🔸🔸🔸🔸🔸🔸🔸🔸🔸🔸
တက္ကသိုလ်ဘုန်းနိုင်
'' ဟော ...အန်ကယ် ငိုင်သွားပြီ၊ အန်ကယ့်ကို စိတ်မကောင်းအောင် မာရီယာလုပ်မိသလား ...''
'' အို ...မဟုတ်ပါဘူး မာရီယာ၊ အန်ကယ့်မှာ ဖြေစရာမရှိလို့ပါ ''
'' တကယ်လား အန်ကယ်၊ ဟိုတညက အန်ကယ်ပြောဖူးတယ်၊ ချစ်သူဆိုတာကို မမျှော်လင့်ရဲသလို မမျှော်လင့်ချင်ဘူး ဆိုတာလေ ...။ အန်ကယ် မိန်းမတယောက်ကို စိတ်နာနေသလား ''
ဦးစောခိုင်က မျက်နှာကို တည်ကြည်ပစ်လိုက်သည်။ သူ့စကားသံ၌လည်း ဟန့်တားမှုပါနေ၏။
'' အန်ကယ့် ကိုယ်ရေးကိုယ်တာကိစ္စကို စိတ်မဝင်စားချင်ပါနဲ့ မာရီယာ။ မြန်မာပြည်အကြောင်းပဲ ပြောကြတာပေါ့၊ နေပါဦး ...မာရီယာက ဘာလို့ မြန်မာပြည်ကို စိတ်ဝင်စားတာလဲ ...''
'' ဘာလို့စိတ်ဝင်စားတာလဲ မေးဖို့လိုသလား အန်ကယ်၊ မာရီယာ့မှာ ဗမာသွေးတဝက် ပါနေပါသေးတယ် ''
ဒါတော့မှန်ပေသည်။ ဦးစောခိုင် ဘာဆက်ပြောရမှန်းမသိခိုက် မာရီယာက ဆက်ရှင်းသည်။
'' ပြီးတော့ ဒီနိုင်ငံကလူတွေဟာ အရှေ့တိုင်းယဉ်ကျေးမှုကို သိပ်လေးစားကြတယ်၊ အထင်လည်းကြီးကြတယ်၊ လေ့လည်းလေ့လာကြတယ်၊ အတုလည်းယူကြတယ်၊ မာရီယာ့မှာ အရှေ့တိုင်းသွေးပါတော့ အရှေ့တိုင်းကို မာရီယာဟာ သူများထက်ပိုပြီး စိတ်ဝင်စားတာပေါ့ ''
ဦးစောခိုင်သည် အသာပြုံးမိ၏။
'' အန်ကယ် ဘာပြုံးတာလဲ ...''
'' သြော် ...မာရီယာပြောတာ မှန်ပါတယ်၊ မြန်မာအပါအဝင် အရှေ့တိုင်းယဉ်ကျေးမှုကို ဒီကလူတွေ လေးစား အတုယူတာ အန်ကယ်တွေ့သိခဲ့ရပါတယ်၊ ဒါပေမယ့် ...မြန်မာပြည်က တချို့လူတွေက အမေရိကန်ဆန်ချင်တာကို တွေးမိလို့ပါ ''
'' သူတို့တွေက ဘာလို့ အမေရိကန်ဆန်ချင်ကြတာလဲ ''
'' အရူးထကြတာပေါ့ မာရီယာ ...ထားပါတော့လေ၊ မာရီယာ့စကားကို ဆက်စမ်းပါဦး ''
'' ပြီးတော့ မာရီယာ့မေမေက မာရီယာ့ကို မြန်မာဆန်အောင်သင်ပေးတယ်၊ စကားလည်း သင်ပေးတယ်၊ ပြီးတော့ ပီယာနိုနဲ့ မြန်မာသီချင်းကြီးတွေလည်း သင်ပေးတယ်။ မာရီယာ ပတ်ပျိုးတွေတောင် တီးတတ်တယ် ''
ဦးစောခိုင်သည် ရင်တွင်း၌ထိခိုက်မိသည်။ ခင်မြလွင်နှင့် မိမိ ငယ်စဉ်ကအတူ ဂီတပညာသင်ကြားရသည်ကို အမှတ်ရမိသည်။ ဤအမွေအနှစ်ကို ထိန်းသိမ်း၍ သမီးကိုပါ ဆက်ခံစေသည့်အတွက်မူ ကျေးဇူးတင်မိသည်။
မာရီယာသည် ဆက်ပြောနေ၏။
'' မာရီယာ သံရုံးက မြန်မာစာအုပ်တွေလည်း တောင်းပြီးဖတ်တာပဲ၊ အန်ကယ့်ဝတ္ထုတွေ မာရီယာဖတ်ဖူးတာ ကြာလှပြီ၊ ဒါ့ကြောင့်လဲ ဘတ်ကနဲလ်တုန်းက အန်ကယ့်ကို မာရီယာ လာမိတ်ဖွဲ့တာပဲ ''
'' သြော် ...သြော် ...''
