မဟေသီမဂ္ဂဇင်း၊ ၂၀၁၈ ဧပြီ
မြဖူးငယ် လမ်းပေါ်သို့ ခြေချလိုက်သည်နှင့် အမှောင်၌ စောင့်ကြည့်နေသော လူနှစ်ယောက်ကို ရိပ်ခနဲ မြင်သည်။ ဘုရားရေ၊ ဒါအန္တရာယ်ဟု အလိုအလျောက် ခံစားနားလည်လိုက်၏။ ခြေလှမ်းကို ခပ်သွက်သွက် ပြင်သည်။ ငယ့်အိမ်ကို သိသွား ရင် ဒုက္ခ။ အမြန်ဆုံး မျက်ခြည်ဖြတ်နိုင်မှ ဖြစ်မည်။ မနေ့က ကိစ္စကို မကျေနပ်ဘူး ထင်ပါရဲ့။ သူတို့ပုံစံက လိုက်လျော ချင်စရာလား၊ ဝတ်ကြေတန်းကြေ နှိပ်နယ်၊ အကြောလျော့ပေးတာပဲ လွန်လှပြီ။ မြဖူးငယ် သဘောနှင့်ဆိုလျှင် လက်မခံ။ ပြီးခဲ့သောညက ဂျာကြီးကို မလွန်ဆန်နိုင်၍ ခေါင်းညိတ်ခဲ့ရသည့်အဖြစ်။ ကံဆိုးချင်တော့ ငယ့်ဖေါက်သည် တွေမှ မလာပဲ။ ဟင်း ရုပ်တွေကိုက ပြည်တည်တည် ဖြဲစပ်စပ်။ လမ်းဘေးက သူတောင်းစား သာသာ။ သိတာပေါ့၊ တစ်ခုခု ခွင်မိ၍ ဝင်လာသည့် အနေအစား။ ငွေဖြင့်် ဆက်တိုင်း အရှက်ပုံစရာလား၊ ဝေးသေး။ အမြဲတမ်း ဝင်ထွက်မည့် သူဆို ဘာအကြောင်းလဲ။ တစ်ဆက်ရှင်ပြီးတော့ ဂျာကြီးကို ခေါင်းဝင်ထိုး၊ ငြင်းပစ်လိုက်သည်။ ငယ့်အရည်အသွေး သိပြီးသား။ တွဲကစားခဲ့သည့်ကာလတစ်လျှောက် ဘယ်တုန်းက မျက်နှာပျက်ဖူးလဲ။ စီမံချက်ရှိသည်ဟု ဆိုသဖြင့် နေရာသာ အခါအခါ ပြောင်းသည်။ မြဖူးငယ်၏ဖေါက်သည်များက မပြောင်း မလဲ၊ ကပ်ပါလာခဲ့တာ မဟုတ်လား။
အခု ဒီငနာနှစ်ကောင်ကို ဘယ်လို လမ်းဖြတ်ခဲ့ရမလဲ။ အငှားကား။ နင့်နေအောင်ပေးရမည်။ ငွေရှာရသည်က မလွယ်။ ဝိုင်ဘီအက်စ်နဲ့ ဆိုရင်…။ အရိပ်လို လိုက်လာမည်မှာ သေချာသည်။ မိဖူးငယ် မြန်မြန် စဉ်းစား။ ဟာ ဟိုမှာ အူတူတူ တစ်ကောင်။ သူနှင့် ကားကြုံလိုက်မည်။ ပြီးမှ သင့်သလို စီစဉ်မည်။
ကားနောက်ဆုတ်ထွက်ခါနီး အမျိုးသားငယ်သည် လမ်းရှင်းမရှင်း လှည့်ကြည့်နေချိန်၊ ကားတံခါးကို သူမ ဆွဲဖွင့် သည်။ မရ။ ပြုံးပြနေရင်း သူ မော့ကြည့်တော့ အထဲမှ ချထားသော သော့ကို ဖြုတ်ပေးဖို့ ညွန်ပြအကူအညီ တောင်းသည်။ တော်ပါသေးရဲ့ ၊ ကိုယ်တော်ချောက ဖွင့်ပေးလို့ဟု တွေးမိဆဲ အလျင်စလို ဝင်ထိုင်လိုက်သည်။ ဟန် ကိုယ့်ဖို့ပဲလေ၊ မောင်းတော့ တဲ့။ ထိုစကားက သူမနှုတ်ခမ်းမှ ရှောရှောရှူရှူ ထွက်သွား၏။ တက်ထိုင်မိသည့် ကားကလည်း ပွမ်းခနဲ ကားဟွန်းသံဖြင့် တိုက်တိုက်ဆိုင်ဆိုင် ချက်ချင်း ထွက်သည်။ သူ့ပုံစံက အငှားယာဉ်မောင်းဟု ထင်ရက်စရာ မရှိပါ။ သူမသည်လည်း လူကဲခတ် သည်လောက် မညံ့ပါ။ ထိုအမျိုးသားကတော့ ကားမှား၍ တားသည် ဟု တွေးကောင်းတွေးလိမ့်မည်။ သူမကို သူကြည့်တော့ သူမကလည်း နောက်သို့ ဖျတ်ခနဲ လှည့်ကြည့် လိုက်သည်။ ထို့နောက် ‘တော်သေးတယ် ဟိုကောင်တွေ လိုက်မလာတော့လို့ဟု ခပ်တိုးတိုး တစ်ယောက်တည်း ညည်းသလို ပြောသံကြားမှ သူ နားလည်သွားဟန်တူသည်။
