Tuesday, April 14, 2020

စဉ့်အိုး နှင့် ယောက္ခမ


••••••••••••••••••••••••••

နီကိုရဲ

ထိုနေ့မှာ...

နေ့လယ် မိုးရနံ့ကလေးသင်းနေပြီး ကမ်းနားလေအေးကလေး
တိုက်ခတ်နေသော လေထန်ကုန်း၏ စနေနေ့ညနေခင်းကလေး ဖြစ်လေသည်။

လေထန်ကုန်းဆိုင်ပိုင်ရှင် ကိုမျိုးသိမ်းက အပေါ်ယံအကာတွေ
ကျွတ်ကျပြုတ်ထွက်ကုန်ပြီဖြစ်သော ပဲမုန့်ပန်းကန်ထဲမှ ပဲမုန့်များကို
ရွှေထည်ကိုင်သလို ရွရွလေးကိုင်၍ မုန့်ဘီဒိုထဲသို့ ဂရုတစိုက်ပြန်ထည့်ပြီ
ဆိုလျှင်သော်လည်းကောင်း....၊ ပွဲတွေ့လျှင် ကဗျာရွတ်ရမည်ဆိုသော ကျွန်တော်တို့၏ ကဗျာဆရာက ဆရာကြီးဒဂုံတာရာ၏ ဆောင်းပါးတစ်ပုဒ်ကို ကိုးခေါက်ခန့်လောက် ချီးကျူးပြီးပြီဆိုလျှင်လည်းကောင်း၊ လေထန်ကုန်းထဲသို့ ဝင်လာသမျှလူတွေကို ဟာသလုပ်လုပ်ပစ်နေသော ကာတွန်းဆရာအုပ်စု... ငြိမ်သက်သွားပြီ ဆိုလျှင်လည်းကောင်း...၊ ဆရာမ မိုချက သူမ၏ ရှစ်လိပ်မြောက်စီးကရက်ကို
ထိုးချေချလိုက်ပြီး ပေါင်ပေါ်မှာတင်ထားသော လွယ်အိတ်ကို ကောက်လွယ်လိုက်ပြီ ဆိုလျှင်လည်းကောင်း... ၃၃-လမ်းထဲရှိ ဆိုင်မျိုးစုံမှ မှာယူစားသောက်ထားသော ပန်းကန်ခွက်ယောက်များကို သိမ်းရင်း လည်ပင်းက ရွှေကြုတ်ကို ကိုငယ်လေး တစ်လှုပ်လှုပ်လုပ်ပြီဆိုလျှင်လည်းကောင်း... ဆရာဦးရန်ပိုင် ထပြန်ပြီ ဆိုလျှင်လည်းကောင်း၊
လေထန်ကုန်းသည် နိမိတ်စုံ၍ ဤနေ့အဖို့ သက်တမ်းကုန်ပြီဖြစ်လေသည်။

သက်တမ်းကုန်သော လေထန်ကုန်းတွင် ကျင်လည်ကျက်စားကြကုန်သော ကျွန်တော်တို့ စာရေးဆရာ၊ ပန်းချီဆရာ၊ ဆောင်းပါးဆရာ၊
သတင်း၊ အတင်း၊ မီဒီယာ၊ ကွန်ပျူတာ... စသော ဆရာများမှာ နေ့တွင်ခံ၍ ညတွင်စံကြရေးအတွက် အချင်းချင်းနှုတ်ဆက်ပြီး မိမိတို့
ဘုံဗိမ္မာန်သို့ လစ်ကြပြီဖြစ်သည်။

ဒီနေ့ နေ့လယ် မိုးကြဲကလေး ကျထားသဖြင့် ညနေခင်းသည် စိတ်ထဲမှာ ချိန်ကြည့်လျှင်ပင် လေးနေသည်ဟုထင်ရသည်။ “ရာသီဥတုက ကိုယ့်ဘက်ပါတယ်...” ဆိုသော ခပ်ကြမ်းကြမ်းစကားမျိုးနှင့် သိပ်မလိုက်ဘဲ... ရည်းစားက “တွေ့မှပြောမယ်...” ဟု အချိန်းထားခံရသူလို စိတ်မျိုးနှင့် ကိုယ့်အသူရာထောင့်ကို ကိုယ်ချီတက်ကြသည်ဟု ဆိုချင်သည်။ (ထိုသို့ချီတက်ရာတွင် အထာကလေးတွေရှိကြောင်း နောင်မှ
ရေးပါဦးမည်...။)

တော်တော်များများ ထ,သွားပြီးသည်အထိ ကျွန်တော်တို့ ခုံက မထ, ဖြစ်သေးတာက ပိဋကတ်သုံးပုံ ကုသိုလ်ပြုကာတွန်းဆရာကို
ကုသိုလ်ယူလိုက် အရက်သောက်လိုက်နှင့်ဟု သွားစကား စ, မိလိုက်သည့်အခါ ကျမ်းကိုးကျမ်းကားများစွာဖြင့် အရက်သောက်ခြင်း အကုသိုလ်နှင့်
ပိဋကတ်သုံးပုံ ကုသိုလ်တို့မှာ အချင်းချင်း ရောယှက်သွားခြင်းမရှိကြောင်း၊ အကျိုးပေးတစ်ခုစီဖြစ်ကြောင်းကို ငြင်းသလို ပုံစံမျိုးနှင့် ပထမ စ၍ နောက်တရားဟောသည့်ပုံစံသို့ တဖြည်းဖြည်းပြောင်းလာလေသည်။ ကာတွန်းဆရာတို့မည်သည် ဥပမာပေး ကောင်းတတ်သည်။ ဥပမာရှာလည်း သိပ်လွယ်ကြသည်။ အခု... ကာတွန်းဆရာရှာသော
ဥပမာကို ကာတွန်းဆရာတွေက ဝိုင်းဖျက်ပြီး ပြန်ဥမာရှာနေကြတာ ဝိုင်းက တော်တော်လေးကောင်းနေသည်။ သို့သော် သိပ်မမြူးလှ။ Rum နှင့် ကြေးအိုးစွတ်ရနံ့မရသေး။ Rum နှင့် ကြက်ဥမွှေကြော်ရနံ့မပါသေး။
ထိုရနံ့များနှင့်ဆိုလျှင် ထိုစကားဝိုင်းသည် အား ချက်ချင်းထ,ကောင်းပြီး
တစ်ယောက်တစ်ခွန်း ဝိုင်းပြောရင်း ပြောစရာမရှိတော့သဖြင့် နောက်
ခေါင်းစဉ်တစ်ခုလောက် ပြောင်းသွားလောက်ပြီဖြစ်သည်။

ကိုမျိုးသိမ်းက လက်ထဲမှာ ကားစပါယ်ယာတွေကိုင်သလို ကိုင်ထားသော ပိုက်ဆံတွေကို ရေတွက်နေသည်။ ကျွန်တော်တို့ရှင်းငွေကို ကိုမျိုးသိမ်းက ကားစပါယ်ယာတွေကိုင်သလို ကိုင်ထားတာ သဘာဝ ကျပါသည်။ ကျွန်တော်တို့သည် လေထန်ကုန်းကားကြီးကိုစီး၍ စာပေ
ခရီးကိုသွားကြသည်။ မောင်းသူကလည်းသူ စီးသူတွေကလည်း ကျွန်တော်တို့ .. ။ ဒါပေမဲ့ သူ့လေထန်ကုန်းကားကြီးကလည်း ထွက်မြဲ။
ဒီဥပမာက ရိုးလွန်းသည်ဟု စာဖတ်နာသူများက ဆိုကြမည်။

