Tuesday, April 14, 2020

စာဖတ်သူ


••••••••••••••

မင်းလူ

ကျွန်တော့်အိမ်မှာ ဗီရိုဆယ်လုံးရှိသည်။ ဒါဆို အဝတ်အစားတွေ တော်တော်များမှာပေါ့ဟု ထင်လျှင် မှားပါလိမ့်မည်။

ကျွန်တော့်အမေ ဗီရိုတစ်လုံး၊ သမီးနှစ်ယောက်က ခါးစောင်းလောက်ရှိသည့် ဗီရိုပုလေး တစ်လုံးစီ ပိုင်ကြသည်။ ကျွန်တော်တို့ လင်မယားကတော့ နှစ်ယောက်ပေါင်းမှ ငါးပေအမြင့်ရှိသော ဗီရိုလေး
တစ်လုံးကိုသာ အသုံးပြုကြသည်။ သိပ်သည်းတဲ့ လင်မယား၊ အဝတ်အစားချင်းတောင် မခွဲနိုင်လို့ တစ်ဗီရိုတည်း ထားရှိကြခြင်း မဟုတ်။ အဝတ်အစား သိပ်များများ မရှိသဖြင့် ဗီရိုတစ်လုံးတည်းသာ လိုအပ်သောကြောင့် ဖြစ်၏။

အပေါ်ထပ်ကို ကျွန်တော်ကယူ၊ အောက်နှစ်ထပ်မှာ သူ့အဝတ်အစားတွေထည့်။

ကျန် ဗီရိုခြောက်လုံးက ဘာတွေများ ထည့်ထားသလဲ။ ငွေစက္ကူတွေ အပြည့် ထည့်ထားသလား။ လက်ဝတ်ရတနာတွေလား။ တခြား အဖိုးတန်ပစ္စည်းတွေလား။ မဟုတ်ပါ။ စာအုပ်တွေ ထည့်ထားခြင်း ဖြစ်၏။
ဗီရိုခြောက်လုံးနှင့် အပြည့်အသိပ် ထည့်ထားတာတောင် မလောက်သဖြင့် ဗီရိုတွေပေါ်မှာ စီထား၊ အိပ်ခန်းထဲက
စင်ပေါ်မှာ ထပ်ထားရသေးသည်။ ကျွန်တော့် စာရေးစားပွဲပေါ်မှာလည်း ဖတ်လက်စ စာအုပ်တွေ၊ အမြဲ ကိုးကားအသုံးပြုနေသည့် စာအုပ်တွေ ထပ်ပြီး စီထားတာ နှစ်ပေလောက် အမြင့်ရှိမည်။ နောက်က နံရံခံထားတာတောင် မကြာခဏ ပြိုကျလေ့ရှိ၏။ စာအုပ်တွေ ပေါများတိုင်းသာ ပညာတွေ တိုးလာမည်ဆိုလျှင်
ကျွန်တော်သည် တကယ့် ပညာရှိကြီး ဖြစ်လာပေလိမ့်မည်။ တကယ်တော့ ခုထက်ထိ ပညာရှာဖွေဆဲ။

* * * * *

စာရေးဆရာတစ်ယောက် စာဖတ်ဝါသနာပါတာ ဘာမှ မဆန်းပါ။ သို့တိုင်အောင် မျိုးစေ့လေး ပါလာပုံလေး နည်းနည်း တင်ပြချင်သည်။ ကျွန်တော့်အဘွား (အဖေ့အမေ) သည် စာ လုံးဝမတတ်ပါ။ အဖေကျတော့
ငယ်ငယ်ကတည်းက အလွန်ဆင်းရဲသည်။ စာအုပ် ဝယ်မဖတ်နိုင်။ ဒီတော့ အဖေက စာဖတ်ရအောင် ကြံစည်သည်။

