•••••••••••••••••••••••
နီကိုရဲ
ကျွန်တော်ချစ်တဲ့ တေးသံရှင်ကိုမြကြီးရဲ့ 'မိုး' သီချင်းထဲမှာ ''အသူရာ... သိကြားမင်းနဲ့ စစ်ခင်းကာ ပြိုင်ကြသည်'' လို့ တစ်ပိုဒ်ပါပါတယ်။ အရက်ဆိုတာ အာရဗီစကားကလာပြီး တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြတယ်ဆိုပေမဲ့ ကျွန်တော်တို့ မြန်မာတွေက အဲဒီ အာရဗီစကား မလာခင်ကတည်းက အရက်ကို ခေါ်စရာနာမည် ရှိကြပါတယ်။
ဟုတ်ပါတယ်။ ရှေးခေတ်ကျမ်းစာအုပ်တွေထဲမှာ အရက်ကို အသူရာလို့ ခေါ်ကြတယ်။ ရေးကြတယ်။ ကျွန်တော် သိရသလောက်တော့ အသူရာဆိုတာ ကောင်းကင်က နတ်မင်းကြီးတစ်ယောက်ရဲ့ နာမည်ပါ။ အခုလက်ရှိ သိကြားမင်းနေတဲ့ ဘုံမှာ အဲဒီ အသူရာနတ်မင်းကြီး စိုးစံပါတယ်။ ဒါပေမဲ့ အသူရာတွေဟာ အချိန်ရှိသမျှ မူးရူးနေကြလို့ သိကြားမင်းက သူတို့ကို ဝင်တိုက်ပြီး သူတို့ဘုံကနေ တစ်ဆင့်နိမ့်တဲ့ အောက်ဘုံကို ပစ်ချပစ်လိုက်တယ်လို့ ဒဏ္႑ာရီက ဆိုပါတယ်။
တစ်ဆင့်နိမ့်တဲ့ ဘုံကို ရောက်သွားရှာတဲ့ အသူရာနတ်မင်းဟာ သခွပ်ပွင့်တာကို မြင်တိုင်း သူ့ကို သိကြားမင်းက အနိုင်တိုက်ပြီး တစ်ဆင့်နိမ့်တဲ့ ဘုံကို ပစ်ချခဲ့တာကို သတိရလို့ ဒေါသတကြီး စစ်တိုက်ဖို့ ပြင်ပါသတဲ့။
နွေရာသီကုန်လို့ ကောင်းကင်မှာ မိုးသားတွေညို့ကာ လျှပ်ပန်းလျှပ်နွယ်တွေ ခတ်တိုင်း အမေက သိကြားမင်းနဲ့ အသူရာ စစ်တိုက်ဖို့ ပြင်ကြတာလို့ ငယ်ငယ်တုန်းက ပြောပြတာ နားထောင်ဖူးတယ်။ မိုးရာသီကုန်တော့ ထပ်ပြီး လျှပ်ပန်းလျှပ်နွယ်တွေ၊ မိုးခြိမ်းသံတွေ၊ မိုးကြိုးပစ်သံတွေ ကြားရပြန်ပါတယ်။ ''အမေ... စစ်တိုက်ကြတာပဲလား'' လို့ ကျွန်တော်က မေးတော့ အမေက ပြုံးပါတယ်။
''မဟုတ်ဘူး သားရဲ့၊ အသူရာတွေ စစ်ရံှုးသွားပြီ'' တဲ့။
ကျွန်တော် လျှပ်ပန်းလျှပ်နွယ်တွေနဲ့ လှနေတဲ့ ကောင်းကင်ကြီးကို မော့ကြည့်ရင်း ရင်ထဲမှာ တစ်မျိုးပါပဲ။ ကောင်းကင်ပေါ်က ဂျိုးဂျိုးဂျိမ့်ဂျိမ့်မြည်သံတွေကို နားထောင်ရင်း လျှပ်ပန်းလျှပ်နွယ်တွေကို ငေးရင်း အမေ စပြောတုန်းကလို စစ်ချီတာတွေ မမြင်တော့ဘဲ အသူရာတပ်တွေ တကွဲတပြား ပြေးနေတာကိုပဲ မြင်မိတယ်။
''ဘာဖြစ်လို့ သူတို့ စစ်ရံှုးတာလဲ အမေ''
''ရှုံးမှာပေါ့ သားရဲ့။ အသူရာဆိုတာ အမြဲတမ်း မူးနေတာကိုး။ မူးမူးရူးရူးနဲ့ တိုက်တဲ့ သူတို့ဘက်က လူတွေက သိကြားမင်းကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ။ နိုင်နိုင်မှာလဲ''
ကျွန်တော်က ကိုးနှစ်လောက်ပဲရှိတဲ့ ကလေးဆိုတော့ အမေ့ကို ဘာမှ ပြန်မပြောနိုင်ပါဘူး။ ဆောင်းနှင်းတွေ ဝင်မလာမချင်း တဂျိမ်းဂျိမ်း မြည်နေတဲ့ ကောင်းကင်ကြီးကို ပြတင်းပေါက်က ငေးကြည့်ရင်း မူးမူးရူးရူးနဲ့ ပြေးနေကြတဲ့ အသူရာနဲ့ သူ့တပ်သားတွေကို ပုံဖော်ကြည့်နေမိပါတယ်။ နောင်နှစ်ကျရင်ကောလို့ ကျွန်တော် မေးခွန်းမထုတ်ဘဲ ရင်ထဲမှာ တွေးနေမိတယ်။
အဲဒီလိုနဲ့ ကျွန်တော်ဟာ ရာသီဥတု သုံးမျိုးထဲမှာ မိုးရာသီကို စွဲသွားတယ်။ ကောင်းကင်က မိုးခြိမ်းသံကြားတိုင်း ဇာတ်လမ်းရှိလေတဲ့ မိုးရာသီကို ကျွန်တော် စိတ်ဝင်စားတယ်။ ဒါပေမဲ့ မိုးအစတိုင်း အသူရာက စစ်ပြင်ပြီး မိုးဥတုဆုံးတိုင်း သူရှုံးတာပါပဲ။ အေးပေါ့လေ မူးနေတယ်ဆိုတော့ ဘယ်ကောင်းလို့တုံး။ ခေါင်းမူးတာကအစ မကောင်းဘူး။ အရက်မူးတယ်ဆိုတာ ခေါင်းမူးတာထက် ဆိုးပါတယ်။ သူက တစ်ကိုယ်လုံးမှာ ရှိတဲ့ သွေးတွေဟာ မူလအရှိန်အဟုန်ထက် လှည့်ပတ်မှု မြန်နေပြီး မူးနေတာ မဟုတ်လား။
အဲဒီ တစ်ကိုယ်လုံး မူးနေတဲ့ လူဟာ သူ့အာရုံထဲမှာ စိုက်ပြီး အခြားအာရုံတစ်ခုကို ကူးပြောင်းဖို့ ခက်ခဲအောင်ကို ဖြစ်နေတာ။ မူးနေတဲ့ အချိန်မှာ လူဟာ သူစိုက်ကျနေတဲ့ အာရုံတစ်ခုတည်းမှာပဲ တဝဲလည်လည် ဖြစ်နေတာ မဟုတ်လား။
အဲဒီ စိုက်ကျနေတဲ့ အာရုံဟာ သာမန်အချိန်မှာ သူ မလုပ်ဖြစ်တဲ့၊ မလုပ်ရဲတဲ့ အာရုံဆိုတာ ဖြစ်ခဲ့ရင် အဲဒီလူအကြိုက်ပေါ့။ အရက်မမူးခင် အကောင်း၊ မူးပြီးမှ သွေးဆိုးတယ်ဆိုတဲ့ လူတွေဟာ အဲဒီလို ဖြစ်နေတာ များပါတယ်။ မလုပ်ရဲတာ၊ မလုပ်နိုင်တာကို မူးမှ လုပ်တတ်ရင်၊ သူ သည်းခံဖိသိပ် မျိုချခဲ့ရတာတွေကို မူးမှ ဖောက်ခွဲဖြစ်ရင် အဲဒီလို လူမျိုးဟာ အရက်စွဲတော့တာပဲ။ 'အရက်မူးမှ ကျွဲခိုးပေါ်' ဆိုတဲ့ စကားပုံဟာ သွေးထွက်အောင် မှန်လေရဲ့။
