၊ ဒါပေမယ့် မလျော်တာဟယ်။
သို့သော်လည်း ယောက်ဖတော့ မလိုချင်ဘူး။ သံယောဇဉ်တွယ်ကာ ငြိသလောက်လေ ... အစ်ကိုကြီးမှာ ညီမလေးရေ။
အရီသည် မြို့သူပင်ဖြစ်သော်လည်း ရေအပြည့်နှင့် ရေအိုးဒန်ကြီးကို အလွယ်တကူ ခေါင်းပေါ် ပင့်နိုင်လောက်အောင် သန်စွမ်းသူ ဖြစ်သည်။ သူ့လက်မောင်းကြီးတွေမှာ တုတ်တုတ် ကတ်ကတ်ကြီးတွေ။ လက်ချောင်းကလေးတွေကား မိန်းမပီပီ သေးသွယ်လှသည်။ လက်ဆစ်မပေါ် ဖယောင်းတိုင်ကဲ့သို့ ပြေပြစ်သည်။
ညအချိန် လသာသာ ဦးမြတ်ချမ်းတို့ အိမ်နောက်ဖေး တလင်းကျယ်ကြီးထဲ၌ ကျွန်တော့်ကို သူစိတ်ပါလက်ပါ ကိုယ်ဖိရင်ဖိဖြင့် ဘိုင်စကယ်စီး သင်ပေးနေ ၍ ကျွန်တော် သိသည်။ သူ့လက်ဖဝါးလေးတွေ လက်ခုံ ကလေး တွေမှာ ထွေးထွေးအိအိ ရှိလှသည်။ လက်မောင်းသားတို့ကား တင်းရင်းလှ၏။
သူသည် ဘယ်လို အဝတ်ပဲဝတ်ဝတ် ကြည့်ကောင်းသည်။ သူ့မိတ်ဆွေ ကောင်မတစ်ယောက်ဆီက လက်ဆောင်ရထားသော ကရင်မအင်္ကျီ အနက်ချိုင်းပြတ် ပန်းနီအနားသတ်ကလေးကို ဝတ်ထား သည်၌ အင်မတန်ကြည့်၍ ကောင်းသည်။ စပို့ရှပ်နှင့် ဘောင်းဘီရှပ် ဝတ်လိုက်သောအခါ၌ ပို၍ပင် လှလေသည်။ ညအချိန် သူကျွန်တော့်ကို စက်ဘီးစီးသက်ပေးစဉ်၌ ဤသို့ ဝတ်တတ်သည်။ သူ့မှာ ဘောင်းဘီများ ရှိသည်။ သူ ရဲမေလုပ်တုန်းက အဝတ်တွေဟု ပြောပါသည်။
သူ့ကို အများက ငါးမူးပဲတင်းဟူ၍ လည်းကောင်း၊ ဆတ်ဆတ်ကြဲမကလေး ဟူ၍လည်းကောင်း၊ ဓမ္မကထိကမကလေးဟူ၍ လည်းကောင်း၊ မရွှေနီဟူ၍ လည်းကောင်း အမျိုးမျိုး ခေါ်ကြသည်။ သူ့မှာ နာမည်တစ်မျိုး ရှိသည်။ မခင်နီတဲ့။
သူ့မျက်နှာမှာ နဖူးမှ မေးရိုး ပါးအို့အထိ လေးထောင့်ကျသော်လည်း မေးဖျားသွယ်၍ တစ်မျိုးလှ သည်။ နံဘေးကကြည့်လျှင် မျက်နှာသွယ်၍ ရှေ့တည့်တည့်က ကြည့်လျှင် မျက်နှာဝိုင်းခေါ်နိုင် သည်။ မျက်လုံးကလေးများမှာ ရွဲ၍ ကြည်လင်တောက်ပသည်။ မျက်ခုံးမွှေးကောင်းသည်။ ဆေး မဆွဲရဘဲနှင့် မည်း၍ နေသည်။ နှာတံပေါ်လွင်၍ မျက်နှာ အချိုးအစား ပြေပြစ်သည်။ အထူးသဖြင့် နှာသီးကလေး ရွဲနေတာက အလှကို ဆောင်းသွားသည်။ နှုတ်ခမ်းပုံသဏ္ဌာန်မှာ ပုံကျအောင် အကွက်ချန်ပြီး မျက်ခုံးမွေး ဆေးနက်နှင့် ဖုံးမနေဘဲ (ကျွန်တော်မှာ တောသားပေမယ့် ဦးမြတ်ချမ်း ချွေးမ မနှုတ်ခမ်းထူကြီး ပြုပြင်တာကို မြင်ရ၍ မိန်းမတွေ နှုတ်ခမ်းဆိုးနည်း သိနေသည်) သူ့နဂို အတိုင်း ဆေးနီဆိုးလိုက်သည်နှင့်ပင် ပန်းချီ ဆရာများဆွဲသော မိန်းမချောတို့ နှုတ်ခမ်းအတိုင်း ဖြစ်သွားသည်။
ဖော်ပြပါ အရာတို့ကား အခြားမိန်းမလှများထက် မထူးခြား ဆိုငြားအံ့။ ထားပါတော့။ သို့သော် သွားတိုက် တရားပင် ဟောနေသော သွားကိုပင် အင်မတန် ဂရုစိုက်သူမကလေးမို့ ရယ်လိုက်တိုင်း ပါးအို့အက်အက်နှင့် နှုတ်ခမ်းထောင့်တွန့် ကလေးတွေ အကြားက သူ့သွား ပုလဲသွယ်ကလေးကို ကား လူတိုင်း အသိအမှတ် မပြုဘဲ မနေနိုင်ကြပါကုန်။
အခန်း (၁၂)
"ဟေ့ ... အစ်ကိုကြီး"
ကျွန်တော့်ပုံးအတွက် ရေငင်ရင်း ကျွန်တော် သူ့အလှတရား ဘာဝနာကို စီးဖြန်းနေစဉ် သူ နောက်တစ်ခေါက် ပြန်လာကာ နောက်မှ ခပ်ဆတ်ဆတ် ခေါ်လိုက်သဖြင့် ကျွန်တော် ဆတ်ခနဲ လှည့်ကြည့်လိုက်ပြီး ...
"အမယ်လေး ... လန့်လိုက်တာ ပတ်ပတ်ကလူ"
သူ ရေအိုးကို တွင်း နှုတ်ခမ်းပေါ် တင်ပြီး ခေါင်းဖုချရင်း ...
"ကိုကြီး က ဒါတွေ ရှိတယ်၊ ဟိုဟာတွေတော့"
ကျွန်တော်က ဖြတ်၍ ...
"ကိုယ်တို့တောသားတွေက အပေါင်ဆိုင်တော့ မသွားဘူး ဆရာ၊ မကောင်းကျောင်းပို့ပစ်လိုက် တာပဲ"
"အလဲ့ ... ဒါတွေလဲ ရှိသေးတာပဲ"
"ဘုန်းကြီး က လက်မခံလို့ ကျန်နေတာလေ"
သူသည် ခေါင်းဖုစနှင့် သူ့နားထင်က ချွေးစရေစတွေ သုတ်ရင်း ...
"အစ်ကိုကြီး နဲ့ စကားပြောရတာ သိပ်ပျော်တာပဲကွာ၊ ဒီလိုအစ်ကိုကြီးမျိုး အရင်းတစ်ယောက် လောက် ရှိချင်တယ်"
"အရီမှာ အစ်ကိုရင်း မရှိဘူးလား"
"မောင်ရင်းလဲ မရှိဘူး၊ ညီအစ်မရင်းလဲ မရှိဘူး၊ ဘုန်းမယ့်တစ်ကောင်တည်းပဲ"
"ဒါဖြင့် အစ်ကိုကြီး ဝင်စားတစ်ကောင် ခေါ်လာတယ်ဆိုပြီး ကြိုးနဲ့ချည်ဆွဲသွားလေ၊ ကိုယ်က နောက်က အသာ အမြီးကလေးကုပ် လိုက်ခဲ့မယ်"
"ကိုယ့်ကိုယ်က ဒီလိုမပြောပါနဲ့ အာကိုစီးရာ၊ တော်ကြာ ခွေးတွေကြားတော့ စိန်စား သေကုန်ကြလို့ အရပ်ထဲ သူခိုးပူနေပါဦးမယ်"
ကျွန်တော် သဘောကျမိကာ ...
"အဲလို အပြောမျိုးမှ ကြိုက်သကွာ၊ ကာလဆန်ဆန် ခွန်းဝစနာ နှောက်ပါလု့ိ ဟာသဉာဏ်ဆိုတာ လွမ်းတာပျောက်သတဲ့၊ အဲဒါကြောင့် ညီမလေးရေ ... မင်းနဲ့စကားပြောရတာ ရွာက သားမယား လွမ်းတဲ့စိတ်တောင် ပျောက်သကွယ်၊ ကဲ ... သွား၊ ဟိုမြက်ခင်းကလေးပေါ်မှာ တင်ပျဉ်ခွေကြီး ထိုင်ပြီး လောကကြီးအကြောင်း စဉ်းစား နေချေဦး၊ ကိုကြီး ရေငင် ထည့်လိုက်ဦးမယ်"
"ဟင် ... ဒီတစ်ခါ အရီ့ဟာ အရီ ငင်မယ်လေ၊ အစ်ကိုကြီး သနားပါတယ်"
ရေပုံးကြိုး လှမ်းဆွဲသော သူ့လက်ကို ဖယ်၍ ...
"ခုမှ သနားမနေစမ်းပါနဲ့ သွားပါ၊ လက်ဖဝါးတော် နုနု သွေးခြည်တွေ ဥကုန်ပါဦးမယ်"
"မှန်းစမ်း ... ကိုကြီးလက်ကတော့"
ကျွန်တော့်လက်ဖဝါးကို ဖြန့်ကိုင်ကြည့်ကာ
"ဟင် ... ကျောက်သလင်းခဲလိုပဲ ဖြူပြီး မာနေတာပဲ"
"အလုပ်ကြမ်း လုပ်ရတာကို အရီရဲ့"
"ကိုကြီး ဒီအိမ်မှာ ထင်းလဲပေါက်ရတယ်နော်၊ ဟိုနေ့က မန်ကျည်းတုံးကြီးတွေ လွှနဲ့ဖြတ်နေရတာလဲ မြင်တယ်၊ ဒီအိမ်က လူတွေနဲ့ ဒရိုင်ဘာတွေကတော့ တစ်ယောက်တစ်လှည့် ကိုကြီးကတော့ တစ်ယောက် တည်း ဒိုင်ခံပဲ"
"သူတို့ မြို့သားတွေက ကိုကြီးတို့ တောသားတွေလိုမှ မလုပ်နိုင်တာပဲကွယ်"
"ကိုကြီး ပင်ပန်းတယ်"
"မပင်ပန်းပါဘူး အရီရယ်၊ ကိုကြီးတို့လို လယ်ထဲ နွားနဲ့ ဖက်ရုန်းနေတဲ့ တောသားက ဒီအလုပ် ဗာဟီရ လောက်ကလေးတွေ စာရင်းထဲ ထည့်မသွင်းပါဘူးကွယ်"
သူသည် ကျွန်တော့ လက်မောင်းသား ရင်အုပ်သားများကို ကိုင်ကြည့်ကာ ...
