•••••••••••••••••••••••••
နီကိုရဲ
မှော်ရုံတောကို ရောက်နေတဲ့
လူတစ်ယောက်လိုပဲ ကျွန်တော့်အတွက် အရာရာဟာ အံ့သြစရာအပြည့်...ရင်ခုန်စရာ အပြည့်နဲ့ ဖြစ်နေတယ်။ ကျွန်တော့် မှော်ရုံတောမှာ နေရောင်ဟာ လှပတယ်။ ရယ်သံက ချိုမြတယ်။ အတောင်ပံပါတဲ့ အပြုံးတွေက ဟိုဟိုဒီဒီ ပျံသန်းနေကြတယ်။ ကျွန်တော့် စိတ်ကူးထဲမှာ ရိုးခနဲ ရိပ်ခနဲ တစ်ခုခု နဲ့များ တွေ့လေမလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ ကျွန်တော် ရင်ဖိုရ... ရင်ခုန်ရတာလည်း အမောပါပဲ။ ဒါပေမဲ့ ကျွန်တော် ဘာနဲ့မှ မတွေ့ပါဘူး။
ကျွန်တော့်ဘေးနားက ရယ်မောပြီး ဖြတ်တက်သွားတဲ့ ကောင်မလေးတွေရဲ့ ရယ်သံအဖျားစွန်းမှာ ကျွန်တော် တုန်ခါပြီး ကျန်ခဲ့ တယ်။ သူတို့ကတော့ ကျွန်တော်ရှိမှန်းတောင် မသိပါဘူး။ ကျွန်တော်ဟာ သရဲတစ်ကောင်လိုပဲ ဘယ်သူကမှစကားမပြော ပြုံးမပြ နှုတ်မဆက်တဲ့ ဒဏ်ကိုခံနေရတယ်။
ကျွန်တာ်ရှိမှန်း ကျွန်တော်ဟာ လမ်းလျှောက် နေမှန်း ဘယ်သူကမှ အသိအမှတ် မပြုကြဘူး။ အဲဒီလို ဖြစ်နေတာကိုပဲ ကျွန်တော်ကလည်း ရသင့်ရထိုက်သောဆုလာဘ်...။ ဖြစ်သင့်ဖြစ်ထိုက်သော ကြိုဆိုမှုလို့ ထင်နေတယ်။
ဟုတ်တယ်လေ။ ရဲ၀င်းဆိုတဲ့ကောင်ဟာ အခုဆို ရန်ကုန် တက္ကသိုလ်ရဲ့ အဓိပတိလမ်းမှာ လျှောက်နေရပြီပဲ။ အလှမွေးငါးကန် ထဲကနေ ပင်လယ်ထဲကို ပစ်အချခံရတဲ့ ငါးတစ်ကောင်လိုပဲ။ ရှေ့မှာ တွေ့သမျှနေရာတွေကို ကျွန်တော် အတင်းလျှောက်ကူးခတ်နေမိတယ်။ ခန္ဓာကိုယ်နဲ့ အသိကပ်တော့ ကျွန်တော် ဘွဲ့နှင်းသဘင်ရှေ့ကိုရောက်နေ ပြီ။ အသိစိတ်ကလည်း ကပ်တော့မှာပေါ့။ ဘွဲ့နှင်းသဘင်ရှေ့မှာ စိုက်ထားတဲ့ ပုဏ္႑ရိက်ပင် အပုကလေးတွေက ကျွန်တော့် ဒူးနဲ့ထိနေပြီလေ။
ကျွန်တော် ဘွဲ့နှင်းသဘင်အောက်က ကျောက်လှေကားမှာ ထိုင်ပြီး ဂျက်ကမ္ဘာဖွာရင်းနဲ့ ကျောင်းကြီးကို ငေးကြည့်နေမိတယ်။ အဓိပတိလမ်းမှာရော ကျွန်တော့် ဘေး၀ဲယာမှာရော ကျောင်းသား တွေ ကျောင်းသူတွေကို စုံနေတာပဲဗျာ။ ဦးတည်ရာမဲ့ အစီအစဉ် မဲ့သွားနေလိုက်ကြတာ ပုရွက်ဆိတ်အုံပေါ် အုန်းသီးပြုတ်ကျတဲ့ အတိုင်း ပဲ ကိုယ့်ဆရာရေ။ အရောင်တွေ...အသံတွေ ပုံသဏ္ဌာန်တွေ ဘယ် လောက်ကွဲကွဲ အားလုံးရဲ့ တူညီမှုတစ်ခုကတော့ ပျော်ရွှင်ခြင်း၊ လွတ်လပ်ခြင်း၊ ပေါ့ပါးခြင်းပဲ။ အဲဒါ အားလုံး သူတို့ဆီမှာ ရှိနေတယ်။
ကျွန်တော့်ခါးအနောက်မှာ ထိုးထားတဲ့ စာအုပ်ကလေးက ချေွးတွေစိုနေပြီ။ ဟုတ်တယ်။ မနက်ကပဲ လမ်းထိပ် ကုန်စုံဆိုင်မှာ စာမျက်နှာ ၈၀ ပါ ဗလာစာအုပ် တစ်အုပ်ကို ဆယ့်ခြောက်ကျပ်နဲ့ ၀ယ်ပြီး ခါးကြားမှာ ထိုးလာခဲ့တယ်။ ရန်ကုန်တက္ကသိုလ်ကို စတက်တဲ့နေ့မှာ ကျွန်တော့်မှာ လွယ်အိတ်မပါဘူး။ လွယ်အိတ်ဆိုရင် ဒုက္ခပေးတတ်လွန်းလို့ ကျွန်တော် ကြောက်နေတာလည်းပါတယ်။ ဇာဇာမြတ်ဦးနဲ့ ရှက်စရာကောင်းလောက်အောင် လွဲခဲ့လို့ ရင်နာတာ လည်းပါတယ်။ သူပေးထားတဲ့ လွယ်အိတ်ကိုလွယ်ပြီးမှ ရန်ကုန် တက်္ကသိုလ်ထဲမှာ သူနဲ့ဗြုန်းဆို သွားတိုးရင် သွားပြီပေါ့... ကိုယ့်ဆရာ ရယ်။
ဘယ်သူက ဘာမှမသိဘူး။ ဘာမှမပြောဘူးပဲထား၊ ကိုယ့် ကိုယ်ကိုယ်သိနေတဲ့အသိကို ကျွန်တော် ဘယ်မှာ သွားပုန်းရမလဲ။ ကျွန်တော့် စိတ်ထဲမှာ ကျွန်တော် ပုန်းစရာ နေရာမရှိဘူး။ ကျွန်တော့် လိုပါပဲ... မမှန်တာလုပ်ခဲ့တဲ့ ဘယ်သူ့စိတ်ထဲမှာမှလည်း ပုန်းစရာ နေရာမရှိပါဘူး။ ဒါကြောင့်မို့ ကျွန်တော်ဒီနေ့ လွယ်အိတ်မပါဘူး။ ဒါပေမဲ့ ကျောင်းသားဆိုတာက
