Tuesday, April 14, 2020

စိန်ဝေလျှံ ပျောက်ဆုံးမှု


•••••••••••••••••••••••••

ရွှေဥဒေါင်း

ကျွန်တော်နှင့် ဦးစံရှားတို့သည် ထမင်းစားပွဲတွင် မျက်နှာချင်းဆိုင် ထိုင်ကြလျက်ရှိစဉ် စဉ်းစားစိတ်ကူးဟန်ဖြင့် ကာဖီပန်းကန်ကို ဇွန်းနှင့်မွှေလျက်ရှိသော ဦးစံရှားအား ငေးကြည့်နေခိုက်

ရှား။ ။"ကျုပ်လိုက်သွားမှ ဖြစ်မယ်ထင်တယ်ဗျို့ ကိုသိန်းမောင်"

ကျွန်။ ။"ဘယ်ကိုလဲဗျာ"

ရှား။ ။"ကမာရွတ်ကိုလေ။ ဘာဂျော်ဂျီရဲ့ မြင်းဇောင်းကိုပေါ့"

ထိုစဉ်အခါက ဘုရင်ခံ၏ ဖလားပွဲအတွက် ဖေးဘရိတ်ဖြစ်နေသော 'စိန်ဝေလျှံ' ပျောက်ခြင်းအတွက် မြင်းသမားလောကနှင့် ရန်ကုန်သတင်းစာများတွင် ပွက်ပွက်ရိုက်လျက် ရှိသောကြောင့် မြင်းရှင် ဘာဂျော်ဂျီ၏ မြင်းဇောင်းသို့ ဦးစံရှား သွားမည်ဆိုခြင်းအတွက် ကျွန်တော်မှာ အံ့ဩသည့်ပြင် ယခုမှ သွားချေသလောဟူ၍ပင် စဉ်းစားမိသည်။ ယမန်နေ့ကလည်း ဦးစံရှားသည် နက်နဲစွာ တွေးတောဆင်ခြင်သော အခါများ၌ ပြုလုပ်လေ့ရှိသည့်အတိုင်း မျက်မှောင်ကြီးကြုတ်ကာ ဆေးတံကို မနားမနေ ဖွာလျက် အခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် စင်္ကြံလျှောက်သည်များကို မြင်ရကတည်းက စိန်ဝေလျှံပျောက်မှုနှင့် ပက်သက်ရမည်ဟု ကျွန်တော် စဉ်းစားမိပါ၏။

သို့ရာတွင် ဦးစံရှားနှင့် ကျွန်တော်မှာ မိတ်ဆွေဆိုရသော်လည်း ဆရာတပည့်ကဲ့သို့ ရှိနေသည် ဖြစ်သောကြောင့် သူကိုယ်တိုင်က ဖွင့်ဟ၍ မပြောမချင်း မမေးဝံ့သဖြင့် အကဲခတ်၍သာ နေခဲ့ရပါသည်။

တစ်ခါက

"ဘာတွေများ စိတ်ကူးနေသလဲဗျ" ဟု ကျွန်တော်က မေးမိရာတွင် ဦးစံရှားသည် ကျွန်တော်၏စကားကို နားမလည်ပေဟန် အမူအရာနှင့် စိန်းစိန်းကြီး ပြန်ကြည့်နေကတည်းက ကျွန်တော့်အဖို့ သင်ခန်းစာရ၍ နောက်နောင်တွင် မမေးဝံ့ဘဲ ရှိပါတော့သည်။

ယခုအမှုမှာ ဖေးဘရိတ်မြင်း 'စိန်ဝေလျှံ' ပျောက်ခြင်းမလှ ပျောက်ရရုံသာမက ထရိန်နာ ကိုဘကျော့ပါ သေဆုံးသော အမှုဖြစ်၍ ရန်ကုန်တစ်မြို့လုံး စိတ်ဝင်စားလျက် ရှိကြသောကြောင့် လော်ကယ်မီးရထား၊ ဓာတ်ရထားနှင့် ဘတ်စ်ကားများပေါ်တွင် ဤအကြောင်းမှတစ်ပါး ပြောစရာ အခြားစကား မရှိတော့သလောက် ပြောကြ ဆိုကြ ထင်မြင်ချက် ပေးကြသောအမှု ဖြစ်နေပါတော့သည်။

ရှား။ ။"ကိုင်း ကိုသိန်းမောင်၊ လိုက်မှာဖြင့် ခင်ဗျားပွဲကြည့် မှန်ပြောင်းကလေး ယူခဲ့ဗျာ။ လော်ကယ်ရထားနဲ့ သွားကြတာပေါ့။ ဟိုပေါ်ကျတော့မှ ပြောစရာရှိတာ ကျုပ်ပြောပြပါဦးမယ်။ ဒါထက် လော်ကယ်မီးရထား အချိန်စာရင်း ကြည့်စမ်းပါဦးဗျ"

မီးရထားအချိန်စာရင်းကို ကြည့်လိုက်သောအခါ မီးရထားထွက်ရန် နာရီဝက်ခန့် လိုသေးသည်ဖြစ်၍ ကျွန်တော်တို့သည် ဘရုတ်ကင်းလမ်း နေအိမ်မှနေ၍ ဘူတာရုံသို့ ခြေကျင်လျှောက်လာကြပြီးလျှင် ဒုတိယတန်း လက်မှတ်နှစ်စောင် ဝယ်ယူလိုက်ကြသည်။

မီးရထားတွဲပေါ်သို့ တက်ကြသောအခါ ထိုအချိန်မှာ ရန်ကုန်ဘက်သို့လာသော ခရီးသည်တို့သာ များ၍ ရန်ကုန်မှ လိုက်ပါလာသော ခရီးသည် နည်းပါးလှသောကြောင့် မီးရထားတွဲထဲတွင် အင်္ဂလိပ်ကပြား အဘိုးကြီးတစ်ယောက်မှတစ်ပါး ကျွန်တော်တို့ချည်း ရှိနေသည်။

ကျွန်တော်တို့သည် ထောင့်ကျသော ထိုင်ခုံ၌ ထိုင်ကြပြီးနောက် ဦးစံရှားသည် ဆေးတံသို့ ဆေးထည့်၍ 'စိန်ဝေလျှံ' ပျောက်ခြင်းနှင့် ထရိန်နာ ကိုဘကျော့ သေဆုံးသော အမှုအကြောင်းကို အောက်ပါအတိုင်း ပြောပြလေသည်။

ရှား။ ။ "ဒီအမှုက သိထားတဲ့အကြောင်းအချက်တွေ များလွန်းလို့ အသစ်ထပ်ပြီး ရှာဖို့ မလိုလှဘူး။ ရပြီးသတင်းထဲက မဆီလျော်တာတွေ ဖယ်ပြီး အရေးကြီးတာလောက်ကို ရွေးထုတ်စဉ်းစားဖို့လောက်သာ လိုတယ်။ အမှုက အဆန်းတကြယ်လည်းဖြစ်ပြန်၊ လောင်းကစားခြင်းနဲ့လည်း ပက်သက်ပြန်လေတော့ တွေးလိုက်ကြ၊ တောလိုက်ကြ၊ ထင်မြင်ချက်ပေးလိုက်ကြတာတွေ မိုးမွှန်နေကြတာပဲ"

"ကျုပ်တို့ အလုပ်က တွေးလုံး တောလုံးတွေ ဖယ်ထားပြီး အဟုတ်တကယ် အဖြစ်အပျက် အစစ်အမှန်ကို ရွေးထုတ်ယူဖို့ လိုတယ်။ ဒီအလုပ်ကလည်း မလွယ်လှဘူးဗျ။ အရိုးရှုပ်လှပါတယ်ဆိုတဲ့ ငါးဖယ်ထဲက အသားထုတ်ယူရတာကမှ အိမ်ရှင်မတွေလုပ်သလို ဇွန်းနဲ့ခြစ်ယူလို့ ဖြစ်နိုင်သေးတယ်။ ဒီအလုပ်က ငါးသလောက်ကုပ်သားထဲက အရိုးထုတ်ပစ်ရသလို တော်တော်ရှုပ်တဲ့ အလုပ်ဗျ။ အရိုးကဖြူဖြူ၊ အသားကလည်းဖြူဖြူ၊ ဒီအထဲမှာ မျက်စိခပ်မွဲမွဲဆိုရင် သွားရော"

ကျွန်။ ။ "စားစရာကျမ်း ကျေလှချေကလား ဆရာကြီး"

ရှား။ ။ "ကျမ်းကျေဆို ကျုပ်က ငါးရိုးမြက်ဖူးတာကိုး။ ဒါထက် အမှုနဲ့ပက်သက်လို့ မြင်းရှင် ဘာဂျော်ဂျီဆီက ကြေးနန်းတစ်စောင်၊ အင်စပက်တော် ကိုအုန်းဖေဆီက ကြေးနန်းတစ်စောင် တမြန်နေ့က ရထားတယ်ဗျ"

ကျွန်။ ။ "တမြန်နေ့က ကြေးနန်းရတာများ ဒီကနေ့မှ သွားသလားဗျာ"

ရှား။ ။ "အမှန်ပြောရရင်ဖြင့် ကျုပ် ဒီတစ်ချက်တွက်ကိန်း ချော်သွားပေတယ်ဗျ။ မြင်းသမားလောကမှာ ဒီလောက်တောင် နာမည်ကြီးနေတဲ့ စိန်ဝေလျှံလို မြင်းတစ်ကောင်ကို ဘယ်နည်းနဲ့မှ ကြာကြာကြီး ဝှက်မထားနိုင်ဘူးလို့ ကျုပ် တွက်မိပေတယ်။ ခု မတွေ့သေးပေမဲ့ တော်တော်ကြာရင် တွေ့ရမယ်လို့ ကျုပ်က ထင်ပြီး တစ်နာရီ၊ နောက်တစ်နာရီ ကြေးနန်း ရောက်လာလိမ့်မယ်လို့ ထင်မိပေတယ်။ ကျုပ်အထင်က ကိုဘကျော့ကို သတ်တဲ့လူက မြင်းကိုခိုးသွားလို့ လူရောမြင်းပါ တွေ့ပါပြီလို့ ကြေးနန်းရောက်လာလိမ့်မယ် ထင်မိပေတယ်"

"ဒီလို မျှော်လင့်ချက်နဲ့ တစ်ရက်ကုန်သွားပြီး လှမောင်ကို ဖမ်းချုပ်ထားပြီဆိုတဲ့ သတင်းမှတစ်ပါး နောက်ထပ်ဘာမှ မကြားရတော့မှ ကျုပ်ကိုယ်တိုင် ထွက်လိုက်ဖို့ အချိန်တန်ပြီလို့ ဆုံးဖြတ်ချက်ချပြီး လိုက်ခဲ့ရတော့တာပဲ။ သို့သော်လည်း မနေ့ကတွက်တော့ အချိန်အလကားမဖြစ်လို့ တော်ပါသေးရဲ့လေ"

ကျွန်။ ။ "ဘာလဲဗျ။ သဲလွန်စကလေးများ ရခဲ့လို့ဟာလား"

ရှား။ ။ "အနည်းဆုံးတော့ အမှုနဲ့ပတ်သက်လို့ အရေးကြီးတဲ့ အကြောင်းအချက်တွေ ငုံခဲ့မိပြီ ဆိုပါတော့ဗျာ။ ကိုင်း နားထောင်၊ ခင်ဗျားကို ပြောပြရင်း ကိုယ့်ဟာကိုယ် အစာကြေသွားအောင် စားမြုံ့ပြန်လိုက်ဦးမယ်"

ကျွန်တော်သည် စီးကရက်တစ်လိပ်ကို မီးညှိ၍ဖွာရင်း လက်ချောင်းရှည်ကြီးများကို ချိုးတွက်ကာဖြင့် အကြောင်းအချက်များကို တစ်ခုစီ ရေတွက်ပြသလျက်ရှိသော ဦးစံရှား၏ စကားကို နားထောင်နေရပါတော့သည်။

ရှား။ ။ "စိန်ဝေလျှံဆိုတာက ဝင်းသိန်းတူးနဲ့ လေဒီကာဇင်တို့က ပေါက်ဖွားလာတဲ့ မြင်းကျော်တစ်ကောင်ဗျ။ ဝင်းသိန်းတူးဆိုတာက အထက်မြန်မာပြည်မှာ လောင်းကစားအလုပ်ကို ဝါသနာ မပါဘဲ 'စပို့' အတွက် သက်သက်ပြိုင်မြင်း မွေးတဲ့ ဆီစက်သူဌေးတစ်ဦးရဲ့ မြင်းဗျ။ လေဒီကာဇင်ဆိုတာ အိန္ဒိယဘုရင်ခံချုပ်ကတော်ရဲ့ မြင်းမတဲ့ဗျ။ မြင်းတွေကိုယ်တိုင်က ဖလားပွဲကြီးတွေမှာ နိုင်ဖူးလို့ နာမည်ကြီးရတဲ့ အထဲမှာ ပိုင်ရှင်တွေကလည်း တကယ့်ထိတ်ထိတ်ကြဲတွေ ဖြစ်လေတော့ ဒီမြင်းနဲ့ ဒီမြင်းမနဲ့ သားတင်ဖို့အရေးမှာ ဘုရင်ခံတွေ ဘာတွေတောင် ပါဝင်ပြီး စေ့စပ်ပေးရတယ် ဆိုကပဲ"

"ဝင်းသိန်းတူးကို အိန္ဒိယ မပို့နိုင်ဘူး၊ လေဒီကာဇင်ကို မြန်မာပြည် မတင်နိုင်ဘူး စသဖြင့် တင်းမာနေကြလို့ နောက်ဆုံးမှာ လေဒီကာဇင်ဘက်က လျှော့ပေးပြီး ပင်လယ်ကူးသငေ်္ဘာနဲ့ တင်လာရတဲ့ မြင်းမတဲ့ဗျ။ အဲဒီက ပေါက်ဖွားတဲ့မြင်းကို ဘုရင်ခံချုပ်ကတော်က 'အိုးရှင်းထရဲဗလား' (သမုဒ္ဒရာခရီးသည်) လို့ နာမည်ခေါ်မှည့်သတဲ့။ ဘုရင်ခံချုပ် ကတော်က ဒီမြင်းနဲ့ တစ်ပွဲနိုင်ပြီး အင်္ဂလန်အပြန်မှာ မြင်းကို လေလံတင်ရောင်းတော့ ဘာဂျော်ဂျီက အများဆုံးပေးဝယ်လို့မို့ မြန်မာပြည်ရောက်လာ ဆိုကိုးဗျ"

"ဘာဂျော်ဂျီက 'အိုးရှင်းထရဲဗလား' ဆိုတဲ့ နာမည်ကို မကြိုက်လို့ 'စိန်ဝေလျှံ' လို့ နာမည်ပြောင်းပြီး မြင်းပွဲမှာ နှစ်ပွဲနိုင်ထားပြီဆိုကိုး။ လာမယ့်စနေနေ့မှာ ဘုရင်ခံဖလားပွဲရှိတော့ ဒီမြင်းဟာ သေချာပေါက်လို့ တစ်ပေးကြတဲ့ မြင်းဆိုကိုးဗျ။ ဒီမြင်းက ယီးတီးယားတားမြင်း မဟုတ်ပေဘူး။ ရာဇဝင်နဲ့ လာတဲ့ မြင်းပေကိုးဗျ"

ကျွန်။ ။ "စနေနေ့ မြင်းပွဲမှာ ဒီမြင်း မပြေးဖြစ်အောင် လုပ်ချင်တဲ့လူများ ရှိမှာပေါ့နော်"

ရှား။ ။ "ဒီလိုလေ။ မြင်းပွဲထုံးစံကတော့ ပွဲထဲရောက်တဲ့ အခါကျမှ လောင်းကြတာပဲ။ သို့သော် စိန်ဝေလျှံမှာတော့ မြင်းရှင် ဘာဂျော်ဂျီက ယခုကတည်းက ကြိုတင်ပြီး 'ဘူကီ' တွေဆီမှာ ငွေတော်တော်များများ လောင်းထားတယ်လို့ ကြားတယ်။ အလေးကျောတောင် မရလို့ ဆတူလောင်းရ သတဲ့ဗျ"

ကျွန်။ ။ "ဒီလိုဆို ဟိုနေ့မှာ စိန်ဝေလျှံ မပြေးဘူးဆိုရင် ဘူကီတွေ ပွဖို့ရှိတာပေါ့"

ရှား။ ။ "ဟုတ်သတဲ့။ ပြီးတော့လည်း ဘုရင်ခံဖလားပွဲမှာ စိန်ဝေလျှံ မပါနိုင်ဘူးဆိုရင် ကိုယ့်မြင်း သေချာပေါက်လို့ သဘောထားတဲ့ မြင်းရှင်များကလည်း နှစ်ယောက် သုံးယောက် ရှိသတဲ့ဗျ"

ကျွန်။ ။ "ဒါဖြင့် ဘူကီတွေရယ်၊ မြင်းရှင် နှစ်ယောက် သုံးယောက်ရယ် စိန်ဝေလျှံမပါစေရအောင် လုပ်ချင် လုပ်မယ့်လူတွေလို့ ယူဆရမယ်ပေါ့"

