Tuesday, April 14, 2020

ဒုတိယကြိုး



••••••••••••••••


ယုဒါ


လွမ်းတယ် မေဇင်။


          ကျွန်တော် မေဇင့်ကို သိပ်လွမ်းတယ်။


          ရိုးလှဖြူဆိုတဲ့ ကောင်မလေး တစ်ယောက်ရဲ့ ရင်ခွင်ကနေ မေဇင့်ကို ကျွန်တော်လွမ်းနေတာပါ။ လွမ်းတယ်ဆိုတဲ့ ခံစားမှုတစ်ခုကို မေဇင့်ကြောင့် ကျွန်တော် ရခဲ့တယ်။ အံ့သြစရာ ဘယ်လောက်များ ကောင်းသလဲဆိုရင် မေဇင်နဲ့ နေ့စဉ်ရက်ဆက် တွေ့နေရတဲ့ ကာလတွေမှာတောင် ကျွန်တော် မေဇင့်ကို လွမး်နေခဲ့ဖူးတယ်။ မေဇင်နဲ့ နံနက်ပိုင်းတွေ့ပြီး နောက်တစ်ရက်မနက် ပြန်တွေ့တဲ့အခါ -


          "ညက မေဇင့်ကို လွမ်းလိုက်တာ တအားပဲ"


          လို့ ကျွန်တော်ပြောပြတုန်းက မေဇင်မယုံနိုင်ဘူးလေ။


          "နေ့တိုင်း တွေ့နေတဲ့ဥစ္စာ လွမ်းတယ်လို့ ရှိလို့လား" လို့ မေဇင် ပြောခဲ့တယ်လေ။ တကယ်တော့ အလွမ်းဆိုတာ… နီးခြင်း၊ ေ၀းခြင်း အရပ်ဒေသ၊ အချိန်ကာလတွေနဲ့ မဆိုင်ပါဘူး။ ချစ်တတ်တဲ့လူတိုင်း လွမ်းတတ်လိမ့်မယ်။ မလွမ်းတတ်တဲ့လူဟာ မချစ်ဖူးသေးတဲ့လူ၊ မချစ်တတ်တဲ့လူပဲ ဖြစ်လိမ့်မယ်လို့ ကျွန်တော်ထင်တယ်။ ဒီတော့ မေဇင်လည်းပဲ လွမ်းတတ်မှာပါ။ ဘာကြောင့်ဆိုတော့ မေဇင့်မှာ ချစ်တတ်တဲ့ နှလုံးသားတစ်ခုရှိနေတာ ကျွန်တော်သိတယ်။ ဟုတ်ပါတယ်နော်။ မေဇင်ဟာ သိပ်ချစ်တတ်တဲ့လူပါ။ ကျွန်တော်သိတာပေါ့ မေဇင်ရယ်။ မေဇင့်ကို အမြတ်တနိုးရှိရလွန်းတဲ့ ကျွန်တော်ဟာ မေဇင့်ရင်ထဲက ခံစားချက်တွေကို မသိဘဲ ရှိပါ့မလား။


          ဘာပဲဖြစ်ဖြစ်… မေဇင်ကို ကျွန်တော်ချစ်တယ်။


          မေဇင့်အချစ်ကို ကျွန်တော် လိုချင်တယ်။


          မေဇင့်အချစ်ကိုရဖို့ ကျွန်တော် ကြိုးစားခဲ့တယ်။


          ကျွန်တော်ကြိုးစားသလို မေဇင့်အချစ် မေဇင့်တုံ့ပြန်မှုကို ရခဲ့တယ်။ ကျွန်တော်ထင်ခဲ့တာပါ မေဇင်။ တကယ်တမ်း အသေအချာဆန်းစစ်ကြည့်တော့ ကျွန်တော်ရခဲ့တာ မေဇင့်အချစ်မဟုတ်ပါဘူး။ မေဇင့်ရဲ့ ရွေးချယ်မှုကို ကျွန်တော်လက်ခံရရှိခဲ့တာပါ။ မေဇင်ရွေးချယ်ခဲ့တာ ကျွန်တော်မဟုတ်ဘူး။ စက်မှုတက္ကသိုလ်ဘွဲ့ရ အရာရှိတစ်ယောက်ကို မေဇင်ရွေးချယ်ခဲ့တာပါ။


          မေမေဇင်ဆိုတဲ့ ကျူတာမတစ်ယောက်ရဲ့ ရွေးချယ် ဆုံးဖြတ်မှုထဲမှာ "သင့်တော်ခြင်း" ဆိုတဲ့ ဆုံးဖြတ်ချက်တစ်ခုပဲ ရှိခဲ့တာမဟုတ်လား။ ဒါကို ကျွန်တော်သိခဲ့တယ်။ သိလျက်နဲ့လည်း ကျေနပ်ခဲ့ဖူးတယ်။ ကျွန်တော်က မေဇင့်ကို ချစ်တာကိုး။ မေဇင့်ရဲ့ရွေးချယ်မှုဟာ ကျွန်တော့်အတွက် အလိုချင်ဆုံး ဆုလာဘ်တစ်ခုဖြစ်နေမှတော့ ကျွန်တော် ကျေနပ်ရတော့တာပေါ့။


          ကျွန်တော့်အချစ်ကို လက်ခံပါတယ်ဆိုတဲ့ မေဇင့်ပြန်ကြားစာကို ရတော့ ကျွန်တော်ပျော်လိုက်တာ…။ အဲဒီလောက်တစ်ခါမှ ကျွန်တော် မပျော်ခဲ့ဖူးဘူး မေဇင်။


          "မေဇင် ကျွန်တော့်ကို တကယ်ချစ်ရဲ့လား" လို့ မေးတော့ "နောက်တော့ ချစ်လာမှာပေါ့" ဆိုတဲ့ အဖြေကို မေဇင် ပေးခဲ့တယ်။


          ကျွန်တော်ကြားချင်တဲ့စကား မဟုတ်ပေမယ့် ကျွန်တော်ကျေနပ်ခဲ့ဖူးပါတယ်။


          တစ်ခါ၊နှစ်ခါ၊သုံးခါ…


          မရေမတွက်နိုင်လောက်အောင် များလာတဲ့အခါမှာတော့ မေဇင်ရယ်၊ ကျွန်တော့်ရင်ထဲမှာ နာကျင်မှုတွေနဲ့ အခံရခက်လာတယ်။ ကျွန်တော် မုန်းတယ် မေဇင်…


          နောက်တော့…


          နောက်တော့ဆိုတဲ့စကားကို ကျွန်တော် မုန်းလာတယ်။ အဲဒီစကားလုံးကို ဘယ်အချိန်အထိ မေဇင် သုံးဦးမှာလဲ။


          တစ်နှစ်။


          ကျွန်တော် စိတ်ရှည်ခဲ့ပါတယ်။


          နှစ်နှစ်


          မေဇင် သုံးတုန်းပါပဲ။


          သုံးနှစ်ထိအောင် ကျွန်တော် စောင့်ရဦးမှာလား။ ကျွန်တော် အရွဲ့တိုက်ချင်လာတယ် မေဇင်။ ကျွန်တော်သာ တခြားမိန်းကလေးတစ်ယောက်ယောက်အပေါ် စိတ်၀င်စားမှုပြခဲ့ရင် မေဇင် သ၀န်တိုတတ်လေမလားလို့ သိချင်စိတ်နဲ့ ဒီဇာတ်လမ်းကို စခဲ့မိတာပါ။


          တကယ့်ကို ရိုးစင်းတဲ့ဇာတ်လမ်းလေးတစ်ပုဒ်ပါ မေဇင်။ ရုပ်ရှင်တစ်ခုလိုပြောရရင် ဇာတ်လမ်းရဲ့အလယ်လောက်မှာ ပေါ်ထွက်လာတဲ့ ဒုတိယမြောက်မင်းသမီး၊ ခေါင်းဆောင်မင်းသမီးနေရာကို မရရှာတဲ့ အရန်ဇာတ်ပို့တစ်ယောက်လို့ ပြောရမလား။ အမှန်ကတော့ သူဟာ ကျွန်တော့်ဘေးမှာ အရင်ကတည်းက ရှိနေခဲ့တဲ့၊ ကျွန်တော့်ကို "ဆရာ" လို့ နာမ်စားသုံးခေါ်လေ့ရှိတဲ့၊ "ဟုတ်ကဲ့ရှင့်" ဆိုတဲ့စကားကို အမြဲလိုလို သုံးနှုန်းတတ်တဲ့ ကောင်မလေးတစ်ယောက်ပါ။ အသုံးချတယ်ဆိုတဲ့စကားဟာ သက်ရှိလူသားတစ်ယောက်အတွက် အတော်ထိခိုက်နစ်နာစေလိမ့်မယ်။ မေဇင့်အတွက်နဲ့ အပြစ်မဲ့ မိန်းကလေးတစ်ယောက်ကို ကျွန်တော်မထင်မှတ်ဘဲ အသုံးချခဲ့တာမဟုတ်လား။ ကာယကံရှင်ကိုတော့ ကျွန်တော် ၀န်မခံရဲခဲ့ဘူး။ ၀န်မခံရက်ခဲ့လို့ပါ။


          ဟုတ်ပါတယ် မေဇင်။


          ကျွန်တော်နဲ့ မေဇင်ကြားမှာ ရိုးဟာ အသုံးချခံခဲ့ရတဲ့ မိန်းကလေးတစ်ယောက်သာပါ။ ကျွန်တော့်ကိုသာ အပြစ်တင်ပါတော့ မေဇင်။ ရိုးဟာ ရိုးလှဖြူဆိုတဲ့နာမည်လေးနဲ့ လိုက်ဖက်အောင် ရိုးလွန်းလှသူပါ။


