Wednesday, April 8, 2020

ဟမ်းဘီး



•••••••••••••••••


နီကိုရဲ


ကျွန်တော်တို့ အလေးရုံကလေးမှာ ဝင်တဲ့သူ ဝင်လာခဲ့၊ ထွက်တဲ့လူ ထွက်သွားခဲ့နဲ့ ဖြစ်နေပေမယ့် ပုံမှန် ပင်တိုင်ကစားသူတွေလည်း ရှိနေပါပြီ။ ကျွန်တော့်အလေးမသက်ကလည်း ၈ လကျော်ခဲ့ပါပြီ။ ဆရာကြီးက ကျွန်တော့်ကို လိုအပ်တဲ့အသားတွေ ထပ်ဖြည့်ဖို့ ဖလိုင်းခွဲဖို့ အေပိုင်းထိုင်ဖို့ လောက်ပဲ ပြောပါတော့တယ်။


“မင်းအရပ် ၅ ပေလောက်နဲ့ အခုပုံစံဟာ တော်တော်ကြည့်လို့ ကောင်းနေပြီ၊ ဆက်မနေရင် မင်းပုံစံက မောင်စကြာဝဠာ ဘွန်ဇိုင်း ဖြစ်သွားလိမ့်မယ်”


ဆရာကြီးစကားကြောင့် ကစားဖော်တွေက ရယ်ကြပါတယ်။ ဒါပေမယ့် “ဘွန်ဇိုင်း” ဆိုတဲ့ နာမည်က လော့တံရဲဝင်းကိုတော့ မမီပါဘူး။ ပထမ နာမည်က နှုတ်ကျိုးနေကြတာလည်း ပါမှာပေါ့လေ။


“အလေးဆိုတာမျိုးကလည်း ရပ်ထားလို့ မရဘူးကွ၊ ဒီတော့ မင်း ကျန်းမာရေးအရရယ်...လိုနေသေးတဲ့ နောက်ကျောကြွက်သားရယ်ပဲ ဆွဲတော့...ပြီးတော့...ဟို ရင်ဘတ် အအေးပတ်မယ့် ကောင်တွေကိုလည်း ဂရုစိုက်ပေးဦး...”


“ဟုတ်ကဲ့ ဆရာကြီး...”


ဆရာကြီးထွက်သွားတော့ ကျန်တဲ့ ကစားဖော်တွေက “ရင်ဘတ် အအေးပတ်မယ့်ကောင်” ဆိုတာ ဘာလဲ... လို့ ကျွန်တော့်ကို ဝိုင်းမေး ကြရော... ဒါနဲ့ ကျွန်တော်လည်း ရှင်းပြရတယ်။


“အလေးမတဲ့သူတွေဟာ ဝင်ပြီး ၃ ရက်အတွင်းမှာ ပြေးတတ် ကြတယ်၊ ၁ဝ ရက်လောက်ကြာရင်တော့ အလေးဆွဲပြီးလို့ ချွေးတွေ့ရွှဲပြီး ကြွက်သားတွေ တောင့်တင်းနေတဲ့အခါ ကိုယ့်ကြွက်သားတွေ ကြီးလာပြီ အတွေးနဲ့ ပီတိဖြစ်ကြတယ်။ နောက်နေ့ ပုံမှန်အချိန်တွေမှာ ကြွက်သားက မတင်းလေတော့ တင်းအောင် ကြိုးစားမကြတယ်၊ ပုံမှန် နေ့မပြတ် ကစားလို့ တစ်လခွဲလောက်ကြာရင် ကြွက်သားတွေ အချိုးစားပြောင်းပြီး အချိုးအစားကျတဲ့ ကိုယ်လုံး ရလာရော... အဲဒီအချိန်မှာ အင်္ကျီလက်မောင်း ခေါက်တာတို့၊ အင်္ကျီရင်ဘတ်ကြယ်သီး ချွတ်တာတို့ ...ဘယ်လောက် အေးအေး စွပ်ကျယ်နဲ့နေတာတို့ ကိုယ်တုံးလုံးချွတ်ပြီး နေတာတို့ လုပ် တတ်တယ်၊ အဲဒီတော့ ရင်ဘတ် အအေးပတ်တာပေါ့...”