ရှား။ ။ "ဟုတ်ကဲ့။ ဟိုနေ့မှာ စိန်ဝေလျှံမပါနိုင်ရင် သူတို့မှာတော့ အကျိုးရှိမှာ အမှန်ပဲ။ ဒီအကြောင်းကို မြင်းရှင် ဘာဂျော်ဂျီက သိပြီးဖြစ်လေတော့ စိန်ဝေလျှံကို အထူးသတိဝီရိယနဲ့ စောင့်ထိန်းထားတာပဲတဲ့ဗျ။ ဒီမြင်းကို ကျင့်ပေးနေတဲ့ ထရိန်နာ ကိုဘကျော့ဟာလည်း ဂျော်ကီဟောင်းတစ်ယောက်တဲ့ဗျ။ အခုမှ သိပ်ဝသွားလို့ မြင်းမစီးတော့ဘဲ ထရိန်နာ လုပ်နေတာ ဆိုကိုး။ ကိုဘကျော့ဟာ ဂျော်ကီလုပ်တုန်းကလည်း ဘာဂျော်ဂျီရဲ့ မြင်းတွေကို စီးခဲ့တယ်။ အခုလည်း သူ့ဆီမှာ ထရိန်နာလုပ်နေတာ လေးငါးခြောက်နှစ် ရှိပြီဆိုကပဲ။ အင်မတန် ယုံကြည်စိတ်ချရတဲ့ လူတစ်ယောက်ဖြစ်လို့မို့ စိန်ဝေလျှံကို သိပ်ဂရုစိုက်တာပဲတဲ့"

"ဘာဂျော်ဂျီရဲ့ မြင်းဇောင်းမှာ အလုပ်လုပ်တဲ့ ဂျော်ကီသင်စ သူငယ်ကလေး သုံးယောက်ရှိတဲ့အနက် တစ်ယောက်တစ်လှည့်စီ မိုးလင်းအောင် ညတိုင်း စောင့်သတဲ့ဗျ။ နှစ်ယောက်က မြင်းဇောင်းပေါ်က အထပ်ခိုးကလေးမှာ အိပ်ခိုက် တစ်ယောက်က မြင်းဇောင်းရှေ့မှာ စန္ဒာလီစောင့်သလို တစ်ညလုံး စောင့်ရသတဲ့။ သူငယ် သုံးယောက်စလုံးဟာလည်း စိတ်ချရတဲ့ လူချည်းပဲတဲ့။ ထရိန်နာ ကိုဘကျော့ကတော့ မြင်းဇောင်းနဲ့ ကိုက်သုံးရာလောက်သာဝေးတဲ့ အိမ်ကလေးထဲမှာ နေသတဲ့။ မယားရှိတယ်၊ သားသမီးတော့ မရှိဘူးတဲ့"

"လခ ကောင်းကောင်းရလို့ စားလောက် သောက်လောက် အခြေအနေပဲတဲ့။ မြင်းဇောင်းအနီးအပါးမှာ အခြားအိမ်တွေ မရှိဘူး။ မြင်းဇောင်းနဲ့ တစ်ခေါ်လောက်ဝေးတဲ့ နေရာမှာ ဆိတ်မွေးတဲ့ ကုလားတွေနေတဲ့ တဲကလေး သုံးလေးလုံး ရှိသတဲ့။ မြင်းဇောင်းရဲ့ ဟိုဘက်မှာ ကွင်းကြီးရှိပြီး ကွင်းအဆုံးမှာတော့ စတီးဘရားသား ကိုယ်စားလှယ် မစ္စတာ နော်တင်ရဲ့ မြင်းဇောင်းကြီး ရှိတယ်။ အဲဒီမြင်းဇောင်းကိုတော့ ဩစတြေးလီးယားက ခေါ်ယူတဲ့ ထရိန်နာ ဂျွန်ဆင်ဆိုတဲ့လူက အုပ်ချုပ်တယ်"

ကျွန်။ ။ "မြင်းဇောင်းချင်းကတော့ ခပ်နီးနီးပေါ့"

ရှား။ ။ "သိပ်မနီးလှဘူး။ ကွင်းကြီးတစ်ခုလုံး ခြားနေလို့ ကိုက်လေးငါးရာလောက် ဝေးတယ်ပြောတယ်။ စိန်ဝေလျှံ ပျောက်မယ့်ညနေမှာ မြင်းတွေကို ထုံးစံအတိုင်း လမ်းသလားပြီး ဇောင်းထဲသွင်း၊ တံခါးပိတ် သော့ခတ်ပြီးတဲ့နောက် သူငယ်သုံးယောက်အနက် နှစ်ယောက်က ကိုဘကျော့အိမ်သွားပြီး ထမင်းစား၊ ဘဦးဆိုတဲ့ သူငယ်တစ်ယောက်တည်းသာ မြင်းဇောင်းမှာ စောင့်ကျန်ရစ်သတဲ့"

"ဘဦးအတွက် ထမင်းကတော့ ကိုဘကျော့ရဲ့ တူကလေး ဘရီက မြင်းဇောင်းသွားပို့သတဲ့။ မှောင်မိုက်တဲ့ည ဖြစ်လေတော့ ဘရီက လက်ဆွဲမှန်အိမ်တစ်လုံး ကိုင်သွားသတဲ့။ ဟင်းကတော့ ဆိတ်ကလီစာနဲ့ ကင်ပွန်းချဉ်ရွက် ချဉ်ရည်တဲ့။ ဘရီက မှန်အိမ်ကို လက်တစ်ဖက်က ဆွဲ၊ ထမင်းချိုင့်ကို တစ်ဖက်က ကိုင်သွားလို့ မြင်းဇောင်းနား ရောက်ခါနီးမှာ မှောင်မိုက်ထဲက ဖြုန်းဆို လူတစ်ယောက်ထွက်လာပြီး ရပ်စမ်းပါဦး ခိုင်းသတဲ့"

"ဘရီက မှန်အိမ်မြှောက်ပြီး လူကိုကြည့်လိုက်တော့ ကာကီဘောင်းဘီတိုနဲ့၊ ဆွယ်တာနဲ့၊ နောက်ပိတ်ဖိနပ်နဲ့ ဟန်ဟန်ပန်ပန် လူထဲကပဲတဲ့။ သူ့လက်ထဲမှာတော့ ဂေါ့ဖ်ရိုက်တဲ့ တုတ်မျိုးတစ်ချောင်း ပါသတဲ့။ လူပုံပန်းက ဟန်ပေမဲ့ သူ့အမူအရာကတော့ ပြူးတူးပြဲတဲ ရှိတယ်ဆိုကပဲ။ အသက်ကတော့ ၃၀ ကျော်လောက် ရှိပြီ ထင်သတဲ့။ ဘရီက 'ဘာကိစ္စလဲ' လို့ မေးတော့ 'မျက်စိလည် လမ်းမှားလို့ ဘယ်ဆီရောက်နေတယ် မဆိုနိုင်ဘူး လူကလေးရယ်' တဲ့"

"ဒီတော့ ဘရီက 'ရှေ့ကဟာ ဘာဂျော်ဂျီရဲ့ မြင်းဇောင်းပဲ' လို့ ပြောတော့ အဲဒီလူက 'အောင်မယ် နေရာကျလိုက်လေကွယ်။ မြင်းဇောင်းမှာ သူငယ်ကလေး တစ်ယောက်တည်း စောင့်အိပ်တယ်ဆို။ ရော့ ဟောဒီစာကို သူ့လက်ရောက်အောင် ပေးလိုက်ပါကွယ်။ ငါ့တူ မုန့်ဖိုးပေးရဦးမယ်' ဆိုပြီး စာတစ်စောင်နဲ့ တစ်ဆယ်တန် ငွေစက္ကူတစ်ရွက် ပေးသတဲ့။ နို့ပေမဲ့ ဘရီက စာလည်းမယူ၊ ငွေစက္ကူကိုလည်း လက်မခံဘဲ မြင်းဇောင်းဆီကို ပြေးသွားသတဲ့။ မြင်းသမားရဲ့ အိမ်သူအိမ်သားဆိုတာ မြင်းပွဲနီးရင် သတင်းချူမှာစိုးလို့ လူကြီးတွေက ဒါမျိုးတွေ သတိပေးထားပြီး ဆိုကိုး။ မြင်းဇောင်းရောက်တော့ ဘရီက ဘဦးကို ဒီအကြောင်း ပြောပြနေတုန်း ဟိုလူက လိုက်လာပြီး ဘဦးနဲ့ စကားတစ်ခွန်း ပြောပါရစေလို့ ခွင့်တောင်းသတဲ့"

"သူ့လက်ထဲမှာ ခုနင်က စာရွက်ကလေး ပါလာတာ မြင်တယ်လို့ ဘရီက ပြောသတဲ့။ ဘဦးက ကိစ္စကို မေးတော့ ဟိုလူက 'ဘုရင်ခံဖလားပွဲမှာ မင်းတို့မြင်းဇောင်းက စိန်ဝေလျှံနဲ့ နက်ကျော်သွင်းထားတယ်ဆို။ နက်ကျော်က စိန်ဝေလျှံကို မြင်းတစ်လုံး ဖြတ်နိုင်တယ်မဟုတ်လားကွယ်။ မင်းတို့ အားလုံးက နက်ကျော်ကို လောင်းကြမယ် မဟုတ်လား။ ပြောစမ်းပါကွ။ ငါ ကျေးဇူးသိပါ့မယ်ကွာ' လို့ မျက်နှာချိုသွေးပြီး ပြောတော့ ဘဦးက 'ခင်ဗျား ဘာလုပ်ရှုပ်နေတာလဲ။ နေဦး၊ သိစေရမယ်' လို့ ပြောပြောဆိုဆို မြင်းဇောင်းထိပ်မှာ ချည်ထားတဲ့ ခွေးသမင်ကြီးကို ပြေးဖြုတ်တယ်ဆိုကိုး"

"ဒီတော့ ဘရီက ကြောက်ကြောက်နဲ့ ထွက်ပြေးလာရင်း နောက်ပြန်လှည့်ကြည့်လိုက်ရာမှာ ဟိုလူက ပြတင်းပေါက်က မြင်းဇောင်းထဲ ကုန်းနှိုက်နေတာကို မြင်ခဲ့ရသတဲ့။ နောက်တော့ ဘဦးက ခွေးကြီးဖြုတ်ပြီး မြင်းဇောင်းဘက် ပြေးထွက်လာတော့ ဟိုလူကို မတွေ့တော့ဘူးတဲ့ဗျ။ မြင်းဇောင်းကို ပတ်ချာလှည့်ပြီး ရှာတာတောင် မတွေ့ဘူးတဲ့ဗျ"

ကျွန်။ ။ "နေပါဦးဗျ၊ ဘဦးက ခွေးကြီးနဲ့ ထွက်လာတော့ မြင်းဇောင်းကို ပိတ်ထားရဲ့လား"

ရှား။ ။ "တော်ပါပေ့ဗျ ကိုသိန်းမောင်၊ တကယ်တော်ပါပေတယ်။ ကျုပ်လည်း ဒီအချက်ကလေး အရေးကြီးတာကို ရိပ်မိလို့ မနေ့က သံကြိုးရိုက်ပြီး မေးကြည့်သေးတယ်။ မြင်းဇောင်းကို ပတ်ချာလှည့်ပြီး မရှာခင် တံခါးကို သော့ခတ်ပြီး ပိတ်ခဲ့ပါတယ်တဲ့ဗျ။ ဟိုလူ ကုန်းနှိုက်တယ်ဆိုတဲ့ ပြတင်းပေါက်ဟာလည်း လူတစ်ယောက် မဝင်သာဘူး။ ကျဉ်းကျဉ်းကလေးပါတဲ့ဗျ"

"ဒါနဲ့ ဘဦးက အဖော်နှစ်ယောက် ပြန်လာအောင်စောင့်ပြီး သူတို့ဆရာ ကိုဘကျော့ကို အဖြစ်အပျက် ပြောပြတော့ ကိုဘကျော့လည်း တော်တော်တုန်လှုပ် ချောက်ချားသွားတယ်တဲ့ဗျ။ ဖလားပွဲနီးလို့ သေချာပေါက် မြင်းတစ်ကောင် သွင်းထားတဲ့ ဇောင်းမှာ ဒီဟာမျိုး ဖြစ်တယ်ဆိုရင် မြင်းသမားများအဖို့ အရေးကြီးတာကိုးဗျ"

"ဒါနဲ့ အဲဒီညက ကိုဘကျော့ဟာ အိပ်ယာထဲမှာ တလွန့်လွန့် ဖြစ်နေပြီး သန်းခေါင်ကျော်လောက်မှာ အင်္ကျီထပ်ဝတ်နေတာကို သူ့မိန်းမက မြင်လေတော့ မေးကြည့်ရာမှာ 'မြင်းဇောင်းကို စိတ်မချလို့ သွားကြည့်လိုက်ဦးမယ်' လို့ ပြန်ပြောသတဲ့။ ဒီအချိန်မှာ မိုးကလေး တဖွဲဖွဲကျနေသံ ကြားလို့ သူ့မိန်းမက တားတာတောင် မရဘူး။ မိုးကာအင်္ကျီကြီး ထပ်ဝတ်ပြီး ထွက်သွားသတဲ့"

ကျွန်။ ။ "တော်တော် ဝီရိယကောင်းတဲ့လူပဲ"

ရှား။ ။ "မနက် မိုးလင်းလို့ သူ့မိန်းမ နိုးပြီး ကြည့်လိုက်တော့ ကိုဘကျော့ ပြန်မလာသေးဘူးတဲ့ဗျ။ ဒါနဲ့ မိန်းမက စိုးရိမ်မကင်းဖြစ်ပြီး တူကလေး ဘရီကိုခေါ်၊ မြင်းဇောင်းဆီ လိုက်သွားတော့ မြင်းဇောင်းတံခါးကြီး ပွင့်လို့၊ ဘဦးလည်း ရွက်ဖျင်ကုလားထိုင်ပေါ်မှာ အိပ်ပျော်လို့။ စိန်ဝေလျှံလည်း မရှိတော့ဘူးတဲ့ဗျာ။ ကိုဘကျော့ကိုလည်း အစအနမှ မမြင်ရဘူးတဲ့ဗျ"

"ဒါနဲ့ မိန်းမက ဘဦးကို လှုပ်နိုးလို့ မရနိုင်တာနဲ့ အထပ်ခိုးပေါ်မှာ အိပ်နေတဲ့ သူငယ်နှစ်ယောက်ကို နှိုးမေးကြည့်တော့ သူတို့လည်း ညတုန်းက အိပ်ပျော်နေကြလို့ ဘာမှမသိကြဘူးတဲ့။ ဘဦးမှာတော့ ဆေးတစ်ခုခု မိထားတဲ့ လက္ခဏာနဲ့ လုံးလုံးခေါ်လို့မရ၊ လှုပ်လို့လည်း မနိုးဘူးတဲ့ဗျ။ နောက်ဆုံးမှာ ဘဦးကို ထားခဲ့ပြီး မိန်းမနဲ့ သူငယ်တွေက ကိုဘကျော့နဲ့ စိန်ဝေလျှံကို လိုက်ရှာကြ ဆိုကိုးဗျ။ သူတို့အထင်က ကိုဘကျော့ဟာ စောစောစီးစီး မြင်းကိုထုတ်ပြီး လမ်းလျှောက်ပေးတယ် ထင်ကြလို့ စိတ်ခပ်အေးအေးဆိုကိုးဗျ။ ဒါနဲ့ ကွင်းကြီးအလယ်မှာ ကမူကလေးတစ်ခု ရောက်ကြတော့မှ အထိတ်တလန့်ဖြစ်စရာ အခြင်းအရာကို တွေ့ကြရသတဲ့"

ကျွန်။ ။ "ဘာများလဲဗျ"

ရှား။ ။ "ဘာများလဲဆိုတော့ ကိုဘကျော့ရဲ့ မိုးကာအင်္ကျီဟာ ချုံကလေးပေါ်တင်ပြီး လေတဖတ်ဖတ်နဲ့တဲ့ဗျ။ အဲဒီရှေ့နားက ချိုင့်ကြီးတစ်ခုထဲမှာတော့ ကိုဘကျော့ရဲ့ အလောင်းဆိုကိုးဗျ။ သူ့ခေါင်းမှာတော့ အသွားမရှိတဲ့ လက်နက်တစ်ခုခုနဲ့ ရိုက်ထားတဲ့ ဒဏ်ရာကြီးတဲ့ဗျ။ သူ့ပေါင်မှာတော့ အလျားလိုက် ပြတ်နေတဲ့ ဓားဒဏ်ရာတစ်ချက် တွေ့သတဲ့ဗျ။ ကိုဘကျော့မသေမီ ရန်သူကို ခုခံသတ်ပုတ်သေးတဲ့ လက္ခဏာတော့ရှိတယ်။ ဘာကြောင့်လဲဆိုတော့ သူ့ညာဘက်လက်ထဲမှာ သွေးစွန်းပေနေတဲ့ ဓားဦးချွန်ကလေး တစ်ချောင်း တွေ့သတဲ့။ ဒါတင် မကသေးဘူး။ ဘယ်ဘက်လက်ထဲမှာ တာဖတာတဘက်တစ်ထည် တွေ့သေးတယ်။ အဲဒီတဘက်ဟာကတော့ တူကလေးဘရီက မြင်မြင်ချင်း မနေ့ညတုန်းက သူတွေ့တဲ့ လူရဲ့ လည်ပင်းမှာ ပတ်ထားတဲ့ တဘက်ပါလို့ ပြောသတဲ့"

