Friday, April 10, 2020

သံတုတ္ထိစ


••••••••••••••••

ကုသ

“ယနေ့ည ကော့ဂလဲရွာ၊ ကျူထရံရုံတော်၌ မင်းသား ဟံမဒါမောင်ကွန့်၊ မင်းသမီးကြာဧစိန်၊ လက်ထောက်မင်းသမီး အော်ပဒါရွှေဒါးမယ်၊ လူပျက် ဦးပိန်သေး၊ ဦးခွေးကြောင်၊ မြောက်ဒိုး၊ ဗျောက်အိုး၊ ပတ်တီးဆရာစိပ်၊ နှဲဆရာ သျှောင်ကြီး၊ ဒိုးတီး ကိုဘိုထင်၊ ကြေးဝိုင်း
ကိုထောက်ပန်း စသည့် ပညာသည်အပေါင်းတို့က ရပ်ရွာမိဘ အစ်ကို၊
အစ်မများအား ပျော်တော်ဆက်ရန် ကပြပါလိမ့်မယ်ဗျ” ဟူသော
မောင်းကွဲကြီးအသံသည် ကော့ဂလဲရွာတွင် တောမီးပမာ ရုတ်ချည်း ပျံ့နှံ့သွားလေတော့၏။

ကော့ဂလဲရွာ တစ်ရွာလုံးမှာ ထိုနေ့တွင် မကြုံစဖူး ထူးခြားလာသည်ကို တွေ့ရှိရပေ၏။ ရမ္မာဆာမိ၏ ဆေးဆိုင်ကလေးမှာ လူအတော်
စည်ကား၍ ၆-ပြားတန် မျက်နှာချေထုတ်တို့မှာ အပျိုတွေ ဝယ်လွန်းရကား နေ့ဝက်ချင်း ကုန်သွား၏။ ဆိုင်ရှင်မှာ အထူးရွှင်ပြသောကြောင့် လွန်ဒူး၊ မူးဒု၊ နားလု၊ အန်ချီ စသော စကားတို့ဖြင့် ဆိုင်တွင် ဆူညံလျက်ရှိသည့်ပြင် မယားဖြစ်သူ ‘ဆင်ဂန်မာ' အားလည်း အထူးမျက်နှာသာပေးဘိ၏။ ၂-ပဲ
တန် ရေမွှေးပုလင်ငယ်တို့မှာလည်း လူပျိုခေါင်း ပန်းဒွေးတို့လူစုလက်ချက်ကြောင့် ဆိုင်တွင် တက်တက်ပြောင်ဘိတော့၏။

(ရှိပ်မဟာမက်-နီးခေါ်တောဇိုင်) ၏ ဆံပင်ညှပ်ဆိုင်တွင်လည်း
ကြက်ပျံမကျ စည်ကားလှဘိ၏။ “အမေဒစ်ကန်ပုံဟေ့၊ ဘဌေးပုံညှပ်ဟေ့၊
ငါ့ကိုတော့ အိုးမှုတ်ပုံနော်၊ ဒစ်ကြီးကြီးညှပ်ရမယ်၊ ခေါင်းကိုရေများများ ပန်းကွဲ့၊ ပေါင်ဒါများများ ရိုက်ရမယ်၊ ရန်ဂုန်းဖောင်က့ွဲ” စသည်ဖြင့် အသံစုံ
ကြားရဘိ၏။ ရှိပ်မဟာမက်-နီခေါ်တောဇိုင်ကား “ခေါ်ရာ-ဇနီး၊ ဟတဟတဇီး၊ ဘိုခါးရားကိုဟီနူး'' စသော စကားတို့ကို အတွင်ရွတ်ကာ မိမိတပည့်
“ဗလာရှိုးနီး'' ကို မကြာမကြာ အားပေးစကားပြောသံလိုလို ကြားရဘိ၏။

