Tuesday, April 14, 2020

ပုစွန်တောင် မြပျောက်မှု၌ မောင်စံရှား စုံထောက်ပုံ


•••••••••••••••••••••••••

ရွှေဥဒေါင်း

တစ်နေ့သ၌ ကျွန်တော်သည် တိုက်ပိတ်သဖြင့် အားလပ်သောကြောင့် လည်ပတ်ရာမှ အိမ်သို့ ပြန်လာရာ ကျွန်တော်၏မိတ်ဆွေ မောင်စံရှားမှာ ဦးထုပ်ဟောင်းတစ်ခုကို စားပွဲပေါ်တွင် တင်၍ မှန်ဘီလူးနှင့် သေချာစွာ ကြည့်ရှုလျက် ရှိသည်ကို တွေ့မြင်ရလေ၏။ ထိုအခါ ကျွန်တော်မှာ မောင်စံရှား၏ စိတ်သဘောကို သိရှိပြီး ဖြစ်သည့်အတိုင်း ၎င်းဦးထုပ်မှာ တစ်စုံတစ်ခုသော အမှုနှင့် ပက်သက်သည့်အကြောင်း တွေးထင်မိသဖြင့် အနှောက်အယှက်မဖြစ်စေရန် ဖြည်းညင်းစွာ အခန်းတွင်းသို့ ဝင်မည်ပြုသည်တွင် မောင်စံရှားက

'အလို ကိုသိန်းမောင်၊ ပြန်လာပြီလား၊ လာစမ်းပါဦးဗျာ၊ ဟောဒီ ဦးထုပ်ကို တစ်ဆိတ်လောက် ကြည့်စမ်းပါဦး' ဟု ပြော၍ ဦးထုပ်နှင့် မှန်ဘီလူးကို ကျွန်တော်အား လှမ်း၍ပေးလိုက်လေ၏။

ကျွန်တော်လည်း ဦးထုပ်နှင့် မှန်ဘီလူးကို ယူ၍ ကုလားထိုင်ပေါ်တွင် ထိုင်ပြီးလျှင်

'ဦးထုပ်ကို ကြည့်တာတော့ ဟုတ်ပါပြီဗျာ၊ သို့သော် သူ့အတ္ထုပ္ပတ္တိကလေး တစ်ဆိတ်လောက် ပြောပြပါဦး။ ခင်ဗျားလက်ထဲ ဒီဦးထုပ် ဘယ်လိုရောက်လာတယ်ဆိုတာ တစ်ဆိတ် သိပါရစေဗျာ' ဟု ပြောလျှင် မောင်စံရှားက

'ဦးထုပ်ကတော့ ကျုပ်နဲ့ ခင်ဗျားကို အတူနေဖို့ ရှေးဦးစွာ စေ့စပ်ပေးတဲ့ သူငယ်ချင်း ကိုလှရင် ဦးထုပ်ပေါ့ဗျ။ ကိုလှရင် တစ်ယောက် ဘိန်းပြတ်သွားတာ အပုံကြီး ဝမ်းသာပါတယ်ဗျာ'

'ဟုတ်ကဲ့၊ အခုဖြင့် ကျုပ်တို့လူ အပုံကြီး ဟန်နေပြန်ပြီ။ ဒါနဲ့ ကိုလှရင်က ဘယ်မှာ ဦးထုပ်ဆောင်းလို့လဲဗျာ့'

'ဪ၊ သူ့ဦးထုပ် ဆိုပေမဲ့ သူ ဆောင်းတဲ့ ဦးထုပ်တော့ မဟုတ်ဘူးပေါ့ဗျာ။ လမ်းမှာ သူကောက်ရတဲ့ ဦးထုပ်ပဲ'

'ကဲ ကောက်ရပုံ ပြောပါဦးဗျာ'

'ကောက်ရပုံကတော့ ဒီလိုဗျ။ ဒီကနေ့ နေ့ခင်းက ကိုလှရင်က ဖရေဇာလမ်းမှာ တစ်ယောက်တည်း လမ်းလျှောက်ပြီး သွားနေတုန်း ရှေ့နားက ဘိုကပြား တစ်ယောက်က ဝမ်းဘဲတစ်ကောင် ပိုက်ပြီး ခပ်သုတ်သုတ်သွားနေတာ မြင်သတဲ့။ ဒါနဲ့ နောက်ခဏလောက်နေတော့ လမ်းထောင့်တစ်ခုမှာ စကားရပ်ပြီး ပြောနေတဲ့ လူတစ်စုနဲ့ ခုတင်က ဘိုကပြားနဲ့ ဝင်ပြီး တိုက်မိတော့ လူတစ်စုက သူတို့ ဝင်တိုက်ရမလားလို့ ဝိုင်းပြီး လက်သီးနဲ့ ထိုးကြသတဲ့။ ထိုးတော့ ဘိုကပြားခေါင်းက ဦးထုပ်ဟာ လွင့်ကျသွားရော။ ဒီတော့ ဘိုကပြားက သူ့လက်က တုတ်နဲ့ ခုခံမယ်လို့ လက်မြှောက်ပြီး ရွယ်လိုက်တော့ သူ့နောက်က ရှိတဲ့ဆိုင်က မှန်ပြတင်းပေါက်ကို တုတ်နဲ့ သွားပြီး ခိုက်မိ၊ ခိုက်မိတော့ မှန်ပြတင်းလည်း ကွဲသွားတယ် ဆိုကိုးဗျာ။ ဒါနဲ့ ကိုလှရင်က ဖျန်ဖြေမယ်လို့ အနားပြေးသွားတော့ သူ့ကို ဆိုင်ရှင်မှတ်လို့လား ဘာလား မပြောတတ်ပါဘူး။ ခုတင်က ဘိုကပြားက သူ့လက်ထဲ ပိုက်ထားတဲ့ ဝမ်းဘဲကလေး ချပြီး ထွက်ပြေးရော ဆိုကိုးဗျာ။ သူလည်း ပြေးရော ခုတင်က လူတစ်စုလည်း ကြက်ပျောက် ငှက်ပျောက် ပျောက်ကုန်လိုက်ကြတာ။ ကိုလှရင်နဲ့ ဝမ်းဘဲနဲ့ ဦးထုပ်ပဲ ရှိရစ်တော့သတဲ့။ ဒါနဲ့ ကိုလှရင်က ဝမ်းဘဲနဲ့ ဦးထုပ်ကို ကောက်ယူပြီးတော့ ဝမ်းဘဲ ခြေထောက်မှာ ကားချပ်ကလေးတစ်ခု ဆွဲထားတာ တွေ့သတဲ့။ ကားချပ်ပေါ်မှာလည်း မစ္စစ် သောမတ်စ် ဝီလဆင် (Mrs. Thomas Wilson) လို့ အင်္ဂလိပ်လို ရေးထားသတဲ့။ ဒါနဲ့ ကိုလှရင်က ဝမ်းဘဲနှင့် ဦးထုပ်ကိုယူပြီး ကျုပ်ဆီဝင်လာ၊ ဦးထုပ်ကိုတော့ ကျုပ်ကို ပေးထားခဲ့တယ်။ ဝမ်းဘဲကိုတော့ ချက်စားရအောင် သူ ယူပြီး ခုတင်ကပဲ ပြန်သွားတယ်။ ဒါနဲ့ ကျုပ်က ဦးထုပ်ကိုကြည့်ပြီး ဒီဦးထုပ်ရှင်ဟာ ဘယ်လို လူစားထဲကလဲဆိုတာ အကဲခတ်ပြီးနေတုန်း ခင်ဗျား ရောက်လာတာပဲ။ ကဲဗျာ ကိုသိန်းမောင်၊ ခင်ဗျားလည်း ကျုပ်နည်းတွေ သိပြီ မဟုတ်လား။ ဦးထုပ်ကို သေသေချာချာ မှန်ဘီလူးနဲ့ကြည့်ပြီး ဦးထုပ်ရှင် အကြောင်းကို ခင်ဗျား သိသလောက် ပြောစမ်းပါဦးဗျာ' ဟု ပြောလျှင် ကျွန်တော်လည်း မောင်စံရှား ပြောသည့်အတိုင်း မှန်ဘီလူးနှင့် ဦးထုပ်ကို သေချာစွာ ကြည့်ရှုလေ၏။

ဦးထုပ်မှာ သက္ကလပ် အနက်ဖြင့် ချုပ်လုပ်ထားလျက် အတွင်းမှ ဖဲခံ၍ ထားရာ များစွာ ဟောင်းနွမ်းသော ဦးထုပ်တစ်ခု ဖြစ်လေသည်။ ဦးထုပ်မှ ခံထားသော ဖဲမှာ ပထမ၌ အနီရောင်ရှိသော်လည်း ချွေးစွန်းပေသည် ဖြစ်၍ ညစ်ပုပ်ပုပ်ရှိသော အရောင်လည်း ရှိပေ၏။ ဦးထုပ်၏ တစ်ဖက်သော အစွန်းအနား၌လည်း (T.W) ဟူ၍ ရေးသားပါရှိလေရာ ၎င်းဦးထုပ်ရှင်၏ နာမည်ကို အတိုကောက် ရေးသားထားဟန် လက္ခဏာရှိလျက် ၎င်းအမှတ်အသား၏ အောက်နား၌လည်း ဦးထုပ်ကို ဝယ်ယူသည့် ခုနစ် သက္ကရာဇ်ကို ရေးသားထားသည်ကိုလည်း တွေ့ရှိရလေသည်။ ထို့ပြင် ၎င်းဦးထုပ်မှာ မြူမှုန်တို့ဖြင့် ထူထပ်စွာ ဖုံးအုပ်လျက်ရှိရာ အချို့သော နေရာတို့၌လည်း စွန်းပေသော အစက်ငယ်များကိုလည်း တွေ့ရှိရလေသည်။

၎င်းအခြင်းအရာတို့ကို ကျွန်တော်သည် တွေ့မြင်ရသော်လည်း ဦးထုပ်ရှင်၏ အကြောင်းကို တစ်စုံတစ်ရာမျှ မစဉ်းစားတတ်အောင် ရှိနေသဖြင့် မောင်စံရှားအား ဦးထုပ်ကို ပြန်ပေးပြီးလျှင်

'ကျွန်တော်ဖြင့် ဦးထုပ်ကို ကြည့်လို့ ထူးထူးခြားခြား ဘာမှ မမြင်ပါဘူးဗျာ။ ခင်ဗျား မြင်တာ တစ်ဆိတ်လောက် ပြောစမ်းပါဦး' ဟု ပြောရာ မောင်စံရှားက

'ဘာပြုလို့ မမြင်သလဲဗျာ့၊ ခင်ဗျားလည်း မြင်မှာပဲ။ သို့သော် ခင်ဗျားတို့ကတော့ မြင်တဲ့ အချက်များအရ စဉ်းစားဆင်ခြင်ဖို့ကလေး လိုနေတာပဲ။ မရှက်ပါနဲ့ဗျာ။ လွဲရင်လည်း လွဲတာပေါ့။ ဦးထုပ်ရှင် အကြောင်းကို စဉ်းစားချက် ခင်ဗျား ဘယ်လိုများ ရသလဲ ပြောသာပြောပါ'

'ကျွန်တော်ဖြင့် မစဉ်းစားတတ်ပါဘူးဗျာ။ ခင်ဗျား စဉ်းစားချက်ကိုသာ ကြားပါရစေတော့' ဟု ကျွန်တော်က ပြောလျှင် မောင်စံရှားလည်း စားပွဲပေါ်တွင် တင်ထားသောဦးထုပ်ကို လှမ်းယူ၍ စဉ်းစားဆင်ခြင်သည့် အမူအရာနှင့် အတန်ကြာ ကြည့်ရှုပြီးနောက်

