Tuesday, April 14, 2020

ကျွန်ုပ်နှင့် တက္ကသိုလ်ပထမနှစ်



•••••••••••••••••••••••••••••••••
နီကိုရဲ
သိပ်သိပ်သည်းသည်းကျနေတဲ့
နှင်းတောကြီးထဲမှာ ဖျပ်ခနဲ ဖျပ်ခနဲ တိုးထွက်လာတဲ့ ရောင်စုံအရောင်တွေ လှုပ်ရှားနေကြတာကို ကြည့်ရတာ သိပ်လှတာပဲဗျာ။ အဲဒီ ရောင်စုံအရောင်တွေထဲမှာ ငါလည်း ပါတယ်လို့တွေးမိတော့ ရင်က ငြိမ့်ခနဲ တစ်ချက်ခုန်တယ်။ ဓာတ်လှေ ကား စတက်တက်ချင်း ခံစားရတဲ့ ခံစားမှုနဲ့ နည်းနည်း ဆင်ပေမယ့် ခံစားရတာကတော့ တော်တော်ကွာတယ်ဗျာ။
ဒီဇင်ဘာ ၅ ရက်နေ့ဆိုတော့ နှုတ်ဆက်ခါနီး ဆောင်းက သူ့ အကြောင်းကို ကောင်းကောင်းပြလိုက်မဟဲ့ဆိုတဲ့ ပုံစံနဲ့ ကောင်းကင် က ခုန်ဆင်းလာလိုက်တာ မနည်းပါဘူး။ အေးလိုက်တာဗျာ။ သစ်ပင် တွေတောင် မလှုပ်မယှက်ကြီး ဖြူဖွေးနေတဲ့ နှင်းစက်ကလေးတွေထဲ နစ်လို့။ ဆေးပေါ့လိပ်ဖွာပြီး မီးခိုးမှုတ်ထုတ်ရင် တော်တော်နဲ့ မကုန်ဘူး။ ဘယ်ကုန်ပါ့မလဲ မီးခိုးငွေ့က ကုန်သွားပေမယ့် ပါးစပ်ထဲက အပူ
ငွေ့တွေက မီးခိုးငွေ့တွေလို ထွက်ထွက်လာနေတာကိုး။
ဒီလိုအေးပြီဆိုရင် နိုင်ငံခြားမှာတော့ စုန်းမရဲ့ နို့သီးခေါင်း ကျနေတာပဲလို့ တင်စားတယ်တဲ့။ ကျွန်တော်က အဲဒီထက် ပိုလိုက် ဦးမယ်။ ရေခဲသေတ္တာထဲ ထည့်ထားတဲ့ စုန်းမရဲ့ နို့သီးခေါင်းဗျာ၊ မှတ်ရော...။ ဒါပေမယ့် လူက ပီတိဖြစ်နေတော့ အေးလို့အေးရကောင်းမှန်း သိပ်မသိပါဘူး။ ဆေးပေါ့လိပ်
တစ်ဖွာ ဖွာလိုက်၊ မဆုံးနိုင်တဲ့ မီးခိုးတွေ ပါးစပ်ထဲက မှုတ်ထုတ်လိုက်နဲ့ ပျော်နေတာပါပဲ။ ပျော်ဆို ၁၉၈၆ ခုနှစ် တက္ကသိုလ်၀င်ခွင့်ရလို့ တက္ကသိုလ်ကို ပထမဦးဆုံးအကြိမ် လာရ တဲ့ခရီးကိုး။
ဇ၀နမှတ်တိုင်ကနေ ၁၃ ဘတ်စ်ကားစီး၊ ကြယ်ငါးပွင့် မှတ် တိုင်မှာဆင်းပြီး ကြယ်ငါးပွင့်ရုံးကြီးဘေးနားလမ်းကနေ ဗိုလ်တထောင် တက္ကသိုလ်ကို ကျွန်တော်လမ်းလျှောက်လာနေတာ။ ခါးတို ဂျင်း
အနွေး ထည် အကျႌလေးတွေ ၀တ်ထားတဲ့ ကောင်မလေး (၃)ယောက်က ရယ်မောရင်း စကားပြောရင်း ကျွန်တော့်ကို ကျော်တက်သွားကြတယ်။ ချမ်းရှာလွန်းလို့ ထင်ပါရဲ့ဗျာ။ အချင်းချင်း လက်ကလေးတွေ ဆုပ်လို့ ဟန်ပါပါ လမ်းလျှောက်သွားပုံက ကြည့်လို့တောင် ကောင်းသေး။
ကျွန်တော် ငေးနေတုန်း ကျွန်တော့်ဘေးနားက စလွန်းကား တစ်စင်း ဖြတ်သွားတယ်။
ကျွန်တော် ခပ်တိုးတိုး ကြိတ်ဆဲလိုက်တယ်။ ဆဲမှာပေါ့။ ကား အနောက်မှာရှိတဲ့ အအေးထုကြီးက လည်ကတုံးလက်ရှည် ကလေးပဲ ၀တ်ထားတဲ့ ကျွန်တော့်ကို လွှမ်းသွားတာကိုး။ အေးလိုက်တာဗျာ။ လက်ဖျားထိပ်ကလေးတွေကို ထုံသွားတာပဲ။ အဲဒီလိုနဲ့ လျှောက် လာရင်း ဖွေးနေအောင်ကျထားတဲ့ နှင်းထုတွေကြားမှာ ငြိမ်ငြိမ်ကြီး ရပ်နေတဲ့ ကျွန်တော့်ရဲ့ ဗိုလ်တထောင် တက်္ကသိုလ်ကြီးကို သွားတွေ့ တာပဲ။
ကျွန်တော် ရပ်ပြီးငေးနေမိတယ်။ ရင်ထဲမှာ တဒိတ်ဒိတ်နဲ့။
⚫
မရဲတရဲခြေလှမ်းနဲ့ ဗိုလ်တထောင်တက္ကသိုလ်ထဲကို ၀င်လိုက် တော့ ကျွန်တော့်ရင်ထဲမှာ အရသာတစ်ခု ဖြတ်ပြေးသွားတယ်။ ပျော်ရွှင်ခြင်း၊ ကြည်နူးခြင်း၊ နှစ်သက်ခြင်း၊ ရင်ခုန်ခြင်း၊ အလကား ပါဗျာ။ အဲဒီစကားလုံးတွေအားလုံးက အဲဒီ အရသာကို ဖော်မပေးနိုင် ဘူး။ ရင်ထဲမှာ စိမ့်ခနဲဖြစ်သွားတယ်လို့ ပြောရမလား။ အဲဒါလည်း မဟုတ်သေးဘူး။ ထားပါတော့။
ပေါ်တီကိုထဲကနေ ကျောင်းထဲ လှမ်း၀င်လိုက်တော့ အရောင် စုံ၊ ဒီဇိုင်းစုံ၊ နှုတ်ခမ်းနီ မိတ်ကပ်မျိုးစုံ အသံမျိုးစုံနဲ့ ရပ်နေကြ၊ ရယ်နေ ကြ၊ စကားပြောနေကြတဲ့ ကျောင်းသူတွေကို တွေ့ရတော့ ကျွန်တော့် ရင်ဟာ တုန်လှုပ်သွားတယ်။ ပြီးခဲ့တဲ့အပတ်ကမှ ၀ယ်ထားတဲ့ ကော်လံကတုံးအသစ်ကလေးနဲ့ အခါ (၂၀)လောက် ၀တ်ပြီးသား
ချည်ပုဆိုးအနွမ်းကလေးကို ၀တ်ထားတဲ့ ရဲ၀င်း ဟာရှိပြီးသား ထက် ပိုသေးသွားတယ်။
ချက်ချင်း ကျွန်တော်ဟာ မာန်နတ်က ရှင်အာနန္ဒာရဲ့ နှလုံးသားကို ညှစ်ထားသလို အညှစ်ခံလိုက်ရတယ်။
ကျွန်တော် ချက်ချင်းအားတင်းရတယ်။ ငါ ရဲ၀င်းကွလို့။ ကျွန်တော့်အသိစိတ်က ကျွန်တော့်နှလုံးသားကိုကြားအောင် လှမ်း အော်တဲ့အသံပါ။ သတိ်္တနည်းနည်းတော့ ရှိသွားပါတယ်။ သိပ်တော့ မအောင်မြင်ပါဘူး။ ကျွန်တော် ခေါင်းငုံ့သွားမိတာကိုး။
အထက (၃)မှာတုန်းကဆိုရင် ပေါက်စီရှိမယ်။ ဒါမှမဟုတ် ဘယ်သန်၊ သခေါ၊ ပျားတုပ်၊ မြင့်မြင့်ရီ၊ မြတ်မိုလ်...။ ဘယ်သူမှ မရှိလည်း ကျွန်တော် ကျောင်းထဲကို ကျွန်တော် ရင်ကော့ပြီး ၀င်လို့ရ ပါတယ်။ တစ်ကျောင်းလုံးကို ကျွန်တော် သိနေတာကိုး။ အခုတော့ ကျွန်တော့်တစ်ယောက်တည်း။ ရင်ထဲက ငါ တက်္ကသိုလ်ကျောင်းသား ကွဆိုတာလေးက ယိုင်ချင် လွင့်ချင် နဲ့ချင်လာတယ်။
ဆယ်တန်းအတူတူ အောင်ပေမယ့် ပေါက်စီက ကလော GTI ကိုရောက်သွားတယ်။ ဘယ်သန်က မြင့်မြင်ရီလေး ဆန္ဒအတိုင်း လုပ်သားကောလိပ်ကို အတူတက်ကြတယ်။ မြတ်မိုလ်က ရေဆင်းမှာ ရှိတဲ့ ပျဉ်းမနားတက္ကသိုလ်မှာ။ သခေါက စာပေးစာယူ ယူတယ်။ ပျားတုပ်က E မေဂျာရလို့
လှိုင်တက္ကသိုလ်မှာ။ ဗိုလ်တထောင်မှာ ကျွန်တော် တစ်ယောက်တည်း။
အားငယ်တာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် လူတိုင်း လူ တိုင်း သူ့အဖွဲ့ကလေး အုပ်စုကလေးတွေနဲ့ ပျော်နေကြတဲ့အချိန်မှာ ကျွန်တော်က တစ်ယောက်တည်းဆိုတော့ သူတို့လိုပျော်လို့ မရဘူး ဖြစ်နေတာကိုပဲ မကျေနပ်တာပါ။ အဖြူနဲ့ အစိမ်းတွေ သူငယ်ချင်း တွေကြားထဲမှာပဲ