ကျွန်။ ။ "ဒါဖြင့် သဲလွန်စ ရသေးတာပေါ့"

ရှား။ ။ "ဒီနောက် ဘဦး သတိရလာလို့ မေးကြည့်တော့လည်း ဒီလည်စီးဟာ ဟိုလူရဲ့ လည်ပင်းမှာ ပတ်ထားတာကို သူမြင်ပါတယ်လို့ ထောက်ခံသတဲ့။ ပြီးတော့လည်း ဒီလူက ပြတင်းပေါက်ကကုန်းပြီး သူ့ဆိတ်ကလီစာဟင်းထဲကို ဆေးခတ်သွားတယ် ထင်ပါတယ်လို့ ဘရီက ပြောသတဲ့။ စိန်ဝေလျှံကတော့ အချင်းဖြစ်တဲ့နေရာ ပတ်ဝန်းကျင်မှာ သူ့ခြေရာတွေ မြင်ရခြင်းအားဖြင့် အချင်းဖြစ်ပွားတဲ့ အချိန်မှာ မြင်းက အနီးအပါးမှာ ရှိတယ်လို့ ယူဆကြသတဲ့"

"သို့သော်လည်း အဲဒီနေ့ မနက်ကတည်းက မြင်းကိုတော့ မတွေ့ရတော့ဘူး။ မြင်းရှင် ဘာဂျော်ဂျီက ဆုငွေအမြောက်အမြားနဲ့ ကြော်ငြာတာတောင် ပြန်မတွေ့တော့ဘူးတဲ့။ ပြီးတော့ တစ်ချက်ရှိသေးတယ်။ ဘဦးစားလို့ ကျန်တဲ့ဆိတ်ကလီစာဟင်းကို ဓာတုဗေဒဌာန ပို့ကြည့်တော့ ဘိန်းတွေ့ရတယ်လို့ ပြောသတဲ့။ ဒီ့ပြင် အိမ်သားတွေလည်း ဒီဟင်းကို စားကြတယ်။ သူတို့တော့ ဘာမှ မဖြစ်ကြဘူးတဲ့"

ကျွန်။ ။ "ဒါပဲလားဗျာ"

ရှား။ ။ "အရေးကြီးတဲ့ အချက်အလက် အစစ်အမှန်ကတော့ ဒါပါပဲ။ ဒီ့ပြင်တွေးလုံး ထင်လုံးတွေကတော့ အပုံကြီးပေါ့ဗျာ။ သို့သော် ဒီအမှုနဲ့ပတ်သက်လို့ ပုလိပ်ဘက်က ဘာတွေ စီမံထားတယ်ဆိုတာ ကျုပ်ပြောပြဦးမယ်။ ဒီအမှုကို လိုက်နေတဲ့ အင်စပက်တော် ကိုအုန်းဖေကတော့ ခင်ဗျားသိတဲ့အတိုင်း လူသွက်တစ်ယောက်ပါပဲ။ သို့သော် စိတ်ကူးဉာဏ်တော့ သိပ်မရှိလှဘူး။ သူ ရောက်သွားသွားချင်း တဘက်ကို ခြေရာခံပြီး လိုက်တာပါပဲ။ တဘက်ဟာက တာဖတာ အဖြူခံပေါ်မှာ အနက်ပြောက်ကလေးတွေ ပါလို့မို့ ခြေရာခံဖို့ မခဲယဉ်းလှပါဘူးဗျာ"

"ဒါမျိုးကို ရိုးကုမ္ပဏီတိုက်က ရောင်းသော်လည်း အောက်ပြည်အောက်ရွာမှာ တယ်ပြီးမပတ်ကြဘူး။ မန္တလေး အထက်မြန်မာပြည်မှာတော့ ဒါမျိုးကို တော်တော်သုံးကြတယ်ပြောတယ်။ ဒီလည်ပင်းစည်း တာဖတာမျိုးက အနီပြောက်ကလေးတွေနဲ့ အနက်ပြောက်ကလေးတွေပါတဲ့ အမျိုးနှစ်မျိုးတည်းပဲ ရှိတယ်။ ဒီတဘက်ကို ပတ်တဲ့ဥစ္စာရှင်က ဘယ်သူလဲဆိုတော့ သမိုင်းမှာနေတဲ့ ကိုလှမောင်တဲ့ဗျ"

"ဒီလူက မိဘအမွေအနှစ် သုံးလေးသောင်း ရခဲ့သော်လည်း မြင်းလောင်းလို့ ပြုတ်ပြုတ်ပြုန်းပြီး အခုတော့ 'ကွင်းဂျပိုး' အဖြစ်နဲ့ သတင်းစာတိုက်တွေကို မြင်းတစ်ပေးတဲ့ အလုပ်နဲ့ အသက်မွေးသတဲ့။ ရန်ကုန်ဂေဇက်တို့၊ ရန်ကုန်တိုင်းဆိုတဲ့ သတင်းစာကြီးတွေက မြင်းတစ်ကောင်း ပေးနိုင်တဲ့ သတင်းထောက်ဆိုရင် လခ တော်တော်ကောင်းကောင်း ပေးကြတယ် ဆိုကပဲ။ ဒီလူက လခနဲ့ အေးအေးမစားဘူး။ သူကိုယ်တိုင်လည်း မြင်းလောင်းသေးသတဲ့ဗျ"

"ဒါနဲ့ အနက်ပြောက်ပါတဲ့ တာဖတာတဘက်ဆိုကတည်းက သမိုင်းကလူတွေ ကိုလှမောင်ပဲလို့ သိကြလေတော့ ကိုအုန်းဖေအဖို့ ခြေရာခံရတာ သိပ်လွယ်ကူသပေါ့လေဗျ။ ဒါနဲ့ လှမောင်ကို ဖမ်းချုပ်ချုပ်ချင်း လှမောင်က ကမာရွတ်က ဘာဂျော်ဂျီရဲ့ မြင်းဇောင်းကို သူရောက်ခဲ့တာ အမှန်ပါပဲလို့ ဝန်ခံသတဲ့။ သူက ဘာဂျော်ဂျီရဲ့ ဇောင်းက စိန်ဝေလျှံအကြောင်းရော၊ မစ္စတာနော်တင်ရဲ့ ဇောင်းက ဟတ်ပီးဘွိုင်အကြောင်းရော စုံစမ်းချင်တဲ့အတွက် ကမာရွတ်ကို သူသွားခဲ့ပါတယ်လို့ ဝန်ခံသတဲ့။ ဘဦးနဲ့ တွေ့ခဲ့ပုံ၊ ဘဦးက မောင်းထုတ်ပုံတွေကိုပါ သူက ဝန်ခံသတဲ့"

"နို့ပေမဲ့ သူ့မှာ ဘယ်လိုအကြံအစည်မှ မရှိပါဘူး။ မြင်းသတင်း ရချင်တဲ့အတွက် သတင်းချူရခြင်း ဖြစ်ပါတယ် လို့ပြောသတဲ့။ နောက်ဆုံးမှာ လည်ပင်းစည်း တာဖတာတဘက်ကို ထုတ်ပြတော့မှ မျက်နှာပျက်သွားပြီး သူ့တဘက်မှန်သော်လည်း ဘယ်ပုံဘယ်နည်းနဲ့ ကိုဘကျော့လက်ထဲ ရောက်သွားတယ်ဆိုတာ သူ မပြောနိုင်ပါဘူးတဲ့။ သူ့ဘောင်းဘီတိုနဲ့ ဆွယ်တာမှာ မိုးရေစိုစွတ်နေတာကို တွေ့ရတဲ့အပြင် သူကိုင်တဲ့ ဂေါ့ဖ်တုတ်ဟာလည်း ကိုဘကျော့ရဲ့ ဦးခေါင်းက ဒဏ်ရာမျိုး ဖြစ်စေနိုင်လောက်တယ်လို့ ယူဆကြတယ် ဆိုကိုးဗျ။ သို့သော် တစ်ခုတော့ရှိတယ်။ ကိုဘကျော့ရဲ့ ဓားကလေးမှာ သွေးစွန်းနေသော်လည်း လှမောင်မှာတော့ ဒဏ်ရာမတွေ့ရဘူးတဲ့ဗျ"

ကျွန်။ ။ "ဒါကတော့ လှမောင်တစ်ယောက်တည်း ဟုတ်ချင်မှ ဟုတ်မှာကိုးဗျ။ စောစောတုန်းက သူ့အဖော်က တော်ရာမှာ ပုန်းနေပြီး လှမောင်တစ်ယောက်တည်း စုံစမ်းရော၊ ကိုဘကျော့ကို လုပ်ကြံတော့မှ အဖော်နဲ့ နှစ်ယောက် ဝိုင်းလုပ်ကြံရာမှာ အဖော်ကို ဓားထိသွားရင်လည်း ဖြစ်နိုင်တာကိုးဗျ"

ရှား။ ။ "ဒီလိုလည်း ဖြစ်နိုင်ပေတာပဲ။ မှန်ပါတယ်။ ကိုင်း၊ ကျုပ်သိရသလောက်ကတော့ ဒါပါပဲဗျာ။ အကြံဉာဏ်များ ပေးစရာရှိ ပေးပါတော့"

ကျွန်။ ။ "နေပါဦးဗျာ၊ ဒီလိုကော မဖြစ်နိုင်ဘူးလား။ ကိုဘကျော့ရဲ့ ဦးခေါင်းမှာ ဒဏ်ရာရသွားတော့ မူးသွားတာနဲ့ ကယောင်ချောက်ချားဖြစ်ပြီး သူ့လက်ထဲကဓားနဲ့ သွေးရူးသွေးတန်း လုပ်မိလုပ်ရာ လုပ်လို့ သူ့ပေါင်ကို ခိုက်မိတာ မဖြစ်နိုင်ဘူးလားဗျာ"

ရှား။ ။ "ဒီအချက် တော်ပေတယ်ဗျာ ကိုသိန်းမောင်၊ ဖြစ်နိုင်ရုံမကဘူး။ ဒီလိုဖြစ်ဖို့က လမ်းများတယ်လို့ ကျုပ်ယူဆတယ်။ ဒီလိုဆိုရင် တရားခံ လှမောင်ကို ကာကွယ်ဖို့အတွက် အချက်ကောင်းတစ်ခု လျော့သွားတော့တာပေါ့ဗျာ။ လှမောင်က ရိုက်လို့ပြီးတဲ့နောက် ကိုဘကျော့ မူးလဲရင် သူ့ပေါင်သူ ခိုက်မိခြင်းဖြစ်တယ်ဆိုရင် လှမောင် ရိုက်သတ်တာ ထင်ရှားသလို ဖြစ်နေတော့တာပေါ့"

ကျွန်။ ။ "ထပ်ပြီး ရှင်းစမ်းပါဦးဗျ"

ရှား။ ။ "ဒီလိုလေဗျာ။ ကိုဘကျော့ရဲ့ ဓားမှာ သွေးစွန်းနေပြီး လှမောင်မှာ ဒဏ်ရာမတွေ့ရဘူးဆိုတော့ လှမောင်ရိုက်သတ်တာ မဟုတ်သလိုလို တွေးစရာ ရှိတာပေါ့။ သူ့ဟာသူ ခိုက်မိနိုင်တယ်လို့ ယူဆလိုက်ရင်တော့ လှမောင်မှာ ဒဏ်ရာ မတွေ့စေကာမူ သူ ရိုက်သတ်တာပဲလို့ တွေးစရာ ဖြစ်သွားတော့တာပေါ့ဗျ"

ကျွန်။ ။ "ဒီအမှုနဲ့ ပတ်သက်လို့ ပုလိပ်က ဘယ်လိုယူဆလိမ့်မလဲ ခင်ဗျာ"

ရှား။ ။ "ဘယ်နည်းနဲ့ပဲ ယူဆသည်ဖြစ်စေ အလုံးစုံဘောင်ဝင်ပြီး အံကျအောင် လုပ်လို့ မရဘူးဗျ။ အဖုအထစ် ရှိနေမှာချည်းပဲ။ ကျုပ်အထင် ပုလိပ် ယူဆပုံက ဒီလိုနဲ့တူတယ်။ လှမောင်ဟာ ဘဦးစားမယ့် ဆိတ်ကလီစာဟင်းကို ဘိန်းခတ်ပြီးတဲ့နောက် သော့တူတစ်ချောင်းနဲ့ မြင်းဇောင်းတံခါး သော့ခလောက်ကိုဖွင့်၊ စိန်ဝေလျှံ ခိုးဖို့ အကြံအစည်နဲ့ ဇောင်းထဲကထုတ်၊ ဇက်ကြိုးတစ်ခုလည်း ပျောက်သွားတယ် ကြားတယ်"

"ဒါကြောင့် မြင်းကို သူကိုယ်တိုင် ဇက်ခွံ့၊ မြင်းဇောင်းတံခါးကို ဖွင့်ရက်သားထားခဲ့ပြီး မြင်းကို ကွင်းကြီး ဆွဲခေါ်သွားရာမှာ ကိုဘကျော့နဲ့တွေ့။ အလုအယက်ဖြစ်ကြလို့ ကိုဘကျော့ရဲ့ခေါင်းကို သူ့တုတ်နဲ့ ရိုက်ခွဲသတ်၊ သူ့မှာတော့ ဒဏ်ရာလွတ်။ ဒီနောက်မှာ မြင်းကို တစ်နေရာရာမှာ ဝှက်ထားဖို့ ဆွဲခေါ်သွားသည်ဖြစ်စေ၊ သို့တည်းမဟုတ် လူနှစ်ယောက် သတ်ပုတ်ကြတုန်းမှာ မြင်းက လွတ်ထွက်သွားသည်ဖြစ်စေ တစ်ခုခုဖြစ်ရမယ်"

"အဲဒါ ပုလိပ်ဘက်က တွေးလုံးပဲဗျ။ ခုပြောတဲ့ အတိုင်းဆိုရင် သိပ်ကြီး မပြေပြစ်လှဘူး။ အဖုအထစ် တွေးစရာလမ်းတွေတော့ အများကြီးရှိပါရဲ့။ သို့သော် အဖုအထစ်တွေ ဒီ့ထက်တောင် များလာလိမ့်ဦးမယ်။ ကိုင်း ရောက်လည်း ရောက်လာပါပြီဗျာ။ အဝေးက တွေးရခြင်းထက် ကိုယ်တိုင် စုံစမ်းပြီးမှ ဆက်စပ်ယူရတာက ပိုပြီးကောင်းလို့မို့ ရပ်တန်းက ရပ်လိုက်ကြပါဦးစို့ဗျာ"

စကားဆုံးသောအခါတွင် လော်ကယ်မီးရထားသည် ကမာရွတ်ဘူတာသို့  ဝင်လာပြီဖြစ်၍ ကျွန်တော်တို့ လိုက်ပါလာသော ရထားတွဲဆီကို လူနှစ်ယောက် လျှောက်လာသည်ကို မြင်ရသည်။

တစ်ယောက်မှာ တွေ့မြင်နေကျဖြစ်သော အင်စပက်တော် ကိုအုန်းဖေဖြစ်၍ သူနှင့်အတူ လိုက်လာသည့် ကာကီဘောင်းဘီတို၊ ပလေဇာကွတ်အင်္ကျီနှင့် ငွေကွတ်တုတ်နက်ကြီး ကိုင်လာသူမှာ စိန်ဝေလျှံပိုင်ရှင် ဘာဂျော်ဂျီဖြစ်သည်ဟု သိရသည်။

ကိုအုန်းဖေက မိတ်ဆက်ပေးပြီးနောက်

ဂျီ။ ။ "ဦးစံရှားကိုယ်တိုင် လိုက်လာလို့ ဝမ်းသာသဗျ။ ဟောဒီက ကိုအုန်းဖေကတော့ နည်းလမ်းရှိသမျှ အကုန်လုပ်တာပါပဲ။ လိုလေသေးမရှိပါပေဘူး။ သို့သော်လည်း ကျွန်တော်က ငယ်မွေးခြံပေါက်ဆိုသလို တပည့်ရင်း မောင်ဘကျော့အတွက်ကြောင့် တစ်ကြောင်း၊ ကိုယ့်မြင်းကို နှမြောတာ တစ်ကြောင်းကြောင့် စခန်းကုန် လမ်းကုန် လိုက်ချင်လို့ ဦးစံရှားကို အကူအညီ တောင်းခိုင်းတာပါပဲ ခင်ဗျာ"

ရှား။ ။ "တတ်နိုင်သလောက် ကြိုးစားပါ့မယ် ခင်ဗျာ။ ဒါထက် နောက်ထပ် ဘာများ သတင်းထူးပါသေးသလဲ"

ဖေ။ ။ "သိပ်တော့ မထူးပါဘူး ဆရာ။ ဆရာကိုယ်တိုင် လိုက်ကြည့်ရအောင် ကျွန်တော်တို့ အစီအစဉ် လုပ်ထားပါတယ်။ ဘူတာရုံအပြင်ဘက်မှာ ကားစောင့်နေပါတယ်။ ကြွကြပါ"