အရက်အတော်မူးသွားတ့ဲအထိ အေးအေးဆေးဆေး ပျော်ပျော်ရွှင်ရွှင်ပဲဆိုတ့ဲ လူမျိုးဟာ ဘဝမှာ ဘာဖိသိပ်ချက်၊ မျိုသိပ်ချက်၊ မကျေနပ်ချက်မှ မရှိတ့ဲလူတွေများတယ်။ သူတို့ကျတော့ အရက်ကို နေ့စဉ်ရက်ဆက် မသောက်ဖြစ်ကြဘူး။ ဘဝမှာ အရာရာ အဆင်ပြေနေလေတော့ အရက်သောက်တာနဲ့ မသောက်တာရဲ့ ကွာခြားချက်ဟာ သူတို့မှာ မရှိကြဘူး။ အတော်မူးသွားလည်း အိပ်ပျော်သွားတာပဲ ရှိမယ်၊ ဘာမှ ပေါက်ကွဲစရာ မရှိတတ်ကြဘူး။
အသူရာလိုပေါ့။ သူရှုံးခဲ့တာကို မကျေမနပ်ဖြစ်ပြီး တစ်နှစ်လုံး မူးနေရာက သခွပ်ပင်က သခွပ်ပန်းတွေ ပွင့်တာ မြင်ရရင် မူးတဲ့အခံနဲ့ သူမနေနိုင်ဘူး။ သိကြားမင်းကို မနိုင်မှန်း သိလျက်နဲ့ အရက်ရဲ့ ခံစားချက်ကို တစ်ခုတည်း အာရုံပြုစေတဲ့ စိတ်နဲ့ သူတက်တိုက်မှာပဲ။ အဲဒီလို တိုက်လို့ အသူရာဟာ မိုးရာသီတိုင်း ရှုံးနေတာပေါ့။ အရက်မူးနေတဲ့ လူဟာ သူရတဲ့ အာရုံနောက်ကို စဉ်းစားဆင်ခြင်မှုမဲ့စွာ လိုက်တတ်ကြစမြဲပဲ မဟုတ်လား ကိုယ့်လူရေ။
ဒီလို အရက်မူးပြီးမှ ဖြစ်လာတဲ့ အာရုံနောက်ကို လိုက်တတ်တဲ့အကြောင်းကို ကျွန်တော့်သူငယ်ချင်း တစ်ယောက်ရဲ့ အလွဲနဲ့ ကျွန်တော် သွားသတိရတယ်။ ကျွန်တော့်သူငယ်ချင်း နာမည်က ဖုန်းကိုတဲ့။ အထကကျောင်းတုန်းက ခင်ခဲ့တဲ့ သူငယ်ချင်းပါ။ ဒီကောင်က အထကကျောင်းကတည်းက အရပ်ရှည်ရှည်၊ အသားညိုညို၊ ခါးကိုင်းကိုင်း၊ အမြဲတမ်း ရီဝေဝေမျက်ဝန်းနဲ့ စကားနည်းတတ်တဲ့ကောင်။
အေးအေးဆေးဆေးနေတယ် ထင်ရပေမဲ့ ဒီကောင်က လူဆိုးခင်ဗျ။ ဆိုးတယ်ဆိုပေမဲ့ ကျောင်းထုတ်ရလောက်အောင် ဆရာမတွေ မျက်မုန်းကျိုးလောက်အောင် ဆိုးတာလည်း မဟုတ်ပြန်ဘူး။ ကျောင်းပြေးမယ်၊ ဂျင်ဂလိခိုးခေါက်မယ်၊ ဆေးလိပ်ခိုးသောက်မယ် ဆိုတာလောက်ပါ။ ကျွန်တော်တို့ ဆယ်တန်းကျတော့ ဒီကောင်လည်း ကျတယ်။ နောက်နှစ် ကျွန်တော်တို့ အောင်သွားတော့ ဒီကောင် မအောင်ဘူး။ ဒီတော့ ဒီကောင်နဲ့ ကျွန်တော်တို့ ဝေးသွားတယ်။
ကျွန်တော် ဘွဲ့ရပြီး လေးငါးနှစ်နေလို့ အိမ်တွေပြောင်းတော့မှ ကျွန်တော်က ဒီကောင်နေနေတဲ့ ရပ်ကွက်ကလေးမှာ အိမ်သွားဝယ်မိပြီး သူနဲ့ကျွန်တော် ပြန်တွေ့ကြတာ။ ဒီကောင် ဖုန်းကိုက ဟိုးအရင်ကအတိုင်းပါပဲ။ အရပ်ပိုရှည်၊ ခါးပိုကိုင်းလာပြီး မျက်လုံးတွေက ပိုရီဝေနေတယ်။ သူပြုံးပြရင် သူ့နှုတ်ခမ်းက ကျွန်တော့်ကို ပြုံးပြတာပေမဲ့ သူ့မျက်လုံးက ကျွန်တော့်ကို ကြည့်နေလျက်က တစ်နေရာရာကို ရောက်နေသလိုမျိုးဗျ။
သူက ဆယ်တန်းဆက်မဖြေလို့ မအောင်ပေမဲ့ အဲဒီကတည်းက ကျောင်းထွက်ပြီး တွင်ခုံလုပ်နေလို့ နေရေးစားရေး အဆင်ပြေတဲ့ အခြေအနေပါ။ မိန်းမတစ်ယောက်လည်း ရနေပါပြီ။ အံမယ် သူ့အမျိုးသမီးက တော်တော်ချောတာဗျို့။ အသားဖြူဖြူ၊ ကိုယ်လုံးကိုယ်ပေါက်လှလှ၊ မျက်လုံးဝိုင်းဝိုင်း၊ နှုတ်ခမ်းဖူးဖူးနဲ့ ကြည့်လို့ တော်တော်ကျက်သရေရှိတဲ့ မိန်းမမျိုး။ ကျွန်တော်သာ ရှေ့ဖြစ်ဟောဆရာဆိုရင် ဒီကောင့်ပုံကြည့်ပြီး ဒီလို မိန်းမမျိုး ဘယ်တော့မှ ရမှာမဟုတ်ဘူးလို့ ဟောဖြစ်မှာပါပဲ။
''မင်းမိန်းမရ တော်တော်ကံကောင်းတာပဲကွ၊ ထင်တောင် မထင်ဘူး''
ကျွန်တော့်စကားဆုံးတော့ ဖုန်းကိုက ငယ်ငယ်တုန်းကထက် ရီဝေနေတဲ့ အပြုံးကို ပြုံးပါတယ်။ ထုံးစံအတိုင်းပေါ့ဗျာ၊ သူ့မျက်လုံးတွေကတော့ အရင်တုန်းကလိုပဲ ကျွန်တော့်ဆီမှာ မရှိဘူးပေါ့။
''ထင်လို့ပါကွာ၊ အဲဒီလိုမျိုး ရတာ ပိုဆိုးတယ်ကွ။ မတန်မရာ ရထားတယ်လို့ လူတွေက ထင်လေ သူက ငါ့ကို အနိုင်ကျင့်လေပဲ။ အခုဆို သူ့မိဘတွေရော နှမတွေပါ အိမ်ပေါ် ခေါ်တင်ထားတာကွာ။ ငါ တစ်ခုခု မှားတာနဲ့ မသဒ္ဓါလို့ဆိုပြီး ပြဿနာရှာတော့တာပဲ''
''ဒါတော့ကွာ မင်းကို အားကိုးလို့ သူ ယူထားတာပဲဟာ''
ကျွန်တော့်စကားကို သူ ဘာမှ ပြန်မပြောပါဘူး။ တိတ်တိတ်ဆိတ်ဆိတ်ပဲ ခေါင်းကို တွင်တွင်ခါပြီး မင်းပြောတာ မှားတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ငြင်းတယ်။ ဒီကောင်က စကားခပ်ရှည်ရှည် ပြောပြီးသွားရင် သူတော်တော် မှားသွားပြီဆိုတဲ့ ပုံစံမျိုးနဲ့ အခုလိုပဲ တိတ်နေတတ်တယ်။ ကျောင်းတုန်းကအတိုင်းပါပဲ။ ကျွန်တော်လည်း ဘာပြောရမှန်း မသိလို့ တိတ်နေပြီး အတော်ကြာမှ သူက ရီဝေဝေနဲ့ စကားပြောပါတယ်။