ဒီလိုဆိုရင်လည်း လေထန်ကုန်းကို ကိုချောနွယ်အကြိုက် ဘားတစ်ခုလို့ ဆိုကြပါစို့။ ကိုယ့်အသင်းဝင်ကဒ်နဲ့ကိုယ် လာရတဲ့ဘား။ အမောအားကောင်းကောင်းနဲ့ စကားလုံးတွေကို ချောင်းမြောင်းလုပ်ကြံဖို့
ရောက်လာရတဲ့ဘား. . . ။ သွေးထားတဲ့ဓါးကို အားအပြည့်ထည့်ပြီး ယူလာခွင့်ရှိတဲ့ ဘား . . . ။ ညနေခင်းနဲ့တွဲကဖို့ စကားလုံးကလေးတစ်လုံး
နှစ်လုံးကို ကြေးစားခေါ်ခေါ်လာတဲ့ ဘား...။ အိမ်က ကလေးတွေနဲ့ မိန်းမကို အမေ့ခံပြီး ကိုယ်တတ်တဲ့ဘာသာစကားနဲ့ကိုယ် လူတွေအပေါ် အပျော်ကြံနေတဲ့ဘား...။ ညနေရီမှာ ငွေအားနဲ့လူအား ဘယ်အားရဲ့
ဆွဲအားဘက်ကို လဲကျသွားမလဲဆိုတာ မသိသေးတဲ့ ဘား. . . ။

ထားပါ။

ကိုမျိုးသိမ်းတပည့်ကလေး... ရေနွေးအိုးထဲက လက်ဖက်ခြောက်အနွမ်းတွေ သွန်နေပါပြီ။ ညအထွက်ခရီးဆက်မယ့် ဆိုင်တွေဆီက မီးပွင့်တွေ့ရပါပြီ။ နောက်ဖေးလမ်းကြားလည်း စိတ်ကူးစစ်ရည်အနံ့နဲ့ စိုစွတ်နေပါပြီ။

“DVD City ဝင်ဦးမှာမဟုတ်လား”

ဖိုးစောက ထရပ်ရင်းမေးသည်။

“ဟင်... မသွားသေးဘူးလား”

“အောင်မာ... ဘာလဲ နင်က နင့်ယောက်ျားကို မြန်မြန်တိုက်ချင်နေပြီလား”

နံဘေးမှာ ကိုရွှေထူးက ကျွန်တော့်ဇနီး လေဒီချပ်ပြားကို စ, သည်။ ကျွန်တော့်ဇနီးသည် ကျွန်တော် ညနေဘက် ထွက်လေ့ရှိသော
လေထန်ကုန်းသို့ လိုက်လာတတ်လေ့ရှိသည်။ ပထမတော့ မိန်းမပီပီ ဘားလမ်းကို မျက်စောင်းထိုးချင်၍ ဖြစ်ကောင်းဖြစ်မည်။ GIORDANO ဆိုင်က ကောင်မလေးတွေနှင့် ရင်းနှီးချင်တာ ဖြစ်ကောင်းဖြစ်မည်။ ဘားလမ်းပေါ် ချထားတဲ့ပစ္စည်းတွေကို အံ့ဩပြီး ပိုင်ဆိုင်ချင်စိတ်ရှိချင်တာလည်း ဖြစ်ချင်ဖြစ်မည်။

ဒါပေမဲ့ တကယ်ဖြစ်သွားတာကတော့ ၃၈-လမ်း “ဝေလမင်း” ဆိုင်က တရုတ်ကြီး ကိုဌေးဝင်းနှင့် မောင်နှမတွေလိုဖြစ်သွားတယ်။
ကိုဌေးဝင်းဆိုင်က စားပွဲထိုးကလေးတွေနှင့် ငယ်ပေါင်းတွေလိုဖြစ်ကုန်သည်။ လေဒီချပ်ပြားသည်. . . ညနေစောင်း၍ ကျွန်တော် မြို့ထဲတက်လျှင် သူလည်း မလိုက်ရမနေနိုင် ဖြစ်လာသည်။ ကျွန်တော်တို့ရယ်ကြမောကြ၊ ဆူကြညံကြ၊ အော်ကြငြင်းကြတဲ့ ​နေရာမှာ သူကလည်း ကြေးအိုး သောက်လိုက်၊ အမြည်းစားလိုက်လုပ်ရင်း ကျွန်တော်တို့က အရက်စွဲ၊ သူက အမြည်းစားစွဲလာသည်။ တနင်္ဂနွေနေ့ ကျွန်တော်တို့မဆုံကြသည့်
နေ့ဆိုလျှင် ညနေစောင်းလျှင် လေဒီချပ်ပြား ဟိုဟာစားချင်၊ ဒီဟာကိုက်ချင် ဖြစ်နေတတ်သည်။ တစ်ခါတစ်လေ... ကျွန်တော် မြို့ထဲမတက်သည့် ရက်များဆိုလျှင် လေဒီချပ်ပြားက အိမ်မှနေ၍ ကိုရွှေထူးတို့ ဖိုးစောတို့၏ ဖြစ်နိုင်ချေကို ခန့်မှန်းနေတတ်၏။ ခုလောက်ဆို ကြေးအိုးစွပ်တော့ ကုန်ပြီ  ဝက်နံရိုးနုပြောင်ပြီ... စသည်ဖြင့်ဖြစ်သည်။ ကျွန်တော်တို့က အရက်ကို တမ်းတပြီး သူက... လူကိုတမ်းတသည်။

အရက်မူးရင်း ကျွန်တော်တို့ပြောတတ်သည့် ရယ်စရာတွေ၊ အိုက်တင်တွေကို သူက ပြန်ပြောပြသည်။ ထို့ကြောင့် ကျွန်တော်တို့ဝိုင်းထဲတွင် မိန်းကလေးတစ်ယောက်ပါနေခြင်းကို ဆိုင်ရှင်ရော ပုံမှန်လာရောက် သောက်စားကြသူတွေကပါ မထူးဆန်းကြ။ ကျွန်တော်တို့ Rum တစ်ပုလင်းနှင့် တစ်ပိုင်းကုန်ပြီးနောက် တစ်ပိုင်းထပ်ယူလိုက်ကြသည်
ဆိုလျှင်ပင် အားလုံးက ကျွန်တော့်ဇနီး လေဒီချပ်ပြားခေါ် အီတွန့်ပွန်ကို “အစာပိတ်” ဟု ဝိုင်းအော်တတ်ကြပြီး လေဒီချပ်ပြားက ၃၈-လမ်း
ဈေးသို့ဆင်းသွားပြီး လက်ဖက်နှင့်အကြော်စုံကို ဝယ်လာသည်။ ပြီးတော့
ကိုဌေးဝင်းဆိုင်က ဆီ၊ ဆား၊ အချိုမှုန့်တို့ကိုယူ၍ ပန်းကန်တစ်ပန်းကန် အပြည့်သုပ်ပြီး အစားပိတ်သောက်ကြ၏။

ဝိုင်းနီးပါးနီးမှ ခင်မင်နေသူများ၊ စာပေဘော်ဒါများကိုလည်း
အစာပိတ်လက်ဖက် ဝေငှတတ်သေး၏။ ကျွန်တော်တို့ အရက်သောက်ပုံမှာ ဆိုင်မှာသောက်နေသည်နှင့်မတူဘဲ အရက်ကို အလှူလုပ်၍ သောက်နေသလို ဖြစ်နေ၏။ ကိုယ့်စားစရာတွေ ဟိုဘက်ပေးလိုက်၊ ဟိုဘက်က ပစ္စည်းတွေ ဒီဘက်ရွှေ့လိုက်နှင့် ရှုပ်ယှက်ခတ်နေတတ်ကြသည်။