ကျွန်တော်တို့ လေးယောက်သည် ကားပေါ်သို့ တက်ကြသောအခါ ဘာဂျော်ဂျီသည် ဒရိုင်ဘာနှင့်အတူ ရှေ့မှထိုင်၍ ကိုအုန်းဖေနှင့် ကျွန်တော်တို့နှစ်ယောက်သည် နောက်မှထိုင်ကာ မောင်းနှင်သွားကြစဉ် ကိုအုန်းဖေက အမှုနှင့်ပတ်သက်၍ ကရားရေသွန် ပြောသွားသည်များကို ဦးစံရှားက နားထောင်ရင်း တစ်ခွန်းတလေမျှလောက်သာ ထောက်မေးလေသည်။

ကိုအုန်းဖေ၏ အယူအဆမှာ မီးရထားပေါ်၌ ဦးစံရှား ထင်မြင်ချက် ပေးသည့်အတိုင်း တရားခံလှမောင်ကိုပင် တပ်အပ်စွပ်စွဲလျက်ရှိသည်။

ဖေ။ ။ "လှမောင်လည်ပင်းကိုတော့ ကြိုးကွင်းစွပ်မိထားပါပြီ ဆရာ။ လွတ်ပေါက်တော့ မမြင်ပါဘူး။ သို့သော် တစ်ခုတော့ ရှိရဲ့။ မျက်မြင်သက်သေရယ်လို့တော့ မရှိဘူး။ အဖြစ်အပျက်ကို ဆက်စပ်ပြီး တင်ပြရတဲ့ စွပ်စွဲချက်မျိုးပဲဆရာ။ အမှုတိုင်းမှာ မျက်မြင်သက်သေ ရနိုင်တာမျိုးလည်း မဟုတ်ဘဲကိုး ဆရာ။ တချို့အမှုမှာ ဒီလောက်တောင် မခိုင်လုံဘဲ ကြိုးစင်တက်ရတဲ့ တရားခံပေါင်း ဘယ်နှစ်ယောက်ရှိပြီဆိုတာ ဆရာလည်း အသိသားပဲ"

ရှား။ ။ "ဒါထက် ကိုဘကျော့ရဲ့ ဓားဒဏ်ရာက ဘယ့်နှယ်လဲဗျ"

ဖေ။ ။ "ဒါကတော့ သူ့ဟာသူ လဲကျရင်း ခိုက်မိခြင်း ဖြစ်ရမယ်ဆိုတာ ကျွန်တော်တို့က တထစ်ချ ယူဆထားတာပဲ"

ရှား။ ။ "မိတ်ဆွေ ကိုသိန်းမောင်ကလည်း ဒီအတိုင်း ထင်မြင်ချက်ပေးနေတယ်။ ဒီလိုဆိုရင် ကိုလှမောင်အတွက် ကာကွယ်စရာ ကပ်လုံးတစ်လုံး ပြုတ်ထွက်သွားတာပေါ့။ သို့သော် နေပါဦးဗျ။ စိန်ဝေလျှံကို ဒီဖလားပွဲမှာ မသွင်းနိုင်ရင် လှမောင်အတွက် ဘယ်လိုအကျိုးရှိမယ်တဲ့လဲ"

ဖေ။ ။ "သူ့မှာတော့ တိုက်ရိုက် အကျိုးခံစားဖို့ရယ်လို့တော့ ရှာမတွေ့ဘူး။ သို့သော် ဒီလူက ဘူကီတွေနဲ့ အပေါင်းအသင်းလုပ်နေတဲ့ မြင်းသမားတစ်ယောက် ဆရာရဲ့။ ဘူကီတွေကရော၊ မြင်းရှင် နှစ်ယောက် သုံးယောက်ကရော ဒီဖလားပွဲမှာ စိန်ဝေလျှံ မသွင်းရအောင် လုပ်ပေးနိုင်ရင် ငွေကိုးထောင် တစ်သောင်းပေးဖို့ မခဲယဉ်းဘူးဆိုတာ သိရတယ်။ လှမောင်က မြင်းရှုံးလို့ အမွေပြုတ်ပြုတ်ပြုန်းပြီး ကွင်းဂျပိုး
ဖြစ်နေရပြန်၊ မယားငယ်တွေကလည်း မှိုပေါက်သလို ယူထားပြန်တယ်ဆိုတော့ ငွေ ကိုးထောင် တစ်သောင်းရဖို့ အပေါက်ဆိုတော့ လုပ်မယ့်လူတစ်ယောက်ပဲလို့ လူတိုင်း ယူဆတယ် ဆရာ"

"ပြီးတော့ ဘဦးရဲ့ ဆိတ်ကလီစာဟင်းကို ဘိန်းခတ်တယ်ဆိုတာကလည်း အတော်ကြီး ထင်ရှားတယ် ဆရာ။ ဟိုညက မိုးရွာထဲ သူ ထွက်တယ်ဆိုတာလည်း ထင်ရှားတယ်။ သူ့လက်ထဲမှာ ဂေါ့ဖ်ရိုက်တုတ်ကြီးကလည်း ပါတယ်။ သူ့ရဲ့ တာဖတာ လည်ပင်းစည်း အဝတ်ကလေးဟာလည်း ကိုဘကျော့ရဲ့ အလောင်းလက်ထဲမှာ တွေ့ရတယ်။ ဒီလောက်ဆိုရင် တရားခံမှာ အပြစ်ရှိတယ်လို့ ဂျူရီလူကြီးများက ဆုံးဖြတ်ချက်ချဖို့ သေချာတယ် မဟုတ်လား ဆရာ"

ရှား။ ။ (ဦးခေါင်းရမ်းလျက်) "မဟုတ်သေးဘူး ကိုအုန်းဖေ။ ဝတ်လုံကောင်းတစ်ယောက်ဆိုရင် ခင်ဗျားစွပ်စွဲချက် အစီအစဉ်တွေကို ဖရိုဖရဲဖြစ်အောင် မွှေနှောက်ပစ်နိုင်လိမ့်မယ် ခင်ဗျ။ မြင်းကို ဘာကြောင့် ဇောင်းအပြင်ဘက် ထုတ်ယူသွားရတာလဲ။ မပြေးနိုင်အောင်လို့ နာသွားအောင်လုပ်ချင်ရင် ဇောင်းထဲမှာပဲ မလုပ်နိုင်ဘူးလား။ လှမောင်ရဲ့ လက်ထဲမှာ သော့တူတစ်ချောင်း တွေ့ထားပြီလား။ ဒီလောက် နာမည်ကြီးနေတဲ့ မြင်းတစ်ကောင်ကို ဘယ်လိုနေရာမှာ သူဝှက်ထားဖို့ ကြံစည်ဝံ့မလဲ။ ဒါထက်ဘရီလက်ကို ပေးဖို့ဆိုတဲ့ စာရွက်ဟာက ဘာအကြောင်းတဲ့လဲဗျ"

ဖေ။ ။ "စာမဟုတ်ပါဘူး။ တစ်ဆယ်တန်စက္ကူပါလို့ ပြောတယ်ဆရာ။ သူ့အိတ်ထဲမှာ တစ်ဆယ်တန်တစ်ရွက် တွေ့ပါတယ်။ ဆရာပြောတဲ့ သော့တူဆိုတာကတော့ သူ့ဆီမှာ တွေ့ဖို့ မလိုပါဘူး ဆရာ။ ကိစ္စပြီးတဲ့နောက် လွှင့်ပစ်လိုက်တယ်ဆိုရင် ဖြစ်နိုင်တာပဲ ဆရာ"

ရှား။ ။ "တာဖတာ လည်စည်းအကြောင်းကော သူက ဘယ်လိုထုချေသလဲ"

ဖေ။ ။ "ဒီအဝတ်ဟာ သူ့ပစ္စည်းတော့ မှန်ပါတယ်တဲ့။ သို့သော် ကိုဘကျော့လက်ထဲ ဘယ်ပုံ ဘယ်နည်းရောက်သွားတယ်လို့ သူ မပြောနိုင်ဘူးတဲ့ ဆရာ။ ပျောက်သွားတာပဲ သူ သိသတဲ့။ ဪ ဒါထက် မြင်းကို ဇောင်းထဲက ဘာကြောင့် ထုတ်သွားတယ်ဆိုတာ သဲလွန်စတစ်ခု တွေ့ရပြန်ပြီ ဆရာ"

ရှား။ ။ "ဆိုစမ်းပါဦးဗျ"

ဖေ။ ။ "ကိုဘကျော့ အသတ်ခံရတဲ့နေရာနဲ့ တစ်မိုင်လောက် ကွာတဲ့နေရာမှာ နွားသတ်သမား တစ်စုဟာ နွားတစ်အုပ်နဲ့ စခန်းချသွားသတဲ့ဆရာ။ ဒီလိုဆရာ၊ နွားသတ်ရုံက ကုလားတွေက ရွာတွေမှာ လျှောက်လည်ပြီး နွားဝယ်လေ့ရှိတယ်။ တချို့လယ်သမားများက ခိုင်းမရတဲ့နွားအိုကြီးတွေ၊ နွားမတွေ၊ နွားကလေးတွေကို ရောင်းလေ့ရှိတယ်။ ကုလားတွေက ဒီနွားတွေဝယ်လာပြီး နွားသတ်ရုံ သွင်းလေ့ရှိတယ်။ ဒီတော့ကာ ဒီကုလားတွေနဲ့ အစီအစဉ်လုပ်ပြီး လှမောင်က စိန်ဝေလျှံကို သူတို့လက် အပ်လိုက်ရင် နောက်တစ်နေ့မှာ စိန်ဝေလျှံဟာ အမဲသား ဖြစ်သွားနိုင်တယ်။ မဟုတ်ဘူးလား ဆရာ"

ရှား။ ။ (ပြုံးစိစိ မျက်နှာထားနှင့်) "စိန်ဝေလျှံကို နွားလုပ်ရောင်းဖို့လားဗျာ"

ဖေ။ ။ "မဟုတ်ဘူးလေ။ ကျွန်တော်ပြောလိုတာက မြင်းကို နွားလုပ်ရောင်းဖို့ မဟုတ်ပါဘူး။ ဖျောက်ဖျက်လိုက်ဖို့ဆိုရင် နွားသတ်ကုလားတွေက အလကားယူမသွားချင်ပေဘူးလား ဆရာ။ လှမောင်က စိန်ဝေလျှံကို ရောင်းစားချင်လို့မှ မဟုတ်ဘဲ။ ဖလားပွဲမှာ မပါနိုင်အောင် ဖျောက်ဖျက်လိုက်ရင် သူ့ကိစ္စ ပြီးမှာကိုး ဆရာ"

ရှား။ ။ "နို့ စိန်ဝေလျှံကို ရှာဖို့ စီမံပြီးပြီလား"

ဖေ။ ။ "ဒီပတ်ဝန်းကျင် တစ်ဝိုက်မှာတော့ ရှိသမျှပြိုင်မြင်းဇောင်းတွေသာမက မြင်းလှည်းသမားတွေရဲ့ ဇောင်းတွေပါ နှံ့နေပါပြီ ဆရာ"

ရှား။ ။ "နွားသတ်ရုံလည်း မကျန်ဘူးပေါ့"

ဖေ။ ။ "နွားသတ်ရုံမှာ သားရေတွေကိုတောင် စစ်ဆေးခိုင်းထားပါတယ် ဆရာ"

ရှား။ ။ "မစ္စတာ ဘာဂျော်ဂျီရဲ့ ဇောင်းအနီးမှာ ဇောင်းတစ်ခု ရှိသေးတယ်ဆို မဟုတ်လား"

ဖေ။ ။ "ရှိပါတယ် ဆရာ။ မစ္စတာနော်တင်ရဲ့ ဇောင်းပါပဲ။ အဲဒီဇောင်းကလည်း ဟတ်ပီးဘွိုင်ဆိုတဲ့ မြင်းတစ်ကောင်ကို ဒီဖလားပွဲမှာ သွင်းပါတယ်။ ဟတ်ပီးဘွိုင်ဟာလည်း စိန်ဝေလျှံကလွဲရင် မျှော်လင့်စရာရှိလို့ ဒုတိယ ဖေးဘရိတ်ဖြစ်နေပါတယ်။ ဟတ်ပီးဘွိုင်ရဲ့ ထရိန်နာဩစတြေးလီးယားပြည်သား ဂျွန်ဆင်ကလည်း ကိုဘကျော့နဲ့ မတည့်ဘူးလို့ သိရပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့က သူတို့ဇောင်းကို မသင်္ကာလို့ အထူးစစ်ဆေးပါတယ်။ သို့သော် ဘာမှမတွေ့ရပါဘူး"

ရှား။ ။ "စိန်ဝေလျှံ ပျောက်တဲ့ကိစ္စမှာ ဂျွန်ဆင်ကို မသင်္ကာစရာ တစ်ခုမှ မတွေ့ရဘူးလား"

ဖေ။ ။ "ခုနင်က ပြောသလို စိတ်ထဲက မသင်္ကာစရာ ဖြစ်တာလောက်ပဲ ရှိတယ်။ လက်ဆုပ်လက်ကိုင် သဲလွန်စရယ်လို့တော့ တစ်ခုမှ မတွေ့ရဘူး ဆရာ"

ဘာဂျော်ဂျီ၏ မြင်းဇောင်းသို့ ဆိုက်ရောက်၍ မော်တော်ကားပေါ်မှ ဆင်းကြသောအခါ ဦးစံရှားမှာ ကားပေါ်မှ ရုတ်တရက် မဆင်းသေးဘဲ ငေးနေသဖြင့် ကျွန်တော်က လက်မောင်းကို တို့လိုက်သည်တွင်မှ သတိရလာဟန်နှင့် ဘာဂျော်ဂျီဘက်သို့ လှည့်လျက်

ရှား။ ။ "သည်းခံပါခင်ဗျာ။ ကျွန်တော်က စိတ်ကူးသမားမို့ တွေးမိတွေးရာ တွေးနေမိလို့ပါ"

ကျွန်တော်မှာ ဦးစံရှား၏ မျက်နှာကို မြင်ရခြင်းအားဖြင့် သဲလွန်စ တစ်စုံတစ်ရာ တွေ့နေပြီဟု ရိပ်မိသော်လည်း သူတွေ့သော သဲလွန်စကိုမူ တွေးတောရန် မတတ်နိုင်ဘဲ ရှိလေသည်။

ဖေ။ ။ "ဘယ့်နှယ်လဲ ဆရာ။ ကိုဘကျော့ အသတ်ခံရတဲ့ နေရာကို တစ်ခါတည်း သွားကြည့်မလို့လား"

ရှား။ ။ "ချက်ချင်းသွားဖို့ မလိုသေးပါဘူးဗျာ။ မေးစရာလေး တစ်ခု နှစ်ခု ရှိပါသေးတယ်။ ခင်ဗျားဆီမှာ ကိုဘကျော့ အလုပ်လုပ်တာ တော်တော်ကြာပြီပေါ့ မစ္စတာ ဘာဂျော်ဂျီ"

ဂျီ။ ။ "ဂျော်ကီကစပြီး ထရိန်နာဖြစ်လာတာ ကျွန်တော့်လက်ထဲမှာပါပဲ။ ကြာလှပါပြီ။ အင်မတန် စိတ်ချရတဲ့ လူတစ်ယောက်ပါ"

ရှား။ ။ "ဒါထက် ကိုအုန်းဖေ။ ကိုဘကျော့အိတ်ထဲမှာ တွေ့ရတဲ့ပစ္စည်းတွေကို ခင်ဗျား စာရင်းယူထားတယ်ပေါ့"

ဖေ။ ။ "စာရင်းယူထားရုံ မကပါဘူး။ ပစ္စည်းတွေ အားလုံးရှိပါတယ်။ ဆရာကြည့်ချင်ပါသလား"

ရှား။ ။ "ဟုတ်ကဲ့။ ကြည့်ချင်ပါတယ်ဗျာ"

ကျွန်တော်တို့သည် ထရိန်နာ ကိုဘကျော့နေသော အိမ်ထဲသို့ ဝင်သွားကြ၍ စားပွဲကလေး တစ်ခု၌ ဝိုင်းထိုင်နေကြစဉ် ကိုအုန်းဖေသည် မုန့်သေတ္တာ ပုံးတစ်လုံးကို ဖွင့်၍ ပစ္စည်းများကို စားပွဲပေါ်သို့ သွန်မှောက်ချလေသည်။

ယင်းတို့မှာ ဓာတ်မီးခြစ်တစ်ခု၊ ဖယောင်းတိုင်တိုတစ်ခု၊ စီးကရက်ငါးလိပ်ပါသော ဒန်ရောင်စီးကရက်တစ်ဘူး၊ စာရွက်သုံးလေးရွက်၊ တစ်ကျပ်တန်စက္ကူလေးရွက်၊ ပတ်ကားဖောင်တိန်တစ်ချောင်း၊ မှတ်စုစာအုပ်တစ်အုပ်၊ အရိုးဖြူတပ်ထားသော ဓားကလေးတစ်ချောင်းတို့ ဖြစ်လေသည်။

ဦးစံရှားသည် ဓားကလေးကို ကောက်ယူ၍ သေချာစွာ ကြည့်ပြီးနောက်

ရှား။ ။ "ဒီဓားကလေး တော်တော်ဆန်းတယ်ဗျ။ မောင်းချလို့ ရတဲ့ဓားမျိုး မဟုတ်ဘူး။ ရှက်ဖီးလုပ်ဆိုတော့ အမျိုးကောင်းဓားပဲ။ ထက်လိုက်တာလဲ မြိလို့။ သွေးစွန်းထားတာလည်း တွေ့ရတယ်။ ဒီဟာ သေသူ ကိုဘကျော့ရဲ့ လက်ထဲမှာ တွေ့ရတယ်ဆိုတဲ့ ဓားကလေးပေါ့။ ဟုတ်စ"