လွယ်အိတ်မလွယ်ဘဲနဲ့ နေလို့မှမရတာ။ ကျောင်းတက်ရက် အသေအချာ စပြီဆိုရင် သူ့ဘာသာရပ်အလိုက် ခွဲထားရတဲ့ စာအုပ်ခြောက်အုပ်လောက်နဲ့ လက်တွေ့စာအုပ်တွေကို အခုလိုနောက်ကျောမှာ ထိုးထားလို့ ဘယ်ရပါ့မလဲ။
ခက်တာက ကျွန်တော်ကလည်း လွယ်အိတ်ကို မကိုင်ချင်ဘူး။ လွယ်အိတ်မကိုင်ဘဲ မလွယ်ဘဲနဲ့ ဘယ်လို ကျောင်းတက်ရမလဲ။ ဒီကိစ္စကို ကမ္ဘာကျော် အတွေးအခေါ်ရှင်ဆန်ဆန် ကျွန်တော် စဉ်းစားပါတယ်။ ဂျက်ကမ္ဘာသာ တစ်လိပ်ကုန်သွားတယ်။ ဦးနှောက်နဲ့စဉ်းစားရတာတွေမှာ ညံ့လေ့ရှိတဲ့ ကျွန်တော့်ခေါင်းထဲက ဘာတစ်ခုမှ ထွက်မလာဘူး။
ဒီလိုမထွက်တဲ့အပြင် ကျွန်တော့်စိတ်အစဉ်က ဖတ်ထားတဲ့ စာတွေထဲကို ရောက်သွားသေးတယ်။ ဇင်းမယ်နဲ့ အချိတ်ပဲ၀တ်တဲ့ အောင်ချိမ့်ရဲ့ ဂနၳဝင်မမကို အောင်ချိမ့်လိုက်တုန်းက လွယ်အိတ် လွယ်ထားသလား။ ခပ်သီးယားထိပ်က
စာပေဟောပြောပွဲမှာ သူ့ အလှည့် ရောက်တော့ လွယ်အိတ်ကလေးလွယ်ပြီး တက်လာတဲ့ ဆရာမင်းလူဟာ ဘယ်နေရာ သွားသွား လွယ်အိတ်လွယ်တတ်သလား။ သစ္စာနီကရော လွယ်အိတ်နဲ့လူဆိုပြီးတော့ ၀တၳုတစ်ပုဒ်ရေးဖို့ အစီအစဉ်မရှိဘူးလား။ တင်တင်မြရဲ့ လွယ်အိတ်တစ်လုံးနဲ့ ရွာစဉ်လည် ချစ်သူမောင်ရယ် ဆိုတဲ့ သီချင်းကိုရေးတဲ့ သီချင်းရေးဆရာက လွယ်အိတ်ကို အကောင်း ဘက်ကမြင်တာလား။ အဆိုးဘက်က မြင်တာလား။ ချက်ကော့(ဖ်)တို့၊
ဟဲမင်းေ၀းတို့။ အဲလ်ဘတ်ကမူးတို့မှာရော လွယ်အိတ်တစ်လုံးစီရှိ ကြသလား။ ဘိုင်ရွန်ကရော လွယ်အိတ်ထဲမှာ အသည်းနှလုံးရှိတဲ့ အကြောင်း ကဗျာရေးဖူးသလား။ မြို့မငြိမ်းမှာရော ကျွန်တော့်လိုမလျှော် မဖွပ်ပဲ လွယ်တတ်တဲ့ လွယ်အိတ်တစ်လုံးတလေ မရှိတော့ဘူးတဲ့လား။
အစိုးမရတဲ့ စိတ်ဟာ ဒိတ်ဒိတ်... ဒိတ်ဒိတ်နဲ့ သွားလိုက်တာ လူကို မောသွားတဲ့အထိပါပဲ ကိုယ့်ဆရာရေ...။ လွယ်အိတ်ကိုတော့ လွယ်ကိုမလွယ်ချင်တာဗျာ။ ကျွန်တော့်တို့ပုထုဇဉ်ရဲ့ စိတ်ဆိုတာက လည်း အနာဂတ်ကိုသာ လှမ်းမြင်လို့မရတာ ပစ္စုပ္ပန်ကိုသာ အရှိအရှိအတိုင်း မသိတာ။ အတိတ်ကျတော့ ကိုယ်လုပ်ခဲ့ကြုံခဲ့သမျှ Flash back မကြာခဏပြန်တတ်တာဗျို့။ လွယ်အိတ်နဲ့ပတ်သက်လို့ ကျွန်တော့်မှာက တစ်ခုမှအကောင်း မရှိခဲ့လေတော့ ဒီခြံရှေ့က ခွေးကိုက်တာ တစ်ခါခံထားခဲ့ဖူးတ့ဲကောင်။ ဒီခြံရှေ့ရောက်ရင် ခွေးအကိုက်ခံရမယ် ချည်းထင်တတ်တာကတော့ အပြစ်ပြောမနေပါနဲ့တော့။ လွယ်အိတ်ကို
အင်မတန်မှကြောက်သော ကျောင်းသားဆိုပြီးတော့လည်း ဂရင်းနစ်စာအုပ်ထဲ ကျွန်တော့်ပုံနဲ့ မပါချင်ပါဘူး။ ဒါပေမဲ့ လွယ်အိတ်ကိုတော့ လွယ်ကို မလွယ်ချင်ဘူးဗျာ။
ရန်ကုန်တက္ကသိုလ်ထဲ စရောက်တဲ့နေ့မှာပဲ လွယ်အိတ်ပြဿနာနဲ့ ပျော်ရွှင်ကြည်နူးမှုတွေ ပျောက်သွားတာကို သတိထား မိရင်း ကျွန်တော် တော်တော်စိတ်ညစ်သွားတယ်။ ဘွဲ့နှင်းသဘင်ရှေ့ လှေကားမှာ ခေါင်းတရမ်းရမ်း လည်တခါခါ သက်ပြင်းတွေ
အခါခါချ ရင်း အရှေ့ကမြင်ကွင်းတွေကို အသက်မဲ့သူတွေလို ငေးနေတုန်း ကျွန်တော့်ရှေ့က ကျောင်းသူတစ်ယောက် ဖြတ်လျှောက်သွားတယ်။ ကုပ်၀ဲလောက်ရှိတဲ့ သူ့ဆံပင်လေးကို တခါခါနဲ့။
