Tuesday, April 14, 2020

နှလုံးသားပရိယာယ်


••••••••••••••••••••••

အောင်သင်း

ကျွန်တော် ဘတ်စ်ကားပေါ်မှ ဆင်းလိုက်တော့မှ လှလှထွေးလည်း သည်ကားနှင့်ပင် ပါလာကြောင်း သတိပြုလိုက်မိသည်။ ကားတစ်စင်းလုံးမှာ ကျောင်းသား၊ ကျောင်းသူတွေနှင့်  ပြည့်ညပ်ကျပ်သိပ်နေသောကြောင့် သူပါလာသည်ကို ကျွန်တော် မမြင်လိုက်မိနိုင်ခြင်း ဖြစ်သည်။ ကျွန်တော် ဆင်းလိုက်တော့ သူကရှေ့က ဆင်းသွားနှင့်ပြီ  ဖြစ်နေသည်။ သူသည် အမရဆောင် ရှေ့တံခါးဆီသို့ ခပ်သွက်သွက်လေး လျှောက်သွားသည်။ ကျွန်တော်လည်း  တောင်ငူဆောင်သို့ သွားမည်ဖြစ်သည့်အတိုင်း သူ့နည်းတူ အမရဆောင်တံခါးဆီသို့ လိုက်လာခဲ့သည်။ တံခါးဝတွင် သူ့ကို စောင့်ကြိုနေဟန်ရှိသော ကောင်လေးတစ်ယောက်နှင့်အတူ တွဲပြီး ရယ်ကာမောကာ စကားပြောရင်း မန္တလေးဆောင်ဘက်ဆီသို့ ထွက်သွားကြသည်။

သူတို့ကိုကြည့်ရင်း ကျွန်တော့်စိတ်ထဲတွင် ထိုင်းထိုင်းမှိုင်းမှိုင်း ဖြစ်သွားသယောင် ခံစားမိလိုက်သည်။

* * *

လှလှထွေးကို ရုပ်ရည်ချောမောလှသည်ဟု ပြောလို့မရ။ သို့သော် ရုပ်ဆိုးသည်ဟုလည်း မဆိုသာ။ ကိုယ်ပေါက်ကိုယ်ရောက်တော့ဖြင့် အတော်လေးကို လှသည်။ အသားလတ်ဟု ဆိုနိုင်သော်လည်း အညိုဘက်သို့ နည်းနည်းလုသည်ဟု ထင်သည်။ နှာတံပေါ်သည်။ မျက်လုံး သင့်ရုံလှသည်။ ညဘက်ပါးပေါ်တွင် လက်မဝက်ခန့် ကန့်လန့်ဖြတ် အမာရွတ်တစ်ခုမှာ အတော်ပင် ထင်ရှားသည်။ သို့သော် သူ့ရုပ်ဆင်းကို ဖျက်ဆီးလောက်အောင်မဟုတ်။ သူနှင့်စကားပြောလိုက်လျှင် ထို အမာရွတ်ကိုပင် အမှတ်မထင် နှစ်သက်စွာ သတိပြုမိနေတတ်သောကြောင့် အမာရွတ်ကပင် အလှဆောင်နေသလားဟု  အောက်မေ့ဖွယ် ဖြစ်သည်။ စကားပြောလိုက်လျှင်  ပြုံးကာရယ်ကာ ပြောတတ်သည့်ပြင်  ရယ်လိုက်လျှင်လည်း အားရပါးရ 'အပြည့်'  ရယ်တတ်သောကြောင့် ထိုအမာရွတ်ကိုပါ နှစ်သက်စိတ်ဝင်လာမိခြင်း ဖြစ်ကောင်းဖြစ်လိမ့်မည်။ သူသည် အတန်းထဲတွင် လူချစ်လူခင်များသူတစ်ယောက် ဖြစ်သည်။

ထို လှလှထွေးအတွက် စိတ်လေးလံထိုင်းမှိုင်းသွားလိုက်ရပုံကို  ပြောရပါတော့မည်။

လှလှထွေးတွင် အမြဲလိုလို တွဲနေခဲ့သော ချစ်သူတစ်ဦး ရှိခဲ့ဖူးသည်။ ယခုကောင်လေး မဟုတ်။ အခြားကောင်လေးတစ်ယောက် ဖြစ်သည်။ တက္ကသိုလ်တွင် မိမိချစ်သူနှင့် တတွဲတွဲ နေတတ်ကြသည်မှာ အဆန်းမဟုတ်။ မသိချင်၍ မရ၊ မမြင်ချင်၍ မရ။ ထိုကြောင့် အများသူငါ သိနည်းမျိုးဖြင့်သာ ကျွန်တော်လည်း သိနေခဲ့ခြင်း ဖြစ်သည်။

သို့သော် မကြာသေးမီကတော့ဖြင့်  အဲသည်ကောင်ကလေးက လှလှထွေးကို (သူတို့စကားနှင့် ဆိုရလျှင်) 'ကန်' သွားသည်ဟု သိလိုက်ရသည်။ ဤသည်မှာလည်း တက္ကသိုလ်ချစ်သူတို့ လောကတွင် ဆန်းလှသည် မဟုတ်။ လောကဓမ္မတာအရ ဆန်းလှသည်မဟုတ်သော်လည်း သက်ဆိုင်ရာ ကာယကံရှင်အဖို့မှာက ဧရာမကြောက်စရာလောကဓံကြီး ဖြစ်နေတတ်သည်မှာလည်း သဘာဝပင်ဖြစ်သည်။

