••••••••••••••••••••••••••••••••••••
သုမောင်
အရက်သမား အမှားတစ်ခါဆိုပြီး သောကြာမဂ္ဂဇင်းမှာ (၂) ပုဒ် (၃) ပုဒ်လောက် ရေးပြီးတော့ ကျွန်တော့်ထံ တယ်လီဖုန်းဆက်ပြီး ချီးကျူးထောပနာပြုသူ လေးငါးဦး တိုးလာပါသည်။ မှန်ပေါ့။ ကျွန်တော့်လို
အရက်သမား လက်ဟောင်းကြီးတွေပါဘဲ။
ကျွန်တော်က ကျွန်တော့်စာစုများတွင် အရက်၏ ကောင်းကျိုးဆိုးပြစ်တွေကို မဖော်ကျူးခဲ့ပါ။ ဒါကလည်း လက်ဟောင်း အရက်သမား ဟောင်းကြီးတွေ၏ ခံယူချက်ကြောင့် ဖြစ်မည်။ ကိုယ်က အရက် မကောင်းကြောင်း ခုနေခါမှ ထပြောနေလည်း ဘယ်သူက အထင်တကြီး အလေးထားမည်နည်း။ ကိုယ်တွေ့ကို ပြန်လည် တင်ပြသည် ဆိုရာ၍ မိမိ၏ ကောင်းမှုကိုသာ လူတွေက နာခံလိုကြသည်။ မကောင်းမှု ကိုယ်တွေ့ များကိုကား နာမခံလိုကြချေ။ ကိုယ်က ခုနေခါ လုံးဝ ပြောင်းပြန်ဖြစ်ပြီး အကောင်းတကာ့ အကောင်းဆုံးဖြစ်နေပြီ ဆိုလျှင်တော့ တစ်ချိန်က မကောင်းမှုများကို ထေပစ်နိုင်ပါသည်။
သို့မဟုတ် တစ်ချိန်က ကိုယ်တွေ့ အဆိုးများကို ပမာပြု၍ နည်းပေးလမ်းပြ လုပ်နိုင်ပါသည်။ သို့သော် ကျွန်တော့်လို လူဆိုးစာရင်းဝင် တစ်ယောက်အဖို့ ခုလောက် ပုံမှန် အခြေအနေလေးဖြင့် တစ်ပါးသူကို ဆရာလုပ်၍ မရနိုင်သေးပါ။ ဒါကြောင့် အရက်၏ ကောင်းကျိုး ဆိုးပြစ်များကို ကျွန်တော်က ရှောင်ကွင်း ရေးသားနေခဲ့ခြင်း ဖြစ်ပါသည်။
အရက်သမားဘဝက ကြုံတွေ့ရသော လောကကြီး၏ ခနော်ခနဲ့ နိုင်ပုံများကိုသာ ပြုံးထေ့ထေ့ လည်ပြန်ကြည့်ရင်း ပျော်စေပျက်စေ ရေးခဲ့ပါသည်။ ဒါသည်ပင် ကိုယ်ချင်းစာတရား ပါသွားသလားတော့မသိ။ စောစောက ပြောသလို မူလလက်ဟောင်း အရက်သမားကြီးများအဖို့ အားဆေးတခွက် ဖြစ်သွားပုံရပါသည်။ သူရို့ကို အားပေးအားမြှောက် လုပ်လိုရင်း မဟုတ်သော်လည်း သူရို့ အနည်းငယ် အသက်ရှူချောင်သွားမှန်း သိရသဖြင့် ကျေနပ်မိသည်ကတော့ အမှန်ပင်။
ထို့ကြောင့် ယခုစာစုတွင် တစ်ခါသောက် တစ်ခါမှားသူမှာ ကျွန်တော်သာမက ကျွန်တော်၏ အနီးကပ်လူများ (အရက်သမားအများ အပါအဝင်) ၏ အမှားအချို့ကိုပါ ရေးလိုပါ သည်။ ထိုအခါ အကြင် စာဖတ်သူ (သို့မဟုတ်) ကိုယ်ချင်းစာတတ်သူများ အဖို့ ပြုံးစေ့စေ့ ဖြစ်ချင်မှ ဖြစ်ပါလိမ့်မည်။ စာနာတတ်သူများက “ဪ... လောကကြီးရဲ့ သဘာဝပါလား” ဟု သက်ပြင်းချချင် ချပါလိမ့်မည်။
မိမိကဲ့သို့ သော မူလလက်ဟောင်း အရက်သမားကြီးများ အဖို့ရာကား မပြုံးဘဲနှင့် ဝါးလုံးကွဲ ရယ်မိကြမည် ထင်သည်။ အကယ်၍ အကြင်စာဖတ်သူ သည် အရက်သမားများ အကြောင်းကို လက်တွေ့ မသိသူ (သို့မဟုတ်) အရက်ဆန့်ကျင်ရေးသမား လုံးလုံးဖြစ်ပါဘိမူ ကျွန်တော့်စာစုကို မဖတ်တာ အကောင်းဆုံး ဖြစ်ပါလိမ့်မည်ဟု ကြိုတင် တောင်းပန်ချင်ပါသည်။
