•••••••••••••••••••••••••••••••••
သုမောင်
မနက်စောစော ဝေလီဝေလင်း လေဆိပ်သို့ ဆင်းရသည်။ နေ့ည ပတ်လည် အရက်သောက်ခဲ့စဉ် ကာလက ဖြစ်သောကြောင့် ဘယ်အချိန် ဆိုတာပင် မမှတ်မိတော့ပါ။ မှတ်မိတာ နှစ်ခုက ၁၉၉၅ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့ ဆိုတာရယ်၊ တကူး တကန့် ပြည်ပခရီး သွားရာကိုပင် အေးဘုံက လိုက်ပါပို့ဆောင်ခြင်း မရှိ ဆိုတာရယ်ဘဲ ဖြစ်သည်။ နေ့စွဲ မှတ်မိတာက (၁၃) ရက်နေ့ဖွားသော ကျွန်တော် (၁၃) ရက်နေ့ ပြည်ပခရီး သွားရခြင်းကြောင့် ဖြစ်သည်။ ထိုစဉ်က ဟောင်ကောင်တွင် ကျွန်တော့် ဓါတ်ပုံ ပါဝင်သော ပြက္ခဒိန်လည်း ထုတ်ဝေခဲ့ရာ ခုနှစ်ကိုပါ မှတ်မိနေသည်။ ဘယ်ခရီး သွားသွား လိုက်ပါပို့ဆောင်တတ်သော အေးဘုံ ထိုခရီးကျမှ တမင်တကာ စိတ်ကောက် နေခဲ့သောကြောင့်လည်း ထိုကိစ္စကို မှတ်မိနေခဲ့သည်။
ဝေလီဝေလင်းမှာပင် လေဆိပ်ရောက်တော့ သက်ဆိုင်ရာ ပုဂ္ဂိုလ်များက ကြိုဆိုနေနှင့်သည်။ လူကြီးလူကောင်း တယောက်သဖွယ် ကျွန်တော့်ကို ဧည့်ခံကြသည်။ သို့သော် ကျွန်တော်က မောနင်းပက်ချင်နေပြီ။ လူရှေ့သူရှေ့ မကောင်းတတ်၍ နောက်ဖေး သွားချင်ဟန်ဆောင်ပြီး လေဆိပ် အပြင် ပြန်ထွက်ခဲ့သည်။ မော်တော်ကား စခန်းအနီးမှ ကွမ်းယာဆိုင်တွင် မေးစမ်းတော့ အဆင်သင့်ပင်၊ အရက်ဖြူကို ကြွပ်ကြွပ်အိပ်ဖြင့် တစ်စိတ်တစ်ပိုင်း ဝယ်လို့ ရခဲ့သည်။
လေဆိပ်ဧည့်ခန်း ပြန်ရောက်လို့ မကြာခင် လေယာဉ်ပေါ် တက်ရသည်။ “ဟောင်ကောင် အထိ ဘယ်နှစ်နာရီ မောင်းရသလဲ” ဟု လေယာဉ်မယ်လေးကို မေးတော့ “ငါးနာရီ” ဟု ဖြေသည်။ အတော်ပဲ....။ အိပ်လိုက်သွားရင် ဟိုလည်းရောက် နိုးလည်း နိုးဟု။
“ဦးလေးသုမောင်ရောက်ပါပြီ” ဟု လေယာဉ်မယ်ကလေး လာနှိုးတော့ အောက်ခြေ ပျပျတွင် တန်းစီ ရပ်ထားသော လေယာဉ်ပျံများကို ဗျိုင်းတစ်အုပ်လို မြင်ရသည်။
“ဂွတ်ဒ်မောနင်း ဟောင်ကောင်" ဟု ယောင်ယမ်းပြီး လှမ်းနှုတ်ဆက်မိသည်။ လေယာဉ်ပေါ်က ဆင်းတော့ တာဝန်ရှိသူများ အဖွဲ့က အသင့် ကြိုဆိုသည်။ ရုတ်တရက်တော့ ဘယ်သူမှန်း မသိ။ ပန်းစည်းဆက်သူ တွေလည်း ရှိသည်။ သြော် ဟောင်ကောင်မြေပေါ် သုမောင် ခြေချပြီပဲ။
