••••••••••••••••••••••
မင်းလူ
ကမ္ဘာ့စီးပွားပျက်ကပ်ကြီးက တစ်ဆင့်ခံ သွယ်ဝိုက်ပြီး အဖျားခတ်လို့ဆိုလား၊ ဒေါ်လာဈေးပြုတ်လို့ဆိုလား၊ ရေနံဈေးဆင်းလို့ဆိုလား၊ ရွှေဈေးအိလု့ိဆိုလား၊ ခုတလော ကုန်ပစ္စည်းဈေးတွေ ထိုးကျနေသည်။
စားသောက်ကုန်တွေကတော့ အရမ်းဈေးမချဘဲ တတ်နိုင်သလောက် တင်းခံနေသည်။ ဒါတောင်ကြက်သွန်က သစ္စာဖောက်သွားသေးသည်။ ကြက်သွန်တစ်ပိဿာဈေးက လက်ဖက်ရည်တစ်ခွက်ဖိုးလောက် ဖြစ်သွားသည်။ တန်လှချည်ရဲ့ ဆိုပြီး လက်ဖက်ရည်မသောက်ဘဲ တစ်နေ့ကြက်သွန်တစ်ပိဿာ ဝယ်စားလို့ မဖြစ်တော့လည်း ခက်သားကလား။
မော်တော်ကား ဈေးတွေကတော့ ဘရိတ်ပေါက်သလို လှိမ့်ဆင်းသွား၏။ လျှပ်စစ်နှင့် အီလက်ထရောနစ် ပစ္စည်းတွေ ဈေးကျပုံများ (ကိုယ်မဝယ်နိုင်ပေမယ့်) အားရစရာကြီးပဲ။ စစချင်းမှာ ရမလားလို့ ဆယ်ရာခိုင်နှုန်းလောက်ပဲ လျှော့ပြီး မြူဆွယ်ကြည့်သေးသည်။ အဝယ်မလိုက်တော့ ဆယ့်ငါးရာခိုင်နှုန်း၊ ဒီနောက် နှစ်ဆယ်၊ နှစ်ဆယ့်ငါး၊ သုံးဆယ် နောက်ဆုံး ထက်ဝက်ဈေးလောက်အထိ ရောက်လာသည်။
ဒါနဲ့တောင် လူတွေက သိပ်မဝယ်ကြ။ ဘယ်ဝယ်မလဲ။ ပိုက်ဆံမှမရှိဘဲကိုး။ ခုနေခါ ရေခဲသေတ္တာကြီးတစ်လုံး အလကားပေးမယ်ဆိုရင်တောင် သယ်စရာ ကားခအတွက် ပူရမယ့်ကိန်းဆိုက်နေတာကိုး။
ကုမ္ပဏီတွေကလည်း နည်းလမ်းမျိုးစုံနှင့် ကြံစည်ကြသည်။ ပစ္စည်းနှစ်မျိုးတွဲဝယ်လျှင် ဈေးထပ်လျှော့ပေးသည်။ ဒီဟာဝယ်လျှင် ဟိုဟာ လက်ဆောင်ပေးသည်။ ဈေးပွဲတော် ဆိုတာကလည်း တစ်လကို သုံးလေးခုလောက်ရှိ၏။ အကြောင်းအမျိုးမျိုးပြ နာမည်အမျိုးမျိုး တပ်ကြသည်။
သီတင်းကျွတ်အထူး၊ တန်ဆောင်တိုင် အထိမ်းအမှတ်၊ ခရစ်စမတ်ပွဲတော်၊ နှစ်သစ်ကူးဈေးရောင်းပွဲ စသည်ဖြင့်။ ဒီထဲမှာ 'ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နှစ်ဆယ့်ငါးရာခိုင်နှုန်း ဒစ်စကောင့်လျှော့ဈေး' ဆိုတာကတော့ တစ်မျိုးကြီးပဲနော်။
အရောင်းအဝယ်တွေပါးတဲ့အခါကျတော့ တစ်နွယ်ငင်တစ်စင်ပါ ဆိုသလို အနုပညာလုပ်ငန်းတွေလည်း ထိလာတာပဲ။ ဖျော်ဖြေရေးကိစ္စအတွက်ဆိုတာ ငွေပိုငွေလျှံရှိမှ သုံးနိုင်တာမဟုတ်လား။
ဒီတော့ ရုပ်ရှင်ရုံတွေ လူအဝင်နည်းလာသည်။ ဗီဒီယိုအခွေတွေ အငှားကျလာသည်။ ဗီစီဒီကာရာအိုကေ အခွေတွေကတော့ ပြောမနေနဲ့။ ခိုးကူးခွေထုတ်တဲ့ လူတွေတောင် မကိုက်ဘူးတဲ့။ ဒီတော့ကာ...
စာအုပ်တွေဆိုတာကကော ဘာသားနဲ့ ရိုက်ထားတာမို့လို့လဲ။ အလင်္ကာကျော်စွာ ရွှေမန်းဦးတင်မောင်ရဲ့ ဗုဒ္ဓဝင်ဇာတ်တော်ထဲက စကားလုံးမျိုးနဲ့ပြောရရင်
"မကောင်းဘူးမင်းကြီး၊ မကောင်းဘူး"
တက်ကျမ်းတွေလည်း မကယ်နိုင်။ တက်ကျမ်းတက်ကျမ်းနဲ့ ဘာတွေတက်သလဲဆိုတော့ ကုန်ဈေးနှုန်းပဲတက်သည်။ ထို့ကြောင့် 'ကျကျမ်း' ပဲရေးတော်မူကြပါရန် တောင်းပန်ရမလိုဖြစ်နေ၏။
ခုချိန်မှာ ဟာသ ဝတ္ထုတွေနဲ့ တစ္ဆေသရဲ ဝတ္ထုတွေလောက်သာ ဈေးကွက်ထဲမှာ အတော်အသင့် တောင့်ခံနိုင်သည်။ ပြောသာပြောရတယ်။ ဒါတွေကလည်း နည်းနည်းအီလာပြီ။ လူတွေက ရယ်ရလွန်းလို့ ပျင်းလာကြပြီ။ ကြောက်ရတာကိုလည်း ငြီးငွေ့လာကြပြီ။ ဒီတစ်ခါ ဘက်စ်ဆယ်လာ စာရေးဆရာတွေရဲ့ စာအုပ်တွေတောင် မော်ဒယ်မြင့် ကားတွေလို ပြိုစပြုလာလေသည်။
ဒီတော့ ရောင်းအားပြန်တက်လာအောင် နည်းလမ်းတွေရှာရသည်။ တချို့က ကြော်ငြာနဲ့ ဖိဖို့ကြိုးစားသည်။ တကယ်တမ်းကျတော့ ကြော်ငြာတိုင်းသာ ရောင်းအားကောင်းမယ်ဆိုရင် အီလက်ထရွန်နစ်ပစ္စည်းတွေ လောက်မှာတောင် မဟုတ်ဘူးလေ။