အောက်တွင် အဖြစ်အပျက်တချို့ကို အရင်းအတိုင်း ကျွန်တော်ပြောပြပါမည်။ နာမည်နှင့် ရာထူး ဂုဏ်ဒြပ်တွေကို တော့ ဖုံးကွယ်ထားပါသည်။ သူရို့ ထိခိုက်နစ်နာမှာ စိုးလို့ တကြောင်း၊ မိမိသံယောဇဉ် ကြီးမားသူများအပေါ် သနားဂရုဏာ ထားတတ်လွန်းသော အရက်သမားတို့၏ သဘာဝကြောင့် တစ်ကြောင်း ဖြစ်ပါသည်။
လွန်ခဲ့သော နှစ်အတန်ကြာက ဖြစ်ပါသည်။ ကျွန်တော်တို့ ရုပ်ရှင်မင်းသား၊ သရုပ်ဆောင်များ ဘောလုံးအသင်းတစ်သင်း ဖွဲ့စည်းခဲ့ပါသည်။ ရန်ကုန်မှာရော နယ်တကာလှည့်၍ပါ ချစ်ကြည်ရေးပွဲ၊ ရန်ပုံငွေပွဲများ ကစားခဲ့ကြပါသည်။ ထိုအသင်းတွင် အစပိုင်း၌ ကျွန်တော်က တာဝန်နှစ်ခု ယူရပါသည်။ တတ်နိုင်သလောက် အချိန်ပိုင်းကလေးတွင် ဘောလုံးဝင်ကစားရခြင်းနှင့် အားလပ်ချိန်ပိုင်းတွင် ပရိသတ်အား တေးသီချင်း
ဖျော်ဖြေ ပေးရခြင်း ဖြစ်ပါ သည်။
တစ်ခါသော် ကျွန်တော်တို့ အသင်း မိတ္ထီလာမှာ ချစ်ကြည်ရေးပွဲများ ကစားပါသည်။ ထိုစဉ်က ကျွန်တော် သောက်ကောင်းတုန်း ဖြစ်သည်။ ဘယ်လောက် သောက်သောက် အလုပ်ပေါ်တွင် မမှားသော ကျွန်တော်သည် ထိုပွဲတုန်းကလည်း အမှားမရှိခဲ့ပါ။
တစ်ခုတော့ရှိသည်။ အသက်က စကားပြောလာပြီး ဖြစ်သဖြင့် နည်းနည်းသောက် များများမူးတော့ ဖြစ်ခဲ့ပါသည်။ ဒါလည်း အလုပ်ချိန်တွင်းမှာမဟုတ်။ ဘောလုံးပွဲပြီးလို့ အဆောင်ပြန် နားသော ညကျမှပါ။
ထိုညမှာပင် ပြဿနာက တက်ပါသည်။ ဘောလုံးပွဲပြီးလို့ အဆောင် (မိတ္ထီလာ ကန်ဘောင်ပေါ်ရှိ အ .ထ .က ကျောင်းမှာပါ) ပြန်နားကြတော့ ကျွန်တော် တော်တော် သောက်ဖြစ် မူးဖြစ်ခဲ့ပါသည်။ အဖွဲ့သားများကို ကလန်ကဆန် ပြုခြင်း မဟုတ်ပါ။
သရုပ်ပျက် နောက်ပြောင်ခြင်းပင် မပြုပါ။ အများနည်းတူသောက်၊ ပြီးတော့ ကိုယ့်အိပ်ရာကို ပြန်ထပ်သောက်။ ပြီးတော့ အရက်ပုလင်း ဖက်ပြီးမှောက်။ ညစာပင် ထမစားတော့ပါ။ ဒါကိုပင် အဖွဲ့ဝင်တစ်ဦး (သူရို့လည်း သောက်တာပါပဲ) က ကျွန်တော့်အပေါ် မကျေမနပ် ဖြစ်ပုံရသည်။
မသောက်တတ်သူ အချို့ကိုတော့ သည်နေရာမှာ ထည့်မပြောလိုပါ။ အတူသောက်သူ၊ ခွက်ပုန်းသောက်သူများ ကပါ ကျွန်တော့်အပေါ် အပြစ်မြင်လိုခြင်းကိုတော့ စဉ်းစားလို့ မရပါ။ “သြော် သင်းတို့… ငါ့အပေါ် အပြစ်ပုံချပြီး သူတော်ကောင်း လုပ်နေပါလား” ဟု ထိုစဉ် အရက်မူးမူးနှင့်ပင် မှတ်ချက်ချမိသေး၏။ ကျွန်တော် တစ်ခါတစ်လေ မူးနေလျက်က မှတ်မိချင်ရာကို မှတ်မိနေတတ်သူပါ။ သည်လိုနှင့် ကျွန်တော် အိပ်ပျော်နေလိုက်ရာ ညကြီးသန်းခေါင်တွင် ဆူဆူညံညံ အသံတွေ ကြားသဖြင့်
မျက်စိဖွင့်ကြည့်တော့ ဖယောင်းတိုင်များ၊ လက်နှိပ်ဓာတ်မီးများဖြင့် (မီးပျက်နေပါသည်) အထုပ်အပိုး ပြင်နေကြသော သရုပ်ဆောင် အသင်းသားတွေကို တွေ့သည်။ သူရို့ ရန်ကုန် ပြန်ကြတော့မည် ဟု သိသည်။ သို့ သော်
ကျွန်တော် မထ။
