••••••••••••••
လူထုဒေါ်အမာ
ဘထွန်းသည် ကလေးငိုသံကြားသဖြင့် အိပ်ရာမှ နိုးလာသော်လည်း မျက်စိကို မဖွင့်ဘဲ ''ဖွားသင်ကလေးငိုနေတယ်”ဟု ပြောလိုက်၏။ ကလေးမှာ ငိုမြဲ ငိုနေသော်လည်း ဖွားသင်အသံကိုကား မကြားရ။ လက်ဖြင့်ရမ်း၍ စမ်းသော်လည်း မတွေ့သဖြင့် ထ၍ကြည့်ရာ ဖွားသင်မှာ အခန်းထဲတွင် အလျဉ်းမရှိဖြစ်လေသည်။ အံ့ဩ၍သွားသော်လည်း အိပ်ယာမှ ထနှင့်ပြီထင်သဖြင့် ငိုနေသော ကလေးကို တချက်ကြည့်၍ နောက်ဖေးဆီသို့ ဖွားသင် ခေါ်ရန် ထွက်၍သွားလေ၏။ ဖွားသင်ကား ဘယ်မှာမှမတွေ့သဖြင့် အခန်းထဲသို့ ပြန်ဝင်လာရာ ညက မိမိထားသော ငွေဖလားကို သွား၍အမှတ်ရသဖြင့် ကပျာကယာ အိမ်တံစက်မြိတ် ကြားသို့ သွား၍ ကြည့်လေ၏။ နှစ်နှစ်ခန့် မလဲဘဲထားသော နတ်အုန်းသီးသည် ပိန်ကပ် ခြောက်သွေ့၍ ကြိမ်ဆိုင်းအတွင်းတွင် မချိတရိ ဆွဲလျက်ရှိသော်လည်း အုန်းသီးအထက်နားရှိ အဝတ်ထုပ်ကား မရှိတော့ပေ။ ခုတင်ခြေရင်းရှိ ဖွားသင်၏ အဝတ်အစားထည့်သော ဖာမှာ ဖရိုဖရဲနှင့် ထဘီစုတ် တချို့သာ မြေကြီးပေါ်တွင် ကျ၍နေသည်။ အကောင်းဟူ၍ တထည်မျှ မကျန်တော့ ပေ။ ဤတွင်မှ နောက်ကျိ၍နေသော ဦးနှောက်တွင်းသို့ အလင်းရောင်သည် ဝင်၍ လာလေသည်။
“ငွေဖလားလဲ မရှိဘူး။ အင်း ဒီကောင်မ ထွက်သွားပြီ အစစ်ပဲ။ ဘယ်သူနဲ့ပါလိမ့်။ ငတင်နဲ့ ဖြစ်မှာပေါ့လေ။ ဘသန်း နောက်တော့ မလိုက်တန်ရာဘူး။ သွားပစေ။ ဖေ-မ။ မနေ့ညက ဦးချယ်ဆီက ခိုးလာတဲ့ဖလား။ သူ့လင်ငယ် ငတင်က ဖလား ခေါ်တာ၊ သူ့ ခေါ်တာမှတ်လို့။ ဟင်း ငါ့အတွက် ဝန်ပေါ့တာပေါ့”
ထရံသို့ ပစ်ခနဲ တံတွေး လှမ်း၍ ထွေးလိုက်လေ၏။ ထို့နောက် ကလေးကို လှမ်း၍ ကြည်လိုက်ပြီး
''ဒီကလေးကို ငါဘာလုပ်ရမှာလဲ။ တွေ့ စမ်းချင်တယ် ဒီကောင်မ။ ရော့ နင့်သားကိုဆိုပြီး အိမ်ပေါက်ဝမှာ လွှတ်ပစ်ထားခဲ့မယ်''
တစုံတခုကို သတိရသလိုဖြစ်ပြီး မျက်နှာသည် သွေးဆုတ်၍ သွားသလို ထင်လိုက်ရ၏။ အထက်နှုတ်ခမ်းကို ကိုက်၍ ထားသော်လည်း လက်များမှာ တုန်၍ နေလေသည်။ ကလေးအနားသို့ နှစ်လှမ်းခန့် တိုး၍သွားရာ အိပ်ရာပေါ်တွင် ကလန်ကလန်နှင့်နေသော ကလေးသည် လက်သီး တဖက်ကို ပါးစပ်တွင်စုတ်၍ နေ၏။ အငိုတိတ်ပြီး ပြုံးတော့မလို လုပ်၍နေသည်။ စောင်စုတ် တချို့ကား ကန်ကြောက်၍ထားသဖြင့် ကလေးအပေါ်တွင် မရှိဘဲ ဘေးနားတွင် ပုံ၍နေလေ၏။ ပြုံးမယောင်ပါးစပ်သည် ဘထွန်းစိတ်၌ မိမိနှင့်သိသော သူတယောက်နှင့် တူသည်ဟု ထင်မိသော်လည်း မည်သူ မည်ဝါ ဟူ၍ မကွဲပြားပေ။
