Tuesday, April 14, 2020

သပြုသီး


••••••••••••••

ကုသ

ကော့ဂလဲရွာ ရွာသူကြီး ဦးသာဗျော၏ အိမ်ရှေ့တွင် အောက်ပါ ကြော်ငြာကို တွေ့ရပေ၏။

“သက်ဃယစ် ၁၂၉၄ ဂု၊ သိဒင်းဂျွတ်လဗြိနေ့ဒွင်၊  ပေါ်လော်မူ ဘုရားပွဲဒေါ် လက်ခွေ့ပွဲ၊ ပထမဆု ရွှေဓင်းဃားမတ်ပျား၊ ဓုတြဆု ငွေ ၅ ဂျပ်၊
တဒိယဆု ပဝါဒပိုင်း၊ ကွဲအယှုန်း၊ ကျောက် အယှုန်း၊ လိမ်ထိုးရင် သဗြုသီးမျို့ဥုပ်နဲ့  ဘုန်းဂျီးဥူးပညာ ရိုက်မယ်၊ အရက်မသောက်ရ၊  သဋိထား လာဂျပါဗျို့”

ထိုကြော်ငြာသည်ကား အတော်ပင် ခရီးရောက်ခဲ့ပေ၏။ ကော့ဂလဲ ရွာရှိ ခွန်အားနှင့် ပြည့်စုံသူတို့ ကောင်းစားဖို့ အခွင့်အခါကြီးပေတည်း။ ဘိုးဝန်းကြီးကား ပထမဆုရရန် အထူးရိုးရင်း နှလုံးသွင်းခဲ့သည့်အတိုင်း၊ ဆုရပါက မိမိဇနီး မငွေဒုတ်အား ဇာဘော်လီတစ်ထည်နှင့် တရုတ်ဖဲလုံချည်တစ်ထည် ဝယ်ပေးမည့်အပြင်၊ မိမိသား သျှောင်ကြီးဗွေ အဖို့လည်း နှစ်ထပ်ဦးထုပ်တစ်လုံး ဝယ်ပေးရန် အထူးအားသန်လျက် ရှိပေ၏။ ကြော်ငြာမြင်ကတည်းက ဘိုးဝန်းကြီးသည် မိမိမယား မငွေဒုတ်နှင့် အတူတူ မအိပ်တော့သဖြင့် လင်မယား ခဏခဏ ရန်ဖြစ်၏။

ဆယ်အိမ်ခေါင်း မောင်လူမဲ၏ညီ မောင်လူနက်ကား လက်သီးပြင်းစေရန် နေ့စဉ်ကျင့်နေ၏။ ဝါးဘိုးလုံး ခပ်ရွယ်ရွယ်ကို တစ်ချက်ထိုးသည်နှင့် ကွဲစေနိုင်၏။ သုဿန်နေ သူတောင်းစား တဲပုပ်များမှ ဝါးတိုင်များကို တစ်ချက်ထိုးလျှင် တဲပြို၏။ တစ်နေ့သွားလျှင် သုံးတဲခန့် ပြိုခဲ့ရာ သူတောင်းစားများနှင့် ရန်ဖြစ်ခဲ့ရသောကြောင့် အိမ်ရောက်သောအခါ ဆန်လာတောင်းသော သူတောင်းစားကို တွေ့လျှင် နာရင်းပိတ်လွှတ်လေ့ ရှိ၏။

ဘိုးဒွေးကြီး လေ့ကျင့်ပုံက ဆန်းလှ၏။ နွားသင်းများတွေ့လျှင် နံရိုးကျိုးအောင် ထိုးလေ့ရှိ၏။ နွားသိုးဆိုလျှင် အနားမျှမကပ်၊ ခပ်ကွာကွာမှ ရှောင်သွားလေ့ရှိ၏။ တစ်ခါသော် နွားသိုးကို နွားသင်း ထင်မိ၍ ထိုးရာ နွားကန်သဖြင့် ပေါင်စုတ်သွားလေ၏။ အနာပျောက်သော် နွားသင်းလေးကောင်ကို ထိုးရာ နွားများ နံရိုးကျိုးသဖြင့် နွားရှင်နှင့် စကားများခဲ့ရ၏။ နွားကို ထိုး၍ အားမရသေးသဖြင့် တစ်ခါ၌ ကျွဲကိုထိုးရာ ကျွဲလိုက်ဝှေ့၍ လုံချည်ချွတ်ပြေးမှ ချမ်းသာရာရလေတော့၏။