'' ပြီးတော့ မြန်မာပြည်အကြောင်း မာရီယာ တခြားမေးစရာတွေရှိသေးတယ်၊ ဘာဖြစ်လို့လဲဆိုတော့ မာရီယာ မြန်မာပြည်ကို ပြန်နေချင်တယ်။ ဟိုမှာ ဆွေမျိုးတွေလဲ အများကြီးရှိတယ်ပြောတယ်၊ ဒါပေမယ့် မာရီယာ ကြောက်တာ တခုရှိတယ် ...''
'' ကြောက်တာ ဘာလဲ မာရီယာ ...''
'' မြန်မာပြည်က ဆိုရှယ်လစ်နိုင်ငံဆို ...''
'' ဆိုရှယ်လစ်နိုင်ငံဟာ ကြောက်စရာလားကွယ် ''
'' ဒီမှာတော့ ဒီလိုပဲ ပြောကြတာပဲ ''
'' ဒီမှာ ဒီလိုပြောကြတာ မဆန်းဘူး မာရီယာ ...ဒီနိုင်ငံက ဓနရှင်နိုင်ငံပဲ၊ ဒီတော့ ဆိုရှယ်လစ်နိုင်ငံနဲ့ ဆိုရှယ်လစ် ဝါဒကို ဘယ်အကောင်းပြောပါ့မလဲ ''
'' မြန်မာပြည်ကရော ...ဘာလို့ ဆိုရှယ်လစ်ဖြစ်တာလဲ ''
'' မြန်မာပြည်တင် မကပါဘူး မာရီယာ၊ လွတ်လပ်စနိုင်ငံတိုင်းဟာ ဆိုရှယ်လစ်လမ်းစဉ်ကို ကျင့်သုံးနေကြတယ်၊ ဘာ့ကြောင့်လဲဆိုတာတော့ စဉ်းစားပေါ့ ...''
'' ဘာ့ကြောင့်လဲ ''
'' ဘာ့ကြောင့်လဲဆိုတော့ ဓနရှင်ဝါဒဟာ ဒီနိုင်ငံတွေအားလုံးကို ကောင်းကျိုးမပေးခဲ့လို့ပေါ့ မာရီယာ၊ ဓနရှင်ဝါဒက ပေါက်ဖွားလာတဲ့ နယ်ချဲ့စနစ်ကြောင့် ဒီနိုင်ငံတွေအားလုံးဟာ ကျွန်ဖြစ်ခဲ့ရတယ်၊ လူချင်းမတူ သူချင်းမမျှလဲ ဖြစ်ခဲ့ရတယ် ''
'' ဒါဖြင့် လွတ်လပ်လာတော့ ဘာလို့ ကိုယ့်ဘာသာကိုယ် ဓနရှင်စနစ် မထောင်ကြသလဲ ''
'' ဘာ့ကြောင့် ထောင်ရမလဲ မာရီယာ ''
မာရီယာသည် ခေတ္တစဉ်းစားသည်။
'' အမေရိကန်ပြည်ကို မြန်မာတွေကရော၊ အီဂျစ်တွေကရော၊ အိနိ္ဒယတွေကရော ...ဓနရှင်နိုင်ငံလို့ခေါ်တယ်၊ ဓနရှင် မကောင်းဘူးလို့လဲ ပြောကြတယ် ... ဒါပေမယ့် အန်ကယ်လည်း ဒီမှာ ကြာကြာနေဖူးပြီပဲ၊ ဒီမှာ ဘယ်လောက် ချမ်းသာကြလဲ ''
'' ဒါတွေကို အန်ကယ်မငြင်းဘူး၊ ဒါပေမယ့် ဒီမှာ ချမ်းသာသမျှ တခြားနိုင်ငံတွေမှာ ဆင်းရဲနေတာကို မာရီယာ မသိဘူး ...''
မာရီယာသည် သူ့အား နားမလည်သယောင် မော့ကြည့်သည်။
'' အန်ကယ် သိပ်ရှည်ရှည်မပြောချင်ဘူး မာရီယာ၊ မာရီယာတို့က ဒီမှာ သင်ရတယ်၊ ဓနရှင်စနစ်ဆိုတာ လွတ်လပ်သော စီးပွားရေးစနစ်၊ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ပြိုင်ဆိုင်မှုနဲ့ တိုးတက်သောစနစ် ဆိုတာတွေ၊ ပစ္စည်းဥစ္စာရှာဖွေမှုနဲ့ ပိုင်ဆိုင်မှုဟာ လူ့အခြေခံအခွင့်အရေး။ ဒါတွေ အန်ကယ်လည်း ဖတ်ဖူးပါတယ်၊ ဟုတ်တယ်မဟုတ်လား ...''