အားလုံးနီးပါးရယ်ကြပြီး သဘာရှိ အလေးသမားတွေကတော့ ပြုံးရုံ ပြုံးကြတယ်။


“ရင်ဘတ်အအေးပတ်တဲ့အချိန်မှာ အလေးသမားအတွက် အရေး အကြီးဆုံးပဲ၊ အဲဒီအချိန်မှာ ကြီးထွားချင်နေတဲ့ ကြွက်သားတွေက အလေး ကို တောင်းနေကြပြီ၊ နည်းစနစ်မှန်မှန် အအိပ်အစားမှန်မှန်နဲ့ ဖိကစားလိုက်ရင် သိပ်လှတဲ့ကိုယ်လုံးကို ရတာပေါ့၊ ဒါကြောင့် ဆရာကြီးက ကြွက်သားထွက်ကာစ မင်းတို့ကို ဂရုစိုက်ဖို့ ပြောတာ...”


ကျွန်တော့်စကားဆုံးသွားတော့ သင်တန်းသားတွေအားလုံး တက် တက်ကြွကြွနဲ့ အလေးကောက်တင်လိုက်ကြသံဟာ အားရစရာ ကောင်းပါ တယ်။ ကျွန်တော်လည်း ဆရာကြီးပြောပြသွားတဲ့ ရင်ဘတ်ကလေးတွေကို ဂရုစိုက်ပေးရပါတယ်။


“ကိုရဲ... ကျွန်တော် အောက်ပိုင်းထိုင်တာ အလေးတိုးလိုက်ရမလား သိပ်မထိချင်တော့ဘူး...”


“အခု ဘယ်လောက်လဲ...”


“၈ဝ အကြိမ် ၃၀ ကိုရဲ...”


ကျွန်တော် ခဏစဉ်းစားရတယ်။ မေးတဲ့ငတိက အံ့သစ်ကျော်တဲ့။ ဒီကောင်က အရပ်အမောင်းကောင်းတယ်။ မ,တာလည်း ဇွဲရှိတယ်။ အရပ် အမောင်းကောင်းပြီး အရိုးအဆစ်ကြီးတော့ အသားဖြည့်ရတာတော့ ကြာ တာပေါ့လေ။ အခု ခြောက်လကြာပြီဆိုတော့ ဒီကောင်ဟာ ကျွန်တော်တို့ အလေးရုံမှာ ကြည့်လို့အကောင်းဆုံး ကြွက်သားအလှဆုံး လူတစ်ယောက် ဖြစ်လာတယ်။ ဆရာကြီးက သူ့ကို ဂရုစိုက်ပေးဖို့ ကျွန်တော့်ကို မှာထားတယ်။ သူ့ကိုလည်း ကျွန်တော်မသိဘဲနဲ့ ဘာမှမလုပ်နဲ့လို့ ပြောထားပါ တယ်။ ဆရာကြီးကိုယ်တိုင် အံ့သစ်ကျော်ကို ရည်မှန်းချက်တစ်ခုခုတော့ ထားပုံရပါတယ်။


“အေး... ၅ ပေါင်စီပဲတိုးကွာ... အကြိမ်ကို ၃၅ က စ...”


“OK ကိုရဲ...”


အံ့သစ်ကျော်က အပေါ်ပိုင်း တော်တော်ကောင်းနေပေမယ့် အောက်ပိုင်းက အားနည်းနေလို့ ဒီကောင့်ကို ဂရုစိုက်ပေးနေရပါတယ်။ ဒီကောင့် အကြောင်းကိုလည်း နည်းနည်းတော့ ပြောထားရဦးမယ်။ အံ့သစ်ကျော်က ရန်ကင်းမှာနေတယ်။ ရန်ကင်းကနေ သင်္ဃန်းကျွန်းမှာ လာကစားဖြစ်တာ ကတော့ ဒီကောင်က အရင်တုန်းက သင်္ဃန်းကျွန်းသားပါ။ ရန်ကင်းပြောင်း သွားတာ ၁ နှစ်တောင် မပြည့်သေးဘူး။ ဒီတော့ သူ့သူငယ်ချင်းတွေက သင်္ဃန်းကျွန်းမှာပဲရှိတာ ဆိုတော့ ဒီကို အမြဲလာရင်းနဲ့ အလေးမဖြစ်သွား တာပါ။