“ဂွတ်ဒ်မောနင်း” ဟု တွေ့ကရာ လူတွေကို နှုတ်ဆက်တော့ မိတော့မလို့ ကံကောင်းသွားသည်။ သူရို့က စတင်၍ 'ဂွတ်ဒ် အားဖတာနွန်း’ လိုက်ကြလို့။ အကောင်းစား ကားဖြင့် အကောင်းစား လက်ဖက်ရည်ဆိုင် တစ်ဆိုင်သို့ ခေါ်ဆောင်သွားကြသည်။ ဆိုင်နာမည် မမှတ်မိပါ။ မြန်မာ တရုတ် ကပြားများ ပိုင်ဆိုင်သော ဆိုင်ဖြစ်သည်။ ခရီး “လက်ဖက်ရည်လား... အအေးလား” ဟု မေးသောအခါ “ဘီယာ'' ဟု နှုတ်က ထွက်သွား၏။ ဘီယာ လောက်ကတော့ သူတို့ဆီမှာ ရေသန့်လို သဘောထားသဖြင့် (ရေသန့်က ပိုဈေးကြီးသည်) ကျွန်တော် သိက္ခာ ဣန္ဒြေ သိပ်မပျက်ဟု ဆိုရပါမည်။
ကျွန်တော်၏ ဂုဏ်သတင်းပေါင်း များစွာတွင် (အရက်သည် လက္ခဏာမှာပင် ပါဝင်ပြီးမို့) နိုင်ငံရပ်ခြားထိ ကျော်စောနေပုံ ရပါသည်။ ကျွန်တော့်အစ်ကို မောင်ဝဏ္ဏနှင့် ရန်ကုန်မှာ တစ်တန်းထဲ ကျောင်းနေဖက်၊ ဆရာဝန်တစ်ယောက်က ရောက်မဆိုက်ပင် ဝီစကီ တစ်လုံး လက်ဆောင်ပေးသည်။
ပြီးတော့ “ဒီမှာရှိနေတုန်း တစ်နေ့ တစ်လုံးဆို လောက်မလား” ဟု ဆိုသည်။ ဝမ်းသာလိုက်တာ မပြောပါနှင့်တော့။ “ဒါပေမဲ့ အားရှိသွားအောင်၊ အကြောဆေး တစ်လုံးလောက်တော့ သွင်းစေချင်တယ်” ဆိုတာကတော့ ဧည့်ထောက်ခံ မဟုတ်၊ လောကဝတ် (လောကွတ်) ဟု ထင်မိသည်။ ဘယ့်နှယ်ကျွန်တော်မှ ဘာမှ မဖြစ်တာ။ အရက် တစ်လုံးနှင့် အကြောဆေး တစ်လုံး ငွေကြေး တန်ဘိုး ဘယ်လောက် ကျသည်ကို ကျွန်တော် မသိပါ။ ကျွန်တော့် အတွက်တော့ တန်ဘိုး ကွာပါသည်။
တည်းခိုရာသို့ ရောက်ပါပြီ။ သို့သော် ဟိုတယ် မဟုတ်ပါ။ ဟိုတယ်က ဈေးကြီးသဖြင့် အိမ် ရာမှာ ထားပါသည်။ ကိုယ်ပိုင် ဟုတ်ဟန်မတူ၊ ဝန်ထမ်းအိမ်ရာ ဖြစ်ပါလိမ့်မည်။ သူရို့ဆီက လူနေမှုပုံစံ မသိပါ။ (နောင်မှ သိရတာကတော့ အိမ်တော့ အိမ်ပါပဲ။ သို့သော် အကျဉ်းထောင်ထဲကအိမ်။ ကျွန်တော့်ကို ဖိတ်ကြားခြင်းမှာ ဟောင်ကောင် မကာအိုရောက် မြန်မာ ဆရာဝန်များ အသင်း ငွေရတု အတွက် ဖြစ်သောကြောင့် ကျွန်တော် တည်းခိုရန်ကိုလည်း ထောင်ဆရာဝန် တစ်ယောက် အိမ်မှာ စီစဉ်ခြင်းတဲ့။)
ကျွန်တော် တစ်ယောက်တည်း နေရသော အခန်းမှာ ဘယ်နှထပ်မှာမှန်း မမှတ်မိပါ။ (၄) ထပ်လား၊ (၁၄) ထပ်လား၊ လေးဂဏန်း ပါတာကိုတော့ ဓာတ်လှေကား ခလုပ် မှတ်သားရင်းက မှတ်မိနေပါသည်။ ဒီက ထူးရှယ် တိုက်ခန်းများ ကဲ့သို့ပင် ကျယ်ဝန်း သေသပ်ပါသည်။ တစ်ခုပဲ၊ ဝရံတာ သေးသေးကလေးတွင် မြက်ခင်းများ ပန်းအလှများ စိုက်ပျိုးထားသဖြင့် အပြင်ထွက်ပြီး မြို့ရှုခင်း ကြည့်ဖို့ အားနာနေရသည်။ အိပ်ခန်း ပြူတင်းပေါက်မှ ကြည့်သော်လည်း နံဘေးမှ မိုးမျှော်တိုက်ကြီးများသာ ကာဆီးကာဆီး လုပ်နေတာ မြင်ရသည်။