မာရီယာက ခေါင်းငြိမ့်သည်။
'' အဲဒါတွေက စာသဘောတွေပါ၊ လက်တွေ့မှာ လွတ်လွတ်လပ်လပ် အပြိုင်အဆိုင် စီးပွားရှာတော့ အားကြီးသူက အားနည်းသူကို နိုင်တယ်။ အရင်းရှိသူက အရင်းမဲ့သူကိုနှိမ်တယ်၊ ချမ်းသာတဲ့နိုင်ငံက ဆင်းရဲတဲ့နိုင်ငံကို မျိုတယ်၊ ကြီးနိုင်ငယ်ညှဉ်းစနစ်၊ ခေါင်းပုံဖြတ် အညွန့်ခူးတဲ့ သွေးစုပ်စနစ်တွေ ပေါ်လာတယ် ''
ဦးစောခိုင်သည် ပိတောက်ပန်းအကြောင်းကို မေ့သွားသည်။ ယုံကြည်ချက်ကို ပြောရသဖြင့် အသံမှာလည်း လေးနက်လာသည်။
'' ဓနရှင်စနစ်ရဲ့ အခြေခံစေတနာ ကိုယ်၌က တကိုယ်ကောင်းစားရေး၊ ကုန်ပစ္စည်းထုတ်လုပ်ရာမှာလဲ အများစားသုံးချောင်ချိရေးထက် အမြတ်ရရေး ...။ ဆိုရှယ်လစ်စနစ်မှာ တကိုယ်ကောင်းစားရေး မရှိဘူး၊ အများနဲ့အတူ စုပေါင်းကြိုးစားပြီး အများနဲ့အတူ အချိုးကျ တရားမျှတစွာနဲ့ ကောင်းစားရေးပဲရှိတယ်၊ ကုန်ပစ္စည်းကိုလဲ အမြတ်စားရဖို့ ထုတ်တာ မဟုတ်ဘူး၊ လူတိုင်းဟာ မတောင့်မတ မကြောင့်မကျနဲ့ ပြည့်ပြည့်ဝဝ စားဝတ်နေထိုင်နိုင်ဖို့ထုတ်တာ ...''
'' မြန်မာပြည်မှာ အဲဒီလိုနေနိုင်ပြီလား ...''
'' မနေနိုင်သေးဘူး မာရီယာ ...ဒါပေမယ့် ဒီနေ့မြန်မာပြည်ရဲ့ အလုပ်သမားတွေ၊ လယ်သမားတွေ၊ ပညာတတ်တွေ အားလုံးစည်းလုံးညီညွတ်ပြီး အဲဒီဆုတွေနဲ့ပြည့်တဲ့ ဆိုရှယ်လစ်နိုင်ငံသစ်ကို တည်ဆောက်နေကြတယ် ''
မာရီယာသည် ဆိတ်ငြိမ်စွာ နားထောင်နေရာမှ ဦးစောခိုင်ကို စူးစူးစိုက်စိုက်ကြည့်သည်။ ဤအကြည့်နှင့်အတူ မျက်နှာဝယ် ပြုံးယောင်သန်းလာသည်။
'' မာရီယာ ...အန်ကယ့်ကို ဘာလို့ကြည့်တာလဲ ''
'' အန်ကယ့်ပြောဟန်ကို သဘောကျလို့ပါ၊ အန်ကယ်က ယုံကြည်ချက် အတော်ပြင်းတယ်ထင်တယ်၊ ဒါတွေကြားမိတော့ မာမီပြောတာ မာရီယာ အစက မယုံဘူး၊ အခု ယုံပြီ ...''
'' ဘယ်လို ...မာရီယာ၊ မာမီပြောတာ ...''
ဦးစောခိုင် အလန့်တကြားမေးမိသည်။
'' မာရီယာ ရှင်းပြပါ့မယ်လေ၊ မာမီက မာရီယာ့ကို မြန်မာဆန်အောင် သင်ပေးပေမယ့်၊ မြန်မာတွေနဲ့ သူကိုယ်တိုင် ဘယ်တော့မှ မပေါင်းဘူး။ မြန်မာပြည်ကိုလည်း ဘယ်တော့မှ မပြန်ဘူး၊ မြန်မာ့ယဉ်ကျေးမှုကို မြတ်နိုးပေမယ့် မြန်မာတွေကို စိတ်နာသတဲ့ ...''
'' အဲဒါနဲ့ ဘာ ...ဘာဆိုင်လို့လဲ ''
'' မာရီယာ ပြောပြပါဦးမယ်၊ အစက မာရီယာ မာမီ့ကို နားမလည်မိဘူး၊ ဒါပေမယ့် ဟို ဘတ်ကနဲလ်ကပြန်လာမှ မာရီယာ နားလည်တယ် ''
'' ဘာဖြစ်လို့ ...''
'' မာရီယာ အန်ကယ်နဲ့တွေ့ခဲ့တာ ပြန်ပြောတာပေါ့ ...ဒီတော့ မာမီက မာရီယာ့ကို အန်ကယ်နဲ့ ဘယ်တော့မှ မတွေ့ရဘူးတဲ့ ...''
'' သြော် ...သြော် ...''
'' မာမီက အန်ကယ့်ကို သိပ်စိတ်နာနေတယ်၊ အန်ကယ်နဲ့သူနဲ့ အကြောင်းတွေကိုလည်း ပြောပြတယ်။ အန်ကယ်က သူ့ကို သေနတ်နဲ့ချိန်၊ စွန့်ပစ်ထားခဲ့ပြီး ဗမာ့လွတ်လပ်ရေးတပ်ထဲ ဝင်သွားတယ်။ ကိုယ့်ချစ်သူထက် တိုင်းပြည်ကို ပိုချစ်တဲ့သူမို့ စိတ်နာသတဲ့။ အစက အဲဒါကို မယုံဘူး၊ ခုတော့ ယုံပြီ အန်ကယ်၊ တကယ် အဲဒီလိုလုပ်ခဲ့သလား ...''