နောက် အရေးကြီးတဲ့အချက်က သူကြိုက်နေတဲ့ ကောင်မလေး ထိုင်တဲ့ စတိုးဆိုင်က ကျွန်တော်တို့အလေးရုံနဲ့ မျက်စောင်းထိုး ဟိုဘက် ကားလမ်းမပေါ်မှာ ရှိတယ်။ ကောင်မလေးကလည်း ဒီကောင် စိတ်ဝင် စားတယ်ဆိုတာကို ရိပ်မိပုံရပါတယ်။ မျက်လုံးကလေးဝင့်ကာ ဝင့်ကာ ပေါ့ လေ ...။


တစ်နေ့ ဒီကောင် အလေးမပြီးလို့အပြန် စတိုးဆိုင်ကို ဝင်ပြီး ရေတစ်ခွက် ​တောင်းသောက်တော့ ကောင်မလေးက ရေခဲရေ (ရေခဲသေတ္တာ ရှိဟန်တူပါတယ်) ကို တိုက်ပါတယ်။ ပစ္စည်းဝယ်တာက ကျွန်တော်ပါ။ Bic ဘောလ်ပင်တစ်ချောင်းဝယ်တာ...အံ့သစ်ကျော်က “သောက်ဦးမလား ကိုရဲ...'' ́ဆိုလို့ ကျွန်တော်တောင် တစ်ခွက်သောက်လိုက်ရပါသေးတယ်။


ဒီသတင်းကို သိသွားကြတော့ ကျန်တဲ့ကောင်တွေကလည်း တိုလီ မုတ်စပစ္စည်းတွေဝယ်ပြီး ရေသွားတောင်းသောက်တော့ ကောင်မလေးက “ရေကုန်နေတယ်...” တဲ့။ ဒီစကားကြောင့် အံ့သစ်ကျော်ဟာ ပိုမြူးလာ တယ်။ အလေးကိုလည်း ဖိပြီးမလာတယ်။ ကျန်တဲ့ကောင်တွေထက်စာရင် ဒီကောင့်ကို ကောင်မလေးက နည်းနည်း ဦးစားပေးတယ်ဆိုတာ ပေါ်တယ် မဟုတ်လား ...။ ဒီကောင်ကလည်း ရုပ်ကမခေတော့ ရည်းစားဖြစ်ကြရင် သိပ်လိုက်မယ့်စုံတွဲ ဖြစ်မှာပါပဲ။ ကောင်မလေးကလည်း တောင့်တောင့် ဖြောင့်ဖြောင့်ကလေးပါ။


အောက်ပိုင်းထိုင်ပြီးတော့ အံ့သစ်ကျော်က လက်မောင်းဆွဲ၊ ဆုံတွန်း တစ်တွဲဆွဲပါတယ်။ ပြီးတော့ ချက်(စ)တွန်းတယ်။ ချွေးတွေရွှဲနေတဲ့ ကြွက်သားတွေဖုထပြီး ကြွတက်နေတဲ့ အံ့သစ်ကျော်ရဲ့ ကိုယ်လုံးက အားကျချင်စရာကောင်းပြီး ကြည့်လို့ကောင်းနေပါတယ်။ အလေးရုံတစ်ရုံမှာ ကြွက်သားပြည့်စုံတဲ့ ကစားသမားတစ်ယောက်ရှိနေတာ ပိုကောင်းပါတယ်။ အလေးမကာစ လူတွေအတွက် အားကျစရာကောင်းတာတစ်ခု မဟုတ်လား။ ငါလည်း တစ်နေ့ သူ့လိုဖြစ်ရမယ်ပေါ့။


“ကျွန်တော် ပြန်တော့မယ် ကိုရဲ...”