          ရိုးကတော့ ကျွန်တော့်ကို ကျွန်တော်လို့သာ မြင်နိုင်ခဲ့တယ် မေဇင်။


          "ဆရာ့ကို ကျွန်မချစ်တယ်။ ဘာကြောင့်ချစ်သလဲဆိုတာ ကျွန်မလည်း မပြောတတ်ဘူး။ အမှန်အတိုင်း၀န်ခံရရင် ဆရာက ကျွန်မကို ချစ်တဲ့အကြောင်း မပြောခင်ကတည်းက ကျွန်မ ဆရာ့ကို ချစ်နေခဲ့တာ"


          ခပ်ရိုးရိုးလေးဖြေခဲ့တဲ့ ရိုးရဲ့ အဖြေစကားကို ကြားခဲ့ရတော့ မိန်းမတစ်ယောက်ရဲ့ မာယာတို့၊ အထာတို့ ရိုးမှာ မရှိရှာပါလားလို့ ကျွန်တော် အံံသြရတယ်။ ရိုးကိုမချစ်ဘဲနဲ့ ချစ်စကားဆိုခဲ့မိတဲ့ ကျွန်တော်ဟာ ရိုးရဲ့ စိတ်၀င်စားစရာကောင်းလှတဲ့ ထူးခြားမှုလေးတွေကြောင့် တဖြည်းဖြည်းချင်း စိတ်လှုပ်ရှားလာခဲ့တယ်။


          "ကျွန်မနဲ့ဆရာ ချစ်သူတွေဖြစ်ကြပြီဆိုတော့ ဆရာ့ကိုတစ်မျိုးမျိုးတော့ ပြောင်းခေါ်မှ ကောင်းမှာပေါ့နော်" လို့ ရိုးကဆိုလေမှ ကျွန်တော့်ကို ရိုးဘယ်လိုခေါ်တယ်ဆိုတာ ကျွန်တော် သတိထားမိတယ်။ ကျွန်တော့်ဘက်က စတင်တောင်းဆိုသင့်တဲ့ စကားဆိုတာလည်း ကျွန်တော် မသိခဲ့ဘူး။


          "ရိုးက ဘယ်လိုခေါ်ချင်လို့လဲ" လို့ ကျွန်တော် ပြန်မေးတော့ "ဆရာ မရယ်ရဘူးနော်" လို့ ပြောရင်း သူက ရယ်မောတယ်။


          မေဇင်လောက် မလှပတဲ့ ရိုးဟာ ရယ်လိုက်ရင်တော့ သိပ်ချစ်စရာကောင်းတဲ့ ကောင်မလေး ဖြစ်သွားတတ်တယ်။


          "ဆရာ့ကို ကျွန်မ ဘယ်လိုခေါ်ချင်တယ်ထင်လဲဟင်"


          ရိုးကို ကျွန်တော် မဖြေမိခဲ့ဘူး။ သူ ဘယ်လိုခေါ်မလဲဆိုတာ ကျွန်တော် စိတ်ထဲက သိနေတယ်ပေါ့။ ဒါပေမယ့် ကျွန်တော့်အထင် မမှန်ခဲ့ပါဘူး။


          "ကျွန်မကလေ ကျွန်မမှာ ချစ်သူတစ်ယောက်ရခဲ့ရင် မောင်လို့ ခေါ်ဖို့ စိတ်ကူးထားတာ ဆရာရဲ့၊ ဆရာ့ကို မောင်လို့ ခေါ်မယ်နော်"


          လို့ သူကဆိုတော့ ကျွန်တော် တအံ့တသြဖြစ်ပြီး ပြုံးရယ်ခဲ့မိတယ်။ ကဲ… ကြည့်စမ်းပါဦး။ ကျွန်တော့်ထက် အသက်သုံးနှစ်ကျော်ပိုငယ်တဲ့ ကောင်မလေးတစ်ယောက်က ကျွန်တော့်ကို ကိုကို မခေါ်ချင်ဘဲ မောင် ခေါ်ချင်သတဲ့လေ။ မေဇင့်ဆီမှာ ကျွန်တော်တောင်းဆိုခဲ့ဖူးတဲ့ နာမ်စားတစ်ခုကို ရိုးလှဖြူဆိုတဲ့ ကောင်မလေးတစ်ယောက်ဆီက ကျွန်တော်ရခဲ့တယ်။ တကယ်တော့ မေဇင့်ဆီကနေ ကျွန်တော်မရနိုင်တဲ့ အရာတော်တော်များများကို ရိုးဆီက ကျွန်တော်ရနေတယ်လို့ ပြောရမှာပေါ့။


          ရိုးဆီက ချစ်ခြင်းမေတ္တာ၊ ကြင်နာယုယမှု၊ အလေးထားဂရုစိုက်မှု၊ အားလုံးကို တောင်းစရာမလိုဘဲ ကျွန်တော်ရခဲ့တာ။


          လွမ်းတယ် မေဇင်။


          လက်သည်းဆိုးဆေး မပြတ်ဆိုးထားတတ်တဲ့ သွယ်ပျောင်းနူးညံ့တဲ့ လက်ချောင်းလေးတွေကို ဆုပ်ကိုင်ထားနိုင်လျက်နဲ့ မေဇင့်ရဲ့ ဘယ်တော့မှ ဆေးမတင်တဲ့ လက်ချောင်းကလေးတွေကို ကျွန်တော် လွမ်းနေခဲ့တယ်။


          "ကျွန်မရဲ့လက်တွေကို ကြည့်ပါလား။ ကျွန်မစိတ်ထားကို သိချင်ရင် လက်မြင်တာနဲ့ ခန့်မှန်းသိနိုင်တယ်" လို့ မေဇင်ပြောတုန်းက ယောက်ျားဆန်တဲ့ မေဇင့်လက်ချောင်းလေးတွေကိုကြည့်ရင်း "ကျွန်တော်က လက္ခဏာဆရာမှ မဟုတ်ဘဲ" လို့ ဖြေခဲ့ဖူးတဲ့အဖြစ်ကို သတိရမိသေးတယ်။ မေဇင့် လက်သည်းခွံလေးတွေက လက်ထိပ်နဲ့အတိကပ်နေတဲ့ ပန်းနုရောင်ပြောင်လက်လက် လက်သည်းကလေးတွေမို့ ချစ်စရာကောင်းပါတယ်။


          "ကျွန်မကတော့ လက္ခဏာဆရာမဟုတ်ပေမယ့် ရှင့်လက်တွေကို ကြည့်ပြီး ဗေဒင်ဟောပေးလို့ရတယ်။ အဲဒါ စိတ်ကူးယဉ်တတ်တဲ့လက်၊ ကိုယ့်ကိုကိုယ်ချစ်တတ်တဲ့လက်"


          မေဇင်က ကျွန်တော့်လက်တွေအပေါ် အဲဒီလို ေ၀ဖန်ချက်ပေးခဲ့တယ်လေ။ ကျွန်တော်ဟာ ကိုယ့်ကိုကိုယ် ချစ်နေတာလား။ မေဇင့်ကိုချစ်နေတာလားဆိုတာတောင် မေဇင် မခွဲခြားတတ်တာတော့ ကျွန်တော်ရင်နာရပါတယ် မေဇင်။ မေဇင့်ကို ကျွန်တော် ဘယ်လောက်တောင် ချစ်ခဲ့ရသလဲ။ မေဇင် အသိခဲ့ဆုံးပါ။


          လွမ်းနေဆဲပါ မေဇင်။ ရိုးလှဖြူဆိုတဲ့ ကောင်မလေးတစ်ယောက်ရဲ့ နုညက်မွတ်စက် ပါးပြင်နှစ်ဖက်ကို ချစ်စနိုးကြည်စယ်ထိတွေ့မိတဲ့ အချိန်မျိုးမှာတောင် မေဇင့်ပါးပြင်ပေါ်က ၀က်ခြံဖုကလေးတစ်ခုကို မြင်ယောင်သွားမိရင်း မေဇင့်ကို လွမ်းနေတတ်သူပါ။


          ကျွန်တော့်ကို မေဇင် ဘယ်လိုပြောဦးမှာလဲ။ သစ္စာမရှိတဲ့လူလို့ ဆိုမယ်ဆိုရင်လည်း ကျွန်တော် နာခံရဲပါတယ်။ ဘာပဲဖြစ်ဖြစ် ခုချိန်ထိ မေဇင့်ကို ကျွန်တော် ချစ်နေသေးတယ်


          ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့။


          မေဇင် မှတ်မထားတဲ့နေ့ကလေးတစ်နေ့ပေါ့။ မေဇင်နဲ့ ကျွန်တော် စတင်သိကျွမ်းခဲ့ပြီး သုံးကြိမ်မြောက်ကျရောက်တဲ့ ကျွန်တော့်ရဲ့ မွေးနေ့ရက်ကလေးတစ်ခု။ မွေးနေ့ဆိုတာဟာ လူတစ်ယောက်မွေးဖွားပြီး တစ်နှစ်ပြည့်တိုင်းတစ်ခါ ကျရောက်လာတဲ့ ဘာမှဆန်းကျယ်မှုမရှိတဲ့ သာမန်ရက်စွဲတစ်ခုဆိုတာ ကျွန်တော်သိပါတယ် မေဇင်…။ လောကကြီးမှာ ကိုယ့်မွေးနေ့တောင် ကိုယ်မသိတဲ့လူတွေ၊ ကိုယ့်မွေးနေ့ကိုယ် မေ့လျော့ပြီး နိစ္စဓူ၀ ဖြစ်စဉ်တွေကြားမှာပဲ အချိန်ကုန်ရတဲ့လူတွေ အများကြီးရှိနေတာပါပဲ။ ကျွန်တော်ဟာလည်း အသက် ၂၈ နှစ်ပြည့်အထိ ဘ၀ကို ဒီလိုပုံစံနဲ့ ဖြတ်သန်းခဲ့တဲ့ သာမန်လူတစ်ယောက်ပါပဲ။ ပြောရရင် မွေးနေ့ကို ဇာချဲ့တတ်တဲ့လူစားထဲ ကျွန်တော်မပါပါဘူး မေဇင်။ ဒါပေမယ့် မေဇင့်ကို ချစ်မိပြီးနောက်ပိုင်းမှာတော့ ကျွန်တော့်စိတ်တွေ အဆန်းတကြယ် နုသစ်လာခဲ့တယ်။ မွေးနေ့ဆိုတာ ထူးထူးခြားခြားရက်တစ်ရက်အဖြစ် သတ်မှတ်ပြီး ပျော်ရွှင်ကြည်နူးလာခဲ့တယ်။