'တချို့ အချက်တွေကကတော့ တယ်ပြီး မထင်ရှားလှဘူးဗျာ့။ တချို့ကဖြင့် တော်တော်ပဲ ထင်ရှားတယ်။ ကဲ ထင်ရှားသလောက် ကျုပ် ပြောရမှာဖြင့် သည်ဦးထုပ်ရှင်ဟာ တော်တော် ဉာဏ်ကောင်းတဲ့ လူတစ်ယောက်လို့ ဆိုရလိမ့်မယ်ဗျာ့။ ပြီးတော့ လွန်ခဲ့တဲ့ နှစ်နှစ်လောက်အခါက တော်တော်ပဲ ကြေးငွေပိုက်ဆံ ကြွယ်ဝဖူးတဲ့ လက္ခဏာ ရှိတယ်။ ယခုတော့ဖြင့် တော်တော်ဆင်းရဲနေတဲ့ လက္ခဏာ ရှိတယ်။ ပြီးတော့ ယခုတလော သူ့မိန်းမကလည်း သူ့ကို မေတ္တာနည်းနည်း နည်းပါးနေဟန် တူတယ်'

'ဟုတ်မှ လုပ်ပါ ဆရာကြီးရယ်။ လွန်လွန်းလှချည်ကလား' ဟု ကျွန်တော်က မယုံကြည်သည့် အမူအရာနှင့် ဖြတ်၍ပြောလျှင် မောင်စံရှားလည်း ကျွန်တော် ပြောသည်ကို အရေးမယူဘဲ

'ဒီလူဟာ များသောအားဖြင့် အိမ်တွင်းမှာ ကုပ်နေတတ်တဲ့ လူတစ်ယောက် ဖြစ်ဟန် လက္ခဏာရှိတယ်။ အမောအပန်းလည်း တယ်ကြီး မခံနိုင်ဘူး။ ဆံပင်ကလည်း ဖြူစ ပြုနေပြီ။ ပြီးတော့ သူ့ဆံပင်ကို လွန်ခဲ့တဲ့ ၂ ရက် ၃ ရက် အတွင်း ညှပ်ခဲ့တယ်။ ပြီးတော့လည်း ဆံပင်ကို ဗယ်ဆလိန် (Vaseline) နဲ့ လိမ်းတဲ့ အကျင့်ရှိတယ်။ ပြီးတော့ ဒီ့ပြင် တစ်ချက်ကလည်း သူ့အိမ်မှာ ဓာတ်မီး ရှိတဲ့ လက္ခဏာ မရှိဘူး'

'ကိုစံရှား ဒီဟာတော့ တစ်ဆိတ် လွန်လွန်းတယ် ထင်တယ်ဗျာ။ အတည်ပြောတာပဲလားဗျာ'

'အတည်မှ တကယ့် အတည် ပြောတာပါဗျာ။ ကျုပ်က ယခုလို ထုတ်ဖော်ပြီး ပြောတာတောင်မှ ဘယ့်နှယ်ကြောင့် ကျုပ် ပြောနိုင်တယ်ဆိုတာ ခင်ဗျား မတွေးမိသေးဘူးလား'

'မတွေးမိသေးပါဘူး ဆရာကြီးရယ်။ ကျုပ်ကိုယ်က ဉာဏ်ထိုင်းတဲ့ လူတစ်ယောက်မို့လားတော့ မပြောတတ်ပါဘူး။ ကျုပ်ဖြင့် နည်းနည်းမှ မရိပ်မိပါဘူး။ ကဲဗျာ၊ ဒီလူ ဉာဏ်ကောင်းတယ်ဆိုတာ ခင်ဗျား ဘယ့်နှယ် သိနိုင်သလဲ' ဟု မေးလျှင် မောင်စံရှားလည်း ဘာကိုမျှ ပြန်၍ မပြောသေးဘဲ ဦးထုပ်ကို ယူ၍ ခေါင်းတွင် ဆောင်းလိုက်ရာ ဦးထုပ်သည် ကြီးလွန်းသည်ဖြစ်၍ မောင်စံရှား၏ မျက်စိများကို ဖုံးအုပ်လျက် ရှိလေ၏။ ထိုအခါ မောင်စံရှားက

'ကဲ ကြည့်ပါလားဗျ၊ ကျုပ်က တော်တော် ခေါင်းကြီးတဲ့ လူတစ်ယောက် မဟုတ်လားဗျာ။ ဒါတောင် ကျုပ်နဲ့ ဒီဦးထုပ်က ကြီးနေတယ် မဟုတ်လား။ ဒီတော့ ဒီက ဦးထုပ်ရှင်ဟာ ခေါင်း အင်မတန်ကြီးတဲ့ လူတစ်ယောက် ဖြစ်ရမယ် မဟုတ်လားဗျာ။ ယေဘုယအားဖြင့် ခေါင်းကြီးတဲ့ လူများဟာ ဉာဏ်ကောင်းတတ်တယ် မဟုတ်လားဗျာ။ ဒါကြောင့် ကျုပ်က ဒီလူကို ဉာဏ်ကောင်းတဲ့ လူတစ်ယောက်ပဲလို့ ဆိုတယ်ဗျာ'

'နို့ ဥစ္စာပစ္စည်း ပျက်စီးတဲ့ အကြောင်းကကောဗျာ'

'ဒါကတော့လား၊ ဦးထုပ်ကို ခင်ဗျားကြည့်စမ်း၊ အင်မတန် အမျိုးကောင်းတဲ့ ဦးထုပ်ပဲဗျ။ အနည်းဆုံး ၂၅ ကျပ်လောက် မပေးဘဲ မရပေဘူး။ ပြီးတော့ သူဝယ်ခဲ့တဲ့ ခုနှစ်ကို ကြည့်ပြန်တော့ ၂ နှစ်လောက်ပဲ ရှိသေးတယ်။ ၂ နှစ်အတွင်း သည်ဦးထုပ်ဟာ သည်လောက် ဟောင်းသွားရင်ဖြင့် ဒီ့ပြင်ဦးထုပ်ကို မဆောင်းဘဲ ဒီဦးထုပ်ကိုချည်းပဲ ဆောင်းတဲ့ လက္ခဏာရှိတယ်။ ဒီတော့ ဘယ်လိုစဉ်းစားချက် ရသလဲ။ ဒီလူဟာ လွန်ခဲ့တဲ့ ၂ နှစ်လောက်က ဒီလောက် အမျိုးကောင်းတဲ့ ဦးထုပ်တစ်ခုကို ဝယ်နိုင်ပါလျက် ဒီ့နောက်ကို ဦးထုပ် ထပ်ပြီး မဝယ်နိုင်ရင် ဒီဦးထုပ်ကို ဝယ်ပြီးတဲ့နောက် ဒီလူမှာ မုချ စီးပွားဥစ္စာ ပျက်စီးလို့ပဲလို့ ကျုပ် ဆိုတယ်ဗျာ'

'အင်း ဒါတော့ ဟုတ်စရာ ရှိတယ်ဗျို့၊ ပြီးတော့ အမောအပန်း မခံနိုင်ဘူး၊ အိမ်ထဲမှာ ကုပ်ပြီး နေတတ်တယ် ဆိုတဲ့ အကြောင်းတွေကကောဗျာ'

'ဒါက ဒီလိုဗျာ့။ ဦးထုပ်မှာ ကြည့်စမ်း မြူမှုန်တွေ အမြောက်အမြား ရှိတယ် မဟုတ်လား။ ဒီမြူမှုန်မျိုးဟာ လမ်းမှာတင်တဲ့ မြူမှုန်မျိုး မဟုတ်ဘူးဗျ။ ဒီဟာမျိုးက အိမ်ထဲမှာ တင်တဲ့ မြူမှုန်မျိုး။ နုလည်း နုတယ်၊ ခပ်ညိုညိုလည်း နေတယ်။ ဒါကြောင့် ဒီလူဟာ အပြင်ကို တယ်ပြီး အသွားအလာ မရှိဘဲ အိမ်တွင်းမှာသာ ကုပ်ပြီးနေတယ်လို့ ကျုပ်ပြောတယ်။ အိမ်မှာနေတဲ့အခါလည်း ဦးထုပ်ကို ချိတ်ပြီး ထားတတ်တယ်။ ဒါကြောင့် မြူမှုန်တွေ တင်နေတာ တွေ့ရတယ် မဟုတ်လားဗျာ။ ပြီးတော့ အမောအပန်း မခံနိုင်တဲ့ အကြောင်းကတော့ သူ့ဦးထုပ် အတွင်းခံ ဖဲစမှာကြည့်စမ်း။ ချွေးတွေ စွန်းနေတယ် မဟုတ်လား။ တစ်ခါတလေမှ အပြင်ထွက်တဲ့လူဟာ ဦးထုပ်မှာ ဒီလောက်ချွေးစွန်းတာ အမောမခံနိုင်လို့ မဟုတ်ဘူးလားဗျာ'

'ဟုတ်ပါပြီ ဆိုပါတော့ဗျာ။ မိန်းမက ခုတလော မေတ္တာနည်းပါးတဲ့ အကြောင်းကကောဗျာ၊ ခင်ဗျား ဘယ့်နှယ် သိနိုင်မလဲ၊ မတော်တဆ လူပျို ဖြစ်ချင် ဖြစ်မယ် မဟုတ်လားဗျာ'

'ဝမ်းဘဲခြေထောက်မှာ တွေ့တဲ့စာနဲ့ သူ့ဦးထုပ်မှာ တွေ့တဲ့ အတိုကောက် နာမည်နဲ့ လိုက်ကြည့်ပါလားဗျ၊ သည်ဝမ်းဘဲဟာ သူ့မိန်းမကို သူလက်ဆောင်ထိုးဖို့ ဝယ်လာတဲ့ ဝမ်းဘဲ မုချပဲဗျ။ ပြီးတော့ ဦးထုပ်မှာ မြူမှုန်တွေ သည်လောက် တင်ပြီးနေတာတောင် ဖြီးမပေးဘဲ နေနိုင်တဲ့ မိန်းမဟာ လင်ကို အကြင်အနာ နည်းပါးတဲ့ မိန်းမတစ်ယောက် မဟုတ်ဘူးလားဗျာ'

'အင်း ဟုတ်ပါပေတယ်ဗျာ။ နို့ ဆံပင် နည်းနည်း ဖြူတဲ့ အကြောင်းကကောဗျာ'

'ကိုသိန်းမောင်၊ ခင်ဗျား မှန်ဘီလူးနဲ့ကြည့်တာ ဘယ်နေရာများ သွားပြီး ကြည့်နေသလဲ။ ဒါလောက်မှ မမြင်ဘူးလားဗျာ။ ဦးထုပ်အတွင်းခံမှာ ကြည့်စမ်း၊ ဆံပင်မွေးကလေးတွေ ကပ်ပြီးနေတယ် မဟုတ်လား။ တချို့က ဖြူနေတယ်၊ တချို့ကတော့ နက်နေတယ်။ ဆံပင်မွေးတွေကလည်း ကျွတ်ပြီးကပ်နေတာ မဟုတ်ဘူးဗျ။ တိတိရိရိ ပြတ်ပြီး နေတာတွေ့လို့ မကြာသေးခင်က ဆံပင်ညှပ်ခဲ့တယ်လို့ ကျုပ် ဆိုတယ်။ ပြီးတော့ သည်ဆံပင်မွေးတွေ ဘာပြုလို့ ကပ်နေသလဲ။ ဗယ်ဆလိန် လိမ်းထားလို့ ကပ်နေတာပေါ့ဗျာ။ နမ်းလည်း ကြည့်ပါလား၊ အနံ့ရတယ် မဟုတ်ဘူးလား။ အဲဒါကြောင့်ပေါ့ဗျာ'

'တယ်စေ့စပ်တဲ့ လူပါပေပဲဗျာ။ ဟုတ်ပါပေတယ်၊ နို့ အိမ်မှာ ဓာတ်မီး မရှိတဲ့ အကြောင်းကကောဗျာ၊ ပြောစမ်းပါဦး'