''အလကားပါကွာ၊ သူချောတာ လှတာ ငါ့အတွက်တော့ အလကား ဝန်ထုပ်ဝန်ပိုးပဲ''
နောက်နေ့တွေ သူနဲ့ ကျွန်တော် သိပ်မတွေ့ဖြစ်ကြပါဘူး။
သူကလည်း မနက်ဆို တွင်ခုံရှိရာသွား၊ ညကျမှ ပြန်လာတာ မဟုတ်လား။
တစ်မနက်တော့ ကျွန်တော် လက်ဖက်ရည်ဆိုင် ထိုင်ရင်း လမ်းထဲက ကိုင်းကိုင်းကိုင်းကိုင်းနဲ့ ထွက်လာတဲ့ သူ့ကို တွေ့ပါတယ်။ သူ လျှောက်လာပုံက မိန်းမလှလှ ရထားတဲ့ ငါ့ဘဝကို မင်းတို့ ကြည့်ကြပေရော့ဆိုတဲ့ ပုံစံမျိုး။
သူ့မိန်းမကတော့ သူနဲ့ ဆန့်ကျင်ဘက်ပါ။ ရပ်ကွက်ထဲမှာ မနက်နဲ့ ညနေဆို ဈေးသွား မုန့်ထွက်စား ကျွန်တော်တွေ့တိုင်း အမြဲသွက်လက်နေတာပဲ။ ရင်ဘတ်မှာ ဆွဲကြိုးခပ်ကြီးကြီးတစ်ကုံး၊ လက်မှာ လက်ကောက်နဲ့၊ လက်ချောင်းတွေမှာ လက်စွပ်တွေဘာတွေနဲ့ အမြဲတမ်း ရယ်မောသွက်လက်နေတာပဲ။ သူ့မိန်းမ ဒီလိုသွက်လက်ဖို့ အရေး သူ့မှာ ဒီလို မနက်စောစောဆို ခပ်လေးလေးကြီး သွားပေးရတယ် ထင်တာပဲ။ ကံပေါ့လေ။
ထူးခြားတာက ဖုန်းကိုကသာ ခပ်လေးလေးကြီး လာနေတာ သူ့ဘေးမှာ၊ ရှေ့မှာ၊ နောက်မှာ လမ်းထဲက ခွေးတွေက မြူးထူးပြီး ပြေးလွှားပါနေတာပဲ။ လမ်းပေါ်မှာ အိပ်နေတဲ့ ခွေးတစ်ကောင် နှစ်ကောင်ကလည်း ချက်ချင်း ထရပ်ပြီး နိုးနိုးကြားကြားနဲ့ ဖုန်းကိုရှိရာကို ပြေးသွားတာ ကျွန်တော်တွေ့ရတယ်။ ပြေးရင်းလွှားရင်း ပတထ်ရပ်နေတဲ့ ခွေးတွေကို လှည့်မကြည့် သတိမထားဘဲ ဒီကောင် လျှောက်လာပုံက သူ့နံဘေးမှာ မြင်းတပ်တွေရံပြီး နန်းတော်ထဲက ထွက်လာတဲ့ ဥရောပဘုရင်တစ်ပါးလိုလို ဘာလိုလိုနဲ့။ ကျွန်တော်လည်း ထူးဆန်းတာနဲ့ ကြည့်နေမိတယ်။
ဒီကောင်က လမ်းထိပ်က ကွမ်းယာဆိုင်မှာ ရပ်ပြီး ကွမ်းမှာတယ်။ ပြီးတော့ ကွမ်းယာဆိုင်မှာ ချိတ်ထားတဲ့ ပေါင်မုန့်တစ်ထုပိ (ပူတင်းပေါင်မုန့်) ကို ဖြုတ်ပြီး ဖဲ့ကာဖဲ့ကာ သူ့နောက်က ပါလာတဲ့ ခွေးတွေကို ကျွေးတယ်။ ကျွန်တော် လှမ်းငေးအံ့ဩရင်း သိရသရွေ့ကတော့ အဲဒီအချိန်မှာ ဒီကောင့်မျက်လုံးတွေက ရီဝေမနေတော့ဘူးဗျ။ လင်းလက်ပြီး ကျေနပ်နေတာပါပဲ။ သူက ချမကျွေးဘဲ လက်ကို မြှောက်ထားရင်း ခွေးတွေက အလုအယက် ပတတ်ရပ်ဟပ်တယ်။ ပစ်ချလိုက်ရင် ခွေးတွေရဲ့ ခေါင်းက ပေါင်မုန့်ရှိရာဘက် စုပြုံတိုးသွားတာပဲ။ ကြည့်ရင်းနဲ့ ကျွန်တော်တောင် သဘောကျလာတယ်။
''အဲဒါ ဒီကောင် လုပ်နေကျပဲဗျ။ မနက်သွား တစ်ခါ ညနေအပြန် တစ်ခါ သုက ဒီဆိုင်က ပေါင်မုန့်တွေ ကျွေးနေကျ။ ဒါကြောင့် ခွေးတွေက သူလာရင် ဒီလိုဖြစ်နေကြတာပေါ့။ သူ့မိန်းမကတော့ ခွေးတွေဆို မုန်းမှမုန်း''
ကျွန်တော်နဲ့အတူ ထိုင်နေတဲ့ ရပ်ကွက်ထဲက လူတစ်ယောက်က ပြောတာပါ။ ပေါင်မုန့်တစ်ထုပ်လည်း ကုန်ရော ဒီကောင် မျက်လုံးတွေ ရီဝေဝေနဲ့ ကားမှတ်တိုင်ဆီ ထွက်သွားတာပဲ။ ခွေးတွေကလည်း ဆက်မလိုက်ဘဲ ကျန်ခဲ့တယ်။
နောက်တစ်ခါ ဒီကောင်နဲ့ ထပ်တွေ့တာကတော့ ရပ်ကွက်ထဲက အရက်ဆိုင် တစ်ဆိုင်မှာပါ။ ကျွန်တော်ကလည်း ညဘက်ရောက်လာတဲ့ ကျွန်တော့်မိတ်ဆွေတွေကို ဧည့်ခံဖို့ ဆိုင်ကို ရောက်နေတဲ့အချိန်။ သူဝင်လာပြီး ရမ်သုံးပက် မှာသောက်ပါတယ်။ ထုံးစံအတိုင်းပဲ သူ့ခွေးတွေက ဆိုင်ရှေ့မှာ ငုတ်တုတ်ထိုင်စောင့်လို့။ သူ ကျွန်တော့်ကို တွေ့ပေမယ့် လာမထိုင်ပါဘူး။ ထုံးစံအတိုင်း ရီးဝေဝေနဲ့ ပြုံးပြ၊ ရမ်သုံးပက်ကို ရေရောကာ ကျိုက်ချပြီး လမ်းထိပ်ကကွမ်းယာဆိုင်မှာ ကွမ်းစား။ ပူတင်းပေါင်မုန့်တစ်ထုပ် ဖြုတ်၊ ခွေးတွေကို ကျွေးပြီး ပြန်သွားပါတယ်။
အဲဒီနေ့ကစပြီး နောက် လေးလလောက်အထိ ကျွန်တော်နဲ့ ဒီကောင် ထပ်မဆုံဖြစ်ကြတော့ဘူး။
ကျွန်တော်ကလည်း မနက်ဆို နေဖင်ထိုးအောင် အိပ်၊ ညဆို တစ်ညလုံး စာရေးတဲ့ကောင်။ ဒီကောင်ကလည်း မနက်ဆို ထွက်၊ ညဆို ညဥ့်နက်မှ ပြန်ရောက်ဆိုတော့ မဆုံဖြစ်တာတော့ အဆန်းမဟုတ်ပါဘူး။ မနက် ခုနစ်နာရီလောက်မှာ လမ်းထဲက ခွေးတွေ တပြုံကြီးနဲ့ထွက်၊ ဒီကောင် ကိုင်းကိုင်းကိုင်းကိုင်းနဲ့ လျှောက်လာ။ ကျွန်တော်က အိပ်နေ။ ညဆို ဒီကောင် နွမ်းနွမ်းနယ်နယ်နဲ့ ပြန်ရောက်လာ၊ ကွမ်းယာဆိုင်ဝင် ကွမ်းစား၊ ပူတင်းပေါင်မုန့် ဖြုတ်၊ သူ့ဘေးနားက ခွေးတွေကို ကျွေး၊ ကျွန်တော်က စာရေးဖို့ ပြင်နေ၊ ဒီလိုနဲ့ လွဲနေကြတာပါ။
တစ်နေ့တော့ ရပ်ကွက်ထဲမှာ သတင်းကြားရတယ်။