          မေဇင်က မတ်လ ၂၀ ရက်မွေးတဲ့သူ။ ကျွန်တော်က ဖေဖော်ဝါရီလ ၂၀ ရက်နေ့ မွေးတဲ့သူ။ ဘယ်လောက်မှတ်သားလို့ လွယ်တဲ့ နေ့ကလေးတစ်နေ့လဲ။ ဒါပေမယ့် ဖေဖော်ဝါရီ ၂၀ ရက်ဆိုတဲ့ ဂဏန်းဟာ မေဇင့်ရင်ထဲမှာ ရှင်သန်မနေခဲ့ပါဘူး။ ဒါကတော့ ကျွန်တော့်ရဲ့ ကံဆိုးမှုလို့သာ အောက်မေ့ရတော့မှာပေါ့။ ကျွန်တော့်ရဲ့မွေးနေ့မှာ ဘာတွေများ မေဇင် အဆန်းတကြယ်လုပ်လိမ့်မလဲဆိုတဲ့ မျှော်လင့်ချက်နဲ့ တိတ်တခိုး ရင်ခုန်စိုးထိတ်နေခဲ့ဖူးတဲ့ ကျွန်တော်။ "ဒီနေ့ ဘာနေ့လဲ" ဆိုတဲ့ မေးခွန်းအတွက် "သောကြာနေ့လေ၊ ချိန်းထားတာ ရှိလို့လား" ဆိုတဲ့ မေဇင့်ရဲ့ ရိုးစင်းတဲ့အဖြေတစ်ခုကိုပဲ ကျွန်တော်ရခဲ့တယ်။


          "ရက်စွဲကို မေးတာ" လို့ ထပ်မေးပြန်တော့ " ၂၀ ရက်နေ့လေ" တဲ့။ တိကျပြတ်သားလိုက်တဲ့ အမှန်စကားတစ်ခွန်း။ ကျွန်တော့်ရဲ့ နှလုံးခုန်သံတွေကို ကျွန်တော်သာ ပြန်ကြားယောင်ရင်း သနားသွားမိပါတယ် မေဇင်။ ကျွန်တော်ဘာမှမပြောဘဲ ငြိမ်နေခဲ့မိတယ်။ တိတ်တိတ်လေး ကြေကွဲရသူက ကျွန်တော်တစ်ယောက်တည်းပါ မေဇင်။ ပြီးတော့မှ မနေနိုင်လွန်းတဲ့ ကျွန်တော် "ဒီနေ့ ကျွန်တော့် မွေးနေ့လေ" လို့ ဖွင့်ပြောခဲ့မိတာ။


          "သြော် ဟုတ်လား… ကျွန်မက ရှင့်ကို ဖေဖော်ဝါရီမွေးတယ် မထင်ဘူး" တဲ့။


          ကျွန်တော် မချိပြုံးသာ ပြုံးရတော့တာပေါ့ မေဇင်။ မွေးနေ့ရယ်ဆိုပြီး ချစ်သူနဲ့အတူ ဘုရားတက်ခွင့်၊ ရုပ်ရှင်ကြည့်ခွင့်မရတဲ့ ကျွန်တော်။ စိတ်ပျက်လက်ပျက်နဲ့ ပြန်လာခဲ့တဲ့ ညချမ်းလေးတစ်ခုမှာပေါ့။


          ကျွန်တော်တစ်ဦးတည်းနေထိုင်တဲ့ အိမ်ခန်းကျဉ်းကလေးဟာ ထုံးစံအတိုင်း အဖော်မဲ့စွာ ကျွန်တော့်ကို ကြိုဆိုနေခဲ့တယ်။ မထင်မှတ်တဲ့အချိန်။ စိတ်ညစ်လက်ညစ်နဲ့ အိမ်မှာ အဆင်သင့်ရှိနေတဲ့ ဘီယာတစ်ဘူးကို ဖွင့်သောက်နေမိတဲ့အချိန်ပေါ့။


          "ဆရာ ဒီမှာ စာတစ်စောင်နဲ့ ပါဆယ်တစ်ထုပ် ရောက်နေတယ်" ဆိုတဲ့ စကားနဲ့ ဘေးချင်းကပ်လျက် အခန်းဖော်က သူ လက်ခံထားတဲ့ပစ္စည်းကိုပေးတော့ ကျွန်တော် သိပ်အံ့သြသွားခဲ့တယ်။ မေဇင် ကျွန်တော့်ကို တော်တော်နောက်တာပဲ ဆိုတဲ့အတွေးနဲ့ ကျွန်တော့်ရင်တွေ တဒိတ်ဒိတ်ခုန်သွားခဲ့တယ်။ စာအိတ်ကို ဖွင့်မဖတ်ခင် စာအိတ်အနားစွန်းကို ကတ်ကြေးနဲ့ ညီညီညာညာကိုက်ညှပ်နေတဲ့ ကျွန်တော့်လက်တွေလည်း တဆတ်ဆတ်တုန်နေခဲ့ပါတယ်။


          "ဆရာ"


                   စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့ဖြင့် အသက်ရှည်စွာ နေထိုင်နိုင်ပါစေ။


                             ပျော်ရွှင်ဖွယ်မွေးနေ့အမှတ်တရ


                                                                                                          ရိုးလှဖြူ


          ဒီတစ်ခါ ကျွန်တော်အံ့သြသွားရတာက တစ်မျိုးပါ။ ရိုးကို ကျွန်တော့်မွေးနေ့ ဘယ်နေ့ ဘယ်ရက်ပါလို့ တစ်ခါမှ မပြောခဲ့ဖူးတာ ကျွန်တော် သတိရလာတယ်။ အံ့သြစရာတော့ မဟုတ်ပါဘူး။ ရိုးနဲ့ ကျွန်တော်ဟာ ရုံးတစ်ရုံးထဲမှာ အလုပ်လုပ်ကိုင်နေတဲ့ လူတွေပဲလေ။ ရုံး၀န်ထမ်းတစ်ယောက်ရဲ့ မွေးနေ့မွေးရက်ကို အလွယ်တကူမဟုတ်တောင် ရှာဖွေစုံစမ်းယူလို့ ရနိုင်တာပဲ မဟုတ်လား။ ဒါပေမယ့် ရိုးလှဖြူဟာ ၀န်ထမ်းရေးရာ ကိုင်တဲ့သူတော့ မဟုတ်ခဲ့ပါဘူး။ မေဇင် သိပါရဲ့လား။ လူတစ်ယောက်ဟာ သူချစ်တဲ့သူတစ်ယောက်ရဲ့ မွေးနေ့မွေးရက်ကို စိတ်၀င်စားတတ်ကြတယ်။ ဒါတင်မဟုတ်ပါဘူး မေဇင်။ ကိုယ်ချစ်တဲ့လူနဲ့ ပတ်သက်သမျှ အကြောင်းကိစ္စ အားလုံးကို စိတ်၀င်စားလေ့ရှိကြတာ သဘာ၀တစ်ခုပါ။


          မေဇင့်ရဲ့ခေါင်းက ဆံနွယ်လေးကစလို့ ခြေချောင်းလေးတွေ ခြေသည်းလေးတွေအထိ ကျွန်တော် စိတ်၀င်စားတယ် ချစ်တယ် မေဇင်။ ဒါကို ရူးသွပ်မှုတစ်ခုလို့ မေဇင် သတ်မှတ်ရင် အချစ်ဆိုတာက ရူးသွပ်ခြင်းလို့ပဲ ကျွန်တော် ဖြေပါရစေ။ မေဇင့်အပြုံးတွေကို ကျွန်တော်ချစ်တယ်။ မေဇင့် မျက်လုံးတွေကို ကျွန်တော် ရင်ခုန်တယ်။ သြရှရှ မေဇင့်အသံလေးကိုလည်း ကျွန်တော် မြတ်နိုးတယ်။ မေဇင် ရုတ်တရက် အံ့သြသင့်တဲ့အခါ "ဘုရားရေ" လို့ ရေရွတ်သံလေးကိုလည်း ကျွန်တော် နှစ်သက်တယ်။


          မေဇင့်ကို အဲဒီလောက်တောင် ကျွန်တော်ချစ်ခဲ့လျက်နဲ့ ရိုးလှဖြူကို ဘာကြောင့် အသုံးချမိခဲ့သလဲ။ အပြစ်ရှိသူက ကျွန်တော်ပါပဲ မေဇင်။ "မေဇင့်ဆီက မရနိုင်တဲ့အရာတော်တော်များများကို ရိုးဆီက ရခဲ့လို့ပါ" လို့ ဖြေရင် ဒါဟာ ဖောက်ပြန်မှုတစ်ခုအတွက် အကာအကွယ်ယူခြင်းလို့ မေဇင် သတ်မှတ်နိုင်ပါတယ်။