တချို့ကျတော့ စာရေးဆရာတွေကိုယ်တိုင် အမှတ်တရ လက်မှတ်ထိုးပြီး ပရိုမိုးရှင်းပွဲတွေ လုပ်ကြသည်။ အစပိုင်းတော့ ဟုတ်မလိုလိုပဲ။ ကိုယ်ခရေစီဖြစ်တဲ့ စာရေးဆရာကို မြင်တွေ့ခွင့် ရတဲ့အပြင် လက်မှတ်ပါ ထိုးပေးဦးမယ် ဆိုတာကိုး။ နောက်ပိုင်းကျတော့ ဒါလည်း ရိုးအီလာသည်။ လက်မှတ်ထိုးပွဲတွေက တစ်ပတ်တစ်ခါလောက်လုပ်နေကြသဖြင့် ပရိသတ်နည်းပါးလာသည်။ ထိုအခါ ကိုယ့်မိတ်ဆွေအပေါင်းအသင်းတွေခေါ် ' အင်.. ပရိသတ်' အဖြစ် အစားထိုးပြီး လူစည်ကားသယောင် လုပ်ကြရသည်။
တချို့ထုတ်ဝေသူတွေလည်း စာအုပ်ဆိုင်မှာ အခန့်သားတင်ရောင်းလို့ အလုပ်မဖြစ်မှန်း သိလာကြသည်။ ထို့ကြောင့်ခရီးသွားဟန်လွဲ ခလုတ်တိုက်ရင်း ဝယ်သွားနိုင်မည့် နည်းလမ်းကို ရှာကြသည်။ လူစည်ကားတဲ့ ပွဲမှန်သမျှ စာအုပ်ဆိုင်လိုက်ဖွင့်သည်။ အခါကြီးရက်ကြီး၊ နေ့ထူးနေ့မြတ်တွေမှာ ကျင်းပသော ပျော်ပွဲရွှင်ပွဲတွေ၊ ဘုရားပွဲတွေပါမကျန် လိုက်ရောင်းသည်။
အမျိုးသမီးထုတ်ဝေသူ တစ်ယောက်ဆိုလျှင် မကွေးမြသလွန်ဘုရားပွဲနှင့် ရွှေစက်တော်အထိတောင် ရောက်သည်။ ဘုရားပွဲဆိုတော့ ညမှာလည်း အိပ်ရေးပျက်၊ နေ့ကျတော့လည်း နေကပူ၊ ဖုန်ကတထောင်းထောင်း၊ ရေလည်း မှန်မှန်မချိုးရသဖြင့် အသားတွေ မည်းခြောက်၊ မျက်တွင်းတွေဟောက်ပက်၊ ဆံပင်တွေ နီကြောင်ဖွာလန်ကြဲ၊ ချေးညော်အထပ်ထပ်ဖြင့် တကယ့်ကို ဆယ့်နှစ်ပွဲဈေးသည်ရုပ် ပေါက်သွားရလေသည်။
ဒါနဲ့တောင် ဂိုဒေါင်ထဲက စာအုပ်ပုံတွေက လျော့သွားတယ်လို့မရှိ။ ဒါတွေ မြန်မြန်ကုန်သွားစေချင်ရင်တော့ ခြတွေကို အကူအညီတောင်းမှပဲ ဖြစ်တော့မည်။ ထုတ်ဝေသူတွေ စီးပွားပျက်လျှင် စာရေးဆရာတွေလည်း စားပေါက်ပိတ်တော့မည်။ သူဌေး ကားရောင်းလိုက်ရလို့ ဒရိုင်ဘာ အလုပ်ပြုတ်မယ့်ကိန်း ဆိုက်နေပြီ။
ထိုအခါစီးပွားဖက်တွေပေါင်းပြီး ကြံမိကြံရာ ကြံစည်ကြရလေတော့သည်။
📚 📚 📚
'စာပေငွေပေါ်အရင်းပြုတ် ဈေးပွဲတော်ကြီး'
ဖုန်တထောင်းထောင်း ထနေသော ကွင်းပြင်ကြီးထဲမှာ စာအုပ်ဆိုင်တွေ တန်းစီနေသည်။ စာအုပ်ရောင်းရုံ သက်သက်မဟုတ်။ စာဖတ်ပရိသတ်ကို သူ့ထက်ငါ အပြိုင်အဆိုင် ဆွယ်တဲ့အနေနဲ့ ဖျော်ဖြေမှုတွေပါ တွဲဖက်ထားကြရသည်။
ဒီထဲမှာ 'စာပေလောက' စာအုပ်ဆိုင်တွေကလည်း မပါမဖြစ်ပေါ့၊ သူတို့ မက်ဒေါနယ်၊ ကေအက်ဖ်စီ၊ စီးတီးမတ်၊ စူပါဝမ်း၊ အောရင့်ချ်၊ စိန်ဂေဟာတို့လိုပဲ ဆိုင်ခွဲတွေ အများကြီးဖွင့်ထားတာ။ သူတို့ထဲမှာ စာပေလောက-၅ မှ နေမျိုးညွန့်သည် နည်းနည်းထွင်ချင်တတ်သူဖြစ်၏။ (သူ့အဖေ ဦးမျိုးညွန့်လိုပဲ နည်းနည်းကြောင်တတ်သည်။) သူက စာရေးဆရာ တစ်ဦးချင်းစီကို ဖိတ်ပြီး လက်မှတ်ထိုးခိုင်းတာမျိုး မလုပ်။ စာအုပ်တစ်အုပ် လာဝယ်လျှင် သက်ဆိုင်ရာ စာရေးဆရာက လက်မှတ်ထိုးပေး၊ ဒါဆို စာအုပ်မျိုးစုံ ရောင်းရမည်။ ရောင်းအားပိုကောင်းမည်ဟု တွက်သည်။
သို့ရာတွင်တကယ်တမ်းကျတော့
"ရွှေဥဒေါင်း လက်မှတ်ထိုးပေးပါ"
"ဗန်းမော်တင်အောင်ကိုယ်တိုင် လက်မှတ်ထိုးပေးမှ ဝယ်မယ်"
"ဟင်... သော်တာဆွေ လက်မှတ်လဲ မပါပါလား"
စသည်ဖြင့် ကွယ်လွန်လေပြီးသော စာရေးဆရာကြီးများကိုသာ ပရိသတ်က တောင်းဆိုကြသဖြင့် အခက်တွေ့နေရ၏။ နောက်ပြီး မအူမလည် မောင်နေမျိုးညွန့် တစ်ယောက် မစဉ်းစားမိသော အချက်တစ်ချက်လည်း ရှိသေးသည်။
မိန်းမတွေစုမိလျှင် 'အတင်း' ပါမှဖြစ်သလို စာရေးဆရာတွေ ဆုံမိလျှင် ပုလင်းပါမှ အဆင်ပြေသည်။ ထို့ကြောင့် ညနေစောင်းတာနဲ့ သောက်ပွဲကြီး ကျင်းပကြတော့သည်။ ဒီကြားထဲမှာ ကိုကိုနိုင်တု့ိလို ပန်းချီဆရာတွေ၊ စိုးသော်တာတို့လို ကာတွန်းဆရာတွေ၊ အောင်ဘညိုတို့ိလို ကဗျာဆရာတွေလည်း သတင်းအကြားနဲ့ ရောက်ရှိလာ၏။
သူတို့သည် လုံးချင်းစာအုပ် ထုတ်ဖူးတဲ့သူတွေလည်း မဟုတ်။ လက်မှတ်ထိုးပေးစရာ အကြောင်းလည်းမရှိ။ ဘာဆိုင်လို့လဲဟု ထင်စရာရှိသော်လည်း သူတို့ပုံတွေ၊ ကဗျာတွေပါသော မဂ္ဂဇင်းလာဝယ်တဲ့သူ ရှိရင် လက်မှတ်ထိုးပေးရအောင်ဟု အကြောင်းပြပြီး ဝင်နွှဲကြခြင်းဖြစ်၏။ နေမျိုးညွန့်ကလည်း စာပေလောက ထုံးစံအတိုင်း စာမူခပေးဖို့သာ လက်တွန့်တာ၊ သောက်မယ်စားမယ်ဆိုရင် ပိုက်ဆံအိတ်ဖွင့်ဖို့ ဝန်မလေးတဲ့လူဆိုတော့... ဘာပြောကောင်းမလဲ။