ကြီးပြင်းခဲ့ရတဲ့ ကျွန်တော်ဟာ ရောင်စုံပန်းခင်း ကြီးထဲမှာ အခုမှ ပိုးတုံးလုံးဘ၀က လွတ်လာတဲ့ လိပ်ပြာတစ်ကောင်လိုပဲ။ ဟိုပျံ ဒီ၀ဲနဲ့ ဘာတစ်ခုမှ သဲသဲ ကွဲကွဲ မလုပ်တတ်ဘူး ဖြစ်နေ ခဲ့တယ်။
ကျွန်တော့်အနားက ကျောင်းသူကလေးတစ်အုပ် ဆူညံပြီး ဖြတ်သွားကြတယ်။ တချို့ကောင်မလေးတွေက ဦးစံ ရွှေရုပ်တုကြီး နံဘေးက မိန်းလှေကားပေါ်ကို တက်ကြတယ်။ တချို့ ဆင်းလာကြ တယ်။ ဆရာမကလေးတွေကလည်း လှလိုက်တာဗျာ။ ကျောင်းသူ တွေနဲ့ အလှပြင်တာ သိပ်မကွာခြားလှဘူး။ ဒါပေမယ့် သူတို့ကို ဆရာမ မှန်းသိအောင် အကျႌရင်ဖုံး လက်ရှည်ကလေးတွေ၀တ်၊ ပါတိတ် ကလေးတွေ၀တ်ပြီး ရင်ဘတ်မှာ ဆရာကဒ်ကလေးတွေတော့ ချိတ် ထားကြတယ်။ နှုတ်ခမ်းမှာ အပြုံးလက်လက်ကလေး ချိတ်ပြီး မျက်၀န်းတွေက ငြိမ်တယ်။ State ကျောင်းတုန်းက ဆရာမ
ဒေါ်ဌေးအောင်တို့၊ ဒေါ်စိန်စိန်၀င်းတို့နဲ့တော့ ကွာပ။ ဒါကြောင့်လည်း တက်္ကသိုလ်ကို လူတိုင်း သွားချင်ကြတာကိုး။
ကိုယ့်ဆရာရေ ကျွန်တော်လည်း ဘာလုပ်ရမှန်းမသိတာနဲ့ ယောင်ယောင်လုပ်ပြီး လှေကားကြီးပေါ် ခပ်တည်တည်နဲ့ တက်လိုက် တယ်။ ရင်ထဲမှာ ဘာကိုမှန်းတော့မသိဘူး။ ကျေနပ်နေတာ အမှန်ပဲ။ တွေ့တဲ့ ကော်ရစ်တာကို လျှောက်သွားရင်းနဲ့ ကျောင်းသားတွေ အုံကြည့်နေတာတွေ့တော့ ဘာရမလဲ ၀င်ကြည့်တာပေါ့။ ရှေ့က ကောင်မလေးတစ်အုပ် ဆူညံပြီး မှတ်နေကြည့်နေတာတွေ့တော့မှ ဒါ ကျောင်း၀င်ခွင့်စာရင်းဆိုတာ သိရတယ်။ ကျွန်တော်လည်း ကြက်ကန်း ဆန်အိုးတိုးပြီမို့ ခပ်တည်တည်နဲ့ ကျွန်တော့် ရုက္ခဗေဒမေဂျာမှာ ကြည့် လိုက်တော့ ကျွန်တော့်နာမည်ကို သွားတွေ့တယ်။ မောင်ရဲ၀င်း ၁၇၈ ရုက္ခဗေဒ (203) တဲ့။
ရဲ၀င်းရယ်၊ ၁၇၈ ရယ်၊ ရုက္ခဗေဒရယ်ကို ကျွန်တော် သိပေမယ့် နောက်ဆုံး (203) ကို ကျွန်တော်မသိဘူး။
''203ဆိုတာ ဘာလဲဟင်''
''အဲဒါ အခန်း...''
ကျွန်တော့်ရှေ့က ကောင်မလေးကိုမေးတော့ သူ ပြန်ဖြေတာက ပြတ်တာရယ်။ ကျွန်တော့်ကို ကြည့်ပုံက ခပ်နှိမ်နှိမ်ဖြစ်နေတာရယ် ကြောင့် ကျွန်တော်လည်း ဆက်မမေးတော့ဘူး။ ရှေ့က စာရွက်တွေကို အီး...အဲနဲ့ လျှောက်ကြည့်ရင်း လှည့်ထွက်တော့မှ...
''မင်းက Fresher လား''
ကျွန်တော့်ကိုပြုံးပြီးမေးတဲ့ ကောင်မလေးတစ်ယောက်ကို တွေ့ တယ်။ အရပ်က ကျွန်တော့်နီးပါးပဲ။ အပြင်အဆင်က ခပ်ရိုးရိုးပါ။ သူ့နှုတ်ခမ်းက အပြုံးက မိတ်ဖွဲ့တဲ့အပြုံးမျိုးဆိုတာ သိသာတယ်။
''ဟုတ်တယ် ဒီနှစ်မှ...''
''203 ဆိုတာ မင်း တက်ရမယ့်အခန်းလေ...ပထမထပ်ဆိုရင် ၀မ်းဇီးရိုးနဲ့စတယ်...ဒုတိယထပ်ဆိုတော့ တူးဇီးရိုး၊ 203 ကဒုတိယထပ် ဒီလှေကားကတက်သွားရင် ဘယ်ဘက်ကအခန်း''
''ကျေးဇူးပဲဗျာ...သူကရော ဒီနှစ်မှပဲလား''
''တို့က Second Year ''
''သြော်...အေးဗျာ ကျွန်တော် အတန်းသွားတက်လိုက်ဦး မယ်''
ကျွန်တော် စကားဆုံးတော့ လှည့်မထွက်ဖြစ်ဘူး။ သူက ခစ်ခနဲ ရယ်တာကိုး။ သူရယ်တာက လှောင်ပြုံးတော့မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော် တစ်ခုခုမှားနေတယ်လို့ ပြောချင်တဲ့
အပြုံးမျိုးပါ။
''ဘာဖြစ်လို့လဲဟင်''
''မင်း ဒီနေ့ အတန်းတက်လည်း စာသင်မှာမှ မဟုတ်တာ...''
''မင်း ငွေသွင်းဖို့၊ စာအုပ်ထုတ်ဖို့ ၊ Practical ကြေးတွေသွင်းဖို့ ရှိသေးတယ်... ဒါတွေ မင်း လုပ်ပြီးပြီလား''
''ဟုတ်လား...ဘာမှ မလုပ်ရသေးဘူး''
''ကက်ရှ်ကိုရော မင်း သိလား...မေးမနေတော့ပါဘူး လေ ပြောလက်စနဲ့ ဆက်ကူညီပါ့မယ်... မင်းမှာ ငွေသွင်းဖို့ ပိုက်ဆံပါ တယ်နော်...ပါရင် လိုက်ခဲ့...လာ...တို့လည်း ငွေသွင်းမှာ''
ငွေသွင်းကောင်တာကို ရောက်လို့ ငွေသွင်းကြတော့ ငွေသွင်း ကောင်တာက မြင့်နေလို့ သူနဲ့ကျွန်တော် ခြေဖျားထောက်ပြီး ပိုက်ဆံ ပေးရတယ်။ သူက တခွီးခွီးနဲ့ရယ်တယ်။ ကျွန်တော်လည်း ရယ်တာ ပဲ။
ကျွန်တော်တို့နှစ်ယောက် အားရပါးရ ဘာမဟုတ်တဲ့ ကိစ္စလေးကို ရယ်နေကြတာကို ကျောင်းသားတွေက ငေးနေကြတယ်။ ငွေလည်း သွင်းပြီးရော သူနဲ့ ကျွန်တော် ခင်သွားပြီ။ ကင်တင်းမှာ အတူထိုင်ပြီး ကော်ဖီတွေဘာတွေတောင် သောက်လို့။
တက္ကသိုလ်ဟာ လွတ်လပ်တယ်ဆိုတာတော့ ကျွန်တော် သိပါတယ်။ ဒါပေမယ့် မိနစ်ပိုင်းအတွင်း မိန်းကလေး
သူငယ်ချင်း တစ်ယောက်ကို ရတဲ့အထိ လွတ်လပ်တယ်လို့ ကျွန်တော် တစ်ခါမှ မတွေ့ခဲ့ဖူးတာ အမှန်ပဲ။ သူက မလှပါဘူး။ သာမန်တွေ့နေကျ မိန်းကလေးမျိုးပါပဲ။ ဒါပေမယ့် သူ့ အပြုံးကတော့ လှတယ်ခင်ဗျ။ သူ ပြုံးလိုက်ရင် သူ့အပြုံးက ဘာနဲ့မှမထိဘဲ ပေါ်လာတဲ့ အပြုံးမျိုး။
ကျွန်တော်ပြောချင်တာကို ကိုယ့်ဆရာ နားလည်ပါ့မလား တော့ မသိဘူး။
ဒီလိုဗျာ...သူပြုံးတာက မာနကြောင့် ပြုံးတာလည်း မဟုတ်ဘူး။ အလှကြောင့် ပြုံးတာလည်းမဟုတ်ဘူး။ အပြုံးခံရတဲ့လူကို သနားလို့...ခင်လို့...၀မ်းသာလို့ စိတ်မကောင်းဖြစ်လို့ စတဲ့ ဘာအကြောင်းကြောင့်မှ ပြုံးတာမဟုတ်တဲ့ အပြုံးမျိုး အပြုံး သက်သက် ဗျာ။ တခြား ဘာအကြောင်းမှ မပါတဲ့ အပြုံး...။
သူ့နာမည်က ယင်းမာမောင်တဲ့...။ သူ့မှာ ညီမလေး တစ် ယောက်ရှိတယ်။ ယင်းမာအောင်တဲ့...။ သူက စကားပြေားရင် ကျွန်တော် ၁၀ တန်း တစ်နှစ်ကျမှန်းသိသွားတော့ မင်းနဲ့ တို့ကို ဖြုတ်ပြီး နာမည်ပဲခေါ်တော့တယ်။ သူ့ကိုယ်သူ ပြောရင်တော့ ''မောင် ကလေ...မောင်က...''