ကလေးကို ကြည့်နေရာမှ တဖက်သို့ လှည့်၍ ရှပ်အင်္ကျီကို ကောက်ဝတ်ပြီးသော်
အိမ်တံခါးကို ပိတ်၍ ထွက်ခဲ့လေ၏။ မိမိ ဘယ်ကိုသွားမည်ဟူကား ရည်ရွယ်ချက် မရှိ။ ခြေဦးတည့်ရာကိုသာ လျှောက်၍ လာခဲ့လေသည်။ စိတ်တွင်ကား မငြိမ်မသက်
ရောက်ယက်ခတ် ဖြစ်၍နေသည်။ ကလေးငိုသံသည် နားထဲ၌ အစဉ်ကြား၍ နေသည်။ တခါတရံ ပက်လက်လှန်၍ ခြေကလန်၊ လက်ကလန်နှင့်နေသော ကလေးသဏ္ဌာန်သည် ရှေ့ကဆီး၍နေသလို ထင်မိ၏။ နားက မထွက်သေးသော ငိုသံသည် ပြန်ခဲ့ပါဟု ခေါ်သလို ထင်မိ၏။ ငါ ပြန်မှပါပဲဟု နောက်ပြန်လှည့်၏။ တွေ့ သာတွေ့ လိုက် ရင်တော့ကွာဟု စိတ်ထဲ၌ အောက်မေ့မိ၍ လည်ပင်းဖျစ်ပြီး ကိုင်လှုပ်လိုက်မယ်။ လျှာတစ်လစ် ထွက်လာမှာပေါ့ သပေါက်မ ဟူ၍လည်း ကြိမ်းလိုက်၏။
လက်ဖက်ရည်ဆိုင် တခုတွင် နို့မုန့်ချောင်း တစ်ပဲဖိုး ဝယ်၍ အိမ်ဖက်သို့ လှည့်ခဲ့ လေ၏။ ကလေးသည် အငိုရပ်၍ ယခင်က အိပ်ရာပေါ်တွင် ပက်လက်ကလေး ကစား၍နေလေသည်။ အင်း သူကတော့ ကစားလို့၊ ခွေးသပေါက်မ သားကလေးကို ကျောပေး၍ အိမ်ရှေ့သို့ထွက်၍ လာပြန်သည်။ သို့သော် ခြေကို လှမ်း၍မဖြစ်သလို နောက်ဆွဲ၍နေလေ၏။ နားထဲကမထွက်သော ငိုသံသည် ဘထွန်း အသည်းနှလုံးကို မချိတရိဖြစ်အောင် ဖန်တီးနေလေသည်။ လက်သီးကိုဆုပ်၍ အိမ်ဖက်သို့ ပြန်၍ လှည့်လာသော် ကလေးသည် တဝဲဝဲနှင့် ငို၍နေပြန် လေ၏။ ငိုသံကား ဘာရယ်ဟု
မပီသသော်လည်း ဘထွန်းစိတ်တွင် ''အမေရေ” ဟု ခေါ်၍ ငိုသလို ထင်မိသဖြင့်
''တယ်လေ၊ အမေ တနေ၊ လိုက်သွား နှင့်အမေ ဖာသည်မနောက်ကို”
ဟု မြည်တမ်း မိသော်လည်း သူ့ လက်ကား အလိုအလျောက် ကလေးကို ကောက်၍ ချီမိပြီးသား ဖြစ်လေ၏။
စိုနေအောင် ၀သော ကလေးသည် ငိုထားသဖြင့် အသားများ ပူနွေးနီကျန်ကာ