          ကျွန်တော် မေဇင့်ကို ချစ်ခဲ့တာ ကျွန်တော့်ကိုယ်ကျွန်တော်သာ အသိခဲ့ဆုံးပေါ့။ ကိုယ်ချစ်တဲ့သူဆီက အချစ်ကိုသာ ကျွန်တော် ရချင်ပါတယ်။ အပြန်အလှန် လှိုက်လှဲနွေးထွေးမှုပေးနိုင်တဲ့ ချစ်ခြင်းကိုသာ အနှစ်သာရရှိတဲ့ ချစ်ခြင်းလို့ ကျွန်တော်ခံစားလို့ ရလာခဲ့တယ် မေဇင်။ ကျွန်တော့်ရဲ့ ယုယမြတ်နိုးမှုတွေဟာ မေဇင့်ကို ရင်မခုန်စေဘူးဆိုတာ ကျွန်တော် သိလာတဲ့အခါ။


          ကျွန်တော့်ကို အရိပ်တကြည့်ကြည့် မြတ်နိုးချစ်ခင်တဲ့ မိန်းကလေးတစ်ယောက်ကို ကျွန်တော် အသိအမှတ်မပြုဘဲ မနေနိုင်ခဲ့ဘူး မေဇင်။ ကျွန်တော် နေ့လည်စာထမင်းစားပြီးတဲ့အခါ ကျွန်တော့်ရုံးစားပွဲပေါ်မှာ အသင့်ရှိနေတတ်တဲ့ လိမေ္မာ်သီးစိပ်ကလေးတွေက ကျွန်တော့်စိတ်ကို လှုပ်ရှားစေခဲ့တယ်။ ဘယ်လောက်ချစ်စရာကောင်းလိုက်တဲ့ အပြုအမူလေးလဲဆိုတာ မေဇင် လေ့လာကြည့်ပါ။ လိမေ္မာ်သီးစိပ်ကလေးတွေကို အမှေးပါး မကျန်အောင်ခွာ၊ အစေ့တစ်စေ့မှ မရှိအောင် ပုံစံမပျက်ထုတ်ပြီး ပလပ်စတစ်ဘူးလှလှလေးထဲမှာ ထည့်ပြီး ကျွန်တော့်အတွက် အမြဲ အဆင်သင့် လုပ်ထားပေးတတ်တဲ့သူက ရိုးလှဖြူလို့ခေါ်တဲ့ ကောင်မလေးတစ်ယောက်ပါ။ ရိုးဟာ အဲဒီလိုပဲ ပန်းသီးစိပ်ကလေးတွေ၊ သငေ်္ဘာသီးစိပ်ကလေးတွေကိုလည်း လှလှပပ ပုံဖော်ပြီး ကျွန်တော်စားဖို့ အဆင်သင့်လုပ်ပေးထားတတ်တယ်။


          ကျွန်တော် ဘာတွေကိုကြိုက်ပြီး ဘာတွေကို မကြိုက်ဘူးလဲဆိုတာ ရိုးက စိတ်၀င်စားတယ်။ ကျွန်တော်ကြိုက်တာတွေကို သူက အမြဲတမ်း ဂရုတစိုက် လုပ်ဆောင်ပေးချင်နေတယ် မေဇင်။


          အယုအယကြိုက်တာ ယောက်ျားလေးတွေမှ မဟုတ်ပါဘူး မေဇင်။ အသက်ရှိတဲ့ သတ္တဝါတိုင်း ပြုစုယုယမှုကို နှစ်သက်သဘောကျတတ်ပါတယ်။ အဲဒီအကြိုက်ကြောင့် ကျွန်တော်ကိုယ်တိုင်လည်း ကျွန်တော်ချစ်တဲ့ မေဇင့်ကို ယုယခဲ့ဖူးပါတယ်။ မြတ်မြတ်နိုးနိုး ချစ်ခဲ့ဖူးပါတယ်။ မေဇင် မှတ်မိသေးရဲဲ့လား။ မေဇင့်ကျောင်းကို ကျွန်တော်လိုက်လာပြီး ကျိုက်ခေါက်ဘုရားကို သွားကြတဲ့ နေ့ကလေးတစ်နေ့။ မှတ်မှတ်ရရ စနေနေ့ပေါ့ မေဇင်။


          ရိုးတို့ရဲ့ အိမ်တက်မင်္ဂလာ အလှူဖိတ်ထားတာကို ကျွန်တော် မသွားဘဲ မေဇင် ကျောင်းတက်ရတဲ့ စနေနေ့မို့… ကျွန်တော် တကူးတက လာတွေ့ခဲ့တာ။ ကျွန်တော်နေတဲ့ အင်းစိန်နဲ့ သန်လျင်မြို့ဟာ မနီးလှဘူး မေဇင်။ ဒါပေမယ့် မေဇင်ရှိတဲ့ နေရာကိုရောက်ဖို့ နီးခြင်း၊ ေ၀းခြင်း အကွာအေ၀းကို ကျွန်တော် ဂရုမစိုက်နိုင်ခဲ့ပါဘူး။ ကျွန်တော်က မေဇင့်ကို ချစ်ရတဲ့သူကိုး။ မေဇင့်မျက်နှာလေးကို အမြဲမြင်တွေ့ချင်နေသူကိုး။ မေဇင်နဲ့တွေ့ဖို့ဆိုရင် ကျွန်တော် မမောနိုင် မပမ်းနိုင် တက်ကြွနေခဲ့တယ်။


          မေဇင်နဲ့ ကျွန်တော် ကျိုက်ခေါက်ဘုရားကို ဓာတ်လှေကားနဲ့ မတက်ဘဲ စောင်းတန်းလှေကားထစ်တွေက တက်ခဲ့ကြတယ်။ "ဓာတ်လှေကားနဲ့တက်တော့ ခဏလေးနဲ့ ရောက်သွားမှာပေါ့" လို့ ကျွန်တော်က ပြောတော့ "ဘုရားရေ" လို့ မေဇင် အံ့သြတကြီး ရေရွတ်သေးတယ်လေ။ မေဇင်နဲ့ တွေ့ရတဲ့အချိန်တွေကို တတ်နိုင်သလောက် ရှည်အောင် ကျွန်တော် ဆွဲဆန့်ထားချင်ခဲ့တယ် မေဇင်။ မေဇင်နဲ့ ကျွန်တော် ဘုရားပေါ် အတူတက်ပြီး သီလဝါဆိပ်ကမ်းကို ငေးမျှော်ကြည့်ခဲ့ကြတာ မေဇင် မှတ်မိဦးမလား။ မေဇင် စားဖို့ လိမေ္မာ်သီးစိပ်ကလေးတွေ ကျွန်တော် အဆင်သင့် ခွာကျေွးခဲ့သေးတယ်လေ။ ရိုးဆီက သင်ယူလာတဲ့ လိမေ္မာ်သီးစိပ်ခွာနည်းပညာကို မေဇင့်ရှေ့မှာ ကျွန်တော် အသုံးချခဲ့တယ်။


          လိမေ္မာ်သီးကို ပလတ်စတစ် သွားကြားထိုးတံကလေးနဲ့ ခွာတော့ ကျွန်တော့်ကို မေဇင် အထူးအဆန်း ကြည့်နေခဲ့တယ်လေ။


          "ဟောဒီလို သွားကြားထိုးတံ အချွန်လေးနဲ့ လိမေ္မာ်သီးစိပ်အလယ်ကို ထိုးခွဲပြီး အမှေးပါးကို သာသာလေး ခွာထုတ်ရတယ်။ အစေ့တွေကို ဒီအချွန်လေးနဲ့ ဖွဖွလေးထုတ်မှ ပုံစံမပျက် အစိပ်မာမာလေးရတာ မေဇင်ရဲ့၊ မေဇင် လုပ်တတ်ပါ့မလား" လို့ ကျွန်တော်ပြောတော့ မေဇင် ဟက်ဟက်ပက်ပက် ရယ်မောတတ်လေ။


          "ဟင့်အင်း၊ ကျွန်မ မလုပ်တတ်ဘူး။ ကျွန်မ အဲသလောက် စိတ်မရှည်ဘူး ကိုလင်းသစ်ရဲ့"


          "ချစ်ရင် စိတ်ရှည်ရတယ်လေ မေဇင်ရဲ့၊ ကျွန်တော့်ကို မေဇင် အဲလိုလုပ်ကျေွးတတ်ရင် ကျွန်တော် အရမ်းပျော်မှာပဲ"


          "အိုး ကျွန်မတော့ သိပ်အံ့သြတာပဲ။ ရှင် တော်တော်ကဗျာဆန်တဲ့ ယောက်ျားပဲနော်။ လိမေ္မာ်သီးတစ်စိပ်စားဖို့ အဲဒီလောက် အချိန်ကုန်ခံ အပင်ပန်းခံနေစရာမှ မလိုဘဲ။ ကျွန်မလည်း လိမေ္မာ်သီးကို ကြိုက်ပါတယ်။ လိမေ္မာ်သီးကို ပါးစပ်ထဲထည့်ပြီး အစေ့ကို အလွယ်တကူ ထုတ်ပစ်လိုက်လို့ ရတာပဲ။ ဘာများ ခက်လို့လဲရှင်။ သက်သက် လူပင်ပန်းအောင် ဒီလောက် အသေးစိတ် လုပ်စားနေစရာမှ မလိုဘဲ။ ကျွန်မက ရှင်ထင်ထားသလောက် မနုဘူး ကိုလင်းသစ်ရဲ့"


          ကျွန်တော်မှ မမောရင် ဘယ်သူမောမလဲ မေဇင်ရယ်…။ မေဇင် ကျွန်တော့်အပေါ် တယုတယ မမြတ်နိုးတတ်ရင်တောင် ကျွန်တော်ရဲ့ ကြင်နာယုယမှုတွေအပေါ် တန်ဖိုးထားပြီး အသိအမှတ်ပြုတတ်ဖို့ ကောင်းတယ်။ ကျွန်တော့်ကို မချစ်နိုင်သေးရင်တောင် ကျွန်တော့်ရဲ့ချစ်ခြင်းကို ခံစားနားလည်ပေးဖို့ ကောင်းတယ် မဟုတ်လား။