'ဒီအကြောင်းကတော့ ဦးထုပ်မှာ အစွန်းအစက် ကလေးတွေ မြင်တယ် မဟုတ်လား။ အဲဒါ ဘာအစက်တွေလဲဗျ။ သေသေချာချာ ကြည့်စမ်းပါ။ ဖယောင်းစက် မဟုတ်လား။ ဒီဟာက အချိန်မတော် အချိန်တော် အိမ်ပြန်လာတဲ့အခါ ဦးထုပ်ကို ပိုက်ပြီး လက်က ဖယောင်းတိုင်နဲ့ အိမ်ပေါ်တက်လာလို့ စွန်းတဲ့ ဖယောင်းစက်ပဲဗျာ့။ ဒါကြောင့် ကျုပ်က သူ့အိမ်မှာ ဓာတ်မီး မရှိဘူးလို့ ကျုပ် ဆိုတယ်'

'အင်း ဟုတ်လောက်စရာ ရှိပါရဲ့ဗျာ၊ စဉ်းစားပုံကတော့ဖြင့် တယ်ပြီး နေရာကျပါပေတယ်။ သို့သော် သည်အကြောင်းက အမှုလည်း မဟုတ်၊ ဘာလည်း မဟုတ်တော့ ဒီဦးထုပ်ကို ခင်ဗျားကြည့်ရတာ ဘာအကျိုးရှိပါသလဲဗျာ။ အလကား ပင်ပန်းတာပေါ့' ဟု ပြော၍ စကားမဆုံးမီ ကိုလှရင်သည် အရေးကြီးသည့် အမူအရာနှင့် ပျာယီးပျာယာ အခန်းတွင်းသို့ ဝင်လာလေ၏။

ကိုလှရင်လည်း မောကြီးပန်းကြီးနှင့် ကုလားထိုင်ပေါ်တွင် ထိုင်ပြီးလျှင် စကားမပြောသေးဘဲ ရှိနေရာ မောင်စံရှားက

'ဘာလဲ ကိုလှရင်ရဲ့ အလန့်တကြား ပြေးလာလိုက်တာ၊ ဘာဖြစ်လာလို့လဲ' လို့ မေးလျှင် ကိုလှရင်က

'ဘာဖြစ်ရမလဲဗျာ ခုတင်က ဝမ်းဘဲကြောင့်ပေါ့'

'အလို၊ ဝမ်းဘဲ ဘာဖြစ်သလဲ။ ဝမ်းဘဲက ပြန်ရှင်ပြီး ထွက်ပြေးပြီလား' ဟု ပြောလျက် မောင်စံရှားသည် စိတ်အားကြီးသော အမူအရာနှင့် မောင်လှရင်အား ကြည့်လျက်ရှိရာ မောင်လှရင်လည်း အိတ်တွင်းမှ တစ်စုံတစ်ရာကို ထုတ်ယူ၍

'ဒီမှာ ကြည့်ပါဦး ကိုစံရှားရယ်၊ ဝမ်းဘဲစလုတ်ထဲက ကျုပ်မိန်းမ ဟောဒါကလေးတစ်ခု တွေ့တယ်' ဟု ပြော၍ ၎င်းအရာဝတ္ထုကို မောင်စံရှားအား ပေးလိုက်ရာ ကျွန်တော်လည်း သေချာစွာ ကြည့်ရှုသဖြင့် အလွန်တရာ အရည်ကောင်းလှသော 'မြ' တစ်လုံးကို တွေ့မြင်ရလေ၏။

ထိုအခါ မောင်စံရှားလည်း အံ့ဩသော မျက်နှာထားနှင့် ၎င်းမြကို သေချာစွာ ကြည့်ရှုပြီးလျှင်

'အောင်မယ် ကိုသိန်းမောင်။ ဒီမြက ကျုပ်တို့ တစ်နေ့က ပြောကြတဲ့ မြပေါ့ဗျာ' ဟု ကျွန်တော့်အား ပြောသဖြင့် ကျွန်တော်က

'ပုဇွန်တောင်က ပွဲကတော် မနှင်းညွန့် ပျောက်သွားတယ်ဆိုတဲ့ မြလားဗျာ'

'အစစ်ပေါ့ဗျာ။ သည်မြပဲ။ ဒီမြအကြောင်း သတင်းစာထဲမှာ ကျုပ် သေသေချာချာ ဖတ်ထားလို့ မြင်တာနဲ့ပဲ သိပါတယ်။ သတင်းစာထဲမှာ ဒီမြကို တွေ့တဲ့သူ ဆုငွေ ၁၀၀၀ ကျပ် ပေးမယ်လို့ ကြော်ငြာထားတယ်ဗျ။ အင်မတန် အရည်ကောင်းတဲ့ မြကလေးဗျို့၊ သူ့တန်ဖိုးဟာ ဆုငွေရဲ့ ၁၀ ဆလောက် ကမယ် မထင်ဘူး' ဟု ပြောသဖြင့် မောင်လှရင်က

'ဆုငွေ ၁၀၀၀ ကျပ်တောင် ပေးမယ်တဲ့လားဗျ။ ကျုပ်တော့ ကော်တာပဲဗျို့၊ ဘယ်မှာလဲဗျာ၊ ခင်ဗျား သတင်းစာ ကြည့်စမ်းရအောင်' ဟု ပြောလျှင် မောင်စံရှားလည်း လွန်ခဲ့သည့်နေ့က ထုတ်ဝေသော သတင်းစာတစ်စောင်ကို ယူ၍ ဆိုင်ရာ စာမျက်နှာကို လှန်ပြီးနောက် 'ဟောဒီမှာ ဖတ်စမ်းဗျာ' ဟု ပြော၍ မောင်လှရင်အား ပေးလိုက်ရာ မောင်လှရင်လည်း အောက်ပါအတိုင်း ဖတ်ပြလေ၏။

'မြတစ်လုံး ပျောက်ဆုံးခြင်းအကြောင်း'

လွန်ခဲ့သော ဒီဇင်ဘာလည ၂၈ ရက်နေ့တွင် ရန်ကုန်မြို့၊ ပုဇွန်တောင်ရပ်နေ ပွဲကတော် မနှင်းညွန့်၏ အိမ်မှ အဖိုး မြောက်မြားစွာ ထိုက်တန်သော မြတစ်လုံး ပျောက်ဆုံး၍ သွားကြောင်း၊ ပျောက်ဆုံးသည့်နေ့၌ အဗ္ဗဒူ ဆိုသော ကုလားတစ်ယောက်သည် မနှင်းညွန့်၏အိမ်၌ ဓာတ်မီးများ လာရောက်ပြင်ဆင်ကြောင်း၊ ပြင်ဆင်သည့်အခါ ၎င်းအိမ်၌ နေထိုင်သူ အစေခံ မောင်ဆောင်းက ပျက်စီးနေသော ဓာတ်မီးများကို ထုတ်၍ပြပြီးလျှင် ကိစ္စတစ်ခုနှင့် အိမ်အောက်သို့ ဆင်းသွားသည် ဆိုကြောင်း၊ ၎င်းနောက် မောင်ဆောင်းပြန်လာသည့်အခါ အဗ္ဗဒူဆိုသူ ကုလားကို မတွေ့ဘဲ မနှင်းညွန့်၏ သံသေတ္တာ ပွင့်နေသည်ကို တွေ့ရသည်ဆိုကြောင်း။ ထိုအခါ မောင်ဆောင်းသည် အကျိုးအကြောင်းကို ပွဲကတော်အား ပြောသည့်အခါ သံသေတ္တာတွင် ထားသော ပစ္စည်းများအနက် မြတစ်လုံး ပျောက်ဆုံးကြောင်းကို သိရှိရလေကြောင်း။ ၎င်းအကြောင်းကို ဆိုင်ရာသို့ တိုင်တန်းသည့်အခါ ပုလိပ်တို့က အဗ္ဗဒူဆိုသူ ကုလားကို မသင်္ကာသဖြင့် ဖမ်းဆီးစစ်ဆေးလျက် ရှိကြောင်း။

(၎င်းမြကို တွေ့ရှိသူကိုဖြစ်စေ၊ တွေ့ရှိအောင် သတင်းပေးနိုင်သူကို ဖြစ်စေ ပွဲကတော် မနှင်းညွန့်က ဆုငွေ ၁၀၀၀ ကျပ် ထုတ်ပေးမည် ဖြစ်ကြောင်း။)

၎င်းသတင်းစာကို မောင်လှရင်က ဖတ်ပြလျှင် မောင်စံရှားလည်း တွေးတော ဆင်ခြင်လျက်ရှိသော အမူအရာနှင့်

'အဟမ်း၊ ကဲ ကိုလှရင် သတင်းစာက ထွက်ဆိုချက် အသာထားစမ်းပါဦး။ ကျုပ်တို့ အခု စဉ်းစားဖို့ အရေးကြီးနေတာက ဘာလဲဆိုတော့ ပွဲကတော် မနှင်းညွန့်၏ သံသေတ္တာထဲက မြဟာ ခင်ဗျား ဝမ်းဘဲ ဗိုက်ထဲကို ဘယ်နည်းနဲ့ ရောက်လာတယ်ဆိုတာ ကျုပ်တို့ စဉ်းစားကြဖို့ အရေးကြီးတယ်။ ကဲ ဘယ့်နှယ်လဲ ကိုသိန်းမောင်၊ ခင်ဗျားက ခုတင်က သည်ဦးထုပ်ကြည့်လို့ အကျိုးမရှိဘူးဆို။ ဟောဒီမှာ ဦးထုပ် အရေးကြီးလို့ အကြောင်းတစ်ခု ပေါ်လာပြီဗျာ။ ဟောဒီမြဟာ ဘယ်က ရသလဲ၊ ဝမ်းဘဲ စလုတ်ထဲက ရတယ်။ ဝမ်းဘဲဟာ ဘယ်ကလာသလဲ။ သည်ဦးထုပ်ရှင် မစ္စတာ သောမတ်စ် ဝီလဆင်ဆီက လာတယ်။ ကဲ၊ ဒီတော့ ကျုပ်တို့ ယခု ဒီလူကို တွေ့အောင် စုံစမ်းပြီး သည်မြနဲ့ သူနဲ့ ဘယ့်နှယ် သက်ဆိုင်တယ်ဆိုတာ ကျုပ်တို့ စုံစမ်းရလိမ့်မယ်။ ဒီတော့ သည်လူကိုတွေ့အောင် ကျုပ်တို့ ဘယ့်နှယ် လုပ်ရမလဲဆိုတော့ အလွယ်ဆုံးနည်းမှာဖြင့်  သတင်းစာတွေထဲ ထည့်ပြီး ကြော်ငြာဖို့ ရှိတာပဲ။ ဒီနည်းနဲ့ သူ့ကို မတွေ့တော့မှ ဒီ့ပြင်နည်းနဲ့ သူ့ကို တွေ့အောင် ကျုပ် ရှာမယ်'

'သတင်းစာထဲမှာ ဘယ်လို ကြော်ငြာမလဲဗျ'

'ကျုပ် ပြပါမယ်ဗျာ။ ခဲတံနဲ့ စက္ကူပေးစမ်းပါ' ဟု ပြောသဖြင့် ကျွန်တော်လည်း ၎င်းတို့ကို ယူ၍ပေးရာ မောင်စံရှားလည်း အောက်ပါ ကြော်ငြာကလေးကို ရေးလေ၏။

"တနင်္ဂနွေနေ့ နေ့ခင်းအချိန်တွင် ဖရေဇာလမ်း၌ ဝမ်းဘဲတစ်ကောင်နှင့် ဦးထုပ်နက်တစ်လုံး ကောက်ရသည်။ ၎င်းတို့ကို ပိုင်ဆိုင်သူ မစ္စတာ သောမတ်စ်ဝီလဆင်သည် လမ်း ၄၀၊ တိုက်နံပါတ် ၅၈ အလယ်ထပ်သို့ မည်သည့် အချိန်အခါမဆို လာရောက် ယူငင်နိုင်သည်"

မောင်စံရှားလည်း ၎င်းစာရွက်ကို ရေး၍ ဖတ်ပြလျှင် ကျွန်တော်က

'ခင်ဗျား ကြော်ငြာတာတော့ ဟုတ်ပါပြီဗျာ။ သည်ကြော်ငြာကို ဥစ္စာရှင်က မြင်မှ မြင်မှာကိုးဗျာ့'