ဖေ။ ။ "ဟုတ်ပါတယ် ဆရာ"

ရှား။ ။ "ဟိုညက သန်းခေါင်ကျော်အချိန် မှောင်နဲ့မည်းမည်း ကွင်းကြီးထဲမှာ ကိုဘကျော့ဟာ ဒီဓားကလေးကို အားကိုးလောက်တဲ့ လက်နက်တစ်ခုအနေနဲ့ ကိုင်ဆောင်သွားတယ်ဆိုတာ တော်တော်တော့ ထူးဆန်းတာပဲဗျို့။ နော် ကိုအုန်းဖေ"

ဖေ။ ။ "ဒီဓားကလေးဟာ စားပွဲပေါ်မှာ မြင်နေတာ သုံးလေးရက်ရှိပြီလို့ သူ့မိန်းမကတော့ ပြောတယ်ဆရာ။ အိမ်က ထွက်ခါနီးမှာ အလွယ်တကူနဲ့ ကောက်မိကောက်ရာ ကောက်ယူသွားဟန် တူပါရဲ့ ဆရာ"

ရှား။ ။ "စာရွက်ကကော ဘယ်လိုဟာတွေလဲဗျ"

ဖေ။ ။ "တိုက်ဆိုင်တွေမှာ ဈေးဝယ်တဲ့ ကက်ရှ်မီမိုခေါ်တဲ့ ဘီလ်စာရွက်တွေပါ ဆရာ။ နာမည်ကတော့ ဦးဘကျော့မှ ကျေးဇူးပြု၍ ဦးတင့်ဆွေတဲ့။ ဦးတင့်ဆွေဆိုတာ ကိုဘကျော့ရဲ့ မိတ်ဆွေပါလို့ သူ့မိန်းမ မတင်က ပြောပါတယ်။ တစ်ခါတလေ စာတိုက်က စာများလည်း ဦးတင့်ဆွေ နာမည်နဲ့ ကိုဘကျော့ဆီလာလို့ သူ့​ယောက်ျားက တစ်ဆင့် ပို့ပေးရပါတယ်လို့ မတင်က ပြောပါတယ်"

ဦးစံရှားသည် ဈေးဝယ်သော ဘီလ်စာရင်း စာရွက်များကို ဖြန့်ကြည့်ပြီးနောက်

ရှား။ ။ "အောင်မယ်၊ ဒီဟာက တီဂျူးမား ပိုးထည်ဆိုင်ကြီးက ပြင်သစ်ကတ္တီပါ ပန်းကြွလုံချည်ဝယ်တဲ့ ဘီလ်စာရင်းဗျို့။ လုံချည်တစ်ထည် ငါးဆယ့်ငါးကျပ်ဆိုတော့ ဦးတင့်ဆွေဆိုတဲ့လူဟာ သူ့မယားအတွက် တော်တော်အဖိုးတန်ဝယ်ပေးတဲ့ လူတစ်ယောက်ပဲကိုး။ ကိုင်း တော်လောက်ပါပြီဗျာ။ ဟိုနေရာကို တစ်ဆိတ် သွားကြည့်လိုက်ကြဦးစို့"

အိမ်မှ ထွက်ခါနီးတွင် မျက်နှာသုတ်ပဝါကို ခေါင်းပေါ်တင်လျက် ပူပုံပန်းနှင့် ပြေးလာသော မိန်းမတစ်ယောက်သည် ကိုအုန်းဖေအနီးသို့ ချဉ်းကပ်၍ "ဘယ့်နှယ်လဲရှင်၊ မိပြီလား၊ တွေ့ပြီလား" ဟု မေးရာ ကိုအုန်းဖေက

"တွေ့ပါလိမ့်မယ်။ ဟောဒီက စုံထောက်ကြီး ဦးစံရှားကိုယ်တိုင် လိုက်လာပါတယ်" ဟု ပြောလျက် ကိုဘကျော့၏မိန်းမ မတင်ဖြစ်ကြောင်း ကျွန်တော်တို့အား မိတ်ဆက်ပေးလေသည်။ မတင်မှာ ရုပ်ရည်သနားကမားရှိ၍ အလွန်ရိုးပုံရသော တောသူတစ်ယောက် ဖြစ်သည်ဟု ကျွန်တော်က အကဲခတ်မိသည်။

ဦးစံရှားသည် မတင်ကို ကြည့်နေရာမှ ရုတ်တရက် မှတ်မိသော မျက်နှာထားနှင့်

ရှား။ ။ "ဟာ ခင်ဗျားကို ကျွန်တော် တွေ့ဖူးသားပဲ။ စတူးဝပ် လူကြီး မစ္စတာပါဝဲလ်ရဲ့ မင်္ဂလာဆောင်တုန်းကလေ"

တင်။ ။ "မဟုတ်ရပါဘူးရှင်။ မှားပါလိမ့်မယ်"

ရှား။ ။ "မမှားပါဘူး။ အဲဒီတုန်းက ခင်ဗျားက ရွှေဝါရောင် ကတ္တီပါ ပန်းကြွထဘီနဲ့၊ နွတ်ပဝါကြီးခြုံလို့။ ကျွန်တော် မှတ်မိပါတယ်"

တင်။ ။ "မဟုတ်ရပါဘူးရှင်။ ကျွန်မမှာ ရွှေရောင်ထဘီလည်း မရှိရပါဘူး။ နွတ်ပဝါလည်း မခြုံဖူးပါဘူး"

ရှား။ ။ "ဪ ဒါဖြင့် သေချာပြီ။ ကျွန်တော်မှားတာ ဧကန္တပဲ"

ထို့နောက် ဦးစံရှားသည် အိမ်ပြင်မှ စောင့်နှင့်နေသော ကိုအုန်းဖေတို့နှင့်အတူ ကိုဘကျော့ အသတ်ခံရသောနေရာသို့ လျှောက်လာခဲ့ကြသည်။ ချိုင့်ကြီးသို့ရောက်၍ မိုးကာအင်္ကျီချိတ်လျက် တွေ့ရသည်ဆိုသော ချုံကို မြင်ရသည်တွင်

ရှား။ ။ "ဟိုညတုန်းက လေမတိုက်ဘူးဆို မဟုတ်လား ကိုအုန်းဖေ"

ဖေ။ ။ "လေမတိုက်ဘူးဆရာ။ မိုးရွာတယ်"

ရှား။ ။ "ဒီလိုဆိုရင် ချုံပေါ်မှာ အင်္ကျီကို တမင်တကာ တင်ထားခြင်း ဖြစ်ရမယ်။ လေလွင့်ပြီး တင်နေတာ မဟုတ်ပေဘူးပေါ့"

ဖေ။ ။ "မှန်ပါတယ် ဆရာ။ တမင်တကာ တင်ထားပုံ ရပါတယ်"

ရှား။ ။ "ကောင်းပေ့ဗျာ ကိုအုန်းဖေ။ ဒါထက် မြေကြီးမှာ ခြေရာတွေ ရှုပ်လို့ပါကလား။ လူတွေ တော်တော်များများ လာကြည့်ပြီးပြီထင်တယ်"

ဖေ။ ။ "နို့ပေမဲ့ နံဘေးမှာ ဖျာခင်းပြီး ဖျာပေါ်က ရပ်ကြည့်စေပါတယ် ဆရာ"

ရှား။ ။ "ဟာ သိပ်တော်တဲ့လူပဲဗျို့ ကိုအုန်းဖေ"

ဖေ။ ။ "ပြီးတော့ ဟောဒီလွယ်အိတ်ထဲမှာ လှမောင်ရဲ့ ရှူးတစ်ဖက်၊ ကိုဘကျော့ရဲ့ ကျားပါးစပ်တစ်ဖက်နဲ့ စိန်ဝေလျှံ ကျွတ်ကျနေရစ်တဲ့ သံခွာတစ်ဖက် ယူခဲ့ပါတယ် ဆရာ"

ရှား။ ။ "ဟာ ချီးကျူးလောက်တဲ့ လူပဲဗျို့"

ဦးစံရှားသည် လွယ်အိတ်ကို ယူ၍ ချိုင့်အလယ်သို့ ဆင်းပြီးလျှင် ဖျာပေါ်တွင် အလျားလိုက် မှောက်လျက် လက်မောင်းပေါ်၌ မေးတင်ကာ မြေကြီးကို သေချာစွာ ကြည့်ရှုလေ၏။

ရှား။ ။ "အလို၊ ဒါက ဘာလဲဗျို့"

ပြောပြောဆိုဆိုနှင့် ရွှံ့များ ဖုံးအုပ်လုမတတ် ဖြစ်နေသော ဖယောင်းတိုင်တိုလေး တစ်ခုကို မြေကြီးထဲမှ ကော်ထုတ်ယူလိုက်သည်။

ဖေ။ ။ "ဖြစ်မှဖြစ်ရလေ ဆရာ၊ ကျွန်တော် ဘယ့်နှယ်များ ရှန်းသွားပါလိမ့်မယ်"

ရှား။ ။ "ခင်ဗျားက ရှန်းလို့ မဟုတ်ပေဘူးဗျ။ ရွှံ့ထဲမှာ မြုပ်နေတာ ကျုပ်က တမင်တကာ ရှာယူလို့ တွေ့တာဗျ"

ဖေ။ ။ "ဘယ့်နှယ်တဲ့ ဆရာ။ ဒီဟာ ရှိလိမ့်မယ်လို့ ဆရာက သိနှင့််လို့လား"

ရှား။ ။ "ရှိတတ်တယ်လို့ ကျုပ်က စဉ်းစားမိတယ်"

ကိုအုန်းဖေမှာ မယုံနိုင်သော မျက်နှာထားနှင့် ငေးနေစဉ် ဦးစံရှားသည် လွယ်အိတ်ထဲမှ ဖိနပ်များကို ထုတ်၍ မြေကြီးပေါ်၌ရှိသော ခြေရာများနှင့် ယှဉ်ကြည့်လေသည်။

ထို့နောက် ဖျာပေါ်မှ ထလာ၍ မိုးကာအင်္ကျီ တွေ့သော ချုံပတ်ဝန်းကျင်တွင် လေးဖက်တွားလျက် ကြည့်ရှုသေးသည်။

ဖေ။ ။ "နောက်ထပ်တော့ ခြေရာ မတွေ့တော့ပါဘူး ဆရာ။ ပတ်ဝန်းကျင်တစ်လျှောက်လုံး ကျွန်တော် နှံ့အောင် ကြည့်ပြီးပါပြီ"

ရှား။ ။ "ဟုတ်လား၊ ဒီလို ပြောရက်နဲ့ ကျုပ်လုပ်ရင်တော့ ခင်ဗျားကို စော်ကားရာ ရောက်တော့မယ်။ မလုပ်တော့ပါဘူးဗျာ။ သို့သော်လည်း ဒီကွင်းကြီးကိုတော့ နှံ့အောင် ကျုပ်လျှောက်ပြီး မွှေကြည့်ချင်သေးတယ်ဗျာ။ ဟောဒီသံခွာကိုလည်း ကျုပ် ထည့်ယူသွားမယ်ဗျို့။ သံခွာဆောင်ရင် ကံကောင်းတယ်လို့ အနောက်တိုင်းသားများ ပြောကြတယ်ဗျ"

မြင်းရှင် ဘာဂျော်ဂျီသည် စိတ်မဝင်စားတော့သည့် လက္ခဏာနှင့် နာရီကို ကြည့်လျက်

ဂျီ။ ။ "ဒီလိုဆိုရင် မစ္စတာ အုန်းဖေနဲ့ ကျုပ်နဲ့ ပြန်နှင့်ကြစို့လား။ စိန်ဝေလျှံကို စာရင်းဖျက်ဖို့ ကိစ္စကလည်း ရှိသေးတယ်"

ရှား။ ။ "နေပါစေ မစ္စတာဘာဂျော်ဂျီ၊ စိန်ဝေလျှံကို မဖျက်ပါနဲ့ဦး။ ထားသာထားပါ"

ဂျီ။ ။ "ဒီလိုဆိုလည်း ထားပါ့မယ်ခင်ဗျာ။ ကိုင်း ကျွန်တော်တို့ သွားနှင့်တော့မယ်။ ကိစ္စပြီးတော့သာ မောင်ဘကျော့ရဲ့အိမ်ကို လာခဲ့ကြပါတော့"

ဘာဂျော်ဂျီနှင့် ကိုအုန်းဖေတို့ ထွက်သွားကြသောအခါ ကျွန်တော်နှင့် ဦးစံရှားတို့သည် ကွင်းကြီးကို ဖြတ်လျက် လျှောက်သွားကြသည်။

ဦးစံရှားသည် စကားမပြောဘဲ စိတ်ကူးထုတ်လျက် လမ်းလျှောက်လာခဲ့ရာမှ

ရှား။ ။ "ဒီလိုဆို ကိုသိန်းမောင်၊ ကိုဘကျော့ကို ဘယ်သူသတ်တယ်ဆိုတဲ့ ကိစ္စကို အသာဘေးဖယ်ထားပြီး စိန်ဝေလျှံဘယ်ရောက်နေတယ်ဆိုတဲ့ ကိစ္စကို ရှေးဦးစွာ စဉ်းစားကြဦးစို့။ အကယ်၍ ကိုဘကျော့ အရိုက်ခံရစဉ်က မြင်းက လွတ်ထွက်သွားတယ်ဆိုရင် ဘယ်ဆီသွားမလဲတဲ့။ မြင်းဆိုတာမျိုးဟာ အဖော်ခင်တတ်တဲ့ တိရစာၦန်မျိုးဗျ။ ဒါကြောင့် လွတ်ထွက်လာလို့ သူ့သဘောအတိုင်း သွားရမယ်ဆိုရင် သူ့ဇောင်းကိုသော်လည်းကောင်း၊ မစ္စတာနော်တင်ရဲ့ ဇောင်းကိုသော်လည်းကောင်း တစ်ခုခု သွားမှာပဲ။ ကွင်းကြီးထဲမှာ သူ့ဟာသူ လျှောက်ပြေးနေတယ်ဆိုရင် ခုလောက်ရှိ မိပြီးရောပေါ့။ ကိုအုန်းဖေပြောတဲ့ နွားသတ်ကုလားတစ်စု ဆိုတာတော့ ယုတ္တိမရှိလှပါဘူး။ နွားအုပ်ထဲမှာ မြင်းကြီးဆွဲသွားလို့ လူတိုင်း သတိပြုမိမှာပေါ့"

ကျွန်။ ။ "ဒါဖြင့် စိန်ဝေလျှံ ဘယ်ရောက်နေသလဲဗျာ"

ရှား။ ။ "ဒီဇောင်းနှစ်ခုအနက် တစ်ခုခုမှာ ရောက်နေလိမ့်မယ်လို့ ကျုပ်ပြောတယ် မဟုတ်လား။ ဘာဂျော်ဂျီရဲ့ ဇောင်းမှာ မရှိဘူးဆိုရင် နော်တင်ရဲ့ဇောင်းမှာပဲ ရှိရမှာပေါ့။ မြေကြီးဟာ ဒီဘက်တစ်ဝိုက်မှာ သိပ်မာတယ်ဗျ။ ခြေရာထင်ဖို့ တော်တော်ခဲယဉ်းတယ်။ နို့ပေမဲ့ ဟောဟိုမှာ ချောင်းကလေး မြင်တယ်မဟုတ်လား။ ကျုပ် တွေးတဲ့အတိုင်း ဟိုဘက်ဇောင်းကို စိန်ဝေလျှံကူးသွားတယ်ဆိုရင် ဒီချောင်းကို ဖြတ်ကူးသွားရမယ်။ ဒီလိုဆိုရင် မြေပျော့တဲ့ချောင်းကို ရောက်တဲ့အခါ စိန်ဝေလျှံခြေရာကို ကျုပ်တို့တွေ့ရမယ် ထင်တယ်"

ယင်းသို့ စကားပြောနေစဉ် ကျွန်တော်တို့သည် ချောင်းကလေးဆီကို လျှောက်လာကြရာ ချောင်းသို့ရောက်လာသောအခါ ရေမရှိသော်လည်း ဦးစံရှားပြောသည့်အတိုင်း ရေလျှောဆင်းဖူးသည့် အတွက်ကြောင့် မြေကြီး ခပ်မွမွရှိသည်ကို တွေ့ကြရသည်။

ဤတွင် ဦးစံရှားသည် လက်ယာဘက်သို့ လိုက်၍ ကျွန်တော့်အား လက်ဝဲဘက်သို့ လိုက်စေရာ ခြေလှမ်းငါးဆယ်မျှ လှမ်းမိသောအခါတွင် ဦးစံရှား၏ ခေါ်သံကို ကြားသည်နှင့် လှည့်ကြည့်လိုက်သဖြင့် ကျွန်တော့်အား လက်ယပ်ခေါ်သည်ကို တွေ့ရသည်။