အံ့သစ်ကျော်က သူကစားတာ စုံသွားတော့ ကျွန်တော့်ကို သတင်း ပို့ပါတယ်။


“OK ဟေ့ကောင်...မင်း ရေသွားမသောက်တော့ဘူးလား”


ကျွန်တော်လှမ်းစတဲ့ စကားကြောင့် ဒီကောင် ပြုံးရုံပြုံးပြီး ထွက် သွားပါတယ်။ အလေးမပြီးစဆိုတော့ ဒီကောင့်ကြွက်သားတွေက ဖုထစ်ပြီး ကြည့်ရတာ အားကျချင်စရာကောင်းနေတာ အမှန်ပဲ။ အံ့သစ်ကျော်က စွပ်ကျယ်အင်္ကျီဝတ်ထားတော့ ထင်းနေတာပေါ့။ ဒီကောင့်စွပ်ကျယ်က ဗမာဖြစ်မဟုတ်ဘူးခင်ဗျ။ နိုင်ငံခြားဖြစ် နိုင်လွန်စွပ်ကျယ်ဆိုတော့ အသား မှာကပ်နေလို့ ပိုကြည့်လို့ကောင်းပါတယ်။ ဒီကောင်က ကောင်မလေး ရှိတဲ့ စတိုးဆိုင်ရှေ့မှာ ရပ်နေတယ်။ ညနေရီ နေရောင်ဝင်းဝင်းကလည်း ဒီကောင့်ကိုယ်လုံးကို ကျနေတော့ အံ့သစ်ကျော်ပုံစံက ရောမနတ်ဘုရားရုပ် တစ်ရုပ်လိုပဲ။ ဒီကောင် ရန်ကင်းကို ကားငှားပြန်ဖို့ ကားစောင့်နေ တာပါ။


ခဏကြာတော့ သုံးဘီးကားတစ်စင်းလာတာကို တွေ့တော့ အံ့သစ်ကျော်က သုံးဘီးကားကို လက်ခုပ်တီး လှမ်းခေါ်ပါတယ်။ ဒီကောင် လက်ခုပ်တီးတာက မြင်နေကျလူတွေ လက်ခုပ်တီးသလို မတီးဘူး။ ရင်အစပ်မှာ လက်နှစ်ဖက်ကို အထက်အောက်အုပ်ပြီး တီးတာပါ။ ဒီလိုတီးတော့ ကြွက် သားတွေကို ညှစ်ချထားလိုက်သလို ဖြစ်နေတော့ ဒီကောင့်တစ်ကိုယ်လုံးက ကြွက်သားတွေ ဖုထစ်ပြီး ထွက်လာပါတယ်။


လက်နှစ်ဖက်ကို ပြောင်းပြန်အုပ်ပြီး လက်ခုပ်တီးတော့ ဂုတ်သား တွေကိုလည်း ညှစ်ပြီးရာရောက်တယ်။ လက်မောင်းသား...ရင်သား ... (Chess) ဝင်း (Wing) သားတွေကလည်း ကြွတက်လာတယ် မဟုတ် လား။ ကောင်မလေးရှေ့မှာ ကြွက်သားတွေပြတယ်ပေါ့လေ...။


အံ့သစ်ကျော်ရဲ့ လက်ခုပ်သံဆုံးတော့ သုံးဘီးတစ်စင်း ထိုးရပ်တယ်။ သုံးဘီးက ဟမ်းဘီးပါ။ “ဟမ်းဘီး'' ဆို ဒီခေတ်လူတွေ သိပ်မသိလို့ ရှင်း ပြရဦးမယ်။ မျက်စိထဲမြင်အောင် ပြရရင်တော့ B.S.C ဆိုင်ကယ်မျိုးကို သုံးဘီးဘော်ဒီတင်ထားတာပါ။ မောင်းတော့ ဆိုင်ကယ်လိုပဲ လီဗာကို လက်ကပ် ဆွဲရပါတယ်။ မောင်းတဲ့သူဘေးမှာ တံခါးမရှိပါဘူး... ဟင်းလင်း ပါ...။ အခု မန္တလေးမှာ တွေ့ရတတ်ပါတယ်။