'သူ မမြင်လည်း သူ့မိတ်ဆွေထဲက မြင်ရင် သူ့နာမည်ကြီးနဲ့မို့ သူ့ကို အမှန် ပြောပြကြမှာပေါ့ဗျာ၊ ကဲ ကိုလှရင်၊ သည်ကြော်ငြာ ခင်ဗျားကိုယ်တိုင် ယူပြီး အင်္ဂလိပ် သတင်းစာတိုက်တွေမှာ စေ့အောင်လိုက်ပြီး ထည့်ပေးတော့ဗျာ'

'အင်္ဂလိပ် သတင်းစာတိုက်တွေ အကုန်ထည့်ရမလား'

'အကုန်သာထည့်ဗျာ။ တစ်ခုမမြင် တစ်ခု မြင်လိမ့်မယ်ပေါ့၊ ဟောဒီမှာ ကြော်ငြာခ။ ခင်ဗျား မြတော့ နေပါစေဦး။ ကျုပ် ခဏ ယူထားဦးမယ်။ ဪ တစ်ခု ရှိသေးတယ်ဗျို့။ အပြန်တော့ ဝမ်းဘဲတစ်ကောင် ခင်ဗျား ဝယ်ခဲ့ဗျာ။ ဟိုလူလာရင် သူ့ဝမ်းဘဲ ခင်ဗျား စားလိုက်တဲ့အတွက် အစားပေးမှ ကောင်းမယ်' ဟု ပြော၍ ငွေနှင့်တကွ ပေးလိုက်လျှင် မောင်လှရင်လည်း စေခိုင်းသည့်အတိုင်း ဆောင်ရွက်ရန် အိမ်ပေါ်မှ ဆင်းသွားလေ၏။

မောင်လှရင် ထွက်သွားလျှင် မောင်စံရှားလည်း မြကို လက်ဝါးပေါ်တွင်တင်၍ ကြည့်ရှုရင်း ပြောဆိုသည်မှာ

'ဪ လူများ ဘာမဟုတ်တာလေးအတွက် အသက်ဘေးကိုလည်း မကြောက်မလန့်၊ ထောင်ထဲကျမှာကိုလည်း မစိုးရိမ်နိုင်။ ကြည့်ပါဦး ကိုသိန်းမောင်ရယ်။ ဒီမြကလေးကြည့်တော့ ဘာမျှ အချိန်မစီးဘူး မဟုတ်လား။ သို့သော်လည်း သူ့အတွက်နဲ့ အသက် ဘယ်နှသက် သေပြီး တစ်ကျွန်း ဘယ်နှယောက် ရောက်ပြီဆိုတာ ခင်ဗျား တွေးနိုင်မယ် ထင်သလား။ ကဲ ကဲ ဒီဟာတွေ တွေးတောနေလို့ မကုန်နိုင်ပါဘူးဗျာ။ ဒီတော့ ဒီဟာကို သေတ္တာထဲ ထည့်သိမ်းပြီး ပွဲကတော် မနှင်းညွန့်ဆီ တွေ့ရှိတဲ့အကြောင်း စာကလေး ရေးဦးမှပဲ'

'နို့ နေပါဦးဗျာ။ အခု အချုပ်ခံနေရတဲ့ အဗ္ဗဒူဆိုတဲ့ ကုလားဟာ မြခိုးမှုနဲ့ သက်ဆိုင်တယ် ထင်သလား'

'ဒီဟာတော့ ကျုပ် အခု အမှန် မပြောနိုင်သေးဘူး'

'နို့ ဝီလဆင် ဆိုတဲ့ ဘိုကပြားဟာကောဗျာ။ ဒီအမှု သက်ဆိုင်တယ် ထင်သလား'

'ကျုပ်အထင် ပြောရမှာဖြင့် သည်ဘိုကပြားဟာ သူ့ဝမ်းဘဲ စလုတ်ထဲမှာ ဒီမြ ပါတဲ့အကြောင်း သိတဲ့ လက္ခဏာ မရှိဘူး။ သို့သော် ကျုပ် ကြော်ငြာအရ သူ လာလို့ရှိရင်ဖြင့် တစ်ခွန်း နှစ်ခွန်းလောက် ကျုပ် တီးခေါက်ကြည့်လိုက်ရင် အသေအချာ သိရပါလိမ့်မယ်'

'ဒါဖြင့် ဒီအတွင်း ခင်ဗျား ဘာမှ မတတ်နိုင်သေးဘူးပေါ့လေ'

'ခုဖြင့် ဘာမှ မတတ်နိုင်သေးဘူး'

'ကဲ ဒါဖြင့် ကျုပ် သွားလည်ချေဦးမယ်ဗျာ။ ခင်ဗျား ကြော်ငြာကလည်း နက်ဖြန်မှ ထွက်မှာ ဖြစ်တော့ နက်ဖြန်လောက်မှပဲ သူ့ကို မျှော်လင့်ဖို့ရှိတယ် မဟုတ်လား'

'ဟုတ်တယ်'

နံနက် အလုပ်သွားချိန်ရောက်လျှင် ကျွန်တော်သည် အင်္ဂလိပ် သတင်းစာများတွင် မောင်စံရှား၏ ကြော်ငြာကို ဖတ်လျက် ကျွန်တော်အလုပ်မသွားမီ ထိုသူ လာပါစေဟု ဆုတောင်းပါသော်လည်း ဆုတောင်းမပြည့်သဖြင့် အချိန်တန်လျှင် အလုပ်တိုက်သို့ ထွက်သွားရလေ၏။

၎င်းနေ့ ညနေ ကျွန်တော်သည် အလုပ်တိုက်မှ ပြန်လာ၍ တိုက်ပေါ်သို့ တက်လာသည့်အခါ ကျွန်တော်တို့၏ အခန်းဝ၌ ဘိုကပြား တစ်ယောက်သည် တံခါးကို ခေါက်လျက်ရှိသည်ကို တွေ့မြင်ရသဖြင့် ကျွန်တော်တို့ မျှော်လင့်နေသောသူပင် ဖြစ်သည်ဟု ဝမ်းသာအားရနှင့် တက်လာရာ မောင်စံရှားလည်း အခန်းတွင်းမှ 'ဝင်ခဲ့လေ' ဟု ခေါ်လိုက်သည်ဖြစ်၍ ထိုသူသည် အခန်းတွင်းသို့ ဝင်သွားသဖြင့် ကျွန်တော်လည်း နောက်မှ ကပ်၍ ဝင်သွားလေ၏။

အခန်းတွင်းသို့ ရောက်လျှင် မောင်စံရှားလည်း ထိုင်ရာမှထ၍

'မစ္စတာ သောမတ်စ် ဝီလဆင် မှတ်တယ်။ ထိုင်ပါဗျာ၊ ထိုင်ပါ၊ အလို ကိုသိန်းမောင်လည်း ပြန်လာပြီ၊ အခန့်သင့်လိုက်တာဗျာ၊ ကဲ လာ လာ'

ဘိုကပြားလည်း ကုလားထိုင်၌ ထိုင်မိလျှင် မောင်စံရှားက ယမန်နေ့က ဦးထုပ်ကို မြှောက်လျက်

'ဒီဟာ ခင်ဗျားဦးထုပ်ပဲလား'

'ဟုတ်ပါတယ်ဗျာ' ဟု ပြောရာ ကျွန်တော်လည်း ထိုသူ၏ အရပ်မြင့်မြင့်၊ ဦးခေါင်းကြီးကြီး၊ နဖူးကျယ်ကျယ် ရှိလျက် ကုတ်အင်္ကျီကို အသီးစေ့အောင် တပ်လျက်ရှိရာ အတွင်းမှလည်း ရှပ်အင်္ကျီ ပါရှိဟန် မရှိပေ။ ထိုသူမှာ အင်္ဂလိပ်ဘာသာဖြင့် ပြောဆိုသည်ဖြစ်ရာ စကားအသုံးအနှုန်းမှာလည်း သာမည ဘိုကပြားတို့ ပြောဆိုပုံနှင့် များစွာ ခြားနားလျက် စာသံပါပါနှင့် စကားများ ရွေးချယ် ပြောဆိုလေ့ ရှိကုန်၏။ ထိုသူ၏ လက်တို့မှာလည်း အနည်းငယ် တုန်လျက်ရှိရာ ထိုသူမှာ စာတတ်ပေတတ် ဖြစ်လျက် အရက်ဖျက်သောကြောင့် ဆင်းရဲဒုက္ခနှင့် တွေ့ကြုံနေရသော ဘိုကပြားတစ်ယောက် ဖြစ်ကြောင်း ကောင်းစွာ ထင်ရှား လှပေ၏။

ထိုအခါ မောင်စံရှားက

'ခင်ဗျား ပစ္စည်းတွေ ကျွန်တော်တို့ ယခုလောက်ကြာအောင် သိမ်းထားရတဲ့ အကြောင်းက ခင်ဗျားက ပျောက်ဆုံးတဲ့အကြောင်း သတင်းစာထဲမှာ ထည့်ပြီး ကြော်ငြာမလားလို့ ကျွန်တော်တို့ စောင့်ဆိုင်းပြီး နေခဲ့ပါတယ်။ ဘယ့်နှယ်ကြောင့် သတင်းစာမှာ မကြော်ငြာပါသလဲ ခင်ဗျာ'

'သတင်းစာမှာ ကြော်ငြာလို့ အခမဲ့ ကြော်ငြာရတာ မဟုတ်ပါဘူးဗျာ။ သူတို့ ပေးရမယ့် ကြော်ငြာခနဲ့ ကျုပ် ပစ္စည်းတန်ဖိုးနဲ့ မမျှအောင် ရှိနေပါတယ်။  ပြီးတော့ ငွေများကလည်း အရင်ကလို ဖောဖောသီသီ မရှိတော့ ကြော်ငြာခ ပေးဖို့ကိုပဲ အပုံကြီး ခဲယဉ်းပါတယ်ဗျာ'

'ဪ ဒါနဲ့ ပြောရဦးမယ်၊ ခင်ဗျားဝမ်းဘဲတော့ ကျွန်တော်တို့ စားပစ်လိုက်ကြပြီဗျာ' ဟု ပြောလျှင် ဘိုကပြားလည်း မျက်နှာပျက်လျက်

'စားလိုက်ရင်လည်း ပြီးတာပေါ့ဗျာ' ဟု ပြော၍ ထိုင်ရမှ ထမည်ကဲ့သို့ ပြုလေလျှင် မောင်စံရှားက

'ခင်ဗျား ဝမ်းဘဲကို ကျွန်တော်တို့ စားလိုက်ပေမဲ့ ကျွန်တော်တို့က ဝမ်းဘဲတစ်ကောင် အစားဝယ်ထားပါတယ်ဗျာ။ ဟောဟိုက ဝမ်းဘဲဟာ ခင်ဗျားဖို့ပါပဲ' ဟု ပြောလျှင် ဘိုကပြားလည်း ဝမ်းသာသော မျက်နှာထားနှင့်

'ဒါဖြင့်လည်း ကောင်းပါလေရဲ့ဗျာ' ဟု ပြောရာ မောင်စံရှားက

'ခင်ဗျားဝမ်းဘဲက အမွေးတို့၊ ခြေထောက်တို့၊ စလုတ်တို့တော့ ကျွန်တော် သိမ်းထားပါတယ်။ ဒီဟာတွေ ခင်ဗျား လိုချင်သေးရင်ဖြင့်...'