ပုလင်းလက်ကျန်ကို ဆက်မော့ပြီး ပြန်အိပ်သည်။ တကယ်တော့လည်း ကျွန်တော် ရန်ကုန် ပြန်မလိုက်ဘူးဆိုတာ သူရို့လည်း သိပါသည်။ ကျွန်တော်က မိသားစုကို မိတ္ထီလာမှာ ချိန်းဆိုထားသည်။ မိသားစု မန္တလေးဘက်မှ ဘုရားဖူး အပြန် ကျွန်တော့်ကို ဝင်ခေါ်ကြမည်။ ထိုအစီအစဉ်ကြောင့် အသင်းနှင့်အတူ ကျွန်တော် ပြန်မလိုက်တော့မှန်း အားလုံး သိထားပြီး ဖြစ်သည်။
သည်လိုနှင့် ကျွန်တော် ပြန်၍ အိပ်ပျော်လုလုတွင် …
“အစ်ကို... ကျွန်တော်တို့ ပြန်တော့မယ်။ အစ်ကို့ကို လာနှုတ်ဆက်တာပါ။ ထပ်မသောက်နဲ့တော့နော်။
အစ်မတို့ လာရင် စိတ်မကောင်း ဖြစ်နေမယ်”
ဟု ထိုစဉ်က တက်သစ်စ အရက်မသောက်တတ်သော
မင်းသားလေး နှစ်ယောက်က ကျွန်တော့်ကို နှိုး၍ နှုတ်ဆက်ရှာသည်။ ကျွန်တော့်အပေါ် မေတ္တာထားမှန်း သိရသဖြင့် သူတို့ ကို ကျေးဇူးတင်ရသည်။ တစ်ဆက်ထဲမှာပင် ကျောင်းအောက်ထပ် ဆင်ဝင်ဆီမှ မှန်လုံကားကြီး စက်နှိုးနေသံ ကြားရသဖြင့်…
“ကိုယ်ဘက်က ဝတ္တရား မပျက်အောင်ဆင်း နှုတ်ဆက်ဦးမှလေ”
ဟု သတိဝင်လာသည်။ ကျောင်းဆောင်
အပေါ်ထပ်မှာ ကျွန်တော် တစ်ယောက်တည်း မှောင်နှင့်မည်းမည်း ကျန်ရစ်ခဲ့သည်မို့ အားငယ်သလို ရှိသွားတာလည်း ပါပါသည်။ သံယောဇဉ်ကလည်း မပြတ်ချင်။
ထို့ကြောင့် ဘာအလင်းရောင် ဘာအကူအညီမှ မပါဘဲ အောက်ထပ်သို့ အပြေးဆင်းပြီး အဖွဲ့သားတွေကို နှုတ်ဆက်ဖို့ ကျွန်တော် ကြိုးစားမိသည်။ ဤတွင် မူးရှိန် မပြေသေးသော ကျွန်တော်သည် မိမိ တက်ဆင်း
လေ့ကျင့်မှု မရှိခဲ့သော ကျောင်းလှေခါးကြီးပေါ်မှ ဒလိန့်ခေါက်ကွေး ကျသွားပါတော့သည်။
ဤနေရာတွင် ကျွန်တော် ပြောလိုသည်မှာ ကျွန်တော် ထိုသို့ ဖြစ်ရခြင်းသည် အရက်ကြောင့်ဘဲ ဖြစ်ဖြစ်၊
အလင်းရောင် မရှိသောကြောင့်ဘဲ ဖြစ်ဖြစ်၊ ကျွန်တော့်ကို ဆေးခန်းလိုက်ပို့ ကြသူများထဲတွင် စောစောက လာနှိုးပြီး နှုတ်ဆက်သော မင်းသား သစ်ကလေးများရယ်၊ ကျောင်းနှင့်ပတ်သက်သော မြို့ခံ
လူငယ်လေးများရယ်သာ ဖြစ်နေခြင်းပင်။
ကျွန်တော် ခင်မင်သော၊ ချစ်ကြည် လေးစားသော၊ အားကိုးသော အဖွဲ့ ခေါင်းဆောင် လုပ်သူနှင့်
နာမည်ကျော်များ မပါဝင်ကြချေ။ ကျွန်တော်နှင့် ချစ်ခင်ရင်းနှီး ရှိသော်လည်း အရက်ကို မုန်းတီးသူများ မပါဝင်တာကိုတော့ အပြစ်မတင်ပါ။ စိတ်မကောင်း ရှိယုံမျှသာ။ သို့သော် ကိုယ်တိုင်ကလည်း သောက်တတ်
ပါသည်။ (စည်းနှင့် ကမ်းနှင့်ဟု ပြောတာပါဘဲ)၊ လူမသိအောင် ခွက်ပုန်းလည်း ချတတ်ပါသည်။ အချို့ဆို အရက်တွင်သာမက အခြားသော ကိစ္စများကိုပင် လူမသိအောင် လုပ်တတ်ပါလျက် သတိ လက်လွတ် ဖြစ်လုလု ကျွန်တော့်ကို ပေယျာလကန် ထားပြီး အရှက်တရားကို (မလိုအပ်ဘဲ) ခေါင်းမြီးခြုံထားကြသူများ အတွက်တော့ ကျွန်တော် အံ့အားသင့်မိပါသည်။
ပြုတ်ကျသည့် လှေခါးက (၁၅) ပေလောက် မြင့်မည်။ ကျွန်တော့်မှာ အပေါ် မျက်ခမ်းစပ် ကွဲသွားသည်။ မေးရိုး ကျိုးသွားသည်။ “သွေးတွေနှင့်ဝေ" နေသည်။ ဒါကိုပင်...