"ဟင် ... ကိုကြီးအသားတွေဟာ ကျောက်ခဲလို မာနေတာပဲ၊ အစ်ကိုကြီး သိပ်သန်တယ်နော်"
"မြို့က မောင်ဘွဲ့ရတဲ့ လူတွေလောက်တော့ မသန်ပါဘူးကွယ်"
"အမယ် ... အလကား ဒီကောင်ကြီးတွေ သန်တာမှတ်လို့၊ သူတို့ အလေးမ ကျင့်နေလို့ အလေးသာ မ နိုင်တာ၊ ဒီ့ပြင် နေရာ ဘာအသုံးဝင်သလဲ၊ အစ်ကိုကြီးလို ထင်းတစ်တုံးကို ဖြစ်အောင်ပေါက်နိုင် တာ မဟုတ်ဘူး၊ တချို့ ရှိသေးတယ်၊ ဝိတ်ကလေးမ၊ ကိုယ်အလှလေးပြင်၊ အလုပ်တော့ ဘာမှ မလုပ်ဘဲနဲ့ ယောကျ်ားတန်မဲ့နဲ့ အမောက်ကြီး တစ်မိုက်လောက် မြင့်အောင်ထောင်ပြီး စွပ်ကျယ် လက်ပြတ်နဲ့ လမ်းလျှောက် လျှောက်ရှိုးပေးနေတာ အရီ တယ်သောက်မြင်ကတ်တယ်၊ အဲဒီလို ကောင် တစ်ယောက်က တစ်ခါ အရီကို လာပြီး လူပျို စကားပြောတယ်၊ ဒါနဲ့ ''ရှင့်လိုလူကို ကျွန်မက မိန်းမလျာလောက်မှ မလေးစား ဘူး" လို့ ပြောလိုက်တယ်"
"ဟင် ... အရီကလဲ"
"ဟုတ်တယ်၊ တကယ်ပဲ မိဘ ပြည့်ပြည့်စုံစုံ ရှိတာနဲ့ ဘာအလုပ်မှ မလုပ်ဘဲ ဒီလိုကိုယ်အလှသ နေတဲ့ လူတော့ မိန်းမလျာလောက်မှ မလေးစားတာ အမှန်ပဲ၊ ဘာကြောင့်လဲဆိုရင် မိန်းမလျာက အလုပ်လုပ်တယ်၊ သူ တို့ကို ရှာကျွေးမယ့်လူလဲ မရှိဘူး၊ သူတို့ ရေသီနားခိုးပြီး ညာစားနေတဲ့ ယောကျ်ားတွေတောင် ရှိသေးတယ်၊ ဒီကောင်မျိုးတွေက လူအောက်တန်းစားတွေ၊ လောကရဲ့ အလှေးအမွှားတွေ၊ အရီက အလုပ် လုပ်တဲ့ လူကိုမှ လေးစားတယ်၊ ကြည်ညိုတယ်၊ ချစ်တယ်၊ အရီ ကိုယ်တိုင်လဲ အလုပ်လုပ်တယ်၊ ကိုယ်တတ် တဲ့ ပညာကလေးနဲ့ တောရွာတစ်ရွာသွားပြီး စေတနာ့ ဝန်ထမ်းကျောင်းဆရာမကလေး လုပ်နေချင်တာ"
"ဟောဒီ အမေ ဈေးရောင်းတာမှာ ကိုယ်ခွဲက မရှိ၊ နေ့စဉ် ထမင်းချက်ရတာနဲ့ ဈေးထဲသွားပို့ရတာနဲ့ ရေခပ်ရတာနဲ့ ပြီးနေတာပဲ၊ အဲ ... ကျန်တဲ့အချိန်ကလေး စာဖတ်ရရဲ့"
"ဒါဖြင့် အရီက ဈေးရောင်းပါလားကွာ"
"အမယ်လေး ... အရီ ဈေးရောင်းလို့ မဖြစ်ဘူး၊ တစ်ခါက မအေက အိမ်မှာ ထမင်းချက်၊ သမီးချော ဆိုင်ခုံပေါ်တင်ရင် ပိုရောင်းရမှာပဲ ပြောကြတာနဲ့ အမေက ဆိုင်ပေါ်ထိုင်ခိုင်းတယ်လေ"
"နို့ ... ပိုမရောင်းရဘူးလား"
"ဟာ ... ရောင်းလိုက်ရတဲ့ဖြစ်ခြင်း မပြောနဲ့တော့၊ နှစ်ရက်လောက် ကြာတယ်၊ အမေက ကဲ ... ညည်းလုပ်ပုံနဲ ဆို ငါအရင်းပြုတ်တော့မှာပဲ ဆိုပြီး တောင်းပန် ယူရတယ်"
"ဟင် ... ဘာဖြစ်လို့လဲ"
"ဘာဖြစ်လို့လဲဆို အရီက တောကလူတွေ မြင်ရင် တယ်သနားတာပဲ၊ သူတို့ဆစ်သမျှ ဈေးပေးလိုက် တာနဲ့ အဆစ်တွေ အပိုတွေ ပေးလိုက်တာနဲ့ အမေ ထမင်းပို့လာရင်း မြင်တော့ မျက်ဖြူဆိုက်သွား တာပေါ့၊ ဒါနဲ့ အမေရယ် သမီးနဲ့ ဒီအလုပ်နဲ့ မဖြစ်ပါဘူး၊ သမီးမှာ ကုန်သည် ဈေးသည်စိတ် မရှိ တော့ဘူး၊ အိမ်မှာ ထမင်းချက် ပါရစေတော့လို့ ပြောရတယ်"
"ဟုတ်တယ် ဦးလေးတက်ပု၊ ဟင် ... အစ်ကိုကြီး၊ အရီလေ တောက လူတွေမြင်ရင် သိပ်သနား တာပဲ၊ တောသားတွေဟာ မြို့သားတွေကို လုပ်ကျွေးနေရတာပဲ"
"ဟင် ... ဘယ်လို လုပ်ကျွေးနေရတာပဲ"
"ကြည့်ပါလား၊ မြို့သူမြို့သားတွေ စားနေတဲ့ အာဟာရတွေနဲ့ အဝတ်အစားတွေဟာ တောက ထွက်တဲ့ စပါး တွေကြောင့် ဖြစ်နေတာ မဟုတ်လား၊ မြို့သားက စပါးလုံးစေ့ မြေက ထွက်အောင် လုပ်နိုင်တာ မဟုတ်ဘူး၊ တောသားလုပ်စာ မြို့သားစားနေတာကို မနာလိုလို့ မဟုတ်ပါဘူး၊ ကိုယ့်ဆိုင်ရာဆိုင်ရာ လုပ်ငန်းနဲ့ တတ်နိုင်သလောက် တစ်နေ့လုပ်အားကို စိုက်ထုတ်ရတာချည်းပါ ပဲ၊ သို့သော်လဲ ဝတ်ရစားရတာခြင်း မညီမျှ လို့ ပြောတာပါ၊ မြို့မှာဆိုရင် အဖျင်းဆုံး ဈေးထဲ ကုန်စိမ်းသည်မ တစ်ယောက်ဟာ အဝတ်လတ်လတ်ကလေး ဝတ်နိုင်တယ်၊ မနက်နေ့ခင်း လက်ဖက်ရည်အချို ဝယ်သောက်နိုင်တယ်၊ ဟင်းကလေးတစ်ခွက် နှစ်ခွက် မြိုးမြိုး မြက်မြက် ချက်စားနိုင်တယ်၊ တောကလူတွေ ဘယ်လို ဝတ်ရ စားရသလဲဆိုတာတော့ ကိုကြီးအသိ"
"အင်း ... တို့တောက လူတွေမတော့ အဝတ်ဆိုရင် ယောကျ်ားက ကျောပြင်၊ မိန်းမက ထဘီရင်လျား၊ အစား ကျတော့ ငါးပိချက်နဲ့ တို့စရာ စားရတာများ ဆယ်အိမ်မှာ ကိုးအိမ်လောက်က ငါးပိရည်အဖျော် မှန်မှန်မပါဘူး၊ ငရုတ်သီး ကြက်သွန်လေး ထောင်းဖျော်ရတာမှ အနိုင်နိုင်၊ တစ်ခါ တစ်ရံ ဟင်းရည်သောက်ကလေးများ ငါးကျည်းခြောက် ပုစွန်ခြောက် ခတ်နိုင်လို့ရှိမှ ဒီအခတ် ကလေး ပြန်ဆယ်လို့ ထောင်းပြီး ငါးပိရည်နဲ့ ဖျော်ရတယ်၊ ဒီနေ့မျိုးကျတော့ ကိုကြီးတို့ တယ်မြိန်သ ဟေ့၊ ညီမလေးနှယ် ပြောပြောချင်ပါဘူး၊ လူ့ဘုံခန်းဝါ၊ ရောက်ခဲ့ တာမှာ၊ ချမ်းသာသုခ ပြည့်စုံလှပါပ ကောလို့ အောက်မေ့လိုက်မိတယ်၊ ဒီလိုသာ ရက်ဆက် စားနေရရင်ဖြင့် သေပျော်ပါပြီလို့"
"ကိုကြီးတို့ရွာမှာ
ဘာဘာတွေပေါ့
ပင်ပင်နီ ချောရယ်နဲ့
ယောထဘီ ... ယောထဘီ''
"အဲဒါ ဟိုခေတ်က ဟုတ်ခဲ့တယ် ညီမလေးရဲ့၊ အခုတော့လေ ...
'ကိုကြီးတို့ရွာမှာ
ဘာဘာတွေပေါ
ကျောပြင်ယောကျ်ားရယ်နဲ့
ထဘီရင်လျားပါတဲ့ မိန်းမတွေ ... မိန်းမတွေ
ငါးပိရည်လေ အဖျော်ကင်းရယ်နဲ့
ထမင်းကိုဗျ အတင်းမျိုလို့ သွင်းရတယ်
ဆင်းရဲလှတယ်လေး။
မြို့သူတို့ဘာသာ
ကော်ဖီရည်တွေ သောက်ကြတော့ ကိုကြီးတို့ရွာမှာ
ဘာဘာတွေ သောက်သလဲ
လက်ဖက်ခြောက်ကြမ်းရယ်နဲ့
အဖန်ရည် အဖန်ရည်
မြန်မြန်လေကွယ် ပူပူကို ကျိုက်လိုက်ပါ မှ ဝမ်းဗိုက်ပြည့်သမို့ အလုပ်ခွင်ကို
တမုဟုတ်လျှင် မဆုတ်ပင် ဆင်းနိုင်တော့တယ်လေး ...'
ကိုကြီး ... အဲဒီအတိုင်းပဲ ညည်းချင်းကလေးတွေ စပ်ဖူးတယ် ... ညီမလေးရယ်၊ ကိုကြီးက ရေးသာ ရေး တတ်တယ်၊ အဆိုတော့ မကျဘူး"
"အဆိုမကျပေမယ့် စကားလုံး အဓိပ္ပာယ်နဲ့ပဲ အရီတော့ ရင်စို့လာပါတယ် ကိုကြီးရယ်၊ ဒါပြည့်သူ ကဗျာ ခေါ်လောက်ပါတယ်"
ပြောပြီး သူသည် မျက်နှာထားတင်း၍ အံကလေးကြိတ်ကာ
"ဟင်း ... ဒီလောက် ပင်ပင်ပန်းပန်း လုပ်ရတဲ့ တောသူတောင်သားတွေ တိုင်းပြည်ရဲ့ အသက်သခင် ကျေးဇူးရှင်တွေ ဒီမျှ ဆင်းရဲတာကို ကိုကြီးတို့က "ကံပဲ ... ကံပဲ" လို့သာ ချနေကြတော့မှာလား ဟင်၊ အကြောင်း မရှာကြ တော့ဘူးလား၊ တောသား၊ မြို့သား၊ အများလူထု၊ မျှမျှတတ၊ တင့်တောင့် တင့်တယ်၊ ဖူဖူလုံလုံ၊ ပြည့်ပြည့်စုံစုံ စားကြ ဖို့ ပစ္စည်းတွေ ဘယ်ရောက်ကုန်သလဲ၊ ဘယ်မှာ သွားစု နေသလဲ ... ဟင်၊ ကိုကြီး သိပြီလား ...