ဖုန်းကိုနဲ့ သူ့မိန်းမ ကွဲကြလို့တဲ့။ အဲဒီနေ့က ဖုန်းကိုက သူမိန်းမကို ရိုက်တယ်၊ သူ့ခယ်မကိုလည်း ကန်တယ်၊ ကျောက်တယ်ဆိုလားပဲ။ ကျွန်တော် တော်တော် အံ့သြသွားတယ်။ ဖုန်းကိုဆိုတဲ့ကောင်ဟာ ကျောင်းတုန်းက လူဆိုးဆိုပေမဲ့ ဒီလိုကောင်းမျိုးတော့ မဟုတ်ဘူး။ ပြီးတော့ သူ့ထက် အများကြီး လှတဲ့ ဆွဲဆောင်မှုရှိတဲ့ သူမိန်းမကို ဒီကောင် ဘယ်လောက်ချစ်တယ် ဆိုတာလည်း သူ့အမူအရာနဲ့ သူ့ပုံစံကိုကြည့်ရင် သိသာတာပဲ။ အရက်ကလေး ပင်ပန်းလို့ သောက်လာမိရင်တောင် ကွမ်းယာစားသွားပြီး မိန်းမနဲ့ ယောက္ခမ မသိအောင် နေတတ်တဲ့ ကောင်မျိုး။ ဘယ်လို ဖြစ်ရတာလဲပေါ့လေ။
ရပ်ကွက်ထဲက မိန်းမတွေ ပြောစကားအရ ဇာတ်လမ်းမူကွဲတွေ ရှိနေပေမဲ့ အတူညီဆုံး ကိစ္စကတော့ ဖုန်းကို သူ့မိန်းမကို ရိုက်တယ်၊ သူ့ခယ်မကို ပိတ်ကန်တယ်ဆိုတာပဲ။ လက်ကောက်တွေ တဝင်းဝင်းနဲ့ အမြဲတမ်း မြူးထူးနေတဲ့ သူ့မိန်းမကို မကြည်တဲ့ လူတွေက (မိန်းမတွေ များတယ်) တော့ ဖုန်းကို မှန်တယ်လို့ ပြောကြတယ်။ တချို့ကလည်း မိန်းမကို ရိုက်တာ ဖုန်းကိုလွန်တယ်လို့ ပြောကြတယ်။ ဘာကမှန်မှန်း ကျွန်တော် မသိဘူး။ ဒီကောင်နဲ့လည်း မတွေ့ဖြစ်ဘူး။
နှစ်လုံးထီပြီးရင် ရပ်ကွက်ထဲက Top Ten စာရင်းထဲမှာ ဖုန်းကိုတို့ကိစ္စက ဒုတိယလိုက်ပါတယ်။ ဒါပေမဲ့ ဖုန်းကိုရဲ့ ဇာတ်လမ်းကလည်း တစ်ယောက်မေးရင် တစ်မျိုးဖြစ်နေလို့ နှစ်လုံးထီလို မရေမရာပါပဲ။ ကျွန်တော် တာဝန်ရှိတယ်လို့ ကိုယ့်ကိုယ်ကိုယ် ဆုံးဖြတ်ပြီး ဒီကောင့်အိမ် သွားတော့လည်း အိမ်တံခါးပိတ်ထားတာနဲ့ မတွေ့ရဘူး။
အဲဒီသတင်း ကြားပြီး ငါးရက်မြောက်နေ့မှာ ဒီကောင်နဲ့ ကျွန်တော် အရက်ဆိုင်မှာ ဆုံကြတယ်။ ကျွန်တော့်မှာ ဧည့်သည် မပါပါဘူး။ တစ်ကိုယ်တော် လာကြိတ်တာ။ ဒီကောင်ကလည်း လမ်းထိပ်ရောက်တော့ သူ့ဆီ တဟုန်ထိုး ပြေးလာတဲ့ ခွေးတွေကို ခြေထောက်နဲ့ ပိတ်ကန်၊ တွေ့ကရာ လမ်းပေါ်က ခဲတွေနဲ့ထု လုပ်နေတာ ကျွန်တော် လှမ်းတွေ့ရတယ်။ ကိုယ့်လူရေ ကျွန်တော်တင် မဟုတ်ဘူး၊ လမ်းထိပ် အရက်ဆိုင်က လူတွေ အားလုံးက သူ့ကို ကြည့်နေကြတာခင်ဗျ။
ဒီကောင် ဘယ်လိုကန်ကန်၊ ဘယ်လိုကျောက်ကျောက် ခွေးတွေက ခဲထိရင် တကိန်ကိန် အော်ပြေးပြီး နောက်တော့ သူ့အနား အတင်း ပြေးကပ်လာတာပဲ။ ဒီကောင်က အနားကို ကပ်လာတဲ့ ခွေးတွေကို ကန်ပေမဲ့ ခါးချိုးခေါင်းလှည့်မြန်တဲ့ ခွေးတွေကို တစ်ကောင်မှ မကန်မိဘူး။ ဒီတော့ ဒေါသထွက်ပြီး ဒီကောင် ထပ်ကန်တယ်။ အဲဒီ ကန်နေတဲ့ ပုံစံကို ကြည့်ကတည်းက ဒီကောင် မူးလာတယ်ဆိုတာကိုတော့ လူတွေအားလုံး နားလည်ကြပါတယ်။
ခွေးတွေနဲ့ စစ်ခင်းပြီးလို့ အရေးနိမ့်တော့ ဒီကောင် ခေါင်းငိုက်စိုက်ချပြီး ဆိုင်ထဲကို ဝင်လာတယ်။ အရက်သုံးပက်နဲ့ ငါးပုဏ္ဏားကြော်တစ်ကောင် မှာတယ်။ မိန်းမနဲ့ ကွဲနေတဲ့ကောင် အရက်ဆိုင်ထဲကို ဝင်လာတာကတော့ မဆန်းဘူးပေါ့လေ။ မှာပြီးသွားပြီးမှ ဒီကောင် ကျွန်တော့်ကို မြင်တယ်။ ကျွန်တော် ပြုံးပြပြီး ခေါ်တာကို ဒီကောင် လက်ခံတယ်ဆိုတဲ့ သဘောနဲ့ ရီဝေဝေ ခေါင်းညိတ်ပြရင်း ကျွန်တော့်ခုံကို ကူးလာတယ်။
''သူငယ်ချင်း ဝမ်းသာတယ်ကွာ ဝမ်းသာတယ်။ ဝမ်းသာတယ် ဝမ်းသာပါတယ်''
ကျွန်တော့်ပခုံးကို ခပ်နာနာ လေး ငါးချက်ပုတ်ရင်း ဝမ်းခေါင်းထဲက အသံဝါကြီးနဲ့ ပြောတယ်။ ဒါပေမဲ့ ဒီကောင်က မူးနေလေတော့ နှုတ်ခမ်းပေါ် ရောက်တဲ့အခါ အသံတွေက မူမမှန်ဘူး။ ''ဝမ်းသာတယ်ကွာ'' က ''ဝမ်းသာဒယ်တွာ'' တွေ ဘာတွေ ဖြစ်နေတယ်။ ဆိုင်ထဲက လူတွေကလည်း သူ့လိုပဲ ရီဝေဝေမျက်လုံးတွေနဲ့ ကျွန်တော်နဲ့ သူ့ကို အကဲခတ်နေကြတယ်။
ဒီဆိုင်ကလေးမှာ သောက်နေတဲ့ လူတွေအားလုံးရဲ့ သုံးပုံနှစ်ပုံက ဒီရပ်ကွက်ထဲကဆိုတော့ သူဘာဖြစ်လို့ မိန်းမနဲ့ ကွဲသွားတယ်ဆိုတာကို သိချင်နေတဲ့ မျက်လုံးတွေ ရှိတယ်။ ကျွန်တော်ကလည်း သူ့ကို ကိုယ်ရေးကိုယ်တာ မေးမယ်ဆိုရင် ဒီအချိန်ဟာ အကောင်းဆုံးဆိုတာကို သိပါတယ်။ သူ့ကို ကိုယ်ချင်းစာတာလည်း ပါပါတယ်။ ဒီအချိန်မှာ ပြောလိုက်ရင် သူပေါ့သွားမယ်ဆိုတာလည်း ပါတယ်ဆိုပါတော့။
''ဖုန်းကို သူငယ်ချင်း၊ ငါ သတင်းတွေ ကြားတယ်ကွာ။ မင်း ဘာဖြစ်တာလဲ''