“ဒီလောက် သောက်မှတော့ ဖြစ်တာတောင် နည်းသေး" ဟူသော သဘောဖြင့် နေနိုင်ခဲ့ကြသည်။ နောင်သော် ကျွန်တော့် ကွယ်ရာမှာ အတင်းအဖျင်း ပြောကြကြောင်း ပြန်ကြားရသည်။ ကျွန်တော် ဆိုလိုတာက
ကျွန်တော်သည် အသင်းသား တစ်ယောက် မဟုတ်ဘူးလား။ ကျွန်တော်က အလုပ်ခွင်ပေါ်တွင် မှားယွင်းခဲ့လို့လား။ အသင်းသိက္ခာ (သူရို့မျက်နှာ) ပျက်လောက်အောင် လမ်းဘေး အရက်ဆိုင် သွားထိုင်မိလို့လား။ တစ်ခုမှ မဟုတ်။ သို့ဆိုလျှင် ဘာကြောင့် ထိုသို့ ပေယျာလကန် ပြုကြသနည်း။ ကျွန်တော် ပြောခဲ့ပြီးပါပကော။ ထိုစဉ်က မူးမူး မေ့မေ့နှင့် ကျွန်တော် သိနေသည်ဟု။ “သင်းတို့ ငါ့အပြစ်ကို ဖော်ရင်း သူတော်ကောင်း လုပ်နေကြတာ” ဟု။
သည်လို လုပ်တတ်သူများကို အသေအချာ ပြန်စစ်တော့ လားလား သင်းတို့လည်း စနစ်ဇယားကြီးသည့် အရက်သမားတွေပါလား။ ကျွန်တော့် ကွယ်ရာမှာ ကျွန်တော့် 'အတင်း' ပြောသလို ကျွန်တော့် ရှေ့တွင်မှာရောတဲ့။
“ဘိုသုက အရက်ကို စနစ် ဇယားနဲ့မှ မသောက်တာ။ ကိုယ်တို့ကိုကြည့်။ အရက်ကို ကိုယ်က ဆရာလုပ်တယ်။ တပည့် မခံဘူး” ဟူသော စကားမျိုးဖြင့် အထက်စီးချင်ကြပြန်ပါ၏။ ကျွန်တော့်
အမြင် ပြောရလျှင် အရက်ကို ရည်းစားဘဲ ထားထား၊ တခမ်းတနားဘဲ လက်ထပ်ယူယူ နောက်ဆုံးတော့ 'ညားကြလေသတည်း' ချင်လို့သာ မဟုတ်ပါလား။
ဒါကြောင့် မပြုံးဘဲနှင့် ဝါးလုံးကွဲ ရယ်ချင်သည်ဟု ပြောတာပေါ့။ ဆိုကြပါစို့ရဲ့။ မိတ္ထီလာမှာပင်
ကျွန်တော့်မျက်နှာကို ကြုံရာဆေးခန်းမှာ ဖြစ်သလို ချုပ်နှောင် ကြပ်စည်းပြီး မိသားစုနှင့် အတူ ရန်ကုန်ပြန်ခဲ့ရသည်။ ကျွန်တော့် သတင်းဆိုးကို အကိုးအကားဖြင့် ပါးစပ် အရသာခံ ဖြန့်ချီနှင့်ပြီးသား ဖြစ်နေပြီကိုကား ပြောရန်မလိုတော့ပါ။ ပြောရန်လိုသည်ကား ကျွန်တော်နှင့် ရုပ်ရှင်ကားကြီးတစ်ကား ရိုက်ကူးရန် စာချုပ်ပြီးနှင့်သော ကုမ္ပဏီ တစ်ခုသည် ကျွန်တော့်အစား အခြားမင်းသား တစ်လက်ဖြင့် ဇာတ်ကားရိုက်ကူး
နိုင်ရန် မူလ စာချုပ်ကို ပယ်ဖျက်ပေးဘို့ အိမ်မှာ လာစောင့် နေခြင်းပင် ဖြစ်ပါတော့သည်။
ဘာဘဲဖြစ်ဖြစ် 'တစ်ခါသောက် တစ်ခါမှား' ဟူသော စကားပုံသစ်သည် သု မောင် အတွက်
ပေါ်ပေါက်ပြီးပြီ မဟုတ်ပါလားလေ။
