Tuesday, April 14, 2020

အခြားသောမျက်နှာစာ

•••••••••••••••••••••••••

အောင်သင်း

ကျွန်တော့် ဆရာဘဝသက်တမ်းတစ်လျှောက်တွင် တပည့်များနှင့် ပတ်သက်သည့် ဇာတ်လမ်းကလေးများကြောင့် ပျော်ခဲ့ရသည်လည်း ရှိပါသည်။ ဝမ်းနည်းစိတ်ထိခိုက်ရသည့် အခါများလည်း ရှိသည်။ ကြည်နူးခဲ့ရသည့် အခါများလည်း ကြုံခဲ့ရသည်။ ထိုသို့သော အကြောင်းများကြောင့် မမေ့နိုင်ဘဲ မကြာခဏသတိရမိသူများတွင် အေးအေးနုတစ်ယောက် အပါအဝင်ဖြစ်ပါသည်။

နောက်ဆုံးနှစ်စာမေးပွဲ ဖြေပြီးကြသည့်အခါ အိမ်ပြန်ကြမည့် ကျောင်းသားကျောင်းသူတို့သည် ဆရာများထံသို့ လာ၍ နှုတ်ဆက်ကြ၊ ကန်တော့ကြလေ့ ရှိတတ်ပါသည်။

အေးအေးနုတစ်ယောက်ကတော့ အိမ်ကိုမပြန်သေးဘဲ သီရိဆောင်တွင် အတူနေရသည့် သူငယ်ချင်းတစ်ယောက်နှင့်အတူ ရှမ်းပြည်နယ်ဘက်သို့ အလည်အပတ်လိုက်သွားမည်ဟု သိရသည်။ ဤသည်မှာလည်း အဆန်းမဟုတ်လှပါ။ သည်လိုပဲ အပျင်းလည်းပြေ၊ ဒေသန္တရဗဟုသုတလည်း ရရှိသလို သွားကြမြဲ ဖြစ်ပါသည်။ ပြီးတော့ သူတို့သူငယ်ချင်းအချင်းချင်း နောက်တစ်ခါထပ်ပြီး ဆုံကြရန် မလွယ်တော့ပြီ ဖြစ်သောကြောင့် ရုတ်တရက် မခွဲချင်ကြသော သံယောဇဉ်ကလေးတွေကလည်း နှောင်ဖွဲ့ထားမိရက် ဖြစ်နေတတ်ကြပြန်သည်။

ဤသို့သောအခါမျိုးတွင် ပျော်ပျော်ပါးပါးရှိနေကြရိုး မှန်သော်လည်း အေးအေးနု၏ မျက်နှာက တယ်ပြီးမကောင်းလှ။ စိတ်က စနောင့်စနင်း ရှိသည်နှင့် မေးကြည့်တော့မှ -

အေးနုဖေဖေက အရာရှိတစ်ယောက် ဖြစ်သည်။ နယ်မြို့ဆိုတော့ တင့်တောင့်တင့်တယ် နေနိုင်သည်။ အေးနု (၁၂) နှစ်သမီးလောက်တွင် မိခင်ကွယ်လွန်သည်။ မိတဆိုးကလေးဆိုပြီး အေးနုကို အလွန် ချစ်ရှာသည်။ အလိုလည်း လိုက်သည်။ ခုဆိုရင်တော့ အေးနုအသက် (၂၂) နှစ် ရပြီ။ ဘွဲ့ရပြီဟုလည်း ဆိုနိုင်သည်။ ထိုအချိန်တွင်မှ အေးနု၏ ဖခင်က အိမ်ထောင်ပြုလိုက်သည်။ အေးနုအိမ်ပြန်လျှင် မိထွေးနှင့်အတူ နေရတော့မည်။ အေးနု ဝမ်းနည်းတာလား၊ ရှက်တာလား၊ ဖခင်ကို စိတ်ဆိုးတာလား၊ ဘယ်လိုပြောရမည်မသိ။ သူ သေချာသိနေသည်ကတော့ အိမ်မပြန်ချင်။ သူစိမ်းတဦးက မိခင်နေရာဝင်ယူနေသည်ကိုလည်း မကြည့်ချင်၊ မမြင်ချင်။