'အရင်းရှင် ဒီစနစ်ဟာဖြင့်
အမြစ်ပါ မပြိုပျက်ရင်တော့
ခက်ပါလိမ့် ဤကမ္ဘာ
မသာဘူ့ လူဘုံခန်း' လို့ အရီ ဟိုနေ့က ဆိုသွားတဲ့ အတိုင်းပဲ ကိုကြီးရေ"
"ဒါဖြင့် ... ဒီအရင်းရှင်စနစ်ကြီးက ဘယ်တော့ ပျက်ပါ့မလဲ ... ညီမလေးရယ်"
"မကြာဘူး ... အစ်ကိုကြီးရေ့၊ အားမငယ်နဲ့ သိလား၊ ရီရီ ရဲဘော်တွေ ရှိတယ်၊ သူတို့အကြံ အောင်လို့ တမာန်ထောင်တော့ သိကြမှာပေါ့ ... အစ်ကိုကြီးရယ်"
"ဟင် ... ရီရီ မျက်ရည်တွေ စို့လို့ပါလား"
"စို့တယ် ... စို့တယ်၊ ဒါတွေ တွေးမိတိုင်း မချိဘူး၊ ဒီတောသူတောင်သားနဲ့ မြို့နေလူတန်းစားတွေ ပညာရေး၊ ဝတ်ရေး၊ စာရေးရော ဘယ်တော့မှ မျှမျှတတ ဖြစ်ကြပါ့မလဲဟင်၊ တောသူတောင်သား အများလူထု ချောင်ချောင်ချိချိရှိမှ သာသနာ ဘာသာ ထွန်းကားမှာပေါ့၊ ခုတော့ ကိုကြီးတို့ တောသားတွေမှာ ဥပုသ်စောင့်ချင်လို့မှ မစောင့်နိုင်ဘူး၊ ဘုန်းကြီးက တစ်လတစ်ကြိမ် မစောင့် မနေရဆိုတဲ့ အမိန့်တောင် ထုတ်ယူရတယ်၊ ဝမ်းရေး မတောင့်တော့ အကုသိုလ်စရိုက်တွေကို ပြုကြ ရတယ်၊ လောကမှာ ဘယ်သူ လူဆိုး ဖြစ်ချင်မလဲ၊ လူကောင်းဖြစ်ချင်တာချည့်ပေ့ါ၊ သို့သော်လဲ ကိုယ်မချိတော့ အမိသော်လည်း သားတော်ခဲ ရတယ်၊ ဟင်... မဟုတ်ဘူးလား ကိုကြီး"
"သာသနာ ဘာသာ ထွန်းကားတယ်ဆိုတာ ဘယ်လိုလဲ၊ ပစ္စည်းရှိတဲ့ လူတစ်ဦးတစ်ယောက်က မိမိနှစ်လို တဲ့ ဘုန်းကြီးတစ်ပါးကို ပုဂ္ဂလိက ရွှေကျောင်းကြီး ဆောက်ပေးတာ မလိုချင်ဘူး၊ အများ သံဃိက ပစ္စည်းနဲ့ သိဃိကကျောင်းဆောက်တာမှ လိုချင်တယ်၊ အာဏာပါဝါရှိတိုင်း ဘုရားစေတီတွေ အပွား ခတ် နေတာဟာလဲ သာသနာဘာသာ ထွန်းကားတာ မဟုတ်ပါဘူး၊ ဘုန်းကြီးတွေ ဆုလာဘ်ပေးပြီး စာတွေ အတင်းနင်းကျက်ခိုင်းနေတာကကော ဘာအဓိပ္ပာယ်လဲ။
"ဘုန်းကြီးတွေက စာတတ်ပြီး လူတွေက မဆည်းကပ်နိုင်တော့ ဘာအကြောင်းထူးမှာလဲ၊ ဒီဘုန်းကြီး စာကျက်ကောင်း လို့ ဗိုက်ထဲ စာတွေဖောင်းပြီး တစ်နေ့ ပျံတော်မူတော့ လူတွေက သူ့ဗိုက်ခွဲပြီး စာတွေ ဝေယူ ရမှာတဲ့လား"
သူ့လက်သီးကလေး ကျစ်ကျစ်ဆုပ်ကာ...
"အမျိုးကို ချစ်စမ်းပါ၊ ဘာသာရင်းကို သိစမ်းပါ၊ တောသူတောင်သား တွေကို ဝတ်နေကြတဲ့ နိုင်လွန်တွေဟာ ဆင်းရဲသားတွေ လုပ်အားက ဖြစ်တာ မဟုတ် လို့ ဘယ်ရွှံ့စေး နဲ့ လုပ်တာတဲ့လဲ"
ပြောရင်းပြောရင်း သူ့မျက်စိမှာ မျက်ရည်တွေ ဝိုင်းဝိုင်းလည်လာပြီး
"ဟင် ... အားတန်ကာ မာန်နဲ့ တင်းရသော်လဲ မိန်းကလေးမို့မျက်ရည်စို့မိတယ် ကိုကြီးရယ်၊ ရီရီ မျက်ရည်တွေကို သုတ် ပေးစမ်းပါ ကိုကြီးရယ်၊ ကိုကြီး လို လယ်သမားရဲ့ လက်ဖဝါးနဲမှ ရီရီပါးက မျက်ရည်သုတ်ပေးတာ ခံချင် လှပါတယ်"
အခန်း (၁၃)
အခုလို နေဝင်မိုးချုပ် အမှောင်ထုက အုပ်ပြီဆိုမှဖြင့် ကျွန်တော်တို့ တောရွာမှာ ရှေးယခင်ကလို ပလွေသံ ရော တယောသံများ မကြားရတော့ဘူး၊ အိပ်ငိုက်မျဉ်းသည်အထိ ရက်ရတဲ့ ရက်ကန်း လက်ခတ်သံများသာ တဖြန်းဖြန်း ကြားရတော့တယ်၊ ရွာထဲ သီချင်းလျှောက်ဆိုတဲ့ ကာလသားတွေ လဲ မအားကြဘူး။ သူတို့အိမ်က ရက်ကန်းစင်နား မှာ ရက်ဖောက် ယောက်ပေးနေကြရတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်တို့ဆီမှာ မိုးတွင်း လယ်လုပ်ရုံနဲ့ မစားလောက်ကြလို့ နွေဘက် မှာ မြို့က တရုတ်ဆီမယ် ချည်ပုံပေးယူလို့ အိမ်တိုင်း လိုလို ရက်ကန်း ရက်ကြရတယ်။
၄ဝိ တန်တဲ့ ချည်တစ်ထုပ်ကို မိသားနှစ်ယောက် ချည်စာတင်ဟယ်၊ သားအမိနှစ်ယောက်ရှိတဲ့အိမ်မှာ တရုတ်ဆီ က ချည်ချဟယ်၊ ချည်ဟတ်ဟယ်နဲ့။ တညင်းလုံးရောက်ပြီး ရက်ကန်းရှယ်လို့ စင်တင်ပြီး ရက်လိုက် တာ ၁၅ ရက်၊ အရက် ၂၀ လောက် ကြာတော့ အထည် ၂၀ ရတယ်။ တရုတ်ကိုယ်စားလှယ်က လာယူပြီး လက်ခငွေ တစ်ဆယ်ပေးခဲ့တယ်။ သူတို့က တစ်ထည် ဘယ်လောက် ရောင်းမယ်တော့ မသိပါဘူး။ ကျွန်တော် တို့ ဆိုင်ကလေးတွေမှာ ပြန်ဝယ်ရတော့ သုံးကျပ် တစ်မတ် အသား အဆင်ကောင်းရင် သုံးကျပ်ခွဲ။
အခုခေတ်အစိုးရ စီမံကိန်းအရ လယ်သီးစားခကို မင်းတိုင်း နှစ်ဆသာ ပေးရမယ်ဆိုလို့ ဆင်းရဲသား တွေမှာ ကိုယ့်လယ်ပိုင်လိုပဲ လုပ်စားကြ ရပါတယ်။ သို့သော်လဲ မူလအခြေမခိုင်တော့ နွားငှားရ၊ စပါးပေး ငွေယူပြီး နွားဝယ်ရ၊ မိုးတွင်းစားဖို့ ငွေတိုးချေးရနဲ့ အချိန်တန် စပါးပေါ်လို့ ကြွေးတွေဆပ် လိုက်တော့ တလင်းထဲ နည်းနည်းပဲ ကျန်တော့တယ်။ ဒီကျန်တာလေး အစိုးရက ၃ ပိဿာ ၅ ကျပ် ဈေး ကန့်သတ်ထားတဲ့အတိုင်း ရောင်းရပြန်တော့လဲ ရောင်းခွင့်လက်မှတ်ရအောင် ယူရတာနဲ့ ကိုယ့်ငွေလေး မြန်မြန်ရအောင် တာလီစာရေး သင့်အောင် တင့်အောင် လုပ်ရတာနဲ့ ကိုယ့်စပါး မမှောင်ခင် ခြင်ပြီးအောင် ကူလီခေါင်းကို ကတိ ထားခဲ့ရတာ နဲ့ အမြီးနုတ် ခေါင်းနုတ် ၃ ပိဿာ တစ်ဆယ်လျော့လောက်ပဲ အဖတ်တင်ပါတယ်။
ဒီရတဲ့ငွေလေးနဲ့ အိမ်သုံးပစ္စည်း ဝယ်လိုက်ပြန်တော့ ဟင်း ကြီးလိုက်တဲ့ဈေးက ခေါင်ခိုက်လို့ပါလား။ ဟိုတုန်းက ဆီတစ်ပိဿာခြောက်မူး ကို အခု လေးကျပ်၊ လေးကျပ်တစ်မတ်။ ဒီပြင် ငရုတ်သီး ကြက်သွန် ငါးပိ၊ ငါးခြောက် တွေကလဲ ဒီလိုပဲ လေးငါးဆ၊ အဝတ်ကလေးဝယ်မလို့ မေးလိုက်ပြန် တော့ ဟိုတုန်းက အခု ကျွန်တော်ဝတ်ထားတဲ့ ရှပ်အင်္ကျီမျိုး ငါးမတ်ပေးရတာက အခု တစ်ဆယ်မတ်တင်းတဲ့။ ကဲ ... မတတ်နိုင်ဘူး။ အလှူအတန်းသွားဖို့ ခရီးကတင်းသွားဖို့ လင်မယား နှစ်ယောက် တစ်စုံစီတော့ ဝယ်မှပဲ။ အိမ်မှာနေတော့ ကျောပြင်၊ ရင်လျားလေ ခွီး တောက် ... ပြောပဲ ပြောချင်ဘူး။ တယ်လေ ဖြစ်ရင် ပုဆိုးတောင် ချွတ်နေ လိုက်ချင် သေးတယ်။
ဒီတော့ ဘယ်မှာအချိန်ပိုထားလို့ ကျွန်တော်တို့တွေ ပျော်ပါးနိုင်မလဲ၊ "မြန်မာလူမျိုးတွေဟာ အင်မတန် ပျော်ပါး တတ်တဲ့ သတ္တဝါမျိုးတွေ" လို့ နိုင်ငံခြားသားတွေက သြဘာပေးသွားတယ်ဆို ... ကဲ ဒီမအေပေး မျိုးတွေ ခုပြန်ခေါ်ပြီး ကျွန်တော်တို့ တောရွာပိုင်းလျှောက်ပြလိုက်စမ်းဗျာ၊ ခွေးဟောင် ရင် ကျွန်တော် နောက် က လိုက်မောင်းပေးနေပါ့မယ်။
ဘယ် ... လူတွေ ပျော်ပါးနိုင်မလဲ။ အလုပ်နဲ့လက်နဲ့ မပြတ် ဖတ်ဖတ်မောလို့၊ အခုန ကျွန်တော်ပြော ခဲ့မှပဲ ဟိုတုန်းကလို ညအချိန် ပလွေသံရော၊ တယောသံများ၊ သီချင်းဆိုတဲ့ ကာလသားတောင် မရှိတော့ဘူး၊ ရွာခြောက် လို့ ဆိတ်သုဉ်းလို့။
ဟော ... မြို့ကတော့ တော်ပေးသေးဗျာ၊ ပွဲလမ်းသဘင် ပြတ်တယ် မရှိကြဘူး။ ညအချိန်မှာလဲ မီး တထိန်ထိန် နဲ့ ကော်ဖီဆိုင်တွေ၊ ခေါက်ဆွဲဆိုင်တွေ စည်နေတုန်းပါပဲ။
အခုည ဦးမြတ်ချမ်းတို့ သားများမြေးများ၊ ဘိုင်စကုတ် ကြည့်သွားကြတယ်။
ဇာတ်ကားကတော့ တော်တော်ကောင်းဆိုပဲ၊ ဒါနဲ့ ဦးမြတ်ချမ်းက "ဟဲ့ ... တက်ပု၊ မင့်ပိုက်ဆံရှိ လိုက်ကြည့် ပါလား" တဲ့ ပြောသေးတယ်၊ ဒါပေမယ့် ကျွန်တော့်ဆရာမ ကလေးက
"ဘိုင်စကုတ် မကြည့်ပါနဲ့၊ အလကား အချိန်ကုန် ငွေကုန်ပါ၊ အိမ်မှာ စာဖတ်နေ၊ အရီ ညတော့ စာအုပ် လာပေး မယ်" ဆိုလို့ သူ့ကို စောင့်နေတာ၊ ခုတောင် မလာသေးဘူး၊ ဟော ... ပြောတုန်းဆိုတုန်းပဲလာပြီ၊ ဟင် ... ဒီကောင်မလေးဟာ ဘာဝတ်ဝတ် လှတာပဲ။
ကြည့်စမ်း၊ ခုည သူဝတ်လာလိုက်တာ "ဘလောက်စစ်" ဆိုလားပဲ၊ အသားနဲ့ ချပ်ချပ်ရပ်ရပ် တစ်တစ်ရစ်ရစ်။
သည်အချိန် အိမ်မှာ ဟိုပုစုခရုတွေ ရုပ်ရှင်ကြည့်သွားကြတော့ ဦးမြတ်ချမ်းတို့ လင်မယားရယ်၊ ဧည့်သည် တစ်ယောက် ရယ်၊ ကျွန်တော်ရယ် ဒါပဲ ရှိတယ်။ သည်ဧည့်သည်က မိုင်၂၀ လောက် ကွာတဲ့ တောရွာက လူကြီး။ မနှစ်က ဦးမြတ်ချမ်းတို့ဆီက စပါးပေးယူတာ။ ခု ပြန်ပေးစရာမရှိလု့ိ သည်နေ့ နွားပွဲနေ့။ နွားတစ်ကောင် ဖဲ့ရောင်းရအောင်လာတာ။ နွားက ဈေးမကိုက်။ နွားကို နောက်ဖေးမှာချည်လို့ သူတို့ ခုည သည်မှာပဲ အိပ်ကြမယ်။
ဦးမြတ်ချမ်း "ဒီတော့ ခင်ဗျား ဘယ်လိုလုပ်မယ် စိတ်ကူးရလဲ ... ပြောလေ"
ဧည့်သည် "သန်ဘက်ခါ သောကြာပတ် ... ချကြည့်ဦးမယ်လေ"
ဦးမြတ်ချမ်း "ခင်ဗျားဟာ ဘာထူးမလဲဗျ၊ အခု ဒီနေ့ ဗုဒ္ဓဟူးပွဲမှာ ခင်ဗျားက နှစ်ရာ့အစိတ်ဆိုတယ်၊ ဝယ်သူက ၁၉ဝိ ပေးတယ်၊ ဒီသောကြာပတ်မှာ ထူးပေးတဲ့လူက ရှိဦးမှာလား၊ ဒီနွားပွဲမှာ ဒီဝယ်သူနဲ့ ဒီပွဲစားနဲ့ချည်းဟာပဲ"
ဧည့်သည် (ခေါင်းငိုက်စိုက်နှင့်) "နှစ့်ရာ့အစိတ် မရလဲ နှစ်ရာပြည့်ပြည့်ရရင် ရောင်းပါမယ်"
ဦးမြတ်ချမ်း "ခင်ဗျား နှစ်ရာရကော ကျုပ်ကြွေးကျေဦးမှာလားဗျ၊ ခင်ဗျား မနှစ်က စပါး ၇၅ တင်းဖိုး ယူသွားတာ၊ ခုပေါက်ဈေး ၃ ပိဿာနဲ့ တွက်တော့ ၂၂၅ိ ကျနေတယ်၊ ခင်ဗျား ဒီနွားရောင်းလို့ နှစ်ရာရတောင်ပဲ ခင်ဗျားလက်ထဲ ငွေရောက်တော့ တို့တိလေး ဟိုသင်း ဝယ်ချင်တယ်၊ ဒီသင်း ဝယ်ချင်တယ်နဲ့ ကျုပ်ကို နှစ်ရာအပြည့် ပေးဦးမှာ မဟုတ်သေးဘူး''
ဧည့်သည် ငြိမ်လျက်နေသည်။ ဤအချိန်၌ အရီသည် ကျွန်တော့်အနီး လာရောက်ထိုင်နေပြီ ဖြစ်ရကား...