ဖောင်းနေအောင် ဝသော ပေါင်ကလေး နှစ်လုံးကြားရှိ ရွှေပန်းကလေးသည် တို၍ ဝင်နေ လေ၏။ လက်ပေါ်သို့ ရောက်လျှင် ကလေးသည် ခေါင်းကို ဘယ်ငဲ့ ညာငဲ့ လုပ်လျက် နှုတ်ခမ်းကလေး နှစ်ခုသည် တလှုပ်လှုပ်ဖြင့် တစုံတခုကို ရှာ၍ နေသကဲ့သို့ ထင်ရလေ၏။
''ဒီဟာလဲ ဒင့်သားပါပဲ။ ကဲပါကွာ၊ တိတ်စမ်းပါ မင်းကလေးက။ မင့် ငါတောင်းပန် ပါတယ်''
ဟု ပြောပြီး ကလေးနဖူးနှင့် သူ့နဖူးနှင့် ထိ၍ ထားလေ၏။ ကလေးသည် ပါးစပ်ကလေး တလှုပ်လှုပ်နှင့် ရှာမြဲရှာလျက် ခေါင်းကလေး ညိတ်ချည်၊ လက်ကလေး ရမ်းချည်နှင့် အဖေ့လက်ထဲတွင် ပျော်မြူးနေသလို ထင်ရလေသည်။ ဘထွန်းသည် ကလေးကို ပခုံးပေါ်သို့ မှောက်လိုက်ပြီး ဘာလုပ်ရမည်ကို မဝေခွဲနိုင် သကဲ့သို့ ကလေးနောက်ဘက်တွင် အနှီးစားထားသော အဖြူရစ်ကလေးကိုကြည့်၍
နေ၏။
ထို့နောက် အိတ်ထဲတွင်ထည့်လာသော နို့မုန့်ချောင်းထုပ်ကလေးထဲမှ တချောင်း ယူ၍ ပါးစပ်ထဲတွင် ဝါးလေသည်။ ညက်သော် လက်ဖြင့်ယူ၍ ကလေးအား ပခုံးပေါ်မှ လှန်ပြီး ခွံ့ လေ၏။ ကလေးသည် ဝါးဖတ်ကို နို့စို့သလို စားလေရာ ပါးစပ်ဝတွင် ဝါးဖတ်အချို့မှာ ထွက်ချည်ဝင်ချည်နှင့် ဖြစ်၍နေလေ၏။
''စားလိုက်၊ ငါ့သား စားလိုက်။ မင့်အမေကတော့ ခွေးမို့ ခွေးကျင့်ကျင့်သွားတာ။ ခွေးမဟုတ်ပါဘူးလေ။ တိရစၧာန်ခွေးတောင် ကိုယ့်သားသမီးကို ပစ်ခဲ့ရိုး ထုံးစံ မရှိပါဘူး။ တိတ်တိတ်။ ဖေဖေ မင့်ကို မပစ်ခဲ့ပါဘူး''
ဤအကြိမ်သည် ပထမ အကြိမ်အဖြစ်နှင့် မိမိကိုယ်ကို ဖေဖေဟု ထည့်၍ပြောလိုက်ရာ ဘထွန်း၏ စိတ်တွင် သူ့ပါးစပ်က ထွက်မိသော “ဖေဖေ” ဟူသည့် အသံကို ပြန်၍ကြားသဖြင့် တုန်လှုပ် ချောက်ချား၍ ကြောရိုးထဲတွင် စိမ့်သွားသလို ထင်လိုက်မိသည်။ နို့ချောင်းများ ကုန်သောအခါ ကလေးသည် မုန့်ချောင်းအာဟာရထက် ဖခင်၏ တံတွေးကြောင့်
ကျေနပ်နှစ်သိမ့်သလို အငိုတိတ်၍ ကြည်ကြည်ရွှင်ရွှင် ဖြစ်လာပြန်လေသည်။
ဘထွန်းသည် ကလေးကို အဝတ်တခုဖြင့် မတတ်တတတ် ထွေးပြီးနောက် ပွေ့ချီ၍ အိမ်ထဲမှ ထွက်ခဲ့လေ၏။ ဘထွန်းသည် ပထမသော် ဘယ်ကို သွားရမည်ကို မသိဘဲ ဤကလေးအားလည်း မည်သို့ စီရင်ရမည်ကို မဝေခွဲနိုင်အောင် ရှိလေ၏။
