Tuesday, April 14, 2020

ချစ်စရာကောင်းတဲ့ လူငယ်တွေ ၅


•••••••••••••••••••••••••••••••••••

အောင်သင်း

ချစ်စရာကောင်းတဲ့ လူငယ်တွေအကြောင်းကို ရေးလာခဲ့တာ ၅ ပတ် ရှိသွားပြီ။ ငါတွေ့ရတဲ့၊ ကြုံရတဲ့ လူငယ် တွေဟာ တကယ့်ကို ချစ်စရာမကောင်းပေဘူးလား။ ငါ့ကို ငွေကြေးဝတၴုပစ္စည်းတွေနဲ့ လာပြီးကန်တော့တာထက် ဝမ်းသာတာ၊ ကျေးဇူးတင်တာလည်း အမှန်ပါပဲ။ ဒါပေမယ့် ငါပြောလိုက်၊ ဆိုလိုက်၊ သတိပေးလိုက်တဲ့ စကားတွေ ကြောင့် သူတို့မှာ ဘဝအသိအမြင်၊ လောကအသိအမြင် ပြောင်းလဲပြီး တိုးတက်ကြီးမြင့်လာရတဲ့အကြောင်း ကြားရတာတွေကတော့ ငါ့မှာ နားဝင်ချိုမိတာအမှန်ပါပဲ။ ဒီလိုအဖြစ်မျိုးတွေကို ကြုံရ၊ တွေ့ရတာ မကြာခဏဆိုပါစို့။ အိမ်ကို ကိုယ်တိုင်လာရောက်ပြီး စကားလက်ဆောင်၊ ပစ္စည်းလက်ဆောင် ကန်တော့ကြ တာတွေလည်း ရှိသလို၊ တယ်လီဖုန်းနဲ့ ရပ်ဝေးက စကားလက်ဆောင် ကန်တော့ ကြတာတွေလည်း အများကြီးပါပဲ။
အခုလည်း အားလုံးသော လူငယ်တွေကို စကားလက်ဆောင် ပေးလိုက်ချင်ပါသေးတယ်။

လူငယ်ဆိုတာဟာ များသောအားဖြင့် တက်ကြွတယ်၊ ထက်သန်တယ်၊ အခက်အခဲကို ရင်ဆိုင်ချင်တယ်၊ စွန့်လွှတ်စွန့်စား လုပ်ချင်ကြတယ်။ အဲဒီလို လူငယ်တွေရဲ့ စွမ်းရည်ကို အသုံးချခဲ့တာ နိုင်ငံရေးသမိုင်းကြောင်းတစ်လျှောက်မှာ မကြာခဏ တွေ့ရတယ်။

မကြာသေးမီက တောခိုကျောင်းသားလူငယ်တွေရဲ့ ဘဝဇာတ်ကြောင်း၊ ဒုက္ခဇာတ်ကြောင်းတွေကို ပြန်ပြောင်း ရေးသား ထုတ်ဝေလိုက်တဲ့ စာအုပ်သုံးလေးအုပ်ကို ဖတ်လိုက်ရတယ်။ ကချင်ပြည်နယ်ရောက် တောတွင်း ပုန်ကန် ကျောင်းသား တို့ရဲ့ တွေ့ကြုံရတဲ့ အဖြစ်ဆိုးတွေကို တင်ပြ ထားတာပါ။ သူတို့ဟာ သူတို့ရဲ့ ယုံကြည်ချက်ကြောင့် အရေးအခင်းကာလအတွင်း လှုပ်ရှားခဲ့ကြတယ်။ အရေးအခင်းတွေ ပြီးသွားတော့ နိုင်ငံတော်အစိုးရက ဖမ်းဆီး အရေးယူမှာကို ကြောက်ကြပြန်တယ်။ ဒါကြောင့် တောခိုကြတယ်။ ကချင်ပြည်နယ်ဘက်ကို တောခိုသွားတဲ့ လူငယ်တွေမှာ ဒုက္ခရောက်ကြပုံ အလုံးစုံကို ပြန်လည်ဖော်ထုတ် ရေးသားလိုက်တဲ့ စာအုပ်တွေ ဖြစ်ပါတယ်။