လှလှထွေးအဖို့တော့ 'ဘဝငလျင်' ဟု ဆိုရလောက်အောင်ပင် ပြင်းထန်သော လောကဓံကြီး ဖြစ်နေရှာပေလိမ့်မည်။  ဖြစ်လည်းဖြစ်လောက်ပါပေသည်။ အဲသည် 'ဘူမိဗေဒ' က ဆိုသည့် ကောင်ကလေးနှင့် ရည်ငံခဲ့ကြသည်မှာ ဒုတိယနှစ် အစပိုင်းလောက်ကစပြီး ယခု နောက်ဆုံးနှစ် အစပိုင်းတိုင်အောင် ဖြစ်သည်။  တက္ကသိုလ်ပညာသင်နှစ်အရဆိုလျှင် အတော်ကြီးကို သက်တမ်းရှည်ကြာခဲ့ပြီဟု ဆိုရမည်ပေါ့။ ယခုလောက်ရှိခါမှ ဖောက်သွားသည်ဆိုတော့ လှလှထွေးခမျာ ကြေကွဲခြင်း၊ ခံပြင်းခြင်း၊ ရှက်ခြင်း၊ နာကြည်းခြင်း စသည်တို့ဖြင့် တလူးလူး တလိမ့်လိမ့် အိပ်လို့မပျော်နိုင်လောက်အောင် ခံစားရပေလိမ့်မည်။

လှလှထွေး ကျောင်းတက်မပျက်သည်မှာတော့ အမှန်ဖြစ်သည်။ သို့သော်လည် ခက်သည်က ကျောင်းမတက်ချင်ပါဘူးဆိုလျှင် မိဘအုပ်ထိန်းသူများက မေးတော့မည်။ သူ ဘယ်လိုပြန်ဖြေမည်နည်း။ ထို့ပြင် ပတ်ဝန်းကျင်က ရှိသေးသည်။ 'အပူရုပ်နှင့် လူလုပ်ပြ' ရပေဦးမည် မဟုတ်လား။ ချစ်သူစွန့်ပစ်သွားသည့်အတွက်လည်း ရှက်မိသည်။ ဆွေးကျန်ရစ်ခဲ့ရပြီဟု ပတ်ဝန်းကျင်က မေးငေါ့မည်ကို  တွေးလိုက်ရပြန်တော့လည်း ရှက်လိုက်မိပြန်သေးသည်။ သည်တော့ ဘာပဲဖြစ်ဖြစ် ကျောင်းကိုတော့ စိတ်တင်းပြီး မှန်မှန်ကြီး တက်နေသည်။

ကျွန်တော်လည်း လှလှထွေးဇာတ်လမ်းကို ကြားလိုက်မိပါသည်။ သို့သော် မဆန်းတော့သည့် ဇာတ်လမ်းတစ်ပုဒ်လိုပင် သဘောထားလိုက်သည်။ သည်လိုပါပဲ။  ခဏကြာတော့ အချိန်က ကုစားသွားမည်သာ ဖြစ်သည်။

သို့သော် ယခုတော့ဖြင့် အချိန်က ကုစားခြင်း မဟုတ်ဘဲ ဆေးအတုနှင့် တိုးသွားလေမည်လားဟု စိုးရိမ်မိသွားသည်။

ချစ်သူစွန့်ပစ်သွားပြီးလို့ တစ်လလောက်အတွက်မှာပဲ နောက် ကောင်လေးတစ်ယောက်နှင့် တွဲနေပြန်သည်။ ဒါကိုတော့ ကျွန်တော်ကိုယ်တိုင် သတိပြုမိနေသည်။ ထို့ပြင် သူ့သူငယ်ချင်းများထံမှ ကြားရသလောက်ဆိုလျှင် သည်ကောင်လေး လှလှထွေးကို လိုက်ပြီး ချဉ်းကပ်နေသည်။ လှလှထွေးကလည်း ပြန်ပြီး ချစ်သည်၊  ကြိုက်သည်ရယ်လို့တော့ မဟုတ်။ လိုလိုလားလားပင် လက်ခံစကားပြောသည်။ စားသောက်ဆိုင် ဘာဘာညာညာ စသည်ကလေးများမှာတော့ အတူထိုင်ဖြစ်သည်။ သည်မျှလောက်ပါပဲ။ သည်ထက်တော့ ဘာမျှမပို။

ကျွန်တော်နှင့် ရင်းရင်းနှီးနှီးဆက်ဆံကြသော ကျောင်းသူ၊ ကျောင်းသား အတော်များများရှိပါသည်။ သို့သော် ထိုစာရင်းတွင် လှလှထွေးမပါ။ မပါသောကြောင့် ကျွန်တော်နှင့် အနေစိမ်းသည်ဟုလည်း မဆိုသာပြန်။ သူကိုယ်တိုင်က အားလုံးနှင့် ဖော်ရွေပျူငှာနေတတ်သောကြောင့် ကျွန်တော်နှင့် အမှတ်မထင် တွေ့ဆုံကြုံကြိုက်မိလျှင် သူနှုတ်ဆက်ပုံမှာ  ဆရာတစ်ယောက်မို့  ရိုသေစွာ နှုတ်ဆက်သည့် ပုံမျိုးမျှသာ မဟုတ်။ ရင်းနှီးခင်မင်သည့်အသွင်ကို ဆောင်နေလေ့ရှိကြောင်း သတိပြုမိသည်။

ထို့ကြောင့်လည်း ကျွန်တော်၏ 'တစ်ခါတုန်းက တပည့်တွေ' တွင် လှလှထွေးတစ်ယောက် စာရင်းပေါက်လာရခြင်းဖြစ်သည်။