လို့ သုံးတယ်။ မိန်းကလေးတစ်ယောက်က မောင်...လို့ သုံးတာတော့ ရယ်စရာကြီးပေါ့။ ဒါပေမယ့် ကျွန်တော် မရယ်ပါဘူး။ သူ အကျင့်ဖြစ်နေတယ်ဆိုတာ မောင်ကလေ...ဆိုတဲ့ လေသံကို ခပ်ပေါ့ပေါ့
ပြောနိုင်ကတည်းက သိသာနေတာပဲဟာ။

ကျွန်တော်ကတော့ သူ့ကို တော်တော်လေး သဘောကျ တယ်ဗျာ။
တလွဲတွေ မတွေးနဲ့ဦး ကိုယ့်ဆရာရေ..။ ယောင်တောင်တောင် ဖြစ်နေတဲ့ ကျွန်တော့်အတွက် အဖော်တစ်ယောက်ရသွားတာရယ်... တက်္ကသိုလ်ထုံးစံ ဘာမှမသိသေးတဲ့ ကျွန်တော့်ကို အားလုံးနဲ့ နေသား တကျဖြစ်အောင် ကူညီပေးတာရယ်။ သူက တစ်တန်းကြီးပေမယ့် ကျွန်တော့်ကို
မနှိမ်ဘဲ တန်းတူ ဆက်ဆံတာတွေရယ်ကြောင့်လည်း ပါတယ်ပေါ့။
အဲဒီလိုနဲ့ ကျွန်တော့်ရဲ့ တက္ကသိုလ်ပထမနေ့ဟာ ထူးထူး ဆန်းဆန်း အဆင်ပြေစွာနဲ့ ပြီးဆုံးသွားခဲ့တယ်။
⚫
တက္ကသိုလ်ဆိုတာ တော်တော်လွတ်လပ်တဲ့ နေရာဗျာ။
တစ်စုံတစ်ရာ အတိုင်းအတာအထိ ယုံကြည်ရတဲ့ လူကြီးဖြစ်ပြီဆိုတာကို နေရာတိုင်းမှာ တွေ့ရတယ်။ State ကျောင်းတုန်းကလို ဆရာ၊ ဆရာမတွေက နေရာတကာ သွန်သင်ဆုံးမ ညွှန်ပြမနေ တော့ဘူး။ ကိုယ့်ဘာသာလုပ်ရတယ်ခင်ဗျာ။ ကျောင်းလခ သွင်းတာ။ စာအုပ်ထုတ်တာ။ ကိုယ့်ခုံနံပါတ် ဘယ်နေ့ လက်တွေ့ရက်ကျတယ်ဆိုတာ အားလုံးကို Note board မှာ ကိုယ့်ဘာသာကြည့်ရတယ်။ဆရာ၊ ဆရာမတွေက ညွှန်ပြရုံပဲ။ ဘာမှ လိုက်လုပ်ပေးတာ မဟုတ် ဘူး။
ယင်းမာမောင် ရှိပေလို့သာပေါ့။ အကြောင်းမသိကြတဲ့ fresher လေးတွေဆို ဟိုပြေး ဒီပြေးနဲ့ ဒုက္ခရောက်လိုက်ကြတာ။ ကြည့်ပြီး စိတ်တောင်မောတယ်။
စာသင်လို့ ထိုင်ခုံထိုင်တာကအစ ကြည့်ဗျာ။ State ကျောင်းမှာလို ယောကျ်ားလေး မိန်းကလေးသပ်သပ် မဟုတ်ဘူးခင်ဗျ။ ထိုင် ချင်သလို ထိုင်ခွင့်ရှိတယ်။ တစ်ခါတလေ ကျွန်တော်ထိုင်နေတဲ့ ထိုင်ခုံ မှာ မိန်းကလေးသုံးလေးယောက် ၀င်ထိုင်တတ်တာပဲ။ ကျွန်တော်က မိန်းကလေးတွေခုံမှာ နေရာလွတ်လို့ ၀င်ထိုင်လည်းရတယ်။ တချို့ဆိုဗျာဆရာမက ရှေ့မှာစာသင်၊ ဘေးမှာ အတွဲတစ်တွဲက Fancy စကား တွေပြောလို့။ အနှောင့်အယှက်သာမရှိဘူးဆိုရင် မဖြစ်ဘူးဆိုရင် အား လုံး အေးအေးဆေးဆေးပဲ။
ကျွန်တော်က ကျောင်းရောက်တာနဲ့ ယင်းမာမောင်ကို လိုက် ရှာ၊ ကင်တင်းထိုင်၊ စကားပြော။ အတန်းရှိရင် အတန်းတက်၊ အားရင် ပန်းခြံထိုင်... ဟုတ်နေတာပဲ။ ဆယ်ရက်လောက်ကြာတော့ ကျွန်တော့် မှာ အပေါင်းအသင်းတွေလည်း ရလာတယ်။ တစ်ဖွဲ့က ကျွန်တော်နဲ့ လက်တွေ့တစ်အုပ်စုတည်းကျတဲ့ ကောင်မလေး ၃ယောက်နဲ့ ကောင် လေးတစ်ယောက်ပါ။ နောက်တစ်ဖွဲ့က မေဂျာလည်း မတူဘူးခင်ဗျ။ ဘယ်လို ခင်သွားတာလဲ ကျွန်တော်လည်း မမှတ်မိတော့ဘူး။
ကျွန်တော်ဟာ ပလက်ဖောင်းပေါ်က လူအုပ်ထဲမှာ ချက်ချင်း ရောသွားတဲ့ လူတစ်ယောက်လိုပဲ တက္ကသိုလ်ထဲမှာ ပျော်သံ အော်သံ တွေနဲ့ ရောပါ ​မျောပါသွားခဲ့တယ်။ တစ်ခါတလေဆို အတန်းချိန်က ၁၂ နာရီပြီးပေမယ့် အိမ်ကို ၅နာရီမှ ရောက်တဲ့နေ့တွေတောင်မှ ရှိတယ်။
''ဒုတိယနှစ်က ကောင်လေးတွေက ပထမနှစ် စတက်တဲ့ ကောင်မလေးတွေနဲ့ ရည်းစားဖြစ်လေ့ရှိပြီး ဒုတိယနှစ်က မမတွေက တော့ ပထမနှစ်က ကောင်လေးတွေနဲ့ အတွဲ ဖြစ်တာများတယ် ရဲ၀င်း ''
''ဟုတ်လား...ဘာဖြစ်လို့လဲ...သေချာလို့လား''
''မောင်က မဟုတ်ဘဲပြောပါ့မလား... ပထမနှစ်တက်စ ကောင်မလေးတွေကို အကူအညီပေးရင်း အကူအညီပေးရင်း ကလေး မလေးတွေကလည်း အားကိုး...ဒုတိယနှစ် ကိုကိုတွေကလည်း စေတနာပိုရင်း ငြိကြတာပေါ့...အဲဒါ အလွယ်ဆုံးနည်းပဲ''
''သြော်... ကောင်မလေးတွေလည်း ဒီလိုပဲပေါ့ ဟုတ်လား''
''မဟုတ်ဘူး... နင်က နည်းနည်းဒုံးေ၀းတယ် ရဲ၀င်း''
ယင်းမာမောင်က မပြောချင်သလိုလုပ်ပြီး တခြားတစ်ဖက်လှည့် တယ်။ သူ မပြောချင်တာကို ကျွန်တော်ကလည်း မေးဖို့စိတ်ကူးမရှိ ပါဘူး။ ဒုံးေ၀းတာကတော့ ဟုတ်မှာပေါ့။ ကျွန်တော်မှ မသိတဲ့ဟာကို။ ကျွန်တော် ဆက်မမေးတာ တော်တော်ကြာသွားတော့မှ ယင်းမာမောင်က ရေနွေးကြမ်းတစ်ခွက်ကိုငှဲ့ပြီး ကောက်သောက်ရင်း နဲ့ပြောတယ်။
''မောင့်အတွေ့အကြုံအရ ပြောရရင် မိန်းကလေးတွေကျ တော့ မတူဘူး...ဒီလို...ဒီလို''
သူ့လက်တွေကို ရှုပ်ယှက်ခတ်နေအောင် ခါပြရင်း ခဏစဉ်းစား တယ်။ ပြီးတော့ တစ်ချက်ပြုံးပြီး ဆက်ပြောတယ်။ သူ့အပြုံးက ကျွန်တော်ပြောတဲ့ အပြုံးမျိုးပဲ။
''ဒုတိယနှစ်မှာ ရည်းစားမရှိတဲ့ မမတွေက နှစ်မျိုးရှိတယ်...ပထမတစ်မျိုးက Fresher ဘ၀မှာ ဟိုလူလိုလို ဒီလူလိုလိုနဲ့ အိုက်တင်တွေခံပြီး အားလုံးထွက်ပြေးသွားလို့ ကျန်ခဲ့တာ... ဒုတိယတစ်မျိုးကတော့ တက္ကသိုလ်နဲ့ State ကျောင်း မကွဲဘဲ တက္ကသိုလ်မှာ ရည်းစားမထားဘူး...စာပဲ
ကြိုးစားမယ်ဆိုပြီး မာနထားရာက ကျန်ခဲ့တာ... အဲဒါမျိုးတွေလေ''
ကိုယ့်ဆရာသာဆိုရင်တော့ ယင်းမာကရော ဘယ်အမျိုးအစားနဲ့ ကျန်ခဲ့တာလဲလို့ မေးကောင်းမေးမိမှာပဲ။ ကိုယ့် ဆရာရေ ကျွန်တော်ကတော့ မမေးဖြစ်ဘူးခင်ဗျ။ တက္ကသိုလ်နဲ့ ပတ်သက်လို့ သူဟာ ကျွန်တော့်ရဲ့ ပထမဆုံး မိတ်ဆွေလို့ သဘောထားတာရယ်၊ သူ့ကို ကျွန်တော် မကြိုက်တာ မချစ်ချင်တာရယ် ဒီစကားဟာ ရေလာမြောင်းပေးစကား မဟုတ်ဘဲ သိသင့် သိထိုက်တာကို ထုံးစံအတိုင်း ရှင်းပြတာပဲလို့ သဘောထားတာရယ်။