          မေဇင်လည်းပဲ ကျွန်တော်မဟုတ်တဲ့ တစ်စုံတစ်ယောက်ကို ချစ်ခဲ့ဖူးတာပဲ မေဇင်ရယ်။ ကျွန်တော်လိုချင်တဲ့အချစ်ဟာ… အတုံ့အပြန်ရှိတဲ့ ချစ်ခြင်းမျိုးလို့ ဆိုရင် ဒါ မေတ္တာစစ် မဟုတ်ဘူးလို့ မေဇင် ပြောချင်ဦးမှာလား။ ဒီအတွက်တော့ ကျွန်တော်ဖြေရှင်းချက် မထုတ်တတ်ပါဘူး မေဇင်။ ကျွန်တော် မေဇင့်ကို ချစ်တယ်။ မေဇင့်အချစ်ကို လိုချင်တယ်။ ကျွန်တော် သိနားလည်သမျှ၊ ခံစားလို့ရသမျှဟာ ဒီလောက်ပဲ။ မေဇင့်အချစ်ကို မလိုချင်မှတော့ မေဇင့်ဆီက မေတ္တာကို ကျွန်တော်ဘာလို့ တောင်းခံနေမှာလဲ။ အချစ်ဆိုတာကို မေဇင်ကိုယ်တိုင် ခံစားခဲ့ဖူးလျက်နဲ့ ကျွန်တော့်အပေါ် မေဇင် အေးစက်စက်နိုင်လွန်းတာတွေအတွက် နာကျင်လာမိတယ်။


          "ရှင်တို့ ယောက်ျားတွေဟာ ဒီလိုပါပဲ။ ရည်းစားတွေ မှိုလိုပေါက်အောင်ထား။ မိန်းကလေးတွေဆီက ရနိုင်သမျှ အားလုံးကိုယူ။ ပြီးတော့ အကောင်းဆုံးလို့ထင်တဲ့ မိန်းမကိုမှ ရွေးချယ်လက်ထပ်။ အရှုံးအမြတ်တွေ တွက်ပြီးမှ မိန်းကလေးတစ်ယောက်ကို လက်ထပ်ယူတာကို အချစ်တဲ့လား"


          ကျွန်တော်တို့ ရုံးက အပျိုကြီးမမ အရာရှိတစ်ယောက်ရဲ့ ေ၀ဖန်ထိုးနှက်မှု။ ကျွန်တော်ပြုံးလို့သာ နေခဲ့မိပါတယ်။ ကျွန်တော် မေဇင့်ကို ချစ်ခဲ့တယ်။ ရိုးကို သနားကရုဏာ သက်ခဲ့တယ်။ ဒါပေမယ့် ဒီကနေ့အထိ ဘယ်မိန်းကလေးကိုမှ ထိခိုက်နစ်နာအောင် ကျွန်တော်မလုပ်ခဲ့ပါဘူး မေဇင်။ ကျွန်တော်ရှာဖွေလုပ်ကိုင်ကျေွးဖို့ ၀တ္တရားရှိတဲ့ မိန်းမတစ်ယောက်ရဲ့ ငွေကြေးဥစ္စာပြည့်စုံမှု၊ မပြည့်စုံမှုဆိုတာကို ကျွန်တော် ထည့်မတွက်ပါဘူး။


          မေဇင့်ကိုလက်ထပ်ရင် ဘာတွေမြတ်မယ်။ ရိုးလှဖြူကို လက်ထပ်ရင် ဘာတွေရှုံးမယ်လို့ ကျွန်တော်တစ်ခါမှ မစဉ်းစားမတွက်ချက်ခဲ့တာ ကျွန်တော့်ဘာသာ အသိဆုံးကိစ္စပါ။ ကျွန်တော်လိုချင်တာ ဖြူစင်တဲ့ ချစ်ခြင်းမေတ္တာတရား။ စစ်မှန်တဲ့ နားလည်မှု၊ ဒီတစ်ခုတည်းပါ။ တစ်ခုတော့ ရှိချင်ရှိမယ်။ ရည်းစားနှစ်ယောက်ထားခဲ့မိတဲ့အတွက် ကျွန်တော်ဟာ လောဘကြီးလွန်းသူ ဖြစ်ချင်ဖြစ်မယ်။ တကယ်ပဲ ကျွန်တော် လောဘကြီးခဲ့မိသလား။


          ဆုံးဖြတ်ချက်တစ်ခု ချဖို့ ပေးဆပ်ရမယ့် အရင်းအနှီး ဒီလောက်ကြီးမှန်း ကျွန်တော်မသိခဲ့ဘူး မေဇင်။ ဆုံးဖြတ်ချက်တစ်ခုချဖို့အတွက် ပြတ်သားမှုတစ်ခု လိုမယ်။ စွန့်လွှတ်မှုတစ်ခု လိုမယ်ဆိုတာ သိလာတဲ့အချိန်မှာ ကျွန်တော့်ကိုယ်ကျွန်တော် မသေချာမှုတွေနဲ့ တွေေ၀သွားခဲ့ရတယ်။ ကျွန်တော် မလိမ်ညာခဲ့ပါဘူး မေဇင်။ မေဇင့်ကို ကွယ်၀ှက်ခဲ့မိတဲ့ ကျွန်တော်ဟာ ရိုးကို အမှန်တိုင်း ဖွင့်ဟပြောခဲ့ပါတယ်။ အဲဒါ ဘာကြောင့်လဲ မေဇင်။ မေဇင့်ဆီမှာ ၀န်မခံရဲတဲ့ ကိစ္စကို ရိုးလှဖြူဆီမှာ ကျွန်တော် မလိမ်မညာတမ်း ဘာကြောင့် ဖွင့်ဟ၀န်ခံရဲခဲ့ပါသလဲ။


          မေမေဇင်ဆိုတဲ့ မိန်းမတစ်ယောက်ရဲ့အကြောင်း ရိုးလှဖြူကို ကျွန်တော်ပြောပြခဲ့တယ်။ မေဇင်နဲ့ သူငယ်ချင်းတစ်ယောက် တွဲလျက်ရိုက်ထားတဲ့ ဓာတ်ပုံ။ မေဇင်ပေးထားတာ မဟုတ်ဘဲ ကျွန်တော် ရိုက်ပေးပြီး ပြန်ကူးထားခဲ့တဲ့ ဓာတ်ပုံလေး။ ရိုးကို ကျွန်တော် ပြခဲ့တယ်။ မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း မေမေဇင်ရဲ့ ဓာတ်ပုံကို ရိုး ကြည့်ခဲ့တယ်။


          "သိပ်လှပြီး… ကျက်သရေလည်း အရမ်းရှိတဲ့ အမျိုးသမီးပဲနော်" ဆိုတဲ့ ချီးမွမ်းစကားကို ရိုးက ပကတိရိုးသားတဲ့ ​လေသံနဲ့ ပြောခဲ့တယ်။ "ဆရာနဲ့ သိပ်လိုက်တာပဲ" လို့ ကောက်ချက်ချခဲ့တယ်။ ရိုးဟာ ကျွန်တော့်ဆီက ဘာမှ မတောင်းဆိုခဲ့ပါဘူး။ တစ်ခါတလေ ကျွန်တော့်ဘေးမှာ ထိုင်နေရင်း မျက်ရည်၀ဲနေတတ်တာက လွဲရင် ကျွန်တော့်ကို သူ ဘာစကားနဲ့မှ မချည်နှောင်ခဲ့ပါဘူး။ စကားနာလည်း မထိုးတတ်ခဲ့ဘူး မေဇင်။ ရိုးဟာ ကျွန်တော်ထင်တာထက် ကျွန်တော့်ကို ပိုချစ်နိုင်ခဲ့တယ်။ ကျွန်တော် နေထိုင်မကောင်းဖြစ်တဲ့အခါ စိုးရိပ်ကြီးပူပန်နေတတ်တဲ့ ရိုးမျက်လုံးလေးတွေက သနားစရာတောင် ကောင်းနေတတ်တယ်။ ကျွန်တော် နေမကောင်းဖြစ်တုန်းက ရုံးမတက်ခင် မနက်စောစော သူ့အိမ်ကထွက်လာပြီး ကျွန်တော်နေတဲ့ အခန်းလေးကို ဆန်ပြုတ်လာပို့ပေးခဲ့တယ်။ တစ်ပတ်လုံးလုံး လိုင်းကားစီးပြီး ကျွန်တော်စားဖို့ ဆန်ပြုတ်နဲ့ စွပ်ပြုတ်တမျိုးမျိုး လုပ်ပေးခဲ့တယ်။ အဲဒီအချိန်တွေမှာ ကျွန်တော် မေဇင့်ကို တမ်းတမ်းတတ ဖြစ်နေခဲ့ပါတယ် မေဇင်။


          ကျွန်တော် ဖျားနေတဲ့အတွက် မေဇင့်ကို မဆက်သွယ်နိုင်ခဲ့တဲ့အချိန်မှာ မေဇင် ကျွန်တော့်ရုံးကို အဆက်အသွယ်လုပ်သလားလို့ ကျွန်တော် စုံစမ်းကြည့်မိခဲ့တယ်။ မေဇင်ကတော့ ကျွန်တော့်ကို မေးမြန်းစုံစမ်းကြည့်ဖို့ သတိတောင် မရခဲ့ပါဘူး။