သည်တစ်ခါတော့ တစ်ခါသောက် နှစ်ခါမှား ဖြစ်ရပြန်သည်။ ကျွန်တော် ရန်ကုန် ပြန်ရောက် မျက်စိကု၊ မေးရိုးကုနှင့် တစ်လလောက် အကြာမှ ကံဇာတာက စန်းလဂ် တက်ပြန်သည်။ ကျွန်တော့် မေးရိုးကျိုးသွားတာဆိုတော့ သွားတွေကို မလှုပ်နိုင်အောင် အပေါ်အောက် သံမဏိကြိုးမျှင်ဖြင့် ချုပ်နှောင်ထားရ၏။ ဒါမှ မေးရိုးက သူ့ အလိုလို ပြန်ဆက်မည်။ ထိုစဉ် အတွင်း အစားမစားရပါ။ သွားကစေ့ပြီး ချုပ်ထားတာမို့ အရည်ပဲ သောက်ရပါသည်။ အရည်ကိုလည်း မော့သောက်လို့ မရပါ။ နူတ်ခမ်း တေ့ပြီး စုပ်ချင်စုပ်။ သို့မဟုတ်ပါက ပိုက် (ကျူရိုး) ဖြင့်စုပ်။
ထိုအခြေအနေမျိုးတွင် စိတ်ဓာတ် ကျဆင်း နေသော အရက်သမား ဘာလုပ်မည် ထင်သနည်း။ ဟုတ်ပါ့။ အရက်ကို ကျူရိုးဖြင့် စုပ်၊ သောက်၊ မှောက်။ မှောက်တာမှ ဒုတိယမ္ပိ ကိုယ့်အိမ် လှေခါးပေါ်မှပင် ထပ်၍ ပြုတ်ကျခြင်း အထိပင်။ သည်တစ်ခါတော့ မတော်တဆ မဟုတ်။ အဟုတ်ကို ပြုတ်ကျခြင်းပါ။ သည်တော့ ဘာဖြစ်သနည်း။ တည်းလက်စ မေးရိုး ပြန်ပြုတ်ပေါ့။ သွားပြန်ပြီပေါ့ နောက်တစ်လ။
မေးရိုးကို ပြန်ဆက်ရ ပြန်ပါသည်။ ပါးပြင် ပြန်ခွဲရ ပြန်ပါသည်။ သွားတွေကို အပေါ် အောက်ပို၍
ကြပ်စည်းရ ပြန်ပါသည်။ ထိုအခါ ရှိရင်းစွဲ စိတ်ဓာတ်သည် ထပ်ပြီး ပြုတ်ကျ ရပြန်သည်။ သည်တစ်ခါတော့ ကိုယ့်ဘာသာပင် အပြစ်ပေးရတော့မည်။
ကျွန်တော့်အား ပထမ ဒဏ်ရာ ချုပ်ရိုး ဖြေပြီးလျှင် ဇာတ်ကားရိုက်မည်ဟု စောင့်နေရှာသော အစ်ကို
(မောင်ဝဏ္ဏ) အား ကျွန်တော့်ဘက်က စောစောက ပြောခဲ့သော ရုပ်ရှင် ကုမ္ပဏီ လိုပင် မင်းသား စာချုပ် ပယ်ဖျက် ခိုင်းလိုက်ရပါတော့သည်။ သွားပြန် ပေါ့။ ဒုတိယ ဇာတ်ကားကြီး။
ဒါတွေက တစ်ခါသောက် တစ်ခါမှားပြီး နှစ်နာသွားရခြင်းများ အကြောင်း ပမာပြုခြင်းပါ။ တကယ်တော့ ထိုစဉ် ကာလက ရုပ်ရှင်၊ ဗီဒီယို နှင့် တေးသံသွင်း ကိစ္စ တော်တော်များများ နစ်နာခဲ့ ရပါသည်။ သို့သော် အကြောင်း ဖန်လာတော့လည်း ဘယ်တတ်နိုင်တော့မည်နည်းဟု စိတ်ကို ဖြေရပါသည်။
ဖြေမရသည် မှာ စောစောက ပြောခဲ့သော သကောင့်သား အရက်သမား စနစ်ဇယားကြီးတွေ ကိုသာ ဖြစ်ပါသည်။ အကြောင်းမူ ကျွန်တော်တစ်ယောက် ဒုတိယမ္ပိ မေးရိုး ခွဲစိပ် ခံရပြီးသည့် နောက်တစ်လအတွင်းမှာ ဖြစ်ပါသည်။
ဆိုခဲ့သလို သွားနှစ်ခြမ်း အပေါ်အောက် သံမဏိကြိုး တန်းလန်းဖြင့် နေရစဉ်ကာလ တစ်နေ့ ညတွင် အခြား မိတ်ဆွေများက ကျွန်တော့်အား ပြုစုလိုပါသည်ဟု အိမ်လာခေါ်သည်။ ဒါကလည်း စကားမစပ်
