Monday, April 13, 2020

ဤနေရာတွင် ညည်းချင်းမဆိုရ



************************
မောင်သာချို
(တစ်)
သမီးရေ...။
ဟိုး လွန်ခဲ့တဲ့ လေးငါးခြောက်လ၊  ဖေဖေတို့အရပ်မှာ မိုးတွေ သဲသဲမဲမဲကို ရွာနေတဲ့ ရက်တွေတုန်းက ဖေဖေနဲ့ သိပ်ကိုခင်မင်ရတဲ့ ဖေဖေ့မိတ်ဆွေတစ်ယောက် မမျှော်လင့်ဘဲ  ဆေးရုံတက်လိုက်ရတဲ့အတွက် ဖေဖေလည်း နည်းနည်းပါးပါးလေး အလုပ်ရှုပ်သွားခဲ့ရတာကို ဖေဖေ့သမီး သတိပြုမိခဲ့မယ် ထင်တယ်နော်။ ဟုတ်တယ် သမီးရယ်၊  တစ်ယောက်ရင်ထဲမှာရှိတာ တယောက်ကို ပွင့်ပွင့်လင်းလင်း ဖွင့်ပြောလို့ဖြစ်ကြတဲ့ ရှားရှားပါးပါးလူတွေထဲက ဖေဖေ့မိတ်ဆွေတစ်ယောက်ပါ။
အဲသည့်ရက်တွေထဲမှာ ညနေတိုင်လို့ သူ့အိမ်ကို ဖေဖေ ရောက်ရောက်သွားတဲ့အခါ ဗိုက်ထဲက ထိုးထိုးအောင့်လိုက်၊  ဝမ်းပျက်သလိုလိုဖြစ်လိုက်နဲ့မို့ ဆေးခန်းကို သွားသွားပြနေရတာ သုံးလေးရက်လောက် ရှိသွားပြီလို့တောင် သူက ဖေဖေ့ကို  ပြောပြောနေခဲ့သေးတာလေ။
နောက်တစ်နေ့ညနေ သူ့အိမ်ကိုသွားတော့ အိမ်တံခါးတွေ အကုန်ပိတ်လို့ အိမ်ရှေ့က  စာအုပ်ဆိုင်လေးကလည်း သော့ခလောက်တန်းလန်း။ တစ်အိမ်လုံး ဘာဆိုဘာမှကို အသံဗလံမကြားရလောက်အောင် တိတ်ဆိတ်နေတာပဲ။ ဒါနဲ့ ဖေဖေ့စိတ်ထဲ ထိတ်ကနဲဖြစ်သွားမိရင်းက အိမ်နီးနားချင်းတွေကို မေးကြည့်တော့မှ ညက မခံမရပ်နိုင်အောင် အောင့်လာလို့ ဆေးရုံကို အရေးပေါ် တင်လိုက်ရတယ်ဆိုတာ သိလိုက်ရတယ်လေ။
အရေးပေါ်တဲ့။ ဘယ်လောက်များ အသက်နဲ့နီးတဲ့ နေရာအထိ ရောက်အောင် အရေးပေါ်ခဲ့ရှာပါလိမ့်။ ဖေဖေ့မျက်လုံးထဲမှာ တကယ့်ကို ခင်မင်စရာကောင်းတဲ့ မိတ်ဆွေရဲ့မျက်နှာက ဖျတ်ခနဲပေါ်လာပြီး ဆေးရုံကို ချက်ချင်းလိုက်သွားဖို့အတွက် ဖေဖေ့စက်ဘီးကလေးကို ဦးလှည့်လိုက်မိခဲ့တယ်လေ။
(နှစ်)
အဖြစ်က ဖေဖေ လမ်းမှာ တွေးသွားမိတဲ့အတိုင်းပါပဲ သမီးရယ်။ ဖေဖေ့မိတ်ဆွေတစ်ယောက် အူအတက်ပေါက်ခဲ့တာပါပဲ။ ဗိုက်အောင့်တယ်၊  ဝမ်းပျက်တယ်နဲ့ မျက်နာတပျက်ပျက် ဖြစ်နေခဲ့တဲ့ ရက်တွေထဲက သူ့အူအတက်က ပေါက်လုပေါက်ခင်လေ။