သောက်မငြီးပေါ့။
🍺 🍺 🍺
စာအုပ်အရောင်းပြခန်းတစ်ခုရှေ့တွင် အရုပ်ကြီးတစ်ရုပ် ထောင်ထားသည်။ ပါးစပ်ကြီးဖြဲပြီး အားရပါးရ ရယ်မောနေသော စာရေးဆရာဖေမြင့်၏ ပုံတူအရုပ်ကြီးဖြစ်၏။ ပါးစပ်နေရာကိုတော့ အပေါက်ဖောက်ပေးထားသည်။ ထိုအပေါက်ထဲသို့ တင်းနစ်ဘောလုံးကို ဝင်အောင်ပစ်ရမည်။ ဝင်သွားလျှင် ဆုကြေးအဖြစ် ဖေမြင့်၏ နှလုံးသားအဟာရ စာအုပ်တစ်အုပ်ရရှိမည်။ ပရိသတ်တွေက
"ဘောလုံးကို သုံးလုံးတစ်ရာနဲ့ ဝယ်ပြီးတော့ ဝင်အောင်ပစ်နိုင်မှ စာအုပ်တစ်အုပ်ဆိုတော့ မတန်ဘူးကွ။ ဘီယာဘူးတို့၊ ဖျော်ရည်ပုလင်းတို့ပေးမယ်ဆိုရင် တော်သေးတယ်"
ဟု ဝိုင်းပြီး ဝေဖန်ကြသည်။ ထို့ကြောင့် မူလအစီအစဉ်ကို ဖျက်သိမ်းပြီး 'နှလုံးသားအဟာရ စာအုပ်တစ်အုပ် ဝယ်လျှင် အမဲအူပြုတ်တစ်ပွဲတိုက်ပါမည်' ဟုပြင်ဆင် သတ်မှတ်လိုက်ရ၏။
'အမျိုးသမီးထုတ်ဝေသူများ စာအုပ်အရောင်းဆိုင်၊ ဝယ်ယူအားပေးသူ ပရိသတ်ကြီးကို စာအုပ်ယိမ်းဖြင့် ဖျော်ဖြေမည်'
စင်ပေါ်မှာ အမျိုးသမီးထုတ်ဝေသူများ တန်းစီနေရာယူထားကြသည်။ စာအုပ်အထူကြီးများကို မှောက်လျက်ဖြန့်ပြီး ခေါင်းပေါ်မှာတင်ထားသည်။ ဝင်းသူဇာပွင့်ရိုက် ဝမ်းဆက်တွေ ဝတ်ထားကြ၏။ သူတို့ထဲမှာ ငယ်ငယ်ရွယ်ရွယ် ချောချောလှလှ တစ်ယောက်မှမပါ။ ရွက်ကြမ်းရေကျို ကြည့်ပျော်ရှုပျော်ရှိသူ တစ်ယောက်စ နှစ်ယောက်စ ပါသော်လည်း အများစုမှာ ဝတုတ်ကြီးတွေ၊ ပိန်ခြောက်ခြောက်တွေ၊ ရှည်တောက်တောက်တွေ၊ ပုလုံးလုံးတွေသာဖြစ်၏။
သူတို့ရဲ့ ယိမ်းအကကလည်း ညီညီညာညာမဟုတ်။ တစ်ယောက်က လက်မြှောက်စဉ် တစ်ယောက်က လက်ချ။ တစ်ယောက်က ညာဘက်လှည့်တုန်း တစ်ယောက်က ဘယ်ဘက်ချိုး။ ဘယ်လိုမှ ကြည့်လို့ အဆင်မပြေနိုင်သဖြင့် ပရိသတ်တွေ ထပြန်ကုန်ကြသည်။ ကလေးတစ်အုပ်စုသာ ကျန်ခဲ့၏။ ကလေးတွေကလည် ကြည့်လို့ကောင်းလွန်းလို့မဟုတ်။ ဒီအဒေါ်ကြီးတွေ အသက်ကြီးမှ စာမရလို့ စာအုပ်ခေါင်းပေါ်တင်ပြီး ဒဏ်ပေးခံရတာပဲဟု အထူးအဆန်းသဖွယ် ကြည့်နေကြခြင်းသာဖြစ်၏။ (အကနည်းပြတွေကလည်း ဒေါ်တူးတူးမြင့်သိန်းနှင့် ဒေါ်လမင်းအိမ်ဆိုတော့ ကောင်းရောပေါ့။)
စာအုပ်တွေကတော့ မဖြစ်စလောက်သာ ရောင်းရသည်။ ဒီအတိုင်းဆိုလျှင် ဆိုင်ခန်းခတောင် ပြန်ရပါ့မလားဟု စိုးရိမ်လာကြသည်။ ခေါင်းချင်းဆိုင် တိုင်ပင်ကြပြီးနောက် စရိတ်စက ကြေလိုကြေငြားဆိုပြီး စာအုပ်ဆိုင်ရှေ့မှာ ဘူးသီးကြော် ရောင်းကြလေသည်။ ပြုံးစာပေ ဒေါ်ပြုံးက ဘူးသီးကြော် ကောင်းကောင်းကြော်တတ်သဖြင့် အဆင်ပြေသွားသည်။
တောက်တိုမယ်ရ ခိုင်းလို့ရအောင်ဆိုပြီး ဇူးကျော်နှင့် စည်သူမြသန်းတို့ကို အဖော်အဖြစ် ခေါ်ထားရသည်။ တကယ်တော့ သူတို့နှစ်ယောက်မှာ လေးတိလေးကန် ငိုင်တိငိုင်တိုင်သမားတွေသာဖြစ်၏။ ဆလပ်ရွက်ပေးပါဦး ပြောတဲ့ဝိုင်းကို လက်သုတ်ပဝါ သွားပေးလိုပေး။ ဘူးသီးကြော်နဲ့ ကြက်သွန်ကြော်မှားချ။ ရေနွေးကြမ်းအိုး တော်တော်နဲ့ မလာလို့ အဟောက်ခံရနဲ့ ယောင်ချာချာတွေဖြစ်နေကြ၏။
စည်သူမြသန်းကလည်း ညနေစောင်းပြီဆိုလျှင် လက်က မမြဲချင်တော့။ တစ်ခါတော့ အကြော်စားနေသော အမျိုးသမီး၏ ပေါင်ပေါ်သို့ အချဉ်ပန်းကန်လွတ်ကျသွားသည်။ အူကြောင်ကြောင်နိုင်လှသော ဇူးကျော်က အမျိုးသမီး၏ ပေါင်ပေါ်က အချဉ်ရည်တွေကို လက်နဲ့ပွတ်ပြီး သွားသုတ်ပေးသည်။ ဟိုကစိတ်ဆိုးပြီး အကြမ်းပန်းကန်လုံးနဲ့ ထုလိုက်တာ ထိပ်ဖုသွားသေးသည်။
ဒီကြားထဲမှာ ဘုရားပွဲ ကန်ထရိုက်ရထားသူတစ်ယောက်က သူတို့ပွဲမှာ ဘူးသီးကြော်ရောင်းဖို့ လာစပ်သေးသည်။ ချွေးတလုံးလုံးနဲ့ ကြော်နေသော ပြုံးစာပေ ဒေါ်ပြုံးရဲ့ပုံစံကလည်း တကယ့် ဘူးသီးကြော်သည်ကြီးနဲ့ တော်တော်တူပေတာကိုး။