ဒီလိုဖြစ်နေကြတာကို ဆိုင်ရှင် ကိုဌေးဝင်းက မကန့်ကွက်သလို ဘေးလူများကလည်း ဇိမ်ပျက်တယ် သဘောမထားကြပါ။ ထိုစဉ်က
ကျွန်တော်တို့ ဝိုင်းနားမှာရှိသည့် လူတွေကလည်း ကိုယ့်လူတွေချည်းဖြစ်သည်။ ဘေးနားမှာ ကိုကျော်ကျော် (ရွှင်ပြုံး) အဖွဲ့ ရှိချင်ရှိမည်။ ဆရာ လင်းဝေမြိုင်တို့အဖွဲ့ ရောက်ချင်ရောက်နေမည်။ ကိုရဲဌေးကိုလည်း တွေ့ရတတ်၏။ တစ်ပိုင်းကျော်တွင် ဒီဇိုင်းကိုဆန်းနှင့် ညီများ (San & Brothers) အဖွဲ့ ရှိချင်ရှိမည်။ (ထိုအထဲတွင် အကြည်တော်လောင်းလျာ ဗိုလ်ကြည်
ပါသည်။) သူက အဲဒီတုန်းက စာမရေးသေး...ရေးစရာတွေ စုနေပုံရသည်။

အရက်သောက်တုန်းကအကြောင်း ရေးတာ မိန်းမကို ထည့်ကြွားနေရသလားဟု ဆိုသူတွေဆိုကြမည်။ အခုကိစ္စမှာ ကျွန်တော့်ဇနီးက အဓိကမို့ ရေးရခြင်းဟု သည်းခံပေးကြစေလိုသည်။

“သူက တိုက်လည်းသောက်မှာပဲ၊ မတိုက်လည်း သောက်မှာပဲ၊ သမီးက ဗိုက်ဆာနေလို့ကို ရွှေထူးကိုမေးတာ...''

“ေဩာ်... အဲဒါဆို ကိုရဲတို့ သွားနှင့်ကြလေ...၊ ကျွန်တော် အခွေဆိုင်သွားဦးမှာ"

“ကျွန်တော်လည်း သွားမှာပဲ၊ ကိုစိုးစံဝင်းတို့က ဆိုင်တန်းသွားမှာလား''

“ကျွန်တော်တို့က ရွှင်ပြုံးခဏဝင်ဦးမှာ..."

“လာပါဟာ... နင်သိပ်ဆာနေရင် ငါတို့ စောသွားကြတာပေါ့... လာ”

လေဒီချပ်ပြားက ကိုရွှေထူးနှင့်ပါသွား၏။ ကျွန်တော်တို့အုပ်စုက လေထန်ကုန်းကို ထိုင်ပြီး သွားစရာရှိတာ လုပ်စရာရှိတာတွေကို
လုပ်ကြသေးသည်။ ပြီးလျှင် ၃၄-လမ်းက မိုးကျော်၏ အခန်းတွင် စုမည်။
Computer Game ကစားချင်ကစား၊ စကားပြောလျှင်ပြော။ ပြီးတော့မှ
မိုးကျော်အခန်းမှ လူစု၍ ဝေလမင်းသို့ ချီတက်လေ့ရှိကြသည်။ တစ်ချို့ နေ့တွေလည်း ဝေလမင်းကို မရောက်တော့ဘဲ မိုးကျော်အခန်းတွင်ပင် Seven Store မှ ပုလင်းဝယ်ကာ ကြိတ်ချင်ကြိတ်ကြ၏။

ဒီနေ့ကတော့ ကိုယ့်အစီအစဉ်နှင့်ကိုယ် သွားကြပြီး ဝေလမင်းတွင် ပြန်ဆုံကြမည်ဖြစ်သည်။ ပိဋကတ်သုံးပုံကာတွန်းဆရာ၊ စောမင်းဝေနှင့် ကျွန်တော်တို့ ၃၄-လမ်းထဲတွင်ရှိသော DVD City သို့သွားကြရင်း
ကာတွန်းဆရာနှစ်ယောက်က ဒိုင်နိုဆော Animation အကြောင်း ပြောလာကြ၏။

“လိုက်ဖို့တော့ တော်တော်ကြီးကို မလွယ်တော့တာပါဗျာ၊ အဲဒီ
ကားက ငွေအားရော၊ လူအားရော၊ အချိန်အားရော အကုန်ပေးပြီး
သေသေချာချာလုပ်ထားတယ်ဆိုတာကို Screen တစ်ခုလုံးကို အသေးစိတ် ကြည့်တာနဲ့ကို မြင်တယ်၊ သိသာတယ်။ သတ္တိရှိရှိ မပြနိုင်တာကလည်း ရှက်စရာကောင်းတဲ့အထဲမှာ တစ်ချက်ပေါ့ဗျာ"

ကာတွန်းဆရာက Walt Disney ကို မကျေမနပ်ဖြစ်နေသည့်
Subject တော့တင်နေပြီ။ ဝေလမင်းမှာ ကြေးအိုးစွပ်မသောက်ဘဲ ဒိုင်နိုဆောစွပ်တွေ သောက်ပစ်ချင်ပစ်နေမှာဟု တွေးမိ၏။ DVD ဆိုင်က ဆင်းတော့ မိုးကျော်အခန်းကို ရောက်သေးသည်။ ပြီးတော့ ရွှင်ပြုံး... ပင်နီစာအုပ်တိုက် အဲဒီဘက်တွေ အကုန်လျှောက်ဝင်တော့... ဝေလမင်းမှန်း သိနေကြသည့် ဘော်ဒါတွေ ထပ်တိုးပါလာခဲ့သည်။ နေ့စဉ်
ပါလာနေကျမို့ ဘယ်သူတွေလဲဆိုတာ အထူးတလည် မမှတ်မိတော့...။

ဝေလမင်းကိုရောက်တော့ လေဒီချပ်ပြား ကြေးအိုးသောက်ထားသည်ကလွဲ၍ ဘယ်သူမှ ဘာမှမလုပ်ကြရသေးပါ။ ဘာမှလည်း
မမှာရသေးပါ။ လူစုံပြီဆိုမှ Rum ပထမတစ်ပုလင်းကို မှာလိုက်ကြသည်။
ကြေးအိုးစွပ်နှင့် ပန်းဂေါ်ဖီကြက်ဥရောကြော်၊ နံရိုးကြွပ်... ရေသန့်ဘူး။

ဖန်ခွက်တွေတန်းစီပြီး ဖိုးစောက တန်းစီပြီးထည့်သည်။ ကိုယ်
ကြိုက်တဲ့ခွက်ကိုဆွဲ။ မများစေရ... မနည်းစေရ... ရေကတော့ ကိုယ့်သဘောသာဖြစ်သည်။ ပိဋကတ်သုံးပုံ ကာတွန်းဆရာကြီးကတော့ ရေ
မရော... ဒီအတိုင်းသောက်၏။ အင်္ဂလန်ကိုသွားလိုက်တာ ပြန်လာတော့ ပြောင်းလဲလာတာဆိုလို့ အရက်-၂ ပက်လောက်ကို ရေမရောဘဲ
စွတ်ကယ်စွတ်ကယ် သောက်တတ်လာတာပဲရှိ၏။ ထို နိ ၂-ခွက်ဆိုလျှင် ကျွန်တော်တို့ ကာတွန်းဆရာကြီးက ဆက်မသောက်တော့။

“အဲဒီလိုသောက်ရတာ နိပ်တယ်ကိုရဲရ၊ အဝင်မကောင်းတော့
သိပ်မသောက်ဖြစ်တော့ဘူး၊ ထိန်းပြီးသားလိုဖြစ်သွားရော”

“အစ်ကိုကြီးသောက်ပုံက သူတို့ဆီက အရက်မျိုးနဲ့မှ ကောင်းမှာပါ အစ်ကိုကြီးရာ၊ Rum လို အရက်မျိုး ဘာမှမရောဘဲ သောက်ရတော့ သေရောပေါ့”

“ကျွန်တော်ကလည်း ထိန်းချင်တာကိုးဗျ”

သွေးမနွေးခင် ကိုယ့်အနားကလူနှင့် ကိုယ် ထွေရာလေးပါး စကားလေးတွေနှင့် စ, ကြရသည်။ လေကြောင်းကျရာ စကားကလေးနှင့် သွားကြရသည်။ အူကမရွှင်သေး။ အမြည်းရော အရက်ပါ သိပ်ခရီးမသွားကြသေး။ သွေးနွေးတုန်း... လေညှိကြတုန်း. . . အာရုံခေါ်ကြတုန်း။ ဝိညာဉ်စုကြတုန်းပဲရှိသေး၏။ ညှိတာ၊ ခေါ်တာ၊ စုတာတွေ အားလုံးစုံပြီး ကိုယ့်နေရာကိုယ် ရောက်ကြပြီဆိုလျှင်တော့ အာရုံဟောင်း
အညောင်းဆန့်ပွဲကြီးသည် ဘယ်မှာ ပြီးမည်ဆိုတာကို ဘယ်အနာဂါတ်
ကြည့် ဝိဇ္ဇာမှမသိနိုင်တော့ပြီ။

“မိုးကျော်ကြီးက (၇)နာရီလောက်မှ လိုက်လာမယ်တဲ့...''