          "ထင်တော့ ထင်သားပဲ။ ရှင် နေမကောင်းဖြစ်နေလို့လား။ ဒါမှမဟုတ် အရေးပေါ် ခရီးသွားနေသလား။ တစ်ခုခုပဲလို့။ ရှင်လာလို့ရရင် ကျွန်မဆီ ရောက်လာမှာပဲပေါ့။ မဟုတ်ဘူးလား"


          နလံထကာစ လူမမာတစ်ယောက်ကို မေဇင် နှုတ်ခွန်းဆက်ကြိုဆိုပုံက ရင်ခုန်ချင်စရာ မကောင်းလိုက်တာ။ ဘာပဲဖြစ်ဖြစ် ကျွန်တော် မေဇင့်ကို ချစ်နေတုန်းပါပဲ။ အမြဲတမ်း ကျွန်တော့်ကို လေသံပြတ်ပြတ်နဲ့ စကားပြောတတ်တဲ့ မေဇင့်အသံလေးကို ကြားရတာနဲ့တင် ကျွန်တော် ကျေနပ်ပါတယ်။


          "ရှင်ဟာ ကျွန်မလက်ထပ်သင့်တဲ့ လူတစ်ယောက်ပဲ" ဆိုတဲ့ ယူဆချက်နဲ့ ကျွန်တော့်ကို လက်ထပ်ပါ့မယ်လို့ ကတိပေးထားတဲ့ မိန်းမတစ်ယောက်ဟာ ကျွန်တော့်အရိပ်အကဲကို ဘာကြောင့် စောင့်မကြည့်တတ်ခဲ့တာလဲ။


          ချစ်သူအပေါ် တယုတယရှိတတ်တဲ့ တခြားကောင်မလေးတွေရဲ့အကြောင်း မေဇင့်ကို ပြောပြတဲ့အခါ


          "ရှင် ကျွန်မကို ဘယ်သူနဲ့မှ မယှဉ်နဲ့။ မေမေဇင်ကို မေမေဇင်လို့ပဲမြင်။ ဟိုတစ်ယောက်တုန်းကလည်း အဲဒီလိုပဲ။ ကျွန်မကို ချစ်တယ်ဆိုရင် တခြားသူတွေနဲ့ ယှဉ်ထိုးကြည့်ဖို့လိုလား။ ကျွန်မအမုန်းဆုံးက ကျွန်မကို တခြားတစ်ယောက်နဲ့ ယှဉ်ကြည့်တဲ့ကိစ္စပဲ"


          အဲဒီစကားကို မေဇင် ကြေကြေကွဲကွဲ ​ပြောခဲ့တာ ကျွန်တော်သိပါတယ်။


          ယောက်ျားတွေကို မေဇင် ဘာဖြစ်လို့ နားလည်မပေးနိုင်ရတာလဲ။ တစ်စုံတစ်ယောက်ကို ချစ်ခဲ့ဖူးပါလျက်နဲ့ ချစ်ခြင်းကို မေဇင် ဘာကြောင့် အဓိပ္ပါယ်မဖွင့်ဆိုတတ်တာလဲ။ အချစ်ဆိုတာ မေဇင် နားလည်တာထက် ပိုနက်ရှိုင်းပါတယ်။ အချစ်မှာ အလိုက်သိမှု လိုတယ်။ နားလည်မှု လိုတယ်။ ဖြည့်ဆည်းပေးဆပ်နိုင်မှုတွေ လိုတယ် မဟုတ်လား။ ကျွန်တော် ရိုးလှဖြူကို ချစ်တယ်လို့ ပြောခဲ့တဲ့အချိန်ထိ မချစ်ခဲ့ဘူး မေဇင်။ ဒါပေမယ့် ရိုးရဲ့ အလိုက်သိမှုတွေအပေါ် ကျွန်တော် အသိအမှတ်ပြုတတ်ခဲ့တယ်။ သမီးရည်းစားအဖြစ် တွဲကြည့်တဲ့အခါ အလိုက်သိလွန်းလှတဲ့ ရိုးရဲ့ပြုမူ ဆက်ဆံပုံလေးတွေအပေါ် ကျွန်တော် ကြည်နူးပီတိဖြစ်လာတယ်။


          "ရာသီဥတုက ပူလိုက်တာနော်" လို့ ဘာရယ်မဟုတ်ဘဲ ကျွန်တော်ပြောဖြစ်တဲ့အခါ Snow Towel ကမ်းပေးတတ်တဲ့ ရိုးရဲ့ ချစ်စရာ အပြုအမူကလေးတွေ၊ ဒံပေါက်ကြိုက်သလောက် ဒံပေါက်စားပြီးတိုင်း သွေးတက်ခေါင်းကိုက်တတ်တဲ့ ကျွန်တော့်အတွက် ခေါင်းမကိုက်ရအောင် ဗမာဆေးတစ်မျိုးမျိုး လက်ထဲ ထည့်ပေးတတ်တဲ့ ရိုးရဲ့ ဂရုစိုက်မှုတွေ၊ ဘောလုံးပွဲကြိုက်တဲ့ ကျွန်တော့်အတွက် အားကစားဂျာနယ်မျိုးစုံ အပတ်စဉ် မမေ့မလျော့ ၀ယ်ပေးတတ်တဲ့ ရိုးရဲ့အလေ့အထတွေ၊ ကျွန်တော် ကျေနပ်စွာ ခံယူချင်မိလာတယ် မေဇင်။


          "ရိုးကလေ ဘောလုံးကန်တာကို နားမလည်ဘူး ဆရာရဲ့…။ ဟိုဘက် ဒီဘက်အသင်းတောင် မခွဲခြားတတ်ဘူး။ ဂိုးပေါက်ထဲကို ဘောလုံး၀င်ရင် ဂိုးတယ်လို့ပဲ သိတာ။ ဂိုးဆိုတာကလည်း ဘယ်သူ့ဘက်က နိုင်မှန်းကို မကြည့်တတ်တာ။ ဆရာနဲ့ ခင်လာတာကြာတော့ ဘောလုံးပွဲဆိုတာ ဘယ်လိုလဲဆိုပြီး သေချာနားလည်အောင် ကြည့်ကြည့်တာ။ အခု ရိုး ဘောလုံးပွဲကြည့်တတ်သွားပြီ။ နိုင်ငံခြားဘောလုံးပွဲတွေက  ကြည့်လို့ ​တော်တော်ကောင်းတာကိုး။ ရင်ခုန်ဖို့လည်း ကောင်းတယ်နော် ဆရာ။ ရိုးညီမလေးကတော့ ရုပ်ချောတဲ့ ဘောလုံးသမားဆို ကြိုက်သတဲ့။ မိုက်ကယ်အို၀င်က ချောတယ်နော်။ ဒါပေမယ့် ဆရာက ပိုကြည့်ကောင်းတယ်"


          ကျွန်တော့်ကို ချစ်ခင်မှု တစ်ခုတည်းကြောင့် ကျွန်တော့်ဆန္ဒ၊ ကျွန်တော့်ဝါသနာနဲ့ လိုက်လျောညီထွေဖြစ်အောင် နေတတ်တဲ့ ရိုးအပေါ် ကျွန်တော် အမှတ်ပေးမိတာ လွန်သလား မေဇင်။ ကျွန်တော့်ကိုချစ်တဲ့ ရိုးဟာ ကျွန်တော့်ဆန္ဒကို ဖြည့်ဆည်းပေးဖို့သာ အမြဲတွေးတောစဉ်းစားနေတာ ထင်တယ်။


          "ရိုးလေ မောင်ဖြစ်စေချင်တာ တစ်ခုခုကို လုပ်ပေးလိုက်ရတိုင်း အရမ်းပျော်တယ်။ မောင်လိုချင်တာ မောင်ဖြစ်ချင်တာတွေကိုပဲ ရိုး ကျေကျေနပ်နပ် ဖြည့်ဆည်းပေးချင်တယ်" လို့ ရိုးက ပြောခဲ့ဖူးတယ်။


          အချစ်ဟာ ဆန်းကြယ်တဲ့ ခံစားမှုတစ်ခုပါ မေဇင်။ ရိုးရဲ့အလိုက်သိမှု၊ ဂရုစိုက်ကြင်နာမှုတွေကြားထဲကပဲ မေဇင့်ကို ကျွန်တော် တမ်းတနေမိတယ်။


          လွမ်းတယ် မေဇင်။


          မနက် မျက်စိနှစ်လုံးပွင့်တာနဲ့ မေဇင့်ပုံရိပ်ကိုမြင်ယောင်ပြီး မေဇင့်ကို သတိရမှုတွေနဲ့ အိပ်ယာက နိုးထတတ်ခဲ့တယ်။ ညအိပ်ယာ၀င်တဲ့အခါလည်း မေဇင့်ကို တမ်းတလွမ်းဆွတ်ခြင်းနဲ့သာ ကျွန်တော် အိပ်ပျော်သွားခဲ့ရတယ်။ ဒါနဲ့တောင် မေဇင်ဟာ ကျွန်တော်နဲ့အနီးဆုံး နေရာကို ဘာကြောင့် ရောက်မလာခဲ့ရတာလဲ။ ရိုးကြောင့်လား။ ကျွန်တော့်ကိုယ်ကျွန်တော် မရေရာမှုတွေနဲ့ နားမလည်နိုင်အောင်ဖြစ်ခဲ့ရပြီ မေဇင်။


          "ဆရာနဲ့ ကျူတာမမ ဘယ်တော့လက်ထပ်မှာလဲ ဆရာ"

     