ပြောရလျှင် ပြုံးချင်ဖွယ်သာတည်း။ ထိုသို့ ပါးစပ် ချုပ်လျက်သားကြီးနှင့် သြင်္ကန်က ကျလာသည်။
ထုံးစံ အတိုင်း နီးစပ်ရာ မဏ္ဍပ်တွေက လာဖိတ်သည်။ ကျွန်တော်ကလည်း သီချင်း မဆိုနိုင် ကြောင်း ပါးစပ်ဖြဲပြီး သွားစေ့ ချုပ်ထားသည်ကို လက်ဟန်ခြေဟန်ဖြင့် ပြရသည်။ ပါးစပ်မှ 'ဝူးဝါး ဝူးဝါး' လေသံဖြင့်
တောင်းပန်ရသည်။ သည်ကြားထဲမှာ မနိုင်ရင်ကန် မိတ်ဆွေ တစ်ယောက်မှ သူရို့ မဏ္ဍပ် ဖွင့်ပွဲမှာ မပါမဖြစ်လို့ (အကယ်ဒမီကလည်း ရပြီးစ) မို့ ဟန်ပြ သဘော လုပ်ပေးရန် အပူကပ်သည်။ ဟိုရောက်တော့ ဘာဖြစ်သည် ထင်ပါသနည်း။
ကျွန်တော့်ကို မဏ္ဍပ်စင်မြင့် အလယ်မှာထား။ မိုက်ကရိုဖုန်း တစ်လုံး လက်ထဲ ထည့်ပေး။ နံဘေးဆီမှာတော့ 'နတ်သမီးလေးတွေ တစ်ဘက်လေးငါးရာ' ဆိုသလို အလှမယ်လေးတွေက ခြံရံလျက်။ တီးဝိုင်းကလည်း ထုံးစံအတိုင်း မြနန္ဒာ (မန်းတောင်ရိပ်ခို) တေးသံကို တီးကြ မှုတ်ကြ။
ထိုစဉ် ဘယ်က ပေါ်လာမှန်း မသိသော ကျွန်တော့် အသံနှင့် ခပ်ဆင်ဆင် တူသောအသံ။ ဟုတ်ဗျား။ သီချင်းစာသား အလွဲ အမှား မရှိ။ ပီပီပြင်ပြင်ကြီးကို ထွက်လာတာ။ သည်တော့မှ ကျွန်တော်လည်း ကိုယ့်ပါးစပ်ကိုယ် မိုက်ကရိုဖုန်းဖြင့် ကွယ်လိုက်ပြီး ပါးစပ် ဟလိုက် စေ့လိုက် အမူအရာ လုပ်ရပါတော့သည်။
နောင်မှ သိရသည်မှာ သူရို့အရပ်ထဲက သုမောင်အသံနှင့် ခပ်ဆင်ဆင်တူသော သုမောင်သီချင်း 'ရူးသွပ်စွာ' ခံစားနေသူ တစ်ယောက်က တီးဝိုင်း နောက်ကွယ်မှ ဆိုပေးနေခြင်းပါတဲ့။ မှတ်ကရောပါပဲ။
တစ်သက်နှင့် တစ်ကိုယ် သူများအသံဖြင့် သရုပ်ဆောင်ရတာ ဒါပထမဦးဆုံး အကြိမ်။
အဲ…. အဲသည် မဏ္ဍပ်တာဝန်ခံ ပုဂ္ဂိုလ် များပါပဲ။ ကျွန်တော့်ကို ပြုစုချင်ပါသည် ဆိုပြီး
အိမ်လာခေါ်တာ။ 'ငိုချင်ရက် လက်တို့' ဖြစ်နေသော ကျွန်တော်သည်...
“အေးဘုံရေ... ဘီယာလေးဘဲ လိုက်စုပ်မှာပါကွာ”
ဆက်တိုက်ဆိုသလို ကံဆိုးမိုးမှောင်ကျခြင်း အကြောင်း နည်းနည်း ပြောပါမည်။ ကျွန်တော့်အား ပြုစုနေကြသူများမှာ စာပေသမား (စာရေးဆရာတွေ ပြောတာပါဘဲ) ဆိုသူများ ဖြစ်ပါသည်။ အချို့က
စာတွေရေးနေပြီ ဖြစ်သော်လည်း နာမည်ရ စာရေးဆရာတွေ မဟုတ်သေးပါ။ ထို့ကြောင့် ကျွန်တော်တို့ဝိုင်းသည် စာအကြောင်း ပေအကြောင်းသာ မဟုတ်တော့ပဲ ပေါက်တတ်ကရ စကားတွေပါ ပါဝင် စည်ကားလာပါတော့သည်။ ကျွန်တော်က ဘီယာ စုပ်နေရသဖြင့် သိပ်ပြီး လျှာမသွက်ပေ။ သူရို့ကတော့ အပြင်းသမားတွေမို့...