🍐 🍐 🍐
ကြောင်နှစ်ကောင်စာပေသည် များသောအားဖြင့် ဘက်စ်ဆယ်လာ စာရေးဆရာတို့၏ စာအုပ်များကိုသာ ထုတ်ဝေသူဖြစ်၏။ ဈေးကွက်ကောင်းစဉ် အခါကတော့ မောင်မျိုးတို့ ပြုံးပြုံးပြုံးပြုံးနဲ့ပေါ့။ စာအုပ်အရောင်းအဝယ် ပါးလာတဲ့အခါမှာတော့ အထက်ကားကို ဈေးကြီးနဲ့မိထားတဲ့လူကို ပြူးပြူးပြာပြာဖြစ်ရပြီ။ စာအုပ်လက်ကျန်များလေ ထိလေပဲ။
ဒီတော့ ရနိုင်သမျှ ထေမိကာမိစေရန် ဈေးပွဲတော်မှာ အရောင်းဆိုင်လာဖွင့်သည်။ နာမည်ကြီးစာရေးဆရာတွေရဲ့စာအုပ်တွေ ဖြစ်သည့်တိုင်အောင် ဝယ်လိုအားတော့ ဖြိုးဖြိုးဖြောက်ဖြောက်သာရှိ၏။
မောင်မျိုးလည်း ကြံရာမရဖြစ်ပြီး ဓာတ်ရိုက်ဓာတ်ဆင်လုပ်တတ်သော ဟိန်းလတ်ဆီမှာ အကူအညီသွားတောင်းသည်။ ဟိန်းလတ်က ယတြာချေဖို့ အကြံဉာဏ်ပေးလိုက်၏။ (တကယ်တော့ ဟိန်းလတ်ကိုယ်တိုင်တောင် သူရေးတဲ့ အင်္ဂလိပ်စကား အလွယ်ပြောနည်း စာအုပ်လက်ကျန်တွေ တစ်ဝက်ဈေးနဲ့ ချရောင်းရကောင်းမလား စဉ်းစားနေတာ။)
မောင်မျိုးကတော့ ထူပူနေသဖြင့် ပြောသည့်အတိုင်း လိုက်လုပ်သည်။ သူ့တစ်ကိုယ်လုံး ရွှေရောင်ဆေးတွေသုတ်၊ အရောင်းကောင်တာပေါ်ဆောင့်ကြောင့် ထိုင်ပြီး ဝယ်သူလာအောင် လက်ယပ်ခေါ်သည်။ တရုတ်ဆိုင်တွေမှာ ထားလေ့ရှိသော လာဘ်ခေါ်ကြောင်ရုပ်လို လူကိုယ်တိုင် သရုပ်ဆောင်ရခြင်းဖြစ်၏။
ဆိုင်မှာလူကတော့ စည်ပါသည်။ အထူးအဆန်းအဖြစ် ဝိုင်းအုံကြည့်ခြင်းသာဖြစ်၏။ စာအုပ်တွေကတော့ သိပ်မရောင်းရ။ လက်ယပ်ခေါ်ရလွန်းလို့ ညောင်းလာပြီး ကြာတော့ ချိုမိုင်မိုင်လုပ်သလောက်သာ လှုပ်ရှားနိုင်တော့သည်။ သည်ကြားထဲ ရွှေရောင်ဆေးတွေကြောင့် ချွေးပေါက်တွေပိတ်ပြီး တစ်ကိုယ်လုံး ယားယံလာသောကြောင့် မောင်မျိုးမှာ ကိုယ့်ကိုယ်ကို ပြန်ကုတ်ရသော 'ကြောင်' ဖြစ်သွားလေတော့သည်။
မှုခင်းသတင်းထဲက ခါးပိုက်နှိုက်တွေလို နာမည်အမျိုးမျိုးနှင့် လှုပ်ရှားတတ်သော ငါးမည်ရ အတ္တကျော်သည် ကိုယ်ပိုင်စာအုပ်တိုက်တည်ထောင်ထားသည်။ လက်တွဲဖော်စာအုပ်တိုက်ဟု အမည်ပေးထား၏။ သူသည် လူပေါ်လူဇော် လုပ်လိုက်ရမှ ကျေနပ်သူဖြစ်တဲ့အတိုင်း သူ့စာအုပ်တိုက်လိုဂိုတံဆိပ်ကို အကြီးကြီးရေးဆွဲပြီး အရောင်းဆိုင်ခန်းရှေ့မှာထောင်ထားသည်။
ဒီဇိုင်းခကုန်မှာစိုးလို့ သူ့ဘာသာ ဆွဲထားသလားတော့မသိ။ စာအုပ်တိုက်တံဆိပ်ပုံစံက ဘယ်ဘက်အပေါ်ထောင့်မှာ ဖြန့်ထားသော လက်ဝါးတစ်ဖက်နှင့် ညာဘက်အောက်ထောင့်မှာ စာအုပ်လိုလို စာတိုက်ပုံးလိုလို ဘာမှန်းမသိသော အရာတစ်ခုပါသည်။ သူ့ဟာသူတော့ အတော်သဘောကျနေပုံရသည်။
သို့ရာတွင် ထိုပုံစံသည် အချိုရည်ဘူးပေါ်တွင် ရိုက်နှိပ်ထားလေ့ရှိသော အမှိုက်ပုံးတွင် စွန့်ပစ်ရန်သတိပေးသည့် အမှတ်အသားလိုဖြစ်နေလေသည်။ ထို့ကြောင့် လူတွေက သူ့စာအုပ်တိုက်ဆိုင်းဘုတ်ကြီးရှေ့မှာ အမှိုက်တွေလာပစ်ကြသည်။ ထိုအခါ သူတို့လက်တွဲဖော် ဇနီးမောင်နှံနှစ်ယောက်ခမျာ စာအုပ်ရောင်းတဲ့အလုပ်ထက် အမှိုက်သိမ်းတဲ့အလုပ်ကို ပိုပြီး အဓိက ထားလုပ်နေကြရသည်။ ညနေဆိုလျှင် သူတို့၏ စီးတော်ယာဉ် ဒဂုံဂျစ်ကားကြီးဖြင့် ရေသန့်ဘူးခွံတွေတင်ပြီး ဘော်တယ်ဆိုင်မှာ တစ်ဗူးတစ်ဆယ်နှင့်ပြန်သွင်းတာက စာအုပ်ရောင်းတာထက်ပိုပြီး တွက်ခြေကိုက်သယောင်ရှိလေ၏။
🍾 🍶 🍾
"လျှပ်တစ်ပြက်ဂျာနယ် ဘာကြောင့်ကြိုက်ကြတာလဲ"
"လျှပ်တစ်ပြက်ဂျာနယ် ဘာကြောင့်ကြိုက်ကြတာလဲ"
မြတ်ခိုင်သည် 'အပြတ်ချက်မယ့် လျှက်တစ်ပြက်' ဆိုသော စာတမ်းပါ စလွယ်ကိုလွယ်လျက် ရှေ့ဆုံးက တိုင်ပေးလေသည်။ ဇေယျာနှင့် ရွှေညာတို့က 'ထူးလို့ ထူးလို့' ဟု နောက်မှ လိုက်အော်သည်။ မောင်းကြီးကိုလည်း တဒူဒူ ထုသေးသည်။