ငါ့မှာလေ အဲဒီစာအုပ်တွေဖတ်ပြီး ကြေကွဲလို့ မဆုံးဘူး။ ဖြစ်မှဖြစ်ရလေလို့ စုတ်သပ်ပြီး ယူကြုံးမရ အကြိမ်ကြိမ် ဖြစ်ခဲ့မိပါတယ်။ မင်းတို့ကို ပြောလိုက်ချင်တာက နိုင်ငံရေးမှာ အောင်မြင်ချင်ရင် လူငယ်တွေကို စည်းရုံးကြရတာပဲ။ နိုင်ငံရေးမှ မဟုတ်ပါဘူးလေ။ ကုန်ပစ္စည်း တီထွင်ရောင်းဝယ်မှုမှာလည်း လူငယ်ထု ယောက်ျားလေး၊ မိန်း ကလေးတွေက စိတ်ဝင်စားအောင်၊ ဂရုစိုက်လာအောင် အားထုတ်ကြတာပါပဲ။ အနုပညာလောကမှာလည်း ဂီတ၊ ရုပ်ရှင် စတာတွေမှာ လူငယ်ထု ကြိုက်လာအောင် ကြိုးစား ကြစမြဲပါပဲ။ အဲဒီလိုပဲ နိုင်ငံရေးခေါင်းဆောင်အဖြစ် အာဏာလိုချင်သူတွေဟာလည်း လူငယ်ထုကို စည်းရုံးသိမ်း သွင်းကြတာပါပဲ။ ဘာကြောင့်လဲဆိုတော့ လူငယ်ဟူသမျှ မှာ စွန့်လွှတ်စွန့်စား ကျော်လွှားအောင်မြင်ချင်တဲ့စိတ် ကိုယ်စီရှိနေကြတယ် မဟုတ်လား။

အဲဒီမှာ ဗဟုသုတအခြေခံ နည်းပါးသော၊ စာပေ အတွေ့အကြုံခေါင်းပါးသော လူငယ်တွေဟာ အာဏာမက်သော လူတစ်ယောက် ရဲ့ သို့မဟုတ် လူတစ်စုရဲ့ အသုံးခံဘဝကို ရောက်သွားတတ်ကြတယ်။ ဒါကြောင့် လူငယ်တွေဟာ စာပေအတွေ့အကြုံ၊ စာပေဘက် ကို လေ့ လာဆင်ခြင်မှုကို အားသွန်ခွန်စိုက် လေ့လာသင့်တယ်လို့ အကြံပြု လိုက်ရပါတယ်။

လူငယ်တို့အတွက် ပွဲကြီးပွဲကောင်း

မင်းတို့သိကြတဲ့အတိုင်း ငါတို့တိုင်းပြည်ကြီးက စစ်အာဏာရှင်အုပ်ချုပ်ရေးကနေပြီး ဒီမိုကရေစီအုပ်ချုပ်ရေးကို အရှိန်အဟုန်ပြင်းပြင်းနဲ့ ကမ်ဘာသိလူသိရှင်ကြား ချီတက်နေပြီ။ အရှေ့၊ အနောက် ကမ်ဘာနှစ်ခြမ်းလုံးကလည်း ဝိုင်းဝန်း ချီးကျူးပြီး အသိ အမှတ်ပြုနေကြ တယ်။ စစ်အာဏာရှင်စနစ် လွှမ်းမိုးပြီး သတ်ကြဖြတ်ကြ လုပ်နေကြ တဲ့ နိုင်ငံတချို့ကတောင် သေနတ်တွေ ခဏချထားပြီး မြန်မာပြည်ကို လှမ်းလို့အကဲခတ်နေကြပြီ။ ငါတို့ ရဲ့ ခေါင်းဆောင်တွေကလည်း ဒီမိုကရေစီစနစ်ရဲ့ လက္ခဏာအတိုင်း လွတ်လပ်စွာ ပြောဆိုရေးသားခွင့်တွေကို အတတ်နိုင်ဆုံး လိုက်လျော ခွင့်ပြုနေကြပြီ။ ဒီတော့ကာ ငါတို့ တိုင်းပြည်မှာ ဒီမိုကရေစီစနစ်ကြီး ပီပီပြင်ပြင် ပေါ်ပေါက်လာတော့မှာ မလွဲမုချပဲလို့ မှန်းဆယုံကြည်နိုင် ပါပြီ။