မောင်မဲ၏ တပည့် ခွေးနီကြီးကား  နာမည်နှင့်လိုက်အောင် လေ့ကျင့်နေ၏။ ခွေးမြင်သမျှ ရင်ဘတ်ကို ထိုး၏။ တစ်ချက်ထိုးသော် ခွေးတစ်ကောင် လဲ၏။ နံနက်စောစောတွင် မုန့်စိမ်းပေါင်း ၂-ပြားဖိုး ဝယ်၍ ရွာထဲတွင် လမ်းလျှောက်လေ့ရှိ၏။ ခွေးတွေ့လျှင် မုန့်ကိုပြ၍ အနီးသို့ လာလျှင် ဖောက်ခနဲ ထိုးသော် ခွေလဲ၍သေ၏။ သို့ဖြစ်၍ ခွေးရှင်များ တရားစွဲရာ လျော်ငွေမကြာမကြာ ​ပေးဆောင်ရ၏။ ဤသို့နှင်နှင်ဖြစ်ရကား ခွေးနီကြီး လမ်းလျှောက်လျှင် ဓာတ်သိသော ခွေးမှန်သမျှ ဟောင်ပြေးကြသည်သာ၊ ခွေးနီးကြီးကြောင့် မုန့်စိမ်းပေါင်းသည် မယ်ပုမှာလည်း မကြာမကြာ ခွေးကိုက်ခံရချေ၏။ တစ်ခါသော် ခွေးတစ်အုပ်ကို မြင်သဖြင့် အလစ်တွင် ဝင်ထိုးရာ ခွေး ၅-ကောင်လဲသော်လည်း ကျန်ခွေးများ ဝိုင်းကိုက်ရကား ပေါင်နှင့်ခြေသလုံး စုတ်သွားသောကြောင့် တစ်လခန့် မထနိုင်ဖြစ်ခဲ့ဘိ၏။

မြင်းပိုင်ရှင်ယောက်ဖ ဘိုးနွားကြီးကား ဂေါ်ရင်ဂျီကုလားကို တွေ့လျှင် ရန်စ၍ ကုလားက ပြန်ပြောလျှင် ချက်ချင်း ဘုကမ်းလေ့ရှိ၏။ တစ်ချက်ဘုကမ်းလျှင် ကုလား ကွဲသဖြင့် များစွာအားတက်မိ၏။ နောင်သော် ဘိုးနွားကြီး ရှိရာအရပ်တွင် ဂေါ်ရင်ဂျီကုလား တစ်ယောက်မျှ မတွေ့တော့ချေ။

လှည်းနှင့် နွားပိုင်ရှင် မောင်ကုလားကြီးကား အားသန်လိုသဖြင့် ဆန်အိတ်ကို အလကားသယ်ပေးရာ ကူလီကုလားတွေ စားပေါက်ပိတ်သဖြင့် ငိုယိုကြ၏။ မကြာမကြာလည်း ဆိတ်မတွေကို ဖမ်းပြီးလျှင် ပိန္နဲရွက်ကျွေး၍ နို့ညှစ်ကာ သောက်လေ့ရှိ၏။

ဘိုးသာခွေးကား အစားကိုသာ ရွေးချယ်၍ စားနေတော့၏။ မယားနှင့် ခွဲပြီး တောထဲတွင် ၅-ရက် တစ်ကိုယ်တည်း နေ၏။ ထိုအတွင်း
ပုတ်သင်နှင့် ကင်းလိပ်ကို ရိုက်၍ အစိမ်းစား၏။ လင်းမြွေနှင့် အိမ်မြှောင်ကို မျောက်သွေးဖြင့် စိမ်ပြီးလျှင် သောက်၏။ မြွေပွေးဆိုလျှင် ရိုက်၍
အမြီးကိုသာ စား၏။ ၆-ရက်မြောက်သော နေ့တွင် တောထဲမှ အိမ်သို့ပြန်လာရာ အလွန်ဝလာကာ သူ၏ခွေး မမှတ်မိဘဲ ဟောင်ပြေး၏။ သူ၏ မယားကား သူမရှိစဉ် လင်နောက်လိုက်ပြေးလေတော့သတည်း။

သီတင်းကျွတ်လပြည့်နေ့သော် လက်ဝှေ့ရုံတွင် လူကျပ်နေဘိ၏။ လက်ဝှေ့ရုံအဝင်တွင် (ဝင်ဂျပါ၊ သေအောင်ထိုးကြပါဗျို့) ဟူသော
စာတမ်းကြီးကို ဆွဲထားလေ၏။ ရုံဝင်ခမှာ လူကြီး ၂-ပဲ၊ ကလေး ခုနစ်ပြား ဖြစ်၏။ လက်မှတ်ကား စက္ကူလက်မှတ်မဟုတ်၊ အပေါက်သုံးပေါက် ​ဖောက်ထားသော သံဖြူပြားငယ်ဖြစ်လေ၏။ လက်ဝှေ့ရုံမှာ ကျူထရံကာပြီးလျှင် ထန်းရွက်မိုးထားလေ၏။ ကျူထရံမှာ ၃-ဖက်သာ ကာပြီးလျှင် တစ်ဖက်၌ကား ဟာလာဟင်းလင်း ဖွင့်ထားလေ၏။ ပိုက်ဆံမပေးနိုင်သော သူတို့ကား ဖွင့်ထားသော နေရာဘက်က မြေပေါ်တွင် ထိုင်ကြည့်ရ၏။ မကြာမကြာ
ငှက်ပျောရိုးဖြင့် အရိုက်ခံရ၏။ ရုံထဲတွင် ရာဝင်ရေအိုးကြီးတစ်လုံး ရေအပြည့် ထည့်ထား၏။ အိုးပေါ်၌ (ဆယ်အိမ်ခေါင်း ယောက္ခမ ဦးခွေးကြောင် ကောင်းမှု၊ နတ်၊ လူ၊ တိရစၧာန် သာဒုခေါ်စေသော်) ဟု ထုံးဖြင့်
ရေးထား၏။