* * *

"လှလှထွေး၊ နင် ဒီနေ့ ဘယ်အချိန်အားသလဲ''

လှလှထွေး ကျွန်တော့်ကို ခပ်ကြောင်ကြောင်ကလေး မော့ကြည့်နေသည်။ ထို့ကြောင့် ကျွန်တော်ကပင် ဆက်၍ -

"နင် ကန်တော်ကလေးဘက်မှာ နေတယ်မဟုတ်လား။ နင့်ကို ခိုင်းချင်တာလေးတစ်ခု ရှိနေလို့ပါ''

"ကျွန်မ တစ်နာရီကလပ်စ်ပြီးရင် ပြီးပြီဆရာ''

"အေး - ဒါဖြင့် အဲဒီကလပ်ပြီးရင်တော့ ငါဆီခဏ တက်လာခဲ့စမ်း''

"ဟုတ်ကဲ့ ဆရာ''

ထိုအချိန်တွင် စာသင်ခန်းမှ စုပြုံထွက်နေကြသော ကျောင်းသားများလည်း ရှင်းသွားသည်နှင့် -

"နင်တစ်ယောက်တည်းပဲ လာစေချင်တယ်။ ပြောရမှာ ခိုင်းရမှာက အရေးကြီးတဲ့ ကိစ္စကလေးတစ်ခု ဖြစ်နေလို့ပါ''

"ဟုတ်ကဲ့ ဆရာ''

လှလှထွေးကိုသာ အခန်းကိုလာခဲ့ဟု မှာထားခဲ့သည်။ လာလျှင် ဘယ်လိုကစပြီး ဘာပြောရမည်ဟု အတော်ကလေး အတွေး စဉ်ယူရသည်။

သူပြောသည့်အတိုင်းပင် နှစ်နာရီထိုးတော့ လှလှထွေးရောက်လာသည်။  တစ်ယောက်တည်းပါပဲ။ ကျွန်တော့်အခန်းကို ဝင်နေ ထွက်နေကျ ကျောင်းသူမဟုတ်သောကြောင့် အခန်းဝတွင် ခပ်ရို့ရို့ကလေး ရပ်နေပြီး နောက်မှ -

"ဆရာ... ကျွန်မ  ဝင်ခဲ့တော့မယ်နော်"

"အေး - အေး ဝင်ခဲ့။ ထိုင် ထိုင်''

ထိုအခါတွင်မှ သူ့ကို သတိထားပြီး ကြည့်လိုက်မိသည်။ လှလှထွေးမှာ သွက်လက်ဖော်ရွေသော အသွင်အပြင် ရှိသည်သာမက ရည်မွန်မှုလည်း ပေါင်းစပ်နေသည်။ ရည်မွန်မှုဆိုသည်မှာ မိဘတို့၏ ရောင်ပြန်အရည်အသွေးပင် ဖြစ်နေတတ်သည်။

ကျွန်တော် အနည်းငယ် ပြုံးလိုက်ပြီးနောက် -

"အင်း... ငါ့မလဲ နင့်ကိုသာ မှာလိုက်ရတယ်။ တကယ်ပြောမယ်ဆိုတော့ ဘာကစပြီး ပြောရမှန်းတောင် မသိပါဘူးဟယ်။ ကဲလေ... ထားလိုက်ပါတော့။ ဒီလို - ညည်းဟာ အတန်းထဲမှာ လူချစ်လူခင် အင်မတန်များတယ်။ ဖော်ဖော်ရွေရွေ နေတတ်တယ်။ အဲဒီအပြင် အလွန်ရည်မွန်တဲ့  မိဘတွေနဲ့ အုပ်ထိန်းသူတွေနဲ့ ကြီးပြင်းရတယ်ဆိုတာ အလွန်သိသာပါတယ်''

လှလှထွေးက မျက်မှောင်ကလေး အနည်းငယ်တွန့်သယောင်နှင့် ကျွန်တော် ဘာပြောမည်ကို အသိခက်စွာ နားထောင်နေသည်။

"ညည်းဟာ ငါနဲ့ မရင်းနှီးပါဘူး။ ဆိုလိုတာကကွယ် ဌေးဌေးမြင့်တို့၊ မသူဇာတို့လို ငါနဲ့ တရင်းတနီး ဆက်ဆံခဲ့တာမျိုး မရှိဖူးဘူး။ သို့ပေမယ့် တခြားကျောင်းသူကျောင်းသားတွေ ညည်းကို ခင်မင်ကြသလို ငါလဲ စိတ်ထဲက ညည်းကို ခင်ခင်မင်မင် ရှိနေခဲ့တယ်။ ဒါကြောင့်လဲ စကားတစ်ခွန်းကို ပြောချင်လို့ ခေါ်လိုက်ရတာပါပဲ''

လှလှထွေးက ဘာကိုမျှ ပြန်မပြောဘဲ ငြိမ်ပြီး နားထောင်နေသည်။ ကျွန်တော်ကလည်း  နားထောင်ဖို့သက်သက်ကိုသာ အလိုရှိပါသည်။

"ခု ငါပြောမယ် စကားဟာ ညည်း
လုံးဝမထင်မှတ်တဲ့ စကားမျိုး ဖြစ်လို့ အံ့အားသင့်ချင်ရင်လဲ သင့်နိုင်ပါတယ်။ ဒါပေမဲ့ စကားလိပ်ပတ်လည်သည်အထိ နားထောင်ပြီးမှ ပြောချင်တာရှိရင် ပြန်ပြောပါ။  စကားဆိုလိုချက်ဆုံးသည်အထိကိုတော့ နားထောင်လိုက်ဦး၊ ဟုတ်လား''