သူတို့သည် ပရိသတ်တွေကြားထဲ လှည့်လည် သွားလာရင်း အော်ဟစ် ကြော်ငြာနေကြသည်။ ငှားထားသော လက်ပွေ့သမားဆယ်ယောက်ကလည်း ဂျာနယ်တွေပွေ့ပြီး လိုက်လာသည်။ ဂျာနယ်ကို အထူးလျှော့ဈေးနှင့် ရောင်းသော်လည်း သိပ်စိတ်မဝင်စားကြ။ နောက်ဆုံး ညှိနှိုင်းဈေးဆိုတာတောင် အလုပ်မဖြစ်သောကြောင့် 'လျှပ်တစ်ပြက်မှာ အမြတ်မထွက်ဘဲ' ဖြစ်နေလေသည်။
သို့တိုင်အောင် မြတ်ခိုင်ကတော့ လုပ်ငန်းကန်ထရိုက်တစ်ခုကို ရရှိသဖြင့် နည်းနည်း ထေမိကာမိသွားသည်။ မျက်နှာအသားချောလိမ်းဆေးခရင် ထုတ်လုပ်သောကုမ္ပဏီတစ်ခုက သူ့ကို ကြော်ငြာမင်းသားအဖြစ် လာငှားသောကြောင့်ဖြစ်၏။ ကြော်ငြာထဲတွင် မြတ်ခိုင်က 'ဆေးမလိမ်းမီပုံ' အဖြစ် သရုပ်ဆောင်ရမည်ဖြစ်လေသည်။
🕴 🕴 🕴
ရယ်စရာမဂ္ဂဇင်းအဖွဲ့သည် စရိတ်စကကို အစစအရာရာ ချွေတာကြသူများဖြစ်၏။ (စာမူခအပါအဝင်ပေါ့) ထို့ကြောင့် အကုန်အကျသက်သာစေရန် အရောင်းဆိုင်ကို ဘာအပြင်အဆင်မှမလုပ်။ ဘာဖျော်ဖြေရေးမှမပါဘဲ အယ်ဒီတာချုပ် မောင်မောင်စနေနှင့် တာဝန်ခံအယ်ဒီတာ မြေလတ်မောင်မြင့်သူတို့ နှစ်ယောက်သာ ငေါင်းစင်းစင်းထိုင်နေကြသည်။ လူများလျှင် စားသောက်စရိတ်ပိုကုန်မယ် မဟုတ်လား။
သူတို့နှစ်ယောက်သည် ရှေ့က ဖြတ်သွားသူများကို 'ဟဲ ဟဲ' 'ဟီး ဟီး' ဆိုပြီး လှမ်းလှမ်းရယ်ပြနေသည်။ လူတွေက ဘာကြောင်တာလဲ ဆိုပြီး ပြူးပြဲကြည့်သွားကြ၏။ မောင်မောင်စနေသည် နဂိုကပင် အရှက်မရှိသူဖြစ်သောကြောင့် ပြဿနာမရှိ၊ မြေလတ်မောင်မြင့်သူကတော့ အေးအေးတည်တည်နေတတ်သူဖြစ်သဖြင့် မျက်နှာကြီးနီပြီး ရွံ့တွံ့တွံ့ဖြစ်နေသည်။ ပရိသတ်တွေက ဂရုမစိုက်သဖြင့် နောက်ဆုံးတော့ သူတို့အချင်းချင်း ကြည့်ပြီးတော့သာ ရယ်နေရလေတော့သည်။
စားပွဲပေါ်မှာ မှတ်တမ်းလွှာစာအုပ်တစ်အုပ် ချပေးထားသည်။ စာဖတ်ပရိသတ်များအနေဖြင့် ရယ်စရာမဂ္ဂဇင်းနှင့်ပက်သက်ပြီး ဝေဖန်အကြံပေးစာများ ရေးသားနိုင်ရန်ဖြစ်၏။ ထိုစာအုပ်ထဲတွင် ရေးသားသွားကြသော စာဖတ်ပရိသတ်အချို့၏ စာများမှာ
"ရယ်စရာ မဂ္ဂဇင်းစတင်ထုတ်ဝေသည့် အချိန်မှ ယခုထိစွဲမြဲစွာဆုပ်ကိုင်ထားသော အချက်တစ်ခုကိုသတိထားမိပါသည်။ ထိုအချက်မှာ စာလုံးပေါင်းသတ်ပုံမှားခြင်းပင် ဖြစ်ပါသည်"
"နောက်ကို မဂ္ဂဇင်းထဲမှာ တက္ကသိုလ်စိန်တင်ရဲ့ဓာတ်ပုံကြီးမထည့်ပါနဲ့၊ စိုင်းစိုင်းတို့၊ စွမ်းစွမ်းတို့ပုံတွေပဲ ထည့်ပါ"
"ဖလင်ခွဲတာသိပ်မသပ်ရပ်ဘူး။ တခြားနေရာ ပြောင်းအပ်သင့်သည်"
📕 📕 📕
တစ္ဆေသရဲ ဝတ္ထုရေးသူတွေစုပြီး ပရိုမိုးရှင်းလုပ်တဲ့အနေနဲ့ သရဲရထား အစီအစဉ်ပြုလုပ်ထားသည်။ စာရေးဆရာများ ကိုယ်တိုင်သရဲများအဖြစ် ခြောက်လှန့်ပေးမည်ဖြစ်၏။
ဒေဝစကြာသည်ကိုယ်ပေါ်မှာ ဆေးအဖြူခြယ်ပြီး အရိုးခြောက်လို ပုံသဏ္ဌာန်ဖြင့် ခြေလှုပ်လက်လှုပ်လုပ်ပြသည်။ ရထားပေါ်မှာ ပရိသတ်တွေက မကြောက်လန့်ကြဘဲ
" ထိပ်ပြောင်ကြီးဟေ့.... "
ဟု ဝိုင်းအော်ကြသည်။ နန်းကြော့သျှင်က အစွယ်အတုကြီးတပ်၊ ဟားဟား ဝါးဝါး အော်ပြီးခြောက်သည်။ မကြောက်တဲ့အပြင် လက်မြန်တဲ့ ချာတိတ်တစ်ယောက်က အစွယ်အတုကို ဆွဲဖြုတ်လိုက်တာ နှုတ်ခမ်းမွေး နှစ်ပင်သုံးပင်တောင် အဆစ်ပါသွားသေးသည်။
သတိုးတေဇကတော့ ဝတ်ရုံအမည်းကြီးခြုံ၊ ဓားကောက်သွားလှံကြီးနဲ့ခုတ်မလိုလို ထိုးမလိုလိုလုပ်ပြသည်။ ခပ်ကဲကဲ ကောင်မလေးတစ်ယောက်က အလစ်မှာ မျက်မှန်ကို ဖြတ်ခနဲဖြုတ်ယူသွားသဖြင့် 'မျက်ကန်းတစ္ဆေ မကြောက်' ဖြစ်သွားရ၏။
ဒဿကျော်စွာသည် သူ၏နာမည်ကျော် ဇာတ်ကောင်ပုံစံအတိုင်း မျက်နှာမှာ သနပ်ခါးထူထူလိမ်း၊ ဆံပင်တုဖားလျားကြီးစွပ်၊ ထမီရင်လျားဝတ်ပြီး လက်ယပ်ခေါ်နေတဲ့ဟန် ပြုလုပ်ပြသည်။
ကောင်လေးတွေက
"မာမီမဖဲဝါ၊ မာမီမဖဲဝါ.."
