🖊သုမောင်
•••••••••••••••••••••••••••••••
သူ့ကိုယ်သူ “အသက် ၂ဝဝဝ ကွေး” ဟုခေါ်ပြီး အများက “ဆရာကြီးကွေး” ဟု ထောပနာပြုကာ “မင်းလူ” က 'မွှေးလွန်းသည့်ကွေး' ဟု ပညတ်၍ ကျွန်တော်ကမူ ''ကြွေးတောင်းသည့်ကွေး” ဟု သမုတ်ချင်သော ဆရာအီကြာကွေးသည် လက်ဘက်ရည်ဆိုင်မှ အီကြာကွေးကဲ့သို့ပင် တစ်ချောင်းတို တစ်ချောင်းရှည် လုပ်တတ်သူသာဖြစ်လေသည်။ ဆိုလိုသည်မှာ တစ်ဖက်က ဖြောင့်ဖြောင့်ရှိပြီး တစ်ဘက်က ရှုံ့ချည်နှပ်ချည်လုပ်၍ ပူးတွဲအဆိုအမိန့် ကိုချတတ်သည်ဟူလို။ ရှင်းရပါအံ့။
သောကြာစာစောင် (မဂ္ဂဇင်း) စတင်ထုတ်ဝေမည်လုပ်တော့ ဆွေမင်း (ဓနုဖြူ)နှင့် ဓနုဖြူ ကျော်ထွန်း (ဆရာကွေး) တို့နှစ်ယောက် ကျွန်တော့်ထံ ရောက်ချလာပါသည်။ ရိုးတိုးရိတ်တိတ် သတင်းကြား ထားပြီးမို့ စာမူကိစ္စပင်ဖြစ်မည်ဟု ကျွန်တော်သိပြီးသားပါ။ ကိုဆွေမင်း ရောက်လာသည်မှာ ကျွန်တော့်အဖို့ မထောင်းသာလှသော်လည်း ဆရာကွေး ပါလာပြီဆိုကထဲက အထက်စီးဖြင့် အမိန့်ပေးရင်း စာမူ ဇွတ်တရွတ်
တောင်းတော့မည်ကို ကြောက်ရပါသည်။ သို့သော် ဆရာကွေးကား စောစောကပြောသလို နှစ်ဘက်သွားလွှဖြင့် လှီးပါသည်။ ပထမ ...
“ဟေ့ကောင် ဗလ။ စာမူလိုချင်တယ်။ ဟာသရယ် ဘာရယ် မဟုတ်ဘူး။ မင်းရေးနေကျ စာမူ မျိုးပဲ ရေးကွာ”
“ဟာ . . . ဆရာကွေး။ ကျွန်တော့်မှာ လတ်တလော ဂျာနယ်စာမူပဲရှိတယ်။ ပြီးတော့ သရော် စာတွေကလည်း သောင်းပြောင်းထွေလာမှာ ရေးနေတာ ကိုဆွေမင်းလည်း သိပါတယ်”
ဟု ကိုဆွေမင်းကို အဖော်ညှိရာ သူကပါ
“ကျွန်တော်လည်း ခွပြီးရေးနေပါတယ် ”
ဟု ချောက်ချသဖြင့် ...
“မဖြစ်မနေဆိုရင်တော့ ကျွန်တော် ရှာကြံရေးပေးပါ့မယ်”
ဟု ကတိခံလိုက်ရ၏။ ဆရာကွေး ကမူ
“မှန်မှန်ရေးပေးပါလားကွာ။ မင်း တစ်နေ့စာတစ်ပုဒ် ရေးနေတယ်ဆိုတာ ငါကြားထားပြီးသားပါ”
ဟု အကြပ်ကိုင်၏။
''ရေးချင်လို့ ရေးတာပါ ဆရာကွေးရာ။ ပေးချင်လို့ ရေးတာ မဟုတ်ပါဘူး"
“ကိုင်းကွာ .. ဒါဆိုလည်းပြီးရော။ နက်ဖန်လာယူမယ်။ ရေးပြီးသားထဲကပဲ သင့်သလိုပြင်ဆင် ဖြည့်စွက်ဖြုတ်ထုပ်ပြီး ပေးပေရော့”
ဒါက ကျွန်တော် ပြောသော ပထမနည်းဖြစ်ပြီး၊ ဒုတိယနည်းကား ပထမဆုံးစာမူ ယူသွားပြီးပြီးချင်း ...