နောက်မှ လမ်းတကာတွင် ကလေးချီ၍ လျှောက်နေမည့်အစား အသိမိတ်ဆွေများ ရှိရာဖက်သို့ သွားရသော် အကြံဉာဏ်ရနိုးနိုး စိတ်သက်သာနိုးနိုး အောက်မေ့မိသဖြင့် အနောက်ပိုင်းတွင် ဖဲဒိုင်အစဉ်ခံနေသော ကိုမိုးတို့ဘက်သို့ ဦးလှည့်ခဲ့လေ၏။ ကိုမိုးသည် ဘထွန်းအားလှမ်း၍ “ဘာတွေတုံးဟ''
ဟု မေးစဉ် ကိုမိုး မိန်းမ မကျော့သည် အိမ်တွင်းမှ ထွက်လာ၍ လက်ဝါး ကလေးဖြန့်ကာ လှုပ်ရမ်းနေသော ကလေးလက်ကို မြင်သဖြင့် “ဟင် ကလေးလေး၊ မင့်သားလားကွယ့်” ဟု မေးရင်း တောင်းချီလိုက်လေသည်။ “အမယ်လေး ချစ်စရာကလေး။ ဝလိုက်တာ။ ငါ့ပေးပါ တော့ကွယ်” ဟု ပြောရင်း ဖောင်းကြွနေသော ပါးစုန့်ကလေးကို တရှုပ်ရှုပ်နမ်း၍ အားမရနိုင်ဘဲ သူ့ နှာခေါင်းကို ပါးပေါ်တွင်မြှုပ်၍ လှိမ့်ခါနမ်း၍နေလေ၏။ မကျော့သည် နမ်း၍ ဝသော် အထက်သို့ မြှောက်၍ ချီပြီး တဖန် ရွှေပန်းကလေးနှင့် သူ့နဖူးထိ၍ ဒီဒီ ကစားသလို လုပ်လိုက်၊ ခုန်တော့မလို ဖြစ်လိုက်နှင့် ချစ်၍ မဆုံးဖြစ်နေပုံကို ဘထွန်းသည် အကြောင်သားငေး၍ ကြည့်နေလေ၏။
ကိုမိုးက ဘထွန်းသို့ လှမ်း၍
“ကလေး အမေကကော”
ဟု မေးရာ
“လင်ငယ်နောက် လိုက်သွားတယ်။ ဖလား တလုံးလဲ ပါသွားလေရဲ့”
ဟု မပြောချင် ပြောချင်ပြောပြီး မိမိရှေ့ရေးပြဿနာ၏ အဖြေကိုသာ စဉ်းစား၍နေလေ၏။
“အင်း အကောင်းသားပဲကွ။ ဒါက မင့်မိန်းမ မင့်ကို ချွတ်ထားခဲ့တာပါကွ။ သူခိုးဘထွန်းကို အာယား ဘထွန်းဖြစ်အောင် လုပ်ခဲ့တာပေါ့”
“အသာနေစမ်းပါဗျာ။ ဘာချွတ်ရမှာတုံး။ သနေ္ဓက ပါလာတဲ့ သူခိုးဘထွန်းပဲ”
ကလေးကို မကျော့လက်မှ ပြန်၍ယူပြီးနောက် ကိုမိုးအိမ်မှ ထွက်ခဲ့လေ၏။ လမ်းပေါ်တွင် တွေ့သမျှလူအပေါင်းက မိမိအား သရော်ပြောင်လှောင်လိုသော မျက်နှာထားနှင့် ကြည့်လိုက်ကြသည်ဟု ထင်လေ၏။ တခါတရံ သူ့ မိန်းမ ဖွားသင်နှင့် ငတင်တို့သည် ကလူကျီစယ်နေရာမှ သားထမ်း၍ လမ်းလျှောက် နေသော သူ့ အား တအိမ်အိမ်၏ အတွင်းမှ လက်ညှိုးထိုး၍ သရော်သလို နေကြမည်ထင်သဖြင့် ဝဲယာ အိမ်များအတွင်းသို့ လှည့်၍ စူးစူးစိုက်စိုက် ကြည့်လိုက်မိသည်။