ဟင်... ကိုကြီး၊ သူ့စပါးပေး ငွေယူတုန်းက ဘယ်လောက်လဲ
ကျွန်တော်တို့ မောင်နှမမှာ ခြေရင်းဘက်က၊ သူတို့သည် ခေါင်းရင်းပိုင်းတွင် ဖြစ်၍ ခပ်တိုးတိုး အသံဖြင့်...
စပါးပေးဆိုတာ ထုံးစံအတိုင်း ခုပေါက်ဈေးတစ်ဝက် ယူရတော့ ၇၅ တင်းဖိုး ဆိုတော့ ၁၁၂ိ ပဲပေ့ါ"
"ဟင် ... အတိုးက တစ်ဝက်ကြီးတောင်ပါလား"
"အဲဒါ ဟိုလူကြီးရတော့ ၁၁၂ိ ရယ်၊ ငါးမူးကခေါင်းဝယ် ကပ်ပြီး ငွေ ၂၂၅ (နှစ်ရာနှစ်ဆယ့် ငါးကျပ်တိတိ) အတိုး မရှိ ချေးပါတယ်လို့ အွန်ဒီမန် စာချုပ်လက်မှတ် ထိုးခဲ့ရတယ်။ နားထောင်... နားထောင် ဟိုဆရာကြီး ဘာပြောဦး မလဲ ... ခေါင်းမော်ပြီး ပါးစပ်ပြင်ပြီ"
ဧည့်သည် "ဒီတော့ ကိုမြတ်ချမ်း ဘယ်လိုသဘောရသလဲဆိုတာ အမိန့်ရှိပါဦး"
ဦးမြတ်ချမ်း "ကျုပ် တိုတိုပဲ ပြောမယ်။ ခင်ဗျားနွား ခင်ဗျား နွားပွဲ ရောင်းမနေနဲ့တော့။ ခုန ခင်ဗျား လိုချင်တဲ့ ဈေး နှစ်ရာနဲ့ပဲ ကျုပ်အိမ်ထားခဲ့၊ ကျန်တဲ့ အစိတ်တော့ ခင်ဗျား သတ်သတ်ရှာပေး၊ စာချုပ်တော့ မဖျက် သေးဘူး၊ အဲဒီ ကျန်တာရမှ ဖျက်မယ်"
ဧည့်သည်သည် မရှုမလှနှင့် ...
"ကဲလေ ... ကိုမြတ်ချမ်း စီရင်တဲ့အတိုင်းပါပဲ"
ဦးမြတ်ချမ်း "ကျုပ်စီရင်တဲ့ အတိုင်းရယ်လဲ မပြောနဲ့ဦး၊ ကျုပ်လုပ်တာ တရားလား မတရားလား စဉ်းစားကြည့်၊ ခင်ဗျားနွား လူများက ၁၉ဝိပေးတာကို ကျုပ်က တစ်ဆယ် အနာခံပြီး ၂၀ဝိ ပေးရ တယ်၊ ဒီ့ပြင်လူ ပေးမတဲ့လား၊ ကျုပ်မို့ ခင်ဗျားကို သက်ညှာတာ"
ဧည့်သည် ဟုတ်ပါတယ်လေ ... ကိုမြတ်ချမ်း ကျေးဇူးပါပဲ၊ ဒီနွားကလေးဟာ နောက်ထားနိုင်ရင် အကျိုး ရှိမှာပါ၊ ခုမှပဲ ညီရုံ ရှိသေးတယ်၊ ကျုပ် လက်ထဲမှာတော့ ခိုင်းလွန်းလွန်းလို့ ပိန်နေတာ၊ မခိုင်း ဘဲ ဆယ့်လေးငါးရက် နားလိုက်လို့ ခုမိုးဦးကျ မြတ်နုပေါက်ကလေးမှာ အသားတက်လာရင် နှစ်ရာ့ အစိတ် မဟုတ်ဘူး ၂၅ဝိ ရနိုင်ပါတယ်''
ဦးမြတ်ချမ်း "ခင်ဗျားတို့ကလဲ ... နွား မညှာမတာ ခိုင်းကြတာကို တိရစ္ဆာန် ကရုဏာတရားမှ မရှိကြ တော့ဘဲ"
ဧည့်သည် "ဘယ် ကရုဏာတရား မရှိလို့ ဟုတ်မလဲ၊ ကိုမြတ်ချမ်းရယ်၊ မရှိဆင်းရဲတော့ ခိုင်းရတာ ပေ့ါ၊ ဒီနွေမှာ မြစ်နားနဲ့ ဒီမြို့နဲ့ ဆေးရိုးတိုက်နိုင်လွန်းလို့ စားနေရတာပဲ၊ ကိုယ့်နွား ပင်ပန်းမှန်းသိပါ ရဲ့၊ ကိုယ့်မျက်စိ အောက် ကြီးလာတဲ့ ခြံပေါက်ကလေး သနားပါပြီလားဗျာ၊ ကိုမြတ်ချမ်း လက်ထဲမှာ ဆယ့်လေး ငါးရက် လောက်သာ အနားပေး ကျွေးမွေးထားလိုက်စမ်းပါ။ အင်မတန် အစားကောင်းတဲ့ ကောင်ကလေး မကြာဘူး ... တစ်သွေး တစ်မွေး ဖြစ်လာပါလိမ့်မယ်"
ဦးမြတ်ချမ်း ခင်ဗျားနွား မထားနိုင်ပေါင်ဗျာ၊ နွားက ဖောက်ပြီးလဲ မဟုတ်ဘူး၊ ခင်ဗျားတို့မယ် လယ်သမား လုပ်နေတာ အိုသေတော့မယ်၊ နွားဝှေးသင်းပြီးမှ ခိုင်းရမှန်း မသိဘူးလား"
ဧည့်သည် "ဘယ်မသိဘဲ နေမလဲ ကိုမြတ်ချမ်းရယ်၊ ဝှေးထုလိုက်တော့ အနည်းဆုံး တစ်လလောက် မခိုင်း ရဘူး၊ အဲဒီလောက်မှ မနားနိုင်လို့ ပေတေခိုင်းနေရတာ"
သူတို့ ခေတ္တ စကားပြတ်သွားကြသည်။ ကျွန်တော့် အနီးက မရွှေရီက ...
"ကိုကြီး ... နွားကို ဘာလို့ ဝှေးသင်းရလဲဟင်"
"နွားက ဝှေးမသင်းရင် ခိုင်းလို့ မကောင်းဘူး၊ လူကို တယ် မကြောက်ချင်ဘူး၊ အစာကို ကောင်းကောင်းလဲ မစားဘူး၊ နွားအုပ်ထဲ ဗိုလ်ကျပြီးတော့ ဝှေ့ဖော်ရှာနေတယ်၊ နွားမနားက မခွာ ဘူး၊ ဆော့ချင်တယ်၊ ထိန်းရ ကျောင်းရ ခက်တယ်၊ နို့ပြီး အသိုးဆိုတော့ လည်ပင်းသားကြီးပြီး နောက်အား မပြည့်ဘူး၊ နောက်ချဲ ကလေး ဖြစ်နေတတ်တယ်၊ အဲ ... ဝှေးသင်းလိုက် မှ ရှေ့နောက် ပြည့်ပြီး ခိုင်းအားကောင်းလာတယ်"
"နို့ပြီး ... ဟို ဦးကြီးပြောတာ 'ပဲ့ညီ' ရုံ ရှိသေးတယ်ဆိုတာက ဘာပြောတာလဲ"
ငါ့ညီမ မှတ်ထား သေသေချာချာ ပြောပြမယ်၊ နွားမှာ ရှေ့သွားရှစ်ချောင်းရှိသည့်အနက် ဟော အလယ် တည့်တည့် က ရှေ့နှစ်ချောင်းကို "ခေါင်" လို့ခေါ်တယ်၊ နောက်ဆုံးက ဟိုဘက်တစ်ချောင်း၊ ဒီဘက်တစ်ချောင်း ကို "ပဲ့" လို့ ခေါ်တယ်၊ အဲဒီပဲ့နဲ့ ခေါင်အကြားက ဟိုဘက် နှစ်ချောင်း၊ ဒီဘက် နှစ်ချောင်း နှစ်ဖက်ပေါင်းကို "လေးချောင်း" လို့ ခေါ်တယ်၊ နွားမှာ ပထမဦးဆုံး ရှေ့နှစ်ချောင်းချိုး တော့ နှစ်ခါလည်သား "ခေါင်ချိုး" ကလေးလို့ ခေါ်တယ်''
"နဖားကြိုးဖောက်ရပြီ၊ နောက်လေးချောင်း ဆိုတာ ချိုးတော့ရင် "လေးချောင်းချိုး" လို့ခေါ်တယ်၊ လေးခါလည်သား ဝှေးသင်းပြီး ကျင့်လုပ်ကလေး လုပ်ရပြီ၊ အဲ ... နောက်ဆုံး "ပဲ့ညီ" တယ်ဆိုတာ က ပဲ့သွားကလေးတွေ ကျိုးပြီးလို့ ပြန်ပေါက်တာ သွားအားလုံးနဲ့ ညီသွားတဲ့အခါကို ပြောတာ၊ ဒီတော့ သူခြောက်နှစ်သား ရှိသွားပြီ၊ နှစ်နှစ်ခိုင်းပြီးလို့ ထမ်းပိုးခွင်မှာ ကောင်းကောင်း အသားကျ သွားပြီ၊ တက်နွား အဖိုးတန်ဆုံး အရွယ်လို့ ခေါ်တယ်၊ နားလည်ပလား"
"လည်ပါပြီ ကိုကြီးရယ် ... မြန်မာပြည်ရဲ့ ကျေးဇူးရှင်တွေ အကြောင်း မြန်မာပြည်က ဆန်စားတဲ့ လူတိုင်း သိသင့် တာပဲ၊ ဟင် ... နွားများ တယ်သနားစရာကောင်းတာပဲ၊ နွားနဲ့အတူ သနားဖို့ လူတွေလဲ ရှိပါသေးတယ်"
ဤအခိုက်၌ ဧည့်သည်ကြီးက စကားဆက်သည်။
"ကိုမြတ်ချမ်းတို့ ဒီနွား ဘယ်လိုလုပ်မယ် စိတ်ကူးလဲ၊ ပွဲချပဲ ရောင်းပစ်မလား၊ ဒါမှ မဟုတ် ..."