ဦးစံရှားဆီသို့ ကျွန်တော် လျှောက်လာသောအခါ ချောင်းထဲ၌ရှိသော မြေပျော့တွင် မြင်းခွာရာ တွေ့ရရုံသာမက ဦးစံရှားဆောင်ယူလာခဲ့သော သံခွာနှင့် အံကျလျက်ရှိသည်ကို တွေ့ရသည်။

ရှား။ ။ "ဘယ့်နှယ်လဲဗျ။ စိတ်ကူးဟာ အဖိုးမတန်ဘူးလား။ ရှေးဦးစွာ စိတ်ကူးလိုက်ပြီး ဒီအတိုင်း ဟုတ်မဟုတ် လိုက်ကြည့်တော့ ဟုတ်နေတာ တွေ့ရပြီ မဟုတ်လား။ ကိုင်း ဆက်လိုက်ကြဦးစို့ဗျာ"

ကျွန်တော်တို့သည် ခြေရာအတိုင်း လိုက်ကြ၍ မြေပျော့သော နေရာများ၌ ခြေရာများထင်လျက် မြေမာသောနေရာများတွင် ပျောက်ကွယ်သွားသော်လည်း မစ္စတာနော်တင်၏ ဇောင်းဘက်သို့ မျက်နှာမူလျက် လျှောက်လာကြခြင်းအားဖြင့် တစ်နေရာရာတွင် ခြေရာကောက်နိုင်ကြမည်သာ ဖြစ်၏။

အထူးသဖြင့် မြေပျော့သော တစ်နေရာ၌မူ မြင်းခြေရာနှင့် ယှဉ်လျက် လူ၏ ဖိနပ်ရာတစ်ခု တွေ့ရသဖြင့် ဦးစံရှား မျက်လုံးပြူးသွားသေးသည်။

ကျွန်။ ။ "ဘယ့်နှယ်လဲဗျာ။ ဟိုတုန်းကတော့ မြင်းခြေရာချည်းပဲ။ အခုတော့ လူခြေရာ တွဲနေပြန်ပါပကောလား"

ရှား။ ။ "ဟုတ်တယ်။ ဒီလိုဆို အဓိပ္ပါယ်တစ်မျိုးပေါ့။ အလို၊ အလို ဒါက ဘာလဲဗျို့"

ဤသို့ ပြောလိုက်ခြင်းမှာ မြင်းခြေရာနှင့်် လူခြေရာများသည် ထိုနေရာမှ ထောင့်ချိုးချိုး၍ ဘာဂျော်ဂျီ၏ဇောင်းဘက်သို့ လှည့်သွားသည်ကို တွေ့ရသောကြောင့် ဖြစ်လေသည်။

ကျွန်တော်နှင့် ဦးစံရှားတို့သည် ခြေရာများအတိုင်း တစ်ဖက်သို့ကွေ့ချိုး၍ လိုက်သွားကြစဉ် ဦးစံရှားမှာ ခြေရာများကိုသာ စူးစိုက်သာ ကြည့်လျက် လိုက်သွားသော်လည်း ကျွန်တော့်မှာမူ နံဘေးသို့ အနည်းငယ် လှမ်းကြည့်မိသည်နှင့် မျက်နှာချင်းဆိုင်အရပ်မှ ပြန်လာသော အလားတူခြေရာများကို မြင်ရလေသည်။

ဤအခြင်းအရာကို ဦးစံရှားအား ညွှန်ပြရာတွင်

ရှား။ ။ "ဒီတစ်ချက် ခင်ဗျား တော်ပေသဗျာ။ နို့မဟုတ်ရင် ဒီလမ်းကြောင်းလိုက်ပြီး ဟိုလမ်းကြောင်းအတိုင်း ပြန်လာရဦးမှာပဲ။ အခုတော့ ကျုပ်တို့ အပုံကြီး သက်သာသွားတာပေါ့။ ကိုင်း ဒီလိုဆို ပြန်လမ်းအတိုင်း လိုက်ကြရုံ ရှိတာပေါ့"

သို့ဖြစ်၍ ကျွန်တော်တို့သည် မူလ လိုက်နေသော ခြေရာကြောင်းကို စွန့်လွှတ်ပြီးလျှင် ကျွန်တော်တွေ့သော ပြန်လမ်းခြေရာကြောင်းအတိုင်း စွပ်၍ လိုက်ကြပြန်သည်။

မကြာမီ ကျွန်တော်တို့သည် မစ္စတာနော်တင်၏ မြင်းဇောင်းသို့ ရောက်လာကြ၍ ဆိုက်ကုလားတစ်ယောက် ပြေးထွက်လာသည်။

ဆိုက်ကုလားသည် မြင်းဇောင်းသို့ လူကပ်သည်ကို မကြိုက်သည်နှင့် မောင်းထုတ်မည်အကြံနှင့် ဟိန္ဒူစတန်နီ ဘာသာဖြင့်

"အပ်(ဗ)လုတ်(က)ဂျောင်းဟဲ" စသည်ဖြင့် စကားချီလိုက်ပြီးမှ ဦးစံရှား၏ ခန့်ညားသော ဂိုက်ဆိုက်ကို မြင်သည်နှင့် မပြောဝံ့ဘဲ တန့်သွားလေသည်။

ဤတွင် ဦးစံရှားက ငါးကျပ်တန် စက္ကူတစ်ချပ်ကို ထုတ်ကာ ဟိန္ဒူစတန်နီဘာသာဖြင့်

ရှား။ ။ "နက်ဖြန်မနက် ၅ နာရီမှာ ထရိန်နာ ဂျွန်ဆင်ကို တွေ့နိုင်မလား"

ဆိုက်။ ။ "သခင် စောစောနိုးပါတယ် ဆပ်။ တွေ့နိုင်ပါတယ်။ ဟော၊ ဟော၊ ဟော၊ လာနေပါပြီ ဆပ်"

ဦးစံရှားက ငွေစက္ကူကို ပေးမည်ပြုသော်လည်း ဆိုက်ကုလားက ထရိန်နာမြင်မည်စိုးသည်နှင့် မယူဝံ့ဘဲ ဦးခေါင်းယမ်းလျက် "ပီချေးဆပ်၊ ပီချေး" ဟု ပြောသည်။

ဤခဏ၌ လက်တွင် ကြိမ်တစ်ချောင်းကို ဝင့်လျက် နှုတ်ခမ်းမွေးကောင်းသော ဘိုတစ်ယောက် ထွက်လာ၍ ဆိုက်ကုလားအား လူစိမ်းများနှင့် စကားပြောသည့်အတွက် ကြိမ်းမောင်းပြီးလျှင် ဦးစံရှားဘက်သို့ လှည့်လျက်

ဘို။ ။ "ဝှပ် သီ ဟဲလ် (ခင်ဗျားတို့ ဘာလုပ်ရှုပ်နေသလဲ)"

ရှား။ ။ (ခပ်အေးအေး တည်တည် မျက်နှာထားနှင့်) "ငါးမိနစ်လောက် စကားပြောချင်ပါတယ်"

ဘို။ ။ "ထပ်တေရီး၊ အချိန်မရှိပါဘူး။ မဖြစ်ပါဘူး။ မပြောအားပါဘူး"

ဤတွင် ဦးစံရှားသည် ဘိုအနီးသို့ ဖျတ်ခနဲ ချဉ်းကပ်၍ စကားတစ်ခွန်းတည်း တီးတိုးပြောလိုက်ရာ ဘိုသည် မျက်နှာပျက်သွား၍

"ဒမ်မ်လိုင်း (အလကား လိမ်တာ)" ဟု ပြောလိုက်သည်။

ရှား။ ။ "ဒါဖြင့် ဒီနေရာမှာပဲ ကျုပ်ပြောလိုက်ရမလား။ အိမ်ထဲမှာ အေးအေးဆေးဆေး စကားပြောချင်သလား"

ဘို။ ။ (မျက်မှောင်ကြုတ်၍ စဉ်းစားပြီးနောက်) "လာပါ၊ အိမ်ထဲကို လိုက်ခဲ့ပါ"

ရှား။ ။ (ကျွန်တော့်ဘက်သို့ လှည့်လျက်) "ခဏ နေရစ်ခဲ့ဦးဗျနော် ကိုသိန်းမောင်၊ သိပ်မကြာပါဘူးဗျာ။ ကိုင်း လိုက်ဖို့အဆင်သင့်ပါပဲ"

ဦးစံရှားနှင့် ထရိန်နာဂျွန်ဆင်တို့သည် နာရီဝက်နီးပါး ကြာသောအခါမှ အိမ်ပြင်သို့ ထွက်လာကြရာ ဤမျှလောက် တိုတောင်းသော အချိန်ကာလအတောအတွင်း ဤမျှလောက် အမူအရာပြောင်းလဲခြင်းကို တစ်ကြိမ်တစ်ခါမျှ ကျွန်တော်မကြုံခဲ့ရဖူးပေ။ ပထမတွေ့စဉ်က ဟန်ကြီးပန်ကြီးနှင့် ရင်တကော့ကော့ရှိနေသော ထရိန်နာဂျွန်ဆင်မှာ အိမ်ထဲကထွက်လာသော အခါ၌ ဦးစံရှားနောက်မှ အမြီးကုပ်၍ လိုက်လာသော ခွေးကဲ့သို့ ဦးခေါင်းငိုက်စိုက် ဖြစ်လာလေတော့သည်။ ခွဲခါနီး၌

နာ။ ။ "စိတ်သာချပါ။ မှာခဲ့တဲ့အတိုင်း ကျွန်တော် ဆောင်ရွက်ပါ့မယ်ခင်ဗျာ"

ရှား။ ။ "လွဲလွဲချော်ချော် မဖြစ်စေနဲ့နော်"

နာ။ ။ "စိတ်ချပါ ခင်ဗျာ။ တိတိကျကျ လိုက်နာပါ့မယ်။ ဒါထက် ဟိုဟာကို ပြန်ပြီး ပြောင်းပေးလိုက်ရမလား ခင်ဗျ"

ရှား။ ။ (အနည်းငယ် စဉ်းစားပြီးနောက်) "နေပစေ၊ မပြောင်းနဲ့။ ဒီကိစ္စ ထပ်ပြီး ကျုပ် အကြောင်းကြားလိုက်ပါဦးမယ်။ ယီးတီးယားတားတော့ မလုပ်နဲ့နော်"

နာ။ ။ "မလုပ်ပါဘူးခင်ဗျာ၊ စိတ်သာချပါ"

ထို့နောက် ကျွန်တော်တို့သည် ဘာဂျော်ဂျီ၏ မြင်းဇောင်းဘက်သို့ ထွက်လာခဲ့ကြရာ လမ်းခရီး၌

ရှား။ ။ "ဟောဒီ ဩစတြေးလီယားပြည်နယ် ထရိန်နာ ဂျွန်ဆင်လို ဟန်ကြီးပန်ကြီးနဲ့ ကန်စရာရှိရင် ကန်ပြီး ကြောက်စရာရှိရင် အမြီးကုပ်တတ်တဲ့ လူစားမျိုးတော့ ရှာမှရှားလိမ့်မယ် ထင်တယ်ဗျာ။ တကယ့်လူပါပဲ"

ကျွန်။ ။ "ဒါဖြင့် စိန်ဝေလျှံဟာ သူ့လက်ထဲမှာပေါ့"

ရှား။ ။ "အစ ပထမတော့ သူက မျက်လုံးမျက်ဆန်ပြူးပြပြီး ကွယ်နေသေးတယ်။ ကျုပ်က ဟိုနေ့ မနက်တုန်းက သူ လုပ်ပုံကိုင်ပုံတွေကို ခရေစေ့တွင်းကျ ပြောပြတော့မှ သူ့ကို ကျုပ်က ချောင်းကြည့်နေတယ် ထင်ပြီး လန့်ဖျပ်သွားတော့တာကိုး။ မြင်းခွာရာတွေနဲ့အတူ တွေ့ရတဲ့ ဖိနပ်ရာဟာ ဦးတုံးတုံး နောက်ခွာမပါဘူးဆိုတာ ခင်ဗျား သတိပြုမိတယ် မဟုတ်လား။ သူ့ခြေထောက်မှာ စီးထားတဲ့ ရွက်ဖျင်ဘွတ်ဖိနပ်ဟာလည်း ဒီအတိုင်းပဲဗျ။ ဟိုနေ့မနက်က စောစောစီးစီး သူထွက်လာတော့ မြင်းတစ်ကောင်ကို ကွင်းထဲမှာ မြင်တယ်။ အနားသွားကြည့်တော့ ညာဘက်ခွာ တစ်ဖက်ဖြူနဲ့၊ နှာရောင်ကျားနဲ့ သဟက်ရောင်ရှိနေတာ မြင်မြင်ချင်း စိန်ဝေလျှံပဲလို့ သူသိတယ်"

"သူတို့ဇောင်းက ဟက်ပီးဘွိုင်ကို နိုင်နိုင်မယ့် မြင်းဟာလည်း စိန်ဝေလျှံတစ်ကောင်တည်း ရှိတယ်လို့ သူ စဉ်းစားမိတယ်။ ပထမတော့ မြင်းကိုဖမ်းပြီး ဘာဂျော်ဂျီရဲ့ဇောင်းကို သွားပို့ဖို့ ဆွဲသွားသေးတယ်။ နောက်တော့မှ မြင်းကိုဝှက်ထားဖို့ အကြံပေါ်ပေါက်လာပြီး ပြန်ဆွဲလာခဲ့ခြင်း ဖြစ်တယ်လို့ ကျုပ်က ပြောပြလိုက်တော့မှ ငနဲဟာ ချွေးလုံးကြီးတွေ ကျလာပြီး ကယ်ပါ ယူပါ ဖြစ်လာတော့တာကိုးဗျ"

ကျွန်။ ။ "နေပါဦးဗျာ၊ သူတို့ဇောင်းကိုလည်း ရှာသေးတယ်ဆို မဟုတ်လားဗျ"

ရှား။ ။ "ရှာတယ်လေ။ ဒါပေမယ့် သူတို့မြင်းသမား ဝါရင့်တွေက အင်မတန် ဉာဏ်များတဲ့ လူစုပဲဗျ။ ရုပ်ဖျက်နိုင်တယ်"

ကျွန်။ ။ "ဒါဖြင့်ဗျာ စိန်ဝေလျှံကို သူ့ဆီမှာ ဒီအတိုင်း ထားပစ်ခဲ့လို့ တော်ပါ့မလားဗျာ။ သူတို့မြင်း နိုင်အောင်ဆိုပြီး စိန်ဝေလျှံကို တစ်မျိုးတစ်မည် လုပ်လွှတ်လိုက်ရင် မခက်ပေဘူးလားဗျာ"

ရှား။ ။ "စိတ်ချ ကိုသိန်းမောင်၊ ခုအချိန်မှာ စိန်ဝေလျှံဟာ သူ့ရဲ့အသက်ဘူး ဖြစ်နေတယ်။ ဒီမြင်းကို ရေကြည်တစ်ပေါက် မစင်စေဘဲ ကောင်းမွန်စွာ ပြန်အပ်မှသာလျှင် သူ့မှာ ထောင်တန်းလွတ်ဖို့ ရှိတယ်ဆိုတာ သိပြီးဖြစ်လေတော့ သူ့မျက်လုံးကို မထိခိုက်စေရအောင် ကာကွယ်သလို စိန်ဝေလျှံကို သူကာကွယ်ပါလိမ့်မယ်ဗျ။ မပူပါနဲ့ဗျာ"

ကျွန်။ ။ "ခင်ဗျားက ချမ်းသာပေးချင်ပေမဲ့ ဘာဂျော်ဂျီက ချမ်းသာပေးဦးမှကိုးဗျ။ လူကြီးက တော်တော်ခက်ထန်ပုံရတယ်"

ရှား။ ။ "ဒါကတော့ ဒီလိုပါ ကိုသိန်းမောင်၊ ဘာဂျော်ဂျီ လုပ်ချင်တိုင်း မဖြစ်ပါဘူး။ ကျုပ်လက်ထဲမှာ နေတဲ့ကိစ္စပါဗျ။ ခင်ဗျားဘာဂျော်ဂျီလည်း ကျုပ်ပြောပြသလောက်သာ သိရမှာပေါ့ဗျ။ ကျုပ် ပြောချင်သလောက်သာ ပြောပြမှာပေါ့။ ကျုပ်က အစိုးရ လခစားစုံထောက်လို အထက်လူကြီးဆီ အစီရင်ခံနေဖို့မှ မလိုဘဲကပဲ။ ဒါထက် ခင်ဗျား သတိထားမိသလား မဆိုနိုင်ဘူး။ ဘာဂျော်ဂျီကလည်း ကျုပ်အပေါ်မှာ နည်းနည်း ဟန်ကြီးပန်ကြီး ရှိတယ်ဗျ။ ဒါကြောင့် ကျုပ်က သူ့ကို နည်းနည်းနှပ်လိုက်ချင်သေးတယ်။ မြင်းအကြောင်းကို ခင်ဗျားက ဘာမှမပြောနဲ့နော် ကိုသိန်းမောင်"

ကျွန်။ ။ "ခင်ဗျားအခွင့်မရဘဲ ကျွန်တော် ဘာမှ မပြောပေါင်ဗျာ၊ စိတ်ချပါ"

ရှား။ ။ "စိန်ဝေလျှံကိစ္စကတော့ ပြီးသွားပါပြီ။ ကိုဘကျော့ကို သတ်တဲ့အမှုကြီးက ကျန်နေသေးတယ်ဗျ"