“ခဏ နားပါဦး” ဆိုပြီး ဧည့်ခံသူများက ကျွန်တော့်ကို တစ်ယောက်ထဲ ထားပြီး အသီးသီး ထွက်သွားကြတော့ စောစောက လက်ဆောင် ရခဲ့သော ပုလင်းကို ဖွင့်လိုက်တော့သည်။ မောမော မူးမူး နှင့် အိပ်ပျော်သွားလိုက်တာ ဘယ်လောက်ကြာသည် မသိ။ ဖျတ်ခနဲ လန့်နိုးတော့ ကျွန်တော့် နံဘေးမှာ ဆရာဝန်တွေ ပတ်လည်ဝိုင်းလို့။ ထောင်ဆရာဝန်များ ပီပီ သူရို့အပြုံးတွေက ချုပ်နှောင် ထားရတာကိုပင် ဂုဏ်ယူနေသလို ရှိသည်။ ဟုတ်ပါ့။ ကျွန်တော့် လက်ဖျံမှာ အကြောဆေး သွင်းလျှက် အပ်တန်းလန်း။ လှုပ်ဟယ် ပြုဟယ် ဖြစ်မှာစိုးလို့ လက်မောင်းနှင့် လက်ကောက်ဝတ်ကို ခုတင်တိုင်နှင့် ပလာစတာ တွဲ ကပ်ထားကြသည်။
“အားရှိသွားအောင်လို့ပါ” ဟု ပြုံးပြုံးကြီး ပြောကြသော်လည်း သည်မျှ မလိုအပ်ကြောင်း ကိုယ့်ဖာသာ သိထားသဖြင့် နည်းနည်းတော့ စလုံးစခု ဖြစ်ရသေးသည်။ ပုဂ္ဂိုလ် တစ်ယောက်က “ဘာများလိုအပ်သေးလဲ” ရို့ရို့လေး မေးရာ “ခြေထောက် ပူနေတယ်” ဟု ကလန်ကဆန် ပြောမိသေး၏။
သူ့ခမျာ ကျွန်တော့် ခြေထောက် နေရောင် မထိစေရန် လိုက်ကာကို ပြင်ဆင်ကာ ပေးရှာပါသည်။ တကယ်တော့ ညနေစောင်း နေရောင်ခြည်က တိုက်ကြို တိုက်ကြားမှ မသိမသာ ဖြာကျနေခြင်းမျှသာ။ အမှန်က သူရို့ဆီမှာ ဒီလို အချိန်လေး (လေးငါးမိနစ်မျှ) နေရောင်ခြည် ရတတ်မှန်း ကျွန်တော် မစဉ်းစားမိချေ။
“ညနေ သတင်းစာ တွေဆုံပွဲ ရှိတယ်။ ဆေးသွင်းပြီး ရေချိုးလိုက်ပေါ့”
ခေါင်းသာ ညိတ်ပြလိုက်ရသည်။ လက်တစ်ဘက် ကတော့ ခေါင်းအုံး အောက်သို့ လျှိုသွင်းနေမိပါပြီ။ စောစောက သောက်လက်စ ဝီစကီ ပုလင်း ရှိမှရှိသေးရဲ့လားဟု။ ရေချိုးလိုက် ဆိုသော်လည်း တကယ်က 'ရေပူ' မရသဖြင့် မချိုးဖြစ်ချေ။ ကျွန်တော်က ရေကြောက်တတ်သည်။ ဟိုမှာနေခဲ့စဉ် ရက်သတ္တပတ်လုံး ရေမချိုးဖြစ်ခဲ့ပါ။ (ရေချိုးခြင်း အကျိုးကို နောက်မှ နောက်မှ ပြောပြပါမည်။) ခေါင်းအုံးအောက် ဝှက်ထားသော ဝီစကီကို တစ်ဝက် ကျိုးလောက်အောင် သောက်ပြီး ရေခဲသေတ္တာထဲ ထည့်ထားလိုက်သည်။ တိုက်တစ်ခန်းလုံး ကိုယ်တစ်ယောက်တည်း ဆိုတော့ ဘယ်သူမှ ခိုးသောက်မှာ မဟုတ်ဟု မစ္ဆရိယစိတ် များလိုက်သေး၏။