ဘယ်လိုမှ မျှော်လင့်မထားမိခဲ့တဲ့ စကားတွေကို ရိုးဆီက ရုတ်တရက်ကြားလိုက်ရတော့ ကျွန်တော် အံ့သြတုန်လှုပ်သွားခဲ့တယ်။ ရိုးရဲ့စကားဟာ မေးခွန်းတစ်ခုဖြစ်နေတဲ့အတွက် ကျွန်တော့်မှာ ပြန်ဖြေရမဲ့ တာ၀န် ရှိလာတယ်။ ကျွန်တော် တိတိကျကျ မဖြေနိုင်ခဲ့ပါဘူး မေဇင်။ ကျွန်တော် ရိုးအပေါ် သိပ်မတရားရာ ကျနေပြီလားလို့ စဉ်းစားမိခဲ့ပါတယ်။


          "ရိုး ဘာဖြစ်ချင်လို့လဲ"


          ဆိုတဲ့စကားကို ကျွန်တော်ပြောမိတော့ ရိုးက ခပ်ယဲ့ယဲ့ပြုံးတယ်။ ရိုးအပြုံးက ကျွန်တော့်ကို အခံရခက်စေတယ်။ ဒါပေမယ့် ရိုးဟာ ကျွန်တော့်ကို လှောင်ပြောင်နေတာ မဟုတ်ဘူးဆိုတာ ကျွန်တော် နားလည်ခံစားနိုင်ပါတယ်။


          "ရိုးက ဘာမှမဖြစ်ချင်ပါဘူး…။ တချို့ကိစ္စတွေက ကိုယ်ဖြစ်ချင်တိုင်းလည်း ဇွတ်အတင်း လုပ်ယူလို့ရတာ မဟုတ်ဘူးလေ။ မောင် ဘာဖြစ်ချင်သလဲဆိုတာ ရိုးသိချင်လို့ မေးကြည့်တာပါ။ မောင့်ဆန္ဒကို ရိုးသိထားမှ ဖြည့်ဆည်းပေးလို့ရမဲ့ ကိစ္စတွေ ဖြစ်ချင်ဖြစ်နေမယ်လေ။ မောင်ဖြစ်ချင်တဲ့ ဆန္ဒကိုပဲ ရိုးက ဖြည့်ဆည်းပေးချင်တဲ့လူပါ။ ခုတလောမှာ ရိုးဘာသာ စဉ်းစားကြည့်မိတော့ ရိုးရဲ့ ရပ်တည်မှုက တစ်မျိုးကြီးဖြစ်နေတယ်လို့ ရိုးခံစားရတယ်။ ရိုးက စိတ်သိပ်ပျော့တယ်။ အချစ်ကို အရမ်းရှေ့တန်းတင်လွန်းတယ်။ ဒါက ရိုးတစ်ယောက်တည်းရဲ့ ခံစားချက်အတွက်တော့ ရိုးကျေနပ်နေတာပါပဲ မောင်။ ပတ်၀န်းကျင်ကို စောင်းငဲ့ကြည့်မိတဲ့အခါကျတော့ ရိုးဟာ ကိုယ်ကျင့်သိက္ခာမဲ့တဲ့ မိန်းမတစ်ယောက်ဖြစ်သွားတယ်။ မောင့်မှာ ရည်ရွယ်ထားတဲ့ အမျိုးသမီးရှိပါလျက်နဲ့ ရိုးက ချစ်ခဲ့မိတာကိုး။ ဒီတော့ ရိုးဟာ မရိုးသားသလိုပဲ ဖြစ်နေပြီ။ ရိုးမိသားစုကလည်း ဒီအတိုင်းပဲ မြင်ကြတယ်။ ေ၀ဖန်ကြတယ်။ မောင့်အတွက်တော့ လူပျိုလူလွတ်ဘ၀မှာ ရည်းစားဆယ်ယောက်ပဲ ပြိုင်ထားထား အပြစ်ဖြစ်မှာမဟုတ်ဘူး။ မတင့်တယ်ဘူးရယ်လို့လည်း မရှိဘူးလေ။ ရိုးအတွက်တော့ မသင့်တော်ဘူး မောင်။ မောင့်ကို ရိုးက သိပ်ချစ်တော့ မောင်နဲ့ေ၀းရမဲ့ အဖြစ်ကို စိတ်ကူးနဲ့ တွေးကြည့်မိရင်တောင် ကြောက်ပါတယ်။ အိပ်မက်ထဲမှာ မောင်နဲ့ရိုး ေ၀းသွားကြတယ်လို့ မက်တာတောင် ရိုး တကယ်မျက်ရည်ကျအောင် ငိုရတဲ့သူပါ။ ခုတော့ ရိုး သတ္တိမွေးမှ ဖြစ်တော့မယ်။ ရိုးနဲ့ဆရာ သာမန်မိတ်ဆွေတွေအဖြစ်ပဲ ပြောင်းပြီးဆက်ဆံကြတာပေါ့နော်။ ဆရာနဲ့ မမေဇင်သာ လိုက်ဖက်ညီတဲ့ ချစ်သူတွေပါ။ ရိုးရဲ့စိတ်ကို အလိုလိုက်ပြီး မှားခဲ့မိတဲ့အပြစ်နဲ့ အချစ်တွေအတွက် ဆရာတို့နှစ်ယောက်လုံးကို ရိုး တောင်းပန်ပါရစေ။ ရိုး တကယ်ပဲ တောင်းပန်ပါတယ် ဆရာ။ မမေဇင်ကို တောင်းပန်ဖို့လည်း ရိုး စဉ်းစားထားပြီးပါပြီ။ ရိုးကို ခွင့်လွှတ်ပါနော်။ သူများချစ်ခြင်းကို ခွဲတဲ့သူဆိုတာ အချစ်ရေးမှာလည်း ဘယ်တော့မှ ကံမကောင်းတတ်ကြဘူးတဲ့…။ ရိုး တကယ်ကြောက်ပါတယ်"


          ၀မ်းနည်းပမ်းနည်းစကားတွေကို မရပ်မနားပြောရင်း ကျွန်တော့်ရှေ့မှာ ရိုး ငိုခဲ့တယ်။ ရှိုက်ကြီးတငင်ကို ငိုနေခဲ့တာ။ ကျွန်တော့်ရှေ့မှာ ကျွန်တော့်ကိုသိပ်ချစ်တဲ့ မိန်းကလေးတစ်ယောက် ငိုနေတဲ့အဖြစ်ကို ကျွန်တော် ဘယ်မြင်ရက်မှာတဲ့လေ။ ကျွန်တော် ဘာလုပ်ရမှန်းမသိအောင် ဖြစ်သွားခဲ့တယ်။ ရိုးဟာ ကျွန်တော့်ဆီက ဘာတစ်ခုမှ မတောင်းဆိုခဲ့ပါဘူး။ ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်ကို ဇွတ်အတင်း တောင်းယူနေတာလည်း မဟုတ်ပါဘူး။ တစ်ခုတော့ ပြောစရာရှိတယ်။ ကျွန်တော်နဲ့သူ ရည်းစားအဖြစ်က ရပ်စဲဖို့ သဘောတူညီချက် ယူနေတာလို့ပြောရင် ရမလားပဲ။ ကျွန်တော် ဘာမှပြန်မဖြေနိုင်ခဲ့ပါဘူး။ "မငိုပါနဲ့ရိုးရယ်" လို့ပဲ ထပ်တလဲလဲ ပြောနေမိတယ်ထင်ပါတယ်။ ကျွန်တော်နဲ့ရိုး လမ်းခွဲခဲ့တဲ့ ညနေခင်းလေးကိုတော့ ခုချိန်ထိ လွမ်းနေမိတယ်။


          ကျွန်တော် မေဇင့်ကို ဖွင့်ပြောပြချင်လာမိတယ်။ ရိုးလှဖြူဆိုတဲ့ ကောင်မလေးတစ်ယောက် ကျွန်တော့်ဘေးမှာ ရှိနေတဲ့အဖြစ်ကို မေဇင် မသိခဲ့ဘူးလေ။ တကယ်တော့ မေဇင် မသိခဲ့တာမဟုတ်ပါဘူး။ မသိချင်ယောင်ဆောင်နေခဲ့တာပါ။ ကျွန်တော် တခြားကောင်မလေးတစ်ယောက်နဲ့ တွဲနေတယ်ဆိုရင် မေဇင် သ၀န်တိုတတ်လာလိမ့်မယ်လို့ ကျွန်တော် ထင်ခဲ့တာ။ ရိုးရဲ့အကြောင်း တိတိကျကျ ပြောမပြဖြစ်ခဲ့ပေမယ့် ကျွန်တော့်မှာ မေဇင့်အပြင် တခြားတစ်ယောက် ရှိနေတယ်ဆိုတာ မေဇင် သိနေခဲ့တာပဲ မဟုတ်လား။ ဒါပေမယ့် မေဇင်က ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေနဲ့ ပုံမှန်အတိုင်း တည်တည်ငြိမ်ငြိမ်ပဲ ရှိခဲ့တယ်။


          ကျွန်တော်သိပါတယ် မေဇင်။ မေဇင် ကျွန်တော့်ကို လုံး၀မချစ်နိုင်ဘူး။ ချစ်လို့မရသေးဘူးဆိုရင်တောင် တစ်နေ့တော့ ချစ်လာလိမ့်မယ်ဆိုတဲ့စိတ်ကူးနဲ့ မငြင်းပယ်ခဲ့တာပါ။ မိန်းမတစ်ယောက်ဟာ သူတို့ မနှစ်မြို့နိုင်တဲ့ ယောက်ျားတစ်ယောက်ကို လက်ထပ်ရဲတဲ့အထိ သတ္တိမကောင်းကြပါဘူး။ အထူးသဖြင့် မေမေဇင်လို မိန်းမမျိုးအတွက် ပိုမဖြစ်နိုင်တဲ့ ကိစ္စ ဖြစ်မှာပါ။ ဘာကြောင့်ဆိုတော့ မေမေဇင်ဆိုတဲ့ မိန်းမဟာ ကိုယ့်ခြေထောက်ပေါ်ကိုယ် မားမားမတ်မတ် ရပ်တည်နိုင်သူဖြစ်တယ်။ ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်အ၀ ရှိတယ်။ ယောက်ျားတစ်ယောက်ဆီမှာ ခခယယလုပ် ဦးညွှတ်တဲ့မိန်းမ ဘယ်တော့မှလုပ်မှာ မဟုတ်ဘူး။ အဲဒီမာနနဲ့ အဲဒီယုံကြည်ချက်တွေကြောင့်ပဲ မေဇင် တစ်ဦးတစ်ယောက်ကို ဆုံးရှုံးခဲ့တာ (သို့မဟုတ်) စွန့်လွှတ်ခဲ့တာ ဖြစ်ပါလိမ့်မယ်။