“ဟေ့ကောင် ဗလ .. နောက်တစ်ပုဒ်လည်း '၎င်း' အတိုင်းနည်းပဲလုပ်ထား။ နောက်လအတွက်"
ဟု အမိန့်ချလေသည်။ ကျွန်တော်က အင်တင်တင် လုပ်သောအခါ နည်းမျိုးစုံဖြင့် ကြွေးတောင်းသလို နားပူနားဆာ လုပ်တတ်ပါသည်။ (ဒါကြောင့် 'ကြွေးတောင်းတဲ့ကွေး' ဟု သမုတ်ရခြင်းပါ။) တကယ်ပင် တရုတ် ဇာတ်လမ်းတွဲ ''ထာဝရချစ်သူ” ထဲက မြီရှင် ပေါက်ဖော်ကြီး ''ရေဘဝဲ” ကဲ့သို့ပင်။ (ရုပ်ချင်းလည်း တူပါသည်။) လမ်းကြုံတိုင်း ကျွန်တော့်ထံဝင်သည်။ လက်ဘက်ရည်သောက်ရင်း စာမူတောင်း တတ်သည်။ သို့မဟုတ် တယ်လီဖုန်းဆက်သည်။ အမယ်။ ဆက်ပုံကြည့်ဦး။
“ဟေ့ကောင် စာမူပြီးပြီလား”
တဲ့။ ကတိပေး မထားသော်လည်း သူ့အမေးကို သံယောင်လိုက်ပြီး
“မပြီးသေးဘူးဗျ”
ဟု ဖြေမိတော့
“ဘယ်တော့ ပြီးမှာလဲ။ မြန်မြန်လုပ်ကွာ”
သည်လိုနှင့် တလော ဆီကတော့ စိတ်လိုလက်ရ ရှိသည်နှင့် ''အရက်သမား အမှာတစ်ခါ” ဟု စာတစ်ပုဒ် ရေးမိ၏။ သောကြာ စာစောင်ကိုပင် ပေးခဲ့မိ၏။ ပြီးခဲ့သည့်လက ပါသွားပြီ ထင်ပါသည်။ အရက်တစ်ခါသောက်၍ တစ်ခါမှားမိကြောင်း ဝန်ခံစာမျှသာ ဖြစ်သည်။ ဒါကို ''ဆရာကွေး” က
“ကောင်းတယ်ဟေ့ ဗလ။ မင်းသောက်ကျင့်က တစ်ခါသောက် တစ်ခါ မှားဆိုတော့ မင်းသောက်ခဲ့သမျှ အကြိမ်တိုင်း မှားတော့မှာပဲ။ ဒီတော့ မှားခဲ့သမျှတွေ ဆက်ရေးကွာ။ ငါအားပေးတယ် ”
တဲ့။ လုပ်ချလိုက်ပါသည်။ ဤနည်းကား ဆရာကွေး၏ အပျော့ဆွဲ ဆွဲသောနည်းပင် ဖြစ်တော့သည်။
''အရက်သမား အမှားတစ်ခါ” စာစုတွင် ကျွန်တော် အရက် စတင် သောက်သုံးသောနေ့က အ မှားကို ဖော်ပြခဲ့ပါသည်။ နောက်တစ်ကြိမ်မှာ ဘယ်မှာ၊ ဘယ်လိုမှားခဲ့ ဖူးသည်ကို စဉ်းစားနေဆဲကာလ အထက်ဖော်ပြပါကဲ့သို့ ဆရာကွေးက အားပေးအားမြှောက်ခြင်းနှင့် ကြုံကြိုက်သွားသောအခါ... ။
ကျွန်တော်သည် အရက်သမားကြီးလုံးလုံး မဖြစ်ခင်ကာလ (ညနေပိုင်း သောက်စပြုနေသော သမယ) က အမှား တစ်ခုကို သွားသတိရမိ၏။ ဆရာအီကြာကွေးနှင့် ပတ်သက်နေခဲ့ သည်မှာလည်း တိုက်ဆိုင်လှသည်။