ဦးမြတ်ချမ်း "ခင်ဗျား နွားပွဲချရောင်းလို့ ၁၉ဝိ ပေးတာ ကျုပ်ရှုံးနေမှာပေါ့ဗျ၊ ဒီနှစ်လက်ထဲထားပြီး အငှားချ လိုက်မယ်"
ဧည့်သည် "ဒီလိုဆိုရင် ကျုပ်ပဲ ပြန်ချစမ်းပါဗျာ၊ ကျုပ်အိမ်မှာ နွားတစ်ဖက်တည်း ကျန်တော့တာ၊ တခြား ငှားနွား ရှာရမယ့်အတူတူ ကိုယ့်နွားကလေးပဲ ကိုယ်ပြန်ကိုင်ပါရစေ"
ဦးမြတ်ချမ်း ခေတ္တ စဉ်းစားနေသည်။ ဤတွင် အနားဆေးပေါလိပ်ကြီး ဖွာနေသော ဒေါ်အေးဆင့်က ကြား ဝင်သည်။
"မောင်ကြီးဖိုးသင်း နဲ့ မဖြစ်ပါဘူး ... ရွာက သိပ်ဝေးတာ၊ ကိုယ့်နွား ကိုယ့်အနား နီးနီးနားနား လှည်းဝင်ရိုး ပင်ရွာက မြအေးတို့ နွားတစ်ကောင် ရှာပေးပါ ပြေားထားတာ အဆင်သင့်တဲ့ဘဲ သူတို့ ပဲ ပေးရမယ်"
ဧည့်သည် "ဟယ် ... အေးဆင့် ရယ်၊ ငါ့ခြံပေါက်ကလေး ငါပြန်ကိုင်ချင်လို့ ပြောတာပါဟယ်၊ တကယ်လို့ ရှေ့နှစ်ခါ ချောင်လည်ရင် ငါ့နွား ငါတန်ဈေးနဲ့ ပြန်ယူပါ့မယ်"
ဒေါ်အေးဆင့် "မဖြစ်ဘူး ... အခု မောင်ကြီး ဖိုးသင်းဆီ ငွေအစိတ်တောင် ကျန်သေးတယ်၊ ဒီငွေ ကိုလဲ အခု အတော အတွင်း ပေးနိုင်မလား၊ ဒါမှမဟုတ် ရှေ့နှစ်ခါပေး စပါးပေးပဲ ထပ်လုပ်မလား"
ဧည့်သည် "ခုတော့ မပေးနိုင်ဘူးဟယ်၊ ငါဒီနှစ် ခြေကုန် လက်ပန်းကျတယ်၊ နောက်ထပ် အစိတ် ဖြည့်ပြီး တော့ ငါးဆယ် စပါးပေးပဲ လုပ်လိုက်ပါ"
ဦးမြတ်ချမ်း "ဟာ ... နောက်ထပ် မဖြစ်ဘူးဗျာ၊ ခင်ဗျားက အင်မတန် လက်ခက်တာ၊ အခု နွားဆွဲ လာတာ တောင် ကျုပ်က လူလွှတ်ခိုင်းလို့ မဟုတ်လား"
ဧည့်သည် "ကျုပ်ကို လက်ခက်တယ် မဆိုပါနဲ့ ကိုမြတ်ချမ်းရယ်၊ ဒီနှစ်ဖြစ်ရတာက ချောင်းကမ်းပါး နားက လယ် တွေ ရေနစ်လို့၊ ကိုယ်တစ်ယောက်တည်းလဲ မဟုတ်ပါဘူး၊ အများနဲ့ဖြစ်ရလဲ ဝမ်းစာ စပါးလောက်မှ မရ ဖြစ်လို့ပါဗျာ၊ နို့မို့ရင် ခင်ဗျားကြွေးကို စပါးပေါ်ပေါ်ချင်း လာပေးဖို့ပါ၊ ကျုပ် ဗုဒ္ဓ ဘာသာပါ၊ သူများကြွေးမြေကို တစ်ရွေးကလေး အတင်မခံချင်ပါဘူး၊ မြေကို အင်မတန်ကြောက် ပါ တယ်၊ အဲဒီနှစ်ပျက်စီးလိုက်တာ စပါး ၇၀၀ ထွက်လောက်...''
ဒေါ်အေးဆင့် ''မောင်ကြီး ဖိုးသင်းဟာက ဒီနှစ်ကော ဒီလယ်တွေဟာပဲ ထပ်မပျက်စီးဘူးလို့ ဆိုနိုင်မှာ လား၊ ဒီတော့ စိတ်မချရတာကြီးကို နောက်ထပ်ငွေတော့ မပေးဝံ့ပေါင်တော်"
ကဲ ... ပတ်ပိတ်ကရောဟ ...။
ဤတွင် မရွှေရီက ...
"ကိုကြီး၊ ကြီးကြီးက မောင်ကြီးဖိုသင်းလို့ ခေါ်တယ်၊ သူတို့ ဆွေမျိုးထင်တယ်နော်"
"မောင်နှမ နှစ်ဝမ်းကွဲ ပဲ အရီရဲ့"
"ဟင် ... ဒီလောက် ရင်းတာတောင်မှ ရက်စက်လိုက်တာနော်"
"ရှီး ... တိုးတိုး ကြား ... ကြားသွားမယ်၊ ငွေမှာ ဆွေမျိုး မရှိဘူး"
ယင်းအခိုက် မိုးတဖြောက်ဖြောက် ရွာလာလေရာ နွားရှင်ဟောင်းက ...
"ဟင် ... နွားလေးတော့ နောက်ဖေးချည်ထားတာ ဒုက္ခပါပဲ၊ မိုးရေထဲ ဖြစ်တော့မယ်"
နွားရှင်သစ် ''ဖြစ်လဲ မတတ်နိုင်ဘူး၊ ကျုပ်အိမ်မှာ နွားတင်းကုပ်ရှိတာ မဟုတ်ဘူး၊ မော်တော်ကား ဂိုဒေါင်ပဲ ရှိတယ်၊ ဒီတဲသွင်းပြန်လဲ နွားကလဲအိပ် မှာ ထ မှာနဲ့ ကန်မှာကြောက်မှာနဲ့ မော်တော်ကား ကို ထိခိုက်ဦးမယ်"
ဤတွင် နွားနှင့် ဘယ်သို့မှ မပတ်သက်သူက ...
"ဒီမှာ ဦးကြီး၊ အရီတို့ အိမ်အောက်မှာ ဆွဲယူသွားပြီးတော့ ချည်ထားလိုက်မယ်လေ"
မရွှေရီက ဆိုလိုက်၏။
ဦးမြတ်ချမ်း "ဟယ် ... နင်တို့အိမ်အောက်မှာ ချေးတွေသေးတွေ ဖြစ်နေဦးမှာပေါ့"
"ဖြစ် ... ဖြစ်၊ မနက်ကျ အရီ သိမ်းပစ်မှာပေ့ါ၊ လာ အစ်ကိုကြီး အရီတို့အိမ် ဆွဲပို့"
ဆိုသဖြင့် ကျွန်တော်မှာ မိုးတဖြောက်ဖြောက်ပင် အိမ်နောက်ဖေးသို့ ဆင်းခဲ့ရပါသည်။
နွားဆွဲ၍ အိမ်ရှေ့ပေါက်ရောက်သည်၌ အရီပါ ဆင်းလိုက်လာသဖြင့် ...
"ဟဲ့ ... အရီ ... အရီ မိုးရွာနေတယ်လေ"
"ရွာ ... ရွာ ကိုကြီးရယ်၊ ဒီမိုးလောက် အရေးမကြီးပါဘူး"
"သွား ... သွား၊ ဒါဖြင့် သုတ်သုတ်ပြေးနှင့်၊ ဟဲ့ ... နွားကလဲ သွက်သွက်သွားစမ်း"
ကျွန်တော် ကြိုးခေါက်နှင့် ဖျတ်ခနဲ တစ်ချက်ချလိုက်၏။
မရွှေရီ ပြန်လှည့်ပြီး ...
"မရိုက်ပါနဲ့ ကိုကြီးရဲ့
"နွားက တော်တော်ပန်းနေတယ်ဟေ့၊ ရိုက်တာတောင် မဖြုံဘူး"
အရီ တို့အိမ်မှာ တစ်ထပ်အိမ်မြင့်ဖြစ်၍ အိမ်အောက်၌ ဟိုသင်းဒီသင်းကို အနည်းငယ်ရှင်းလိုက် သည်၌ နွားတစ်ကောင် ကောင်းစွာ နေသာသွားလေသည်။
သူ့အမေက အိမ်ပေါ်မှ "ဟဲ့ ... ဘယ်ကနွားဆွဲသွင်းလာလဲ" ဟု မေးသည်ကို အကျိုးအကြောင်း ပြောပြီးနောက် ကျွန်တော်တို့ မောင်နှမ နှစ်ယောက်လိုသော အရာဝတ္ထုတွေ ချီရွှေ့နေကြရင်း မရွှေရီက ...
"အင်း ... ကြီးကြီးတို့လင်မယားလဲ သနားစရာပဲ"
"အမယ် ... သူတို့ ချမ်းချမ်းသာသာကြီး ဘာသနားစရာလဲကွယ့်"
"သနားစရာက ဒီလို ကိုကြီးရဲ့၊ သူတို့မှာ အရင်းရှင်စနစ်ဆိုတဲ့ ယန္တရားကြီးအတွင်းမှာ သဘော တရား အမှန်ကို မသိဘဲနဲ့ ငွေတိုးချရတယ်၊ ပစ္စည်းစုဆောင်းရတယ်၊ ဆထက်ထမ်းပိုးတိုးအောင် လုပ်ရတယ် ဆိုတာလောက်သာ နားလည်ပြီတော့၊ ဒီလို့ဆီက ပစ္စည်း ဒီလို ယူလိုက်တာဟာ တရား သလား၊ မတရား သလား မစဉ်းစားဘူး၊ အရင်းရှင်စနစ် ယန္တရားက မောင်းနှင်တဲ့ စက်ရုပ်တွေ အတိုင်းပဲ၊ လောဘ တွေပွား ရမ္မက်တွေများ၊ ကိုယ့်ဆွေမျိုးသားချင်းရယ်လို့မှ အကြင်နာမရှိ၊ မေတ္တာ၊ ကရုဏာဆိုတဲ့ ဗြဟ္မစိုရ် တရား တွေ ကင်းပြီး သူတို့ ကိုးကွယ် ဆည်းကပ်ပါတယ်ဆိုတဲ့ ဘုရားသြဝါဒ နဲ့ ကင်းလွတ်နေပါရောလား ကိုကြီးရယ်''
"အခုနေ လူကြီးဆီကများ ကြည့်စမ်း၊ သူတို့ငွေရင်း ၁၁၂ိ-၈ဲ အမြတ်ထုတ်ပေးရတာ ၂၀ဝိတန် နွားရ လို့ ၈ရိ အမြတ်ရနေပါပြီ၊ အဲဒီဟာမှ ဟိုခမျာကြီးက အစိတ်လောက် ထပ်ပေးပြီး စပါးပေး ပေးပါဦးဆိုတာ မပေး နိုင်ဘူး တဲ့၊ သူ့နွားကလေး သူပြန်ငှားပါဆိုတာလဲ အရပ်ဝေးလို့ မငှားနိုင်ဘူး တဲ့၊ ကဲ ... ကိုကြီး အဲဒါ ဘယ့်နှယ် သဘောရလဲ"
"အရီ ပြောတာလဲ သူတို့အပြစ် ဟုတ်နေတာပဲ၊ သို့သော်လဲ တစ်ဖက်လူ ကျေနပ်လို့ အတိုးနဲ့ချေး တာ အပြစ် ရှိတယ် လို့ ဘယ်တရားတော်ကမှလဲ မဆိုတာကိုး"
"ကိုကြီး ... ဟိုအတိုးပေးရတဲ့ လူကြီးကများ ကျေနပ်တယ် ထင်သလား၊ ခမျာကြီး ဝမ်းရေးက ကျပ်တော့ အငတ်မခံနိုင်လို့ မျက်စိမှိတ် ချေးရှာတာ၊ စင်စစ် ကြွေးရှိရင် နောက်ဘဝမှာ မြေခံရတယ် ဆိုတဲ့ စကားသာမှန်ရင် ကဲ ... ခုနက အမှုမှာ စာချုပ်ပေထဲမှာသာ ဟိုလူကြီးအပေါ် ငွေရှိတာ ဖြစ်နေပြီး တကယ် ငွေအပေး အယူ စစ်ကြည့်လိုက်တော့ ဘယ်သူ့ အပေါ်မှာ ဘယ်သူ စူးသလဲဟင်၊ ယမမင်း ခုံရုံးရောက်တော့ ဦးမြတ်ချမ်း တို့က ဒီစာချုပ် ကိုင်သွားမှာတဲ့လား၊ ကဲ ... အစစ်အမှန် တွက်ကြည့်တော့ ဘယ်သူက မြေခံ ရမှာလဲ"
ကျွန်တော် ရယ်မိကာ ...