ဟုအော်ဟစ်နှုတ်ဆက်ကြသည်။ ဒီလိုနဲ့ တဝါးဝါတဟားဟား ရယ်မောရင်း သရဲရထားသည် ဂိတ်ဆုံးသို့ရောက်ရှိလာခဲ့၏။ လူတစ်ယောက်က
"ကြောက်စရာလည်းမကောင်းဘူး၊ သရဲရထားလို့မခေါ်ဘဲ ဟာသရထားလို့ ခေါ်ဖို့ကောင်းတယ်၊ ဟား ဟား ဟား ဟား၊ ဟား ဟ အမလေး၊ ဘာကြီးလဲ "
ရယ်နေရာမှ တစ်နေရာကိုကြည့်ပြီး လန့်ဖြန့်သွားသည်။ မှောင်ထဲကနေ စင်းစင်းကြီး ကြည့်နေသော မျက်လုံးဝါဝါကြီးနှစ်လုံး။ ပြီးတော့ ဖွေးခနဲဖြစ်သွားသော သွားကြီးတွေ။ ဒါကလွဲပြီး ဘာမှမမြင်ရ။
"ဟာ..သရဲ၊ ဒါမှသရဲအစစ်၊ အမလေးလုပ်ကြပါဦး"
မိမိကိုမြင်တာနဲ့ လူတွေကဘာကြောင့် ထိတ်လန့်တကြား ထွက်ပြေးကြရတာလဲဟု နားမလည်စွာ တွေးရင်း နေဝင်းမြင့်သည် ခေါင်းကိုကုတ်လိုက်မိလေသည်။
တကယ်တော့ နေဝင်းမြင့်သည် သူ့ကိုယ်ပိုင်အစီအစဉ် မစတင်ခင်မှာ ပျင်းပျင်းရှိတာနဲ့ လမ်းလျှောက်ထွက်လာရင်း သရဲရထားရုံထဲ ဝင်လေ့လာခြင်းဖြစ်၏။ သူက မှောင်ရိပ်ထဲမှာပင် ရပ်နေမိသည်။ သရဲရထားကို ငေးကြည့်နေရာမှ လူတစ်ယောက်က သူ့ကိုလက်ညှိုးထိုးပြတော့ ငါ့စာဖတ်ပရိသတ်တွေပဲဆိုပြီး ရယ်ပြမိရာက ခုလို ဝရုန်းသုန်းကား ဖြစ်သွားရတာပါ။
နေဝင်းမြင့်နှင့်ခင်ခင်ထူးတို့သည် စာပေနယ်မှာ ရှားရှားပါးပါး ဇနီးမောင်နှံနှစ်ဦးစလုံး အောင်မြင်ကျော်ကြားသော စာရေးဆရာများဖြစ်ကြ၏။ နေဝင်းမြင့်၏ စာများက လေးလေးနက်နက်ရှိုသလို ခင်ခင်ထူးရဲ့ ဝတ္ထုတွေကလည်း ဝိတ်အပြည့်နဲ့ အနှစ်တွေချည်းပါပဲ။
သူတို့သည် မန္တလေးက ဆင်းလာသူများပီပီ သူများတကာထက်ထူးမှဖြစ်မည်ဟု ဆုံးဖြတ်ထားကြသည်။ အဓိကကတော့ ခင်ခင်ထူးကို ပိုပြီးကျော်ကြားအောင် ပရိုမိုးရှင်းလုပ်ရမည်ဖြစ်၏။ ထို့ကြောင့် ပရိသတ်စိတ်ဝင်စားစေရန် ခင်ခင်ထူး၏ သရုပ်ပြအလေးမပွဲနှင့် တင်ဆက်မည်ဟု ကြေညာထားသည်။
ခင်ခင်ထူးသည် အလေးမဝတ်စုံပြည့်ကို ဆင်မြန်းပြီး စင်ပေါ်မှာခန့်ညားစွာရပ်နေသည်။ သူ့ကိုယ်လုံး ကိုယ်ပေါက်ကလည်း တကယ့် အမျိုးသမီးပရိုအလေးမသမားတစ်ယောက်နှင့်တူသဖြင့် အတော်ကြည့်လို့ကောင်းသည်။ သူသည် ရှေ့မှာချထားသော ကီလိုတစ်ရာ အမှတ်အသားရှိ ဝိတ်ပြားများကို အားမာန်အပြည့်ဖြင့် စွေ့ခနဲမပြီး ခေါင်းပေါ်သို့ မြှောက်တင်လိုက်သည်။
လက်ခုပ်သံတွေ ဆူညံသွားသည်။ ကြိုတင်စီစဉ်ထားတဲ့အတိုင်း အတွင်းလူများဖြစ်ကြသော ညိုထွန်းလူ၊ ကျော်ရင်မြင့်၊ ကိုရိုးကွန့်တို့က ပရိသတ်ယောင်ဆောင်ပြီး ပန်းကုံးတွေပန်းစည်းတွေ၊ ဆုငွေတွေ တက်ပေးကြသည်။ ညီပုလေးက မှတ်တမ်းတင်ဓာတ်ပုံများ တဖြတ်ဖြတ်ရိုက်လိုက်စဉ် သူ့ကင်မရာမှ 'တွိုင်' 'တွိုင်' ဟူသော အသံများ ထွက်ပေါ်နေလေသည်။
တကယ်တော့ နေဝင်းမြင့်သည် ဆရာကြီးသော်တာဆွေရေးသားခဲ့သော 'ကျွန်တော် ဝိတ်တာဆွေ' အမည်ရှိဝတ္ထုကို ပြန်ဖတ်မိရာက ဒီအကြံအစည်ကို ရရှိခဲ့ခြင်းဖြစ်သည်။ ထိုဝတ္ထုထဲတွင် တောကတက်လာသော ငယ်ရည်းစားအထင်ကြီးစေရန် သံဖြူဖြင့် ပြုလုပ်ထားသော ခေါင်းပွ ဝိတ်ပြားများကို မ,ပြပုံအကြောင်းကို ရေးထားသည်။
ခုလည်း ခင်ခင်ထူး မ,ပြသော ဝိတ်ပြားများမှာ ဖော့တုံးများဖြင့် ပြုလုပ်ထားခြင်းဖြစ်၏။ ဝင်ရိုးဘားတန်းမှာလည်း ပီဗီပီပိုက်ဖြစ်၏။ စတီးရောင်မှုတ်ဆေးနှင့် မှုတ်ထားသောအခါ အဝေးကကြည့်လျှင် တကယ့်အစစ်ဟုထင်ရ၏။
ထို့နောက် ဝိတ်ပြားဖော့ပြားတွေကို ထပ်ထပ်တိုးပြီးထည့်သွားရာ ကမ္ဘာ့စံချိန်ကိုတောင် ကျော်သွားသဖြင့် အားကစားဂျာနယ်များမှ သတင်းထောက်တွေအပြေးအလွှား ရောက်ရှိလာကြသည်။ 'မန္တလေးမှ အာရုံဦး' ဂျာနယ်ကလည်း မျက်နှာဖုံးသတင်းအဖြစ် တင်ရန် အင်တာဗျူးလုပ်ချင်သည်ဟု ကမ်းလှမ်းလာသည်။ ညီပုလေးကတော့ သူရိုက်ထားသော ဓာတ်ပုံတွေကို ခုသုံးမယ်ဆိုရင် မူပိုင်ကြေး တစ်သိန်းခွဲပေးရမည်ဟု ဆိုနေ၏။
ခုလိုအောင်မြင်မှု အရှိန်တက်နေတဲ့အချိန်မှာပဲ ကံဆိုးချင်တော့ နွေနှောင်း၏ လေရူးခပ်ကြမ်းကြမ်း တစ်ချက်ဝင်မွှေသွားသည်။ ဖော့နှင့် လုပ်ထားသော ဝိတ်ပြားတွေ လေထဲလွင့်ပျံထွက်ကုန်ပြီး ပရိသတ်ကြားထဲကျသည်။ လန့်တဲ့သူလန့်၊ အော်တဲ့သူအော်၊ ပြေးတဲ့သူပြေး ဖြစ်ကုန်ကြ၏။ နဖူးတည့်တည့်ကို ဝိတ်ပြားမှန်သောလူတစ်ယောက်သည် ကွဲသွားပြီမှတ်လို့ စမ်းကြည့်ပြီးမှ ဘာမှမဖြစ်သောကြောင့် မသင်္ကာဖြစ်ပြီး စစ်ဆေးကြည့်ရာ-