'အေးနု' ဟူသော နာမည်နှင့်လိုက်အောင် အေးအေးနုနုရှိလှသော သူ၏ မျက်နှာလေးမှာ ဖြူလျော် နွမ်းနယ်နေသည်။ တက္ကသိုလ်၏ သရဖူပါပဲဟု ဆိုလောက်အောင် ဝံ့ဝံ့စားစား ချောမောလှပသူ မဟုတ်သော်လည်း တစိမ့်စိမ့်ကြည့်လေမှ တငြိမ့်ငြိမ့် တိုးကာတိုးကာလှသည်ဟု ထင်လာရတတ်သော အလှမျိုးဖြစ်သည်။

သူက ကျွန်တော့်ကို ဘာမှဆက်မပြောတော့ဘဲ စားပွဲပေါ်တွင် ချထားသော သော့တန်းလန်းနှင့် ကျွန်တော့်စာအုပ်ဗီရိုသော့ကိုသာ တချောက်ချောက်နှင့် ဖွင့်ချည်ပိတ်ချည်  လက်ကစားနေသည်။ သူ့မျက်လုံးက သော့ကို ကြည့်နေသော်လည်း သော့ကိုမြင်မည်မဟုတ်။ လက်က သော့ကို ကစားနေသော်လည်း စိတ်က တခြားမှာ ဖြစ်နေရှာပေလိမ့်မည်။

အတော်လေးကြာမှ ကျွန်တော်က -

"အေးနု - နင့်ကို လိုက်ကြတဲ့ ကောင်လေးတွေ အတော်များတယ်။ ငါ သိရသလောက် နင့်မှာ ရည်းစားမရှိဘူးနော်"

အေးနုက ကျွန်တော့်ကို တစ်ချက်မော့ကြည့်လိုက်၍ ခေါင်းရမ်းပြသည်။ ပြီးမှ မျက်နှာအောက်ချပြီး မျက်ရည်အသွယ်သွယ်ကျလာသည်။ သော့ခလောက်ကို ချပြီး လက်ကိုင်ပဝါကို ထုတ်၍ မျက်နှာကို အုပ်လျက် ကြိတ်ငိုနေသည်။

ကျွန်တော်က သူ့ဝေဒနာကို နားလည်စပြုလာပြီ။

"အင်းပေါ့လေ... ဖအေတစ်ခု သမီးတစ်ခု ဒီနှစ်ယောက်တည်းဆိုတော့ ချစ်စရာ ဒီဖအေပဲ  ရှိတယ်ဆိုပြီး ချစ်ရေးကိုတောင် မစဉ်းစားခဲ့ဘူးပေါ့"

ထိုအခါတွင်မှ သည်းသည်းထန်ထန် ရှိုက်ကာရှိုက်ကာ ငိုလာလျက် ကျွန်တော့်ကို မကြည့်ပဲ ခေါင်းကို သုံးခါလောက်ဆက်ပြီး ညိတ်ပြပါသည်။

"အင်း -အင်း - မင်းခံစားရတာကို ဆရာ နားလည်ပါတယ်"

သူငိုလို့ အားရလောက်သည်အထိအောင် ကျွန်တော်စောင့်နေပါသည်။

"ကဲ - ခဏလောက် အငိုတိတ်လိုက်ပါဦး။ စကားပြောကြဦးစို့။ အေးနုရဲ့ ဘဝကို စပ်စုတာ မဟုတ်ပါဘူး။ ဆရာ ‌မေးပါရစေဦး"

သူ့မျက်ရည်တွေကို ကြိုးစားပမ်းစား သုတ်လိုက်သည်။ ဆံပင်ကို သပ်ပြီး ခပ်တင်းတင်းလေး ဖြစ်သွားအောင် ပြင်စည်းလိုက်ပြီး ကျွန်တော့်ကို မော့ကြည့်လိုက်တော့ သူ့မျက်ခွံကလေးတွေက ရဲနေသည်။

"အေးနုဖေဖေ အသက်ကဘယ်လောက်ရှိပြီလဲ"

"လေးဆယ့်လေးနှစ်၊ လွန်ခဲ့တဲ့ ဇန်နဝါရီ (၅) ရက်နေ့က လေးဆယ့်သုံးနှစ် ပြည့်ခဲ့တယ်။ လေးဆယ့်လေးထဲမှာပေါ့"