''အောရိုက် အောရိုက် ဟုတ်တယ်။ အောပြီးတော့ ရိုက်တာ သုံးပက်။ ငါးပုဏ္ဏား လာထားစမ်းကွာ အောရိုက်ပေါ့။ ဒီမယ် ရဲဝင်း မိန်းမတွေက မကောင်းဘူးကွ၊ မကောင်းဘူး၊ ငါ့မိန်းမကတော့ အိုကွာ အောရိုက်ပေါ့။ ဟေ့ ငါနဲ့သု ကွဲတာ ဒီခွေးတွေကြောင့်ကွ''
ကျွန်တော့်စိတ်ထင်တော့ သူ အဲဒီလိုလည်း အော်ပြီးရော တစ်ဆိုင်လုံး တိတ်သွားတယ်လို့ ထင်ပါတယ်။ သူ့ကို ကြောက်ကြလို့တော့ မဟုတ်ပါဘူး။ သူဘာဖြစ်တယ်ဆိုတာကို စိတ်ဝင်စားလို့ နေမှာပါ။ သူ နေ့စဉ် အစာကျွေးနေတဲ့ ခွေးတွေကြောင့် သူ့မိန်းမနဲ့ သူ ကွဲတာဆိုတော့ သူ့အကြောင်းကို သိထားတဲ့ ဆိုင်ထဲကလူတွေ ပိုစိတ်ဝင်စားကြတာပေါ့။ အဲဒီအချိန်မှာ ခွေးတွေကလည်း ဆိုင်အဝမှာ ငုတ်တုတ်ထိုင်တဲ့ကောင်က ထိုင်၊ အိပ်တဲ့ကောင်က အိပ်နဲ့ သူ့ကို ထိုင်စောင့်နေကြဆဲပါပဲ။
ရောက်လာတဲ့ ရမ်သုံးပက်ကို တစွတ်စွတ်သောက်ရင်းနဲ့ သူ့အကြောင်းကို သူ ပြောပြပါတယ်။ သူ့အသံထွက်အတိုင်း ရေးရင် ပရိသတ်ဖတ်ရတာ ခက်မှာမို့ ကျွန်တော်က သတ်ပုံမှန်အတိုင်း ရေးပြမှ ကောင်းမယ်ထင်ပါတယ်။
အဲဒီနေ့က လကုန်ရက်ပါ။
ဖုန်းကိုဟာ တွင်ခုံလုပ်လာတာ ၁၀ နှစ်ကျော်ပြီဆိုတော့ သူ့တွင်ခုံမှာ ဆရာကြီးတစ်ယောက်နီးပါး ဖြစ်နေပြီလို့ သူက ပြောပါတယ်။ တွင်ခုံက လက်မလွှတ်နိုင်တဲ့ အနေအထားမျိုးပေါ့။ ဘယ်ပစ္စည်းလာလာ သူခုတ်ရင် အော်ရီဂျင်နယ်ရတယ်ဆိုပဲ။ ထားတော့။ အဲဒီလကုန်တဲ့လက သူ့တွင်ခုံကို ပစ္စည်းအသစ် လာအပ်တယ်။ အဆင်ပြေရင် ထောင်နဲ့ချီ အပ်မယ်ပေါ့။ ဒီတော့ တွင်ခုံပိုင်ရှင်က ဖုန်းကိုကို အားကိုးရတယ်။ ဖုန်းကိုကတော့ အေးအေးပါပဲ။ ပစ္စည်းနမူနာကို ကြည့်ပြီး တစ်ရက်စဉ်းစား၊ နောက်နေ့မှာ လုံးဝချွတ်စွပ် ခုတ်ပေး ထွင်ပေးလိုက်တယ်။ လာအပ်သူက အရမ်းသဘောကျပြီး တောင်းတဲ့ဈေးအတိုင်း ပေးပြီး အရေအတွက် ၃၀၀၀ အပ်တယ်။
အဲဒီလ တစ်လလုံး ဖုန်းကို အားကိုးနဲ့ အဲဒီတွင်ခုံဟာ ဒီပစ္စည်းတွေကို ခုတ်ရထွင်ရပြီး အဆင်ပြေသွားတဲ့ လပါ။ ပစ္စည်းတွေ အဆင်ပြေတော့ ငွေရှင်းအပြီး လကုန်ရက်မှာ တွင်ခုံပိုင်ရှင်ရော ပစ္စည်းအပ်သူရောက ဖုန်းကိုကို ဂုဏ်ပြုတဲ့အနေနဲ့ ဝိုင်းကလေးတစ်ဝိုင်း လုပ်ပေးတယ်။ ဒီကောင်က ဇာတ်လိုက်ဆိုတော့ အမူးဆုံးပေါ့။
ဖုန်းကိုဆိုတဲ့ကောင်ကလည်း မူးသာမူးတာ မိန်းမလှလှအတွက် လကုန်တဲ့ရက်မှာ စားစရာတစ်ခုခု ဝယ်နေကျဆိုတာကို မမေ့ဘူး။ ဖုန်းကိုတို့ သောက်ကြတဲ့ ဆိုင်မှာ ဖုန်းကို သဘောအကျဆုံးက ဘဲကင်ပါ။ သူ လေးလတစ်ခါလောက် ငွေကလေးလျှံတဲ့ လခထုတ်ရက်မှာ သူ့ဇနီး အချောအလှအတွက် ဘဲကင် ဝယ်လာလေ့ ရှိပါတယ်။ သူ့ဇနီးကလည်း ဘဲကင်ဆို သိပ်ကြိုက်ဆိုပဲ။ ဒီနေ့ ငွေကလည်း ရွှင်၊ ဘောက်ဆူးကလည်းရ၊ မင်းသားတစ်ယောက်လို မျက်နှာပန်းလှဆိုတော့ ဖုန်းကိုက သူ့မိန်းမအတွက် ဘဲကင်ဝယ်တယ်။ အရင်လို တစ်ခြမ်းမဟုတ်ဘူး၊ တစ်ကောင်။ အဲဒီ ဘဲကင်ဖိုးကိုလည်း သူ့ဆရာက ပေးသွားပါတယ်။
ခပ်များများ သောက်ကြ၊ ခပ်ကြာကြာ စကားတွေ ပြောကြတဲ့ ဖုန်းကိုတို့ဝိုင်းက ဘဲကင်တစ်ကောင် ပါဆယ်မှာတဲ့ အချိန်မှာတော့ အဲဒီ စားတော်ဆက်က သိမ်းနေပါပြီ။ စဉ်းတီတုံး ပြန်ထုတ်၊ ဘဲကင်ကို ခုတ်ဖို့ လုပ်နေရတဲ့ ဆိုင်ကို အရက်တော်တော် ထွေလာတဲ့ ဖုန်းကိုက အားနာပြီး အဲဒီဘဲကင်ကို မခုတ်တော့ဘဲ အကောင်လိုက် ကြွပ်ကြွပ်အိတ် နှစ်ထပ်နဲ့ ဆွဲလာသတဲ့။ အရက်မူးလာတဲ့အခါ လူဟာ ဘာကိုမဆို အဆင်ပြေတယ်လို့ ထင်ကြစမြဲပါပဲ။ ပြီးတော့ သူ့ကို ပစ္စည်းအပ်တဲ့လူက ချီးကျူးစကား တဖွဖွပြောရင်း ကကတစ်စင်း ဖုန်းကို ပြန်မယ့်ဆီ ငှားပေးလိုက်တယ်။
လမ်းထိပ်ရောက်တော့ မြူးနေတဲ့ ဖုန်းကိုဟာ ဒီထူးခြားတဲ့နေ့ကို ဂုဏ်ပြုဖို့ အခု လမ်းထိပ်က ဆိုင်မှာပဲ အရက်သုံးပက် ဝင်ချသေးတယ်။ အရက်မူးတာရယ်၊ ဟိုစီးပွားရေးသမားက အလိုလိုက် အကြိုက်ဆောင်ပြီး မြှောက်တာရယ်နဲ့ ဒီကောင် ဘဝင်လေဟပ်ပြီး နောက်ထပ် သုံးပက်ကို လက်ခံလိုက်ဟန် တူပါရဲ့။
အရက်လည်း တီးပြီးရော ဘဲကင်ထုပ်တယမ်းယမ်းနဲ့ ဆိုင်ထဲက ထွက်တဲ့ သူ့ကို နေ့စဉ် ကျွေးနေကျ ခွေးအုပ်ကြီးက နံဘေးက ပြေးလွှားရင်း ပတတ်ရပ်ရင်း ပါလာတယ်။ သူကျွေးနေကျ ပူတင်းပေါင်မုန့်ရောင်းတဲ့ ကွမ်းယာဆိုင်ကလည်း သူနောက်ကျပြီးမှ ပြန်လာလို့ ပိတ်သွားပြီ။ ဖုန်းကိုကိုယ်တိုင်ကလည်း သူ့အောင်မြင်မှုကို ပြောရင်း ဇနီးအလှလေးကို ဘဲကင်ကျွေးချင်နေတော့ ခွေးတွေကို ကန်ရင်း ဆဲရင်း ကြွပ်ကြွပ်အိတ်ကလေး မြှောက်ရင်း အိမ်ကို ပြန်ရှာပါတယ်။