“ကိုစိုးစံဝင်းကို မှာလိုက်လို့လား”

“သုက အခုလိုက်တော့မလို့၊ ကျွန်တော်နဲ့နေတုန်းမှာ တောင်ကြီးက Phone ဝင်လာလို့ကျန်ခဲ့တာ၊ လာမှာ ကျိန်းသေတယ်”

ကျွန်တော်က တစ်ခြားကြောင့်မေးခြင်းမဟုတ်။ မိုးကျော်က ကျွန်တော်တို့ တစ်လုံးခွဲလောက်ကုန်ချိန်ကျမှ ရောက်လာမည်။ သူက နောက်တစ်လုံး ထပ်မှာပြီး အမီလိုက်မည်။ ကျွန်တော်တို့က တက်နေသော စိတ်နှင့် လိုက်သောက်တော့ မှောက်ချင်ချင်တွေဖြစ်ကုန်ကြမည်။

ဒီနေ့ ဒီလိုအဖြစ်ခံလို့မရ။ ညကျလျှင် စာရေးစရာတွေရှိသေးသည်။ ကျွန်တော် ရေးလက်စလုံးချင်းကို ပြတ်ချင်လှပြီ။ သူ့ကို
ထမ်းထားရသည့်ဝန်က မလေးလှသည့်တိုင်အောင် နောက်အလုပ်တွေအတွက် ခရီးမတွင်ဖြစ်နေသည်။ ဒီမှ ရသလောက် သူ့ကိုဖြတ်မည်ဟု စိတ်ကူးထားသည်။ ဒီတော့ အခု အသောက်ကို ​နှေးထားမှဟု သတိထားရသည်။

“နေမကောင်းဘူးလား”

လေဒီချပ်ပြားက ကျွန်တော် လက်ကိုင်နှေးသဖြင့် စိုးရိမ်စိတ်ကလေးနှင့် မေး၏။

“ဒီနေ့... လျှော့မလားလို့”

“အို... ကောင်းတာပေါ့"

နောက်နှစ်ခွက်လောက်လှည့်ပြီးတော့ ဖိုးစောတို့ ကိုရွှေထူးတို့ ပွဲကောင်းစ ပြုလာကြပြီဖြစ်သည်။ စကားပြောသံ ဆူညံလာကြပြီဖြစ်သည်။ အကြောင်းအရာတစ်ခုတည်းကို သူက သူ့ထက်ရယ်ရအောင်
ပြောလာပြီဖြစ်သည်။ အရှိန်ရကာစ သွေးထဲတွင် စကားလုံးအသစ်တွေက တွေးတိုင်းဖြစ်နေသည်။

ထိုအချိန်သည် အရက်စသောက်၍ ကောင်းသော အချိန်လည်း ဖြစ်သည်။ ကျွန်တော်က တစ်ခွက်နောက်ကျနေသဖြင့် ထိုနေရာသို့ မရောက်သေး။ ကျွန်တော်ဝင်ပြောသော်လည်း ရေချိန်မကိုက်သေးသော ကျွန်တော့်စကားတွေက အရက်ရာမဝင်သေး...၊ အရက်တောထဲ တိုးနိုင်သည့် အသံအင်အား မရှိလှသေး...။

တကယ် အရက်တောထဲ တိုးနိုင်ပြီဆိုလျှင် အရက်တောတိုးသံကြီးနှင့် ကိုယ့်စကား လူနားထောင်တာ မထောင်တာ မသိတော့။ ထိုစကားကို အပြီးထိရောက်အောင်တော့ ပြောတော့သည်။ လူနားထောင်တာ မထောင်တာ၊ မှန်တာ မမှန်တာ၊ နားလည်တာ မလည်တာ အဲဒီအချိန်မှာ အရေးမကြီး။ ပြောချင်တာကို အပြီးထိ ပြောထည့်လိုက်ရသော
အရသာကိုက တော်တော်ကြီးကိုရှိနေပြီ။

ဒီလိုအသံမျိုးကြီး ရှိနေပြီဆိုလျှင်လည်း တစ်ဝိုင်းလုံးက ရှောင်ပေးပြီး အပြီးထိ ပြောခွင့်ပြုကြတာပဲဖြစ်သည်။ ယခု ကျွန်တော့်ဆီမှာ
အရက်တောတိုးသည့်အသံ မရသေး။ ကျွန်တော့်အသံက အရက်ရာ
မဝင်သေး။ ထို့ကြောင့် ကာတွန်းနှင့်လူပေါင်း၍ ရုပ်ရှင်ရိုက်ကူးရန် ကိစ္စမှာ မလွယ်ကူသေးကြောင်း ကျွန်တော့်စကားကို ဘယ်သူမှ ဆုံးအောင်
နားမထောင်ကြ။ အရက်တောတိုးကာစ အသံတွေ နောက်သို့သာ မျက်နှာတွေက ပါ,ပါသွားကြ၏။

ကျွန်တော် ခပ်ပြင်းပြင်း တစ်ခွက်စပ်လိုက်သည်။ ပြီးလျှင် ကိုက်မည့်နံရိုးကို အသေအချာ ရွေးထားလိုက်သည်။ ထို့နောက် ကျွန်တော်
ညင်ညင်သာသာပင် တစ်ခွက်လုံးကို မျှင်း၍သောက်သည်။ တစ်ခွက်ကို
ထုံးစံအတိုင်း ၂-ကြိမ်နား သုံးခါမော့မလုပ်တော့၊ ကြွေးကျန်တစ်ခွက်ကို လိုလိုချင်ချင် ဖြည့်ဆည်းပစ်လိုက်သည်။ ဝက်နံရိုးသည် ပါးစပ်ဖျားမှ အရက်အရသာ အကြွင်းအကျန်နှင့် တော်တော်ကလေး အဆင်ပြေလျက်
ရှိလေသည်။

အဲဒီနေ့က မိုးကျော် တော်တော်လေး နောက်ကျမှ ရောက်လာခဲ့သည်။

အားလုံးက မိုးကျော်ကို နောက်ကျသည့်အတွက် ဂရုတစိုက် ဝိုင်းအပြစ်တင်လိုက်ကြသည်။ မိုးကျော်ကြီးက အပြစ်တင်သံတွေ အားလုံးကို ကျေနပ်ပီတိစိတ်နှင့် တောင်းပန်သည်။ ကိုယ့်ရှေ့မှကျနေသည့် ပြောစရာ စကားတွေကိုတောင် အကုန်မပြောနိုင်ကြတာ Subject အသစ်ကို ဘယ်သူမှ မတင်မိကြ။ ဒါပေမဲ့ ရောက်လာတော့
ဂရုတစိုက် အပြစ်လှလှတင်ကြ၏။

မိုးကျော်ကလည်း ပါးပါသည်။ သူနှင့် အလုပ်ကိစ္စ စကားပြောကြသော ပုဂ္ဂိုလ်တို့ ဆိုင်တစ်ဆိုင်မှာ ထိုင်ခဲ့ကြပြီးပြီဖြစ်၏။ မိုးကျော်
ကွမ်းဝါးသော နှုတ်ခမ်းလှုပ်ပုံကိုကြည့်လျှင် သု ဘယ်လောက်ရောက်ပြီ ဆိုတာကို ကျွန်တော်တို့အားလုံး သိကြသည်။ သို့သော် မိုးကျော်က ထုံးစံအတိုင်း တစ်လုံးလုပ်၏။