သူ့ကိုလည်းတွေ့ရော ကျွန်တော် ထခုန်မိမတတ် ၀မ်းသာ သွားတယ်။ ရပြီ ရပြီ ရပြီလို့ သုံးလေးခွန်းတောင် နှုတ်က အော်မိသေးတယ်။ ဟုတ်တယ်၊ ကျွန်တော့်အတွက် လွယ်အိတ် ပြဿနာကြီးက
ဒီကောင်မလေးကြောင့် ပြေလည်သွားတယ်။ အမှန် ဆို အလွယ်တကူနဲ့ပြီးရမယ့် ကိစ္စကို ငါဒီလောက် အ,ရသလားလို့ လည်း ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်တော့ပါဘူး။
ကျွန်တော့်ရှေ့က ဖြတ်သွားတဲ့ ကောင်မလေးက မျောက်ပုံစံ ကျောပိုးအိတ်ကလေး လွယ်ထားတာလေ။ သူက ကြွကြွရွရွလျှောက် တော့ သူ့ကျောပေါ်ကမျောက်က ရှေ့ချထားတဲ့ လက်နှစ်ချောင်း ဘတ်လပ်ဘတ်လပ်နဲ့ပေါ့။ လွယ်အိတ်ကို ကြောက်တဲ့ကောင် ကျောပိုး အိတ်သာ ဆောင်ပေတော့ပေါ့ဗျာ။ အလွယ်ကလေးပဲ။
📚 📚 📚
စတိုးဆိုင်ထဲရောက်သွားတော့ ကျွန်တော် ရင်နည်းနည်း ခုန်နေတာ အမှန်ပဲ။
ကျွန်တော့်မှာရှိတဲ့ ပိုက်ဆံလေးရာ့ငါးဆယ်ဟာ ကျောပိုးအိတ် တစ်လုံး ရ... မရဆိုတာ ကျွန်တော် မသိတာအမှန်ပဲ။ မသိဆို ကျောပိုးအိတ်ဆိုတာကို တစ်သက်လုံးမှ မလွယ်ခဲ့ဖူးတာကိုး။ နေ့ခင်းဘက်ဆို တော့ စတိုးဆိုင်က လူရှင်းပါတယ်။
ကျွန်တော်၀င်မိတဲ့ စတိုးဆိုင်က သင်းပျံ့စတိုးတဲ့။ တာမွေအ၀ိုင်းကြီးထိပ်က ဆိုင်ပါ။ အ၀င်၀မှာ ကျောအိုးအိတ်တွေ ချိတ်ထားတာတွေ့တာနဲ့ ကျွန်တော်လည်း စွတ်၀င်မိတာ။
ဆိုင်ထဲက မှန်ဗီရိုရှည်ကြီးတွေနောက်မှာ ရှိတဲ့ အရောင်းစာရေးမ ကောင်မလေးတစ်ယောက်က သမ်းနေတယ်။ သူ့သွားတွေက လှတော့ အလှသားခင်ဗျ။ ဒါပေမဲ့ဗျာ သမ်းနေတဲ့အချိန်မှာ ဘယ်မိန်းကလေး လှဖူးလို့လဲ။ ဥမ္မာဒန်္တီနဲ့ စင်ဒီကရောဖို့လည်း သမ်းရင်
ရုပ်ဆိုးမှာပဲ။ သူ့ဘေးနားက ကောင်မလေးကတော့ ခေါင်းဖြီးနေတယ် ခင်ဗျ။ လက်ဝါးလောက်သာသာရှိတဲ့ မှန်၀ိုင်းကလေးထဲကို သူ့ခေါင်းတစ်လုံး ထိုး၀င်တော့မယ့်အတိုင်းပဲ။
သမ်းနေတဲ့ ကောင်မလေးက သူ့သမ်းအား အရှိန်အမြင့်ဆုံး မှာ ကျွန်တော်၀င်လာတော့ သူ့တာ၀န်နဲ့သူ ပျင်းရိငြီးငွေ့မှုနှစ်ခု ဂွပ် ခနဲ ဆုံဟန်တူပါရဲ့။ ကျွန်တော့်ကိုလည်း ဘာယူမလဲ ရှင့်လို့ ခရီးဦးကြိုမပြုနိုင်။ သူ့သမ်းေ၀ခြင်းကိုလည်း အဆုံးအထိ ဆွဲမတင်နိုင်နဲ့ တန်းလန်းကြီးဖြစ်သွားတယ်။ အဲဒါကို အားလုံးမြင်လိုက်တော့ ကျွန်တော်လည်း အားနာတာရော သူ့ဆီက ကူးစက်တာရောနဲ့ တစ်ချက်သမ်းလိုက်မိတယ်။ ဆောင်းနေ့လယ်ခင်းမှာ သမ်းရတာ လောက် အရသာရှိတာ ဘာမှကို မရှိတော့ဘူး ကိုယ့်ဆရာရေ။ အိပ်ရ တာထက်ကို အရသာရှိတယ်။ အံမယ် ဆံပင်ဖြီးတဲ့ ကောင်မလေးက တော့ ဆံပင်မှ ဆံပင်ပဲ
ခင်ဗျ။ ကျွန်တော့်ကို တစ်ချက်မှကို ဂရုမစိုက် ဘူး။
''ဘာလိုချင်တာလဲ...ဟင်''
ကျွန်တော် ဆံပင်ဖြီးမရဲ့ ခေါင်းအမော့ကို စောင့်နေတုန်း နံဘေးကိုရောက်နေတဲ့ ကောင်မလေးတစ်ယောက်က ကပ်မေးတာပါ။
''ဟိုဟာလေ...ကျောပိုးအိတ်...''
''ကျောပိုးအိတ်က အပြင်မှာ...လာ...လာ''
သူပြေတာ ဟုတ်ပါတယ်။ ကျောပိုးအိတ်တွေဆိုတာက
စတိုးဆိုင်တွေရဲ့ ရှေ့ဆုံးအ၀င်၀မှာပဲ ချိတ်လေ့ရှိတဲ့ဥစ္စာ။ ကျွန်တော် လည်း သူ့နောက်ကလိုက်ပြီး အ၀င်၀ကိုပြန်လျှောက်လာခဲ့တယ်။ စတိုးဆိုင်ထဲမှာ ခပ်တိုးတိုးဖွင့်ထားတဲ့ သီချင်းက စိုင်းထီးဆိုင်ရဲ့ ''ဟိုတုန်းက တနင်္ဂနွေ'' ပါ။
''ပြန်ပေး... ပြန်ပေး... ဟိုတုန်းက တနင်္ဂနွေ...''