ဤကဲ့သို့ မှတ်ထင်မိလျှင် မိမိချီ၍ထားသေ ကလေးကိုပင် မစင်ထုပ်ကို ကိုင်လာရသလို ရွံရှာ၍ လွှတ်ပစ်ချင်စိတ်များ ပေါ်ပေါက်၍လာလေ၏။ ဦးတည့်ရာ ထွက်ခဲ့သော ခြေလှမ်းသည် မြို့အစွန်ဆီသို့ ရောက်မှန်းမသိ ရောက်၍ လာလေ၏။ ဇရပ်ကလေးတခုကို မြင်သဖြင့် ဘထွန်းသည် ဇရပ်ဆီသို့ မှန်း၍ သွားလေ၏။ ထိုဇရပ်သို့ ဝင်ခြင်းမဟုတ်ပေ။ ဘာကို လုပ်ရမည်ကို မသိသဖြင့် ယောင်ရမ်း၍ ဝင်သွားခြင်း ဖြစ်လေသည်။
ဇရပ်ပေါ်သို့ရောက်သော် လက်မှကလေးကို ပေါင်ပေါ်တွင် တင်၍ထားပြီး ငုံ့ကြည့် နေလေ၏။ ကလေးသည် လက်သည်းကလေးကို စုတ်၍ စဉ်းစားတွေးတော နေသကဲ့သို့ ဘထွန်းအား စိုက်၍ကြည့်နေလေ၏။ ထိုအတွင်း ပေါင်ကြားမှ နွေးကနဲ ဖြစ်သဖြင့် ဘာပါလိမ့်ဟု စမ်းလိုက်ရာ ကလေးသေးပေါက်ချမှန်း သိရလေ၏။
ဤကလေးကို ဘယ်သို့ စီရင်ပေးရမည်နည်း ဟူသော ကိစ္စသည် ခရီးဝေးဝေးကို စူးစူးစိုက်စိုက် လှမ်း၍ကြည့်လေ ကွဲပြားစွာ မမြင်ရလေဖြစ်သကဲ့သို့ သူ့ဦးနှောက် သည် ရှုပ်သည်ထက် ရှုပ်၍နေလေ၏။ တောထဲ ပစ်ထားလိုက်ရင်တော့ အေးတာပဲ ဟု တွေးမိသော ခဏ၌ “ငါ့သားကလေးပါလား” ဟူသော သတိရချက်သည် ရင်ထဲ၌ နင့်ကနဲ ဖြစ်သွားလေ၏။ ငါနဲ့မွေးထားရင် ငါ့သွေးကလေးပဲဟု
တောင်မသိမြောက်မသိ ရှိသေးသော လူမမယ်ကလေးကို သနားစိတ်သည် တဖွားဖွား ပေါ်၍လာလေ၏။ ခွန်အားခြင်းမျှတသော ရန်သူကို နိုင်သလိုနှိပ်စက် ရာ၌ ဝန်မလေးသော်လည်း သေးငယ်သော သတ္တဝါ အပေါ်တွင် လူ့စိတ်သည် အနိုင်ကျင့်ရာ၌ ဝန်လေးသလို မိမိ၏ ရှစ်လသားကလေးကို ထင်သလို မလုပ်ရက်ပေ။ မ၍ချီပြီး လက်မောင်းပေါ်တွင် ကိုယ်နှင့်ထိနိုင်သမျှ ထိအောင်ပွေ့၍ ထားလိုက်သောအခါ ကလေးသည် သူ့ ပုံပန်းနှင့်မခြားတူသည်ဟု အောက်မေ့ သဖြင့်ဝမ်းမြောက် ခြင်းသည် တကိုယ်လုံး ပူနွေး၍သွားသည်ဟု မှတ်ထင်ရလေ၏။
''မင်း ငါ့သားပဲမဟုတ်လား၊ ဟင် အေး။ ငါကပဲ မွေးတာပဲ။ ငါ့သားပေါ့။ မင့်အမေကတော့ သားနဲ့လင်ပစ်ပြီး လင်ငယ် နောက်လိုက်တယ်။ ငါခိုးလာတဲ့ ဖလားလဲ လင်ငယ်ဖို့ ယူသွားတယ်။ ကောင်းတယ်ကွာ။ အားကြီးပေါ့ ။ မင်းကော အမေ့သောက်ကျင့် လိုက်မှာပဲလား''