“မများဘူးလား”

ဆိုသော တာဝန်ကျေစကားလေး တစ်ခွန်းတော့ ကြားလိုက်ရ၏။ ဘယ်သူပြောချလိုက်မှန်းမသိ... ဘယ်သူကမှလည်း ထိုစကား
နောက်သို့ မလိုက်ကြ။ ဒီတစ်လုံးထဲက အများဆုံးနှစ်ခွက်ပဲဟု ကျွန်တော်
တွေးပြီး စိတ်ထဲကဖြတ်နေမိသည်။ အဲဒီအချိန်မှာ လေဒီချပ်ပြားက
အနားကပ် တွတ်ထိုး၏။

“စောစောပြန်ရအောင်နော်”

“ဘယ်လိုဖြစ်ရပြန်ပြီလဲ”

“အမေ နေမကောင်းလို့၊ အဲဒါ အပြန်ဝင်မေးမလို့”

“ဟာ... မင်းက အဲဒါ စောစောက ဘာဖြစ်လို့မပြောတာလဲ''

“ရပါတယ်... အိမ်ကို လိုက်မနေနဲ့လေ၊ လမ်းထိပ်မှာပဲ ချပေးခဲ့ပေါ့၊ ရတာပဲ”

ကျွန်တော် နာရီကိုကြည့်တော့ ကိုးနာရီခွဲ၊ ကားငှားလျှင် ၁၀- နာရီကို သင်္ဃန်းကျွန်းသို့ရောက်။ လေဒီချပ်ပြားကို လမ်းထိပ်မှာ ချပေးမည်ဆိုလျှင် ဒီထက်နောက်ကျ၍မဖြစ်တော့။ ကျွန်တော် ထမှရတော့မည်။ ကျွန်တော် လက်ကျန်ခွက်ကို သပ်ပစ်လိုက်၏။

“ခဏနေရင် ကျွန်တော်ပြန်မယ်...ဗျာ...”

“ဟာ... မင်းက ဘာဖြစ်တာလဲကွ၊ အေးဆေးလုပ်စမ်းပါ”

“ကျွန်တော်က အေးဆေးပါ၊ ဒီမှာ အစ်ကိုကြီးရဲ့ ညီမက သူ့အမေ နေမကောင်းလို့ အိမ်ဝင်ချင်တာတဲ့၊ စောစောလည်း ပြောတာ မဟုတ်ဘူး”

“အမလေး... နင်... ဒီအချိန် အမေ နေမကောင်းတာ သွားမေးရမယ့်အချိန်မှ မဟုတ်တော့တာ၊ နာရီကိုလည်းကြည့်ပါဦး၊ ဟို
ရောက်ရင် ၁ဝ-နာရိပဲကျော်နေပြီ၊ ဘာလဲ အိပ်နေတဲ့ နှင့်အမေကို နှိုးပြီး
နေကောင်းရဲ့လားလို့ သွားမေးမလို့လား”

“အမလေး. .အမေ ..!! အမေနေကောင်းရဲ့လား၊ သမီးက
စိတ်ပူလိုက်ရတာ၊ ဆိုင်က မနည်းထလာရတာ၊ အမေနေကောင်းတယ်နော်၊ နေကောင်းရင် ပြန်အိပ်တော့နော်... အိပ်..."

ကိုစိုးစံဝင်းက မိန်းမအသံ မိန်းမအိုက်တင်ဖြင့် အနားမှာရှိသော မိုးကျော်နဖူးကိုစမ်းလိုက် စကားပြောလိုက်လုပ်၏။ ကျန်လူတွေက ဝိုင်းရယ်ကြသည်။

“မင်းတို့ကလည်း နိုင်နိုင်ဝင်းက သူ့အမေ နေမကောင်းဘူးလို့ ပြောတာကို မယုံလို့ ညဆယ့်နှစ်နာရီမှာ အမေ့ရဲ့ ခြင်ထောင်ကို ရုတ်တရက် အနုကြမ်းဝင်စီးပြီး... ဟုတ်မဟုတ်စစ်မှာ...”

“နေစမ်းပါဦး၊ နင့်အမေနေမကောင်းတာကို ဘယ်တုန်းက နင် သိတာလဲ”

“မနက်တုန်းက”

“အဲဒါ... နေ့လယ်နေ့ခင်း မသွားဘဲနဲ့ ဘာလုပ်နေတာလဲ”

“အဲဒါ ညနေကျမှသွားမလို့ဟာ၊ ညနေရောက်တော့လည်း သူက ဒီလာမယ်ဆိုတော့ လိုက်လာပြီး အပြန်ကျမှဝင်မယ်လို့”

“ဒီကိုလိုက်လာရင် နောက်ကျမယ်ဆိုတာ နင်သိရဲ့ သားနဲ့၊ စောစောတော့ သွားဖို့မလုပ်ဘူး၊ ခုချိန်ကျမှ သွားမနေနဲ့တော့”

ဖိုးစောက ရယ်ရယ်မောမော ဝင်ဟောက်၏။ ကျွန်တော့်မိန်းမက အူသည်ဆိုတာ သူတို့ အပွဲပွဲနွှဲခဲ့ကြပြီးသားဖြစ်သည်။

“ဟုတ်တယ်။ ဒီမှာတောင်မေ့နေတာ။ ခုနက ကိုမိုးကျော်ကြီးကို ကြည့်ရင်းနဲ့မှ အမေ့ကို သတိရတာနဲ့...”

လေဒီချပ်ပြား၏စကားပင် မဆုံးလိုက် တက်ကြွရဲရင့်သော စကားလုံးတွေ အပြုံလိုက် မိုးကျော်ထံ ပြေးဝင်သွားကြ၏။ မိုးကျော်ကြီး ဘာတစ်ခွန်းမှ မခုခံနိုင် အမှတ်တမဲ့မို့ ဘာမှ
ပြင်ဆင်ထားတာမရှိ။

“နင်ကလည်းဟာ ငါ့မြင်မှများ နှင့်အမေ နေမကောင်းတာ သတိရရတယ်လို့၊ ဘာဆိုင်လို့လဲဟ”

ဟုသာ ငြီးနိုင်တော့၏။

“အင်း. . ကျွန်တော်တောင် မိုးကျော်မျက်နှာမြင်ပြီး ယောက္ခမကို သတိရ၊ ငွေတွေဘာတွေချေးရမလားဆိုတဲ့ အတွေးတွေဘာတွေ ရလာပြီ”

“နင့်အမေက မိုးကျော်မျက်နှာနဲ့ ဆင်တယ်ဆိုရင်တော့ သွားပြီပေါ့ဟ၊ တော်တော်ရုပ်ဆိုးမှာ၊ မိုးကျော်တောင် ဒီရုပ်က ယောက်ျားလေးမို့ နည်းနည်းခံသာတာ၊ နင့်အမေက မိန်းကလေးဆိုတော့... ဟား...
ဟား... ဟား...”

လက်ဖက်ဝိုင်းသိမ်းလို့ ထဖို့ပြင်တော့ ၁၁-နာရီပင်ကျော်နေပြီ။ ကားပေါ်ရောက်တော့ ကျွန်တော်မှိန်းရင်း လိုက်လာခဲ့သည်။

“ဘီအိုစီဘက်က ပတ်မောင်းပေးနော်အစ်ကို”

လေဒီချပ်ပြား ကားဆရာကို ပြောသံကြားရတော့မှ ဒီကောင်မလေး သူ့အိမ် ဝင်ဦးမှာပါလားဆိုသော အသိက ပြန်ဝင်လာသည်။

“မင်း... ဝင်ဦးမလို့လား”

“အင်း... ဝင်ချင်တယ်၊ စိတ်မှာလေးနေလို့၊ အိပ်နေရင်လည်း အိပ်ပေါ့၊ ရပါတယ်... ကလေးကို လိုက်ပို့မနေပါနဲ့ ဘီအိုစီ
ထိပ်ကသာ ချပေးထားခဲ့ပါ”

“မနက်မှသွားကွာ..."