ကျွန်။ ။ "ဒီကိစ္စကိုလည်း ခင်ဗျား ဆက်လိုက်မယ် မဟုတ်ဘူးလား"

ရှား။ ။ "တော်ပါပြီဗျာ။ ကျုပ်တို့ ပြန်ပါတော့မယ်"

ကျွန်တော်မှာ ဦးစံရှား၏ စကားအတွက် အလွန်တရာအံ့ဩသော်လည်း သူ၏ ဝါသနာကိုသိသည်နှင့် မမေးဝံ့ဘဲ တိတ်ဆိတ်စွာ လျှောက်လာခဲ့ကြရာ ကိုဘကျော့၏ နေအိမ်သို့ရောက်သောအခါတွင် ဘာဂျော်ဂျီနှင့် ကိုအုန်းဖေတို့ စောင့်နေကြသည်။

ရှား။ ။ "ကိုင်း ကျုပ်တို့တော့ ပြန်ဦးမယ်ဗျ"

ဂျီ။ ။ "ဒါဖြင့် ဒီလူသတ်မှုကို ခင်ဗျား လက်လျှော့ပြီ ဆိုပါတော့"

ရှား။ ။ (မထီတရီအမူအရာမျိုးနှင့်) "အမှုက အခက်အခဲကြီးတွေ ရှိနေတယ်ဗျ။ သို့သော် စနေနေ့ မြင်းပွဲအတွက် စိန်ဝေလျှံကို စီးမယ့် ဂျော်ကီကိုတော့ အသင့်သာ ပြင်ထားပါနော်။ ဒါထက် ကိုဘကျော့ရဲ့ ဓာတ်ပုံ ရချင်တယ်ဗျာ"

ကိုအုန်းဖေသည် စာအိတ်တစ်လုံးထဲမှ ဓာတ်ပုံကို နှိုက်ယူ၍ ဦးစံရှားသို့ လှမ်းပေးလေသည်။

ရှား။ ။ "နေရာကျပေ့ဗျာ။ ကျုပ် လိုသမျှတွေ အဆင်သင့်ရအောင် စီမံထားတတ် ပါပေတယ်။ ဒါထက် ခင်ဗျားတို့ ခဏနေရစ်ကြဦးဗျာ။ ဘရီကို ကျုပ် နည်းနည်းပါးပါး မေးစရာရှိတယ်"

ဦးစံရှား ထွက်သွားသောအခါ

ဂျီ။ ။ "ခင်ဗျားလူက နာမည်ကြီးပြီး ဘာမှမဟုတ်ပါ ကလားဗျာ။ သူ လိုက်လာတဲ့အတွက် ဘာတစ်ခုမှ မထူးပါကလားဗျ"

ကျွန်။ ။ "ခင်ဗျားမြင်း ဟိုနေ့မှာ ပြေးပါစေ့မယ်လို့ အာမခံသွားတယ် မဟုတ်လားဗျ"

ဂျီ။ ။ "အာမခံတာထက် လက်ထဲကို မြင်းရောက်တာ သာပြီးကြိုက်တယ်ဗျာ"

ကျွန်တော်သည် ဦးစံရှားအတွက် မခံချင်သည်နှင့် ခုခံချေပဦးမည် ပြုဆဲတွင် ဦးစံရှား ဝင်လာ၍

ရှား။ ။ "ကိုင်း ဆရာတို့၊ ဘူတာရုံ သွားကြဖို့ ရှိတာပဲ"

ကားပေါ်သို့ တက်ကြမည်ပြုစဉ် ဦးစံရှားသည် ဆိတ်အုပ်ကို ခြံထဲသို့ မောင်းသွင်းနေသော ကုလားတစ်ယောက်ကို မြင်သည်နှင့် ခေါ်ယူ၍

ရှား။ ။ "ဒီဆိတ်တွေကို မင်း ထိန်းသလား"

လား။ ။ "ဟုတ်တယ် ဆပ်"

ရှား။ ။ "ခုတလောမှာ ဆိတ်တွေ ဘာဖြစ်သလဲ"

လား။ ။ "နှစ်ကောင် သုံးကောင် ခြေထောက် နာနာနေတယ်"

ဤစကားကို ကြားရုံနှင့် ဦးစံရှားမှာ ပြုံးရွှင်သောမျက်နှာထား ဖြစ်ပေါ်လာရာ ကိုအုန်းဖေနှင့် ဘာဂျော်ဂျီတို့လည်း ငေးကြည့်နေကြသည်။

ထို့နောက် ကားပေါ်သို့ တက်ကြ၍ ကားထွက်လာရာတွင် ဦးစံရှားသည် ကျွန်တော်၏ လက်မောင်းကို တို့လျက်

"ဟုတ်လိုဟုတ်ငြား စမ်းပစ်လိုက်တဲ့တစ်ချက်ကတော့ စွဲသွားပြီဗျို့" ဟု ပြောပြီးနောက် ကိုအုန်းဖေအားလည်း

"ဆိတ်တွေ ခြေနာတဲ့ကိစ္စကို ခင်ဗျား သတိပြုရင် ကောင်းတယ်ဗျ" ဟု ပြောလိုက်သဖြင့် ကိုအုန်းဖေလည်း ကြောင်တောင်ငေးလျက် ကြည့်နေတော့သည်။

ဖေ။ ။ "ဆိတ်တွေ ခြေနာတာနဲ့ ဒီအမှုနဲ့ ပတ်သက်လို့လား ဆရာ"

ရှား။ ။ "သိပ်ပတ်သက်တာပေါ့ဗျ"

ဖေ။ ။ "ဒီ့ပြင်ကော ဘာများ သွန်သင်ခဲ့ဦးမလဲဆရာ"

ရှား။ ။ "ဒီ့ပြင်တော့ များများ မရှိပါဘူး။ ဟိုညက ခွေးလုပ်ပုံ ဆန်းတာပါပဲ"

ဖေ။ ။ "ခွေးက ဘာမှ မလုပ်ပါကလား ဆရာ"

ရှား။ ။ "အဲဒါ ဆန်းတာပေါ့ဗျ"

***

စနေနေ့၌ ကျွန်တော်နှင့် ဦးစံရှားတို့သည် ဘာဂျော်ဂျီနှင့် ချိန်းဆိုထားသည့်အတိုင်း မြင်းပွဲသို့ သွားရောက်ကြရာ ကိုအုန်းဖေနှင့် ဘာဂျော်ဂျီတို့သည် ကျွန်တော်တို့ကို ကြိုဆိုကြသည်။ ဘာဂျော်ဂျီမှာ အလွန်တရာ ရှုတင်းလျက်ရှိ၏။

ဂျီ။ ။ "ဘယ့်နှယ်လဲ ခင်ဗျာ။ ကျွန်တော့်မြင်းကို အစအန မမြင်ရသေးပါကလား ခင်ဗျ"

ရှား။ ။ "မြင်းကိုမြင်ရင် ခင်ဗျား သိပါ့မလား"

ဘာဂျော်ဂျီမှာ အလွန်စိတ်ဆိုးဟန်နှင့် မျက်နှာနီသွားသည်။

ဂျီ။ ။ "နှစ်ပေါင်း နှစ်ဆယ်ကျော် မြင်းသမားလုပ်လာတဲ့ လူတစ်ယောက်ကို မေးမှ မေးပါပေ့ဗျာ။ နှာရောင်ကျားနဲ့ ခွာတစ်ဖက်ဖြူ မြင်းကြီးတစ်ကောင်လုံးကို ကျွန်တော် မှားနိုင်ပါ့မလားဗျ။ ကလေးကတောင် သိနိုင်ပါတယ်"

ရှား။ ။ "ကြိုတင်လောင်းတဲ့သူတွေကို ဘူကီတွေက စိန်ဝေလျှံအတွက် ဘယ်နှလေး ပေးသတဲ့လဲဗျ"

ဂျီ။ ။ "တစ်နေ့တုန်းကတော့ ဆယ့်ငါးလေးတောင် ပေးတယ်။ ဒီကနေ့ကျတော့ သုံးလေးသာ ပေးတော့တယ်ဗျ"

ရှား။ ။ "အင်း တစ်ယောက်ယောက်တော့ ရိပ်မိသွားတာ အမှန်ပဲဗျို့"

ထိုနေ့တွင် မြင်းပွဲ ၉ ပွဲ ရှိသည့်အနက် ဘုရင်ခံ၏ ဖလားပွဲမှာ နံပါတ် ၇ ဖြစ်၍ စာရင်းရ မြင်း ၁၂ ကောင် သွင်းထားသည်ကို တွေ့ရသည်။

ကျွန်တော်တို့ရောက်သွားသော အချိန်၌ မြင်းပွဲ ၄ ပွဲ ပြေးပြီးဖြစ်ရာ ဘာဂျော်ဂျီမှာ စိန်ဝေလျှံ မပေါ်လာသေးသည့် အတွက်ကြောင့် အိမ်မြှောင်အမြီးပြတ် ဆိုသလို ဖျတ်ဖျတ်လူး ရှိနေတော့သည်။

ပွဲနံပါတ် ၇ သို့ ရောက်သောအခါ စိန်ဝေလျှံမှာ ပထမတွင် ငါးလေးပေးသော်လည်း တဖြည်းဖြည်း လျော့ဆင်းလာ၍ သုံးလေးမှ နှစ်လေးသို့တိုင်အောင် လျှောကျခဲ့လေပြီ။

ဤကိစ္စတွင် မြင်းရှင် ဘာဂျော်ဂျီမှ တစ်ပါး အခြားလူများ ရိပ်မိကုန်ကြဟန် တူသော်လည်း ဘာဂျော်ဂျီမူကား နားမလည်နိုင်သဖြင့် မျက်မှောင်တကြုတ်ကြုတ် ရှိနေတော့သည်။

ဘူကီဒိုင်များကလည်း စိန်ဝေလျှံ နှစ်လေး၊ ဟက်ပီးဘွိုင် ငါးလေး၊ ဝိဇ္ဇာမ ခုနစ်လေး၊ တိုးနယားပျံ ဆယ်လေး စသည်ဖြင့်ဟစ်အော်လျက် ရှိကြ၏။

မြင်းများသည် ပက်ဒေါက်မှ ထွက်လာကြ၍ ဂျော်ကီများ စီးလျက် ဂိတ်ဆီသို့ သွားကြသောအခါ မြင်း ၁၂ ကောင် စေ့ရုံသာမက ဘာဂျော်ဂျီအရောင်ဖြစ်သည့် ခရမ်းနှင့် အဖြူကျား အင်္ကျီနှင့် ရွှေရောင်ဦးထုပ် ဆောင်းထားသည့် ဂျော်ကီကို မြင်ရသည်တွင်

ဂျီ။ ။ "ဘယ့်နှယ်ဟာလဲဗျ။ ဂျော်ကီကတော့ ကျုပ်ဂျော်ကီပဲ။ မြင်းကတော့ စိန်ဝေလျှံ မဟုတ်ပါလားဗျ"

ရှား။ ။ "ဟုတ်ကဲ့ ထင်ပါ့ဗျာ"

ဂျီ။ ။ "ဘယ်ကလာ ဟုတ်ရမှာလဲဗျ။ ကျုပ်မြင်းက နှာရောင်ကျားနဲ့ ခွာတစ်ဖက်ဖြူ။ ဒီဟာက အဖြူမွေး တစ်ပင်မပါတဲ့ သဟက်ကြီးပါလားဗျ"

ရှား။ ။ "ကြည့်ပါဦးလေ၊ ဟုတ်ပါလိမ့်မယ်"

ဘာဂျော်ဂျီသည် ဦးစံရှားနှင့် ဖက်ပြိုင်၍ မငြင်းလိုတော့သည့်ဟန်ဖြင့် စကားမပြောဘဲ ဂိတ်စီလျက်ရှိသော မြင်းများကို မှန်ပြောင်းဖြင့် ကြည့်နေတော့သည်။

"ဟော လွှတ်ပြီ"

မြင်း ၁၂ ကောင်သည် ကြိုးတန်းထားသကဲ့သို့ တညီတညွတ်တည်း ထွက်ကြသော်လည်း လမ်းတစ်ဝက်သို့ ရောက်သောအခါတွင် သုံးကောင်သောမြင်းတို့သာလျှင် ချွန်တက်လာကြရာ ယင်းတို့အနက်တွင် ဘာဂျော်ဂျီ၏ ခရမ်းကျားသည် တတိယဖြစ်နေ၏။

ပန်းတိုင်နှင့် တစ်ဖာလုံ ကွာသောနေရာတွင် ခရမ်းကျားသည် ဒုတိယမြင်းကို ကျော်တက်၍ ရှေ့ဆုံးမြင်း၏ အမြီးကို ဦးတိုက်လျက်ရှိ၏။

ဂျော်ကီက ကြိမ်သွင်းလိုက်ရာတွင် ခရမ်းကျားသည် တစ်ချက် နှစ်ချက် ခုန်တိုး၍ ရှေ့ဆုံးမြင်းနှင့် ဦးခေါင်းချင်း ယှဉ်လျက် ရှိတော့သည်။

ပထမတန်းရှေ့သို့ ရောက်လာကြသောအခါ၌ ခရမ်းကျားနှင့် အခြားမြင်းသည် နှာချင်းယှဉ်လျက်ပင် ရှိသေးရာ ဂျော်ကီများက ဘယ်ပြန်ညာပြန် ကြိမ်သွင်းကြသော အခါတွင်မှ တစ်ခုန်လျှင် တစ်ခုန်ချင်း တူသော်လည်း ခရမ်းကျား၏ တစ်ခုန်သည် တစ်လက်မခန့် စွန်းထွက်၍ ပန်းဝင်သော အခါ၌ ဦးခေါင်းတစ်လုံးတိတိ အနိုင်ရသွားလေသည်။

ဘာဂျော်ဂျီသည် မျက်လုံးပြူး မျက်ဆန်ပြူးလျက် ကြည့်နေရာမှ

ဂျီ။ ။ "ရှုပ်လှချည်ကလားခင်ဗျာ။ နိုင်တာကတော့ ကျွန်တော့်ဂျော်ကီအရောင်ပဲ။ မြင်းကတော့ ဘယ်ကဟာမှန်း မသိဘူး။ ရှင်းစမ်းပါဦးဗျာ ဦးစံရှား။ ဘယ်လိုလုပ်ထားတာလဲဗျ"

ရှား။ ။ "လာပါလေ။ မြင်းကို သွားကြည့်ကြပါစို့။ ခင်ဗျားမြင်းပါပဲဗျ။ ဟုတ်ပါတယ်"

ဂျီ။ ။ "နားလည်နိုင်ပေါင် ခင်ဗျာ"

ရှား။ ။ "မြင်းကို ရုပ်ဖျက်တဲ့လူက ဖျက်ထားလို့ သူ လုပ်ထားတဲ့အတိုင်း ကျွန်တော်က ပွဲသွင်းလိုက်တော့ တာပဲဗျာ"

ဂျီ။ ။ "အံ့ဩလောက်တဲ့ လူတစ်ယောက်ပါပဲဗျာ။ ကျွန်တော် အထင်သေးမိတဲ့အတွက် တောင်းပန်ပါတယ်။ ဒါထက် မောင်ဘကျော့ကို သတ်တဲ့လူကောဗျ။ ပေါ်အောင် လုပ်စမ်းပါဦး ခင်ဗျာ"

ရှား။ ။ "ပေါ်နေပါပြီဗျ။ စိတ်ချပါ"

ထိုအခိုက်တွင် ကျွန်တော်တို့သည် ဂျော်ကီနှင့် မြင်းကို ချိန်တွယ်သောနေရာသို့ ရောက်လာကြပြီဖြစ်၍ သက်ဆိုင်ရာ အရာရှိများက အချိန်မှန်ကန်ကြောင်းကို သက်သေခံလျက် ရှိကြသည်။

ဂျီ။ ။ "ဘယ်မှာ ပေါ်လို့လဲခင်ဗျ၊ သတ်တဲ့လူက ဘယ်သူလဲ ဒါဖြင့်"

ရှား။ ။ "ကျွန်တော့်အနားတွင် ရှိတာပဲ"

ဦးစံရှား အနီးရှိသူများမှာ ကျွန်တော်နှင့် ဘာဂျော်ဂျီအပြင် ကိုအုန်းဖေတို့သာ ဖြစ်ကြရကား ဘာဂျော်ဂျီမှာ သူ့အား လူသတ်မှုနှင့် စွပ်စွဲသည်အထင်နှင့် မျက်နှာမည်းသွားလျက်

ဂျီ။ ။ "တန်ဗျာ။ ခင်ဗျား ကျီစားတာ တစ်ဆိတ် လွန်လွန်းပြီထင်တယ်"

ရှား။ ။ "ကျီစားတာ မဟုတ်ဘူးဗျ။ ဟောဒီမှာပါ"

ဦးစံရှားသည် မြင်း၏လည်ပင်းကို လက်ဖြင့် ပုတ်ပြလိုက်သည်တွင် ကျွန်တော်တို့အားလုံး အံ့အားသင့်သွား ကြရတော့သည်။

ဂျီ။ ။ "ဘယ့်နှယ်လဲ မြင်းက သတ်တာလားဗျာ"