ကျွန်တော်က စိတ်လွတ်လက်လွတ် သောက်ချိန်နှင့် ရေချိန်ညှိချိန် ဟူ၍ သောက်ချိန် နှစ်မျိုး ထားသည်။ ထို့ကြောင့် အနေတော် သောက်ပြီး ညနေပိုင်း သတင်းစာ တွေ့ဆုံပွဲသို့ သွားလိုက်သည်။ ထင်ထားသည့် အတိုင်း ဟိုရောက်တော့ ဘီယာနှင့် ဝိုင်သာ သောက်ရသည်။ တော်ပါသေးရဲ့။
သို့သော် ပြဿနာမှာ သတင်းစာ တွေ့ဆုံပွဲ ဧည့်ခံရာ၌ အဓိက မိတ်ဆက် စကားပြောသူ ပုဂ္ဂိုလ်ကြီးမှာ ညနေက ကျွန်တော့်ခြေထောက် နေပူသည်ဟု ဂျီကျသဖြင့် လိုက်ကာကလေး ရွှေ့ပေးရှာသူ ဖြစ်နေလေရာ မျက်နှာ ပူလိုက်တာလေ။ နောင်မှ ထိုပုဂ္ဂိုလ်မှာ တော်တော် အရေးပါမှန်း သိရသည်။ ည ကိုယ့်တိုက်ခန်း ကိုယ်ပြန်တော့လည်း မီးတွေထိန်ညီးနေသည့် လမ်းများပေါ်မှာ ကားတဝီဝီ စီးခဲ့ရသည်ကိုသာ သိရ၏။ ခံစားရသည်မှာ ကိုယ့်အခန်း ကိုယ်ပြန်ရောက်လို့ ရေခဲသေတ္တာဖွင့်တော့ ကျွန်တော့် ဝီစကီပုလင်း မရှိတော့ချေ။ ဘယ်သကောင့်သား လက်ချက်ပေနည်း။ ညက လူးကာ လှိမ့်ကာနှင့် အိပ်ဆေးသောက်ပြီး အိပ်ရတာထက် နံနက် စောစောနိုးပြီး အရက် ဆာလာတာက ပိုခံစားရပါသည်။ ကိုယ့်အိမ် ကိုယ့်ယာ မဟုတ်သဖြင့် ဘယ်မှာ ရှာရမှန်းမသိ။ မတတ်သာသည့် အဆုံး ဓါတ်လှေကားဖြင့် ဆင်းပြီး လမ်းလျှောက် ထွက်ရတော့သည်။ အောက်ထပ် ဆင်ဝင်ရောက်တော့ မော်တော်ကား နှစ်စီးနှင့် အရပ်သားနှစ်ဦးက
“ဦးသုမောင် ဘယ်သွားချင်ပါသလဲ။ ကားနှစ်စီး ကြိုက်ရာစီးပါ”
ဟု ပြောပါသည်။ သူတို့ ပုံစံတွေ ကြည့်ရတာ ကျွန်တော့် အတွက် တကူးတကန့် ဘော်ဒီဂတ် ချထားမှန်း သိသာနေသဖြင့် “လမ်းကလေး ဘာလေး လျှောက်မလို့ပါ” ဟု ဖြီးရတော့သည်။
လမ်းမတန်းဘက်အထွက် ဝင်ပေါက်ရောက်တော့ ဟောင်ကောင်ပုလိပ် နှစ်ယောက် စောင့်သော သံပိုက်လုံး အဆီးအတားကို ဖွင့်ပေးလိုက်သဖြင့် ဘဝင်မြင့်သွားရ၏။ သည်လိုနှင့် မိမိ တစ်ခါမျှ ခြေမချ ဖူးသော ဟောင်ကောင်မြေပေါ်မှ လမ်းများကို လမ်းပြပုလိပ် အကူအညီဖြင့် မျက်မမြင်ကဲ့သို့ လက်တွဲကူး ရပါသည်။ နော့မို့ဖြင့် တရိပ်ရိပ် ပြေးနေသော မော်တော်ကားလမ်းမှာ ကတုန်ကယင် သုမောင် ကားတိုက်ခံရမှာ သေချာသည်။