ဦးစောခိုင်က သက်ပြင်းရှိုက်လိုက်သည်။
'' တကယ်လုပ်ခဲ့မိတယ် မာရီယာ၊ ဒါပေမယ့် သူ့ကို အန်ကယ် မြန်မာပြည်မှာ အတူနေခဲ့ဖို့ ခေါ်ပါသေးတယ်၊ သူကသာ အန်ကယ့်ကို ဖမ်းဖို့ကြိုးစားတာ၊ စင်စစ် သူကသာ အန်ကယ့်ကိုရက်စက်ပြီး စွန့်ပစ်သွားတာပါ ''
ဦးစောခိုင်က မာရီယာအား အကဲခတ် မော့ကြည့်သည်။ အကြောင်းစုံကိုသိပြီးမှ ဤကလေးမသည် ဘာကြောင့်မိမိကို လာဆက်ဆံနေပါသနည်း။
'' မာရီယာ ...မင်းမေမေ တားမြစ်ထားတဲ့ကြားထဲက ဘာလို့ အန်ကယ့်ကို လာတွေ့ရသလဲ ''
'' အို ...မာရီယာ အန်ကယ့်ကို လာတွေ့တာမှ မဟုတ်တာ၊ သင်္ကြန်ပွဲလာရင်း ဆုံမိတဲ့ဥစ္စာ ...''
'' မဟုတ်ဘူးလေ ...ခုရော ဘာလို့ အန်ကယ်နဲ့အတူ လမ်းလျှောက်လိုက်ခဲ့လဲ ''
'' အို ...အန်ကယ်နဲ့လိုက်ခဲ့တာမှ မဟုတ်ဘဲ၊ မာရီယာက အန်ကယ့်ကို ခေါ်တာပဲဟာ ...''
'' ဘာပဲဖြစ်ဖြစ်လေ ...မာရီယာ့မာမီက တားမြစ်ထားတာပဲ ''
မာရီယာသည် ရင်လေးကော့လိုက်သည်။
'' မာရီယာ့အသက် ဆယ့်ရှစ်နှစ်ရှိပြီ၊ မာရီယာ ပေါင်းသင်းချင်သူနဲ့ ပေါင်းသင်းခွင့်ရှိတယ်။ ဒက်ဒီက ဒိတ်ထွက်ခွင့်တောင် ပေးပြီးပြီပဲ၊ အခု မာရီယာ ဒိတ်ထွက်တာမှ မဟုတ်ဘဲ၊ အန်ကယ်နဲ့လမ်းလျှောက်တာ မာရီယာ့အခွင့်အရေးပဲ။ ပြီးတော့ အန်ကယ်ကလဲ လူကြီးလူကောင်းပဲဟာ ...''
ဤနေရာတွင် မာရီယာသည် အမေရိကန်သူ ပီသနေ၏။
'' အန်ကယ့်ကို လူကြီးလူကောင်းခေါ်လို့ ကျေးဇူးတင်ပါတယ် မာရီယာ ''
'' အို ...အန်ကယ်က လူကြီးလူကောင်းအစစ်ပဲ၊ တိုင်းပြည်ကိုချစ်တဲ့သူဟာ လူကြီးလူကောင်းပဲ ''
'' မင်းမာမီကို သေနတ်နဲ့ချိန်ခဲ့တဲ့ လူတယောက်ကို ...မာရီယာ လူကြီးလူကောင်းလို့ ထင်သေးလား ''
'' အဲဒါမှ လူကြီးလူကောင်း ပိုစစ်တာ ...''
'' ဘာပြောတယ် မာရီယာ ''
မာရီယာသည် ခေါင်းကလေး အပေါ်မော့ကို နှစ်သက်စွာရယ်သည်။ ထို့နောက် ဦးစောခိုင်၏လက်ကိုဆုပ်ကာ လေးနက်စွာဆို၏။
'' ဒီမှာ အန်ကယ် ...မာရီယာ့ကိုသာ အဲဒီတုန်းက အန်ကယ်က သေနတ်နဲ့ချိန်တာဆိုရင် မာရီယာ ဘာလုပ်မလဲသိလား ...''
ဦးစောခိုင် မဖြေတတ်။
'' မာရီယာသာဆို အန်ကယ်နဲ့ တခါထဲလိုက်ပြီး မြန်မာပြည်မှာ နေခဲ့မှာပဲ ''
ဦးစောခိုင်သည် သက်ပြင်း လေးပင်စွာ ရှိုက်မိ၏။
ညနေမှာ အတန်စောင်း၍ မှောင်ရီပျိုးနေသည်။
'' ကဲ ...မာရီယာ မိုးချုပ်တော့မယ်၊ ပြန်ကြရအောင် ...''
မာရီယာကလည်း သက်ပြင်းလေးရှိုက်၍ နေရာမှထသည်။
'' အန်ကယ် ဘယ်တော့ နယူးယောက်ပြန်မလဲ ...''