ဘထွန်းစိတ်သည် ချာချာလည်၍ ဇရပ်ခါးပန်း ကို မှီ၍ရပ်နေသော ခြေထောက်အောက်က မြေကြီးသည် ချိုင့်၍ဝင်သွားသည် ထင်သဖြင့် ကိုင်၍ဟန်သလို လုပ်လိုက်လေ၏။ ထိုနောက် ဆတ်ခနဲ မတ်တတ် ရပ်ပြီးနောက် ချောင်းကမ်းပါးဆီသို့ လျှောက်၍သွားပြီး သစ်ပင်ရင်း ချောက် ကမ်းပါးထိပ်တွင် ကလေးကိုသိပ်၍ ပစ်ခဲ့လေ၏။ သစ်ပင်ကွယ်မှ နေ၍ ကလေး ဘာလုပ်နေသလဲဟု ချောင်းကြည့်ရာ ခြေနှစ်ချောင်းကိုထောင်၍ လက်ကလေး မြှောက်၍ ကလေးသည် မညီညွတ်သော မြေကြီးကြောင့် နာ၍လားမသိ ကျယ်လောင်စွာ ငိုလေ၏။
ရုတ်တရက် အငိုရပ်ပြီးသော် ခေါင်းကို ဘထွန်းဖက်သို့ ငဲ့ပြီး ငြိမ်နေပြန်လေသည်။ ငိုသဖြင့် မော၍သွားသော ရင်ကလေးသည် နိမ့်ချည်မြင့်ချည်နှင့် ဖြစ်၍နေလေ သည်။
သစ်ပင်တပင်မှ တပင်သို့ ကူးပြောင်း၍လှည့်ကာ ကြည့်သွားသော ဘထွန်းသည် အတန်ကြာသော် အတော်ဝေးသွား၍ ကလေးကို လုံးဝ မမြင်တော့ပေ။ ထိုအခါ ခြေလှမ်းမှန်မှန်မှ ကဆုန်ချ၍ ပြေးလေ၏။ သို့ ပြေးစဉ်တွင် သူ့နား၌ ကလေး ငိုသံသည် ဝင်၍လာ၏။ ဤအကြိမ်တွင်ကား စိတ်ကကြားသည့်အသံဖြစ်၍ ဝေးအောင်ပြေးလေ ဆိတ်ဖို့ဝေးစွ တိုး၍ကျယ်လေ ဖြစ်လေ၏။
ချောင်းကမ်းပါးကနေပြီး လိမ့်ကျလေမလား တွေးမိသဖြင့် သူ့ခေါင်းသည် မိုက်ခနဲ ဖြစ်၍ သွား၏။ လည်၍နေသော ဒလက်ကို တုတ်လျှို၍ ပစ်လိုက်သလို ဘယ်ပြီး ညာလှမ်းနေသော ခြေနှစ်ချောင်းသည် တုံ့၍ရပ်သွားလေ၏။ ပြေးသဖြင့် ဆတ်ဆတ်ခုန်နေသော နှလုံးသည် စက်ပျက်သွားသလို အလှုပ်ရပ်၍ သွားသည်ဟု ထင်လိုက်ရ၏။ သို့ သော် ဟယ် ဟု ဆို၍ ဆက်ပြေး ပြန်လေ၏။ ဤအကြိမ် ခြေလှမ်းတို့ကား ယခင်ကဲ့သို့ သွက်လက်တော့သည် မဟုတ်။ အထူးဝီရိယစိုက်၍ တလှမ်းပြီးတလှမ်း ရုပ်သိမ်းရသလို လေး၍နေလေ၏။ သို့ဖြစ်၍ ရပ်တန့်ပြီးသော် နောက်သို့ လာလမ်းအတိုင်း ပြန်၍ပြေးပြန်လေ၏။ ဘထွန်း သိပ်၍ထားခဲ့သော သစ်ပင် ရင်းတွင် ကလေးသည် တအာအာနှင့် ငို၍နေလေ၏။ ကလေးကို လျင်မြန်စွာ ကောက်ချီ၍ အားရပါးရ နမ်းပြီးသော် “တိတ်ပါသားရယ်၊ အဖေနဲ့ အိမ်ပြန်ကြ တာပေါ့”ဟု ဆိုလိုက်လေသတည်း။
ကြီးပွားရေး၊ တွဲ ၆၊ မှတ် ၁၀၊ စက်တင်ဘာ ၁၉၃၈၊ ၂၅-၂၇
('မြမဉ္ဇူ' ကလောင်အမည်ဖြင့် ဖော်ပြခဲ့သော ပင်ကိုရေးဝတၳုဖြစ်ပါသည်။)
'လူထုအမေ ဒေါ်အမာ' ပီဒီအက်ဖ်ကနေ စာရိုက်ထားပါတယ်။
Photo - Google.
စလေ ငနော့