သူ့မျက်နာကလေး တည်သွားသည်။ ဘာကိုမျှတော့ ပြန်မပြော။ ကျွန်တော့်စကားကို နားထောင်နေပါမည်ဟူသော လက္ခဏာကိုတော့ ပြပါသည်။

"ကဲကွယ် - လိုရင်းကိုပဲ ပြောလိုက်ကြရအောင်။  မင်းတို့လဲ ကိုယ့်ဆရာအကြောင်း သိနေကြပြီး ဖြစ်ပါတယ်။ ငါ့စိတ်နေသဘောထားကို နားလည်နေကြသားပဲ။ အထူးသဖြင့် ဝတ္ထုသဘောတရား၊ ဇာတ်ကောင်စရိုက်တွေကို သုံးသပ်ပြနေတတ်တဲ့ ဆရာမို့ ပိုလို့တောင် သိနေကြပါလိမ့်မယ်။ ညည်းမှာ ချစ်သူတစ်ယောက် ရှိခဲ့တယ်။  ကာလအတန်ကြာ တတွဲတွဲ ရှိနေခဲ့တယ်။ ငါတို့လဲ အမြင်ပါပဲ။  အဲဒီကလေးနဲ့ အဆင်မပြေဖြစ်ကြတယ်။ သူ့ဘက်က ဖောက်သွားတယ်ဆိုတာကိုလည်း ဆရာ ကြားပါတယ်။ ကျောင်းသူ၊  ကျောင်းသားလောကမှာ ဖြစ်တတ်တာလေးတွေမို့ ဆရာ့အဖို့ တယ်ပြီး မဆန်းလှပါဘူး။ ညည်း ဘယ်လိုခံစားရမယ်ဆိုတာကိုလဲ  ဆရာ မှန်းနိုင်ပါတယ်။ အဲဒါလဲ ဆရာအဖို့မှာ အဆန်းကြီးလို့ မထင်မိပါဘူး။ သို့ပေမယ့် မကြာသေးမီကတော့ အခြားကောင်လေးတစ်ယောက်နဲ့ ညည်း တွဲတွဲနေတာကို ငါ သတိထားလိုက်မိတယ်''

လှလှထွေးက ရုတ်တရက် တစ်ခုခု ပြောလိုက်တော့မလို ဟန်ပြင်လိုက်သည်။ ကျွန်တော်ကလက်ပြ၍ ဟန့်လိုက်ပြီး -

"ငါက ညည်းကို ဘာမှ မှတ်ချက်မပေးသေးပါဘူး။ ညည်းနဲ့ အဲဒီကလေးကို သို့လောသို့လော ပြောချင်တာမဟုတ်ဘူး။ ဒါပေမဲ့ တစ်ခုတော့ ပြောချင်တာရှိတယ်။ ဒီကလေးဟာ ညည်းကို ချဉ်းကပ်နေပြီဆိုတာ မှန်းလို့ရပါတယ်။ နောက်ပြီး မှန်းချက်မျှသာ မဟုတ်ဘဲ တကယ် ချဉ်းကပ်နေတယ်ဆိုတာကို ငါ သိပြီးပါပြီ။ ပတ်ဝန်းကျင်က ကျဉ်းကျဉ်းကလေးကွယ့်"

လှလှထွေး ဘာကိုမျှ ပြန်မပြောတော့ဘဲ သူ့ရှေ့တွင် ချထားသော စာအုပ်ကိုသာလျှင်  လက်သည်းကလေးနှင့် ခြစ်ယောင်ပြုကာ နားထောင်နေသည်။

"တက္ကသိုလ်ကို ရောက်လာကြတဲ့ ကျောင်းသားကျောင်းသူဟူသမျှ အားလုံး အရွယ်ရောက်ကြပြီ ဖြစ်တဲ့ပြင် ကိုယ်ပိုင်ဉာဏ်နဲ့လဲ ချင့်ချိန်နိုင်ကြပြီမို့ ဒီလိုရေးရာ ကိစ္စတွေမှာ ဆရာတွေက ဘာမျှ ဝင်ရောက်စွက်ဖက်ခြင်း မပြုကြဘူး။  ကိုယ်ရေးကိုယ်တာ မဟုတ်လား။ ဒါကြောင့် ငါ့မှာလဲ လှလှထွေးကို ဒီအကြောင်းတွေ ပြောဖို့ အတော်ကြီး ချင့်ချိန်ခဲ့ရပါတယ်။ မတော်တဆ လှလှထွေးက ဆရာနဲ့ ဘာဆိုင်လို့လဲလို့များ ပြန်ပြောလိုက်ရင်..."

လှလှထွေး တစ်စုံတစ်ခုကို ပြောလိုက်တော့မလို့ ပါးစပ်ပြင်လိုက်သည်။ သို့သော် ကျွန်တော်ကပင် ဆက်၍ -

"အေးပါ ဆရာ သိပါတယ်။ လှလှထွေး အဲဒီလောက်ထိအောင် သဘောထား မရိုင်းဘူးဆိုတာ သိပြီးသားပါ။  ဒါကြောင့်လဲ ဒီလို ပြောဝံ့တာပေါ့"

လှလှထွေး ပြန်ပြီး ငြိမ်သွားသည်။

"ချစ်သူတစ်ယောက် စွန့်ပစ်မှု ခံလိုက်ရတဲ့ မိန်ကလေးဆိုတာမျိုးဟာ လောကမှာ ဒုနဲ့ဒေးလို့  ဆိုရလောက်အောင် ရှိပါတယ်။ ဒါကြောင့် ဆန်းတဲ့ကိစ္စ မဟုတ်ပါဘူး"