သူ့ အသံတွင် ရှိုက်သံ ဝေ့နေဆဲ။

"မေမေ ဆုံးတာက ဘယ်လောက်ကြာပြီလဲ"

"ဆယ်နှစ် ကျော်ပြီ။ လာမယ့်နိုဝင်ဘာလဆိုရင် ဆယ့်တစ်နှစ်ပြည့်ပြီ။ အေးနု ဆယ့်နှစ်နှစ်သမီး ခြောက်တန်းထဲမှာ"

ပြောရင်း မျက်ရည်လည်လာသည်ကို သုတ်ပြန်သည်။

"အခု သူယူတဲ့ မိန်းမကို အေးနု သိသလား"

"သိပါတယ်"

"အရွယ်က ဘယ်လောက်ရှိပြီလဲ ငယ်ငယ်လေးလား"

"မငယ်ပါဘူး သုံးဆယ့်လေး၊ သုံးဆယ့်ငါးလောက် ရှိမယ်"

"တစ်ခုလပ်တို့၊ မုဆိုးမတို့လား"

"မဟုတ်ပါဘူး၊ အပျိုကြီးပါ"

"သူ့စရိုက်နဲ့ စိတ်နေသဘောထားက ညံ့သလား၊  လျှပ်ပေါ်လော်လည်တာမျိုး စသည်ဖြင့် အေးနု  မကြိုက်လောက်တဲ့ စရိုက်မျိုးတွေ ပါသလား"

"အဲဒီလိုတော့ မဟုတ်ပါဘူး။ ရိုးပါတယ်။ အေးနုတို့နဲ့လဲ ရင်းရင်းနှီးနှီးကြီး  မဟုတ်လှပေမယ့် သိကျွမ်းကြပါတယ်"

"အေးနုရဲ့ ဖေဖေမဟုတ်ဘဲနဲ့ တခြား အေးနုချစ်တဲ့ ဦးလေးတို့လို၊ အစ်ကိုကြီးတို့လို လူမျိုးနဲ့ဆိုရင် အေးနု သဘောတူနိုင်စရာ  ရှိသေးသလား"

အေးနု ဘာမျှမပြောဘဲ ငြိမ်နေပါသည်။

"ဆရာ နားလည်နိုင်ပါတယ်လေ။ အေးနုက  အမျိုးသမီးကို မနှစ်သက်တာ မဟုတ်ဘူး။ ဖေဖေ အိမ်ထောင်ပြုတာကိုသာ စိတ်ထိခိုက်နေတာပေါ့"

ဘာမျှ ပြန်မပြောဘဲ ငြိမ်နေပြန်သည်။

"အေးနုတို့မေမေ ဆုံးသွားစဉ်ကလည်း ငယ်ငယ်ရှိ‌နေသေးတာပဲ။ အဲဒီတုန်းကတော့ အိမ်ထောင်မပြုခဲ့ဘူး မဟုတ်လား အခု ဆယ်နှစ်ကျော်မှ..."

"ဟုတ်ပါတယ် ဆရာရယ်၊  ဆယ်နှစ်လောက်တောင် နေခဲ့ပြီးမှ ခုမှ မိန်းမယူရသေးသလား ဆိုတာကို..."

ဆက်မပြောတော့ပဲ ဒေါသကလေးနှင့် ငိုပြန်ပါသည်။ ကျွန်တော်ကလည်း ဘာမှမပြောသေးဘဲ သူ့အငိုစဲအောင် စောင့်နေလိုက်ပါသည်။ ပြီးမှ -

"အေးနု ဆယ်နှစ်လောက်တောင် နေခဲ့ပြီးမှ မိန်းမယူရသေးသလားလို့ စဉ်းစားတယ်နော်။  အိမ်ထောင်မပြုဘဲ ဆယ်နှစ်တောင် နေခဲ့ရှာသေးတယ်လို့ ပြင်ပြီး တခြား မျက်နှာစာက မစဉ်းစားနိုင်တော့ဘူးလား အေးနုရယ်"

ကျွန်တော် ဆက်မပြောဘဲ ရပ်ထားလိုက်ပါသည် အတော်လေးကြာမှ -

"အေးနုရယ် ဆရာ ပြောသလို နောက်အိမ်ထောင်မပြုဘဲ ဆယ်နှစ်တောင် နေခဲ့ရှာတယ်ရယ်လို့ မျက်နှာစာပြောင်းပြီး မတွေးချင်ဘူးလား ကလေးရယ်"