ကျွန်တော် ဒီစကားကို မမေးလို့ သူကလည်း ဘာမှမဖြစ် ပါဘူး။ ခါတိုင်းလို အေးအေးဆေးဆေးပါပဲ။ ဟိုစကား ဒီစကားတွေ ပြောပြီးတော့မှ သူက ဆက်ပြောတယ်။
''တက္ကသိုလ်ဆိုတာ ရည်းစားတစ်ယောက်ရှိမှ ပျော်ဖို့ကောင်း တာ ရဲ၀င်းရ...ရည်းစားရှိရင် အဖွဲ့ရှိသွားရော...အဖွဲ့ရှိရင် ပျော်စရာ
ကြီး...မရှိရင်တော့ လွတ်ပြီးတော့ လပ်နေတာပေါ့''
''ပထမနှစ်ချင်း ရည်းစားဖြစ်တာရော မရှိဘူးလား''
တရားခွင်မှာဆိုရင်တော့ မမေးသင့်တဲ့ မေးခွန်းပါ။ ဒါပေမယ့် ဒါက တရားခွင်မှမဟုတ်ပဲ။ ယင်းမာမောင်က ကျွန်တော့်စကားကို မပြုံးဘဲနဲ့ ခဏစဉ်းစားပြီးဖြေတယ်။
''ရှိတယ်... ရှိတယ်ပေါ့... ဒါပေမယ့် နည်းတယ်လို့ပြောတာ''
ကျွန်တော် ဘာကြောင့် ဒီစကားမေးတယ်ဆိုတာ သူ သိမှာ ပါ။ ကျွန်တော်နဲ့ခင်နေတဲ့ မေဂျာမတူတဲ့အုပ်စုက ကောင်မလေး တစ်ယောက်ကို ကျွန်တော်က စိတ်၀င်စားနေတာကိုး။ အဲဒီ ကောင်မလေး နာမည်က ယဉ်မြသွယ်တဲ့။ ကျွန်တော့်လိုပဲ ပိန်ပိန်ဖြူဖြူ သွယ်သွယ်ကလေး။ စိတ်ကတော့ ဘာကောက်သလဲ မမေးနဲ့။ ကိုယ့်ဆရာရေ...မနက်မိုးလင်းတာနဲ့ ယဉ်မြသွယ် နှုတ်ခမ်းက စူနေ ပြီးသားပဲ။ သူတို့အဖွဲ့ ငါးယောက်ထဲမှာ ဘယ်သူနဲ့မှ မတည့်ဘူး။ ကျွန်တော်နဲ့ တည့်သလားဆိုတော့လည်း မတည့်ပါဘူး။ ရန်ဖြစ်စရာ မရှိရင် သူ စားနေတဲ့ နေကြာစေ့နဲ့ ရန်ဖြစ်နေတဲ့ မိန်းကလေးမျိုး။ စိတ်ပျက်စရာကလေးပါဗျာ။ ဒါပေမယ့် ကျွန်တော်က သူ့ကို ချစ်ချင် နေတယ်။
ရုပ်လှလို့လားဆိုတော့လည်း သိပ်အလှကြီးမဟုတ်ပါဘူး။ ငယ်ဂုဏ်ကလေးလည်းရှိ၊ ပြင်ပြင်ဆင်ဆင်ကလေးလည်း နေတတ်၊ တက်္က
သိုလ်ရဲ့ တခြားသောအရောင်တွေနဲ့လည်း ရောနေဆိုတော့ မဆိုးဘူး ပြောရမှာပေါ့။ ဒါပေမယ့် ယဉ်မြသွယ်ရဲ့ မျက်နှာမှာ ၀က်ခြံ တွေရှိတယ်ဗျာ။ သူ့မျက်နှာအသားက နည်းနည်းကြမ်းတယ်။ ပါးနှစ် ဖက်ပေါ်မှာ ၀က်ခြံတွေက တစ်လုံးနဲ့တစ်လုံး အလုအယက်ပဲ။ သူ့ ၀က်ခြံတွေနဲ့လည်း သူ ရန်ဖြစ်တာပါပဲ။ သူ့ထက်စာရင် ယင်းမာမောင် ကမှ မျက်ခုံး၊ မျက်လုံး၊ နှုတ်ခမ်းပိုလှသေးတယ်။
ဒါပေမယ့် ကျွန်တော်ကတော့ သူ့ကိုပဲချစ်တယ်။ အချစ်မှာ မျက်စိမှမရှိတာ။ ၀က်ခြံတွေရှိတော့ရော ဘာဖြစ်သေးလဲ။ သူ့ကို ကျွန်တော် ဘာဖြစ်လို့ချစ်မိသွားလဲဆိုတာ ကျွန်တော် မမှတ်မိတော့ဘူး။ အုပ်စုထဲမှာ သူနဲ့ကျွန်တော်က ဆိုက်တူ ဂိုက်တူမို့ ဘော်ဒါတွေက ၀ိုင်းစကြလို့လား။ သူ ခဏခဏ စိတ်ကောက်တတ်လို့လား။ ဘာ ကြောင့်လဲဆိုတာတော့ ကျွန်တော်မသိတော့ဘူး။ ကျွန်တော်သိတော့ ကျွန်တော် သူ့ကို
ကြိုက်ချင်နေပြီဆိုတာပဲ သိတယ်။
တရားမှတ်တဲ့လူလိုပဲလေ... မှတ်နေတဲ့ကြားက တခြား အတွေးတွေ ၀င်လာသလိုမျိုးပေါ့။ ဘယ်အချိန် ဘယ်လို ၀င်လာသလဲဆိုတာ ကျွန်တော် မသိတော့ဘူး။ ခင်တယ်လို့ သိနေတုန်း အချစ်စိတ်က ၀င်လာတာ။ ပြီးခဲ့တဲ့အပတ်ကပဲ ''နင်က ၀က်ခြံနဲ့လည်း ရန်ဖြစ် တာပဲနော်'' လို့ ပြောမိလို့ ၃ ရက်လောက် စိတ်ကောက်တာ ခံလိုက်ရ
သေးတယ်။
ယဉ်မြသွယ်တို့ စိတ်ကောက်ပြီဆိုရင်တော့ ကြိုက်တဲ့နည်းနဲ့ သာချော့ ကိုယ့်ဆရာရေ...ရကိုမရဘူး။ ရာမမင်းသားလို ရွှေသမင်ဖမ်းပေးလည်း SORRY ပဲ။ သူ စိတ်ကောက်ပြေရင်တော့ ပျော်စရာကြီးပဲဗျ။ စိတ်ကောက်ပြေရင် သူက ပေါင်ကို ဆိတ်တတ်တယ်။ သူ ပေါင်ဆိတ်မယ့်ရက်ကို စောင့်ရတာ သုံးကမ္ဘာလောက်ကြာတယ်လို့ ကျွန်တော်ထင်တယ်။
အဲဒီအကြောင်းတွေ ကျွန်တော်ပြောပြထားလို့ ယင်းမာမောင် လည်း သိနေပါတယ်။ ကျွန်တော်က ယဉ်မြသွယ်ကို ကြိုက်နေတယ် လို့ တရား၀င်မပြောပေမယ့် မိန်းကလေးဆိုတာ ဒါမျိုးဆို ပြောစရာ မလိုဘဲ သိနေတတ်တယ် မဟုတ်လား။
⚫
တက္ကသိုလ်မှာ ကျွန်တော် ငွေကြေးချို့တဲ့ပြီး တခြား ကျောင်း သားတွေလို မသုံးနိုင် မဖြုန်းနိုင်ပေမယ့် ပျော်ပျော်နေတတ်၊ ရယ်စရာ လေးတွေ ပြောတတ်၊ ဖြစ်တတ်တဲ့ ကျွန်တော့် ကံအကျိုးပေးကို သူငယ်ချင်းတွေက သဘောကျလို့ ကျွန်တော့်ရဲ့
တက္ကသိုလ် ပထမနှစ် ဟာ လူတန်းစေ့ ပျော်စရာဖြစ်ခဲ့ပါတယ်။
အခုတလော ကျွန်တော် ယင်းမာမောင်နဲ့ မတွေ့ဖြစ်တာ တော်တော်ကြာပြီ။
စာမေးပွဲဖြေဖို့ ၁ လလောက်ပဲ လိုတော့တာဆိုတော့ သူလည်း စာတွေကြိုးစားလုပ်၊ လက်တွေ့တွေမှန်အောင် ကြိုးစားနေရာတော့ အရင်လို တွေ့ချိန်နည်းသွားတာလည်းပါတယ်။ သူက ဒုတိယနှစ်ဆို တော့ အရေးကြီးတယ်လေ။ မေဂျာနှစ်ဘာသာစလုံး ဂုဏ်ထူးထွက်ရင်
ဂုဏ်ထူးတန်းတက်ရမှာကိုး။ ကျွန်တော်တို့ကတော့ အေးဆေးပဲ။ အဲဒီ ရက်တွေကတော့ ယဉ်မြသွယ်ရဲ့ နေ့တွေချည်းပဲ။
ကျွန်တော်က ယဉ်မြသွယ်ကို ကြိုက်နေတယ်ဆိုတာ သိသာသွားလို့။ ပိုပိုတို့ မိစိုးတို့က ဗြောင်တစ်မျိုး၊ အကွက်ရရင် တစ်မျိုးနဲ့ သွယ်၀ိုက်ပြီးတော့တစ်မျိုးနဲ့ စနေကြတဲ့ အချိန်ကောင်းပေါ့။ ဘယ်သူ က ဘာစစ သူက စိတ်ကောက်...ကျွန်တော်က နည်းမျိုးစုံသုံးပြီး ချော့၊ အရသာကို
ရှိလို့ပေါ့ဗျာ။ ယင်းမာမောင်ကို မေ့နေတာ တကယ် ပဲ။
''နင်ဘာစားမလဲ ယဉ်မြသွယ်...မုန့်ဟင်းခါးလား''
''မစားဘူး... မုန့်ဟင်းခါးအကြောင်း လာမပြောနဲ့''
''ဒါဆို ထမင်းဆီဆမ်းနဲ့ ကြက်ဥဟက်ဖရိုက်ကြော်''
''မစားဘူးဆို''
''ကော်ဖီနဲ့ ပါမုန့်မီး...''