ထိုမျှမကလေသေး၊ ပြည်ကြီးသား “ဟုတ်လောချွန်' ဆိုင်တွင်လည်း ဘုန်းကြီးရော လူပါ ကျပ်နေဘိ၏။ “ဟေ့... ပေါက်ဖော်၊ အမွှေးစား ဆန်းလိုက်ဆပ်ပြာ ပေးစမ်း၊ ဆက်ကဇိုး ဖိနပ်ပြစမ်း၊ ခြေအိတ်တော့
ဟောဒီဘက်လက်သီးအတိုင်းပဲ၊ လည်ပင်းစည်းအကောင်းစာ မဟာဗလာပါပေး၊ ဟာ... တယ်ဈေးကြီးပါလား၊ တို့အရီးကျောင်းအမ ဒေါ်ဘုတ်ဆုံ
ရန်ကုန်ကို ဘုရားဖူးသွားတုန်းက ဝယ်ခဲ့တယ်၊ ဒီလောက်မပေးရဘူး...၊
ဟာ ပေါက်ဖော်ကလဲ၊ တယ်စိတ်ဆိုးတာကိုး၊ ကောဖော်ကံဆိုး၊ မုံလာဥလူခိုး၊
ဒါကြောင့် နင်တို့ကို ဂျာပန်တွေ တိုက်သတ်တာပေါ့...။ ဂန္ဓီပါရမီ ရှိရတယ် ဒကာကြီး၊ ပေး... ပေး ယူမယ်၊ ချွမ် ချွမ် ဂျပ်” စသော အသံတို့မှာ
ညနေနေရီချိန်တွင် ကျီးနှင့် ဆက်ရက်အုပ်များပေလောဟု အောက်မေ့ရမလောက် ဆူညံလျက်ရှိ၏။ တရုတ်တစ်ယောက်ကလည်း ဖရံတင်ယိုးဒယားသံလိုလို၊ ဘာလိုလိုနှဲမှုတ်ကာ “ကော်ကီ ကော်ကီ”နှင့် အတွင်သာ ချွဲနေဘိ၏။ လူများလည်း ဝိုင်းလျက်ရှိကြ၏။

ဤသို့နှင်နှင် ဒေါင်းစက်ယာဉ်သည် ဂေါယာကျွန်းသို့ ယွန်းခဲ့ရာ
ညဉ့်ချမ်းအချိန်ရောက်လာခဲ့လေ၏။ ပွဲရုံရှေ့တွင် မုန့်ဆိုင်များဖြင့် ပြည့်နေဘိ၏။ ကော့ဂလဲရွာသူ အချောဆုံး မငွေဒုတ်ဆိုင်ရှေ့တွင် လူပျိုခေါင်း
ပန်းဒွေးတို့လူစု ရစ်နေကြ၏။ တုတ်တွေ ကိုယ်စီရှိကြ၏။ တစ်ပုလင်းလုံး
ဆွတ်ဖျန်းထားသော ညစ်ပေသည့် လက်ကိုင်ပဝါများကို မကြာမကြာ
ထုတ်ကာ မျက်နှာသုတ်ကြ၏။ အရီးဒေါင်း လက်ဖက်ရည်ဆိုင်တွင်လည်း
လယ်သမားနှစ်ယောက် ပဲလှော် နှစ်ပြားဖို့စဝယ်၍ လက်ဖက်ရည်ကြမ်း
သောက်ကြသည်မှာ ၉-အိုးကုန်သော်လည်း မပြီးကြ၊ မကျေနပ်ကြသေးသဖြင့် အရီးဒေါင်း ဆူနေဘိ၏။ (တစ်ခါစားအဝ ၁ဝ-ပြား) ဆိုင်တွင် လယ်သမားသုံးယောက် စားကြသည်မှာ ထမင်းအိုး ငါးအိုး ပြောင်သွားသဖြင့်
ဆိုင်ရှင်နှင့် စကားများရနေကြ၏။ လိပ်သဲရောင်းသော တရုတ်ကလည်း
“လိပ်စဲလား၊ လိပ်စဲလား”နှင့် အော်နေဘိ၏။ ခေါင်းလောင်းတံဆိပ် စီးကရက်များမှာ ရောင်း၍ပင်မလောက်နိုင်။ ပန်းဒွေးတို့လူစုကား
ဂန်ဂယာဆိုင်မှ ကဇော်များသောက်ခဲ့ကြသဖြင့် အူတရွှင်ရွှင် နေဘိ၏။ သီချင်းဆိုကြ၊ စကားများကြ၊ ကသောလူက၊ ခုန်သောလူခုန်၊ ဖိနပ်ဘယ်ညာမှားစီးလာ၍ ဖိနပ်ပေါက်သဖြင့် ချွတ်ကာ ထမ်းသူတွေမရှား၊ အနီတစ်ဖက်၊ အမည်းတစ်ဖက်(ဖက်ရှင်) သစ်ထွင်သူထွင်၊ နှပ်ညှစ်ပြီး ခြေထောက်မှာ သုတ်သူသုတ်နှင့် ထင်သလိုလုပ်ကြဘိ၏။ မငွေဒုတ်ကား
မျက်နှာချေ နှစ်ထုပ်လုံး လိမ်းကျံထားသဖြင့် အသားမှာ မီးသွေးရောင်တွင် အလွန်
ပနံရပေ၏။ ပန်ဒွေးတို့လူစု မျက်စိကျစရာပင်တကား။