စာအုပ်ဆိုင်ရှင် လူကြီးကို မိတ်ဖွဲ့သည်။ ဆိုင်မှာ ဝိုင်းကူလုပ်ပေးသည်။ ဆိုင်ရှင် ကိစ္စရှိ၍ အပြင်ထွက်လျှင် ဆိုင်စောင့်ပေးသည်။ ဆိုင်စောင့်ရင်း စာအုပ်တွေ ဖတ်ခွင့်ရသည်။ ဆိုင်ရှင်ကလည်း အဖေ စာဖတ်ဝါသနာပါကြောင်း သိသဖြင့် တချို့စာအုပ်တွေ အိမ်ကို ငှားလိုက်တတ်သည်။ အဖေ စာရေးဆရာ ဖြစ်လာခြင်းမှာ သူဖတ်ခဲ့သည့် စာအုပ်များ၏ အထောက်အကူပြုမှုကြောင့် ဖြစ်လေသည်။

အမေကျတော့ တစ်မျိုး။ အမေ့အမေ (ကျွန်တော်တို့ အဘွား) ကတော့ သူတို့ခေတ်က ပါဠိပါဌ်သား
ဌာဏ်ကရိုဏ်းကျအောင် ရွတ်ဆို ဖတ်ရှုနိုင်သော စာတတ်ပေတတ် စာရင်းထဲမှာ ပါသည်။ ထို့ကြောင့် အမေသည် ငယ်ငယ်ကတည်းက စာကောင်းပေမွန်တွေ ဖတ်ရှုကြားနာခွင့် ရခဲ့သည်။ အဖေနှင့် အမေတို့၏ စာဖတ်ဝါသနာပါမှုက
ကျွန်တော်တို့ဆီမှာ အပြည့်အဝ ပါလာသည်။ အဖေက စာရေးဆရာ၊ အမေက ကျောင်းဆရာမ၊ အသိုင်းအဝိုင်းက
စာပေလောက။ ဒီတော့ အိမ်မှာ စာအုပ်တွေက တောင်ပုံရာပုံ။ ကျွန်တော်တို့မှာ စာအုပ်ပုံတွေကြားမှာ
မွေးဖွားလာသူများဟု ဆိုနိုင်သည်။ ဒီလိုလူမျိုးမှ စာဖတ်ဝါသနာ မပါလျှင် ရိုက်သတ်ဖို့ပဲ ရှိတော့သည်။

ဒီကြားထဲမှာ ဖူးစာဆုံပြန်တော့ စာကြည့်တိုက်ဝန်ထမ်းနှင့် ဖြစ်၏။ စာကြည့်တိုက်မှာ စာအုပ်သွားငှားရင်း၊
စာသွားဖတ်ရင်း တွေ့ကြတာတော့ မဟုတ်။ ကျွန်တော်နှင့် ကြိုက်ပြီးမှ စာကြည့်တိုက်ပညာ ဒီပလိုမာသင်တန်း တက်ခဲ့ခြင်းသာ ဖြစ်၏။ စာရေးဆရာ၏ ဇနီးလောင်းမို့ လိုက်ဖက်ညီအောင် ထိုသင်တန်းကို တက်ခဲ့ခြင်း ဟုတ် မဟုတ်တော့ မသိ။ တစ်ခါမှလည်း မေးမကြည့်ခဲ့ဖူး။ ကျိန်းသေတာကတော့ သူသည်လည်း စာဖတ်ဝါသနာပါခြင်းပင်
ဖြစ်၏။ သူ သုံးတန်းကျောင်းသူ ဘဝမှာ ဝတၳုစာအုပ် စဖတ်သည်ဟု ဆိုသည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် သူ ပထမဆုံး
ဖတ်ဖြစ်သည့် ဝတၳုစာအုပ်မှာ ကျွန်တော့်အဖေ (ဦးသာဓု) ရေးသော “အတာ” အမည်ရှိ စာအုပ် ဖြစ်နေလေသည်။