''ကြိုက်လား''
ကောင်မလေးက နှုတ်ခမ်းကလေးကို ဆွဲဆန့်ရင်း ကျောပိုး အိတ်ကို
လှမ်းဖြုတ်တဲ့အဖျားမှာ ချိတ်ကလေးပါတဲ့ တုတ်မှာ ကျောပိုး အိတ်ကြိုးကို ပြန်တပ်ပြီး လှမ်းချိန်တယ်။ ဒါပေမဲ့ ကျောပိုးအိတ်က အပေါ်က ချိတ်ကိုမရောက်ဘူးခင်ဗျ။ ကောင်မလေးက ခြေဖျား ကလေးထောက်ပြီး မရ ရအောင် ချိတ်ရှာပါတယ်။ ကျောပိုးအိတ်ကြိုးနဲ့ ချိတ်က ထိလိုက် ငြိလိုက်နဲ့ ချိတ်ထဲကိုတော့ မ၀င်ဘူးခင်ဗျ။ ကျွန်တော်ကလည်း အဲဒီမြင်ကွင်းကို စိုးရိမ်တကြီးနဲ့ အသည်းအသန် ငေးနေမိ တယ်။
ကျွန်တော် ၀င်မကူညိနိုင်တာတော့ အမှန်ပဲ။ ကောင်မလေးက ကျွန်တော့်ထက် အရပ်ရှည်တဲ့သူတောင်မှ မမီမကမ်းဖြစ်နေတာ ကျွန်တော်ဆို သွားပြီပေါ့။ ယောကျ်ားဆိုတာ နေရာတကာ အားကိုးရ တယ်ဆိုတဲ့စကားဟာ အရပ် ၅ ပေနီးပါးပဲရှိတဲ့ ကျွန်တော့်အတွက်တော့ အလုံးစုံမမှန်တာ အမှန်ပါပဲ။
ကျွန်တော်ကြည့်နေတုန်း ကျောပိုးအိတ်ကြိုးက အပေါ်က သံချိတ်နဲ့မငြိဘဲတိုက်ပြီး ကောင်မလေး လှမ်းထိုးနေတဲ့ ဝါးလုံးထဲ ဖြုတ်ဆို လျှောကျလာတယ်။ ကျောပိုးအိတ်က ကောင်မလေးလက်မောင်းမှာ စွတ်မိလျက်သားကြီးပေါ့ ကိုယ့်ဆရာရယ်...
ကျွန်တော်လည်း ဘာရယ်မဟုတ်ဘူး။
''ဟီး'' ခနဲ တစ်ချက် ရယ်လိုက်မိတယ်။
ကောင်မလေးကတော့ မရယ်ပါဘူး။ စိတ်ဆင်းရဲကြီးစွာ မျက်နှာကလေးအိုပြီး ကျောပိုးအိတ်ကို တုတ်ထိပ်မှာ
ပြန်တပ်ပြီးမမီမကမ်း ပြန်ချိတ်ရှာတယ်။ အဲဒါကိုတွေ့တော့ ကျွန်တော် အားနာ တာရော... ရှက်တာရော... စိတ်မကောင်းတာရော စုံသွားတာ အမှန် ပဲ။ ကျွန်တော် ရယ်လိုက်မိတဲ့ ''ဟီး'' တစ်ချက်ဟာ သူ့သိက္ခာ သူ့ဘ၀ ကို လှောင်ပြောင်ရာ ကျသွားတာမျိုး မဟုတ်လား...
အဲဒီစိတ်ကလေးနဲ့ သေသေချာချာ ကြည့်မိတော့မှ ကိုယ့်ဆရာ ရေ။ ကောင်မလေးက ရေရေလည်လည်မိတာဗျာ၊ အသားက ဝါညက် ညက်လေး။ ခါးလယ်လောက်ရှိတဲ့ သူ့ဆံပင်တွေကို
ရိုးရိုးကလေး လက်ကိုင်ပဝါနဲ့ ချည်ထားတာ။ ဟိုဟာတွေ ဒီဟာတွေကလည်း ကိုယ့် ဆရာတို့အကြိုက်ပဲ။ တောင့်၊ ဖြောင့်၊ သွယ်၊ ပါး... အများစုံတယ်ဗျာ။ ပါးကွက်ကျားထားတဲ့ သနပ်ခါးကတော့ ပျက်လုလုကလေးခင်ဗျ။
ကောင်မလေးက ဆန့်ထားတဲ့ သူ့ရင်ကလေးက စွေ့ခနဲတစ် ချက်ခုန်တယ်။ ကျောပိုးအိတ်က အခုမှ မူလနေရာမှာ ပြန်ရောက်ပြီး ချာချာလည်နေတယ်။ ကျွန်တော့်
ရင်ထဲက နှလုံးသားလည်း ကျောပိုး အိတ်လိုပဲ။
ကောင်မလေး ဒုက္ခကတော့ မပြီးသေးဘူး။ နောက် ကျောပိုး အိတ်တစ်လုံးကို ဆက်ထိုးရတယ်။ သူက မမီမကမ်း ဖြစ်နေတော့ အောက်နှုတ်ခမ်းကလေးကို အသာဖိကိုက်ပြီး ဝါးလုံးကို ထိုးရှာတယ်။ ကောင်မလေးရဲ့ အသားက ကြက်ဥအခွံအရောင်ဆိုတော့ သူ့အပေါ် နှုတ်ခမ်းက နှုတ်ခမ်းမွေး စစကလေးတွေနဲ့ အရမ်းလိုက်တာပဲ။ အဲဒီ နှုတ်ခမ်းမွေး နုနုကလေးတွေပေါ်မှာ သီးနေတဲ့ ချေွးဥကလေးတွေ ကတော့ အရုပ်ဆိုးတာပေါ့ခင်ဗျာ။
''ဒါရော ကြိုက်လား...''
''ခင်ဗျာ...''
''အိတ်ကိုကြိုက်လားလို့ လယ်သာအစစ်တော့ မဟုတ်ဘူး။ ဒါပေမဲ့ ကောင်းပါတယ်။ အပေါ်မှာ အိတ်အသေးတစ်ခုပါတယ်။ အတွင်းမှာ အိတ်၀ှက်တစ်ခုပါတယ်။ ဒီမှာလေ...''