“ကျွန်တော် ဘယ်လို ကူညီရမလဲ”
“ခု မောင်လေးကားနဲ့ မမငယ့်ကို ခေါ်လာတာ ကူညီတာပေါ့”
“အော်... အင်း ဟုတ်သားပဲ ”
ထိုသို့ ပြော၍ ကားဆက်မောင်းနေသော သူ့ကို ကြည့်ပြီး သူမ ရယ်ချင်လာသည်။ အမှန်က တွေ့ ရခဲသော လူရိုးလူအ။ သူ့မျက်မှန် ထူထူအောက်မှ မျက်လုံးတွေထဲ၌ ရိုးသားမှုကို မဖုံးကွယ်နိုင်။ မြဖူးငယ်ပဲ၊ အလုပ်က ယောကျၤား အရွယ်ပေါင်းစုံဖြင့် ဆက်ဆံနေရတာ။ ဘယ်ဟုတ်လိမ့် မလဲ။ ငယ့်ကို ကြည်နေကျ မျက်ဝန်းအရောင်မျိုး မတောက်။ အခိုးအလျှံ မရှိ။ ကြုံဖူးသမျှသည် ယခု အခြေအနေဆိုလျှင် ပြောလိုက်မည့်စကားများက ရေပက် မဝင်။ ပြီးတော့ ဟိုလိုဒီလိုပေါ့။ သူ့မှာက စကားတစ်လုံးနှင့် တစ်လုံး လှိုင်သာယာနှင့် ဆူးလေ။
“အခု ဘယ်ကို သွားမှာလဲ”
ရယ်ချင်စိတ်ကို မြိုသိပ်လျက်မှ သူမေးရမည့် မေးခွန်းကို သူမက အမေးဦးသွားသည်။ “မသိဘူးလေ၊ ဒီလမ်း အတိုင်း မောင်းနေတာ၊ ဟို ဒီကအစ်မ ဘာမှမပြောလို့ဟု သူ ဖြေတော့ ရယ်ချင်စိတ်ကို မဖုံးဖိနိုင်။ တခစ်ခစ် ရယ်ရင်း “ရပြီ ရှေ့ နားက မှတ်တိုင် ရပ်ပေး၊ ကျေးဇူပဲ”ဟု ပြောတော့လည်း တစ်ခွန်းမျှ မဟဘဲ ကားကို ရပ်ပေးသည်။ တံခါးဖွင့် ဆင်းမည်လုပ်မှ ဘတ်စ် ကားတစီးက ဝေါခနဲ ကျော်တက်သွားသည်။ ခရီးသည်များ အပြည့်အကျပ်။
“ မိုးလင်းသွားမလားပဲ ဒီနေရာက စောင့်စီးရင်”
ဖြတ်သွားသော ဝိုင်ဘီအက်စ်ကားကို ကြည့်၍ တစ်ယောက်တည်း ညည်းသလို ပြောမိပြန်ရင်း ကားပေါ်က ဆင်း ၏။ ပြီးမှ “ကျေးဇူးပဲ နော် မောင် မောင်လေး”ဟု နှုတ်ဆက်တော့လည်း သူက ဘာမျှ မပြော၊ သူ့ကားသူ မောင်းထွက်သည်။ စိတ်ပျက်လက်ပျက် ရပ်ကျန်ရင်း ဟိုနှစ်ကောင် ရှုပ်လို့၊ စီးနေကျမှတ်တိုင်ဆို အေးဆေး။ အခုတော့ လိုင်းကား ရမှ ရပါ့မလားဟု တွေးသည်။ ငါ့သမီးလေး ဗိုက်ဆာနေရော့မယ်။ အိမ်ပြန်ရောက်မှ ချက်ရမည် မဟုတ်လား။ သေချင်းဆိုးတွေဟု သမီးကို သတိရကြောင့်ကြရင်း လူရှုပ်နှစ်ယောက်ကို ကျိန်ဆဲမိ သည့်ခဏ၊ နောက်နားဆီမှ ခြေသံ။ ညင်ညင်သာသာ ကလေး။ မြဖူးငယ် လှည့်ကြည့်လိုက်တော့...