သည်လိုပါ။ ၁၉၇၀ ဝန်းကျင်လောက်တွင် ကျွန်တော်က စာရေးဆရာ မဟုတ်မူဘဲ ထုတ်ဝေသူ အယ်ဒီတာ အဖြစ်ဖြင့် စာပေလောကသို့ ဝင်ရောက်ခဲ့ပါသည်။ အစ်မကြီး ဒေါ်ရွှေဝါစိန် ထုတ်ဝေနေသော ''ဝတ်မှုန်” မဂ္ဂဇင်းကို ပုတ်ပြတ်ပေးငှားပြီး ကိုယ်တိုင် အယ်ဒီတာလုပ်၍ ဆက်လက် ပျိုးထောင်ပါသည်။ အယ်ဒီတာ အဖွဲ့ဝင်များကား ကချင်မြေသန်းဆောင်၊ မြင့် ဆောင်နှင့် မလှိုင် မောင်ငယ်သွေးတို့ဖြစ်ကြ၏။ ကျွန်တော့် ကလောင် အမည်ကား ''မောင်ညိုအောင်'' တည်း။ ထိုကလောင်အမည်ဖြင့်ပင် ထိုမဂ္ဂဇင်း၌ ''သနပ်ခါး ရေကြဲကြဲ" ဆိုသော ဝတၳုတိုကို ရေးခဲ့၏။ ကိုယ်တိုင်ထုတ်ဝေသူ အယ်ဒီတာ ဖြစ်သဖြင့် ကျွန်တော့် ဝတၳုသည် ပထမဆုံး အုပ်မှာပင် ပါလာခဲ့၏။
အဲ ... ပထမဆုံးနှင့် နောက်ဆုံးမဂ္ဂဇင်း စာအုပ်ဟူ၍လည်း ပြောလို့ရပါသည်။ တစ်အုပ်ထဲနှင့် ရပ်တန့် သွားသောကြောင့်ပါတည်း။ မပြုတ်ခံနိုင်ပါ့ မလား။ ထိုစဉ်က ဝတ်မှုန်မဂ္ဂဇင်း လည်ပတ်ပုံမှာ ယုဝတီ၊ တိုင်းရင်းမေတို့ ကဲ့သို့ ပုံစံမျိုး။ အမျိုးသမီး ပညာပေးဆန်ဆန်။ ပေါ့ပေါ့ပါးပါး။ ဒါကို ကျွန်တော်က စာပေမဂ္ဂဇင်း (မိုးဝေစတိုင်) လုပ်ချလိုက်သည်။ ဆရာဒဂုန်တာရာ၏စာနှင့် ဆရာညွန့်ကြူး၏စာကို စာပေတိုက်ပွဲအသွင် ပူးတွဲဖော်ပြသည်။ ဝတၳုဆိုလည်း ဆရာတင့်တယ်၊ ဆရာအောင်လင်း စသဖြင့်။ ကဗျာမှာလည်း ကာရန် မလွတ်တလွတ်ပုံစံ။ ရသပိုင်း၊ အတွေးအခေါ်ပိုင်း၊ ဆောင်းပါးတွေ အပြည့်အသိပ်၊ ပန်းချီဆိုလျှင် ဆရာအောင်စိုး (ဗဂျီ)၊ ဆရာမောင်ညိုဝင်းတို့။
ပြောကြကြေးဆိုလျှင် ကျွန်တော်တို့ လုပ်လိုက်သော မဂ္ဂဇင်းသည် မကောင်းဘူး မဟုတ်ပါ။ သူ့မူလ ဝတ်မှံှု ပုံစံ သည်လည်း အညံ့စားမဟုတ်ပါ။ ခက်တာက သူ့သွားရိုး လမ်းပေါ်မှ ချော်ထွက်၍ တစ်စင်ထောင် မိသောကြောင့် ပရိသတ် မျက်စိလည်ပြီး စာအုပ်အဝယ် မလိုက်တော့ခြင်းသာ ဖြစ်၏။ စကတည်းက လက်ပတ်နာရီ ရောင်းပြီး ကုန်ကျစရိတ်အားလုံး (စက္ကူနှင့် ပုံနှိပ်စက် အပါအဝင်) အကြွေးစံနစ်ဖြင့် လုပ်ခဲ့လေရာ တစ်အုပ်ထုတ် တစ်လုပ်ပြုတ် ဖြစ်သွားရပါတော့သည်။