သူရော၊ ကျွန်တော်ရော ဘယ်သူမှ စကားမပြောမိဘဲ ငြိမ်နေကြပါသည်။ အတော်လေးကြာမှ ကျွန်တော်က -

"မေမေ ဆုံးစဉ်အခါက သူ့အသက်က ငယ်ငယ်ရှိသေးတာပဲ။ သူလိုလူမျိုးကို လက်ဆက်ချင်တဲ့ အမျိုးသမီးတွေ ဘာတွေ ရှိခဲ့မှာပေါ့၊၊ မကြုံခဲ့ဘူးလား"

အေးနုက ခဏမျှ တွေနေပြီးနောက် ခပ်လေးလေး -

"ရှိခဲ့ကြပါတယ်။ အေးနုတို့ မေမေဘက်က ဆွေမျိုးတွေကတောင် တခြား မတော်တရော်မိန်းမနဲ့ ရသွားမှာစိုးလို့ဆိုပြီး အိမ်ထောင်ပြုဖို့ သူတို့ သဘောတူကြတဲ့ အမျိုးသမီးတွေနဲ့ တီးခေါက်ကြည့်ပါသေးတယ်"

"သူက လက်မခံခဲ့ဘူး မဟုတ်လား။ ဘယ်မှာ လက်ခံပါ့မလဲ။ သူချစ်တဲ့ သမီးလေး အေးနုမှ လူလားမမြောက်သေးပဲကိုး။ သမီးလေး လူလားမြောက်အောင် ဘွဲ့ရအောင် သမီးလေး အဖေ့ကို နားလည်နိုင်သည်အထိ ရင့်ကျက်လာအောင် စောင့်နေခဲ့ရှာတာ ဖြစ်မှာပေါ့''

အေးနု ဘာမြှပန်မပြောဘဲ ငိုင်တွေတွေ ဖြစ်နေပါသည်။

"အေးနုဖေဖေက အသက် လေးဆယ့်လေးနှစ်ဆိုတော့ သူလဲ ငယ်ငယ်ပဲ ရှိပါသေးတယ်။ အေးနုအဖို့မှာတော့ ဖေဖေဟာ အသက်ကြီးလှပြီလို့ ထင်နေမှာ။ ဒီလိုပါပဲ ခြောက်တန်း၊ ခုနစ်တန်းလောက်က ကလေးတွေကဆိုရင် အေးနုတို့လိုအရွယ်မျိုးကို ဧရာမမိန်းမကြီးတွေလို့ ထင်ကြတာပဲ။ ဆရာလည်း အသက်ငါးဆယ်ကျော်ပြီ။ အေးနုတို့ ဖေဖေဟာ ဆရာ့အနေက လှမ်းကြည့်လိုက်တော့ ငယ်ရှာပါသေးတယ် ''

အေးနု ဘာမြှပန်မပြောပါ။

"အေးနုကိုကော လှမ်းပြီး  အိမ်ထောင်ပြုမယ့်အကြောင်း ပြောမပြဘူးလား''

"စာလှမ်းပြီး ရေးပါတယ်။ ဆရာ ပြောသလိုပါပဲ။ အေးနုငယ်သေးလို့ အိမ်ထောင်ရေးကို မစဉ်းစားခဲ့တဲ့အကြောင်း၊ ခုတော့ဖြင့် သမီးလဲ လူလားမြောက်လာတဲ့အပြင် သူ့မှာလဲ  နေမကောင်းထိုင်မသာ ဖြစ်တာကအစ ဆေးပေးမီးယူဆိုသလို အခက်ခဲတွေရှိတဲ့အကြောင်း''