'' မနက်ဖြန်ပြန်မယ် ''
'' အို ...မနက်ဖြန် ''
မာရီယာသည် ဘာမျှမပြောဘဲ ငြိမ်ငြိမ်ကလေး လျှောက်လာသည်။
ထို့နောက် ဘာအကြံအစည်ရသည်မသိ၊ ပြုံးရွှင်လာသည်။
'' အန်ကယ် ...နွေကျောင်းပိတ်ရင် မာရီယာ နယူးယောက်လာလည်မယ်၊ အဲဒီကျရင် မာရီယာ သွားချင်တဲ့ဆီ လိုက်ပို့ပေးမလား ...''
အလွန်ခက်သော ကလေးမပင်တည်း။
'' ဖြစ်ပါ့မလား မာရီယာရယ်၊ မာရီယာ့မာမီ ...''
ဦးစောခိုင် စကားမဆုံးလိုက်ရ၊ မာရီယာက မျက်မှောင်ကလေးကြုတ်၍ ဖြတ်ပြောသည်။
'' အန်ကယ်ကလဲ ...မာမီချည်းပြောနေတယ်၊ မာရီယာ ပြောပြီးပါရောလား ...၊ မာရီယာ့မှာ မာရီယာ့ အခွင့်အရေးရှိပါတယ်လို့ ...''
ဦးစောခိုင် ဘာမှမပြောနိုင်၊ ခေါင်းသာညိတ်မိသည်။
မစွမ်းရင်းကလည်း ရှိသည်။ ကန်စွန်းခင်းကလည်း ငြိသည်။ ဤသို့သာ ဆိုရမည်ထင်သည်။ နွေ၌ မာရီယာသည် နယူးယောက်ရှိ အတွင်းဝန်တဦး၏သမီး သူငယ်ချင်းထံသို့ လာလည်ရင်းနေသည်။ နယူးယောက်နေစဉ်အတွင် ဦးစောခိုင်နှင့်အတူ လည်ပတ်သည်။ ကော်နီကျွန်း၊ ရေချိုးဆိပ်၊ လွတ်လပ်ရေး ပျော်ပွဲ ရွှင်ပွဲ၊ မေဘဲယားမောင်တိန်း တောင်စခန်း ဤသည်တို့သို့ အနှံ့သွားကြသည်။ သဘာဝဓမ္မပြတိုက်၊ ပန်းချီပြတိုက်၊ နက္ခတ်တာရာကြည့်တိုက်၊ ဘရော့ဒ်ဝေးပြဇာတ်များသို့လည်း ရောက်ကြသည်။
နှစ်ပတ်ကြာနေ၍ မာရီယာပြန်သွားသောအခါ ဦးစောခိုင်မှာ လူကြီးတန်မဲ့ လွမ်းဆွတ်ကျန်ရစ်သည်။ မာရီယာ့ထံမှ စာများ မှန်မှန်လာသည်။ အဝေးခေါ်တယ်လီဖုန်းနှင့်လည်း မကြာခဏ စကားပြောဖြစ်ကြသည်။
ကြာလျှင် ခက်မည်ကို ဦးစောခိုင် သဘောပေါက်မိသည်။ မိမိ၏စိတ်ကို မိမိသည် မလိုအပ်သော သံယောဇဉ် တွယ်နေလေမိပြီကို နားလည်သည်။
တစုံတခု ဆက်ဖြစ်လျှင် ကလေးမာရီယာကို အပြစ်တင်ကြမည်မဟုတ်၊ လူကြီးဖြစ်သူ မိမိကိုသာ ပုံချတော့မည်။ မာရီယာ့ကို အကျိုးအကြောင်းပြောပြ၍ သမုဒယနယ်လွန် ဆက်ဆံရေးကို ရပ်ပစ်ချင်သည်။ သို့သော် တကယ်တမ်း ပြောမည်ကြံသောအခါ မပြောရက် ရှိနေပြန်သည်။
မပြောရက်သည့်အပြင် မပြောလည်းမပြောချင်။ ကလေးမ၌ စိတ်ကူးယဉ်မှု ရှိသင့်သမျှရှိနေသော်လည်း မိမိအပေါ် ဆက်ဆံမှုမှာ ဖြူစင်ရိုးသားနေသည်။ မိမိပြောကာမှ ဆင်အိပ်ရာ ဆိတ်နှိုး ဖြစ်နေဦးမည်။ ဤသို့ ချီတုံချတုံနှင့် တဆောင်းရောက်ခဲ့ပြန်သည်။
ဒီဇင်ဘာ အားလပ်ရက်များမတိုင်မီ ဦးစောခိုင်သည် မမျှော်လင့်သော ဖိတ်စာတစောင်ကို ရရှိသည်။ ဖိတ်စာရှင်များက ဒီဇင်ဘာအားလပ်ရက်အတွင်း မိမိတို့အိမ်၌ အနည်းဆုံးတရက်ဖြစ်စေ၊ ဦးစောခိုင်အား လာရောက်စားသောက် နေထိုင်ပါရန် တောင်းပန်ထားသည်။ အမေရိကန်ပြည်ရောက် မြန်မာများအတွက် ဤသို့ဖိတ်စာရသည်မှာ မဆန်း။ အိမ်ရှင်များသည် ဤသို့သောနည်းဖြင့် ဧည့်သည်၏ ယဉ်ကျေးမှုအကြောင်းကို လက်ပွန်းတတီး လေ့လာတတ်သကဲ့သို့ မိမိတို့၏ အခြေခံ ယဉ်ကျေးမှုများကိုလည်း လက်တွေ့ပြသတတ်သည်။ ဦးစောခိုင်အတွက် ဆန်းနေသည်မှာ အိမ်ရှင်များ၏အမည်ဖြစ်သည်။