ကောင်မလေးက ဇစ်ကိုဖွင့်... အထဲက ထည့်ထားတဲ့ စက္ကူတွေကိုထုတ်ပြီး အတွင်းက သူပြောတဲ့ အိတ်၀ှက်ဆိုတာကိုပြတယ်။ ကျွန်တော့်အတွက် အိတ်၀ှက်တွေ ဘာတွေက အရေးမကြီးပါဘူး။ ကျွန်တော့်ဘ၀မှာ ၀ှက်စရာပြုစရာဆိုလို့လည်း ဘာမှမရှိပါဘူး။ ကျွန်တော် သက်ပြင်းချပြီး သူ့ကိုကြည့်တော့ သူကလည်း အိတ်၀ှက် ကလေးကိုပြရင်း ကျွန်တော့်ကို ငေးတယ်။
လက်တစ်ဖျစ်တီးမှာ ကုဋေတစ်သန်း ချုပ်ပျက်တယ်ဆိုတဲ့ စိတ်တွေက အဲဒီအချိန်မှာ ပြေးလိုက်တာ မပြောနဲ့တော့။ ပြိုင်မြင်းပေါင်း တစ်သန်းကို တစ်ခါတည်း လွှတ်လိုက်တဲ့ အတိုင်းပဲ။ ကျောပိုးအိတ် အတွက် ကျွန်တော့်မှာပါတဲ့ ပိုက်ဆံက လေးရာ့ငါးဆယ်တည်းပါ။ အမှန်အတိုင်း၀န်ခံရင်တော့ လေးရာ့နဲ့ ခြောက်ဆယ်ပါ။ တစ်ဆယ်က အပြန်လမ်းစရိတ်အတွက် ချန်ထားတာ။ သူက ကြိုက်လား ဘာညာသာ မေးနေတာ။ အဲဒီကျောပိုးအိတ်က ဘယ်လောက်လဲဆိုတာ မပြောဘူး။ ကျွန်တော်က ကြိုက်တယ်ပြောပြီးမှ ကျောပိုးအိတ်ဖိုးက ကျွန်တော့်မှာ ပါတဲ့ ငွေထက်များနေရင်လည်း ဒုက္ခ။
ပထမတစ်ခုလိုပဲ မကြိုက်ဘူး ဟင့်အင်းဆိုပြန်ရင် လည်း သူက အံကလေးကြိတ်ပြီး အပေါ်ပြန်တင်ရဦးမယ်။ အဲဒီဒုက္ခကို လည်း ကျွန်တော် မမြင်ရက်တာအမှန်ပဲ။ ''အဲဒါက...ဘယ်လောက်လဲ ဟင်လို့'' မေးရမှာကိုလည်း ငွေမရှိသော မိန်းကလေးတစ်ယောက်ရှေ့ မှာ သိက္ခာမကျချင်သော ကိုရွှေယောကျ်ားတို့ ထုံးစံအတိုင်း ကျွန်တော်ရှက်နေခဲ့တာ အမှန်ပဲ။
ကျွန်တော် သူ့မျက်နှာကို ငေးနေမိတယ်။ သူ...ဘယ်နှကြိမ် မျက်လွှာချပြီး ဘယ်နှခါ ကျွန်တော့်ကို ပြန်ကြည့်နေမှန်းတောင် ကျွန်တော်မသိဘူး။
''ဒုက္ခပါပဲ... ယူမှာလား လို့မေးနေတာလေ။ အိတ်၀ှက်နဲ့ ဒီမှာ...''
ကျွန်တော် ဗင်းဆင့် ဗန်ဂိုးလို သတ်္တိရှိပစ်လိုက်တယ်။ မောင်ချောနွယ်လို ကဗျာဆန်ပစ်လိုက်တယ်။ သစ္စာနီလို ပြတ်သား ပစ်လိုက်တယ်။ ထူးအိမ်သင်လို ကိုယ့်ကိုယ်ကို ယုံကြည်ပစ်လိုက်တယ်။ ယောကျ်ားတွေဟာ တစ်ခါ... တစ်ခါ ဒီလိုပါပဲ... ပြောရခက်တယ်။
ကောင်မလေးလည်း သူ့စိတ်ကို လျှော့လိုက်ဟန် တူပါရဲ့။ ယဲ့ယဲ့ကလေး ပြုံးရှာတယ်။ ပြီးတော့ သူ့ပခုံးမှာမီထားတဲ့ တုတ်ကလေး ကို
နံရံမှာထောင်ရင်း ကောင်တာကိုသွားတယ်။ အံမယ်... ဆံပင်ဖြီးမ က ဆံပင်ဖြီးနေတုန်းခင်ဗျ။ ကျွန်တော့် နှလုံးသားမှာသာ အကြီး အကျယ် တစ်ခုခုပြောင်းသွားတာ။ သူက သူ့ဆံပင်တွေကို အခုထိ မကျေနပ်သေးဘူး။ ဒါပေါ့လေ ကိုယ့်ဘ၀က ကိုယ်ကြည့်မှ ကိုယ့် အဖြစ်အပျက်က ကြီးကျယ်တတ်တာ ပုထုဇဉ်တွေရဲ့ သဘာ၀ပဲ မဟုတ်လား။
ကောင်မလေးက ကောင်တာက မှန်ပေါ်မှာ ကျောပိုးအိတ် ကလေးကို အသေအချာခေါက်တယ်။ ပြီးတော့ ကြွပ်ကြွပ်အိတ်ကလေး ထဲထည့်။ ပြီး...လက်ဝါးလောက်ရှိတဲ့ စာအုပ်ကလေးထဲမှာ ဘောက်ချာရေး...လက်မှတ်ထိုး ပြီးတော့ ကျွန်တော့်ကို ပြုံးပြတယ်။ အဲဒီအပြုံးက ကျွန်တော့်ရင်ကို ၀ုန်းခနဲ အတိအကျ အမိအရကို ထိတာပေါ့ ခင်ဗျာ။
''လာ''
ကျွန်တော်ဟာ ရွှေသမင်ခေါ်ရာနောက် လိုက်တဲ့ ရာမမင်းသား လိုပဲ။ ပတ်၀န်းကျင်ကို ဘာမှမသိတော့ဘဲ လိုက်သွားခဲ့တယ်။ မလိုက် လို့လည်း မရတော့ဘူးလေ။ ကျွန်တော့်နှလုံးသားက ကျွန်တော့်ဆီမှာ မှမရှိတော့တာ။ သူ့ဆီမှာ မဟုတ်လား။ နှလုံးသားပါသွားတဲ့နောက်ကို ဘယ်သူမလိုက်ဘဲ နေဝံ့ပါ့မလဲ။
''ငါးရာ့လေးဆယ်''
''... ... ...''
ကျွန်တော် မွှန်ထူတစ်၀က် သတိပျက်သွားတယ်။
လောကက... ခဏရပ်ပြီး ကျွန်တော့်ရှေ့က ရုပ်တွေက ဆတ်ဆို အေ၀းလွင့်သွားသလိုပါ။ ဘာအသံမှလည်း မကြားရတော့ ဘူး။ စက္ကန့်သုံးဆယ်လောက် အဲဒီလို ဖြစ်နေပြီးတော့ သတိက ပြန်၀င် လာတယ်။ ပြန်၀င်လာတဲ့ သတိက ပြဿနာအကြီးကြီးကို ချက်ချင်း မှတ်မိပြီး ပြန်ထွက်ပြေးသွားတယ်။ အဲဒီလို သတိက ပြန်၀င်လိုက် ထွက်ပြေးလိုက် သုံးခါလောက်ရှိတော့မှ
နောက်ဆုံး၀င်လာတဲ့ သတိကို အတင်းဖမ်းဆွဲထားရတယ်။ အဲဒီသတိကို မမိရင်တော့ ကျွန်တော် ဘာတွေဖြစ်မလဲမသိဘူး။
''ငါး... ငါး...''
''ဟုတ်ကဲ့...ငါးရာ့နဲ့ လေးဆယ်ပါ...''