“စိတ်ကလေးနေလို့ပါဆို”

“သွားကွာ .သွားသွား.. အဲဒါဆိုလည်း သွား၊ စောစောစီးစီး အချိန်ရှိတုန်းကကျတော့ မသွားဘူး...၊ မင်းက လုပ်လိုက်ရင်
အမြဲတမ်း အူကြောင်ကြောင်နဲ့ မပြောချင်တော့ဘူး”

ကျွန်တော့်ဒေါသသံကို လေဒီချပ်ပြားက ပြန်မပြောဘဲ ငြိမ်နေ၏။ သူမှားသည့်အတွက် မပြောတော့တာလည်း ဖြစ်နိုင်ပါသည်။

ကျွန်တော်တို့ ရောက်သွားတော့ မှိတ်ထားသော မီးတွေကို ဖွင့်လိုက်ရခြင်း၊ ကျွန်တော်ဗိုက်ဆာသည့်အတွက် အိမ်အောက်ထပ်မှာ ရှိတဲ့
ဟင်းအကျန် ငပိရည်ဖျော်ဆမ်း၊ ပဲခြမ်းတွေထည့်၊ ကြက်သွန်နီတွေ လှီးထည့်... ညနေစာအကျန်စားလို့ ရတာတွေ အကုန်ရောထည့်ပြီး
နယ်ဖတ်စားကြသည့်အသံတွေက ဆူညံခြင်းတို့ကြောင့် နိုင်နိုင်ဝင်း
အမေ နိုးလာသည်။ သားအမိနှစ်ယောက် စကားပြောကြ၏။ ယောက္ခမ
အထီးကြီးလည် နိုးလာသည်။ အရက်နံ့ကလေးနှင့် ကျွန်တော့်ကို တစ်ချက်တော့ကြည့်သည်။

ကျွန်တော် အရက်သောက်လာသည်ကို တစ်အိမ်လုံးကသိကြပါသည်။ သို့သော်... ကျွန်တော့်ခယ်မတွေ၊ မရီးတွေ၊ ယောက်ဖတွေက မကန့်ကွက်ကြပါ။ မူးမူးနှင့် ကျွန်တော်ပြောသည့် ရယ်စရာတွေကိုပင် အမြဲနားထောင်ပြီး ရယ်မောတတ်ကြလေ့ရှိသည်။

ဒီညလည်း မူးလာမှန်းသိပါသည်။ ထမင်းစားပြီး ပြန်မယ်လုပ်တော့ အကုန်ဝိုင်းတားကြ၏။ ဒီမှာအိပ်ပြီး မနက်မှပြန်တော့ဟု ဆိုကြသည်။ အရက်ကလည်း Limit ပြည့်သောက်လာ... ဘာမှမပါဘဲ ထမင်းကလည်း စားလို့ကောင်းလိုက်သဖြင့် ကျွန်တော်လည်း မျက်စေ့မှိတ်ပြီး ဇိမ်ယူချင်နေတာနှင့် သဘောတူလိုက်၏။ ကျွန်တော့်ကို အိမ်ပေါ်မှာ ခြင်ထောင်ထောင်ပေးကြသည်။ ယောက္ခမထီးကြီးကတော့ အိပ်ယာဝင်သွားပြီဖြစ်သည်။

ကျွန်တော်ရော နိုင်နိုင်ဝင်းတို့သားအမိရောက ဘုရားစင်ရှေ့ အိမ်ဦးခန်းမှာ ခြင်ထောင်နှင့်အိပ်ကြသည်။ အိပ်ခန်းထဲမှာ အိမ်သူတွေရော၊ ဘုရားစင်ရှေ့မှာ ကျွန်တော်တို့လို တန်းစီအိပ်ကြသော ခယ်မတွေ
မရီးတွေရောရှိကြ၏။ နိုင်နိုင်ဝင်းတို့အမေက သဘောကောင်းတာတော့ ပြောမနေနဲ့တော့။ ကလေးက ဆယ့်တစ်ယောက်မွေးတယ်။ နိုင်နိုင်ဝင်းက ရှစ်ယောက်မြောက်ဖြစ်၏။ ဒီတော့ အိမ်ဦးခန်းမှာ လူတွေစုံခြင်းဖြစ်လေသည်။

ကျွန်တော်မှတ်မိသလောက်ဆိုလျှင် ကျွန်တော် ခဏကလေးနှင့် အိပ်ပျော်သွားခြင်းဖြစ်သည်။ ခေါင်းချလိုက်သည်နှင့် အရက်အရှိန်သည် ဇိမ်ကလေးတစ်မျိုးနှင့် ကျွန်တော့်အတ္တထဲ တိုးဝင်လာတာကို ငြိမ်ငြိမ်ကလေးခံစားရင်း ကျွန်တော် အိပ်ပျော်သွားခြင်းဖြစ်လေသည်။

ကျွန်တော် အိပ်ယာကနိုးနိုးလာချင်း ခံစားရသောဝေဒနှာမှာ
လည်ချောင်းတစ်လျှောက်လုံး ပူကျွမ်း၍ ခြောက်သွေ့ကာ ရေအကြီးအကျယ်ဆာခြင်းနှင့် ဆီးအရမ်းသွားချင်ခြင်းတို့ပင် ဖြစ်သည်။ ထို
ဝေဒနာနှစ်မျိုးမှာ အရက်သမားတိုင်း တစ်ရေးနိုးခံစားရလေ့ရှိသည့်
ဝေဒနာမျိုးသာဖြစ်သည်။

ထိုဝေဒနာနှင့်အတူ နောက်ထပ်ခံစားရသော စိတ်အသိက အထိအတွေ့၏ စိမ်းကားခြင်းဖြစ်သည်။ အရက်သမားတို့၏ ထုံးစံအတိုင်း လွန်ခဲ့သော လေးငါးနာရီလောက်က အဖြစ်အပျက်ကို အတော်ကြာခဲ့ပြီဖြစ်သော အတိတ်တစ်ခုအား ပြန်စဉ်းစားရသလို သူစိမ်းဆန်စွာ ပြန်စဉ်းစားရ၏။

ကျွန်တော်သည် အိမ်က အိပ်ယာထဲမှာမဟုတ်။ နိုင်နိုင်ဝင်းတို့ အိမ်က ခြင်ထောင်ထဲမှာဖြစ်သည်။ နိုင်နိုင်ဝင်းအမေ နေမကောင်းသဖြင့် လိုက်ပို့ရင်း ကျွန်တော်ပါလိုက်အိပ်သည်။ ကျွန်တော် အိပ်ချင်မူးတူးအသိဖြင့် ခြင်ထောင်ထဲမှထွက်၍ ငုတ်တုတ်ထိုင်နေမိသည်။ ရေက
ငတ်လှပြီ။ ရေအိုးရှိသည့်နေရာကို စဉ်းစားကြည့်တော့ အောက်ထပ်မှာ
ဖြစ်ကြောင်း သတိရသည်။ ဆီးကလည်း သွားချင်လွန်းလို့ တောင့်ခံမထားနိုင်တော့လောက်အောင် တိုးဝှေ့နေပြီ။ ကျွန်တော် ခြင်ထောင်ဘေးမှ ကုံးကုံးကလေးရပ်ပြီး လှေကားရှိရာလာရသည်။ (ဆီးအိမ်တင်းလွန်းသဖြင့် မတ်တပ်ရပ်၍မရ)