''တော်ပြီ... ဘာမှမစားဘူး... ဘာစကားမှ လာမပြောနဲ့... တော်ပြီ''
''ဟ''
ပိုပိုနဲ့ မိစိုးက ၀ိုင်းရယ်ကြတယ်။ အကြောင်းမရှိဘဲ စိတ် ကောက်နေတဲ့ ယဉ်မြသွယ်ကို ကျွန်တော် ဘာပြောရမှန်းမသိဘူး။ သေသေချာချာကြည့်တော့ နှုတ်ခမ်ထော်နေတဲ့ သူ့ မျက်နှာမှာ ၀က်ခြံ အသစ်ကလေးနှစ်လုံး ထွက်နေတယ်။  ဒီ  ၀က်ခြံတွေကြောင့်များ....
''မနက်က နင်က မလှရီတို့ မုန့်ဟင်းခါးဆိုင်မှာ သူ့ကို နေရာက ထမပေးဘူးဆို...ဟုတ်လား ရဲ၀င်း''
မိစိုးစကားကြောင့် ကျွန်တော် ကြောင်သွားတယ်။ ဟုတ်တယ်...။ မနက်တုန်းကရောင်းတဲ့ မလှရီ မုန်းဟင်းခါးဆိုင်မှာကျွန်တော် မုန့်ဟင်းခါးစားတယ်။ မလှရီမုန့်ဟင်းခါးက သိပ်ကောင်း တာ။ ရှေ့ကဖြတ်သွားရင် သူ့ဟင်းရည်နံ့ကို ဘယ်မြန်မာမှ မကျော်သွား နိုင်ဘူး။ ဘူးသီးကြော်ဆိုလည်း ကြွပ်ကြွက်ရွရွကြီးတွေ။ အုန်းမှုတ် ခွက်ဇွန်းကြီးနဲ့ သူ့ဟင်းအိုးကို တစ်ချက်မွှေလိုက်လို့ကတော့ ရှေ့က ဖြတ်တဲ့ကောင်
လှည့်မကြည့်ဘဲကို မနေနိုင်ဘူး။ မနက် ၇ နာရီ ဗိုက်ဆာ ချိန်ဆိုတော့ သွားပြီပေါ့ဗျ။ ကျောင်းသားကျောင်းသေူတွ တရုန်းရုန်း ပေါ့။ နေရာရဖို့ထက် သူ့ မုန့်ဟင်းခါးကို မှာတာရဖို့ တစာစာတောင်း ရတာ ဆယ့်ငါးမိနစ်လောက်ကို ကြာတာ။
ကံကောင်းလို့ ကျွန်တော် မနက်ကနေရာရတယ်။ ဒါပေမယ့် ယဉ်မြသွယ် ၀င်လာတာကို ကျွန်တော်
တကယ်မသိဘူး။ မနက်မိုးလင်း ပူပူနွေးနွေး မုန့်ဟင်းခါးက အချစ်ကို မေ့လျော့စေတယ်ပေါ့လေ။ ဒီ အတိုင်း သွားပြောရင်တော့ ဘယ်ရပါ့မလဲ။
''ဟာ... မဟုတ်ဘူးဟ... ဒီလို မိစိုး... ဒီလို...ဒီလိုဟာ... ငါက ထပြီး နေရာပေးမလို့ဟ...ဒါပေမယ့် သူလာနေတုန်း...ငါ... ဟိုလေ...ငှက်ပျောပင်ဖတ်စားမိတာ သွားကြားညှပ်နေလို့ အဲဒါကို ထုတ်နေတုန်း...''
''အပိုတွေပြောမနေနဲ့... ငါ ရောက်နေတာ နင့် နောက်မှာ အကြာကြီးပဲ... ဘာသွားကြားမှ မညပ်ဘူး... အပိုတွေ လာမပြောနဲ့''
''ဟာ...တကယ်ပါ ယဉ်မြသွယ်ရာ...ငှက်ပျောပင် သွား ကြားညပ်တာ ဘယ်လောက် ဆိုးတယ်မှတ်သလဲ... အဲဒါကို ထုတ်နေတုန်း..''
''တော်ပြီ ရဲ၀င်း... နင်ဟာ အစားနဲ့တွေ့ရင် ဘာကိုမှ သတိ မရတော့ဘူးဆိုတာ ငါသိတယ်... နင် ငါ့ကို အပိုတွေ ပြောမနေနဲ့တော့... ငါ နင့်ကို လုံး၀စကားမပြောတော့ဘူး''
ဗိုက်ဆာနေတဲ့ မနက်ခင်းနဲ့
မုန့်ဟင်းခါးကောင်းကောင်း တစ်ပွဲကြောင့် ချစ်သူကို အလဲခံရမှာတော့ ကျွန်တော် ကြောက်တာ အမှန်ပါပဲ။ ကျွန်တော် နေရာမပေးလို့ သူ မစားတော့ဘဲ စိတ်ကောက် ထွက်သွားတာ သေချာပြီ။
''နင်ကလည်းဟာ...နင် စားချင်လား...ငါ အခု သွား ၀ယ်...''
''အပိုတွေပြောမနေနဲ့... ၁၀ နာရီ ထိုးနေပြီ''
သူပြောတာ ဟုတ်တယ်။
မလှရီမုန့်ဟင်းခါးက ၈ နာရီခွဲရင် အိုးစောင်းနေပြီ။
''နောက်နေ့ကျရင် ငါနေရာဦးပေးထားမယ်လေ''
''နင့်ကို စကားမပြောဘူးလို့ ငါပြောထားတယ်''
''ဘယ်နှရက်လဲ''
''ဘ၀နှစ်ဆယ်''
ယဉ်မြသွယ်ဟာ နှုတ်ခမ်းကို ချွန်နေတာပဲ။ ထိပ်ဖျားမှာ ပြီ တည်စပြုနေတဲ့ သူ့၀က်ခြံအသစ်ကလေး နှစ်လုံးကို ကျွန်တော်ငေး နေမိတယ်။ အဲဒီအချိန်မှာပဲ
ကျွန်တော်တို့ ၀ိုင်းထဲကို လူတစ်ယောက် ၀င်ထိုင်တယ်။ အရပ်က ကလန်ကလား။ အသားက ခပ်ညိုညို၊ အညာ သားတွေ မည်းသလို မည်းတာ။ လူက တော်တော်ပိန်တယ်။ သူ့လက် ကို စားပွဲပေါ်လှမ်းတင်တော့ တံတောင်ဆစ်ရိုးနဲ့ စားပွဲထိတာ ဂေါက်ခနဲ နေတာပဲ။ ပြီးတော့ ယဉ်မြသွယ်လိုပဲ သူ့မျက်နှာမှာလည်း ၀က်ခြံတွေနဲ့။ ၀က်ခြံတွေမှ ယဉ်မြသွယ်လို ၀က်ခြံအဆံသေးကလေး တွေမဟုတ်ဘူး။
ဆင်၀က်ခြံလို့ခေါ်တဲ့ အဖုကြီးကြီးတွေ။ ညှစ်ပြီး ပျောက်သွားတဲ့နေရာမှာ အသားကဟောက်ပက်ကြီးဖြစ်လို့။ သူ့ မျက်နှာကို ပုံကြီးချဲ့ရင် အင်္ဂါဂြိုလ်နဲ့ မှားမှာသေချာတယ်။
''မိသွယ်...ကျွန်တော် မနေ့ကငှားလိုက်တဲ့ ခဲဆံ ဘောလ်ပင် မှာ ခဲဆံကုန်နေတာ ကျွန်တော် တကယ်မသိတာပါ တမင်လုပ်တာ မဟုတ်ပါဘူး...ကျွန်တော့်ကို ခွင့်လွှတ်...''