'ဟာ ဘာလုပ်ဖို့လဲဗျ။ ဒီဟာတွေ ကျုပ် အလိုမရှိပါဘူး။ ကျုပ် ဝမ်းဘဲအစား ဝမ်းဘဲတစ်ကောင် ရရင် တော်ပါပြီ' ဟု ရယ်မောလျက် ပြောလျှင် မောင်စံရှားလည်း ကျွန်တော့်အား တစ်ချက် လှမ်း၍ ကြည့်ပြီးလျှင် ဦးခေါင်းကို ယမ်း၍ ပြလေ၏။ ၎င်းနောက် မောင်စံရှားက

'ကဲဗျာ၊ ဒါဖြင့် ဟောဒီမှာ ခင်ဗျား ဦးထုပ်နဲ့ ဝမ်းဘဲ။ ဪ ဒါနဲ့ တစ်ခု မေးပါရစေဦးဗျာ။ ခင်ဗျားဝမ်းဘဲ ဘယ်ကဝယ်သလဲဗျို့၊ အင်မတန်ထူးတဲ့ ဝမ်းဘဲဗျ။ စားလို့ကောင်းလိုက်တာ၊ နောက် ခင်ဗျားဝယ်တဲ့ဆိုင်က ဝယ်ရအောင် တစ်ဆိတ်လောက် ဆိုင်ကလေး ပြောစမ်းဗျာ'

'ပြောတာပေါ့ဗျာ၊ မခဲယဉ်းပါဘူး။ သိမ်ကြီးဈေး သိတယ် မဟုတ်လား။ အဲ သိမ်ကြီးဈေး အနောက်ဘက်က ကပ်ရက်လမ်းကို ဓာတ်ရထားလမ်းကနေပြီး ဝင်သွားတော့ လက်ဦးတွေ့တဲ့ တရုတ် ဆန်ပြုတ်ဆိုင်ပဲဗျာ့၊ ကျုပ်ဖြင့် သည်ဆိုင်ကချည်းပဲ ဝယ်တယ်။ အင်မတန် ကောင်းတယ်' ဟု ပြောလျှင် မောင်စံရှားလည်း များစွာ ကျေးဇူးတင်ကြောင်းနှင့် ပြောဆိုပြီးနောက် ထိုသူလည်း ကျွန်တော်တို့အား နှုတ်ဆက်၍ တိုက်ပေါ်မှ ဆင်းသွားလေ၏။

ထိုသူ ထွက်သွားလျှင် မောင်စံရှားက

'ကဲ မစ္စတာ သောမတ်စ်ဝီလဆင် အကြောင်း သည်တွင် တစ်ခန်းရပ်လိုက်ကြဦးစို့။ ဒီမြအကြောင်းကို သူ ဘာမှ သိတဲ့ လက္ခဏာ မရှိဘူး။ ဒါနဲ့ ကိုသိန်းမောင် ခင်ဗျား ထမင်းဆာပြီလားဗျို့'

'မဆာလှသေးပါဘူးဗျာ'

'ဒါဖြင့် ဒီအမှုကလေး ဆက်ပြီး စုံထောက်လိုက်ရအောင်။ ခင်ဗျား လိုက်နိုင်ပါဦးမလား'

'လိုက်နိုင်ပြီလား ဆရာရယ်။ အမှုအကြောင်းနဲ့ဆိုရင် ထမင်းလုံးလုံး မစားရတောင် ကိစ္စမရှိပါဘူး၊ လိုက်ပါမယ်'

ကျွန်တော်တို့လည်း တိုက်ပေါ်မှ ဆင်းလာကြ၍ သိမ်ကြီးဈေးသို့ ရောက်လာကြရာ ထိုသူ ညွှန်ပြသော လမ်းသို့ရောက်လျှင် ဝင်ရောက်ရှာဖွေကြရာ ညွှန်ကြားခဲ့သည့်အတိုင်း တရုတ်ဆန်ပြုတ်ဆိုင်သို့ ရောက်ကြလေ၏။ မောင်စံရှားလည်း ဆိုင်တွင်းသို့ ဝင်ပြီးလျှင် ဆန်ပြုတ် နှစ်ခွက်ကို မှာယူပြီးနောက်

'ပေါက်ဖော်၊ ဆန်ပြုတ် ကောင်းကောင်း ပြင်ပေးနော်၊ ဝမ်းဘဲသား များများ ထည့်ပါ၊ ပေါက်ဖော်ဆိုင်က ဝမ်းဘဲ အင်မတန် ကောင်းတယ်'

'ကျုပ်ဆိုင်က ဝမ်းဘဲ ခင်ဗျား ဘယ်တုန်းက ဝယ်ဖူးသလဲ'

'မနေ့က ကျုပ်သူငယ်ချင်း ဘိုကပြားတစ်ယောက် ပေါက်ဖော်ဆိုင်က ဝမ်းဘဲတစ်ကောင် ဝယ်ခဲ့တယ်။ အင်မတန်ဝတယ် ပေါက်ဖော်'

'ဪ သိပြီ သိပြီ။ ကျုပ် ဖောက်သည်ကြီးပဲ။ ခဏ ခဏ လာတယ်။ ကျုပ်ဆိုင်က ဝမ်းဘဲ ပိန်ပိန် မရှိဘူး။ အသားများတယ်။ ကောင်းကောင်းရှိတယ်'

'ပေါက်ဖော် ဝမ်းဘဲ မွေးသလား'

'မမွေးပါဘူး၊ ကျုပ်အစ်ကို မွေးတယ်'

'မနေ့က ဘိုဝယ်သွားတဲ့ ဝမ်းဘဲ၊ ပေါက်ဖော်အစ်ကိုဆီကလား'

'ဟုတ်တယ်'

'ပေါက်ဖော် အစ်ကို ဘယ်မှာ နေသလဲ'

'ကမာရွတ်မှာ နေတယ်'

'နာမည်ကော'

'ဘာလို့ သိချင်သလဲဗျ'

'ကျုပ်က ဝမ်းဘဲ မွေးချင်လို့ပါ ပေါက်ဖော်၊ သူ့ဆီမှာ ဝမ်းဘဲအရှင် ၁၀ ကောင်လောက် ဝယ်ချင်တယ်'

'ဪ ကောင်းတယ်။ ကျုပ်အစ်ကို နာမည်က အရှိန်တဲ့။ ဘူတာရုံ အရှေ့ဘက်က'

ကျွန်တော်တို့လည်း ဆန်ပြုတ်ကို အဆာပြေ စားသောက်ကြပြီးလျှင် ဆိုင်တွင်းမှ ထွက်လာကြရာ မောင်စံရှားက

'ကဲ ကိုသိန်းမောင်၊ ကမာရွတ် သွားလိုက်ကြဦးစို့။ ဘယ့်နှယ်လဲဗျာ ကိုသိန်းမောင်ရဲ့။ အမှုက အစကတော့ အရေးမကြီးဘူး လိုလိုနဲ့ ယခုတော့ အရေးကြီးလာပြီဗျာ။ အဗ္ဗဒူဆိုတဲ့ ကုလားမှာ အပြစ်မရှိကြောင်း ကျုပ်တို့က ထင်ရှားအောင် မပြနိုင်လို့ရှိရင် ခမျာမှာ အနည်းဆုံး ထောင် ၃ နှစ်တော့ အပြစ်ခံရရှာတော့မယ်။ သို့သော်လည်း ကျုပ်တို့က သေသေချာချာ စုံထောက်တော့မှ သူ့မှာ အပြစ်သာပြီး ထင်ရှားလာမလားတော့ မပြောတတ်ဘူး။ သို့သော် ထိုက်ရင် ခံရပေစေလေ။ မခံထိုက်ဘဲနဲ့ ခံရမယ်ဆိုလျှင် အင်မတန် သနားစရာကောင်းတယ်။ ကဲ သည်တော့ ကျုပ်တို့ကို ဘယ်သူကမှ မငှားပေမဲ့ တစ်ဖက်သားမှာ အပြစ်မခံထိုက်လျှင် မခံရအောင် စုံထောက်လက်စနဲ့ စုံထောက်လိုက်ကြစို့ဗျာ။ ကဲ လာ ခပ်သုတ်သုတ် လျှောက်ပါ။ ၅ နာရီ ၄၅ မိနစ် ရထားကို မီပါသေးတယ်'

ထိုသို့ ပြောဆိုရင်း ကျွန်တော်တို့သည် ဘုရားလမ်း ဘူတာသို့ လျှောက်သွားကြပြီးလျှင် လော်ကယ်ရထားနှင့် ကမာရွတ်သို့ လိုက်ပါသွားကြလေ၏။ ကမာရွတ်ဘူတာသို့ ရောက်လျှင် ကျွန်တော်တို့သည် အရှိန်၏ခြံကို မေးမြန်းရှာဖွေတွေ့ရှိသဖြင့် ခြံတွင်းသို့ ဝင်သွားကြရာ အရှိန်ဆိုသူ ဝမ်းဘဲမွေးသမားနှင့် အခန့်သင့် တွေ့ရှိကြလေ၏။

အရှိန်ဆိုသူ ပေါက်ဖော်မှာ ဆန်ပြုတ်ရောင်းသူ မိမိ၏ ညီကဲ့သို့ စကားများစွာ ပြောတတ်သော သူတစ်ယောက် မဟုတ် ဖြစ်လေရာ ကျွန်တော်တို့သည် ခြံတွင်းသို့ ဝင်မိကြလျှင် မသင်္ကာသော မျက်နှာထားနှင့် ကြည့်လျက် ရှိလေ၏။ ထိုအခါ မောင်စံရှားလည်း ထိုသူ၏ မျက်နှာထားကို ပမာဏ မပြုဘဲ ချိုသာသော မျက်နှာဖြင့်

'ပေါက်ဖော် ဝမ်းဘဲ ရောင်းစရာရှိရင် ၁၀ ကောင်လောက် လိုချင်တယ် ပေါက်ဖော်'

'အခု တစ်ကောင်မှ မရှိဘူး၊ မနက်ဖြန် လိုချင်ရင် ပေးနိုင်တယ်'

'ဒါဖြင့် တယ်ခွကျပါကလား'

'ဟိုဘက်က ခြံမှာ သွားဝယ်၊ ကျုပ်မှာ မရှိဘူး'

'ကျုပ်က ပေါက်ဖော်အိမ်က ဝမ်းဘဲမှ လိုချင်တယ်။ ပေါက်ဖော်အိမ်က ဝမ်းဘဲ အင်မတန်ကောင်းတယ် ပြောတယ်'

'ဘယ်သူ ပြောသလဲ'

'သိမ်ကြီးဈေးနားက ဆန်ပြုတ်ရောင်းတဲ့ ပေါက်ဖော်ညီက ပြောတယ်'

'ဪ ဟုတ်တယ်။ ကျုပ်ဆီက သူဝယ်တယ်'

'မနေ့က သူ့ဆီက ဝမ်းဘဲတစ်ကောင် ကျုပ် ဝယ်တယ်။ တယ်ကောင်းတယ် ပေါက်ဖော်။ ခင်ဗျားခြံက မွေးသလား၊ တခြားက ဝယ်သလား' ဟု မောင်စံရှားက မေးလျှင် တရုတ်လည်း မည်သည့်အကြောင်းကြောင့်မသိ ပြင်းစွာ အမျက်ထွက်သည့် အမူအရာနှင့်

'တယ် ခင်ဗျားတို့ ရှုပ်တယ်ဗျာ။ ဘာလို့ ကျုပ်ကို ခဏ ခဏ လာပြီး မေးကြသလဲ။ စွား ကျုပ် မစိဘူး'

'မဟုတ်ပါဘူး ပေါက်ဖော်။ ဒီဝမ်းဘဲ ပေါက်ဖော် မွေးသလား၊ တခြားက ဝယ်သလား မေးတာနဲ့ ဘာပြုလို့ ဒီလောက် စိတ်တိုရသလဲ ပေါက်ဖော်'

'စွား စွား၊ ကျုပ် မမေးနဲ့၊ မပြောချင်ဘူး'

'မပြောချင်လည်း ကိစ္စမရှိပါဘူး ပေါက်ဖော်။ သည်ဟာမေးတာနဲ့ သည်လောက် စိတ်ဆိုးစရာ မရှိပါဘူး'

'စိတ်ဆိုးတယ်၊ စိတ်ဆိုးတယ်။ ဘာဖြစ်သလဲ စိတ်ဆိုးတယ်။ အခု တစ်ယောက်လာမေး၊ အခု နှစ်ယောက်လာမေး။ ဘာလုပ် ခဏခဏ မေးသလဲ မပြောဘူး။ စွား'