ထုံးစံအတိုင်း မီးကမလာသဖြင့် အိမ်အပြင်ဘက်တွင်ရှိသော
ညအလင်းကလေးဖြင့် အနိမ့်အမြင့်အနေအထားကို မှန်းပြီး တဖြည်းဖြည်းလာရသည်။ ဘယ်နေရာမှာဘာရှိသည်ဆိုတာကို သိနေသော်
လည်း အနိမ့်အမြင့်အထိအတွေ့က ရင်းနှီးမှုမရှိသဖြင့် သတိထား၍ သွားရသည်။ ဘုရားစင်ရှေ့မှာ စောင်ခြုံပြီးအိပ်နေသူ သုံးလေးဦးကိုလည်း တွေ့ရ၏။

လှေကားက ဆင်းပြီးတော့ ကျွန်တော် နောက်ဖေးဘက်သို့ ထွက်ရန် တံခါးကိုဖွင့်ရသည်။ ပြဿနာက မင်းတုံးလား၊ ဂျလက်လား၊ မြောက်လက်လားမှန်းမသိ။ သတိလည်း မထားမိခဲ့သောကြောင့် တောင်စမ်း
မြောက်စမ်းဖြင့် အသံနည်းနည်းထွက်ပြီး အချိန်နည်းနည်းကြာသွားသည်။ တံခါးပွင့်သွားတော့ နောက်ဖေးရေကပြင်နှင့် လရောင်ကို တွေ့ရ၏။

ကျွန်တော် အိမ်အောက်ကိုဆင်းပြီး လှမ်းမြင်နေရသော အိမ်သာဆီသို့ မသွားတော့။ (သွား၍လည်းမရတော့) အသိစိတ် လွှတ်လိုက်သဖြင့် ဆီးသွားချင်စိတ်က ဆိုးဝါးပြင်းထန်စွာ တိုးဝှေ့နေသောကြောင့်
ခါးပါတ်ကိုဖြုတ်၊ ဇစ်ကိုဖွင့်...။

ကျွန်တော် ရေကပြင်အစပ်မှာ ငုတ်တုတ်ကလေး ထိုင်လိုက်သည်။ ညသည်လရောင်ဖြင့် လျှို့ဝှက်မှုတစ်ခုခုကို ဖုံးကွယ်ထားသလို ငြိမ်သက်၍ နေသည်။ မူးယစ်ခြင်းအရသာသည် စိတ်ထဲမှာ ဇိမ်တစ်ခုလို ခံစားရှိနေပြီး အိပ်ချင်စိတ်တစ်ဝက်နှင့်ပေါင်း၍ အရသာတစ်မျိုးရှိနေ၏။

ကျွန်တော် ဆီးသွားနေရင်း နံဘေးနားမှာရှိနေသော စဉ့်အိုးကလေး နှုတ်ခမ်းကို လှမ်းဆွဲအကိုင်မှာ ပြဿနာက စ,လေသည်။

ကျွန်တော်က စဉ့်အိုးကလေးထဲမှာ “ရေအတန်သင့်ရှိနေ” ဆိုသည့် စိတ်အထင်နှင့် ပုံမှန်အားထည့်၍ ကိုင်လိုက်မိခြင်း ဖြစ်သော်လည်း စဉ့်အိုးကလေးထဲက ရေကို တစ်နေကုန်သုံးပြီး ပြန်ထည့်ထားကြပုံမရ။ စဉ့်အိုးလေးထဲမှာ ရေက ဖင်ကပ်သာ ရှိသောကြောင့် ကျွန်တော်
လှမ်းဆွဲလိုက်သည့်အရှိန်ကို စဉ့်အိုးကလေးက မခံနိုင်ဘဲ ကျွန်တော့်ဘက်သို့ စောင်းလျက်လဲကျလာသည်။

ကျွန်တော်လည်း လန့်ဖြန့်ပြီး စဉ့်အိုးလေးကိုဖက်ထားရသည်။
စဉ့်အိုးကလေးက အမြင့်တစ်ပေခွဲလောက်သာ ရှိပြီး ကျွန်တော့်လက်နှစ်ဖက်ဖြင့် ကောင်းကောင်းဖက်၍ ရသည်။ ကျွန်တော် ဇိမ်ပျက်သွားသည်ကတစ်ကြောင်း၊ ရှေ့တည့်တည့် ငုတ်တုတ်ဆီးသွားရင်း ဘယ်ဘက်က စဉ့်အိုးလေးကို ခန္ဓာကိုယ်လိမ်၍ ဖက်ထားဖေးထား၍မရသဖြင့် တစ်ကြောင်း ဆီးသွားခြင်းအမှုကို ခဏရပ်ပြီး စဉ့်အိုးကလေးကို လက်နှစ်ဖက်ဖြင့် ဖက်၍ လေးလုံးဆိုင်ထားသော အုပ်ခဲဖိုခနောက်ပေါ်သို့ မတင်သည်။

အဲဒီတော့မှ စဉ့်အိုးကလေးက ရေအပြည့်ရှိမနေသော်လည်း အောက်ခြေတွင် ရေအတန်ငယ်ရှိနေခြင်း၊ ဇစ်ဖြုတ်ထားသော ဂျင်းဘောင်းဘီကို ပြန်မတင်ဘဲ စိတ်မြန်လက်မြန်ဖြင့် ကောက်မလိုက်ခြင်းတို့ကြောင့် အားရှိသလောက် ခါးကို ဆန့်၍မရခြင်းတို့အပြင် စိတ်ရှိသမျှနှင့် ကောက်မ,ထားသော စဉ့်အိုးကလေးကို ထိမ်းပြီး ပြန်မချပါက
အရှိန်ဖြင့် ဆောင့်ချလိုက်သလိုဖြစ်ပြီး ကွဲသွားမည်စိုးသောကြောင့် ကျွန်တော့်မှာ စဉ့်အိုးကို ခါးကုံးပွေ့ဖက်ထားပြီး ဘောင်းဘီချွတ်ထားသော
ပေါင်နှစ်ချောင်းဖြင့် ထိမ်းညှပ်၍ အုတ်ခဲဖိုခနောင့်ပေါ် ပြန်တင်ရန်
အားထုတ်နေတုန်းမှာပင်...

“ချောက်”

မီးခလုတ်ဖွင့်သံနှင့်အတူ ရေကပြင်တစ်ခုလုံး လင်းထိန်သွားပြီး ကျွန်တော့်ကို မျက်လုံးကြီးပြူး၍ တအံ့တသြကြည့်နေသော ယောက္ခမအထီးကြီးကို တွေ့ရလေသည်။ ယောက္ခမထီးကြီးလက်ထဲမှာ နှစ်တစ်လက်မ ဒုတ်ကြီးကိုလည်း ကိုင်၍ထား၏။ သူ့ဘက်က မြင်ရမည့်မြင်ကွင်းမှာ ဂျင်းဘောင်းဘီချွတ်၊ စဉ့်အိုးပေါင်ညှပ်၊ အတင်းအကြပ်၊ ကုန်းထပ် ပွေ့ထား. . .ထိုလူသားသည်....။

“ဟာ... မဟုတ်ဘူးဦး... မဟုတ်ဘူး... မဟုတ်ပါဘူး”

“ဘာမဟုတ်တာလဲကွ... ဘာမဟုတ်တာလဲ"

“မဟုတ်ဘူး... စဉ့်အိုးကလေ... အဲဒါ. . . ဟိုလဲကျတာနဲ့''

ယောက္ခမကြီးက ဘာစကားမှမပြောတော့ပြီ။ ကျွန်တော့်ကို မျက်နှာအိုကြီးနှင့် တစ်ချက်လှမ်းကြည့်ပြီး နှစ်တစ်လက်မတုတ်ကြီးကို ဆကာ ဆကာဖြင့် အိမ်ထဲပြန်ဝင်သွား၏။ ကျွန်တော် စဉ့်အိုးကို လွှတ်ချပစ်လိုက်သည်။ ဒီတော့ ကိုယ်တော်မြတ်က ယိမ်းယိုင်ခြင်းမရှိဘဲ ပကတိ
တည်ငြိမ်တော်မူသည်။