ဒီလူက လေးလေးစားစား
ကျိုးကျိုးနွံနွံ တောင်းပန်တာကို ယဉ်မြသွယ်က ဆံပင်တွေ ၀ဲနေအောင်ခါရင်း အတင်းငြင်းတယ်။ လုံး၀ ဂရုကိုမစိုက်တဲ့ ပုံစံမျိုးနဲ့ ငြင်းတာ။ လေသံက မာမာထန် ထန်ကြီး။ ကျွန်တော့်ထက်တောင် ဆိုးသေးတယ်။ အဲဒီ အငြင်းစကား ကိုလည်းကြားရော ကိုရွှေချောက မည်းနေတဲ့ သူ့နှုတ်ခမ်းဘတ်လပ် ကြီးကို တစ်မိနစ်လောက်ဟထားပြီးမှ ဘာစကားပြောရမလဲဆိုတာ စဉ်းစားရင်း နှုတ်ခမ်းနှစ်ခု ဘလပ်ဘလပ်နဲ့ ပွတ်တာ ကိုယ့်ဆရာ မြင်စေ့ချင်တယ်ဗျာ။
ဘာမှန်းမသိတော့ ကျွန်တော်လည်း အသာပဲ ငြိမ်နေရတာ ပေါ့။ ပိုပိုနဲ့ မိစိုးကတော့ အချင်းချင်းမျက်စပစ်ပြီး တခွီးခွီး ရယ်နေ တယ်။
''တကယ်ပါ မိသွယ်ရယ်... အဲဒီ ခဲဆံဘောလ်ပင်က''
''အို...ဘာမှ မကြားချင်ဘူးလို့ ပြောနေတယ်နော်''
ယဉ်မြသွယ်စကားလည်း ကြားရရော အဲဒီလူ ခေါင်းကြီးငုံ့ သွားတာ အကြားကြီးပဲ။
ခေါင်းငုံ့တာပဲ ကောင်းပါတယ်။ ပိန္နဲသီးကို စက်သေနတ်နဲ့ပစ်ထားသလို သူ့မျက်နှာကြီးကို ကြည့်ရတာ တော် တော်ကို စိတ်မချမ်းသာစရာကောင်းတယ်။ အဲဒီအချိန်မှာပဲ ကျွန်တော် တို့ ကင်ထင်းထဲကို ယင်းမာမောင် ၀င်လာတယ်။ သူ့အဖော်ကောင်လေးတစ်ယောက်နဲ့။ အဲဒီ ကောင်လေးကို ကျွန်တော် မမြင်ဖူး တာအမှန်ပဲ။ ကျွန်တော် လက်လှမ်းပြတော့ သူက ထုံးစံအတိုင်းပြုံးပြီး လက်ပြန်ပြတယ်။
တိတ်ဆိတ်သွားတဲ့ ကျွန်တော်တို့၀ိုင်းမှာ ဘာစကားမှ ပြော စရာမရှိတော့ဘူး။ ယဉ်မြသွယ် နှာခေါင်းကလေး ပွစိပွစိ လှုပ်နေတာ ကလွဲလို့ ဘာလှုပ်ရှားမှုမှ မရှိဘူးထင်နေတုန်း ဗြုန်းဆို ယဉ်မြသွယ် ထသွားတယ်။ ဒီတော့မှ ကိုရွှေချောက ကြက်ခေါင်းကို ရေနွေးဖြော ထားတဲ့ပုံစံမျိုးနဲ့ ပိုပိုတို့ဘက်ကို လှည့်ပြီးပြောတယ်။
''တကယ်ပါဗျာ...ကျွန်တော် လုံးလုံးကို မသိလိုက်တာ ပါ... သူက ကမန်းကတန်းငှားတော့ ထုတ်ပေးလိုက်မိတာ...ခဲဆံ ထည့်ပေးဖို့ မေ့သွားတာ ရအောင်ပြောပေးပါ''
''စိတ်ချ ကိုဌေး၀င်း...ပြောပြပေးမယ်...အခုတော့ တောင်း ပန်မနေနဲ့တော့ ရမှာမဟုတ်ဘူး''
''သူ့အကြောင်းလည်း သိလျက်သားနဲ့...တောင်းပန်လေ စိတ်ကောက်လေပဲ''
''စိတ်ပြေသွားရင် ပြောပေးပါဗျာ...ကျွန်တော် သူ့ အပေါ် စေတနာရှိပြီးသားပါ''
''စိတ်ချ''
မိစိုးရော ပိုပိုရောက စိတ်ချပါလို့ အကြိမ်တစ်သန်းလောက် ပြောနေတာကိုတောင် ကိုရွှေချောက သူ့ခဲဆံကိစ္စကို အကြိမ် ၂ သန်း လောက် ထပ်ရှင်းပြသေးတယ်။ ဒီလိုလူမျိုး ရှားရောဗျာ။ ပြီးတော့ သူ မမှားကြောင်း တောင်းပန်ရင်းခေါက်ဆွဲ သုပ်တစ်ပွဲကိုလည်း စား သွားသေးတယ်။ စားတာကလည်းဗျာ
သူ့နှုတ်ခမ်းထူထူကြီး တစ်ခုလုံးဆီတွေပေလို့။ သူ့နှုတ်ခမ်းကိုလည်း အကြိမ်တစ်သောင်းလောက် လျှာ နဲ့သပ်သေးတယ်။ ပြီးတော့ ပိုက်ဆံလည်း ရှင်းမသွားဘူး ခင်ဗျ။ ထွက်သွားတော့လည်း မြက်ပင် လေကြမ်းတိုးသလိုပဲ။ ကိုင်းကိုင်.... ကိုင်းကိုင်းနဲ့။
''နင်တော့ ပြိုင်ဘက်ရပြီ ရဲ၀င်း''
''ဘာပြိုင်ဘက်လဲဟ... ပိုပိုရ''
''ယဉ်မြသွယ်ကိုလေ...သူကလည်း လိုက်နေတာ…''
⚫
''ပြိုင်ဘက်ရှိတော့ ကောင်းတာပေါ့...ဒါမှ အဖြေမှန်ကိုသိရတာ''
ယင်းမာမောင် ပြောတာမှန်တယ်။ အခုဆို ယဉ်မြသွယ်က ကျွန်တော့်ကို တော်တော့်ကို ပစားပေးတယ်။ ဟို မြက်ပင်ရှည်နဲ့ တွေ့ပြီးတဲ့နောက်မှာပဲ ကျွန်တော့်ကို စိတ်ဆိုးပြေပြီး ဒီလူ့ကိုတော့ တစ်ပတ်လောက်ကြာမှ နည်းနည်း စခွင့်လွှတ်တယ်။ မြက်ပင်ရှည် ကိုတွေ့တာနဲ့ မိသွယ်မျက်နှာက မှုန်ကုတ်သွားတာပဲ။ ပြီးတော့ မိသွယ် အမြဲပြောတဲ့စကားတစ်ခွန်း ရှိသေးတယ်။ ၀က်ခြံမုန့်ကြာစေ့လောက် ကြီးတွေနဲ့ သူ့ကိုယ်သူ မရှက်ဘူးလားမသိဘူးတဲ့။
ယင်းမာကလည်း သူနဲ့ အခုအတူတူရှိနေတဲ့ လူအကြောင်းကို ပြောပြပါတယ်။ နာမည်က ကိုစိုင်းတဲ့။ ရှမ်းပြည်နယ်၊ ကျောက်မဲက ကျောင်းပြောင်းလာတာ။ စာမေးပွဲနီးတော့ ရှေ့ ၂ လ လွတ်သွားတဲ့ စာတွေကို ယင်းမာက
ပြန်ရှင်းပြနေတာတဲ့...။
ကျွန်တော်ဆိုတဲ့ကောင်ကလည်း တော်တော် လူဆန်ပြီး တော်တော်ခံစားမှုလွယ်တဲ့ ကောင်ပါဗျာ။ အဲဒီလူအကြောင်းကို ပျော် ပျော်ရွှင်ရွှင်ကြီး ယင်းမာက ရှင်းပြနေတော့ ကျွန်တော် ယင်းမာကို ကြိုက်ချင်စိတ်ပေါ်သွားတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော် မသိတာအမှန်ပဲ။ ယင်းမာကို စိတ်ထဲမှာ (အဲဒီအချိန်) ကြိုက်မိမလို ဖြစ်တာလည်း တကယ်ပဲ။
ကျွန်တော် ကြည့်ခဲ့ဖူးတဲ့ ရုံတင်ရုပ်ရှင်တွေထဲက ဇာတ်လိုက် တွေ (၀င်းဦး၊ မြတ်လေး၊ ညွန့်၀င်း၊ ကျော်ဟိန်း) တို့လို စိတ်မထားနိုင် ခဲ့တာလည်း အမှန်ပဲ။ ကျွန်တော် လူဆန်တာကို လူတွေ နားလည် အောင် ဘယ်လိုရှင်းပြရမှန်းတောင် မသိတော့ဘူး။ အဲဒီနေ့တစ်နေ့ လုံး ကျွန်တော့်ကို ယင်းမာကချစ်နေပြီး ကျွန်တော်ကလည်း သူ့ကိုချစ် နေတယ်လို့ချည်းပဲ
တွေးနေမိတယ်။
နောက်တစ်နေ့ မိသွယ်နဲ့တွေ့တော့ ကျွန်တော့်ကို ဟို မြက်ပင်ရှည်ထက် အခွင့်အရေးတွေ ပေးပြန်တော့လည်း ယင်းမာကို မေ့သွားပြန်ရော။