ပွဲဦးမစမီ ဆိုင်းဆရာစိပ်၏ ဘက်သားများ လက်စွမ်းကုန် တီးမှုတ်ကြလေရာ ဘယ်ကမှန်းမသိ ကလေးများ လာကြ၏။ စိန်ကတုံး အက၊ ဘိုးစိန် အက၊ ဩစတြေးလိယမင်းသား အင်္ဂလန်စိန်အက၊ ကျော်ဟိုးဓားကစားပုံ၊ ရှောင်ပုံ၊ ခင်ခင်နုမူဟန်၊ ဘတင့်မျက်တောင်ခတ်ပုံ၊ ဘဌေးလွမ်းပုံ စသည်ဖြင့် ပျော်မြူးနေကြဘိ၏။ သီချင်းများလည်း ဆိုလိုက်
ကြသည်မှာလည်း ပဉ္စသိင်္ခနတ်စောင်းကို ဂေါ်ရင်ဂျီကုလား ဝင်တီးသည့်နှယ်။

၉-နာရီခန့်သော် ရုံတွင် လူများကျပ်နေဘိ၏။ မကြာမီ အထူးအာဏာရသူကြီး ဦးသာသည် နှစ်လုံးပူးသေနတ်ကြီးကို ထမ်းကာ
နောက်လိုက်နောက်ပါ ဆယ်အိမ်ခေါင်းတို့နှင့် ကြွရောက်တော်မူလေ၏။
“သူကြီးကြွလာပြီဟေ့” ဟု တီးတို့ပြောသံ ကြားရ၏။ အချို့ကား သူကြီးအနီးတွင် ချထာစသော ထိတ်တုံးကိုကြည့်ကာ လန့်ကြလေ၏။ လူများလည်း ငြိမ်သွားပြီ။ ပွဲထွက်ရန်သာ လိုတော့သည်။ ပွဲဦးထွက် အချက်ပေးရန် သူကြီးလည်း ကျည်ဆန်ထုတ်၍ ဖယောင်းဖြင့် ပိတ်ထား သော
ယမ်းတောင်တစ်တောင့်ကို သေနတ်ထဲထည့်၍ အထက်သို့ဖောက် ရာ “ဒိုင်း” ဟူသော အသံကြီးသည် ဟိန်းသွားဘိ၏။ ယောင်သူယောင်ကြ၊
လန့်အော်သူအော်ကြဘိ၏။ အချို့က “သေနတ်ဟာ တယ်မြည်ပါကလာ၊
ပုဂံပြည်ဖျက်တဲ့ ငှက်မျိုးတော့ တို့သူကြီးသေနတ်နဲ့ဆိုရင် တစ်ချက်တည်း
မာလကုတ်မှာပဲ” ဟု ပြောကြစဉ် ပွဲလည်းထွက်လေတော့၏။