“ဆရာရဲ့… ဘိုသုရဲ့… အကိုရဲ့...မောင်သုမောင်ရဲ့”
နှင့် အကြောင်းအရာ မျိုးစုံကို ကျယ်လောင်စွာ
အပ်ကြောင်းထပ်နေ ပါတော့သည်။
ကျွန်တော့် နာမည်ကို အော်ပြီး ခေါ်ကြ ပြုကြ သံများ ကြားရသော အခါ အခြေအနေ တစ်ရပ်
ဖြစ်ပေါ်ခဲ့ပါသည်။
“ဟား... ဟား... ဟား… ဘယ်ရမလဲ ကိုသုရယ်။ ဒီလိုပုန်းနေလို့ ရရိုးလားဗျာ"
ဟူသော အသံကျယ်ကြီး နှင့်အတူ ကျွန်တော် လုံးဝ မသိသော လူတစ်ယောက်။ ပြီးတော့ သူ့နောက်က နှစ်ယောက် သုံးယောက် ကျွန်တော်တို့ အခန်းထဲသို့ မူးမူးရူးရူး ဝင်လာပါသည်။
“လာဗျာ... ကျွန်တော်တို့ဝိုင်းကို ပြုစုချင်လို့၊
ကမ်းမွန်... ဝဲ(လ်)ကမ်း... ဂျတ်(စ်)ဂဲသားရင်း''
တွေ တံတွေးစင်အောင် ပြောရင်း ကျွန်တော့် လက်ကို ဆွဲကြပါသည်။
ကျွန်တော်က 'တကယ် မသောက်ကြောင်း၊ ဘီယာသော စုပ်နေကြောင်း' ပါးစပ်ဖြဲ သွားစေ့စေ့ကို ပြရင်း လက်ကာ တောင်းပန်ရသည်။ အရက်သမားတို့ သဘာဝ အရက် မသောက်ဘဲ အရက်ဝိုင်းထဲ ဝင်ထိုင်ရတာ အလွန် ဒုက္ခကြီးပါသည်။ တစ်ပါးသူတို့ မူးနေကြပြီ ဆိုလျှင် ပို၍ အခံရ ခက်ပါသည်။ ခုဟာက နောက်ထပ် ရောက်လာသော ပုဂ္ဂိုလ်များမှာ တော်တော် မူးနေပါပြီ။ ကျွန်တော့်ကို ဧည်ခံလက်စ လူများကလည်း မူးစပြုနေပါပြီ။
“ဘာလဲ ခင်ဗျားက ကျုပ်တို့ ကို လူရာမသွင်းတာလား။ အဖက် မလုပ်ချင်လို့လား။ ဒီမှာ ဂျော်နီဝါးကား
သောက်မလား။ ရှီဗတ်(စ်)လား။ ကြိုက်ရာ မှာစမ်း။ ပရိတ်သတ် ကိုတော့ မစော်ကားနဲ့”
တွေ ဘာတွေ လုပ်လာ ကြတော့သည်။ ကျွန်တော့် ဘက်က ဧည့်ခံ လက်စ ပုဂ္ဂိုလ်များကလည်း တော်တော် မူးသွားကြဟန် တူသည်။
“ခင်ဗျားတို့ လူလို သိပါ ဗျ။ မရိုင်းပါနဲ့၊ ကျုပ်တို့လည်း ကလေကချေတွေ မဟုတ်ဘူး။
စာရေးဆရာတွေဗျ”
စသည်ဖြင့် ကိုယ့်ဂုဏ် ကိုယ်ဖော် လုပ်လာကြ၏။ တကယ်တော့ ဒီလို ဂုဏ်မျိုး ဒီလိုနေရာမှာ မဖော်အပ်ကြောင်း ကျွန်တော် ဝင်ရှင်းချင်ပါသည်။ သို့သော် ကျွန်တော့်မှာက “ဝူးဝါး ဝူးဝါး” အပြင် ဘာစကားမျှ ပြောလို့ မရပါ။ စိတ်ကတော့ တော်တော် တိုနေပါပြီ။ သည်လိုနှင့် နောက်ရောက်လာသော ပရိသတ် ဆိုသူထဲက နှစ်ယောက်သည် ကျွန်တော့်အားချိုင်းကြားမှ ဆွဲ၍ မသည်အထိ
ရိုင်းပြ လာသည်။ ထိုအခါ ကျွန်တော် ကလည်းရုန်း၊ စာပေမိတ်ဆွေတွေ ကလည်းဆွဲ နှင့် ကုလားထိုင်ပေါ်မှ ကျွန်တော် လဲကျပါတော့သည်။
ဤသို့ ဝရုန်းသုန်းကား ဖြစ်နေစဉ်မှာပင် အခြား အခန်းမှ စားသောက်သူများကလည်း ပြူတစ်ပြူတစ် ထွက်ကြည့်ကုန် ကြပါပြီ။ ဆိုင်တာဝန်ခံနှင့် လုပ်သားများကလည်း ပြေးလာကြပါပြီ။ တောင်းပန်သူက တောင်းပန်သော်လည်း...
“ဆရာသုမောင်… ဒီလို ဆူပူ ရမ်းကားရင်တော့ ကျွန်တော့်ဆိုင် ပိတ်ရပါလိမ့်မယ်။ အား
တော့နာပါရဲ့ဗျာ”
တဲ့။ ဆိုင်မန်နေဂျာက လာပြန်ပါပြီ။ 'မကောင်းသူထိပ် ကောင်းသူ ထိပ်' စကား။ နောက်ဆုံး ရုန်းရင်းဆန်ခတ်မှု ကိစ္စ တော်တော်လေး ငြိမ်သွားမှ ကျွန်တော် သတိတရား ပြန်ရလာသည်။ ရှက်တာရော၊ ဒေါသဖြစ်တာရော၊ စိတ်ကုန်တာရော ပေါင်းစပ်ပြီး ကတုန်ကရင် ဖြစ်နေရာမှ သိစိတ်ကို ပြန်ထိန်းရင်း ကျွန်တော် ဝန်းကျင်ကို ကြည့်လိုက်တော့မှ...
