Sunday, April 12, 2020

ညောင်ဦးနဲ့ စမ္ပာနဂိုရ်


•••••••••••••••••••••••••

နီကိုရဲ

ကျွန်တော်တို့နီလာလမ်းထိပ်က ဆိုက်ကားဂိတ်ကလေးဟာ တိတ်ဆိတ်နေတယ်။ အရင်နေ့တွေတုန်းက သူတို့အော်ကြဟစ်ကြ၊ ငြင်းကြ ခုန်ကြတဲ့ ပရီးမီးယားလိဂ်ရာသီ ပြီးဆုံးသွားပြီ မဟုတ်လား။ သူတို့တစ်တွေ အားလုံး အရမ်းကြည့်ချင်နေသော ရုပ်ရှင်ကားတစ်ကားကို ကြည့်ပြီးသည့် နောက် ရုံမှအထွက် ပိုစတာကိုမော့ကြည့်ပြီး ဒီပုံဟာ ဘယ်အခန်းက ပုံပဲ ဆိုတာကို သိသွားသလို ၃၈ ပရီးမီးယားလိဂ်ကို သူတို့သိခဲ့ပြီ။

လေကြီးမိုးကြီးတွေကို မော်ရင်ဟို ပြောတတ်မှန်းလည်း သူတို့ သိခဲ့ပြီ။ နိုင်ရင် အကြွားကလေးနဲ့ ရှုံးရင် အားပေးကလေးနဲ့ ဖာဂူဆန်ရဲ့ နှပ်လုံးကလေးတွေကို ကြွေခဲ့ကြတာလည်း ထင်ရှားပြီ။ ဒါပေမယ့် သူတို့ ကျေနပ်ကြပါတယ်။

“ဖာဂီက ဝက်စ်ဟမ်းကို အခွင့်အရေးမပေးဘူးလို့ ပြောပြီးမှကွာ... တူးဝမ်းတော့ ကျိန်းသေတွက်ထားတာ ဖာဂီ မမိုက်ဘူးကွာ...”

ကိုပေါက်က သူ့ဆိုက်ကားရှေ့ခုံမှာ ထိုင်ရင်း ခပ်ညည်းညည်း ပြောရင်းနဲ့ ဒီနေ့ရဲ့ ဘောလုံးပြောကွက်ကို စဖွင့်တယ်။ သူ့ပုံစံက “ဆာ အဲလက်စ်ဇန္ဒာ ဖာဂူဆန်”ကို “ဖာဂီ” လို့ ရင်းရင်းနှီးနှီးခေါ်လိုက်တဲ့အပေါ် မှာ ဂုဏ်ယူကျေနပ်နေတဲ့ ပုံစံနဲ့ ....။

“ဖလားယူမယ့်ပွဲမှာ အရှုံးနဲ့ ယူမှာ မဟုတ်ဘူးလို့ ထင်ထားတာ၊ အခုတော့ ဗြောင်ကြီးလုပ်သွားတာ...”

မဲကြီးက ဒေါသကြီးသူမို့ သူ့လက်အောက်ငယ်သားကို ဟောက် သလို ဟောက်နေတယ်။

''ငါ့စိတ်ထင်တော့ ဖာဂီက သူ ဖလားရပြီးပြီဆိုတော့ တန်းဆင်ဇုံ အခြေအနေကိုကြည့်ပြီး ပြဿနာရှာပေးခဲ့တာလို့ ထင်တာပဲ...”

ခင်ဌေးက သူ့ဆိုက်ကားဘဲလ်ကို တဂတ်ဂတ် ​ဆော့ရင်း လေးလေးနက်နက်ပြောတယ်။

“ဒါလည်း ဖြစ်နိုင်တယ်၊ ရှက်ဖီရှုံးတာက ဘောလုံးကို လက်နဲ့ ထိန်းလို့ ပယ်နယ်တီအပေးခံရတာပဲ၊ ရှက်ဖီးက တန်းဆင်းရလို့ ပြဿနာ ရှာတယ် ထားပါတော့... ဝီဂန်တို့ ဖူလ်ဟမ်တို့က ဘာကိစ္စဝင်ပါရတာလဲ... အနေသာကြီးဟာ...”