ဘေထုံပူးထုံး ပလောင်ပလောင်၊ ဘေဘူဘေချိ၊ ချမ်းချမ်းဂျပ်၊ တဲ့နယ်တူနယ်တောင်တောင်...၊ ဝန်ကြီးလေးပါး ထွက်လာကြ၏။
တတ်သလောက် မှတ်သလောက် နဘေသံများကို အလွတ်ကျက်မိသမျှ
အားမနာတမ်း ရွတ်ကြသည်မှာ နာရီဝက်ခန့်ကြာဘိ၏။ သူကြီးလည်း
သည်းမခံနိုင်တော့သဖြင့် “ဟေ့... ဝန်တွေ မင်းတို့ဒီလိုလုပ်နေရင် ငါ့သေနတ်က ဝန်သောဘာသာ မရွေးဘူးကွဲ့၊ ပြောင်းမှာ အသက်ပါသွားမယ်” ဟု ကြိမ်းရာ ဝန်တွေ ကိုယ်ရောင်ဖျောက်ကြဘိ၏။ “ဗျာပါဆံ ရယ်က တစ်ဖက်တစ်ဆုပ်၊ မုတ်ပုတီးရယ်က
တစ်သွယ်နှစ်သွယ်" ဟုဆိုကာ၊ မင်းသား ဟံမဒါမောင်ကွန့်နှင့် မင်းသမီး ကြာဧစိန် လက်ချင်းယှက်ကာ ယိုးဒယားဟန်ဖြင့် ထွက်လာကြ၏။ ပရိသတ်တို့ အလွန်သဘောကျရကား လက်ခုတ်ဩဘာပေးကြ၏။ အချို့က
“ဟဲ... မိထူးတို့၊ ငပိန်တို့၊ ပါစိနောင်တို့ ထကြတဲ့၊ အောင်မယ် အိပ်နေလိုက်ကြတာ၊ မင်းသား မင်းသမီးနှစ်ပါးသွားပြီဟဲ့” ဟု အော်သံကို သဲ့သဲ့ကြားရဘိ၏၊ မကြာမကြာလည်း “ကြည့်စမ်းတော် ဟံမဒါ မောင်ကွန့်ဟာ တို့အိမ်က အောင်ကြီးနဲ့တော့ သိပ်ရုပ်ချင်းကွာတာပဲ၊ ဘိုနဲ့
ချစ်တီးကျနေတာပဲ...၊ သိပါဘူးအေ... အောင်ကြီးဟာ အရင်ဘဝက
(ဒုဗလိုက်)တွေ လုပ်ခဲ့တယ်ထင်တယ်” ဟု ပြောသံများကိုလည်း ကြားရဘိ၏။ ထိုစဉ်ပင် မင်းသမီးကြာဧစိန်သည် နန်းတော်အနောက်မြောက်ထောင့် ဆရာဘိုးထူးစပ်ထားသော တီးလုံးသီချင်းဆန်းကို ဆိုကာ
ဆိုင်ချက်နှင့်ညီစွာ ကလိုက်၏။ လူပျိုခေါင်း ပန်းဒွေးတို့လူစု အထူးသဘောကျကာ “ဝမ်းစမိုး” ဟူ၍လည်းကောင်း၊ “ဘမ်းသူခိုး” ဟူ၍လည်းကောင်း ဩဘာပေးသံကြီးကို ကြားလိုက်ရ၏။ သို့ရာတွင် သူကြီးမင်းက
နွားရှေ့ထွန်ကျူးသည် ထင်မှတ်သလားမသိ၊ ပန်းဒွေးကို ခေါ်ပြီးလျှင် “မင်း... ငါ့အရှက်ခွဲရမလား” ဟု ပြောကာ ထိပ်တုံးတွင် တစ်နာရီ အကျဉ်းခံစေရန် ထွေတော်ချပေ၏။ ပန်းဒွေးကား အဘယ်ငှာလျှင် ကျေနိုင်အံ့နည်း။