ဟိုမှာက မော်တော်ကားတွေ များလွန်းသဖြင့် ကိုယ့်အရှိန်နှင့်ကိုယ် မရပ်တမ်း မောင်းနေရသည်။ ဟွန်းမတီးရ။ ဟွန်းတီးလျှင် ပုလိပ်ဖမ်းသည်။ ကျွန်တော်တို့ဆီနှင့် တော်တော်ပြောင်းပြန် ဖြစ်၏။ လူတွေက ပလက်ဖောင်း ပေါ်မှ ခြေတစ်ဖဝါး မချရ။ လမ်းကူးလျှင် တံတားပေါ်မှ၊ မြေအောက်မှ၊ မျဉ်းကျားမှ ကူးရသည်။ ဆိုကြပါစို့ရဲ့။ အရက်သမား သုမောင် အရက်ရှာရတာ ပင်ပန်းလိုက်တာ။ နောက်ဆုံး ကုန်စုံ ဆိုင်လေး တစ်ခု၏ ထောင့်ကွယ်တွင် ထားရှိသော တရုတ် ဝီစကီ တစ်ပုလင်း ရလေသည်။ အပြန်လမ်း တွင်လည်း ပုလိပ် အကူဖြင့်သာ ပြန်ရသည်။
ခက်တာက “သူ့စကား လူမသိ၊ လူ့စကား သူမသိ” ဆိုတာလို ဗမာစကားလည်း သူရို့ မသိ။ အင်္ဂလိပ်လို ပြောလည်း နားမလည်၊ တရုတ်လိုကျတော့ ကျွန်တော်က မတတ်။ (ထိုစဉ် ၁၉၉၅ ဆီက မြဝတီရုပ်သံ တရုတ်ကားများကလည်း မပေါ်သေးသဖြင့် ''ညောင် ” တို့ “အတဲ” မျှပင် နားမလည်ပါ။)
ကိုယ့်နေရာ ကိုယ်ပြန်ရောက်မှ ပြဿနာပေါ်တော့သည်။ စောစောက ကျွန်တော့်အား တရိုတသေ သံပိုက်လုံး အဆီးအတားကို ဖွင့်ပေးသော အစောင့်နှစ်ယောက်သည် ဖွင့်ပေးဖို့ နေနေသာသာ ကျွန်တော့်အား လှည့်၍မျှ မကြည့်တော့ပေ။ သံပိုက်လုံး ဖွင့်ပေးရန် ဘာသာစကားမျိုးစုံ၊ အမူအရာ မျိုးစုံ ပြသော်လည်း တုတ်တုတ်မျှ မလှုပ်တော့ပါ။ နောက်ဆုံးမှ ကျွန်တော်၏ သရုပ်ပြ ကောင်းမှုဖြင့် သံပိုက်လုံး ဖွင့် လေ တော့သည်။ (နောင်မှ သိရတာက ထောင်ဝင်း ဖြစ်သောကြောင့် အထွက်မှာ လွယ်ကူ သလောက် အဝင်မှာတော့ အလွန် ခက်ခဲခြင်း ဖြစ်မှန်း သဘောပေါက်တော့၏။)
ဟောင်ကောင်မှာ (၄) ရက်၊ မကာအိုမှာ (၃) ရက် ကြာခဲ့ပါသည်။ (မကာအို အကြောင်း ကြုံမှ ရေးပါဦးမည်။ ဟောင်ကောင်မှာ (၁) ရက် သီချင်းဆို ဖျော်ဖြေပေးရပါမည်။ ကျန်ရက်တွေကတော့ အလည်အပတ် လိုက်ပို့ကြပါသည်။ ကျွန်တော်က ''ရှောဘရားသား ရုပ်ရှင်စတူဒီယို“၊ ''ဟောင်ကောင်နှင့် ပြည်မကြီး နယ်စပ်ရှိ ဘုရားကြီး”၊ “ဟောင်ကောင် လှေဆိပ် ရေပေါ်ဈေး” သုံးနေရာ သွားချင်သော်လည်း သူရို့က လိုက်မပို့နိုင်ပါ။
မြို့တွင်းလှည်၍ ဟိုဟိုသည်သည် ပို့ပြန်တော့လည်း ကျွန်တော် စိတ်မဝင်စားပါ။ ထို့ကြောင့် တစ်ရက်သာ မြို့ထဲ ကားဖြင့်လည်ပြီး ကျန် (၂) ရက်မှာ ကိုယ့်အခန်းထဲ ကိုယ်အောင်းပြီး လှိမ့်သောက်၊ လှိမ့်အိပ် နေလိုက်ပါသည်။ “လှိမ့်သောက်" ဆိုတာနှင့် ပတ်သက်လို့ ပြောစရာရှိသေးသည်။ ရေခဲသေတ္တာထဲ ဝှက်ထားသည့် အရက်ပုလင်းပင် ပျောက်လေသော် ကျွန်တော့်မှာ ကိုယ်ပိုင် အရက် ရှာပုံတော် ဖွင့်ဖို့ ကြိုးစားရပါသည်။ (အစ်ကို မောင်ဝဏ္ဏ၏ သူငယ်ချင်း ပြောခဲ့သော တစ်နေ့ တစ်လုံး ဆိုတာလည်း တကယ်တော့ ပေါ်မလာပါ။ ကျွန်တော် သောက်ပုံကို ဆရာဝန်ပီပီ စိုးရိမ်သွားဟန် တူပါ၏။)