''ဒယ်... ဒီထွေးတွေ... ဟဲ့... ဒုတ်ကျား... တေစမ်း...။ ဘယ်... ဘယ်ဆိုနော်။ ဟဲ့... ဟဲ့... တေအုန်းနယ်''
အော်ရင်းဟစ်ရင်း အထုပ်ကလေး ယမ်းရင်း မူးရင်း ယိုင်ရင်း လျှောက်လာတဲ့ ဖုန်းကိုဟာ သူ့ရှေ့က ကွေ့ကာ ပတ်ကာ ပြေးကာလွှားကာ ပတတ်ရပ်နေတဲ့ ခွေးအုပ်ကို ရှောင်သော်ငြားလည်း မလွတ်လို့ ခွေးတစ်ကောင်ကို ခလုတ်တိုက်ပြီး လဲတယ်။
ခွေးတစ်ကောင်လုံး ခုပြီး လဲမှတော့ မူးနေတဲ့ အချိန်မှာ ခြေပစ်လက်ပစ်ပေါ့။ တော်တော်နဲ့ ဘယ်ပြန်ထနိုင်မတုံး။ သူ့လက်က လွတ်ထွက်သွားတဲ့ ဘဲကင်ထုပ်ကို ဝိုင်းနေတဲ့ ခွေးတွေထဲက တစ်ကောင်က ချီပြေးပါတယ်။ ဒါကို သူလည်းမြင်ရော ကိုယ့်လူရေ... ဘယ်သူမဆိုပေါ့၊ ရှိသမျှ အားတွေ ညှစ်ထုတ်ပြီး လဲနေရာကထ၊ ချီပြေးသွားတဲ့ ခွေးနောက်ကို ဒရောသောပါး ပြေးလိုက်ရတော့တာပေါ့။
ခွေးတွေက ရပ်ပြီး အချင်းချင်း လုနေလို့ မီတယ်။
ခွေးတွေ ပါးစပ်ဖျားမှာ ဟိုဒီရောက်နေတဲ့ ဘဲကင်ထုပ်ကို သူ အတင်း ဝင်ဆွဲတယ်။
အစွယ်တွေ၊ မာန်တွေ ထက်နေတဲ့ ခွေးပါးစပ်တွေကြားထဲ သူ အရူးအမူး ဆွဲထုတ်ပေမယ့် ခွေးတွေက သူ့လက်ကိုတော့ မကိုက်ပါဘူး။ ဟပ်လည်း မဟပ်ဘူး။ ခွေးဆိုတာ ဒီလိုပဲလေ။ သူတို့ကို နှစ်ပေါင်းများစွာ အစာကျွေးလာတဲ့ သူတို့သခင်ကိုတော့ ဘယ်တော့မှ မကိုက်တတ်ကြဘူး မဟုတ်လား။ သူ့ကိုမကိုက်ပေမဲ့ သူအရူးအမူး လှမ်းဆွဲတဲ့ ဘဲကင်ကိုတော့ ခွေးတွေက ကိုက်ထားကြလို့ သူ့လက်ထဲ ပေါင်တစ်ဖက်နဲ့ အသားစပဲ ဘတ်လတ်ကြီး ပါလာရှာတယ်။
ကျန်တဲ့အပိုင်းကို ခွေးတစ်ကောင်က လှမ်းချီပြီး ပြေးတယ်။ ကျန်တဲ့ခွေးတွေက အဲဒီခွေးနောက်ကို ပြေးလိုက်ကြတယ်။ ဓာတ်မီးတိုင် အလင်းအောက်မှာ လက်ထဲမှာ ရှိနေတဲ့ ဘဲကင်ခြေထောက်နဲ့ အသားစကို ကိုင်ထားရင်း မူးနေတဲ့ဖုန်းကို ဒေါသအရမ်း ထွက်သွားတယ်။
ဒါပေမဲ့ သူ သတိတော့ရှိသေးတယ်။
အိတ်ထဲမှာ တွင်ခုံက လခထုတ်လာတဲ့၊ ဘောနပ်စ်ရလာတဲ့ ပိုက်ဆံကိုစမ်းရင်း ပုဆိုးကို ခိုင်အောင်ပြင်ဝတ်၊ အိတ်ထဲက ပိုက်ဆံတွေကို တင်းနေတဲ့ ပုဆိုးအနားမှာလိပ် လက်ထဲက ဘဲကင်ကို အဲ့ဒီအချိန်မှာ သူ ပါးစပ်နဲ့ ကိုက်ထားတယ်လို့ ဆိုတယ်။ အားလုံးလည်း စိတ်ချရရော ခွေးတွေ ပြေးသွားတဲ့နောက်ကို လိုက်ဖို့၊ သူ့ဘော်ဒါခွေးတွေနဲ့ တွေ့ရင် သူ့ဇနီးအချောအလှအတွက် ရည်စူးထားတဲ့ ဘဲကင်ကို ပြန်ရဖို့အတွက် သူ့စိတ်ထဲမှာ ရှိတဲ့အတိုင်း သူတဟုန်တိုး ပြေးထွက်ခဲ့တယ်။ သူ့ရဲ့ အမူးလွန်နေတဲ့ စိတ်ထဲမှာ ခွေးပါးစပ်ထဲပါသွားတဲ့ သုံးပုံနှစ်ပုံသော ဘဲကင်ကလွဲလို့ ဘာမှမရှိတော့ဘူး။
အုံခဲရင်း မာန်ဖီရင်း ဘဲကင်ပါတဲ့ ကြွပ်ကြွပ်အိတ်ကို ဝိုင်းကိုက်နေကြတဲ့ သူ့ဘော်ဒါ ခွေးတွေကြားထဲ သူဘာမှ သတိမရတော့ဘဲ ဒိုင်ဗင်ထိုးတယ်။ မာန်ဖီရင်း ဟပ်နေကြတဲ့ ပါးစပ်တွေထဲ လိုက်နှိုက်တယ်။ ရှေ့မှာတွေ့တဲ့ ခွေးတွေကို ပိတ်ကန်တယ်၊ ရိုက်တယ်။
ကိုယ့်ဆရာရေ... ခွေးဆယ့်ငါးကောင်လောက် ကြားထဲမှာ ဒူးထောက်လျက်ထိုင်ပြီး ခွေးပါးစပ်တွေကို အတင်းဖြဲ၊ အတင်းနှိုက်၊ ခွေးနှုတ်သီးတွေကို ပိတ်ရိုက်၊ ခွေးတွေကလည်း တကိန်ကိန်နဲ့ အော်ရုံမှတစ်ပါး ပြန်မကိုက်တဲ့ မြင်ကွင်းကို လူတစ်ယောက်ယောက်သာ မြင်ရင် အကြီးအကျယ် တုန်လှုပ်သွားနိုင်တယ်။ ဖုန်းကိုဟာ သူ့မှာရှိသမျှ စွမ်းအားတွေ အကုန်သုံးပြီးမှ နောက်ဆုံး သူပြန်ရတဲ့ ဘဲကင်က တော်တော်လေး ရုပ်ပျက်ဆင်းပျက် ဖြစ်နေပါပြီ။
ဒါပေမဲ့ အဲဒီဘဲကင်ကို လက်နှစ်ဖက်မှာ အားရပါးရဆုပ်ကိုင်ပြီး ခွက်ထိုးခွက်လန် သူရယ်ပါတယ်။ ဒီဘဲကင်ကို ပြန်ရမြှဖစ်မယ်ဆိုတဲ့စိတ်နဲ့ မူးမူးရူးရူး သူ့ကြိုးစားမှုဟာ အောင်မြင်သွားတာကို သူရယ်တာပါ။ ဖုန်းကိုဟာ မူးနေပေမယ့် ဒီဘဲကင်က သူ့ဇနီး အချောအလှလေးကို ကျွေးဖို့
မသင့်တော်တော့ဘူးဆိုတာတော့ သိတယ်လို့ဆိုတယ်။ သူရောက်နေတဲ့ နေရာဟာ သူအိမ်နဲ့ သုံးလမ်းအကျော်မှာဆိုတာကိုလည်း သိတယ်။ သူ့အနားက ပြန်မခွာကြသေးဘဲ ပတတ်ရပ်တဲ့ကောင်က ရပ်၊ သူ့ခြေထောက်ကို ခေါင်းနဲ့ ဝှေ့တဲ့ကောင်က ဝှေ့၊ ဟောင်တဲ့ကောင်က ဟောင်နဲ့ ဖြစ်နေတဲ့ သူ့ဘော်ဒါ ခွေးတွေကိုလည်း သတိရတယ်လို့ဆိုတယ်။