ထိုးရပ်တဲ့ သုံးဘီးကားက အံ့သစ်ကျော်ကို နည်းနည်းကျော်သွားပြီး ကျွန်တော်တို့အလေးရုံရှေ့မှာ ရပ်ပါတယ်။ သုံးဘီးက ထိုးရပ်သွားပေမယ့် သုံးဘီးမောင်းတဲ့ဆရာက လက်ကိုင်လီဗာကို “ဝရော...ဝရော...ဝရော...” ခနဲမြည်အောင် လှည့်ပြီး စက်ကို စမ်းသလို လုပ်ပြတယ်။


ကျွန်တော်တို့ကြည့်လိုက်တော့ လီဗာကိုလှည့်နေတဲ့ ဟမ်းဘီးဆရာကလည်း စွပ်ကျယ်နဲ့ပဲခင်ဗျ။ ပြီးတော့ ဟမ်းဘီးကိုလှည့်လိုက်တဲ့

သူ့ရဲ့လက်မောင်းတွေက ကြွက်သားတွေက ဖုထစ်ထွက်လို့...။ လက်မောင်းလုံးပတ်က အံ့သစ်ကျော်ထက်ကြီးပြီး ကြွက်သားတွေကလည်း စုံနေတော့ ကြည့်လို့ကောင်းလိုက်တာဗျာ။ ဒါကို ဟိုငတိလည်း မြင်သွားပုံ ရပါတယ်။


ဟမ်းဘီးဆရာက လီဗာကိုလှည့်ရင်း ကြွက်သားတွေပြရင်းက မေး တယ်။


”ဘယ်သွားမှာလဲ...”


“ရန် ရန်ကင်းကိုပါ...”


ဟမ်းဘီးဆရာက တစ်ချက်စဉ်းစားပြီး လက်ကို အားနဲ့ဆန့်ထုတ် ပြီး လက်ငါးချောင်းကို ထောင်ပြီးမှ


“ငါးရာကျမယ်...ငါးရာ...”


လို့ ပြောပါတယ်။ လက်ငါးချောင်းကို အားနဲ့ညှစ်ထောင်ပြတော့ ဝင်းသားတွေရော လက်မောင်းနောက်ကြွက်သားတွေရော နည်းတာတွေ မဟုတ်ပါဘူး။ အံ့သစ်ကျော်က မျက်လုံးကြီးပြူးပြီး ဘာမှ မပြောနိုင်ဘူး။


“ဟုတ်...ဟုတ်ကဲ့ ...ရပါတယ်”


“ဒါဆို နောက်ကတက်...”


လက်မောင်းကိုကွေးပြီး လက်သီးဆုပ်ကိုတောင် လက်မကို နောက် ပြန်ပြပါတယ်။ လက်မောင်းကြွက်သားက အာနိုးကျနေတာပဲ။

ကျွန်တော်တို့ အလေးရုံတစ်ရုံလုံး တိတ်ဆိတ်သွားတယ်။ အံ့သစ်ကျော်လည်း...အံ့သစ်ကျော်လည်း... ဘာမှ ပြန်မပြောနိုင်ဘဲ ကုပ်ကုပ်ကလေး နောက်ကနေတက်ပါတယ်။ ဟမ်းဘီးဆရာက ကျွန်တော်တို့ အလေးရုံဘက်ကို တစ်ချက်လှမ်းကြည့်ရင်း လီဗာကို “ဝရော.. ဝရော...'' နဲ့ လှည့်ရင်း မောင်းထွက်သွားပါတယ်။


ကျွန်တော်တို့ အလေးရုံတစ်ရုံလုံး တိတ်ပြီး ကျန်ရစ်ခဲ့တယ်။


ပြီးတော့မှ အားလုံး ပြိုင်တူ အားရပါးရ ရယ်လိုက်ကြပါတယ်။


နောက်နေ့ကစပြီး အံ့သစ်ကျော်လည်း သူ့နာမည်ပျောက်ပြီး နာမည်သစ်ရောက်လာပါတယ်။


သူ့နာမည်အသစ်က “ဟမ်းဘီး” တဲ့...။


ဆရာနီကိုရဲ၊ နှလုံးသားနှင့် ကန်တဲ့ ဘောလုံး ပီဒီအက်ဖ်၊

စာမျက်နှာ ၈၅ - ၉၅။


စာရိုက် - စလေ ငနော့