"ဟုတ်တယ်... အေးနုရဲ့။ အေးနုကတော့ ကျောင်းမှာ သူငယ်ချင်းတွေ ဘာတွေနဲ့ ပျော်ပျော်ပါးပါး နေနိုင်ပေမယ့် သူ့မှာတော့ စားရသောက်ရတာကအစ ဖြစ်သလိုနေရတာ ဘယ်လောက်ကြာခဲ့ပြီလဲ။ ဆရာကတော့ အေးနုဖေဖေကို မမြင်ဘူးပေမယ့် လေးစားမိတာပဲ။ သူ့တာဝန်ကျေရှာသားပဲ။  အဲဒီလို ဖအေ့တာဝန်ကို နားမလည်တဲ့ ကျေပွန်အောင် မကြိုးစားချင်တဲ့ လူတွေဟာ လောကမှာ အများကြီးရှိသေးတာကို အေးနုလည်း တွေ့ဖူး မြင်ဖူးမှာပါ။ ကဲပါ... အေးနုရယ်၊ ရှမ်းပြည်နယ်ဘက်ကို စိတ်ပြေလက်ပျောက် လိုက်သွားချင်ရင်လဲ  လိုက်သွားပါ။ အကြာကြီး မနေပါနဲ့။ ထင်ရာမြင်ရာတွေလဲ လျှောက်ပြီး လုပ်မ‌နေပါနဲ့။ အေးနုဖေဖေခမျာမှာ တစ်ဦးတည်းသော သမီးချစ်ကလေးက သူ့ကို ခွင့်မလွှတ်ဘဲ ပစ်သွားရက်ရှာလေပြီရယ်လို့ စိတ်ဆင်းရဲနေရှာရော့မယ်။ အေးအေးဆေးဆေး၊ တွေးတွေးဆဆလုပ်ပါ။ အေးနုရဲ့ ဖေဖေလုပ်သလို ချင့်ချင့်ချိန်ချိန် လုပ်ပါကွယ်။ ရှမ်းပြည်နယ်မှာ သိပ်ကြာကြာကြီးမနေပါနဲ့။ ဖေဖေခမျာမှာ သမီးလေးရဲ့ စီရင်ချက်ကို စောင့်နေရသလို ဖြစ်နေပါ့မယ်''

အေးနုက နှုတ်ကလည်း ဘာမှမပြောပါ။ ခေါင်းညိတ်၊ ခေါင်းခါလည်း မပြပါ။ အတော်လေးကြာမှ ''ပြန်တော့မယ်'' ဆိုပြီး ကျွန်တော့်ကို ရိုရိုသေသေကန်တော့ပါသည်။ ကျွန်တော်က ဆုပေးလိုက်ပါသည်။ ဆုပေးသည့်အထဲတွင် မိမိအပေါ် ချစ်ခင်ကြင်နာတာဝန်ကျေခဲ့ရှာသည့် ဖခင်အား စိတ်ချမ်းသာမှု၊ ကိုယ်ချမ်းသာမှုကို ဖန်တီးပေးနိုင်သည့် သမီးကောင်း၊ သမီးမြတ်  ဖြစ်ပါစေဟူသော ဆုမျိုးကိုပါ ထည့်ပေးလိုက်သည်ကို မှတ်မိနေပါသေးသည်။

သူ့ကို ကျောင်းအောက်ရောက်သည်အထိ လိုက်ပို့ရင်း -

"ဖေဖေက အိမ်ထောင်ပြုလိုက်တော့ သူ့မှာ အပြစ်ကျူးလွန်တာ မဟုတ်ပါဘဲလျက် အပြစ်ရှိနေတဲ့ ဖခင်လို့ ခံစားနေရှာမှာပဲ။ ဒါကြောင့် အေးနုကို ချော့တဲ့ သဘော၊ ဖြေသိမ့်တဲ့ သဘော၊ တစ်နည်းအားဖြင့် အလျော်ပေးနေရှာတဲ့ သဘောမျိုးနဲ့ အလိုလိုက်ရှာပါလိမ့်မယ်။ အဲဒီအခါမှာလည်း အေးနုက မတရား အခွင့်အရေးတွေ မယူပါနဲ့။ အေးလေ -  အေးနုက လိမ္မာပါတယ်။ ဒီလိုလုပ်မှာတော့ မဟုတ်ပါဘူး။ စကားအဖြစ်သာ ပြောရတာပါ။ နောက်ပြီး ဖေဖေ့ဇနီးကိုလည်း မရိုမသေမလုပ်ပါနဲ့။ တကယ် စဉ်းစားကြည့်ရင် နောင်အခါ အေးနု အလုပ်တွေအကိုင်တွေနဲ့ တစ်မြို့တစ်ရွာမှာ သွားပြီနေရမယ်ဆိုရင်တောင်မှ ဖေဖေ့အတွက် စိတ်အေးသင့်သလောက် အေးရသေးတာပဲမဟုတ်လား။ အဲဒီလိုပဲ သူ့ကျေးဇူးတရားကို ကြည့်ဦးနော်"