စောစောက ပြောသလို ထောင်ဝင်းတံခါး အဖွင့်အပိတ် ကိစ္စ နားလည်မှု ရသွား၍ ညစဉ် ကျွန်တော် လမ်းလျှောက် ထွက်တော့၏။ နေ့လယ်ပိုင်းကား များသောအားဖြင့် ကားနှင့်သာ ခရီးသွားရလေရာ ဘော်ဒီဂတ်များ ပါသဖြင့် မလွတ်လပ်ပါ။ ကားဖြင့် သွားရတာကလည်း မိုးပျံ တံတားပေါ် ရောက်သွားလိုက်၊ မြေအောက် ရေအောက် လှိုဏ်ခေါင်းထဲ ရောက်သွားလိုက်နှင့်မို့ ရပ်ချင်ရာ ရပ်လို့မရပါ။ သည်တော့ လမ်းလျှောက်ထွက်မှ အရက် ဝယ်ခွင့်ရ၏။
ကောင်းပါပြီ။ နောက်ပိုင်း ဘယ်လိုနည်းဖြင့် အရက် ရသနည်း။ ကျွန်တော်တို့ သတင်းစာ တွေ့ဆုံပွဲ လုပ်ရာ အရပ်ကို မြန်မာလို 'မီးသုံးလုံး' ဟုခေါ်၏။ လမ်းမီးသုံးလုံးကို သုံးပွင့်ဆိုင်ထွန်းပြီး မော်တော်ကားပတ် အဝိုင်းလေး တစ်ခုတွင် ထွန်းထားသဖြင့် “မီးသုံးလုံး'' ဟု ခေါ်ခြင်းဖြစ်ပြီး ထိုအရပ်သည် မြန်မာ အများစု နေသော အရပ် ဖြစ်၏။ သည်မှာလိုဆို တရုတ်တန်း သဘောပေါ့။ ဟိုမှာတော့ မြန်မာတန်း။
ပထမဆုံးအကြိမ် မီးသုံးလုံး ရောက်သွားပြီး ကတည်းက “သုမောင် ဟောင်ကောင် ရောက်နေသတဲ့” ဟူသော သတင်းက ပျံ့နှံ့သွားပါပြီ။ သည်တော့ မီးသုံးလုံး အရပ်သွားပြီး သုမောင် နည်းနည်း ကိုယ်ယောင်ပြ လမ်းသလား လိုက်သည်နှင့် ဟိုလူက “ဦးတုမောင်'' သည်လူက “ကိုတုမောင်'' နှင့် မိတ်ဆက်ကြတော့သည်။ တစ်ဆက်တည်းမှာပင် စားပွဲရုံခေါ် ဧည့်ခံလေသည်။ ထိုအခါ အရက်သည် မပါမပြီးတော့ ချေ။ ပြီးတော့ အပြန်လက်ဆောင် ဝီစကီတစ်လုံး။ သည်လိုနှင့် ကျွန်တော်သည် အချိန်တန် 'မီးသုံးလုံး' သွား။ လမ်းသလား၊ ဝီစကီ လက်ဆောင်ယူ။ အဆောင်ပြန်။ လှိမ့်သောက်၊ လှိမ့်အိပ်။
ဘယ်လောက်များ လှိမ့်သောက်၊ လှိမ့်အိပ် လိုက်ပါသလဲ ဆိုလျှင် တစ်နေ့ခင်း ဈေးဝယ် ထွက်ရအောင် ဟု လာခေါ်ကြရာ ကျွန်တော့် အခန်းတံခါး ဖွင့်မရသဖြင့် သော့ဖျက်ပြီး ဝင်နှိုးရသည် အထိ ဖြစ်တော့၏။ ကျွန်တော်သည် ဟောင်ကောင်တွင် နေစဉ်ကာလ 'သတင်းစာ တွေ့ဆုံပွဲ' နှင့် 'သီချင်းဆိုပွဲ' ထိုနှစ်ပွဲတွင်သာ လူလိုသူလို စနစ်တကျ ဟန်ကျပန်ကျ ရုပ်လုံး ပြခဲ့ပါသည်။ ဤအချိန် များတွင် ကိုယ့်အခန်းထဲကိုယ် ထောင်ကျသည်။ မိမိဘာသာ နေခဲ့ပါသည်။ “အရက် အတွက်များ ကိုသုမောင်ရယ်။ နိုင်ငံခြားမှာ နည်းနည်း သည်းခံပြီး နိုင်ငံခြား အတွေ့အကြုံ ရှာပါတော့လား” ဟု မပြောကြပါနှင့်။ ထိုစဉ်က အရက်သည် ကျွန်တော့်အဖို့ အရာရာထက် အရေးကြီးခဲ့ပါသည်။
(ခုမှ နောင်တ ရမိသည်။) တစ်ခုတော့ရှိသည်။ ဟောင်ကောင်မှာ တစ်ညတာ သီချင်းလေးငါး ဆယ်ပုဒ် ဖျော်ဖြေခဲ့ရာ ပန်းစည်း ပန်းခြင်းတွေ ကျွန်တော့် အိပ်ခန်း အပြည့်စာ လက်ဆောင်ရသည်။ ထိုပန်းစည်း များကို တာဝန်ရှိသူများက စာရင်းတွက်ပြီး ငွေချေရာ အမေရိကန်ဒေါ်လာ တစ်ထောင်ကျော်၊ ဟောင်ကောင်ဒေါ်လာ (၃၀၀၀) ခန့် ရသည်။
(ဒါတွေ ရန်ကုန်ရောက်တော့ မြန်မာငွေနှင့်လဲပြီး ပစ္စည်းများ ဝယ်ခြမ်းရာ ဟောင်ကောင်မိတ်တွေ ပါနေတာ မဆန်းပေဘူးလား။) ဟိုက ဘာပစ္စည်းမှ မဝယ်ဖြစ်။ ကလေးကစားစရာ (ဟောင်ကောင်ရိုးရာ) အရုပ်အချို့သာ သားသမီးတွေအတွက် ဝယ်ဖြစ်သည်။
ကုန်ကုန်ပြောကြကြေး၊ ဟိုက လက်ဆောင်ပေးလိုက်သော ပစ္စည်းကို ရန်ကုန်ရောက်လို့ တစ်ဆင့် လက်ဆောင် ပြန်ဝေငှရာ တစ်ဆွေလုံး တစ်မျိုးလုံးသာမက ညီမဝမ်းကွဲ၏ ယောက္ခမ၏ အခြား ချွေးမ အတွက်ပင် လူစုံတက်စုံ ရရှိပြီး “အေးဘုံ" အတွက် ဘာတစ်ခုမှ ပါမလာသည်ကို ရယ်ကြရသေးသည်။
သတင်းစာ တွေဆုံပွဲနှင့် သီချင်းဆိုပွဲတွင် ဟန်အပြည့် နေနိုင်ခဲ့တာပင်လျှင် ကျွန်တော်၏ ဟောင်ကောင်ခရီး အကျိုးရှိသည်ဟု ဆိုရပါမည်။ ပြောခဲ့ပါပကော။ ရေပင်မချိုးခဲ့ဟု။ ကောင်းပါပြီ။ ရေမချိုးသည့် အဖြစ်နှင့် ရေချိုးလျှင် ရမည့် အကျိုးကို နောက်ဆုံး ဖော်ပြချင်ပါသည်။
စောစောက ပြောသလို တစ်နာရီ ကီလို (၈၀) (၁၀၀) နှုန်းဖြင့် မောင်းနေသော မှန်လုံပိတ်ကားပေါ် ဟိုသည် သွားနေရင်း တစ်ခါသော် ဘော်ဒီဂတ်တစ်ဦးက ဤသို့ဆို၏။
“ကိုသု ရေချိုးမလား”
“ဟာ ကြံကြီးစည်ရာဗျာ။ ကျွန်တော် ရေကြောက်တယ်"
သူက ဆက်မမေးတော့ သော်လည်း စဉ်းစားသေးသည်။ ဘယ့်နှယ်ဗျာ။ ကိုယ့်အဆောင်မှာပင် ကိုယ် ရေမချိုးတာ။ ဒီလို ကားအမြန်နှုန်း မောင်းနေစဉ် ဘယ်နေရာရပ်ပြီး ဘယ့်နှယ်လုပ် ရေချိုးမှာလဲဟု။ သို့သော် ရန်ကုန် ပြန်ရောက်ပြီး ဟောင်ကောင် အတွေ့ အကြုံတွေ စကားဆုံဖြစ် ကြတော့မှဟိုမှာ သွားအလုပ်လုပ်ခဲ့ဖူးသူ မိတ်ဆွေ တစ်ယောက်က “ခင်ဗျား ညံ့ပါ့ ဗျာ ဟောင်ကောင် ရောက်လို့မှ ရေမချိုးခဲ့ဘူး ဆိုတာ တစ်ဖူနာတာပဲ” ဟု မချိုမချဉ် ပြောပါသည်။ ကျွန်တော့်မှာလေ ကိုယ့်နှဖူးကိုယ် လက်ဝါးရိုက်ပြီး “ငါနွား ငါနွား” ဟု အော်ဟစ်မိသည်အထိ။