"ဟီး ... ဟီး ... အရီတွက်တဲ့ စီရင်ချက်အတိုင်းသာ ဆိုရင်ဖြင့် ဦးမြတ်ချမ်းတို့မှာ မြေခံစရာတွေ အနမတဂ္ဂ္ဂပါကလား၊ သူတို့ဟာ ဒီလိုအတိုးရင်းချတာနဲ့ ချမ်းသာနေတာပဲ"
"အဲဒါကြောင့် သူတို့ကို အရီ သနားပါတယ်လို့ဆိုတာ၊ သူတို့ ဘယ်လောက် ချမ်းသာ ချမ်းသာ၊ စားတော့လဲ ထမင်းနှစ်နပ်ပါပဲ ကိုကြီးရဲ့၊ ငွေတိုးချခြင်း၊ အလုပ်သမားပေါ်က လုပ်အားကို ခေါင်းပုံ ဖြတ်ခြင်းဆိုတဲ့ အရင်းရှင်စနစ်ဟာ ဗုဒ္ဓဘာသာ တရားတော်ကို ဖျက်နေတာ ကိုကြီးရဲ့၊ ကိုကြီး အိမ်ရောက်တော့ အရီ ထားခဲ့ တဲ့ မဂ္ဂဇင်းထဲက "ဘာသာနဲ့ အရင်းရှင်စနစ်" ဆိုတဲ့ ဝတ္ထုကို ဖတ်ကြည့်"
ကျွန်တော်တို့မှာ စကားတပြောပြောနှင့် ပစ္စည်းတွေဖယ် သိမ်းပြီးနောက် ...
"ကိုကြီးနေရာတော့ ပြီးသွားပြီ၊ နွားကလေး ည ခြင်မကိုက်အောင် မီးဖိုပေးရ မကောင်းဘူးလား"
"ကောင်းတာပေါ့ ... ဒါပေမယ့် ဘာနဲ့ဖိုမလဲ"
"အမေ့ မရောင်းရတဲ့ ဆေးရိုးအောက်တွေ ရှိတယ်၊ နွားမီးဖိုလို့ ကောင်းပါ့မလား"
"ဟာ ... ဖတ်စစ်ကလပ်ပေါ့"
"ကဲ ... ဒါဖြင့်လာ ဟောဒီအိမ်ကြီးထဲမှာ"
ကျွန်တော်တို့ မောင်နှမ နှစ်ယောက် ဆောင်ရွက်လိုက်ကြရာ မကြာမီ၌ နွားကလေးသည် မီးဖို နံဘေးတွင် တုံးလုံး လှဲကာ စားမြုံကလေး တခတ်ခတ်နှင့် ဇိမ်တိုးနေလေပြီ။
"ဟင် ... ကိုကြီး နွားလေးပါးစပ်က လှုပ်တုတ် လှုပ်တုတ်နဲ့ ဘာတွေ ဝါးနေတာလဲ"
"ကွမ်းစားနေတာလေ"
"ဟာ ... ကိုကြီးကလဲ မဟုတ်တာ"
"စားမြုံပြန်တာ ခေါ်တယ် အရီရဲ့၊ ကျွဲတို့ နွားတို့မှာ ဒီ့ပြင် တိရစ္ဆာန်တွေလို အပေါ်သွား မရှိတဲ့ အပြင် အစာပါးစပ်ထဲရောက်ရင် ဝါးပြီး ချနိုင်သေးတာ မဟုတ်ဘူး၊ အစာက ကြမ်းတော့ ဗိုက်ကား အောင်သာ အထဲဆွဲမျိုချရတယ်၊ အဲဒီလို အလုပ်အားတဲ့ အချိန်ကျမှ အစာအိမ်ထဲက ပြန်ထုတ်ပြီး အေးအေးဆေးဆေး အညက် ဝါး ရရှာတယ်"
"ဟင် ... သနားစရာနော်၊ လောကမှာ သူတို့လဲ အပင်ပန်းဆုံး၊ သူတို့စားရတဲ့ အစာကလဲ အညံ့ဆုံး"
"နွားတွေမှာ ညအချိန် စားမြုံ့ခတ်ရတာနဲ့ သိပ်အိပ်ရတယ် မရှိဘူး၊ "ကြက်အိပ်ကြက်နိုး" ဆိုတဲ့ စကားလိုပဲ၊ နွားဟာ အင်မတန် အအိပ်အနေ နည်းတယ်၊ ကိုကြီးတို့ အိမ်မှာ နွားတွေ ရှိတယ်၊ ညတင်းကုပ်ထဲ ဘယ်အချိန် ဆင်းသွားလိုက် သွားလိုက် သူတို့ နိုးနေတာ တွေ့ရတယ်၊ ဘယ်လို အိပ်နေနေ လူနံ့ရတာနဲ့ သူတို့ နိုးတယ်၊ မနက်စောစော သေးတင်တဲ့အခါမှာဆိုလဲ အဆင်သင့် ထကြတာပဲ"
"ဟင် ... အစ်ကိုကြီး "သေးတင်" တယ်ဆိုတာ ဘာဘဲဟင်"
"သူတို့အိပ်တဲ့နေရာမှာ စိုမကုန်အောင် ခုံပေါ်ကို တက်ပေါက်ခိုင်းတာလေ၊ ခုံပေါ်မှာဆိုတော့ နဘေး လျှောက်မစီးတော့ဘူး၊ ခုံမှာ အပေါက် ရှိတယ်၊ ခုံအောက်မှာ အပြင်ဘက် စီးထွက်ဖို့ မြောင်း ရှိတယ်။ ကဲ ... အရီ ကိုကြီး ပြန်မယ်၊ အရီတို့ အိမ်အောက်တော့ ခုံရယ် ဘာရယ် မရှိလို့ ချေးတွေ သေးတွေ ညစ်ပတ် တော့မှာပဲ၊ မနက်ကျမှ ကိုကြီး လာသိမ်းပေးမယ်"
"အမယ် အရီ့ဟာ အရီ သိမ်းမှာပေ့ါ"
"နွားတစ်ကောင် တစ်ညအိပ် ချေးသေးသိမ်းရတာ လွယ်တာ မဟုတ်ဘူး အရီရဲ့"
"သိပါတယ်၊ အရီက သူ့ကို "နွားတစ်ကောင်" လို့ သဘော မထားပါဘူး၊ မြန်မာပြည်ရဲ့ အသက်သခင် ကျေးဇူးရှင်ကြီး တစ်ပါး ကို ကုသိုလ်ကံထူးလို့ တစ်ညတာ ပြုစုလိုက်ရတာ" လို့ သဘောထားမှာပါ ကိုကြီးရဲ့"
အခန်း (၁၄)
နောက်တစ်နေ့ နံနက်၌ ကျွန်တော်သည် ဦးမြတ်ချမ်း ဒေါ်အေးဆင့်တို့ ခိုင်းစေချက်အရ ဤနွားကို ကျွန်တော်တို့ ရွာက သူတို့ တူမ မမြအေးတို့ အိမ်သို့ပို့ရန် အရီတို့ အိမ်အောက်မှ ဆွဲထုတ်ခဲ့ရလေ သည်။
ပါးပြင်တွင် သနပ်ခါးရေကျဲ အစင်းစင်းကလေးတွေနှင့် တသင်းသင်းမွှေးနေသော အရီသည် အိမ့်ပြင် ရောက်အောင် လိုက်လာကာ သူ၏ တစ်ညတာ ဧည့်သည်ကလေးကို ကြည့်ရှုလျက် ...
"သြော် ... သူ့ခမျာလေး ချမ်းသာတဲ့လူ လက်ထဲရောက်ပေမယ့် သက်သာမခိုရသေးဘူး၊ အလုပ် ခိုင်းမယ့်လူ ဆီ သွားရဦးမယ်နော်"
"နွားဆိုတာ ခွေးလို ကြောင်လိုမှ မဟုတ်ဘဲ၊ သူ့ဘဝကိုက လူတွေလက်ထဲ ခိုင်းဖို့စေဖို့ ဖြစ်တာကိုးကွ"
"သနားစရာ သတ္တဝါမျိုးနော်၊ ဒါကြောင့် မိုးညှင်းကိုယ်တော်ကြီးကလဲ လူတွေရဲ့ အသက်သခင် ကျေးဇူးရှင် ဆိုပြီး အမဲသား မစားဖို့ သိပ်ဟောခဲ့တာပဲ၊ အခု အစိုးရလဲ နွားမသတ်ဖို့ ဥပဒေ ထုတ်ထား တာပဲ"
"ဒါပေမယ့် ခိုင်းစေ မဖြစ်တော့ပဲ နွားအို နွားမင်းတွေ အကျိုးအကန်းတွေကျတော့ ဘယ့်နှယ်လုပ် မလဲ၊ မသတ်ဘဲ ထားလို့ကို မဖြစ်ဘူး၊ ဘာကြောင့်လဲဆိုရင် တောသူတောင်သား ဆင်းရဲသားတွေ မှာ ဒီနွားမျိုး လက်ထဲ အဖတ်တင် လာလို့ရှိရင် ထိန်းကျောင်း ကျွေးမွေးပြီး အငြိမ်းစားပင်စင် ပေးမထားနိုင်ဘူး၊ နို့ပြီး နောက်တစ်ကောင် ဝယ်ဖို့ ငွေလဲ လိုတယ် မဟုတ်လား၊ ဒီတော့ သူ့အသား ဖိုးက ရသမျှ ဖြည့်ငွေ ရအောင် လို့"
"အေးလေ ... ဒီလိုဆိုတော့လဲ ဟုတ်တာပဲ၊ ဒါကို အစိုးရက တစ်နည်းတစ်ဖုံ စီမံပေးဖို့ ကောင်းတယ်နော်"
"အစိုးရ က မစီမံတော့ ကိုယ်တို့ တောသားတွေ က ပုဆိန်နဲ့ စီမံပြီး သူကြီးကို မှင်သက်မိတယ်လို့ တိုင်လိုက် ရတာပဲ"
"မှင်သက်မိတယ်ဆိုတာ ဘာလဲဟင်"
"ဖျားနာမနာ ဘဲ ရုတ်တရက် ဗုန်းဗုန်းလဲ သေသွားတဲ့ နွားရောဂါ တစ်မျိုးပေါ့ကွယ်"
"သြော် ... လူဆိုရင် လေသင်ဓုန်းဖြတ်တယ်ဆိုမှာပေါ့နော်"
"ဆိုနိုင်ပါရဲ့၊ နို့ပြီး တစ်နည်း ရှိသေးတယ်၊ "မှင်စာ" ဆိုတာ အရီသိတယ် မှုတ်လား"
"ကြားဖူးပါတယ်"
"အေး ... အဲဒီကောင်မျိုးဟာ ဝက်တို့ နွားတို့ကို ဖမ်းနိုင်တယ်လို့ ဆိုတယ်၊ မှင်စာ ဖမ်းစားလို့ သေတာမို့ "မှင်သက်" မိတယ်လို့လဲ ဆိုကြတယ်၊ မှင်စာဆိုတာက တိရစ္ဆာန်သရဲ ခေါ်ရမယ်ပေ့ါ ကွယ်၊ လူတွေကိုတော့ ဘာမှ ကြီးကြီးကျယ်ကျယ် ခြောက်လှန့်ခြင်း ဖမ်းစားခြင်း မပြုနိုင်ဘူး"
"ဒီကောင်မျိုးက တကယ်ရှိလားဟင်၊ ကိုကြီး တွေ့ဖူးလား"
"တွေ့ဖူးတယ်၊ တစ်ခါက ညအချိန်မှာ ကိုကြီး လက်ထဲကောက်လှိုင်းစောင့် သွားတော့ ဖြူဖြူ ဖွေးဖွေးကလေး အကောင် က ကြောင် ခပ်ရွယ်ရွယ်လောက်ပဲ ရှိမယ်၊ ဟာ ... လူလမ်းလျှောက်သွား တာကို ခြေကြားထဲ ရှေ့က ဖြတ်ဝင်လိုက်၊ နောက်ကလှည့်ဝင်လိုက်၊ နံဘေးကပတ်လိုက်နဲ့ ရှုပ်နေ တာပဲ"
"နေပါဦး ... ကိုကြီး မကြောက်ဘူးလား"
"မှင်စာဆိုတာ လူကို အန္တရာယ် မလုပ်တတ်မှန်း သိနေတော့ မကြောက်ဘူးပေါ့ကွ၊ ကိုယ့်ခြေကြား ထဲက ဖွေးခနဲ မြင်လိုက်တော့ ရုတ်တရက် လန့်သွားသေးတယ်ကွယ့်၊ နောက်မှင်စာမှန်းလဲ သိရော ခြေထောက် နဲ့ ချည်း လှည့်လှည့်ကန်လိုက်တာ တယ်မကြောက်ပါဘူး ငနဲကလေး ပျောက်ပြေးရော ဟေ့"