''နင် တစ်ခုခု စွန့်စားတော့ ရဲ၀င်း''
''ငါက ဘာကိုစွန့်စားရမှာလဲ ပိုပိုရာ''
''တစ်ခုခုပေါ့...အဲဒါမှ မတတ်ရင်လည်း ငတ်ပေါ့''
''ဟုတ်တယ်နော်...ဟိုလူက အပျော့ဆွဲသိလား''
''ငါကရော ဘာဆွဲလဲ''
မိစိုးနဲ့ ပိုပို တော်တော်ကြီး ရယ်ကြတယ်။ ရယ်လို့ အားရမှ စိတ်ပျက်စပြုနေတဲ့ ကျွန်တော့်ကို စကားပြောတယ်။
''ဒါတော့ ဘယ်သိမလဲ...နင့်ဘာသာ သိမှာပေါ့''
''ငါ ဘာလုပ်ရမလဲဆို''
''တစ်ခုခုပေါ့ဟ...ဘယ်သိမလဲ''
''အဲဒီတစ်ခုခုကို နင်တို့ ကူညီအုံးဟာ...တစ်ခုခုပေါ့''
နောက်ရက်တွေမှာ မြက်ပင်ရှည်နဲ့
ကျွန်တော် မိသွယ်၊ မိစိုး၊ ပိုပိုတို့ နေ့တိုင်းဆုံကြပါတယ်။ ဆုံကြတိုင်း သူ ကျွန်တော့်ကို ကြည့်တဲ့ အကြည့်ကို ရင်မဆိုင်ရဲတာ အမှန်ပါပဲ။ မိသွယ်က သူ့ရှေ့မှာ ကျွန်တော့်ကို နင်းကန်ပြီး အခွင့်အရေးတွေပေးနေတာကိုး။ မိန်းကလေး တွေကလည်း တော်တော်ဆိုးပါတယ်ဗျာ။ အားနာချင်ရင်လည်း ကမ္ဘာပေါ်မှာ သူတို့လောက် အားနာတတ်တဲ့
သတ္တဝါ မရှိတော့ဘူး။ ရက်စက် ချင်ရင်လည်း စကြဝဠာထဲမှာ သူတို့လောက် ရက်စက်တဲ့သတ္တဝါ မရှိတော့ဘူး။ ဟစ်တလာဟာ မိန်းကလေးမဖြစ်တာ တော်တော် ကံကောင်းတယ်။ နို့မို့ဆို မလွယ်ဘူး။
ဟိုလူကလည်း ကံကိုဆိုးတယ်။
မိသွယ်ကို မျက်နှာလုပ်ရင်း ကျွန်တော့်ကိုလည်း ကျော်ဖြတ် ရင်းဆိုတဲ့သဘောနဲ့ မိသွယ်ကို
၀က်ခြံပျောက်ဆေးဆိုတာ ပေးတယ်။ မိသွယ်ကလည်း အားရ၀မ်းသာပေါ့။ အဲဒီဆေးတွေ လိမ်းပြီး သုံးရက် လဲကြာရော မြက်ပင်ရှည်ပါးမှာ မှည့်ပြီး ရောင်ကိုင်းနေတဲ့ ၀က်ခြံကြီး မျိုးနှစ်လုံး မိသွယ်ပါးမှာ ထွက်လာလို့ ကမ္ဘာပျက်ပါရောလား။
ကြွက်သေတစ်ခု အရင်းပြုတာမဟုတ်ဘဲ ၀က်ခြံဆေး တစ် ပုလင်း တခြားလူပေးရင်းနဲ့ မိသွယ်ဟာ ကျွန်တော့်ဘက်ကို ဘတ်စ်ကား
ဘရိတ်အုပ်လို့ ယိုင်သလို ယိုင်လာတာ။ နောက်ဆုံး မိသွယ်ကို ကျွန်တော် ဘာပြောပြော ယုံလာတဲ့အထိပဲ။ အဲဒီနောက်ဆုံးမှာ ကျွန်တော် လုပ်စရာတစ်ခုပဲရှိတော့တာလေ။
မိသွယ်ကို ယင်းမာပေးထားတဲ့ အကြံအတိုင်း ဗိုလ်တထောင် ဘုရားကိုခေါ်တယ်။ ငြင်းလိုက်တာ ခါးခါးသီးသီးပဲ။ ဘာလုပ်ဖို့လဲ...။ နင်က ဘုရားသွားပြီး ဘာလုပ်မှာလဲတဲ့။
မြတ်စွာဘုရားဟာ လေး သချေၤနဲ့ ကမ််ဘာတစ်သိန်း ပါရမီဖြည့်... ဒုက္ကရစရိယာ ခြောက်နှစ်ကျင့် ခဲ့တာ ကျွန်တော် ကောင်းကောင်းသိတယ်။ ဘာမှ ပြန်မပြောနိုင်ဘူး။ ဒုတိယ ပန်းခြံသွားဖို့ပြောတယ်။ စိတ်ကောက်သွားရော။ နောက်ဆုံး ပါးစပ်ထဲရှိတဲ့ ရုပ်ရှင်သွားကြမယ်ဆိုတော့ သဘောတူတယ်ခင်ဗျ။
မိန်းမတွေဟာ ထီထိုးရတာနဲ့့တူတယ်။ ကိုယ်က ယုံယုံကြည် ကြည်နဲ့ထိုးရင် ရှေ့အက္ခရာတောင်မတိုက်ဘူး။ အမှတ်တမဲ့ကျမှ ဟုတ် ချင်ရင်ဟုတ်သွားတာ။ မိစိုးနဲ့ ပိုပိုကတော့ အံ့သြလို့ပေါ့လေ။ မြက်ပင် ရှည်ကတော့ ဒီအကြောင်းကြားတော့ ခါးပိုကိုင်းသွားဆိုပဲ...ကိုယ့် ဆရာရေ။
အခု Trader Hotel ကြီးနေရာမှာရှိတဲ့ ပပ၀င်းရုံထဲ ရောက်တော့ မိသွယ်က နေကြာစေ့ထုပ်နဲ့ စရန်ဖြစ်ပါတယ်။ ကြက်သွန် ကြော်တစ်ခုပဲပါလို့တဲ့။ ရုရှားတွေဂြိုလ်တု လွှတ်တဲ့ဗဟိုသတင်းစဉ် စပြတုန်း သူက
ကြက်သွန်ဖြူနဲ့ ရန်ဖြစ်နေတော့ တော်တော်ခွကျ တာပဲ။ အပေါ်ထပ်လည်းဖြစ်၊ လူကလည်းရှင်းတဲ့ နေ့လည် ၁ နာရီခွဲ ပွဲမို့သာ တော်ရော့တယ်။ ကျွန်တော်လည်း ရုရှားကလွှတ်တဲ့ ဂြိုလ်တု ကြီးပြပြီး သူ့ကို ချော့ရတော့တာပဲ။ ဘာမှမဆိုင်ပေမယ့် ခဏကြာ တော့ စိတ်ကောက်ပြေသွားတယ်။
ကျွန်တော်တို့ ၀င်ကြည့်တဲ့ကားက အပါချီ၀ီးမန်းတဲ့။ ကားက
တော်တော်လေးကို ကောင်းတဲ့ကားပါဗျာ။ အပါချီ ရွာကလေးကို အမေရိကန်စစ်တပ်က ၀င်သိမ်းပြီး ကျန်ခဲ့တဲ့ ဗိုလ်ကလေးတစ်ယောက် ရယ်၊ အသက်မသေဘဲလွတ်လာတဲ့ အပါချီလူမျိုး လူရိုင်းမကလေးရယ်ရဲ့ မေတ္တာဇာတ်လမ်း။ Action ရော၊ Drama ပါ ပါတော့ကျွန်တော်လည်း ကားထဲပါသွားတယ်။
မူလလာတဲ့ ရည်ရွယ်ချက်ကတော့ မီးမှောင်ရင် ယောင် တောင်တောင်လုပ်ပြီး မိသွယ်ကို လက်ကလေးမရဲတရဲ ကိုင်ပြီး အဖြေ တောင်းဖို့ပါ။ ကားကကောင်းနေတာရယ်၊ ကားမစခင် မီးတွေ မမှိတ် ခင်ကတည်းက မိသွယ်က သူနဲ့ ကျွန်တော် ခုံနှစ်ခုကြားက လက်တန်းမှာ သူ့လွယ်အိတ်ကိုတင်ထားပြီး ကျွန်တော့် လွယ်အိတ်ကိုပါ အပေါ်ကထပ်ခိုင်းတာရယ်ကြောင့်၊ ရှေ့မဆက်ရဲတာရယ်ကြောင့် ဘာမှမပြောရဲဘဲ
ကားပဲ ဆက်ကြည့်နေရတာရယ်ကြောင့်ပါ။ ဒီကြား ထဲ ကြက်သွန်ဖြူကြော်ကလည်း တစ်မှောင့်ကိုး။
ဇာတ်ကား သုံးပုံနှစ်ပုံလောက်မှာ မိသွယ်က နေကြာစေ့ကို တဖြောက်ဖြောက် ကိုက်နေရာက ကျွန်တော့်ကို စကား စပြောတယ်။ ထုံးစံအတိုင်း ပေါင်ကိုဆိတ်ရင်းပေါ့။
''လွယ်အိတ်တွေ ရွှေ့လိုက်...ထိုင်ရတာ ကျဉ်းတယ်''