ကျွန်တော် လှလှထွေးကို မကြည့်တော့ပါ။ ပြတင်းပေါက်ဆီကို ငေးကြည့်ရင်း  ကိုယ်တစ်ယောက်တည်း ညည်းတွားရေရွတ်နေဘိသကဲ့သို့ ညင်ညင်သာသာ ပြောနေမိပါသည်။

"ဟုတ်တယ်။ မိန်းကလေးတစ်ယောက်ကို သူ့ချစ်သူက သစ္စာဖောက်သွားတာ၊  စွန်ပစ်သွားတာဟာ လောကကြီးမှာ ဘာမှမဆန်းဘူး။ လောကကြီးမှာသာ မဆန်းတာကိုး။ သက်ဆိုင်ရာ စွန့်ပစ်ခံလိုက်ရတဲ့ ကာယကံရှင်အဖို့မှာတော့ဖြင့် နှလုံးသားမှာ ငလျင်ကြီးလှုပ်သွားတာ။ ပဲ့တင်ဟီးနေတဲ့ ငလျင်ကြီး လှုပ်သွားတာ။ အဲဒီ ပဲ့တင်ဟီးသံကို ဘယ်သူမှ မကြားရဘူး။ အဲဒီငလျင် ပြင်းထန်ပုံကို တခြားဘယ်သူမှ မသိလိုက်ဘူး။ ဒါပေမယ့် ကာယကံရှင်အဖို့မှာတော့ နားကို ပိတ်ထားလို့လဲ မရ၊ ကြားနေရတယ်။ ထိန်းလို့မရအောင် တုန်လှုပ်ခြောက်ခြားနေရတယ်။ ပတ်ဝန်းကျင်က ပဲ့တင်ဟီးနေတာကိုသာ မကြားရတာ မဟုတ်ဘူး။ အဲဒီမိန်းကလေးငယ်ရဲ့ ရင်ထဲက အော်ဟစ်ငိုကြွေးနေတာကိုလည်း ဘယ်မှာ ကြားနိုင်ပါမလဲ။ သူတို့ကသာ မကြားနိုင်တာ၊  ဟိုခမျာမှာတော့ ကမ္ဘာပျက်ခမန်း အော်ဟစ်ပြီး ငိုနေမိတာ။ အိပ်လို့ မပျော်တဲ့ ညတွေ၊  ကျလိုက်ရတဲ့ မျက်ရည်တွေကို ဘယ်သူသိနိုင်မှာလဲ"

"နှလုံးသား အထာပျက်သလောက်နီးနီးကို ဖြစ်သွားတာ။ လောကကြီးတစ်ခုလုံးကို ယုံကြည်ခြင်း ကင်းသလောက် ဖြစ်သွားတာ။  စိတ်ထဲမှာ ဝမ်းနည်းတာ၊ ကြေကွဲတာ၊ နာကြည်းတာ၊ ရှက်တာ၊ ခံပြင်းတာဆိုတဲ့ ခံစားမှုတွေဟာ တစ်ပြိုင်နက်လုံးပြီး တက်လာလိုက်တာ ရင်တစ်ခုလုံး မခံမရပ်နိုင်လောက်အောင် ဖြစ်မိတတ်ကြတာ"

လှလှထွေးကို လှမ်းကြည့်လိုက်တော့ မေးကြောကေလေး ထောင်လာလုအောင် အံကလေးခဲထားသည်ကို တွေ့လိုက်ရသည်။ ကျွန်တော့်ကိုတော့ မော့မကြည့်။ သို့သော် မျက်ရည်မလည်မိအောင်တော့ အတော်ကြီး ထိန်းထားဟန်တူသည်။

"ဒါတွေကို ဆရာပြောနေတာက ဖြစ်ပြီးသားကို အစပြန်ဖော်နေတာ မဟုတ်ပါဘူး။ လှလှထွေး ဘယ်လိုခံစားရမယ်ဆိုတာကို ဆရာနားလည်ပါတယ်လို့ ပြောပြချင်လို့ပါ။ သို့ပေမယ့် ခက်တာက ဒီလို အဖြစ်မျိုးကို ကြုံတာကြောင့် ဘယ်သူ့မျက်ခွက်ကိုမှ ရင်မဆိုင်ချင်တော့ဘဲ တစ်ယောက်တည်း နေလိုက်ချင်ပေမယ့် မိဘပတ်ဝန်းကျင်၊  အပေါင်းအသင်းပတ်ဝန်းကျင်၊  ကိုယ့်ဘဝရှေ့ရေးဆိုတာတွေကလဲ  ရှိလာပြန်သေးတယ်။ သားသမီးတို့ တာဝန်ဆိုတာမျိုးကလည်း ရှိလာပြန်သေးတယ်။ ဒီတော့ 'အပူရုပ်နဲ့ အမူလုပ်' ပြီး ကိုယ်လုပ်စရာရှိတာတွေလုပ်၊ သွားစရာ၊ လာစရာရှိတာတွေကို သွားရ လာရပြန်တာပဲ။  သွားလာလုပ်ကိုင်နေပေမယ့်လဲ  စားလဲ ဒီစိတ်၊  သွားလဲ ဒီစိတ် အစစပေါ့လေ။ ကျောင်းကို သွားတော့မယ်လို့ အဝတ်အစား ရွေးလိုက်ပြန်ရင်လဲ ဒီအင်္ကျီ၊ ဒီအဆင်ကလေးနဲ့ ကြည့်လို့ကောင်းလိုက်တာလို့ သူပြောခဲ့ဖူးတာက ပေါ်လာပြန်ပြီ။ ဆောက်တည်မရ ဆိုတာမျိုးပေါ့"