* * * * *

ကျွန်တော်တို့ လက်ထပ်ပြီးကာစအချိန်တွင် အိမ်မှာ တီဗီလည်း မရှိသေး။ ကက်ဆက်လည်း မရှိ။

ကလေးလည်း မရသေးသောကြောင့် ညဦးပိုင်းအချိန်များမှာ ပျင်းခြောက်ခြောက်ကြီး ဖြစ်နေ၏။ ထို့ကြောင့် စာအုပ်များကိုသာ အဖော်ပြုကြရသည်။ ညစာစားပြီးလျှင် ကျွန်တော်တို့ လင်မယားနှစ်ယောက်သည် အိပ်ခန်းထဲ ဝင်ကြလေသည်။ တချို့ကတော့ တစ်မျိုးထင်ချင် ထင်ကြမည်။ ကျွန်တော်တို့ နှစ်ယောက်သည် အိပ်ရာပေါ်မှာ
ခေါင်းအုံးတွေ မှီထိုင်ပြီး တစ်ယောက် စာအုပ်တစ်အုပ်နှင့် ဇိမ်ကျနေခြင်းသာ ဖြစ်၏။ တချို့ညတွေကျတော့ သူက
စာဖတ်၊ ကျွန်တော်က စာရေး။ သို့ဖြင့် ကျွန်တော်တို့ အိပ်ရာထဲမှာ ဖတ်လက်စစာအုပ် သုံးလေးအုပ် အမြဲရှိနေတတ်လေသည်။

ကလေးတွေရလာတော့ အိမ်မှာ စည်စည်ကားကား ဖြစ်လာသည်။ စာဖတ်အားကတော့ ကျမသွား။ ကလေးတွေကလည်း အတုမြင် အတတ်သင်တာရော၊ မျိုးရိုးဗီဇ အရကော စာဖတ်ခြင်း၌ ဝါသနာထုံကြလေသည်။

ခုအခါ ကျွန်တော်တို့ အိပ်ရာပေါ်မှာ၊ ထောင့်တစ်ထောင့်စီမှာ တစ်ယောက် စာအုပ်တစ်အုပ်စီနှင့် နှပ်နေကြသော
သားအမိ သားအဖ လေးယောက်ကို တွေ့နိုင်လေသည်။ ကျွန်တော့်ဇနီးနှင့် ကျွန်တော် တိုက်တိုက်ဆိုင်ဆိုင်
လာတူတာ ရှိသေးသည်။ အိမ်သာတက်ရင်း စာဖတ်သည့် အကျင့်ပင် ဖြစ်၏။ ကျွန်တော်က ထိုအကျင့်ကို အဖေ့ဆီမှ တုပ ရရှိခဲ့ခြင်း ဖြစ်၏။ ကျွန်တော့်ဇနီးကတော့ ဘယ်လို ရရှိခဲ့သလဲ မသိ။ သူတို့ တစ်အိမ်သားလုံး ဒီအတိုင်းပဲ
ဟူ၍သာ ပြောသည်။

ကျွန်တော်တို့အိမ်မှာ အိမ်သာတစ်လုံးသာရှိသဖြင့် တစ်ယောက်ယောက်ကများ အိမ်သာတက်ရင်း စာအုပ်တစ်အုပ် ဖတ်နေပြီဆိုလျှင် အပြင်က သွားချင်သူများ တမေ့တမော စောင့်နေရတတ်သည်။ မနေနိုင်တော့ဘူး
ဆိုမှ “စာအုပ်က တော်တော်ထူသလားဟေ့” ဟု လှမ်းငေါ့မှ ထွက်လာတတ်သည်။ ကလေးများကပင် အိမ်သာထဲဝင်လျှင် တေဇတို့၊ ရွှေသွေးတို့၊ ပုံပြင်စာအုပ်တို့ ယူသွားတတ်ကြလေသည်။

* * * * *

ဤသို့ဖြင့် ကျွန်တော်တို့အိမ်မှာ စာအုပ်အိမ်ကြီး ဖြစ်နေလေသည်။ ဗီရိုခြောက်လုံးထဲက စာအုပ်များမှာ အနှစ်နှစ်အလလက စုဆောင်းထားသော စာအုပ်များလည်း ပါသည်။ အဖေ ရေးခဲ့သည့် ဝတၳုစာအုပ်များနှင့်
သူ့ဝတၳုပါသည့် မဂ္ဂဇင်းစာအုပ်များ သီးသန့်ထည့်သည့် ဗီရိုက တစ်လုံး။ ကျွန်တော်ရေးသည့် လုံးချင်းများ၊
မဂ္ဂဇင်းများထည့်သည့် ဗီရိုက တစ်လုံး။ ကျွန်တော်က စာတွေ ဆက်ရေးနေသဖြင့် စာအုပ်တွေ ထပ်ထပ် တိုးလာသည်။ လက်ဆောင်ရသည့်မဂ္ဂဇင်းတွေ၊ စာအုပ်တွေကလည်း ရှိသေးသည်။ ကလေးတွေကလည်း
သူတို့၏ ရွှေသွေးတို့၊ တေဇတို့၊ ပုံပြင်စာအုပ်တို့ကို သီးသန့် သိမ်းထားနိုင်ရန် ဗီရိုတစ်လုံး တောင်းဆိုလာပြီ။