နောက်တစ်လလောက်ကြာတော့ အေးနုဆီက စာတစ်စောင် ရောက်လာပါသည်။ ပထမ ထူထူပူပူ ဖြစ်နေစဉ်က အိမ်ကိုပင် မပြန်တော့ဘဲ ရှမ်းပြည်နယ်မှာပင် သင့်ရာအလုပ်တခုကို ဝင်လုပ်တော့မည်ဟု အောက်မေ့ထားခဲ့သော်လည်း ကျွန်တော့်စကားများကို ကြားရပြီးနောက် ဆုံးဖြတ်ချက်ကို ပြင်ခဲ့ကြောင်း၊ သူ့ဖခင် စိတ်ပူနေမည်စိုးသောကြောင့် ရှမ်းပြည်နယ်ကပင် စာတစ်စောင် ပြေပြစ်စွာ ရေးလိုက်သေးကြောင်း၊ ဖခင်၏ ဇနီးအသစ်ကိုလည်း (ဖခင်စိတ်ချမ်းသာအောင်) ရိုသေစွာ နှုတ်ဆက်စကား ရေးလိုက်ကြောင်း စသည်တို့ ပါလာသဖြင့် ကျွန်တော့်မှာ ဝမ်းမြောက်ပီတိ ဖြစ်လိုက်ရပါသည်။

ဤသို့နှင့်ပင် အေးနုနှင့် ပတ်သက်သော သတင်းစကားများမှာ ကျွန်တော်နှင့် အဆက်ပြတ်သွားပါသည်။ ကျွန်တော်လည်း  တစ်ခါတစ်ရံမှသာ သတိရလိုက်တတ်သော်လည်း မေ့မေ့ပျောက်ပျောက် ဆိုမတတ် ရှိခဲ့ပါသည်။

၁၉၈၄ ခုလောက်တွင် အထက်မြန်မာပြည်ရှိ မြို့တစ်မြို့သို့ ကျွန်တော် ရောက်သွားသောအခါ အေးနုကို ပြန်တွေ့ရပါသည်။ ကျွန်တော်ပါလာမည်ကို သိနေ၍ လာပြီး စောင့်ကြိုသည့်အထဲတွင် သူ ပါလာပါသည်။

ဇွတ်အတင်း ကပ်ပြီး ပူဆာကာ သူ့အိမ်ကို လိုက်ခဲ့ရန် ခေါ်နေသောကြောင့် စာပေကော်မတီကို ခွင့်ပန်ပြီး လိုက်သွားခဲ့ရသည်။ လမ်းလျှောက်လာရင်း သူ့ဇာတ်လမ်းအစုံကို ပြောပြသည်။ သူ့ဖခင်မှာ နောက်အိမ်ထောင်ပြုပြီး (၆) နှစ်လောက်အကြာတွင် ကွယ်လွန်သွားသည်။ သူ့မိထွေး ဒေါ်စိန်မြက အလွန့်ကို ရိုးသည်။ အလွန့်ကို စိတ်ရင်းကောင်းသည်။ အေးနုကို ချစ်ရုံမျှမက အထင်ကြီးသည်။ အထင်ကြီးရုံမျှမက အာလည်း ကိုးသည်။ ဘာကိစ္စလေးမဆို အေးနုကို တိုင်ပင်ပြီးလုပ်မှ မှန်ရာရောက်မည်ဟု ထင်သည်။ ယခု ဤမြို့သို့ အေးနုက အထက်တန်းပြဆရာမအဖြစ် ပြောင်းလာရခြင်းဖြစ်သည်။ သူ့ဖေဖေ ကွယ်လွန်သွားသော်လည်း ဒေါ်စိန်မြက အေးနုကို မခွဲနိုင်တော့။ ခင်ပွန်းဖြစ်သူက သူ့အတွက် သီးခြားဆင်ထားခဲ့သော အတွင်းပစ္စည်းများကိုလည်း သူ့ပစ္စည်းဟု သဘောမထား၊ အေးနုကိုသာ ပုံအပ်ထားသည်။ အေးနုကိုသာ ပေးထားလိုက်ခြင်းဖြစ်သည်။