လှလှထွေးက ကျွန်တော့်ကို တစ်ချက် မော့ကြည့်လိုက်သည်။ သူကြည့်ပုံက နွမ်းနွမ်းလျလျ ရှိလှသည်။ 'ဟုတ်တယ်နော် ဆရာ' ဟု ပြောနေသလိုလည်း ရှိသည်။

"ကဲ - ဆရာပြောချင်တဲ့နေရာကို ရောက်လာပြီ။ ဒီအချိန်မှာ အထူးသဖြင့် ကြေကွဲမှု ဆည်တံ့နိုင်စကာလလေးမှာ နှလုံးသားက ဟာလာတယ်။ တွယ်တာစရာ တစ်ခုခုကို တောင့်တလာတတ်တယ်။  နေရထိုင်ရ ခြောက်ကပ်ကပ်ဖြစ်နေသလို ခံစားမိလာတတ်တယ်။ လက်ပွေ့အိတ်ကလေးကို ကိုင်ပြီး သွားနေလာနေကျ ဖြစ်လာတာ အချိန်ကြာလာတော့ လက်ပွေ့အိတ်မပါရင် လက်က ယောင်နနဖြစ်နေသလိုမျိုးပေါ့။ မိန်းကလေးတွေအဖို့ ဒီအချိန်မျိုးမှာ နောက်တစ်ယောက်က ချဉ်းကပ်လာလိုက်ရင် နုလုံးသားကွက်လပ်ကို ဖြည့်လိုက်သလိုမျိုး ယောင်ယမ်းလက်ခံမိလိုက်တတ်ကြတယ်။ တစ်ခါတစ်ရံကျပြန်တော့လဲ မခံချင်စိတ်နဲ့ နောက်တစ်ယောက် တွဲပြလိုက်ချင်တာမျိုးလဲ ဖြစ်သွားတတ်တာ ရှိတယ်"

လှလှထွေး တစ်ခုခုပြောလိုက်ဦးမလို့ လုပ်ပြီးမှ သူပြောမည့်စကားကို ပြန်ပြီး မျိုချလိုက်သလို ငြိမ်သွားပြန်သည်။ ကျွန်တော်က -

"လှလှထွေးကတော့ ဒီသဘောမျိုး မဟုတ်ဘူးဆိုတာကို ဆရာသိပါတယ်။  အလွန်ဆုံးဖြစ်နိုင်ရင် စိတ်ထဲက ဆောက်တည်ရာရှာနေတဲ့ သဘောမျိုးလောက်သာဖြစ်နိုင်မှာပါ။ ဘာပဲဖြစ်ဖြစ်ပေါ့လေ။ ဆရာ့စကားရဲ့ အရေးအကြီးဆုံးကဏ္ဍကို ရောက်ပါပြီ်။ ဒီလိုသွေးပူနေတုန်းမှာ ရွေးချယ်ဆုံးဖြတ်လိုက်မှုမျိုးဟာ မှန်မှန်ကန်ကန်ဖြစ်နိုင်ဖို့ အတော်လေး ခဲယဉ်းပါတယ်။ အဲဒီမှာလဲ နှစ်ပိုင်းကွဲလာပြန်တယ်။ ပထမ ကိုယ့်ဘက်က တကယ်ချစ်တာ ဟုတ်ရဲ့လားဆိုတဲ့ အချက်ပဲ။ တကယ့်ကို ချစ်တာလဲ ဖြစ်နိုင်တယ်။ နှလုံးသား ပရိယာယ်ဆင်တာလဲ ဖြစ်နိုင်တယ်။ နောက်တစ်ချက်က ကိုယ့်ကို ကမ်းလှမ်းလာတဲ့ သူကိုယ်တိုင်ကကော ကိုယ့်ကို တကယ်ချစ်တာလား... သို့မဟုတ် လက်တည့်စမ်း အပျော်တမ်းလား။ လက်တည့်စမ်းတာ မဟုတ်ပါဘူး၊ တကယ့်ကို ချစ်မြတ်နိုးတာကြောင့် ကမ်းလှမ်းလာတာပါဆိုရင်တောင် သူဟာ တကယ့်ကို ချစ်ခင်အားကိုးထိုက်သူတစ်ယောက် ဟုတ်ပါရဲ့လားဆိုတာကိုလဲ  ထည့်ပြီး စဉ်းစားရဦးမယ် မဟုတ်လား။ ဒီတော့ ဒီအချိန်မျိုးမှာ ကိုယ့်ကိုယ်ကိုယ်လဲ ပြန်ပြီး သေချာစစ်ဆေးရမှာပဲ။ တစ်ဖက်သားကိုလဲ  သေချာ စစ်ဆေးရမှာပါပဲ"

အခုတော့ဖြင့် လှလှထွေး၏မျက်နှာမှာ ဝမ်းနည်းခြင်း၊ ဝမ်းသာခြင်းဆိုတာမျိုး မဟုတ်တော့ဘဲ အလေးအနက်ချင့်ချိန် စဉ်းစားနေသည်ဟန်မျိုး ဖြစ်လာပါသည်။ သင်္ချာတစ်ပုဒ်၊ ပြဿနာတစ်ရပ်ကို လိုက်လံစဉ်းစားနေသည့် မျက်နာမျိုး ဖြစ်လာသည်။ ဆရာသင်ပြနေသော သင်ခန်းစာတစ်ခုကို သေချာနားလည်အောင် လိုက်လံမှတ်သားနေသော ကျောင်းသူတစ်ယောက်အသွင်ကို ဆောင်လာပါသည်။