ဒီမိုကရေစီနှင့် အာဏာရှင်

ဒီမိုကရေစီနဲ့ အာဏာရှင် စနစ်ဆိုတာ လုံးဝဆန့်ကျင်နေတဲ့ စနစ်ကြီးနှစ်ခုပဲ။ ဒီမိုကရေစီရဲ့ ရန် သူဟာ အာဏာရှင်စနစ်ဖြစ်သလို အာဏာရှင်စနစ်ရဲ့ရန်သူဟာလည်း ဒီမိုကရေစီပဲ။ ဒီမိုကရေစီဝါဒသမားတွေဟာ အာဏာရှင်စနစ်ကို ဆန့်ကျင်သလို အာဏာရှင်ဝါဒီ (ဝါ) အာဏာကို အပိုင်စီးထားလိုသူတို့ကလည်း ဒီမိုကရေစီသမား တွေကို အပြတ်နှိမ်နင်းပစ်လေ့ရှိကြတယ်။ ဒါဟာ ကမ်ဘာ့သမိုင်းကြီး တစ်လျှောက်မှာ ဖြစ်ပေါ် တွေ့ကြုံ ခဲ့ရတဲ့ သဘာဝတရားကြီးပဲ။

တွေ့ရတော့မည့် အခင်းအကျင်း

ငါ မှန်းဆမြင်ယောင်တာတွေ ကို တင်ပြလိုက်ချင်သေးတယ်။ အခုလက်ရှိ အစိုးရသက်တမ်းကုန် သွားရင် ဒီမိုကရေစီနိုင်ငံတော် ကြီး ဖြစ်ပြီ။ အဲဒီအချိန်ကျရင် ဒီမိုကရေစီရဲ့ လွတ်လပ်ခွင့်ကိုယူပြီး အဖွဲ့အစည်းအမျိုးမျိုး၊ ပါတီအမျိုး မျိုး၊ မူဝါဒအမျိုးမျိုး ပေါ်ထွက်လာမှာ သေချာတယ်။ ပမာအားဖြင့် ဒီမိုကရေစီကိုပဲ ပြည်သူ့ဒီမိုကရေ စီ၊ ဗြဟ္မစိုရ်ဒီမိုကရေစီ၊ ငြိမ်းချမ်းသောဒီမိုကရေစီ၊ တိုးတက် ဒီမိုကရေစီ စသည်အားဖြင့် ဒီမိုကရေစီ အမျိုးမျိုး ပေါ်လာနိုင်တယ်။ အဲဒီလိုပဲ လူထုပါတီ၊ ပြည်သူ့ပါတီ၊ သစ္စာလူငယ် စသည် စသည်အားဖြင့် အဖွဲ့အသင်း အယူဝါဒမျိုးစုံကို ကြွေးကြော်ပြီး လူငယ်တွေကို စည်းရုံးသွေးဆောင်လာကြလိမ့်မယ်။ အဲဒီအခါကျရင် မင်းတို့တစ်တွေလည်း အဲဒီအသင်းအဖွဲ့တွေရဲ့ ကြော်ငြာစာတမ်းတွေ၊ စည်းရုံးမှုတွေကို သေချာဖတ်ကြရတော့မယ်။ စဉ်းစားကြရတော့မယ်။ မင်းက အဲဒီအဖွဲ့အစည်းတစ်ခုထဲကို ကတိပေး လက်မှတ်ထိုး ဝင်လိုက်ပြီ ဆိုပါတော့။ မင်း အဲဒီအဖွဲ့အစည်းရဲ့ ဆုံးဖြတ်ချက်အတိုင်း လိုက်နာ လှုပ်ရှားရတော့မယ်။ အဖွဲ့အစည်း အသီးသီးက မိမိတို့ရဲ့ ဝါဒသဘောတရား၊ လမ်းစဉ် စသည်တို့ကို တင်ပြပြီး အထွေထွေရွေးကောက်ပွဲကြီးမှာ မဲပုံးစိုက်ကြလိမ့်မယ်။ ပြည်သူလူထုက သူတို့ပါတီကို မဲဆန္ဒပေးအောင် ဘာတွေလုပ်မယ်၊ ဘာတွေစီမံထားပါတယ် စသည်အားဖြင့် အာဘောင်အာရင်းသန်သန်နဲ့ ကြွေးကြော်အော်ဟစ်ကြလိမ့်မယ်။