စာအုပ်တွေထည့်ဖို့ ဗီရို ထပ်ဝယ်ဖို့ ဆိုတာကတော့ မဖြစ်နိုင်။ ခုအချိန်မှာ ဗီရို အလယ်အလတ်တန်းစား တစ်လုံး၏ ဈေးက သောင်းဂဏန်းနား ကပ်နေသည်။ တကယ်တော့ စာအုပ်များ ဗီရိုထဲ ထည့်ပိတ်ထားတာ
သဘာဝမကျ။ အလင်းရောင်နှင့် လေဝင်လေထွက် အတန်အသင့် ကောင်းမွန်သော နေရာမှာ စင်များဖြင့်
ထားသင့်သည်ဟု စာကြည့်တိုက်ဝန်ထမ်းဖြစ်သော ဇနီးသည်က ထောက်ပြ အကြံပေးသည်။ စင်တွေ လုပ်ဖို့
ဆိုတာက လွယ်တာမဟုတ်။ ပြီးတော့ ကျွန်တော်တို့အိမ်မှာ ဧည့်သည်များသည်။ စင်နှင့်ဆိုလျှင် လုံခြုံမှုရှိမှာ မဟုတ်။

အိမ်မှာရှိနေသည့် စာအုပ်ဗီရိုတွေကို ထိန်းသိမ်းရတာကိုက တော်တော် တာဝန်ကြီးသည်။ ကျွန်တော်တို့ မြေကြီးက
ခြပေါသည်။ နည်းနည်းလေး သတိလစ်တာနှင့် စာအုပ်ဗီရိုတွေထဲ ဝင်တွယ်တတ်သည်။ ထို့ကြောင့် သတိရတိုင်း ကြည့်နေရသည်။ အထူးသဖြင့် ပြန်လည် အစားထိုးဖို့ မလွယ်သော အဖေ ရေးခဲ့သည့် စာအုပ်များ။ စာအုပ်တွေ တစ်ခါတစ်ခါ ရှင်းရတာက မလွယ်လှ။ ဗီရိုတွေထဲ အပြည့်အသိပ် ထည့်ထားသည့် စာအုပ်တွေကို တစ်ထပ်ချင်း
ဆွဲချပြီး ကြည့်ရခြင်း ဖြစ်၏။ စာအုပ်တစ်အုပ် ရှာချင်ပြီဆိုလျှင်လည်း ဒီလိုပဲ တစ်ထပ်ချင်း ဆွဲချ၊ လိုချင်တာ ရှာ၊ တစ်ထပ်ချင်း ပြန်တင် တော်တော် လက်ဝင်သည်။

စာကြည့်တိုက်ဝန်ထမ်းဇြစ်သော ဇနီးသည်က အားတဲ့အခါ မျိုးတူစု ခွဲခြားခြင်း၊ ကတ်တလောက်စီခြင်းများ
ပြုလုပ်ပေးမည်ဟု ဆိုသည်။ သို့ရာတွင် သူ့ခမျာမှာ အားလပ်သည်ဟူ၍ မရှိ။ အလုပ်သွားရတာ တစ်ဘက်၊
ကလေးတွေ ဝေယျာဝစ္စက တစ်ဘက်၊ ချက်ရေးပြုတ်ရေးက တစ်ဘက်၊ သာရေးနာရေးက တစ်ဘက် အမြဲ
အလုပ်ရှုပ်နေတတ်သည်။ ထို့ကြောင့် သူ့အစီအစဉ်က အထမမြောက်သေး။ လုပ်ဖြစ်သည့်တိုင် စာအုပ်တွေကို
ထိန်းသိမ်းမှုကတော့ ဆက်ရှိနေရမည်ပင် ဖြစ်၏။