"သွေးပူတုန်းမှာ ရုတ်တရက် သွေးအေးအေး ပြောင်းပြီး စဉ်းစားဖို့ ဆိုတာမျိုးက အပြောသာ လွယ်တာ။ တကယ်လက်တွေ့ လုပ်ဖို့ကျတော့ အခက်သားကလား။ ဒီတော့ ရုတ်တရက် သေရေးရှင်ရေးဆိုတာမျိုးမဟုတ်ရင် ခပ်ဖြည်းဖြည်း ဆိုင်းပြီး စဉ်းစားတာဟာ အကောင်းဆုံးပဲ"

ဒီတစ်ခါ လှလှထွေးကို လှမ်းကြည့်လိုက်တော့ သူကြည့်နေပုံမှာ ကျွန်တော် ဆက်ပြီးပြောမည့်စကားကို သိလိုသောကြောင့် စောင့်နေသည့်ဟန်မျိုး ဖြစ်လာပါသည်။

"ဒီတော့ ဆရာ့အနေနဲ့ အကြံဉာဏ်ပေးချင်တာက တကယ်လို့ သူ့ရဲ့ ကမ်းလှမ်းမှုကို မတုန့်ပြန်ရသေးဘူးဆိုရင် သူ့ကို လက်မခံရသေးဘူးဆိုရင်..."

လှလှထွေးက မသိမသာ ခေါင်းကလေးကို ရမ်းပြလိုက်ယောင် ပြုပါသည်။

"ဟုတ်ပါတယ် လှလှထွေး လက်မခံရသေးပါဘူး။ ဆရာ ကြားပြီပါပြီ။ ဒါကြောင့်လဲ ဒီစကားမျိုး ခေါ်ပြီး ပြောနေရတာပေါ့။ ဒီတော့ လက်မခံရသေးဘူးဆိုရင် သုံးလလောက် ဆိုင်းထားလိုက်ပါ။ သေရေးရှင်ရေး မဟုတ်ပါဘူး။ အချိန်နှောင်းသွားတာမျိုး၊ အခါလွန်သွားတာမျိုး မဖြစ်နိုင်ပါဘူး။ တစ်ခု သတိပေးလိုက်ဦးမယ်။ ဆရာက လှလှထွေးကို တားမြစ်နေတာမဟုတ်ဘူးနော်။ ဟိုကလေးကို ဆရာမသိပါဘူး။ သူ့အကြောင်းကိုလည်း မသိပါဘူး။ မင်းတို့ရေးရာမှာ ဆရာဝင်ပြီး စွက်ဖက်တာ မဟုတ်ဘူးနော်''

"ကျွန်မ နားလည်ပါတယ် ဆရာ။ ဆရာက ကျွန်မကို ဒီလောက်သတိပြုမိနေတာတောင် ဝမ်းသာလှပါပြီ"

"အိမ်ထောင်ပြုတယ်ဆိုတာ ကိုယ့်ဘဝအတွက် လမ်းခင်းကြတာပဲ။ ချစ်သူဆိုတာမျိုးက မိဘမှ မဟုတ်ပဲကိုး။ ဒီတော့ လမ်းအသစ်ခင်းတာမျိုး ဖြစ်နေတယ်။  တစ်ဖက်သားက သစ္စာမခိုင်ပြန်တော့ ဝမ်းနည်းငိုကြွေးနေရုံနဲ့ ပြီးတာမှမဟုတ်ဘဲ။ တစ်လမ်းပြောင်းပြီး ဖောက်ရင်ဖောက်၊ မဖောက်ချင်လဲ ဒီအတိုင်း နေလိုက်ရုံပဲပေါ့။ အခု ညည်းပြဿနာမှာတော့  လမ်းသစ်အတွက် မြေစမ်းပြီး ဖို့နေတာမျိုး ဖြစ်နေတယ်။ အဲဒီမြေကို အသားသေလောက်အောင် တစ်မိုးလောက်တော့ စောင့်ရမှာပဲ။ တစ်မိုးဆိုတော့ သုံးလပေါ့ကွယ် ဟုတ်လား"

"ဟုတ်ပါတယ်ဆရာ"

လှလှထွေးကို ကြည့်ရသည်မှာ စောစောပိုင်းကလို မဟုတ်တော့ဘဲ အနည်းငယ် သွေးအေးလာသည့် လက္ခဏာကို တွေ့ရသည်။ ခပ်ငိုင်ငိုင် စဉ်းစားနားထောင်နေသည့် အသွင်ကိုဆောင်လာပါသည်။

"ကဲ - ဒါပါပဲ။ ဆရာက ညည်းတို့အရေးမှာ ဝင်စွက်တာ မဟုတ်ဘူး။ ကန့်ကွက်တာ မဟုတ်ဘူး။ အားပေးတာလဲ မဟုတ်ဘူး။ နောက်ပြီး လှလှထွေးကို ခေါ်ပြီး သတိပေးတာလဲ မဟုတ်ဘူး။ ညည်းကို ခင်ခင်မင်မင်ရှိတာကြောင့် အကြံဉာဏ်ပေးလိုက်တာ သက်သက်ပါပဲ။ ဒီအကြံပေးချက်ကို မလိုက်နာရင်လဲ  ဆရာ့အနေနဲ့ ဘာမှ စိတ်ကွက်စရာမရှိဘူး။ ဦးအောင်သင်းဟာ လှလှထွေးရဲ့ ဆရာပါပဲ။ မိတ်ဆွေပါပဲ။ အကူအညီလိုအပ်လို့ လှလှထွေး ဆရာ့ဆီကို နောက်ထပ် ရောက်လာပြန်ရင်လဲ  ဆရာကို ရှေ့နည်းတူပဲ တွေ့ရပါလိမ့်မယ်။ နားလည်တယ်နော် လှလှထွေး"