အေးနု၏ ဖခင်နှင့် သားကလေးတစ်ယောက် ရခဲ့သေးရာ ကျွန်တော်နှင့်တွေ့တော့ ရှစ်နှစ်သားလောက်ရှိပြီ၊ အေးနုကို မမကြီး၊ မမကြီးနှင့် အလွန်ချစ်ရှာပုံ ရသည်။

အိမ်ရောက်သွားတော့ ဒေါ်စိြန်မက ပျာပျာသလဲ ဝမ်းသာအားရ ကြိုရှာသည်။ ရုပ်ကိုမြင်လိုက်သည်နှင့် အလွန်ရိုးသား၊ သဘောကောင်းသူတစ်ယောက် ဖြစ်ကြောင်း၊ သည်းခံစိတ်၊ မေတ္တာစိတ် ပြည့်ဝသူဖြစ်ကြောင်း သိသာလှပါသည်။

စားစရာတွေကလည်း စုံနေပါသည်။ သူတို့က ထမင်းကျွေးချင်ကြသေးသည်။ အခြားစာရေးဆရာများနှင့် အတူစားကြရန် ကော်မတီက စီစဉ်ထားပြီးဖြစ်ကြောင်းပြော၍ မနည်းငြင်းခဲ့ရပါသည်။

စားသောက်နေစဉ်အတွင်း၌ပင်လျှင်  လုံချည်တစ်ထည်၊ ဖိနပ်တစ်ရန် ချပြီး အေးနုက ကျွန်တော့်ကို ကန်တော့ပါသည်။ ဤသည်တွင် ဒေါ်စိန်မြလည်း တရိုတသေထိုင်ပြီး ကန်တော့မည်လုပ်တော့ ကျွန်တော်က ရုတ်တရက် မနေတတ်၊ မထိုင်တတ် ဖြစ်သွားသောအခါ ဒေါ်စိြန်မက -

"ကန်တော့ပါရစေ ဆရာ။ ဆရာ့ကျေးဇူး ကျွန်မပေါ်မှာ အများကြီးရှိပါတယ်။ ကျွန်မက အစ်ကိုကြီးနဲ့ အိမ်ထောင်ပြုလိုက်တော့ သူ့အတွက် အလွန်ကိုစိတ်ပူပြီး တထိတ်ထိတ်နဲ့ ကြောက်နေခဲ့မိတယ်။ အဆင်မပြေရင်တော့ ဒုက္ခပဲပေါ့။ နုက သူ့ကို ဆရာ ဆုံးမလိုက်တာတွေ အကုန်ပြန်ပြောပါတယ်။ ပထမ ရှမ်းပြည်နယ်မှာပဲ နေပြီး ပြန်မလာတော့ဘဲ ဟိုမှာ အလုပ်လုပ်ဖို့ ဆုံးဖြတ်ခဲ့မိတာ။ ဆရာ့ကြောင့် အိမ်ကိုပြန်လာဖြစ်တာတဲ့။ သူပြန်လာတော့ ကျွန်မလေ ဝမ်းသာလိုက်တာ ဆရာရယ်။ ကျွန်မက နုတို့လို ပညာတွေ ဘာတွေလည်း သိပ်တတ်တာ မဟုတ်ဘူး။ အစ်ကိုကြီး ဆုံးသွားတဲ့ အခုလိုအခြေအနေမျိုးမှာ နုသာ ကျွန်မနဲ့ အတူမရှိခဲ့ရင် ကျွန်မမှာ ဒီကလေးတစ်ကောင်နဲ့ - ''

ပြောနေရင်းပင် ဒေါ်စိြန်မ မျက်ရည်ကျလျက် ရှိုက်လာပါသည်။ အေးနုက -

"ကဲပါ... အန်တီကလဲ ငိုမနေပါနဲ့ ငိုစရာမှ မဟုတ်တာ" ဟု ပြောလိုက်မှ မျက်ရည်တွေကိုသုတ်လိုက်ပြီး နောက်ထပ်ကျလာသော မျက်ရည်များနှင့် ရယ်လိုက်မောလိုက်ရင်း -