“ကြာခြင့်ကလည်း အားရှိအောင်ပေါ့ကွ...ဘိုရိုတောင်ပါသေး... ဖာဂူဆန့်အကွက်ထဲကို ဝင်ပုံ...ဝင်ပုံ... ဟဲ...ဟဲ..”

ပရီးမီးယားလိဂ်ဟာ ရာသီကုန်သွားပေမယ့် ငြင်းချက် မှတ်ချက်နဲ့ ခန့်မှန်းချက်တွေကိုတော့ ပေးခဲ့ ချန်ခဲ့နိုင်ပါသေးတယ်။ နောက်ဆုံးပွဲစဉ် တွေမှာ ပြဿနာတွေ များခဲ့တာကိုး။

“တခြားလူသွင်းရင် ကိစ္စ ဒီလောက်မကြီးနိုင်ဘူး၊ တရားမဝင်တဲ့ တီဗက်(ဇ်)ကမှ သွင်းသွားတော့ ပြဿနာက ကြီးကုန်ရော...”

“ဟဲ့... တိဗက်ဆိုတော့ ဒီကောင်က တရုတ်ကစားသမားလား ...”

“ဟာ.. နားစွန်နားဖျားနဲ့ ဘာတွေ လာပြောနေတာလဲ ဒေါ်ကြော့ ရဲ့ ...ခင်ဗျားဗယာကြော် မတူးအောင်ပဲ ဂရုစိုက်စမ်းပါ၊ တီဗက်(ဇ်)ဗျ... တီဗက်(ဇ်)...”

“အေးလေ...တိဗက်ဆိုတာ တရုတ်နိုင်ငံက မဟုတ်လား...”

“ဟာ.. တော်ကြတော့ဗျာ၊ ခင်ဌေး မင်းကလည်း သူ့ယောက်ျား မူးမူးနဲ့ပြောတာ နားထောင်နေကျ မကြော့နဲ့များ ငြင်းရသေးတယ်လို့...”

စကားပွဲ ခဏရပ်ပြီး ဆေးပေါ့လိပ်ဖွာကြတယ်။ ဂိတ်ဦးကိုပေါက် ပါစင်ဂျာရသွားလို့ ထွက်တော့ မိုးဒီက “ဟေ့ကောင်...ဂျာနယ်ယူခဲ့ဦး''
လို့ လှမ်းမှာတယ်...။

သူတို့ အားကစား ဂျာနယ်ဖတ်ပုံကိုက မန်ယူဘောလုံးကန်သလိုပဲ အချိတ်အဆက်မိတယ်။ ဂျာနယ်တစ်စောင်ကို သုံးရာနဲ့ သုံးရာအထက်ဆိုတဲ့ တိုက်စစ်ကို သူတို့က အပေးအယူနဲ့ ခုခံတယ်။ တစ်နေ့နင်းပြီး အုံနာ ကြေးချန်...ကျန်ငွေနဲ့ သံသရာကို အနိုင်ကန်နေရတာ ငွေသုံးရာ ဘယ့်နဲ့ ဖြုန်းနိုင်မှာတုန်း ...။

ဒီတော့... သူတို့အားလုံးစုပြီး အားကစားဂျာနယ်တစ်စောင် ဝယ် ကြတယ်။ ပြီးရင် ဟိုဘက်ဂိတ်နဲ့ လဲဖတ်တယ်။ ပြီးတော့ သွားကောလိပ် အဆောင်ကျောင်းသားလေးတွေနဲ့ လဲဖတ်တယ်။ ဒီလိုနဲ့ သူတို့ ဂျာနယ်
ပေါင်းစုံ ဖတ်ခဲ့ပေါ့။ လောကဓံတရား ၈ ပါးနဲ့ ရုပ်နာမ်ဖြစ်ပျက်ကို ခုခံ ခဲ့ပေါ့။ အိမ်ခေါင်မိုးက ဓနိပေါက်တွေ လုံခြုံခဲ့ပေါ့။

တစ်ရာသီလုံးလိုလို ကျူးကျော်ရပ်ကွက် အိမ်ပြောင်းသလို ပြောင်းနေကြတဲ့ နည်းပြတွေ... ကစားသမားတွေ... ပြောင်းရွှေ့ကြေးတွေကိုပဲ အလွတ်ရကြတယ်။ အခုမှ စတင်လေ့လာမယ်ဆို ပေါက်သွားလောက်တဲ့ လေ့လာမှုပါပဲ...။ အဲဒီအချိန်မှာပဲ အရေးတကြီးအသံတစ်ခု ဝင်လာတယ်။

“ဟေ့ကောင်တွေ...အိုဝင် ပြန်ထိပြန်ပြီတဲ့....ကွ၊ ဒုက္ခပါပဲကွာ.... ထိပြန်ပြီ...”