မသင့်တော်တော့ဘူးဆိုတာတော့ သိတယ်လို့ဆိုတယ်။ သူရောက်နေတဲ့ နေရာဟာ သူအိမ်နဲ့ သုံးလမ်းအကျော်မှာဆိုတာကိုလည်း သိတယ်။ သူ့အနားက ပြန်မခွာကြသေးဘဲ ပတတ်ရပ်တဲ့ကောင်က ရပ်၊ သူ့ခြေထောက်ကို ခေါင်းနဲ့ ဝှေ့တဲ့ကောင်က ဝှေ့၊ ဟောင်တဲ့ကောင်က ဟောင်နဲ့ ဖြစ်နေတဲ့ သူ့ဘော်ဒါ ခွေးတွေကိုလည်း သတိရတယ်လို့ဆိုတယ်။
နောက်ဆုံး ဖုန်းကိုက အားရပါးရ ဆက်ရယ်ရင်း လက်ထဲက ဘဲကင်စတွေကို ဖဲ့ဖဲ့ပြီး ခွေးတွေကိုကျွေးရင်း လျှောက်ခဲ့တယ်တဲ့။ သူ့လမ်းထိပ်ကို ရောက်တော့ လက်ထဲက ဘဲကင်ကို အကုန်ပစ်ချပေးပြီ မြောင်းထဲက ရေနဲ့ လက်ဆေးတယ်။ ပြီးတော့ သူ့ခါးပုံစထဲမှာ ညှပ်ထားတဲ့ ပိုက်ဆံတွေ ရှိမရှိကို စစ်တယ်။ အားလုံးရှိနေတော့မှ ဖုန်းကိုဟာ မူးသာမူးတယ်။ သူမမှားဘူးဆိုပြီး ပိုကျေနပ်သွားတယ်။
သူ့ဇနီးချောအတွက် ဝယ်လာတဲ့ ဘဲကင်ကိုလည်း သူမနှမြောတော့ပါဘူး။ ဒီနေ့ရလာတဲ့ လခဘောက်ဆူးတွေနဲ့ နောက်နေ့ ဆိုင်မှာခေါ်ကျွေးလို့ ရတာပဲ။ သူ့မှာ ဘဲကင်တစ်ကောင် ပါလာတယ်ဆိုတာ သူနဲ့ ခွေးတွေကလွဲလို့ ဘယ်သူမှသိတာ မဟုတ်ဘူးလေ။
သူ့အိမ်ရှေ့ကိုရောက်ပြီး တံခါးကိုခေါက်တဲ့အထိ သူ့ဘော်ဒါခွေးတွေက အနားမှာ ဝိုင်းပတ်နေတုန်းပါပဲ။ သူ လေးငါးဆယ်ခွန်း အော်တော့မှ သူ့ဇနီးချောက အိပ်ရာကထပြီး တံခါးဖွင့်ပေးတယ်။ မိန်းမကို တွေ့လိုက်ရတော့ ဖုန်းကို မူးနေတာတွေကို အသိနဲ့ချုပ်လို့ နည်းနည်း အမူးပြေသွားတယ်လို့ ဆိုပါတယ်။
ဒါနဲ့ ခပ်တည်တည်ပဲ ခြံထဲကို ဝင်ခဲ့တယ်။ ဇနီးချောက ခြံတံခါးပိတ်ရင်း အတင်းတိုးနေတဲ့ ခွေးတွေကို အော်နေတယ်။ ဒါလည်း ဖုန်းကိုပြန်နေကျ ညတွေရဲ့ ထုံးစံပါပဲ။ ဖုန်းကိုကလည်း ခြံထဲရောက်ပြီဆိုရင် ခွေးတွေကို ပြန်လှည့်မကြည့်တော့ဘူး။
''မောင်ရယ်... နောက်ကျလိုက်တာနော်''
''အေးကွာ... မောင်ကိုင်နေတဲ့ ပစ္စည်းတွေ ဒီနေ့အပ်ပြီလေ။ အဲဒါကွာ နောက်ကျသွားတယ်''
''ဒီနေ့ လခထုတ်တယ်နော်၊ ဘာဝယ်လာသေးလဲဟင်''
''အာ... မပါပါဘူးကွာ၊ ဒီအချိန် ဘယ်ဆိုင်က ဖွင့်တော့မှာလဲ၊ ကဲ... မောင် ဆာပြီ၊ ထမင်းခူးကွာ''
ဖုန်းကို မူးလာတယ်ဆိုတာ သူ့ဇနီးချောက သိပေမဲ့ ပြောတဲ့စကားတွေက အမှန်ဆိုတော့ ဘာပြဿနာမှ မရှိပါဘူး။ ဒါနဲ့ ဖုန်းကိုလည်း စိတ်အေးလက်အေးနဲ့ အိမ်ပေါ်ကို တက်တယ်။ သူ့ဇနီးချောက နောက်ကလိုက်လာရင်း အိမ်ပေါ်လည်း ရောက်ရော ရှေ့အကျႌကြယ်သီးကလေးတွေ ချွတ်နေတဲ့ ဖုန်းကိုကို လေသံမာမာနဲ့ မေးတယ်။
''ရှင်ဘာမှ ဝယ်မလာတာ သေချာလား''
''ဟ... မပါဘူးဆိုမှပဲ။ ဒီချိန်မှ ပြန်ရတဲ့ လင်ကွာ၊ မင်းတို့က အိမ်ကစောင့်ပြီး စားဖို့ပဲသိတယ်။ ဘာမှမပါဘူး။ နောက်နေ့မှ စားကွာ၊ ကိုယ်ဝယ်လာခဲ့မယ်''
''ရှင်... ရှင် မလိမ်နဲ့နော်။ စားချင်လို့ မဟုတ်ပေမဲ့ လိမ်တာကိုတော့ မုန်းတယ်။ ကျွန်မ လူလို မေးနေတာ''
ဒီစကားကြားတော့ ဖုန်းကို ဒေါသတစ်ချက် ထွက်သွားတယ်။ သူက ခွေးတွေကို သိပ်ချစ်တာကိုး။
''မင်းစကားက ရင့်သီးလှချေလား။ ဘာမှမပါဘူးလို့ ပြောနေရင် တော်တော့ကွာ''
''ရှင် မလိမ်နဲ့။ ဘာလဲ ရှင်က အိမ်က ကျွန်မအမေနဲ့ ညီမကို မသဒ္ဓါဘူးလား''
ဒီစကားကို ကြားလိုက်ရတော့ ခုနက ဒေါသကလေး ထွက်စပြုနေတဲ့ ဖုန်းကိုဟာ ရင်ထဲမှာ မချိအောင် နာသွားတယ်။ ဘယ့်နှယ် သူကပဲ အားလုံးကို တာဝန်ယူပြီး ရှာကျွေးနေရသေး။ မကြာခဏလည်း ဒီစကားနဲ့ အရှုံးပေးနေရသေးဆိုတော့ ဒီစကားဟာ သူ့နှလုံးသားကို တိုက်ရိုက်ထိတဲ့ စကားပါပဲ။ အသူရာနတ်မင်းကြီး သခွပ်ပန်းပွင့်တာကို မြင်လိုက်ရသလိုပေါ့လေ။
''ဟေ့... မင်းအမေတွေ ညီမတွေကို ငါပဲ ရှာကျွေးနေတာမဟုတ်လား၊ ဒီစကား မပြောနဲ့ကွ၊ ငါ မသဒ္ဓါတာ ဘာရှိလို့လဲ''
''အိုး... အခုပဲလေ၊ ဘာမှဝယ်မလာဘူးလို့ ရှင်လိမ်နေတာ၊၊ ဒါ ကျွန်မအိမ်မှာရှိတဲ့ လူတွေကို မသဒ္ဓါတာ မဟုတ်ဘူးလား''
ဖုန်းကို တစ်ချက်တော့ တွေသွားပေမယ့် သူလမ်းမှာ ဖြစ်ခဲ့တာကို သူ့ဇနီးချော ဘယ်လိုမှ မသိနိုင်ဘူးဆိုတာကိုတော့ သူ သတိရတယ်။ သူ့ပုဆိုးအနားမှာ ကျစ်ထားတဲ့ ပိုက်ဆံကို စမ်းကြည့်တော့လည်း ပါတယ်။ ဖုန်းကို စိတ်အေးသွားတယ်။ နားချင်နေပြီဆိုတော့ သူကပဲစပြီး စိတ်လျှော့ပါတယ်။
''မိန်းမရာ ပြဿနာမရှာနဲ့ကွာ၊ ရော့ ဒီမှာ လခရော ပစ္စည်းတွေပြီးလို့ ဘောက်ဆူးရတာရော။ နောက်နေ့မှ ဆိုင်တစ်ဆိုင်မှာ လိုက်စားကွာ''