သည်မှာတွင် ဆရာအီကြာကွေးကဏ္႑ ပါလာရပါတော့သည်။ ဟာသဆောင်းပါးတစ်ပုဒ် ဆရာအီကြာကွေး ထံမှ တောင်းရသည်။ ဆရာကလည်း ပေးပါသည်။ ခေါင်းစဉ်မေ့နေပါပြီ။ 'အုတ်ကျင်း' တော့ပါပါသည်။ ကျွန်တော်တို့က ဆရာကို လူလည်ကျသည်။ ဆရာ့ကို စာမူခ မပူဇော်ပါ။ ဆရာ၏ ထွက်လတ္တံ့သော ကဗျာစာအုပ်ကို ''ကြော်ငြာထည့်ပေးမည်” ဟူသော ခံဝန်ချက်ဖြင့် ဘဲစားဘဲချေ လုပ်သည်။ ဆရာသည် သူ့စာမူနှင့် အတူ သူ့ကဗျာစာအုပ် ကြော်ငြာတစ်မျက်နှာ အတွက်ပါ ပေးပါသည်။ (ဆရာ၏ ကဗျာဆရာ အမည်မှာ ဓနုဖြူကျော်ထွန်း) စာအုပ်နာမည် မမှတ်မိပါ။
သည်နေရာမှာ ပြောထားရမှာက ကျွန်တော်တို့ အယ်ဒီတာအဖွဲ့ (၄)ကောင်စလုံးမှာ အယ်ဒီတာပါး မဝ ကြသေးပါ။ ကချင်မြေ သန်းဆောင်နှင့် မလှိုင်မောင်ငယ်သွေး နှစ်ကောင်ကမူ စာရေးဆရာပါးတော့ ဝနေကြပါပြီ။ မြင့်ဆောင်နှင့် ကျွန်တော်က မလည်ပတ်ပါ။ ဤသို့အားဖြင့် (၄)ယောက်ဂိုဏ်း အယ်ဒီတာအဖွဲ့၏ လက်တည့်စမ်းကြရာဝယ် တစ်ယောက်ကိုတစ်ယောက် အကြောမပေး လိုကြသဖြင့် တာဝန်ကို ခွဲဝေမယူကြဘဲ တစ်နေ့လျှင် တာဝန်ခံ အယ်ဒီတာ တစ်ယောက်နှုန်းဖြင့် (၄)ရက်တစ်ကြိမ် တာဝန်ယူကြပါသည်။
မိမိတာဝန်ခံရသောနေ့တွင် ရသမျှစံ ဖြစ်သမျှခံသဘော။ ထိုနေ့တွင် မင်အနီထည့်ထားသော ဖောင်တိန်ကို တာဝန်ခံသူက ကိုင်ပြီး စာမူရွေး၊ ပယ်၊ ထည့်၊ ဖြုတ်၊ ပြင်၊ ထင်တိုင်းကြဲ။ ဤနေရာတွင် ကျွန်တော်တို့သည် မဂ္ဂဇင်းတစ်အုပ်ကို ဖြစ်ကတတ်ဆန်း လုပ်ကြမည်ဟု မယူဆကြပါနှင့်။ ယခု ဟာသသဘောမျိုး ပြန်ရေးသဖြင့်သာ ငယ်မူငယ်သွေး ကြွလာသည်ဟု မှတ်ယူကြပါ။