ကျွန်တော်... ဘောင်းဘီကို အတင်းပြန်ဝတ်ရသည်။ ဘောင်းဘီဝတ်ပြီးသွားတော့ မီးရောင်တွေလင်းနေသော ရေကပြင်ကြီးမှာ ကျွန်တော်တစ်ယောက်တည်း ကျန်ရစ်ခဲ့သည်။ ကျွန်တော့်ဆီမှာ အရက်၏
လွင့်လွင့်မောမော ဖီလင်ကလေးလည်း မရှိတော့။ အိပ်ချင်မူးတူး ထူးဆန်းသော ဇိမ်ကလေးလည်း မရှိတော့... ။ သွားပြီ။ သွားကိုသွားပြီ။

ကျွန်တော့်ကို ကျွန်တော့်ယောက္ခမထီးကြီးက မည်ကဲ့သို့ထင်မည်နည်း။ သူမြင်သွားပုံနှင့် ပတ်သက်၍ မည်ကဲ့သို့ ကောက်ချက်တွေ
ချမည်နည်း။

ထိုသို့မမြင်ရလေအောင် အစအဆုံးဖြစ်စဉ်ကိုရော ကျွန်တော်က မည်သည့်မျက်နှာပေးမျိုးနှင့် ရှင်းပြရမည်နည်း။ ရှင်းပြလျှင်ရော ယုံနိုင်ပါမည်လား...။ သူ့သမီး ကျွန်တော့်ဇနီးနှင့် ရှင်းပြ... ။

ကျွန်တော် ချွေးတွေပျံလာသည်။

အိမ်ထဲကို ဝင်၍လည်းမရ၊ အမှောင်ထဲကို ထွက်ပြေးချင်လို့လည်း မရ။ ဘဝပျက်တယ်ဆိုတာ ဒါမျိုးထင်ပါရဲ့၊ ကျွန်တော်တစ်ယောက်တည်း မီးလင်းနေသော ရေကပြင်ပေါ်မှာ ဟိုဘက်ဒီဘက်လမ်းလျှောက်
နေခဲ့သည်။ စိတ်ထဲမှာ ဘာတစ်ခုမျှ တွေး၍မရ။
နောက်ဆုံး ကျွန်တော် ဒီအိမ်ထဲက ထွက်မှကိုဖြစ်တော့မည်ဟု ဆုံးဖြတ်ချက်ချလိုက်သည်။ နို့မဟုတ် မနက်ကျလျှင် ဒီယောက္ခမကြီးမျက်နှာကို ကျွန်တော် ဘယ်လိုလုပ်ကြည့်ရမည်နည်း၊ သူကရော ကျွန်တော့်ကို ကြည့်သောအကြည့်ကိုရော ကျွန်တော် ဘယ်လိုရင်ဆိုင်ရမည်နည်း။

“နိုင်နိုင်ဝင်း... နိုင်နိုင်ဝင်း...”

“ဟင်... ဘာ... ဘာလဲ...”

“နိုင်နိုင်ဝင်း...ငါပါ. . . ဟို...ငါ...ငါပြန်တော့မယ်"

“ဟင်...ပြန်တော့မယ်၊ ဘယ်အချိန်ရှိသေးလို့လဲ၊ ဟာ... မှောင်နေတုန်းကြီးဟာကို”

“ရပါတယ်၊ ဒီမှာ နေလို့မရ၊ အဲ... အိပ်လို့မရလို့ဟ၊ မိုးလင်း
ဆိုက်ကားတွေရှိပါတယ်၊ ပြန်တော့မယ်”

“အဓိပ္ပါယ်မရှိတာ၊ ဘယ်နှစ်နာရီရှိသေးလို့လဲ၊ ဟင်... နှစ်နာရီကျော်ကျော်ပဲ ရှိသေးတဲ့ဟာကို ကယောင်ကတန်းနဲ့ ဘာတွေဖြစ်နေတာလဲ”

လေဒီချပ်ပြားက အိပ်ချင်မူးတူးမျက်နှာပေါ်မှာ စိတ်ရှုပ်ထွေးစွာဖြင့်ငြင်းသည်။ ပြီးတော့ နိုးသွားပြီဖြစ်သည်အတွက် အပေါ့အပါးသွားဖို့ အိမ်အောက်သို့ဆင်းသည့်အခါ ကျွန်တော့်မှာ စိတ်မချသလို နောက်မှ ဆင်းလိုက်ရသည်။

“ဟင်... ရေကပြင်မီးကြီးကလည်း ပွင့်လို့ပါလား"

ကျွန်တော် လန့်ဖြန့်ပြီးလှမ်းကြည့်တော့ စဉ့်အိုးက တည်တည်ငြိမ်ငြိမ်ပင်ရှိပါသည်။

“ဒီအချိန်ဆို ဆိုက်ကားသမားတွေ ရှိပါသေးတယ်ဟ”

“အို... အဓိပ္ပါယ်မရှိတာ၊ မနက်ကျတော့မှပြန်ပါ၊ ဘာတွေ ဖြစ်နေတာလဲ"

ကျွန်တော် ဘာမှပြန်မပြောတော့။ အိပ်ယာထဲဝင်ပြီး အပြင်
ကားလမ်းမဆီမှ လူသံကားသံတွေကိုသာ မျှော်နေမိသည်။ ပြန်ပြန်တွေး
မိတိုင်း ကျွန်တော့်မျက်နှာသည် မှောင်ကြီးထဲတွင်တောင်မှ ဘယ်လိုတွေ ဖြစ်ဖြစ်ကုန်သည်မသိ။ အနေရ အလွန်ကိုခက်လေသည်။

ကောင်းကင်မှာ အလင်းကလေးစို့ရုံ၊ ကားသံကလေးကြားရုံမျှဖြင့် ကျွန်တော် ပြန်အိပ်မောကျသွားပြီဖြစ်သော လေဒီချပ်ပြားကို မနှိုးတော့ဘဲ ထ,လစ်ခဲ့ရလေသည်။

နောက်ပိုင်း ကျွန်တော် အရက်တွေ ​တော်တော်သောက်သည်ဆိုတော့ ကျွန်တော့်ယောက္ခမကြီးက

“သောက်တော့သောက်ပေါ့ကွာ။
အသိတော့မလွတ်စေနဲ့၊ ကိုယ်ဘာလုပ်နေတယ်၊ ဘာဖြစ်နေတယ်ဆို
တာလောက်တော့ သိအောင် ချန်သောက်ပေါ့”

ဟု ဆုံးမ၏။ ကျွန်တော်
ဘာမှပြန်မပြောလိုက်ပါ။ ပြောစရာစကားလည်း မရှိပါ။ ယောက္ခမကြီးကတော့ သူ့စဥ့်အိုးကိုမြင်တိုင်း ကျွန်တော့်ကို သတိရနေလိမ့်မည်ထင်ပါသည်။

အမှန်တော့ အဲဒီအချိန်တုန်းက ကျွန်တော် အရက်မူးမနေတော့ပါ။ ကျွန်တော့်ကိုယ်တွေ့ အသိအရဆိုရလျှင် “အရက်” မှာ အပြစ်
မရှိပါ။

လွဲတတ်သော ကျွန်တော်က သောက်ခြင်းကို ခံလိုက်ရသဖြင့် “အရက်” ခမျာ သိက္ခာထိခိုက်ရပါကြောင်း မှတ်တမ်းကလေးတစ်ခု ထားခဲ့ချင်ပါသည်...။

ကိုယ့်ဆရာများ အရက်သောက်လျှင် “ရေကပြင်မှာ ဆီးမသွားဖို့” ကို သတိပေးလိုက်ရပါသည်ခင်ဗျား...။

နီကိုရဲ

ဆရာနီကိုရဲ၊ သူရာထောင့်မှ အလွဲများ၊ စာမျက်နှာ ၁၀ - ၂၈။

စာရိုက် - စလေ ငနော့