တကယ်တော့ ကျွန်တော်သည် နှိုင်းချင်းနှိုင်းလျှင် နွားနှင့် မနှိုင်းအပ်ပါ။ ဆင် နှင့် သာ နှိုင်းအပ်ပါသည်။ အကြောင်းကား ဟောင်ကောင် လေဆိပ်မှ လေယာဉ်ကြီး ကျွန်တော့်ကို တင်၍ ပျံတက်သွား သွားချင်းမှာပင် လိုက်ပါပို့ဆောင်သူ တာဝန်ခံ ပုဂ္ဂိုလ်ကြီး တစ်ဦးက ကျွန်တော့်အိမ်သို့ ချက်ချင်း လှမ်းဖုန်း ကြိုဆက် လိုက်သောကြောင့်ပင်။
“ဒေါ်အေးဘုံရေ ဘိုသုတော့ လေယာဉ်ပေါ် တင်ပေးလိုက်ပြီဗျို့ .. အင်း ... အခုမှပဲ ကျွန်တော့် ခေါင်းပေါ်က ဆင်ကြီး လွတ်သွားတော့တယ်"
စာဖတ်သူ မိတ်ဆွေ။ အထက်ပါ စာစုသည် ခရီးသွား ဆောင်းပါး ဘယ့်နှယ်လုပ် ဖြစ်ပါမည်နည်း။ ခရီးသွားခြင်း (ပြည်ပ) နှင့် မတူဘဲလေ။
မြန်မာ့ ဂီတခရီးဟု ဆိုသာရုံမျှသာ ဖြစ်ပါသည်။ ထို့အတွက် တာဝန်ကျေရုံကလေး မျှသာ။ ပြောကြကြေး ဆိုလျှင် စရိတ်ငြိမ်း၊ တာဝန်မဲ့ အလည်အပတ် သဘောမျှပင် ဖြစ်ပါစေ ထိုအခွင့်အရေးကို ကျွန်တော် ကောင်းကောင်း အသုံးမချမိခဲ့တာတော့ အမှန်ပင်။ မသကာ ကိုယ်မရောက်ဖူးသည့် ဒေသ လျှောက်လည်ဖို့တော့ ကောင်းပါသည်။ ဈေးဝယ်ရုံ ဖြစ်ဖြစ်ပေါ့။ အင်း ... အနည်းဆုံး ရေကလေးဖြစ်ဖြစ်ချိုးခဲ့ ဖို့ မကောင်း ပေဘူးလား။
ကြည့်စမ်းပါဦး။ အရက်၏ ကျေးကျွန်ဘဝမှာ အရက်သမား တစ်ယောက်လိုမျှပင် ကျွန်တော် အပျော် မကျူးနိုင်ခဲ့ပါ။
စရောက်ရောက်ချင်း နေ့လည်ခင်းမှာ “ဂွတ်ဒ်မောနင်း ဟောင်ကောင်” ဟု မှားယွင်း နှုတ်ဆက်မိခဲ့သလို အပြန်ခရီးမှာလည်း “ဂွတ်ဒ်ဘိုင် ဟောင်ကောင်” ဟုပင် ယောင်ယမ်း မနှုတ်ဆက်ခဲ့မိပါချေ။ တစ်ကယ်တော့
ဟောင်ကောင် ခရီးတစ်လျှောက်လုံးတွင် ကျွန်တော့်မှာ မိုးလင်းမှန်းမသိ။ မိုးချုပ်မှန်းမသိ။ ထို့ကြောင့် ဂွတ်ဒ်မောနင်း လည်းမရှိ။ ဂွတ်ဒ်ဘိုင်လည်းမရှိ ဖြစ်ခဲ့ရသည်မှာ မဆန်းသလို၊ ခုနှယ် ပြန်စဉ်းစားတော့လည်း လွမ်းသလိုလို။
သောကြာစာစောင် အမှတ် (၄၄၈)၊ ဒီဇင်ဘာလ၊ ၂၀၀၀ပြည့်နှစ်။
ဆရာသုမောင်၊ အရက်သမား အမှားတစ်ခါ၊
စာမျက်နှာ ၂၅ - ၃၀။
စာရိုက် - စလေ ငနော့