'သူများမေးတာ ကျုပ် မသိပါဘူး ပေါက်ဖော်။ သည်ဝမ်းဘဲဟာ စက်နဲ့ဖောက်တယ်။ ကြက်မနဲ့ ဖောက်တယ်။ ကျုပ်က သူငယ်ချင်းတစ်ယောက်နဲ့ ငွေ ၁၀ ကျပ် လောင်းထားလို့ မေးတာပါ။ ကျုပ်က ကြက်မနဲ့ ဖောက်တယ်လို့ လောင်းထားမိပါတယ်။ ဒါကြောင့် မေးတာပဲ'

'ဒါဖြင့် ခင်ဗျား ငွေ ၁၀ ကျပ် ရှုံးပြီ'

'ဘာပြုလို့လဲ ပေါက်ဖော်'

'စက်နဲ့ဖောက်တဲ့ ဝမ်းဘဲ'

'မညာပါနဲ့ ပေါက်ဖော်၊ ကျုပ် သိပါတယ်၊ စက်နဲ့ ဖောက်တဲ့ ဝမ်းဘဲဟာ သည်လောက် ဘယ်တော့မှ မဝပါဘူး။ ပေါက်ဖော်က လောင်းချင်ရင် ကျုပ် ငွေ ၅ ကျပ် ထပ်ပြီး လောင်းဦးမယ်'

'ကောင်းပြီ၊ လောင်းမယ်။ ကျုပ်မိန်းမကို ခေါ်မေးမယ်။ မနေ့က ရောင်းလိုက်တဲ့ ဝမ်းဘဲဟာ ဟိုဘက်ခြံက ဝမ်းဘဲ။ ကျုပ်ခြံက ဝမ်းဘဲ ကုန်နေလို့ ဟိုဘက်ခြံက ဝယ်ပြီး ပေးလိုက်ရတယ်။ ကျုပ်ခြံက ကြက်နဲ့ ဖောက်တယ်၊ သူတို့ခြံက စက်နဲ့ဖောက်တယ်'

'ကောင်းပြီ၊ ခင်ဗျားမိန်းမ ခေါ်မေးချင်မေး။ မနေ့က ဝမ်းဘဲဟာ ဟိုဘက်ခြံက ဝမ်းဘဲဆိုရင် ကျုပ် အရှုံးပေးမယ်' ဟု ပြောသဖြင့် တရုတ်လည်း အိမ်တွင်း၌ရှိသော သူ၏ မယားကို လှမ်း၍ခေါ်လိုက်ရာ မြန်မာမိန်းမ တစ်ယောက်လည်း အိမ်ပြင်သို့ ထွက်လာလေ၏။

၎င်းမိန်းမ ထွက်လာလျှင် ကျွန်တော်လည်း မြန်မာမိန်းမများမှာ ဝမ်းဘဲမွေးသူ တရုတ်လူမျိုး တစ်ယောက်ကိုပင် လင်အဖြစ်နှင့် ပေါင်းသင်းနေထိုင်ရသည်ကို မြင်သဖြင့် ဝမ်းနည်းလျက် ရှိလေသည်။ မောင်စံရှားက

'ကဲဗျာ၊ ခင်ဗျားပဲ ပြောပါတော့၊ မနေ့က ရန်ကုန်က ခင်ဗျားမတ် ဆန်ပြုတ်သည် ပေါက်ဖော်ကို ရောင်းလိုက်တဲ့ ဝမ်းဘဲဟာ ဒီခြံက ဝမ်းဘဲလား။ ဟိုခြံက ဝမ်းဘဲလား ပြောစမ်းဗျာ'

'ကျွန်မတို့မှာ ဝမ်းဘဲ ကုန်နေတာနဲ့ ဟိုဘက်ခြံက ဝယ်ပြီး ပေးလိုက်ရပါတယ်ရှင်'

'စက်ဖောက်လား၊ ကြက်ဖောက်လား'

'သူတို့က ကြက်မမွေးဘူး။ စက်နဲ့ဖောက်တယ်' ဟု မိန်းမက ပြောလျှင် ယောက်ျားတရုတ်က

'ကဲ ဘယ့်နှယ်လဲ၊ ခင်ဗျား ရှုံးပြီ မဟုတ်လား။ ပေး ငွေ ၅ ကျပ်' ဟု ပြောလျှင် မောင်စံရှားမှာ မိမိ လောင်းမိသည့်အတွက် စိတ်ပျက်သည့် အမူအရာနှင့် ငွေ ၅ ကျပ်ကို ထုတ်ပေးပြီးလျှင် အပြင်သို့ ထွက်လာကြလေ၏။ အပြင်သို့ ရောက်လျှင် မောင်စံရှားက ရယ်မောလျက်

'ပေါက်ဖော်ဆိုတဲ့ လူမျိုးဟာ တယ်ခက်တယ်ဗျာ့။ လောင်းကြေးကလေး မပါဘဲနဲ့ သည်အတိုင်း မေးရင်ဖြင့် ခင်ဗျား သိချင်တဲ့ အကြောင်းကို ဘယ်တော့မှ မပြောဘူး။ ငွေကလေး ၅ ကျပ် လောင်းလိုက်တော့မှ သိချင်တဲ့အကြောင်း အကုန်သိရတာပဲ။ ကဲ ဟိုဘက်ခြံ...'

ဟု ပြောဆဲတွင် လူတစ်ယောက်သည် ကျွန်တော်တို့အနီးမှ ကပ်၍ ဝမ်းဘဲရောင်းသော တရုတ်ခြံထဲသို့ ပျာယီးပျာယာ ဝင်သွားသည်ကို တွေ့မြင်ရလေ၏။

ထိုအခါ မောင်စံရှားလည်း ကျွန်တော့်အား လက်တို့၍ ဝင်းပြင်မှ စောင့်ဆိုင်းနေရာ ခဏမျှကြာလျှင် ယခင်က တရုတ်က အော်ဟစ်ကာ စကားပြောဆိုနေသည်ကို ကြားရလေ၏။

တရုတ်သံ။ ။ 'ဟေ့ မင်းဝမ်းဘဲ ငါ မသိဘူး၊ ရောင်းလိုက်ပြီဆိုရင် ပြီးရော။ ဘာလို့ ခဏခဏ မေးသလဲ။ စွား ငါမစိဘူး'

မြန်မာသံ။ ။ 'မဟုတ်ပါဘူး၊ ပေါက်ဖော် ကျုပ် ဝမ်းဘဲတစ်ကောင် ပါသွားလို့ပါ။ ဘယ်ရောင်းလိုက်သလဲ'

တရုတ်သံ။ ။ 'ဟေ့ကောင်၊ ခွေးနဲ့ ရှူးတိုက်ရမလား။ မင်းဆီက ငါမဝယ်ဘူး။ မင်းအစ်မဆီက ငါ ဝယ်တယ်။ မင်း အစ်မ ခေါ်ခဲ့ရင် ငါ ပြောမယ်။ မင်းကို ငါ မပြောဘူး။ စွား'

'အစ်မကြီးက လွှတ်လိုက်လို့ပါ ပေါက်ဖော်ရယ်'

'တယ် စကားများတဲ့အကောင်၊ ခွေးနဲ့ ရှူးတိုက်မယ်' ဟု ပြော၍ အသံစဲလေလျှင် ယခင်က ဝင်သွားသောသူလည်း ဝင်းပေါက်မှ ထွက်၍ ကျွန်တော်တို့အနီးသို့ ပြေးလာလေ၏။ ထိုအခါ မောင်စံရှားက ကျွန်တော့်အား

'ကဲ ကိုသိန်းမောင်၊ ဟိုဘက်ခြံတောင် သွားဖို့ မလိုဘူးထင်တယ်' ဟု ပြော၍ ထွက်လာသူ၏ လက်ကို လက်ဖြင့်တို့ပြီးလျှင် 'ဟေ့ ဆရာ' ဟု တီးတိုးခေါ်လိုက်ရာ ထိုသူလည်း ထိတ်လန့်သော အမူအရာနှင့် ရုတ်တရက် လှည့်ကြည့်၍

'ဘာလဲဗျ၊ လန့်လိုက်တာ၊ ဘာကိစ္စလဲ' ဟု မေးသောအခါ မောင်စံရှားလည်း ထိုသူအား အကြောက်ပြေစေရန် ချိုသာသော အသံဖြင့်

'ကိစ္စမကြီးလှပါဘူး မောင်ရယ်။ ခုတင်က ပေါက်ဖော်ကြီးကို မောင် မေးနေတဲ့စကား ကျုပ် ကြားလို့ မောင်သိလိုတဲ့ အချက်ကို ကျုပ် သိတဲ့အတွက် ပြောချင်လို့ပါပဲ'

'ခင်ဗျား ဘယ်သူလဲ၊ ကျုပ်သိချင်တဲ့ အချက်ကို ခင်ဗျား သိနိုင်ရအောင် ခင်ဗျားက ဘယ်သူမို့လဲ'

'ကျုပ်နာမည်က မောင်စံရှားပါတဲ့။ ကျုပ်က သူများမသိတဲ့ အကြောင်းအရာများ တော်တော်သိတဲ့ လူတစ်ယောက်ပါပဲ'

'ဒီ့ပြင်အကြောင်း သိပေမဲ့ ခင်ဗျား ဒီအကြောင်းတော့ သိမှာ မဟုတ်ပါဘူးဗျာ'

'သိပါတယ် မောင်ရယ်၊ ကျုပ် အကုန်သိပါတယ်။ မောင်သိလိုတဲ့ အချက်က ဟိုဘက်ခြံရှင်က ဒီပေါက်ဖော်ဆီ မနေ့က ရောင်းလိုက်တဲ့ ဝမ်းဘဲများအကြောင်း မောင်သိချင်တယ် မဟုတ်လား။ ဒီဝမ်းဘဲတွေဟာ သည်တရုတ်၏ညီ သိမ်ကြီးဈေးနားက ဆန်ပြုတ်သည် တရုတ်ဆီ ရောင်းလိုက်တယ်။ ဆန်ပြုတ်သည်ဆီက ဘိုကပြား တစ်ယောက်က ဝမ်းဘဲတစ်ကောင် ဝယ်သွားတယ်။ ဒီအကြောင်း မောင် သိချင်တယ် မဟုတ်လား'

'ဟုတ်ပြီဗျို့၊ ဟုတ်ပြီ။ ဒီ့ပြင်ကော ခင်ဗျား၊ ဘာများ သိသေးသလဲ'

'ဒီ့ပြင် သိတဲ့အကြောင်းတော့ ဖြည်းဖြည်းဆေးဆေးမှ ပြောတာပေါ့ မောင်ရယ်။ မောင့်နာမည် ဘယ်သူတဲ့လဲ'

'ကျွန်တော့်နာမည် မောင်သက်တဲ့'

'ဒီနာမည် မေးတာ မဟုတ်ပါဘူးလေ။ နာမည်အစစ်ကို မေးတာပါ။ မလိမ်ပါနဲ့' ဟု မောင်စံရှားက ပြောလျှင် ထိုသူလည်း ရုတ်တရက် မျက်နှာပျက်သွားပြီးနောက်

'ကျွန်တော့်နာမည် မောင်ဆောင်းပါတဲ့ဗျာ'

'ထင်လိုက်သားပဲ။ ပွဲကတော် ဒေါ်နှင်းညွန့်အိမ်မှာ အလုပ်လုပ်တယ် မဟုတ်လား။ ကဲ မောင် လာ။ အေးအေးဆေးဆေး စကားပြောရအောင် ကျုပ်အိမ် လိုက်ခဲ့ပါဦး။ ရထားလည်း အချိန်နီးပါပြီ' ဟု ပြောလျှင် ထိုသူငယ်လည်း ကျွန်တော်တို့ နှစ်ယောက်အား မသင်္ကာသည့် မျက်နှာထားနှင့် ခေတ္တမျှ ကြည့်ပြီးနောက် မယုံ့တယုံနှင့် ဘူတာရုံသို့ လိုက်လာလေ၏။

ရထားဆိုက်၍ ရထားပေါ်သို့ တက်မိကြလျှင် ကျွန်တော်လည်း ထိုသူငယ်အား အကဲခတ်လျက် ထိုသူငယ်မှာ အသက် ၂၀ ကျော် အရွယ်ခန့်ရှိ၍ မျက်နှာထားမှာလည်း ပြင်းထန်စွာ တုန်လှုပ်သော အမူအရာနှင့် ထောင့်တွင်ကုပ်ကာ ထိုင်လျက် ရှိလေ၏။ ထိုသူငယ်၏ စိတ်၌ကား မိမိသည်ထီပင် ပေါက်လေသလော၊ သို့မဟုတ် စက်တိုင်ကိုပင် တက်ရချေမည်လောဟု ဝမ်းသာရမည် ဝမ်းနည်းရမည် မသိသဖြင့် များစွာ တုန်လှုပ်လျက် ရှိလေ၏။

ရထားဆိုက်လျှင် ကျွန်တော်တို့လည်း မြင်းရထားနှင့် ပြန်လာကြ၍ အိမ်ပေါ်သို့ တက်ကြလေရာ မောင်စံရှားလည်း

'ကဲ မောင်၊ ထိုင်ပါ ထိုင်ပါ။ မောင်က အရှိန် ရောင်းလိုက်တဲ့ ဝမ်းဘဲများအကြောင်း သိချင်တယ် မဟုတ်လား'

'ဟုတ်ပါတယ် ခင်ဗျာ'

'အရှိန် ရောင်းလိုက်တဲ့ ဝမ်းဘဲများအနက် တစ်ကောင်သော ဝမ်းဘဲအကြောင်းကို အထူးသဖြင့် မောင် သိချင်တယ် မဟုတ်လား။ တစ်ကိုယ်လုံးဖြူပြီး အမြီးက နက်နေတဲ့ ဝမ်းဘဲဟာလေ' ဟု ပြောလျှင် မောင်ဆောင်းလည်း အလွန်တရာ တုန်လှုပ်သော မျက်နှာဖြင့်

'အစစ်ပါပဲ ခင်ဗျာ။ ဒီဝမ်းဘဲ ပါပဲ။ ဘယ်သူ ဝယ်သွားသလဲ၊ တစ်ဆိတ် ပြောပါခင်ဗျာ'

'ကျုပ် ဝယ်လာခဲ့တယ်'

'ဆရာ ဝယ်ခဲ့တယ်'

'ဟုတ်တယ်၊ အင်မတန် ထူးဆန်းတဲ့ ဝမ်းဘဲကလေးပဲ မောင်ရယ်။ သေပြီးတဲ့နောက်မှ ဥကလေးတစ်ဥ ဥသွားတယ်။ အင်မတန် လှတဲ့ ဥကလေးပဲ။ သည်ဥကလေး ကျုပ်သိမ်းထားတယ်။ နေဦး ကျုပ် ပြမယ်' ဟု ပြော၍ ထသွားလျှင် မောင်ဆောင်းမှာ အလွန်အမင်း ပြင်းထန်စွာ တုန်လှုပ်လှသည် ဖြစ်၍ ဆိတ်ငြိမ်စွာ ထိုင်၍ မနေနိုင်ဘဲ ကုလားထိုင်မှ ထပြီးလျှင် စားပွဲကို ကိုင်ကာ ရပ်လျက် ရှိနေလေ၏။

မောင်စံရှားလည်း သံသေတ္တာကို ဖွင့်ပြီးလျှင် မြကို ယူ၍ မြှောက်ကာ ပြလျှင် မောင်ဆောင်းမှာ ၎င်းမြသည် မိမိ၏ မြဖြစ်သည် ပြောရမည်လော၊ သို့မဟုတ် မသိကြောင်းနှင့် ကွယ်ရမည်လောဟု မဝေခွဲနိုင်အောင် ရှိလျက် ချွေးတလုံးလုံးနှင့် ရှိနေလေလျှင် မောင်စံရှားလည်း ငြိမ်သက်သော အသံဖြင့်

'ကဲ မောင်ဆောင်း၊ ကွယ်မယ်လို့ မကြံနဲ့တော့ကွာ။ ငါ အကုန် သိပြီးပြီကွဲ့။ ဟေ့ သူငယ် လဲပါမယ်။ မတ်မတ်ရပ်ပါ။ တယ် ကြောက်တတ်တဲ့ သူငယ်ကိုးကွဲ့။ လုပ်တော့ လုပ်ဝံ့တယ်၊ မိတော့ တယ်ကြောက်တတ်ပါကလား' ဟု ပြောလျှင် မောင်ဆောင်းမှာ ဆီးကင်းခန့်မျှသော ချွေးပေါက်ကြီးတို့သည် နဖူးမှ ယိုစီးလျက် မောင်စံရှားအား မျက်လုံးမျက်ဆန်ပြူးလျက် ကြည့်နေလေ၏။

ထိုအခါ မောင်စံရှားက

'သည်အကြောင်း ငါ အကုန်သိပါတယ်ကွယ်။ သို့သော်လည်း မင်းကို မေးချင်တဲ့ အချက်ကလေး တစ်ချက်နှစ်ချက်တော့ ရှိတယ်။ ပြောချင်လည်း ပြောတာပေါ့။ ပွဲကတော် မနှင်းညွန့်မှာ ဒီမြရှိတယ် ဆိုတာ မင်းသိတယ် မဟုတ်လား'

'ခိုင်းတဲ့ ကောင်မကလေး သန်းမေ ပြောလို့ ကျွန်တော်သိရပါတယ်'

'အင်း မင်းက တော်တော်ဉာဏ်သွားတဲ့ လူကလေးပဲ။ အဗ္ဗဒူ ဆိုတဲ့ ကုလားက အိမ်မှာ ဓာတ်မီးပြင်လာတော့ သည်အကောင် ခိုးတယ် ထင်အောင် မင်းတို့က သည်အကောင် ပြန်သွားသွားချင်း သေတ္တာဖွင့်၊ ဖွင့်ပြီး မြကိုယူ၊ ယူပြီးမှ သေတ္တာပွင့်နေတာ တွေ့တယ်လို့ မင်းတို့ပဲ အလန့်တကြား အော်တာကိုးကွဲ့။ တော်တော် အကောက်ကြံတဲ့ လူကလေးပဲကွဲ့နော်။ ပြီးတော့...' ဟု ပြော၍ စကားမဆုံးမီ မောင်ဆောင်းလည်း ကုလားထိုင်ပေါ်တွင် ထိုင်နေရာမှ မောင်စံရှား အနီးသို့ လာပြီးလျှင် ကြမ်းပေါ်တွင် ဒူးထောက်လျက်

'ချမ်းသာ ပေးတော်မူပါ။ ကျွန်တော့်အစ်ကိုကြီး ခင်ဗျာ။ ကျွန်တော့်မှာ အဖေအိုကြီးနဲ့ အမေအိုကြီးကို လုပ်ကျွေးနေရပါတယ်။ သူတို့ ဆင်းရဲတာကို မကြည့်နိုင်တဲ့အတွက် ကြံမိကြံရာ ကျွန်တော် ကြံမိပါတယ် ခင်ဗျာ။ ကျွန်တော် ထောင်တန်းကျတယ်ဆိုရင် ကျွန်တော့်အဖေများအမေများ ရင်ကွဲနာနဲ့ သေကြပါလိမ့်မယ် ခင်ဗျာ။ ကျွန်တော်လည်း အငယ်ကလေး ရှိပါသေးတယ်။ နောင်ကိုလည်း မတော်မတရား မကြံစည်ပါဘူး။ ရှေ့ကိုလည်း ဒီလိုဟာမျိုး မကြံစည်ပါဘူး။ ကျွန်တော် သစ္စာရေ သောက်ပါမယ် ခင်ဗျာ။ ကျွန်တော့်ကို ဂတ်တဲ မပို့ပါနဲ့။ ချမ်းသာပေးတော်မူပါ ခင်ဗျာ'

'အင်း၊ မိတော့မှ မင်းက ကြောက်တတ်တဲ့ လူကိုးကွဲ့။ ဟိုခမျာမှာ ခိုးလည်း မခိုးရဘဲနဲ့ အချုပ်ခံပြီး နေရှာရတာများတော့ မင်း မသနားဘူးပေါ့လေ'

'ကျွန်တော့်ကို ချမ်းသာပေးရင် ကျွန်တော် ထွက်ပြေးပါမယ် ခင်ဗျာ။ ကျွန်တော် မရှိခဲ့လို့ရှိရင် အဗ္ဗဒူ အမှုဟာ သက်သေ မလုံလောက်တဲ့အတွက် စွဲချက် တင်နိုင်မယ် မဟုတ်ပါဘူး ခင်ဗျာ'

'အေး၊ အေး၊ သည်အကြောင်း နောက်တော့ ပြောတာပေါ့။ ကဲ ကဲ သည်မြဟာ ဝမ်းဘဲ စလုတ်ထဲ ဘယ့်နှယ်ရောက်တယ်။ ဝမ်းဘဲဟာ ရောင်းလိုက်တဲ့အထဲ ဘာကြောင့်ပါသွားတယ် ဆိုတဲ့အကြောင်း မှန်မှန်ပြောစမ်းကွယ်။ မှန်မှန်ပြောလို့ရှိရင် ငါ ချမ်းသာပေးချင် ပေးလိမ့်မယ်' ဟု ပြောလျှင် မောင်ဆောင်းလည်း ကြောက်အားကြီးသဖြင့် ခြောက်သွေ့လျက်ရှိသော နှုတ်ခမ်းများကို လျှာဖြင့် လျက်ပြီးနောက်