ဖိတ်စာရှင်များကား ဒေါက်တာစတက်ဟန်နှင့် မစ္စက်စတက်ဟန် ဖြစ်နေသောကြောင့်တည်း။ ဦးစောခိုင်အတွက် ဝမ်းသာရမည်လော၊ ဝမ်းနည်းရမည်လော မဝေခွဲတတ်။ မည်သည့်ရည်ရွယ်ချက်ဖြင့် ဖိတ်သည် ကိုလည်း မမှန်းတတ်။
မည်သို့ပင်ဖြစ်စေ ဦးစောခိုင်သည် ဖိတ်စာကို လက်ခံလိုက်သည်။ ဒေါက်တာစတက်ဟန်၏အိမ်မှာ မေရီလင်း၌ရှိသည်။ မေရီလင်းမှာ ဝါရှင်တန်အနီး ကပ်လျက်ပင်ဖြစ်သည်။ ဝါရှင်တန် မြို့ကြီး၌ အိမ်ဈေးခြံဈေးကြီးသည်။ ကိုယ့်ဝင်း ကိုယ့်ခြံနှင့် အေးအေးချမ်းချမ်း နေလိုသူများမှာ မေရီလင်း၌ နေလေ့ရှိသည်။
အိမ်ကလေးမှာ ကော့တေ့ချ်ခေါ် သပ်ရပ်သော နှစ်ထပ်တိုက်ကလေးဖြစ်သည်။ ခြံဝင်းမှာ အတန်အသင့်ကျယ်၍ ဆောင်းမဟုတ်လျှင် စိမ်းလန်းသောမြက်ခင်း ပန်းမာလ်တို့နှင့် သာယာတင့်တယ်မည်ကို ခန့်မှန်းနိုင်သည်။
အစသော် ဦးစောခိုင်သည် ခင်မြလွင်ကို မည်သို့ရင်ဆိုရမည်နည်းဟု တွေးရွံ့ခြင်းရှိခဲ့သည်။ သို့ရာတွင် ခင်မြလွင်မှာ မစ္စက်စတက်ဟန်အဖြစ် သိမ်သိမ်မွေ့မွေ့ ဣနြေ္ဒပြည့်ပြည့် ဟန်မပျက်ပင်ရှိနေ၍ ဦးစောခိုင်မှာ နေသာထိုင်သာသည်။ ဒေါက်တာစတက်ဟန်မှာ အသက် ၅၀ခန့်ရှိလေပြီ။ ဝါရှင်တန်မြို့ကြီး၌ ဆေးတိုက်ဖွင့်ထားနိုင်သည်ကို ထောက်၍ စီးပွားရေးချောင်လည်ကြောင်း သိသာသည်။ အိမ်တွင်း၌ အိနိ္ဒယ၊ တရုတ်၊ မြန်မာ ရှေးဟောင်းပစ္စည်း ပန်းချီပန်းပု စသည် တို့ကိုတွေ့ရသဖြင့် မာရီယာပြောသကဲ့သို့ အရှေ့တိုင်းယဉ်ကျေးမှုကို လေးစားသူမှန်ကြောင်း နားလည်ရ၏။
ဦးစောခိုင်သည် ဤအိမ်၌ တနေ့နှင့်တည နေသည်။ ဦးစောခိုင်ရောက်လာသဖြင့် အပျော်ဆုံးလူမှာ မာရီယာ ပင်ဖြစ်လေသည်။
ရောက်စည ထမင်းစားသောက်ပြီး တီဗီ ဝိုင်းကြည့်ကြသည်။ ဦးစောခိုင် အမေရိကန်တီဗီကို ဘယ်လိုသဘောရသလဲ ဒေါက်တာစတက်ဟန်က မေးသည်။
အင်း အမှန်ဝန်ခံရရင်တော့ သိပ်မကြိုက်ဘူးဗျာ၊ ကြော်ငြာတွေက များလွန်းတယ် အမှန်ပဲ၊ ကျွန်တော်တို့လည်း မကြိုက်ဘူး၊ ဒါဖြင့် ပိတ်ထားလိုက်မယ်နော် စကားအေးအေးဆေးဆေး ပြောရအောင် ဦးစောခိုင်က ခေါင်းငြိမ့်သဖြင့် ဒေါက်တာစတက်ဟန်က တီဗီကို ပိတ်လိုက်သည်။ မာရီယာက ဝင်မေးသည်။
အန်ကယ် မြန်မာပြည်မှာ တီဗီရှိသလား
မရှိသေးပါဘူးကွယ်
ဤသည်ကို ဒေါက်တာစတက်ဟန်က ရယ်မောရင်း မှတ်ချက်ချသည်။
သူတို့ဆီမှာ တီဗီဖျော်ဖြေမှုတွေ မလိုပါဘူးကွယ် သဘာဝတရားနဲ့တင် အေးချမ်း ပျော်ရွှင်စရာတွေရှိတယ်။