"ဟင် ... မကန်မိဘူးလား"
"ဘယ်ကန်မိမလဲကွ၊ သူက အကောင်အထည်မှ မဟုတ်တာ၊ သဏ္ဍာန်ပဲဟာကို လေပဲကန်မိတာ ပေါ့"
"အံ့သြစရာကြီးနော်၊ သြော် ... ညကလေ တစ်ရေးနိုးမှာ အရီ အိမ်အောက် ဆင်းကြည့်တော့ ကိုကြီး ပြောသလို ပဲ နွားဟာ ကြက်အိပ်ကြက်နိုးဆို တာ ဟုတ်တယ် ဆရာ သူနိုးနေတယ်၊ အရီ လက်နှိပ်ဓာတ်မီး နဲ့ ထိုးကြည့် လိုက်တော့ သူ့မျက်လုံးဟာလေ စိမ်းစိမ်းကြီး အရောင် တောက်နေ လိုက်တာ ဘာကြောင့်ရယ် မသိဘူး"
"ညမြင်တဲ့ တိရစ္ဆာန်တွေရဲ့ မျက်လုံးဟာ ဒီလိုပဲ"
"ဟင် ... နွားက ညမြင်သလား"
"ကျွဲလဲ မြင်တယ်၊ အများအားဖြင့် ခြေလေးချောင်း၊ တိရစ္ဆာန်တွေ အားလုံးလိုလို ညမြင်တယ် ထင်တာ ပဲကွယ်"
"ဟင် ... အရီ သူတို့လို မြင်ချင်လိုက်တာ"
"မြင်ချင်ရင် နောက်ဘဝမှာ အဲလို တိရစ္ဆာန် ဖြစ်ရပါစေလို့ ဆုတောင်းပေါ့ကွ"
"ဟာ ... အစ်ကိုကြီးကလဲကွာ၊ မှန်း ... အရီ နွားကလေး ကိုယ်ကို ကိုင်ကြည်စမ်းမယ်"
"ကိုင်ကြည့်လေ ... နွားလုပ်စာစား၊ နွားသားလဲ စားနေပေမယ့် နွားကိုယ်ကို ကိုင်ကြည့်ဖူးတဲ့ မြို့သားက ရှားသားပဲ၊ ဘယ်လိုလဲဆိုတာ သိရအောင် ကဲ ... ကိုင် ဟောဒီ ဘို့နားကိုကိုင်၊ ရဲရဲသာ ကိုင်ပါ၊ ခင်ဗျာ့ ဘယ့်နှယ် မှ မလုပ်ပါဘူး"
ကျွန်တော် ထင်သည့်အတိုင်းပင် တစ်ချက်ထိပြီး လက်ကလေးကို ဆတ်ခနဲ ပြန်ရုပ်လိုက်ကာ ...
"အမယ်လေး ... အမယ်လေး၊ တွန့်တုန်သွားလိုက်တာ"
"ဆတ် တဲ့ နွားကိုယ်က ဒီလိုပဲ"
"သူတို့အရေပြားကော အဲလို လှုပ်ရှားလို့ ရတယ်နော်''
"အရီ့ အရေပြားကော အဲလို လှုပ်ရှားလို့ ရချင်ပြန်သလား"
"ဟာကွာ ... ကိုကြီးကလဲ၊ ကဲ ... ကိုကြီးသွားတော့၊ လမ်းမှာ နေပူတော့မယ်၊ ဦးထုပ်လဲ မပါဘူး"
"ရွာ က လာတုန်းက မြို့မှာရယ်ဆိုပြီး ခမောက်မယူခဲ့မိဘူးကွာ၊ ဒီတဘက်ကလေး ခေါင်းပေါင်းသွား ရတာ ပေါ့၊ ကဲ ... သွားပြီ အရီ"
"ဟုတ်ကဲ့ ... ကိုကြီး၊ နို့ပြီး ဘယ်တော့ ပြန်လာမလဲ"
"ဒါတော့ မသိသေးဘူး အရီ"
"ပြန်ပေါင်းထုပ်ရင် ပြန်မလာတော့ဘူး ဟုတ်လား"
"ဟီး ... ဟီး ... အရီ့ဆီတော့ လာလည်ဦးမှာပဲ"
ယခုအချိန် ၌ ကျွန်တော့်စိတ်သည် သူကလေးအပေါ်တွင် ယခင်ဘုန်းကြီးကျောင်းမှာ တွေ့စဉ်တုန်း ကလို မဟုတ်တော့ပြီ။ လေးစားကြည်ညိုမိကာ သန့်စင်သော ချစ်မေတ္တာစိတ် သက်ဝင်မိနေ၍ နေ့စဉ် တွေ့မြင် နေရာ မှ ယခု ခွဲခွာရမှာပင် စိတ်ထဲက ဟာတာတာ။
ကျွန်တော် သည် နွားကလေးကို "လှမ်းထိုး" မောင်းကာ မြို့ကို ကျောခိုင်းခဲ့လေသည်။
ရွာက ခွာခဲ့တာ ရက်သတ္တတစ်ပတ်မျှ ကြာပါပြီ။ ရွာဆီကို မျက်နှာမူမိတော့ မယားနှင့် သားကလေး တွေကို ပို၍ လွမ်းလာသည်။ ယောက္ခမကြီးကို ပို၍ ပို၍ တောက် ... ဟင်း ...
ထို့ကြောင့် ကျွန်တော့်စိတ်ထဲမှာ (မဖြစ်ကာမှနေရော့) အကြံကြီးတစ်ခု ပေါ်လာသည်။
မြို့တွင် ဖ.ဆ.ပ.လ၊ ဗ.တ.လ.တ၊ စ.ပ.က.သ၊ မ.ယ.အ.တ (အဲဒါက မယားအတွက်ပေါ့ဗျ) စသော အစည်းအရုံး ဆိုင်းဘုတ်တွေ အရီလေး ကျေးဇူးနဲ့ လေ့လာသိရှိခဲ့ရတော့ ကျွန်တော့် ဦးနှောက်ထဲမှာ ယ၊ တ၊ အ၊ သ ဆိုသည့် အက္ခရာလေးလုံး ပေါ်လာပါသည်။
* * *
အိုး ... ကျွန်တော် ရွာက ခွာခဲ့တာက မိုးဦးကျစ ယခုမိုးက လေးခပ်ဖြိုင်ဖြိုင်ရွာပြီးပြီဆိုတော့ သစ်ပင် ဥယျာဉ်တွေဟာလေ ကျွန်တော်လာစဉ်တုန်းကလို မဟုတ်တော့ဘူး၊ စိမ်းညို ပိန်းမှောင်လို့ နွေဝဿန္တပန်းချီသစ် ကို ပြောင်းလဲနေတာ မြင်ရတော့ ကျွန်တော့်စိတ်ထဲမှာ တစ်မျိုး ကြီးပါပဲလေ။
ကျွန်တော် ဒီရွာမှာမွေး ဒီရွာမှာပဲ ကြီးပြင်းခဲ့ပါတယ်။ နှစ်စဉ်ပဲ ဥတုသုံးခုဟာ လှည့်ပတ်နေလို့ ရာသီ ပန်းချီ ကား သုံးချပ်ဟာလဲ ဒီလိုပဲ ပြောင်းလဲနေတယ်ဆိုတာ ဘာမှ အထူးပြောစရာ မလိုပါဘူး၊ သို့သော်လဲ ခါတိုင်းနှစ် တွေတုန်းကဆိုရင် ကျွန်တော်ဟာ ရွာမှာပဲ အိုးမကွာအိမ်မကွာဆိုတော့ နေ့စဉ် မြင်နေကျမို့ ဘာမှ ထူးထွေ တယ်လို့ မထင်ခဲ့ပါဘူး၊ ယခုတော့ဗျာ သဘာ၀ ပသာဒက သိသိ သာသာကြီး ခြားနားနေလိုက်တော့ ... ဟင်း ... ကျွန်တော့် စိတ်ထဲမှာလေ ...
အိုး ... ဘယ်လိုခံစားရသလဲဆိုတာကို ကျွန်တော် မဖော်ပြနိုင်တော့ဘူး။ ကျွန်တော် ခံစားရတာကို အပ်ကျ မပ်ကျ သိချင်ရင်ဖြင့် မိတ်ဆွေက ကျွန်တော့်လိုပဲ မိန်းမနဲ့ရန်ဖြစ်၊ ကိုယ့်စိတ်ထဲက တကယ် မပြတ်နိုင်ဘဲနဲ့ သူကြီးအိမ် မှာ သွားကွာခဲ့။ နို့ပြီး မိုးဦးကျကလေးမှာ ရွာက ထွက်သွား၊ မိုးလှိုင်လှိုင် ရွာပြီးတဲ့အခါမှ ပြန်ခဲ့၊ ကျွန်တော် လိုပဲ ကိုယ့်ရင်သွေးကလေးတွေနဲ့ ယောက္ခမဆိုးကြီးတစ်ယောက် ပြည့်ပြည့်၀၀လဲ ရှိရ ဦးမယ်နော်၊ ဒါမှ ... ဒါမှ ယခုအချိန်မှာ ကျွန်တော့်စိတ်ထဲ ဘယ်လို ဘယ်လို ခံစားနေရသလဲဆိုတာ တိတိ ကျကျ သိမှာဗျ။
ရွာထဲဝင်လိုက်ပြီဆိုရင်ပဲ ကျွန်တော့်ကို ချစ်ခင်တဲ့ တစ်မြေတည်းနေ တစ်ရေတည်းသောက်တွေ ကလဲ ...
"ဟ ... တက်ပုကလေး ပြန်လာပလားဟ"
"ဟုတ်ကဲ့ ... ကိုတောက်ကြီးရေ့"
ကျွန်တာ်က ပန်းပဲဆရာကြီး ကိုတောက်တဲ့ကို ကိုတောက်ကြီးဟု ရင်းနှီးစွာ ခေါ်ပါသည်။
"ဘာလဲ ... မင်းဒီနွားက အိမ်ကနွားလေးနဲ့တွဲလုပ်ဖို့ ဝယ်ခဲ့တာလား"
"မဟုတ်ပါဘူးဗျ၊ ဝယ်နိုင်ပါဘူး၊ ကိုမြတ်ချမ်းက မမြအေးတို့ကို အငှားချဖို့ အပို့လွှတ်လိုက်တာဗျ"
"ဒါဖြင့် မင်းခု မိုးတွင်းလုပ်ဖို့ နွားတစ်ကောင် ရှာရဦးမှာပဲ၊ တခြား ရှာမနေပါနဲ့ကွာ၊ မင်းမိန်းမ မင်းပြန်ခေါ်ပါ"
"ကျွန်တော့် သဘောကတော့ ကိုတောက်ကြီး သိတဲ့အတိုင်းပဲ တောက် ... ယောက္ခမကြီးကြောင့် ခက်နေတယ်"
"အေးကွာ ဗောဓိကုက္ကိုညောင်ထိုထို ယောက္ခမမှ ကောင်းတယ်ကို မရှိပါဘူး"
ကိုတောက်တဲ့ လည်း ကျွန်တော်ကဲ့သို့ပင် ယောက္ခမနှင့် တိုက်ပွဲဆင်နေရသူ ဖြစ်ပါသည်။
"အေးဗျာ ... ဒီမှာ ကိုတောက်ကြီး၊ ဒီယောက္ခမတွေအတွက် ခင်ဗျားနဲ့ ကျွန်တော်နဲ့ တော်တော် ကြာတော့ တွေ့ရ အောင်ဗျို့၊ ကျွန်တော် မြို့ အကြံသစ် ဉာဏ်သစ် ရခဲ့တယ်"
"အေး ... ဒါဖြင့် လုပ်လကွာ"
"ခု ဒီနွားလေး သွားပို့လိုက်ဦးမယ်၊ တောက် ... ဟ"
နွားကလေးကို ကြိုးဖြင့် ပုတ်လိုက်သည်။
ယခု အချိန် မှာ ဆွမ်းခံလာချိန် ဖြစ်သည်။
"ဆွမ်းတော်ဗျို့"
"ဟဲ့ကောင်လေး တွေ၊ ဟင်းကောင်းပါရင် ငါ့ပေးခဲ့စမ်းကွာ"
"ခင်ဗျားကြီး ဒါကြောင့် မိန်းမနဲ့ကွဲနေတာ၊ ဆွမ်းတော်ဗျို့၊ ဟင်းပါ လောင်းကြပါဗျို့၊ ဟင်းနည်း တော့ ဘုန်းကြီး နဲ့ ကိုရင် တွေချည်း စားပစ် လို့ ကျုပ်တို့ မစားရဘူးဗျို့"
"ဟ ... တက်ကလေး ပြန်လာပလားဟ"
ရွာရိုးလျှောက်နေတဲ့ ဘကြီးဖက်ထုပ်လေ ...