ကိုင်း ... မင်နီပါသော ဖောင်တိန်ကိုင် အယ်ဒီတာ၏ တာဝန်ကား လုံလောက်ပါပြီ။ စည်းကမ်းက အဘယ်နည်း။ ကျွန်တော်ပြောခဲ့သည်။ ထိုစဉ်က ကျွန်တော်တို့သည် ညနေပိုင်း သောက်တတ်စားတတ် နေပါပြီဟု။ သည်တော့ ထုံးစံအတိုင်း ရာထူးဂုဏ်ကို ဘန်းတင်၍ တာဝန်ခံ အယ်ဒီတာ လုပ်ရမည့်နေ့တွင် အရက်မသောက်ဟု ကိုယ့်ဖာသာကိုယ် ကြီးကြပ်လိုက်ကြပါ၏။ စောစောကပြောသော ဆရာကွေး၏ ကြော်ငြာပြဿနာသည် ဤတွင် အကြုံး ဝင်လာတော့၏။ မြင့်ဆောင် တာဝန်ခံသောနေ့တွင် ဆရာကွေး၏ ကြော်ငြာကို ခဲစာလုံး စာစီပါသည်။ သူက မင်နီကိုင်ဆိုတော့ သူပဲစာပြင်သည်။ တစ်ညလုံး သူလုပ်ခဲ့သမျှကို နောက်နေ့ အယ်ဒီတာ “ငယ်သွေး” က ဆက်ကိုင်ရသည်တွင် .... ။ ''ဓနုဖြူကျော်ထွန်း'' ဆိုသော ကလောင်နာမည် ပုတ်လောက်ကြီးသည် ''ဓနုဖြူကျော်ထန်း'' ဖြစ်နေပါတော့သည်။ “ဝဆွဲ” ပြုတ်ကျ ကျန်ခဲ့ ခြင်းပင်။ ငယ်သွေးက မြင့်ဆောင်ကို ဆဲတော့သည်။ “ခွေးမသား ညက ခိုးသောက်တယ်ထင်တယ်” ဟူ၍။
နေ့လည်ပိုင်း ဆရာကွေး ရောက်လာတော့ သူ့ကြော်ငြာ ညကအမှား ကိုပြင်ရင်း ရယ်မောကြ သည်။ ပြီးမှ ငယ်သွေးပြင်ထားပြီးသော ရိုက်ပြီးသား ကြော်ငြာစာရွက် ထုတ်ပြလေရာ ...လား ... လား " ဝဆွဲ ' နှင့် ' လုံးကြီးတင် ' မှားပြီး စာစီမိသဖြင့် 'ဓနုဖြူကျော်ထိန်း' ဖြစ်နေပါရောလား။ မှတ်မိသေးသည်။ ဆရာကွေးတစ်ယောက် ကိုယ်တိုင် မျက်ရည်စက်လက် ရယ်မောတာကို။ ငယ်သွေးလည်း အရက်ခိုးသောက်လေသလား။
“ကျော်ထိန်းမို့ တော်သေးတာပေါ့။ ကျော်ဒိန်းဆိုရင် သေရော။ ကိုင်းပါကွာ .. ဒါကတော့ မင်းတို့ပဲ ပြန်ပြင်ပေးကြပါ ”
ဟု ဆရာကွေးက သဘောကောင်းပေးပါသည်။ ကျွန်တော်တို့လည်း အာမဘနေ္တ ခံပြီး ခေါင်းပေါ်က အထုပ်ကြီးကို နောက်နေ့တာဝန်ကျ အယ်ဒီတာလက် အပ်လိုက်တော့၏။ ထိုအလှည့်ကျ ပုဂ္ဂိုလ်ကား ‘ကချင်မြေသန်းဆောင်'၊ သန်းဆောင်သည် ကျွန်တော်တို့ အုပ်စုထဲတွင် ပင်ကိုယ် စာမူလက်ရေး လက်သား အလွန်လှပသေသပ်ပြီး သတ်ပုံ အကောင်းဆုံးဖြစ်သည်။