ရောင်ကိုင်းပြီး မှည့်ရွဲနေပြီ။ ခုတော့ မသေကောင်း၊ မပျောက်ကောင်း ညက ဆေးရုံကိုရောက်ရောက်ချင်း ဗိုက်ကို ဖွင့်လိုက်ရသတဲ့။ ခွဲစိတ်ကုသတာ  မြန်ပေလို့သာပေါ့။
ဖေဖေ ဆေးရုံကို ရောက်သွားတော့ ဖေဖေ့မိတ်ဆွေက ခုတင်ပေါ်မှာ သမီးရဲ့။ အနာရှိန်ရယ်၊ အားနည်းတာရယ်၊  စိတ်ထိခိုက်တာရယ်တွေနဲ့ မျက်နှာကလေးကို ငယ်လို့။ အသာလေး မှေးနေတဲ့ကြားက ဖေဖေ့ကို ခပ်ယဲ့ယဲ့ကလေး ပြုံးပြရှာပါတယ်။ သူ့ဘေးမှာကတော့ သူ့ဇနီး၊ သူ့သမီး၊ သူ့သားနဲ့ သူ့အသိမိတ်ဆွေတချို့။ ဖေဖေရောက်ပြီးလို့ အားပေးစကားလေး ဘာလေး ပြောရုံပဲရှိသေးတယ်။ ရောက်လာလိုက်ကြတဲ့သူတွေကလည်း ဟောတစ်ယောက်၊ ဟောတစ်ယောက်ပါပဲ။ ဒါနဲ့ ဖေဖေလည်း တခြားလူနာမေးတွေကို ဦးစားပေးတဲ့အနေနဲ့ နောက်ကို အသာလေး ယို့နေဖြစ်ခဲ့လိုက်တယ်။  နောက်နေ့တွေကျရင်တော့ စောစောကလေးထွက်လာပြီး စိတ်ပြေလက်ပျောက် စကားလေးဘာလေး လာပြောပေးဦးမှလို့ စိတ်ထဲမှာ အစီအစဉ်ဆွဲရင်းနဲ့ အဲသည့်ညနေက နှုတ်ဆက်လို့ပြန်ဖြစ်ခဲ့တာပါပဲ သမီးရယ်။
(သုံး)
သမီးရေ...။
သမီးကို ဖေဖေ ပြောပြဖို့ စိတ်ကူးထားတဲ့အကြောင်းက အဲသည့်ဖေဖေ့မိတ်ဆွေ ဆေးရုံပေါ်မှာ ရှိနေတုန်း ရက်တွေထဲက တစ်ရက်အကြောင်းပါ။ အဲဒီနေ့တုန်းက ဧည့်ချိန်ကုန်ပြီး ညနေတော်တော်စောင်းတဲ့အထိ ဆေးရုံပေါ်မှာ ဖေဖေ ရှိနေခဲ့တယ်လေ။ အဲသည်နေ့တုန်းကပဲ သမီးကိုဖေဖေ ပြောပြချင်စရာကောင်းတဲ့ လူတစ်ယောက်ကို ဆေးရုံပေါ်မှာ တွေ့ခဲ့ရတာပါ။ အဲသည့်လူကလည်း ဖေဖေတို့တစ်တွေနဲ့ အစုအဝေး အဝန်းအဝိုင်းနဲ့ မလှမ်းမကမ်းက လူတယောက်။
သူရောက်လာတော့ အခန်းထဲမှာ လူနာရယ်၊ လူနာ့ဇနီးရယ်၊ ဖေဖေရယ် သုံးယောက်တည်းပဲ  ရှိနေကြတဲ့အချိန်ပါ။ လူနာက ခုတင်ပေါ်မှာ သက်သောင့်သက်သာလှဲလို့။ သူ့ဇနီးက  သူ့ခင်ပွန်းအတွက် အအေးတစ်ခွက်ကို ဖျော်လို့။ ဖေဖေကလည်း ထွေရာလေးပါးစကားတွေကို ပြောလို့။ အဲသည့်တုန်းမှာပဲ သူရောက်လာခဲ့တာပါ။ မုန့်ထုပ်တွေ ဘာတွေနဲ့။ အအေးပုလင်းတွေ ဘာတွေနဲ့။ သူက ဖြစ်ဖြစ်ချင်း၊ သတင်းကြားကြားချင်း မလာနိုင်တာကို ခွင့်လွှတ်ဖို့၊ စိတ်မရှိဖို့ကိုပဲ တလေးတစားနဲ့ တောင်းပန်နေရှာတာပါ။ သည်တော့မှ ဖေဖေလည်း ေဩာ် သူက အခုမှ ရောက်လာတာပါလားလို့ အောက်မေ့လိုက်မိရတယ်။ ဒါနဲ့ ဖေဖေတို့တစ်တွေလဲ စကားတွေ တောင်ပြောမြောက်ပြော ပြောနေခဲ့ကြရင်း  နောက်ထပ် သတင်းမေးတဲ့လူ ငါးယောက်လောက် ထပ်ရောက်လာတဲ့အခါ သူက ဖေဖေ့ကို လက်ကုတ်ပါတယ်။ ဖေဖေကလည်း အလိုက်တသိနဲ့ပဲ သူနဲ့အတူ လူသွားစြင်္က ံကလေးရှိရာကိုလည်း ရောက်ရော သူအခုမှ ရောက်လာနိုင်တာဟာ အင်မတန်မှ အားနာစရာကောင်းတယ်ဆိုတဲ့ စကားတွေကို ဖေဖေ့ကို ရင်ဖွင့်ပါလေရော။ ဟုတ်တော့လည်း ဟုတ်ပါတယ်လေ။ သူမပြောလည်း သိတန်သလောက် သိထားပြီးသားတွေပါ။
မနက်အစောကြီးထပြီး သူအမျိုးသမီး ဈေးထွက်တဲ့နေရာကို သူလိုက်ပို့ရမယ်လေ။ ပြီးရင် ဝယ်တန်တာ ဝယ်ပြီး သူအိမ်ပြန်မယ်။ ပြီးရင် သမီးကလေးကို ကျောင်းလိုက်ပို့မယ်။ ပြီးရင် သူ ရုံးတက်မယ်။ နေ့ခင်းကျတော့ တစ်ခါ ထမင်းစားပြန်ရင်းနဲ့ သမီးနဲ့ ဇနီးရှိရာကို ထမင်းဘူးသွားပို့မယ်။ ပြီးမှ ရုံးပြန်တက်မယ်။ ညနေကျတော့ ရုံးလည်း ဆင်းရင်း၊ သမီးနဲ့ ဇနီးကိုလည်း ကြိုရင်းနဲ့ သူပြန်မယ်။
''အိမ်မှာခေါ်ထားတဲ့ ကောင်မလေးက ရွာခဏပြန်သွားလိုက်တာ၊  အကုန်ချာလပတ်ယမ်းကုန်တာပဲဗျာ။ သူရှိတော့ လျှော်တာဖွပ်တာ၊ ချက်တာပြုတ်တာ၊ ဟိုနားပြေး  သည်နားပြေး။ ကိုယ် နည်းနည်း အသက်ရှူချောင်တာပေါ့''
"ခုတော့ ညရောက်မှ လျှော်ကြချက်ကြ၊ မီးပူတိုက်ကြနဲ့၊ မိုးက ကောင်းကောင်းနဲ့ အဝတ်တွေကလည်း တော်တော်နဲ့မခြောက်။ အခုမှ လာရတာ သိပ်ကို အားနာဖို့ကောင်းတာ။ ဒါတွေက သ့ူရှေ့မှာတော့ သွားညည်းလို့ မဖြစ်ဘူးလေ''
ပြည်သူ့ဆေးရုံ နှစ်ထပ်ဆောင်ကလေးပေါ်က
စြင်္က ံလမ်းချိုးတစ်နေရာမှာ
လူမမာသတင်းမေးလာဖို့ အထွက်နောက်ကျခဲ့ရတဲ့ မိတ်ဆွေတစ်ယောက်က ဖေဖေ့ကို ရင်ဖွင့်တဲ့ အညည်းစကားတွေထဲမှာ နောက်ဆုံးစကားဟာ သမီးကို အလေးအနက်ဖြစ်စေချင်တဲ့ စကားပါပဲ။ သူ့ရှေ့မှာတော့ သွားညည်းလို့ မဖြစ်ဘူးတဲ့။ ဟုတ်တယ် သမီးရယ်။ သူ့ရှေ့မှာတော့ တကယ့်ကို သွားညည်းလို့ မဖြစ်ပါဘူး။ ညည်းလို့ မသင့်ဘူးလို့လည်း ဖေဖေ ထင်တယ်လေ။ ဆေးရုံခုတင်ပေါ်မှာ ပက်လက်လှဲနေတဲ့ လူတစ်ယောက်ရှေ့မှာ  ကိုယ်ဘယ်လို အလုပ်ရှုပ်နေပါတယ်ဆိုတဲ့ ညည်းချင်းကို ဖေဖေတို့တစ်တွေ ဆိုသင့်မဆိုသင့်။ အခု သမီးကို ဖေဖေပြောပြနေတဲ့ လူတစ်ယောက်ကတော့ သူ့ညည်းချင်းကို ဘယ်နေရာလောက်မှာမှ ဆိုသင့်တယ်ဆိုတာကို အခိုင်အမာ တွက်ချက်ထားပြီးပုံနဲ့ ဖေဖေ့ကို