"ဟုတ်ကဲ့ ... ဘကြီးဖက်ထုပ်"
"မင်း ငါပြောတာတွေ တက်ခဲ့ရဲ့လား"
"ဓာတ်စက်တော့ ကောင်းကောင်း မောင်းတတ်နေပြီ၊ ဘိုင်စကယ်တော့ သိပ်အသား မကျသေးဘူး"
"ဟား ... ဓာတ်စက်မောင်းတတ်ပဲ ဟန်ကျပဟေ့၊ ဒီနွားက မင်းနွားလား"
ဤ နွားအကြောင်း ပြောပြီးနောက် ကျွန်တော် ခရီးဆက်သည်။ လှမ်းမေးတဲ့ လူတိုင်းကိုပင် ဤနွား အကြောင်းကို ရှင်းရပါသည်။ တွေ့သမျှ လူတိုင်းကပင် ဤနွားအကြောင်းကို မေးကြပါသည်။ မမြအေး တို့ အိမ်ရောက်မှ အေးငြိမ်းပါတော့၏။
ထိုနောက် ကျွန်တော် ဦးကြီးဖြိုးဆီသွားကာ ကျွန်တော့်မယား ပြန်လည်ရရေးကို မေးမြန်းပါသည်။
"ဟာဗျာ ... ဦးကြီးရ၊ ခုထက်ထိ အခြေအနေ မထူးသေးဘူး ဆိုရင်တော့ ကြာပဲကြာလှဘီဗျ"
သူ ကတော့ ဆေးပေါ့လိပ် ကို ဖွာကာ အေးဆေးစွာပင် ...
"နီးပါပြီကွာ"
"ဘာလဲ ... မနေ့ကထက် တစ်ရက်နီးတာလား"
"ဒါလောက်လဲ မဖြစ်စမ်းပါနဲ့ကွာ၊ ငါပြောတဲ့အတိုင်း မြို့သာ ပြန်နေစမ်းပါ။ အချိန်တန်တော့ ငါမင်းကို ခေါ်လိုက်မယ်"
"ဟာ ... ဦးကြီး အခေါ် ကျွန်တော် မစောင့်နိုင်ဘူးဗျာ၊ ကျွန်တော့်မှာ အကြံတစ်ခု ရှိတယ်"
"ဘယ်လို အကြံလဲ"
"ယ၊ တ၊ သ၊ အ ဖွဲ့ဖို့"
"ဘာလဲ ... အဓိပ္ပာယ်က"
"ယောက္ခမ တော်လှန်ရေး သမက်များ အစည်းအရုံး"
ဦးကြီးသည် သူ့သွား သံချေးတက်ကြီးတွေပေါ်အောင် ရယ်ကာ ...
"ငါ့တူ မြို့ရောက်တာနဲ့ တော်တော် တိုးတက်လာတာပဲ၊ ကဲ ... ဘယ်သူတွေနဲ့ ဖွဲ့မှာတုံး"
"ကျွန်တော့်လို ယောက္ခမနဲ့ မသင့်တဲ့ လူတွေနဲ့ပေါ့၊ ဦးကြီးဖြိုးကို ဥက္ကဋ္ဌခန့်ဖို့ ရည်ရွယ်ထားတာပဲ"
"အမယ်လေး နေပါစေကွာ၊ မင်းတို့ဟာမင်းတို့ပဲ လုပ်ကြပါ"
"အောင်မာ ဦးကြီး က အသင်းတစ်ခုမှာ ဥက္ကဋ္ဌဖြစ်ရင် ဘယ်လောက် စားပေါက်ရှိတယ်ဆိုတာ မသိသေးလို့"
"ရှိပါစေကွာ ကျေးဇူးကြီးလှပါပြီ၊ နေပါဦး မင်းတို့က ဒီအသင်းဖွဲ့ပြီး ဘာလုပ်ကြမှာတုံး"
"ယောက္ခမတွေဆီမှာ ကိုယ်လိုလားချက် တောင်းမှာပေါ့ဗျ၊ အသင်းအဖွဲ့တွေ လုပ်ငန်းစဉ် လုပ်ပုံ ကိုင်ပုံ တွေကို ကျွန်တော့်ဆရာမလေးဆီက သိခဲ့ပြီ"
"ဘယ်သူလဲ မင်းဆရာမလေးက"
"ကျွန်တော် အရင်ပြောပါကောလား၊ ဦးမြတ်ချမ်းတို့နဲ့ ဥပုသ်စောင့်လိုက်လာတဲ့ အရီဆိုတဲ့ ကောင်မလေး"
"အမယ် ... ဒီကောင်မလေးက မင်းဆရာ ဖြစ်နေလား"
"လူကလေး ငယ်ပေမယ့် ဘယ်လို မိန်းကလေးဆိုတာ ဦးကြီးနောက်တော့ သိလိမ့်မယ်၊ တကယ့် မိန်းကလေးနော်"
"ရွှံ့လုပ်ထားတယ်လဲ မပြောပါဘူးကွာ၊ ဒီယောက္ခမတော်လှန်ရေး အသင်းဖွဲ့ဖို့လဲ သူက အကြံဉာဏ် ပေးလိုက်တာလား"
"မဟုတ်ပါဘူး၊ ဒါက ကျွန်တော့်ကိုယ်ပိုင် စိတ်ကူးပါ၊ ဦးကြီးက ကျွန်တော့်ကို ဒါလောက် အထင်မသေးပါနဲ့"
"မသေးပါဘူးကွာ၊ ငါ့တူ စွမ်းရည် ကြည့်ရဦးမပေါ့"
"ကြည့်ကြည့်၊ မျက်စိဒေါက်ထောက်ကြည့်၊ ဒေါက်ပြုတ်ကျလို့လဲ မျက်ခမ်းကွဲနေဦးမယ်"
* * *
ပန်းပဲဆရာ ကိုတောက်တဲ့မှာ ကျွန်တော်ကဲ့သို့ပင် ယောက္ခမနှင့် အပြန်အလှန် အင်မတန် သောက်မြင် ကတ် နေသူ ဖြစ်ပါသည်။ အကြောင်းခြင်းရာကား ကျွန်တော်နှင့် မတူချေ။ ကျွန်တော့် ထက် အဆင့်အတန်း မြင့်သည်ဟု ဆိုရပေမည်။ အဘယ်ကြောင့်ဟူမူ သူသည် သူ၏ပထမ မယားကြီး သားသမီး သုံးလေးယောက် မွေးပြီးနောက် မီးယပ်ရောဂါနှင့် ပိန်ညှော် ကြုံလှီသွား သည်၌ ၎င်းမိန်းမအပေါ်တွင် အပြစ်ပေါင်းများစွာ တွေ့ရှိကာ လောကတစ်ဝိုက်မှာ ပျော်ပိုက်ခြင်း ကင်းလေ၍ ခယ်မရင်းချာ လှကညာ ဝတုတ်ပြဲကလေးကို မြောက်နန်း အရာထားရန် ကြံစည်သည်။
ခဲအို၏ လောကအဆီ ပညာရည်ဖြင့် ခယ်မအငိုက် မိုက်ခနဲပါလျက် ယောက္ခမက ကြားဝင်ဖျက် သည်။ "နင်ဒီပြင် လူဆိုရင် သူတောင်းစား ယူယူ၊ ခွေဝဲစားယူယူ အစ်မလင် ကြောင်တောင်နှိုက်တာ တော့ မကောင်းဘူးဟဲ" ဆိုသည်။ အနှီအကြောင်းတရားသည်ပင်လျှင် သူတို့မသင့်မြတ်ခြင်း။
ယ၊ တ၊ သ၊ အ ကို ဖွဲ့ရန် သူနှင့် တိုင်ပင်သောအခါ၌ ကိုတောက်တဲ့ အကြီးအကျယ် သဘောကျ လေကာ ကျွန်တော် တို့ နှစ်ယောက်သား မိမိတို့ကဲ့သို့ ယောက္ခမနှင့် မတည့်သူများကို လိုက်လံ ဆွယ်တရား ဟော လေရာ တတိယမြောက် နေ့ညအချိန်၌ ဗိုလ်ခို၏ ထန်းတောတွင် ပထမဦးဆုံး အကြိမ် ယ၊ တ၊ သ၊ အ သမက် ထု ညီလာခံသဘင်ကို ဆင်ယင် ကျင်းပရပေသည်။
အစည်းအဝေးပွဲ၌ ဧည့်ခံသည်မှာ ထန်းရည်နှင့် အရက် ဖြစ်၏။ သောက်ရှိန် တော်တော်ရကြသော အခါ၌ ခွက်လှည့် မပျက်စေဘဲ အစည်းအဝေးပွဲကို စတင် ဖွင့်လှစ်ပါသည်။ မြက်ခင်းပေါ်တွင် ဆောင့်ဆောင့်တချို့ တင်ပျဉ်ခွေ တစ်ဖုံ ထိုင်ချင်သလို ထိုင်နေကြသော လူစုထဲတွင် ကျွန်တော် သည် မတ်တတ်ရပ်လိုက်ကာ ...
"ကဲ ... ကဲ ... ရဲဘော်တို့၊ အဲ ... အဲ ... ပြောထားရဦးမယ်၊ ကိုယ်တို့ အသင်းသားချင်းဟာ တစ်ယောက်ကို တစ်ယောက် ရဲဘော်လို့ ခေါ်ကြရမယ်၊ အဟမ်း ... ရဲဘော်တို့ ငါတို့အသင်းကြီးမှာ အဲ ... အဲ ... နေဦး၊ နောက်တစ်ခု ပြောထားရဦးမယ်၊ စကားပြောတဲ့အခါမှာ ကိုယ့်ကိုယ်ကို "ငါတို့" ဒီ့ပြင်လူတွေကို "နင်တို့" လို့ ပြောရမယ်၊ ဒါဟာ ရိုင်းစိုင်းတယ်လို့ မဆိုရဘူး၊ တင်းမာပြတ်သားခြင်း ဖြစ်တယ်၊ ကဲ ... ရဲဘော်တို့ ငါ့တို့ အသင်းကြီး မှာ ပထမဥက္ကဋ္ဌခန့်ဖို့ လိုတယ်၊ မိမိတို့ နှစ်သက်ရာ လူကို အဆိုသွင်းကြ၊ သဘောမကျရင် ကန့်ကွက်၊ အပြိုင်အဆိုင် ဖြစ်နေရင် မဲခွဲ၊ ကဲ"
ဆိုပြီး ကျွန်တော်က ပြန်ထိုင်သည်၌...
"ဟာ ... တက်ပု ဒီလူလေး နှစ်ယောက်တစ်ပိုင်းဟာ ရွေးမနေပါနဲ့တော့ကွာ၊ မင်းစထွင်တဲ့ အလုပ် မင်းပဲလုပ်ပါ"
"အားလုံး သဘောတူကြပါလား"
"တူတယ်ကွာ ... တူတယ်"
"ဒါဖြင့် ရဲဘော်တက်ပု တို့ဥက္ကဋ္ဌလို့အော်ကြပါ"
ဆက်ရန်...