မကြာမီ သပြုသီးမြို့အုပ် မောင်မြင့်ဘေသည် ရွာသူကြီး၊ ဆယ်အိမ်ခေါင်း ကျေးရွာလူကြီး
၄-ဦးတို့နှင့် လက်ဝှေ့ရုံအတွင်းသို့ ရွှေစကြာ
ဖြန့်မြန်းတော်မူလာ၏။ မောင်မြင့်ဘေကား လူပိန်ပိန်၊ အသားမည်းမည်း၊ ရွှေမျက်မှန် တပ်ထား၏။ ဦးခေါင်းမှာကား ၃-ထောင့် ပုံသဏ္ဌာန် တြိဂံကဲ့သို့ ရှိ၏။ မောင်မြင့်ဘေကို အတော်လန့်ကြ၏။ အကြောင်းကား
ပွဲရုံသို့ ဝင်လာစဉ် ခါး၌ ဓားမြှောင်တစ်လက် ထိုးထား၏။ ဗိုက်တည့်တည့်တွင် ခြောက်လုံးပြူးသေနတ်ကို ထိုးထားပြီးလျှင်၊ လက်ယာပခုံးတွင် နှစ်လုံးပြူးသေနတ်၊ လက်ဝဲပခုံးတွင် ရိုင်ဖယ်သေနတ်ကို ထမ်း၍ လာသည်ကို တွေ့သောကြောင့်တည်း။ အချို့က
“ဒီမြို့အုပ်ဟာ သပြုသီးသာ ဆိုတယ်
သေနတ် ၃-လက်တောင် ရတယ်၊ ပိန္နဲသီးမြို့အုပ်လောက်ဖြစ်ရင် သေနတ်
၁၀-လက်လောက် ရမှာပဲ”

ဟု တီးတိုးပြောကြ၏။

သပြုသီးမြို့အုပ်နှင့် အတူပါလာသူကား ပွေးထူဆိုသူ လက်ဝှေ့သမားပင်တည်း။ တစ်ကိုယ်လုံးတွင် အပ်ချစရာမရှိအောင် ပွေးတွေ ပြည့်နှက်နေရကား ကူးမည်စိုးသဖြင့် ယှဉ်ပြိုင်သတ်ဖက် မပေါ်သည်သာ များချေရာ သပြုသီးမြို့အုပ်က မိမိဩဇာဖြင့် ယခင့်ယခင်က အပွဲပွဲတွင် ပွေးထူကိုသာ အနိုင်ပေးခဲ့၏။ နိုင်သည်အခါ အိမ်အပြန်တွင် ရွှေဒင်္ဂါးကို မိမိယူ၍ ပွေးထူကို ငွေနှစ်ကျပ်သာ ပေးလေ့ရှိ၏။ တယ်တော်တဲ့မြို့အုပ်။

လက်ဝှေ့ပွဲ နီးပြီဖြစ်ရကား လက်ဝှေ့သတ်သမား အများပင် ထွက်လာကြ၏၊ ၎င်းတို့၏ အမည်များကာ ဆန်းလှပေ၏။ ခြငေ်္သ့မောင်၊
တောက်တဲ့ညို၊ ကနီနဲသံပုန်း၊ ဆာမလာဝေ၊  တောတောင်စွယ်၊ သမ်ဘူလ၊ ဝေလငါး၊ ကိုးတောင်ကျား၊ မြင်းကျားကြီး၊ ခွေးဘီလူး၊ လန်ဒန်ဇာဝီ၊ ဂေါ်ရာနီ၊ ဘိုးသူတော်၊ ခိုဟီနူး၊  မြွေဟောက်၊ ဒေါင်းကျီးကန်း၊ လယ်ပဒူ၊
သံတူရွင်း၊ ပိုးဟပ်ဖြူ စသည်ဖြင့် မြန်မာ၊ တရုတ်၊ ကုလား၊ ကရင် ရောပြွမ်းလျက် ရှိတော့၏၊ လက်ဝှေ့ရေးပြနေကြစဉ် အချို့မှာ ခွေးလိုအူ၊ ကြက်လိုတွန်၊ ကြောင်လိုအော်၊ ကျားလိုဟိန်း၊ စက်သငေ်္ဘာလိုမြည်နှင့် ဆူညံလျက်
ရှိကြတော့၏။

သပြုသီးမြို့အုပ်က ထပြီးလျှင်...