မကြာမီ လူပျက်မျောက်ဒိုးနှင့် ဗျောက်အိုး၊ ဆေးပေါ့လိပ် ကိုယ်စီနှင့် ထွက်လာကြဘိ၏။ မျောက်ဒိုးက “တော်သလင်း၊ ဘော်ကင်းပါ
လို့ ခွေးတွေအူ” ဟုဆိုလိုက်ရာ၊ ပန်းဒွေးတို့လူစုထဲမှ ဘိုခွေးသံ၊ ကုလားခွေး၊ အင်းခွေး၊ သမင်ခွေးသံ၊ ထိုအကြားထဲ ကြောင်သံ၊ ဆိတ်သံ၊ နွားသံ
အစရှိသည့် “ဝုဝု... ဝုဝု၊ ညောင် ညောင်၊ ဘဲဘဲ၊ ဘောင်းဝေါင်း၊ ဝမ်းဘော” စသောအသံတို့သည် မမျှော်လင့်ဘဲ ထွက်ပေါ်လာကြလေ၏။
သူကြီးကား တိုး၍ မျက်မာန်တော်ရှသဖြင့် သေနတ်ကို အထက်သို့ မြှောက်၍ တစ်ကြိမ်ဖောက်မှ ခွေးသံစသည်တို့ ပျောက်လေတော့၏။ ဤမျှနှင့် မပြီးသေး ပန်းဒွေးတပည့် ကျားကြီးကို ပန်းဒွေးနှင့်အတူ ထိပ်တုံးနန်းတွင် စံမြန်းရန် ထွေတော်ချပြန်၍ ပွဲကိုလည်း ဆက်လက်ကပြစေ၏။

ကပြသောဇာတ်မှာကား ဝေဿန္တရာဇာတ်ဖြစ်၏။ သို့စင်လည်း
အစမှမပြ၊ ကဏှာနှင့်ဇာလီတို့ကို စူဇကာပုဏ္ဏား နှိပ်စက်သော အခန်းမှ စ၍ပြလေရာ၊ ပရိသတ်တို့ တရှိုက်ရှိုက် တငင်ငင်နှင့် အလွမ်းသယ်နေကြဘိ၏၊ ဘိုးဝကြီးနှင့် မယ်ကြီးတို့မှာ သာ၍ငိုသံကျယ်၏။ ထိုအထဲ
ကလေးငိုသံများကိုလည်း ကြားရပြန်ချေသေး၏။ “နို့တိုက်လိုက်လေ” ဟူသော အသံဝါကြီးကိုလည်း ကြားရပြန်ဘိ၏။ ငိုကြ၍ ဝလျှင် စူဇကာကို မျက်မုန်းကျိုးကြဘိ၏။ ကဏှာနှင့် ဇာလီကို စူဇကာရိုက်နေစဉ် “ဟဲ့...
ပုဏ္ဏား၊ ခွေးပုဏ္ဏာ နွားပုဏ္ဏား၊ ဝဲစားတဲ့ပုဏ္ဏား၊ တော်ပါတော့လား...။ ဒီတစ်ခါ နင်တို့ဆန်လာတောင်းရင် ရတော့မယ်မထင်နဲ့တော့” ဟု ဆဲဆိုသံများမှာ နားမချမ်းသာစရာပင်တည်း။ သူကြီးမှာကား လွမ်းသည် မလွမ်းသည်မသိ သေနတ်ကို ဖက်၍ အိပ်ပျော်ကာ ဟောက်နေဘိ၏။