ရှား။ ။ "သတ်တယ်ဆိုပေမဲ့ သူ့ကိုယ်သူ ကာကွယ်ရေးအတွက် လုပ်ရှာတာပါဗျာ။ ခင်ဗျားတပည့် ကိုဘကျော့က လူရိုးမဟုတ်ဘူးဗျ။ တော်တော်ရှုပ်တဲ့လူပဲ။ သို့သော် ဒီအကြောင်းကို မြင်းပွဲထဲမှာ ရှင်းပြလို့ မဖြစ်သေးပါဘူး။ ပွဲပြီးမှ တစ်နေရာရာမှာ ရှင်းပြပါဦးမယ်ဗျာ"

***

ထိုနေ့ည၌ ကျွန်တော်တို့လေးဦးသည် မြင်းရှင် ဘာဂျော်ဂျီ ဖိတ်ကြားချက်အရ စထရင်းဟိုတယ်၌ တွေ့ဆုံကြ၍ သီးသန့်အခန်းတစ်ခန်းတွင် ညစာစားရင်း ဦးစံရှားက အောက်ပါအတိုင်း ရှင်းလင်းပြောပြလေသည်။

ရှား။ ။ "သတင်းစာတွေမှာ ဖတ်ရတဲ့အတိုင်း ဆင်ခြင်လိုက်တော့ ကိုဘကျော့ကို ကိုလှမောင်သတ်တယ်လို့ ထင်စရာပဲ။ ကျွန်တော်ကိုယ်တိုင်လည်း ကမာရွတ်ကို လာစဉ်က ဒီအတိုင်းပဲ ထင်မိတယ်။ သို့သော် မကျေနပ်စရာ အချက်ကလေးတွေတော့ ရှိတယ်ပေါ့ဗျာ။ မြင်းဇောင်းရောက်လို့ ကားပေါ်က ဆင်းမယ်လုပ်တော့မှ ဆိတ်ကလီစာဟင်းအကြောင်းကို စဉ်းစားမိလို့ ကားပေါ်မှာ ကျွန်တော်ငေးကျန်ရစ်ခဲ့တာ မြင်ကြတယ် မဟုတ်လား။ ဒီလောက် အရေးကြီးတဲ့ အချက်တစ်ခုကို ဘယ့်နှယ်ကြောင့် လျှံသွားရပါလိမ့်မလဲလို့ ကိုယ့်ဟာကိုယ် အံ့ဩပြီး စဉ်းစားကျန်ရစ်တာပဲ"

ဂျီ။ ။ "ကျွန်တော်ဖြင့် အခုတောင် မရိပ်မိသေးပေါင်ခင်ဗျာ"

ရှား။ ။ "ကျွန်တော့်အဖို့ဆိုရင် ဆိတ်ကလီစာဟင်းက စပြီး သဲလွန်စ ရခဲ့တာပဲ။ ဘိန်းဆိုတာက အနံ့လည်း ရှိတယ်။ အရသာတစ်မျိုးလည်း ရှိတယ်။ ဆိတ်ကလီစာဟင်းဆိုတာ တော်တော်ညှီတဲ့ ဟင်းမျိုးဗျ။ မဆလာတွေ အများကြီးခတ်ရတယ်။ ဒီတော့ကာ အနံ့အရသာဖျောက်ချင်တယ်ဆိုရင် ဆိတ်ကလီစာဟင်းထဲမှာ ခတ်ကျွေးတာလောက် နေရာကျတာ ဘယ်မှာရှိမှာလဲဗျ။ လှမောင်က ဟင်းထဲမှာ ဘိန်းခတ်ကျွေးဖို့ အကြံပြုထားတဲ့ နေ့မှာမှ ကိုဘကျော့တို့အိမ်က ဆိတ်ကလီစာဟင်း ချက်မိရက်သား ကြုံနေတယ်ဆိုလို့ မဖြစ်နိုင်ဘူး။ အဆင်သင့်လွန်းအားကြီးတယ်။ ဒါကြောင့် ဒီအမှုမှာ လှမောင်ကို ဖယ်ထုတ်ထားပြီး ကိုဘကျော့နဲ့ သူ့မယား မတင့်တို့ကို စဉ်းစားတယ်။ ဘိန်းခတ်ကျွေးချင်လို့ ဆိတ်ကလီစာဟင်း ချက်တယ်ဆိုရင် သူတို့နှစ်ယောက်အနက် တစ်ယောက်ယောက် ဖြစ်ရမှာပဲ။ ဘိန်းခတ်တော့လည်း ဟင်းအိုးထဲမှာ ခတ်တာ မဟုတ်ဘူး။ ဘဦးစားမယ့် ဟင်းပန်းကန်တစ်ခွက်တည်းမှာ ခတ်ခြင်းဖြစ်တယ်။ ဒီ့ပြင် သူငယ်နှစ်ယောက်ဟာလည်း ဆိတ်ကလီစာဟင်း စားကြတယ်။ ဘာမှမဖြစ်ဘူး။ ကောင်းပြီ။ ဒီလင်မယား နှစ်ယောက်အနက် ဘရီ မမြင်အောင် ဟင်းပန်းကန်မှာ ဘိန်းခတ်ဖို့ ဘယ်သူ တတ်နိုင်သတဲ့လဲတဲ့"

"ဒီအချက်ကို မဆုံးဖြတ်သေးမီ ဟိုညတုန်းက မြင်းဇောင်းက ခွေးသမင်ဟာ ငြိမ်ချက်သားကောင်းတယ်လို့ ကျုပ် စဉ်းစားမိတယ်။ လှမောင်အကြောင်း ပြောကြတုန်းက မြင်းဇောင်းမှာ ခွေးသမင်တစ်ကောင် ရှိတယ်လို့ ကျုပ် သိရတယ်။ လူတစ်ယောက်ယောက်က မြင်းဇောင်းကိုဖွင့်ပြီး မြင်းကို ထုတ်သွားတာတောင် ခွေးက မဟောင်ဘူးဆိုတော့ အသိဖြစ်နေလို့ဟာပေါ့။ သူစိမ်းတစ်ယောက်ဆိုရင် ခွေးဟောင်လို့ အထပ်ခိုးပေါ်မှာ အိပ်ကြတဲ့ သူငယ်တွေ နိုးမှာပေါ့"

ဂျီ။ ။ "ဟုတ်ပါပေတယ်ဗျာ။ ဒါလောက်မှ ကျွန်တော်တို့ မစဉ်းစားမိဘူး"

ရှား။ ။ "ဒီတော့ကာ ညကြီးသန်းခေါင်မှာ မြင်းဇောင်းသွားပြီး စိန်ဝေလျှံကို ထုတ်သွားတဲ့လူဟာ ကိုဘကျော့ ဖြစ်ရမှာပဲလို့ ကျုပ် သိရတယ်။ သို့သော် ဘယ်လို အကြံအစည်နဲ့လဲတဲ့။ ဧကန္တ မရိုးသားတဲ့ အကြံအစည်နဲ့ ဖြစ်ရမယ်။ ဒါကြောင့်သာ ကိုယ့်လူကိုယ် ဘိန်းတွေဘာတွေ ခတ်ပြီး ခဲခဲယဉ်းယဉ်း လုပ်တာပေါ့ဗျာ။ သို့သော် သူ့အကြံဟာ ဘယ်လိုဆိုတာတော့ တိတိကျကျ ကျုပ် မတွေးတတ်သေးဘူး။ မြင်းသမားဆိုတာ အတော်ရှုပ်တဲ့ လူတွေပဲ။ ကိုယ့်မြင်းကို ရှုံးအောင်လုပ်ပြီး တစ်ဖက်လှည့်နဲ့ လောင်းယူကြတဲ့ လူတွေလည်း အများကြီး ကြားဖူးတာပေါ့။ ဆွဲစီးတယ် ဆိုတာမျိုးကတော့ ရိုးနေတဲ့အလုပ်ပဲ။ သို့သော် ကိုဘကျော့ရဲ့ အကြံကို တိတိကျကျ မပြောနိုင်သေးလို့ စုံစမ်းရာမှာ သူ့အိတ်ထဲမှာ တွေ့တဲ့ပစ္စည်းတွေကလည်း သဲလွန်စ ဖော်ပေးနေတာကိုးဗျ"

ဖေ။ ။ "ဘီလ်စာရင်းတွေလား ဆရာ"

ရှား။ ။ "ဘီလ်စာရင်းတွေက တစ်မျိုးပဲ။ သို့သော် သူ့အကြံကို ဖော်တာက ဓားကလေးဗျ။ ဟိုညက ကိုဘကျော့ဟာ ဒီဓားကလေးကို လက်နက်တစ်ခုအနေနဲ့ ကိုင်သွားတယ်လို့တော့ မဟုတ်နိုင်ဘူး။ အကြံတစ်ခုကြောင့် ဖြစ်ရမယ်။ အကြံက ဘာလဲဆိုတော့ မြင်းတစ်ကောင်ကို ပေါင်လုံးအောက်နားက အကြောကလေးတစ်ခုကို ဖြတ်လိုက်ရင် ဒဏ်ရာမပေါ်လာဘဲ ခြေနာသလိုလိုနဲ့ မပြေးနိုင်ဘဲ ဖြစ်သွားတယ်ဆိုတာကို ကြားဖူးကြတယ် မဟုတ်လား။ ခင်ဗျားတို့ မကြားဖူးရင်သာ ရှိရမယ်၊ ကိုဘကျော့ကတော့ ကြားဖူးလို့ လုပ်စမ်းကြည့်မလို့ဗျ"

ဂျီ။ ။ "ခွေးမသား တယ်မိုက်တဲ့ ကောင်ပါလား"

ရှား။ ။ "မြင်းဇောင်းထဲမှာ လုပ်ရင် လန့်ဖျပ်ပြီး သူငယ်တွေနိုးမှာစိုးလို့ မြင်းကို ကွင်းထဲဆွဲထုတ်သွားတာကိုးဗျ"

ဖေ။ ။ "ဪ ဒါကြောင့် ဖယောင်းတိုင်တို့ ဘာတို့ လိုတာကိုး ဆရာ"

ရှား။ ။ "အစစ်ပေါ့။ ပြီးတော့ သူ့အင်္ကျီအိတ်ထဲမှာ သူ့အကြံအစည်ကို ဖော်ပြတဲ့ ပစ္စည်းသာမက ဘယ်အချက်ကြောင့် သူ ဒီလို ကြံစည်ရတယ်ဆိုတဲ့ သက်သေခံပစ္စည်းလည်း တွေ့ရတာကိုးဗျ။ ခင်ဗျားပြောတဲ့ ဘီလ်စာရင်းပေါ့။ မောင်မင်းကြီးသားက မယားငယ်နဲ့ ဘာနဲ့ကိုးဗျ။ သူ့မယားငယ်က ဘယ်လောက်ချောတယ် လှတယ်တော့ မဆိုနိုင်ဘူး။ ဝတ်ကောင်းစားကောင်းကတော့ တော်တော်ကြိုက်တာပဲ။ လုံချည်တစ်ထည် ငါးဆယ့်ငါးကျပ်ဆိုတာ တော်တော့မိန်းမ ဝတ်နိုင်တာ မဟုတ်ဘူးထင်တယ်။ သူ့မယား မတင်မှာ ဒီအဝတ်မျိုးလည်း မရှိဘူးတဲ့။ ဒါကြောင့် ကျုပ်က သူ့ဓာတ်ပုံကိုင်ပြီး တီဂျူးမား ပိုးထည်တိုက်ကို သွားမေးရရင် သူငယ်ချင်း ကိုတင့်ဆွေရဲ့ ပြဿနာ ရှင်းသွားလိမ့်မယ်ဆိုပြီး မှတ်ယူထားလိုက်တာပဲ"

ဖေ။ ။ "ဟုတ်မှာပါ ဆရာ။ ဘယ်က ကိုတင့်ဆွေမှ ရှိမှာ မဟုတ်ပါဘူး။ သူ့မယားက ထူတူတူ အတတမို့ သူလှိမ့်ချင်တိုင်း လှိမ့်နေတာပါ"

ရှား။ ။ "ဒီက ရှေ့လျှောက်တော့ ခပ်ရှင်းရှင်း ရှိပါတော့တယ်။ ကိုဘကျော့က မြင်းဆွဲပြီး လာခဲ့။ ကွင်းကြီးထဲရောက်။ လမ်းမှာ လှမောင်က မဟားတရား ထွက်ပြေးရလို့ ကျကျန်ရစ်တဲ့ တာဖတာ လည်ပင်းစည်း အဝတ်ကို တွေ့လို့ ကောက်ယူခဲ့။ သူ့အကြံက မြင်းကို ခြေထောက်က ချည်တုပ်ဖို့ စိတ်ကူးလေသလား မပြောတတ်ဘူး။ ကွင်းထဲရောက်တော့ ကိုဘကျော့က မြင်းနောက်ပိုင်း သွားပြီး အကြောဖြတ်ဖို့ မီးခြစ်လိုက်ဟန် တူပါရဲ့။ သူ့မြင်းဆိုတော့ ရဲတာပေါ့လေဗျာ"

"ဒါပေမဲ့ မြင်းက သခင်သော ဘာသော နားမလည်ဘူး၊ ညကြီးသန်းခေါင် ခေါ်ထုတ်လာကတည်းက လန့်တန့်တန့်ဖြစ်နေရတဲ့အထဲမှာ မီးခြစ်က ရှဲခနဲမြည်ပြီး ဝင်းခနဲလင်းလိုက်တော့ ဖျတ်ခနဲလန့်ပြီး ကန်မိကန်ရာ ကန်လိုက်တော့ သံခွာနဲ့ နဖူးနဲ့ တည့်တည့်ကြီးဆောင့်ပြီး ပွဲချင်းပြီးဟန်တူပါရဲ့။ ဒီအလုပ်ကို လုပ်မယ်ဆိုတော့ မိုးကာအင်္ကျီချွတ်ပြီး ချုံပေါ်မှာတင်၊ ဓားကို လက်မှာကိုင်ထားရင်း မြင်းကန်လိုက်လို့ လွင့်ကျသွားရာမှာ သူ့ပေါင် သူ့ဓားနဲ့ ခိုက်မိတာ ဖြစ်ရမှာပဲ"

ဂျီ။ ။ "ကောင်းပါပေ့ဗျာ။ ကိုယ်တိုင် စောင့်ကြည့်နေသလို ရှိပါပေ့"

ရှား။ ။ "သို့သော် ကျွန်တော်က အဝေးကြီး လှမ်းပစ်လိုက်တဲ့ အချက်တစ်ခု မှန်သွားတာ ရှိသေးတယ်။ ဒါကတော့ ကံစွန့်ကံစမ်း ဆိုတာမျိုးပါပဲ။ တည့်ချင်လို့သာ တည့်တာပါ။ ဆိတ်တွေကို ခြံထဲမောင်းသွင်းနေတာ မြင်တော့ ကိုဘကျော့ဟာ ဒီလောက် သိမ်မွေ့တဲ့ အလုပ်မျိုးကို လုပ်ရင် မလုပ်ခင် အလေ့အကျင့်ယူဦးမှာပဲလို့ တွေးဆပြီး ဆိတ်ထိန်းကုလားကို မေးကြည့်တော့ နေရာကျချင်တော့ တပ်တပ်အပ်အပ် စွပ်နေတော့တာပဲဗျို့"

ဂျီ။ ။ "ကောင်းပါ့ဗျာ။ ရှင်းပါပေ့။ တယ်ရှင်း။

ရှား။ ။ "ဒါနဲ့ ဟိုနေ့က ရန်ကုန်ပြန်ရောက်တော့ တီဂျူးမား ပိုးထည်တိုက်သွားပြီး ဓာတ်ပုံပြ မေးတော့ ဒီလူဟာ သူတို့ ဖောက်သည်ပါတဲ့။ သူ့မယားက ချောချော၊ ပြင်သစ်ပိုးထည်တွေ ခဏ ခဏ လာဝယ်ပါတယ်တဲ့"

ဂျီ။ ။ "ဟုတ်ပါပေ့ဗျာ။ နို့ဗျာ မြင်းကို ဘယ်လိုလုပ်ပြီး ရုပ်ဖျက်ကြပါလိမ့်"

ရှား။ ။ "လုပ်နေကျ လူတွေအဖို့တော့ ဘာခက်သလဲဗျာ၊ အဖြူကို အညိုလုပ်တာ လွယ်လွယ်ကလေးပဲ။ ပျက်ချင်တော့ အရက်ပြန်နဲ့ ပွတ်လိုက်ရင် ချက်ချင်း ပြန်ဖြူလာပါလိမ့်မယ်"

ဂျီ။ ။ "မြင်းကိုဝှက်တဲ့ လူတစ်စု ကကောဗျာ။ ဘယ်သူတွေလဲ"

ရှား။ ။ "မြင်းကို ခိုးတာမှ မဟုတ်ဘဲ။ လန့်ထွက်ပြေးလို့ သိမ်းထားတာပါဗျာ။ သို့သော် ကိုယ့်မြင်း ပြန်ရလို့ ပွဲနိုင်ပြီးတဲ့နောက်တော့ ဟိုလူတွေကို ရန်မရှာချင်ပါနဲ့တော့၊ ကျွန်တော်က တာဝန်ယူပြီး တောင်းပန်ပါတယ်"

******

Copied from Sanshar Blogspot. Thanks to the blogger.

စလေ ငနော့