“ဟေ့... ဒီပွဲမှာ မင်းတို့ ​ကောင်းကောင်း ထိုးရမယ်၊ လိမ်ထိုးရင်တော့ ထောင်ချမယ်၊ ငါ့ကို မြို့အုပ်အနုံစားလို့ မအောက်မေ့ကြနဲ့ သိလား၊ ဆရာစံ ထတုန်းက ငါ ရိုင်ဖယ်နဲ့ ပစ်လိုက်တာ အရှိန်ပြင်းတာနဲ့ ရှမ်းနယ်ကို လွင့်သွားလို့ ဆရာစံကို ရှမ်းနယ်မှာ ဖမ်းမိတာ၊ ငါ့ ခြောက်လုံးပြူးဟာ ယီးတီးယားတား ဆီးသီးနွားစား မဟုတ်ဘူး၊ ဆင်ကို ပစ်ရင် ဟိုဘက်ဒီဘက် ပေါက်သွားနိုင်တယ်၊ ဒါဟာ ကိုင်ဇာဘုရင်ကိုင်တဲ့ ခြောက်လုံးပြူးကွ၊ ငါ့ကို
တော်မှန်းသိလို့ လေယာဉ်ပျံနဲ့ လာပေးတာ မကြာခင်ပဲ ငါအိမ်ရှေ့မင်းသား ဖြစ်တော့မယ်”

စသည်ဖြင့် မိမိကိုယ်ကိုမိမိ သိဒ္ဓိတင်လေရာ ရွာသားများ အလွန် လန့်ကြလေ၏။ အချို့က

“အရှင်ဘုရား အိမ်ရှေ့မင်းဖြစ်ရင် တပည့်တော်ကို ရွာသူကြီးခန့်ပါဘုရား”

ဟု မကြားတကြား နားတော်လျှောက်ကြရာ
မြို့အုပ်က “အောရိုက်... အော်ရိုက်” ဟု ပြန်ဆိုလေ၏။

လက်ဝှေ့ ပွဲ စချိန်ကျသောအခါ မြို့အုပ်သည် ခြောက်လုံးပြူး ၆-ချက် ​ဖောက်ပြီးလျှင် ပုလိပ်ခရာကို မှတ်လေ၏။ ဆိုင်းဆရာ ကိုဘုံ၏
ဘက်သားတစ်စုတို့သည် ရှေးဦးစွာ ထူးမခြားနား သီချင်းခန့်ကြီးဖြင့် အသုံးတော်ခံကြလေ၏။ ပြီးသည်နှင့်တစ်ပြိုင်နက် လက်ဝှေ့ရေးပြရန် လက်ဝှေ့ကျော်များ ထလာကြလေ၏။ ၎င်းတို့၏ ရင်နှင့် ကျောကုန်းတွင် ရေးထားသော အင်းများ၊ ဂါထာများနှင့် အရုပ်များမှာ လွန်စွာ ဆန်းကြယ်လှသဖြင့် မှတ်သားဖွယ် ကောင်းပေတော့သည်။

ဘိုးခွေးကြီး၏ ရင်၌ကား “ခွေးတပိဿာ၊ ကြောင်တရာ၊ ပြာတာနခမ်းမွေး၊ ခွေးနာပြေး၊ ပြေးဆရာပြေး” ဟူသတည်း။ ကျော၌ကား
“မောင်ကြီးပန်ချာဘီ၊ ခလေးခဏချီစမ်းပါ၊ ကျမခါနာခေါက်ချင်ဘီ၊ ဝမ်းထဲကဘလောင်ဆန်၊ အီးပျော်ပွဲခံ၊ ခံဆရာခံ” ဟူသတည်း။ လက်မောင်းတွင်ကား ဝတ်လစ်စလစ်နှင့် အင်္ဂလိပ်မတစ်ယောက် ဆေးပေါ့လိပ်ကိုင်နေဟန်၊ ၎င်းအထက်တွင် “အေဘီစီဒီ မဂျီးသီး အောဒိုက်” ဟု ရေးသားထား၏။

ဘိုးအောင်ကျော်၏ ကျော၌ကား “ဝါကရင် ကရင်နီ၊ ဇော်ဂျီ လင်မယား နတ်ကယ်လေး၊ ရာဂင်းစောင့်တဲ့ ဘိုးအောင်ကျော်၊ ထိုဟဲ့နော်၊
ထိုးထိုးခွပ်” ဟူသတည်း။ ရင်၌ကား ကြောင်တစ်ကောင်၏ပုံ။

ဘိုးဝန်ကြီး ကျော၌ကား ခွေးနှင့်ဆင် နပန်းလုံးနေဟန်၊ ရင်၌ကား ခြေသုံးချောင်းရှိ အင်္ဂလိပ်မတစ်ယောက်ကို ပန်ချာပီတစ်ယောက်
နမ်းရှုံ့နေဟန်၊ အောက်၌ကား “ဥုံနမနထီး ဝုဝုခွီး၊ ခီးဆရားခီး၊ ဝမ်းဘော” ဟူသတည်း။

မောင်လူနက်၏ ကျော၌ကား ဘိုးသူတော် စိန်ကတုံးက ကနေဟန်နှင့် “ထျန်တာတေးဆင်" ဟူသော စာတမ်း။ သို့သော် “ထျန်” ရေးရာတွင် ယပင့်ကို ထဆင်ထူးအလယ်တွင် ထားဘိ၏။ ရင်၌ကား "အုံဟရီ ဆိတ်တခု၊ တရုတ်ကိုးဆယ်၊ လူနတ်ထိုးလဟယ်၊ ဖောက်ဖောက်ဖတ်”
ဟူသတည်း။