ကျွန်တော် ဘာပြန်ပြောနိုင်မှာလဲ။ ကျွန်တော့် ခုံနံဘေးက အများကြီးလွတ်နေတဲ့ ခုံတွေရှိတဲ့ ဘေးခုံကို လွယ်အိတ်တွေရွှေ့ လိုက်ရတာပေါ့။ ခဏကြာတော့ မိသွယ်ပခုံးကလေး အိခနဲ ကျွန်တော့် ပခုံးကို လာထိတယ်။ အဲဒီအချိန်မှာ အပါချီမကလေးက အမေရိကန် စစ်တပ်က ကောင်လေးကို သူ့လူတွေကြားက ခက်ခက်ခဲခဲကယ်နေရ တဲ့အချိန်။ ဓားတွေ လှံတွေ မြားတွေကြားမှာ အပြေးအလွှားပေါ့။ တစ်ယောက်စကားလည်း တစ်ယောက်က
နားမလည်ကြဆိုတော့ တော်တော်လေး အသည်းယားဖို့ကောင်းတယ်။
နောက်ဆုံး အမေရိကန်စစ်သားကလေးက အပါချီမလေးကို မုဒိမ်းကျင့်တဲ့ စစ်သားတွေကို ပစ်သတ်၊ သူလည်းသေ၊ အပါချီမ ကလေးဆီကို တွားသွားရင်း လက်ကလေးထိတော့ အသက်ထွက်...။ ပပ၀င်းရုံထဲမှာ မီးတွေလင်းလာ။
ကျွန်တော် တော်တော်ကြာအောင် ငိုင်နေမိတယ်။ အချစ်ဆို တာ...ဘာလဲ။
''လွယ်အိတ်တွေ ဘယ်မှာလဲ''
''လွယ်အိတ်တွေ ဘယ်မှာလဲ''
မိသွယ်အော်သံကြောင့် ကျွန်တော် အသိ၀င်လာပြီး နံဘေး နားက ခုံမှာချထားတဲ့ လွယ်အိတ်တွေကို ကောက်ပေးလိုက်တယ်။ ဒါပေမယ့် လွယ်အိတ်က တစ်အိတ်တည်း။
''နင့်လွယ်အိတ်ကော... နင့်လွယ်အိတ် ရဲ၀င်း''
မရှုမလှသေနေတဲ့ အပါချီမလေးဆီက ကျွန်တော်စိတ်ကို ပြန်ရုပ်ရတယ်။ ဟုတ်တယ်။
ကျွန်တော့်လွယ်အိတ် မရှိတော့ဘူး။

ရုံထဲကလူတွေ အကုန်ထွက်ပြီး သန့်ရှင်းရေးသမားတွေ ၀င် လာပြီး နေကြာစေ့ခွံတွေ၊ ကွာစေ့ခွံတွေ၊ ပလတ်စတစ်အိတ်တွေ လှဲနေတဲ့အထိ ကျွန်တော် လွယ်အိတ်ကို ရှာလို့ မတွေ့သေးဘူး။ ခုံအောက် ရှေ့နောက်၀ဲယာစုံနေပြီ။ ကျွန်တော်လည်း ခေါင်းနပန်း ကြီးနေပြီ။ ဒီလွယ်အိတ်ထဲမှာ ကျွန်တော့် တစ်နှစ်စာ မှတ်စုစာအုပ်တွေ
ငါးအုပ်လောက်ပါတာကိုး။
''နင့်လွယ်အိတ်ထဲမှာ ငါ့ပိုက်ဆံအိတ်ပါ ထည့်ထားတယ် ရဲ၀င်း''
''ဘာ''
''ဟုတ်တယ်...ခုနက ရုံ၀င်တုန်းက နေကြာစေ့တွေဘာ တွေ၀ယ်ရင်း ငါ့ပိုက်ဆံအိတ်ကို ထုတ်ထားတာ...နင့်လွယ်အိတ်ကို အပေါ်ကတင်တော့ ငါ နင့်လွယ်အိတ်ထဲ အလွယ်တကူ ထည့်ထား တာ...ငါ့ ပိုက်ဆံက ငါးရာကျော်တယ်...ရအောင်ရှာ''
မန်နေဂျာရုံးခန်းက ပြန်ဆင်းလာပြီး
ပပ၀င်းရုံအောက်မှာ ကျွန်တော်တို့ ပြဿနာထပ်တက်ကြတယ်။ လေးနာရီပွဲအတွက် တန်းစီ နေတဲ့ လူတွေက ကျွန်တော်တို့ကို ငေးလို့။
''နင်က ဘေးနားက လွယ်အိတ်ကို လူဆွဲသွားတာ မသိရ အောင် နင်ဘာဖြစ်နေလို့လဲ''
''ငါ...ငါ...ဘာမှမဖြစ်ဘူး... ငါ ကားကြည့်နေတာ''
''သွားစမ်းပါ...မသိဘူးများမှတ်နေလား...ငါ့ ပိုက်ဆံအိတ်ထဲမှာ ပိုက်ဆံ ငါးရာကျော်ပါတယ်... နင် ပြန်လျော်ပေး''
''ဘာ''
''ဟုတ်တယ်...နင့်လွယ်အိတ်ထဲ ငါထည့်ထားတာ...နင် လျော်ရမယ်''
''ဘာ... ငါက လွယ်အိတ်ရော စာအုပ်တွေရော ပျောက်တာ နင့်ပိုက်ဆံက ဘာအရေးကြီးလို့လဲ''
''ကြီးတယ်ဟဲ့ ကြီးတယ်... ပိုက်ဆံက ငါးရာကျော်တောင် ... ငါ ဘယ်လိုအိမ်ပြန်ရမလဲ... နင် အခုလျော်ပေး...ရဲ၀င်း''
ကျွန်တော် ဒေါသကြောင့်
တဆတ်ဆတ်တုန်နေတယ်။ ဘာပြောရမှန်းလည်းမသိဘူး။ အဲဒီအချိန်မှာ ကျွန်တော် မိသွယ်ကို ဆွဲမထိုးဖြစ်တာ ကံကောင်းတာပဲ ကိုယ့်ဆရာရေ။ ဘာဖြစ်လို့လဲ ဆိုတော့... ကျွန်တော့်အနားကို ယင်းမာမောင် ရောက်လာတာကိုး။ သူ့ဘေးမှာလည်း သူစာသင်နေရတယ်ဆိုတဲ့ ကိုစိုင်းနဲ့။ လက်တွေ့(Practical) ပြီးလို့ ရုပ်ရှင်လာကြည့်တာတဲ့။ ဆုံးရှုံးမှုက တော်တော်ကြီးပါတယ်ဗျာ။ အရာအားလုံးပဲ ဆိုပါတော့။
နောက်ဆုံးတော့ ယင်းမာမောင်ကပဲ အဲဒီကိစ္စကို ဖြန်ဖြေပြီး မိသွယ်ကို ပုဇွန်တောင်ပြန်ဖို့ လမ်းစရိတ်ထုတ်ပေးလိုက်တယ်။ ဒါတောင် မိသွယ်က သူ့ပိုက်ဆံငါးရာကျော်ကို နောက်နေ့ လျော်ပေးရ မယ်လို့ အကြိမ်ကုဋေလောက် ပြောတယ်။
ကျွန်တော့်မှာ မုန်းရတာရော... ဆုံးရှုံးရတာရော... ခံစားမှု စုံနေတာပဲ။ ရိုးရိုးကလေးပြုံးရင်း ကျွန်တော့်ပြဿနာကို ဖြေရှင်းပေး နေတဲ့ ယင်းမာမောင်ရဲ့ စကားသံအေးအေးကို ကျွန်တော်
မကြားချင် ဘူး။ ကိုစိုင်းဆိုတဲ့လူက ကျွန်တော့်ပခုံးကို လာဖက်တာကိုလည်း ကျွန်တော် ပုတ်ချပစ်ခဲ့တယ်။ အိမ်ကို ဘယ်လိုပြန်ရောက်လာမှန်းကို မသိတော့ပါဘူး။
လွယ်နေကျ လွယ်အိတ်မပါလို့ အိမ်ကိုမ၀င်ရဲဘဲ အကြာကြီး လက်ဖက်ရည်ဆိုင်မှာ ထိုင်နေရတာလည်း ကျွန်တော် မမေ့ဘူး။
လွယ်အိတ်သူခိုးကိုများတွေ့ရင် ကျွန်တော် သတ်ပစ်မိမလား မသိဘူး။ ဒီလူဟာ ကျွန်တော့်လွယ်အိတ်ကိုတင်မကဘူး ကျွန်တော့်
နှလုံးသားကိုရော ဘ၀ကိုပါ ခိုးသွားတဲ့လူမဟုတ်လား။
ဇာတ်ပေါင်းတော့...
မိသွယ်က မြက်ပင်ရှည်နဲ့ ချစ်သူဖြစ်တယ်။
ယင်းမာမောင်က ဂုဏ်ထူးတန်း၀င်ပြီး ရန်ကုန်တက္ကသိုလ်ကို ရောက်သွားတယ်။ ဟို...ရှမ်းပြည်နယ်ကလာတဲ့သူနဲ့ ချစ်သူဖြစ်ကြ သေးဆိုပဲ။ ကျွန်တော်ကတော့ စာမေးပွဲဖြေဖို့ ဆယ့်ငါးရက်လောက် အလိုမှာ လွယ်အိတ်ပျောက်လို့ တမေ့တမော အားခဲပြီးတော့ ရောက်အောင်လာခဲ့ရတဲ့ တက္ကသိုလ်ရဲ့
ပထမနှစ် (၁၉၈၅-၈၆) ကို ဗိုလ်တထောင်တက္ကသိုလ်မှာ ကျခဲ့တယ်။
ကျွန်တော့်တစ်ဘ၀လုံးကို ခိုးသွားတဲ့ လွယ်အိတ်သူခိုးကို အခုတွေ့ရင်... ကျွန်တော် ဘာပြောရမလဲ။
နီကိုရဲ
လွယ်အိတ်ထဲက အလွဲများ။
Copied from a pdf document uploaded on Scribd.
စလေ ငနော့