"ဟုတ်ကဲ့ နားလည်ပါတယ် ဆရာ"

* * *

ဤသို့နှင့်ပင် နောက်ပိုင်းတွင် လှလှထွေးနှင့် ဟိုသူငယ်လေးတို့ တွဲပုံ ကြဲသွားသည်ဟု ထင်မိသည်။ သို့သော်လည်း ကျွန်တော်၏ အထင်မျှသာ ဖြစ်ပါသည်။ သူတို့ နောက်ဆုံးနှစ်အတန်းတွေ နောက်ဆုံးစာမေးပွဲ၏ နောက်ဆုံးဖြေဆိုပြီးသည့်နေ့တွင် အတော်လေး နောက်ကျမှ လှလှထွေး ကျွန်တော့်အခန်းဝင်လာသည်။

"ဆရာ့အခန်းကို ဝင်လာမလို့ ချောင်းနေရတာ ဆရာရယ်။ ခုမှပဲ လူပြတ်တော့တယ်"

"အေးလေကွယ် - သူတို့လဲ နောက်ဆုံးနေ့ဆိုတော့ နှုတ်ဆက်ကြ၊  ကန်တော့ကြကိုး"

သည်တစ်ခါမှာတော့ လှလှထွေးကို ကြည်ကြည်ရွှင်ရွှင်၊ သွက်သွက်လက်လက် ပုံမှန်ပင် တွေ့ရသည်။ သူ့ပင်ကိုဟန်အတိုင်း အပြည့်ရယ်ရယ်ပြုံးပြုံးကြီး လုပ်လိုက်ပြီး -

"ဆရာ့ကို ဟိုကိစ္စ ပြန်ပြောရဦးမယ်။ ဆရာ သတိပေးလိုက်တာကို သိပ်ပြီးကျေးဇူးတင်တာပဲ ဆရာ။ ကျွန်မလေ အဲဒီ အချိန်မှာ သူ့ကို လက်ခံလိုက်တော့မယ်လို့ စဉ်းစားနေပြီ။ စဉ်းစားတာရယ်တောင် မဟုတ်ပါဘူး။ ဆုံးဖြတ်ပြီးသလောက်ကို ဖြစ်နေပြီ။ ဆရာ ခေါ်ပြောလိုက်တော့ ကျွန်မစိတ်ထဲမှာ နည်းနည်း စိုးရိမ်သွားတယ်။ ဆရာပြောသလို သုံးလတောင်မကြာဘူး။  တစ်လတောင် မကြာလိုက်ပါဘူး။ ကျွန်မစိတ်ကို ကျွန်မ ပြန်သိလာတယ်။ (တစ်ချက် ထပ်ရယ်လိုက်ပြီး) ကျွန်မ သူ့ကို မကြိုက်ဘူး ဆရာ။  တကယ်ချစ်တာ မဟုတ်ဘူးဆိုတာကို သိလာတယ်"

"အသည်းနှလုံး ဂယောင်ပြသွားတာပေါ့ကွယ်"

လှလှထွေးက သူ့ပင်ကိုအတိုင်း အပြည့်ရယ်လိုက်ပြီး -

"ဟုတ်တယ်၊ ဟုတ်တယ်။ အသည်းနှလုံး ဂယောင်ပြသွားတာ။ ဆရာသာ ကျွန်မကို ခေါ်ပြီး သတိမပေးလိုက်ရင် ကျွန်မလည်း ဂယောင်ဂတမ်းနဲ့ 'ပျောက်သောလမ်းမှာ စမ်းတဝါး' ဖြစ်ချင်ဖြစ်နေဦးမှာ"

ထိုစဉ်က မိုးမိုး (အင်းလျား) ၏ 'ပျောက်သောလမ်းမှာ စမ်းတဝါး' ဝတ္ထု ထွက်ပြီးစအချိန် ဖြစ်ပါသည်။ ထို့ကြောင့် လှလှထွေးက ရယ်မောပြီး ထိုစကားလုံးကို သုံးလိုက်ခြင်း ဖြစ်ပါသည်။

"ကဲ - သွားတော့မယ် ဆရာ။ ခဏလို့ ပြောပြီး ထားခဲ့တာ။ ဟိုကောင်မတွေ ကျွန်မကို ဆဲနေလိမ့်မယ်"

လှလှထွေး ကျွန်တော့်ကို မျက်စိမှိတ်ပြီး တရိုတသေ ကန်တော့သွားပါသေးသည်။

* * *

လှလှထွေးကို ကျွမ်တော် မကြာခဏ သတိရမိပါသည်။ ယခုဆိုလျှင် နှစ်ပေါင်း (၂၀) ကျော်သွားပြီ။ သူနှင့် တစ်ခါဆို တစ်ခါမျှ ပြန်ပြီး မတွေ့ရတော့ပါ။

သူလည်း သားသမီးတွေ ပွားစီးပြီး  အဘွားကြီးပေါက်စ ဖြစ်နေပြီလားပင် မသိတော့။

ေဩာ်... တစ်ခါတုန်းက တပည့်တွေ။

⚫

ဆရာအောင်သင်းရဲ့ 'တစ်ခါတုန်းကတပည့်တွေ' စာအုပ် (PDF) စာမျက်နှာ ၂၃ - ၄၀ ကနေ ကိုယ်တိုင် စာရိုက်ကူးယူပြီး မျှဝေပါတယ်။

စလေ ငနော့