“ဟော မောင်လေးပါပဲလား၊ ဘယ်ကနေ ဘယ်လိုလှည့် ”
အလွန်အံ့သြ ဝမ်းသာသွားမိသည်။ ဘယ်လိုမျှ မမျှော်လင့်ခဲ့သော အခွင့်အရေး တစ်ရပ်ကို သူ ဖန်တီးပေး လိုက်တာ။ တော်တော် ရိုးတဲ့လူ၊ အစက လိုက်ပို့ရမလား မမေး၊ ကား အရမ်းကျပ်နေမယ် လိုက်ပို့မလို့တဲ့။ ဤစကားကို ပြောဖို့ ဘယ်လောက်တောင် အားမွေးယူခဲ့ရပါလိမ့်။ သူ့ဘာသာ ပြောပြီး မောနေသလိုလို၊ သူ့ကို ကြည့်ပြီး မြဖူးငယ် သနားသွားသည်။
“ တကယ်လား.. ဝေးတယ်နော် လှိုင်သာယာထိ ”ဟု ခပ်နွဲ့နွဲ့ ပြောလိုက်တော့ ဟာ အရေးမကြီးပါဘူးတဲ့။
“ဒါဆိုရင်တော့ ကျေးဇူး အလွန့်အလွန်ကို တင်ပါတယ် မောင်လေးရာ၊ သမီးက မမငယ့်ကို မျှော်နေမှာ”
ထိုသို့ပြောသော်လည်း သူ့မှာ ထူးခြားဟန် မပြ။ ခပ်လှမ်းလှမ်း၌ ရပ်ထားသည့် ကားဆီသို့ သူမနှင့် တွဲလျှောက်တော့ သူ့အရပ်ကြီးက ကလန်ကလား။ ခေါင်းကို ငုံ့လျက် ရှက်နေသလိုလို၊ အတော့်ကို ရယ်ရသည်။ ရိုးသားနှုတ်နည်းခြင်းမှ လွဲ၍ မက်စရာတော့ ရှိပါ့မလား။ လူက ပိန်ပိန်ရှည်ရှည်။ မျက်နှာက စုတ်ချွန်းချွန်း၊ ပါးရိုးက ငေါသေး။ မျက်မှန်ထူထူနှင့် အသားအရေ။ ဘယ်နေရာမှာမှ ကောင်းကွက် မမြင်။ သို့သော် မြင်မြင်ချင်း ခင်မိသည်။ သူမ အလိုအလျှောက် ယုံသည်။ အားကိုးမိသည်။ တွေ့ဆုံချိန်သည် နာရီဝက် မပြည့်သေး။
မြဖူးငယ်က အလုပ်မှာသာ လူရွေး၍ လက်ခံတာ၊ ကိုယ်တိုင်က နှစ်နှစ်ကာကာ ခင်မိလို့ကတော့လား.. ။
မိုးအောင်
မြဖူးငယ်တဲ့၊ နာမည်က ချစ်စရာ။ မမငယ့်အသားအရေက ဝင်းဝင်းအိအိ၊ ကိုယ်လုံးကိုယ်ပေါက်က တင်းတင်း ရင်းရင်း၊ ဖွံ့ဖွံ့ဖြိုးဖြိုး။ ဘယ်သူကများ ချစ်စနိုးခေါ်၍ ထိုနာမည် တွင်ခဲ့ပါလိမ့်။ အင်း... သူ့ဘဝကတော့ သနားစရာ၊ ယောက်ျားကလည်း အရက်သမား၊ အခုတော့ သူများသတ်၍ သေပြီတဲ့။ လူမိုက်လူရမ်းကားကြီးတဲ့။ သူ့ရုပ်သူ့ရည် လေးနှင့် သည်လောက် ကံနည်းရသလား။ ယခု သမီးတစ်ယောက်နှင့် ရုန်းကန်နေရသည်။ ကလေးက လည်း မျက်နှာ တစ်ခြမ်းလုံး၌ လူတော မတိုးရဲသည့် အမာရွတ်။ ငယ်ငယ်က မီးလောင်ခဲ့သည့်ဒဏ်ရာတဲ့။ ဆွေမရှိ မျိုးမရှိ၊ ဆိုတော့ ပို၍ အားငယ်မယ်ပေါ့။ အို ဘာထူးလဲ၊ ကျွန်တော်လည်း တစ်ကောင်ကြွက်။ သမီးလေးကမှ စိတ်သောက ရောက်၊ စောင့်ရှောက်ပြူစု ပေးမည့် အမေ ရှိနေသေးသည်။ အမေကလည်း ကလေးကို ချစ်လိုက်တာမှ သဲသဲကို လှုပ်လို့။ ကျွန်တော်ကတော့ လူမှန်းသိကတည်းက အမေဆိုတာ မရှိ။ အဖေ့လက်ပေါ်၌သာ ကြီးပြင်းခဲ့ရသူ။ အဖေကလည်း စကားကို လေလုံ မကွဲ၊ ရှုပ်နေသော အဖေ့အလုပ်တွင် စီးပွားဖြစ်သတ်ပုတ်သည့် လက်ဝှေ့ပညာ ပေါင်းစပ်လိုက်သောအခါ လက်ယဉ်မှ ယဉ်။ အဖေ့မျက်နက်ဆံ၊ ရွေ့ သည့်အတိုင်း ကျွန်တော့်တစ်သက် လှုပ်ရှား၊ အသက်ရှူခဲ့ရသည်။ ဘယ်မှာလဲ ဘဝမှာ ခုံမင် တွယ်မက်စရာ။ အမြဲလိုလို တစ်ယောက်တည်း။ ကျောင်းနေရွယ် ရောက်တော့ ပြေးလွှားဆော့ကစားလည်း မလုပ်ချင်။ စကားလည်း တွတ်မထိုးတတ်။ နှုတ်နှေး၊ ပြုံးခဲသော ကျွန်တော့် အဖို့ တိုးတိုးဖော်တိုင်ပင်ဖက် တစ်ဦး တစ်ယောက်မျှ မရှိခဲ့။ ဘဝကို ပျင်းပျင်းရိရိ ဖြတ်သန်းကုန်လွန်ရင်း စာဖတ်ရင်း အခန်းထောင့် ချောင်မှီရင်းဖြင့် ဘွဲ့ တစ်ခုကို ထူးထူး ချွန်ချွန် ရခဲ့၏။ ကျောင်းပြီးတော့ အဖေက စင်္ကာပူကုမ္ပဏီ၌ အလုပ်စီစဉ်ပေးသည်။ လွန်ခဲ့သော( ၆ ) နှစ်က။ ယခု အဖေလည်း မရှိ။ နာရေးသတင်းဖြင့် မြန်မာပြည် ရောက်လာခဲ့သော ကျွန်တော်လည်း အလုပ်ရှိရာ မပြန်ချင်တော့။ အဖေ ရှာဖွေ စုဆောင်ပေးခဲ့သော အထုပ်အထည်
များတွင် လက်ရှိနေသော မင်္ဂလာဒုံခြံကျယ်ကြီးလည်း ပါဝင်သည်။ ဤအနီးအနား ၌လည်း ပေါင်းစရာ ရွယ်တူမရှိ။
မြဖူးငယ်နှင့် ဆုံခဲ့သော ညကတော့ စိတ်လှုပ်ရှားဖို့ ကောင်းသည်။ ဖေ့ဘုတ်တွင် ရင်းနှီးခဲ့သော သူငယ်ချင်း က ပတ်ဝန်းကျင်သစ် တစ်ခုကို ခေါ်ဆောင်သွားမည်တဲ့။ ထိုသူငယ်ချင်းကို မျှော်လင့်စောင့်စားနေချိန်၊ ပို၍ ရင်ခုန်ဖို့ ကောင်းသော မျက်နှာနုနုကလေး။ ကျွန်တော့်အိပ်မက်ထဲမှာ မကြာခဏ ထည့်ထည့်မက်သည့် အမျိုးသမီး တစ်ဦးကို အပြင်မှာ မြင်မိလိုက်သလိုပဲ ရင်ထဲ၌ တလှပ်လှပ်။ ပြီးတော့ သူမက