ဘိုးဒွေး၏ ကျော၌ကား ခြေငါးချောင်း ရှိသော မြွေတစ်ကောင်၏ ပုံနှင့် ၎င်းအထက်တွင် “ဘူရိဓာတ်မင်း စောင်းကြိုးတင်း” ဟူသတည်း။
၎င်း၏ ရင်၌ကား ချိုနှစ်ချောင်းရှိသော နတ်တစ်ပါး၏ ပုံကို ခွေးသုံးကောင်
ရှိခိုးနေဟန်နှင့် “သာစွ၊ သာစွ၊ ခွေးဘာဝ၊ ဝုဝုလပြောင်” ဟူသောစာတမ်း။

ဘိုးနီ၏ ကျော၌ကား “ဒု-သ-န-သိုး” ဟူသော စာတမ်း။ ရင်၌ကား ခွေနှင့်ကြောင်စုံတွဲ တွဲ၍ ကနေဟန်။ ၎င်းအောက်တွင် “မောင့်ဆိတ်ကြောင့်၊ မဏေနိုင်၊ ငွေမြိုင်ဒုတ်နဲ့ထိုးထိုး” ဟူသောစာတမ်း။

ဦးစွာ ငပုထွက်လာလေ၏။ နီသောပါးစပ်ကြီးကို ဟပြီးလျှင်

“ကြီးသူရှောင်၊ ငယ်သူဖယ်၊ အရွယ်တူ ထွက်ခဲ့ဟေ့...၊ အထက်မှာလဲ ဒါဝဒိ ံ၊ ကလားမှာလဲ၊ ကလားဒိန်၊ လူမှာလဲ၊ ငပုတဲ့ကွ... တစ်ပုထဲ ရှိတယ်”

ဟုဆိုကာ မင်းသာကနှင့် လက်ဝှေ့ရေး ပြနေလေ၏။ ပွဲကြည့်သူ အပေါင်းက “ဒီအကောင်တော်တော် ကဗျာဉာဏ်ရှိတယ်၊ ဦးပုညနဲ့ တူတယ်” ဟု ပြောကြ၏။

သို့ ချီးကျူးသံကြား၍ ငကျွဲက မခံချင်သဖြင့် ထလာပြီးလျှင်

“မဲဇာတောင်ခြေ၊ စီးထွေထွေငကျွဲတဲ့နော်၊ အကွဲဆော်မယ်”

ဟု အော်ကာ မျောက်ဘိုးစိန် ကျွမ်းပစ်သလို ပစ်ရာ၊ ဇက်နှင့်ကျသဖြင့် မေ့နေရကား
ထမ်း၍ထုတ်သွားရလေ၏။ တစ်ပွဲလုံး ရယ်ကုန်ကြဘိ၏။

မကြာမီ တောက်တဲ့ညို ကင်းမြီးကောက်ထောင်ကာ ထလာလေတော့၏။
“အမြဲထိုးမဲ့ ဝမ်းဘဲမျိုး ကျွန်တော်တောက်တဲ့ညို၊  ဥဿဖရှိရင် ထွက်ခဲ့ဟေ့၊ ဆံပင်ကို ကွဲအောင် ထိုးမယ် အဝေး”

ဟုအော်ရာ တစ်ပွဲလုံး ဩဘာသံကြီး ဆူညံသွားလေ၏။

ထီမူမူခေါ် ကရင်ထွက်လာပြန်လေ၏။

“ဆဒ္ဒန်လူကွဲ့နော်၊ နင်တို့ကို သတ်ဖို့လာတာ၊ သားဒစ်ရှိရင် ထွက်ခဲ့၊ ငါ့လက်သီးမာ နင်တို့ အသက် ဖက်နဲ့ထုတ်ထားကြဟေ့ ဝူးဝူး”

ဟုဆိုကာ လက်ခမောင်းခတ်လေ၏။

ပဉ္စမဖြူကလေး ထွက်လာပြန်လေ၏။

“သရက်ပင်ဖျား၊ ကျွဲလင်မယား၊  အသည်းကင်ထား၊ ဖဲပြင်စားမယ့် ကျွန်တော်ဖြူကလေးကွဲ့နော်၊ ငယ်ငယ်လေးရှိသေးတယ်၊ အပျိုတွေစွဲတဲ့ ရွှေကရင်ကွဲ့၊ သားဒစ်ရှိရင်ထွက်၊ နင်တို့ကိုယ်ထဲက ပိန္နဲရွက်ကို ကွဲအောင်ထိုးမယ်”

ဟုဆိုကာ မင်းသားဟန်နှင့် ကလေရာ တစ်ပွဲလုံး ဩဘာပေးကြလေ၏။

နောက်ဆုံး ပွေးထူထလာလေ၏။ မြင်ရသူတိုင်း ကိုယ်တွင် ယားယံသလို ဖြစ်လာကြ၏။

“တောင်ကိုးလုံးပေါ်မှာ ခေါင်ရည်သောက်တဲ့
ကျွန်တော်မောင်ပွေးထူကွဲ့နော်၊ ဗြဟ္မဒတ္တမင်းဆီက ရတဲ့ပွေးကွဲ့၊ ပွေးစလို့
လူလှတဲ့ အကောင်က့ွဲ၊ ရွှေကျီးညိုလာရင် ဒေါသနဲ့ အပြစ်တင်မယ့် အကောင်ကွဲ့နော်၊ ဗာလာနံအပိုရှိရင် ထွက်ခဲ့”