ခက်တာက သည်ကောင်သည် ပုံနှိပ်မူ စာပြင်ရာ၌ကား ချာတူးလန်ပါတည်း။ ဘာကြောင့် ထိုသို့ ဖြစ်မှန်းတော့မသိ။ ထို့ကြောင့် သူတာဝန်ခံသောနေ့တွင် ကျွန်တော်တို့ သုံးကောင်စလုံး အရက်ဖြောင့်ဖြောင့် မသောက်နိုင်ဘဲ သူ့ အရိပ်အကဲ ဖမ်းနေရ၏။ မင်နီကိုင်က သူမဟုတ်လား။ ဝင်ရောက် စွက်ဖက်၍မရ။ သည်ကြားထဲ သည်ကောင် အရက်ခိုးသောက်လျှင် ပိုဆိုးမည်။
စကားစပ်၍ ကြားဖြတ်ပြောရဦးမည်။ ကချင်မြေသန်းဆောင်၏ စာပြင်ညံ့ဖျင်းပုံ။ တစ်ခါသော် သူကိုယ်တိုင် ရေးသားထုတ်ဝေသော ကဗျာစာအုပ် (လုံးချင်း) တစ်အုပ် ထွက်ရှိဖူးသည်။ စာအုပ် မျက်နှာဖုံးကို ပန်းချီဆရာ မအပ်နိုင်သဖြင့် ကိုယ်တိုင်ခဲစာလုံးစီပြီး ဆေးရောင်စုံဖြင့် ပုံနှိပ်သည်တွင် ...။ ကလောင်နာမည် “ကချင်မြေသန်းဆောင်'' နေရာ၌ ''သဝေထိုး” အက္ခရာနှင့် ''ဓအောက်ချိုင့်” အက္ခရာ မှားယွင်း စာစီမိသဖြင့် 'ကချင်ဓမြသန်းဆောင်' ဖြစ်သွားရဖူး၏။ အတွင်းစာသားမဟုတ်။ မျက်နှာဖုံးမှာကို မှားခြင်းပင်။
သည်လိုကောင်မျိုးကို ကျွန်တော်တို့ စိတ်မချနိုင်တာ မလွန်ပါ။ အထူးသဖြင့် ကျွန်တော်။ ကျွန်တော်က နောက်တစ်နေ့ အလှည့်ကျတာဝန်ခံ အယ်ဒီတာမဟုတ်လား။ သည်လိုနှင့် နောက်တစ်နေ့ ကျွန်တော် တာဝန်ခံရသောအခါ အခြားစာမူများထက် ဆရာကွေး၏ ကြော်ငြာကိုသာ သဲကြီးမဲကြီး အမှားရှာပုံတော် ဖွင့်နေမိပါ
တော့သည်။ မမှားပါ။ “ကျော်ထိန်း” လည်း မဖြစ်။ ''ကျော်ဒိန်း" လည်းမဟုတ်။ ကျော်ထွန်းမှ ကျော်ထွန်းအစစ်။ သည်တော့မှပင် စိတ်ချလက်ချ လက်လွှတ်လိုက်ပါတော့သည်။ အပြီးသတ် ပုံနှိပ်ကြပေရော။
စာမျက်နှာဖွဲ့၊ အချောရိုက်၊ စာရွက်များခေါက်ပြီး စာအုပ်ချုပ်သောအဆင့်သို့ ရောက်သောနေ့တွင် ဆရာကွေး ရောက်လာပါသည်။ ကျွန်တော်တို့ကလည်း ချုပ်လုပ်ပြီးစ မဂ္ဂဇင်းစာအုပ်ကလေး ပြေးယူပြီး ဆရာကွေးကို ဝမ်းသာအားရ ပြကြပါသည်။ ဆရာကလည်း သူ့စာမူ ”အုတ်ကျင်း” ကိုပင်မဖတ်။ သူ့ ကြော်ငြာ ဓနုဖြူကျော်ထွန်းကိုသာ သဲသဲမဲမဲ ရှာဖတ်လေ၏။ ဤတွင် ဆရာကွေး၏မျက်နှာသည် တကယ်ပင် ကွေးကောက်သွားသလို ရံှု့တွတွ ဖြစ်သွားပါတော့သည်။ ငါးဖျင်းသလက်သွေးကဲ့သို့ ရဲသွားပါသည်။