''ကျွန်တော်... ဟိုလေ... အဲဒါကပေါ့...ငါးရာပေါ့နော်... အဲဒါက ဟို... ဒီလိုပါ...ကျွန်တော့်မှာ မပါဘူး''
''မ... ပါ... ဘူး... !! မပါရင် ဘာဖြစ်လို့ လာဝယ်လဲ... ရှင်ပဲ ဒါကိုယူမယ်ဆို ဘာတွေ
လာကြောင်နေတာလဲ... ဒုက္ခပဲ... ပြဿနာမရှာနဲ့နော်''
''အာ... ဒီလိုမဟုတ်ဘူး။ ဟိုဟာပါ...ကျွန်တော်... ငါးရာမပါတာပါ...လေးရာ့ငါးဆယ်... အဲ... ခြောက်ဆယ်...ခြောက်ဆယ် အဲဒါပါတယ်... ဟိုလေ ငွေမလောက်တာ...''
''ဒီမှာက ဘောက်ချာရေးပြီးနေပြီရှင့်...စောစောက ယူမယ်ဆို... ရှင်ပဲပြောတာလေ... အစ်မရယ်လုပ်ပါဦး... ဘယ်လိုလူတွေနဲ့ တွေ့လဲမသိဘူး...''
အဲဒီအချိန်မှာ မင်းအိတ်ကလေး ပြန်တင်ရမှာ မကြည့်ရက် လို့ကွလို့ ဘယ်လိုသွားပြောလို့ ရမှာလဲ။ စေတနာမှန်ရင် အသံတိတ် ပါတယ်။
ပြောစရာစကားလုံးမရှိဘူး။ ပြောလို့လည်းမရဘူး။ ပြောလို့ရ တာတွေက စေတနာ ဟုတ်မဟုတ်ဆိုတာတော့ ကျွန်တော်လည်း မသိ ဘူး။ ကောင်တာက အစ်မကြီးကလည်း ကျွန်တော့်ကို မျက်လုံးပြူးပြီး ကြည့်ရှာပါတယ်။ ပြီးတော့ ကောင်မလေးကိုကြည့်ပြီး ခေါင်းရမ်း တယ်။
''ကြွေကြွေရေ... နင်ကတော့ ပြဿနာချည်းပါပဲလားဟာ...''
''ငါတော့ စိတ်ညစ်တာပဲ.... သူက ဒါကိုယူမယ်လို့ ပြောတာလား''
''ဟုတ်တယ်မမ... သူက
ယူမယ်ပြောလို့... ကြွေ ဘောက်ချာ ဖြတ်တာ၊ ကြွေလည်း စိတ်ကုန်ပါပြီ မမရယ်... ဒီနေ့နောက်ဆုံးပါ... ကြွေ... ကံကိုမကောင်းဘူး... ဘောက်ချာကို ပြန်တင်လို့ရမလား... ဟင်...''
''ဒီ... ဒီလိုလုပ်ပါလား! ကျွန်တော်... ကျွန်တော့်မှာ လေးရာ့ခြောက်ဆယ်ပါပါတယ်... ရှစ်ဆယ် ခဏစိုက်ထား ပေးပါလား...''
''ဟာ... အဲဒီလိုတော့ ဘယ်ဖြစ်မလဲ...မရဘူးရှင့်''
ကောင်တာက အစ်မကြီးက
ပျာပျာသလဲငြင်းပါတယ်။ လူရှင်းနေတဲ့ ဆိုင်ထဲမှာတော့ တခြားကောင်တာက ကောင်မလေး တွေလည်း ဘာလဲဟင်ဆိုပြီး ၀ိုင်းလာကြတယ်။ ရှက်စရာကောင်း လိုက်တာ ကိုယ့်ဆရာရယ်... ကျွန်တော့် နဖူးမှာ ချေွးတွေ သီးလာ တယ်။ ဟိုကောင်မလေးရဲ့ နှုတ်ခမ်းမှာလည်း ချေွးဥကြီးတွေကို အကြီးကြီးပဲ။
''ဒီ... ဒီလိုပြောတာပါ... ကျွန်တော်... ဟိုလေ ဒီကျောပိုးအိတ် ကိုလည်း ထားခဲ့ပါမယ်...ပိုက်ဆံကိုလည်း ပေးခဲ့မယ်။ ယူမယ်လို့ ပြောပြီးသား စကားအတွက်ပါ။ နောက်နေ့ ရှစ်ဆယ်လာပေးမှ ပြန်ယူ မယ်လေ...''
တုန်တုန်ရင်ရင် တောင်းတောင်းပန်ပန်နဲ့ ကျိုးကျိုး နွံနွံပြောတဲ့ ကျွန်တော့်စကားကို သူတို့အသံတိတ်ပြီး စဉ်းစားနေကြပါတယ်။ ကောင်မလေးက ခေါင်းကိုခါတယ်။ သူ့ကြည့်ရတာ တစ်လောကလုံး ကို အရှုံးပေးနေသလိုပဲ။ သူခေါင်းကို သွက်သွက်ကြီးခါနေပေမယ့် သူ့နှုတ်ခမ်းမွေး ရေးရေးပေါ်က ချေွးဥတွေက
ပြုတ်ကျမသွားကြဘူး ခင်ဗျ။
''နောက်နေ့ ကြွေရှိတော့မှာ မဟုတ်ဘူး... မမ၊ မမလည်း သိတာပဲ။ ကြွေထပ်ပြီး အပြောမခံနိုင်ဘူး။ ဒီပြဿနာမျိုးနဲ့ပဲ ကြွေ့ကို မယုံသင်္ကာဖြစ်ကြတာ ဆရာက ရမှာမဟုတ်ဘူး။ ဒီတော့... ကြွေ့ဆီက ပဲ ဖြတ်လိုက်ပါ... ရှစ်ဆယ်ပေါ့နော်...ရှင်...ဒီအိတ်ကို ယူသွားပါ... တော့''
ကြွပ်ကြွပ်အိတ်ကို လက်ထဲမှာဆွဲရင်း ကျွန်တော်
တာမွေကုန်းတံတားပေါ်ကို ခပ်ဖြည်းဖြည်း တက်လာခဲ့တယ်။
ဆောင်းနေ့လယ်ခင်းမှာ နာရီ၀က်နီးပါး လမ်းလျှောက်ခဲ့ရလို့ ကျွန်တော့် တစ်ကိုယ်လုံးချေွးတွေကို ရွှဲနေတာပဲ။ အဲဒီ ပင်ပန်းမှုထက် ကျွန်တော့်ကို ကျွန်တော် သိနေရတဲ့ ရှက်ရွံ့မှုက ပိုပါတယ်။
ကြွေ...ဆိုတဲ့ ကောင်မလေးဟာ ဘာပြဿနာတွေ တက်ခဲ့ လဲ...။