ဟု အော်ကာ ကလေ၏။ ပွေးကူးမည်စိုးသဖြင့် ထိုးဘက်မပေါ်ကြချေ။

ရှေးဦးစွာ ဘိုးဒွေးကြီးနှင့် ထီမူမူကို တွဲပေးပြီးလျှင် ထိုးစေ၏။ ဆိုင်းစသည်နှင့် တစ်ပြိုင်နက် ထိုသူနှစ်ဦးတို့သည် လက်ခမောင်း ဗြောင်ခနဲ ခတ်ကာ တစ်ဦးဆီသို့ တစ်ဦး ချဉ်းကပ်လာကြလေ၏။ ရောက်လုနီးတွင်
လက်တား၍ ကိုယ်ကို သုံးပတ်စီ လှည့်ရင်း ဖနောင့်နှင့် မြေကြီးကို သုံးချက်စီ ​ပေါက်ပြီးသော် ခြေဖဝါးမှမြေမှုန်ကို လက်ဖြင့်သပ်ကာ ပခုံး
အထက်သို့ မြှောက်ကြလေ၏။ ဘိုးဒွေးကြီးကား အလစ်တွင် ဆေးတုံးကို ဝါးလိုက်လေ၏။ သို့မှ နှစ်ဦး ထိုးကြလေတော့၏။ ထီမူမူက ဘိုးဒွေးကြီးကို အလစ်တွင် ဒူးနှင့် ​ပြေးတိုက်၏။ သတိကောင်းသော ဘိုးဒွေးကြီးသည် ဒူးကို
တံတောင်ဆစ်နှင့် ဆောင့်လိုက်ရာ ထီမူမူ ဒူးနာသွားလေတော့၏။ သို့သော်
ခပ်ရှက်ရှက်နှင့် ထီမူမူက လျှာထုတ်ပြ၏။ လက်မြန်သော ဘိုးဒွေးကြီးက လျှာကို ဖမ်းထိုးရာ ထိမှန်သွားလေ၏။ လက်သီးအတော် ပြင်းသဖြင့် လျှာသည် သွားနှင့်ထိပြီးလျှင် ကွဲသွားလေ၏။ သွေးများ ထွက်လာသဖြင့် ထီမူမူ အရှုံးပေးရလေ၏၊ ပွဲကြည့် သူအများ သဘောကျ ရကား “ဘိုးဒွေးကွဲ့နော်” ဟု ဩဘာပေးကြ၏။ ဘုန်းတော်ကြီး ဦးဓမ္မမှာ လွန်စွာမှ ပီတိဖြစ်ရကား “အတိသုန္ဒရ” ဟု ရင့်ကျူးတော်မူပြီးလျှင် အလှူအိမ်မှ
ရခဲ့သော ငှက်ပျောသီးတစ်ဖီးကို ပစ်ချပေး၏၊ ခပ်မောမောနှင့် ဘိုးဒွေးကြီးဟပ်ရာ ချက်ချင်းကုန်လေတော့၏။ သူကြီးဦးသာဗျောက မိမိရွာမှ နိုင်သည်ဖြစ်၍ အထူဝမ်းမြောက်လေ၏။

ထီမူမူတို့ဘက်မှ ရှုံးသည်ကို မခံချင်ရကား ထီမူမူ၏ဆရာ 'မယ်အော်လော်ထော်' က  ဘိုးဒွေးကြီးနှင့် ထိုးလိုသဖြင့် လက်ဝှေ့ရေး ထပြရာ မခံချင်သော ဘိုးဒွေးကြီးသည် သဘောတူလိုက်လေ၏။ ဤတစ်ကြိမ်တွင် ဦးသုန္ဒရ ပစ်ချပေးသော လက်ဖွဲ့ကိုငုံ၍ ထိုး၏။ သို့သော် အလစ်တွင် မယ်အော်လော်ထော် တွယ်လိုက်ရာ နှာခေါင်းသွေးထွက်သဖြင့် အရှုံးပေးလိုက်ရလေ၏။ ချက်ချင်းပင် သမားတော်များ ပေါ်လာကြတော့၏။
တစ်ယောက်တစ်ကြိမ်စီ မန်းမှုတ်၍ တံတွေးနှင့် မျက်နှာကိုချည်း ထွေးကြ၏။ ဘိုးဒွေးကြီးမှာ မျက်နှာတစ်ခုလုံးတွင် တံတွေးတွေ ပြည့်ကပ်လျက် ရှိသော်လည်း သွေးမရပ်လေရကား ရှက်ရှက်နှင့် ရုံပြင်သို့ ထွက်သွားရာ မပေါ်လာတော့ချေ။ ချက်ချင်းပင် ထီမူမူတို့ဘက်မှ ဆူညံသွားလေတော့၏။ သူကြီးဦးသာဗျောမှာကား မိမိရွာမှ ရှုံးသဖြင့် ရှက်စနိုးဖြစ်ကာ ထီမူမူဘက်ကို တွယ်ရန် အခါကို စောင့်နေ၏။ မကြာမီ အကြံရသဖြင့်
ငှက်ပျောလက် သုံးလက်ပူးကိုင်ပြီးလျှင် “ဝိုင်းချဲကြဟေ့” ဟုအော်ကာ
ထီမူမူတို့လူစုကို အတွင်သာရိုက်လေ၏။ သို့မှ လူတွေ ရှဲသွားကြလေ၏။ တယ်လည်း နိုင်ကြပါပေ။