သူတို့ စာကြည့်တိုက်ကြီးတွေမှာ တစ်နှစ်တစ်ကြိမ် ပြုလုပ်သည့် ကိစ္စတစ်ခု ရှိသည်။ သင်္ကြန်ရက်များအတွင်း
စာကြည့်တိုက်အတွင်း ပိုးသတ်ဆေးဖြန်းခြင်းပင် ဖြစ်၏။ လေပေါက်တွေ အားလုံးပိတ်၊ လေ ယိုစိမ့်နိုင်သည့် နေရာ
မှန်သမျှ ပလာစတာတိတ်ပြားနှင့် ကပ်ဖာပြီး အတွင်းကို ပိုးသတ်ဓာတ်ငွေ့များ မှုတ်သွင်းထားခြင်း ဖြစ်၏။
ဓာတ်ကြွင်း အန္တရာယ်က တစ်ပတ်လောက်အထိ ရှိနိုင်သဖြင့် ရုံးပိတ်ရက်များသော သင်္ကြန်တွင်းမှာမှ ပြုလုပ်ရခြင်းဖြစ်၏။

ကျွန်တော်ကလည်း ထိုနည်းကိုယူ၍ ရာသီဥတု အပြောင်းအလဲရှိသည့် အခါတိုင်းမှာ စာအုပ်ဗီရိုတွေကို ဆေးဖြန်းရသည်။ သူတို့လို ပစ္စည်းမျိုးတော့ မသုံးနိုင်။ ခြင်ဆေးတစ်ဘူးဝယ်၊ စာအုပ်တွေကြားထဲ မှုတ်ထည့်ပြီး
ဗီရိုကို ပြန်ပိတ်ထားခြင်းသာ ဖြစ်၏။ ပရုတ်လုံးတွေကိုလည်း အခါအားလျော်စွာ ထည့်ပေးရသည်။ တစ်ခါတလေ
အလုပ်များနေလျှင် စာအုပ်တွေရှင်းဖို့ကို နေ့ရွှေ့ညရွှေ့ လုပ်ရသည်။ ပြီးတော့ အသစ်ထပ်တိုးလာသည့်
စာအုပ်တွေအတွက် နေရာပေးဖို့ကိုလည်း စဉ်းစားလာရသည်။ ထိုအခါ အိမ်မှာရှိသည့် စာအုပ်တွေထဲက
မလိုတာတွေကို ရှင်းပစ်ဖို့ စီစဉ်ရလေတော့သည်။

* * * * *

အားလပ်သည့် တစ်ရက်တွင် စာအုပ်ဗီရိုတွေဖွင့်ပြီး အမျိုးအစား ခွဲရသည်။ သိပ်အရေးမပါသည့် စာအုပ်များ၊
အလွယ်တကူ ရှာဖွေလို့ရသည့် စာအုပ်များ၊ မဖြစ်မနေ သိမ်းထားရမည့် စာအုပ်များ၊ အလွန် ရှားပါးသော စာအုပ်များ ခွဲထုတ်ပြီး တချို့ကို ရှင်းပစ်မည်ဟု စိတ်ကူးသည်။ တကယ်တမ်းကျတော့ ထင်သလောက် မလွယ်။
စာရေးဆရာတစ်ယောက်၊ စာဖတ်သမားတစ်ယောက်အတွက် အရေးမပါသည့် စာအုပ်ဆိုတာ တော်တော်ရှားပါသည်။

လုံးချင်းစာအုပ်တွေကျတော့လည်း စာရေးဆရာ သံယောဇဉ်ကြောင့်၊ မဂ္ဂဇင်းတွေကျတော့လည်း အယ်ဒီတာ သံယောဇဉ်ကြောင့် မဖယ်ရှားချင်ဘဲ ဖြစ်နေ၏။

ဒီကြားထဲက စာအုပ်တွေ့လျှင် ကောက်မလှန်ဘဲ မနေနိုင်သောကြောင့် ကြည့်မိရာက ဆက်ဖတ်ဖြစ်သွားပြီး စာအုပ်ရှင်းဖို့ကိစ္စ နှောင့်နှေးသွားပြန်သည်။ အဖေ ရေးသည့်စာအုပ်တွေ ထားသည့်ဗီရိုကို ရှင်းဖို့လုပ်ရတာ အခက်ဆုံးပင် ဖြစ်၏။ ကျွန်တော့်စိတ်ကူးက မဂ္ဂဇင်း အဟောင်းတွေထဲမှာ ပါသည့် အဖေ့ဝတၳုတွေကို ဖြုတ်ပြီး စုပေါင်း၍ ချုပ်ထားလိုက်မည်။ ဒါဆို အဖေ့စာတွေချည်း သီးခြားဖြစ်သွားမည်။ မဂ္ဂဇင်းတွေကိုတော့
ရှင်းပစ်လိုက်မည်။ ဒါဆိုလျှင် နေရာအများကြီးချောင်သွားမည်။