"ဟာ... ဝိတ်ပြားအတုကြီးဟေ့၊ ဖော့နဲ့လုပ်ထားတာ"
"ဟင်.. ဒါဆိုလိမ်တာပေါ့၊ ဒီလိုမလိမ့်တပတ်လုပ်လို့ရမလား"
မကျေမနပ်ဆူပွက်သံတွေထွက်ပေါ်လာတော့ နေဝင်းမြင့်သည် ခင်ခင်ထူး၏ လက်ကိုဆွဲပြီး
"မအိမ်ကံရေ၊ ရေကန်သာကြာတိုင်းပြေးပေတော့လကွယ်"
ဟု အချက်ပေးရင်း ကိုယ်ယောင်ဖျောက်လိုက်ရသည်။
💪 💪 💪
စိတ်ကူးချိုချို စာအုပ်တိုက်ပိုင်ရှင် မောင်စန်းဦးသည် စာရေးဆရာ ကဗျာဆရာဖြစ်သလို မော်ဒန်ပန်းချီဆရာ တစ်ဦးလည်းဖြစ်၏။ ထို့ကြောင့် သူ၏ စာအုပ်ဆိုင်ရှေ့မှာ ပါဖောမင့်ပြကွက်ဖြင့် ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ပြီးဖျော်ဖြေသည်။
မောင်စန်းဦးသည် ဖရဲသီးကြီး တစ်လုံးပေါ်တွင် ကပ်သီးကပ်သတ်တက်ပြီး ဆောင့်ကြောင့် ထိုင်နေသည်။ ရှေ့တည့်တည့် မြေကြီးပေါ်က ခြတွေတရွရွတက်နေသော စာအုပ်ပုံကြီးကို ငိုင်တွေတွေကြီး ငေးကြည့်နေသည်။ ထိုပါဖောမင့်ပြကွက်ကို 'စိတ်ကူးမှိုင်မှိုင်' ဟု အမည်ပေးထား၏။
ပရိသတ်တွေက အထူးအဆန်းသဖွယ် ဝိုင်းအုံကြည့်ရှုရင်းထင်မြင်ချက် အမျိုးမျိုးပေးကြသည်။ အများစုကတော့ 'ဂေါက်' နေတာပဲဟုထင်ကြသည်။ အရေးထဲမှာ ကလေးငယ်တစ်ယောက်က 'ဖရဲသီးစားမယ်၊ ဖရဲသီးစားမယ်' ဟုအော်နေသဖြင့် 'မုဒ်' အောက်သွားရသေးသည်။
ဘာပဲဖြစ်ဖြစ် လူစိတ်ဝင်စားတာတော့ အမှန်ပဲ။ မောင်စန်းဦးရေးသားသော 'နာနာဘာဝမော်တော်ကား' အမည်ရှိ မော်ဒန်ဝတ္ထုမှာလည်း အတော်အသင့် ရောင်းလိုက်ရသည်။
အမှန်ကတော့ စာအုပ်နာမည်ကို ကြည့်ပြီး တစ္ဆေသရဲဝတ္ထုမှတ်လို့ဝယ်သွားကြတာ။ ဖတ်ကြည့်တော့မှ ဘာတွေ လျှောက်ရေးထားမှန်းမသိဘူး ဆိုပြီး စိတ်ဆိုးမာန်ဆိုးနှင့် ပိုက်ဆံလာပြန်တောင်းကြသည်။
မောင်စန်းဦးကတော့ ဒါတွေဘာမှမသိပါ။ ပါဖောမင့်ပြကွက်၏ ဒုတိယအဆင့်အဖြစ် ကျွဲကောသီးကြီးတစ်လုံးကိုတောင် ခေါင်းပေါ်ထပ်တင်လိုက်ပြန်ပြီ။
🍉 🍉 🍉
"သစ္စာနီ၊ မင်းလူ၊ ပဉ္စမံဒီရိုင်း.. သုံးအုပ်တစ်ထောင်၊ သုံးအုပ်တစ်ထောင်"
'ငါတို့' စာပေမှ စန်းမွန်အောင်၏ ဈေးခေါ်သံဖြစ်၏။ သူတစ်ယောက်ထဲ မအော်ရဲသဖြင့် လွန်းဆက်မြတ်နိုးနှင့် ဟန်ဇော်တို့ကိုပါ အကူအညီခေါ်ထားရသေးသည်။
"ဟင်း... ဒီစာအုပ်တွေများ သုံးအုပ်တစ်ထောင်ပေးရမလားကွ၊ ရပ်ကွက်ထဲက အငှားဆိုင်ကတောင် ဆိုင်မှာရှုပ်လို့ဆိုပြီး အလကားပြန်ပေးနေတာတောင် ယူမယ့်လူမရှိဘူး"
ဟုဆိုပြီး ဘယ်သူမှ မဝယ်ကြ။ စိတ်ဝင်စားတဲ့လူဆိုလို့ တစ်ယောက်ပဲရှိ၏။ အရောင်းဆိုင်သို့ ဆာလာအိတ်ထမ်းလာသော ကုလားလေးတစ်ယောက် ရောက်ရှိလာပြီး-
"သုံးပိဿာတစ်ထောင်ရမယ်ဆိုရင်တော့ အကုန်လုံးယူသွားမယ်အစ်ကို"
ဟု လာစပ်လေသည်။
စန်းမွန်အောင်မှာ ကြံရာမရဖြစ်ပြီး သူ့အစ်ကို သားစိုးကို အကူအညီတောင်းရလေသည်။
သားစိုးလာမယ်ဆိုတော့ စိတ်ဝင်တစားစောင့်ကြည့်သူတွေရှိလာသည်။ ရိုးရိုးတန်းတန်းတော့ လာမှာမဟုတ်။ သူ့ထုံးစံအတိုင်းတစ်ခုခု ထူးခြားအောင်တော့ လုပ်လာမှာပဲ။ သူငယ်တော်လိုပဲ ဝတ်စားလာမလား။ ဦးရွှေရိုးလိုပဲ ဆင်မြန်းလာမလား။ ဇော်ဂျီလိုပဲ တောင်ဝှေးထမ်းလာမလား။
လာမယ့်လာတော့လည်း နွေခေါင်ခေါင် ချွေးတပြိုက်ပြိုက်ကျနေတဲ့ အချိန်ကြီးမှာ စန်တာကလော့ခေါ် ခရစ်စမတ်ဘိုးဘိုးကြီးလို လုပ်ချလာလေ၏။ ကျောမှာပိုးထားသော အိတ်ကြီးထဲမှာတော့ စီဒီခွေတွေပါလာသည်။
"စာအုပ်ဝယ်သူတိုင်းကို သားစိုး၏ လုံးဝမစီစဉ်ရသေးသော စီဒီတစ်ချပ် လက်ဆောင်ပေးမည်"
ဟုကြေညာလိုက်သောအခါ စာအုပ်တွေ အတော်ရောင်းလိုက်ရ၏။ ဒါတောင်တစ်ချို့ စာအုပ်မယူဘဲ စီဒီအခွေချည်းပဲ မရဘူးလားဟု မေးကြသေးသည်။
စန်းမွန်အောင်ကတော့ အသက်ရှူချောင်မယ်မှတ်နေတုန်း ဒေါသထွက်နေသော ဝယ်သူများ ဆိုင်ကို လာဝိုင်းကြ၏။ အကြောင်းမှာ သားစိုး၏ လုံးဝမစီစဉ်ရသေးသော စီးရီး ဆိုတဲ့စကားနဲ့အညီ ဘာသီချင်းမှမပါသော အခွေလွတ်တွေဖြစ်နေလို့ပါပဲ။