ဒက်ဒီတို့ဆီသာ အကုန်လုံး စက်မှုလက်မှုနဲ့ အတုအယောင်တွေဖြစ်နေတာ ဒါပေမယ့် ဒေါက်တာ၊ ကျွန်တော်တို့လည်း စက်မှုလက်မှုထွန်းကားအောင် လုပ်နေတယ် စက်မှုလက်မှု ထွန်းကားတာကောင်းပါတယ်၊ ဒါပေမယ့် ဒီကလူတွေ အများလို အတွေးအခေါ်နဲ့ ဘဝခံစားမှုတွေမှာ စက်ကိရိယာဆန်ကုန်မှာတော့ စိုးရိမ်တယ်၊ ကျွန်တော်တော့ ဒီမှာနေ့တိုင်း ဒါကိုစိတ်ပျက်နေတာပဲ ဒေါက်တာ အရှေ့တိုင်းမှာ တော်တော်ကြာကြာ နေခဲ့ဖူးသလား ဟုတ်တယ် တရုတ်ပြည်မှာ နှစ်နှစ်၊ အိနိ္ဒယ သုံးနှစ် ဒေါက်တာ ခုနေ တရုတ်ပြည်ကြီးပြန်ရောက်ရင် အစစပြောင်းလွဲနေတာ တွေ့ရမှာပဲ ဟာ အမှန်ဘဲ၊ ကျွန်တော် တရုတ်ပြည်ကြီးအကြောင်းသိချင်တယ်၊ ခင်ဗျားတို့ကတော့ ပိုပြောနိုင်မှာပဲ ဦးစောခိုင်ဘယ်လို ပြောင်းလဲနေတာလဲ အကောင်းအတွက် ပြောင်းလဲနေတာပါပဲ အင်း အကောင်းအတွက် ပြောင်းလဲနေတယ်ဆိုရင် ဝမ်းသာစရာပေါ့၊ ကျွန်တော်လဲ ဒီလိုပဲထင်မိတာပဲ၊ ခက်တာက ဒီမှာ တရုတ်ပြည်အကြောင်းပြောကြရင် ဒေါသတွေ၊ မသင်္ကာမှုတွေနဲ့ ပြောကြတယ်၊ ဒါပေမယ့် ဒီဟာလည်း ကြာကြာမခံပါဘူး၊ တရုတ်ပြည်သစ်ဟာ တနေ့ ကုလသမဂ္ဂထဲပါမယ်၊ ခင်ဗျား ဘယ့်နှယ်ထင်သလဲ ဦးစောခိုင် ပါရမှာပဲ၊ တရုတ်ပြည်သစ်ကို ကုလသမဂ္ဂ အသိအမှတ်ပြုတာ မပြုတာဟာ အဓိပ္ပါယ်မရှိတော့ပါဘူး၊ ဘာဖြစ်လို့လဲ ဆိုတော့ အာရှ၊ အာဖရိကနဲ့ ကမ္ဘာ့နိုင်ငံအများက တရုတ်ပြည်သစ်ကို ခင်မင်လေးစားပြီး အသိအမှတ်ပြု ဆက်သွယ်နေကြ တာပဲဟာ၊ စောစောက ဒေါက်တာပြောတာမှန်တယ်။ ဒီနေ့ ကမ္ဘာ့နိုင်ငံရေးမှာ ဒေါသတွေ၊ မသင်္ကာမှုတွေ၊ စိုးရိမ်မှုတွေနဲ့ နှစ်ဘက်စလုံး တွေးနေပြောနေတော့ အမှန်ကိုမမြင်ဘူး။ ဒီ ဒေါသတွေ၊ မသင်္ကာမှုတွေ၊ စိုးရိမ်မှုတွေ အားလုံးပျောက်ကွယ် သွားရင် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် အခြေခံသဘောတူညီမှု ရှာတွေ့ကြမှာပဲ ဒေါက်တာစတက်ဟန်နှင့် ဦးစောခိုင်သည် ကမ္ဘာ့ငြိမ်းချမ်းရေး၊ အာရှ၊ အာဖရိကနိုင်ငံများ၏ ကြားနေဝါဒ စသည်တို့ကို အတန်ကြာဆွေးနွေးနေကြသေးသည်။
ကျွန်တော်တို့ စကားကောင်းနေတာတော့ ဟုတ်တယ်၊ မိန်းမတွေ ပျင်းကုန်ပြီ ဦးစောခိုင်က သတိပေးသဖြင့် ဒေါက်တာစတက်ဟန်သည် ဟုတ်ပါရဲ့ ဪ ဦးစောခိုင်၊ ဗမာသီချင်း နားထောင်မလား၊ မာရီယာ တီးပြပါကွယ် ဟု ဆို၏။
မာရီယာသည် ပီယာနိုဆီသွား၍ အသံစမ်းသည်။ ထို့နောက် သူ့မိခင်ဘက်လှည့်၍ ပွဲတောင်းသည်။
'' မာမီ ဆိုပေးပါလား ...''
ဒေါက်တာစတက်ဟန်ကလည်း ထောက်ခံလိုက်ရာ၊ ဦးစောခိုင်ကလည်း ဝင်ပြောသည်။
'' ဟုတ်သားပဲ လွင် ...လွင့်အသံမကြားရတာကြာပြီ၊ ကြုံတုန်း နားထောင်ရအောင် ...''