လက်တွေ့ကျတော့ မဖြစ်နိုင်။ မဂ္ဂဇင်းတွေက ဟိုးလွန်ခဲ့သော နှစ်ငါးဆယ်နီးပါးက ထွက်ခဲ့ခြင်း ဖြစ်၏။

ရှားပါးစာအုပ်တွေ။ အထဲမှာ ပါသည့် စာမူတွေကလည်း အကောင်းစား၊ အသန့်စားတွေချည်း ဖြစ်၏။ ဒီလို
မဂ္ဂဇင်းမျိုးတွေကို တစ်ပိုင်းစီ ဆွဲဖြုတ်ပစ်ရမှာ နှမြောနေသည်။ အရေးအကြီးဆုံး တစ်ခုကတော့ ထိုမဂ္ဂဇင်းတွေမှာ
ရေးသည့် စာရေးဆရာများပင် ဖြစ်၏။ ထိုအချိန်က မဂ္ဂဇင်းတစ်ခုထဲမှာ အတူ ရေးကြသော စာရေးဆရာများမှာ
တစ်ယောက်နှင့် တစ်ယောက် အလွန် ချစ်ကြသည်။ အယူအဆချင်း မတူသည့်တိုင် သံယောဇဉ်ကြီးကြသည်။

ကျွန်တော်က အဖေ့စာမူတွေကို မဂ္ဂဇင်းထဲက သီးခြား ခွဲထုတ်ဖို့ စိတ်ကူးတာ တရားမှ တရားပါ့မလား။ အဖေ့ကို
သူ့သူငယ်ချင်းတွေနှင့် ခွဲထားသလိုများ ဖြစ်နေမလားဟု တွေးမိ၏။ ထို့ကြောင့် သူတို့ သူငယ်ချင်းတစ်စု အဖိုးတန်မဂ္ဂဇင်းတွေထဲမှာ ဆက်ပြီး သိုက်သိုက်ဝန်းဝန်း ပျော်ပျော်ပါးပါး နေကြပါစေလေ ဆိုပြီး ကျွန်တော့်အကြံကို
လက်လျှော့လိုက်သည်။

* * * * *

အိမ်မှာ စာအုပ်တွေက ပိုပိုများလာသည်။ ထားစရာနေရာ အခက်အခဲ ဖြစ်လာသည်။ ကမ္ဘာကြီးမှာ လူဦးရေပေါက်ကွဲမှာ စိုးရိမ်နေရသလို ကျွန်တော့်အိမ်မှာလည်း စာအုပ်ဦးရေ ပေါက်ကွဲမှာ စိုးရိမ်နေရသည်။

ကျွန်တော့လို စာအုပ်လေး ထောင်ဂဏန်းလောက် ထိန်းသိမ်းနေရသူတောင် ဒီလောက် ဦးနှောက်စားနေရလျှင် စာအုပ်ပေါင်း သိန်းသန်းချီ၍ စီမံခန့်ခွဲနေရသော စာကြည့်တိုက်ကြီးများ၏ ဝန်ထမ်းများ ဘယ်လောက်
တာဝန်ကြီးမလဲဆိုတာ ကိုယ်ချင်းစာကြည့်နိုင်သည်။

သူတို့မှာ ဥစ္စာစောင့်များနှင့် တူသည်။ တကယ်တော့ “ဥစ္စာစောင့်” မဟုတ်၊ “စာအုပ်စောင့်” များသာဖြစ်လေသည်။

မင်းလူ

ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်ပညာ
ငွေရတု အထိမ်းအမှတ် မဂ္ဂဇင်း၊ ၁၉၉၆


မင်းလူ၏ ၀တ္တုတိုများ

'အဲလ်တီချိုဟူသည်...' ဘလော့ဂ်ကနေ ကူးယူပါတယ်။ ဘလော့ဂါကို ကျေးဇူးတင်ပါတယ်။

စလေ ငနော့