ထိုခဏပင်လျှင် ပန်းဒွေးနှင့် ကျားကြီးတို့မှာ အချိန်စေ့ပြီဖြစ်၍ ဆယ်အိမ်ခေါင်း မောင်ခွေးဖြူက ထိပ်တုံးမှလွှတ်လျှင်လွှတ်ခြင်း ပွဲထဲရှိ မိမိတို့လူစုဆီသို့ သွားကြ၍ တီးတိုးစကားပြောကြ၏။ မကြာမီ ဘက်တော်သားများနှင့်အတူ ရုံပြင်သို့ ထွက်ခဲ့ကြ၏။ ပန်းဒွေးကား “နေသေးသပ”
ဟူသော မျက်နှာထားနှင့် ရှိချေ၏။ ထိုစဉ်ပင် မိမိတပည့်တစ်ယောက်အား “ရော့... ကဇော်ဖိုး၊ ဝအောင်သောက်ပြီးတော့ ငါမှာသလို ခေါင်မိုးပေါ် တက်ပြီးလုပ်ပေတော့” ဟုဆိုကာ ပိုက်ဆံတစ်ကျပ်မူးတင်းသုံးပြားလျော့ကို ပေးလိုက်လေ၏။ ထိုလူလည်း ဂန်ဂယားဆိုင်သို့ ခြေဦးလှည့်လေ၏။ ဘယ်သို့သော အမှုကို ပြုလိမ့်မည်နည်။ စောင့်ကြည့်ကြဦးစို့။
တောစရိုက်ပေမင့် အရှုပ်အယှက်နှင့် မကင်းပါတကား။

ပွဲကို ဆက်လက်ကပြလာရာ မဒ္ဒီ အိပ်မက်မြင်မက်သဖြင့်
ဝေဿန္တရာမင်းကြီးအား ပြောကြားလိုသောကြောင့် ကျောင်းသင်္ခမ်းသို့
လာ၍ တံခါးဖွင့်ပါမည့်အကြောင်း တောင်းပန်နေသော အခန်းသို့ ရောက်လေခဲ့၏။ ပရိသတ်ထဲမှ ဝေဿန္တရာမင်းကြီး တံခါးဖွင့်လေမည်လားဟု စောင့်ကြည့်ကြ၏။ လူပျက်တစ်ယောက်ကမူ “တယ်အတဲ့ဘုရင်...
ဖွင့်ပေးလိုက်တာမဟုတ်ဘူး” ဟု တီးတိုးပြောသံကို ကြားရ၏။ ထိုစဉ်ပင်
ပွဲခေါင်မိုးဓနိဖက်ကာကြားမှ ခွေးဝဲစားတစ်ကောင်သည် “အိုင်အိုင်" အော်ကာ
မဒ္ဒီမိဖုရားအနီးသို့ ကျလာရကား မဒ္ဒီမှာ ထိတ်လန့်သွား၏။
ဝေဿန္တရာမူကား ကားအကြားထဲသို့ ဝင်ပြေးတော့၏။ လူပျက်တစ်ယောက်ကမူ “ဟဲ့ခေး... ဟဲ့ခေး” နှင့် အော်နေဘိ၏။ နောက်မှသတိရ၍ အနီးသို့သွားရာ မစင်ထုပ်တစ်ထုပ်ကျလာ၏။ လူပျက်လည်း သတိရကာ “ဪ... လက်စသတ်တော့... သိကြားမင်းက ဝိသုကြုံကို ခွေးယောင်ဆောင်စေပြီး နတ်သုဓာ ပို့လာစေတာကိုး” ဟု အော်ကာ
ကောက်ယူမည့်ဟန်ပြင်လေ၏။ ပရိသတ်ထဲမှ “ဟေ့ တို့ခွေး တုတ်ပေါကြီးပါကလား။ တုတ်ပေါ... အိုအို” ဟု ခေါ်သံကို ကြားရဘိ၏။ တုတ်ပေါမှာကား ကြက်သေသေနေဘိတော့၏။