ကျွန်တော် မသိဘူး...။
ကျွန်တော့် ကျောပိုးအိတ်အတွက် သူစိုက်ပေးတဲ့ ပိုက်ဆံ ရှစ်ဆယ်ကို ဘယ်မှာ
သွားပေးရမလဲ...။
ကျွန်တော်...မသိဘူး...။
သူ့စကားအရ သူအလုပ်က ထွက်တော့မယ်။ ထွက်မယ့် နေ့အထိ သူ့အတွက် ကံမကောင်းအောင် ကျွန်တော်က လုပ်ခဲ့တာလား။
ကျွန်တော်...မသိဘူး...။
ကျွန်တော့်အကြောင်းကို အဲဒီဆိုင်တစ်ဆိုင်လုံးက ဘယ်လို ထင်ကြေးနဲ့ ေ၀ဖန်နေကြမလဲ...။ ကဲ့ရဲ့နေကြမလဲ။ လှောင်ပြောင်နေကြမလဲ။
ကျွန်တော်...မသိဘူး...။
ကျွန်တော်သိတာက အိတ်တွေဟာ ကျွန်တော့်အတွက် ကောင်း ကျိုးမပေးဘူး။ ကျွန်တော့်အချစ်၊ ကျွန်တော့်မေတ္တာ စေတနာဟာ အထားခံရသူအတွက်ရော၊ ထားသူအတွက်ပါ ကောင်းကျိုးမပေးဘူး။ စည်းစနစ်ကျကျ ကျွန်တော်က မေတ္တာ၊
စေတနာ ရင်ခုန်သံရှိပါလျက်နဲ့ အဲဒီအရာတွေအားလုံး ဘယ်တော့မှ အရာမထင်ဘူး။
စိတ်ဓာတ်ကျသွားလို့လား မသိဘူး။ နွေလယ်နေဟာ အပူရှိန် မရှိတော့ဘူး။ ရှိသမျှ ပိုက်ဆံတွေ အားလုံးပေးခဲ့ရလို့ ကျွန်တော်လည်း ကားခ နှစ်ကျပ် (၁၉၉၇ ခုနှစ်တွင် ဖြစ်သည်) မရှိတော့လို့ ကားမစီး နိုင်တော့ဘူး။ ကားမှတ်တိုင်မှာ ကြွပ်ကြွပ်အိတ်ကလေးကိုင်ပြီး ကျွန်တော် တော်တော်ကြာကြာ စဉ်းစားခဲ့ပါတယ်။ ဒီလောက် အရှက်ကွဲပြီးမှတော့ ကားပေါ်က
စပါယ်ယာကို အစ်ကိုကြီးရေ ကျွန်တော် ပိုက်ဆံမပါတော့လို့ပါလို့ မင်းဘာဖြစ်လို့ မပြောရဲရမှာလဲ ဆိုပြီးတော့ပေါ့။
ဒါပေမဲ့ မရပါဘူး။ တစ်သက်လုံး မလုပ်ဖူးတဲ့ အလုပ်ကို လုပ်ဖို့ဆိုတာ သာမန်လူတစ်ယောက်အတွက် တော်တော် ခက်ပါတယ်။ ကျွန်တော့်ရှေ့က ဘတ်စ်ကားတွေ တစ်စင်းပြီး တစ်စင်းသာ ဖြတ် သွား၊ ရပ်သွား၊ လူတွေတက်သွားတယ်။ ကျွန်တော် အဲဒီကိစ္စကို ကြိုးစားလို့ မရခဲ့ဘူး။ ကျွန်တော့် ကိုယ်ကျွန်တော် ခိုင်းလို့မရခဲ့ဘူး။ နေပူတယ်။ ပင်ပန်းမယ်။ ဒါပေမဲ့ ဘယ်သူ့ကိုမှ ရှက်စရာမလိုဘူးဆိုတဲ့ လမ်းကိုပဲရွေးပြီး တာမွေအ၀ိုင်းထိပ်ကနေ သင်္ဃန်းကျွန်း ပြည်သာယာ လမ်းကို ကျွန်တော် လျှောက်လာခဲ့တယ်။
တာမွေကုန်းတံတား အလယ်ဗဟိုတည့်တည့်ကို ရောက်တော့ ကျွန်တော် ဆက်မလျှောက်ဘဲ ဟိုးအေ၀းကို ငေးမိတယ်။ မျဉ်းပြိုင် ဖြစ်နေတဲ့ သဲလမ်းတွေက အဆုံးမှာကျတော့ ပူကပ်ထိစပ်လို့။ အနီး အေ၀း သဘောအရသာ သူတို့ ပေါင်းဆုံကြတာပါ။ ဒါကိုသိထားတဲ့ ကျွန်တော့်စိတ်ထဲမှာတော့ သူတို့မပေါင်းဆုံကြပါဘူး။ အမြင်နဲ့အသိဟာ ကွာပါတယ် ကိုယ့်ဆရာရယ်။
ကျွန်တော့်တစ်ကိုယ်လုံး တာမွေကုန်းတံတား လက်ရန်းမှာမှီရပ်ရင်း ခဏအမောဖြေရတယ်။ အမောပြေလို့ စိတ်တည်ငြိမ်သွားတဲ့ အခါကျတော့ ကျွန်တော် တာမွေ ကုန်းတံတား လက်ရန်းကနေပြီး ကျွန်တော်ဆွဲလာတဲ့ ကျောပိုးအိတ်ထည့်ထားတဲ့ ကြွပ်ကြွပ်အိတ်ကို ဆွဲမြှောက်ထားလိုက်တယ်။ ကျွန်တော့်နောက်ကျောမှာ ကားတွေက ကုန်းအတက် တဂီးဂီးအော်ရင်း ကုန်းအဆင်း Free ဂီယာထိုးရင်း ဖြတ်သွားနေကြတယ်။ ကားပေါ်မှာပါသွားတဲ့ လူတွေထဲက သတိထား မိတဲ့ တစ်ယောက်တလေရှိရင် ကျွန်တော့်ကို မြင်မှာပဲ။ ဒီကောင် ဘာလုပ်နေပါလိမ့်... ပေါ့။
ဒါပေမဲ့ အဲဒီထက်တော့ မပိုပါဘူး။
ကိုယ်နဲ့မသိတဲ့ နာရေး ကြော်ငြာတစ်ခုကို ဖတ်ရသလိုပဲ အေးအေးဆေးဆေး ပြီးဆုံးသွားမှာပါ။ ဒါကိုလည်း ကျွန်တော်သိတယ်။ ဒါပေမဲ့လည်း ကျွန်တော် လောဘ ကြီးချင်နေတယ်။ ကျွန်တော့် ကြေကွဲမှု၊ ကျွန်တော့်အကျဉ်းအကျပ်၊ ကျွန်တော့်ဒုက္ခ၊ ကျွန်တော့် ၀မ်းနည်းမှုကိုသိတဲ့ လူတစ်ယောက် ယောက်တော့ ရှိလိမ့်မယ်လို့ပဲ ကျွန်တော် ထင်နေတယ်။