"ဟေ့ .. ညက ဖောင်တိန်ကိုင်အယ်ဒီတာ ဘယ်သူလဲ”
“ကျွန်တော်ပါဆရာ ဘာဖြစ်လို့လဲ”
ဟု ကျွန်တော်က ရဲရဲပင် ဖြေပါသည်။
“နင့်အမေကလွှား မှားတာမှ သောက်တလွဲကို မှားတာပဲ“
''ဗျာ ... မမှားပါဘူးဆရာ၊ ကျော်ထွန်းမှ ကျော်ထွန်း အစစ်ပါ"
“ဟေ ... မမှားဘူး ဟုတ်လား။ နင့်ဂျီးတော်ရဲ့ မြို့ ဓနုဖြူကို သေသေချာချာ ပြန်ဖတ်စမ်း"
ဟိုက် .. ဖင်တက်စီအချိုရည်။ သွားပါပြီ။
“ဓနုဖြူ” ကျော်ထွန်းသည် “ဓနု” ကျော်ထွန်း ဖြစ်နေပါရောလား။
ပြေးပေါက် မရှိတော့ပြီဖြစ်သော ကျွန်တော်သည် ကချင်မြေ သန်းဆောင်ကိုသာ စိတ်ဖြင့် ကျိန်ဆဲနေမိ ပါတော့သည်။ ခွေးကောင် မနေ့က ခိုးသောက်ထားတာပဲ ဖြစ်ရမယ်ဟူ၍။ (တစ်ကယ်တော့ ကျွန်တော် တာဝန်ခံ အယ်ဒီတာ၊ တာဝန်ကျသော ထိုနေ့ကလည်း နောက်ဖေး အိမ်သာခန်းထဲဝင်ပြီး ခိုးသောက်ထားမိ တာပါပဲလေ။)
စာအုပ်ကလည်း ချုပ်စက်သို့ ပို့ထားပြီးပြီမို့ ဆရာကွေး၏ ''ဓနုဖြူ” ကိစ္စသည် ဘာမျှ မတတ်နိုင်တော့ပါ။ ထို့ကြောင့် -
“ဆရာကွေးရယ်၊ နောက်လမဂ္ဂဇင်းကျရင် ဆရာ့စာမူခလည်း ပေးပါ့မယ်။ ကြော်ငြာလည်း အသစ်ထည့် ပေးပါ့မယ်။ အမှားပြင်ချက်နဲ့ တောင်းပန်စာလည်း သီးသန့်ဖော်ပြပေးပါ့မယ်”
ဟု (၄) ဦးစလုံး ဝိုင်းပြီး တောင်းပန်ကြ ရပါတော့တယ်။ ထိုအခါကျမှ ဆရာကွေးက လူငယ်ခြေတက်များကို ခွင့်လွှတ်သည့် သဘောဖြင့် ကျေနပ်ပေးပါသည်။ ပြီးတော့ ကျွန်တော်တို့အား အယ်ဒီတာ၏ ဝတ္တရားများကို တသီကြီး ဆုံးမဩဝါဒ ပေးပါသည်။ သို့ သော် ပြောခဲ့ပါပကော၊ ကျွန်တော်တို့ကိုင်သော ဝတ်မှုံမဂ္ဂဇင်းသည် တစ်အုပ်တည်းနှင့်ရပ် သွားပါသည်ဟု။ ကွေးအပေါ် ရရစ်တိုးပြီး ကြွေးတင်မိပါသည်။
သောကြာစာစောင်
အမှတ်(၄၄၂)၊ ဇွန်လ၊ ၂ဝဝဝ ပြည့်နှစ်။
ဆရာသုမောင်၊ အရက်သမား အမှားတစ်ခါ ပီဒီအက်ဖ်၊
စာမျက်နှာ ၅၄ - ၅၇။
စာရိုက် - စလေ ငနော့