'မှန်မှန်ပြောပါတော့မယ် ခင်ဗျာ။ ဒီလိုပါ ခင်ဗျာ၊ အဗ္ဗဒူဆိုတဲ့ ကုလားကို ဖမ်းဆီးပြီးတဲ့နောက် ကျွန်တော့်လက်မှာ ဒီမြထားရင် ပုလိပ်က မတော်လို့ ကျွန်တော့်များ လာရှာရင် ခက်ချေရဲ့လို့ အောက်မေ့ပြီး မြကို ဝှက်ထားဖို့ ကျွန်တော် ကြံစည်ပါတယ် ခင်ဗျာ။ ဒီမြကို အိမ်ထဲမှာ ဝှက်ထားဖို့ရာလည်း ဘယ်နေရာမှ ကျွန်တော်ဖြင့် လုံခြုံတယ် မထင်ဘူး၊ ဒါနဲ့ ကိစ္စတစ်ခု အကြောင်းပြပြီး ပွဲကတော်ဆီက ထွက်လာ၊ ကမာရွတ်မှာ ကျွန်တော့် အစ်မတစ်ယောက် ရှိတာနဲ့ အစ်မအိမ်သွားတာကိုး ခင်ဗျာ့။ အစ်မကလည်း ဝမ်းဘဲမွေးတဲ့ တရုတ်တစ်ယောက်နဲ့ အကြောင်းပါနေတယ်။ ဆရာတို့နဲ့ တွေ့တဲ့ခြံရဲ့ ဟိုဘက်က ခြံပါပဲ။ ဒါနဲ့ အစ်မအိမ်ရောက်တော့ အစ်မက မင့်ကြည့်ရတာ ပျာယီးပျာယာနဲ့ ဘာများဖြစ်လာသလဲတဲ့၊ ဒီတော့ ကျွန်တော်က ပွဲကတော်အိမ်မှာ သူခိုး ခိုးတာနဲ့ စိတ်မကောင်းလို့ပါ အစ်မရယ်လို့ ပြောရတာပေါ့ ခင်ဗျာ။ ဒါနဲ့ ကျွန်တော်လည်း အိမ်နောက်ဖေး ထွက်သွားပြီး မြကို ဘယ်နေရာမှာ ဝှက်ထားရမလဲလို့ အကြံယူနေတာကိုး ခင်ဗျ။ ဒီလို စဉ်းစားနေတုန်း ဖြုန်းခနဲဆို အင်းစိန်မှာ စားပွဲထိုး လုပ်နေတဲ့ သူငယ်ချင်းတစ်ယောက် သွားပြီး သတိရ။ ဒီသူငယ်ချင်းကလည်း တော်တော်ယုံကြည်ရတဲ့ သူငယ်ချင်းကိုး ခင်ဗျာ့။ ဒါနဲ့ သူ့ဆီသွားပြီး အပ်ထားရရင်ဖြင့် လုံစရာရှိရဲ့လို့ အောက်မေ့ပြီး သွားမယ်လုပ်တော့ ဒီမြကြီး အိတ်ထဲမှာထည့်ပြီး သူ့ဆီသွားလို့ လမ်းမှာ မတော် ပုလိပ်က ဖမ်းပြီး ရှာမှဖြင့် တွေ့တော့မှာပဲလို့ သွားပြီး စိုးရိမ်မိတာကိုး ခင်ဗျာ့။ သည်တော့ ဘယ့်နှယ်လုပ်ပြီး ယူရပါမလဲလို့ စဉ်းစားနေတုန်း ဝမ်းဘဲတွေ မြင်မိတာကိုး ခင်ဗျာ့။ ဝမ်းဘဲတွေ မြင်တော့ အကြံတစ်ခု ပေါ်လာတယ်။ ကျွန်တော့်အစ်မက ကျွန်တော့်ကို ဝမ်းဘဲတစ်ကောင် ပေးမယ်လို့ တစ်ခါတုန်းက ပြောဖူးတယ်။ ဒီတော့ ဒီဝမ်းဘဲထဲမှာ မြကို ထည့်ပြီး ဝှက်ယူသွားရရင်ဖြင့် ပုလိပ်က ဖမ်းပြီးရှာသည့်တိုင်အောင် အဝတ်တွင်းမှာသာ ရှာမယ်။ ဝမ်းဘဲကိုဖျက်ပြီး ရှာမယ် မဟုတ်ဘူးလို့ အကြံဖြစ်တာကိုး ခင်ဗျာ့။ ဒါနဲ့ အမွေးဖြူ အမြီးနက်နဲ့ ဝမ်းဘဲတစ်ကောင် အသာဖမ်း၊ ဖမ်းပြီး မြကို ပါးစပ်ကနေပြီး ထည့်လိုက်၊ ထည့်လိုက်တော့ ဝမ်းဘဲက မျိုချလိုက်တာ စလုတ်ထဲ ရောက်သွားပါရော့ ခင်ဗျာ။ ဒီလိုထည့်နေတုန်း ဝမ်းဘဲက ရုန်းတာနဲ့ ကျွန်တော့်အစ်မက ထွက်လာပြီး 'ဟေ့ မောင်ဆောင်း ဘာလုပ်နေသလဲတဲ့' မေးတော့ ကျွန်တော်က လန့်ပြီး ဝမ်းဘဲကို လွှတ်ပစ်လိုက်တာကိုး ခင်ဗျာ့။ ဒီတော့ အစ်မက ထပ်ပြီး 'ဟေ့ မောင်ဆောင်း ဝမ်းဘဲဖမ်းပြီး မင်း ဘာလုပ်နေသလဲဟဲ့' မေးတော့ ကျွန်တော်က 'တစ်နေ့က ကျွန်တော့်ကို ဝမ်းဘဲတစ်ကောင် ပေးမယ်လို့ အစ်မ ပြောဖူးတာနဲ့ ဘယ်ဝမ်းဘဲ ဝသလဲလို့ ဖမ်းပြီး လက်ထဲမှာ ဆကြည့်နေပါတယ် အစ်မရယ်' လို့ ပြောတာကိုခင်ဗျာ့။ ဒီတော့ အစ်မက 'အို ဒီဟာတွေ မကောင်းဘူး၊ မင်းဖို့ ဝမ်းဘဲတစ်ကောင် အထူးရွေးပြီး ဝအောင် ကျွေးထားတယ်၊ ဟောဟိုက ခေါင်းစိမ်းစိမ်းနဲ့ အကောင်ကြီးပဲ' လို့ ပြောပြီး ပြတော့ ကျွန်တော်က ကျွန်တော့်ဝမ်းဘဲ မဟုတ်တာနဲ့ ဒီအကောင် မလိုချင်ဘူး၊ အမြီးနက်နဲ့ ဝမ်းဘဲကို ကျွန်တော် လိုချင်တယ်၊ ဝမ်းဘဲအုပ်ထဲမှာ အလယ်ကောင်ကနေတဲ့ ဝမ်းဘဲပါပဲ' လို့ ပြတာကိုး ခင်ဗျာ့။ ဒီတော့ အစ်မက 'ဒါတော့ မင့်သဘောပေါ့ကွယ်၊ တစ်ကောင်ဆို တစ်ကောင်တော့ ပေးမှာပဲ။ မင်းလိုချင်တဲ့ အကောင်ကိုသာ ရွေးယူသွားပေတော့' လို့ ပြောတာကိုးခင်ဗျာ့။ ဒါနဲ့ ကျွန်တော်က အမြီးနက်နဲ့ ဝမ်းဘဲကို ရွေးဖမ်းပြီး အင်းစိန်က သူငယ်ချင်းဆီ ယူသွားတာကိုး ခင်ဗျာ့။ သူငယ်ချင်းဆီရောက်တော့ အကျိုးအကြောင်း ပြောပြီး ဝမ်းဘဲကို ဖျက်ကြတာကိုး ခင်ဗျာ့။ ဖျက်ပြီး စလုတ်ထဲ ကြည့်လိုက်ပါတော့ မြ ပါမလာဘူး ခင်ဗျာ။ ဒါနဲ့ ဝမ်းဘဲကို ပစ်ချထားခဲ့ပြီး အစ်မအိမ် တစ်ခါပြန်ပြီး သွားပြန်တာကိုး ခင်ဗျာ့။ အိမ်ရောက်တော့ ဝမ်းဘဲဆို တစ်ကောင်မှ မရှိပါဘူး ခင်ဗျာ။ ဒီတော့ ကျွန်တော်က ဝမ်းဘဲတွေ ဘယ်ရောက်ကုန်ပြီလဲ မေးတော့ အစ်မက ရောင်းလိုက်ကုန်ပြီတဲ့။ ဘယ်ရောင်းလိုက်သလဲ ဆိုတော့ ဟိုဘက်ခြံက တရုတ်ကို ရောင်းလိုက်တယ်တဲ့။ တရုတ်ကလည်း ရန်ကုန်ပို့ကုန်တာ မြင်လိုက်တယ်တဲ့။ ဒီတော့ ကျွန်တော်က အစ်မ ဝမ်းဘဲတွေထဲမှာ အမွေးဖြူ အမြီးနက်နဲ့ ဝမ်းဘဲ ဘယ်နှကောင် ရှိသလဲ မေးတော့ နှစ်ကောင် ရှိတယ်တဲ့။ တစ်ကောင်နဲ့တစ်ကောင် တူလွန်းလို့ သူတို့တောင် ခွဲလို့ မရဘူးတဲ့ ပြောတာကိုး ခင်ဗျာ့။ သည်တော့ ဧကန္တ ဝမ်းဘဲ မှားနေပြီရယ်လို့ ဟိုဘက်ခြံက ပေါက်ဖော် သွားပြီးမေး၊ မေးတော့ အဖက်လုပ်ပြီး စကားမပြောပါဘူး ခင်ဗျာ။ ဒီကနေ့ည ကျွန်တော် မေးတော့လည်း ဆရာတို့ ကြားတဲ့အတိုင်းပဲ။ ဘာမှ မေးလို့ မရပါဘူး ခင်ဗျာ။ ကျွန်တော့်အစ်မကဖြင့် ကျွန်တော့်ကို ရူးများ လာသလားလို့ ထင်ရှာတယ်။ ကျွန်တော့်ကိုယ်လည်း ကျွန်တော် ရူးပြီလို့တောင် ထင်မိပါရဲ့ ခင်ဗျာ။ ကဲ ခင်ဗျာ ဒါပါပဲ။ သူများမှာတော့ ခိုးမှု ဖြစ်တယ်ဆိုရင် တဆိတ်တပေါက် သုံးစွဲပြီးမှ ထောင်တန်းကျရ၊ ကျွန်တော့်မှာတော့ တစ်ပြားတစ်ချပ်မှလည်း မသုံးစွဲရဘဲနဲ့ သက်သက်မယ့် ထောင်ကျ ခံရတော့မှာပါ ခင်ဗျာ။ ဒီတော့ ကျွန်တော့်ကို မသနားသည့်တိုင်အောင် ကျွန်တော့် အဖေအိုကြီးနဲ့ အမေအိုကြီးကို သနားသဖြင့် ချမ်းသာပေးတော်မူကြပါ။ နောင်တော်တို့ ခင်ဗျာ။ နောက်နောင်ကိုလည်း ဘယ်လိုပင် ဆင်းရဲသော်လည်း ရိုးရိုးသားသားနဲ့ ရှာကြံပြီး အသက်မွေးပါတော့မယ် ခင်ဗျာ' ဟု ပြော၍ ဒူးထောက်လျက်ရှိနေလျှင် မောင်စံရှားလည်း စားပွဲကို လက်ဖြင့်ခေါက်လျက် စဉ်းစားကာ နေရာမှ 'သွား' ဟု ပြောလိုက်ရာ ဒူးထောက်ရာမှ ထ၍

'ကျေးဇူးပါပဲ နောင်တော်ကြီး ခင်ဗျာ' ဟု ပြောလျှင် မောင်စံရှားလည်း

'စကားမရှည်နဲ့ကွယ်၊ သွားတော့' ဟု ပြောလျှင် ထိုသူငယ်သည် မောင်စံရှားအား ဦးချ၍ ဝမ်းသာအားရနှင့် အိမ်ပေါ်မှ ဆင်းပြေးလေ၏။

ထိုသူငယ် ဆင်းသွားလျှင် မောင်စံရှားက

'ဘယ့်နှယ်လဲ ကိုသိန်းမောင်၊ ဒီသူငယ်ကို လွှတ်ပစ်လိုက်တဲ့အတွက် ခင်ဗျားက အပြစ်တင်ချင်သလား၊ ကျုပ်တို့က ပုလိပ် မဟုတ်ဘူးဗျာ့။ ဘယ်သူ့လခမှ စားတာ မဟုတ်ဘူး။ ဒီတော့ ဒီလို  လွှတ်ပစ်သော်လည်း ကျုပ်တို့ ဝတ္တရား ပျက်ကွက်ရာ ရောက်မယ် မဟုတ်ဘူး။ ဒီ့ပြင် တစ်ကြောင်းကလည်း သည်သူငယ်ဟာ အင်မတန် ကြောက်သွားရှာပါပြီဗျာ့။ နောက်ကို သည်ဟာမျိုး ပြုဝံ့တော့မယ် မဟုတ်ရှာပါဘူးဗျာ။ တကယ်လို့သာ ထောင်ချလိုက်လို့ရှိရင် မိုက်သထက်မိုက်ပြီး ဇက်ရဲသည်ထက် ရဲသွားတော့မယ်ဗျာ့။ သည်သူငယ်မျိုး ထောင်တစ်ခါကျလိုက်ရင် နောက်ကို ထောင်ဆိုတာ အိမ်ဦးနှင့် ကြမ်းပြင် ဖြစ်သွားတော့မှာပဲဗျာ့။ ကဲ သည်တော့ ကျုပ်တို့က ပွဲကတော်ကို သင့်လျော်အောင်ပြောပြီး မြ ပြန်ပေး၊ ကိုလှရင်အတွက် ဆုငွေ ၁၀၀၀ ထုတ်ရမှာပဲ။ ကိုလှရင်က ငွေကလေး ဖောဖောသီသီ ရှိလာတာနဲ့ ဘိန်းများ ပြန်ပြီး ရှူမှာလည်း စိုးရိမ်ရသေးတယ်ဗျာ'

Copied from Sanshar Blogspot. Thanks to the blogger.

စလေ ငနော့