''ေဩာ... ရှင်က ငွေပေးပြီး နှစ်သိမ့်တယ်ပေါ့လေ။ အစားကို မက်တာမဟုတ်ပေမဲ့ ရှင်မသဒ္ဓါလို့ လိမ်တာ ဖွက်လာတာကို မကြိုက်တာသိလား''
''မင်းတော်တော့ကွာ၊ တိတ်ဆို တိတ်တော့။ ငါ ထပ်ပြောမယ်။ ငါ ဘာမှ မဖွက်ဘူး။ ဘာမှလည်း ဝယ်မလာဘူ။ ခုနစ်သံချီနဲ့ အော်မနေနဲ့၊ မင်း တိတ်တော့''
အပြန်အလှန် အော်သံတွေကြောင့် ဖုန်းကိုယောက္ခမနဲ့ ခယ်မလည်း အိပ်ရာကနေ ထလာကြတယ်။ ''ဘာဖြစ်တာလဲ'' ပေါ့လေ။
''ဘာဖြစ်ရမလဲ အမေရဲ့၊ သူ ဘဲကင်ဝယ်လာပြီး သမီးကို ဘာမှ ဝယ်မလာဘူးလို့ ပြောနေတာ။ အဲဒါကို မကျေနပ်တာ''
ဒီစကားကြားတော့ ဖုန်းကို အံ့သြသွားတယ်။ တွင်ခုံစက်တွေပေါ်မှာ ပြေးလွှားနေတဲ့ သူ့လက်တွေ အန္တရာယ်မရှိအောင် ထိန်းနိုင်တဲ့အသိစိတ်နဲ့ သူကိုယ်သူ ပြန်စစ်ဆေးတော့ သေချာတယ်။ သူမိန်းမ ဒီကိစ္စ ဘယ်လိုမှ မသိနိုင်ဘူး။ သိမယ်ဆိုရင်လည်း သူ့မိန်းမဟာ တစေၧပဲဖြစ်ရမယ်။ စိတ်ချတော့ ဖုန်းကိုက မူးစိတ်ကလေးနဲ့ တင်ပါလေရော။
"ဟား ဟား ဟား ဟား... ဘဲကင်... ဘာဘဲကင်လဲကွ၊ မင်း ရူးနေသလား။ ဘာဆိုင်မှ မဖွင့်တော့လို့ ငါတောင် ဘာမှ မစားခဲ့ရဘူး။ ဘာတွေ လာပြောနေတာလဲ။ တိတ်စမ်းကွာ... ငါ ပိတ်တီးလိုက်ရ''
''ဟဲ့... အကောင်ရဲ့ နင် ငါ့ကို မသဒ္ဓါရင်ထားဟဲ့။ ငါ့အမေ ငါ့ညီမကိုပါ မသဒ္ဓါတာတော့ လွန်လွန်းတယ်။ နင်က အခုထိ လိမ်နေတုန်း၊ နင့်နောက်ကျော ခါးမှာ ထိုးထားတာ ဘဲကင်မဟုတ်လို့ ဘာတုံးဟဲ့၊ ဟဲ့ကောင်ရဲ့''
ဖုန်းကို လန့်ဖျပ်ပြီး သူ့နောက်ကျောကို စမ်းတော့ ခွေးတွေပါးစပ်ဖျားက ပထမဦးဆုံး သူလုလို့ရတဲ့ ဘဲကင်ကို သွားတွေ့တယ်။ လက်ပူးလက်ကြပ်ဆိုတော့ ဖုန်းကိုလည်း ရှင်းလို့မရတော့ဘူး။ ပြောစရာ စကားမျိုးစုံ ရသွားပြီမို့ ခုနစ်သံချီ ဟစ်တော့တဲ့ သူ့ဇနီးချောရဲ့ ပါးစပ်ကို ပိတ်သွားရအောင် ဖုန်းကိုက လက်ပါလာတယ်။ အစ်မကို ဘေတော့ ဒေါသထွက်ပြီး ဝင်ကုတ် ဝင်လုံးတဲ့ ခယ်မကို ဖုန်းကိုက ပိတ်ကန်တယ်။ အတင်းဝင်ဖက်ပြီး ကိုက်တဲ့ ယောက္ခမကြီးကို ပစ်တွန်းလိုက်တာ ဗီရိုစောင်းနဲ့ ထိပြီး
နဖူးမှာ ဘုသီးကြီး ထသွားတယ်။ ကျန်တာတွေတော့ ဖုန်းကိုက သူလည်း မမှတ်မိတော့ဘူးတဲ့ ညတွင်းချင်းပဲ သူ့မိန်းမနဲ့ ယောက္ခမရော ခယ်မပါ အိမ်ပေါ်က ဆင်းသွားကြတာတဲ့။
နဖူးမှာ ဘုသီးကြီး ထသွားတယ်။ ကျန်တာတွေတော့ ဖုန်းကိုက သူလည်း မမှတ်မိတော့ဘူးတဲ့ ညတွင်းချင်းပဲ သူ့မိန်းမနဲ့ ယောက္ခမရော ခယ်မပါ အိမ်ပေါ်က ဆင်းသွားကြတာတဲ့။
ဖုန်းကိုရဲ့ မျက်နှာဟာ ရီဝေနေပါတယ်။
နောက်ထပ်မှာထားတဲ့ နှစ်ပက်ကို ရေနည်းနည်းရောပြီး မျက်စိစုံမှိတ် ကျိုက်ချလိုက်တယ်။ မျက်နာတစ်ခုလုံးလည်း တွန့်လိမ်လို့။
ပြီးတော့ ကျွန်တော့်ကိုမကြည့်ဘဲ အဝေးကို ငေးရင်း ပြောတယ်။
''ပထမဦးဆုံး ဇောနဲ့ ရခဲ့တဲ့ ဘဲကင်ကို လုံချည်ပြင်ဝတ်ရင်း နောက်ခါးကြားမှာ ထိုးခဲ့တာကို ငါမေ့သွားတာပါကွာ၊ အဲဒီဘဲကင်ကိုလည်း သူစားဖို့ဆိုတဲ့ ဇောနဲ့ ငါ လုခဲ့ သိမ်းခဲ့တာပေါ့ကွာ။ ဒါပေမဲ့ အဲဒါကို ငါမေ့သွားတယ်။ အဲဒါလေး တစ်ခုပါပဲကွာ''
စကားဆုံးတော့ ဖုန်းကိုဟာ လေးလေးကြီး ထရပ်တယ်။ ပြီးတော့ ဂျက်ကမ္ဘာလေးကို ဖွာရင်း ဆိုင်အပြင်ကို ထွက်တော့ သူ့ကို အသင့်စောင့်နေကြတဲ့ ခွေးတွေက အိပ်နေ၊ လမ်းသလားနေရာက ဖုန်းကိုဆီကို ပြေးဝင်သွားကြတယ်။ သိပ်မကြာဘူး ခွေးဟောင်သံ၊ တကိန်ကိန်အော်သံ၊ ဖုန်းကိုရဲ့ ဆဲသံတွေကို ကြားရတယ်။
သူ ရှင်းမသွားလို့ သူသောက်တဲ့ အရက်ဖိုးကို ကျွန်တော်က ရှင်းပေးလိုက်ရပါတယ်။ ဖုန်းကိုက အရက်သမားစကားနဲ့ ပြောရရင်တော့ သူ့အိမ်ကို သူမှန်ပြီး ရောက်သွားမှာပါပဲ။ ဒါပေမဲ့ အဲဒါက
မှားပါတယ်။
မှားပါတယ်။
အရက်မူးတဲ့သူဆိုတာ သူတို့ကိုယ်သူတို့ အရာအားလုံး သိတယ်လို့ ထင်တတ်ကြပါတယ်။ မူးသာမူးပေမယ့် ဘယ်တော့မှ မမှားဘူးလို့လဲ ပြောတတ်ကြပါတယ်။ ကိုယ်လုပ်တာတွေကို အားလုံးမှတ်မိတယ်လို့လည်း ရင့်ကျူးတတ်ကြပါတယ်။
ဒါပေမယ့် ကိုယ့်ဆရာရေ...
ဒီခေတ် မိုးရာသီအထိ အသူရာက သိကြားမင်းကို မနိုင်သေးပါဘူး။
(ဟန်သစ်၊ ဇန်နဝါရီ ၂၀၀၃)
စိတ်ကူးချိုချိုတိုက်ထုတ် 'မြန်မာဝတၳုတို (၂၀၀၁—၂၀၀၅)' စာအုပ် စာမျက်နှာ ၁၅၀ - ၁၅၇ ကနေ ကိုယ်တိုင် စာရိုက်ကူးယူ မျှဝေပါတယ်။
စလေ ငနော့