၎င်းနောက် လေးပွဲ ထိုး​စေရာ အတော်ကြည့်ကောင်းပေ၏။ တစ်ပွဲတွင် လိမ်ထိုးသည်ကို မိသဖြင့် ဦးသုန္ဒရ လေးလုံးပြူး ကြိမ်လုံးကြီးနှင့် ရိုက်ရာ “ကြောက်ပါပြီဘုရား” ဟု အော်ရ၏။ ထိုမျှမကသေး သပြုသီး
မြို့အုပ်က

“ဟေ့အကောင် မင်းတို့လိမ်ထိုးတယ်၊ မင်းတို့ကို ငါ ၁၀၉ လုပ်ရလိမ့်မယ်”

ဟု ကြိမ်းရာ

“တစ်ရာ့ကိုး မလုပ်ပါနဲ့ဘုရား၊ တစ်ရာ့ကိုးဟာ ဘူကျနေတယ်၊ တရာ့ရှစ်လုပ်ချင်လုပ်ပါ”

ဟု တစ်ယောက်က ပြန်ပြောသဖြင့်
အလွန်ရှက်ရကား ခြောက်လုံးပြူးနှင့် ချိန်ပြီးလျှင် ပါးနှစ်ချက် ရိုက်လိုက်လေရာ မချိမဆန့် ခံရရှာလေ၏။ လူတွေ အတော်လန့်သွားလေ၏။ အရိုက်ခံရသော ဘိုးဝကြီးကား ဘယ်ကျေနိုင်မတုံး။

“ကဲ... ကဲ အလံပွဲတိုက်မယ်၊ လုချင်တဲ့လူတွေ ထွက်လာ”

ဟု မြို့အုပ်မင်း ရင့်ကျူးတော်မူလေရာ လူနက်၊ ခွေးနီနှင့် ပွေးထူတို့ ထလာကြလေ၏။ ပွေးထူက ရှေးဦးစွာ လက်ခမောင်းခတ်ပြီးလျှင် ကျွမ်း
ပစ်လေ၏။

“ဟေ့... အနော်ရထာမင်းကို နွားခွေ့တာ ငါပဲကွ၊ ဥဿဖ ရှိရင် လာခဲ့”

ဟု အော်ကာ ကြိမ်းလေ၏။ လူနက်နှင့် ခွေးနီကြီးကား ပွေးထူကိုကြည့်ရင်း ယားလာကြ၏။ ဆုငွေကို လိုချင်ရကား လူနက်သည် ထိုးရန် အရဲစွန့်လိုက်လေတော့၏။ စ၍ထိုးသည်နှင့် တစ်ပြိုင်နက် ပွေးထူ ဝင်၍
ဖက်လေ၏။ တစ်ချီအပြီးတွင် တစ်ကိုယ်လုံး ယားယံလာသဖြင့်

“အရှင်ဘုရား ဒီအကောင်ကို ထိုးဖို့ အခွင့်မပြုပါနဲ့။ ဒီအကောင်ကို ကပ်မိတာနဲ့
ယားတာပဲ၊ ဒီအကောင်ဟာ ငွေယားနဲ့ တူပါတယ်ဗျာ”

ဟု အော်၏။ မြို့အုပ်က

“ဒင်ပလယ်ဒီဖူး... ယဘက်ဂါး”

ဟု ဆဲသဖြင့် ထိုင်လိုက်ရ၏။ နောက်တစ်ချီ ခွေးနီကြီးနှင့်သတ်ရာ မပြီးမီပင် ယားသဖြင့် ခွေးနီကြီး ပြေးရလေတော့၏။ မြို့အုပ်ကိုတိုင်ရာ ရှေးနည်းတူ အဆဲခံရလေ၏။ သပြုသီးမြို့အုပ်ကား ပြုံးတော်မူလျက်ရှိ၏။ ၎င်းနောက်

“ထိုးဖက် မရှိတော့ဘူးလား ပွေးထူကို အနိုင်ပေးရတော့မယ်”

ဟု မိန့်ခွန်းတော် ချွေရာ ပွဲကြည့်သူအများက

“အရှင်ဘုရား... ဒီလိုလုပ်တာ မတရားဘူး၊
ပွေးထူကို အနိုင်မပေးသင့်”