ကျွန်တော့်အား လက်ညှိုး ငေါက်ငေါက် ထိုးပြီး စော်ကားခဲ့သူသည် ကျွန်တော့်ရှေ့ ကြမ်းပြင်
မှာထိုင်ပြီး နဖူး ကြမ်းထိ ကန်တော့နေပါရောလား။ သူ့နောက်က ပါလာသူများကလည်း ကျွန်တော့်အား
ဧည့်ခံလက်စ ပုဂ္ဂိုလ်ကို တောင်းပန်နေကြ ပါရောလား။ ကျွန်တော့်မှာလေ ဘယ်လိုနေထိုင်ရမှန်း မသိခဲ့တော့ပါ။
ပို၍ ခံစားရသည်မှာ စောစောက ရန်တုန့်ပြန်ခဲ့သော ကျွန်တော့်ဘက်က အရံဧည့်မြှောင် စာသမား သုံးဦးကို
လှည့်ကြည့်လိုက်တော့ သူရို့ မရှိကြတော့ခြင်းပင်။ ဘယ်အချိန်က လစ်သွားကြမှန်း မသိပေ။ အပြန်လမ်းကျမှ ကျွန်တော့်အား ပင်တိုင် ဧည့်ခံသူ သြင်္ကန်မဏ္ဍပ်ရှင်ကို ဝူးဝါးဝါး အသံဖြင့် မေးတော့...
“ခက်တဲ့ လူတွေဗျာ။ အစတော့ သူတို့ကပဲ ဝင်တွယ်တော့ မလိုလိုနဲ့ တကယ် ဆော်မယ်လည်းဖြစ်ရော တစ်ချိုးတည်း ပြေးတော့တာပဲ”
“ဘာပြုလို့ ပြေးရတာလဲဗျာ”
“ပြဿနာ ပိုပြီး ကြီးလာမှာ စိုးလို့တဲ့”
“ဟာ... ကျွန်တော့် မျက်နှာကြီးနဲ့ဟာ။ ဘာဖြစ်စရာ ရှိမှာလဲ”
“ခင်ဗျား မျက်နှာကြီးနဲ့ မို့လို့ ပေါ့တဲ့ဗျာ။ ရိုက်ကြ နှက်ကြ ဖြစ်ကုန်ရင် 'သုမောင် ပါတယ်' ဆိုပြီး သတင်းဖြစ်မယ်။ အဲတာဆို သူတို့ နာမည်တွေလည်း ပါကုန်မှာ စိုးလို့ တဲ့''
“သူတို့က ဘယ်သူတွေလဲ”
“ဟာ... စောစောက သူတို့ ကလောင်နာမည်တွေနဲ့ မိတ်ဆက် ပေးပြီးပြီလေ”
ကျွန်တော် အံ့အားသင့်ရပြန်ပါသည်။ ကလောင် နာမည်တွေတဲ့။
ဟိုစဉ် လွန်ခဲ့သော နှစ်အတန်ကြာက ဆက်တိုက် ကြုံလိုက်ရသော အရက်သမား အမှားဖြစ်စဉ် တစ်ခုပါ။ သည်နေရာတွင် ကျွန်တော် မှားခဲ့သလား။ မမှားခဲ့ဘူးလား ဆိုတာ မပြောလိုပါ။ သေချာတာ
တစ်ခုက ဘောလုံး အသင်းမှ သောက်ဖော် သောက်ဖက် ပုဂ္ဂိုလ်များ၊ မိတ်ဆွေစာပေ အရက်သမားများ စသည်ဖြင့်။ အရက်ကို ဇယားချပြီး တိုးတိုးတိတ်တိတ် ခွက်ပုန်း ကြိတ်နေကြသူ များကတော့ တစ်ခုခု မှားနေခဲ့
ကြပြီ ဟူ၍ သာဖြစ်သည်။ မမှားဘူးဟု ငြင်းကြလျှင်လည်း ကျွန်တော်ကတော့ ဘာမှ မပြောလိုပေ။
သူရို့သည် 'သုရာမေရယ' ကံနှင့် 'အဒိန္နာဒါနာ' ကံ အပြင် 'မုသာဝါဒါ' ကံကိုပါ တစ်ပြိုင်နက်
ကျူးလွန်မိနေကြပြီ ဆိုတာတွေကို မသိကြဘူး ထင်ပါသည်။ ဘာဘဲ ဖြစ်ဖြစ် ထိုစဉ်က ဆက်တိုက် ဖြစ်လိုက်ရသော ဖြစ်စဉ်သည် ကျွန်တော့်အား တော်တော်ကြီး ကြာအောင် အရက် ပြတ်စေနိုင်ခဲ့သည် အတွက် ကျေးဇူးတင်ပါသည်။
သောကြာစာစောင်
အမှတ် (၄၄၆) အောက်တိုဘာလ၊ ၂၀၀၀ ပြည့်နှစ်။
ဆရာသုမောင်၊ အရက်သမား အမှား တစ်ခါ PDF ၊
စာမျက်နှာ ၁၇ - ၂၃။
စာရိုက် - စလေ ငနော့