လောကကြီးမှာ ကျွန်တော် ဘာကိုမှ မလိုချင်ပါဘူး။ ကျွန်တော့် ဒုက္ခမှန်သမျှကို လိုက်ကြည့်ပေးပြီးဖြစ်မှ ဖြစ်ရလေကွာ လို့ပြောပေးမယ့် လူတစ်ယောက်ပဲ လိုချင်တာပါ။ အဲဒီလူ ရှိမရှိလည်း ကျွန်တော်မသိပါဘူး။ ကိုယ့်ကိုသိတဲ့ လူတစ်ယောက် လောကကြီးမှာ ရှိနေစေချင်တာ လူတိုင်းရဲ့ အမြင့်မားဆုံးသောဆန္ဒလို့ ကျွန်တော် ထင်တယ်။ ကိုယ်က လူများကို
သိပေးလိုက်ရလေလေ ကိုယ့်ကိုသိတဲ့ လူတစ်ယောက် ရှိချင်လေလေပါပဲ။
အခု ကျွန်တော် ၀ယ်လာတဲ့ ဒီကျောပိုးအိတ်ကို ကျွန်တော် တာမွေကုန်းတံတားပေါ်ကနေ လွှတ်ချလိုက်တော့မယ်။ အဲဒီမှာ အရာ
အားလုံးပါတယ်။ ပိုက်ဆံရှစ်ဆယ်မရှိတာ ပါတယ်။ ဇာဇာ့ကို ရှက် တာပါတယ်။ လွယ်အိတ်မလွယ်ချင်တာ ပါတယ်။ ရဲ၀င်းဆိုတဲ့ လူကောင်သေးသေး အတ္တကြီးကြီး လုပ်ချင်တာတွေ ဘာမှ မလုပ်ရသေးတာ ပါတယ်။ ''ကြွေ'' ဆိုတဲ့ ကောင်မလေးရဲ့ မမီမကမ်းထောက် လိုက်တဲ့ ခြေဖျားကလေးတွေပါတယ်။ သူ့နှုတ်ခမ်းပေါ်က ချေွးစက် ဥကလေးတွေပါတယ်။ ကျွန်တော် ဖျပ်ခနဲမြင်ပြီး တစ်သက်လုံး ပြောစရာ စကားလုံးရှာမရတဲ့ နားလည်မှုတွေပါတယ်။ ကျွန်တော် စောင့်ငေးဖူးတဲ့ အိပ်တန်းပြန်ငှက်တွေအားလုံး (အကောင်တစ်သိန်း လောက်ရှိမယ်)လည်း ပါတယ်။
ဒါပေမဲ့...
ကျွန်တော် ကြွပ်ကြွပ်အိတ်ကို လွှတ်မချဖြစ်ပါဘူး။
ဒီတဒင်္ဂအချိန်ကလေးမှာ ကျွန်တော့်ဘ၀အတွက် အရာအားလုံး ပါတဲ့ ဒီကျောပိုးအိတ်ကလေးကို ကျွန်တော် လွှတ်မချဝံ့ဘူး။ ကိုယ့် ကိုယ်ကိုယ် တစ်ချက်တည်း သတ်သေပစ်လိုက်ဖို့ ကျွန်တော် သတိ်္တ မရှိသေးဘူး။ အဲဒီအိတ်ကို လွှတ်ချဖြစ်ရင် ကျွန်တော် ဘာတွေ ပြောင်းလဲသွားမလဲဆိုတာ ကျွန်တော် မသိဘူး။ သေချာတာကတော့ ကျွန်တော် မနက်ဖြန်ကို စောင့်ချင်တယ်။ ကျွန်တော် ရသင့်ရထိုက် တဲ့ မနက်ဖြန်တွေတိုင်းမှာ ကျွန်တော်ဟာ တစ်ခုခုကို ကြိုးစားနေချင် တယ်။
အဲဒီအတွက် တာမွေကုန်းကိုဆင်းပြီး ကျွန်တော် လမ်းဆက်လျှောက်ရဦးမှာပါ။
ဒီကျောပိုးအိတ်ကိုလည်း ကျွန်တော် လွယ်ရဦးမှာပါ။
ကျွန်တော် သတိ်္တရှိသွားတာ မဟုတ်ပါဘူး။
မနက်ဖြန်ကဘာလဲ ဆိုတာကို သိချင်ရုံတင်ပါ။ သန်ဘက်ခါ ကျွန်တော် မမျှော် လင့်ဘူး။ နည်းနည်းေ၀းလို့ပါ။ ဘယ်လောက်အထိ ေ၀းသလဲဆိုတော့ မနက်ဖြန်ဆိုတာကြီး တစ်ခုလုံး ေ၀းလို့ပါ။ ပစ္စုပ္ပန်မှာတောင် ဖြစ်ချင်တာ မဖြစ်ရရင် မနက်ဖြန်ဟာ ကိုယ့်ဆရာ သိတဲ့အတိုင်းပဲ။
အတိတ်ဟာ ကိုယ်ထိုးပြီး မပေါက်ခဲ့တဲ့ ထီလက်မှတ် အဟောင်းနဲ့တူတယ်။ မနက်ဖြန်ကတော့ ဆိုင်ပေါ်မှာရောက်ပြီး ကိုယ် မထိုးရသေးတဲ့ ထီလက်မှတ်ပေါ့။
သန်ဘက်ခါဆိုတာတော့ နံပါတ် တောင်မရိုက်ရသေးတဲ့ ထီလက်မှတ်လေ။ အဲဒီ ထီလက်မှတ်မျိုးမှာ ထီပေါက်နေတဲ့ လူတွေနဲ့ ကျွန်တော်ကတော့ နည်းနည်းလွဲမှာပါ။
အခုတော့ ကျွန်တော် လမ်းစလျှောက်ပါတယ်။ ကားတွေက ကျွန်တော့်ဘေးနားမှာ တဂီးဂီး...တဂဲဂဲနဲ့။ ကျွန်တော် ထီထိုးနေပြီ လေ။ ကျွန်တော်ရယ်... ဟောဒီ ကျောပိုးအိတ်ရယ် ရန်ကုန် တက္ကသိုလ်ရယ်...။
ဟဲ... ဟဲ...
ကျွန်တော် အဲဒီလိုလူဆန်ပါတယ် ကိုယ့်ဆရာရယ်...။
နီကိုရဲ
လွယ်အိတ်ထဲက အလွဲများ။
Copied from a PDF document uploaded on Scribd.
(ဝတၳုတိုက သည်မှာတင် တခန်းရပ်ပေမဲ့ ဇာတ်လမ်းက မပြီးသေးပါ။ ဆရာနီကိုရဲနဲ့ 'ကြွေ' ဆိုတဲ့ ကောင်မလေးနဲ့ ဘာတွေဆက်ဖြစ်ကြမယ်ဆိုတာ နောက်အဆက် 'ကျွန်ုပ်နှင့် ကျောပိုးအိတ်' မှာ ဆက်ဖတ်နိုင်ပါတယ်။)
စလေ ငနော့