ဦးစောခိုင်သည် လွှတ်ကနဲပြောပြီးမှ မိမိစကားမှားသွားကြောင်း သတိထားမိသည်။ ခင်မြလွင်၏မျက်နှာလေးမှာ မသိမသာ လှုပ်ရှားသွား၏။ သို့ရာတွင် ချက်ချင်းပင် ဣနြေ္ဒဆောင်၍ သူ့သမီးနား ကပ်သွား၏။
'' မာမီ ဘာဆိုရမလဲ ''
'' အန်ကယ့်ကို မာရီယာ ကြွားထားတာရှိတယ် ...ပတ်ပျိုးတီးနိုင်တယ်လို့၊ ဒီတော့ ချစ်သမျှကို တီးမယ် ''
အလိုက်မသိသော မာရီယာက ဆုံးဖြတ်လေရာ ဦးစောခိုင်မှာ သက်ပြင်းခိုးရှိုက်လိုက်မိသည်။
ခင်မြလွင်က ချစ်သမျှကို ဆိုသည်။ ဦးစောခိုင်က ဒေါက်တာစတက်ဟန်နှင့်အတူ ဣနြေ္ဒဆောင် နားထောင်နေ သော်လည်း ရင်တွင်း၌ ထိခိုက်မှုရှိနေသည်။ သီချင်းဆုံးသွားသော် မာရီယာက သူ့ဘက်လှည့်သည်။
'' ကဲ ...ဒီတခါ အန်ကယ့်အလှည့် ''
'' အို ...''
ခင်မြလွင်ကလည်း သူ့ကို စူးစိုက်ကြည့်၍ဆိုသည်။
'' ဟုတ်တယ်လေ ...အပြန်အလှန်ပေါ့ ''
ဦးစောခိုင်မှာ မငြင်းသာဘဲ စန္ဒယားခုံ၌ ဝင်ထိုင်ရသည်။
'' ဒီတခါ ဆိုတီးနော်၊ အန်ကယ် ဘတ်ကနဲလ်မှာဆိုတာ တီးရမယ် ''
'' ဟာ ...မာရီယာကလဲ တခြားသီချင်းတီးပါရစေ ''
'' ဘာသီချင်းလဲ ...ဟင် ''
ခင်မြလွင်က ဝင်မေးရာ မာရီယာမဖြေခင်၊ ဦးစောခိုင်က အလျင်အမြန်ဖြေရှင်းရသည်။
'' အလကားပါ၊ ဒီက ကျောင်းသားတွေအတွက် အပျော်အနောက်စပ်ထားတာ၊ ကဲ ...မာရီယာ အန်ကယ့် အသက်အရွယ်နဲ့လိုက်တာ ဆိုတီးပြမယ် ''
ဦးစောခိုင်သည် မာရီယာ ဆင်ခြေကွန့်မည်ကို မစောင့်တော့ဘဲ စသည်။
'' နံသာနီတောင် ...ကမ္ဘာတည်အောင် ဖန်ဆိုးနဲ့ လဲဝတ်ကြောင် ...ကေဥသျှောင်ပယ်လှီး ဈာန်နဲ့နီး၊ ပုတီးလက်တွင်ဆောင်၊ ခရီးမဂ္ဂင်ဖောင် ...''
'' အန်ကယ်က လောကကြီး ငြီးငွေ့ပြီး ဘုန်းကြီးဝတ်တော့မလို့လား ''
'' သြော် ...မဟုတ်ပါဘူး၊ အန်ကယ်လောကကြီးကို မငြီးငွေ့ပါဘူး၊ ငြီးငွေ့စရာအကြောင်းလည်း မရှိပါဘူး ''
ခင်မြလွင်က မိမိမျက်နှာကို ကွက်ကနဲ တချက်လှမ်းကြည့်သည်ကို ဦးစောခိုင် သတိပြုမိ၏။ မာရီယာက ကာလပေါ်သီချင်းများ ဆက်လက်တီးပြနေသေးသည်။ ညအတန်နက်မှ အားလုံး အိပ်ရာဝင်ကြသည်။ အိပ်ရာမဝင်မီ ဒေါက်တာစတက်ဟန်က ဆိုသည်။
'' အစစ ဘာမှ အားမနာပါနဲ့ ဦးစောခိုင် ...ဦးစောခိုင်ဟာ လွင်ရဲ့ ငယ်သူငယ်ချင်းမှန်းသိကတည်းက အိမ်ကို ဖိတ်မလို့ပါပဲ၊ ဦးစောခိုင် အဖေနဲ့လည်း ကျွန်တော် အိနိ္ဒယမှာတုန်းက အတော်ခင်ပါတယ်၊ ဒီတော့ မိတ်ဟောင်းဆွေဟောင်းမို့ ကိုယ့်အိမ်လိုပဲ သဘောထားပါ ...'
တက္ကသိုလ်ဘုန်းနိုင်
#AHM မှ
#ဇာတ်သိမ်းပိုင်း ဆက်ဖတ်ပေးပါရန်
ခိုင်နီလာမောင်မှ