ထို့ကြောင့် ပရိသတ်တွေကျေနပ်အောင် အစီအစဉ်တစ်ခုလုပ်ရပြန်သည်။ သားစိုးမှာ မထွင်ရမနေနိုင်သူဖြစ်တဲ့အတိုင်း အနုပညာရှင်က လက်မှတ်ထိုးပေးတာမျိုး မဟုတ်ဘဲ ပရိသတ်တွေက ပြန်ပြီး လက်မှတ်ထိုးပေးသော ပုံစံကို ြြပြုလုပ်လိုက်သည်။
သူသည် ဘောင်းဘီတိုကလေးကလွဲပြီး ဘာအဝတ်အစားမှမဝတ်ဘဲ ဒူးထောက်ထိုင်နေသည်။ ပရိသတ်များက သူ့ကိုယ်ပေါ်မှာဆော့ပင်နှင့် လက်မှတ်များထိုးကြသည်။ ခန္ဓာကိုယ်အနှံ့ နားရွက်များပါမကျန် လက်မှတ်ဝိုင်း ထိုးကြရုံမျှမက တချို့ဆို လက်ဗွေရာတောင် နှိပ်သွားကြသေးသည်။ ဒီကြားထဲမှာ ကနွဲ့ကလျနဲ့ လူကြီးတစ်ယောက်က သူများတွေ လက်မှတ်မထိုးရသေးတဲ့နေရာမှ ထိုးချင်ပါတယ်ဆိုပြီး အတင်းဝင်ဆွဲလို့ သားစိုးမှာ 'ဘူးသီးနုနုမခူးရ' ဟုအော်ပြီး ထွက်ပြေးရသည်။
စန်းမွန်အောင်သည် ဒီစာရေးဆရာတွေရဲ့ စာအုပ်တွေ ထုတ်နေလို့ကတော့ စီးပွားပျက်လိမ့်မယ်။ ကိုယ့်ဘာသာ ဝတ္ထုတွေ ကိုယ်တိုင်ရေးပြီး ထုတ်တော့မယ်ဟု ဆုံးဖြတ်လိုက်၏။ ကလောင်နာမည်ကိုလည်း သားစိုးထက်သာအောင် 'သားမြတ်' ဟု မှည့်ခေါ်မည်ဟု စဉ်းစားထားသည်။
📚 📚 📚
စာရင်းချုပ်လိုက်တော့ စာအုပ်ဈေးပွဲတော်မှာ အမြတ်ထွက်တဲ့စာအုပ်ဆိုင်ရယ်လို့မရှိသလောက်ပဲ။ အလဲဗင်းမီဒီယာဂရုသာ နည်းနည်းပါးပါး ခုမိကာမိရှိ၏။ ဒါကလည်း ဗလာစာအုပ်တွေ ရောင်းရငွေက ဝင်ကယ်သွားလို့။ အများစုမှာ ဆိုင်ခန်းခတောင်မကြေလို့ အခက်တွေ့ကြရသည်။
အခုလို စီးပွားရေး ထိုင်းမှိုင်းပြီး အရောင်းအဝယ်တွေပါးနေသော ကာလမှာတောင် အလုပ်ဖြစ်နေသေးသော လုပ်ငန်းတစ်ခုရှိသေးသည်။ လက်ဝှေ့ပွဲများပင် ဖြစ်၏။ ရုံဝင်ခသောင်းနဲ့ချီပေးရတာတောင် လူတွေက ကြိတ်ကြိတ်တိုး ကြည့်ရှုအားပေးကြရာ လက်မှတ်မှောင်ခိုတာတောင် ရှိသည်။
ထိုအခါ လက်ဝှေ့ပွဲသွင်းတဲ့ အတွေ့အကြုံရှိခဲ့ဖူးသော ဆရာကြီး ကျားဘငြိမ်း (ကျားဘညိမ်း) ၏ သားများဖြစ်တဲ့ ဝင်းငြိမ်း၊ ဆန်နီညိမ်း၊ မျိုးမြင့်ညိမ်းတို့ ညီအစ်ကိုများသည် အကွက်ကောင်းတွေ့ပြီဆိုပြီး 'စာပေလက်ဝှေ့စင်တင်ပွဲကြီး' ကို ဦးစီးကျင်းပကြလေတော့သည်။
'ခွက်တူရင် ပုလင်းမရွေးပါဘူး
စက္ကူတွင် သတင်းရေးတဲ့
ယောက်ျားဘသား....
မျိုးမြင့်ညိမ်းတဲ့ဟေ့...
ဗေပုံထီး၊ ဗေပုံထီး...'
လက်ဝှေ့ရေးပြ စိန်ခေါ်သံတွေညံနေသည်။ အကယ်ဒမီခင်မောင်ကြီးအဖွဲ့ကလည်း ဗိန်းဗောင်းဆိုင်းသံဖြင့် သွေးကြွအောင် နှိုးဆွပေးသည်။ 'ဟိုက်ရော... ဟိုက်ရော' ဆိုသော ဦးဝင်းငြိမ်း၏ ဆော်ဩသံကလည်း တစ်ချက်တစ်ချက်မှာ မိုးလုံးဟိန်းမျှ ထွက်ပေါ်လာနေ၏။
စာပေသမားများမှာ ကိုယ့်အုပ်စုနှင့်ကိုယ် အသင်းတွေဖွဲ့ပြီး ဝင်ပြိုင်ကြ၏။ မန္တလေးအသင်း၊ နေပြည်တော်၊ ပျဉ်းမနားအဖွဲ့၊ ကွမ်းခြံကုန်းအုပ်စု၊ အင်းစိန်သားများ၊ ရီယယ်လစ်ဇင်ဂရု(ပ်)၊ မော်ဒန် ပို့စ်မော်ဒန်ညွန့်ပေါင်း၊ ပီပီ၊ အယ်လ်ပီ၊ ပီအယ်ပီ စသည်ဖြင့်...
လက်ဝှေ့ပွဲများမှာ အကြိတ်အနယ် ရှိကြသည်။ ပရိသတ်တွေကလည်း ဝက်ဝက်ကွဲအောင် အားပေးကြသဖြင့် လက်မှတ်များရောင်းမလောက်ဖြစ်ပြီး မှောင်ခိုဈေး သုံးသောင်းအထိ တက်သွားသည်။ လုပ်ပွဲညာပွဲမဟုတ်ဘဲ တကယ်ထိုးကြသဖြင့် အလွန်ကြည့်ကောင်းသည်။
အထူးသဖြင့် ကဗျာဆရာအချင်းချင်း၊ စာနယ်ဇင်းသမားအချင်းချင်း ထိုးသတ်ကြသောပွဲများမှာ ပိုပြီး သည်းထိတ်ရင်ဖိုရှိလှသည်။ မူလစည်းကမ်း သတ်မှတ်ချက်မှာ ကတ္တီပါလက်အိတ်စွပ်ပြီး ထိုးရမည်ဖြစ်၏။ သို့ရာတွင် ထိုးရင်းက စိတ်ပါလာပြီး လက်အိတ်တွေချွတ်၍ ဗလာချီထိုးကြသည်။ တခြားပွဲတွေလို ငါးချီဆယ်ချီ ကန့်သတ်မှုမရှိတော့ဘဲ ကြောက်ရှုံး ကွဲရှုံး ရေကုန်ရေခမ်း ဆော်ကြလေသည်။ ကြာတော့ နည်းပြဆရာတွေပါ အချင်းချင်း စိန်ခေါ်လာကြသည်။ ဒိုင်လူကြီးတွေတောင် လက်ခမောင်းထခတ်ချင်သလိုလို ဖြစ်လာလေတော့သည်။
ဤသို့ဖြင့် ကာလအတန်ကြာ လေးလံ ထိုင်းမှိုင်းနေသော စာပေလောကကြီးမှာ ပြန်လည်လှုပ်ရှား စည်ကားသိုက်မြိုက် လာခဲ့လေ၏။
မင်းလူ
(ရယ်စရာမဂ္ဂဇင်း၊ အမှတ်၄၂၊ မေ၊ ၂၀၀၉)
မျောက်လက် စာပေဇာတ်လမ်းစုံ၊
စာမျက်နှာ ၆၁ - ၈၃။
'မင်းလူ၏အနုပညာရပ်ဝန်း' ပေ့ဂျ်ရဲ့ Facebook note နှစ်ခုကနေ ကူးယူပြီး တပုဒ်တည်း ပေါင်းထားပါတယ်။
စလေ ငနော့