စြင်္က ံလမ်းကလေးရှိရာကို အသာအယာ လက်ကုတ်လို့ ခေါ်ခဲ့ပြီလေ။ ဖေဖေသူ့မျက်နှာကို လေးစားစွာပဲ ငေးကြည့်ဖြစ်ခဲ့ပါတယ်။
(ငါး)
သမီးရယ်...။
တကယ်တမ်းကတော့ ဖေဖေတို့၊ သမီးတို့တစ်တွေဟာ ဘယ်သူ့မှာမဆို ဘဝကိုယ်စီနဲ့ပါ။ ဆိုကြစို့လို့ဆိုရင် ဘယ်တော့မှ မဆုံးနိုင်စတမ်းသော ညည်းချင်းရှည်ကြီးတွေနဲ့ပါ။ ဒါပေမယ့် သည်ညည်းချင်းတွေကို နေရာတကာမှာ ဖေဖေတို့ ဆိုလို့သင့်ကြပါရဲ့လား။ ညည်းချင်းမဆိုရလို့ ကိုယ့်အသိနဲ့ကိုယ် သတ်မှတ်ပြဋ္ဌာန်းထားတဲ့ နေရာတွေရော မရှိသင့်ကြဘူးလား။ ဖေဖေစဉ်းစားမိတယ်။
ဟိုးတစ်ခါတုန်းဆီက နာရေးကိစ္စနဲ့ကြုံလို့ သောကရောက်နေတဲ့ အိမ်ကလေးတစ်အိမ် ရှိရာကို ဖေဖေ ရောက်သွားဖူးတယ်။ ဖေဖေ့လိုပဲ သတင်းမေးရင်း၊ အားပေးရင်းနဲ့ ရောက်နေကြတဲ့ လူတွေထဲမှာ အမျိုးသမီးကြီးတစ်ယောက်က သူ့ရဲ့ ညည်းချင်းကို အာပေါင်အာရင်းသန်သန်နဲ့ ဖွဲ့လို့။ အိမ်မှာ ရေခဲစက်ပျက်နေလို့ စိတ်ညစ်ရတာ၊ ငါးသမား၊ ပုစွန်သမား၊ အအေးသမားတွေကို မနည်းကြီး တောင်းပန်ထားရတာ၊ စက်ပြင်နေတဲ့တန်းလန်းကြီးနဲ့ အလုပ်သမားတွေ သည်အတိုင်းထားခဲ့ပြီး ထွက်လာခဲ့ရတာ၊ ခရီးကထောက်တော့ ကားပြောင်းစီးလာရတဲ့အတွက် စိတ်ပျက်မိတာ အများကြီးပါပဲ သမီးရယ်။ ကိုယ့်အပူနဲ့ကိုယ် အရုပ်ကြိုးပြတ်ထိုင်နေတဲ့ အိမ်ရှင်မိန်းမကတော့ သူ့ကို တွေတွေကြီး ငေးကြည့်လို့။
တစ်ခါတုန်းကလည်း တောမြို့ကလေးတစ်မြို့  ဖေဖေရောက်သွားတုန်း ဆိုက်ကားတစ်စီးပေါ်က ညည်းချင်းချသံကို အမှတ်မထင် ကြားလိုက်ရဖူးတယ်။ ဆိုက်ကားဆရာကြီးက တော်တော်အသက်ကြီးလှပါပြီ သမီးရယ်။ ခြောက်ဆယ်ဝန်းကျင်လောက်ကို ရှိမှာပါ။ အကြောတွေအပြိုင်းပြိုင်းထလို့။ သူ့ကျွဲကော်ကိုင်းမျက်မှန်ကြီးက ကျိုးနေတဲ့ကိုင်းကို သားရေကွင်းနဲ့တောင်  ပတ်ချည်ထားလိုက်သေးတယ်။ သူနင်းနေတဲ့ လမ်းက မြေညီလမ်းလည်းမဟုတ်ဘူး။ ပြီးတော့ ကတ္တရာလမ်းလည်း မဟုတ်ဘူး။ ဂဝံကျောက်တွေကို သည်အတိုင်း အကြမ်းထည် ချခင်းထားတဲ့ လမ်း။ မြို့သစ်ကလေးရဲ့  ရပ်ကွက်အသစ်ကလေးမှာ လမ်းသစ်အဖြစ်နဲ့ မကြာခင်ကမှ ခင်းထားတဲ့ လမ်း။ စက်ဘီးတောင် စီးလို့ မကောင်းလို့ ဖေဖေ ဆင်းဆင်းတွန်းရတဲ့ လမ်းလေ။ အဲသည့်လမ်းပေါ်မှာ မွန်းတည့်နေ စူးစူးရဲရဲကြီးအောက် ဖေဖေ့ အဖေအရွယ်၊ ဦးလေးအရွယ် လူကြီးက ထိုင်ပြီးတောင် နင်းမရလို့ မတ်တတ်ရပ်ရပ်ပြီး သူ့ဆိုက်ကားကို တစ်ပတ်ချင်း နင်းလို့ပေါ့။ ဆိုက်ကားပေါ်မှာကတော့ ထီးနဲ့၊  နေကာမျက်မှန်နဲ့ လူတစ်ယောက်၊ အဲသည့်လူကပဲ ညည်းချင်းကို ဖွဲ့ဆိုခဲ့တာပါ။
"လမ်းကကြမ်းကြမ်း၊ နေကပူပူနဲ့ ဒုက္ခဗျာ၊  ဆက်တောင် မသွားချင်တော့ဘူး''
သမီးရယ်၊ အင်္ကျီတစ်ထည်လုံး ချွေးတွေနဲ့ ရွှဲနစ်နေအောင် ရုန်းနေရတဲ့ ဆိုက်ကားဆရာကြီးရဲ့ ရင်ထဲမှာ ဘယ်လိုများ စူးနစ်သွားရှာလေမလဲ။ ဒုက္ခကို ညည်းတဲ့သူက ဆိုက်ကားပေါ်ကလေ။
(ခြောက်)
ဖေဖေကတော့လေ လူတွေကို ညည်းချင်းမဆိုရဘူးလို့ မဆိုပါဘူး။ ဆိုပေါ့၊ ဆိုကြပေါ့။ ဖေဖေလည်း ဆိုချင်ဆိုမယ်ပေါ့။ ဒါပေမယ့် သမီးရယ်။ ဘယ်နေရာ ဘယ်အချိန်မှာ ဆိုမယ်၊ ဘယ်နေရာ ဘယ်အချိန်မှာ မဆိုဘူးဆိုတဲ့ ရွေးချယ်မှုကျတော့ ဖေဖေတို့၊ သမီးတို့တစ်တွေ သပ်ရပ်ဖို့၊ သေချာဖို့ တကယ့်ကို လိုအပ်ကြမယ်လေ။ ဆေးရုံကုတင်ကလေးရဲ့
ဘေးမှာ၊ နားရေးဖြစ်နေတဲ့ အိမ်ကလေးရဲ့ တံစက်မြိတ်အောက်မှာ၊
မချိမဆံ့ ဖျစ်ညှစ်လူးလှိမ့်နေတဲ့ ဆိုက်ကားအိုကလေးပေါ်မှာ ဖေဖေတို့ရဲ့ ဘဝအမောတေးတွေကို ခဏ ကျောပေးထားခြင်းဖြင့် တခြားတခြားသော လူပုဂ္ဂိုလ်တွေကို စာနာမှုှ၊  အလေးထားမှု ပြသင့်ကြတယ်လေ။
ခုတော့ ဖေဖေ့မိတ်ဆွေက ဖေဖေ့ကို အသာအယာ လက်ကုတ်ခေါ်လို့။
ကာယကံရှင် လူနာနဲ့ဝေးရာ  ဆေးရုံ
စြင်္က ံ ကလေးပေါ်မှာ သူ့ညည်းချင်းကို တိုးတိုးတိတ်တိတ်ဆိုလို့။ သမီးရယ်၊  ဖေဖေ လေးစားဦးညွှတ်မိခဲ့ပါတယ်။
(ချယ်ရီ၊ ဖေဖော်ဝါရီ၊ ၁၉၉၉)
သမီးဖတ်ဖို့ နှလုံးသားရှုမျှော်ခင်းများ Special Edition စာမျက်နှာ ၁၁၀ - ၁၁၅ ကနေ အဒ်မင်ကိုယ်တိုင် စာရိုက်ကူးယူတင်ဆက်ပါတယ်။
စလေ ငနော့