“ဟာ.....နောက်ဆုံးပွဲမှာ ထိတာလား မောင်ညှပ်...”

နောက်ရောက်လာတဲ့ မောင်ညှပ်စကားကြောင့် အားလုံး ပြာသွား ကြတယ်။

"ဟုတ်တယ် ဝက်ဖို့ဒ်နဲ့ပွဲမှာ အချင်းချင်းထိတာ မေ့တောင်သွား သတဲ့... ဒုက္ခပါပဲကွာ...တောက်... တစ်ရာသီလုံးနားပြီး အခုမှ ပြန် ကစားပါတယ် ထပ်ဖြစ်ရတယ်လို့၊ နာလိုက်တာကွာ...စတိမ်မက္ကလာရင် တော့ ဆွေးပြီပေါ့ ..”

မောင်ညှပ်က ဝမ်းနည်းတကြီး ပြောနေတယ်။ သူ့မျက်နှာမှာလည်း တကယ်စိတ်မကောင်းတဲ့ပုံပဲ။ ဒီကောင်က ဆိုက်ကားပိုင် နင်းလက် မရှိ တာကြာပြီ။ စည်းကမ်းနဲ့ မညီညွတ်လို့ သူ့ဆိုက်ကားကို ဆိုင်ရာက ဖမ်းထားလို့။ ဒီတော့ နေ့စဉ်စရိတ်ကလေးနဲ့ ညစဉ်အိပ်မက်ကို အရက်နဲ့ ပက်ပစ်ဖို့ နင်းသားတွေက နားချင်တဲ့အချိန်ကလေးမှာ ဒီကောင့်ကို ပေး နင်းကြတယ်။ အရံနင်းသမား ဆိုပါစို့။
“အိုဝင်တော့ ဒုက္ခပါပဲကွာ...”

မောင်ညှပ်ရဲ့ ညည်းသံကို ခင်ဌေးက သက်ပြင်းချတယ်။ ဒီကောင့် မိန်းမ မလှဝင်းကလေး လေဖြတ်ပြီး လဲနေတာ တစ်နှစ်ကျော်ပြီ။ ကလေးက ၃ ယောက်နဲ့။ မောင်ညှပ်က နေ့ကွင်းလည်းကန် ညကွင်းလည်းကန်ပေါ့။

“မင်းတို့ ဂျာနယ်ပြီးပြီလား ...”

“ဟိုဘက်ဂိတ်နဲ့ သွားလဲတယ်..”
“မန်ယူဖလားရတဲ့ပုံ ငါ့ ကိုပေးကွာ...”

“ဟေ့ကောင် မောင်ညှပ်...မင်းတင်လားကွ ငါတို့လည်း ယူချင် တာပေါ့...”

“ငါ့ ကိုပဲ ပေးပါကွာ၊ အိမ်ကထရံလည်း ပေါက်နေလို့ ...သူတို့ပုံ လည်း လိုချင်လို့..”

“ပေးလိုက်ပါ မဲကြီးရာ...”

”မိုးဒီ ငါ့ကို တစ်ကျောင်း နှစ်ကျောင်းလောက်တော့ ပေးနင်းဦးကွာ.."

“ဘာလဲ...မင်း ပက်ဦးမလို့လား ...”

“မဟုတ်ပါဘူးကွာ ချယ်ဆီးနဲ့ မန်ယူရဲ့ FA Cup ကို ငါ ကြည့် ချင်လို့ပါ...မော်ရင်ဟိုကို ငါ အားရတယ်ကွာ...”

ကျွန်တော်တို့မှာ
ညောင်ဦးကမ်းပါးလည်း ပြိုခဲ့ပြီ။ စမ္ပာနဂိုရ်က နွားလည်း ပေါင် ကျိုးခဲ့ပြီ...။

ဆရာနီကိုရဲ၊ နှလုံးသားနှင့် ကန်တဲ့ ဘောလုံး၊
စာမျက်နှာ ၅၇ - ၆၄။

စာရိုက် - စလေ ငနော့