ဟု အော်ကြ၏။ မြို့အုပ်က

“ဟေ့... မင်းတို့တောသားတွေ ဘာမှပြန်မပြောနဲ့၊ တောသားလည်းဆိုသေးရဲ့ ဘာမှ မသိကြဘူး၊ မင်းတို့ကို ငါ အကုန်လုံးရိုက်ရမလား”

ဟု ကြိမ်းမှ တိတ်ကုန်ဘိ၏။

ထိုအတွင်းဝယ် ဘိုးဝန်းကြီးသည် အပြင်ထွက်၍ ပါးစပ်ထဲတွင် ဆားငုံကာ ပြန်လာခဲ့၏။ မခံချင်သောကြောင့် ပွေးထူနှင့် သတ်ရာ ရှေးနည်းအတိုင်း ပွေးထူသည် ပူးကပ်လာ၏။ ပွေးထူမျက်နှာတည့်တည့်ကို ဆားရည်ဖြင့် ထွေးရာ စပ်သဖြင့် မျက်စိကိုပွတ်နေစဉ် မျက်ခွက်ကို သုံးချက်ထိုးရာ ပွေးထူ ပစ်လဲလေတော့သတည်း။ တစ်ပွဲလုံး ဆူညံသွားပေတော့၏။ မြို့အုပ်မင်းက ခြောက်လုံးပြူးကိုကိုင်၍ ဘိုးဝန်းကြီးအား

“ဟေ့... မင်းမတရားဘူး၊ မင်းကို ပုဒ်မ ၆ဝဝဝ နဲ့ ထောင် ၉၉- နှစ်ချမယ်၊ လာခဲ့”

ဟုခေါ်လေ၏။ ထိုစဉ် တစ်ပွဲလုံး ဆူလာကြပြီးလျှင်

“ချဟေ့.. ဆော်ဟေ့... သပြုသီးကို ဆင်နင်းသရက်လုပ်လိုက်”

ဟု အော်ကြဘိ၏။

ထိုစဉ် ဘိုးဝန်းကြီးသည် မြေထဲတွင် တစ်ပိုင်းမြုပ်နေသော နွားချေးစိုကို တွေ့သဖြင့် ရုတ်တရက်ကောက်ယူပြီးလျှင် မြို့အုပ်မျက်ခွက်ကို ပစ်ရာ နွားချေးများ မျက်နှာတစ်ခုလုံး ဖုံးကပ်သွားလေ၏။ တစ်ပြိုင်နက်ပင်လျှင် နွားနံရိုးကျိုးအောင် ထိုးသော ဘိုးဒွေး၊ မြင်းပိုင်ရှင်ယောက်ဖ ဘိုးနွား၊ ကူလီငို ငကုလားနှင့် အောင်ဘု တို့သည် ပြေးဝင်လာကြပြီးလျှင် တစ်ချက်စီ တွယ်ရာ သပြုသီးမြို့အုပ် မြေဝယ် ပစ်လဲလေတော့သတည်း။ ဦးသာဗျောကား ပြေး၍ ဖနောင့်နှင့် သုံးချက်ပေါက်ပြီးလျှင်

“ငါ့ရွာမှာ စော်ကားတဲ့အကောင်၊ ချသာချဟေ့၊ ငါ့ကျွဲနှစ်ကောင်ရောင်းပြီး အမှုချေမယ်၊ သွား... လင်းတစာကျွေးလိုက်”

ဟု အော်ကာ အမိန့်ပေးလိုက်လေ၏။

ပွေးထူသည်ကား ရုတ်တရက် ပျောက်ကွယ်သွားလေတော့၏။
မကြာမီပင် သေနတ်ကိုယ်စီနှင့် ပုလိပ်ခုနစ်ယောက် လာကြလေရာ ရွာသားများ ပြေးလေတော့၏။ လက်ဝှေ့ရုံထဲတွင် မေ့မြောနေသော မြို့အုပ်ကို
ထမ်းစင်နှင့် ထမ်းယူသွားရလေ၏။

၇-ရက်ခန့်ကြာသော် မြို့အုပ် ဆေးရုံမှ ဆင်းလေ၏။ ကော့ဂလဲရွာ တစ်ရွာလုံး ဒဏ်ငွေ ၅၀ဝိ/- အရိုက်ခံရလေ၏။ သူကြီးဦးသာဗျာကား အလုပ်ပြုတ်သွားလေတော့၏။ သို့သော် အောက်ပါစာကို ရွာလယ် ဇရပ်ဘေးတွင် မီးသွေးဖြင့် ရေးချိုးထားသည်ကို မြင်သူတိုင်း မပြုံးဘဲ မနေနိုင်။

“လက်ဝှေ့ပွဲမှာတဲ့ ထိုးကြသနော်၊ သပြုသီးရယ်က၊ မတရီး
သူလုပ်တာကြောင့်၊ အဟုတ်နော် ထိပ်ကွမ်းစားတယ်၊ မှတ်ကရော့နွား၊
တဲ့နယ်တောင်”

ဟူသတည်း။

ကုသ

ကုသ၊ ဝဇီကိုင်နှင့် ဟာသဝတၳုတိုများ၊ စာမျက်နှာ ၇၅ - ၈၃။

စာရိုက် - စလေ ငနော့