          ခုရော မေဇင် ကျွန်တော့်ကို စွန့်ပစ်နိုင်ပြီလား။ ပြီးတော ့ကျွန်တော်ကိုယ်တိုင်ရော မေဇင့်ကို စွန့်ပစ်နိုင်ပြီလား။ မေဇင်ကို အပြီးတိုင် စွန့်လွှတ်ပြီး ရိုးလှဖြူကို ရွေးချယ်မယ်ဆိုရင်…။ ဟင့်အင်း။ ခုချိန်ထိ ရိုးကို မေဇင်လို မချစ်နိုင်သေးဘူး ထင်ပါတယ် မေဇင်။ ဒါပေမယ့် ရိုးကို ကျွန်တော် လွမ်းတတ်လာပြီ။ နေ့လည်စာစားပြီးလို့ ရုံးခန်းထဲပြန်၀င်လာတိုင်း ကျွန်တော့်အလုပ်စားပွဲပေါ်မှာ အဆင်သင့်တွေ့ရတတ်တဲ့ စားစရာတစ်ခုခု ရှိမနေတော့ခြင်းအပေါ် ဘယ်လိုပြောရမှန်း မသိတဲ့ ခံစားမှုတစ်မျိုး ဖြစ်လာတယ် မေဇင်။ ကျွန်တော်ဟာ ထမင်းစားပြီးတိုင်း တစ်ခုခုစားတတ်သူမို့ တစ်ခုခုကို အာသာပြေစားချင်နေတာလား။ ဒါဆို ကျွန်တော့်တပည့် ချာတိတ်လေး တစ်ယောက်ယောက်ကို စားချင်တဲ့အစားအသောက်တစ်ခုခု မှာယူခိုင်းလိုက်ရင် ပြည့်စုံသွားနိုင်တာပဲ။


          မဟုတ်ဘူး မေဇင်…။ ကျွန်တော့်ရင်ထဲက လစ်ဟာမှုဟာ လက်ဖက်ရည်တစ်ခွက်သောက်ချင်တဲ့ ချင်ခြင်းမဟုတ်သလို… လိမေ္မာ်သီးချိုချိုလေးစားချင်တဲ့ ချင်ခြင်းလည်း မဟုတ်ဘူး။ ကျွန်တော် တမ်းတမိတာဟာ ရိုးဆိုတဲ့ ကောင်မလေးတစ်ယောက်ရဲ့ စေတနာ မေတ္တာ အကြင်နာတွေ ရောပြွန်းနေတဲ့ လိမေ္မာ်သီးချိုချိုလေးတစ်စိပ်။ ပြီးတော့ ချစ်ခင်မြတ်နိုးမှုတွေ ဖုံးလွှမ်းနေတဲ့ "စားလို့ကောင်းရဲ့လား" ဆိုတဲ့ အသံချိုချိုနဲ့ အကြင်နာပိုပို ပြုံးတုံ့တုံ့ မျက်၀န်းလေးတစ်စုံ။ မေဇင်ကိုသာ လွမ်းတာပါလို့ ထင်ခဲ့မိတဲ့ ကျွန်တော်၊ ခုတော့ ကျွန်တော်မချစ်ဘူးလို့ သတ်မှတ်ထားတဲ့ ကောင်မလေးတစ်ယောက်ကို လွမ်းတတ်ခဲ့ပြီ။


          "ဆရာ နေကောင်းတယ်နော်"


          လို့ တလေးတစား ဦးညွတ်နှုတ်ဆက်ပြီး လှည့်ထွက်သွားတတ်တဲ့ ကောင်မလေးတစ်ယောက်ရဲ့ ကျောပြင်ကို တငေးတမော လိုက်ကြည့်မိရင်း ကျွန်တော် နေမထိ ထိုင်မသာ ဖြစ်နေရပြီ။ "ခွင့်ပြုပါဦးရှင့်" ဆိုတဲ့ တိုးညက်ညက်အသံလေးနဲ့ လှုပ်လှီလှုပ်လဲ့ လမ်းလျှောက်သွားတဲ့ သွယ်လျလျ ခန္ဓာကိုယ်လေးတစ်ခုကို ကျွန်တော် လွမ်းဆွတ်နေမိပြီ။ နိုင်ငံတကာဘောလုံးပွဲတွေကို ညအချိန်မတော်ထကြည့်ရင်း အင်တာဘယ်အချိန်တွေမှာ ကွက်တိမြည်လာတတ်တဲ့ တယ်လီဖုန်းအသံလေးတွေကို ကျွန်တော် အရမ်းလွမ်းနေမိပြီ။ ကျွန်တော်ကြည့်မယ့် ဘောလုံးပွဲစဉ်တွေကို ဂရုတစိုက် ကြိုကြည့်ထားတတ်တဲ့ ရိုး။ ကျွန်တော် ညဥ့်နက်သန်းခေါင် ဘောလုံးပွဲထိုင်ကြည့်နေတဲ့အခါ ၁၅ မိနစ် နားတဲ့အချိန်


          "မောင် ပျင်းနေမှာစိုးလို့ ရိုး တမင်ဖုန်းခေါ်လိုက်တာ။ ၁၀ မိနစ်ပဲ ပြောမယ်နော်" ဆိုတဲ့ ရိုးရဲ့စကားသံ။ သူမို့လို့ အိပ်ရေးပျက်ခံ ဖုန်းဆက်နိုင်တယ်လို့ ထင်ခဲ့ဖူးတဲ့အထိ ရိုးရဲ့ချစ်ခြင်းမေတ္တာကို မထီမဲ့မြင်ပြုခဲ့ဖူးသူက ကျွန်တော်ပါ။


          "ဆရာ ညဘက် ဘောလုံးပွဲကြည့်ရင်စားဖို့ စပျစ်သီး"


          ရုံးအဆင်းမှာ သတိတရ ထည့်ပေးတတ်တဲ့ ကျွန်တော့်အတွက် စားစရာတစ်ခုခု။ အဲဒီလို ဂရုစိုက်ခြင်းတွေနဲ့ ကျွန်တော့်ကိုချစ်နိုင်သူ ရိုးအပြင် ဘယ်သူရှိဦးမလဲ။ မရှိနိုင်တော့ပါဘူး မေဇင်။


          ကျွန်တော် မေဇင့်ကို ချစ်တယ်။ ကျွန်တော့်ကို ရိုးက ချစ်တယ်။ ကျွန်တော် မေဇင့်ကို ချစ်တာထက် ရိုးက ကျွန်တော့်ကို ပိုချစ်နိုင်တယ်။


          "မေမေဇင့်ကို ဘယ်သူနဲ့မှ မယှဉ်ပါနဲ့" ဆိုတဲ့စကား ကျွန်တော့်ရင်ထဲမှာ စွဲစွဲမြဲမြဲ မှတ်သားထားခဲ့ဖူးတယ်။


          သတိရနေဆဲပါ မေဇင်။ အချစ်မှာ ယှဉ်ပြိုင်လိုမှုမရှိပေမယ့် ရွေးချယ်ခြင်းမှာ ယှဉ်ပြိုင်မှုရှိတယ် မဟုတ်လား။ ခွင့်လွှတ်ပါ မေဇင်။ ကျွန်တော် မေဇင့်ကို သိပ်ချစ်ခဲ့ဖူးတယ်။ ခုချိန်ထိလည်း ချစ်နေပါသေးတယ်။ ရိုးဟာ ကျွန်တော့်ကို သိပ်ချစ်ခဲ့တယ်။ ခုချိန်ထိလည်း ချစ်နေဆဲလို့ ကျွန်တော်ထင်တယ်။ ဒီအခြေအနေကြီးထဲမှာ ရပ်နေရတာကို ငြီးငွေ့လာပြီဆိုရင် ကျွန်တော်လွန်မလား။


          ဒီအတွက် တိကျတဲ့ဆုံးဖြတ်ချက် တစ်ခုခုမှတ်ပြီး ရွေးချယ်မှုတစ်ခုခုကို ကျွန်တော်လုပ်တော့မယ်ဆိုရင်…။ ခွင့်လွှတ်စေချင်ပါတယ် မေဇင်။ ကျေးဇူးပြုပြီး ကျွန်တော့်ကို မေဇင် ကောင်းချီးသြဘာ မပေးလိုက်ပါနဲ့ဦး။ ကျွန်တော်က တစ်စုံတစ်ယောက်ကို ရွေးချယ်တဲ့အခါ တစ်စုံတစ်ယောက်က ကျွန်တော့်ကို ငြင်းပယ်လိုက်မှာ သိပ်စိုးရိမ်နေလို့ပါ။



ရွှေအောင်လံမဂ္ဂဇင်း


၂၀၀၄ ခုနှစ်၊ သြဂုတ်လ။


'ယုဒါ' ဘလော့ဂ်ကနေ ကူးယူပါတယ်။ ဆရာမကို ကျေးဇူးတင်ပါတယ်။


စလေ ငနော့