"ဟုတ်ပါရဲ့၊ အလကားနေရင်း ဆရာတောင် စိတ်မကောင်းဖြစ်သွားသလား မသိဘူး။ စားပါဦး ဆရာရဲ့။ လက်ဖက်ရည်လဲ  သောက်ပါဦး။  ကျွန်မက နုကို သိပ်ချစ်တာပဲဆရာ။ ကျေးဇူးလည်း သိပ်တင်မိတာပဲ။ ကျွန်မသားလေးဆိုရင် သူ့ကြောင့် စာလဲ သိပ်တော်တာပဲ။ ဆရာ့ကျေးဇူးပါ ဆရာရယ်။ ကျွန်မမှာ မမြင်ဘူးဘဲနဲ့ကို ကြည်ညိုနေရတာ။ ကျွန်မက စာတွေဘာတွေတော့ သိပ်ပြီး ဝါသနာမပါလှပါဘူး။ ဒါပေမဲ့  ဆရာလည်း ဟောမယ်ဆိုတာနဲ့ ဒီနေ့ညတော့ သွားကို နားထောင်မယ်လို့ ပြောထားရတယ်"

ပြောရင်းရယ်ရင်းကပင် မျက်ရည်ကလည်း သုတ်နေရသေးသည်။

"အန်တီက ကျွန်မကို သိပ်ပြီး ဂရုစိုက်ပါတယ် ဆရာရယ်။ ဒါပေမဲ့ ကျွန်မ လုံချည်တွေ ဘာတွေကိုတောင် ယူယူပြီး လျှော်တာကျတော့ ကျွန်မက မကြိုက်ဘူး။ ကျွန်မအဖို့ အကုသိုလ် ရောက်တော့မှာပေါ့"

"ဘယ်ဟုတ်မလဲ နုရယ်။ နုကိုယ်တိုင်က အလုပ်တွေများနေတဲ့အခါ ဒီလိုပဲ သင့်ရာသင့်ရာ နီးစပ်ရာက လုပ်ရတာပေါ့။ အဲဒါကြောင့်တော့ဖြင့် နုမှာ ငရဲမကြီးနိုင်ပါဘူး။ ဟုတ်ဘူးလား ဆရာရယ်"

နောက်တစ်နေ့ ကျွန်တော်တို့ ပြန်ကြတော့ ဘူတာရုံလိုက်ပို့သူများတွင် အေးနု၏ မိထွေးဒေါ်စိန်မြတစ်ယောက်လည်း ပါပါသည်။ အခြားသော စာပေသမားများ၊  မိတ်ဆွေများထဲတွင် ဒေါ်စိန်မြ မတိုးနိုင်ပါ။ မီရထားထွက်တော့ အားလုံးက လက်ပြ နှုတ်ဆက်ကြပါသည်။ မျက်ရည်ဝေ့သလိုလို မျက်လုံးနှင့် ခပ်ကြောင်ကြောင်ကလေး ကြည့်နေသော ဒေါ်စိန်မြကို ကျွန်တော်က "ဒေါ်စိန်မြ သွားတော့မယ်နော်" ဟု နှုတ်ဆက်လိုက်တော့မှ "ဟုတ်ကဲ့... ဟုတ်ကဲ့" ခေါင်းကလေး ညိတ်ညိတ်ပြီး ပြန်ပြောပါသည်။

ကျွန်တော့်မှာ ယခုတိုင် သူတို့ကန်တော့လိုက်သော လုံချည်ကလေး ရှိနေသေးရာ ထိုလုံချည်ကလေးကို တွေ့လိုက်တိုင်း ဝမ်းနည်းသလိုလို၊ ဝမ်းသာသလိုလို၊ ကြည်နူးသလိုလို ခံစားမိတတ်သည်မှာ ယခုတိုင်ပင် ဖြစ်ပါသတည်း။

ဆရာအောင်သင်းရဲ့ 'တစ်ခါတုန်းက တပည့်တွေ' (PDF) စာအုပ်စာမျက်နှာ ၆၁ - ၇၄ ကနေ ကိုယ်တိုင်စာရိုက်ကူးယူပြီး မျှဝေပါတယ်။

စလေ ငနော့

__________________________

Unicode