ဝိသုကြုံကို စေလွှတ်၍ အားမရသေး ထင်၍လားမသိ၊ သိကြားမင်းသည် ဓနိမိုးမခိုင်သဖြင့် အမိုးပေါက်ပြီးလျှင် ဝိသုကြုံတုတ်ပေါပေါ်သို့
ကားယားကျလာလေ၏။ တုတ်ပေါမှာ နာကျင်လှသဖြင့် စူးရှသောအသံ
ပြုကာ ပရိသတ်ပေါ်သို့ ခုန်လွှား၍ လက်ကုန်သုတ်လေတော့၏။
ပရိသတ်ထဲမှ “ဟဲ .. ဘယ့်နှယ်ဟာလဲ... တစ္ဆေခြောက်ပြီး လုပ်ကြပါဦး” ဟု ဆူညံလာကြလေ၏။ သူကြီး နိုးချေပြီ၊ "ငါဟဲ့ယောက်ျား” ဟု မာန်တင်းကာ ပစ်ပြီးသား ယမ်းတောင့်တစ်တောင့်ကိုပင် အသစ်ထင်မိ၍
ထပ်မံပစ်ဖောက်ရာ မီးမကူးသဖြင့် အလွန်ထိတ်လန့်မိ၏။

ထိုအတွင်းဝယ် “ဟဲ့... ထကြ... ထကြ၊ မိထူးတို့၊ ပါစိနောင်တို့၊ ဆရာစံ ဇာတ်ခုံပေါ်ကို ရောက်နေပြီ၊ ဟဲ့ မိထူး ငါဖိနပ် တစ်ဖက်ကော၊ နင် ခေါင်းအုံးထားတယ် ဟုတ်လား၊ ဟဲ့ မိပု ဘယ့်နှယ့် ငါ့ကလေးကို ယူသွားရသလဲ၊ ငါ့ဆီက ပွဲဦးမှာ ချေးထားတဲ့ ပိုက်ဆံ ၂-ပြား ပြန်ပေးတော့၊ ကိုကြွက်နီ... ကိုကြွက်နီ လာပါဦး အောင်တစ်ရာ့ရှစ်ကွက်၊ ချစ်တီးကုလားစက်၊ သွားဟုန်ဟုန်” စသည်ဖြင့် ဆူညံနေဘိစဉ်
နေရောင်နီလည်း ပျူလာလေ၏။ ထိုအတွင်းဝယ် "ဒေါက်” ဟူသော အသံနှင့် အောင်မယ်လေး ဟူသော အသံကြီးကို ကြားလိုက်ရချေ၏။
အဘယ်နည်း ပန်းဒွေးတို့ လက်ချက်ပေလော၊ မှန်ပေ၏။ သူကြီး ဦးသာဗျော ဘယ်သူ တွယ်သွားမှန်းမသိ။ ထိပ်ဟက်တက်ကြီး 'ဟ' သွားချေဘိ၏။ ဟံမဒါမောင်ကွန့်တို့ ဇာတ်ပွဲလည်း ထိုနေ့ချင်း သုတ်ပြန်ကြလေတော့သတည်။ သူကြီးဦးသာဗျောမှာကား မင်္ဂလာတရားတော် လက်သစ်အတိုင်း အကျိုးပေးခံရပေသည်။ အဘယ်နည်း။ “သန္တုဋ္ဌိစ” (ဝါ) “သံတုတ် ထိစ”
ထိပ်ဟက်တက်ပြဲရခြင်းသည်လည်းကောင်း။

ဂန္ထလောက မဂ္ဂဇင်း
၁၉၃၂၊ ဇူလိုင်လ

ဆရာကုသ၊ ဝဇီကိုင်နှင့် ဟာသဝတ္ထုတိုများ၊ စာမျက်နှာ ၈၄ - ၈၉။

စာရိုက် - စလေ ငနော့