တစ်စုံတစ်ရာကို အကြီးအကျယ် စိတ်ပျက်စိုးရွံ့ နေသော အမူအယာဖြင့် ကားပေါ်သို့ ရောက်လာခဲ့သည်။ ကျွန်တော့်သွေးသား အရင်းအချာ မိန်းကလေးဆို ဘယ်လို လုပ်မလဲ။ နားလည်စာနာစိတ်ဖြင့် စီးမြောပစ်လိုက်သည်။ ကျွန်တော့်မှာ မက်မက်မောမော တွယ်တာရမည့်သူလည်း တစ်ဦးတစ်ယောက်မှ မရှိတာပဲ။ အနှောင်အဖွဲ့ ဆို၍ ခွေးကလေးကြောင်ကလေးများကိုပင် မမွေးမြူတတ်ခဲ့သူ။
“ အောင် ဒါ ငယ့်သမီးလေးလေ၊ အခုဆို ( ၉ ) နှစ်ကျော်ပြီ၊ ကျောင်းလည်း မထားခဲ့ရပါဘူး။ ကလေးချင်း စကြ နောက်ကြ ရန်ရှာကြနဲ့၊ အလိုလိုနေရင်း သိမ်ငယ် အခန်းအောင်းနေခဲ့ရတာ”
အို့ ကြည့်စမ်းပါဦး၊ အဲ့သလောက် ထူးဆန်းရသလား။ ကြင်နာသနားစိတ်ဖြင့် သမီးကလေးကို အမြန်ဆုံး ခင်မင်သွားမိသည်။ ကြာလာတော့ သူမ မရှိလည်း စုတ်ချာချာတဲအိမ်ကလေးဆီ ကျွန်တော် ရောက်ရောက်သွား၏။
သမီးကြိုက်တတ်သည့်မုန့်တွေ၊ အလှပြင်ပစ္စည်းများနှင့် အဝတ်အထည် လက်ဆောင်များ ယူသွားရင်း ပေါ့။
သိပ်မကြာခင်မှာဘဲ အခြေခံသချၤာ ပေါင်းနှုတ်မြှောက်စားအပြင် သမီးကလေးသည် ရွှေသွေးတေဇနှင့် အခြား ပုံပြင်စာစောင်များကို ခရားရေလွှတ် ဖတ်နိုင်လာသည်။ တက္ကသိုလ်၌ နည်းပြလုပ်ဖို့ စိတ်မကူးခဲ့သော၊ ကျောင်းစာ ဆိုလျှင် သူတစ်ပါး နားလည်အောင်ရှင်းပြဖို့ ဝေးစွ၊ နှုတ်မရဲ ပြုံးရယ်ခဲသူက ဒီကလေးနှင့် တွေ့ မှ ထူးထူးခြားခြား စိတ်ရှည် သီးခံနေခဲ့သည်။ ကျွန်တော့်ကို ကျွန်တော် အံ့သြယူရသည်။
ထို့ထက်များစွာ အံ့သြထူးဆန်းသည့် ညတစ်ည၊ အဖြစ်အပျက်တစ်ခု ရောက်လာခဲ့သည်။ သို့သော် ကျွန်တော် စိတ်ကူးမျှော်လင့်ခဲ့သည့်အတိုင်းမှ မဟုတ်။ ထိုညက ရှိုက်ကြီးတငင် ငိုကြွေး၍ စိတ်ဆင်းရဲ သောက ဝေခဲ့ကြသည်။ ကလေးအမေ၊ မြဖူးငယ်။ ပြီးတော့ ကျွန်တော်။ သမီးကို လှလှပပ စည်းရုံးနိုင်ပြီဆိုတော့ ကျွန်တော့် အမိုးအကာအောက်သို့ သားအမိနှစ်ဦးစလုံးကို ဆွဲသွင်း ခဲ့သည့်ည။ တစ်နေ့လုံး တက်ကြွရွင်မြူးနေသော သမီးလေး မောမောပန်းပန်း အိပ်မောကျသွားသည့်အချိန်။ လေအဝှေ့၌ သဇင်ပန်းရနံ့များ ထူးထူးကဲကဲ တိုးဝင်လာသည်။ အောင် အောင်ဟု လေသံမျှဖြင့် ခေါ်ရင်း ခြေဖွဖွနင်း၍ တိုးကပ်လာသည်။ ကျွန်တော် မြတ်နိုးခြင်းကြီးစွာ နောက်လှည့်ကြည့် လိုက်သောအခါ သူမက ရုန်းမလွှတ်နိုင်အောင် သိုင်းဖက်ထားပြီးဖြစ်သည်။ ထိုနောက် သူမ့လက်တစ်ဖက်က ချိုင်းကြားမှ လျို၍ ပုခုံးကို ဖိကပ်ဆွဲထားလျက် ကျန် လက်တစ်ဖက်က ခါး။ ပြီးတော့ ညင်သာစွာ ထိခတ်ရင်း တဖြည်းဖြည်း..။ သွေးကြောမျှင်များ ထောင်ထလျက် ကျွန်တော့် တစ်ခေါင်းလုံး အရှိန်ပြင်းပြင်း မီးဟပ်လိုက်သလို ထူပူသွားသည်။ ထိုခဏ သူမလက်နှစ်ဖက်ကို ရိုက်ချလိုက်ရင်း ချက်ချင်း နောက်လှည့်သည်။
” ခင်ဗျာ ခင်ဗျာ ဘာလုပ်တာလဲ မမငယ်”
သူမ ဘာမျှ နားမလည်သော မျက်နှာမျိုးဖြစ်သည်။
”မမငယ် ဘာအမှားလုပ်မိလို့လဲ မောင်.. မောင်လေး… အောင်”
သူမ ခြေတစ်လှမ်းတက်လာလျှင် တွန်းလှဲပစ်လိုက်ဖို့ အသင့်ရှိသည်။ သို့သော် ကျွန်တော့်ရင်ထဲ၌ မောကျပ် တစ်ဆို့နေသည်။ မပြောလို့မှ မဖြစ်တော့တာပဲ။ “အဲဒီအပြုအမူ စရိုက်လက္ခဏတွေကို ကျွန်တော် ဘာတစ်ခုမှ မကြိုက်ဘူးဆိုတာ ခင်ဗျာ မရိပ်မိခဲ့တာလား၊ ခင်ဗျာကို ကျွန်တော်က မြတ်နိုးတန်ဖိုးထားတာ၊ ချစ်ခင်မက်မောတာ ဘယ်တုန်းကမှ မရှိခဲ့တဲ့ အစ်မတစ်ဦးလို အမေ…ဟု ပြောရင်း မောပန်းလာသည်။ ခြေထောက်၊ ဒူးတို့လည်းခွေယိုင် ညွှတ်ကျလျက် ရပ်နေသည့်နေရာ၌ ထိုင်ချပစ်လိုက်သည်။ သူမကို မမြင်ချင်။ သူမ၏အကြည့်ကို ပို၍ မမြင်ချင်။
ပတမ ကြားလိုက်သည်မှာ တိုးတိုးကလေး၊ နင့်ခနဲ ရှိုက်လိုက်သည့် အသံ။ ကျွန်တော့်ပါးပြင်း၌ ပူနွေးလာ၏။
၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀
ကျွန်တော် မခံစားနိုင်တာ၊ ချစ်မိသူကို ငွေကြေးဂုဏ်ဒြပ်မှလွဲ၍ မဖြည့်ဆည်းနိုင်တာ ဘယ်လို ပြောပြ ချင်မလဲ။ impotency ပန်းသေပန်းညှိူး ဝေဒနာသည်။ ပြီးတော့ ဘုရား အဆူဆူကျိန်ဝံ့သည်။ ကျွန်တော် လိုချင်တာ မိသားစုဘဝ။ ငှားလို့ပဲ ရရပေါ့။
မိုးကျော်စိုး(မကွေး)
မွန်းလေးဖေဖေ မှ