အဲဒီလို စည်းရုံးချိန်မှာ မင်း တို့လူငယ်တွေ အထူးအလေးပေး ပြီး စည်းရုံးသိမ်းသွင်းဖို့ ကြိုးစားကြလိမ့်မယ်။ မင်းတို့လူငယ်တွေ ဘာလုပ်ကြမလဲ၊ ဘယ်ပါတီထဲကို ဝင်မလဲ၊ ဘယ်အဖွဲ့အစည်းကို ထောက်ခံမလဲ၊ အဲဒီပါတီတွေ အဖွဲ့အစည်းတွေ အားလုံးကတော့ ရွေးကောက်ပွဲမှာ ဆန္ဒမဲအများဆုံးရပြီး အာဏာပိုင်အဖွဲ့အစည်း (ဝါ) အစိုးရအာဏာရှင် ဖြစ်လာချင်တာ အသေအချာပဲ။ ဒီလိုအခါမျိုးမှာ မင်း ဘယ်သူ့ကို မဲပေးမလဲ၊ ဘယ်ပါတီကို ထောက်ခံမလဲ၊ ဘယ်အဖွဲ့အစည်းမှာ ပါဝင်လှုပ်ရှားမလဲ ဆိုတဲ့ ပြဿနာတွေ မင်းရင်ဆိုင်ရပြီ။

မင်း ဘယ်လိုဆုံးဖြတ်မလဲ၊ မင်းရဲ့ ကိုယ်ကျိုး အသက်မွေးဝမ်းကျောင်း လုပ်ငန်းရဲ့ အကျိုး၊ မင်း ရပ်ရွာအကျိုး စသည် စသည် အားဖြင့် စဉ်းစားလာရပြီ။ ဒီတော့ မင်းလည်း မလွှဲမရှောင်သာ ပါတီသဘောတရားတွေ၊ ဝါဒသဘောတရားတွေကို လေ့လာရပြီ။ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို ဦးဆောင်နေတဲ့ ခေါင်းဆောင်တွေရဲ့ ကိုယ်ရေးသမိုင်း စာရိတ္တ စတာတွေကို လေ့လာရပြန်ပြီ။

နိဂုံးစကား

နိဂုံးအဖြစ် ပြောချင်တာကတော့ မင်းတို့လူငယ်တွေဟာ မကြာခင်ကာလ အတောအတွင်းမှာ အဖွဲ့အသီးသီး၊ ပါတီအမျိုးမျိုးတို့ရဲ့ ဟောသံပြောသံများကို ကြားရလိမ့်မယ်။ ကြေညာစာတမ်းမျိုးစုံကို ဖတ်ကြရလိမ့်မယ်။ ဘယ်ဒင်းကို ရွေးမလဲ၊ ဘယ်သူ့ ကို ပေးမလဲဆိုတာတွေကို ဆုံးဖြတ်ဖို့ ကြိုတင် လေ့လာထားပါလေတော့လို့ ပြောလိုက်ချင်မိပါ တယ်။

အောင်သင်း

Copied from Sayaraungthin Wordpress. Thanks to the site.

စလေ ငနော့